အခန်း (၅၀၅-၅၀၇)
Vol. 34 Ch. 505-507
အပိုင်း ( 505 )
ပြဿနာရှာခြင်း။ မွှေနှောက်နေပြီ
ရှုကျိုးက အနာဂတ်အတွက် အစီအစဥ်များ ရေးဆွဲပြင်ဆင်နေသည့် အချိန်တွင်
နဂါးသားရဲကြီးသည် နတ်ဆိုးဦးချို သားရဲများကို ဦးဆောင်ကာ အနောက်ပိုင်း စစ်နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်၌ သူတို့သည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ နယ်မြေ၂၅ ရှိရာဘက်ဆီသို့ ဦးတည်သွားလာနေကြသည်။
နဂါးသားရဲကြီး၏ ဘေးဘက်တွင် ရှိနေသည့် မိုမန်းမှ မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရေ၊ ငါတို့က ဘာစကားတွေ ပြောသင့်လဲ “
မိုမန်းသည် စကားမည်ကဲ့သို့ ပြောရမလဲဆိုသည်ကို တွေးတောစဥ်းစားနေစဲဖြစ်ပြီး၊ ၎င်းက လူမသားတို့၏ တပ်စခန်းကို တိုက်ခိုက်ရန်အတွက် အကျိုးအကြောင်း ခိုင်လုံပါစေဟု မျှော်လင့်နေလျက်ရှိသည်။
နဂါးသားရဲကြီးမှ အေးအေးလူလူ ပြန်ဖြေလာခဲ့သည် “ ဘာကို ပြောမှာလဲ။ အဲ့ဒီလူမသားတွေနဲ့ ဘာမှ ပြောနေစရာ မလိုဘူး၊ တိုက်ရိုက်သတ်လိုက်ဖို့ပဲ လိုအပ်တယ် “
မိုမန်းသည် အံ့ဩတကြီးဖြစ်သွားခဲ့ပြီး၊ ၎င်းကို ယခင်က ကြုံတွေ့ခဲ့ရဖူးသည့်အလား ရင်းနှီးနေသည်ဟု ခံစားသွားခဲ့ရသည်။
သို့သော် တစ်ခဏ အကြာမှာပင် မိုမန်းသည် အဆိုပါ နည်းလမ်းနှင့် ပတ်သက်၍ သဘောတူလက်ခံလာခဲ့သည် “ အမှန်ပဲ၊ လူမသားတွေက ငါတို့ကို ဖိနှိပ်နေတာ တော်တော်လေး ကြာနေခဲ့ပြီ။ တစ်ခါတော့ သူတို့ကို သင်ခန်းစာ ပေးကိုပေးမှ ဖြစ်မယ် “
“ ဝှစ် “
သားရဲများသည် ကမ္ဘာ့ကြယ် တပ်စခန်းဆီသို့ အရှိန်ကုန်မြှင့်၍ ပျံသန်းသွားကြသည်။
နယ်မြေ ၂၅ရှိ ကမ္ဘာ့ကြယ် တပ်စခန်းက သွေးစွန်းမှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ကို ရင်ဆိုင်ရတော့မည်မှာ မြေကြီးလက်ခတ် မလွဲပင်။
…
နယ်မြေ ၂၅
ကောင်းကင်ဖြတ်ကျော် တောင်ကြားလမ်း
မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်သည့် ကောင်းကင်ဖြတ်ကျော် တောင်ကြားလမ်းကို ကမ္ဘာ့ကြယ်၏ တပ်ရင်း ၂၁မှ ထိန်းချုပ်သိမ်းပိုက်ထားခဲ့သည်။
ဤအချိန် ကောင်းကင်ဖြတ်ကျော် တောင်ကြားလမ်းအတွင်းတွင် ထောင်နှင့်ချီသော စစ်သည်တော်များသည် မြေပြင်ပေါ်တွင် ပြန့်ကျဲကာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသည့်အလား အမောတကော အသက်ရှူနေလျက်ရှိသည်။
သူတို့သည် တိုက်ပွဲတစ်ခုကို အမှန်တကယ် ဆင်နွှဲခဲ့ရသည်။
မကြာသေးခင် အချိန်ကမှ သူတို့သည် ပြတ်သားသော အောင်ပွဲတစ်ခုကို ရရှိခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်၏ စစ်သည်တော် အယောက် ၅ထောင် ပါဝင်သည့် တပ်ရင်း ၂၅ကို တစ်ဝက်တိတိ သုတ်သင်နိုင်ခဲ့ကာ ကောင်းကင်ဖြတ်ကျော် တောင်ကြားလမ်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ယခုလက်ရှိအချိန်၌ အနက်ရောင် စပါးအုံး ဝတ်စုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အားလုံး၏ အရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။
သူသည် ကမ္ဘာ့ကြယ် တပ်ရင်း ၂၁၏ တပ်မှူးဖြစ်သူ ကွမ်ချီပင် ဖြစ်သည် “ ဒီတိုက်ပွဲမှာ အောင်မြင်မှု ကြီးကြီးမားမား ရလိုက်တယ်၊ တပ်ရင်း ၂၅က ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး။ ခဏလောက် နားကြ၊ တစ်နာရီအကြာမှာ ကြယ်ပြာကောင် အကြွင်းအကျန်တွေကို ဆက်သတ်ကြမယ် “
ဝရုန်းးးး
ထိုအချိန်၌ ကျယ်လောင်သော အသံတစ်သံသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့သည်။
ကွမ်ချီမှ ဇဝေဇဝါဖြင့် မော့ကြည့်လိုက်ရာ ကောင်းကင်ပြင်က ရုတ်တရက် မည်းမှောင်သွားသည်ကို မြင်တွေ့လိုက်ရသည်။
“ ဘာတွေ ဖြစ်နေတာလဲ။ မှောင်လာတာလား “
“ ညမရောက်သေးပါဘူးဟ “
တပ်ရင်း ၂၁၏ စစ်သည်တော်တို့မှာလည်း ဇဝေဇဝါ ဖြစ်သွားပြီး၊ တစ်ယောက်ပြီးတစ်ယောက် မော့ကြည့်လာကြကာ တအံ့တဩ ဖြစ်သွားကြသည်။
သူတို့သည် မီတာ တစ်ရာကျော် ရှည်လျားသည့် ဧရာမ သားရဲကြီးများက ကောင်းကင်ဖြတ်ကျော် တောင်ကြားလမ်းရှိရာဘက်သို့ ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
ဒါဇင်နှင့်ချီသော အဆိုပါ သားရဲကြီးသည် အတူတကွ စုရုံးပျံသန်းနေကြပြီး၊ ကောင်းကင်ပြင်ကို ပိတ်ဆို့ထားကြသည်။
“ သားရဲမျိုးနွယ်စုဝင်တွေက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ ရှိနေရတာလဲဟ “
ကွမ်ချီသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်၊ သူသည် နယ်မြေ ၂၃တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို မသိရသေးပေ။
သူသည် အဆိုပါ သားရဲများက ဤနယ်မြေနားမှ ဖြတ်သွားသည်ဟုသာ ထင်သွားခဲ့သည်။
သို့သော် ကောင်းကင်ထက်သို့ ခုန်တက်ကာ ၎င်းတို့ကို နှုတ်ဆက်ရန် ပြင်လိုက်သည့်အချိန်တွင် သားရဲမျိုးနွယ်စုဝင်များသည် ၎င်းတို့၏ နတ်ဆိုးစွမ်းအားများကို ဖွင့်ထုတ်လာကြသည်။
ဒါဇင်နှင့်ချီသော သားရဲတို့မှ ထုတ်လွှတ်လိုက်သည့် နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်ပြင်ကိုပင် နဂါး ပျံသန်းခြင်း၊ ကျားဟိန်းဟောက်ခြင်း၊ ဖီးနစ် သီချင်ဆိုခြင်း … အစရှိသည့် ပုံရိပ်ယောင်တို့ဖြင့် ပြည့်နှက်သွားစေခဲ့သည်။
အဆိုပါ ပုံရိပ်ယောင်များသည် ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ အောက်ဘက်ရှိ ကမ္ဘာ့ကြယ် တပ်ရင်း ၂၁ဆီသို့ ဆင်းသက်လာခဲ့သည်။
“ ဘုမ်းးး ဝုန်းးး ဘုမ်းးး “
ကမ္ဘာ့ကြယ် သိုင်းပညာရှင်များက အချိန်မှီ မတုံ့နိုင်ခဲ့သဖြင့် လူရာနှင့်ချီမှာ ချက်ချင်း သေဆုံးသွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကွမ်ချီသည် သတိပြန်ဝင်လာကာ အော်ဟစ်အမိန့်ပေးလာခဲ့သည် “ တိုက်ပွဲအစီအရင် ဖွဲ့ကြ “
သူ၏အမိန့်အောက်တွင် တပ်ရင်း ၂၁သည် တိုက်ပွဲ အစီအရင်ကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။
သို့သော် ထိုအချိန်အတွင်းတွင် သားရဲမျိုးနွယ်စု၏ တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်အားကောင်းလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တပ်ရင်း ၂၁သည် နောက်ထပ် စစ်သည်တော် ရာဂဏန်းအနည်းငယ်ကို ထပ်မံ၍ လက်လွှတ်လိုက်ရပြန်သည်။
တိုက်ခိုက်ရေး အစီအရင် ဖွဲ့စည်းခဲ့ပြီးသည့် အချိန်တွင် အင်အား လေးထောင်ရှိခဲ့သည့် စစ်တပ်မှာ အင်အား သုံးထောင်ကျော်သာ ကျန်ရှိနေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် တပ်မှူးဖြစ်သည့် ကွမ်ချီသည် မျက်လုံးများ ကျွတ်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
သို့ရာတွင် ၎င်းမှာ သူ၏ တုံ့ပြန်မှုက နှေးကွေးနေခဲ့သောကြောင့် မဟုတ်ပေ။
တိုက်ပွဲတစ်ခုကို အနိုင်ရခဲ့ပြီးနောက် သိပ်မကြာခင် အချိန်မှာပင် ကမ္ဘာ့ကြယ် သားရဲတစ်အုပ်က သူတို့ကို တိုက်ခိုက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ထိုအခိုက်အတန့်တွင် ကွမ်ချီမှ ဒေါသတကြီး အော်ဟစ်လာခဲ့သည် “ မင်းတို့ သားရဲကောင်တွေ၊ အတင့်ရဲလိုက်တာ “
သို့ရာတွင် သားရဲများမှာ သူ့ကို လျစ်လျူရှုထားပြီး၊ တိုက်ခိုက်မှုများကို ဆက်လက်၍ ပြုလုပ်လာကြသည်။
“ အင်အားကြီး တိုက်ခိုက်ရေး အစီအရင် ဖွဲ့၊ အဲ့သားရဲကောင်တွေ အကုန်လုံးကို သတ်မယ် “ ကွမ်ချီမှ ဒေါသတကြီး အော်ပြောလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ကြယ် တပ်ရင်း၂၁သည် တိုက်ခိုက်ရေး အစီအရင်ကို လျင်မြန်စွာ ဖွဲ့စည်းနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ရာ လှံတစ်ချောင်း ပေါ်လာခဲ့ပြီး၊ ၎င်းသည် မိုမန်းရှိရာဘက်သို့ ဦးတည်နေခဲ့သည်။
ကွမ်ချီသည် အဆိုပါ နတ်ဆိုးဦးချို သားရဲကြီးက အကြမ်းတမ်းဆုံး တိုက်ခိုက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်၊ ထို့ကြောင့် ထိုသားရဲများကို အရင်ဦးဆုံး သတ်ဖြတ်ရမည် ဖြစ်သည်။
“ ဘုမ်းးး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မီတာ တစ်ထောင်ကျော် ရှည်လျားသည့် ကြီးမားသော လှံတစ်ချောင်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ထိုးဖောက်ကာ အလွန်တရာ မြန်ဆန်သည့် အမြန်နှုန်းဖြင့် အရှေ့သို့ ပစ်ခွင်းလာခဲ့သည်။
ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် အရပ်မျက်နှာ ရှစ်ဖက်စလုံးသို့ ပျံ့လွင့်ဖုံးလွှမ်းလာခဲ့သည်။
“ မကောင်းတော့ဘူး “
ထိုစွမ်းအားကို ခံစားမိသွားသောအခါတွင် မိုမန်း၏ အမူအရာ ပြောင်းလဲသွားသည်။
သားရဲတစ်ကောင်ဖြစ်သည့်အလျောက် သူ၏ အန္တရာယ်သိစိတ်မှာ လူသားတို့ထပ် များစွာအားကောင်း ထက်မြက်နေခဲ့သည်။ သူသည် အဆိုပါ လှံချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခြင်း (သို့) သေဆုံးခြင်းတို့ပင် ဖြစ်သွားနိုင်သည်ဟု ခံစားနေခဲ့ရသည်။
ထိုအခိုက်အတန့်တွင် နဂါးသားရဲကြီးမှာ ရုတ်တရက် စကားပြောလာခဲ့သည် “ ညီအစ်ကို၊ မကြောက်နဲ့၊ ငါ့ကို ကြည့်ထား “
ထို့နောက်တွင် သူသည် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်း
“ ဒေါင် “
နဂါးသားရဲကြီးမှ ချီ-သွေးစွမ်းအင်များကို ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းဆီသို့ ပို့လွှတ်လိုက်ရာ၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လာခဲ့သည်။
ကြီးမားသော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။
အဆိုပါ စွမ်းအင်လှိုင်းက မီတာ တစ်ထောင်ကျော် ရှည်လျားသည့် လှံကို ဖုံးလွှမ်းသွားခဲ့ပြီး၊ ၎င်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်၊ထို့နောက်တွင် ၎င်း၏ဦးတည်ချက်မှာ ပြောင်းလဲသွားခဲ့ပြီး၊ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ရှိရာဘက်သို့ မြှားဦးလှည့်သွားတော့သည်။
အသက်ကို ခြိမ်းခြောက်သည့် အန္တရာယ်ကို ကျော်လွှားနိုင်ခဲ့ပြီးသည့်နောက်တွင် မိုမန်းသည် နဂါးသားရဲကြီးကို အလောတကြီး ကျေးဇူးတင်စကားပြောလာခဲ့သည် “ ကျေးဇူးပဲ၊ ညီအစ်ကိုရာ “
“ အဲ့တာက ….. “
ထို့နောက်တွင် သူသည် နဂါးသားရဲကြီး၏ လက်ထဲတွင် ရှိနေသည့် လက်နက်ကို ကြည့်လာခဲ့ကာ၊ တစ်စုံတစ်ခုကို မှတ်မိသွားသည့်အလား မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ ကောင်းကင်ဝါးမြို ခေါင်းလောင်းလား “
ထိုစဥ် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေးအစီအရင်၏ အထက်ကောင်းကင်ယံတွင် ရှိနေသည့် ကွမ်ချီမှာလည်း အံ့ဩတုန်လှုပ်ကာ အထိတ်တလန့် ဖြစ်သွားခဲ့သည်။
သူသည် အဆိုပါ သားရဲအုပ်က ထိုကဲ့သို့သော အဖိုးတန်ရတနာတစ်ပါးကို ယူဆောင်လာခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူသာ ကြိုသိခဲ့မည်ဆိုပါက တိုက်ခိုက်ရေး အစီအရင်ကို ဖွဲ့စည်းခဲ့မည် မဟုတ်ပေ။
ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းသည် စွမ်းအားကို ပြောင်းပြန်လှန်ပေးခြင်းအတွက် ကျော်ကြားပြီး၊ အလယ်အလတ်အဆင့် တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းသည့် ရတနာတစ်ခုဖြစ်သည်။ သို့သော် ၎င်းတွင် အားနည်းချက်နှစ်ခု ရှိနေခဲ့ပြီး၊ ပထမတစ်ခုမှာ ၎င်းက သတ္တမအဆင့်အထက်မှ ပညာရှင်များကို မခြိမ်းခြောက်နိုင်ခြင်းပင် ဖြစ်သည်။
ဒုတိယတစ်ခုကမူ ၎င်း၏ အချိန် အကန့်အသတ်ဖြစ်ပြီး၊ တစ်ကြိမ်မျှ အသုံးပြုခဲ့ပြီးသည့်နောက်၌ ၎င်းကို ထပ်မံ၍ အသုံးပြုရန်အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းရခြင်းပင် ဖြစ်သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 506 )
ပြဿနာရှာခြင်း။ မွှေနှောက်နေပြီ ၂
ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းကြောင့် ပြောင်းပြန်လှန်ခံလိုက်ရသည့် လှံသည် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ပေါ်သို့ တိုက်ရိုက်ကျရောက်လာခဲ့သည်။
“ ဝုန်းးး “
မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံပေါ်ထွက်လာခဲ့ပြီး၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက် ၁ထောင်ကျော်မှာ သူတို့၏ ဘဝအဆုံးသတ်နှင့် တွေ့ဆုံသွားကြရသည်။
နောက်ဆက်တွဲ စွမ်းအင်လှိုင်းမှာလည်း ကျန်ရှိနေသည့် လူများကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်း၏ ကြောက်စရာ အကောင်းဆုံး အချက်ဖြစ်သည်။
အမြင့်ပိုင်း အဆင့်များအောက်မှ တိုက်ပွဲများတွင် ပြိုင်ဘက်က ကြိုတင် မပြင်ဆင်ထားဘူးဆိုပါက ရှုံးနိမ့်ရန် သေချာသလောက်နီးပါး ဖြစ်သွားမည် ဖြစ်သည်။
“ နယ်မြေ ၂၅ကလည်း လွတ်မြောက်ဖို့ အချိန်ကျပြီ “
နဂါးသားရဲကြီးသည် အရှေ့ဘက်ရှိ မြင်ကွင်းကို ကြည့်ကာ ၎င်းက လုံလောက်ပြီဟု သိရှိသွားခဲ့သည်၊ နောက်ထပ် စစ်နယ်မြေတစ်ခုဆီသို့ သွားရောက်ရန် အချိန်ကျလာခဲ့ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ၎င်းသည် မိုမန်း၊ တစ်ခြားသော သားရဲများနှင့်အတူ ထွက်သွားကာ နောက်ထပ် စစ်နယ်မြေတစ်ခုဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
…
အချိန်များ ကျော်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့တစ်ဝက်ကုန်ဆုံးသွားခဲ့သည်။
ဤအချိန်အတွင်းတွင် နဂါးသားရဲကြီးသည် သားရဲတစ်အုပ်ကို ဦးဆောင်ကာ ကမ္ဘာ့ကြယ် တပ်စခန်း ၇ခုအထိ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သည်။
ဤကိစ္စသည် အနောက်ပိုင်း စစ်နယ်မြေတွင် ဖြည်းဖြည်းချင်း ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
“ မင်းတို့အားလုံး ကြားပြီးကြပြီလား။ နတ်ဆိုးဦးချို သားရဲမျိုးနွယ်စုနဲ့ အရိပ်သားရဲမျိုးနွယ်စုက ငါတို့ကို စစ်ကြေညာခဲ့ပြီးတော့ တပ်စခန်း ၇ခု၊ ၈ခုကို ဆက်တိုက် ချေမှုန်းသွားတယ်တဲ့ “
“ သောက်ကျိုးနည်း သားရဲကောင်တွေကတော့၊ အခုဆိုရင် ကမ္ဘာစစ်က အရှိန်အဟုန် ရနေပြီလေ၊ သူတို့က ပြည်တွင်းစစ် လုပ်ချင်နေကြတာလား “
“ အထိတ်တလန့် မဖြစ်ကြနဲ့၊ သိပ်မကြာခင် အချိန်မှာပဲ၊ အဆင့်မြင့် ပညာရှင်တစ်ဦးက လှုပ်ရှားလာလိမ့်မယ်လို့ ငါယုံကြည်သည်၊ အဲ့ဒီသားရဲကောင်တွေက ကြာကြာ မမောက်မာနိုင်ပါဘူးကွာ “
လူအများစု၏ မှန်းဆချက်မှာ မှန်ကန်နေခဲ့ပြီး၊ မကြာခင် အချိန်မှာပင် သတ္တမအဆင့် ပညာရှင်တစ်ဦး လှုပ်ရှားလာခဲ့ကာ နဂါးသားရဲကြီးကို ဖမ်းရန် ပြင်ဆင်နေတော့သည်။
ကံကောင်းထောက်မစွာဖြင့် နဂါးသားရဲကြီးမှာ သတင်းကြိုရထားခဲ့ပြီး၊ မိုမန်းနှင့် တစ်ခြားသားရဲများကို ဦးဆောင်ကာ တောင်ပိုင်းစစ်နယ်မြေဆီသို့ အချိန်မှီ လှည့်ပြန်သွားခဲ့သည်။
တောင်ပိုင်းစစ်နယ်မြေ
နယ်မြေ ၁၀၀
မိုမန်းသည် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် နဂါးသားရဲကြီးကို ကြည့်လာခဲ့သည် “ အစ်ကို၊ ကျေးဇူးတင်ပါတယ်။ တကယ်လို့ မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် အဲ့ဒီသောက်ကျိုးနည်း လူမသားတွေကို လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရတယ်ဆိုတာကို ငါသိခဲ့မှာ မဟုတ်ဘူး၊ လက်သီးတစ်ချက်တည်းနဲ့ လူအုပ်ကြီးကို သတ်နိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့မိဘူး “
ဤခရီးစဥ်တစ်လျှောက်တွင် သူတို့သည် အနည်းဆုံးအနေဖြင့် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် သောင်းနှင့်ချီ၍ သတ်ဖြတ်ခဲ့လေသည်။
ကမ္ဘာ့ကြယ်တွင် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် သားရဲမျိုးနွယ်စုတို့၏ အရင်းအမြစ်များနှင့် နယ်မြေများက ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံကြရပြီး၊ သားရဲမျိုးနွယ်စု တော်တော်များများသည် ကျွန်အဖြစ် ဖမ်းဆီးခံလိုက်ရကာ အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို ခံကြရသည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။
ယနေ့၌ နဂါးသားရဲကြီး၏ ဦးဆောင်မှုအောက်တွင် မိုမန်းသည် ယခင်က သူ့ဘဝက မည်မျှခက်ခဲကြမ်းတမ်းခဲ့လဲဆိုသည်ကို နားလည်သွားခဲ့သည်။
“ ဒါပင်မဲ့ ဒီတစ်ခေါက်ပြီးတဲ့နောက်မှာ စိတ်ကြိုက်သတ်လို့ရမဲ့ အခွင့်အရေးတစ်ခု ထပ်မရနိုင်တော့တာက နှမြောဖို့ကောင်းတယ် “ မိုမန်းသည် သက်ပြင်းတချချ ဖြစ်သွားတော့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် နဂါးသားရဲကြီးမှ ခေါင်းခါပြလာခဲ့သည် “ စိတ်မပူပါနဲ့၊ သိပ်မကြာခင် အချိန်မှာ ထပ်ဖြစ်လာပါလိမ့်မယ် “
မိုမန်းမှ မေးခွန်းထုတ်လာခဲ့သည် “ သူတို့ဘက်မှာက ငါတို့ကို အပြတ်ရှင်းဖို့ အဆင့်မြင့် ပညာရှင်တွေ လွှတ်လိုက်ပြီလေ၊ ငါတို့က ဘယ်လိုလုပ် ထပ်သွားနိုင်တော့မှာလဲ “
နဂါးသားရဲကြီးသည် စကားထပ်မပြောလာခဲ့ဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
သူသည် မျိုးနွယ်စုနှစ်ခုကြားရှိ ပဋိပက္ခများက လုံလုံလောက်လောက် မဆိုးရွားသေးဘူးဆိုသည်ကို သိနေခဲ့သည်၊ ထို့ကြောင့် မီးလောင်ရာလေထပ်ပင့်ရမည် ဖြစ်သည်။
သို့သော် နောက်ထပ်ကိစ္စများကိုမူ မူလကိုယ်က ဆက်လက် ပြုလုပ်ရမည် ဖြစ်သည်။
နဂါးသားရဲကြီးက စီစဥ်တွေးတောနေစဥ်မှာပင်
“ ဝေါင်းးး “
ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ နတ်ဆိုးဝါလား “ မိုမန်းသည် အသစ်ရောက်ရှိလာသည့်လူကို မြင်တွေ့သွားပြီး၊ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းက ငါ့နယ်မြေထဲမှာ ဘာလုပ်နေတာလဲ “
နတ်ဆိုးဝါမှ အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည် “ မင်းတို့အရူးတစ်သိုက်၊ လူသားတွေကို တိုက်ခိုက်ဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုပေးလို့လဲ “
မိုမန်းမှ မကျေမနပ်ဖြစ်သွားသော အမူအရာဖြင့် တုံ့ပြန်ပြောဆိုလာခဲ့သည် “ မင်းဘာသိလို့လဲ၊ အဲ့လူမသားတွေကမှ ငါတို့ကို အရင်စော်ကားခဲ့တာ။ ငါတို့က ခုခံလို့မရဘူးလား “
နတ်ဆိုးဝါသည် မျက်မှောင်ကြုတ်သွားကာ၊ မထီမဲ့မြင်ပြု၍ ပြောလာခဲ့သည် “ မင်းကို အသိပေးဖို့ ငါဒီကို လာခဲ့တာ၊ အစီအရင်ကိစ္စကို မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက သိသွားပြီ၊ အခုသူတို့က တိုက်ခိုက်ရေး အဖွဲ့တွေ လွှတ်ဖို့ပြင်ဆင်နေနကြတယ်။ အဲ့တာကြောင့် ဒီကာလအတွင်းမှာ လူသားတွေနဲ့ ပြဿနာ ထပ်မဖြစ်ရအောင်နေပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် မိုမန်းမှာ တလေးတနက် ဖြစ်သွားခဲ့သည်။
“ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက သတင်းရသွားပြီလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က ဘယ်လိုလုပ် သိသွားကြတာလဲ “
သို့သော် တစ်ခဏအကြာတွင် သူသည် လှောင်ပြောင်ပြောဆိုလာခဲ့သည် “ တကယ်လို့ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက သိသွားမယ်ဆိုရင်တောင်မှ၊ ဘာဖြစ်လဲ။ ဒီမှာက အစီအရင်တွေ သန်းနဲ့ချီပြီးတော့ ရှိတယ်။ သူတို့က အဲ့တာတွေကို အချိန်မှီ ဖျက်စီးနိုင်မှာ မဟုတ်ဘူး “
နတ်ဆိုးဝါသည် ထပ်မံ၍ ငြင်းခုန်မနေတော့ဘဲ၊ သတိပေးရုံသာ ပေးလာခဲ့သည် “ ဘာပဲဖြစ်ဖြစ် လူသားတွေကို စော်ကားနေတာတွေ ရပ်လိုက်တော့ “
ထို့နောက်တွင် သူသည် နဂါးသားရဲကြီးကို လှည့်ကြည့်လာခဲ့ပြီး၊ တစ်ခဏခန့် ငြိမ်သက်သွားခဲ့သည် “ မင်းတို့ အရိပ်မျိုးနွယ်စုက ကိုယ်ပိုင်နယ်မြေမှာ မနေဘဲနဲ့ နယ်မြေ ၁၀၀ဆီ ဘာလာလုပ်တာလဲ “
နဂါးသားရဲကြီးမှ ပြန်ပြောလာခဲ့သည် “ ငါက ညီအစ်ကိုမိုမိန်းနဲ့ အဆက်အသွယ်လုပ်နေတာ “
နတ်ဆိုးဝါမှ ဆူပူအော်ငေါက်လာခဲ့သည် “ မင်းရဲ့နယ်မြေဆီ မြန်မြန်ပြန်တော့၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေက ရောက်လာတော့မယ်၊ တိုက်ပွဲအတွက် ပြင်ဆင်ထားကြ “
စကားပြောခဲ့ပြီးသည့်နောက်တွင် မိုမန်းမှာ လှည့်ထွက်သွားတော့သည်။
နဂါးသားရဲကြီးသည် ထွက်ခွာသွားသည့် နတ်ဆိုးဝါကို ကြည့်ကာ အတွေးထဲတွင် အစီအစဥ်တစ်ခု ရသွားခဲ့သည် “ နတ်ဆိုးနဂါးသားရဲ၊ နောက်အလှည့်ကတော့ မင်းတို့ပဲ “
…
ထိုစဥ်
အနောက်ပိုင်း စစ်နယ်မြေ၊ နယ်မြေ ၂၃
ရှုကျိုးသည် တပ်ရင်း၂၃ အရှေ့တွင် မတ်တပ်ရပ်နေကာ တိုက်ပွဲ အစီအရင် ဖွဲ့စည်းရမည့် နည်းလမ်းများကို ရှင်းပြသင်ပြပေးနေခဲ့သည်။
“ ချီ-သွေးပို့ဆောင်ရေး အကျိုးသက်ရောက်မှုက အနိုင်၊ အရှုံးကို ဆုံးဖြတ်ပေးနိုင်တယ်၊ အရင်တုန်းက နည်းလမ်းက တော်တော်ကြီးကို နှေးလွန်းတယ်။ ငါအသစ်ပြန်လုပ်ပေးထားတယ် “
“ ငါက အပ်စိုက်မှတ်အဖြစ် နေမယ်၊ ချီ-သွေး မရီဒန် ရှစ်ခုကို ပါးကွပုံစံ ဖြန့်ကျက်ထားမယ်၊ မရီဒန် တစ်ခုချင်းစီတိုင်းကို အဆစ်တွေနဲ့ ဆက်ထားမယ်၊ အဆစ်တစ်ခုချင်းစီတိုင်းကို ဒုတပ်မှူးတွေက စောင့်ကြပ်မယ် ………. “
ရှုကျိုး၏ စကားများကို ကြားလိုက်ရသောအခါတွင် တိုက်ပွဲအစီအရင်အတွင်းရှိ ဒုတပ်မှူးများသည် မအောင့်ထားနိုင်တော့ဘဲ ကျုံးချန်ကို မေးမြန်းလာကြသည် “ တပ်မှူးကျုံး၊ တပ်မှူးရှု ပြောတာတွေက တကယ်ကြီးကို အကျိုးသက်ရောက်မှု ရှိတာလား “
“ စိတ်မပူပါနဲ့ အမိန့်အတိုင်းသာ လိုက်လုပ်ကြည့်ကြ “ ဟုကျုံးချန်မှ ပြန်ပြောလာခဲ့သည်။
ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူကိုယ်တိုင်မှာလည်း မတွေးတောဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
အဲ့တာက တကယ်အလုပ်ဖြစ်မှာလား
ယခင်က ရှုကျိုးသည် တိုက်ပွဲ အစီအရင်တစ်ခုလုံး၏ စွမ်းအားကို ၃၀%အထိ မြှင့်တင်ပေးနိုင်မည့် နည်းလမ်းတစ်ခုရှိကြောင်းကို ပြောပြခဲ့ဖူးသည်။
ယခုလက်ရှိ တိုက်ပွဲအစီအရင်မှာ ကြယ်ပြာဂြိုဟ်မှ ရာစုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြုပြင်နေခဲ့သည့် ရလဒ်တစ်ခုဖြစ်ပြီး၊ ၎င်းအား ဆက်လက်ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ရန်ခက်ခဲသည်ဆိုသည်ကို သူသိနေခဲ့သည်။
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ စမ်းသပ်မှုလေး တစ်ခုပါပဲ ဘာလို့ မဖြစ်နိုင်ရမှာလဲ “
ကျုံးချန်သည် မျှော်လင့်ချက် အနည်းငယ်မျှသာ ထားထားပြီး၊ ဘေးမှရပ်ကြည့်နေခဲ့သည်။
မကြာခင်မှာပင် တပ်ရင်း ၂၃တစ်ခုလုံးသည် ရှုကျိုး၏ နည်းလမ်းများအတိုင်း အစီအရင်ကို ပြန်လည်တည်ဆောက်နေကြသည်။
“ စွမ်းအားကြီး တိုက်ခိုက်ရေး အစီအရင် ဖွဲ့ “ ရှုကျိုးမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
“ ဟုတ် “
ဝုန်းးးး
တိုက်ပွဲအစီအရင်အတွင်း၌ ချီ-သွေးစွမ်းအင်တန်းများသည် ပင့်ကူမျှင်ကဲ့သို့ ချိတ်ဆက်နေခဲ့ပြီး၊ ရှုကျိုးထံသို့ လျင်မြန်စွာ တိုးဝင်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် လှံတစ်လက် ဖွဲ့စည်းဖြစ်တည်လာခဲ့သည်။
လှံပေါ်သည့် အချိန်၌ ၎င်းသည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပဲ့တင်ထပ်သွားခဲ့ပြီး၊ ပတ်ပတ်လည်ရှိ လေထုကို တဝီဝီ အော်မြည်သံများ ပေါ်ထွက်လာစေခဲ့သည်။
“ ဂျိမ်းးးး “
ကောင်းကင်ထက်တွင် မှင်နက်ကဲ့သို့သော မိုးကြိုးတိမ်တိုက်များ လျင်မြန်စွာ စုစည်းလာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးများလက်လာခဲ့သည်။
အံ့ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
“ ဒီစွမ်းအားက …….. “
ကျုံးချန်၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည် “ ညီအစ်ကိုရှုရဲ့ အစီအရင်က ပိုအားကောင်းတဲ့ စွမ်းအားကို တကယ်ကြီး ထုတ်လွှတ်နေနိုင်တာများလား “
အစီအရင် ပြီးမြောက်သွားသည့်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် လက်မြှောက်လိုက်ကာ လက်ညှိုးညွှန်ပြလိုက်သည် “ သွား “
ဝုန်းးး
လှံပစ်ခွင်းသွားပြီး၊ မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခုကို ချန်ရစ်ထားခဲ့ကာ မိုင်ပေါင်းများစွာ အကွာရှိ တောင်တစ်လုံးပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားခဲ့သည်။
“ ဘမ်းးး “
အဆိုပါ တောင်သည် မြေငလျင်ဒဏ်သင့်သွားသည့်အလား ချက်ချင်း ပြိုကွဲသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကျုံးချန်နှင့် ဒုတပ်မှူးအများအပြားမှာ အံ့ဩမှင်သက်သွားကြသည်။
“ တော်တော်ကြီးကို စွမ်းတာပဲ “
“ ဒီစွမ်းအားက၊ အရင်တုန်းကထပ် အနည်းဆုံးအနေနဲ့ ၄၀%လောက်အထိ ပိုအားကောင်းနေတယ် “
ယခုတွင် ကျုံးချန်သည် လုံးဝဂရောက်ဂယက်ဖြစ်သွားတော့၊ ရှုကျိုးက ကြယ်ပြာတိုက်ပွဲ အစီအရင်ကို သူ့ဟာသူ အဆင့်မြှင့်ခဲ့တာလားဟ။
သူသည် အရှေ့သို့ တက်ကာ မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရှု၊ အဲ့တာကို မင်းဘယ်လိုလုပ်လိုက်တာလဲ “
ရှုကျိုးသည် သူ၏စမ်းသပ်မှုက အောင်မြင်သွားကာ ထိုကဲ့သို့သော စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည့်အတွက် စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည် “ အရင်တုန်းက လန်စုအဖြစ် ရုပ်ဖျက်သွားတုန်းက ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်ကို ထိန်းချုပ်ခဲ့ရတယ်လေ၊ အဲ့အချိန်မှာပဲ အဲ့တာရဲ့ လည်ပတ်မှု နည်းလမ်းကို အကျိုးပိုရှိတာကို တွေ့ခဲ့ရတယ် “
“ အဲ့တာကို နည်းနည်းလေး ပြင်ဆင်ပြီးတော့ ကြယ်ပြာတိုက်ပွဲ အစီအရင်မှာ သုံးလိုက်တာ။ စွမ်းအားက အရင်ကထပ် တကယ်ကို အများကြီး ပိုစွမ်းနေတာပဲ “
ကျုံးချန်သည် အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းလုပ်ရပ်က စစ်မြေပြင်တစ်ခုလုံးရဲ့ အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲသွားစေလောက်တယ်။ အဲ့တာအတွက်နဲ့တင် မင်းက ဒုဗိုလ်ချုပ်ရာထူးကို ရနိုင်တယ် “
ရှုကျိုးမှ ခေါင်းခါပြလာခဲ့သည် “ အဲ့တာက ကမ္ဘ့ာကြယ်ဆီကနေ ချေးငှားထားတာပါကွာ၊ ငါ့ကိုယ်ပိုင်ဟာ မဟုတ်ပါဘူး “
ကျုံးချန်မှ လေးနက်စွာ ပြန်ပြောလာခဲ့သည် “ ဘာကိစ္စ မဟုတ်ရမှာလဲ။ သေချာပေါက်ကို ဟုတ်တာပေါ့။ ရာထူးပေးအပ်ပွဲ အခမ်းအနားကို ကျင်းပတဲ့အချိန်ကျရင် စစ်ဌာနကို ငါသတင်းပို့လိုက်မယ်၊ မင်းက ဒီဂုဏ်ပြုမှုနဲ့ လုံးဝထိုက်တန်တယ် “
“ ဒါဆိုရင်လည်း အစ်ကိုကုံးကို ကျေးဇူးတင်ပါတယ်ဗျာ “ ရှုကျိုးသည် ပျော်ရွှင်စွာ ရယ်မောနေတော့သည်။
အလကား ရလာမည့် အကျိုးအမြတ်များကို လက်မခံနိုင်စရာ အကြောင်းအရင်း မရှိပေ။
သို့သော် ဤအချိန်၌ ရှုကျိုးသည် တစ်ခြားသော ကိစ္စတစ်ခုကိုသာ တွေးပူနေခဲ့သည်။
“ အစ်ကိုကျုံး၊ ကျွန်တော် ခဏလောက် အပြင်သွားဖို့ လိုအပ်တယ် “ ရှုကျိုးမှ ပြောလာခဲ့သည် “ ဒီကာလအတွင်းမှာ ကျွန်တော့်ရဲ့ နည်းလမ်းကို သုံးပြီးတော့ တိုက်ပွဲ အစီအရင်ကို ထိန်းချုပ်လိုက်ပါ။ တကယ်လို့ ရန်သူတွေ ရောက်လာမယ်ဆိုရင်တောင်မှ ကိုယ့်ဘာသာ ခုခံနိုင်မှာပါ “
ကျုံးချန်သည် တအံ့တဩဖြစ်သွားခဲ့သည် “ ဘယ်သွားမလို့လဲ “
ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ နည်းနည်းလောက် ထပ်မွှေရဦးမယ်လေ “
…………………………………………………………………………………………………………………………………………..
အပိုင်း ( 507 )
စစ်ကြေညာခြင်း။ ရူးသွပ်ဖွယ်ကောင်းသော အကြံအစည်
ရှုကျိုး၏ အစီအစဥ်ကား အလွန်တရာ ရိုးရှင်းနေခဲ့သည်။
၎င်းမှာ တူညီသော လှည့်ကွက်ကို အသုံးပြုခြင်းပင် ဖြစ်သည်၊ သူက ကမ္ဘာ့ကြယ် တပ်မှူးတစ်ဦးအဖြစ် ရုပ်ဖျက်ကာ ကိုယ်ပွားက အနိုင်ယူခဲ့သည့် ကမ္ဘာ့ကြယ် စစ်တပ်များကို ချဥ်းကပ်ရန်ပင် ဖြစ်သည်။
ထို့နောက်တွင် တောင်ပိုင်း စစ်နယ်မြေဆီသို့ ဦးတည်သွား၍ သားရဲမျိုးနွယ်စုများကို သတ်ဖြတ်ရန်အတွက် အဆိုပါ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို တိုက်တွန်းသွေးဆောင်မည် ဖြစ်သည်။
ဤဖြစ်စဥ်ကာလအတွင်း၌ ကျရှုံးမှုတစ်ချို့ သေချာပေါက် ပေါ်လာမည်ဖြစ်ပြီး၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တစ်ချို့သည် သူ့နောက်သို့ လိုက်ကြမည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုးထံတွင် ရွေးချယ်စရာ အများအပြား ရှိနေခဲ့သည်၊ အကယ်၍ သူတို့က မလိုက်ချင်ကြဘူးဆိုပါက၊ သူသည် တစ်ခြားသော နည်းလမ်းတစ်ခုကို အသုံးပြုမည် ဖြစ်သည်။
သူ၏ယခင်က အတွေ့အကြုံများကြောင့် ဤတစ်ကြိမ် ရှုကျိုး၏ စည်းရုံးရေး နည်းလမ်းများမှာ ပိုမိုခေတ်မှီဆန်းသစ်လာခဲ့သည်။
သူသည် ဆက်တိုက်အားပေးကာ၊ ဖြည်းဖြည်းချင်း စည်းရုံးနေခဲ့သည်။
အဆုံးတွင် ရှုကျိုးသည် အနောက်ပိုင်း စစ်နယ်မြေမှ ကမ္ဘာ့ကြယ် တပ်ရင်း ၁၈၊ ၁၉၊ ၂၀နှင့် ၂၁တို့ကို စည်းရုံးနိုင်ခဲ့သည်။
အဆိုပါ တပ်ရင်း လေးခုသည် နဂါးသားရဲကြီး၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး၊ လူအင်အား အနည်းငယ်မျှသာ ကျန်ရှိနေခဲ့သည်။
ထိုကဲ့သို့ဖြစ်နေမည်ဆိုလျှင်တောင်မှ တပ်ရင်းလေးခု၏ အကြွင်းအကျန် အရေအတွက်မှာ အင်အား ၅ထောင်အထိ တည်ရှိနေခဲ့သည်။
ထိုကဲ့သို့ပင် ရှုကျိုးသည် ကမ္ဘာ့ကြယ်သား စစ်သည်တော် ငါးထောင်ကို ဦးဆောင်ကာ တောင်ပိုင်းစစ်နယ်မြေဆီသို့ ခမ်းနားစွာ စစ်ချီလာတော့သည်။
ဤတစ်ကြိမ်တွင် ရှုကျိုးသည် ပစ်မှတ်ကို ထပ်မံ၍ သတ်မှတ်လိုက်ပြန်သည်။
“ တောင်ပိုင်း စစ်မြေပြင်က သားရဲကောင် အကုန်လုံးကို သုတ်သင်မယ် “
ယခုတွင် ရှုကျိုးသည် သားရဲမျိုးနွယ်စုတစ်ခုခုကို အတိအကျ ရွေးချယ်မနေတော့ဘဲ၊ တွေ့မြင်သမျှ မျိုးနွယ်စုတိုင်းကို တိုက်ခိုက်ကာ သူတို့ကို နှိုးဆွပေးရန် ကြံစည်နေခဲ့သည်။
ဤနည်းလမ်းဖြင့်သာဆိုပါက ရှုကျိုး၏ ရည်မှန်းချက်မှာ သေချာပေါက် အောင်မြင်လာမည် ဖြစ်သည်။
…
ရှုကျိုးက ပြဿနာမီးမွှေးမည့် ခရီးစဥ်ကို စတင်နေစဥ်အချိန်တွင်
ကွမ်ဟန်စစ်မြေပြင်၊ မြေပြန့်တောင်တစ်လုံး အတွင်း၌
နဂါးသားရဲကြီးမှာလည်း ၎င်း၏ စားသောက်မှုကို စတင်၍ ပြုလုပ်နေခဲ့ပြီ ဖြစ်သည်။
“ အခု မူလကိုယ်က စစ်သားငါးထောင်ကို ခေါ်သွားပြီးတော့ သားရဲမျိုးနွယ်စုတွေကို စိန်ခေါ်ဖို့ ပြင်နေပြီ “
“ ဒီတစ်ကွက်အောင်မြင်သွားတာနဲ့ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုတွေက ဆူပူအုံကြွလာမှာ သေချာတယ်။ အဲ့ဒီအချိန်ကျလာရင်တော့ ငါ့အလှည့်ရောက်ပြီ၊ ငါက သူတို့တွေကို ဦးဆောင်ပြီးတော့ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တွေကို စစ်ကြေညာလိုက်မယ် “
နဂါးသားရဲကြီးသည် နောက်ဆက်တွဲ အဆင့်များကို စီစဥ်ထားခဲ့ပြီးပြီ ဖြစ်သည်။
ကမ္ဘာတူသည့် မျိုးနွယ်စုနှစ်ခုကြားမှ စစ်ပွဲကို သူပြုလုပ်တော့မည် ဖြစ်သည်။
သို့သော် ထိုအချိန်မတိုင်ခင်တွင် သူ၏စွမ်းအားကို လုံလုံလောက်လောက် မြှင့်တင်ထားရမည် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် အမြှောက်စာပင် ဖြစ်သွားနိုင်လေသည်။
“ လာမဲ့ရက်တွေမှာတော့ တိုးတက်ဖို့ပဲ အာရုံစိုက်ရမယ် “
နဂါးသားရဲကြီးသည် မူလကိုယ်၏ လုပ်ရပ်များက တစ်ရက်၊ နှစ်ရက်မျှသာကြာရှည်မည် မဟုတ်ဘဲ၊ ရက်ပေါင်းများစွာတိုင်အောင် အချိန်ယူရမည်ဆိုသည်ကို သိနေသောကြောင့် တိတ်တဆိတ် စီစဥ်နေတော့သည်။
တောင်ပိုင်းစစ်နယ်မြေမှာ အလွန်တရာ ကြီးမားကျယ်ဝန်းသောကြောင့် သားရဲမျိုးနွယ်စု အကုန်လုံးကို စော်ကားရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူပြုလုပ်ရမည် ဖြစ်သည်။
မူလကိုယ်က စစ်သည်တော် ငါးထောင်ကျော်ကို ဦးဆောင်လာခဲ့သော်လည်း ပေါ်ပေါ်တင်တင် စိန်ခေါ်တိုက်ခိုက်မည် မဟုတ်ဘဲ ပြောက်ကျားနည်းဗျူဟာကို သုံးကာ ချုံခိုတိုက်ခိုက်မှုများသာ ပြုလုပ်မည် ဖြစ်သည်။
ထို့ကြောင့် အချိန်ပိုယူရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
“ ကောင်းတယ်၊ ငါက ဒီရက်ပိုင်းအတွင်းမှာ အေးအေးဆေးဆေး အဆင့်တက်လို့ရပြီပေါ့ “
နဂါးသားရဲကြီးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ လက်ဝေ့ရမ်း၍ ဆဌမအဆင့် သားရဲတစ်ကောင်ကို ထုတ်ယူလိုက်သည်။
“ ဒီကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုတွေရဲ့ အရသာက ဘယ်လိုနေမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “
“ ဂျွတ် “
နဂါးသားရဲကြီးသည် ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်ဟကာ စတင်၍ စားသောက်နေတော့သည်။
ကီလိုဂရမ် ရာနှင့်ချီ၍ လေးသော အသားအပိုင်းအစများကို မျိုချနေသည်နှင့်အမျှ သန့်စင်သော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပေါက်ထွက်လာခဲ့သည်။
“ မဆိုးပါဘူး၊ ဒီကောင်တွေရဲ့ အရသာ ထင်ထားတာထပ် ပိုကောင်းနေသားပဲ “
နဂါးသားရဲကြီးမှာ အရသာခံ၍ စားသောက်နေခဲ့သည် “ ဒီဟာတွေက တစ်ချို့ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတွေရဲ့ အရသာနဲ့တောင် ယှဥ်နေနိုင်တယ် “
စားသောက်မှုနှင့်အတူ ၎င်း၏ကိုယ်အလေးချိန်မှာလည်း လိုက်ပါ၍ မြင့်တက်လာခဲ့သည်။
ကီလိုဂရမ် ခြောက်သိန်း၊ ခြောက်သိန်းတစ်သောင်း၊ ခြောက်သိန်းနှစ်သောင်း ……..
မကြာခင်အချိန်မှာပင် နဂါးသားရဲကြီး၏ ကိုယ်အလေးချိန်သည် ကီလိုဂရမ် ၆၅၀၀၀၀အထိ မြင့်တက်လာခဲ့သည်။
အဆင့်မှာလည်း ဆဌမအဆင့် အဆင့်၂ ( ၇၅% )အထိ ရောက်ရှိလာခဲ့သည်။
“ အခုဆိုရင် ငါက နေ့တိုင်း ကီလိုဂရမ် ငါးသောင်းအထိ ကြီးထွားလာနိုင်ပြီး အဆင့်ကလည်း ၁၅%အထိ နေ့တိုင်းတိုးတက်နေတော့မှာ “
နဂါးသားရဲကြီးမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ဒီနှုန်းအတိုင်းဆိုရင် ငါက အဆင့်၇ကို ရောက်ဖို့ ၂လလောက်ပဲ အချိန်ယူရမှာ “
ယခင်ကအတိုင်းသာဆိုပါက ဤကဲ့သို့သော တိုးတက်မှု အမြန်နှုန်းကြောင့် သူသေချာပေါက် ပျော်ရွှင်နေမည် ဖြစ်သည်။
တစ်ခြားသော သားရဲများအတွက် ဆဌမအဆင့်မှ သတ္တမအဆင့်သို့ တက်လှမ်းရခြင်းမှာ ဆယ်နှစ်(သို့) ဆယ်စုနှစ်ပေါင်းမျာစွာ ကြာရှည်သည်အထိ အချိန်ယူရလေ့ရှိသည်။
မြန်ဆန်သော ကျင့်ကြုံရေး အမြန်နှုန်းကို ပိုင်ဆိုင်ထားကြသည့် လူသားသိုင်းပညာရှင်များကပင် ထိုအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။
နဂါးသားရဲကြီးကမူ ထိုအကွာအဝေးကို နှစ်လအတွင်း ရောက်ရှိသွားအောင် ပြုလုပ်နိုင်သော်လည်း မကျေမနပ် ဖြစ်နေသေးသည်။
“ အမှောင်နယ်မြေက တစ်နှစ်အတွင်း ပွင့်လာနိုင်တယ်၊ ဒသမအဆင့်နယ်ပယ်က ပညာရှင်တွေ ရောက်လာတဲ့ အချိန်ကျရင် အရာအားလုံး နောက်ကျသွားလိမ့်မယ် “
နဂါးသားရဲကြီးမှာ တွေးတောဆင်ခြင်နေတော့သည် “ အခုလက်ရှိ ငါ့ရဲ့ တိုးတက်မှုအမြန်နှုန်းနဲ့ဆိုရင် အဆင့်၇ကို ရောက်ဖို့ နှစ်လအထိ အချိန်ယူရလိမ့်မယ်၊ အဲ့နောက်မှာတော့ ပိုပြီးတော့တောင် နှေးကွေးသွားမှာပဲ “
“ အဆင့်၉ ဒါမှမဟုတ် အဆင့်၁၀ကို ရောက်ဖို့ဆိုတာက ဘယ်ဆီနေမှန်း မသိသေးဘူး “
“ တော်တော်ကြီးကို နှေးနေတုန်းပဲ “
“ ကျင့်ကြံရေးကို အရှိန်မြှင့်ပေးနိုင်မဲ့ ပစ္စည်းတွေ ရှိနေရင် သိပ်ကောင်းမှာပဲ “
နဂါးသားရဲကြီးသည် လက်ရှိအရှိန်အဟုန်နှင့် ပတ်သက်၍ စိတ်ကျေနပ်မှု မရှိသေးဘဲ ယခုထပ်ပို၍ မြန်မြန်ဆန်ဆန် အဆင့်တက်ချင်နေခဲ့သည်။
“ ကမ္ဘာ့ကြယ်ပေါ်မှာ လူတစ်ယောက်ရဲ့ နယ်ပယ်ကို ချက်ချင်းအဆင့်မြှင့်ပေးနိုင်မဲ့ ရတနာတွေရှိတဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုရှိတယ်လို့ ငါကြားခဲ့ရတယ် “
နဂါးသားရဲကြီးသည် မိုမန်းပြောခဲ့သည့် စကားများကို အမှတ်ရအောက်မေ့မိနေခဲ့သည်။
နတ်ဆိုးဦးချို သားရဲမျိုးနွယ်စု၏ ထင်ရှားကျော်ကြားသော တည်ရှိမှုတစ်ခုဖြစ်သည့် မိုမန်းသည် ကမ္ဘာ့ကြယ်နှင့် သက်ဆိုင်သည့် တစ်ချို့သော ရှေးဟောင်းလျှို့ဝှက်ချက်များကို သိနေခဲ့သည်။
ရှေးဟောင်း အပျက်အစီးနယ်မြေဟု ခေါ်ဆိုသော အရာသည် အမှောင်နယ်မြေနှင့် ချိတ်ဆက်နေခဲ့ကာ ရှေးခေတ်အခါကတည်းက နစ်မြုပ်ပျက်စီးသွားကာ အပျက်အစီးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ဆိုကြသည်။
မည်သို့ပင်ဆိုစေကာမူ အဆိုပါ နယ်မြေသည် ယနေ့ခေတ် အချိန်အခါအထိ တည်ရှိနေသေးသည်။
တစ်ခါက ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်တစ်ဦးက ထိုနယ်မြေထဲသို့ မတော်တဆ ဝင်မိသွားခဲ့ပြီး၊ ပြန်ထွက်လာခဲ့သည့်နောက်တွင် အဆင့်ကြီးနှစ်ဆင့် မြင့်တက်သွားကာ နဝမအဆင့် ပညာရှင်တစ်ဦး ဖြစ်သွားခဲ့သည်ဟု ဆိုကြသည်။
၎င်းမှာ မိုမန်းကြားခဲ့ရသည့် ကောဟဟာလများသာ ဖြစ်ပြီး၊ မှန်၊ မမှန်ဆိုသည်ကို မည်သူမှ အတည်မပြုနိုင်ခဲ့ပေ။
ထိုစကားများကို ပြန်လည်တွေးတောအမှတ်ရနေရင်းဖြင့် နဂါးသားရဲကြီးသည် ကမ္ဘာ့ကြယ်သို့ သွားရောက် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။