အခန်း (၂၂၆-၂၂၈)
Vol. 16 Ch. 226-228
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၆)
မိစ္ဆာတွေကိုသာ ကြက်ကလေးငှက်ကလေးဖမ်းသလိုမျိုး အလွယ်တကူဖမ်းဆီးနိုင်မယ်ဆိုရင် ကွမ်းမင်တိုက်(လင်းလက်တိုက်)ပေါ်က နိုင်ငံများအနေဖြင့် ယခုလိုခေါင်းကိုက်နေစရာမလိုပါဘူး။
ရှူကနေ ရှန်ယန်ရှောင်ကိုလုပ်ခိုင်းစေချင်နေတာက လင်းလက်တိုက်ပေါ်မှာနေထိုင်ကြတဲ့ လူပေါင်းမြောက်မြားစွာအား ခေါင်းစားစေတဲ့ အဆိုပါမိစ္ဆာကောင်တွေကို ဖမ်းဆီးပေးဖို့ပါတဲ့။
ဒါက ရှူကိုရူးနေတာလို့ပြောတာမဟုတ်ပါဘူးနော် အဲ့ဒီစိတ်ကူးကသာ ရူးကြောင်ကြောင်နိုင်တာပါ....
"ဒါတွေက အသေးအဖွဲတွေပါကွာ ပြိုင်ပွဲမစခင်မှာသာ မင်းရဲ့တတိယမြောက်တားမြစ်အမှတ်ကို ပယ်ဖျက်နိုင်ခဲ့ရင် ငါ့ရဲ့စွမ်းအားလည်း အတိုင်းအတာတစ်ခုအထိ ပြန်ရခဲ့ရင် စွန့်ပစ်နယ်မြေထဲမှာ မင်းကိုငါကူညီပေးနိုင်ပါတယ်" လို့ ပြောလိုက်တဲ့ရှူရဲ့ စကားသံထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ပါဝင်နေသလို မိစ္ဆာကောင်တွေကိုကြောက်ရွံ့ထိတ်လန့်တဲ့ အသံလည်းတစ်စိုးတစ်စိမှ မပါဝင်ပါဘူး။ သူ့မျက်လုံးထဲမှာတော့ မိစ္ဆာကောင်တွေဟာ ဖုန်မှုန့်သာသာလောက်ပဲ ရှိနေတဲ့သဘောအတိုင်းပါပဲ။
"တတိယအမှတ်ကိုဖျက်ဖို့ ဘယ်လောက်ကြာနိုင်မလဲ"
ရှူရဲ့စွမ်းအားဘယ်လောက်ရှိလဲဆိုတာကို သူမသိပ်အရမ်းဂရုစိုက်မနေပါဘူး။ သို့သော်လည်း သူမရဲ့တတိယအမှတ်ကိုဖျက်ပြီးတဲ့အခါမှာ သူမနဲ့ရှူနဲ့ နှစ်ယောက်လုံးရဲ့အစွမ်းတွေ ကြီးကြီးမားမားပြောင်းလဲမယ်လို့ သူမစိတ်ထဲခံစားမိနေပါတယ်။
"မင်းကသာ သလင်းအမြူတေခုနှစ်သောင်းကို ရှာပေးနိုင်ရင် ဒီနေ့ညတွင်းချင်းကို မင်းအမှတ်ကို ငါဖျက်ပေးနိုင်ပါတယ်"
"ခုနှစ်..သောင်း ခင်ဗျားက ကျုပ်ကိုသေစေချင်နေတာလား..အားး"
ရှန်ယန်ရှောင်ဟာ အုတ်ခဲတစ်လုံးရှာပြီး ဒီလူ့ကိုရိုက်ချင်စိတ်ပေါက်သွားပါတယ်။ တောင်းဆိုချက်တွေက တစ်ခါထက်တစ်ခါ များများမလာလွန်းဘူးလား.......
နောက်ပြီးတော့လည်း သူမသာအမှတ်မမှားဘူးဆိုရင် ဘဏ္ဍာတိုက်ထဲကခိုးခဲ့တဲ့ အမြူတေတွေအကုန်လုံးကိုလည်း မြိုပြီးသွားပြီ ဒါတောင်မှ တတိယအမှတ်ကိုဖျက်ဖို့ရာအတွက် နောက်ထပ်ခုနှစ်သောင်းတောင် လိုသေးတယ်တဲ့လား.....
သူမ တိတ်ဆိတ်စွာနဲ့ အနာဂါတ်ကို မျှော်မှန်းကြည့်လိုက်ပါတယ်။ အမှတ်အသားကိုပယ်ဖျက်ဖို့ရာက တစ်ကယ့်ကိုခရီးရှည်ကြီးတစ်ခုပါပဲလား။
"မင်းသလင်းအမြူတေကို ဆက်စုဆောင်းနေလိုက်ပေါ့ ဒါပေမဲ့ အဲ့မတိုင်ခင် မင်းရဲ့ ဆင့်ခေါ်သူနဲ့လေးအတတ်မှာ အခြေခိုင်အောင်လုပ်ထားဖို့ လိုတယ်။ အခု မင်းက လေးဌာနကို ဝင်ပြီးပြီဖြစ်လို့ လေးအတတ်ဖက်မှာတော့ ငါမပူတော့ပေမဲ့ မင်းရဲ့ဆင့်ခေါ်သူအတတ်အတွက်ကတော့ ဒီလဝက်အတွင်းမှာ တစ်ခါမှလေ့ကျင့်နေတာ မမြင်သေးဘူးလေ ဒီအတိုင်းဆက်သွားနေရင် မင်းအဆင့်တက်ဖို့က နှေးကွေးနေမှာကို ငါစိုးရိမ်မိတယ်နော်"
အိုးယန်ဟွမ်းယူက ဆင့်ခေါ်သူကို ရှာဖွေနေတာကြောင့် ကျိန်စာအတတ်ကို သူမမလေ့ကျင့်ရဲဘူးဖြစ်နေပါတယ်။ သူမရဲ့တိုးတက်မှုနှေးကွေးတဲ့အကြောင်းကို ရှူသတိပေးစရာတောင်မလိုပါဘူး သူမကိုယ်တိုင်လည်းသိနေပါတယ်။
"သိုးရေစာအုပ်ထဲမှာ စွမ်းအားကြီးကျိန်စာတွေပါပေမယ့် အခြေခံခိုင်မာဖို့အတွက်ကတော့ သုံးမရဘူး"
"ဒီနေ့ည ဆင့်ခေါ်သူမျှော်စင်ဆီကို ကျနော်ပြန်သွားမယ်"
သိုးရေစာအုပ်က သူမရဲ့ အခြေခံအုတ်မြစ်ခိုင်မာဖို့ သုံးမရတာအမှန်ဖြစ်နေလို့ အခြေခံစာအုပ်အချို့ကို ခိုးယူဖို့အတွက် သူမ ပြန်သွားရပါဦးမယ်။
ထိုညမှာပဲ တန်နာဇီနဲ့ လင်းရွှမ်တို့အိပ်မောကျသွားချိန်မှာ ရှန်ယန်ရှောင်ဟာ ဆင့်ခေါ်သူဌာနဆီသို့ ခိုးထွက်လာခဲ့ပါတယ်။
ဆင့်ခေါ်သူမျှော်စင်မှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးရောင်ကို အမှောင်ထုထဲမှာဖြစ်နေတာကြောင့် အဝေးကနေပဲ လှမ်းမြင်နိုင်ပါတယ်။
တိတ်ဆိတ်နေတဲ့ ဆင့်ခေါ်သူဌာနဟာ အရင်အတိုင်းပဲ ဗလာနတ္ထိဖြစ်နေဆဲပါပဲ။
အမှောင်ထုကိုအားပြုကာ တိတ်ဆိတ်စွာခိုးဝင်နေတဲ့ ရှန်ယန်ရှောင်ရဲ့ စိတ်ထဲမှာ လေးလံနေပါတယ်။
ဒီလေးလံမှုဟာ သူမရဲ့စိတ်ဝိဉာည်ထဲကနေ ခံစားသိရှိနေတာဖြစ်သလို ဒီလိုဖြစ်တိုင်းမှာ တစ်ခုခုကတော့ ဖြစ်ပျက်တာပါပဲ။
သတိကြီးကြီးထားကာ ပတ်ဝန်းကျင်ကို အကဲခတ်နေပြီး မျှော်စင်ထဲကို ချက်ချင်းမဝင်သွားပါဘူး။ အချိန်အတော်ကြာအောင် စောင့်ကြည့်နေသော်လည်း ထူးခြားတာ ဘာတစ်ခုမှ မတွေ့ခဲ့ရပါဘူး။
သူမ ပြုစားခံထားရတာများလား....
ဆင့်ခေါ်သူဌာနကို အကြိမ်ပေါင်းများစွာလာခဲ့သလို တစ်ခါမှဘာမှမဖြစ်ခဲ့ဖူးပါဘူး။ ကြည့်ရတာ ထူးခြားနေသော်လည်း ပုံမှန်မဟုတ်တာတစ်ခုမှလည်း သူမ ရှာမတွေ့ဘူးဖြစ်နေပါတယ်။
"ရှူရေ ဒီမှာ တစ်ခုခုပုံမှန်မဟုတ်ဘူးဖြစ်နေသလားလို့ ကျနော့်ကို ကူတဲ့အနေနဲ့ ကြည့်ပေးနိုင်မလား"
သူမစိတ်ထဲက လေးလံနေမှုက အခုထိမပျောက်သေးတာကြောင့် မျှော်စင်ထဲကို သူမ ဝင်မသွားရဲသေးပါဘူး။ ရှူဟာ ဝိဉာည်သက်သက်သာရှိသေးသော်လည်း သူ့ရဲ့ သိမြင်နားလည်နိုင်စွမ်းက သူမထက် ဘယ်နှစ်ဆလောက်တောင် မြင့်မားနေမလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၇)
ရှူကတော့ သူမရဲ့စကားကို ချက်ချင်းမတုံ့ပြန်တာကြောင့် ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းနေပုံရပါတယ်။
တစ်ခဏအကြာမှာတော့ ရှူရဲ့အသံကို သူမ ကြားလိုက်ရပါတယ်။
"သွားကြစို့ မင်း ဒီနေရာမှာ ကြာကြာမနေသင့်တော့ဘူး"
"ဘာဖြစ်တာလဲ"
ရှန်ယန်ရှောင် အနည်းငယ် အံ့အားသင့်သွားရပါတယ်။ ဆင့်ခေါ်သူဌာနထဲမှာ တစ်ခုခုသော အန္တရာယ်ဟာ အခုအချိန်မှာ တစ်ကယ်ပဲရှိနေတာလား။
"အဲ့ဒီမှာ လူတွေမမြင်နိုင်တဲ့ မှော်အတတ်ရှိနေလို့ မင်းရှေ့ကိုသာ နည်းနည်းလောက် ဆက်သွားမိတာနဲ့ လူသိသွားမှာပဲ"
ရှူ့အသံဟာ နည်းနည်းစိတ်ကသိကအောက်ဖြစ်နေပုံပါပဲ။ သူက ရှန်ယန်ရှောင်ရဲ့ အစွမ်းအစကို တော်တော်လေး ယုံကြည်မှုရှိနေတာကြောင့် ဘာမှမရှိတဲ့ ဒီဆင့်ခေါ်သူဌာနမှာ တစ်စုံတစ်ယောက်ကနေ အဆင့်မြင့်မှော်အတတ်ကို အသုံးပြုထားမယ်လို့ မထင်ထားမိခဲ့ပါဘူး။
ရှန်ယန်ရှောင်ရဲ့ အဆင့်လောက်နဲ့ အခုလိုမျိုး မရင်းနှီးသေးတဲ့ အချက်ပြမှော်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ကံကောင်းစွာနဲ့ သူမရဲ့ မသိစိတ်ဟာ တော်တော်လေးအာရုံခံကောင်းနေပါတယ်။
ဘာမှဆက်မလှုပ်ရှားတော့ဘဲနဲ့ ချက်ချင်းပဲ ဆင့်ခေါ်သူဌာနကနေ သူမ ပြန်ထွက်ခွာလာခဲ့လိုက်ပါတယ်။
သို့သော်လည်း သူမရဲ့ လှုပ်ရှားမှုက အနည်းငယ် နောက်ကျသွားခဲ့ပါပြီ။ ရာချီရှိနေတဲ့ ညလင်းကျောက်တွေဟာ ဆင့်ခေါ်သူဌာနလမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီကနေ တောက်ပစွာလင်းလက်လာတာကြောင့် အမှောင်ထဲက ဆင့်ခေါ်သူဌာနဟာ လင်းထိန်သွားပါတော့တယ်။
ရှန်ယန်ရှောင်လည်း ချက်ချင်းပဲ ယိုယွင်းနေတဲ့ အဆောက်အဦတစ်ခုထဲကို ဝင်ပုန်းခိုလိုက်ကာ သူမရဲ့ စိတ်ထဲမှာတော့ မကောင်းတော့တဲ့အငွေ့အသက်ကို ဆက်တိုက်ခံစားရရှိနေပါပြီ။
ချီးပဲဟေ့ မှော်ရေ..
ညလင်းကျောက်တွေရဲ့ အလင်းရောင်အောက်မှာ သေးသွယ်တဲ့ကိုယ်လုံးပိုင်ရှင်တစ်ယောက် ဆင့်ခေါ်သူဌာနရဲ့ အပြင်ဖက်ကနေဝင်ရောက်လာတာကို တွေ့မြင်ရမှာပါ။
"အိုးယန်ဟွမ်းယူပဲ"
ထိုလူအား ရှန်ယန်ရှောင်ချက်ချင်းမှတ်မိလိုက်သလို သူမရဲ့ စိတ်ဓာတ်က ဘယ်လောက်အထိတောင် ကျဆင်းသွားရသလဲဆိုရင် သွေးအန်မိမတတ်ပါပဲ။
သူမစိတ်ထဲ လေးနေတာက ဒါကြောင့်ပဲကိုး။ အိုးယန်ဟွမ်းယူ ဒီနေရာမှာ ဘာကြောင့်ရောက်နေတာလဲဆိုတာကတော့ သူမအတွက်ဖြစ်နေမှာကိုပဲ သူမပူနေမိပါတယ်။
လှည့်စားမှော်အတတ်ဟာ ရှန်ယန်ရှောင်ရဲ့ မဟာအားနည်းချက်ကြီးတစ်ခုဖြစ်ပါတယ်။ သူမရဲ့ စောရပညာက ဘယ်လောက်ပဲကောင်းမွန်သည်ဖြစ်နေပါစေ သူမ မရင်းနှီးသေးတဲ့ မှော်အတတ်ကိုတော့ သတိပြုမိနိုင်ဖို့ မလွယ်ကူသေးပါဘူး။
အိုးယန်ဟွမ်းယူက ဆင့်ခေါ်သူဌာနထဲမှာ တစ်ယောက်တည်း မားမားကြီးရပ်နေပါတယ်။ သူ့လက်တွေကိုနောက်မှာ ပစ်ထားပြီးနောက် ပတ်ပတ်လည်ကို လျှောက်သွားနေပါတော့တယ်။ သူ့ရဲ့ နက်ရှိုင်းလှတဲ့ မျက်ဝန်းတွေက ဆင့်ခေါ်သူဌာနထဲက အဆောက်အဦတွေကို ကြည့်ရှုနေပြီး သူ့မျက်နှာမှာတော့ ဒေါသထွက်နေသလား ပျော်နေသလားဆိုတာကို မတွေ့နိုင်ပါဘူး။
ဆင့်ခေါ်သူဌာနရဲ့ ရုပ်တုကြီးရှေ့မှာ မားမားကြီးရပ်နေပြီးတဲ့နောက်မှာတော့ အိုးယန်ဟွမ်းယူဟာ လုံးဝမလှုပ်တော့ဘဲ ထွက်ပေါက်ကိုသာ စိုက်ကြည့်နေပါတော့တယ်။
"သူက ပြင်ဆင်ပြီးမှ လာခဲ့တာပဲ။ အချက်ပေးမှော်ကို တစ်ယောက်ယောက်က ထိမိသွားတာနဲ့ ဖန်တီးထားသူကို အချက်ပေးတယ်လေ။ သူ့အနေနဲ့ မင်းဘယ်နေရာမှာ ရှိနေသလဲဆိုတာကို သိသင့်တယ် ဒါကို မင်းဆီ သူဘာလို့ မလာရတာလဲ"
ရှူက အိုးယန်ဟွမ်းယူရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေပါတယ်။ လင်းလင်တိုက်တစ်ခုလုံးမှာ အိုးယန်ဟွမ်းယူက တစ်ဦးတည်းသော မဟာမှော်ဆရာကြီးဖြစ်ကာ ရှူရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် အိုးယန်ဟွမ်းယူရဲ့ မှော်အတတ်ကို ထိပ်တိုက်ထိတွေ့ဖို့လိုပြီး မဟုတ်ပါကမှော်ပြုလုပ်သူရဲ့ အရင်းအမြစ်ကို သိရှိဖို့အတွက် ခက်ခဲပါတယ်။
"ငါ နမော်နမဲ့နိုင်သွားတယ်"
"သူက ဘာလုပ်ချင် ဘာလိုချင်တာလဲ"
သူမကတော့ ရှူ့အား အပြစ်မတင်ပါဘူး။ လင်းလက်တိုက်မှာ အိုးယန်ဟွမ်းယူရဲ့ အစွမ်းက ထိပ်ဆုံးတန်းမှာ ပါဝင်ပါတယ်။ ရှူရဲ့အစွမ်းဟာ ဆန်းကြယ်လျှို့ဝှက်သော်လည်း အခုလောလောဆယ်မှာတော့ သူမကိုယ်ထဲမှာ ပူးကပ်နေရတဲ့ ဝိဉာည်မျှသာဖြစ်ပါတယ်။ ဒါကြောင့် အကန့်အသတ်အခက်အခဲတစ်ချို့ ရှိမှာကို သူမ နားလည်နိုင်ပါတယ်။
အိုးယန်ဟွမ်းယူရဲ့ အချက်ပေး မှော်အတတ်ကို ရှာဖွေတွေ့ရှိထားတာကိုက တော်တော်လေးအကူအညီပေးပြီးနေပါပြီ။
"ငါလည်းမပြောတတ်ဘူး ဒါပေမဲ့ မင်းရဲ့လက်ရှိအစွမ်းလောက်နဲ့ ဒီအချက်ပေးမှော်အောက်မှာ ဒီနေရာကနေ လွတ်မြောက်ဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်သလောက်ပဲဟေ့"
မဟာမှော်ဆရာတဲ့လား အရင်တုန်းကဆိုရင် မျက်စပစ်ကြည့်ဖို့တောင် ပျင်းလွန်းလို့ တစ်ချက်ကြည့်မိမှာမဟုတ်သော်လည်း မဟာမှော်ဆရာကပဲ သူ့လမ်းမှာပိတ်ဆို့ထားမယ်လို့ ဘယ်တုန်းကမှလည်း တွေးမိခဲ့မှာမဟုတ်ပါဘူး။
ရှူ တော်တော်စိတ်ဓာတ်ကျသွားခဲ့ရပါတယ်။
ရှန်ယန်ရှောင် အံကြိတ်လိုက်ပါတယ်။ အိုးယန်ဟွမ်းယူ ဒီကိုရောက်နေရခြင်းဟာ သူမရဲ့ ကျိန်စာအတတ်ကို တွေ့ထားခဲ့တဲ့ကိစ္စကြောင့်ပဲဆိုတာ သေချာပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၂၈)
သူမရဲ့ကျိန်စာအတတ်ကြောင့် ဒါမျိုးတွေဖြစ်မယ်ဆိုတာသာ သိခဲ့ရင် စာအုပ်တွေကို အရင်တည်းက တစ်ခါတည်းခိုးခဲ့မိမှာပါ။
အခုမှတော့ နောင်တရဖို့နောက်ကျနေပါပြီ။ ကြည့်ရတာတော့ အိုးယန်ဟွမ်းယူက အရင်လဝက်လောက်တည်းက ဒီအချက်ပေးမှော်အတတ်ကို ထောင်ချောက်အဖြစ်လုပ်ထားခဲ့ပုံ ပေါ်ပါတယ်။
ရှန်ယန်ရှောင်တစ်ယောက် ဒုက္ခအကြီးအကျယ်ရောက်နေချိန်မှာပဲ ပိန်လှီတဲ့လူတစ်ယောက် မျှော်စင်ထဲကနေထွက်လာပါတယ်။
မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခါးကိုင်းကိုင်းနဲ့အဖိုးကြီးတစ်ယောက်က ဆင့်ခေါ်သူဌာနရဲ့ လမ်းမဆီအလျင်စလိုမရှိဘဲ သွားနေပါတယ်။ တစ်လှမ်းခြင်းလှမ်းကာ ရုပ်တုရှေ့မှာရပ်နေတဲ့ အိုးယန်ဟွမ်းယူဆီ အရောက်မှာတော့ သူ့မျက်နှာမှာ စိတ်အလိုမကျမှုတွေပြည့်နေတာကို တွေ့လိုက်ရပါတယ်။
"ကျောင်းအုပ်အိုးယန်က ဘာများအလိုရှိလို့ ဒီရက်ပိုင်းတွေထဲ ဆင့်ခေါ်သူဌာနကို အလာစိတ်နေရတာလဲ"
အဖိုးကြီးက လေသံမှန်မှန်နဲ့ မေးလိုက်ပါတယ်။
အိုးယန်ဟွမ်းယူရဲ့မျက်နှာမှာ အပြုံးရိပ်တစ်စွန်းတစ်စကို တွေ့မြင်ရပြီး ရုတ်တရက်ထွက်လာတဲ့ အဖိုးကြီးအားကြည့်ရင်း ပြန်ပြောပါတယ်။
"နှစ်တော်တော်တောင်ကြာခဲ့ပြီနော် မျှော်စင်ထဲမှာပဲ နေနေတာ ဘယ်လောက်ကြာပြီလဲ"
"ငါမမှတ်မိဘူး"လို့ ခေါင်းခါရမ်းလိုက်ရင်း အဖိုးကြီးက ပြန်ဖြေလိုက်ပါတယ်။ ဒီနေ့မှာ မဖြစ်မနေအခြေအနေမဟုတ်ရင် သူဟာ အဆိုပါသန့်ရှင်းအေးချမ်းလှတဲ့ နေရာကနေ မထွက်ချင်ခဲ့ပါဘူးလေ။
"ယန်းချီ မင်းကို အနှောက်အယှက်ပေးမိတာ စိတ်မကောင်းပါဘူးလေ ဒါပေမဲ့ ငါ ဒီကိုလာရတဲ့အကြောင်းက ငါ့တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းသားအဖြစ်ဟန်ဆောင်ထားတဲ့ ဆင့်ခေါ်သူကို ဖမ်းဖို့လာခဲ့တာပါ။ ဒါကြောင့် ဘာကိစ္စမှမရှိတော့ရင် ပြန်သွားလို့ရပါပြီ"
အိုးယန်ဟွမ်းယူရဲ့ အမူအယာက ယဉ်ကျေးပြီး အဖိုးကြီးမျက်နှာမပျက်အောင် စကားပြောလိုက်ပါတယ်။
အိုးယန်ဟွမ်းယူက အဖိုးကြီးရဲ့နာမည်ကို ပြောလိုက်ချိန်မှာတော့ ပုန်းအောင်းနေတဲ့ ရှန်ယန်ရှောင်ဟာ တစ်ကိုယ်လုံးတုန်လှုပ်သွားကာ ကြောင်အမ်းသွားပါတော့တယ်။
ယန်းချီ
သိုးရေစာအုပ်ရဲ့ ပိုင်ရှင်မဟုတ်လား..
ရှန်ယန်ရှောင်ရဲ့ မျက်လုံးတွေက အဖိုးကြီးယန်းချီရဲ့ ကျောပြင်ပေါ်ကို ကျရောက်သွားပါတယ်။ သူမအနေနဲ့ သိုးရေစာအုပ်ထဲက ကျိန်စာအတတ်တွေဟာ ဘယ်လောက်ကြီးမားလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပါတယ်။ ဒါပေမယ့် အရင်တုန်းက ရှူပြောတာက ဒီအဖိုးကြီးမှာ ဘာမှော်အားမှ မရှိဘူးတဲ့လေ။
သူက သာမန်အဖိုးကြီးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် ဒီလောက်စွမ်းအားကြီးတဲ့ ကျိန်စာအတတ်တွေကို သိုးရေစာအုပ်ထဲမှာ ရေးသားထားနိုင်တာလဲ။
ရှန်ယန်ရှောင်က အဖိုးကြီးယန်းချီအား ဖော်ပြရခက်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ သိုးရေစာအုပ်ဟာ သူမကို တစ်ကယ့်ဆင့်ခေါ်သူအစစ်ဖြစ်ဖို့ လမ်းဖွင့်ပေးခဲ့တာဖြစ်ကာ အဖိုးကြီးဟာ ဒီစာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပုံပါပဲ။
တွေးကြည့်ရင် ဆင့်ခေါ်သူအတတ်မှာ ယန်းချီဟာ သူမရဲ့ဆရာဖြစ်ပါတယ်။
ယန်းချီက သက်ပြင်းတစ်ချက်ချလိုက်ကာ ရုပ်တုအားတစ်ချက်ကြည့်ရင်း ပြောလိုက်ပြန်ပါတယ်။
"ကျောင်းအုပ်အိုးယန်ရဲ့ အတွေးက နားလည်မှုလွဲနေလို့ဖြစ်ပါတယ်။ အဲ့လိုမျိုး အယောင်ဆောင်ကျောင်းသားဆိုတာ ကျနော့်ရဲ့ ဌာနမှာမရှိပါဘူး ဆင့်ခေါ်သူလမ်းကို လျှောက်လှမ်းချင်တဲ့ သာမန်ကျောင်းသားတစ်ယောက်ပဲရှိပါတယ်"
ယန်းချီရဲ့ စကားကြောင့် အိုးယန်ဟွမ်းယူရော ရှန်ယန်ရှောင်ပါ ခဏတာအံ့အားသင့်သွားကြရပါတယ်။
ရှန်ယန်ရှောင် အံ့အားသင့်ရတဲ့အကြောင်းကတော့ ယန်းချီပြောပုံအရဆိုရင် သူမကြောင်းကို သူသိထားတာပုံရပြီး ဘယ်အချိန်ကများ သူမကိုသိသွားရတာလဲ။
သူမကိုသိထားတယ်ဆိုရင်လည်း ဘာလို့ အစတည်းက တစ်ခွန်းမှ မပြောခဲ့ရတာလဲ။
အိုးယန်ဟွမ်းယူအံ့အားသင့်ရတဲ့ အကြောင်းကတော့ ယန်းချီကနေ တော်ဝင်ရိုလန်ကျောင်းရဲ့ အပြင်ကနေထွက်ပေါ်လာတဲ့သူကို ဆင့်ခေါ်သူဌာနရဲ့ ကျောင်းသားလို့ အသိအမှတ်ပြုဝန်ခံလို့ဖြစ်ပါတယ်။
သိထားရမှာက တော်ဝင်ရိုလန်ကျောင်းရဲ့ ဆင့်ခေါ်သူဌာနမှာ ကျောင်းသားတစ်ယောက်မှ မရှိတော့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ နည်းပြဆိုတာဝေလာဝေးပါပဲ။ ဌာနတစ်ခုလုံးမှာ ယန်းချီတစ်ယောက်ပဲ ရှိပါတယ်။
ထိုလူကို ဆင့်ခေါ်သူဌာနရဲ့ကျောင်းသားလို့ ပြောလိုက်ခြင်းဟာ ထိုလူက သူ့တပည့်လို့ပြောတာနဲ့ အတူတူပါပဲ။
အိုးယန်ဟွမ်းယူက ရှန်ယန်ရှောင်ရှိနေတဲ့ နေရာကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရယ်မောကာပြောဆိုလိုက်ပါတော့တယ်။
"သူက မင်းကျောင်းသားဆိုမှတော့ သူက အယောင်ဆောင်မဟုတ်တာ သေချာတာပေါ့ကွာ။ ဆင့်ခေါ်သူဌာနမှာ ကျောင်းသားတစ်ယောက်ရှိလာတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ ဒါကို ဘာလို့ဖုံးကွယ်ထားရတာလဲ။ နောက်ပြီးတော့လည်း ဆင့်ခေါ်သူဌာနကို ငါက အခုထိခွင့်ပြုထားမှတော့ ကျောင်းသားခေါ်ယူခွင့်ကိုလည်း မင်းကိုငါသေချာပေါက်ပေးမှာပါဟ"