အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အပိုင်း ( 496 )
သူတို့အားလုံးကို သတ်
နယ်မြေ ၂၃၊ နဂါးအကျဥ်းချ တောင်ကြားလမ်း
နဂါးအကျဥ်းချ တောင်ကြားလမ်းသည် နယ်မြေ ၂၃၏ အရှေ့အရောက်ဆုံးသော စစ်မြေပြင်ဖြစ်ပြီး၊ ၎င်းသည် ကျူးရွှမ်တောင်ကြောအရှေ့တွင် တည်ရှိကာ၊ ကမ္ဘာ့ကြယ်တပ်ရင်းက ဤနယ်မြေသို့ ရောက်လာသည့် အချိန်တွင် ပထမဦးဆုံး ကျော်ဖြတ်ရမည့် ခံစစ်စည်းလည်း ဖြစ်သည်။
အဆိုပါ တောင်ကြားလမ်းအား မြင့်မားသော တောင်များနှင့် လှိုင်းထနေသော တောင်တန်းတို့ဖြင့် ဖန်တီးထားပြီး၊ ဧရာမနဂါးကြီးတစ်ကောင်က ကမ္ဘာမြေကို အကျဥ်းချထားသည့်သဖွယ် ဖြစ်နေသောကြောင့် နဂါးအကျဥ်းချ တောင်ကြားလမ်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
ဤအချိန်၌ တောင်ကြားလမ်းအတွင်းတွင် တဲပေါင်းများစွာ ရှိနေခဲ့ပြီး၊ ကြီးမားသော တပ်စခန်းတစ်ခုအဖြစ် ဖန်တီးထားခဲ့သည်။
သူတို့သည် ကမ္ဘာ့ကြယ် တပ်ရင်း ၁၀ပင် ဖြစ်သည်။
တပ်ရင်း ၁၀၏ အင်အားက အပြည့်အစုံ မဟုတ်ဘဲ၊ လူလေးထောင်မျှသာ ရှိနေခဲ့သော်လည်း၊ အဆိုပါ လူလေးထောင်၏ အရှိန်အဝါများသည် ယခင်က ကမ္ဘာ့ကြယ်၏ တပ်ရင်း ၃၁ထပ် လေးဆ၊ ငါးဆလောက်အထိ ပိုမိုအားကောင်းနေခဲ့သည်။
ကမ္ဘာ့ကြယ်၏ တပ်ရင်း ၁၀နှင့် ၃၁ကြားရှိ ကွာဟချက်မှာ အရေအတွက်တစ်ခုတည်းသာလျှင် မဟုတ်ပေ။
တပ်ရင်း ၁၀မှ တပ်သားတစ်ဦးချင်းစီတိုင်း၏ ခွန်အားမှာ တပ်ရင်း ၃၁မှ တပ်သားတိုင်းထပ် သာလွန်အားကောင်းနေခဲ့သည်။
ထို့ကြောင့် တပ်ရင်းတစ်ခုလုံး၏ စွမ်းအားမှာ အဆပေါင်းများစွာပို၍ သာလွန်အားကောင်းနေခဲ့သည်။
ယခုလက်ရှိ အချိန်၌ နဂါးအကျဥ်းချ တောင်ကြားလမ်းရှိ တပ်မှူးတဲအတွင်းတွင်
ဒုတပ်မှူးများ စုဝေးရောက်ရှိနေခဲ့သည်။
“ ကြယ်ပြာရဲ့ တပ်ရင်း ၂၃က အဲ့လောက်တောင် လျှို့ဝှက်ဆန်းကြယ်တာလား “
“ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲ့တာက ငါတို့ရဲ့တပ်ရင်း ၃၁က ဖျက်စီးတာကို ခံလိုက်ရမဲ့ တပ်ရင်းအဆင့် တပ်ဖွဲ့လေးတစ်ခုပဲလေ။ တပ်မှူးက ငါတို့ကို ဒီမစ်ရှင်ကို တကယ်ကြီး လုပ်ခိုင်းနေတာလား “
“ သစ်ကြားသီးကို ခွဲဖို့အတွက် ဘာလို့ တူကြီးကို သုံးရတာလဲ “
လူတစ်စုသည် တက်တက်ကြွကြွ ဆွေးနွေးပြောဆိုနေကြသည်။
ဤအချိန်၌ တပ်မှူးထိုင်ခုံတွင် ထိုင်နေသည့် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်လေးမှ စကားဝင်ပြောလာခဲ့သည်။
“ သူတို့ကို အထင်မသေးကြနဲ့။ ဒီနယ်မြေ ၂၃မှာက ငါတို့ သတိထားဖို့ လိုအပ်တဲ့ လူတစ်ယောက်ရှိနေတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
သူတို့အားလုံးသည် တပ်မှူးနေရာတွင် ရှိနေသည့် လူငယ်လေးကို ငေးကြည့်လာကြသည်။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် မြင်းမျက်နှာပုံစံ ဒုတပ်မှူးတစ်ဦးဖြစ်သူ၊ မာချန်မှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ ကျွန်တော်တို့ ဆရာလန်စုရဲ့ အာရုံစူးစိုက်မှုနဲ့ ထိုက်တန်တာက ဘယ်သူမို့လို့လဲ “
လန်စုသည် အနက်ရောင် အဆင့်ဇယားတွင် အဆင့် ၉၈၈နေရာကို ရယူထားသည့် ကမ္ဘာ့ကြယ်သား ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူသည် အစောပိုင်း ဆဌမအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။
သူသည် ကြယ်ပြာဂြိုဟ်၏ တပ်မှူးပေါင်းများစွာကို တိုက်ခိုက်အနိုင်ယူခဲ့ပြီး၊ တိုက်ပွဲတစ်ခုအတွင်း၌ အလယ်အလတ် ဆဌမအဆင့် ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်ခဲ့သေးသည်။
လန်စု၏ အရည်အချင်းက ကောင်းကင်သားတော်နှင့် တူညီနေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။
သူ၏ အာရုံကို ဆွဲဆောင်နိုင်သည့်လူမှာ သာမန်လူ မဖြစ်နိုင်ပေ။
ဤအခိုက်အတန့်တွင် လန်စုမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အဲ့တာက တပ်မှူး ညွှန်ကြားထားတဲ့ဟာပဲ။ တပ်ရင်း ၂၃မှာ ရှုကျိုးလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ ဒီတိုက်ပွဲက သူ့ကို ဖယ်ရှားဖို့အတွက်ပဲ “
“ အဲ့လူက နတ်စွမ်းရည်နှစ်မျိုးတည်း မဟုတ်ဘဲ သုံးမျိုးအထိ ဖွဲ့စည်းထားနိုင်ခဲ့တယ်လို့ ပြောကြတယ် “
“ နတ်စွမ်းရည် သုံးမျိုးလား “
မာချန်သည် တအံ့တဩ ဖြစ်သွားခဲ့သည်။
အမြင့်ပိုင်း အဆင့်များသို့ မရောက်ရှိသေးဘဲ နတ်စွမ်းရည် သုံးမျိုး တတ်မြောက်ထားခြင်းသည် ထိုလူ၏ စွမ်းအားက လုံးဝသာမန်မဟုတ်ဘူးဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
“ ပြီးတော့ အဲ့လူက တိုက်ခိုက်ရေး အစီအရင်ကို ကောင်းကောင်းကြီး ထိန်းချုပ်နိုင်ပြီးတော့၊ အစီအရင်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ပြီး၊ နှစ်ဆအထိတောင် မြှင့်တင်ပေးနိုင်တယ်လို့ ထောက်လှမ်းရေး သတင်းတွေအရ သိရတယ် “
လန်စုမှ ပေါ့ပေါ့ပါးပါး ဆက်ပြောလာခဲ့သည် “ တပ်ရင်း၃၁ကလည်း သူ့ကြောင့် မျိုးပြုတ်သွားတာပဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံး၏ အမူအရာများ လေးနက်သွားတော့သည်။
တစ်ခဏအကြာတွင် လန်စုမှ စကားဆက်ပြောလာပြန်သည် “ ဒါပင်မဲ့ ရှုကျိုးက အစောပိုင်း အဆင့်၅နယ်ပယ်မှာပဲ ရှိသေးတယ်၊ အဲ့တာကြောင့် အဲ့လူကို မြန်မြန်ဖယ်ရှားရအောင် တပ်မှူးက ငါတို့ကို လွှတ်လိုက်တာပဲ “
“ သူက အစောပိုင်း အဆင့်၅နယ်ပယ်မှာပဲ ရှိနေသေးတာလား “
“ အဲ့တာဆိုရင်တော့ ဘာမှ တွေးပူနေဖို့ မလိုတော့ဘူး။ သူက အဆင့်၆နယ်ပယ်က ပညာရှင်တစ်ယောက်လို့ ငါထင်နေခဲ့တာ “
“ ဟက်၊ ငါက အားနည်းတဲ့လူတွေကို အနိုင်ကျင့်ရတာကို အကြိုက်ဆုံးပဲ၊ ရှုကျိုးမလား။ သေချင်ပင်မဲ့ မသေရဘူးဆိုတဲ့ အဓိပ္ပါယ်ကို သူသိသွားအောင် ငါပြမယ် “
အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများချနေကြတော့သည်။
မာချန်မှ မြှောက်ပင့်ပြောဆိုလာခဲ့သည် “ ဆရာလန်စုက ဒီမှာရှိနေတာပဲလေ၊ တကယ်လို့ အဲ့လူက အဆင့်၆နယ်ပယ်မှာ ရှိနေမယ်ဆိုရင်တောင်မှ၊ သူက ကျွန်တော်တို့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး “
“ တကယ်လို့ ရှုကျိုးက တိုက်ခိုက်ရေး အစီအရင်တွေကို ဩချဖို့ကောင်းတဲ့အထိ ထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ၊ တပ်မှူးလန်ရဲ့ အရှေ့မှာတော့ သူက လက်ဝေ့ယမ်းလိုက်ရုံနဲ့ လွယ်လွယ်ကူကူ ဖယ်ရှားလို့ရတဲ့ လူပြက်တစ်ယောက်သာသာပဲ “
လန်စုသည် လွန်စွာ စိတ်ကျေနပ်နေပုံရကာ၊ အသာအယာ ပြုံးနေတော့သည်။
“ ငါ့အတွက်တော့ ရှုကျိုးကို ကိုင်တွယ်ရတာက လက်ကောက်ဝတ်လေး လှုပ်ရှားလိုက်ရုံပါပဲ၊ ဒါပင်မဲ့ ……. “
သူသည် အလေးအနက်ထား၍ ပြောဆိုလာခဲ့သည် “ တပ်ရင်း ၃၁တစ်ခုလုံး အပြတ်ရှင်းခံလိုက်ရတာက တော်တော်လေးကို သက်ရောက်မှုဖြစ်သွားစေခဲ့တယ်။ အဲ့တော့ ငါတို့ရဲ့ တိုက်ပွဲကို သေချာပေါက် ……. “
ဂျိမ်းးးးး
သူ့စကားမဆုံးခင် အချိန်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသည် ကောင်းကင်ထက်မှ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
ထိုအသံကို ကြားလိုက်ရသောအခါတွင် လူတိုင်း အံ့အားသင့်သွားကြသည်။
ဘာတွေ ဖြစ်နေတာလဲ
ဘာလို့ မိုးကြိုးပစ်လာရတာလဲဟ
လန်စုသည် သူ၏မျက်လုံးများကို မှိတ်၍ စူးစမ်းလေ့လာခဲ့ပြီး၊ ထို့နောက်တွင် အမူအရာ ပြောင်းလဲသွားကာ မျက်လုံးများ ချက်ချင်းပြန်ဖွင့်လာခဲ့သည် “ တစ်ခုခုက ဒီကို မြန်မြန်ဆန်ဆန် ရောက်လာတယ် “
…
အစောပိုင်း အချိန်များအတွင်းက
နဂါးအကျဥ်းချ တောင်ကြားလမ်း၏ အပြင်ဘက် မိုင်၅၀အကွာတွင်
မီတာ ၆၀ကျော် မြင့်မားသည့် ရွှေနက်ရောင် သားရဲကြီးတစ်ကောင်သည် တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
၎င်းမှာ အရိပ်သားရဲ မျိုးနွယ်စုဝင်အဖြစ် ပြောင်းလဲထားသည့် နဂါးသားရဲကြီးပင် ဖြစ်သည်။
“ တပ်ရင်း ၁၀ရဲ့ နေရာက အရှေ့ဘက်မှာ ရှိနေတာလား “
နဂါးသားရဲကြီးသည် အဝေးသို့ လှမ်းကြည့်ကာ ရန်သူ့အင်အား အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
မူလကိုယ်နှင့် စိတ်ဝိညာဥ် မျှဝေခြင်း အကျိုးကျေးဇူးကြောင့် သူသည် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၁၀၏ တည်နေရာကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
အားကောင်းလွန်းလှသော စိတ်ဝိညာဥ်စွမ်းအားကြောင့် သူသည် မိုင်၅၀အကွာတွင် ရှိနေသည့် တပ်စခန်းမှ အားကောင်းသော ရန်သူအရေအတွက်ကို အကြမ်းဖျင်း ခွဲခြား သိရှိသွားခဲ့သည်။
“ အစောပိုင်း အဆင့်၆ နှစ်ယောက်၊ အဆင့်၅ အထွတ်အထိပ် အယောက် ၃၀ကျော်နဲ့ ကျန်တဲ့လူတွေက နှောင်းပိုင်း အဆင့်၅တွေချည်းပဲ “
နဂါးသားရဲကြီး၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည် “ အံ့ဩစရာပဲ။ ဒီလိုစုဖွဲ့မှုမျိုးက တပ်ရင်း ၂၃ကို အမှုန့်ကြိတ်ဖို့ လုံလောက်တာထပ်တောင် ပိုနေပြီ “
ကမ္ဘာ့ကြယ်၏ အဆင့်မြင့် အရာရှိများသည် သူတို့၏ တပ်ရင်း ၂၃ကို လွန်စွာတန်ဖိုးထားနေသည့်ပုံပင်။
“ ငါ့ရဲ့ အခုလက်ရှိ အခြေအနေနဲ့တောင် ဒီလိုအင်အားစုမျိုးကို ရင်ဆိုင်ရတာက တော်တော်လေးကို ပြဿနာများမှာ “
နဂါးသားရဲကြီးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ ကြည့်ရတာတော့ ရှိတာ အကုန်ထုတ်သုံးရမဲ့ပုံပဲ ”
သူ၏ခန္ဓာကိုယ် ယိမ်းနွဲ့သွားပြီး၊ ကိုယ်ပွားများ ပေါ်ထွက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပွားအခု ၂၀သည် သူ၏ဘေးဘက်တွင် ပေါ်လာခဲ့သည်။
ကိုယ်ပွားတစ်ခုချင်းစီတိုင်းသည် သူနှင့် အရွယ်အစား တူညီနေခဲ့ပြီး၊ အားလုံး တစ်ပြိုင်နက် ပေါ်ထွက်လာသောကြောင့် တောင်ထိပ်သည် ၎င်းကို တောင့်မခံနိုင်တော့ဘဲ ပြိုကျတော့မည့် လက္ခဏာရပ်များပင် ပြသလာခဲ့သည်။
နဂါးသားရဲကြီးသည် ချက်ချင်းမလှုပ်ရှားသေးဘဲ၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့သည် “ ကိုယ်ပွား အခု ၂၀၊ အကုန်လုံးက အရိပ် မျိုးနွယ်စုဝင်တွေ ဖြစ်နေတော့၊ အတုကြီးဆိုတာ သိသာလွန်းနေတယ်။ သူတို့တွေကို ကမ္ဘာ့ကြယ်ရဲ့ တစ်ခြားသားရဲမျိုးနွယ်စုဝင်တွေအဖြစ် ရုပ်ဖျက်ပေးသင့်တယ် “
……………………………………………………………………………………………………………………………………….
အပိုင်း ( 497 )
သူတို့အားလုံးကို သတ် ၂
အရိပ်သားရဲသည် ကမ္ဘာ့ကြယ်တွင် အလွန်ရှားပါးသော တည်ရှိမှုတစ်ခုဖြစ်ကာ တစ်ကိုယ်တော် လှုပ်ရှားရခြင်းကို ကြိုက်နှစ်သက်လေ့ရှိသည်။
များသောအားဖြင့် အလယ်အလတ် ဆဌမအဆင့် အရိပ်သားရဲတစ်ကောင်သည် အများဆုံးအနေဖြင့် တွဲဖက်ဆယ်ဦးပါဝင်သည့် အဖွဲ့တစ်ခုဖြင့်သာ အတူတကွ လှုပ်ရှားရန် သည်းခံနိုင်လေ့ရှိသည်။
နဂါးသားရဲကြီးမှာ အစောပိုင်း ဆဌမအဆင့်တွင်သာ ရှိနေသေးသောကြောင့် ယခုကဲ့သို့ တွဲဖက်အများအပြား ခေါ်ဆောင်သွား၍ မဖြစ်ပေ။
“ ဖရူးးး “
မကြာခင်မှာပင် ကိုယ်ပွားအခု၂၀အနက် ၁၅ခု၏ အသွင်အပြင်များမှာ စတင်၍ ပြောင်းလဲလာခဲ့သည်။
မူလကိုယ်က သားရဲတစ်သောင်းတုပခြင်းကို တတ်မြောက်ထားသောကြောင့် ကိုယ်ပွားများကလည်း ၎င်းကို ကျွမ်းကျင်ကြသည်။
တစ်ခဏ အကြာတွင် နွားဦးခေါင်းသားရဲ ၁၅ကောင် ပေါ်လာခဲ့ပြီး၊ ကျန်ရှိနေသည့် ကိုယ်ပွား၅ခုကမူ အရိပ်သားရဲအဖြစ်သာ ဆက်လက်တည်ရှိနေခဲ့သည်။
“ ဒီလိုဆိုရင်တော့ ပိုပြီးတော့ အဓိပ္ပါယ်ရှိသွားပြီ “
နဂါးသားရဲကြီးသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
ထို့နောက်၌ သူသည် နဂါးအကျဥ်းချ တောင်ကြားလမ်းရှိရာဘက်သို့ လှည့်ကြည့်ကာ၊ လျှာတသပ်သပ် ဖြစ်သွားတော့သည်။
“ ကမ္ဘာ့ကြယ်သားတွေရဲ့ အရသာက ဘယ်လိုနေမလဲဆိုတာကို ငါသိချင်မိတယ်။ အတော်လေး မျှော်လင့်မိနေပြီ “
ဝုန်းး
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် ဧရာမ သားရဲ ၂၁ကောင်သည် ဒုံးကျည်များကဲ့သို့ ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့ကာ နဂါးအကျဥ်းချ တောင်ကြားလမ်းဘက်သို့ တဟုန်ထိုး ပျံသန်းသွားကြသည်။
…
နဂါးအကျဥ်းချ တောင်ကြားလမ်းအတွင်း၌
လန်စုသည် ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံသန်းလာခဲ့ပြီး၊ အဝေးသို့ လှမ်းကြည့်နေလျက်ရှိသည်။
“ ဟမ်။ အဲ့တာက …… “
ထို့နောက်တွင် လန်စုသည် လက်ဝေ့ယမ်းပြကာ စကားပြောလာခဲ့သည် “ အထိတ်တလန့် ဖြစ်နေဖို့ မလိုဘူး။ အဲ့တာက အရိပ်သားရဲနဲ့ နွားခေါင်းသားရဲကောင်တွေပဲ “
သူသည် ၎င်းတို့ကို တစ်ချက်မျှ ငေးကြည့်ရုံဖြင့် မှတ်မိနေခဲ့သည်။ သူတို့၏တပ်စခန်းဆီသို့ ပျံသန်းလာနေသည့် သူများသည် ကမ္ဘာ့ကြယ်၏ အဓိက သားရဲမျိုးနွယ်စုနှစ်ခုမှ အဖွဲ့ဝင်များ ဖြစ်သည်။
မာချန်နှင့် တစ်ခြားလူများမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။
သူတို့သည် တပ်ရင်း ၂၃က သူတို့ကို တိုက်ခိုက်လာသည်ဟု ထင်နေကြခြင်း ဖြစ်သည်။
ကမ္ဘာ့ကြယ် သိုင်းပညာရှင်များနှင့် သားရဲမျိုးနွယ်စုများက မသင့်မမြတ် ဖြစ်နေကြသော်လည်း စစ်ဖြစ်နေစဥ်ကာလတွင် တစ်ဖက်နှင့်တစ်ဖက် မတိုက်ခိုက်ကြရန် ယာယီ မဟာမိတ်ဖွဲ့ထားခဲ့သည်။
ထို့ကြောင့် သူတို့နှင့် သားရဲမျိုးနွယ်စုများအကြားရှိ တင်းမာမှုမှာ ယခင်ကလောက် ပြင်းထန်မနေတော့ပေ။
ဤအချိန်တွင် လန်စုသည် အရှေ့သို့ ဦးဆောင်ပျံသန်းသွားကာ လက်သီးဆုပ်၍ အရိုအသေပြုလာခဲ့သည် “ အရိပ်မျိုးနွယ်စုက မိတ်ဆွေ၊ မင်းကို ဘယ်အရာက ဒီနေရာအထိ ရောက်လာစေခဲ့လဲဆိုတာကို ငါမေးလို့ရမလား “
အရိပ်မျိုးနွယ်စုသည် ကမ္ဘာ့ကြယ်တွင် ဂုဏ်သိက္ခာမြင့်မားသည့် တည်ရှိုမှုတစ်ခု ဖြစ်သည်။
သူတို့မျိုးနွယ်စုသည် အမှောင်နယ်မြေနှင့် လက်ပွန်းတနီးရှိနေသည်ဟုပင် ဆိုကြသည်၊ ထို့ကြောင့်ပင် ကမ္ဘာ့ကြယ်ပေါ်ရှိ သူတို့၏ အဆင့်အတန်းမှာ အတော်အတန် မြင့်မားနေရခြင်း ဖြစ်သည်။
ကမ္ဘာ့ကြယ်၏ အဆင့်မြင့် သိုင်းပညာရှင်များကပင် သူတို့ကို တယဥ်တကျေး ဆက်ဆံရလေ့ရှိသည်။
ထို့ကြောင့် ယခုတွင် လန်စုမှ တလေးတစား စကားပြောလာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် အဆိုပါ သားရဲအုပ်သည် လန်စု၏ နှုတ်ဆက်မှုကို လုံးဝလျစ်လျူရှုထားပြီး၊ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ဆက်လက်ပျံသန်းလာခဲ့သည်။
“ ဝုန်းးးး “
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ နတ်ဆိုးစွမ်းအင်များ ပေါက်ထွက်လာခဲ့ပြီး၊ ဧရာမ အနက်ရောင် လက်ကြီးအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာ့ကြယ်တပ်စခန်းကို တိုက်ရိုက်ချေမွလာခဲ့သည်။
“ ဝရုန်းးးးး “
ချက်ချင်းဆိုသလိုပင် လက်မည်းကြီးသည် ကောင်းကင်ပြင်ကို ဖုံးအုပ်သွားပြီး၊ အလွန်တရာ အားကောင်းသည့် ဖိအားကို ထုတ်လွှတ်ကာ အောက်သို့ ကျဆင်းလာရင်းဖြင့် အရာအားလုံးကို ချေမှုန်းလာခဲ့သည်။
ကမ္ဘာ့ကြယ်တပ်စခန်းမှာ သတိကပ်မနေသောကြောင့် ဒါဇင်နှင့်ချီသော ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့မှာ ဘဝနိဂုံးနှင့် ဆုံတွေ့သွားခဲ့ရပြီး၊ ရာနှင့်ချီသော လူများက ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။
“ ဒါက …. “
လန်စုနှင့် တစ်ခြားလူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ
ဒီသားရဲတွေက ငါတို့တပ်စခန်းကို ဘာကိစ္စ ဖျက်ဆီးလာကြရတာလဲဟ
သူတို့သည် ဤသားရဲမျိုးနွယ်စုနှစ်ခုက စကားတစ်ခွန်းမှ မပြောဘဲ တိုက်ရိုက်တိုက်ခိုက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် လန်စု၏ တုံ့ပြန်မှုမှာ အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ နှစ်စက္ကန့်မျှ မိန်းမောနေခဲ့ပြီးသည့်နောက်တွင် သတိပြန်ဝင်လာခဲ့သည်။
“ မင်းတို့ တိရစ္ဆာန်ကောင်တွေ “
ခြောက်ခြားဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထို့နောက်၌ လန်စုသည် ကောင်းကင်ထက်သို့ ပျံသန်းလာခဲ့ကာ ဒေါသတကြီး အော်ပြောလာခဲ့သည် “ တပ်ဖွဲ့အားလုံး၊ တိုက်ခိုက်ရေး အစီအရင် ဖွဲ့မယ် “
“ ဟုတ် “
တပ်ရင်း ၁၀က ကမ္ဘာ့ကြယ်၏ ထိပ်တန်းတပ်ရင်းဆိုသည့် အမည်နှင့် အမှန်ပင် ထိုက်တန်သည်ဟုပြောရမည် ဖြစ်သည်။
ရုတ်တရက် တိုက်ခိုက်ခံရခြင်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားကြသော်လည်း၊ အချိန်တိုအတွင်းမှာပင် တိုက်ခိုက်ရေး အစီအရင်ကို ဖွဲ့စည်းနိုင်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူသုံးထောင်ကျော်ပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်တစ်ခုသည် ကောင်းကင်ထက်တွင် ဖြစ်တည်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ကာ၊ တိမ်သားတိမ်စိုင်များကို လှုပ်ခါသွားစေခဲ့သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် နဂါးသားရဲကြီးကပင် ဤတပ်ရင်းကို မလေးစားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
အကယ်၍ ဤနေရာတွင် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၃၁သာ ဖြစ်နေမည်ဆိုပါက အချိန်မှီ သတိပြန်ဝင်လာမည် မဟုတ်ပေ။
မကြာခင် အချိန်မှာပင် နဂါးသားရဲကြီးသည် ရှေ့သို့ပြေးတက်ကာ အော်ပြောလာခဲ့သည် “ ကာဂူမီကီ၊ ဒါနီကစ်ချ် “
ကြယ်ပြာဂြိုဟ်၏ ဘာသာစကားအရ ၎င်းသည် မင်းတို့အရူးကောင်တွေ ငါတို့ရဲ့ အစီအစဥ်ကို ဖျက်စီးလိုက်တယ်ဟု ဆိုလိုနေခြင်းဖြစ်သည်။
ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်အဖြစ် ရုပ်ဖျက်ထားသောကြောင့် ကျရာဇာတ်ရုပ်မှတစ်ဆင့် အကောင်းဆုံး သရုပ်ဆောင်ရမည် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လန်စုသည် တစ်ခဏခန့် တွေဝေမိန်းမောသွားခဲ့သည်။
ငါတို့က သားရဲမျိုးနွယ်စုရဲ့ အစီအစဥ်ကြီးကို ဖျက်စီးခဲ့တာလား
ဘာအစီအစဥ်ကြီးလဲဟ
“ တောင်ပိုင်းစစ်မြေပြင်နဲ့ ဆိုင်နေတာများလား “ လန်စုသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ အနက်ရောင် အဆင့်ဇယား၏ ပါရမီရှင်တစ်ဦး ဖြစ်သည့်အလျောက် သူသည် သားရဲမျိုးနွယ်စု၏ အမှောင်နယ်မြေလမ်းကြောင်း ကိစ္စအကြောင်းကို အနည်းငယ် ကြားသိထားခဲ့သည်။
လမ်းကြောင်းမှာ ပြဿနာတစ်ခုခု ဖြစ်လာလို့လား
ဒါပင်မဲ့ အဲ့တာက ငါတို့နဲ့ ဘာဆိုင်လို့လဲဟ
သူဆက်၍ မတွေးတောမစဥ်းစားနိုင်ခင် အချိန်မှာပင် နဂါးသားရဲကြီးဦးဆောင်သည့် သားရဲတစ်အုပ်က တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လာခဲ့သည်။
“ သားရဲမျိုးနွယ်စုက မိတ်ဆွေတို့၊ တစ်ခုခုကို နားလည်မှု လွဲနေတာ ဖြစ်မှာပါ …… “
လန်စုမှ ကျယ်လောင်စွာ အော်ပြောလာခဲ့ပြီး၊ တစ်ဖက်က ဆက်လက်၍ တိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအခါတွင် သူ၏အမူအရာ အေးစက်သွားခဲ့သည် “ လူယုတ်မာတစ်စု မင်းတို့ကိုယ်မင်းတို့ တော်တော်ကြီးကို အရေးပါတယ်လို့ ထင်နေတာလား “
“ တပ်ဖွဲ့အားလုံး၊ အားကောင်းတဲ့ တိုက်ခိုက်ရေး အစီအရင်ကို ဖွဲ့ပြီးတော့ အဲ့ကောင်တွေကို ငါ့အတွက် ဖိနှိပ်ကြ “
“ ဟုတ် “
လန်စု၏အမိန့်အောက်တွင် တပ်ရင်း ၁၀၏ စစ်သည်တော် အယောက် သုံးထောင်ကျော်သည် တစ်ညီတစ်ညာတည်း အော်ဟစ်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မီတာ ၁၀၀၀ ရှည်လျားသည့် ကြက်သွေးရောင် လှံတစ်ချောင်းသည် တိုက်ခိုက်ရေး အစီအရင်၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
“ ဖိနှိပ် “
လန်စုသည် အစီအရင်အထက်တွင် နေရာယူ၍ လက်ညှိုးထိုးလာခဲ့ရာ၊ ကြက်သွေးရောင်လှံမှာ ရှေ့သို့ ပြေးဝင်သွားတော့သည်။
အနက်ရောင် အဆင့်ဇယားတွင် အဆင့် ၉၈၈ချိတ်သည့် လူတစ်ဦးအနေဖြင့် သူသည် ထူးခြားသော ခွန်အားကိုသာလျှင် ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ၊ တိုက်ခိုက်ရေး အစီအရင်ကိုပါ ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိကာ အစီအရင်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်သည်အထိ စွမ်းဆောင်နေနိုင်ခဲ့သည်။
လှံဖြတ်သန်းလာသည်နှင့်အမျှ ၎င်း၏ အရှိန်အဝါသည် အရပ်မျက်နှာ ရှစ်ခုစလုံးသို့ ပျံ့လွင့်သွားပြီး၊ မိုင်တစ်ရာအတွင်းရှိ တောင်များ ပြိုကျပျက်စီးသွားကာ၊ ပေါက်ကွဲသံများ ပဲ့တင်ထပ်ပေါ်ထွက်လာခဲ့သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးသည် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်ကိုပင် အမှောက်သိပ်နိုင်ပေသည်။
၎င်းကို မြင်လိုက်ရသော်လည်း နဂါးသားရဲကြီးမှာ အေးဆေးတည်ငြိမ်နေစဲသာ ဖြစ်သည်။
“ သွား “
၎င်းသည် ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းကို ထုတ်ယူလိုက်သည်။
ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းသည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ စွမ်းအားများ ပေါက်ထွက်လာခဲ့သည်။
ဗွီ
ခေါင်းလောင်းအသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကြက်သွေးရောင်လှံသည် တစ်ခဏခန့် ရပ်တန့်သွားပြီး၊ ထို့နောက် ပြောင်းပြန်လှန်သွားကာ ကမ္ဘာကြယ်တပ်စခန်းဘက်သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ အဲ့တာက ကောင်းကင်ဝါးမြိုခေါင်းလောင်းလား “
လန်စု၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူသည် ၎င်းက နွားခေါင်းသားရဲ မျိုးနွယ်စု၏ ရတနာဖြစ်ပြီး၊ ၎င်းက ရန်သူ့၏ နတ်စွမ်းရည်များကို မိမိ၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြန်၍ပြောင်းလဲပေးနိုင်စွမ်း ရှိသည်ဆိုသည်ကို ကောင်းစွာမှတ်မိနေခဲ့သည်။
ထိုအချိန်တွင် သူသည် နွားခေါင်းမျိုးနွယ်စု၏ အထောက်အထားကို အပြည့်အဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
သူတို့၏ ရတနာပစ္စည်းကိုပင် ယူဆောင်လာခဲ့သောကြောင့် ကိစ္စကြီးတစ်ခု ဖြစ်ပွားသွားခဲ့သည်မှာ အလွန်တရာ သေချာနေပြီ ဖြစ်သည်။
“ အစီအရင်ကို ရုတ်သိမ်းပြီး၊ ခုခံရေး အစီအရင် ဖွဲ့ “
လန်စုမှ အလောတကြီး အော်ပြောလာခဲ့သည်။
အစီအရင်သည် လျင်မြန်စွာ အသက်ဝင်လာခဲ့ပြီး၊ ဧရာမ ဒိုင်းကာကြီးတစ်ခု ဖြစ်တည်လာခဲ့ကာ ၎င်းသည် စစ်သည်တော် အယောက်သုံးထောင်ကျော်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခု လှိုက်တက်လာခဲ့သည်။
ဇွီ
အေးစက်စက် လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ မိုင်တစ်ရာအတွင်းရှိ အရာအားလုံးကို အေးခဲတောင့်တင်းသွားစေခဲ့သည်။
ကမ္ဘာ့ကြယ် စစ်တပ်မှ ဖန်တီးလိုက်သည့် ဒိုင်းကာကပင် အေးခဲတောင့်တင်းသွားပြီး၊ ၎င်း၏ အကျိုးသက်ရောက်မှုမှာလည်း လုံးဝပျောက်ဆုံးသွားခဲ့သည်။
“ အဲ့တာက ……. ရေခဲနယ်မြေ တားမြစ်မျှော်စင်လား ”
လန်စုသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ အဲ့တာက သူ့လက်ထဲကို ဘယ်လိုလုပ် ရောက်နေရတာလဲ “
ရေခဲနယ်မြေ တားမြစ်မျှော်စင်၏ မူလပုံစံသည် ကမ္ဘာ့ကြယ်၏ မြင့်မြတ်ရတနာ ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည်။ ၎င်းက ပုံစံတူတစ်ခုသာဖြစ်သော်လည်း၊ အတော်လေး ထင်ရှားကျော်ကြားနေစဲပင် ဖြစ်သည်။
အဲ့ရတနာက နဝမအဆင့် ပညာရှင်တစ်ယောက်ဆီမှာ ရှိနေသင့်တာလေ၊ ဘယ်လိုလုပ် အရိပ်သားရဲဆီကို ရောက်နေရတာလဲဟ
“ ဝေါင်းးး “
နဂါးသားရဲကြီးသည် သူတွေးတောစဥ်းစားနေရန် အခွင့်အရေး မပေးဘဲ၊ ကျယ်လောင်စွာ ဟိန်းဟောက်ကာ ကိုယ်ပွားအခု ၂၀နှင့်အတူ ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ နတ်ဆိုးစွမ်းအင်သည် မီတာငါးထောင်ရှည်လျားသည့် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး၊ သေမင်းလှံတံကဲ့သို့ ကမ္ဘာ့ကြယ် စစ်တပ်၏ အစီအရင်ကို ထိုးဖောက်လာခဲ့သည်။
ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းနှင့် ရေခဲနယ်မြေ တားမြစ်မျှော်စင်တို့၏ အစွမ်းသတ္တိများအောက်တွင် ကမ္ဘာ့ကြယ် အစီအရင်သည် ၎င်း၏ အလုပ်ကို မလုပ်ဆောင်နိုင်တော့သည်အထိ ဖြစ်သွားခဲ့သည်။
“ ဝုန်းးး “
ဓားသည် ဒိုင်းကာကို အလွယ်တကူ ထိုးဖောက်သွားခဲ့ပြီး၊ ကမ္ဘာ့ကြယ်စစ်တပ်ထံသို့ အားကောင်းသော အဖျက်အစီးစွမ်းအားဖြင့် တိုးဝင်လာခဲ့သည်။
ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ်
ချက်ချင်းဆိုသလိုပင် လူတစ်ထောင်ကျော် ပေါက်ကွဲသေဆုံးသွားခဲ့သည်။
ကျန်ရှိနေသည့် လူနှစ်ထောင်ကျော်မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
တပ်မှူးဖြစ်သည့် လန်စုမှာ အပြင်းထန်ဆုံးသော ဒဏ်ရာကို ရရှိသွားခဲ့ပြီး၊ သူ၏စွမ်းအားကြောင့် မသေဆုံးသွားခဲ့သော်လည်း၊ သူ၏အရှိန်အဝါမှာ လျင်မြန်စွာ အားပျော့သွားခဲ့ကာ တိုက်ခိုက်နိုင်စွမ်းကို လုံးဝလက်လွှတ်လိုက်ရလုနီးပါး ဖြစ်သွားခဲ့သည်။
တစ်ကွက်တည်းဖြင့် တပ်ရင်း၁၀မှာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
နဂါးသားရဲကြီးသည် ထိုမြင်ကွင်းကိုကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
“ ရပ်ရမဲ့ အချိန်ရောက်ပြီ၊ ကျန်တာတွေကိုတော့ မူလကိုယ်က ကိုင်တွယ်လိမ့်မယ် “
နဂါးသားရဲကြီးသည် နတ်ဆိုးစွမ်းအင်များကို ရုတ်သိမ်းကာ ကိုယ်ပွား အခု၂၀နှင့်အတူ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။
…
တစ်ချိန်တည်းမှာပင် နဂါးအကျဥ်းချ တောင်ကြားလမ်း အပြင်ဘက်၌
ရှုကျိုးသည် တပ်ရင်း ၂၃အား နဂါးအကျဥ်းချ တောင်ကြားလမ်းအထိ ဦးဆောင်လာခဲ့ပြီးပြီဖြစ်ကာ တောင်ကြားလမ်းအပြင်ဘက်တွင် ခေတ္တရပ်ဆိုင်းနေလျက်ရှိသည်။
“ အမိန့်ကို နာခံကြ၊ သူတို့အားလုံးကို သတ် “
ရှုကျိုးမှ အမိန့်ပေးလာခဲ့သည်။
……………………………………………………………………………………………………………………………………………
အပိုင်း ( 498 )
အကျိုးအမြတ်များ ရိတ်သိမ်းခြင်း
ရှုကျိုး၏ အမိန့်ပေးမှုကို ကြားလိုက်ရသောအခါတွင် တပ်ရင်း ၂၃တစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ထို့နောက်၌ လူလေးထောင်ပါဝင်သည့် စစ်တပ်သည် လျင်မြန်စွာ လှုပ်ရှားလာခဲ့ပြီး၊ စွမ်းအင်ဓားများစွာ ဖန်တီး၍ ကမ္ဘာ့ကြယ်စစ်တပ် တည်ရှိရာ နဂါးအကျဥ်းချ တောင်ကြားလမ်းဆီသို့ ဓားမိုးရွာသွန်းစေလိုက်သည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာ့ကြယ် စစ်တပ်သည် နဂါးသားရဲကြီး၏ ဒုက္ခပေးမှုကို အလူးအလဲ ခံထားရပြီးပြီ ဖြစ်သောကြောင့်၊ အချိန်မှီ မလှုပ်ရှားနိုင်ခဲ့ပေ။
“ ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ် “
ဓားမိုးသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်သွားပြီး၊ သေဆုံးမှုများကို ဆက်တိုက်ဖြစ်ပေါ်စေခဲ့သည်။
၎င်းမှာ တစ်ဖက်သတ် သတ်ဖြတ်မှုချည်းသာဖြစ်သည်။
…
တပ်ရင်း ၂၃၏အစီအရင်အထက်တွင် ရှိနေသည့် ကျုံးချန်သည် ထိုမြင်ကွင်းကို ငေးကြည့်နေရင်းဖြင့် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ဤသည်မှာ တပ်မအရွယ်ရှိသည့် တပ်ရင်းတစ်ခုအား အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည့် သူ၏ပထမဦးဆုံးအကြိမ် ဖြစ်သည်။
သူသည် ဘေးဘက်ရှိ ရှုကျိုးကို ကြည့်ကာ စကားပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းက ငါတို့ကို အသင့်ပြင်ခိုင်းထားတာက တကယ်ကို ကံကောင်းလွန်းတာပဲ၊ အဲ့လိုမဟုတ်ဘူးဆိုရင် ငါတို့ဒီရောက်တဲ့အချိန်မှာ ဒီကောင်တွေ ထွက်ပြေးသွားလောက်ပြီ “
နဂါးသားရဲကြီးက စတင်၍ တိုက်ခိုက်ခဲ့သည့် အချိန်တွင် ရှုကျိုးသည် စစ်ဆင်ရေးစမည်ဟု အမိန့်ပေးလာခဲ့သည်။
အစပိုင်းတွင် ကျုံးချန်အပါအဝင် ကျန်သည့်လူများက သံသယများ ဝင်သွားခဲ့သည်။
ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနှင့် သိုင်းပညာရှင်များက တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ရသည့် အချိန်မှသာလျှင် သူတို့သည် ရှုကျိုး၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။
၎င်းမှာ တစ်သက်လျှင် တစ်ခါသာရနိုင်သည့် အခွင့်အရေးမျိုးဖြစ်သည်။
ထိုအကြောင်းကို တွေးမိသွားသောအခါတွင် ကျုံးချန်သည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရှု၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက နဂါးအကျဥ်းချ တောင်ကြားလမ်းကို တိုက်တော့မယ်ဆိုတာကို သိနေခဲ့တာလား “
ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ငါက ဘယ်လိုလုပ်သိမှာလဲ။ တိုက်ဆိုင်သွားရုံလေးပါပဲ “
“ အမှန်ပဲ “ ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနဲ့ လူတွေက သဟဇာတမရှိကြဘူး။ ကြည့်ရတာတော့ ညီအစ်ကိုရှုက ရှေ့ဖြစ်ဟောသူတစ်ယောက်လို အရာအားလုံးကို ကြိုမြင်နေနိုင်ပြီနဲ့တူတယ် “
ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ ငါလည်း တော်တော်လေးကို သိချင်နေမိတယ်၊ ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စုက ကမ္ဘာ့ကြယ်သားတွေကို ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်လာရတာလဲ။ ပဋိပက္ခတစ်ခုခု ရှိနေလို့များလား “
ကျုံးချန်သည် တွေးတွေးဆဆဖြင့် ပြောပြလာခဲ့သည် “ သူတို့ကြားမှာ တင်းမာမှုတွေ ရှိနေပင်မဲ့၊ ကမ္ဘာစစ်ဖြစ်နေတဲ့ ဒီလိုအချိန်မျိုးမှာတော့ ပဋိပက္ခမဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား “
ရှုကျိုးမှ ပြောလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါတို့အတွက် အကျိုးရှိတာပေါ့ “
“ အမှန်ပဲ “ ကျုံးချန်သည် အသာအယာ ပြုံးနေခဲ့ကာ၊ ကမ္ဘာ့ကြယ်သားရဲ မျိုးနွယ်စုက ယခုကဲ့သို့ မတိုက်ခိုက်လာခဲ့ဘူးဆိုပါက၊ သူတို့က ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရလာလိမ့်မည် မဟုတ်ဘူးဟု တွေးတောနေတော့သည်။
သူသည် ၎င်းက ရှုကျိုး၏ အစီအစဥ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဆိုသည်ကို မသိပေ။
ရှုကျိုးမှ ပြောလာခဲ့သည် “ အစ်ကျုံး၊ အဲ့ကောင်တွေကို အကုန်မသတ်နဲ့၊ ရာဂဏန်းလောက် ချန်ထားခဲ့ “
“ လွှတ်ပေးလိုက်ရမှာလား “
ကျုံးချန်သည် ထိုစကားကြောင့် တအံ့တဩ ဖြစ်သွားခဲ့သည် “ ညီအစ်ရှု၊ မင်းက ….. “
ရှုကျိုးမှ ပြုံးပြုလိုက်သည် “ သတင်းဖြန့်ဖို့ လူလိုတယ်လေ၊ အဲ့တာမှ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနဲ့ သူတို့တွေ ပဋိပက္ခဖြစ်နေတဲ့ အချိန်မှာ ကျုပ်တို့က အကျိုးအမြတ်ရမှာပေါ့ “
ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သို့သော် မည်သည့်အတွက်ကြောင့် လူဒါဇင်မျှသာ မချန်ထားခဲ့ဘဲ၊ ရာဂဏန်းအထိ ချန်ခိုင်းရလဲဆိုသည်ကို သူနားမလည်နိုင် ဖြစ်နေသေးသည်။
၎င်းမှာ စစ်ပွဲရမှတ် သောင်းဂဏန်းဖြစ်သည်။
သူဇဝေဇဝါဖြစ်နေသည့် အချိန်တွင် သူသည် ရှုကျိုး၏ အသွင်အပြင်က ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
“ ညီအစ်ကိုရှု၊ အဲ့တာက ဘာကြီးလဲ “
မကြာခင်မှာပင် ကျုံးချန်မှာ အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် သူ့အရှေ့တွင် ရှိနေသည့် ရှုကျိုးက လန်စု၏ ပုံစံအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
ရှုကျိုးမှ ပေါ့ပေါ့ပါးပါး ပြုံးပြလာခဲ့သည် “ အစ်ကိုကျုံး၊ ငါက အဲ့လူတွေကို တောင်ပိုင်းစစ်နယ်မြေဆီ အလည်ခေါ်သွားဖို့ စီစဥ်ထားတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်သည် တစ်စုံတစ်ခုကို ချက်ချင်းနားလည်သွားကာ အလိုအလျောက် အော်ပြောမိသွားခဲ့သည် “ မင်းက အဲ့လိုလုပ် …… “
“ ရှူးးး “
ရှုကျိုးသည် လက်ဟန်ခြေဟန်ဖြင့် တိတ်တိတ်နေဟု ပြောလာခဲ့သည်။
ကျုံးချန်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။
သူသည် ရှုကျိုးက မည်သည့်အရာများ လုပ်ချင်နေလဲဆိုသည်ကို မှန်းဆမိနေခဲ့သည်၊ ထိုအကြံမှာ အလွန်တရာ ရဲတင်းလွန်းလှသည်။
သို့ရာတွင် သူသည် ရှုကျိုးကို မတားဆီးခဲ့ပေ။
အကယ်၍ ရှုကျိုးကြောင့်သာ မဟုတ်ဘူးဆိုပါက၊ ကမ္ဘာ့ကြယ်၏ တပ်ရင်း ၂၃ကို အမှန်တကယ် အသက်သွင်းနိုင်လိမ့်မည် မဟုတ်ပေ။
လွန်ခဲ့သော ရက်ပိုင်းအတွင်းကပင် သူတို့သည် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၃၁ကို အပြတ်အသတ် သုတ်သင်နိုင်ခဲ့သည်။
၎င်းမှာ ရှုကျိုး၏ လုပ်ဆောင်မှုကြောင့်ပင် ဖြစ်သည်။
…
ဆယ်မိနစ်အကြာတွင်
လူထောင်နှင့်ချီ၍ ပါဝင်သည့် ကမ္ဘာ့ကြယ် တပ်ရင်း၁၀တွင် လူရာဂဏန်း အနည်းငယ်မျှသာ ကျန်နေတော့သည်။
“ ပြေးး “
“ တကယ်လို့ ငါတို့က အခု မပြေးဘူးဆိုရင်၊ ငါတို့အသက်တွေကို ဆုံးရှုံးသွားရလိမ့်မယ် “
တပ်ရင်း ၁၀က စစ်သည်တော်တိုင်းက အကြောက်အရွံ့မရှိသည့် လူများဖြစ်ကြသော်လည်း၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြန်ဆုတ်ရမည်ဆိုသည်ကို သိကြသည်။
“ တကယ်လို့ အဲ့ဒီ သောက်ကျိုးနည်း တိရစ္ဆာန်တွေကြောင့်သာ မဟုတ်ဘူးဆိုရင်၊ ကြယ်ပြာကောင်တွေက ငါတို့ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ ”
“ ချီးပဲကွာ “
လူတော်တော်များများသည် မျက်လုံးများ နီရဲနေကြကာ အမုန်းတရားကို မျိုသိပ်ထားပြီး၊ သူတို့ လွတ်မြောက်သွားမည်ဆိုပါက ယနေ့အရှက်တရားအတွက် လက်စားပြန်ချေမည်ဟု ကျိန်ဆိုနေကြတော့သည်။
လူများသည် ကြောက်လန့်တကြား ပျံသန်းနေကြတော့သည်။
…
မြေပြင်ပေါ်ရှိ လန်စုမှာလည်း တဖြည်းဖြည်း သတိပြန်လည်လာခဲ့သည်။
ယခင်က နဂါးသားရဲကြီး၏ တိုက်ခိုက်မှုကြောင့် သူသည် နေရာမှာပင် သတိမေ့မြောသွားခဲ့သည်။
ယခု သူနိုးလာသည့်အချိန်တွင် သူသည် အလောင်းများ ပြည့်နှက်နေသည့် ကွင်းပြင်ကိုသာ မြင်တွေ့လိုက်ရသည်။
အစပိုင်းတွင် သူသည် သူတို့က သားရဲမျိုးနွယ်စုကြောင့် သေဆုံးသွားရသည်ဟုသာ ထင်နေခဲ့သည်။
သို့သော် တစ်ခဏအကြာတွင် သူသည် အရှေ့တွင် ရှိနေသည့် လူအုပ်ကြီးကို မြင်တွေ့သွားခဲ့သည်။
လန်စုသည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည် “ တပ်ရင်း ၂၃ “
လန်စု၏ မျက်လုံးများမှာ ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။
ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုကို ရှုံးနိမ့်ရခြင်းမှာ သူလက်ခံနိုင်သော အရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ထံတွင် ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းနှင့် ရေခဲနယ်မြေ တားမြစ်မျှော်စင်တို့ကဲ့သို့သော ရတနာများ ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် ယခင်က သူအထင်သေးနေခဲ့သည့် ကြယ်ပြာတပ်ကို ရှုံးနိမ့်သွားရခြင်းမှာ သူလက်မခံနိုင်သော အရာဖြစ်သည်။
သို့သော် လန်စုသည် သူ၏အခြေအနေကို သိနေသောကြောင့် စိတ်လိုက်မာန်ပါ မလုပ်ခဲ့ပေ။
သူသည် ချက်ချင်း မတ်တပ်ထရပ်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။
“ ဒီတစ်ခါ ပြန်သွားရင် ပြစ်ဒဏ်ကြီးကြီး ခံရဖို့များတယ်။ အင်အားကြီး တပ်ရင်း ၁၀က ကြယ်ပြာဂြိုဟ်ရဲ့ တပ်ရင်း ၂၃ကို လုံးဝရှုံးသွားခဲ့ပြီ “
လန်စု၏စိတ်ထဲတွင် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေခဲ့သည် “ အဲ့ဒီရှုကျိုးက တကယ်ကို ကံတော်တော်ကောင်းတဲ့ကောင်ပဲ။ တကယ်လို့ သူ့ကို မရှင်းထုတ်ဘူးဆိုရင် သူက ပြဿနာအကြီးကြီး ဖြစ်လာနိုင်တယ် “
“ ပြန်ရောက်တာနဲ့ အပြစ်ပေးခံရတာပဲဖြစ်ဖြစ်၊ ရာထူးချခံရတာပဲဖြစ်ဖြစ်၊ အဲ့ကောင်ကို သတ်ဖို့အတွက် လူအင်အား အပြည့်အဝသုံးဖို့ တပ်မှူးကို ဖြောင်းဖြမှ ဖြစ်မယ် “
ကမ္ဘာ့ကြယ် စစ်တပ်များသည် ရှုကျိုးကြောင့် အကြိမ်ကြိမ် အခါခါ ပြိုကွဲသွားခဲ့ရသည်။
၎င်းသည် ရှုကျိုးကို ဦးစားပေး ဖယ်ရှားချင်နေသည့် လန်စု၏ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေခဲ့သည်။