အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၃)
အချိန်သိပ်မကြာလိုက်ပါပဲ တော်ဝင်ရိုလန်တစ်ကျောင်းလုံးဟာ လေးဌာနမှာ ပါရမီရှင်တစ်ဦးထွက်ပေါ်လာတယ်ဆိုတဲ့ ကောလာဟာလကို ကြားသိလိုက်ရပါတော့တယ်။
စိန်ခေါ်ပွဲအပြီးမှာတော့ ရှန်ယန်ရှောင်ဟာ အနီတန်းကနေခရမ်းတန်းကို တိုက်ရိုက်ပြောင်းတက်လိုက်သလို ခရမ်းတန်းကကျောင်းသားတွေဟာလည်း သူမရဲ့ လက်စလက်နကို မျက်မြင်တွေ့ကြုံထားခဲ့ကြလို့ သူမကို သွားရောက်ရန်မစရဲကြပါဘူး။
စီနီယာကျောင်းသားတော်တော်များများဟာလည်း တော်ဝင်ရိုလန်တစ်ကျောင်းလုံးက တဖွဖွပြောဆိုနေကြတဲ့ လူသစ်လေးကို လာရောက်ကြည့်ကြပါတယ်။
ရှန်ယန်ရှောင်ကတော့ ဒါတွေကို ဂရုမစိုက်ဘဲ ဌာနနှစ်ခုကိုသာ လွန်းထိုးသလို ပြေးလွှားနေပါတယ်။
တိုးနယားလေလံအိမ်ကလည်း သူမသတ်မှတ်ထားတဲ့ ရက်အတိုင်း အဆင့်နိမ့်သလင်းအမြူတေပထမအသုတ်အား ပို့ပေးခဲ့ပါတယ်။
စုစုပေါင်းသုံးထောင်ကျော်လောက်ရှိတဲ့ အဆင့်နိမ့်သလင်းအမြူတေတွေကို သူမရဲ့လက်စွပ်ထဲထည့်လိုက်ပါတယ်။ နောက်ပြီးတော့ ခရမ်းရောင်မြို့စားအတွက် အသုံးပြုဖို့လိုအပ်တာကြောင့် သူမမှာ ရွေးချယ်စရာမရှိဘဲ ဦးလေးကြီးရှူရဲ့ ပါးစပ်ပေါက်ကနေ အဆင့်နိမ့်သလင်းအမြူတေ ရာကျော်ကို ရုတ်သိမ်းလိုက်ရပါတယ်။
ဒီကိစ္စအတွက် ဦးလေးကြီးရှူကတော့ အလွန့်အလွန်ကို မကျေမနပ်ဖြစ်နေရပါတယ်။
တိုးနယားလေလံအိမ်ရဲ့ သလင်းအမြူတေစုဆောင်းတဲ့ အမြန်နှုန်းက အလွန်မြန်ဆန်သော်လည်း ရှူလိုအပ်တာအတွက်တော့ အဆင်မပြေသေးပါဘူး။ အဆင့်နိမ့်သလင်းအမြူတေ သုံးထောင်ကျော်ကို သုံးလကျော်ကြာရှာဖွေခဲ့ရသော်လည်း ရှူအတွက်ကတော့ ဒီပမာဏဟာ သွားကြားတောင်မညပ်ပါဘူး။
ဒါပေမဲ့လည်း ဒီဟာက သူမတွေးလို့ရသလောက်ထဲက အမြန်ဆုံးရှာဖွေစုဆောင်းနည်းပဲ ဖြစ်ပါတယ်။ တောင့်တင်းတဲ့ငွေသာမရှိရင် အခုပမာဏမပြောနဲ့ သလင်းအမြူတေအချို့ကိုတောင် ရဖို့ခဲယဉ်းမှာကို သူမပူပန်မိပါတယ်။
သူမရဲ့ ဦးနှောက်ပေါက်ထွက်မတတ်စဉ်းစားပြီး အဖြေမရလို့ စိတ်ညစ်နေချိန်မှာပဲ တန်နာဇီက သူမအတွက် သတင်းကောင်းတစ်ခု ယူလာခဲ့ပါတယ်။
"ခြောက်လကြာရင် လောင်းရွှမ်တစ်ပြည်လုံးက သင်တန်းကျောင်းတွေအားလုံးက ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာကွ။ အနိုင်ရသူဟာ ဧကရာဇ်ဆီကနေ စွန့်ပစ်မြေမှာ မြို့ကြီးတစ်မြို့ကို အုပ်ချုပ်ပိုင်ဆိုင်ခွင့်ရမှာပဲဟေ့" လို့ နေ့လည်စာစားချိန်အတွင်းမှာ သူအခုမှရထားတဲ့ သတင်းကို သူမအားပြောကြားလိုက်ပါတယ်။
"နယ်မြေလား"
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိပါတယ်။ စွန့်ပစ်မြေဆိုတာ ကွမ်းမင်တိုက်ကနေ အသုံးမပြုတော့ဘဲ စွန့်လွှတ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ ဟိုးရှေးရှေးတုန်းက အဲ့ဒီနေရာဟာလည်း လူတွေနဲ့စည်ကားသိုက်မြိုက်တဲ့နေရာပါပဲ။ ဒါပေမဲ့လည်း မိစ္ဆာတွေအထွတ်အထိပ်ရောက်ခဲ့စဉ်တုန်းက ထိုနေရာကို များပြားလှတဲ့မိစ္ဆာတွေရဲ့ သိမ်းပိုက်နေထိုင်ခြင်းကို ခံယူခဲ့ရပါတယ်။ တိုင်းနိုင်ငံအများအပြားက မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းကာ စိတ်ချလုံခြုံရတဲ့နေရာတစ်နေရာအား ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပေမယ့် နေရာအတော်များများကတော့ မိစ္ဆာတွေနဲ့ ပြည့်နှက်နေဆဲပါပဲ။
လူတွေကြားမှာ ပုန်းအောင်းနေထိုင်နေတဲ့ အဆင့်နိမ့်မိစ္ဆာတွေလို မဟုတ်ဘဲ ထိုနေရာမှာရှိတဲ့ မိစ္ဆာတွေဟာ စွမ်းအားကြီးမားသူတွေပါ။ အဆိုပါအဆင့်မြင့်စွမ်းအားကြီးတဲ့ မိစ္ဆာတွေဟာ စွန့်ပစ်မြို့ကြီးတွေကို သိမ်းပိုက်နေထိုင်ပြီး အဆင့်နိမ့်မိစ္ဆာတွေကို မွေးမြူလေ့ကျင့်နေကြပါတယ်။
စွန့်ပစ်နယ်မြေဆိုတာ မိစ္ဆာနယ်မြေဖြစ်ပြီး ဘယ်သူမှ မသွားရဲကြပါဘူး ခြေတစ်လှမ်းတောင်မှ မလှမ်းရဲကြပါဘူး။
"စွန့်ပစ်နယ်မြေထဲက နယ်မြေတစ်ခုကို လောင်းရွှမ်တိုင်းပြည်ရဲ့ လူငယ်မျိုးဆက်ထဲက အစွမ်းဆုံးလူငယ်ကို ပေးအပ်မှာ....ဧကရာဇ်ရဲ့အစီအမံကတော့ လက်ဖျားခါစရာပါပဲလား ဟက်"
ရှန်ယန်ရှောင် ရယ်သွေးသွမ်းလိုက်ပါတယ်။ နိုင်ငံသားတစ်ယောက်အဖြစ်ကနေ ချက်ချင်းလက်ငင်းဆိုသလို မြို့ကြီးရဲ့အရှင်သခင်ဖြစ်ရမယ်ဆိုတာက ကြည့်လိုက်ရင် ကောင်းတယ်ထင်ရပေမယ့် နေရာက မိစ္ဆာတွေပဲရှိတဲ့ နေရာဖြစ်သလို နိုင်ငံတွေရဲ့ တပ်မတော်တွေကတောင် လက်လျှော့ထားရတဲ့နေရာ။ လူငယ်တွေကို အဲ့လိုနေရာကိုပေးအပ်လိုက်ပြီး သူတို့ခွန်အားအစွမ်းအစကို အသုံးချပြီးမြို့ကိုတည်ထောင်စေတဲ့ ပေးအပ်မယ့်ဆုဆိုတာက တကယ်တန်းတော့ ပြယုဂ်သက်သက်ပါပဲ။
"အဲ့ဒါဟုတ်တယ်ကွ။ ဘာအားမှသုံးစရာမလိုဘဲနဲ့ စွန့်ပစ်မြေထဲက မြို့ကြီးတွေကို ရှင်းလင်းပြီး နယ်မြေချဲ့ထွင်နိုင်တယ်လေ။ ဧကရာဇ်အတွက်ကတော့ ဘာမှမလုပ်ရဘဲ အချက်တစ်ရာလောက်ပြတ်တာပဲပေါ့ကွာ"
တန်နာဇီဟာ မြို့ရဲ့အရှင်ဖြစ်ဖို့ စိတ်မဝင်စားပါဘူး သူက ပြိုင်ပွဲကိုသာ စိတ်ဝင်စားတာပါ။
ပြိုင်ပွဲဟာ လောင်းရွှမ်ပြည်ရဲ့ လက်ရွေးစင်တွေယှဉ်ပြိုင်မယ့်ပွဲဖြစ်ကာ အနိုင်ရသူဟာ လောင်းရွှမ်တစ်ပြည်လုံးရဲ့ အနာဂါတ်ကြယ်ပွင့်လို့ ပြောနိုင်ပါတယ်။
ဒီဂုဏ်ပုဒ်ဟာ မက်စရာကောင်းလှပါတယ်။
"လူသားတွေပြည့်နေတဲ့ မြို့ကြီးတစ်မြို့က မိစ္ဆာတွေရဲ့နယ်မြေထဲမှာ ရုတ်တရက်ပေါ်လာတာက မိစ္ဆာတွေရဲ့ပါးစပ်ပေါက်ကို အစာသွားပေးသလို ဖြစ်မနေဘူးလား"လို့ သူမက မှတ်ချက်ပြုလိုက်ပါတယ်။
တန်နာဇီက ရယ်လိုက်ရင်း ပြန်ပြောလိုက်ပါတယ်။
"မဟုတ်ပါဘူး ဒီပြိုင်ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပတာပဲ။ ဒီနှစ်က ဆယ့်ကိုးကြိမ်မြောက်တောင်ရှိပြီ ဒါပေမဲ့ ငါသိသလောက်ကတော့ ပြီးခဲ့တဲ့ ပြိုင်ပွဲဆယ့်ရှစ်ကြိမ်ရဲ့ ချန်ပီယံတွေထဲမှာ သုံးယောက်တည်းပဲ စွန့်ပစ်နယ်မြေထဲမှာ နယ်မြေတည်ထောင် အောင်မြင်ခဲ့တာလေ။ ကျန်လူတွေကတော့ လုံခြုံစိတ်ချရတဲ့နေရာကို ပြန်ခဲ့တာမဟုတ်ရင် မိစ္ဆာတွေရဲ့ အစာဖြစ်သွားတာပဲ"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၄)
"စွန့်ပစ်နယ်မြေကို အောင်မြင်စွာပြောင်းလဲနိုင်တယ်ဆိုတော့ အဲ့သုံးယောက်က သာမန်တွေတော့မဖြစ်နိုင်ဘူး"
ရှန်ယန်ရှောင်ဟာ အခုထိတိုင်အောင် မိစ္ဆာကိုမမြင်ဖူးသေးပေမယ့် သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းတွေကိုတော့ ကြားဖူးနားဝရှိပါတယ်။
မိစ္ဆာတွေအပေါ်မှာ သူမ စိတ်မဝင်စားပေမယ့် မိစ္ဆာတွေထဲမှာရှိတဲ့ သလင်းအမြူတေတွေကိုတော့ စိတ်ဝင်စားပါတယ်။
{RIPမိစ္ဆာအပေါင်းတို့ ကောင်းရာသုဂတိလားပါစေ ဒါမှမဟုတ်ရင်လည်း ဖရိုဖရဲအခြေအနေမဖြစ်ခင်မှာ ထွက်ပြေးကြပါတော့။ နောက်တစ်နည်းကတော့ လှူဒါန်းမှုအစီအစဉ်လေးလုပ်လိုက်ပါလား မူရင်းဘာသာပြန်သူ Sky}
"အဲ့ဒါတင်မကသေးဘူး ဒီသုံးယောက်က အခုဆိုရင် အဲ့ဒီစွန့်ပစ်နယ်မြေတွေရဲ့ မဟာသခင်ကြီးတွေဖြစ်သွားပြီလေ။ နောက်ပြီးတော့လည်း ဧကရာဇ်က သူတို့သုံးယောက်အတွက် အထူးအမိန့်တွေခွင့်ပြုချက်တွေ ထုတ်ပြန်ပေးထားပြီး အဲ့ထဲကတစ်ချက်ကတော့ သူတို့က မင်းမျိုးမင်းနွယ်တည်ရှိမှုကို လျစ်လျူရှုနိုင်ပြီး သီးခြားလွတ်လပ်တဲ့နေရာတစ်ခုအဖြစ် တည်ရှိနေမှုပဲ"
ထိပ်တန်းလိပ်နက်မျိုးနွယ်စုနဲ့ မျိုးနွယ်စုရဲ့ အရေးပါအရာရောက်တဲ့ တန်နာဇီလိုမျိုးနွယ်ဝင်တွေတောင် စွန့်ပစ်နယ်မြေရဲ့မဟာသခင်တွေလို အထူးအခွင့်အရေးခံစားခွင့် မရှိပါဘူး။
ရှန်ယန်ရှောင်က စိတ်လှုပ်ရှားနေတဲ့ တန်နာဇီအားကြည့်လိုက်ကာ တွေးဆရင်းပြောလိုက်တာက "ပြိုင်ပွဲရှိတယ်ဆိုရင်တောင် သမားတော်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမယ်လို့ မင်းထင်သလား"
သမားတော်နဲ့ နတ်ဆရာတွေဆိုတာ အထောက်အကူပေးရတဲ့ အတတ်ပညာရပ်ဖြစ်ပြီး သူတို့အနေနဲ့လည်း ဘယ်တိုက်ပွဲမျိုးကိုမှ ပါဝင်လေ့မရှိသလို တစ်ယောက်ချင်းတိုက်ခိုက်ရတဲ့ပွဲဆိုပါက ကျန်တဲ့အခြားပညာရပ်ပညာရှင်တွေက သူတို့အား အလွယ်တကူတိုက်ခိုက်အနိုင်ယူနိုင်ပါတယ်။
နတ်ဆရာတွေကမှ အလင်းဒိုင်းနဲ့ကန့်သတ်အတတ်တွေက လုံခြုံမှုအတွက်အသုံးပြုနိုင်သေးသော်လည်း သမားတော်တွေအဖို့ကတော့ တိုက်ခိုက်မှုနဲ့ပတ်သတ်လာရင် လုံးဝကို ကွမ်းအိတ်ထဲကဖားလို ဘယ်အချိန်နေနေ အရိုက်ခံရမှာပါပဲ။
တန်နာဇီဟာ နှစ်ဝက်လောက်ကြိုတင်လေ့ကျင့်ပြင်ဆင်ကာ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မယ့်ဟန်နဲ့ အင်္ကျီလက်စကို ပင့်တင့်လိုက်ပါတယ်။
ဒါပေမဲ့ သိပ်မကြာလိုက်ခင်မှာပဲ တန်နာဇီရဲ့ ပါးစပ်က မဲ့သွားပြီး စိတ်လှုပ်ရှားနေတဲ့ သူ့မျက်နှာဟာလည်း မျက်နှာငယ်လေးဖြစ်သွားပါတော့တယ်။ သူဟာခေါင်းကိုငုံ့လိုက်ကာ တီးတိုးရေရွတ်လိုက်ပါတယ်။
"ဝင်ပြိုင်မယ်ဆိုရင် သမားတော်တွေက အနိုင်ကျင့်ခံရမှာပဲ။ နောက်ပြီး ငါတို့ကျောင်းကို ကိုယ်စားပြုအဖြစ်ဝင်မပြိုင်ခင်မှာ ငါတို့ကျောင်းတွင်း ပြိုင်ပွဲမှာ အနည်းဆုံးတော့ အဆင့်တစ်ဆယ်အတွင်း ရောက်နေဖို့ကလိုသေးတယ်ဟ"
ဆယ်စုနှစ်များစွာတိုင်အောင် အဆိုပါကျောင်းတွေမှာ အဆင့်တစ်ဆယ်အတွင်းမဆိုထားနဲ့ အဆင့်တစ်ရာအတွင်းဝင်ဖူးတဲ့ သမားတော်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
ဒါက တစ်ကယ့်ကို ဝမ်းနည်းဖို့ကောင်းပါတယ်.....
"အဲ့အကြောင်းတွေးနေတာထက် အိပ်ပျော်ဆေးရည်ကို ဘယ်လိုဖော်စပ်ရမလဲဆိုတာကို လေ့လာလေ့ကျင့်တာကမှ ပိုကောင်းမယ်။ နောက်တစ်ပါတ်ကျရင် နည်းပြက စစ်ဆေးမှုလုပ်မှာတဲ့ အဲ့တာကို မအောင်ရင် မင်းကတော့ခရမ်းအတန်းကနေ ပြောင်းရတော့မှာပဲ"လို့ သူမရဲ့နေ့လည်စာကို လက်စသတ်ပြီးတာနဲ့ လက်ရှိအကြပ်အတည်းကို သတိပေးလိုက်ပါတယ်။
အပါတ်တိုင်းမှာ ကျောင်းသားတိုင်းကို လုပ်ဆောင်ချက်တစ်ခုလုပ်ဆောင်ခိုင်းပါတယ်။ တစ်လအတွင်းမှာ လုပ်ဆောင်ခိုင်းတဲ့အရာလေးခုလုံးမှာ ကျဆုံးခဲ့ရင်တော့ ကျောင်းသားတွေဟာ သူတို့ရဲ့လက်ရှိအတန်းကို လက်ပြနှုတ်ဆက်ရမှာဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ပဲ တန်နာဇီကတော့ သူ့ရဲ့လုပ်ဆောင်ချက်သုံးခုလုံးကို မအောင်မြင်ခဲ့တာကြောင့် ဒီလေးကြိမ်မြောက်လုပ်ဆောင်ချက်မှာသာ ထပ်မံကျရှုံးခဲ့ရင် သူ့အနေနဲ့ခရမ်းတန်းကနေ ထွက်ခွာရတော့မှာပါ။
အဆိုပါသတိပေးချက်ကို ကြားတာနဲ့ တန်နာဇီရဲ့ မျက်နှာဟာ ချက်ချင်းပဲအုံ့မှိုင်းသွားရှာပါတယ်။
သူဟာ ဆေးပညာရပ်ကို တစ်ကယ်စိတ်ပါလက်ပါ လေ့လာသင်ကြားနေတာ အမှန်ပါပဲ ဒါကိုဘာလို့များ သူလုပ်သမျှဆေးတွေအားလုံးက မအောင်မမြင်ဖြစ်ခဲ့ရတာလဲဗျာ......
တစ်ဖက်မှာကြည့်လိုက်ရင်တော့ ပြီးခဲ့တဲ့ရက်တွေမှာ နေ့တစ်ဝက်ပျောက်ပျောက်သွားတဲ့ ရှန်ယန်ရှောင်ကတော့ ဖော်စပ်သမျှတိုင်း အောင်မြင်ရုံသာမကဘဲ အမြန်ဆုံးပြီးသူဖြစ်လို့ နည်းပြကတောင် မချီးမွမ်းဘဲ မနေနိုင်ပါဘူး။
နေ့စဉ်နေ့တိုင်းမှာ သူတို့တွေဟာ အိပ်ချိန်နဲ့စားချိန်ကလွဲရင် ကျန်တဲ့အချိန်တွေကို ဆေးပညာရပ်ကို လေ့လာဆည်းပူးလေ့ကျင့်တာနဲ့ပဲ ကုန်ဆုံးခဲ့ကြတာပါ။ ဒါပေမဲ့ ဒီတိရစ္ဆာန်ကောင် ရှန်ဂျူကလေ တစ်ရက်မှာငါးနာရီသာ ဆေးပညာရပ်ကို လေ့လာတာကို မင်းတွေ့ရမှာဖြစ်လို့ အဲ့ကောင်က သူ့ကိုယ်သူဘယ်တော့မှ အပင်ပန်းမခံရဘဲ သာသာယာသာနေလို့ရနေတယ်လေ။
သနားညှာတာစိတ်မရှိတဲ့ကောင်...ဒီသနားညှာတာစိတ်မရှိတဲ့ကောင်ကတော့လေ ဟား(သက်ပြင်းချသံ)
တန်နာဇီ အလွန်အမင်းစိတ်ဓာတ်ကျဆင်းနေပါတယ်။ ရှန်ယန်ရှောင်ရဲ့ ဆေးပညာအရည်အချင်းက တစ်ကယ်ထက်မြက်ကောင်းမွန်တယ်ဆိုတာကို သူဝန်ခံပေမယ့် သူမကို အမြင်ကပ်တာကိုတော့ မတားဆီးထားပါဘူး။
"ငါပြောမယ် ဂျူလေး.အာ..မင်းသိပါတယ် ငါ မင်းရဲ့အစ်ကိုကြီးက ဒီတစ်ခေါက်မှာ အခြေအနေဆိုးထဲရောက်နေလို့ မင်းအနေနဲ့များ..."
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၅)
တန်နာဇီက သူမကို အမြင်ကပ်သော်လည်း သူမကို အားကိုးမယ်ဆိုတဲ့ သူ့ရည်ရွယ်ချက်ကိုလည်း မမေ့သေးပါဘူး။
ရှန်ယန်ရှောင်လည်း တန်နာဇီက သူ့ကိုသင်ကြားပေးဖို့ပြောမယ်ဆိုတာကို နားလည်သဘောပေါက်လိုက်ပါတယ်။
ဆေးပညာရပ်ဆိုင်ရာတွေကို လေ့လာသင်ကြားရတာဟာ သူမအတွက်တော့ တစ်ကယ့်ကိုလွယ်ကူနေတာတော့ အမှန်ပါပဲ။ လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကို မြင်တာနဲ့ သူမချက်ချင်းပဲနားလည်သွားပါတယ်။ ဒီအရည်အသွေးကိုတော့ သူမအမေရဲ့ဗီဇမျိုးရိုးကြောင့်လို့ သူမသတ်မှတ်ထားပါတယ်။
လေးဌာနမှာလည်း သူမရဲ့ကျောင်းသားဘဝက အဆင်ပြေချောမွေ့နေပြီဖြစ်ကာ သိပ်အရေးတကြီးမရှိတော့ပါဘူး။ ဒါကြောင့်မို့ တန်နာဇီရဲ့ တောင်းဆိုမှုအား သူမ စိတ်မပါ့တပါနဲ့ လက်ခံလိုက်ပါတယ်။
"ဟားဟား မင်းကို အားကိုးလို့ရမယ်ဆိုတာ ငါသိသားပဲ။ ဒီစစ်ဆေးမှုကို ငါအောင်တာနဲ့ မင်းဆီကို အပြာရောင်သလင်းပုလင်းအစုံလိုက် မင်းဆီကိုပို့ပေးမယ်နော်"
တန်နာဇီက စိတ်ကြည်သွားတာကြောင့် ကျေးဇူးတင်လက်ဆောင်ပေးမယ်လို့တောင် ပြောလိုက်ပါသေးတယ်။
အပြာရောင်သလင်းပုလင်းဆိုတာ ဆေးရည်သိုလှောင်ထည့်သွင်းတဲ့ပုလင်းပါ။ အပြာရောင်သလင်းက ဆေးရည်ကိုကြာရှည်ခံစေရုံသာမကဘဲ ဆေးစွမ်းကိုလည်း တည်ငြိမ်စေပါတယ်။ သမားတော်တွေအတွက်တော့ ရတနာတစ်ပါးဖြစ်ကာ တစ်ပုလင်းကို ရွှေရာကျော်ပေးရပါတယ်။ အစုံလိုက်ဆိုရင်တော့ ရွှေတစ်သောင်းနား ကပ်သွားမှာဖြစ်ပါတယ်။
"မင်းပွပေါက်တိုးလာတာလား"
ရှန်ယန်ရှောင်က အံ့အားသင့်သွားကာ ကိုရက်ရောကြီး တန်နာဇီအားတစ်ချက်ကြည့်လိုက်ပါတယ်။
တန်နာဇီပြောတာကတော့ "ပြောရရင် သိပ်မကြာခင်ရက်ပိုင်းတုန်းက ငါတို့တွေ လေးဌာနကိုသွားပြီး ပွဲကြီးပွဲကောင်းကြည့်ခဲ့ကြတယ်လေ ငါမင်းကိုလိုက်ခဲ့ဖို့ခေါ်တဲ့ဟာလေ မင်းကမလိုက်ချင်ခဲ့တာ။ ကြူရှီယာငနွားက လောင်းကြေးဖွင့်ခဲ့ပြီး ငါတို့အားလုံး ရွှေတွေသဲ့ယူလာခဲ့ကြရတာပဲ"
"..."
ဒီငနာကောင်တွေက သူမကိုအသုံးချပြီး လောင်းကြေးဖွင့်ခဲ့တယ်ပေါ့လေ။
သူမလည်း ရင်ထဲကနေ ဒီငနာလေးကောင်လုံးကို တံတွေးထွေးပစ်လိုက်ပါတယ်။
"ကောင်းပြီလေ အချိန်လည်းလင့်နေပြီ ငါလည်း ဒီနေ့လည်မှာလုပ်စရာလေးရှိလို့ မနက်ဖြန်ညနေခင်းမှာ ငါ မင်းကို ကူညီပေးမယ်"
ရှန်ယန်ရှောင်လည်း သက်ပြင်းချလိုက်ကာ ထရပ်လိုက်ပြီး ထွက်သွားဖို့အသင့်ဖြစ်နေပါပြီ။
"ပြောစမ်း ဒီရက်ပိုင်းတွေမှာ မင်းဘာတွေလျှောက်လုပ်နေတာလဲဟမ်"
ဒါက ရင်သပ်ဖွယ်ကောင်းမယ့် လျှို့ဝှက်ချက်တစ်ခုများလား ဟီးဟီးဟီး။ တန်နာဇီကလက်နဲ့မေးကိုထောက်လိုက်ကာ ရှန်ယန်ရှောင်ကို ကြည့်ရင်းမေးလိုက်ပါတယ်။
"ဒါက လျှို့ဝှက်ချက်လေ"
ရှန်ယန်ရှောင်က စကားဆုံးတာနဲ့ ချက်ချင်းလှည့်ထွက်သွားကာ နောက်ကိုတစ်ချက်မှ လှည့်မကြည့်တော့ပါဘူး။
သမားတော်ဌာနရဲ့ဂိတ်ပေါက်ကို ဖြတ်ပြီးတာနဲ့ ရှန်ယန်ရှောင်ဟာ ဂိုဒေါင်တစ်လုံးထဲသို့ ခိုးဝင်လိုက်ပြီးနောက် သူမရင်ဘတ်က သမားတော်တံဆိပ်အားဖြုတ်လိုက်ကာ လေးဌာနရဲ့တံဆိပ်အား ပြောင်းလဲတပ်ဆင်လိုက်ပါတယ်။
လေးဌာနရဲ့ခရမ်းတန်းကို သူမတက်ရောက်ခွင့်ရတာရဲ့ အကောင်းဆုံးအချက်ကတော့ ဝတ်စုံလဲဖို့မလိုတော့တာပါပဲ။ ဌာနတွေရဲ့ဝတ်စုံပုံစံတွေက အတူတူပဲဖြစ်ကာ တံဆိပ်ပဲကွဲပြားသွားတာ ဖြစ်ပါတယ်။
"အဲ့ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ကြိုးစားပါ"ဆိုပြီး သူမမျက်နှာဖုံးတပ်နေဆဲမှာပဲ ရှူရဲ့အသံကထွက်ပေါ်လာပါတယ်။
"ခင်ဗျားဘာပြောချင်တာလဲ"လို့ မျက်နှာဖုံးတပ်နေရင်းနဲ့ပဲ ရှန်ယန်ရှောင်က ရှူ့အားပြန်မေးလိုက်ပါတယ်။
သူမရဲ့အမြင်မှာတော့ ပြိုင်ပွဲဟာ ကျောင်းသားတွေက နာမည်ကြီးလူသိများဖို့အတွက် ပြိုင်တဲ့စင်တစ်ခုပါပဲ။ နောက်ပြီးအဲ့အတွက် ရမယ့်ဆုဆိုတာကလည်း ဖုန်းဆိုးနယ်မြေထဲက မိစ္ဆာတွေပြည့်နှက်နေတဲ့နေရာလေ ဘာသုံးစားမှာလဲ။
"ငါမင်းကို အရင်ကပြောခဲ့ဖူးသလိုပဲ ငါ့ရဲ့မူလစွမ်းအားကို ပြန်ရချင်ရင် သလင်းအမြူတေကိုစုပ်ယူဖို့လိုအပ်သလို တစ်ခုတည်းသောရွေးချယ်စရာလည်းဖြစ်တယ်။ မင်းကသာ ရှင်သန်နေထိုင်နေကြတဲ့ မိစ္ဆာတွေကိုသာ ရှာတွေ့နိုင်ခဲ့မယ်ဆိုရင် သူတို့ကိုယ်ကနေထုတ်လွှတ်နေတဲ့ အမှောင်စွမ်းအားက သလင်းအမြူတေကို စုပ်ယူမြိုချတာထက် ပိုထိရောက်လိမ့်မယ်"လို့ပြောလိုက်တဲ့ ရှူရဲ့စကားဟာ သူမကိုတုန်လှုပ်စေဖို့မရည်ရွယ်ပါဘူး။
ဒါပေမဲ့လည်း ရှန်ယန်ရှောင်လေးကတော့ တစ်ကယ့်ကိုပဲ ကြောင်အမ်းအမ်းဖြစ်သွားရပါတယ်။ သက်ရှိမိစ္ဆာကောင်တွေကို ရှာရမယ်တဲ့လား.....
ဒါက မိစ္ဆာတွေကို အရှင်ဖမ်းတာနဲ့ အတူတူပဲမဟုတ်ဘူးလားဟင်......
"ဒါပေါ့ကွာ မင်းသာ အဆင့်မြင့်မိစ္ဆာအချို့ကို ရှာတွေ့နိုင်မယ်ဆိုရင် ငါ့ရဲ့စွမ်းအားကလည်း မြန်မြန်ပြန်ရလာမှာဖြစ်သလို မင်းရဲ့တားမြစ်အမှတ်ကိုလည်း မြန်မြန်ဖျက်လို့ရမှာပေါ့"လို့ ဒီတင်ပြတောင်းဆိုမှုနဲ့ပတ်သတ်ပြီး ဘာမှမမှားဘူးလို့ယုံကြည်စွာနဲ့ ရှူက ထပ်ပြောလိုက်ပါတယ်။
"အဆင့်မြင့် မိစ္ဆာတွေ...ခင်ဗျားက ကျနော့်ကိုသူတို့စားတာခံစေချင်တာမဟုတ်ဘဲ သွားဖမ်းစေချင်တာရောသေချာရဲ့လား"လို့မေးလိုက်တဲ့ ရှန်ယန်ရှောင်ပါးစပ်ဟာ မဲ့သွားရပါတယ်။ တားမြစ်အမှတ်ကိုဖျက်မယ်ဆိုတဲ့ မက်လုံးက ကြီးမားပေမယ့် သူမရဲ့ အသက်လေးက ပိုပြီးအရေးကြီးပါတယ်နော်။