အခန်း (၁၅၉-၁၆၀)
Vol. 8 Ch. 159-160
အပိုင်း (၁၅၉) ရေအောက်မှ သန္ဓေပြောင်း သတ္တဝါ၏ တိုက်ခိုက်မှု
လင်းယွမ်က သစ်ဖောင် ဒုတိယထပ်တွင် ရပ်နေ၏။ အပေါ်ယံ၌ တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင်မူ အာရုံကို အစွမ်းကုန် စိုက်ထုတ်ထားခြင်း ဖြစ်သည်။
သူ၏ စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းကို အပြည့်အဝ ဖွင့်လှစ်ထားရာ ပတ်လည် ပေ ၇၀ ခန့် အကွာအဝေးအထိ လွှမ်းခြုံထားနိုင်လေသည်။
လက်ရှိ သူ၏ စိတ်စွမ်းအင် အရည်အသွေးမှာ ၂၂.၂ မှတ် ရှိနေပြီဖြစ်ရာ ဤအကွာအဝေးသည် သူ၏ အကန့်အသတ်ပင် ဖြစ်သည်။
သို့သော်လည်း ထိုပမာဏသည် နံပါတ်တစ် သစ်ဖောင်၏ တစ်စိတ်တစ်ဒေသကိုသာ လွှမ်းခြုံနိုင်ပြီး သစ်ဖောင် ၃ စီးလုံးကိုမူ လုံးဝ လွှမ်းခြုံနိုင်ခြင်း မရှိပေ။
ရေထဲတွင် ပေါ်လာနိုင်သည့် သန္ဓေပြောင်း သတ္တဝါများကို သူ သတိထား စောင့်ကြည့်နေခြင်း ဖြစ်သည်။
သစ်ဖောင်များ ရွေ့လျားသည့် အသံမှာ မတိုးလှပေ။ အထူးသဖြင့် ပန်ကာဒလက်များ စတင်လည်ပတ်လိုက်သည်နှင့် ရေစီးကြောင်း လှိုင်းဂယက်များ ဖြစ်ပေါ်လာစမြဲ ဖြစ်သည်။
ထိုလှိုင်းဂယက်များသည် သန္ဓေပြောင်း ငါးအချို့၏ အာရုံကို ဖမ်းစားနိုင်လေသည်။
ရုတ်တရက် လင်းယွမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး သစ်ဖောင်၏ ဘယ်ဘက်ခြမ်းကို လှမ်းကြည့်ကာ လေသံမာမာဖြင့် အော်ပြောလိုက်၏။
"ဘယ်ဘက်ကို သတိထားကြ"
ဘေးနားရှိ တုံယန်က တင်းယန်၊ တာအိုဆရာလင်းနှင့် အခြားသူများထံသို့ စိတ်ချင်းဆက်နွယ်ကာ လင်းယွမ်၏ သတိပေးချက်ကို ချက်ချင်း လက်ဆင့်ကမ်းလိုက်သည်။
ခဏချင်းပင် သစ်ဖောင် ၃ စီးလုံးမှ အစွမ်းပိုင်ရှင်များသည် သစ်ဖောင်၏ ဘယ်ဘက်ခြမ်းသို့ အသီးသီး စုဝေးရောက်ရှိလာကြသည်။
ထို့နောက် ကြီးမားသော အရိပ်မည်းကြီးတစ်ခု သစ်ဖောင်၏ ဘယ်ဘက်ခြမ်းသို့ အရှိန်ပြင်းစွာ တိုးဝင်လာသည်ကို တွေ့လိုက်ကြရ၏။
လင်းယွမ်က ဦးလေးမာကို ချက်ချင်း လှမ်းမှာလိုက်သည်။
"ဘယ်ဘက် ပန်ကာဒလက်ကို ရပ်လိုက်"
"ဘယ်ဘက် ပန်ကာဒလက်ကို ရပ်လိုက်ဟေ့"
ဦးလေးမာက အောက်ဘက်ရှိ ချိုင်ကြည်အား အလောတကြီး လှမ်းအော်ပြောလိုက်သည်။
အောက်ဘက်ရှိ ချိုင်ကြည်ကလည်း ဘယ်ဘက်ခြမ်း ကင်းလှည့်အဖွဲ့အား ပန်ကာဒလက် လည်ပတ်မှုကို ရပ်တန့်ရန် ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်၏။
ပန်ကာဒလက် ရပ်တန့်သွားသည်နှင့် ပြင်းထန်သော ရေလှိုင်းများလည်း ငြိမ်သက်သွားလေသည်။
သို့သော် ထိုအရိပ်မည်းကြီးမှာ ရပ်တန့်မသွားဘဲ သစ်ဖောင်ရှိရာသို့ အရှိန်ဖြင့် ဆက်လက် တိုးဝင်လာဆဲ ဖြစ်သည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ စိတ်စွမ်းအင်ကို အရှိန်ပြင်းသော တုန်ခါလှိုင်းအဖြစ် ပြောင်းလဲ၍ ထိုအရိပ်မည်းကြီးဆီသို့ ပစ်လွှတ်လိုက်၏။
"ဝုန်း"
စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း။
အရိပ်မည်းကြီးမှာ သစ်ဖောင်အနားသို့ မကပ်နိုင်ခင်မှာပင် လင်းယွမ်၏ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။
ထိုအခါ အရိပ်မည်းကြီးမှာ ထိခိုက်ဒဏ်ရာ ရသွားပုံရပြီး ရေထဲတွင် အကြီးအကျယ် လူးလှိမ့်သွားသည်။
တစ်ခဏအတွင်း ရေမွှာများ ပွက်ပွက်ဆူလာပြီး လှိုင်းလုံးကြီးများ ထန်လာ၏။
ပေ ၂၅ ပေခန့် ရှည်လျားသော ဧရာမ ငါးခူကြီးတစ်ကောင် ရေထဲမှ ဝုန်းခနဲ ခုန်ပျံတက်လာသည်ကို လူတိုင်း တွေ့မြင်လိုက်ကြရသည်။
၎င်း၏ ကိုယ်ထည်မှာ အမည်းနှင့် အဝါ ရောယှက်နေပြီး နှုတ်ခမ်းမွေးနှစ်ချောင်းမှာ တုတ်ခိုင်သော ကြာပွတ်ကြီးများသဖွယ် လေထဲတွင် တရွှမ်းရွှမ်း မြည်နေလေသည်။
ဘေးတစ်ဖက်တစ်ချက်ရှိ ဆူးတောင်များမှာလည်း ပန်ကာဓားသွားများကဲ့သို့ ထက်ရှသော ဆူးတောင်ကြီးများအဖြစ် သန္ဓေပြောင်းလဲနေ၏။
၎င်း၏ ပါးစပ်ကြီးကို ဖြဲလိုက်ရာ ကြောက်မက်ဖွယ် သွားများ ပေါ်ထွက်လာပြီး နာကျင်စွာ အသံတိတ် အော်ဟစ်လိုက်ပုံ ရသည်။
လင်းယွမ်က ချက်ချင်း အော်ပြောလိုက်၏။
"ကျောက်ခိုင်"
"လာပြီ"
ကျောက်ခိုင်က စကားပြန်မပြောဘဲ လက်နှစ်ဖက်ကို ရိုက်ခတ်လိုက်သည်။
ထူထဲသော ရေခဲမြူနှင်းဖြူများ လိမ့်ဆင်းသွားပြီး မလှမ်းမကမ်းရှိ ဘယ်ဘက်ခြမ်း ရေပြင်ကို ချက်ချင်း အေးခဲသွားစေသည်။
ရေမျက်နှာပြင်သည် မျက်စိတစ်မှိတ်အတွင်း ထူထဲသော ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွား၏။
"ဘုန်း"
ခုန်တက်လာသော ငါးခူမည်းကြီးမှာ လေထဲမှ ပြန်အကျတွင် ရေပြင်အစား ရေခဲပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေသည်။
ကျောက်ခိုင်က ရေခဲမြူများကို ဆက်တိုက် ထုတ်လွှတ်လိုက်ရာ ထိုငါးခူမည်းကြီးမှာ လျင်မြန်စွာ ရေခဲဖုံးလွှမ်းခြင်း ခံလိုက်ရသည်။
၎င်း၏ ကိုယ်ပေါ်တွင် ရေခဲပြင်များနှင့် ရေခဲချွန်များ ထွက်ပေါ်လာ၏။
ငါးခူမည်းကြီးမှာ ပြင်းထန်စွာ ရုန်းကန်နေပြီး ရေထဲသို့ ပြန်ဆင်းနိုင်ရန် ကိုယ်ကို အစွမ်းကုန် လှိမ့်နေရှာသည်။
လင်းယွမ်က ထပ်မံ အော်ပြောလိုက်ပြန်သည်။
"လျှိုဖိန်ဖိန်... သူ့ကို ချုပ်ထား"
လျှိုဖိန်ဖိန်၏ မျက်လုံးများထဲတွင် ဆန်းကြယ်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။
စိတ်ဝိညာဉ် ဝင်္ကပါသည် ငါးခူမည်းကြီး၏ စိတ်ကမ္ဘာထဲသို့ တိုက်ရိုက် သက်ရောက်သွားလေသည်။
ထိုအခါ ငါးခူမည်းကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွား၏။
ထိုသို့ တုန့်ဆိုင်းသွားသည့် အခိုက်အတန့်လေးတွင် လင်းယွမ်၏ လက်ထဲ၌ ရှည်လျားသော အလူမီနီယမ်ချောင်းတစ်ချောင်း ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအလူမီနီယမ်ချောင်းကို ထိပ်ချွန်ထားပြီး လင်းယွမ်က ဝရံတာမှ အများအပြား ဖြုတ်ယူလာခဲ့ခြင်း ဖြစ်သည်။
သံချောင်းများက အသုံးဝင်သော်လည်း အရေအတွက် မများပေ။ ပစ်လွှတ်လိုက်ပြီးတိုင်း ပြန်မကောက်နိုင်သည့်အခါမျိုးတွင် တဖြည်းဖြည်း နည်းပါးလာတတ်သည်။
ထို့ကြောင့် လင်းယွမ်က မာကျောသော ဤအလူမီနီယမ်ချောင်းများကို ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်၏။
ဤအလူမီနီယမ်ချောင်းမှာ ၃ ပေခန့် ရှည်လျားသည်။ လင်းယွမ်က လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ရင်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရာ လက်မောင်းကြွက်သားများ ဖုထစ်ဖောင်းကြွလာသည်။
တစ်ချိန်တည်းမှာပင် သူက စိတ်ထဲမှ ရေရွတ်လိုက်၏။
"ကြွက်သားပေါက်ကွဲသိုင်း"
တစ်ခဏချင်းပင် သူ၏ ကြွက်သားများထဲသို့ သွေးများ အရှိန်ပြင်းစွာ စီးဝင်သွားပြီး သွေးကြောများ ထောင်ထလာသည်။
ခွန်အား အရည်အသွေးမှတ်မှာ ဤအခိုက်အတန့်တွင် နှစ်ဆ တိုးပွားသွားလေသည်။
သူ၏ မူလ ခွန်အားမှာ ၁၄.၉ မှတ် ရှိပြီးဖြစ်ရာ ယခု စွမ်းရည်ကို ထုတ်သုံးလိုက်ချိန်တွင် ခွန်အား နှစ်ဆတက်ကာ အမှတ် ၃၀ နီးပါးအထိ ရုတ်တရက် ထိုးတက်သွားခြင်း ဖြစ်သည်။
ကြွက်သားပေါက်ကွဲသိုင်း အခြေအနေတွင် သူ၏ ခွန်အား အရည်အသွေးသည် အခြား အရည်အသွေးများအားလုံးထက် သာလွန်နေသည်ဟု ပြောနိုင်သည်။
သူက လက်မောင်းကို အားကုန်လွှဲ၍ လက်ထဲမှ အလူမီနီယမ်ချောင်းကို အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်၏။
"ဝှီးးးးးးးးးးး"
ကြောက်မက်ဖွယ် လေခွင်းသံကြီး ပေါ်ထွက်လာသည်။
လူတိုင်း၏ နားစည်များပင် တုန်ခါသွားသလို ခံစားလိုက်ရ၏။
နောက်တစ်စက္ကန့်တွင် အလူမီနီယမ်ချောင်းသည် အရိပ်တစ်ခုအသွင် ပြောင်းလဲကာ ထိုငါးခူမည်းကြီးဆီသို့ တည့်တည့် စိုက်ဝင်သွားလေသည်။
"ဗွပ်"
အလူမီနီယမ်ချောင်းက ငါးခူကြီး၏ ခေါင်းထဲသို့ အရှိန်ဖြင့် ဖောက်ဝင်သွားသည်။
"ဂျွတ်" ခနဲ အသံနှင့်အတူ ဧရာမ ငါးခူကြီး၏ ဦးခေါင်းခွံ ပေါက်ကွဲထွက်သွား၏။
အလူမီနီယမ်ချောင်း၏ ပြင်းထန်သော ဖောက်ထွင်းအားမှာ ရပ်တန့်မသွားပေ။
ငါးခူ၏ ဦးခေါင်းခွံကို ဖောက်ထွင်းပြီးနောက် လက်ကျန်အရှိန်ဖြင့် မေးရိုးအောက်ဘက်မှ "စွပ်" ခနဲ ဖောက်ထွက်သွားလေသည်။
ကျောက်ခိုင် ဖန်တီးထားသော ရေခဲပြင်ကြီးပါ တစ်ပြိုင်နက် ကွဲအက်သွား၏။
"ဝုန်း" ခနဲ အသံနှင့်အတူ ရေခဲပြင် ပျက်စီးသွားသည်။
ထိုဧရာမ ငါးခူကြီးမှာလည်း ရေအောက်သို့ ဗွမ်းခနဲ ပြန်ပြုတ်ကျသွားလေသည်။
သွေးများက ရေကြီးရေလျှံလှိုင်းများကို ရုတ်ချည်း ရဲရဲနီသွားစေ၏။
သွေးညှီနံ့ ရသွားသော သန္ဓေပြောင်း ငါးများသည် ရူးသွပ်သွားသကဲ့သို့ အလုအယက် တိုးဝှေ့လာကြသည်။
လင်းယွမ်က ချက်ချင်း အော်ပြောလိုက်သည်။
"ရန်ဖန်... မြန်မြန်မောင်း"
ဦးလေးမာက အောက်ဘက်ရှိ ချိုင်ကြည်အား အော်ဟစ် အမိန့်ပေးလိုက်၏။
ချိုင်ကြည်က ရွက်ဖျင်ကို အလျင်အမြန် လှည့်ကာ လေနှင့် မိုးကို အန်တုရင်း နှုန်မြင့်လိုက်သည်။
သစ်ဖောင် ၃ စီးသည် လေလှိုင်းများကို ခွဲကာ အရှိန်ဖြင့် ရှေ့သို့ တိုးထွက်သွားကြလေသည်။
လူတိုင်း ကြောက်လန့်တကြား နောက်ပြန်လှည့်ကြည့်လိုက်ကြရာ မရေမတွက်နိုင်သော သန္ဓေပြောင်း ငါးများက ငါးခူသေကောင်ကို အလုအယက် ကိုက်ဖြတ်စားသောက်နေကြသည်ကို တွေ့လိုက်ရသည်။
အားလုံး ကျောချမ်းသွားကြ၏။ အကယ်၍ လူတစ်ယောက်သာ ပြုတ်ကျသွားပါက တစ်ခဏအတွင်း အရိုးစုပဲ ကျန်တော့မည့် အခြေအနေပင်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၇၀ မှတ် ရရှိပါသည်]
လင်းယွမ် စိတ်လှုပ်ရှားသွားသည်။ ဤငါးခူက အမှတ် ၇၀ တန်ကြေးရှိသည် ဆိုသည်မှာ ၎င်း၏ သန္ဓေပြောင်းလဲနှုန်း သိပ်မမြင့်သေးကြောင်း ပြသနေသည်။
"အသားတောင်ကြီးနဲ့ ယှဉ်ရင် အများကြီး ကွာသေးတာပဲ"
"ကြည့်ရတာ အရွယ်အစားပဲ ကြီးတာ ဖြစ်မယ်... လူတွေထဲက ခွန်အားအခြေပြု သန္ဓေပြောင်းသူတွေနဲ့ ဆင်တူတာပေါ့"
လင်းယွမ် တွေးလိုက်မိသည်။ သို့သော် အရွယ်အစား ကြီးမားခြင်းက သူတို့၏ သစ်ဖောင်အတွက် ခြိမ်းခြောက်မှု ကြီးမားနေသည်။
သစ်ဖောင် အတိုက်ခံရပြီး မှောက်မသွားစေရန် ကြိုတင်ရှင်းလင်းပစ်ရမည် ဖြစ်သည်။
"ဦးလေးမာ... အစ်ကိုချိုင်ကို အမြန်ဆုံး မောင်းခိုင်းလိုက်... သန္ဓေပြောင်းငါးတွေ အဲ့ဒီနားမှာ အာရုံရောက်နေတုန်း ချက်ချင်း ထွက်မယ်"
"သိပြီ"
ဦးလေးမာက အလျင်အမြန် ပြန်ထူးကာ လှမ်းအော်ပြောလိုက်သဖြင့် သစ်ဖောင်မှာ ချက်ချင်း အရှိန်တင်ကာ ထွက်ခွာသွားလေသည်။
ကားလမ်းမကြီးများ ရေမြုပ်နေသော်လည်း ရေမျက်နှာပြင် အလွန်မြင့်တက်နေသဖြင့် အဆောက်အဦးနိမ့်များအားလုံး ရေအောက် ရောက်နေကြသည်။
ထို့ကြောင့် ရေမျက်နှာပြင်မှာ ပြန့်ပြူးနေပြီး ၁၅ ထပ်နှင့်အထက် မြင့်သော တိုက်များသာ ရေပေါ်တွင် ခေါင်းဖော်နေကြ၏။
သာမန် အဆောက်အဦးများတွင် ၁၈ ထပ်၊ ၃၂ ထပ် စသည်ဖြင့် ရှိကြသည်။
တိုက်သစ်များတွင် ၁၈ ထပ်ဆိုလျှင် အထပ်မြင့်ဟု သတ်မှတ်ကြသည်။
ထိုထက်ပိုမြင့်လျှင် မီးသတ်လှေကားများ ရောက်ရှိရန် ခက်ခဲသောကြောင့် အထပ်အမြင့် ကန့်သတ်ချက်များ ရှိခဲ့ဖူးသည်။
သို့သော် ယခင်ကမူ ထိုကဲ့သို့ ကန့်သတ်ချက် မရှိခဲ့ပေ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် အမြတ်များများရရန် မြေတစ်ကွက်ပေါ်တွင် ဆောက်နိုင်သမျှ အမြင့်ဆုံး ဆောက်လေ့ရှိခဲ့ကြသည်။
နည်းပညာ သို့မဟုတ် မူဝါဒ ကန့်သတ်ချက်သာ မရှိလျှင် ၃၂ ထပ်သည် အကန့်အသတ် မဟုတ်ပေ။
သစ်ဖောင် ၃ စီးသည် လှိုင်းလေကို ခွင်း၍ ရှေ့သို့ ဆက်သွားနေကြသည်။
ကျယ်ပြောလှသော ရေပြင်ကြီး၊ မိုးသက်လေပြင်းနှင့် ရေခိုးရေငွေ့များအကြား မည်သည့် အစိမ်းရောင် သစ်ပင်ကိုမျှ မမြင်တွေ့ရပေ။
ရှိသမျှမှာ ရေပြင်ပေါ်တွင် မတ်မတ်ရပ်တည်နေကြသော တိုက်အမြင့်ကြီးများသာ ဖြစ်သည်။
လင်းယွမ်က ဖုန်းကို ထုတ်ယူ၍ ပတ်ဝန်းကျင်မှ အဆောက်အဦးများကို ကြည့်ရှုကာ မြေပုံနှင့် တိုက်ဆိုင်စစ်ဆေးရင်း လမ်းကြောင်း ရှာဖွေနေသည်။
မကြာမီ သူ လက်လျော့လိုက်ရသည်။ မြေပြင်အမှတ်အသားများ ပျောက်ဆုံးနေပြီး ဂျီပီအက်စ် တည်နေရာလည်း မရသဖြင့် ယခု သူတို့ ဘယ်ရောက်နေမှန်း ခွဲခြားမရနိုင်တော့ပေ။
ထို့ပြင် ကောင်းကင်၌ တိမ်မည်းများ ဖုံးလွှမ်းနေပြီး နေရောင်ခြည် မရှိသဖြင့် အရပ်မျက်နှာ ခွဲခြားရန်ပင် ခက်ခဲနေ၏။
တော်သေးသည်မှာ အဆောက်အဦးများကို ကြည့်ပြီး ဝရံတာ အလှည့်အပြောင်းကို မူတည်ကာ တောင်ဘက်အရပ်ကို ခန့်မှန်းနိုင်ခြင်းပင်။ သို့မဟုတ်ပါက ထိုက်ယန်တောင်ရှိရာ ဘက်ကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
သူ ဖုန်းကို သိမ်းလိုက်ပြီး မှာကြားလိုက်သည်။
"ဦးလေးမာ... လမ်းကြောင်းကို သတိထားကြည့်ဦး... မသေချာတာရှိရင် အားလုံး ဝိုင်းတိုင်ပင်ကြတာပေါ့"
မာကောချိုင်က ခေါင်းညိတ်လိုက်သည်။
"သိပြီ... ဒီဘက်လမ်းကြောင်းက ပြဿနာ မရှိလောက်ဘူး"
လင်းယွမ် ခေါင်းညိတ်လိုက်ပြီး ဦးလေးမာ ပြောသည့် လမ်းကြောင်းကို သဘောတူလိုက်သည်။
သစ်ဖောင် ဆက်လက် ရွေ့လျားလာရာ ၁၀ မိနစ်ပင် မပြည့်သေးခင် အောက်ထပ် သစ်ဖောင်ဆီမှ အာမေဋိတ် အော်သံများ ထွက်ပေါ်လာသည်။
လင်းယွမ် ချက်ချင်း ငုံ့ကြည့်လိုက်ပြီး မေးလိုက်၏။
"ဘာဖြစ်တာလဲ"
"လင်းယွမ်... ဒီမှာ လူတစ်ယောက် မူးလဲသွားလို့"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။
"လှိုင်းမူးတာလား... တခြား ဘာအကြောင်းရင်း ရှိသေးလဲ"
"အာ... မသိဘူး... ခုနကအထိ ကောင်းကောင်းကြီး ရှိသေးတယ်... လှိုင်းမူးတဲ့ ပုံစံလည်း မဟုတ်ဘူး"
လင်းယွမ် ဆင်းကြည့်ရန် ပြင်လိုက်စဉ် လူအုပ်ထဲမှ ထန်ယင်းက လှမ်းအော်လိုက်သည်။
"ကျွန်မ ကြည့်ပေးမယ်... ကျွန်မ ဆေးပညာ သင်ဖူးတယ်"
အားလုံးက ထိုစကားကို ကြားသောအခါ ထန်ယင်း ဝင်လာနိုင်ရန် လမ်းဖယ်ပေးလိုက်ကြသည်။
ထန်ယင်းက မူးလဲနေသူ၏ နှလုံးခုန်နှုန်းကို စမ်းသပ်ပြီး မျက်တောင်များကို လှန်ကြည့်လိုက်၏။
ခဏအကြာတွင် သူမက ပြောလိုက်သည်။
"ပုံမှန် မူးလဲတာပါပဲ"
သူမ စကားမဆုံးခင်မှာပင် အနီးနားရှိ နောက်တစ်ယောက်လည်း ဘုန်းခနဲ လဲကျသွားပြန်သည်။
ထိုအဖြစ်အပျက်ကြောင့် အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
"ဟာ... နောက်တစ်ယောက် ထပ်လဲပြန်ပြီ"
"ဆရာဝန်... မြန်မြန် လာကြည့်ပေးပါဦး"
"ဒါ ဘာဖြစ်ကြတာလဲဟ"
လူများ အထိတ်တလန့် အော်ဟစ်ကုန်ကြသည်။
ရုတ်တရက် မလှမ်းမကမ်းတွင် နောက်တစ်ယောက် ထပ်မံ မူးလဲသွားပြန်သည်။
ကြောက်လန့်တကြား အော်သံများ ပိုမို ဆူညံလာ၏။
လင်းယွမ် ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
လှိုင်းမူးသည် ဖြစ်စေ၊ နေမကောင်းသည် ဖြစ်စေ ဤမျှ လူအများအပြား တစ်ပြိုင်နက်တည်း မူးလဲသည့် အဖြစ်မျိုး မရှိနိုင်ပေ။
သူ အလျင်အမြန် မော့ကြည့်လိုက်ပြီး နံပါတ် ၂ နှင့် နံပါတ် ၃ သစ်ဖောင်များကို လှမ်းကြည့်ကာ တုံယန်အား ပြောလိုက်သည်။
"တခြား သစ်ဖောင်နှစ်စီးမှာ ဘာထူးခြားမှု ရှိလဲ မေးကြည့်လိုက်"
တုံယန်က တင်းယန်၊ တာအိုဆရာလင်းတို့နှင့် အလျင်အမြန် ဆက်သွယ်လိုက်၏။
ခဏအကြာတွင် သူမ မျက်နှာပျက်သွားပြီး အလောတကြီး ပြောလေသည်။
"နံပါတ် ၂ ဖောင်ရော၊ နံပါတ် ၃ ဖောင်မှာပါ လူတွေ မူးလဲကုန်ကြပြီ"
လင်းယွမ် မျက်နှာ တည်သွားပြီး ပြဿနာ တစ်စုံတစ်ရာ ရှိနေပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
သူ ရေမျက်နှာပြင်ကို အလျင်အမြန် ကြည့်လိုက်သော်လည်း ရေအောက်တွင် မည်သည့် ထူးခြားမှုမှ မတွေ့ရပေ။
မည်သည့် သန္ဓေပြောင်း သတ္တဝါ အရိပ်အယောင်ကိုမျှ သူ မမြင်ရ။
"အရမ်း သေးငယ်လွန်းလို့ သာမန်မျက်စိနဲ့ မမြင်ရတာများလား"
လင်းယွမ် စိတ်ထဲ ထင်မြင်သွားပြီး ပတ်ဝန်းကျင်ကို စိတ်စွမ်းအင်ဖြင့် ချက်ချင်း အာရုံခံလိုက်သည်။
ထိုသို့ အာရုံခံလိုက်သည်နှင့် ထူးခြားမှုကို ချက်ချင်း တွေ့ရှိသွားတော့သည်။
ဘေးပတ်လည် ရေမျက်နှာပြင်ပေါ်တွင် သေးငယ်သော စိတ်စွမ်းအင် အမှတ်အသားများစွာ ရှိနေ၏။
သူ အာရုံခံမိသည့် လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်သည်။
ရေမျက်နှာပြင်ပေါ်တွင် ပင့်ကူကဲ့သို့သော အင်းဆက်ကောင်လေးများ ဝပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုအင်းဆက်ကောင်များသည် ရေထဲသို့ နစ်မြုပ်မသွားဘဲ ရေပေါ်တွင် ဝပ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းတို့သည် ရေပေါ်၌ လျင်မြန်စွာ ရွေ့လျားနိုင်စွမ်းလည်း ရှိကြသည်။
လင်းယွမ် သေချာ ကြည့်လိုက်သောအခါ ထိုအင်းဆက်ကောင်များ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ငွေဖြူရောင် ဖြစ်နေပြီး သေချာ ဂရုစိုက်မကြည့်လျှင် ရေပေါ်တွင် ရှိနေမှန်း လုံးဝ မသိသာပေ။
၎င်းတို့၏ ခြေတံများမှာ သေးသွယ်ရှည်လျားပြီး ခန္ဓာကိုယ်ထက် ၃၊ ၄ ဆခန့် ပိုရှည်လေသည်။
လင်းယွမ်၏ စိတ်စွမ်းအင်ဖြင့် ဖြတ်ခနဲ စစ်ဆေးကြည့်လိုက်ရာ မျက်နှာထား တင်းမာသွား၏။
ဤအနီးတစ်ဝိုက် ရေပြင်တွင် ထိုငွေဖြူရောင် ပင့်ကူများ အများအပြား ရှိနေသည်။
ရေအရောင်နှင့် ဆင်တူနေသဖြင့် သာမန်မျက်စိဖြင့် ခွဲခြားရန် ခက်ခဲလှသည်။
"ဦးလေးမာ... လမ်းကြောင်းပြောင်းမယ်... ဒီရေပြင်ကနေ ထွက်မယ်"
သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
ဦးလေးမာက ချိုင်ကြည်ဘက်သို့ အလျင်အမြန် လှမ်းအော်ပြောလိုက်၏။
ချိုင်ကြည်က လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲပြီး ထိုရေပြင်မှ အမြန်ဆုံး ထွက်ခွာရန် ပြင်ဆင်လေသည်။
ထိုအချိန်တွင် လင်းယွမ်က အော်ပြောလိုက်သည်။
"ဘယ်သူမှ ရေကို မထိနဲ့... ရေထဲက ပစ္စည်းတွေ ဆယ်ချင်ရင် ပလတ်စတစ်ပိုက် ဒါမှမဟုတ် သစ်သားကို သုံးကြ... လက်နဲ့ ရေထဲ မနှိုက်နဲ့... ရေထဲမှာ သန္ဓေပြောင်း ပင့်ကူတွေ ရှိတယ်"
ထိုအခါမှ ကင်းလှည့်အဖွဲ့ဝင်များအားလုံး သတိထားလိုက်ကြပြီး ဝမ်လီလီ၊ ဟွမ်ဟန် အစရှိသော စေ့စပ်သေချာသည့် မိန်းကလေးများကမူ လက်အိတ်များကို ရှာဖွေကာ ချက်ချင်း စွပ်လိုက်ကြသည်။
လင်းယွမ်က ရေပြင်ကို စောင့်ကြည့်ရင်း ပင့်ကူများ ပျံ့နှံ့နေသည့် နေရာများကို အာရုံခံကာ သစ်ဖောင် လမ်းကြောင်းကို ထိန်းကျောင်းပေးနေသည်။
ပင့်ကူများ ရှိသော ဧရိယာနှင့် တဖြည်းဖြည်း ဝေးကွာသွားမှ သူ သက်ပြင်းချနိုင်တော့သည်။
"မူးလဲသွားတဲ့ သူတွေ အခြေအနေ ဘယ်လိုလဲ" လင်းယွမ်က အောက်ထပ်ရှိ ထန်ယင်းကို လှမ်းမေးလိုက်သည်။
ထန်ယင်းက အလျင်အမြန် ပြန်ဖြေလေသည်။
"အောက်ဆီဂျင် ပြတ်လပ်ပြီး မူးလဲသွားတာပါ... အဲ့ဒီပင့်ကူတွေက ဘယ်လိုနည်းလမ်း သုံးလဲတော့ မသိဘူး... လူ့ခန္ဓာကိုယ်ထဲက အောက်ဆီဂျင်ကို စုပ်ယူနိုင်စွမ်း ရှိတယ်"
"အခုတော့ သူတို့ အသက်ရှူ ပြန်မှန်နေပါပြီ... ခဏနေရင် ပြန်သတိရလာကြမှာပါ"
လင်းယွမ် အံ့ဩသွားသည်။ ပင့်ကူများ၏ တိုက်ခိုက်ပုံက လူ့ခန္ဓာကိုယ်ထဲမှ အောက်ဆီဂျင်ကို စုပ်ယူခြင်း တဲ့လား။
အဆိပ်ထိုးသွင်းခြင်း မဟုတ်ဘူးလား။
လင်းယွမ် စိတ်ထဲတွင် ထူးဆန်းနေမိသည်။ ဤကမ္ဘာကြီး၏ ဆင့်ကဲပြောင်းလဲမှုက သူ မမှတ်မိနိုင်လောက်အောင် လျင်မြန်လွန်းနေသည်။
ယခင်က ဇီဝဗေဒ ဗဟုသုတများဖြင့် ဤသတ္တဝါများကို တိုင်းတာ၍ မရနိုင်တော့ပေ။
"အဲ့ဒီလူတွေကို ဂရုစိုက်ထားလိုက်... စောစောစီးစီး သိလိုက်ရတာ ကံကောင်းတယ်"
ထန်ယင်း ခေါင်းညိတ်ပြီး ပြန်လှည့်သွားရန် ပြင်လိုက်စဉ် ဆုန့်ဝမ်က ရုတ်တရက် ပြောလာသည်။
"ကျွန်မ ဆင်းကြည့်ပေးပါ့မယ်"
လင်းယွမ် သူမကို ကြည့်လိုက်သည်။
"နင်ကလား"
သူမက နေကြာပန်းအိုး နှစ်အိုးကို ပိုက်ထားရင်း ပြောလေသည်။
"ကျွန်မ အပင်တွေကို ထိန်းချုပ်ပြီး အလင်းစုပ်ယူတဲ့ လုပ်ငန်းစဉ်ကို မြန်မြန် လုပ်ခိုင်းလို့ ရတယ်... အောက်ဆီဂျင် လုံလောက်အောင် ထုတ်ပေးနိုင်ရင် အကူအညီ ဖြစ်လောက်ပါတယ်"
လင်းယွမ် ကြားလိုက်ရသဖြင့် ခေါင်းညိတ်လိုက်မိသည်။
"ဒါကို မေ့နေတာပဲ... ဟုတ်ပြီ... နင် ထန်ယင်းနဲ့အတူ ဆင်းကြည့်လိုက်"
"ဟုတ်ကဲ့"
ဆုန့်ဝမ် ပါဝင်လာသဖြင့် ကုသမှု လုပ်ငန်းစဉ်က ရိုးရှင်းသွားသည်။
အောက်ဆီဂျင်ပြတ်၍ သတိမေ့နေသော အိမ်ရာပိုင်ရှင်များ လျင်မြန်စွာ ပြန်လည် သတိရလာကြပြီး ဆုန့်ဝမ်နှင့် ထန်ယင်းကို ကျေးဇူးတင်စကား ဆိုမဆုံး ဖြစ်နေကြသည်။
အခြားသူများကလည်း မိန်းကလေး နှစ်ဦးကို ချီးကျူးကြရင်း လှိုင်းထန်နေသော ရေပြင်ကြီးကို ကြောက်လန့်တကြား ကြည့်နေမိကြသည်။
ရေထဲတွင် သန္ဓေပြောင်း သတ္တဝါများလွန်းလှသည်။ မြင်ရသည့်အကောင်ရော၊ မမြင်ရသည့်အကောင်ပါ လူကို သေစေနိုင်သည်ချည်း ဖြစ်၏။
ဤအခိုက်အတန့်တွင် လူအများအပြားသည် မိမိတို့ကိုယ်တိုင် သန္ဓေပြောင်း စွမ်းရည်များ အမြန်ဆုံး နိုးထလာပါစေဟု ဆုတောင်းနေမိကြသည်။ သို့မှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ပါလား။
လင်းယွမ်သည်လည်း သုတေသန ပြုလုပ်ရန်အတွက် ရေပေါ်မှ ပင့်ကူတစ်ကောင်ကို စိတ်စွမ်းအင်ဖြင့် ဖမ်းယူရန် ကြိုးစားလိုက်သည်။
ပင့်ကူတစ်ကောင်ကို စိတ်စွမ်းအင်ဖြင့် ရွှေ့လိုက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
ပင့်ကူက အကောင် သိပ်မကြီးသော်လည်း စိတ်စွမ်းအင်ဖြင့် မလိုက်ချိန်တွင် လေးလံနေသည်ဟု ခံစားရ၏။
လင်းယွမ် စိတ်စွမ်းအင်ဖြင့် အလျင်အမြန် အာရုံခံကြည့်လိုက်ရာ ဤပင့်ကူများသည် ရေပေါ်တွင် ပေါလောပေါ်နေသည် ဆိုသော်လည်း ရေအောက်ပိုင်း ဝမ်းဗိုက်အောက်တွင် ရေတိုင်ကီနှင့် တူသော အရာတစ်ခု တွဲလျက် ပါနေသည်ကို တွေ့ရှိလိုက်ရသည်။
"ဟေ... ဒါ ဘာကြီးလဲ"
လင်းယွမ် အံ့ဩသွားပြီး စိတ်စွမ်းအင်ဖြင့် အားစိုက် ဆွဲတင်လိုက်သည်။
ပင့်ကူတစ်ကောင်သည် ရေတိုင်ကီနှင့် တူသော အရာတစ်ခုနှင့်အတူ ပါလာပြီး သစ်ဖောင် ဒုတိယထပ်သို့ ဖြည်းညှင်းစွာ လွင့်မြောလာ၏။
လင်းယွမ်က ပင့်ကူနှင့် ခေါင်းလောင်းပုံ ရေတိုင်ကီကို လှမ်းဖမ်းလိုက်သည်။
ခြုံကြည့်လိုက်လျှင် ပင့်ကူရော၊ ခေါင်းလောင်းပုံ ရေတိုင်ကီပါ ပေါင်းမှ လက်ဖဝါး အရွယ်အစားခန့်သာ ရှိသည်။
ပင့်ကူ၏ အရွယ်အစားမှာ ခေါင်းလောင်းပုံ ရေတိုင်ကီ၏ သုံးပုံတစ်ပုံခန့်သာ ရှိ၏။
လင်းယွမ် ထိုခေါင်းလောင်းပုံ ရေတိုင်ကီကို သေချာ ကြည့်လိုက်ရာ ပင့်ကူမျှင်များဖြင့် ရက်လုပ်ထားကြောင်း တွေ့လိုက်ရသည်။
ထိုရေတိုင်ကီထဲတွင် လက်သည်းခွံအရွယ် ငါးပေါက်စများနှင့် ရေမှော်ပင်များ ရှိနေသေးသည်။
ကြည့်ရသည်မှာ ၎င်း၏ အစာလှောင်ကန် ဖြစ်ပုံရသည်။
လင်းယွမ် အံ့ဩသွားမိသည်။ သဘာဝတရားက တကယ်ကို ဆန်းကြယ်လှပေသည်။ ဤပင့်ကူများသည် ရေကြီးမှုကို လိုက်လျောညီထွေ ဖြစ်စေရန် ထိုကဲ့သို့ ထူးဆန်းသော အရာများကို ဖန်တီးကာ ဆင့်ကဲပြောင်းလဲထားကြသည်။
ထိုခေါင်းလောင်းပုံ ပင့်ကူမျှင်အိတ်တွင် အပေါက်ငယ်လေးများ စိပ်နေအောင် ပါသော်လည်း ရေလုံလေသည်။
လင်းယွမ် ဓားမြှောင်တစ်ချောင်း ထုတ်၍ ဖွဖွလေး ခြစ်လိုက်သည်။
"ဘွတ်" ခနဲ အသံနှင့်အတူ ခေါင်းလောင်းပုံ အိတ်လေး ပေါက်ထွက်သွားပြီး အတွင်းမှ သန့်စင်သော အောက်ဆီဂျင်ဓာတ်ငွေ့များ ထွက်ပေါ်လာ၏။
လင်းယွမ် မျက်လုံး ပြူးသွားသည်။
"အောက်ဆီဂျင်"
"ဒီပင့်ကူတွေက အောက်ဆီဂျင်ကို ဒီပင့်ကူမျှင်အိတ်တွေထဲ သိုလှောင်ထားတာပဲ"
"ဒါဆိုရင် သူတို့က အချိန်မရွေး ဒီအိတ်ထဲ ပုန်းအောင်းပြီး ရေအောက်ကို ငုပ်လျှိုးနိုင်တာပေါ့"
"ပြီးတော့ သူတို့က သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲက အောက်ဆီဂျင်ကို စုပ်ယူပြီး ခဏတာ အောက်ဆီဂျင်ပြတ် သတိမေ့သွားအောင် လုပ်နိုင်တယ်... စုပ်ယူလိုက်တဲ့ အောက်ဆီဂျင်တွေကို ဒီအိတ်ထဲ ထည့်ထားတာ ဖြစ်မယ်"
လင်းယွမ် အတွေးပေါက်သွားပြီး နောက်တစ်ချက်ကို စဉ်းစားမိလိုက်ပြန်သည်။
"ဒီပင့်ကူတွေကို ဖမ်း၊ သူတို့ရဲ့ ပင့်ကူမျှင်အိတ်ကို အပေါက်ဖောက်ပြီး သတိမေ့နေတဲ့သူတွေရဲ့ ပါးစပ်နဲ့ နှာခေါင်းမှာ တပ်ပေးလိုက်ရင် အောက်ဆီဂျင်ပြတ်တဲ့ ဝေဒနာ သက်သာသွားနိုင်မလား"
"ဒါပေါ့... အဖြေက သူ့ဆီမှာပဲ ရှိတာပဲ... အဆိပ်ပြင်းတဲ့ မြွေရှိတဲ့ နေရာရဲ့ ၇ လှမ်း အကွာအဝေးအတွင်းမှာ အဆိပ်ဖြေဆေးပင် ရှိစမြဲလို့ဆိုကြတယ်"
"ဒီသဘောတရားက ဒီရေပင့်ကူတွေ အပေါ်မှာလည်း အတူတူပဲ ဖြစ်လိမ့်မယ်"
လင်းယွမ် ဇီဝဆင့်ကဲပြောင်းလဲမှု၏ ဆန်းကြယ်မှုကို ထပ်မံ ချီးကျူးလိုက်မိသည်။
သူ့ကိုယ်ပိုင် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကိုလည်း တွေးမိလိုက်သည်။
အကယ်၍ သူသာ ထိုရေပင့်ကူ၏ ပစ်မှတ်ထားခြင်း ခံရပြီး အောက်ဆီဂျင် စုပ်ယူခံလိုက်ရပါက သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းသည် သူ့အသက်ကို ကယ်တင်ရန် သင့်လျော်သော စွမ်းရည်တစ်ခုခုကို ပြောင်းလဲပေးနိုင်မလား။
"လင်းယွမ်... ဟိုဘက်ကို ကြည့်လိုက်... ဟန်လုံစင်တာကြီးပဲ"
လင်းယွမ် စဉ်းစားခန်း ဝင်နေစဉ် ဦးလေးမာက ဝမ်းသာအားရ လှမ်းအော်လိုက်သည်။
တစ်ချိန်တည်းမှာပင် သစ်ဖောင်ပေါ်ရှိ လူအများလည်း ဝမ်းသာအားရ ပြောဆိုနေကြ၏။
"ဟန်လုံစင်တာကြီးပဲဟေ့... ရေမကြီးခင်က ငါ ဒီမှာ ဈေးလာဝယ်နေကျ"
"ဟန်လုံစင်တာက အထပ် ၄၀ ကျော် မြင့်တာ... အထဲမှာ ကုန်တိုက်တွေ အများကြီးရှိတယ်... ပစ္စည်းတွေ အများကြီး ရှိမှာ... ကြည့်ကြစမ်း... ရေပေါ်မှာ အနည်းဆုံး အထပ် ၂၀ လောက် ကျန်သေးတယ်"
"အထဲမှာ ပစ္စည်းတွေ ဘယ်လောက်တောင် များလိုက်မလဲ... အပေါ်ဆုံးထပ်မှာ အဆင့်မြင့် ဟိုတယ်တွေ၊ ကုန်တိုက်တွေ၊ ရုပ်ရှင်ရုံတွေ ရှိတယ်လို့ ငါမှတ်မိတယ်... စားစရာတွေ သေချာပေါက် ရှိမှာပဲ"
...
လူအများအပြား စိတ်လှုပ်ရှားနေကြပြီး ပစ္စည်းရှာဖွေရန် ဟန်လုံစင်တာထဲသို့ ချက်ချင်း ဝင်ရောက်လိုစိတ်များ ပြင်းပြနေကြသည်။
လင်းယွမ် မော့ကြည့်လိုက်ရာ ထိုစင်တာကြီးကို မြင်လိုက်ရသည်။
စင်တာက အလွန်မြင့်မားသည်။ ရေကြီးမှုက ၁၄၊ ၁၅ ထပ်လောက်အထိ ရောက်နေသော်လည်း စင်တာ၏ အထပ် ၂၀ ကျော်မှာ ရေပေါ်တွင် ပေါ်နေဆဲ ဖြစ်သည်။
အပြင်ဘက်တွင် ကြော်ငြာဆိုင်းဘုတ်များစွာ ချိတ်ဆွဲထားသည်။
ခေါင်မိုးပေါ်တွင် ဟန်လုံစင်တာ ဟူသော စာလုံးကြီးများ ထောင်မတ်ထား၏။
သို့သော် လေပြင်းမိုးဒဏ်ကြောင့် ဟန် စာလုံးမှ ဒေါင်လိုက်အစက် ပြုတ်ထွက်သွားသဖြင့် ကန် ဖြစ်ကာ ကန်လုံစင်တာ ဖြစ်နေလေသည်။
လင်းယွမ် တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂရုမစိုက်နဲ့... မြေပုံကို ကြည့်... ထိုက်ယန်တောင်ကို အရင်ရှာမယ်"
အကယ်၍ သူတစ်ယောက်တည်းသာ ဆိုလျှင် ဤစင်တာကို ဝင်ရောက် စူးစမ်းရန် ပြဿနာ မရှိပေ။
သူက လွတ်လပ်စွာ သွားလာနိုင်ပြီး အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသည်။
သို့သော် ယခုအခါ သစ်ဖောင် ၃ စီးနှင့် လူပေါင်း ရာချီ ပါလာသည်။
မတော်တဆ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်လာပါက ဤသာမန်လူများ အချိန်မရွေး သေဆုံးသွားနိုင်သည်။
လင်းယွမ်အနေဖြင့် ပစ္စည်းအနည်းငယ်အတွက်နှင့် ဤအန္တရာယ်များသော ရေပြင်တွင် အချိန်ဖြုန်းမည့် လူအမျိုးအစား မဟုတ်ပေ။
ဦးလေးမာ ကြောင်သွားသော်လည်း တုန့်ဆိုင်းမနေဘဲ အောက်ဘက်ရှိ ချိုင်ကြည်အား ချက်ချင်း လှမ်းအော်လိုက်သည်။
"မရပ်နဲ့... ဆက်သွား"
အခြား သစ်ဖောင် ၂ စီးပေါ်ရှိ လူများက ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ဝိုင်းဝန်း ပြောဆိုလာကြသည်။
"ဟေး... ဟေး... ဘာလို့ ထွက်သွားတာလဲ... ဟန်လုံစင်တာထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်လေ"
"လင်းယွမ်... မသွားပါနဲ့ဦး... ဒီမှာ ခဏလောက် ရပ်ပေးပါ... ကျွန်တော်တို့ ဝင်ပြီး စားစရာ ရှာချင်လို့ပါ"
"ဟုတ်ပါတယ် လင်းယွမ်... တောင်ပေါ်ရောက်ရင်လည်း စားစရာ ရှာရမှာပဲလေ... အခု ဒီမှာ အရင်ရှာကြတာပေါ့"
အားလုံး စိတ်လောလာကြသည်။ အထူးသဖြင့် ယခင်က ငါးမဖမ်းနိုင်သဖြင့် လင်းယွမ်ထံမှ ပစ္စည်းမလဲလိုက်ရသူများ ပို၍ စိတ်လောနေကြ၏။
နံပါတ် ၃ သစ်ဖောင်ပေါ်ရှိ အိမ်ရာပိုင်ရှင်တစ်ဦးက တာအိုဆရာလင်းကို မနေနိုင်ဘဲ လှမ်းအော်ပြောလိုက်သည်။
"တာအိုဆရာလင်း... ခင်ဗျား လင်းယွမ်ကို ခဏလောက် ရပ်ပေးဖို့ နည်းနည်းလောက် ပြောပေးပါလား... ကျွန်တော်တို့ပဲ တက်ကြည့်ကြမှာပါ... ဟန်လုံစင်တာနဲ့က ပေ ၁၀၀၊ ၂၀၀ လောက်ပဲ ဝေးတော့တာလေ"
"ဟုတ်တယ်... ဒေါက်တာယန်... ခင်ဗျားလည်း လင်းယွမ်ကို ပြောပေးပါဦး... ခဏလေး ရပ်ပေးပါလို့... ၁၀ မိနစ်လောက်ဆို ရပါပြီ... ဆန်အိတ် ၂ အိတ်လောက် ထမ်းဆင်းလာရုံပါပဲ"
ဆက်ရန်...
အပိုင်း (၁၆၀) ဟန်လုံစင်တာ နှင့် သန္ဓေပြောင်း ရေဘဝဲကြီး
လူအုပ်ကြီး၏ ဆွေးနွေးငြင်းခုံသံများကြောင့် တာအိုဆရာလင်းတစ်ယောက် အနည်းငယ် တွေဝေသွားရသည်။ သူက ဟန်လုံစင်တာကြီးကို လှမ်းကြည့်လိုက်ရင်း စိတ်လှုပ်ရှားသွားမိ၏။
ယခင်ကလည်း သူ ဒီအဆောက်အအုံကြီးသို့ ရောက်ဖူးသည်။ အထဲတွင် စားသောက်စရာများ ပေါများလှသဖြင့် သူ မကြာခဏ လာရောက်စားသောက်ကာ ဈေးဝယ်ထွက်ခဲ့ဖူးသည်။
သန္ဓေပြောင်းငါးတွေကိုသာ စားလာခဲ့ရသည်မှာ ခြောက်လကျော်ခဲ့ပြီဖြစ်၍ သူ အန်ချင်နေပြီ ဖြစ်သည်။ တခြားအရသာလေး ဘာလေးများ စားချင်မိပါရဲ့။
"ဒီကိစ္စက... ကျုပ်..."
သူ စကားမဆုံးလိုက်ခင်မှာပင် ရန်ဆန်းမင်က မျက်နှာထား တင်းမာသွားပြီး သူ့ကို ဆွဲကာ လူအုပ်ကြီးဘက် လှည့်ပြောလိုက်သည်။
"အားလုံး... လင်းယွမ် ပြောတာ နားထောင်ကြပါ"
"ကျုပ်တို့ အရင်ဆုံး ခြေချနားခိုစရာ နေရာတစ်ခု ရှာတွေ့မှ ဆက်ပြောကြတာပေါ့"
"ဒီနေရာက ရေကြီးနေတဲ့ နေရာဗျ... ကျုပ်တို့ရဲ့ သစ်သားဖောင်တွေက စိတ်မချရဘူး... ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေက အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်... ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး"
လူအတော်များများက မကျေမနပ် ဖြစ်သွားကြသည်။ ဆယ်မိနစ်လောက်လေး နေရုံနဲ့ ဘာများ ဖြစ်သွားမှာမို့လို့လဲ။
သို့သော် ဘယ်သူမှ ပါးစပ်ဟရဲခြင်း မရှိကြပေ။ လင်းယွမ် စကားတစ်ခွန်းဆိုလျှင် ကတိတည်မှန်း၊ ပြင်ဆင်စရာ အကြောင်းမရှိမှန်း လူတိုင်း သိထားကြပြီး ဖြစ်သည်။
ထိုသို့ တွေးနေကြစဉ်မှာပင် ဟန်လုံစင်တာ အပေါ်ထပ်ရှိ ပြတင်းပေါက်တစ်ချပ် "ခွမ်း" ခနဲ ကွဲကြေသွားသည့်အသံကို ရုတ်တရက် ကြားလိုက်ရ၏။
ထို့နောက် လူတစ်ယောက် အသည်းအသန် လှည့်ကြည့်ကာ တစ်စုံတစ်ခုကို အော်ဟစ်ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။
လူအများက မော့ကြည့်လိုက်ကြပြီး အာမေဋိတ်သံများ ထွက်ပေါ်လာကြတော့သည်။
"ဟာ... အထဲမှာ လူရှိနေတာပဲ"
"ဒီ ဟန်လုံစင်တာထဲမှာ လူတွေ ရှိနေသေးတာကိုး"
"သူ ဘာတွေ အော်နေတာလဲ"
"သေချာမကြားရဘူး... မိုးသံတွေက ကျယ်လွန်းတယ်"
...
လင်းယွမ်ကလည်း ထိုပြတင်းပေါက်ရှိ လူရိပ်ကို မော့ကြည့်လိုက်ရာ မိန်းမတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ထိုအမျိုးသမီးက ခန္ဓာကိုယ်ထက်တွင် ဘရာစီယာတစ်ထည်သာ ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် ဂျီစထင်းဘောင်းဘီတိုလေးသာ ပါရှိကာ ပြတင်းပေါက်တွင် ရပ်လျက် အသည်းအသန် အော်ဟစ်နေခြင်း ဖြစ်သည်။
လင်းယွမ်က စိတ်လှုပ်ရှားခြင်း မရှိဘဲ ဦးလေးမာကို ထပ်မံ ပြောလိုက်သည်။
"ဆက်သွားမယ်... မရပ်နဲ့"
"သိပြီ"
သို့သော် ဆက်လက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက လင်းယွမ်ကို ချက်ချင်း ဒေါသထွက်သွားစေခဲ့၏။
လင်းယွမ်တို့၏ ဖောင်က ရပ်တန့်မသွားသည်ကို မြင်လိုက်ရသည့်အခါ ပြတင်းပေါက်ဝရှိ အမျိုးသမီး၏ နောက်မှ အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။
ထိုလူက ဒေါသတကြီးဖြင့် ထိုအမျိုးသမီးကို ခြေထောက်နှင့် ကန်ချလိုက်လေသည်။
သနားစဖွယ် အော်ဟစ်သံများနှင့်အတူ ထိုအမျိုးသမီးက လေထဲတွင် ဝဲပျံလျက် ရေပြင်ထက်သို့ ပြုတ်ကျလာတော့သည်။
ရေပြင်တွင် လှိုင်းလုံးများ ထကြွသွားပြီး သန္ဓေပြောင်း ငါးအများအပြားက သွေးညှီနံ့ရသဖြင့် အလုအယက် တိုးဝှေ့ ကူးခတ်လာကြသည်။
ထိုမျှသာမက လင်းယွမ်၏ စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ရေအောက်မှနေ၍ အလျင်အမြန် ကူးခတ်လာနေသည်ကိုပါ ခံစားလိုက်ရ၏။
ထိုအရာက သူ့ရင်ကို ဒိန်းခနဲ တုန်သွားစေသည်။
"သေစမ်း... ဒီအငွေ့အသက်က... အရမ်း အားကောင်းလွန်းတယ်"
လင်းယွမ်က စကားအများကြီး ပြောမနေတော့ဘဲ ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်တော့သည်။
"မြန်မြန်... ဟန်လုံပလာဇာဘက်ကို သွားမယ်"
ယခုတစ်ကြိမ်တွင် ဦးလေးမာက တစ်ဆင့် ပြန်ပြောစရာ မလိုလိုက်ပေ။ အောက်ဘက်ရှိ ချိုင်ကြည်က ကြားသွားခဲ့ပြီ ဖြစ်သည်။
ချိုင်ကြည်က ခေတ္တမျှ ကြောင်အမ်းသွားသော်လည်း ရွက်ဖျင်စကို အလျင်အမြန် လှည့်လိုက်ပြီး ဘေးနှစ်ဖက်ရှိ ကင်းလှည့်အဖွဲ့ကို အော်ပြောလိုက်သည်။
"ပန်ကာတွေ ဖွင့်လိုက်"
ဖောင်ပေါ်ရှိ အခြေအနေကို နားမလည်ကြသူများက လင်းယွမ် သူတို့အကြံပြုချက်ကို လက်ခံလိုက်ပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
"အစ်ကိုလင်း... ဒါက"
တုံယန်က နားမလည်နိုင်စွာဖြင့် လင်းယွမ်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
လင်းယွမ်က အော်ပြောလိုက်၏။
"အားလုံးပဲ... လက်ရန်းတွေကို မြဲမြဲ ကိုင်ထားကြ"
ထိုသို့ ပြောလိုက်ရင်း ကျောက်ခိုင်ဘက်သို့ လှည့်အော်လိုက်သည်။
"ကျောက်ခိုင်... ဘယ်ဘက်ခြမ်း... ပိတ်ထားလိုက်"
ကျောက်ခိုင်က လင်းယွမ်နှင့် လက်တွဲလာသည်မှာ ကြာပြီဖြစ်၍ ဘာဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။
စကားတစ်ခွန်းမျှ မဆိုဘဲ ဘယ်ဘက်ခြမ်းမှ ရေလှိုင်းလုံးကြီးဆီသို့ လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်လေသည်။
"ဝူး"
ရေခဲမြူငွေ့များ လှိမ့်ဝင်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ရေမျက်နှာပြင်က ရေခဲအဖြစ် ပြောင်းလဲ ခဲသွားတော့သည်။
"ခွမ်း"
သို့သော် ခဲသွားကာစ ရေခဲပြင်ကြီးမှာ ချက်ချင်းပင် ကွဲအက်သွား၏။
အားလုံး အခြေအနေကို မတုံ့ပြန်နိုင်ခင်မှာပင် "ဘုန်း" ခနဲ အသံကြီးနှင့်အတူ ဧရာမ ရေဘဝဲလက်တံကြီး တစ်ချောင်းက ရေအောက်မှနေ၍ အရှိန်ပြင်းစွာ ပစ်မတိုက်ခိုက်လာတော့သည်။
"ဝုန်း"
ခဏချင်းမှာပင် ရေခဲလွှာများ ပေါက်ကွဲထွက်သွားပြီး ရေလှိုင်းလုံးကြီးများ ဆူညံစွာ လှိမ့်တက်လာလေသည်။
သစ်သားဖောင် သုံးစင်းစလုံး လှိုင်းလုံးကြားမှ ဗေဒါပင်များကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းထန်စွာ လှုပ်ခါသွားကြ၏။
ဖောင်ပေါ်မှ ကြောက်လန့်တကြား အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လူတစ်ယောက်မှာ ယိုင်နဲ့သွားပြီး လက်ကိုင်မမြဲလိုက်သဖြင့် ခြေချော်ကာ ဖောင်ပေါ်မှ လွင့်စင် ပြုတ်ကျသွားလေသည်။
ကံကောင်းသည်မှာ ဖောင်ကို ဒီဇိုင်းဆွဲကတည်းက ဤကဲ့သို့သော အခြေအနေများကို ကာကွယ်ရန် ဘေးပတ်လည်တွင် လက်ရန်းများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
လူအတော်များများ လက်ရန်းဘေးသို့ လဲကျသွားကြသော်လည်း လက်ရန်းများက သူတို့ခန္ဓာကိုယ်ကို တားဆီးပေးလိုက်သဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားကြ၏။
ဤအခိုက်အတန့်တွင် မည်သူမှ လင်းယွမ်၏ ဆုံးဖြတ်ချက်ကို သံသယ မဝင်ရဲကြတော့ပေ။
သစ်သားဖောင်တွင်သာ အတောင်ပံများ ပေါက်လာပြီး ဤကြောက်မက်ဖွယ်ကောင်းသော နေရာမှ အမြန်ဆုံး ပျံသန်း ထွက်ခွာသွားချင်ကြတော့သည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ နောင်တရရန် အချိန်နှောင်းသွားခဲ့ချေပြီ။
လှိုင်းလုံးများ ကြမ်းတမ်းနေသည့်ကြားမှ ပေ ၃၀ ကျော် ရှည်လျားသော ရေဘဝဲကြီးတစ်ကောင် ရေအောက်မှ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။
ထိုရေဘဝဲကြီးကို မြင်လိုက်ရချိန်တွင် လင်းယွမ်၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။
"ဒီတိရစ္ဆာန်ကောင်ပဲ"
ထိုရေဘဝဲကို သူ သိသည်။ ဟိုတုန်းက ဝမ်ကျဲ၏ လက်ပါးစေ ချန်ဟုန်နှင့်အဖွဲ့ကို သတ်ဖြတ်ပြီးချိန် အလောင်းများကို ရှင်းလင်းရန် စင်္ကြံလမ်းအပြင်ဘက် ရေကြီးနေသည့်ထဲသို့ ပစ်ချလိုက်ဖူးသည်။
သွေးညှီနံ့များက ဤရေဘဝဲကြီးကို ဆွဲဆောင်မိသွားခဲ့ခြင်း ဖြစ်၏။
ထိုစဉ်က ရေအောက်မှ ပေါ်လာသည့် ဤရေဘဝဲကြီး၏ လက်တံတစ်ချောင်းတည်းပင် ပေ ၃၀ ခန့် ရှည်လျားသည်။
သာမန် လျှောက်ရိုက်လိုက်ရုံဖြင့် စင်္ကြံလမ်းကြီးကို ကျိုးပဲ့သွားစေခဲ့သည့် ၎င်း၏ ကြောက်မက်ဖွယ် ခွန်အားကို သူ အမှတ်ရနေဆဲ ဖြစ်သည်။
ထိုအချိန်မှစ၍ လင်းယွမ်သည် အလောင်းများကို ရှင်းလင်းရာတွင် ရေကြီးနေသည့်ထဲသို့ တတ်နိုင်သမျှ မပစ်တော့ပေ။
သို့သော် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီဟု ထင်မှတ်ထားခဲ့သော ဤရေဘဝဲကြီးက မိန်တုဥယျာဉ်နှင့် ၁ မိုင် ၂ မိုင်လောက် ဝေးသည့် ဟန်လုံစင်တာနားတွင် ပြန်ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
ယခုလည်း သွေးညှီနံ့ကြောင့် ရောက်လာပြီး ဖောင်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
လင်းယွမ် စိတ်ထဲ ဒေါသထွက်သွားမိ၏။ ဟန်လုံစင်တာပေါ်မှ လူတွေက တမင်သက်သက် လုပ်လိုက်ခြင်း ဖြစ်ဖို့များသည်။
ထိုအမျိုးသမီး အကူအညီ တောင်းတာကို ကိုယ်က လှည့်မကြည့်ရုံနှင့် သူမ အသတ်ခံလိုက်ရသည်အထိ ဖြစ်စရာ လိုသလော။
သူမကို ကန်ချလိုက်သည့် လူက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်ခြင်းမှာ ထင်ရှားလှသည်။
ဟန်လုံစင်တာအနီးတွင် သန္ဓေပြောင်း ဘီလူးကောင်ကြီး ရှိနေမှန်း သူ သိထားပြီးဖြစ်၍ ဤနည်းလမ်းကို သုံးကာ မိမိတို့ကို တားဆီးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ယုတ်မာလိုက်တာ... သေသင့်တဲ့ကောင်တွေ"
လင်းယွမ် ဒေါသထွက်မိသော်လည်း ယခုအချိန်တွင် ဒါတွေကို ဂရုစိုက်မနေအားပေ။
သူက စိတ်စွမ်းအင်ကို အလျင်အမြန် စုစည်းပြီး [စိတ်စွမ်းအင် တုန်ခါမှု] စွမ်းရည်ကို ပြင်းထန်စွာ ထုတ်ဖော်လိုက်တော့သည်။
ဤရေဘဝဲကောင် ဖောင်ကို မတိုက်ခိုက်နိုင်အောင် အရင် တားဆီးရမည်။
"ဝုန်း"
စိတ်စွမ်းအင် တုန်ခါမှုလှိုင်းတစ်ခု ချက်ချင်း ပစ်လွှတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း လင်းယွမ်၏ စိတ်စွမ်းအင်က ရေဘဝဲကြီး၏ အသိစိတ်ပင်လယ်ကို ဝင်ရောက် ရိုက်ခတ်သွား၏။
ရေဘဝဲကြီး၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသော်လည်း တစ်စက္ကန့်မျှသာ ကြာလိုက်ပြီး ရေဘဝဲကြီးက သူ့လက်တံများကို ယမ်းခါကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
လင်းယွမ် အကြီးအကျယ် လန့်သွားမိ၏။ "ဒီရေဘဝဲကြီးရဲ့ စိတ်စွမ်းအင်က မြင့်လိုက်တာ"
"ငါ့ရဲ့ စိတ်စွမ်းအင် တုန်ခါမှုက သူ့ကို တစ်စက္ကန့်လောက်ပဲ ထိန်းချုပ်နိုင်တယ်"
"လျှိုဖိန်ဖိန်... သူ့ကို ချုပ်ထားစမ်း"
လင်းယွမ် ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်သည်။
တုံယန်၏ စိတ်ချိတ်ဆက်မှုမှတစ်ဆင့် လျှိုဖိန်ဖိန်က အမိန့်ကို လက်ခံရရှိပြီး ချက်ချင်း စွမ်းရည် ထုတ်သုံးလိုက်လေသည်။
"စိတ်စွမ်းအင် ဝင်္ကပါ"
လင်းယွမ်၏ လမ်းညွှန်မှုကို ရရှိပြီးနောက်ပိုင်းတွင် သူမ၏ စိတ်စွမ်းအင် ဝင်္ကပါသည် အရင်လို ရှုပ်ထွေးပွေလီခြင်း မရှိတော့ဘဲ ရန်သူ၏ စိတ်ဝိညာဉ်ကို ပိတ်လှောင်ထားနိုင်သည့် သီးသန့် ဝင်္ကပါတစ်ခု ဖြစ်လာခဲ့သည်။
သူမ၏ စိတ်စွမ်းအင် ဝင်္ကပါ သက်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရေဘဝဲကြီးမှာ နောက်တစ်ကြိမ် ငြိမ်သက်သွားပြန်သည်။
သို့သော် မကြာမီမှာပင် ၎င်းက ရုတ်တရက် ရူးသွပ်သလို ဖြစ်လာပြီး လက်တံကြီးများဖြင့် ရေပြင်ကို ရိုက်ပုတ်ကာ ရေလှိုင်းများကို ဗရပွ မွှေနှောက်လိုက်တော့သည်။
ကောင်းကင်ကို ဖုံးလွှမ်းမတတ် ရေလှိုင်းလုံးကြီးများ ဆူညံစွာ လှိမ့်တက်လာ၏။
လျှိုဖိန်ဖိန်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး စိုးရိမ်တကြီး အော်ပြောလိုက်သည်။
"သူ့ရဲ့ စိတ်ဝိညာဉ်က အရမ်း အားကောင်းလွန်းတယ်... ကျွန်မ ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူး"
လင်းယွမ် မျက်နှာပျက်သွားပြီး တုံယန်ဘက် လှည့်ကာ ပြောလိုက်သည်။
"သူ့စိတ်ကို ငြိမ်အောင် လုပ်ပေးနိုင်မလား"
"ဒီနေရာကနေ ထွက်သွားအောင် လမ်းပြပေးရင် အကောင်းဆုံးပဲ"
တုံယန်က အလျင်အမြန် ပြန်ပြောလိုက်၏။
"ကျွန်မ စမ်းကြည့်မယ်"
သူမ၏ စိတ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် ပြန့်ကားသွားပြီး ရေဘဝဲကြီး၏ စိတ်ဝိညာဉ်နှင့် ချိတ်ဆက်လိုက်သည်။
ရေဘဝဲကြီးက နူးညံ့သိမ်မွေ့သော စိတ်စွမ်းအင်တစ်ခုက သူ့စိတ်ကို နှစ်သိမ့်ပေးနေသည်ကို ခံစားလိုက်ရ၏။
၎င်း၏ လက်တံကြီးများ ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး ငြိမ်သက်သွားမည့် အရိပ်အယောင်များ ပြသလာသည်။
လင်းယွမ် ဝမ်းသာသွားပြီး ဦးလေးမာကို ဖောင်ပြန်လှည့်ကာ ရေဘဝဲကြီးကို ကွေ့ရှောင်သွားရန် ပြောမည့်ဆဲဆဲတွင်...
ဟန်လုံစင်တာဘက်မှ စူးခနဲ အော်ဟစ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထို့နောက် လည်ပင်းလှီးခံထားရသည့် အမျိုးသမီးတစ်ယောက်ကို ထပ်မံ တွန်းချလိုက်ပြန်လေသည်။
"ပလုံ"
အမျိုးသမီး၏ အလောင်း ရေထဲ ကျသွားပြီး သွေးများ အများအပြား ပျံ့နှံ့သွားပြန်၏။
ထိုရေဘဝဲကြီးမှာ နောက်ထပ် လှုံ့ဆော်မှုကို ခံလိုက်ရသဖြင့် ချက်ချင်းပင် ပြင်းထန်စွာ ရုန်းကန်လာတော့သည်။
နောက်တစ်ခဏတွင် လျှိုဖိန်ဖိန်နှင့် တုံယန်တို့ နှစ်ယောက်စလုံး နှာခေါင်းသွေးများ ပန်းထွက်လာပြီး နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။
လင်းယွမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး ဟန်လုံစင်တာဘက်သို့ ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"တောက်... ငါ့ကို အပေါ်တက်လာစေချင်တယ်ပေါ့လေ... ကောင်းပြီ... မင်းတို့ကောင်တွေ ဘယ်သူတွေလဲဆိုတာ ငါ လာကြည့်ပေးမယ်"
လင်းယွမ် အော်ပြောလိုက်သည်။
"အရှိန်တင်... ဟန်လုံစင်တာကို သွားမယ်"
တစ်ချိန်တည်းမှာပင် သူက အံကိုကြိတ်လျက် စိတ်စွမ်းအင်ကို အကုန်ထုတ်ကာ ရေဘဝဲကြီးကို စိတ်စွမ်းအင် တုန်ခါမှုဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ရေဘဝဲကြီး၏ ဦးနှောက်မှာ တုန်ခါသွားပြီး လင်းယွမ်၏ စိတ်စွမ်းအင် တုန်ခါမှုကြောင့် စက္ကန့်အနည်းငယ်မျှ မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားရသည်။
ထို့နောက် အတင်း ရုန်းထွက်လိုက်ပြီး လက်တံကြီးများဖြင့် ရေပြင်ကို ရိုက်ခတ်ကာ မိုးထိအောင် မြင့်မားသော လှိုင်းလုံးကြီးများကို ဖန်တီးလိုက်ပြန်သည်။
လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို အကြိမ်ကြိမ် ထုတ်သုံးပြီး ၎င်း၏ ဦးနှောက်ကို မနားတမ်း တိုက်ခိုက်နေလိုက်၏။
ဤကဲ့သို့သော သန္ဓေပြောင်း သတ္တဝါကြီးများသည် အရေခွံထူပြီး အသားမာကြသဖြင့် ခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်းက အရာရောက်မည် မဟုတ်ပေ။
၎င်း၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်မှသာ ထိရောက်မှု ရှိနိုင်မည် ဖြစ်သည်။
ဤသို့ဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက် လင်းယွမ်မှာ စိတ်စွမ်းအင် ကုန်ခမ်းမှု များပြားလာပြီး ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း မောပန်းနွမ်းနယ်လာသည်ကို ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ ဖောင်က အကွာအဝေးတစ်ခုသို့ လှော်ခတ်နိုင်ခဲ့ပြီး ဟန်လုံစင်တာ၏ မှန်ပြတင်းပေါက်များနှင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
လင်းယွမ် ချက်ချင်း အော်ပြောလိုက်၏။
"အားလုံး... အဆောက်အအုံထဲ မြန်မြန် ဝင်ပုန်းကြ"
"ဝုန်း"
ရေဘဝဲကြီးက လင်းယွမ်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်မှ နောက်တစ်ကြိမ် ရုန်းထွက်လာပြီး အရှိန်ဖြင့် ပြေးဝင်လာတော့သည်။
"ဝုန်း" "ဝုန်း"
ရေလှိုင်းလုံးကြီးများ တစ်လုံးပြီး တစ်လုံးဆင့်ကာ သစ်သားဖောင် သုံးစင်းကို ရိုက်ခတ်နေ၏။
ထိုလှိုင်းလုံးများကပင် ဖောင်သုံးစင်းကို တွန်းပို့လိုက်ရာ ဟန်လုံစင်တာ၏ နံရံနှင့် ပြင်းထန်စွာ ဝင်ဆောင့်မိသွားကြသည်။
ဟန်လုံစင်တာ၏ နံရံများမှာ ဖန်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဝင်ဆောင့်မိသည့် အရှိန်ကြောင့် မှန်ချပ်အတော်များများ ကွဲကြေကုန်ကြ၏။
ဖောင်ပေါ်မှ လူများသည်လည်း ခေါင်းမူးခေါင်းကိုက်ဖြစ်ကာ ရေထဲသို့ လဲပြိုကျကုန်ကြသည်။
ကံကောင်းသည်မှာ ဟန်လုံစင်တာရှေ့တည့်တည့်တွင် ဖြစ်နေသဖြင့် အားလုံးက အသက်လုကာ ရေကူးပြီး အဆောက်အအုံထဲသို့ တိုးဝင်ကြတော့သည်။
"အစ်ကိုလင်း"
ကျောက်ခိုင်က စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။
"လူတွေကို အရင်ကယ်... ဒီကောင်ကြီးကို ငါ့တာဝန်ထားလိုက်"
လင်းယွမ် အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို ပင့်မြှောက်ကာ အမှတ် ၃ ဖောင်ပေါ်သို့ ခုန်တက်လိုက်ပြီး ကြောက်လန့်တကြား ဖြစ်နေသော ကုဖုန်းကို ဆွဲကာ ပြောလိုက်သည်။
"ငါ့နောက်လိုက်ခဲ့"
ကုဖုန်းတစ်ယောက် အခြေအနေကို မတုံ့ပြန်နိုင်သေးခင်မှာပင် လင်းယွမ်၏ ဆွဲခေါ်မှုကြောင့် ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်သွားတော့သည်။
ထို့နောက် လင်းယွမ်က ရေမျက်နှာပြင်ပေါ်ရှိ မျောပါနေသော ပစ္စည်းများကို နင်းကာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ခုန်ပျံကျော်လွှားသွားသည်ကို တွေ့လိုက်ရ၏။
"ဘုန်း ဘုန်း ဘုန်း"
သူက ရေပေါ်တွင် မျောပါနေသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု နင်းကာ နောက်ဆုံးတွင် ရေဘဝဲကြီး၏ ရှေ့သို့ ရောက်သွားလေသည်။
ထို့နောက် လေပေါ်သို့ ပျံဝဲခုန်တက်လိုက်ပြီး ရေဘဝဲကြီး၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ရေဘဝဲကြီးမှာမူ သတိမထားမိဘဲ သူ့လက်တံများကိုသာ ဝှေ့ယမ်းပြီး ပတ်ဝန်းကျင်ကို ရိုက်နှက် ဖျက်ဆီးနေဆဲ ဖြစ်သည်။
လင်းယွမ်က ခေါင်းမူးနောက်နေသော ကုဖုန်းဘက် လှည့်ကာ အော်ပြောလိုက်၏။
"ကုဖုန်း... မီးခိုးမှုတ်ထုတ်... သူ့မျက်လုံးတွေကို မမြင်ရအောင် ပိတ်လိုက်"
ကုဖုန်းက အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော် ကြိုးစားကြည့်မယ်"
သူက ပါးစပ်ဟပြီး မှုတ်ထုတ်လိုက်ရာ... ဝူးးးးးး
ဖြူဖွေးသော မီးခိုးငွေ့များ လိမ့်ထွက်လာပြီး နေရာအနှံ့ ဖုံးလွှမ်းသွားတော့သည်။
ခဏချင်းမှာပင် ရေပြင်တစ်ခုလုံးကို မြူခိုးများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်သွား၏။
ရေဘဝဲကြီး၏ အမြင်အာရုံမှာ အမှန်တကယ်ပင် ပိတ်ဆို့ခံလိုက်ရပြီး မြူခိုးများကြားမှ ထွက်နိုင်ရန် လက်တံများကို ရမ်းကား ရိုက်ပုတ်နေတော့သည်။
သို့သော် ထိုမီးခိုးငွေ့များက ၎င်း၏ ခေါင်းပေါ်တွင် ကပ်ငြိနေသကဲ့သို့ ဖြစ်နေပြီး ဘယ်နေရာသွားသွား မြူခိုးများက လိုက်ပါ ဖုံးလွှမ်းနေလေသည်။
လင်းယွမ် ဝမ်းသာသွားမိ၏။ ဒီနည်းလမ်းက တကယ် အလုပ်ဖြစ်တာပဲ။
"ကုဖုန်း... ဆက်လုပ်... မီးခိုးငွေ့တွေ မပြတ်စေနဲ့... သူ့ကို လမ်းမမြင်စေနဲ့"
"ဟုတ်... ဟုတ်ကဲ့... နားလည်ပါပြီ"
လင်းယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ရန် သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
သို့သော် မထင်မှတ်ထားသည်မှာ ကုဖုန်း မှုတ်ထုတ်လိုက်သော မီးခိုးငွေ့များက စိတ်စွမ်းအင်ကိုပါ တားဆီးနိုင်စွမ်း ရှိနေခြင်းပင်။
သူ့စိတ်စွမ်းအင်မှာ မီးခိုးငွေ့များကြားတွင် အတော်လေး အားပျော့သွားသည်ကို တွေ့လိုက်ရသည်။
လင်းယွမ် အံ့ဩသွားပြီး မေးလိုက်၏။
"မင်းရဲ့ မီးခိုးတွေက အဆင့်မြင့်သွားတာလား... စိတ်စွမ်းအင်ကိုပါ ဖုံးကွယ်ထားနိုင်တယ်ပေါ့"
ကုဖုန်း ကြောင်သွားပြီး မီးခိုးမှုတ်တာကို ရပ်ကာ အလျင်အမြန် ပြန်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်ခေါင်းထဲမှာ ရုတ်တရက် အေးခနဲ ဖြစ်သွားပြီး တစ်ခုခု ပေါ်လာသလို ခံစားလိုက်ရတယ်"
"အဲဒီနောက်ပိုင်း မီးခိုးမှုတ်လိုက်တိုင်း ခေါင်းထဲက အေးစက်စက် အရာတွေက မီးခိုးငွေ့ထဲ ရောပါသွားတတ်တယ်... ပြီးတော့ တုံယန်က ကျွန်တော့်ကို စိတ်ချင်း ချိတ်ဆက်လို့ မရတော့ဘူး... ဒီကိစ္စကို ကျွန်တော်တို့ သေချာ လေ့လာကြည့်ဖူးကြတယ်"
"ကျွန်တော် မီးခိုးမှုတ်ထုတ်လိုက်ပြီးတာနဲ့ သူ ကျွန်တော့်ကို ရှာမတွေ့တော့ဘူးလို့ ပြောတယ်"
လင်းယွမ် အံ့ဩသွားမိသည်။ ကုဖုန်း၏ မီးခိုးမှုတ် အစွမ်းက ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့မိပါ။
ဒါက ယခင်က အမြင်အာရုံကိုသာ ကွယ်နိုင်သည့် အစွမ်းထက် အများကြီး ပိုစွမ်းအားကြီးလာခြင်း ဖြစ်သည်။
စိတ်စွမ်းအင်ဖြင့် စုံစမ်းထောက်လှမ်းမှုကိုပါ ကွယ်ဝှက်ထားနိုင်ခြင်းက အင်မတန် အစွမ်းထက်သော စွမ်းရည်တစ်ခုပင်။
သို့သော် ယခုအခြေအနေတွင် လင်းယွမ်ကိုယ်တိုင်လည်း ပြင်ပအခြေအနေကို မမြင်ရတော့ပေ။
သို့သော် ကုဖုန်းကို ရပ်ခိုင်းလိုက်ရန်လည်း မရဲပြန်ပေ။ သို့မဟုတ်ပါက ရေဘဝဲကြီး ဖောင်ဘက်သို့ ပြန်လှည့်သွားလျှင် ရန်မေ၊ ကျောက်ခိုင်တို့ အဆောက်အအုံထဲ ဝင်ချိန်ရလိုက်မည် မဟုတ်ချေ။
ယခု သူတို့နှစ်ယောက် ဒီနေရာတွင် ရေဘဝဲကြီးကို ချုပ်ထားခြင်းက ကျန်လူများအတွက် အချိန်ဆွဲပေးနိုင်ပေလိမ့်မည်။
ရေဘဝဲကြီး အဆောက်အအုံဘက်သို့ ရမ်းကား တိုက်ခိုက်ခြင်း မပြုနိုင်စေရန် လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ဖြင့် ၎င်း၏ ဦးနှောက်ကို မကြာခဏ တိုက်ခိုက်ပေးနေလိုက်၏။
ထိုအခါ ၎င်းမှာ နေရာမှာပင် ဒေါသတကြီး လူးလိမ့်နေရတော့သည်။
ထိုသို့ အကြိမ်ကြိမ် ဖြစ်လာသောအခါ ရေဘဝဲကြီးက လက်လျှော့လိုက်ပုံရပြီး ရေအောက်သို့ ငုပ်လျှိုးကာ ထွက်ပြေးရန် ပြင်ဆင်လိုက်လေသည်။
လင်းယွမ်က ထိုအခြေအနေကို မြင်သည်နှင့် ပစ္စည်းသိုလှောင်ခန်းထဲမှ လှော်ဘုတ်ပြားတစ်ခုကို ထုတ်လိုက်ပြီး ကုဖုန်းကို ခေါ်ကာ ဘုတ်ပြားပေါ် တက်ထိုင်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ မြူခိုးများထဲတွင် ပုန်းကွယ်နေဆဲ ဖြစ်၏။
အတော်ကြာသည့်တိုင် ရေအောက်မှ လှုပ်ရှားမှု မရှိတော့မှ လင်းယွမ်က ပြောလိုက်သည်။
"ရလောက်ပြီ... မင်းရဲ့ မီးခိုးတွေကို ပြန်သိမ်းလိုက်တော့"
"ဟုတ်... ဟုတ်ကဲ့... အစ်ကိုလင်းယွမ်"
ကုဖုန်းက လေတစ်ချက် ရှူသွင်းလိုက်ရာ ဖြူဖွေးသော မီးခိုးလုံးကြီးများ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဝင်သွားကြပြီး ရေပြင်ထက်တွင် မြင်ကွင်းများ ပြန်လည် ရှင်းလင်းသွားတော့သည်။
မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး ရေလှိုင်းများကလည်း ဆူပွက် လှုပ်ရှားနေဆဲပင်။
လင်းယွမ် ဘေးပတ်ဝန်းကျင်ကို မော့ကြည့်လိုက်ပြီး အံ့အားသင့်သွားမိသည်။ "ဒါ ဘယ်နေရာလဲ"
ပတ်ဝန်းကျင်တွင် ဟာလာဟင်းလင်း ဖြစ်နေပြီး မလှမ်းမကမ်းတွင် အဆောက်အအုံ အစုအဝေးတစ်ခု ရေပေါ်တွင် ထိုးထွက်နေသည်ကိုသာ တွေ့ရသည်။
ကုဖုန်းကလည်း ပတ်ဝန်းကျင်ကို မျှော်ကြည့်လိုက်ပြီး ရုတ်တရက် တစ်နေရာကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
"အစ်ကိုလင်း... အစ်ကိုလင်း... ဟိုဘက်... ဟိုဘက်က ဟန်လုံစင်တာ မဟုတ်လား"
လင်းယွမ် လှည့်ကြည့်လိုက်မှ အခြားအဆောက်အအုံများထက် ထင်ရှားစွာ မြင့်မားနေသော အဆောက်အအုံကြီးတစ်ခု မတ်မတ်မားမား တည်ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ အကွာအဝေးကို ခန့်မှန်းကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်မိသည်။
"ခဏလေးနဲ့ ဒီရေဘဝဲကြီးက ငါတို့ကို ၁ မိုင် ၂ မိုင်လောက် ဝေးတဲ့နေရာထိ ခေါ်လာတာပဲ"
ကုဖုန်းကလည်း ဝင်ပြောလေသည်။ "ဟုတ်ပ... ဒီကောင်ကြီးကို စီးပြီး ထိုက်ယန်တောင်ကို သွားရရင် ဖောင်စီးတာထက် အများကြီး ပိုမြန်မှာပဲနော်"
လင်းယွမ် ရယ်ချင်သွားမိသည်။ ဒီကောင်လေး အတွေးလွန်နေပြန်ပြီ။ တကယ်ကို စိတ်ကူးယဉ်လွန်းသည်။
သူက ပြောလိုက်၏။
"ငါတို့ အမြန် ပြန်သွားကြစို့... လူတွေ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ"
လင်းယွမ်က လှော်တက်နှစ်ချောင်း ထုတ်လိုက်ပြီး နှစ်ယောက်သား စတင် လှော်ခတ်လိုက်ကြသည်။
၁ မိုင် ၂ မိုင်လောက် ခရီးဆိုသည်မှာ ဝေးသည်မဆိုနိုင်သလို နီးသည်လည်း မဟုတ်ပေ။
သာမန်လူဆိုလျှင် ပေတစ်ထောင်လောက် လှော်ခတ်ပြီးသည်နှင့် မောပန်းနွမ်းနယ်နေလောက်ပြီ ဖြစ်သည်။
သို့သော် သူတို့နှစ်ဦးစလုံးမှာ သန္ဓေပြောင်း အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် ခွန်အားဖြစ်စေ၊ အခြား ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာဖြစ်စေ သာမန်လူထက် အဆများစွာ သာလွန်ကြသည်။
၁ မိုင် ၂ မိုင် ခရီးလောက်ကို မနားတမ်း လှော်ခတ်လျှင် မိနစ် ၂၀ မပြည့်ခင် ရောက်နိုင်ပေသည်။
လမ်းတစ်လျှောက်တွင်မူ မျက်စိကန်းသော သန္ဓေပြောင်း သတ္တဝါများ လာရောက်တိုက်ခိုက်ခြင်း မရှိကြပေ။
စောစောက ရေဘဝဲကြီးကြောင့် လန့်ပြေးကုန်ကြသည်လား၊ ဟန်လုံစင်တာနားက သွေးညှီနံ့များကြောင့် ထိုနေရာသို့ သွားစုနေကြသည်လား မပြောတတ်ပါ။
ဆယ်မိနစ်ကျော် ကြာပြီးနောက် သူတို့နှစ်ဦး ဟန်လုံစင်တာ အောက်သို့ ရောက်ရှိလာကြသည်။ ဟာလာဟင်းလင်း ဖြစ်နေသော ဖောင်သုံးစင်းနှင့် သန္ဓေပြောင်းငါးများ ကိုက်ဝါးထားသည့် အလောင်းအချို့ ရေပေါ်တွင် ပေါလောပေါ်နေသည်ကို ကြည့်ပြီး လင်းယွမ် မျက်နှာ တည်သွား၏။
"ကြည့်ရတာ တချို့လူတွေ သေကုန်ကြပြီ ထင်တယ်"
ကုဖုန်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "အစ်ကိုလင်း... ဟန်လုံစင်တာထဲက လူတွေက တမင်လုပ်တာ သေချာတယ်ဗျ... သူတို့ လူနှစ်ယောက်ကို သတ်ပြီး ပစ်ချလိုက်တာ သန္ဓေပြောင်းကောင်တွေ လာတိုက်ခိုက်အောင် တမင် သက်သက် လုပ်တာပဲ"
လင်းယွမ် ခေါင်းငြိမ့်လိုက်သည်။ ကုဖုန်းတောင် ရိပ်မိတဲ့ကိစ္စကို သူက ဘယ်လိုလုပ် မရိပ်မိဘဲ နေပါ့မလဲ။
"လာ... ဒီကောင်တွေနဲ့ သွားစာရင်းရှင်းကြမယ်"
လင်းယွမ်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ယှက်သန်းသွားပြီး ဖောင်ပေါ်သို့ ခုန်တက်လိုက်သည်။
ကုဖုန်းလည်း အနောက်မှ အလျင်အမြန် လိုက်ပါလာခဲ့ပြီး နှစ်ယောက်သား ကွဲနေသော ပြတင်းပေါက်တစ်ခုမှတစ်ဆင့် အထဲသို့ ဝင်ရောက်လိုက်ကြ၏။
မသွားခင်တွင် လင်းယွမ်က ဖောင်သုံးစင်းစလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သိမ်းရန် မမေ့လျော့ခဲ့ပေ။
ဒါတွေက လူအင်အား၊ စိုက်ထုတ်မှုအင်အား အများကြီး သုံးပြီး ခက်ခက်ခဲခဲ ပြုလုပ်ထားရသည့် ဖောင်များ ဖြစ်သည်။
ထိုက်ယန်တောင်သို့ သွားရန် ၎င်းတို့ကို အားကိုးရဦးမည်။
ဖောင်များကို သိမ်းဆည်းပြီးနောက် လင်းယွမ်နှင့် ကုဖုန်းတို့ အဆောက်အအုံထဲသို့ ဝင်ရောက်လာကြသည်။
ကွဲနေသော ပြတင်းပေါက်၏ အတွင်းဘက်မှာ အဝတ်အထည် ရောင်းသည့် ဆိုင်တစ်ဆိုင် ဖြစ်ပုံရသည်။
ရေကြီးမှုကြောင့် ဆိုင်၏ တစ်ဝက်ခန့်မှာ ရေမြုပ်နေပြီး သူတို့နှစ်ဦး၏ ခြေထောက်များက ကြမ်းပြင်သို့ မထိနိုင်ကြပေ။ မော့ကြည့်လိုက်လျှင် ရေမျက်နှာပြင်နှင့် မျက်နှာကြက်မှာ ၁ ပေ လောက်သာ ကွာခြားတော့သည်။
ရေမျက်နှာပြင်ပေါ်တွင် ပလပ်စတစ် လူရုပ်ပုံစံများ အများအပြား ပေါလောပေါ်နေကြ၏။
လင်းယွမ်နှင့် ကုဖုန်းတို့က လူရုပ်ပုံစံ တစ်ခုစီကို ဖောင်အဖြစ် အသုံးပြုကာ ဆွဲကိုင်လျက် အတွင်းဘက်သို့ ဆက်လက် ကူးခတ်သွားကြသည်။
အတွင်းဘက်သို့ ရောက်လေ အလင်းရောင်က ပိုမှောင်လေ ဖြစ်သည်။
အတွင်းဘက်တွင် ရေကို တက်မနှင့် ရိုက်ခတ်နေသလို အသံမျိုး သဲ့သဲ့ကြားနေရပြီး ဖောင်ပေါ်မှ ထွက်ပြေးလာသူများ ဟုတ်မဟုတ် မသေချာပေ။
"ဘုန်း"
"အား..."
ရုတ်တရက် ကုဖုန်းက တိုင်တစ်တိုင်နှင့် ဝင်တိုက်မိပြီး အော်ဟစ်လိုက်သည်။
လင်းယွမ် ချက်ချင်း ကူးသွားပြီး မေးလိုက်၏။ "ဘာဖြစ်သွားသေးလဲ"
"မ... မဖြစ်ပါဘူး... အရမ်း မှောင်နေလို့ပါ... အစ်ကိုလင်း... ဒီမှာ တိုင်တစ်တိုင် ရှိတယ်... သတိထားနော်" ကုဖုန်းက ခေါင်းခါရင်း အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က တိုင်ကို စမ်းမိသွားပြီး စိတ်ကူးတစ်ခု ရသွား၏။ "လာ... တိုင်အတိုင်း အပေါ် တက်ကြမယ်... ဒီထဲမှာ အရမ်း မှောင်လွန်းတယ်... လှေကား ရှာရတာ အဆင်မပြေဘူး"
ထိုသို့ပြောရင်း သူက သံချောင်းနှစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဘယ်ညာ တစ်ချောင်းစီ ကိုင်ထားလိုက်သည်။
ထို့နောက် အားကုန်သုံးကာ ထိုးစိုက်လိုက်ရာ... ဒုတ် ဒုတ် ဆိုသည့် အသံနှင့်အတူ သံချောင်းနှစ်ချောင်းက ကွန်ကရစ်တိုင်ထဲသို့ စိုက်ဝင်သွားတော့သည်။
ထို့နောက် နောက်ထပ် သံချောင်းနှစ်ချောင်း ထပ်ထုတ်ကာ ထိုနည်းအတိုင်း တိုင်ထဲသို့ အကြမ်းပတမ်း ထိုးစိုက်လိုက်ပြန်သည်။
ဤသို့ဖြင့် တဖြည်းဖြည်း တိုင်အပေါ်ဘက်သို့ တက်သွားလေ၏။
နောက်မှ ကုဖုန်းမှာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ သူက တိုင်ထဲသို့ စိုက်ဝင်နေသော သံချောင်းကို လက်ဖြင့် အားကုန် ဆွဲကြည့်လိုက်သော်လည်း...
ရွေ့ပင် မရွေ့ပေ။
သူ့မှာ ပြောစရာစကား ပျောက်ရှသွားပြီး မနေနိုင်ဘဲ ပြောလိုက်မိသည်။ "အစ်ကိုလင်း... အစ်ကို ဘယ်လို လုပ်လိုက်တာလဲဗျာ... တော်တော် မိုက်တာပဲ"
လင်းယွမ်က ပြုံးရုံသာ ပြုံးလိုက်ပြီး တိုက်တွန်းလိုက်သည်။ "မြန်မြန် လိုက်ခဲ့... ဒီရေထဲက သန္ဓေပြောင်းငါးတွေက အပြင်လောက် မများပေမယ့် နည်းတော့ မနည်းလောက်ဘူး... ကြာကြာနေရင် အကိုက်ခံရမယ်"
ကုဖုန်း ကြားသည်နှင့် တခြားဟာတွေ ဂရုမစိုက်နိုင်တော့ဘဲ သံချောင်းများကို ဆွဲကိုင်ကာ အပေါ်သို့ အလျင်အမြန် လိုက်တက်တော့သည်။
၂၅ ပေလောက် တက်ပြီးသည်နှင့် လင်းယွမ်က အပေါ်ထပ်၏ စင်္ကြံလမ်း လက်ရန်းကို မြင်လိုက်ရသည်။
သူက ချက်ချင်း လက်ရန်းကို ကျော်ခွလိုက်ပြီး စင်္ကြံလမ်းပေါ်သို့ ခုန်ချလိုက်သည်။
ပတ်ဝန်းကျင် အလင်းရောင်မှာ မှိန်ဖျော့နေသဖြင့် အနီးနားအခြေအနေကို သေချာ မြင်ရရန် ခက်ခဲလှသည်။
သို့သော် သူ့တွင် စိတ်စွမ်းအင် ရှိသဖြင့် ပေ ၆၀ ပတ်လည်ရှိ အရာများကို အာရုံခံ ကြည့်ရှုနိုင်သည်။
ဤအလွှာက အစားအသောက်တန်း ဖြစ်ပုံရသည်။ သူ့အနောက်တွင် "ငါးချဉ်စပ်" ဆိုင်တစ်ဆိုင် ရှိနေသည်။
လင်းယွမ်က ကုဖုန်းကို ဆွဲတင်ပေးလိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
"အစ်ကိုလင်း... သူတို့လည်း ဝင်လာကြတာပဲ မဟုတ်လား... ဘာလို့ ဘာအသံမှ မကြားရတာလဲ" ကုဖုန်းက ထူးဆန်းစွာ မေးလိုက်သည်။
လင်းယွမ်က ပြောလိုက်၏။ "လိုက်ရှာကြည့်ကြတာပေါ့... ဒီအဆောက်အအုံက အကျယ်ကြီးပဲ... သူတို့ လှေကားကနေ သွားကြတာလည်း ဖြစ်နိုင်တာပဲ"
ကုဖုန်းက ခေါင်းငြိမ့်လိုက်သော်လည်း လင်းယွမ်နှင့် ဝေးဝေး မနေရဲပေ။ နှစ်ယောက်သား အတူတူ ထိုချဉ်စပ်ငါးဟင်းဆိုင်ထဲသို့ အရင် ဝင်ရောက် စစ်ဆေးလိုက်ကြသည်။
ဆိုင်ထဲတွင် ပစ္စည်းများ ရှုပ်ပွနေပြီး ဖုန်များ တက်နေသည်ကို ကြည့်ရသည်မှာ လူမလာသည်မှာ ကြာပြီဖြစ်ပုံရသည်။
မီးဖိုချောင်ပေါက်ဝတွင် ရေကန်ကြီးတစ်ခု ရှိသော်လည်း အထဲတွင် ငါးမရှိတော့ပေ။
ကုဖုန်းက မီးဖိုချောင်ထဲတွင် မွှေနှောက် ရှာဖွေကြည့်သော်လည်း ဆန်နှင့် အခြား စားသောက်ကုန်များ မတွေ့ရပေ။ တစ်စုံတစ်ယောက် လာရောက် မွှေနှောက်သွားပုံ ရသည်။
သို့သော် ဟင်းခတ်အမွှေးအကြိုင်များ၊ အထူးသဖြင့် စည်သွပ်ဘူးဖြင့် ထည့်ထားသော အထုံစေ့ များကို အများအပြား တွေ့ရှိလိုက်ရသည်။
လင်းယွမ် ဝင်ကြည့်လိုက်ရာ ငရုတ်ကောင်းခြောက်များအပြင် အနီးနားတွင် ပုပ်သိုးနေသော ငရုတ်ကောင်းစိမ်း အများအပြားကိုပါ တွေ့လိုက်ရ၏။
ငရုတ်ကောင်းခြောက်များကို လုံခြုံစွာ ထုပ်ပိုးထားသဖြင့် အစိုဓာတ်ထိကာ ပျက်စီးခြင်း မရှိသေးပေ။
လင်းယွမ်က အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သိမ်းလိုက်တော့သည်။
ဆက်ရန်...