အခန်း (၁၉၉-၂၀၁)
Vol. 14 Ch. 199-201
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၉၉)
ငွေချေနေသော မန်ယိဂျွန်ဟာ ရှန်ယန်ရှောင်ကြောင့် ကြောင်တက်တက် ဖြစ်သွားပါတယ်။ သူမလက်ထဲက ခရမ်းရင့်ရောင်လေးအား ကြည့်လိုက်ပြီး အထင်သေးဟန်ဖြစ်သွားပါတယ်။
သူမကိုင်ထားတဲ့လေးဟာ ဘယ်လိုမှ ရုပ်မပေါက်တဲ့အပြင် ဖုန်တွေနဲ့ ညစ်ထေးနေဟန်တို့ဟာ ပစ္စည်းကောင်း မဟုတ်ဘူးဆိုတာ ပြသနေပါတယ်။ မန်ယိဂျွန်က စားပွဲမှာတင်ထားတဲ့ သစ်ရွှေလေးနဲ့ နှိုင်းယှဉ်လိုက်ပါတယ်။ တစ်ခုက ခမ်းနားထည်ဝါပြီး တစ်ခုကတော့ စုတ်တီးစုတ်ပြတ်နဲ့ပါ။ နံ့သာဆီနဲ့အီးလိုပါပဲ။
မန်ယိဂျွန် ဟွန့်ကနဲ လုပ်လိုက်ပါတယ်။ ရိုးရိုးပုံစံ ရှိရုံသာမက ဘာအမြူတေမှလည်း တပ်မထားပါဘူး။ ဒါဟာ အလုံးစုံမပြီးသေးတဲ့ တစ်ဝက်တစ်ပျက်လက်နက်ပါ။
" ဟားဟားဟား ဒီကလေးက အခန်းပျက်နေတာပဲဟ တစ်ဝက်တစ်ပျက် လက်နက်ကိုတောင် ဝယ်တယ်တဲ့။ ကြည့်ရတာ ငွေသိပ်မရှိလို့ ဈေးဆစ်ချင်တာနဲ့ ယူတာနေမှာ။ ငါတွေးမိတာတော့ ဒီအစုတ်အပြတ်က ပညာသင် ပန်းပဲသမားက လုပ်ထားတဲ့ အစုတ်ကြီးနေမှာပဲ။ အဲ့ဒီလေးက တန်လှမှ ရွှေပြားအနည်းငယ်ပေါ့ကွာ"
ဝမ်းလီက ရှုတ်ချပြောဆိုလိုက်ပါတယ်။
"ဟုတ်တာပေါ့ကွာ အကောင်းဆုံးလေးကို စီနီယာမန်လို လောကကြီးကမျက်နှာသာ ပေးထားခြင်းခံရတဲ့ ပါရမီရှင်ကပဲ ထိုက်တာကိုးဟ" ဟု နောက်တစ်ယောက်ကလည်း ခပ်သွက်သွက် ဝင်ပြောလိုက်ပါတယ်။
သူမလည်း ဒီသုံးယောက်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ သူမရဲ့ နှုတ်ခမ်းထောင့်တွေက လေးတွဲ့စွာ ကွေးညွတ်တက်သွားပါတယ်။
ဒီလို ကျပ်မပြည့်တဲ့ကောင်တွေကို သူမ အချိန်ကုန်မခံနိုင်ပါဘူး။
အရောင်းစာရေးဟာ သူမလက်ထဲက လေးကိုတွေ့လိုက်တော့ ထူးဆန်းတဲ့ အရိပ်အယောင်တွေက သူ့မျက်လုံးထဲ ဖြတ်သန်းသွားပါတယ်။ သူက မျက်ခုံးပင့်လိုက်ပြီး ရှန်ယန်ရှောင်အား စိတ်မရှည်စွာ ပြောလိုက်ပါတယ်။
" ဒီလေးကို မင်းမတတ်နိုင်ပါဘူး "
မတတ်နိုင်ဘူး မဝယ်နိုင်ဘူး…..
ဝမ်းလီတို့က မနက်ဖြန်ဆိုတာ သူတို့အတွက်မရှိတော့သလို ရယ်နေကြပါတယ်။ ဒီကလေးရဲ့ ပုံစံကိုကြည့်တာနဲ့ ရွှေအနည်းငယ်တောင် မရှိဘူးဆိုတာ သိသာလွန်းနေပါတယ်။
" အပိုတွေပြောမနေနဲ့ ကြေးသာပြောလိုက် "
သူမဟာ ဒီအရူးအုပ်ကို ငြီးငွေ့လာပါပြီ။ သူမက လေးဝယ်ဖို့လာတာကို လာငေးရုံသက်သက်လို့ သူတို့က ထင်နေကြတာ။ သူမသာ မြန်မြန်ပြန်ပြီး လေးပစ်မလေ့ကျင့်ဘူးဆိုရင် ဒီအရူးလေးကောင်ကို ပညာပေးဖို့ သူမ ဝန်လေးနေမှာ မဟုတ်ပါဘူး။
လေးဌာနရဲ့ ထိပ်ဆုံးကျောင်းသားက ဆရာကြီးတဲ့လား။ သူမလက်ချက်နဲ့ပဲ အဲ့ကောင်လည်း စာမေးပွဲကနေ အစောဆုံးထွက်သွားရတာ မဟုတ်ဘူးလား။
အရောင်းစာရေးလည်း နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တာကတော့ " ရွှေသုံးသန်းကို မင်းပေးနိုင်လို့လား "
ရွှေ သုံးသန်းတဲ့….
တစ်ခြားသုံးယောက်က သူတို့ နားကြားလွဲတာလားလို့ ဖြစ်သွားကြပါတယ်။ လေးက ရွှေသုံးသန်း။ ဒီ လေးစုတ်ကလေ။ တစ်ဝက်တစ်ပျက်ပဲ ပြီးသေးတဲ့ လေး မဟုတ်ဘူးလား။ ဒီလူ့အနေနဲ့ ဆင်းရဲသားလေးကို အခက်တွေ့အောင် လုပ်ချင်ဦးတော့ ဒီလောက်ကြီးတော့ မလိုပါဘူး။
ကံမကောင်းစွာပဲ သူတို့အားလုံး အရောင်းစာရေးကို အထင်မှားသွားကြပါတယ်။
သူက ထင်ရာမြင်ရာ လျှောက်ပြောနေတာ မဟုတ်ပါ တစ်ကယ့်ကိုပဲ လေးတန်ဖိုးက လွန်လွန်းနေတာပါ။
ဒီခရမ်းရင့်ရောင်လေး ဆိုင်မှာရှိနေတာ တစ်နှစ် နှစ်နှစ်လောက် ရှိပါပြီ။ လေးကို တွေ့သူတိုင်းက အစုတ်ပလုတ်လို့ပဲ ထင်ကြတာပါ။ ဆိုင်ရှင်ကိုယ်တိုင် တန်ဖိုးကို ရွှေပြားသုံးသန်းလို့ သတ်မှတ်တော့မှသာ လူတိုင်း မယုံနိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။
ဒီလေးဟာ တစ်ဝက်တစ်ပျက်လက်နက်ဖြစ်လို့ ဈေးက လက်သင့်မခံချင်စရာ ကောင်းလွန်းနေပါတယ်။
လူတိုင်းက လေးတန်ဖိုးကို လက်မခံလိုသော်လည်း ဆိုင်ရှင်ကိုယ်တိုင် သတ်မှတ်ထားတဲ့ဈေးဖြစ်လို့ ဒုတိယထပ်ရဲ့ အလယ်မှာ အတန်ကြာခင်းကျင်းထားခဲ့ပါတယ်။ အချိန်အတန်ကြာအောင်ထိ ဘယ်သူမှ မဝယ်ခဲ့ကြသော်လည်း ဆိုင်ရှင်ကလည်း ဂရုမစိုက်ခဲ့ပါဘူး။ ဒါကြောင့် အရောင်းစာရေးတွေက အဓိပ္ပါယ်မရှိလှတဲ့ဈေးနဲ့ တစ်ဝက်တစ်ပျက်လေးအား ဒေါင့်သို့ ပို့ထားလိုက်ကြပါတယ်။
သူလည်း ဒီချာတိတ်က တစ်ကယ့်ဟာကိုမှ မရမကဝယ်မယ့်ပုံနဲ့ ပြောလာမယ်လို့ မတွေးမိခဲ့ပါဘူး။
မကြောင်စမ်းပါနဲ့ ဒီချာတိတ်က ရွှေပြားအနည်းငယ်ကိုတောင် တစ်ကိုယ်လုံးရှာလို့ တွေ့မယ်ပုံမရှိပါဘူး။ ဒီလို ရူးနှမ်းနှမ်းဈေးနှုန်းနဲ့လေးကို ဝယ်ဖို့ဆိုတာ တစ်ကယ့်ဟာသပဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၀၀)
သူများတွေဘယ်လိုပဲတွေးတွေး သူမကတော့ ဂရုမစိုက်ဘဲ ငွေပေးဖို့အတွက် လက်စွပ်ထဲကနေ ထုတ်ဖို့လုပ်လိုက်ပါတယ်။
" ဒီကလေးက တစ်ကယ်ဝယ်ဖို့တော့ မဟုတ်တန်ရာဘူးနော် ဟုတ်တယ်မလား " လို့ ဝမ်းလီက ပွဲကြီးပွဲကောင်းတော့ ကြည့်ရပြီဆိုတဲ့ အထာနဲ့ပြောလိုက်ပါတယ်။ သူ့စိတ်ထဲမှာတော့ လေးနဲ့ဈေးဟာ ဘယ်လိုမှမကိုက်တာကို လက်ခံထားပါတယ်။
" ဒီကလေးက ရွှေသုံးသန်းထုတ်နိုင်တယ်လို့ မင်းထင်တယ်ပေါ့။ မင်းရူးနေတာလားဟ ရွှေသုံးဆယ်လောက် ထုတ်နိုင်ရင်ကို ဟုတ်လှပြီ "
သူမကတော့ အဲ့နှစ်ကောင်ရဲ့ ကဲ့ရဲ့စကားတွေကို မကြားဟန်ပြုထားပြီး လက်စွပ်ထဲကနေ ရွှေတွေထုတ်လိုက်ပါတယ်။
ရွှေတွေက မိုးရွာသလို ထွက်ကျလာပြီး တချွင်မြည်သံတွေက ဆက်တိုက်ထွက်နေပါတယ်။
ဝမ်းလီနဲ့တစ်ခြားသူတွေ ကြောင်အမ်းအမ်း ဖြစ်သွားကြပါတယ်။ သူတို့ဟာ လက်စွပ်ထဲကနေ အလျဉ်မပြတ်ထွက်နေတဲ့ ရွှေစီးကြောင်းကြီးကို ငေးကြည့်နေမိကြပါတယ်။ ကြမ်းပေါ်က ရွှေပြားတွေဟာ တောင်တစ်ခုလို ဖြစ်သွားတော့မှာပါ။
ဒုတိယတစ်ထပ်လုံး ရွှေပြားချင်းထိတဲ့ အသံကလွဲရင် ဘာသံမှမကြားရဘဲ တိတ်ဆိတ်နေကာ သူတို့တွေ ဘာသံမှကို မထွက်ရဲဘူးဖြစ်နေကြပါတယ်။
ဝမ်းလီနဲ့သူ့ဘော်ဒါတို့ဟာ ဒီကောင်လေးဆီကနေ ရွှေတွေတောင်ပုံရာပုံ ထွက်လာမယ်လို့ အကြိမ်တစ်ထောင် သတ်ခံရရင်တောင် ယုံမှာမဟုတ်သော်လည်း လက်တစ်ချက်အယမ်းနဲ့ ဖြစ်ပေါ်နေတာပါ။
တဖြည်းဖြည်းမြင့်တက်လာတဲ့ ရွှေတောင်ကိုကြည့်ကာ ဝမ်းလီတို့ရဲ့ လောကပေါ်အမြင်က ပျက်စီးကုန်ပါတော့တယ်။
ဒီကလေးက ဆင်းရဲသားလေးလို့ ဘယ်သူက ပြောတာလဲ ဒါကမှ တစ်ကယ့်သူဌေးဟ။
ကြမ်းပေါ်က ရွှေပြားတွေဟာ သူတို့ခြေသလုံးထိ ရောက်နေပြီဖြစ်သော်လည်း အဆက်မပြတ်ထွက်နေဆဲ ဖြစ်ပါတယ်။
ဝမ်းလီနဲ့ မန်ယိဂျွန်တို့မျက်နှာဟာ ဖြူရာက စိမ်း၊ စိမ်းရာကနေ ခရမ်းရောင်ဖြစ်သွားပါတယ်။
အဲ့လက်စွပ်ထဲမှာ ရွှေပြားဘယ်လောက်တောင် ရှိမလဲဆိုတာကိုတော့ ဘုရားပဲ သိနိုင်မှာပါ။
စားပွဲနောက်က ရပ်နေတဲ့လူလည်း လန့်ပြီးလဲကျသွားပါတယ်။ ဒုတိယထပ် တစ်ထပ်လုံးရွှေတွေထဲ နစ်မြုပ်သွားတော့မှာကို ကြည့်လိုက်ပြီး ရှန်ယန်ရှောင်ဘေးနားသွားပြီး ခါးကိုအလွန်အမင်း ကိုင်းညွတ်လိုက်ကာ ရွှေတွေ မထုတ်တော့ဖို့ တောင်းပန်လိုက်ပါတယ်။
" သခင်လေး ဒီက သခင်လေးခင်ဗျား စိတ်မတိုပါနဲ့ခင်ဗျား ငဲ့ညှာပေးပါ။ ဒီလိုဆက်လုပ်နေရင် သခင်လေးရဲ့ ရွှေတွေကြားမှာ တစ်ထပ်လုံးနစ်မြုပ်သွားတော့မှာပါ "
အရောင်းစာရေးက သူ့ပါးစပ်ကိုသူ ခပ်ပြင်းပြင်း ရိုက်ပစ်လိုက်ချင်စိတ် ဖြစ်ပေါ်နေပါတယ်။
သူ့ကိုယ်သူ လူကဲခတ်တော်လှပြီထင်နေခဲ့ကာ အနေအထိုင်ရိုးအေးတဲ့ တစ်ကယ့်သူဌေးကိုမှ ဆင်းရဲသားလို့ ထင်ခဲ့မိတာပဲ။
အရောင်းစာရေးက ငိုချင်နေပါတယ်။ ဘာလို့ သူက ဒီလောက်ကြီး ရိုးစင်းနှိမ့်ချပြီး နေရလွန်းတာလဲ။ ဒီဇောတိကလေးကသာ လေးကို မဝယ်ချင်ခဲ့ဘူးဆိုရင် မဟာဖောက်သည်ကြီး တစ်ယောက်ကို သူဆုံးရှုံးလိုက်ရတော့မှာပါ။
သူမ မျက်ခုံးတစ်ချက် ပင့်လိုက်မိပါတယ်။ သူတို့ပဲ ရွှေတွေထုတ်ပြခိုင်းပြီး အခုကျတော့လည်း မျက်နှာတွေက သူရဲထက်ကြည့်ရဆိုးအောင်ထိ ဖြစ်ပျက်နေရတာက ဘာကြောင့်လဲ။ အရောင်းစာရေးဆို ချွေးတွေရွှဲနစ်နေလိုက်ပုံများ သူမကပဲ သူ့ကိုအရှင်လတ်လတ် စားတော့မယ့်ပုံနဲ့။
" သခင်လေး ကျွန်တော်တစ်ကယ်ပဲ ရှက်မိပေမယ့် ဆိုင်က ရွှေပြားဒီလောက်အများကြီးကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူးခင်ဗျ။ ကျွန်တော်နဲ့အတူ ဘေးနားက ဘဏ်ကို အရင်သွားရအောင်လား။ အဲ့ဒီမှာဆို သခင်လေးရဲ့ ရွှေပြားတွေကို ကဒ်ပြောင်းပေးမယ့် တစ်ယောက်ယောက်ရှိမှာပါ။ အဲ့လိုဆိုရင် သခင်လေးလည်း ဝယ်ရပြုရတာ အဆင်ပြေသွားတာပေါ့ "
အရောင်းစာရေးအဖို့ ဒီလောက်ရွှေအများကြီးကို ဘဏ်မအပ်တဲ့သူ ဒီတစ်ခါပဲ မြင်ဖူးသေးတာပါ။ အပ်မယ့်အစား လက်စွပ်ထဲထည့်ထားပြီး လမ်းသလားနေတယ်တဲ့။ သူတို့ဆိုင်က ကြီးတာမှန်ပေမယ့် ရွှေပြားသုံးသန်းလုံး ထုတ်ချလိုက်ရင် အလုပ်ကဘယ်လို ဆက်လုပ်ရတော့မလဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၀၁)
ရှန်ယန်ရှောင်လည်း ပြုံးကာပြန်ပြောလိုက်ပါတယ်။
" ဟုတ်ပြီလေ "
အရောင်းစာရေးလည်း ချွေးတွေကို သုတ်လိုက်ပါတယ်။
" သခင်လေးကို ကျွန်တော်ပြောရမယ့် အရာတစ်ခု ရှိပါသေးတယ်။ ကျွန်တော်တို့က ဒီလေးကိုမရောင်းချင်လို့ ပြောတာတော့ မဟုတ်ရပါဘူးနော် ဒီလေးကိုပြုလုပ်တဲ့ မဟာပန်းပဲဆရာကိုယ်တိုင်က လေးဝယ်မယ့်သူကို သူနဲ့အရင်တွေ့ရမယ်လို့ မှာထားပါတယ်ဗျ။ တစ်ယောက်ယောက်ကို ဒီရွှေပြားတွေကိစ္စ ရှင်းခိုင်းလိုက်လို့ရမလားဗျ။ ပြီးရင်ကျွန်တော်နဲ့ မဟာပန်းပဲဆရာဆီ သွားတွေ့ဖို့အဆင်ပြေမလား " လို့ ပြောလိုက်တဲ့ စာရေးဟာ တစ်ဝက်တစ်ပျက်လက်နက်အား ရွှေပြားသုံးသန်းပေးကာ ဝယ်ချင်သေးတဲ့ ရူးကြောင်ကြောင်လူတွေရှိသေးတာကို အံ့အားသင့်နေသလို ငိုချင်နေမိပါတယ်။
" ဒီလေးက မဟာပန်းပဲဆရာက ပြုလုပ်ထားတာ ဟုတ်လား " ဟု ဝမ်းလီက လေအေးတစ်ချက် ရှိုက်သွင်းရင်း ရေရွတ်လိုက်မိပါတယ်။ ခုဏလေးကတင် ဒီဟာက ဘာမှတန်မှာမဟုတ်ဘူးလို့ သူပြောထားခဲ့မိပါတယ်။ ဒီလို သာမန်ပုံစံ တစ်ဝက်တစ်ပျက်လေးက မဟာပန်းပဲဆရာရဲ့ လက်ရာလို့ ဘယ်သူက သိမှာလဲ။
မဟာပန်းပဲဆရာတွေ ပြုလုပ်တဲ့ လက်နက်တိုင်းဟာ အမှန်အကန်တွေချည်းဖြစ်လို့ ဒီလေးရဲ့ အဆင့်ကဘယ်လောက်ရှိမလဲဆိုတာ မပြောနိုင်ပါဘူး။
မန်ယိဂျွန်တောင် ဒီလေးရဲ့အဆင့်အတန်းကို မခွဲခြားနိုင်ပါဘူး။
သူမ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီလေးဝယ်ဖို့အတွက် ဒုက္ခများမယ်လို့ သူမ မသိခဲ့ပါဘူး။
" ကောင်းပြီလေ " လို့ပြောကာ သူမ ခေါင်းညိတ်လိုက်ရခြင်းဟာ သူမနဲ့ ဆက်နွယ်နေတဲ့ လေးလက်နက်ကို မထားခဲ့နိုင်လို့ ဖြစ်ပါတော့တယ်။
" ဟုတ်ကဲ့ ကျေးဇူးပြုပြီး ဒီဖက်ကိုကြွပါဗျ " ဟု စာရေးကပြောကာ ပထမထပ်မှာရှိတဲ့ ဝန်ထမ်းတွေအား သွက်သွက်ခေါ်လိုက်ကာ ရွှေပြားတွေအား ရှင်းခိုင်းလိုက်ပါတယ်။
မန်ယိဂျွန်တို့ဟာ စာရေးကနေလမ်းပြပြီး ခောါ်ဆောင်ရာနောက် လိုက်ပါသွားတဲ့ ရှန်ယန်ရှောင်ကိုကြည့်နေကြပါတယ်။ မန်ယိဂျွန်ရဲ့ မျက်နှာဟာယင်ကောင်တွေ စားထားရသလိုမျိုး မျက်နှာထားဆိုးနေပါတယ်။ စုတ်တီးစုတ်ပဲ့လေးဟာ မဟာပန်းပဲဆရာရဲ့ လက်ရာဆိုတာ ဘယ်သူသိလို့လဲ။ ဘာလက်နက်မဆို သူတို့လိုဆရာတွေရဲ့ အမှတ်တံဆိပ်ပါရင် တန်ဖိုးကိုတိုင်းတာဖို့ ခက်ခဲပါတယ်။
အမည်းရောင်မြို့က ပန်းပဲဆရာဟာ မဟာအဆင့်ဆိုတာ လူတိုင်းသိသလို ဂွစာဆိုတာလည်း မသိသူမရှိပါဘူး။ သူနဲ့တွေ့ရဖို့ လူများစွာဟာ အလွန်အမင်း အကုန်အကျခံသော်လည်း တွေ့ခွင့်မရခဲ့ကြပါဘူး။ အခုကျတော့ တစ်ဝက်တစ်ပျက်လက်နက်ကို ဝယ်မယ့်သူက သူနဲ့တွေ့ခွင့်ရမယ်ဆိုတာကြီးက လက်မခံချင်စရာပါ။
မန်ယိဂျွန်ဟာ လက်ထဲက သစ်ရွှေသားလေးကို ကြည့်လိုက်ပါတယ်။ အစက ကျေနပ်နှစ်သိမ့်နေတာလေးတွေ မရှိတော့ဘဲ မကျေနပ်တဲ့ ခံစားချက်သာဖြစ်ကျန်ရစ်ပါတယ်။ ရွှေတစ်သန်းပေးပြီး ဝယ်လိုက်တဲ့လေးကို အကောင်းဆုံးလို့ထင်ခဲ့ပေမဲ့ အခုကျတော့ တစ်ဝက်တစ်ပျက်လေးရဲ့ တန်ဖိုးတစ်ဝက်တောင် မရှိတဲ့အပြင် ပိုဆိုးသေးတာကတော့ မဟာပန်းပဲဆရာနဲ့ တွေ့ခွင့်တောင်မရဘူးလေ။
သို့ပေမဲ့ အဆိုပါလေးကို သူအရင်တွေ့ရင်တောင် ဝယ်ဖို့အတွက် ရွှေသုံးသန်းလည်း မထုတ်နိုင်ပါဘူး။
သူတတ်နိုင်တဲ့ငွေက တစ်သန်းဂိတ်ဆုံးပါ။
သုံးသန်းတောင်မှလေ….
အဲ့ကလေးက ဘယ်သူလဲ။ ရွှေသုံးသန်းကိုတောင် မျက်တောင်တစ်ချက်မခတ်ဘဲ ဘာလို့ သုံးသွားနိုင်ရတာလဲ။
မန်ယိဂျွန်မသိတာကတော့ သူဟာ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကိုတွေးနေတာ မဟုတ်ပါဘဲ လောင်းရွှမ်နိုင်ငံ့ဘဏ္ဍာတိုက်နဲ့ ယှဉ်ထိုးမိနေတယ်ဆိုတဲ့ အချက်ပါပဲ။
ရှန်ယန်ရှောင်ဟာ စာရေးနောက်ကလိုက်ပြီး ဆိုင်ထဲကနေထွက်လိုက်ပါတယ်။ စည်ကားနေတဲ့ လက်နက်အရောင်းဆိုင်လမ်းကို ဖြတ်ပြီး အစွန်ဆုံးလမ်းမကို ရောက်သွားကြပါတယ်။
အမည်းရောင်မြို့ရိုးနဲ့ကပ်ကာ တည်ဆောက်ထားတဲ့ ရိုးရှင်းတဲ့နှစ်ထပ်အဆောက်အဦကို တွေ့ရပါတယ်။ တောက်ပြောင်လှတဲ့ လက်နက်ဆိုင်တွေနဲ့ မတူတာကတော့ နေရောင်အောက်မှာတောင် ဒီအဆောက်အဦက မှေးမှိန်နေမှာဖြစ်ပြီး ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ပါဘူး။
စာရေးလည်း နှစ်ထပ်အဆောက်အဦရှေ့မှာရပ်၍ သူမအားခါးကိုင်းပြီး အရိုအသေပေးရင်း ခဏစောင့်ဖို့ ပြောလိုက်ပါတယ်။
သူမလည်း ခေါင်းညိတ်လိုက်ပါတယ်။ ပြောရရင် မဟာပန်းပဲဆရာကို သူမလည်း တွေ့ချင်နေတာပါ။ လေးအတွက် ဘယ်လိုမှော်အမြူတေက သင့်တော်မလဲလို့ မေးချင်နေပါတယ်။
အရောင်းစာရေးက တံခါးခေါက်လိုက်ပါတယ်။
" မဟာပန်းပဲဆရာရှိပါသလားခင်ဗျား။ ကျွန်တော်ကတော့ ရွှေရည်လက်နက်ဆိုင်ကဖြစ်ပြီး ဧည့်သည်တစ်ဦးက ဆရာရဲ့ ခရမ်းရင့်လေးကို ဝယ်ချင်နေတာဖြစ်လို့ ဆရာနဲ့တွေ့ဖို့ အချိန်ပေးနိုင်ပါသလားဗျ "