အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၁၄)
တန်နာဇီလည်း ရှန်ဂျူကို ဇွတ်အတင်း မတိုက်တွန်းခဲ့ပါဘူး။ ဒီကလေးပုံစံကြည့်ပြီး အထင်မသေးလိုက်နဲ့ ကြည့်ရင်တော့ တစ်ယောက်ယောက်ရဲ့ လွှမ်းမိုးမှုအောက်ကို အလွယ်တကူရောက်နိုင်ဟန် ပေါက်နေပေမယ့် သူ့ကိုထိန်းချုပ်ဖို့က မလွယ်ပါဘူး။ တစ်ကယ်တမ်းတော့ သူလုပ်ချင်ရင် သေချင်သေပါစေ ခေါင်းမာမာနဲ့ ဆက်လုပ်မယ့် သူမျိုးဖြစ်ပါတယ်။ သူမလုပ်ချင်တာဆို မင်းလျှာပြတ်ကျအောင် ပြောဆိုသော်လည်း အသုံးဝင်မှာ မဟုတ်ပါဘူး။
နောက်နေ့နေ့ခင်းပိုင်း လေးပညာအတန်း ပြီးဆုံးချိန်မှာ ကျောင်းသားတွေဟာ ခါတိုင်းလို ထမင်းသွားမစားကြဘဲ လေးပစ်ကွင်းဆီ ချီတက်သွားကြပါတယ်။
အပါတ်စဉ်ရဲ့ နောက်ဆုံးရက်တိုင်း ဌာနအသီးသီးရှိ လေ့ကျင့်ရေးကွင်းတွေမှာ စိန်ခေါ်ယှဉ်ပြိုင်မှုတွေ ရှိကြပါတယ်။ ပျင်းရိငြီးငွေ့နေတဲ့ လူငယ်တွေဟာ စီးချင်းထိုးပွဲတွေကို စိတ်လှုပ်ရှားခံစားရတာကို နှစ်သက်နေကြပါပြီ။
လေးပစ်ကွင်းမှာ လူတွေပြည့်နေပါတယ်။ အများစုဟာ ပွဲကြီးပွဲကောင်း လာကြည့်ကြသူတွေပါ။ ကျောင်းသားဆယ်ယောက်သာလျှင် အမှန်တစ်ကယ် စိန်ခေါ်ယှဉ်ပြိုင်မယ့် သူတွေဖြစ်ပါတယ်။
ဝမ်းလီက လေးပစ်ကွင်းမှာ ရောက်နေပြီဖြစ်ကာ သူ့အနားမှာ ပထမတန်းက ကျောင်းသားတွေ ဝိုင်းနေပါတယ်။
" အဲ့ဒီအမှိုက်ရဲ့ စိန်ခေါ်မှုကို လက်ခံဖို့လိုသလား ဝမ်းလီရာ "
ဝမ်းလီရဲ့စိန်ခေါ်ပွဲ အကြောင်းစုံဟာ ပထမတန်းကျောင်းသားတွေကြားမှာ ပျံ့နေခဲ့တာကြာပါပြီ။ အားလုံးက ဘူမသိကိုးမသိရှာသော စိန်ခေါ်သူ ချာတိတ်အတွက် သနားနေမိကြပါတယ်။
ဝမ်းလီက ဘဝင်မြင့်တဲ့ မျက်နှာထားနဲ့ မာနကြီးစွာ ပြန်ပြောလိုက်ပါတယ်။
" သူက လိုချင်နေမှတော့ ငါက ဘာလို့ အခွင့်အရေး မပေးရမှာလဲ "
" ဒါပေမယ့် သူက မင်းပြိုင်ဖက်မှ မဟုတ်တာကြီး "
ပထမတန်းတစ်တန်းလုံးမှာ ဝမ်းလီကို ယှဉ်နိုင်သူမရှိပါ။ ဝမ်းလီက မာနတက်ဘဝင်မြင့်သော်လည်း သူ့အစွမ်းက မသေးပါဘူး။
" ဆရာရှီးယွန်လည်း ဒီနေ့လာကြည့်မယ်လို့ ငါကြားတယ်ဟ " ဟု ကျောင်းသားတစ်ယောက်က တိုးညင်းစွာ ပြောလိုက်တယ်။
တစ်ခြားကျောင်းသားတွေက ဝမ်းလီကို အားကျတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြပါတယ်။
" ဆရာရှီးယွန်က မင်းကို တစ်ကယ်အရေးထားတာပဲ။ မင်းက စိန်ခေါ်ပွဲမှာ ပါတယ်လို့ သိတာနဲ့ သူကိုယ်တိုင် လာအားပေးတော့တာပဲကွာ "
ဌာနရဲ့ ဌာနမှူးတစ်ယောက်ဖြစ်တဲ့ ရှီးယွန်ဟာ ကျောင်းသားတွေရဲ့ စိန်ခေါ်ပွဲတွေဆီ လာခဲပါတယ်။ ဒီနေ့အဖို့ ချွင်းချက်ဖြစ်နေလို့ အားလုံးကတော့ ဝမ်းလီကြောင့်လို့ ထင်နေကြပါတယ်။
" စီနီယာမန်ယိဂျွန်ရဲ့ ပြီးခဲ့တဲ့ စိန်ခေါ်ပွဲကိုတောင် ဆရာမလာခဲ့ဘူး ဝမ်းလီ မင်းနာမည်ကတော့ တစ်ကယ်ကြီးမားတာပဲဟ "
ဝမ်းလီက ဂုဏ်ယူစွာနဲ့ ရင်ကော့လိုက်ပါတယ်။ ရှီးယွန်လာမယ်ဆိုတာ သူလည်း မသိခဲ့ပါဘူး။ အခုသိလိုက်ရလို့ အရည်အချင်း ထုတ်ပြဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ သူ ကြောက်နေတာဆိုလို့ ပြိုင်ဖက်က ညံ့ဖျင်းလွန်းလို့ သူ့အစွမ်းမပေါ်မှာကိုပါ။ ဝမ်းလီ စိတ်ထွေသွားရပါတယ်။ ဟိုချာတိတ်ကိုလည်း အရှက်ခွဲချင်သေးတယ် ဆရာရှီးယွန်ရှေ့မှာလည်း အစွမ်းပြချင်သေးတော့ ဘယ်လိုလုပ်ရမလဲ စဉ်းစားရ ကြပ်နေပါတယ်။
သိပ်မကြာခင်မှာပဲ စောစောက ကျောင်းသားတွေ ပြောခဲ့တဲ့အတိုင်း ရှီးယွန် ရောက်လာပါတယ်။ သူ ကွင်းထဲရောက်တာနဲ့ တစ်ကွင်းလုံး တိတ်ဆိတ်သွားပြီး အကြည့်အားလုံးက သူ့ဆီကျရောက်သွားပါတယ်။
ယှဉ်ပြိုင်ကြတော့မယ့် ကျောင်းသားတွေကအစ ဘေးမှာရိုကျိုးစွာ ရပ်နေကြပါတယ်။
အိုးယန်ဟွမ်းယူဟာ မှော်ဌာနတစ်ခုလုံးရဲ့ စံပြပုဂ္ဂိုလ်ဆိုရင် လေးဌာနရဲ့ နတ်ဘုရားဟာ ရှီးယွန်ဖြစ်ပါတယ်။
ဝမ်းလီက စိတ်တက်ကြွစွာနဲ့ပဲ ရှီးယွန်ဆီ သွားလိုက်ပြီး ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်။
" ဆရာရှီးယွန် လာတယ်နော် "
ရှီးယွန်က ခေါင်းတစ်ချက်ဆတ်ပြပြီးတာနဲ့ ကွင်းထဲက ကျောင်းသားတွေအား အသိစိတ်မဲ့နေသူလို ငေးကြည့်နေပါတယ်။
ဌာနထဲကဆရာတွေပြောလို့ သူအပ်ခဲ့တဲ့ အနီတန်းကချာတိတ်လေးက ခရမ်းတန်းက ဝမ်းလီကို စိန်ခေါ်ခဲ့တဲ့အကြောင်း သိခဲ့ရပါတယ်။
သူက ဝမ်းလီအပေါ် အမြင်ကောင်း တစ်ချို့ရှိထားပါတယ်။ ဒီကလေးက အနည်းငယ် ဘဝင်ကိုင်ပေမယ့် အရည်အချင်း ကောင်းကောင်းရှိသူပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၁၅)
ရှောင်းယန်ရဲ့ အရည်အချင်းက ကောင်းသော်လည်း လေးဌာနမှာ သူဟာ လူသစ်ပဲရှိပါသေးတယ်။ ကျောင်းတက်တာ တစ်ပါတ်တောင်မပြည့်ဘဲ တစ်ခြားကျောင်းသားကို သူက စိန်ခေါ်ရဲခဲ့တယ်တဲ့။ ရှီးယွန်က အဆိုပါ ချာတိတ်စုတ်ကို မစဉ်းမစားဘဲ လုပ်တာကြောင့် ဆွဲထုတ်ပြီး ရိုက်ချင်စိတ်ဖြစ်နေပါတယ်။ ကောင်လေးရဲ့ အရည်အချင်းက သူမတူပေမယ့် ဝမ်းလီဟာ သူကျောင်းမတက်ရခင်တည်းက ဒီကျောင်းမှာ အစောတည်းက ရောက်နှင့်ထားပြီး သင်ကြားခဲ့ရသူပါ။ ဘာမှန်းညာမှန်း မသိရဘဲ ဇွတ်စိန်ခေါ်တာကြီးကတော့….
ရှောင်ယန်ဆိုတဲ့ ကောင်စုတ်လေးကသာ ကျောင်းမှာမနေဘူးလို့ ပြောမထားခဲ့ရင် သူ့အဆောင်ခန်းကိုသွားပြီး ကောင်စုတ်လေးကို ရိုက်သတ်ကာ ခေါင်းထဲမှာ ဘာတွေများ ရှိနေတာလဲလို့ ဖွင့်ကြည့်မိမှာပါ။
လိုက်ကြည့်ကာ ရှာနေပေမယ့် ကောင်လေးရဲ့ အရိပ်အယောင်တောင် မတွေ့ရပါဘူး။ ဘေးက ဝမ်းလီကတော့ သူ့ကို အားတက်သရော နှုတ်ဆက်ပြောကြားထားပေမယ့် သူကတော့ အရေးမစိုက်နိုင်ပါဘူး။
အချိန်ကြာတာနဲ့အမျှ တစ်ခြားကျောင်းသားတွေရဲ့ ပွဲတွေက စတင်နေပါပြီ။ သို့သော်လည်း ယခုထိကို ရှောင်ယန်ကို မတွေ့သေးပါဘူး။
ဝမ်းလီမျက်နှာပျက်နေပါတယ်။ အစကတော့ ကောင်လေး လာမလာကို သူဂရုမစိုက်ပေမယ့် ရှီးယွန်ရောက်နေတဲ့အတွက် အစွမ်းပြချင်နေပါတယ်။
" အဲ့ဒီကောင်လေး ကြောက်တာနဲ့ ထွက်ပြေးတာဖြစ်ရမယ် " လို့ အံကြိတ်ရင်း ဝမ်းလီတွေးလိုက်ပါတယ်။
တစ်ခြားကျောင်းသားတွေလည်း သူ့လို တွေးမိနေကြပါတယ်။ သူတို့အားလုံးက အနီရောင်တန်းက ကျောင်းသားသစ်က ခရမ်းတန်းက ကျောင်းသားကို စိန်ခေါ်တဲ့အကြောင်း ကြားသိခဲ့ကြပါတယ်။ နောက်ပြီး သူက သုံးသန်းတန်လေးတစ်လက် ဝယ်ခဲ့တဲ့သူတဲ့။ ဒီစကားတွေကြောင့် ရှန်ယန်ရှောင်ကို တွေ့ချင်စိတ်တွေ သူတို့မှာ ဖြစ်ပေါ်လာခဲ့ရပါတယ်။
အားလုံးက သူမက ကြောက်လို့မို့ မလာတော့ဘူးလို့ ထင်လိုက်ချိန်မှာပဲ ကိုယ်လုံးကိုယ်ဖန် သေးသေးလေးက အဝင်ဝကနေ အေးဆေးစွာ ဝင်လာခဲ့ပါတယ်။
ကိုယ်လုံးပိန်ပိန်လေးကို အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျောမှာတော့ ခရမ်းရောင်လေးတစ်လက် ချိတ်ဆွဲထားပါတယ်။ ကြီးမားတဲ့လေးနဲ့ သူမရဲ့ ကိုယ်လေးတို့က ထင်းကနဲဖြစ်နေပါတယ်။ လေးကိုသာ ဆန့်လိုက်ရင် လေးရှင်ထက်တောင် ပိုရှည်သွားမလားလို့ လူတွေ တွေးမိလိုက်ကြတယ်။
" မင်းရောက်လာပြီပဲ "
ဝမ်းလီ စိတ်သက်သာရသွားပြီး မျက်လုံးတွေ တောက်ပလာပါတယ်။
အရမ်းမိုက်ပြီလေ ဒီကောင်လေးကို အသုံးချပြီး ရှီးယွန်ရှေ့မှာ အစွမ်းပြရမယ်။ ကျောင်းသားသစ်တွေကြားမှာ သူသာ အတော်ဆုံးဆိုတာ လူတိုင်းသိစေမယ်။
နောက်ဆုံးတော့ ချာတိတ်ကို ရှီးယွန်တွေ့လိုက်ရပြီ။ တည်ငြိမ်နေတဲ့ ကောင်လေးကိုကြည့်ကာ သူထွက်နေတဲ့ ဇောချွေးတွေကို ခိုးသုတ်လိုက်ရပါတယ်။
ချာတိတ်က တည်ငြိမ်လှပါလားဟ။ သူ ဘာကို ရင်ဆိုင်ရမလဲကော သိရဲ့လားမသိ။
ရှီးယွန်က ကောင်လေးအတွက် သောကပွားနေရပါတယ်။ ကောင်လေးက ယုံကြည်ချက်အပြည့်နဲ့ပဲ ဝမ်းလီကို စိန်ခေါ်ခဲ့ပေမယ့် ဝမ်းလီရဲ့ အရည်အချင်းကြောင့် သူ ရှုံးသွားခဲ့ရင် ကောင်လေးရဲ့ စိတ်ပြိုလဲသွားမှာကို သူ ပူနေတာပါ။
အခုတော့ နှစ်ဖက်လုံး ရောက်နေပြီဖြစ်လို့ သူ တားစရာအကြောင်း မရှိတော့ပါဘူး။
ကောင်လေးရဲ့ စိတ်ကခိုင်မာပြီး ရှုးနိမ့်မှုအတွက် စိတ်ဓာတ်မကျစေဖို့ပဲ သူ ဆုတောင်းရုံပဲ ရှိပါတော့တယ်။
ပြောရရင်တော့ ဒီကိုရောက်နေတဲ့ လူအားလုံးမှာ သူမ နိုင်မယ်လို့ ထင်နေသူ တစ်ယောက်မှမရှိပါဘူး။
ရှန်ယန်ရှောင်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုထားသူ ရှီးယွန်တောင် သူမနိုင်မယ်လို့ မထင်ပါဘူး။
ခွန်အားအစွမ်းအစချင်း အများကြီးကွာဟနေတာကို သူက ဘယ်လို ပြိုင်မှာလဲ။
ထိုစဉ်မှာပဲ လူသူကင်းတဲ့ ဒေါင့်တစ်နေရာမှာတော့ တိရစ္ဆာန်လေးကောင်က ကောင်သေးလေးကို ကြည့်လိုက်ကြပြီး အရှက်မရှိစွာနဲ့ ဆွေးနွေးပွဲစပါတော့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၂၁၆)
" အား ဘယ်လောက်တောင်သေးလိုက်လဲကွာ "
တန်နာဇီဟာ လက်တစ်ဖက်မှာ ကွာစေ့တွေကိုင်ထားပြီး ကျန်တစ်ဖက်နဲ့ပါးစပ်ထဲကို သွင်းနေပါတယ်။ လေးဌာနရဲ့ ပြိုင်ပွဲကို ဆေးကျောင်းသားတစ်ယောက်က လာကြည့်တာဟာ ဘယ်လောက်အံမကျလိုက်သလဲဆိုတာကို သူ နည်းနည်းတောင်မတွေးမိပါဘူး။
" ကြည့်ရတာတော့ သူနဲ့ ရှန်ဂျူတို့က ရွယ်တူလောက်ပဲဖြစ်မယ်" လို့ နတ်ဆရာဌာနကနေ လစ်ထွက်လာတဲ့ ငနာတစ်ကောင်က ကွင်းထဲကိုဝင်လာတဲ့ လူပေါက်စလေးကို ကြည့်ရင်းပြောလိုက်ပြန်ပါတယ်။
" ကိုယ်လုံးကိုယ်ပေါက်ကလည်း တစ်ရွယ်တည်းပဲကွ" ဟု ယန်းရှီက မျက်လုံးတွေအား မှေးစဉ်းလိုက်ရင်း ပြောလိုက်ပါတယ်။
"ယန်းရှီ မင်း စိန်ခေါ်ပွဲရှိတယ် မဟုတ်ဘူးလား ဒီကို ဘာလို့ရောက်နေတာလဲ" လို့ တန်နာဇီကနေ သူ့ထက်စောပြီးရောက်နေတဲ့ ယန်းရှီအား ဝေခွဲမရဟန်နဲ့ ကြည့်လိုက်ပါတယ်။ ယန်းရှီက ဌာနရဲ့ထိပ်ဆုံးနေရာမှာ ထိုင်နေရသော်လည်း စစ်သူရဲဌာနက လူငယ်တွေဟာ ဆိုးဆိုးဝါးဝါးကို သွေးဆူကြသူတွေများပါတယ်။ အမြဲတမ်းလိုလိုပဲ တိုက်ပွဲတိုင်းမှာ ယန်းရှီအားတွေ့မြင်ရတတ်ပါတယ်။
"ပြီးသွားပြီလေ" လို့ ပုခုံးတွန့်ကာ ယန်းရှီကပြန်ပြောလိုက်ပါတယ်။
တန်နာဇီလည်း ဘာဆက်ပြောရမယ်မှန်း မသိတော့ဘဲ ကောင်းကင်ကိုသာ မော့ကြည့်လိုက်ပါတော့တယ်။ ယန်းရှီဒီကိုရောက်နေချိန်နဲ့ တွက်ကြည့်မယ်ဆိုရင် သူ့ပြိုင်ဖက်ကို အလဲထိုးခဲ့ချိန်က သုံးမိနစ်ထက်မပိုနိုင်ပါ....
"မျက်နှာပုံကလွဲရင် ဒီကောင်လေးက ငါတို့ရဲ့ ဂျူလေးနဲ့တစ်ပုံတည်းပဲ" လို့ နံရံမှာ စတိုင်ကျကျ မှီနေတဲ့ကြူရှီယာက ရင်းနှီးတဲ့ပုံပေါ်နေတဲ့ ချာတိတ်ကလေးအား အဓိပ္ပါယ်ရှိစွာကြည့်နေရင်း ပြောလိုက်ပါတယ်။
" ဒီချာတိတ်လေးက ငါ့မိသားစုဝင် ဂျူလေးလောက် ရုပ်မထွက်ပါဘူးကွာ" ဟု တန်နာဇီက ချက်ချင်းဆိုသလို မှတ်ချက်ဝင်ပေးပါတယ်။
ကြူရှီယာကတော့ တန်နာဇီအား နှိမ့်ချတဲ့အကြည့်နဲ့ တစ်ချက်ကြည့်ပေးလိုက်ပါတယ်။ ရှန်ဂျူနဲ့ သူတို့ရှေ့က လေးသမားလေးတို့ရဲ့ ခြားနားမှုဆိုလို့ လေးသမားလေးက အသားအရည်အနည်းငယ် ပိုမည်းပြီး မျက်နှာမှာ မှဲ့ခြောက်တွေ ရှိနေတာပဲ ကွာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးမှာ လူအုပ်ထဲရောက်သွားရင် လူတွေသတိမထားမိနိုင်တဲ့ ရုပ်ရည်အသွင်အပြင်တွေ ရှိနေကြပါတယ်။
" ပြောစမ်းပါဦး ဂျူလေးက ဘာလို့မလာတာလဲ"လို့ ကြူရှီယာက တန်နာဇီအားမေးလိုက်ပါတယ်။ ရှန်ဂျူနဲ့တစ်ခန်းတည်းမှာ အတူနေပြီး ပါအောင်ခေါ်မလာနိုင်တာက ခွင့်လွှတ်သင့်တဲ့အရာမဟုတ်ပါဘူး။
တန်နာဇီရဲ့ မျက်နှာဟာ ချက်ချင်းလက်ငင်းဆိုသလို ငယ်ကျသွားပြီး "ငါလည်း သူလာရင်ပျော်မိမှာပါပဲ။ ဒီရက်ပိုင်းတွေထဲမှာ အဲ့ကလေး ဘာတွေလုပ်နေတာလဲဆိုတာကို ငါမသိဘူး။ နေ့တိုင်းပဲ နေ့လည်စာစားပြီးတာနဲ့ သူ့အရိပ်တောင် မတွေ့ရတော့ဘူး။ သူက လျှို့ဝှက်ဆန်းကြယ်လာတယ်ဟ "ဟု ပြန်ပြောလိုက်ပါတယ်။
ကြူရှီယာက မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှတော့မပြောပါဘူး။ သို့သော်လည်း သူ့မျက်လုံးတွေက စိတ်ဝင်စားမှုတွေနဲ့ လင်းလက်သွားပါတယ်။
"မရသေးတာက မရှိသလိုပါပဲ။ ငါတို့ လောင်းကြမလား" ဟု ပြောပြီး တိရစ္ဆာန်သုံးကောင်းအား ကြူရှီယာက ကြည့်လိုက်ပါတယ်။
"ဘာကိုလောင်းမှာလဲ"လို့ တိရစ္ဆာန်သုံးကောင်ကလည်း ပြန်မေးလိုက်ပါတယ်။
" အနီရောင်တန်းက ချာတိတ်နိုင်မလား ခရမ်းတန်းကကောင်နိုင်မလားဆိုတာကိုပေါ့"လို့ ကြူရှီယာက မျက်နှာကိုမော့လိုက်ပြီး ဝမ်းလီဆီသွားနေတဲ့ ရှန်ယန်ရှောင်အား လက်ညှိုးထိုးပြကာ ပြောလိုက်ပါတယ်။
"မင်းတစ်ကယ်ပြောတာလား" လို့ စိတ်တက်ကြွသွားတဲ့ တန်နာဇီကမေးလိုက်ပါတယ်။
"အင်း"
" လုပ်လိုက်လေ ကြာသလားလို့။ မလောင်းရတာကြာလို့ ငါ့လက်တွေတောင် ယားနေပြီဟေ့" လို့ လောင်းဖို့အသင့်ဖြစ်နေဟန်နဲ့ တန်နာဇီက အော်ဟစ်လိုက်ပါတယ်။
သူ့အသံက အနည်းငယ်ကျယ်လောင်သွားတာကြောင့် သူတို့လေးကောင်ရှိနေတာကို ကျောင်းသားတွေတွေ့သွားပါတယ်။ လေးယောက်လုံးက လေးဌာနကမဟုတ်ဘဲ လေးဌာနရဲ့ ပစ်ကွင်းအတွင်းမှာ လောင်းဖို့လုပ်နေကြတဲ့ သူတို့လေးကောင်ကြောင့် ကျောင်းသားတွေရဲ့ မေးရိုးတွေက မြေပေါ်ပြုတ်ကျမတတ် ဖြစ်သွားရပါတယ်။
လာချောင်းကြည့်ရတာကို သူတို့လေးကောင်လုံးက မရှက်ကြဘူးလားမသိ။ နောက်ပြီး လေးဌာနကလည်း တစ်ယောက်မှမဟုတ်ဘဲနဲ့ ဘာတွေလာဆူနေတာတုန်းဟ။
သူတို့က ဒီလိုလူမျိုးတွေကို မကြိုက်သော်လည်း ဘာကိုလောင်းမယ်ဆိုတာကို သိလိုက်ရတော့ လောင်းကစားဝါသနာထုံတဲ့ ကျောင်းသားတွေဟာ လက်တွေယားလာကြရပါတယ်။ ဝမ်းလီနဲ့ ရှန်ယန်ရှောင်တို့အား လောင်းမယ်ဆိုတာ သိလိုက်ရလို့ ကျောင်းသားအားလုံး စိတ်လှုပ်ရှားမှုတွေနဲ့ ပွက်လောရိုက်သွားပါတော့တယ်။
ဒါက လောင်းတာတောင် ဟုတ်သေးလို့လား။ သူတို့ရဲ့ခြေမကို စဉ်းစားခိုင်းရင်တောင် ဘယ်သူနိုင်မလဲဆိုတာ အသိသာကြီးကို။
ဒီလောင်းကစားပွဲရဲ့ အဖြေက ပေါ်လွင်နေပါပြီနော်။ သူတို့ရဲ့ငွေတွေကို ပေးချင်လွန်းအားကြီးနေတာလား မသိ။
အစကတော့ ဝင်လောင်းဖို့စိတ်ကူးမရှိတဲ့ ကျောင်းသားတွေဟာ ဘာလောင်းတာလဲဆိုတာကို သိလိုက်ရတာနဲ့ ပိုက်ဆံအိတ်တွေထုတ်ကာ ဝင်လောင်းလို့ရမရ မေးကြပါတော့တယ်။