အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၉၆)
အရောင်းစာရေးကလည်း မန်ယိဂျွန်တို့ကို တွေ့တာနဲ့ ချက်ချင်းပဲပျူငှာစွာ နှုတ်ဆက်စကားဆိုလိုက်ပါတယ်။ မျက်နှာလိုမျက်နှာရ အပြုံးကတော့ သူ့မျက်နှာမှာ ပွင့်လန်းလို့ပေါ့။
" သခင်လေးမန်ရောက်နေတာပဲ။ လေးယူမလို့လားဗျ"
သစ်ရွှေလေးအား ကြည့်ဖို့လုပ်နေတဲ့ မန်ယိဂျွန်ကလည်း အရောင်းစာရေး၏ တက်ကြွစွာကူညီပေးချင်နေဟန်ကို တွေ့တာနဲ့ ခေါင်းဆတ်ပြလိုက်ပါတယ်။
" ဆိုင်ကိုအသစ်ရောက်လာတဲ့ သစ်ရွှေသားလေးရှည် ရောက်လာတာနဲ့ ကွက်တိဖြစ်သွားတာပေါ့ ကျွန်တော်ပြပေးမယ်လေ"
အရောင်းစာရေးကလည်း ရောက်နေတာကြာပြီဖြစ်တဲ့ ရှန်ယန်ရှောင်ကိုတော့ တစ်ချက်မှဂရုမစိုက်ဘဲ မန်ယိဂျွန်ကိုသာ ငယ်ကျွန်တစ်ယောက်ကနေ သခင်အားဆက်ဆံပုံမျိုးနဲ့ ဆက်ဆံပြောဆိုနေပါတယ်။
အမည်းရောင်မြို့ရဲ့ စီးပွားရေးသမားတွေဟာ အလွန်လည်ကြသူတွေပါ။ သာမန်အဝတ်အစားပဲ ဝတ်ဆင်ထားပြီး ဘာအဆင်တန်ဆာ ရတနာမှ မပါတဲ့ ရှန်ယန်ရှောင်က လူကုံထံသားသမီးပုံ မပေါက်ပါဘူး။ မန်ယိဂျွန်ကတော့ ဆိုင်ကိုမကြာမကြာ လာတတ်တဲ့ ဖောက်သည်ဖြစ်သလို လာတိုင်းလည်း ရွှေအများအပြားသုံးစွဲသူ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယိဂျွန်က တော်ဝင်ရိုလန်ကျောင်းသား ဖြစ်ပါသေးတယ်။ တော်ဝင်ရိုလန်ကျောင်းက ကျောင်းသားတိုင်းဟာ ကြွယ်ဝချမ်းသာသူတွေချည်းဆိုတာကို မသိတဲ့သူ အမည်းရောင်မြို့မှာ မရှိပါဘူး။
ဒီအတွက် နှစ်ယောက်ယှဉ်ချိန်မှာ ရှန်ယန်ရှောင်ကို အဖက်မလုပ်တာပဲ ဖြစ်ပါတယ်။ လူငယ်လေးက ဒီနေရာမှာ ရပ်ကာငူငူကြီးဖြစ်နေတာ ကြာပြီဖြစ်လို့ ပေးစရာငွေကြေးမရှိတာ သိသာလွန်းပါတယ်။
မန်ယိဂျွန်က ခင်းကျင်းပြသထားတဲ့ တလက်လက်တောက်ပနေသော သစ်ရွှေလေးကို စိုက်ကြည့်နေပါတယ်။ သူအရင်က အသုံးပြုတဲ့ လေးဟာလည်း ကောင်းမွန်ပေမယ့် ဒီသစ်ရွှေလေးကိုတော့ မမီပါဘူး။ အဆင့်မြင့် မှော်အမြူတေနှစ်လုံးလေ။ ဒါဟာ ဘယ်လောက်တောင် ထည်ဝါခမ်းနားလိုက်သလဲ။ သူ့ရင်ထဲ တစ်ချက်လှုပ်ရှားသွားရပါတယ်။
သူ့အရင်ရောက်နေတဲ့ ရှန်ယန်ရှောင်ကိုလည်း သူ သတိပြုမိပါတယ်။ အပေါ်ထပ်ကို ရောက်ရောက်ချင်းမှာပဲ ချာတိတ်က ဒီနေရာမှာရပ်နေတာကို သူတွေ့ထားတာကြောင့် လေးကိုစိတ်ဝင်စားနေမှန်း သူသဘောပေါက်ပါတယ်။ တစ်ဖက်လူကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်တာနဲ့ အထင်သေးသွားပါတယ်။
ဒီလို ဆင်းရဲသားလေးက ဒီလေးကို ဘယ်လိုဝယ်နိုင်မှာလဲလေ။
" ဒီလေးက တစ်ကယ့်ကို အကောင်းဆုံးပဲဟ"
ဝမ်လိတို့နှစ်ယောက်လည်း စင်မှာပြထားတဲ့ လေးကိုတွေ့တာနဲ့ စိတ်ဝင်စားသွားကြပါတယ်။ ဈေးနှုန်းကိုလည်း သူတို့ မကြာခင်မှာပဲ တွေ့သွားပါတယ်။
တစ်သန်းကျော်တောင်….
သူတို့နှစ်ယောက် တံတွေးမြိုချလိုက်မိကြတယ်။ သူတို့မိသားစုတွေကလည်း ကြွယ်ဝတယ်ဆိုပေမယ့် ဒီဈေးနှုန်းကိုတော့ သူတို့ မတတ်နိုင်ပါဘူး။ သူတို့ရဲ့အတိုင်းအတာက တစ်သောင်း နှစ်သောင်းတန်လောက်ကိုပဲ သုံးစွဲနိုင်တာပါ။
ရွှေပြားတစ်သန်းကျော်ကို တစ်ခါတည်းရှင်းနိုင်ဖို့က မဖြစ်နိုင်ပါဘူး။
တော်ဝင်ရိုလန်တစ်ကျောင်းလုံးမှာ ဒီပမာဏကို တတ်နိုင်သူက လက်တစ်ဆုပ်စာပဲ ရှိပါတယ်။
မန်ယိဂျွန်တောင် တန်ဖိုးကိုတွေ့တာနဲ့ မျက်ခုံးပင့်သွားပါတယ်။ သူ့မိသားစုက အင်မတန်ချမ်းသာတာဟုတ်ပေမယ့် တစ်ခါတည်းနဲ့ ရွှေအများအပြားကို ထုတ်နိုင်ဖို့ကတော့ မလွယ်လှပါဘူး။ ဒါပေမဲ့လည်း ဒီလိုလေးကောင်းမျိုးဟာ တွေ့ရခဲတာမို့ လက်လည်းမလျှော့ချင်သေးပါဘူး။
ချီတုံချတုံဖြစ်နေတဲ့ မန်ယိဂျွန်ကို တွေ့လိုက်ရတဲ့ အရောင်းစာရေးက ဝင်ပြောလိုက်ပါတယ်။
" သခင်လေးမန် ဒီလေးက ပေါ့သေးသေးတော့ မဟုတ်ဘူးဗျ။ လေးကိုယ်ထည်တစ်ခုလုံးကို သစ်ရွှေသားနဲ့ လုပ်ထားရုံတင်မကဘဲ အဆင့်ရှစ် မှော်အမြူတေနှစ်လုံးကိုလည်း ပေါင်းစပ်အားဖြည့် ထားပါသေးတယ်။ ဒီအမြူတေနှစ်လုံးကို ရဖို့ရာ ကျွန်တော်တို့ဆိုင်က ကြေးစားနှစ်ရာကျော်ကို ငှားရမ်းခဲ့ရပါတယ်။ နောက်ပြီး ဒီလေးကို မဟာပန်းပဲဆရာကိုယ်တိုင် ပြုလုပ်ထားတာဖြစ်လို့ ဈေးကတော့ မြင့်တာအမှန်ပါပဲ။ ဒါပေမဲ့ သခင်လေးဝယ်ပြီးတာနဲ့ နောင်တမရစေဖို့ အာမခံရဲပါတယ်"
မန်ယိဂျွန် အနည်းငယ် အံ့ဩသွားပါတယ်။ သစ်ရွှေသားနဲ့ အဆင့်ရှစ်မှော်အမြူတေတွေက အထင်ကြီးစရာဟုတ်ပေမယ့် အရောင်းစာရေးပြောလိုက်တဲ့ မဟာပန်းပဲဆရာ ကိုယ်တိုင်လုပ်ထားတာဆိုတဲ့ စကားက ပိုပြီးလန့်စရာပါ။
လက်နက်ကောင်းရဖို့ အရည်အသွေးကောင်းတဲ့ သတ္တုပစ္စည်းနဲ့ မှော်အမြူတေတင် လိုအပ်တာမဟုတ်ဘဲ လက်ရာကောင်းတဲ့ ပန်းပဲအတတ်လည်းလိုပါတယ်။ ပန်းပဲပညာက အဆင့်မြင့်လေ လက်နက်အရည်အသွေး ပိုကောင်းလေပါပဲ။ လောင်းရွှမ်တစ်ပြည်လုံးမှာ မဟာပန်းပဲဆရာအဆင့်ရှိသူ နှစ်ယောက်သုံးယောက်သာရှိပြီး အရောင်းစာရေးပြောလိုက်တာ အဲ့ထဲက တစ်ဦးပါပဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၉၇)
လက်နက်တစ်ခုရဲ့တန်ဖိုးဟာ ပန်းပဲဆရာတွေရဲ့ အဆင့်ကွာခြားချက်အလိုက် တန်ဖိုးကွာသွားပါတယ်။
အစတုန်းက ချီတုံချတုံဖြစ်နေတဲ့ မန်ယိဂျွန်လည်း စာရေးရဲ့စကားကို ကြားပြီးတာနဲ့ ဝယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
အမည်းရောင်မြို့မှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ မဟာပန်းပဲဆရာဟာ တစ်နှစ်နေလို့ လက်နက်တစ်ခု လုပ်ရင်မှလုပ်တာပါ။ နောက်ပြီး သူလုပ်ချင်တာကိုပဲ ပြုလုပ်ရောင်းချတာဖြစ်ကာ လိုချင်တဲ့လက်နက်ကို တောင်းဆိုပြုလုပ်ခိုင်းဖို့ မရပါဘူး။
"ငါ ဒီလေးကို ဝယ်မယ်"
မန်ယိဂျွန်လည်း အံကြိတ်ကာ ပြောလိုက်ပါတယ်။
အရောင်းစာရေးရင်ထဲ ပန်းတွေပွင့်သွားပါတယ်။ လေးကကောင်းသော်လည်း ဈေးကကြီးလွန်းလို့ လက်နက်ရောက်တာ တစ်လခန့်ရှိနေပြီ ဖြစ်သော်လည်း ဝယ်သူမရှိဘဲ အခုမှသာ ရွှေတောင်ကြီး ပေါက်ချလာတာပါ။ ရောင်းချပြီးသွားဖို့ နည်းနည်းတောင် မစောင့်နိုင်ဘူး ဖြစ်သွားရပါတယ်။
အားလုံးကိုယ်စီ ကျေနပ်သွားချိန်မှာပဲ တစ်ချိန်လုံး ပေလယျာကံပြုခံထားရသူကနေ ပါးစပ်ဟကာ ပြောလိုက်ပါတော့တယ်။
" လေးကို ငါအရင်ကြိုက်တာလေ"
သူမက ခဏလေးပဲ တွေးတောစဉ်းစားလိုက်ချိန်မှာ သူမပစ္စည်းကို ဘယ်လိုကောင်ကလာလုချင်ရတာလဲ။
နောက်ပြီး ဒီကောင်က ငကန်းကြီးလားမသိ။ သူမက အရင်ရောက်နေတာကို ဝယ်မလား မဝယ်ဘူးလား အရင်မမေးဘူးလေ။ နောက်ပြီး ဒီမန်ယိဂျွန်ကလည်း သူမကို တစ်ခွန်းမမေးဘဲ သူမဟာကို လုဝယ်ချင်နေသေး။
သူမရဲ့ စကားသံကို ရုတ်တရက်ကြီး ကြားလိုက်ရတဲ့ လူလေးယောက်က ကြောင်တက်တက် ဖြစ်သွားကြပါတယ်။
ဝယ်နိုင်ခြေမရှိတဲ့ ကောင်ကလေးကြောင့် မန်ယိဂျွန်စိတ်ထဲ ကွက်သွားမိပြီး မျက်မှောင်တွန့်သွားပါတယ်။
အရောင်းစာရေးရဲ့ ပါးစပ်လည်း တွန့်သွားပါတယ်။
ဒီဆင်းရဲသားလေးက ဘာထဖောက်တာလဲဟ။ သဘောကျနေတာတဲ့လား။ ဝယ်စရာ ပိုက်ဆံရောရှိလို့လား။
ဝမ်လီနဲ့အဖော်တစ်ယောက်တို့က ခဏတာ ကြောင်သွားပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်ကြပါတယ်။
" ကိုယ်ပြောမယ် ကောင်လေး ဟာသတွေ လျှောက်မပြောရဘူး ဟုတ်ပြီလား။ မင်းက သဘောကျတယ်ပေါ့လေ။ ကောင်းပြီလေ ငါလည်း တစ်ဆိုင်လုံးက လက်နက်တွေကို သဘောကျတာပဲ။ ဒါပေမဲ့ ဒီလေးကို ဝယ်ဖို့ငွေရော မင်းမှာရှိလို့လား။ ဒီလေးတန်ဖိုးက တစ်သန်းကျော်နော် ရွှေပြားတစ်ရာကျော် မဟုတ်ဘူးဟ။ မင်းက ဒါကို သဘောကျတယ်ဆိုရင် ဝယ်ဖို့ငွေအရင်ထုတ်လိုက်လေ"
ဝမ်းလီ ရယ်ရလွန်းလို့ သေမတတ်ဖြစ်သွားပါတယ်။ စောစောကပဲ ဒီကောင်လေးက ပထမထပ်မှာရှိတဲ့ ရွှေခုနှစ်ရာတန်ကြေးရှိတဲ့ လေးကို ငေးကြည့်နေပြီး မဝယ်နိုင်ဘူး ဖြစ်နေသေးတာကို အခုရောက်တော့ အကောင်းဆုံးလေးကို သဘောကျနေတယ်တဲ့။
ဒါက လုံးဝကို ဟာသတစ်ခုပဲလေ။ ရွှေတစ်သန်းကျော်မပြောနဲ့ ရွှေတစ်ရာကျော်တောင် ထုတ်နိုင်မှာမဟုတ်ဘဲနဲ့။
" ကိုယ့်အခြေအနေတောင် ကိုယ်သဘောမပေါက်ဘဲကိုး"
နောက်လူငယ်ကလည်း ရင့်သီးစွာ ပြောဆိုလိုက်ပါတယ်။
သူမလည်း ဝမ်လီရဲ့သရော်တော်တော် မျက်နှာပေးကို တစ်ချက်ကြည့်ကာ ငတုံးကောင်ရဲ့ ပေါက်ကရစကားတွေကို တုံ့ပြန်နေချင်စိတ်လည်း မရှိဘူးဖြစ်နေပါတယ်။ သူမ ချီတုံချတုံဖြစ်နေရခြင်းက လေးက ကောင်းတာဟုတ်ပေမယ့် သူမနဲ့တုံ့ပြန်မှု မရှိဘူးဖြစ်နေလို့ပါ။ သို့သော်လည်း အခုအချိန်မှာ သူမနဲ့ဆက်နွယ်တုံ့ပြန်မယ့် လေးလက်နက်ကို ရှာဖို့ရာက မလွယ်သေးပါဘူး။ သူမက လေးအတတ်ကို လေ့ကျင့်ဖို့ရာ မစောင့်နိုင်တော့ဘူးဖြစ်နေတာကြောင့် ဒီလေးကိုပဲ ယာယီသဘောမျိုး အသုံးပြုဖို့ ဆုံးဖြတ်လိုက်ကာ သူမနဲ့ကိုက်ညီဆက်နွယ်တဲ့ လေးရမှသာ ပြောင်းသုံးတော့မှာပါ။
ဒါပေမဲ့ ဒီလေးကို မန်ယိဂျွန်က လာလုဝယ်မယ်လို့ သူမ ထင်မထားခဲ့ပါဘူး။
" အရင်ရောက်သူ အရင်ရဆိုတာကို နားမလည်ဘူးလား" လို့ သူမက ပြန်ပြောလိုက်ပါတယ်။
" ကျွန်တော်ပြောမယ်နော် ဒီကဧည့်သည်လေးကို မဝယ်နဲ့လို့ ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ဧည့်သည်လေးက ရောက်နေတာကြာပြီလေ။ ဝယ်ချင်တယ်ဆိုရင် ငွေအရင်ချေဖို့တော့ ပြောပါရစေ။ မဟုတ်ရင် ဒီအတိုင်းပဲ ဧည့်သည်လေးက စိုက်ငေးကြည့်နေရုံနဲ့ ကျန်တဲ့ ဝယ်သူတွေကို ကျွန်တော်တို့က မရောင်းရတော့ဘူးလားဗျ ကျွန်တော်တို့ စီးပွားရေးကို ဘယ်လိုဆက်လုပ်ရတော့မလဲ အဲ့လိုသာဆိုရင်"
အရောင်းစာရေးဟာ ဒီသူဆင်းရဲလေးရဲ့ ဝင်နှောက်မှုကြောင့် စိတ်တိုနေပါတယ်။ ရောင်းထွက်တော့မယ့် လေးတန်ကြေးနဲ့ ဒီချာတိတ်နဲ့က ဘယ်လိုမှကို အပ်စပ်မှုမရှိပါဘူး။
" ဟုတ်တယ်လေ မင်းယူမယ်ဆိုရင် ငွေအရင်ထုတ်လေကွာ"
ဝမ်းလီက ဝင်ပြောလိုက်ပြန်ပါတယ်။ သူတောင် မတတ်နိုင်တာကို ဒီကလေးက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။
သူမလည်း ပြန်ပြောမယ်အလုပ် ရှူကနေ သူမကို ရုတ်တရက်ထပြောလိုက်ပါတယ်။
" ဒီအစုတ်ကို စိတ်ဝင်စားမနေနဲ့တော့။ အခန်းရဲ့ အရှေ့မြောက်ကို သွားလိုက် အဲ့မှာ ကောင်းတာတစ်ခုခုရှိတာ ငါခံစားမိနေတယ်"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၉၈)
သူမအဖို့ ရှူ့အပေါ်မှာ မယုံစရာအကြောင်းမရှိလို့ ပြောတဲ့ဖက်သို့ သွားလိုက်ပါတယ်။
ဝမ်းလီတို့လည်း သူမထွက်သွားတာကိုကြည့်ပြီး ဝမ်းလီက လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။
" ဒီကောင်လေးအနေအထားနဲ့ ဈေးကြီးလက်နက်တွေ မဝယ်နိုင်တာ ငါသိပြီးသားပဲ အဲ့ကောင်လေးက သူ့ကိုယ်သူ ပြန်အရှက်ခွဲနေတာပဲ။ ဒီလိုလေးကောင်းမျိုးနဲ့ သူနဲ့က ဘယ်လိုအပ်စပ်လို့လဲ။ အခုငွေပေးချေခိုင်းတာနဲ့ သူ့ကိုယ်သူမလုံပြီး ထွက်သွားပါရော ဘယ်လောက်အခွက်ပြောင်တဲ့ကောင်လဲ" ဟု ဝမ်းလီကပြောလိုက်ပြီး မန်ယိဂျွန်အား ပြုံးရွှင်စွာနဲ့ ကြည့်လိုက်ကာ ဆက်ပြောလိုက်ပါတယ်။
" ဒီလိုလေးကောင်းမျိုးက စီနီယာမန်လို ပါရမီရှင်နဲ့ပဲ ထိုက်တန်တာ"
မန်ယိဂျွန်မျက်နှာက ဂုဏ်ယူဟန်ဖြစ်ပေါ်နေပါတယ်။ သူဟာ ကျောင်းရဲ့အတော်ဆုံး လေးသည်တစ်ယောက်ဖြစ်လို့ ဒီလေးကို အသုံးပြုကိုပြုရမှာပါ။ နောက်ပြီး သူ့မိသားစုလို ချမ်းသာကြွယ်ဝမှသာ ဝယ်ယူနိုင်မှာပါ။
" ဒီလေးကို ထုပ်ပိုးပေးလိုက်"
မန်ယိဂျွန်က သူ့လက်စွပ်ထဲကနေ ငွေသလင်းကဒ်တစ်ကဒ်အား ဝံ့ကြွားစွာထုတ်လိုက်ရင်း ပြောလိုက်တာ ဖြစ်ပါတယ်။
ဝမ်းလီမျက်လုံးဟာ နောက်တစ်ခါ ထပ်မံတောက်ပသွားပါတယ်။
ဒီသလင်းကဒ်တွေဟာ ဘဏ်တွေကနေ ထုတ်ထားတာဖြစ်တယ်။ လူတွေက ဘဏ်မှာငွေသွင်းထားပြီး သွင်းထားတဲ့ ပမာဏအလိုက် ကဒ်တွေထဲမှာထည့်သွင်း ပေးထားမှာဖြစ်ပါတယ်။
ခေတ်သစ်ကမ္ဘာရဲ့ အကြွေးဝယ်ကဒ်တွေလိုပါပဲ။
ဒါ့အပြင်လည်း ဒီသလင်းကဒ်တွေကို အကြွေးဝယ်ကဒ်တွေလိုပဲ အဆင့်ခွဲထားပါသေးတယ်။ သာမန်ကဒ်က အဖြူရောင်ဖြစ်ပြီး ငွေပမာဏက ရွှေတစ်သန်းပြည့်တာနဲ့ အခုလို ငွေသလင်းကဒ်ကို ထုတ်ပေးမှာပါ။
မန်ယိဂျွန်က ငွေသလင်းကဒ်ကို ထုတ်လိုက်ချိန်မှာ ဝမ်းလီနဲ့သူ့အဖော်တို့က အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။
သူတို့ကဒ်တွေက ရွှေတစ်သောင်းသာရှိတဲ့ အဖြူရောင်ကဒ်ရိုးရိုးတွေသာ ဖြစ်ပါတယ်။
အရောင်းစာရေးကလည်း ကဒ်ကိုယူလိုက်ပြီး စိတ်တက်ကြွစွာနဲ့ ကောင်တာဆီသွားလိုက်ပါတယ်။
ဝမ်းလီက မန်ယိဂျွန်လို သူဌေးလေးကို ကြည့်လိုက်ပြီးနောက် အခန်းဒေါင့်ဆီသွားနေတဲ့ ရှန်ယန်ရှောင်အား ပြန်ကြည့်လိုက်ကာ အော်ပြောလိုက်ပါတယ်။
" တစ်ကယ်ရှိသူတွေဆိုတာ ဒါမျိုးပဲဟေ့ တစ်ချို့လူတွေလို ဝမရှိဘဲ ဝိလုပ်နေပြီး အရှက်မကွဲဘူးဟ"
သူမကတော့ အဆိုပါပြောဆိုနေသံကို ဂရုမစိုက်အားပါဘူး ဘာလို့လဲဆိုတော့ ရှူပြောတဲ့နေရာကို နီးလာတာနဲ့ သူမနှလုံးသား အခုန်မြန်လာပြီး သူမစိတ်ထဲကို မြန်မြန်လျှောက်ဖို့ တစ်စုံတစ်ရာက တိုက်တွန်းပြောဆိုနေသလို ခံစားနေရလို့ပါ။
မကြာခင်မှာပဲ အခန်းဒေါင့်ကို သူမရောက်သွားပါတယ်။ အခြားနေရာတွေနဲ့မတူဘဲ ဒီမှာက ရိုးရှင်းလှတဲ့ စင်လေးသာရှိပါတယ်။ စင်ပေါ်မှာတော့ သာမန်အသွင်နဲ့ ထူးခြားမှုမရှိလှတဲ့ ခရမ်းရင့်ရောင် လေးရှည်တစ်စင်း ရှိနေပါတယ်။ လေးက သစ်သားလေးလိုမျိုး တောက်ပမှုမရှိသလို အဆင့်ရှစ်အမြူတေကိုလည်း ခမ်းနားစွာတပ်ဆင်ထားခြင်း မရှိပါဘူး။ ဘာမှတောက်ပြောင်နေတာ မရှိတဲ့အတွက် ရုတ်တရက်ဆိုရင် ဖုန်အလူးလူးက်ငြိနေတယ်လို့ ထင်မိကြမှာပါ။
ပိုပြီးထူးတာကတော့ လေးမှာ ဘာအမြူတေမှ တပ်ထားခြင်း မရှိတာပါပဲ။
ဒီလေးဟာ အပြည့်အဝပြီးစီးမှု မရှိတဲ့ လေးတစ်စင်းဆိုတဲ့ သဘောပါ။
ပြီးစီးသွားတဲ့ လေးဆိုတာ အမြူတေ တပ်ဆင်ထားပြီးမှ ဖြစ်တာပါ။
ရှန်ယန်ရှောင်ဟာ သူမရဲ့နှလုံးသားနဲ့ ခံစားမိနေလို့ လေးကိုလက်နဲ့အသာ ယူလိုက်ပါတယ်။
အေးစက်စက်လေးရဲ့ အထိအတွေ့က သူမရဲ့လက်နွေးနွေးဆီဖြတ်သွားပြီး သူမနှလုံးသားဟာ ကန်ရေပြင်ထဲကို ခဲပစ်ချလိုက်သလို လှုပ်ရှားပွက်ဆူသွားပါတယ်။
" ဒါမင်းအတွက် အကောင်းဆုံးရွေးချယ်မှုပဲကွ ဒါကိုဆက်နွယ်မှုလို့ ခေါ်တာပဲ" ဟု ရှူက ပြောလိုက်ပါတယ်။
သူမရဲ့မျက်လုံးတွေ တောက်ပသွားပါတယ်။ ဒီလေးဟာ သူမလိုချင်တဲ့ သူမအတွက်လေးဆိုတာ သူမ သေချာပါတယ်။
သူမလည်း ချက်ချင်းပဲ လေးကိုယူသွားပြီး ကောင်တာမှာတင်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
" ငါ ဒီလေးယူမယ်"