← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၀၂)

တစ်အောင့်အကြာမှာတော့ သစ်သားတံခါးဟာ ဖြည်းညှင်းစွာပွင့်သွားပါတယ်။

အရောင်းစာရေးကလည်း ရှန်ယန်ရှောင်ကို သွက်လက်စွာ ဖိတ်ခေါ်လိုက်ပါတယ်။

ခန်းဆီးလိုက်ကာ အထူကြီးတွေက အခန်းထဲသို့ အလင်းရောင်မဝင်နိုင်အောင် ကာဆီးထားတာကြောင့် အထဲမှာ မှောင်ပိန်းနေပါတယ်။ အခန်းထဲကို ဝင်ဝင်ချင်းမှာပဲ အပူဒဏ်ကို သူမခံစားသိရှိလိုက်ရပါတယ်။ နံရံပေါ်မှာ တပ်ဆင်ထားတဲ့ ညလင်းကျောက်တွေရဲ့ အလင်းအောက်မှာ ထိုင်ခုံတစ်လုံးမှာ ထိုင်နေပြီး ဆေးတံကိုင်ထားသော အသက်၆၀ခန့်ရှိတဲ့ မုတ်ဆိတ်မွှေးဖြူနဲ့ အဖိုးကြီးအား သူမမြင်တွေ့လိုက်ရပါတယ်။ အဖိုးကြီးရဲ့ စူးရှရှ မျက်လုံးတွေက သူမကိုစိုက်ကြည့်နေပါတယ်။ သူ့ဘေးနားမှာ အသက်လေးဆယ်ခန့်ရှိ သက်လတ်ပိုင်းလူတစ်ယောက် မတ်တတ်ရပ်နေပါတယ်။

" မင်းက လေးကို ဝယ်မလို့ပေါ့ " လို့ ပြောလိုက်တဲ့ အဖိုးကြီးဟာ ဆေးတံဖွာလိုက်ရင်း သေးငယ်တဲ့မျက်လုံးတွေနဲ့ ကြည့်ကာ သူ့ရှေ့က ကောင်သေးလေးအား အကဲခတ်နေပါတယ်။ လေးကိုဝယ်မယ့်သူ ရှိတယ်လို့ သူကြားရလိုက်တုန်းက ဝယ်သူဟာ ဒီကလေးထက် အများကြီးအရပ်ရှည်မယ်လို့ သူတွေးမိခဲ့တယ်ဆိုရင် ပိုပြောတယ်လို့ မထင်လိုက်ပါနဲ့။

ရှန်ယန်ရှောင်လည်း သူမရှေ့က အဖိုးကြီးဟာ အရောင်းစာရေးပြောတဲ့ မဟာပန်းပဲဆရာမှန်း သိလိုက်ပါတယ်။

" ဟုတ်ပါတယ် " ဟု သူမဖြေလိုက်ပါတယ်။

ဝေဖန်ပိုင်းခြားနေတဲ့ အဖိုးကြီး၏ အကြည့်တွေက သူမကို ဆူးတွေနဲ့ထိုးနေတဲ့ အတိုင်းပါပဲ။ သူ့မျက်လုံးတွေက သူမရဲ့ လက်မောင်းသေးသေးလေးနဲ့ ခြေထောက်လေးတွေအား ကြည့်လိုက်မိရင်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်ပါတယ်။

" ဒီလေးက သူနဲ့ရေစက်ပါသူကိုပဲ ရောင်းမှာ။ လေးကြိုးမတင်နိုင်ရင်တော့ လေးကိုထားခဲ့ပြီး ပြန်ထွက်သွားလိုက်တာ အကောင်းဆုံးပဲ "

သူမလည်း မျက်ခုံးတစ်ချက်တွန့်လိုက်ကာ လေးညှို့ကို တင်မယ်အလုပ် အဖိုးကြီးက ဖြတ်ပြောလိုက်ပါတယ်။

" စမ်းကြည့်ချင်ရင် ဒီမှာတော့ မလုပ်နဲ့ ငါ့နောက်ကိုလိုက်ခဲ့ "

ပြောပြီးတာနဲ့ ထလိုက်ပြီး ထွက်သွားပါတယ်။

ရှန်ယန်ရှောင်ဟာ သူမအပေါ်ဆက်ဆံပြောဆိုတဲ့ အဖိုးကြီးဟန်ပန်က တစ်မျိုးကြီးပဲလို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့လည်း သူက ဆရာဖြစ်နေမှတော့ သူ့နောက်ပဲ လိုက်သွားလိုက်ရပါတယ်။

အမှောင်ထဲမှာ လျှောက်လှမ်းနေရတာ တော်တော်ကြာတယ်လို့ တွေးမိချိန်မှာပဲ အလင်းပျပျကို တွေ့မြင်လိုက်ရပါတယ်။

ကြီးမားလှတဲ့ မြေအောက်ကွင်းပြင်ကြီးတစ်ခု ဖြစ်ပါတယ်။ အဝင်ဝမှာရပ်နေရင်းနဲ့ သူမအံ့ဩသွားရတာကတော့ ကွင်းကြီးဟာ ဘောလုံးကွင်းတစ်ဝက်စာ ရှိနေလို့ပါပဲ။ ရိုးစင်းနိမ့်ကျတဲ့ နှစ်ထပ်အဆောက်အဦအောက်မှာ အခုလို ကျယ်ဝန်းလှတဲ့ မြေအောက်နေရာတစ်ခု ရှိနေမယ်လို့ ဘယ်သူမှတွေးထင်မိမှာ မဟုတ်ပါဘူး။

ကွင်းအတွင်းမှာတော့ နံရံတွေမှာတပ်ဆင်ထားတဲ့ ညလင်းကျောက်တွေကြောင့် အလင်းရောင်ကောင်းစွာ ရရှိနေပါတယ်။

အမျိုးမျိုးသော လက်နက်တွေဟာ ကွင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ သပ်ရပ်စွာစီတန်း ထားရှိပါတယ်။ ဝင်ပေါက်ကနေ အဆုံးထိကို အကဲခတ်ကြည့်လိုက်ရင် ကွင်းဟာ ပစ်ခတ်လေ့ကျင့်ဖို့အတွက် ပြုလုပ်ထားတယ်ဆိုတာကို သင်‌သိနိုင်ပါတယ်။

ရှန်ယန်ရှောင်ဘေးမှာတော့ စောစောတုန်းက ပန်းပဲဆရာဘေးမှာ ရပ်နေသော သက်လတ်ပိုင်းအရွယ်လူက ရပ်နေပါတယ်။ သူဟာ ရှန်ယန်ရှောင်လက်ထဲက ခရမ်းရင့်လေးကို မ‌ကြည့်ဘဲမနေနိုင်လို့ ကြည့်နေပါတယ်။

" ငါ လေ့လာကြည့်လို့ ရမလား " လို့ သူကမေးလိုက်ပါတယ်။

သူမလည်း ခဏပဲတွေးလိုက်ကာ ထိုသူ့အား လေးကမ်းပေးလိုက်ပါတယ်။

ထိုလူလည်း လေးကိုသူ့လက်နဲ့ ညင်သာစွာ ပွတ်သပ်ထိတွေ့လိုက်ပြီး တည်ငြိမ်တဲ့သူ့မျက်လုံးမှာ အံ့ဩရိပ်တွေ ဖြစ်သွားပါတယ်။

" ဒါ..ဒါက မိုးနတ်ဘုံသစ်နဲ့လုပ်ထားတာပဲ " ဟု လူလတ်ပိုင်းက အံ့အားသင့်စွာ ပြောလိုက်ပါတယ်။

မိုးနတ်ဘုံသစ်ဆိုတာကို ထိုသူပြောလိုက်ချိန်မှာ ရှန်ယန်ရှောင်ဟာ မကြားဘူးတာကြောင့် ဇဝေဇဝါဖြစ်သွားပါတယ်။

မဟာပန်းပဲဆရာကတော့ ဘာမှမဟုတ်သလို ပြောလိုက်တယ်။

" ဒီချာတိတ်လေးက အမြင်တော့ရှိတယ်လို့ မင်းပြောလို့ရတယ် "

လူလတ်ပိုင်းလည်း မျက်လုံးတွေဝင်းသွားပြီး လက်ထဲကလေးအား မချနိုင်ဘဲ ကိုင်တွယ်ကြည့်ရှုနေပါတယ်။

" မိုးနတ်ဘုံသစ်က မျိုးတုန်းလုနီးနီးပဲ မဟုတ်ဘူးလား။ ကျွန်တော်ကြားတာတော့ လနတ်ဘုရားတိုက်မှာ တစ်ပင်ပဲကျန်တော့တဲ့အပြင် နတ်သူငယ်တွေက မိုးနတ်သစ်ပင်ကို အလွန်ယုံကြည်ကိုးစားကြလို့ သစ်ပင်ထိခိုက်စေမယ့်အရာကို နည်းနည်းလေးတောင် ခွင့်မပြုဘူးဆို ဘယ်သူမဆိုထိလို့မရဘူးတဲ့။ မဟာပန်းပဲဆရာကြီး ဒီမိုးနတ်သစ်ကို ဘယ်ကနေရခဲ့တာလဲဟင် "

ပန်းပဲဆရာကြီးကလည်း ဟင့်ကနဲလုပ်ပြီး ပြန်ဖြေလိုက်တာကတော့ " အဲ့ဒါ မင်းကိစ္စမဟုတ်ပါဘူး။ ဘာလဲ မင်းလည်း သဘောကျနေပြီလား။ ဒီလေးက သူ့သက်တမ်းတစ်လျှောက်မှာ ပိုင်ရှင်သခင်တစ်ယောက်ကိုပဲ အသိအမှတ်ပြုမှာဖြစ်တဲ့အပြင် လေးညှို့တင်နိုင်တဲ့သူက ပိုင်မှာပဲ "

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၀၂)

လူလတ်ပိုင်းဖြစ်သူဟာ လေးကိုစမ်းကြည့်ဖို့ မအောင့်နိုင်လောက်အောင် ဖြစ်နေသော်လည်း ချာတိတ်လေးက အရင်တွေ့ကာသဘောကျတဲ့သူ ဖြစ်နေပါတယ်။ ဘယ်လောက်ပဲ ကြိုက်နှစ်သက်ပါစေ ချာတိတ်တစ်ယောက်ဆီကနေ လုယူရလောက်အောင်ထိတော့ သူမရိုင်းပါဘူး။

" ခင်ဗျား စမ်းကြည့်နိုင်ပါတယ် " လို့ ရှန်ယန်ရှောင်က ဘာမှမထူးခြားဟန်နဲ့ ပြောလိုက်ပါတယ်။ လေးဟာ သူမတွေးမိတာထက် ပိုပြီးဆန်းပြားတယ်လို့ သူမခံစားမိနေပါတယ်။ ဆရာကြီးပြောသလိုသာဆိုရင် လေးကို ရေစက်ရှိသူကသာ ညှို့ငင်နိုင်မှာဖြစ်ပြီး တစ်ခြားသူတွေက လေးတင်နိုင်မှာမဟုတ်ဘူး။ သူမနဲ့လေးကြားမှာ တုံ့ပြန်ဆက်နွယ်မှု ရှိနေတာဟာ ကံကြမ္မာရေစက်ကြောင့်လို့ သူမယုံပါတယ်။ ဒါပေမဲ့လည်း ဆရာကြီးက ပေါက်ပန်းလေးဆယ်ပြောတာလား အတည်လားဆိုတာကိုတော့ သူမ စမ်းကြည့်ချင်ပါသေးတယ်။

လူလတ်ပိုင်းဖြစ်သူဟာ သူမကိုကျေးဇူးတင်စွာ ကြည့်လိုက်ပြီး လေးကိုကိုင်စွဲလျက် ပစ်ကွင်းဆီသွားလိုက်ပါတယ်။ လက်တစ်ဖက်နဲ့ လေးကိုဖြည်းလေးစွာမြှောက်လိုက်ပြီး ကျန်တစ်ဖက်ကတော့ လေးညှို့ပေါ်မှာပါ။ သူက လက်ထဲမှာမြှားရှိတဲ့ပုံနဲ့ ပစ်ခင်းမယ့်ဟန်ပြုရင်း အသက်အောင့်လိုက်ပါတယ်။

လူလတ်ပိုင်းရဲ့ လေးကိုင်တွယ်ပစ်ခတ်မယ့် ဟန်ပန်လှုပ်ရှားမှုတွေက လှပပြီးကြည့်ကောင်းလှပါတယ်။ ရွှေရည်လက်နက်ဆိုင်မှာ မန်ယိဂျွန် လေးတင်တာကို သူမတွေ့ခဲ့ပါတယ်။ သူ့ပုံစံဟာလည်း ပြည့်စုံတယ်ဆိုပေမဲ့ ဒီလူနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဆိုင်ပါဘူး။

လူလတ်ပိုင်းဟာ ခဏတာ အာရုံစူးစိုက်လိုက်ပြီးနောက် လေးညှို့ပေါ်က လက်ချောင်းသုံးချောင်းက ညှို့ကိုနောက်သို့ အသာဆွဲလိုက်တော့…..

ညှို့ကြိုးက ပါမလာပါဘူး…

လေးရှည်ဟာ ကျောက်ရုပ်အလား နည်းနည်းမှ မလှုပ်ပါဘူး။ ညှို့ကြိုးကလည်း ထိုနည်းတူစွာ တစ်ချက်မလှုပ်ပေ။

ထိုလူလည်း တစ်ချက်အံ့ဩသွားပေမဲ့ ဒီလိုမျိုး ကိစ္စတွေကို မယုံတာကြောင့် အားတိုးလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံငင်လိုက်ပါတယ်။

ကြိုးကမပါလာပြန်သေးပါဘူး…

မူလက စိတ်ဝင်စားမှုတွေနဲ့ တောက်ပနေတဲ့ လူလတ်ပိုင်းရဲ့ မျက်နှာဟာ အနည်းငယ်လျော့သွားပါတယ်။ သူ့လက်နှစ်ဖက်က ဘေးမှာအားလျော့ဟန်နဲ့ တွဲလဲချထားခံရပြီး ဆရာကြီးအား ငိုမလိုရယ်မလိုမျက်နှာပေးနဲ့ လှမ်းကြည့်လိုက်တယ်။ ဆရာကြီးကတော့ တစ်ဖက်လူရဲ့ ဒုက္ခရောက်မှုကို နှစ်ခြိုက်ဟန်နဲ့ ပြန်ကြည့်လိုက်ပါတယ်။ သူလည်း ဘာမှမတတ်နိုင်စွာ ပြန်ပြောလိုက်ရတာကတော့ " ကျွန်တော် လေးမတင်နိုင်ဘူး "ဆိုတာပါ။

ရှန်ယန်ရှောင်လည်း အံ့ဩသွားရပါတယ်။ လူလတ်ပိုင်းရဲ့ လေးပစ်တဲ့ကိုယ်နေဟန်ထားကို ကြည့်တာနဲ့ လေးသမားကောင်းတစ်ယောက်ဆိုတာကို သိသာနိုင်ပြီး တော်ဝင်ရိုလန်ကျောင်းက လေးဌာနရဲ့ အတော်ဆုံးကျောင်းသား မန်ယိဂျွန်ထက်တော့ သာတာကထင်ရှားပါတယ်။ သို့ပေမဲ့ အဲ့ဒီလို လေးသည်ကျော်တစ်ယောက်က ခရမ်းနက်လေးကို(ခရမ်းရင့်အစား ခရမ်းနက်လို့ပဲ သုံးသွားပါတော့မယ်။ အမည်နာမ အသုံးအနှုန်းတွေ လွဲနေတာရှိရင်လည်း ပြောပေးကြပါဦး) မတင်နိုင်ဘူးတဲ့လေ။

ဒါဆို ဆရာကြီးပြောတာ ဟုတ်နေတယ်ဆိုတဲ့ သဘောပေါ့။

တစ်မိုးအောက်မှာ အခုလိုထူးဆန်းတဲ့ လက်နက်ရှိသတဲ့လား။

" ဒါ နတ်သတ္တိလား။ တစ်လောကလုံးမှာ သူ့စွမ်းအား အစစ်အမှန်ကို သုံးနိုင်သူ တစ်ယောက်ပဲရှိမယ့်အပြင် ပိုင်ရှင်တစ်ယောက်ပဲ ရှိမှာဖြစ်တယ်။ လေးက အပြည့်အစုံ မပြီးသေးပေမဲ့ နတ်သတ္တိအချို့ပါနေတယ်။ ကောင်မလေး မင်းကံကတော့ တစ်ကယ်ကောင်းတာပဲ " လို့ပြောလိုက်တဲ့ ရှူ့အသံဟာ ပုံမှန်အတိုင်း အေးခဲခဲဆိုပေမဲ့ ကျေနပ်မှုအငွေ့အသက်တစ်ချို့ ပါဝင်နေပါတယ်။

ရှန်ယန်ရှောင် တံတွေးမျိုချလိုက်ပါတယ်။

" ဟင့် မင်းမလုပ်နိုင်မှန်း ငါ သိသားပဲ " ဟု မဟာပန်းပဲဆရာက မထူးဆန်းဟန်နဲ့ လူလတ်ပိုင်းကို ပြောလိုက်ပါတယ်။ ထို့နောက်မှာတော့ ရှန်ယန်ရှောင်အား ဆေးတံခဲရင်း ပြောလိုက်ပြန်ပါတယ်။

" ကလေး မင်းအလှည့်ပဲဟေ့ မတင်နိုင်လို့ကတော့ မင်းကိုရောင်းမှာ မဟုတ်ဘူးနော် "

သူမလည်း နှာခေါင်းကိုတစ်ချက်ထိလိုက်ကာ လူလတ်ပိုင်းဆီသွားလို့ လေးကိုယူလိုက်ပါတယ်။ လူလတ်ပိုင်းရဲ့ ကိုယ်ဟန်ကိုအတုခိုးကာ လေးမြှောက်လိုက်ပါတယ်။

ရှန်ယန်ရှောင်၏ ကိုယ်နေဟန်ထား အမူအယာကို ကြည့်လိုက်ပြီးနောက် လူလတ်ပိုင်းရော ဆရာကြီးပါ မျက်ခုံးတွန့်သွားပါတယ်။ ချာတိတ်လေးဟာ လေးနဲ့ အစိမ်းသက်သက်ဆိုတာ ထင်ရှားနေပါတယ်။

ဒီချာတိတ်လေးက တစ်ကယ်ပဲ လေးတင်နိုင်ပါ့မလား။

လူလတ်ပိုင်းနဲ့ဆရာကြီးဖြစ်သူ နှစ်ယောက်လုံးကတော့ သူမက လေးတင်နိုင်မယ်လို့ မယုံရေးချမယုံကြပါဘူး။

လူနှစ်ယောက်က သူမအပေါ်မှာ ဘယ်လိုပင် အဆိုးမြင်နေပါစေ ရှန်ယန်ရှောင်ကတော့ မသိရှာဘဲ စိတ်အာရုံကိုသာ စူးနှစ်လျက် သူမလက်ထဲသို့ အားအင်အပြည့်ဖြည့်တင်းကာ လေးညှို့အား ဆွဲလိုက်ပါတော့တယ်။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၂၀၄)

ခရမ်းနက်လေးဟာ ကောင်းကင်ယံတွင် ပျံဝဲနေသည့် စွန်ရဲတစ်ကောင် အတောင်ဖြန့်ထားသလို ဖြစ်သွားပါတယ်။

ရှန်ယန်ရှောင်၏လက်ထဲက တင်းမာနေသော လေးညှို့ဟာပီပြင်စွာပဲ လေးတင်ခံလိုက်ရပါတယ်။

ပိုဆန်းကြယ်တာက နဂိုကမှေးမှိန်နေတဲ့ ခရမ်းနက်လေးဟာ လေးညှို့တင်ခံလိုက်ရတာနဲ့ ခရမ်းနဲ့အနက်ရောင်တို့ တောက်ပလာပြီး ကြယ်တစ်စင်းလို လင်းလက်သွားပါတယ်။

ပန်းပဲဆရာကြီး တောင့်ကနဲဖြစ်သွားပါတယ်။ ပစ်ကွင်းမှာရပ်နေသော ကောင်လေးအားကြည့်ရင်း ဆေးတံကိုင်ထားသော သူ့လက်ဟာတုန်ရီနေပါတယ်။

ရှန်ယန်ရှောင်ဟာလည်းပဲ တောက်ပနေသော ခရမ်းနက်လေးကိုကြည့်ကာ အံ့ဩသွားပါတယ်။ လေးညှို့မတင်ခင်က ခရမ်းနက်လေးဟာ ဖုန်အလူးလူးတက်နေတဲ့ ကျောက်ခဲတစ်လုံးဆိုရင် လေးညှို့တင်ထားတဲ့ ခရမ်းနက်လေးက ကောင်းကင်မှာ တောက်ပလင်းလက်နေတဲ့ ခရမ်းရောင်ကြယ်တစ်ပွင့်ပါ။

" ကောင်းတယ်..ကောင်းတယ် "ဟုပြောရင်း ဆရာကြီးက စိတ်လှုပ်ရှားစွာနဲ့ပဲ ရှန်ယန်ရှောင်ဆီ သွားလိုက်ပါတယ်။ စောစောတုန်းက မောက်မာဝံ့ကြွားဟန်တွေ လုံးဝမရှိတော့ဘဲ ချစ်ခင်နှစ်သက်မှုတွေသာလျှင် သူ့မျက်လုံးထဲမှာ တဖျတ်ဖျတ်လက်နေပါတော့တယ်။

" ဒီလူငယ်လေးရဲ့ အရည်အချင်းကို လေးစားမှကိုဖြစ်မယ်။ ချာတိတ်လေး ဒီလေးက မင်းနဲ့ဆုံဖို့ဖြစ်လာတာမို့ မင်းဟာဖြစ်သွားပါပြီ " လို့ ဆရာကြီးက ပြောလိုက်ပါတယ်။

သူမက လက်ထဲကလေးညှို့ကို လွှတ်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ဆရာကြီးကို ကြည့်လိုက်ပါတယ်။

" လာလာ ကောင်လေး။ ငါ့မှာ မီးခိုး‌မြှားနည်းနည်းရှိတယ်။ လေးမှာတပ်ပြီး ပစ်စမ်းကြည့်ဦး " လို့ပြောလိုက်ပြီးနောက် ဘေးနားကစားပွဲပေါ်မှာရှိတဲ့ မြှားအချို့ကို အလောတကြီးယူလိုက်ကာ သူမဆီကိုကမ်းပေးလိုက်ပြီး မြင်ချင်လှပြီဖြစ်ဟန်နဲ့ မျက်လုံးတွေက သူမအား မြန်မြန်ပစ်ဖို့ တိုက်တွန်းနေပါတယ်။

ရှန်ယန်ရှောင်ဟာ ငှက်မွေးတပ်မြှားတွေကို တုံ့ဆိုင်းဆိုင်းနဲ့ ယူလိုက်ပါတယ်။ လေးအတတ်စာအုပ်အချို့ကို သူမ ဖတ်ထားဖူးပေမဲ့ လေးနဲ့မြှားကိုလက်တွေ့ အသုံးပြုပစ်ခတ်ရမှာက ဒါပထမဆုံးဖြစ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတော့ သိပ်မရှိပါဘူး။

" မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ပစ်မှတ်ကိုချိန်ရွယ် မှတ်သားထားလိုက်‌။ မင်းရဲ့ နှစ်မျိုးကျင့်နိုင်စွမ်းကို အလာဟသမဖြစ်စေနဲ့ " ဆိုသော ရှူ၏အေးခဲသံဟာ ထွက်လာပါတယ်။

ရှန်ယန်ရှောင်လည်း အသက်တစ်ချက် ရှိုက်လိုက်ကာ ငှက်မွေးမြှားအား လေးမှာတပ်၍ မြှောက်လိုက်ပါတယ်။

လူလတ်ပိုင်းက အခုမှသာ သတိဝင်လာပါတယ်။ ရှန်ယန်ရှောင်၏ လေးကိုကိုင်တွယ်ပုံ ကိုယ်နေဟန်ထားကို ကြည့်လိုက်ပြီး နှမြောတသဖြစ်သွားရပါတယ်။ လေးညှို့တင်ခံထားရတဲ့ လေး၏အလှကို သူလက်ဖျားခါမိသော်လည်း ချာတိတ်ရဲ့ ကိုယ်နေဟန်ထားကတော့….

တစ်ကယ့်ကို မကြည့်ဝံ့စရာပါပဲ….

" မဟာပန်းပဲဆရာကြီး ဒီညီလေးဟာ လေးပညာရှင်တွေဆီကနေ ဘာမှမသင်ယူရသေးတာ ထင်ရှားပါတယ်။ သူ့ကို အခုလိုပစ်ခိုင်းလိုက်ရင် အဖြေက ကိုးရို့ကားယားဖြစ်နေမှာကို စိုးရွံ့မိပါတယ်ဗျ " လို့လူလတ်ပိုင်းက စေတနာနဲ့ ဝင်ပြောလိုက်ပါတယ်။ ဒီလိုလက်သစ်တစ်ယောက်ဟာ မီတာဒါဇင်ခန့်ဝေးတဲ့ ပစ်မှတ်ကို မှန်အောင်ပစ်နိုင်မယ်လို့ သူမထင်မိပါ။

" ကိစ္စမရှိဘူးရယ် ငါက မြင်ချင်ရုံသက်သက်ပါ " ဟုဆိုပြီး အလေးမထားဟန်နဲ့ ဆရာကြီးက လက်ကို‌ယမ်းပြကာ ပြောလိုက်ပါတယ်။ သူဟာ မြှားပစ်ခွင်းတဲ့အခါ ဖြစ်လာမယ့် လေးရဲ့လှပမှုကိုသာ မြင်ချင်နေတာ ဖြစ်ပါတယ်။

ရှူပြောထားသလို သူမရဲ့အသက်ရှူရှိုက်မှုကို လျှော့လိုက်ပြီး စိတ်ဝိညာဉ်အား သူမရဲ့မျက်လုံးနဲ့ လက်မှာသာဖြည့်တင်း အာရုံစိုက်ထားလိုက်ပါတယ်။ ကိုယ်ထဲက မှော်အားနဲ့ အတွင်းအားတွေက သူမရဲ့လက်ဆီကို စီးဝင်လာသလို ပစ်မှတ်ဟာလည်း သူမျက်လုံးထဲမှာ ပီပီသသ မြင်တွေ့လာရပါတယ်။ မီတာဒါဇင်ခန့်အဝေးက ပစ်မှတ်ဟာ မှန်ဘီလူးနဲ့ အနီးကပ်ဆွဲချုံ့လိုက်သလို ဖြစ်သွားပါတယ်။ သူမရဲ့လက်အစုံကတော့ သက်မဲ့ကျောက်ရုပ်လို ခိုင်မြဲတည်ငြိမ်နေပါတယ်။

မှော်နဲ့အတွင်းစွမ်းအားတွေဟာ ချက်ချင်းပဲ ပေါင်းစည်းသွားကြပြီး စွမ်းအားသစ်တစ်ခုအဖြစ် သူမကိုယ်ထဲမှာ ဖြစ်တည်လာပါတယ်။

သူမထံမှာ တုံ့ဆိုင်းမှုတွေ ဇောကြီးမှုတွေ တစ်မှုန်မှ မရှိပါဘူး။ ရှန်ယန်ရှောင်ရဲ့ အာရုံဟာ ပစ်မှတ်ဆီမှာသာ စူးစိုက်ကျရောက်နေပါတယ်။

စောစောက တားရမလို မတားရမလို ဖြစ်နေရှာတဲ့ လူလတ်ပိုင်းလည်း သူမရဲ့ ကိုယ်နေဟန်ထားကို ကြည့်လိုက်ပြီးနောက် အမူအယာပြောင်းသွားပါတယ်။ သူမရဲ့ကိုယ်နေဟန်ထားက လွဲနေသေးသော်လည်း သူမ၏ ကြည်လင်မျက်လုံးနဲ့ ခိုင်မြဲလက်တွေက အရင်နဲ့မတူ ကွဲပြားခြားနားသွားပါပြီ။

ဒါဟာ လေးသမားတစ်ဦးရှိရမယ့် မျက်လုံးအကြည့်နဲ့ တည်ငြိမ်လက်တွေ ဖြစ်ပါတော့တယ်။

All Chapters