အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၃၂)
သူ့စိတ်ထဲနာကျင်ခံစား ပူဆွေးနေရတာတွေကို ဘယ်သူမှ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဆင့်ခေါ်သူပညာရပ်ကြီး တဖြည်းဖြည်းနဲ့ တိမ်ကောလာတာကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရတဲ့ခံစားချက်ကို ဘယ်သူမှ နားလည်မှာမဟုတ်ပါဘူး။
သူ့တပည့်တွေ လင်းလက်တိုက်စစ်တပ်ရဲ့လက်အောက်မှာ သေဆုံးတာကို ကြည့်ခဲ့ရတာ၊ ဆင့်ခေါ်သူပညာရှင်အားလုံး ကျဆုံးတိမ်မြုတ်တာကို ကြည့်ခဲ့ရတာ၊ တလက်လက်တောက်ပအောင်မြင်နေတဲ့ ဆင့်ခေါ်သူပညာရပ်ကြီး အစွပ်စွဲခံအဖြစ်ကျရောက်ခဲ့တာအား ကြည့်ခဲ့ရတာ၊ မရေမတွက်နိုင်လောက်တဲ့ လူငယ်လူရွယ်ဆင့်ခေါ်သူတွေအားလုံး မှော်ပညာရပ်သို့ ပြောင်းလဲသွားတာကို သူ တွေ့မြင်ခဲ့ကြည့်ခဲ့ရတာတွေကို......
ထိုအချိန်တွေမှာ သူ့နှလုံးသားလည်း သေဆုံးသွားခဲ့ရသလို သူ့စိတ်ဟာလည်း တစ်စစီပြိုကွဲခဲ့ရပါတယ်။
များမြောင်လှစွာသော အမျိုးမျိုးသော စွပ်စွဲမှု ဖိအားပေးမှုတွေကြောင့် လင်းလက်တိုက်ကလူအားလုံးနဲ့ ဘုရားကတောင် ဆင့်ခေါ်သူပညာကို စွန့်ပစ်ခဲ့ပြီပဲလို့ သူ ယုံကြည်ခဲ့မိပါတယ်။
မရေတွက်နိုင်အောင်များလှတဲ့ နေ့တွေညတွေကို သူ တစ်ယောက်တည်း အထီးကျန်စွာနဲ့ပဲ ဆင့်ခေါ်သူမျှော်စင်ကို စောင့်ကြပ်ခဲ့ပါတယ်။ သူ့ဆီမှာနောက်ဆုံးကျန်ရစ်တဲ့ ယုံကြည်မှုတစ်ခုနဲ့တင် ဆင့်ခေါ်သူဌာနကို ကျားကန်ထားပေးခဲ့ပြီး တန်ဖိုးကြီးရှားပါးလှတဲ့ စာအုပ်တွေ မီးရှို့ဖျက်ဆီးမခံရအောင် ဌာနကြီးပျက်မသွားအောင်လုပ်ဆောင်ရုန်းကန်ခဲ့ပါတယ်။ သူ နှစ်တွေအများကြီး စောင့်ဆိုင်းခဲ့ပါတယ် ဆင့်ခေါ်သူ ပြန်လည်ရှင်သန်လာမယ့်နေကို စောင့်ခဲ့တယ် လင်းလက်တိုက်တစ်တိုက်လုံးရဲ့ ထိပ်ဆုံးမှာရပ်တည်မယ့်သူ လောကကြီးတစ်ခုလုံးမှာရှိတဲ့ လူတွေရဲ့မျက်လုံးထဲမှာ ဆင့်ခေါ်သူတွေရဲ့ အမှတ်အသားပြယုဂ်တစ်ခုအဖြစ် တောက်ပထွန်းလင်းမယ့်လူကို သူစောင့်ခဲ့တာပါ။
နောက်ဆုံးမှာတော့ စောင့်ဆိုင်းခဲ့ရတာတွေအားလုံး အခုပဲ ပြီးဆုံးရပ်တံ့သွားပါပြီ။(စိတ်တောင်မကောင်းဘူး)
"ဘုရားက ဆင့်ခေါ်သူတွေကို မစွန့်ပစ်ခဲ့ပါဘူး"
ယန်းချီရဲ့အသံက ဆို့နင့်နေပါတယ်။ နှစ်များစွာ ပင်ပန်းဆင်းရဲစွာစောင့်ဆိုင်းအပြီးမှာတော့ သူ မျှော်လင့်ချက်အလင်းရောင်လေးကို တွေ့လိုက်ရပါပြီ။
"မင်းက ဆင့်ခေါ်သူဖြစ်ဖို့ ကံပါလာတာပဲ မပူပါနဲ့ ငါ့တစ်ဘဝလုံး သင်ကြားခဲ့ရတတ်မြောက်ခဲ့တာတွေအားလုံးကို မခြွင်းမချန်ဘဲ အကုန်သင်ပေးသွားမှာပါ။ ငါမျှော်လင့်တာတစ်ခုပဲရှိပြီး တစ်နေ့မှာ ဒီခရောင်းတောထဲကနေပြီး ဆင့်ခေါ်သူတွှွေကို မင်းကနေ ဆွဲထုတ်ပေးသွားဖို့ပါပဲ"
ရှန်ယန်ရှောင်က မျက်ရည်ကျနေတဲ့ ယန်းချီအား ဖော်ပြရခက်စွာကြည့်လိုက်တယ် ယန်းချီရင်ထဲမှာ ဘယ်လိုဖြစ်နေမလဲဆိုတာကို သူမ နည်းနည်းတော့ခံစားမိပါတယ်။
သူမက ဆင့်ခေါ်သူဌာနထဲကို ခိုးဝင်ခိုးထွက်လုပ်ခဲ့ပါတယ်။ ဒီမှာရှိသမျှအားလုံးကို လှည့်ပတ်ကြည့်လိုက်ရင် ဒီဘိုးတော်သာမရှိတော့ရင် လင်းလက်တိုက်ရဲ့ နောက်ဆုံးဆင့်ခေါ်သူဌာနဟာ ပျောက်ကွယ်သွားတာ ကြာလောက်ပါပြီ။
အဲ့လိုသာဆိုရင် သူမက ဆင့်ခေါ်သူဖြစ်ဖို့ စိတ်ဆုံးဖြတ်ထားဦးတော့ သေသူဆီကနေ အထောက်အကူရဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။
"ကျနော် အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမှာပါ"
ယန်းချီရဲ့ စိတ်လှုပ်ရှားမှုကို ခံစားမိရင်း သူမ ပြန်လည်မွေးဖွားလာတည်းက ပတ်ဝန်းကျင်ကလူတွေရဲ့ ဆင့်ခေါ်သူတွေအပေါ်မှာ ထားရှိတဲ့အမြင်တွေကို ပြန်ကြားမိတဲ့အခါ အေးနေတာကြာပြီဖြစ်တဲ့ သူမရဲ့သွေးတွေ ဆူပွက်လာပါတော့တယ်။
ဆင့်ခေါ်သူဟာ အပြစ်ကင်းပါတယ် လောကကြီးကသာ နားမလည်ပါးမလည်ဖြစ်နေတာပါ။
"ကောင်းတယ်ဟေ့...ကောင်းတယ်ကွာ"
ယန်းချီက သူ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်သလို ခံစားချက်တွေကိုလည်း ထိန်းလိုက်ပါတယ်။
"ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်လဲ အဲ ပြောဖို့ခက်နေရင်တော့မပြောပါနဲ့ တစ်ခုတော့ရှိတယ် ဒီအဖိုးကြီးကို မင်း ယုံကြည်နိုင်ပါတယ်။ ငါက သူတော်ကောင်းတစ်ယောက်မဟုတ်ပေမယ့် ငါ အသက်ရှင်နေသမျှကာလပတ်လုံး ငါ့ရှေ့မှာ မင်းကို ဘယ်သူမှ ထိခိုက်အောင်မလုပ်စေရဘူးလို့ ငါကျိန်ဆိုတယ်"
သူ တော်တော်အိုမင်းနေပြီဖြစ်သလို သူနေထိုင်ရမယ့်အချိန်က ဘယ်လောက်ကျန်သေးလဲဆိုတာကိုလည်း သူမသိပေမယ့် သူ့ရှေ့က ကလေးဟာ ဆင့်ခေါ်သူတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။ ခြောက်လကြာပြီးတဲ့အခါ ပြိုင်ပွဲမှာ သူမ ချန်ပီယံဖြစ်လာပြီး စွန့်ပစ်နယ်မြေမှာ လောကသစ်တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ရင် ဆင့်ခေါ်သူတွေရဲ့ ဂုဏ်သတင်းက တစ်ဖန်ပြန်လည်ရှင်သန်လာမှာဖြစ်ပါတယ်။
ယန်းချီရဲ့ကျိန်ဆိုမှုကို ကြားလိုက်ရတဲ့ ရှန်ယန်ရှောင်ဟာ လန့်သွားရပါတယ်။ သူမဟာ ယုံကြည်မှုတစ်ခုအတွက်နဲ့ အခုမှတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ကာကွယ်ဖို့ အကျိုးဆက်မှန်သမျှကို လျစ်လျူရှုကာ ကျိန်ဆိုတဲ့သူကို အခုမှ မြင်ဖူးပါတော့တယ်။
သူမ ဘယ်သူဘယ်ဝါဘယ်လိုလူဆိုတာကို သူ သေချာမသိသေးဘဲ သူမက ဆင့်ခေါ်သူဖြစ်တယ်ဆိုတာနဲ့ပဲ သူမကို ကာကွယ်ပေးတော့မယ်တဲ့။
ဒီကမ္ဘာရဲ့ ကျိန်ဆိုမှုဟာ သူမ အရင်ဘဝကလောကလို အပေါစားမဆန်ပါဘူး။ ဒီမှာရှိတဲ့လူတွေက သူတို့ရဲ့သစ္စာစကား ကျိန်တွယ်စကားကိုတောင် မစောင့်ထိန်းနိုင်ခဲ့ရင် သေမှာကိုတောင် ဝန်မလေးကြပါဘူး။
ဒီကမ္ဘာက သစ္စာနဲ့ယုံကြည်မှုကို အလွန်တန်ဖိုးထားတဲ့နေရာဖြစ်ပြီး သူမရဲ့ အရင်ကမ္ဘာကလူတွေလို ဂရုမစိုက်အလေးမထားတဲ့ နေရာမဟုတ်ပါဘူး။(ဆော်တယ်ဟ စာရေးဆရာက)
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၃၃)
ရှန်ယန်ရှောင်ရဲ့နှုတ်ခမ်းဒေါင့်စွန်း လှုပ်သွားပါတယ်။ ရှန်ဂျူဆိုတဲ့ စကားနှစ်လုံး သူမနှုတ်ခမ်းဝသို့ အရောက်မှာပဲ သူမ အလျင်အမြန်မြိုချလိုက်ရပါတယ်။ သူမက ယန်းချီအား ပြုံးပြပြီး ဖြေလိုက်ပါတယ်။
"ကျမက ရှန်ယန်ရှောင်လို့ ခေါ်ပါတယ်"
"ရှန်ယန်ရှောင်..."
ယန်းချီက နာမည်ကို ထပ်တလဲလဲရေရွတ်နေပြီး စိတ်ထဲထူးဆန်းသလိုခံစားလိုက်ရပါတယ်။
ဒီနာမည်က မိန်းမဆန်လွန်းနေတယ်လေ။(Englishလိုဘာသာပြန်ထားတဲ့သူကလည်း sheတွေပဲသုံးနေလို့ ကျမလို့ဖြစ်လိုက် ကျနော်ဖြစ်လိုက် ရေးမိနေတာပါ ရှုပ်သွားရင်တောင်းပန်ပါတယ်)
ဒီလိုများဖြစ်နေမလား......
ယန်းချီက သူမအား အံ့သြစွာနဲ့ကြည့်လိုက်ပြီး ပြောလိုက်တာက"ညည်းက မိန်းကလေးလား"
ရှန်ယန်ရှောင် ပြုံးပြီးခေါင်းညိတ်လိုက်ပါတယ်။ သူမလက်စွပ်ထဲကနေပြီး ဆေးရည်တစ်ပုလင်းထွက်လာပါတယ်။ ယန်းချီရဲ့အံ့သြနေတဲ့ မျက်ဝန်းတွေအောက်မှာပဲ ဆေးရည်ကိုလက်မှာစွတ်လိုက်ပြီး မျက်နှာကိုပွတ်လိုက်ပြီးနောက် သူမရဲ့အင်္ကျ ီလက်စကိုသုံးကာ မျက်နှာကို သုတ်လိုက်ပါတယ်။
မှိန်တိန်တိန်အသားအရောင်နေရာမှာ ကျောက်သားလိုဖြူဝင်းတဲ့ အသားအရောင်က အလင်းရောင်အောက်သို့ ထွက်ပေါ်လာပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျောက်ဖြူသားနဲ့ထွင်းထုထားတဲ့ မိန်းမလှလေးတစ်ယောက်က ယန်းချီရှေ့မှာထွက်ပေါ်လာပါတော့တယ်။
သူမမှာ လှပပြီးတောက်ပကြည်လင်တဲ့မျက်လုံးတစ်စုံ၊ သွယ်စင်းလှပတဲ့နှာတံအပြင် နူးညံ့ကာအချိုးကျနလှတဲ့ နှုတ်ခမ်းတစ်စုံနဲ့ ချစ်စဖွယ်အပြုံးလည်းပိုင်ဆိုင်ပါတယ်။ သူမ အခုအချိန်မှာ ငယ်နေသေးတောင်မှ နောက်နှစ်နှစ်သုံးနှစ်အတွင်းမှာ ဒီမိန်းကလေးငယ်ဟာ တိုင်းပြည်တွေကိုသူမအလှအောက်မှာ ဝပ်စင်းစေနိုင်တဲ့ အလှပိုင်ရှင် အလှပဂေးတစ်ဦး ဖြစ်လာမယ်ဆိုတာကို ဘယ်သူမဆို မျက်လုံးကောင်းရင် ပြောနိုင်ပါတယ်။
အတွေ့အကြုံများစွာနဲ့ ရင့်ကျက်နေပြီဖြစ်တဲ့ ယန်းချီတောင်မှ ရှန်ယန်ရှောင်ရဲ့ ပကတိမျက်နှာအစစ်အမှန်ကို တွေ့ရချိန်မှာ ခဏတာတော့ စိုက်ကြည့်သွားမိပါတယ်။
သူဟာ သမုဒ္ဒရာတိုင်းပြည်က ဆွဲငင်အားကောင်းသော ရေမိစ္ဆာကို မြင်ခဲ့ဖူးသလို စန္ဒာပြည်ရဲ့ မြင့်မြတ်သန့်စင် လှပသော ဝိဉာည်ကိုလည်းတွေ့ခဲ့ဖူးပါတယ် ဒါပေမဲ့ တစ်လောကလုံးကလူတွေသိထားတဲ့ အဆိုပါအလှရှင်တွေအားလုံး ဒီကောင်မလေးရှေ့ရောက်လာရင် မှေးမှိန်သွားမှာဖြစ်ပါတယ်။
သူမဟာ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတစ်ပါးလိုသာမက ငရဲဘုံကနေရောက်လာတဲ့ မိစ္ဆာမလေးနဲ့လည်း တူပါတယ်။
ဒီလိုပြီးပြည့်စုံတဲ့အနုပညာတစ်ခုကို အနှောက်အယှက်ဖြစ်မိမှာစိုးရိမ်တာနဲ့ လှပတယ်ဆိုတဲ့လူတွေအားလုံး သူမရှိနေရင် စကားတောင်ဟရဲမှာမဟုတ်ပါဘူး။
"...မင်း..."
အတော်ကြာအောင် ကြောင်ကြောင်ကြီးဖြစ်နေတဲ့ ယန်းချီလည်း နောက်ဆုံးမှာ ပြန်သတိဝင်လာပါတယ်။ ဒီရွှတ်နောက်နောက်ကောင်မလေးကို သူက အတော်ကြာအောင် စိုက်ငေးကြည့်နေမိတာကို တွေးမိတာနဲ့ ယန်းချီမျက်နှာတစ်ပြင်လုံး နီရဲသွားကာ ရှက်ချောင်းဆိုးလိုက်ပါတယ်။ အဲ့ဒီနောက် တစ်ခုခုကို သတိရသွားဟန်နဲ့ မေးလိုက်ပါတယ်။
"မင်းမျိုးရိုးနာမည်က ရှန်နော်။ မင်းက ဇာမဏီမျိုးနွယ် ရှန်မိသားစုနဲ့ ပတ်သတ်သလား"
"ဇာမဏီမျိုးနွယ်ရဲ့ လက်ရှိခေါင်းဆောင် ရှန်ဖန်က ကျနော့်ရဲ့ အဘပါ"
ရှန်ယန်ရှောင်က ယန်းချီရှက်နေတာကို အလေးပြုမနေပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့အလှတရားကို သူမ သိပ်အာရုံရောက်မနေပါဘူး။
"လက်စသတ်တော့ မင်းက ဇာမဏီမျိုးနွယ်ရဲ့ မျိုးဆက်သစ်ကလေးပေါ့"
ယန်းချီခေါင်းညိတ်လိုက်သလို တစ်ချိန်တည်းမှာပဲ မျက်မှောင်ကြုတ်သွားပါတယ်။
"မင်း ဆင့်ခေါ်သူပညာကို သင်ယူနေတာကို မင်းမိဘတွေ သိသလား"
ရှန်ယန်ရှောင်ကိုယ်တိုင်က ဆင့်ခေါ်သူပညာကို သင်ယူလိုတာ ကောင်းတဲ့အချက်ဖြစ်ပေမယ့် ဇာမဏီမျိုးနွယ်စုအနေနဲ့ သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေနဲ့ ရှက်စရာအတတ်ပညာတစ်ခု သင်ယူနေတာကို ခွင့်ပြုမှာမဟုတ်မှာကိုတော့ သူ တွေးပူမိပါတယ်။
ရှန်ယန်ရှောင်က နှာခေါင်းကို တစ်ချက်လက်နဲ့တို့လိုက်ပြီးနောက် "ကျနော့်မိဘတွေကွယ်လွန်ခဲ့တာ ကြာပါပြီ နောက်ပြီးတော့ ကျနော့်ဘဘကလည်း ကျနော် ဆင့်ခေါ်သူပညာကို သင်ယူနေတာကို မသိပါဘူး။ ဘဘက ကျနော့်ကို ဆေးပညာသင်ခိုင်းဖို့အတွက် တော်ဝင်ရိုလန်ကျောင်းကို ပို့လိုက်တာလေ"
"ဆေးပညာ"
ယန်းချီနင်သွားပါတယ်။ ဆေးပညာရပ်အပေါ်မှာ လူတွေရဲ့အမြင်က တစ်ကယ်ကောင်းမွန်ပေမယ့် ရှန်ယန်ရှောင်ရဲ့ ဆင့်ခေါ်သူပညာဖက်မှာ ရှိနေတဲ့ အရည်အချင်းနဲ့ဆိုရင် သူမသာ သမားတော်ဖြစ်လာမယ်ဆိုရင် တစ်ကယ်နှမြောစရာပါပဲ။
"သမားတော်ဖြစ်ဖို့ လေ့လာတာက မင်းအတွက်နစ်နာမှာပေါ့ မင်းအရည်အချင်းနဲ့ဆိုရင် ဆင့်ခေါ်သူပညာမှာ မယုံနိုင်လောက်အောင် အောင်မြင်မှာပဲကွ"
သူမ ပြုံးလိုက်မိပါတယ်။ ယန်းချီရဲ့မျက်လုံးထဲမှာ ဆင့်ခေါ်သူကလွဲရင် ကျန်တာအားလုံးက ဖွဲနဲ့ဆန်ကွဲချည်းပါပဲ။
"မင်း ဆက်ပြီး ဖုံးကွယ်ထားမှာလား။ မင်းလည်း မြေခွေးအို အိုးယန်ဟွမ်းယူပြောတာတွေကို ကြားပြီးရောပေါ့။ သူက မင်းကိစ္စနောက်ကို ဆက်မလိုက်တော့ပေမယ့် နောက်ခြောက်လအကြာမှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းနေတယ်။ ပြိုင်ပွဲမပြီးခင်အထိ မင်းဖုံးလို့ရတယ်ထားဦး တစ်ကယ်လို့သာ မင်းနိုင်ခဲ့မယ်ဆိုရင် ဧကရာဇ်ကပေးအပ်မယ့် ဆုကိုလက်ခံရယူပြီး စွန့်ပစ်နယ်မြေကို သွားရတဲ့အခါရောက်ရင် မင်း ဖုံးထားလို့ မရတော့ဘူးနော်"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၃၄)
ဇာမဏီမျိုးနွယ်ရဲ့ သြဇာကကြီးမားပေမယ့် လူတစ်ယောက်အကြောင်းကို ဧကရာဇ်ကသာ စုံစမ်းခိုင်းလျှင် မည်သူမျှဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
အိုးယန်ဟွမ်းယူရဲ့ တောင်းဆိုချက်ကို ယန်းချီအလွန်ပဲ စိုးရိမ်နေမိပါတယ်။ သူမအား ပြိုင်ပွဲတွင်ဝင်ပြိုင်ခိုင်းလျှင် သူမရဲ့ သရုပ်မှန်ပေါ်ပေါက်သွားမှာဖြစ်ပြီး မပြိုင်ခိုင်းလျှင်လည်း ဆင့်ခေါ်သူတွေအတွက် တစ်ခုတည်းသော အခွင့်အရေးကြီး ဆုံးရှုံးသွားမှာဖြစ်လေသည်။
ဒါပေမဲ့ ရှုရဲ့တိုက်တွန်းချက်အရ ပြိုင်ပွဲတွင်ပါဝင်ရန် ရှန်ယန်ရှောင်က ဆုံးဖြတ်ထားပြီဖြစ်လို့ ယန်းချီရဲ့ စိုးရိမ်မှုတွေက မလိုအပ်ပါဘူး။
ဒါကလည်း တစ်ခြားကြောင့်မဟုတ်ဘဲ တတိယအမှတ်အားပယ်ဖျက်နိုင်ရန်အတွက် ရွေးစရာမရှိတာကြောင့် မျက်စိစုံမှိတ်တိုးရတာဖြစ်ပါတယ်။
"ဘာမှပူမနေပါနဲ့ နောက်ဆုံးဖိုင်နယ်ကိုရောက်ခဲ့မယ်ဆိုရင် သရုပ်အမှန်အတိုင်းပြိုင်မှာပါ"လို့ ပူပန်နေတဲ့ ယန်းချီအား ဘာသောကမှမရှိတဲ့ ရှန်ယန်ရှောင်က နှစ်သိမ့်ပြောကြားလိုက်ပါတယ်။
"ဒါပေမဲ့ မင်းအဖိုးသာ ဒီအကြောင်းကို သိသွားရင် ဇာမဏီမျိုးနွယ်ကနေပြီး မင်းကိုကန်မထုတ်ပေဘူးလား"လို့ ယန်းချီက အားနာစွာပြောလိုက်ပါတယ်။
သူ့အနေနဲ့ ဆင့်ခေါ်သူတွေကို တစ်ဖန်ပြန်ရှင်သန်စေလိုသော်လည်း တစ်ဖက်သားဒုက္ခရောက်မှာကိုတော့ သူမလိုလားပါဘူး။ ရှန်ယန်ရှောင်အနေနဲ့ စွန့်ပစ်နယ်မြေထဲမှာ ခိုင်မာတဲ့ခြေကုပ်ရဖို့အတွက် အချိန်အများကြီးလိုအပ်မှာဖြစ်ပြီး ဇာမဏီမျိုးနွယ်ကသာ သူမ ဆင့်ခေါ်သူဖြစ်တဲ့အကြောင်းကို သိသွားခဲ့မယ်ဆိုရင် သူမ ကန်ထုတ်ခံရဖို့ အခွင့်အလမ်းပေါ်ပေါက်သွားမှာပါ။
"ဖိုးဖိုးက ကျနော့်ကို ဇာမဏီမျိုးနွယ်ကနေ ကန်ထုတ်မှာ မဟုတ်ပါဘူး"
ရှန်ယန်ရှောင်က ပြုံးလျက်ပြောလိုက်ပါတယ်။
သူမကို ဇာမဏီမျိုးနွယ်ကနေ ကန်ထုတ်မယ်တဲ့လား။ ရှန်ဖန်က သူမအား ဘယ်လောက်အရေးပေးသလဲဆိုတဲ့ အချက်ကို ဖယ်ထုတ်လိုက်ရင်တောင် သူမထဲမှာ ဇာမဏီငှက်ရှိနေတဲ့အချက်နဲ့တင် ဇာမဏီတစ်မျိုးနွယ်လုံး သူမကို ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး။
တစ်မျိုးနွယ်လုံး ရူးနေမှသာ မျိုးနွယ်ရဲ့ဒဏ္ဍာရီသတ္တဝါ၏သခင်ကို ကန်ထုတ်ရဲမှာပါ။ မဟုတ်ပါက ရှန်ယန်ရှောင်ကနေ ပုန်ကန်တော်လှန်ဖို့ စီမံရင်တောင် သူတို့အားလုံး သူမကိုအားပေးထောက်ခံသွားရုံပဲ ရှိပါတယ်။
ဒါ့အပြင်လည်း မျိုးနွယ်စုရဲ့ အောက်ခြေကနေထိပ်ဆုံးအထိကို သူမဟာ မျိုးနွယ်စုရဲ့ နောက်တက်မယ့် အကြီးအကဲဆိုတာကို ရှန်ဖန်က အရိပ်အမြွက်ပြထားပြီးဖြစ်ပါတယ်။
ဘယ်သူကများ သူမကို ကန်ထုတ်ရဲဦးမှာလဲ။
သူမကိုယ်တိုင်က သူမကို ကန်ထုတ်ရမှာလား.....
ရှန်ယန်ရှောင်က ယန်းချီအား အလုံးစုံကိုတော့ ရှင်းပြမနေပါဘူး။ သူမရဲ့ဇာတိသရုပ်အမှန်အကြောင်းအနည်းငယ်ကို ပြောခဲ့တယ်ဆိုပေမယ့် သူမ မိသားစုရဲ့ အတွင်းရေးအကြောင်းအရာတွေကို ပြောပြလို့မဖြစ်ပါဘူး။ ဘယ်လိုပဲဆိုဆို ဇာမဏီမျိုးနွယ်ဟာ မဟာမျိုးမဟာနွယ်ဖြစ်တာကြောင့် မျိုးနွယ်စု ဆက်လက်ရှင်သန် မြင့်တက်နိုင်ဖို့ရာအတွက် အတွင်းရေးကိစ္စတွေကို အပြင်ကိုမထုတ်ဖော်ဖို့ အလွန်အရေးကြီးပါတယ်။ ယန်းချီက သူမကို ဆန့်ကျင်ပြီးဖော်ထုတ်မှာမဟုတ်တောင် အများကြီးပြောလို့ မသင့်တော်ပါဘူး။
"မင်းပြောတာ သေချာလို့လား။ ငါက မင်းကို ဝင်ပြိုင်ခိုင်းချင်ပေမယ့် မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးနေစရာမလိုဘူး"
လူကောင်းနေနေလူဆိုးနေနေ လူတိုင်းအတွက်ကတော့ ဆင့်ခေါ်သူတွေဆိုတာ အန္တရာယ်ကောင်တွေအဖြစ် ရှိနေဆဲပါ။
"ဆရာ စိတ်ချလက်ချနေပါ ကျနော်ဘာလုပ်နေလဲဆိုတာ ကျနော်သဘောပေါက်ပါတယ်"
ရှန်ယန်ရှောင်ကနေ သူ့ကို ဆရာလို့ခေါ်တာကြားလိုက်တဲ့ ယန်းချီစိတ်ထဲ ကျေနပ်သွားပါတယ်။ ကျောင်းမှာရှိတဲ့ နည်းပြတွေနဲ့ ဆရာဆိုတဲ့ အခေါ်အဝေါ်က အလွန်ကွဲပြားကာ နည်းပြတွေဆိုတာ ကျောင်းသားတွေကို အချိန်အတိုင်းအတာ တစ်ခုအထိပဲ သင်ကြားပေးတာဖြစ်ပြီး ဆရာကတော့ ကျောင်းသားတွေကို သူတို့တစ်သက်လုံးတိုင်အောင် သင်ကြားပေးသူတွေဖြစ်ပါတယ်။
"စောစောက မင်းပြောတဲ့ထဲမှာ လဲပြိုကျိန်စာကို မင်းသိတယ်လို့ပြောခဲ့တယ်နော် ငါ့ကိုသုံးပြစမ်းပါ ဒါမှ အမှားရှိမရှိ ငါသိရမှာ"
ယန်းချီဟာ ရှန်ယန်ရှောင်ကို ပြုစုပျိုးထောင်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် ရှန်ယန်ရှောင်ရဲ့ ကျိန်စာအသုံးပြုမှုမှာ လွဲမှားနေမှာကို ပူပန်နေပါတယ်။
သူမက တစ်လခွဲသာအချိန်ယူပြီး တတ်မြောက်ထားတဲ့ ကျိန်စာအတတ်က ဘယ်လောက်သက်ရောက်မှုရှိသလဲဆိုတာကို သူ သိချင်နေတာလည်းပါပါတယ်။
ရှန်ယန်ရှောင်က တစ်လခွဲအချိန်မကုန်ခဲ့ဘဲ လဝက်နဲ့ပဲ တတ်မြောက်ခဲ့တာကို ယန်းချီသိခဲ့မယ်ဆိုရင် သူ ဘာတွေတွေးမိမလဲတော့ ဘယ်သူမှ မသိနိုင်ပါဘူး။
သူမက လဲပြိုကျိန်စာကို ကျောင်းသားတစ်ယောက်အပေါ်မှာ သုံးခဲ့တုန်းက ကျိန်စာရဲ့ အစွမ်းကပြင်းလွန်းခဲ့တာကြောင့် ရှန်ယန်ရှောင် နည်းနည်းတုံ့ဆိုင်းနေပါတယ်။ ယန်းချီက ငယ်ရွယ်တော့တာမဟုတ်လို့ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် သူမအနေနဲ့ ဖြစ်လာမယ့်အကျိုးဆက်တွေကို ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။
ယန်းချီလည်း သူမရဲ့ပူပန်မှုကို သိတာကြောင့် အဆိုပါဂရုစိုက်မှုအတွက် စိတ်ထဲမှာ နွေးထွေးသွားရပါတယ်။
"မင်းဆရာအပေါ် ဘာမှစိုးရိမ်မနေနဲ့။ ငါက အဲ့လောက်မအိုသေးသလို ငါ့ခန္ဓာကလည်း ကြံ့ခိုင်ပါသေးတယ်။ မင်းက ကျိန်စာကို တတ်မြောက်ထားတာမကြာသေးလို့ မင်းကျိန်စာက ငါ့ကို အဲ့လောက်ကြီး ထိခိုက်မှာ မဟုတ်ပါဘူးကွ"
[တစ်ခုခုတော့ ဖြစ်တော့မလားပဲ XD]