အခန်း (၄၉၉-၅၀၁)
Vol. 34 Ch. 499-501
အပိုင်း ( 499 )
အကျိုးအမြတ်များ ရိတ်သိမ်းခြင်း ၂
“ ဝှစ် “
ထိုအချိန်တွင် တောက်ပသော ဓားတစ်လက်သည် လန်စု၏ ခန္ဓာကိုယ်ကို ထိုးဖောက်လာခဲ့သည်။
လန်စုသည် ခက်ခက်ခဲခဲ နောက်လှည့်ကြည့်လာခဲ့ကာ အံ့ဩတုန်လှုပ်သွားတော့သည်။
သူသည် သူနှင့် အတိအကျ တူညီနေသည့် နောက်ထပ် လန်စုတစ်ဦးက သူ့အရှေ့တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ မင်းးး …… မဖြစ်နိုင်ဘူး ….. “
လန်စုသည် မယုံကြည်နိုင်ဖြစ်သော ဟန်အမူအရာဖြင့် စကားပြောလာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ၏ အသွင်အပြင်နှင့် အရှိန်အဝါနှစ်ခုလုံးက သူနှင့် ထပ်တူညီနေသောကြောင့် ဖြစ်သည်။
ရှုကျိုးသည် လန်စုကို ကြည့်ကာ အေးအေးလူလူ စကားပြောလာခဲ့သည် “ လှုပ်ရှားဖို့ အချိန်ကျပြီ “
ထိုစကားနှင့်အတူ ဓားကို လွှဲရမ်းလာခဲ့သည်။
လန်စု၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ ရှိနေသေးပြီး၊ သူသည် တစ်ဖက်လူ၏ ဆိုလိုရင်းကို ဝေဝေဝါးဝါး နားလည်နေခဲ့သည်၊ သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ဦးခေါင်းပြတ်တောက်သွားခဲ့သည်။
ရှုကျိုးသည် လက်ကိုဝေ့ရမ်းကာ လန်စု၏ အလောင်းကို ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်သည်။
သူ၏ ဟင်းလင်းပြင် ထိန်းချုပ်နိုင်စွမ်းမှာ အလွန်တရာ အားကောင်းနေခဲ့ပြီဖြစ်ပြီး၊ သူ၏မူလကိုယ်နှင့် ကိုယ်ပွားကြားရှိ ဟင်းလင်းပြင် နေရာလွတ်ကို အလွယ်တကူ ရွှေ့ပြောင်းနေနိုင်ပြီဖြစ်သည်။
ထို့နောက်တွင် ရှုကျိုးသည် အရှေ့ရှိ ရာနှင့်ချီသော ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များနောက်သို့ ပြေးလိုက်သွားတော့သည်။
…
“ တစ်ယောက်ယောက်က နောက်ကလိုက်လာတာလား “
“ အဲ့တာက အရှင်လန်စုပဲ “
“ အရှင်လန်စုက မသေဘူးလား “
အဆိုပါ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့မှာ အပျော်လွန်သွားကြသည်။
တိုက်ပွဲမှ ရှင်သန်လွတ်မြောက်ခဲ့သည့် လန်စု၏ လက်ထောက်ဖြစ်သူ မာချန်မှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။
ရှုကျိုးသည် ပင်ပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် အရှေ့သို့ ပျံသန်းလာခဲ့သည် “ ငါ့နောက် လိုက်ခဲ့ကြ “
သူသည် ရာနှင့်ချီသော လူအုပ်၏ အရှေ့သို့ ပျံသန်းလာခဲ့ကာ ဦးဆောင်သွားတော့သည်။
မာချန်သည် အလောတကြီး ရှေ့တက်လာခဲ့ကာ စိုးရိမ်တကြီး မေးမြန်းလာခဲ့သည် “ အရှင်လန်စု၊ ဒဏ်ရာတွေ ဘယ်လိုနေလဲဗျ “
ရှုကျိုးသည် ချောင်းဟန့်၍ ပြန်ပြောလာခဲ့သည် “ ဒဏ်ရာတွေ တည်ငြိမ်သွားအောင် မှော်ဆေးတစ်လုံး သောက်ထားတယ်။ နယ်မြေ၂၃ရဲ့ နယ်နိမိတ်ကနေ ထွက်လာတာနဲ့၊ ပုန်းဖို့နဲ့ ကုသဖို့အတွက် နေရာတစ်နေရာ ရှာရမယ် “
မာချန်သည် စိတ်ရှုပ်ထွေးသွားကာ မေးမြန်းလာခဲ့သည် “ ကျွန်တော်တို့က တပ်ရင်း ၁၀ဆီ မပြန်ဘူးလား “
ရှုကျိုးမှ အော်ငေါက်လာခဲ့သည် “ ငါတို့က ကြယ်ပြာကောင်တွေက ချေမှုန်းတာကို ဆိုးဆိုးဝါးဝါး ခံလိုက်ရတာလေ၊ ငါတို့က ဘယ်မျက်နှာနဲ့ ပြန်သွားကြမှာလဲ။ အဆူခံဖို့ ပြန်ရမှာလား “
“ အာ …… အဲ့တာဆိုရင် ကျွန်တော်တို့က ဘာလုပ်ကြမှာလဲဗျ “ မာချန်သည် ခေါင်းတကုတ်ကုတ် ဖြစ်သွားတော့သည်။
သူတို့သည် တပ်ရင်း ၁၀၏ ထိပ်တန်းပညာရှင်များဖြစ်ပြီး၊ လန်စုမှာလည်း ထက်မြက်သော စစ်ဗိုလ်တစ်ဦးဖြစ်သည်။
ဤတိုက်ပွဲသည် ရာနှုန်းပြည့် အောင်မြင်မှုဖြစ်သင့်ပေသည်၊ သို့သော် အခြေအနေများ ရှုပ်ထွေးသွားခဲ့ရသောကြောင့်၊ လန်စုက မပြန်ချင်သေးသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။
ထို့ကြောင့် မာချန်သည် မည်သည့်အရာကိုမှ သံသယမဝင်ခဲ့ပေ။
သို့သော် သိပ်မကြာခင် အချိန်မှာပင် သူသည် အဆိုပြုပြောဆိုနေတော့သည် “ ဒီရှုံးနိမ့်မှုက သားရဲမျိုးနွယ်စုကြောင့်ပါ။ တကယ်လို့ အရိပ်နဲ့ နွားခေါင်းသားရဲတွေကသာ ချုံခိုမတိုက်ခဲ့ဘူးဆိုရင်၊ ကျွန်တော်တို့က ဒီလိုရှုံးနိမ့်မှုမျိုးကို ခံစားရမှာ မဟုတ်ပါဘူး “
ရှုကျိုးသည် ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ ဒီဖြစ်ရပ်တွေကို အမှန်အတိုင်း သတင်းပို့ဖို့အတွက် လူနည်းနည်းလောက် ပြန်လွှတ်လိုက် “
“ ဒါပင်မဲ့ မင်း၊ ငါနဲ့ တစ်ခြားလူတွေကတော့ ဒဏ်ရာအရင်ကုရမယ်၊ ပြီးရင်တော့ တိရစ္ဆာန်ကောင်တွေဆီကနေ အကြွေးသွားတောင်ရမယ် “
ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့နေခဲ့သည် “ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ၊ ငါတို့ကို လာတဲ့ကောင်တွေ၊ အဲ့ကောင်တွေက တော်တော်လေးကို သတ္တိကောင်းတယ်၊ သားရဲမျိုးနွယ်စုကရော ဒီကိစ္စကို သိလားဆိုတာ ငါသိချင်တယ် “
“ သားရဲမျိုးနွယ်စုနဲ့ ရင်ဆိုင်မလို့လား “
မာချန်သည် တအံ့တဩဖြစ်သွားခဲ့ပြီး၊ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ တပ်မှူးလန်၊ ကျွန်တော်တို့နဲ့ သားရဲမျိုးနွယ်စုကြားမှာ အဆက်အသွယ် မရှိဘူးမဟုတ်ဘူးလား “
ရှုကျိုးသည် သူ့ကို ကြည့်ကာ ပြန်ပြောလာခဲ့သည် “ ငါက ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်ကို သွားမလို့ စီစဥ်ထားတယ် “
“ ဘာကြီး။ တောင်ပိုင်း စစ်မြေပြင်ကို သွားမလို့လား “
မာချန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ ဒါပင်မဲ့ အဲ့တာက သားရဲမျိုးနွယ်စုရဲ့ ပိုင်နက်လေ “
ရှုကျိုးသည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလာခဲ့သည် “ စကားများနေတာ တော်လိုက်တော့၊ မင်းမလိုက်ချင်ဘူးဆိုရင်လည်း အဆူခံဖို့အတွက် ပြန်သွားလိုက်တော့ “
“ အဲ့တာက ……. “ မာချန်သည် ချောင်းတဆိုးဆိုးဖြစ်သွားခဲ့ကာ အလောတကြီး ပြောဆိုလာခဲ့သည် “ အဲ့လိုလုပ်စရာလား၊ ကျွန်တော်က အရှင်လန်နောက်ကိုပဲ လိုက်မှာပေါ့ “
“ … “
ရှုကျိုးသည် စကားထပ်မပြောတော့ဘဲ လူရာပေါင်းများစွာကို ဦးဆောင်ကာ ပြန်လည်ကုသ အားမွေးရန်အတွက် လူသူကင်းမဲ့သည့် နေရာတစ်နေရာကို ရှာတွေ့သွားခဲ့သည်။
နာရီပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင်
ရှုကျိုးသည် လူပေါင်းများစွာကို ဦးဆောင်၍ နယ်နိမိတ်ကို ကျော်ဖြတ်ကာ တောင်ပိုင်း စစ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
…
ထိုစဥ်
နဂါးသားရဲကြီးမှာလည်း တောင်ပိုင်း စစ်မြေပြင်ဆီသို့ နောက်ထပ်တစ်ကြိမ် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
သို့သော် သူသည် သူ၏အသွင်အပြင်ကို ထပ်မံ၍ ပြောင်းလဲလိုက်ပြန်သည်။
ဤတစ်ကြိမ်၌ သူသည် ငါးမီတာမြင့်မားသည့် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တစ်ဦးအဖြစ် အသွင်ပြောင်းနေခဲ့သည်။
“ ကိုယ်ပွားရဲ့ ခန္ဓာကိုယ်က အရမ်းကြီးနေတာတော့ နှမြောစရာပဲကွာ၊ သားရဲတစ်သောင်း တုပခြင်းကို သုံးခဲ့ပြီးတဲ့နောက် အသေးဆုံးအနေနဲ့ ငါးမီတာ မြင့်တဲ့ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် တစ်ယောက်အဖြစ်ပဲ ပြောင်းလဲလို့ရတယ်၊ ဒီထပ်ပိုသေးလို့ မရတော့ဘူး “
နဂါးသားရဲကြီးသည် စိတ်ထဲတွင် ကြိတ်၍သက်ပြင်းချနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကမ္ဘာ့ကြယ်သားတို့ ကြားတွင် ငါးမီတာမြင့်သည့် သိုင်းပညာရှင်များ ရှိနေခဲ့သည်၊ ၎င်းတို့က အလွန်ရှားပါးလှသော်လည်း၊ မတည်ရှိသည့် အရာတော့ ဟုတ်မနေခဲ့ပေ။
သားရဲမျိုးနွယ်စု၏ ကြီးမားသော အရွယ်အစားများကြောင့် ငါးမီတာကို နှစ်မီတာ ပြုလုပ်ရခြင်းကပင် အတော်လေး ခက်ခဲနေခဲ့ပြီ ဖြစ်သည်။
ခြေထောက်လေးဖက်ပါ ကျောက်စိမ်းမီးဖို၏ အကူအညီကို ယူခဲ့ပြီးသည့်နောက်တွင် သူသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တစ်ဦးအဖြစ် လျင်မြန်စွာပြောင်းလဲသွားတော့သည်။
တစ်ခဏအကြာတွင် သူသည် တောင်ပိုင်းစစ်နယ်မြေ၏ အတွင်းပိုင်းနေရာဆီသို့ ဦးတည်သွားတော့သည်။
…
တောင်ပိုင်း စစ်မြေပြင်သည် အလွန်တရာ ကျယ်ဝန်းနေခဲ့သည်၊ သို့သော် နဂါးသားရဲကြီးကမူ အထဲသို့ သွားရန် မလိုအပ်သောကြောင့် အပြင်ဘက်တွင်သာ လှည့်ပတ်သွာလာနေခဲ့သည်။
သူ၏ရည်ရွယ်ချက်မှာ အလွန်တရာ ရှင်းလင်းနေခဲ့သည် “ မူလကိုယ်က ကမ္ဘာ့ကြယ်သား ရာနဲ့ချီပြီးတော့ ခေါ်လာတာဆိုတော့ ငါတစ်ခုခုလုပ်မှ ဖြစ်မယ်။ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက သူတို့ကို ချက်ချင်းချုံခိုတိုက်မှ ဖြစ်မယ် “
ရှုကျိုးသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနှင့် သိုင်းပညာရှင်များကြားတွင် ပဋိပက္ခဖြစ်လာအောင် မီးမွှေးချင်နေခြင်းဖြစ်သည်။
ယခင်က နဂါးသားရဲကြီး ဖန်တီးခဲ့သည့် လုပ်ရပ်ကြောင့် ကမ္ဘာ့ကြယ်၏ တပ်ရင်း ၁၀မှ လူများသည် သားရဲမျိုးနွယ်စုများ အပေါ်တွင် အလွန်တရာ ရန်လိုနေခဲ့ပြီဖြစ်သည်၊ သို့သော် ၎င်းမှာ တဖက်သတ်ရန်လိုမှုသာ ဖြစ်နေခဲ့သည်။
ယခုလက်ရှိ အချိန်တွင် ကမ္ဘာစစ်ဖြစ်နေသောကြောင့် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများက ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို အလွယ်တကူ တိုက်ခိုက်လာလိမ့်မည် မဟုတ်ပေ။
သို့သော် ယခု၌ ရှုကျိုးသည် အသက်ရှင်ကျန်ရစ်ခဲ့သည်. ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များကို အသုံးပြုကာ ပြဿနာတက်အောင် မီးမွှေးတော့မည် ဖြစ်သည်။
ဤနည်းလမ်းဖြင့် အပြန်အလှန် ရန်လိုမှုများ ပေါ်ပေါက်လာကာ ပဋိပက္ခများ ဖြစ်လာမည် ဖြစ်သည်။
နဂါးသားရဲကြီးသည် တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့ကာ၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေခဲ့ပြီး၊ အရပ်မျက်နှာတစ်ဖက်ဆီသို့ ချက်ချင်း ဦးတည်သွားတော့သည်။
“ အရှေ့မှာ တောင်ပိုင်းစစ်မြေပြင်ရဲ့ နယ်မြေ ၁၀၀ရှိတယ်၊ အဲ့တာက နယ်နိမိတ်နဲ့ အနီးဆုံးဘဲ၊ တောင်ပိုင်းစစ်မြေပြင်ထဲကို ရောက်လာဖို့အတွက် မူလကိုယ်နဲ့ တစ်ခြားလူတွေက ဒီနေရာကို ခြေချရမှာပဲ “
ဝှစ်
နဂါးသားရဲကြီးသည် အရှေ့သို့ တဟုန်ထိုး ပြေးတက်သွားတော့သည်။
ငါးမိနစ်အကြာတွင်
သူသည် တောအုပ်တစ်အုပ်အတွင်းသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာသည် နယ်မြေ ၁၀၀၏ ပင်မနေရာဖြစ်သည်၊ သို့သော် နဂါးသားရဲကြီးသည် မည်သည့်သားရဲမျိုးနွယ်စုဝင်ကိုမှ မမြင်တွေ့ရသေးပေ။
“ ထွက်လာခဲ့ “
……………………………………………………………………………………………………………………………………….
အပိုင်း ( 500 )
အကျိုးအမြတ်များ ရိတ်သိမ်းခြင်း ၃
နဂါးသားရဲကြီးမှ သူ၏အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ နယ်မြေ ၁၀၀၏ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
အဆိုပါ ဖိအားအောက်၌ နယ်မြေ ၁၀၀အတွင်းတွင် ပုန်းအောင်းနေသည့် သက်ရှိသတ္တဝါ အားလုံးမှာ ဆက်လက်၍ ပုန်းအောင်းမနေနိုင်ကြတော့ပေ။
သိပ်မကြာခင် အချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲအရိပ်များသည် တောအုပ် အနက်ပိုင်းမှ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းတို့မှာ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်များပင် ဖြစ်သည်။
“ အဲ့တာက ကမ္ဘာ့ကြယ်ရဲ့ နတ်ဆိုးဦးချို သားရဲမျိုးနွယ်စုပဲ၊ ကံတရားက ငါ့ဘက်မှာ ရှိနေတာပဲ “ အဆိုပါ သားရဲအရိပ်များ၏ ပုံသဏ္ဍာန်ကို မြင်တွေ့လိုက်ရသောအချိန်၌ နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
နတ်ဆိုးဦးချို သားရဲများသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုအတွင်းမှာပင် အလွန်တရာ ရှားပါးသည့် မျိုးစိတ်တစ်ခုဖြစ်သည်။ သူတို့၏ စုပေါင်းစွမ်းအားသည် နွားခေါင်းသားရဲမျိုးနွယ်စုထပ်ပင် ပိုမိုသာလွန်အားကောင်းနေခဲ့သည်။
ထိုအချိန်တွင် ထိုနတ်ဆိုးဦးချို သားရဲအုပ်ထဲမှ ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ စကားလှမ်းပြောလာခဲ့သည် “ လူသား၊ မင်းဘာလိုချင်လို့လဲ “
“ ဆွစ်ရှ် “
တုံ့ပြန်မှုမှာ အားကောင်းသော ခုတ်ချက်တစ်ခုသာ ဖြစ်နေခဲ့သည်။
“ ဘုမ်းးးး “
တောက်ပသော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။
ခြေထောက်လေးခုပါ ကျောက်စိမ်းမီးဖို၏ လုပ်ဆောင်မှုကြောင့် အဆိုပါ ခုတ်ချက်သည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တစ်ဦး၏ တိုက်ကွက်သကဲ့သို့ ဖြစ်နေခဲ့သည်။
အဆိုပါ ခုတ်ချက်သည် လေဟာနယ်ကို ပိုင်းဖြတ်၍ နတ်ဆိုးဦးချို သားရဲကြီးကို တိုက်ရိုက်ခုတ်ပိုင်းလာခဲ့သည်။
“ ဝေါင်းးး “
အဆိုပါ သားရဲကြီးသည် နတ်ဆိုးစွမ်းအင်များကို ဖွင့်ထုတ်လာခဲ့ပြီး၊ နတ်ဆိုးစွမ်းအင် ဒိုင်းတစ်ခုကို ဖန်တီး၍ အဆိုပါခုတ်ချက်ကို ပိတ်ဆို့တားဆီးကာ၊ အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် တုံ့ပြန်လာခဲ့သည်။
“ မင်းဘာလိုချင်နေတာလဲ “
နတ်ဆိုးဦးချို သားရဲကြီးသည် အံ့အားသင့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ကို တစ်ပြိုင်နက် ခံစားနေခဲ့ရသည်၊ သူသည် တစ်ဖက်လူက ဤကဲ့သို့ တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများနှင့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့ကြားတွင် ကောလဟာလများ အမှန်တကယ် တည်ရှိနေခဲ့သည်။
သို့သော် ဤကဲ့သို့သော အရေးကြီးသော အခိုက်အတန့်၌ သွေးဆူလွယ်ကာ ပေါက်ကွဲလွယ်လေ့ရှိသည့် နတ်ဆိုးဦးချို သားရဲများကပင် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့နှင့် ပဋိပက္ခဖြစ်ပွားရမည်ကို ရှောင်းရှားနေခဲ့သည်။
အမှောင်နယ်မြေ လမ်းကြောင်းကိစ္စသည် အလွန်တရာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်။
သို့သော် ယခုလက်ရှိ နဂါးသားရဲကြီးသည် အလွန်တရာ အေးစက်နေလျက်ရှိပြီး၊ တာဝန်မှတစ်ပါး တစ်ခြားသော အရာများကို လျစ်လျူရှုထားသည့် သွေးအေးလူသတ်သမားတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။
“ နတ်ဆိုးဦးချို သားရဲနှစ်ဆယ်ကျော်ရှိတယ်၊ ငါ့ခွန်အားနဲ့ဆိုရင် သူတို့ကို လုံးဝချေမှုန်းလို့ရတယ် “
“ ဒါပင်မဲ့ အခုငါက ကမ္ဘာ့ကြယ်သားအဖြစ် ရုပ်ဖျက်ထားတယ်ဆိုတော့၊ ငါ့ရဲ့ အထောက်အထားကို ဖော်လိုက်လို့ မဖြစ်ဘူး။ ဆိုတော့ အမြင့်ဆုံးအနေနဲ့ ငါ့ခွန်အားရဲ့ ၅၀%ကိုပဲ ထုတ်သုံးလို့ရမယ် “
နဂါးသားရဲကြီးသည် အတွေးတစ်ခုရသွားကာ ဓားကို ကိုင်ဆောင်လိုက်သည်။
ခြေထောက်လေးခုပါ ကျောက်စိမ်းမီးဖိုက သူ၏အရှိန်အဝါကို ပြောင်းလဲပေးနိုင်သော်လည်း၊ သူ၏နတ်စွမ်းရည်များကို ပြောင်းလဲမပေးနိုင်ခဲ့ပေ။
( နတ်စွမ်းရည်ကို ပြောင်းလဲပေးတာက မူလကိုယ်ဆီမှာ ရှိတဲ့ ခြေထောက်သုံးခုပါ ဒယ်စောက်ငယ်ပါ )
ထို့ကြောင့် ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်၊ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ် အစရှိသည့် ဝှက်ဖဲများကို အသုံးပြုလိုက်မည်ဆိုပါက ကြယ်ပြာဂြိုဟ် နိုင်ငံသားဖြစ်သည့် သူ၏မူလအငွေ့အသက်ကို ဖုံးကွယ်၍ရတော့မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် နောက်ထပ် ဝှက်ဖဲတစ်ခုဖြစ်သည့် ဟင်းလင်းပြင်စွမ်းရည်လည်း ရှိနေသေးသည်။
“ မြန်မြန်တိုက်ပြီး၊ မြန်မြန်လစ်မှဖြစ်မယ်၊ နတ်ဆိုးဦးချိုကောင် နည်းနည်းလောက် သတ်လိုက်တာပေါ့ကွာ “
၎င်းကို တွေးမိသွားသောအချိန်၌ သူသည် ချီ-သွေးစွမ်းအင်များကို ဓားအတွင်းသို့ သွန်းလောင်းလိုက်ပြီး၊ ဓားအူသံတစ်သံ ပေါ်ထွက်သွားစေခဲ့သည်။
ထို့နောက်တွင် ထပ်မံ၍ ခုတ်ပိုင်းလာခဲ့ပြန်သည်။
“ သေ “
အဆိုပါ ခုတ်ချက်ကြောင့် အရှေ့ရှိ ဟင်းလင်းပြင်မှာ ထက်ပိုင်းပြတ်သွားပုံရသည်။
ဓားချက်ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် လှိုင်းကဲ့သို့ တွန့်ခေါက်သွားကာ၊ ထင်သာမြင်သာ ရှိသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်၌ ပြိုကွဲသွားသည့် ဟင်းလင်းပြင်သည် အဆိုပါ နတ်ဆိုးဦးချို သားရဲများကို ဝါးမြိုရန် ရေစီးကြောင်းတစ်ခုကဲ့သို့ တဟုန်ထိုး ရွေ့လျားလာခဲ့သည်။
“ ဝေါင်းးး “
နတ်ဆိုးဦးချို သားရဲများသည် ကျယ်လောင်စွာ ဟိန်းဟောက်လာကြသည်၊ ထို့နောက်တွင် ၎င်းတို့၏ ဦးချိုများထံမှ အလင်းတန်းများ ပေါက်ထွက်လာခဲ့ပြီး၊ အရှေ့သို့ ပစ်ခွင်းလာခဲ့သည်။
“ ဝုန်းးးး “
အလင်းတန်းများသည် ဟင်းလင်းပြင် ရေစီးကြောင်းကို တိုက်ချသွားခဲ့သည်၊ သို့သော် ၎င်းတို့အားလုံးမှာ လျင်မြန်စွာ ဝါးမြိုခံလိုက်ရသည်။
“ ခေါင်းဆောင်၊ ကျွန်တော့်ကို ကယ်ပါဦး “
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် နတ်ဆိုးဦးချို သားရဲများသည် ကြောက်လန့်တကြား ဖြစ်သွားကာ၊ သူတို့၏ ခေါင်းဆောင်ဖြစ်သူကို အကူအညီလှမ်းတောင်းလာကြသည်။
သို့ရာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် ရေစီးကြောင်းနှင့် ရင်ဆိုင်ရသောအချိန်၌ စွမ်းအားအကြီးဆုံး နတ်ဆိုးဦးချို သားရဲခေါင်းဆောင်မှာလည်း ၎င်းကို အလောတကြီး ရှောင်ရှားနေခဲ့ရသည်။
သူသည် သူ၏အဖွဲ့ဝင်တော်တော်များများက အဆိုပါ ရေစီးကြောင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ၊ အပိုင်းပိုင်း အစစဖြစ်သွားသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“ မဟုတ်ဘူး “
“ ဝေါင်းးးး “
နတ်ဆိုးဦးချို သားရဲခေါင်းဆောင်သည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ ဝါးစားချင်လုမတတ်ဖြစ်နေကာ အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် နဂါးသားရဲကြီးကို စိုက်ကြည့်လာခဲ့သည် “ မင်းသေချင်နေတာပဲ “
သို့ရာ၌ နဂါးသားရဲကြီးကမူ အသာအယာ ပြုံးပြလိုက်ကာ လှည့်ပြေးသွားတော့သည်။
“ နတ်ဆိုးဦးချို သားရဲသုံးကောင်ကို သတ်ခဲ့ပြီးပြီ၊ သူတို့ရဲ့ စရိုက်အရဆိုရင် သေချာပေါက် စိတ်ရူးပေါက်သွားမှာပဲ “
“ ကမ္ဘာကြယ်သားတွေက ဒီနယ်မြေထဲကို ထပ်ဝင်လာတာနဲ့ သေချာပေါက် ဆွဲဖြဲခံရတော့မယ် “
နဂါးသားရဲကြီးသည် ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်က အောင်မြင်သွားပြီဟု သိသွားသောကြောင့်၊ တည်နေရာ ကူးပြောင်းခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်တစ်ရာအကွာသို့ ရောက်ရှိသွားခဲ့သည်။
အနောက်ဘက်ရှိ နတ်ဆိုးဦးချို သားရဲတို့၏ ဟိန်းဟောက်သံများကိုမူ လေတိုးသံမျှလောက်သာ ကြားနေရတော့သည်။
…
……………………………………………………………………………………………………………………………………………
အပိုင်း ( 501 )
ရည်မှန်းချက် အောင်မြင်ပြီ၊ မျိုးနွယ်စုနှစ်ခုကြားရှိ ပဋိပက္ခများကို လောင်စာထည့်ပေးခြင်း
နဂါးသားရဲကြီးထွက်သွားသည့်နောက် သိပ်မကြာခင် အချိန်မှာပင်
ရှုကျိုးသည် မာချန်နှင့် တစ်ခြားသော ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် ရာဂဏန်းကို ဦးဆောင်ကာ တောင်ပိုင်းစစ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဤအချိန်တွင် မာချန်သည် အနည်းငယ် စိုးရိမ် ပူပန်နေလျက်ရှိသည် “ တပ်မှူးလန်၊ သားရဲမျိုးနွယ်စုက တောင်ပိုင်းစစ်နယ်မြေမှာ ကိစ္စကြီးတစ်ခု စီစဥ်နေတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်၊ ဒီလိုမျိုး အလောတကြီး ဝင်လာခဲ့တာက ဉာဏ်မရှိရာ ကျသွားနိုင်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူထင်ထားသည့် အတိုင်းပင် ကမ္ဘာ့ကြယ် သိုင်းပညာရှင် အများစုသည် အမှောင်နယ်မြေလမ်းကြောင်း ကိစ္စကို ကြားသိထားကြသည်။
“ စိတ်ပူနေဖို့ မလိုပါဘူး။ ကောင်စစ်ဝန်ရုံးကို အရင်သွားကြည့်ကြတာပေါ့ “ ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ အရိပ်သားရဲမျိုးနွယ်စုနဲ့ နွားခေါင်းသားရဲမျိုးနွယ်စုတွေက အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ ငါတို့ကို ဝင်တိုက်ခိုက်ခဲ့တာလေ၊ အဲ့ကိစ္စကြောင့်ပဲ နယ်မြေ ၂၃မှာ ရှိတဲ့ ငါတို့ရဲ့ တပ်ရင်းက ဖျက်စီးခံလိုက်ရတယ်။ ကောင်စစ်ဝန်ရုံးမှာ ဖြေရှင်းချက်တစ်ခုကို သေချာပေါက်တောင်းရမယ် “
လမ်းတွင် သူသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များက ဤတောင်ပိုင်းစစ်နယ်မြေတွင် ကောင်စစ်ဝန်ရုံးတစ်ခု တိတ်တဆိတ် တည်ထားသည်ဆိုသည်ကို မာချန်မှတစ်ဆင့် သိရှိခဲ့ရသည်။
ကောင်စစ်ဝန်ရုံး၏ လုပ်ဆောင်ချက်မှာ တောင်ပိုင်းစစ်နယ်မြေကို ဖြတ်သန်းသွားသည့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များအတွက် နားခိုရာ နေရာတစ်ခု ထောက်ပံ့ပေးနိုင်ရန်အတွက် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်စစ်ဝန်ရုံးသည် တောင်ပိုင်း စစ်နယ်မြေ၏ အခြေအနေများကို စောင့်ကြည့်လေ့လာနေခဲ့သည်။
ကမ္ဘာ့ကြယ် သိုင်းပညာရှင်များသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုကို အပြည့်အဝ မယုံကြည်ကြပေ။
ရှုကျိုးသည် သူတို့ကို ကောင်စစ်ဝန်ရုံးဆီသို့ ခေါ်သွားမည်ဟု ပြောဆိုခဲ့သော်လည်း၊ နယ်မြေ ၁၀၀ရှိရာဘက်သို့သာ ဦးတည်သွားခဲ့သည်။
ဆယ်မိနစ် အကြာတွင်
“ ဝေါင်းးး “
ဒေါသတကြီး ဟိန်းဟောက်သံများသည် အရှေ့ဘက် တောအုပ်ထဲမှ ပေါ်ထွက်လာခဲ့သည်။
မာချန်၏ အမူအရာ ပြောင်းလဲသွားတော့သည် “ အဲ့တာက နတ်ဆိုးဦးချို သားရဲတွေပဲ။ တပ်မှူးလန်၊ ကျုပ်တို့က လမ်းမှားလာခဲ့တာလား “
ရှုကျိုးမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ မမှားပါဘူး၊ ဒီလမ်းကြောင်းပဲ။ ကောင်စစ်ဝန်ရုံးကို ရောက်ဖို့အတွက် ဒီတောအုပ်ကို ဖြတ်သွားရမှာ “
မာချန်သည် အရှေ့သို့ လှမ်းမျှော်ကြည့်ရှုလိုက်ပြီး၊ ဟိန်းဟောက်သံများကို ဆက်တိုက်ကြားလိုက်ရသောအခါတွင် မျက်နှာ ဖြူဖျော့သွားခဲ့သည် “ တပ်မှူးလန်၊ အဲ့နတ်ဆိုးဦးချို သားရဲတွေက နည်းနည်း ထူးဆန်းနေသလိုပဲ။ မဝင်ခင် ခဏလောက် မစောင့်သင့်ဘူးလားဗျ “
ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ကျုပ်တို့က တောင်ပိုင်းစစ်နယ်မြေမှာ ကြာကြာမနေသင့်ဘူး၊ မြန်မြန်သွားမှ ဖြစ်မယ် “
တပ်မှူးမှ ပြောလာခဲ့ပြီဖြစ်သောကြောင့် မာချန်နှင့် တစ်ခြားလူများသည် ထိုအမိန့်ကို လိုက်နာရန်မှတစ်ပါး တစ်ခြားသော ရွေးချယ်စရာ မရှိတော့ပေ။
ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် အင်အား ရာဂဏန်းရှိသည့် ဤကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို ဦးဆောင်သွားတော့သည်၊ သူတို့သည် ကိုယ့်ကိုကိုယ် ပြန်အားပေးကာ နယ်မြေ ၁၀၀ထဲသို့ ဝင်ရောက်လာကြသည်။
မထင်မှတ်ထားစွာဖြင့် သူတို့သည် နတ်ဆိုးဦးချိုသားရဲများ၏ ဝိုင်းရံခြင်းကို ချက်ချင်းခံလိုက်ရသည်။
“ ဝေါင်းးးး “
ဒေါသတကြီး ဟိန်းဟောက်သံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
တစ်ခဏ အကြာတွင် ကြီးမားသော သားရဲအရိပ်ကြီးများသည် ရှုကျိုးနှင့် တစ်ခြားလူများဆီသို့ ခုန်အုပ်လာကြသည်။
“ လူမသားတွေ၊ မင်းတို့က သေချင်နေကြတာပဲ “
နတ်ဆိုးဦးချို သားရဲခေါင်းဆောင်သည် ဒေါကြီးမောကြီး ဖြစ်နေလျက်ရှိသည်။ ဒီလူမသားတွေက တော်တော်မောက်မာတာပဲ၊ ငါ့လူသုံးယောက်ကို သတ်ထားတာမှ မကြာသေးဘူး၊ ဒီကို ထပ်လာရဲနေတယ်ပေါ့။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နတ်ဆိုးဦးချို သားရဲခေါင်းဆောင်သည် တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်ပေးလာခဲ့သည်။
“ ဒီသားရဲကောင်တွေက ရူးနေကြတာလား “ မာချန်နှင့် တစ်ခြားလူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
ရှုကျိုးမှ ကျယ်လောင်စွာ အမိန့်ပေးလာခဲ့သည် “ အားကောင်းတဲ့ တိုက်ခိုက်ရေး အစီအရင် ဖွဲ့မယ် “
“ အားကောင်းတဲ့ တိုက်ခိုက်ရေး အစီအရင်လား “ မာချန်၏ အမူအရာ ပြောင်းလဲသွားရသည် “ တပ်မှူးလန်၊ ကျုပ်တို့က ဒီသားရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မလို့လား “
“ ပေါက်ကရတွေ တော်လိုက်တော့၊ အသက်ရှင်ချင်တယ်ဆိုရင်၊ အစီအရင်ကို မြန်မြန်ဖွဲ့ “ ဟုရှုကျိုးမှ အော်ပြောလာခဲ့သည်။
မာချန်သည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရသော်လည်း၊ အခြေအနေမှာ ဆိုးရွားနေသောကြောင့် များများစားစား တွေးတောမနေတော့ဘဲ၊ တိုက်ခိုက်ရေး အစီအရင်ကို ချက်ချင်းဖွဲ့စည်းကာ စွမ်းအင်များကို ရှုကျိုးထံသို့ လွှဲပြောင်းပေးပို့လိုက်သည်။
“ ကမ္ဘာ့ကြယ်ရဲ့ တိုက်ခိုက်ရေး အစီအရင်ကလည်း ချီ-သွေးစွမ်းအားကို စုစည်းရတာပဲ “
ရှုကျိုးသည် တဖြည်းဖြည်းမြင့်တက်လာနေသည့် တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို ဂရုတစိုက် အာရုံခံနေခဲ့သည်။
တပ်မှူးတစ်ဦးဖြစ်သည့်အလျောက်၊ သူသည် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်နှင့် ကြယ်ပြာဂြိုဟ် တိုက်ခိုက်ရေး အစီအရင်တို့ကြားရှိ ကွာခြားချက်ကို လျင်လျင်မြန်မြန် နားလည်သွားခဲ့သည်။
နှစ်မျိုးစလုံးမှာ ချီ-သွေးစွမ်းအားကို စုစည်းကြသော်လည်း၊ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ကမူ ပိုမိုကျစ်လစ် ခိုင်မာနေပုံရသည်။
“ ငါသိပြီ၊ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ရဲ့ ချီ-သွေးလွှဲပြောင်းပေးတဲ့ နည်းလမ်းက ငါတို့ဟာထပ် ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိတာပဲ၊ ချီ-သွေးကို စစ်တပ်စိတ်ဝိညာဥ်အဖြစ် ပြောင်းလဲပေးတာကလည်း မတူဘူး “
ရှုကျိုးသည် နားလည်သဘောပေါက်သွားခဲ့သည်။
အဆိုပါ ကွာခြားချက်ကို သာမန်မျက်လုံးများဖြင့် မြင်နိုင်လိမ့်မည် မဟုတ်ပေ၊ ကမ္ဘာ့ကြယ် တပ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်မှသာလျှင် နားလည်နိုင်မည် ဖြစ်သည်။
တစ်နည်းဆိုရသော် နဝမအဆင့် ပညာရှင်တစ်ဦးကပင် တွေးကြည့်လိုက်ရုံဖြင့် တိုက်ပွဲဝင် အစီအရင်နှစ်ခုကြားရှိ ကွာခြားချက်ကို မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ရှုကျိုးသည် တိတ်တဆိတ် ပျော်ရွှင်သွားတော့သည်၊ ဤခရီးစဥ်တွင် ဤကဲ့သို့သော အကျိုးအမြတ်များ ရရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ပြန်ရောက်ရင် ငါ့တပ်ကလူတွေကို သင်ပေးရမယ်၊ ပြီးရင် ပြန်ဖွဲ့စည်းရမယ်၊ အဲ့အချိန်ကျရင် ငါတို့ တိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားကလည်း ၃၀%လောက်အထိ တိုးတက်လာနိုင်တယ် “
၎င်းကိုတွေးနေရင်းဖြင့် တိုက်ခိုက်ရေး အစီအရင်မှာ အပြည့်အဝ ပုံပေါ်လာခဲ့သည်။
“ ဖွဲ့စည်း “
အဆုံးမဲ့ ချီ-သွေးစွမ်းအင်များသည် ရှုံးကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့ပြီး၊ ထို့နောက်၌ အစီအရင်၏ အထက်တွင် ရှည်လျားသော ဓားရှည်တစ်လက်အဖြစ် ဖွဲ့စည်းသွားတော့သည်။
ရှုကျိုးမှ လက်ကိုမြှောက်လိုက်ရာ၊ ဓားရှည်သည် ဝုန်းခနဲ အော်မြည်ကာ ခုတ်ပိုင်းလာခဲ့သည်။
“ ဆွစ်ရှ် “
ဓားရှည်သည် လျှပ်စီးကဲ့သို့ မြန်ဆန်နေခဲ့ပြီး၊ ပဥ္စမအဆင့် နတ်ဆိုးဦးချို သားရဲတစ်ကောင်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုးဖောက်သွားခဲ့သည်။
“ ဝူးးးးးး “
နတ်ဆိုးဦးချို သားရဲသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့ကာ မြေပြင်ပေါ်သို့ ပြိုလဲသွားတော့သည်။
ရှုကျိုး၏ ယခုလက်ရှိ စွမ်းအားနှင့်ဆိုပါက တစ်ဦးချင်းတိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ သူသည် ပဥ္စမအဆင့် သားရဲကောင်ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ယခု၌ သူ၏စွမ်းအားမှာ အဆပေါင်းများစွာ မြှင့်တင်ခံထားရသောကြောင့် ဆဌမအဆင့် သားရဲကောင်ကိုပင် ခြိမ်းခြောက်နေနိုင်ပြီ ဖြစ်သည်။
“ တကယ်ပဲဟ၊ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်က ကြယ်ပြာတိုက်ခိုက်ရေး အစီအရင်ထပ် ပိုကောင်းတယ် “
ရှုကျိုးမှာ တွေးတောစဥ်းစားနေတော့သည် “ ဒါတောင် လူအင်အား ရာဂဏန်းလောက်ပဲ ရှိသေးတယ်၊ လူထောင်ဂဏန်းနဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားသာဆိုရင် ပိုပြီးတော့ ကြောက်ဖို့ကောင်းသွားမှာ သေချာတယ် “
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ကိုယ်ပွားက ကမ္ဘာ့ကြယ် တပ်ရင်း ၁၀၏ တိုက်ခိုက်ရေး အစီအရင်ကို ဖျက်စီးကာ စစ်သည်တော် အများစုကို ဒဏ်ရာအပြင်းအထန် ရရှိသွားအောင် မည်ကဲ့သို့ ပြုလုပ်သွားလဲဆိုသည်ကို မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ နဂါးသားရဲကြီးထံတွင် ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းနှင့် ရေခဲနယ်မြေ တားမြစ်မျှော်စင်တို့ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပြီး၊ ထိုကဲ့သို့သာ မဟုတ်ဘဲ ကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းအားကိုသာ အားကိုးနေမည်ဆိုပါက ထိုတိုက်ပွဲကို အနိုင်ရခဲ့လိမ့်မည် မဟုတ်ပေ။
“ သတ် “
ထိုအချိန်တွင် ရှုကျိုးသည် တိုးညှင်းစွာ အော်ဟစ်လာခဲ့ပြီး၊ ဓားရှည်ကို ထိန်းချုပ်ကာ သားရဲအုပ်ရှိရာဘက်သို့ ခုတ်ပိုင်းလိုက်သည်။
သူသည် အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် လှုပ်ရှားနေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ပဥ္စမအဆင့် နတ်ဆိုးဦးချို သားရဲပေါင်းများစွာသည် အဆိုပါဓားချက်အောက်တွင် အသက်ပျောက်သွားခဲ့သည်။
“ ဝေါင်းးး “
“ လူမသားတွေ၊ မင်းတို့ကောင်က စစ်ပွဲစချင်နေတာလား “
သူတို့၏ ရဲဘော်ရဲဘက်များက တစ်ဦးပြီးတစ်ဦး ကျဆုံးသွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် နတ်ဆိုးဦးချို သားရဲခေါင်းဆောင်သည် လုံးဝရူးသွပ်သွားပြီး၊ ဒေါသတကြီး ဟိန်းဟောက်ကာ တစ်ခြားသော နတ်ဆိုးဦးချို သားရဲကောင်များကို ဆင့်ခေါ်လိုက်သည်။
သူတို့မှာလည်း တိုက်ခိုက်ရေး အစီအရင်၏ စွမ်းအားကို သတိပြုမိသွားပုံရပြီး၊ နိုးနိုးကြားကြား ဖြစ်သွားကြသည်။
မာချန်မှ အေးစက်စွာ ချေပပြောဆိုလာခဲ့သည် “ မင်းတို့က အရင်ချုံခိုတိုက်ခိုက်ခဲ့တာလေ “
“ သောက်ပေါက်ကရတွေ မပြောနဲ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် နတ်ဆိုးဦးချို သားရဲခေါင်းဆောင်ကြီးမှာ ချက်ချင်းဒေါသထွက်သွားခဲ့သည်။ အကယ်၍ အဆိုပါ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တစ်ဦးကသာ အရင်မတိုက်ခိုက်ခဲ့ဘူးဆိုပါက၊ သူတို့က မည်သည့်အတွက်ကြောင့် ဤမျှလောက် ဒေါသထွက်နေရမည်နည်း။