အခန်း (၂၀၅-၂၀၇)
Vol. 14 Ch. 205-207
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၀၅)
လူလတ်ပိုင်းက အံ့အားသင့်နေစဉ်မှာပဲ ရှန်ယန်ရှောင်ကတော့ လေးကိုနောက်တစ်ခါ ထပ်တင်လိုက်ပါတယ်။ ခရမ်းရောင်မှိန်ပျပျက လေးကနေထွက်ပေါ်လာပြန်ပါတယ်။ လေးညှို့ကို ကိုင်ထားတဲ့ သူမရဲ့လက်သုံးချောင်းအား လွှတ်လိုက်တဲ့အခါ အနက်ရောင်ငှက်မွေးမြှားဟာ အနက်ရောင်တန်းတစ်ခုအဖြစ် ပြေးထွက်သွားကာ ခရမ်းရောင်အချို့လည်း ရောစပ်ပါဝင်နေပါတယ်။ လျှပ်စီးတန်းကနေ ပစ်မှတ်ဆီပြေးဝင်သွားသလိုပါ။
ကျယ်ပြောလှတဲ့ ပစ်ခတ်ကွင်းထဲမှာ ပစ်မှတ်ကို ထိမှန်စိုက်ဝင်သွားသံကိုပဲ ကြားလိုက်ရပါတယ်။ မြှားဟာပစ်မှတ်ကို ဖောက်ဝင်သွားပြီး နောက်မှာရှိနေတဲ့ နံရံမှာစိုက်နေပါတယ်။
" မဖြစ်နိုင်ပါဘူး " လို့ လူလတ်ပိုင်းက လွှတ်ကနဲ အော်လိုက်မိပါတယ်။ သူက ပန်းပဲဆရာကြီး၏ ပစ်ခတ်ကွင်းထဲက ပစ်မှတ်တွေကို ရင်းနှီးကျွမ်းဝင်သူပါ။ အားလုံးကို သံနဲ့ပြုလုပ်ထားတာပါ။ သာမန်လေးသမားမပြောနဲ့ ကျွမ်းကျင်တဲ့လေးသမားကနေ စွမ်းအားကြီးမားတဲ့ လေးအတတ်ကို အသုံးပြုကာပစ်ခတ်ရင်တောင် ဖောက်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သို့သော် မဖြစ်နိုင်တဲ့အရာက သူ့မျက်စိရှေ့မှာတင် ဖြစ်သွားခဲ့ပါပြီ။
ငှက်မွေးတပ်မြှားဟာ ပစ်မှတ်ကိုဖောက်ထွက်ရုံတင်မက နံရံမှာပါ မြှားတစ်ဝက်အထိစူးနစ် စိုက်ဝင်နေတာပါ။
ဘယ်လောက်တောင် သန်မာလိုက်သလဲ။
ရှန်ယန်ရှောင်ကို ကြည့်နေတဲ့ သူ့မျက်လုံးတွေမှာ နှမြောဟန်တွေမရှိတော့ဘဲ စိတ်လှုပ်ရှားအံ့ဩနေဟန်သာ ရှိပါတော့တယ်။
ဒီမကောင်းဆိုးဝါးလေးရဲ့ အခြေခံကိုယ်နေဟန်ထားက လွဲနေသေးသော်လည်း ပစ်မှတ်ကိုထိမှန်အောင် ပစ်ခတ်နိုင်ရုံသာမကဘဲ ဖောက်ထွက်ပြီး နောက်မှာရှိနေတဲ့ နံရံထဲထိ စိုက်ဝင်သွားအောင် ပစ်ခတ်နိုင်ခဲ့ပါသေးတယ်။ လေးကိုပြုလုပ်ထားတဲ့ မိုးနတ်ဘုံသားကြောင့် မြှားမှာအားတိုးသွားနိုင်ပေမဲ့ တိကျမှုကတော့ လက်သစ်တစ်ယောက်က ဘယ်လိုမှလုပ်နိုင်မှာ မဟုတ်ပါဘူး။
" ဟားဟားဟား အရမ်းမိုက်တယ်ကွ မင်းက တစ်ကယ့်ကို ပါရမီရှင်လေးပဲဟေ့ " ဆိုပြီး ဆရာကြီးက ဝမ်းသာစိတ်လှုပ်ရှားစွာ ပြောလိုက်ရင်း ပျော်ရွှင်မှုကြောင့် ဆေးတံမီးခိုးကို အဝိုင်းလေးတွေအဖြစ် မှုတ်ထုတ်လိုက်ပါတယ်။ သူ့မျက်နှာဟာ ရယ်မောနေမှုကြောင့် အရေးအကြောင်း အတွန့်အချိတ်တွေ ဖြစ်ပေါ်နေပါတယ်။
သူမကိုယ်တိုင်လည်း ကြောင်သွားရပါတယ်။ မြှားတစ်စင်းပစ်လွှတ်ခြင်းဟာ ဒီလောက်အထိ ထိရောက်မှုရှိမှန်း သူမ မသိခဲ့ပါ။ ဒါ လေးမှမဟုတ်တာ အေကေ-၄၇ကြီးပဲဟ။
ပစ်မှတ်ကိုထိမှန်ရုံတင်မက နံရံတွေကိုပါ ဖောက်ဝင်နိုင်တဲ့ လေးကို ခေတ်သစ်ကမ္ဘာမှာ မင်းဘယ်လို သွားရှာမလဲ ရှိမှမရှိတာကြီး။
ဒီပစ်ခတ်ကွင်းသာ မြေအောက်မှာမဆောက်ထားဘဲ ထူထဲတဲ့နံရံတွေပါ ကာရံမထားခဲ့ရင် မြှားက ဘယ်ပေါက်လို့ ဘယ်ရောက်နေမလဲဆိုတာ သူမတွေးပူမိပါသေး။
သူမရဲ့ ဒီလောကအပေါ်မှာ မြင်တဲ့အမြင်ဟာ ပြန်လည်ဆန်းသစ်သွားပြန်ပါတယ်။
" ကောင်လေး မင်း လေးပညာ သင်ယူထားပုံ မရဘူးနော် " ဟုဆိုကာ မအောင့်နိုင်တော့တဲ့ လူလတ်ပိုင်းက သူမအနားကပ်ကာ မေးလိုက်ပါတယ်။
သူ့ရဲ့အကဲဖြတ်မှုအရ ကောင်လေးဟာ သူလေးတင်စဉ်က ကိုယ်နေဟန်ထားကို အတုယူကာ လေးတင်ပစ်ခတ်ခဲ့တာပါ။ ဒါက ဘယ်လိုမှလွဲစရာ မရှိပါဘူး။ သူ့ရဲ့ လေးကိုင်တွယ်ပုံကိုက အချိုးမကျပါဘူး။ လေးပညာကို သင်ယူထားသူဆို ဒီလို လွဲစရာအကြောင်း မရှိပါဘူး။
လေးသမားဖြစ်ချင်ရင် အနည်းဆုံးတော့ လေးကိုင်တွယ်ပစ်ခတ်ပုံကို သင်ယူထားရမှာပါ။ အခြေခိုင်မာစွာ သင်ယူတတ်ကျွမ်းထားမှသာ လေးကိုတုန်ရီမှုမရှိဘဲ မြဲမြံစွာကိုင်တွယ် ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။
ရှန်ယန်ရှောင်က ရိုးသားစွာပဲ ခေါင်းညိတ်ဝန်ခံလိုက်ပါတယ်။
လူလတ်ပိုင်းက လေတစ်ချက်ရှိုက်လိုက်ပြီး မေးလိုက်တာကတော့ " မင်းရဲ့အနာဂတ်မှာ လေးသမားတစ်ယောက်အဖြစ် ဆက်လက်တိုးတက်အောင် လုပ်သွားဖို့ရည်ရွယ်ထားသလား " ဟုဖြစ်ပါတယ်။
" ဖြစ်ကောင်းဖြစ်နိုင်ပါတယ် " ဆိုပြီး ရှန်ယန်ရှောင်ဟာ ဘေးမှာရှိနေတဲ့ မြေခွေးအိုတစ်ကောင်လို ပြုံးနေတဲ့ပန်းပဲဆရာကြီးအား တစ်ချက်ကြည့်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြေကြားလိုက်ပါတယ်။
" မင်းရဲ့ အတွင်းအားအဆင့်က ဘယ်အဆင့်ရောက်ပြီလဲ " ဟု လူလတ်ပိုင်းက ထပ်မေးလိုက်ပါတယ်။ ချာတိတ်လေးရဲ့ လေးပစ်တဲ့ကိုယ်ဟန်နေထားက မည်သို့မည်ပုံရှိစေကာမူ ပြုစုပျိုးထောင်ထိုက်သည်ကတော့ အမှန်ပင်ဖြစ်သည်။ အချိန်တန်လို့ အဆင့်ခြောက်ကို ရောက်တဲ့အခါမှာ လေးအတတ်ဖက်တွင် နာမည်တစ်လုံးနဲ့ ထင်ရှားဖို့က သေချာသည်။
" အဆင့်ခြောက် " လို့ သူမက သိုဝှက်စွာ ပြောလိုက်ပါတယ်။
ထိုသူလည်း ကြောင်တက်တက်ဖြစ်သွားကာ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ်သာ ရှိမယ့်ကောင်လေးကို နဖူးကနေခြေဖျားထိအောင် သေချာကြည့်လိုက်ပါတယ်။
ဒီအရွယ်လေးနဲ့ အဆင့်ခြောက်တောင် ရောက်နေပြီလား…
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၀၆)
" ငါပြောမယ် ရှီယွန် " ဆိုပြီး ဆရာကြီးကနေ လူလတ်ပိုင်းကို အော်ပြောလိုက်တယ်။
" ဒီနှစ်ကျောင်းဝင်ခွင့်ကာလ ပြီးသွားတာ ငါသိတယ်။ မင်းက အဆင်ပြေအောင် လုပ်ပေးလို့ မရဘူးလား "
ရှန်ယန်ရှောင် ခဏတာကြောင်အမ်း သွားလိုက်ပြီးမှ ဒီလူဟာ တော်ဝင်ရိုလန်ကျောင်းက ဆရာတစ်ဦးဖြစ်မယ်လို့ သူမသိလိုက်ပါတယ်။ နောက်ပြီး ပန်းပဲဆရာကြီး ပြောစကားအရ သူမကို လေးဌာနမှာ တက်ရောက်စေချင်နေတာပဲ။
သူမယူဆချက်ကို ရှီယွန်ရဲ့ အဖြေစကားက ထောက်ခံလိုက်ပါတယ်။
" စည်းကမ်းတွေအရတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ တစ်ခြားနည်းတွေ ရှိပါတယ် " ဟုပြောလိုက်တဲ့ ရှီယွန်က ခဏစဉ်းစားလိုက်ပြီးနောက် သူမကို စိတ်ရင်းနဲ့ ပြောလိုက်ပြန်ပါတယ်။
" ကောင်လေး မင်းအရည်အသွေးက မဆိုးဘူးဟ ငါတို့တော်ဝင်ရိုလန်ကျောင်းရဲ့ လေးဌာနမှာ မတက်ချင်ဘူးလား "
သူမအား လေးဌာနထဲ ထည့်လို့ အဆင်ပြေပါ့မလား။ သူမစိတ်ထဲ ကျိတ်ရှက်သွားရပါတယ်။ သို့ပေမဲ့ ရှီယွန်ရဲ့ ဖိတ်ခေါ်မှုကို သူမစိတ်ဝင်စားပါတယ်။ လေးဌာနရဲ့ စာကြည့်တိုက်က ဆင့်ခေါ်သူဌာနလို မဟုတ်ဘဲ လုံခြုံရေးတင်းကြပ်ပါတယ်။ သူမက အောက်အထပ်အနည်းငယ်ကိုပဲ ဝင်လို့ရပြီး အဆင့်မြင့်စာအုပ်တွေကိုတော့ မှော်နဲ့ကာရံထားတဲ့ အပေါ်ထပ်တွေမှာပဲ ထားတာပါ။ ဆရာခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဝင်လို့မရပါဘူး။
ရှီယွန်ကနေ သူမအားဖိတ်ခေါ်ချက်က အချိန်အခါသင့်နေပါတယ်။ သူမအစွမ်းလောက်နဲ့ အပေါ်ထပ်တွေကို ဝင်နိုင်မယ်လို့ သူမ မထင်ပါဘူး။
သူမစိတ်လှုပ်ရှား ပျော်ရွှင်နေပေမဲ့ ဒီမြေခွေးမလေးက လွယ်လွယ်အလျှော့မပေးပါ။ ရှီယွန်ရဲ့ မျက်နှာကို သူမကကြည့်လိုက်ပြီး ရှက်နေဟန်နဲ့ ပြောလိုက်ပါတယ်။
" ကျွန်တော်လည်း သွားတက်ချင်ပါတယ် ဒါပေမဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းစရိတ်က အရမ်းဈေးကြီးတော့ ကျွန်တော့်မိသားစုအနေနဲ့က …"
ရှန်ယန်ရှောင်က နောက်ထပ်ဆက်မပြောတော့ပေမဲ့ ရှက်နေတဲ့သူမရဲ့ ဟန်ပန်ကိုမြင်တာနဲ့ ဘာဆိုလိုမှန်း ရှီယွန်သိလိုက်ပါတယ်။
ရှီယွန်ဟာ သူ့ရှေ့မှာရှိတဲ့ လေးပါရမီရှင်လေးကို အကဲခတ်လိုက်ပြန်ပါတယ်။ သူ့ကိုယ်လုံးလေးမှာ ဝတ်ဆင်ထားတဲ့ ခပ်ပေါပေါအဝတ်ကို ကြည့်တာနဲ့ ကြွယ်ဝတဲ့မိသားစုက မဟုတ်မှန်းကို လူတိုင်းသိနိုင်ပါတယ်။ သာမန်မိသားစုက ကလေးတွေဟာ ကျောင်းစရိတ် မတတ်နိုင်ကြပါ ဒါပေမဲ့လည်း ဒီလိုမျိုးစေ့မှန်ကိုတော့ ရှီယွန် အလဟသမဖြစ်စေချင်ပါဘူး။
ရှီယွန် အသက်တစ်ချက်ရှိုက်ကာ ပြောလိုက်တာကတော့ " အဲ့အတွက် စိတ်မပူနဲ့ မင်းသာ သင်ကြားချင်ရင် လခအတွက် ငါပေးမယ် " ဟုပင်။
သူမလည်း ချက်ချင်းခေါင်းညိတ်လိုက်ကာ သူမရင်ထဲမှာတော့ ကျေနပ်နေပါတယ်။
လေးဌာနကို တက်ရောက်ဖို့က ကောင်းတာဟုတ်ပေမဲ့ ဆေးပညာဌာနမှာ တက်ရောက်မှုအတွက် လခကို ရှန်ဖန်ကပေးထားပြီးဖြစ်လို့ နောက်တစ်ခါထပ်မပေးချင်တော့ပါဘူး။ အခုကျတော့ သူမအစား စိုက်ထုတ်ပေးမယ့်သူ ရှိလာတာဟာ ကောင်းတာပဲလေ။
ဘေးမှာရပ်နေတဲ့ ပန်းပဲဆရာကြီးကတော့ ရှီယွန်အတွက် ပူဆွေးလိုက်မိပါတယ်။ ရှီယွန်ကသာ မသိတာပါ သူကတော့ ဒီခရမ်းနက်လေးရဲ့ ဈေးနှုန်းကို သိပါတယ်။ အရောင်းစာရေးကနေ ကောင်လေးကို သူ့ဆီခေါ်လာမှတော့ လေးဝယ်နိုင်မှန်း သူသိပြီးပါပြီ။
သုံးသန်းတန်လေးကို ဝယ်နိုင်တဲ့ ကောင်လေးက ကျောင်းလခဖိုး မတတ်နိုင်ဘူးတဲ့လား။
မဟာပန်းပဲဆရာကြီးကတော့ နည်းပြဆရာတစ်ယောက်ရဲ့ ကျားခြင်ကိုက်ခံလိုက်ရတဲ့ အဖြစ်ကိုတွေးကာ သက်ပြင်းပဲချလိုက်နိုင်ပါတယ်။
" ကောင်းပြီလေ ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်လဲ " ဟ ရှီယွန်က မေးလိုက်ပါတယ်။
ရှန်ယန်ရှောင်ပြုံးကာ ပြန်ဖြေလိုက်တဲ့ နာမည်ကတော့ " ကျွန်တော့်နာမည် ရှောင်ယန်ပါ " ဟုဖြစ်တော့သည်။
" ရှောင်ယန် ဒီတံဆိပ်ကိုယူထားလိုက် မနက်ဖြန်နေ့ခင်းမှာ တော်ဝင်ရိုလန်ကျောင်းရဲ့ လေးပညာဌာနမှာ ငါ့ကိုလာတွေ့။ မင်းကျောင်းတက်ဖို့ ငါအကုန်စီစဉ်ထားပေးမယ် ဟုတ်ပြီလား " လို့ ရှီယွန်ကပြောလိုက်ပြီး သူ့လက်စွပ်ထဲကနေ ဆရာတွေရဲ့တံဆိပ်ကို ထာတ်ပေးလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၀၇)
"ဟုတ်ကဲ့ပါ" လို့ပြောလိုက်ပြီး ရှန်ယန်ရှောင်က တံဆိပ်ကို လှမ်းယူလိုက်ပါတယ်။ သူမကတော့ အခုအချိန်မှာ အရမ်းတက်ကြွနေပါတယ်။
သူမမှတ်မိသလိုဆိုရင် ဆေးပညာစာသင်ချိန်က မနက်ခင်းဖြစ်ပြီး လေးပညာကတော့ မွန်းလွဲပိုင်းဖြစ်လို့ စာသင်ချိန်မတူတာကြောင့် သူမအတွက် အဆင်ပြေနေပါတယ်။
စိတ်ထဲမှာလည်း ရုပ်ပြောင်းမျက်နှာဖုံးကို ဝယ်ထားမိတဲ့ သူမကိုယ်သူမ ချီးကျူးနေမိပါသေးတယ်။ ဒီမျက်နှာနဲ့ဆိုရင် ရှန်ဂျူနဲ့ ရှောင်ယန်ကို ဘယ်သူမှတွဲစပ်မိမှာ မဟုတ်တော့ဘူး။
" ရှီယွန် မင်းကိစ္စပြီးရင် ငါ ကောင်လေးနဲ့ လေးအကြောင်း ပြောစရာရှိသေးတယ်ဟေ့ " လို့ ဆရာကြီးက ဝင်လောဆော်လိုက်ပြီး သူမအား ဒေါင့်နေရာသို့ ဆွဲခေါ်သွားပါတယ်။
ညစ်ပတ်တဲ့ အဖိုးကြီးနဲ့ လူငယ်နှစ်ယောက်သား ရှီယွန်ရဲ့ စိတ်သဘောကောင်းမွန်မှုကို မျက်ကွယ်ပြုထားကြပါတယ်။
" ကောင်ကလေး မင်းဖာသာ ကျောင်းလခပေးနိုင်တာ မပေးနိုင်တာ ငါစိတ်မဝင်စားဘူး ငါ့လေးအတွက်ကတော့ ပေးနိုင်မှဖြစ်မယ်နော် " ဆိုကာ အဖိုးကြီးက ပြုံးပြီးတော့ မြေခွေးလေးကို ကြည့်လိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း ပါးနပ်တဲ့မြေခွေးအိုကြီးအား ကြည့်လိုက်ပြီး ခုနတုန်းက ရှက်နေတဲ့မျက်နှာနေရာမှာ ကလေးဆိုးတစ်ယောက်မျက်နှာမျိုး ဖြစ်သွားပါတယ်။
" ဆရာကြီး စိတ်ချချနေပါ သုံးသန်းဆိုတာ နည်းတဲ့ငွေမှမဟုတ်တာ " လို့ပြောလိုက်ပါတယ်။
ဆရာကြီးလည်း ကျေနပ်သွားဟန်နဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး " မင်းလက်ထဲကလေးကို ခရမ်းရောင်မြို့စားလို့ ခေါ်တယ်။ ကောင်းကောင်းအသုံးချပါ...သူက မင်းရဲ့လေးပညာလမ်းမှာ အကူအညီတွေအများကြီး ပေးမှာပါ " ဟုပြောလိုက်ပါတယ်။
" ခရမ်းရောင်မြို့စားတဲ့လား " လို့ရေရွတ်ပြီး သူမလက်ထဲက ခရမ်းရောင်မြို့စားအား သဘောကျစွာနဲ့ ပွတ်လိုက်ပြီး လာရင်းကိစ္စကို သတိရမိသွားလို့ ပြောလိုက်ပါတယ်။
" မဟာပန်းပဲဆရာကြီး ခရမ်းရောင်မြို့စားမှာ ဘာမှောအမြူတေမှ တပ်မထားဘူးနော် မှော်အမြူတေတပ်ရင် ပိုစွမ်းမှာမဟုတ်ဘူးလား "
ဆရာကြီးမျက်နှာမှာ ရှုပ်ထွေးတဲ့ခံစားချက် ဖြစ်သွားပါတယ်။ ခဏကြာတုန့်နေပြီးမှ ပြောလိုက်ပါတယ်။
" အဲ့အတွက်ပဲ မင်းနဲ့သီးသန့်ပြောချင်တာ "
ဆရာကြီးက ပစ်ခတ်ကွင်းထဲက ရှီယွန်အား တစ်ချက်ကြည့်လိုက်ပြီး သူပြောတာကို မကြားနိုင်တာ သေချာမှသာ တိုးတိုးလေးပြောလိုက်ပါတယ်။
" အမှန်ပြောရရင် ခရမ်းရောင်မြို့စားက ဘာမှော်အမြူတေမှ မလိုဘူး "
" မှော်အမြူတေ မလိုဘူး ဟုတ်လား " လို့ပြောကာ သူမ ကြောင်တက်တက်ဖြစ်သွားပါတယ်။ လက်ရှိမှာတောင် ခရမ်းရောင်မြို့စားရဲ့ စွမ်းအားဟာ အားကောင်းလှတာမှန်ပေမဲ့ ကိုယ်ထည်မှာ မှော်အမြူတေတပ်ဖို့ နေရာရှိတာ သူမသိပါတယ်။
" မှော်အမြူတေမလိုဘူး သလင်းအမြူတေပဲ လိုအပ်တာ " လို့ ဆရာကြီးက သတိထားစွာ ပြောလိုက်ပါတယ်။
" သလင်းအမြူတေလား " လို့ပြောပြီး သူမလက်ထဲက ခရမ်းရောင်မြို့စားကို အံ့ဩစွာကြည့်လိုက်ပါတယ်။ သလင်းအမြူတေကို လက်နက်တွေမှာ ထည့်မသုံးကြရခြင်းမှာ သလင်းအမြူတေထဲက အနက်ရောင်စွမ်းအားဟာ လက်နက်သုံးသူရဲ့ စိတ်ကိုလွှမ်းမိုးတိုက်စားလို့ ဖြစ်ပါတယ်။ အဆင့်နိမ့်သလင်းအမြူတေကို လေ့ကျင့်ရာမှာသုံးတဲ့ လက်နက်တွေမှာတပ်သော်လည်း တိုက်ပွဲဝင် လက်နက်မှာတော့ ဘယ်သူမှ မတပ်ကြပါဘူး။
" ငါမင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်။ ခရမ်းရောင်မြို့စားက တစ်ခြားလက်နက်တွေနဲ့ မတူဘူး။ ငါလုပ်တဲ့လက်နက်တိုင်းက ဈေးအရမ်းကြီးတယ်လို့ မထင်လိုက်နဲ့နော် ခရမ်းရောင်မြို့စားကသာ ဈေးအရမ်းများတာ ကျန်တဲ့လက်နက်တွေက ပုံမှန်ဈေးပဲ။ တစ်ခုပြောလိုက်ဦးမယ် ခရမ်းရောင်မြို့စားရဲ့ တန်ဖိုးအမှန်ကို မင်းသိလိုက်တဲ့အချိန်မှာ မင်းဝယ်ခဲ့ရတဲ့ဈေးက ဘယ်လောက်ပေါပေါပဲပဲနိုင်လဲဆိုတာ မင်း သဘောပေါက်သွားလိမ့်မယ် "
" ဒီအကွက်လေးတွေက သလင်းအမြူတေ ထည့်ရမယ့်နေရာတွေပဲ။ အဲ ကျန်တဲ့လက်နက်တွေလို မဟုတ်တာက ခရမ်းရောင်မြို့စားမှာ တပ်လိုက်တဲ့ သလင်းအမြူတေတွေက လေးသုံးတဲ့ အကြိမ်ရေအလိုက် ကုန်ဆုံးသွားမှာဖြစ်လို့ ကုန်တိုင်း အသစ်ပြန်တပ်ရမှာ သဘောပေါက်လား ငါပြောတာကို " ဟု ဆရာကြီးက ရှင်းပြလိုက်ပါတယ်။
ဆရာကြီးပြောတာကို နားထောင်နေရင်း သူမ အံ့ဩသွားပြန်ပါတယ်။ ခရမ်းရောင်မြို့စားက သလင်းအမြူတေရဲ့ အားကိုသူ့အားအဖြစ် ယူသုံးလို့ သလင်းအမြူတေရဲ့ စွမ်းအားကုန်တိုင်း အသစ်လဲပေးရမယ်ဆိုတဲ့ သဘောပေါ့။