အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၃၅)
ရှန်ယန်ရှောင်က တွန့်နေသေးသော်လည်း ယန်းချီက အတင်းပြောနေတာကြောင့် နောက်ဆုံးမှာတော့ ကျိန်စာအတတ်ကို သုံးလိုက်ရပါတယ်။
ရှန်ယန်ရှောင်ရဲ့ လက်ချောင်းထိပ်လေးတွေကနေ အမှတ်အသားတွေဖြစ်ပေါ်လာလေ ယန်းချီကြောင်ငေးကြီး ဖြစ်လာလေပါပဲ။ ရှန်ယန်ရှောင်၏ လှုပ်ရှားမှုတွေက မင်သက်စဖွယ်ပြည့်စုံလှပါတယ်။ တိမ်တွေမျောလွင့်နေသလို ရေအလျင်စီးဆင်းနေသလို အထစ်အငေါ့မရှိ သဘာဝကျစွာ ရွေ့လျားနေတဲ့ အဆိုပါလက်ချောင်းအမှတ်အသားတွေနဲ့ သူမရဲ့အမြန်နှုန်းတို့က ယန်းချီအား ဆွံ့အစေခဲ့ပါတယ်။
ရှန်ယန်ရှောင်သာ ဒီကျိန်စာကို နှစ်လအတွင်းမှာတတ်မြောက်ခဲ့တာလို့ သူ မသိခဲ့ဘူးဆိုပါက သူမဟာ ဒီကျိန်စာကို လွန်ခဲ့တဲ့နှစ်များစွာတည်းက တတ်မြောက်ခဲ့တာလို့ပဲ သူ ထင်မှတ်မိမှာဖြစ်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ လုပ်ပုံကိုင်ပုံကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့ ယန်းချီလည်း အရင်ကဖြစ်နေတဲ့ သံသယစိတ်တွေလည်း ပျောက်ကွယ်သွားကာ သူ့မျက်နှာမှာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီချာတိတ်မလေးက သူမှန်းထားတာထက်ကို ပိုပြီး အရည်အချင်းရှိနေတာပဲ။
တစ်နေ့မှာတော့ ဒီကောင်မလေးဟာ ဆင့်ခေါ်သူတွေကို လူတွေဆီပြန်လည်သယ်ဆောင်လာနိုင်မယ်ဆိုတာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကျိန်စာအမှတ်အသားတွေပြည့်စုံသွားကာ ယန်းချီတစ်ကိုယ်လုံးဟာ စွမ်းအားပြင်းလှတဲ့ လဲပြိုကျိန်စာက ဖုံးအုပ်သွားပါတော့တယ်။
သို့ပေမယ့် ရှန်ယန်ရှောင် အံ့အားသင့်သွားရတာကတော့ ယန်းချီဟာ ဘာမှမဖြစ်ဟန်နဲ့ မတ်မတ်ကြီးရပ်နေတာကိုပါ။
ကျိန်စာမအောင်မြင်တာလား....
"ဟားဟား ကောင်မလေး မင်းတစ်ကယ့်ကိုပြောင်မြောက်တာပဲဟေ့။ ဒီပေါင်းစည်းကျိန်စာဖြစ်တဲ့ လဲပြိုကျိန်စာနဲ့ပတ်သတ်ရင် မင်းကို ငါသင်စရာ ဘာမှမရှိတော့ဘူးဟေ့ "
ယန်းချီဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။ ဒီလိုနှစ်နှစ်ကာကာ မပျော်ရွှင်ခဲ့ရတာ ဘယ်လောက်ကြာပြီလဲဆိုတာကိုတောင် သူ မမှတ်မိတော့ပါဘူးလေ။
ရှန်ယန်ရှောင်လည်း ခဏလောက် တန့်ကနဲဖြစ်သွားပြီးမှ နားမလည်နိုင်စွာဘဲ ယန်းချီကို ကြည့်လိုက်ပါတယ်။
ဒီကျိန်စာရဲ့အစွမ်းကို သူမ တွေ့မြင်ခဲ့ပြီးပါပြီ အခု ယန်းချီက ဘယ်လိုမှမဖြစ်ပေမယ့် ကျိန်စာကအောင်မြင်တယ်ဆိုတော့ ဒါ ဘယ်လိုကြောင့်လဲ။
ယန်းချီဆီမှာ မှော်အားတစ်စက်မှ မတွေ့ရဘူးလို့ ရှူပြောခဲ့တယ်မဟုတ်ဘူးလား။
"ကြည့်ရတာ ငါမှားတာထင်တယ်။ ဒီလူက တော်တော်စွမ်းပုံပဲ။ ဒါပေမယ့် လျှို့ဝှက်ဂါထာတစ်ခုခုကြောင့် သူ့ကိုယ်ထဲက မှော်အားတွေဟာ ပိတ်ပင်ခံထားရတယ်။ အခုငါ့လက်ရှိအစွမ်းလောက်နဲ့တော့ ဒီလူရဲ့ အစွမ်းက ဘယ်လောက်ရှိမလဲဆိုတာကို ငါမတိုင်းတာနိုင်ဘူး"
အဲ့ဒီလိုပြောလိုက်တဲ့ ရှူဟာ ခါတိုင်းလို မာန်မာနသံမပါတော့ပါဘူး။ ပြောရရင် သူ စိတ်ဆင်းရဲ စိတ်ပျက်သွားပုံပါပဲ။
ယန်းချီရဲ့စွမ်းအားကို ရှူတောင်မှ မသိဘူးတဲ့လား။ ရှန်ယန်ရှောင်ဟာ တစ်ကယ်ပဲ ကြောင်သွားပါတယ်။ အိုးယန်ဟွမ်းယူရဲ့ အစွမ်းကိုတောင် ရှူပြောနိုင်သေးတယ်ဆိုတော့ ယန်းချီရဲ့အစွမ်းက ဘယ်လောက်ထိများကြီးမားနေမလဲ။
"အိုး မင်းအဲ့လောက်ကြီးထိ အံ့သြနေစရာမလိုပါဘူး။ လဲပြိုကျိန်စာက မင်းထက်အဆင့်ငါးဆင့်အထက်မြင့်သူတွေအပေါ်မှာ ဘာမှ သက်ရောက်မှုမရှိဘူးလေ။ မင်းရဲ့လက်ရှိအစွမ်းက အလတ်တန်းဆင့်ခေါ်သူတွေထဲမှာ ထိပ်ဆုံးတန်းကလောက်ရှိမယ်။ အခုအချိန်မှာတော့ မင်းငါ့ကို ဘယ်လိုမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်သေးဘူး" လို့ ရှန်ယန်ရှောင်ရဲ့ အံ့အားသင့်သွားပုံကို တွေ့လိုက်ရတဲ့ ယန်းချီက ချက်ချင်းပဲ ရှင်းပြလိုက်ပါတယ်။
ငါးဆင့်မြင့်ရင်တဲ့လား။ သူမ တိတ်ဆိတ်စွာ တွက်ကြည့်လိုက်တော့ ဆင့်ခေါ်သူတွေရဲ့အဆင့်ဟာ သုံးတန်းရှိပါတယ်။ အဆင့်တစ်ကနေသုံးအထိက ဆင့်ခေါ်သူကျောင်းသား၊ အဆင့်လေးကနေခြောက်က အငယ်တန်းဆင့်ခေါ်သူ၊ အဆင့်ခုနှစ်ကနေကိုးက အလတ်တန်းဆင့်ခေါ်သူတွေပါ။ သူမရဲ့ လက်ရှိအဆင့်က အလတ်တန်းဆင့်ခေါ်သူတွေထဲမှာ ထိပ်ဆုံးတန်းကလို့ ယန်းချီကပြောပါတယ်။ အဲ့ဒါဆိုရင် သူမက အဆင့်ကိုးဆင့်ခေါ်သူလောက်တော့ အနည်းဆုံးဖြစ်မှာပဲ။ အဆင့်ကိုးနဲ့အထက်မှာဆိုရင် အကြီးတန်းဆင့်ခေါ်သူဖြစ်ပြီး အဆင့်ဆယ့်နှစ်အထိရှိပြီး အဆင့်မြင့်ဆင့်ခေါ်သူတွေကတော့ အဆင့်ဆယ့်သုံးကနေဆယ့်ငါးအထိ ဖြစ်ပါတယ်။
ဒီလိုဆိုရင် ယန်းချီဟာ အဆင့်ဆယ့်လေးဆင့်ခေါ်သူဆိုတဲ့ သဘောလား။
"ဆရာ ဆရာက အဆင့်မြင့်ဆင့်ခေါ်သူတစ်ယောက်လား"
ယန်းချီက ရှန်ယန်ရှောင်အား အပြုံးနဲ့မတူသော အပြုံးတစ်ခုနဲ့ ကြည့်လိုက်ပြီး ပြန်ပြောလိုက်တာကတော့ "အဆင့်မြင့်ဆင့်ခေါ်သူတွေ ထိပ်ဆုံးအဆင့်ကိုရောက်ရှိပြီး နောက်တစ်ဆင့်ထပ်မြင့်သွားတဲ့အခါ ဘယ်လိုခေါ်လဲဆိုတာ မင်းသိသလား"ဆိုတာပဲ ဖြစ်ပါတယ်။
အဆင့်ဆယ့်ငါးဆင့်ခေါ်သူရဲ့ အထက်။ အဲ့ဒီအဆင့်က ဆင့်စေခိုင်းသူနဲ့ မှော်ကဝေအဆင့်မဟုတ်ဘူးလား။
ဆင့်ခေါ်သူတွေ အဆင့်ဆယ့်ငါးကိုကျော်ဖြတ်ကာ အဆင့်ဆယ့်ခြောက်နဲ့ အထက်ကိုရောက်သွားချိန်မှာ စွမ်းအားကွာခြားချက်က ကြီးမားကွဲပြားသွားပါတယ်။ အဆင့်ဆယ့်ငါးနဲ့အောက်မှာရှိတဲ့ ဆင့်ခေါ်သူတွေဟာ ကျိန်စာအတတ်တွေသာ အသုံးပြုနိုင်ပေမယ့် အဆင့်ဆယ့်ခြောက်နဲ့အထက် ဆင့်ခေါ်သူတွေကိုတော့ ဆင့်စေခိုင်းသူလို့ ခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကျိန်စာအတတ်အပြင် သူတို့ရဲ့သွေးကို ကြားခံအဖြစ်အသုံးပြုကာ တစ်ခြားစကြာဝဠာက စွမ်းအားကြီးသတ္တဝါတွေကို ဆင့်ခေါ်စေခိုင်းနိုင်စွမ်းရှိလို့ပါပဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၃၆)
မှော်သားရဲကို စာချုပ်ချုပ်တာနဲ့ အရိပ်သတ္တဝါအား ဆင့်ခေါ်တာတို့မှာ မတူညီတဲ့အချက်ကတော့ ဆင့်ခေါ်စေခိုင်းသူရဲ့ အစွမ်းကြီးရင်ကြီးသလောက် အရိပ်သတ္တဝါတွေအား အကန့်အသတ်မရှိ ဆင့်ခေါ်နိုင်တဲ့အချက်ဖြစ်ပါတယ်။
ဒါ့အပြင်လည်း ဒီဆင့်ခေါ်ထားတဲ့သတ္တဝါတွေဟာ ဆင့်ခေါ်သူရဲ့စွမ်းအားကြောင့် ပိုပြီးစွမ်းအားထက်လာဦးမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ မှော်သားရဲတစ်ကောင်ကိုသာ စာချုပ်ချုပ်နိုင်ပေမယ့် ဆင်ေ့ခါ်စေခိုင်းသူကတော့ သူတို့ရဲ့ကိုယ်ပိုင်အစွမ်းပေါ်မူတည်ကာ မြောက်များစွာသော အရိပ်ကောင်တွေကို ဆင့်ခေါ်နိုင်ပါတယ်။
ကမ္ဘာကြီးက ဆင့်ခေါ်သူတွေကို ကြောက်ရွံ့ရတဲ့အကြောင်းက ထူးဆန်းတဲ့ကျိန်စာအတတ်တွေကြောင့်သာမကဘဲ အဆိုပါ ကြောက်မက်ဖွယ်ဆင့်ခေါ်သတ္တဝါတွေကြောင့်လည်း ပါပါတယ်။
သမိုင်းစာအုပ်တစ်အုပ်မှာ မှတ်တမ်းတင်ထားတာတစ်ခုကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က လောင်းရွှမ်တိုင်းပြည်အတွင်းမှာ ဆင့်ခေါ်စေခိုင်းသူဝိဇ္ဇာအဆင့်၂၄ကို ရောက်ရှိခဲ့သူတစ်ယောက်ရှိခဲ့ကာ ထိုလူဟာ မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ အရိပ်သတ္တဝါဆယ်ကောင်ကို ဆင့်ခေါ်နိုင်ပါတယ်တဲ့။ အဲ့ဒီအရိပ်သတ္တဝါတွေဟာ အဆင့်မြင့်မှော်သားရဲတွေနဲ့ စွမ်းအားတူပါတယ်တဲ့။ အဆိုပါအရိပ်ကောင်တွေထဲမှာ နဂါးမျိုးနွယ်ဝင်တစ်ကောင်ပါဝင်ခဲ့ပြီး ထိုအကောင်ဟာ လက်နက်အပြည့်အစုံနဲ့ စစ်သားထောင်ချီကို ချေမှုန်းနိုင်ပါတယ်။ အဲ့ဒီလို အရိပ်သတ္တဝါတပ်ဖွဲ့ကြောင့် အဆိုပါဆင့်ခေါ်သူကို တုယှဉ်နိုင်သူမရှိခဲ့ပါဘူး။ သူ့ရန်သူတွေက ကြေးစားသောင်းဂဏန်းလောက်ကို ငှားရမ်းတိုက်ခိုက်ခိုင်းခဲ့သော်လည်း မှဲ့တစ်ပေါက်စွန်းအောင်မလုပ်နိုင်ခဲ့ပါဘူး။
လူထောင်ချီပြီးတော့ အရိပ်သတ္တဝါတွေရဲ့သတ်ဖြတ်မှုကို ခံခဲ့ရတယ်။ အဆိုပါစစ်ပွဲကြောင့် ဆင့်ခေါ်သူတွေဟာ ထွန်းတောက်လာခဲ့သလိုပဲ လောကတစ်ခုလုံးကလည်း အလွန်အမင်း ထိတ်လန့်ခြောက်ခြားခဲ့ကြရပါတယ်။
"ဆရာ ဆင့်ခေါ်စေခိုင်းသူအဆင့်ရောက်နေပြီလားဟင်"လို့ ရှန်ယန်ရှောင်က အံသြစွာမေးလိုက်ပါတယ်။
အဆင့်မြင့်ဆင့်ခေါ်သူကနေ ဆင့်ခေါ်စေခိုင်းသူအဆင့်ရောက်ဖို့ဟာ အဆင့်မြင့်မှော်ဆရာကနေ မှော်ကဝေအဆင့်ရောက်ဖို့ထက် အများကြီးပိုခက်ခဲပါတယ်။ နှစ်ထောင်ပေါင်းများစွာကြာရှည်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာတောင် ဆင့်ခေါ်စေခိုင်းသူအဆင့်ကိုရောက်ရှိခဲ့သူတွေကို လက်ချိုးရေတွက်လို့ရပြီး တစ်ဒါဇင်တောင်မရှိပါဘူး။ နှစ်တစ်ရာခန့်စွန့်ပစ်ခံထားရတဲ့ ဒီပညာရပ်ဟာ ပညာရပ်တွေအားလုံးထဲမှာ အံ့ချီးဘနန်းဖြစ်ဖွယ်အကောင်းဆုံး အမိုက်ဆုံးပညာရပ်တစ်ခုလို့ ပြောလို့ရပါတယ်။
ယန်းချီက ခေါင်းကိုမော့ကာ တံခါးအပြင်ဖက်က အလင်းမှိန်ပြပြကိုကြည့်လိုက်ပြီး သူ့မျက်လွှာက အောက်ကိုဖြည်းညင်းစွာကျသွားပါတယ်။
"ဆယ်စုနှစ်အလွန်တုန်းက မင်းဆရာက လင်းလက်တိုက်တစ်ခုလုံးရဲ့ တစ်ဦးတည်းသော မဟာဆင့်ခေါ်စေခိုင်းသူဖြစ်နေပါပြီ"
"မဟာဆင့်ခေါ်စေခိုင်းသူ"
ရှန်ယန်ရှောင် ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။ ဆင့်ခေါ်သူတစ်ယောက်က မဟာဆင့်ခေါ်စေခိုင်းသူအဆင့်ကို ရောက်ချင်ပါက အဆင့်က ၁၉နဲ့၂၁ကြားရှိရမှာဖြစ်ပြီး ဘယ်ပညာရပ်မှာမဆို အဆင့်၂၀ကိုရောက်ဖို့ရာဟာ မိုးကိုဒူးနဲ့ခုန်တိုက်ရသလိုပါပဲ။
အိုးယန်ဟွမ်းယူက မဟာမှော်ကဝေဖြစ်ကာ အဆင့်၂၀လောက်ဖြစ်နိုင်ပါတယ်။ သူ့အစွမ်းအစနဲ့ဆိုရင် သူဟာ လောင်းရွှမ်တစ်ပြည်လုံးက တော်လှပါတယ် စွမ်းလှပါတယ်ဆိုတဲ့လူတွေအားလုံးကို အထင်သေးစွာငုံ့ကြည့်နိုင်တဲ့ အဆင့်ရှိပါတယ်။
ယန်းချီနဲ့ အိုးယန်ဟွမ်းယူတို့ရဲ့အစွမ်းက နှိုင်းယှဉ်လို့ရတယ်ပေါ့။
ရှန်ယန်ရှောင်ဟာ သူမရှေ့မှာရှိတဲ့ ခပ်အေးအေးနဲ့နုံချာနိမ့်ကျစွာနေတတ်တဲ့ ဒီအဖိုးကြီးအား မယုံနိုင်ဟန်နဲ့ကြည့်လိုက်မိပြီး သူမစိတ်ထဲမှာလည်း ဖော်မပြနိုင်လောက်အောင် အံ့အားသင့်တုန်လှုပ်သွားပါတယ်။
"မင်း ဘယ်လိုထင်လဲကွ ဟင်..မင်းသာ ဒီဆရာကို ယုံကြည်လေးစားမယ်ဆိုရင် မင်းနစ်နာစရာဘာမှမရှိဘူးနော်"
ယန်းချီက စိတ်ကြည်လင်နေတာကြောင့် ရှန်ယန်ရှောင်ကို စလိုက်ပါတယ်။
ရှန်ယန်ရှောင် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပါတယ်။
ဘာမှနာစရာမရှိပါဘူး တစ်စက်မှကို ဆုံးရှုံးနစ်နာမှာမဟုတ်ပေပါဘူး။
ဒီတော့ အိုးယန်ဟွမ်းယူနဲ့ အဆင့်တူတော့ရော ဘာဖြစ်သေးလဲ။ လူတိုင်းက အိုးယန်ဟွမ်းယူရဲ့အဆင့်အတန်းနဲ့ သူက ဘယ်ကျောင်းသားကိုမှ မသင်ကြားတော့ဘူးဆိုတာ သိထားကြပြီးသားလေ။ သူ့ဆီကနေ ထောက်ပြပြောဆိုအကြံပေးစကားအချို့ကို ရရှိတဲ့သူတွေဟာ ကံကောင်းလွန်းလှတယ်လို့ တွေးနိုင်နေပါပြီ။
အခု သူမမှာ အိုးယန်ဟွမ်းယူနဲ့အဆင့်တူတဲ့ သူမတစ်ဦးတည်းကိုသာ သင်ကြားပေးမယ့် သူမရဲ့ဆရာရှိနေပြီလေ။ ဒီလိုအလေးပေး ဂုဏ်ပြုခံရမှုမျိုးကိုသာ အပြင်လူတွေသိသွားပါက အားကျလွန်းလို့ သေသွားနိုင်ကြပါတယ်။
"မဟာဆင့်ခေါ်စေခိုင်းသူကိုး မထူးဆန်းပါဘူးလေ သူ့ဆီကနေမှော်အားကို ငါမတွေ့ရတာက"ဟုဆိုကာ သူ့ရဲ့မှားယွင်းအကဲဖြတ်မှုကနေ စိတ်သက်သာရာရသွားတဲ့ ရှူကပြောလိုက်ပါတယ်။
"ခင်ဗျားဘာဆိုလိုတာလဲ"လို့ ရှန်ယန်ရှောင်က ပြန်မေးလိုက်ပါတယ်။
"ဆင့်ခေါ်စေခိုင်းသူရဲ့ မှော်စွမ်းအင်က ထူးဆန်းတယ်ကွ။ အဆင့်၁၆မရောက်ခင်မှာတော့ မှော်ဆရာ၊ ဆင့်ခေါ်သူနဲ့ နတ်ဆေးဆရာတို့မှော်စွမ်းအင်တွေကြားမှာ ဘာကွဲပြားမှုမှမရှိဘဲ အလွယ်တကူ သိနိုင်တယ်။ အဆင့်၁၆ကိုရောက်ပြီးတဲ့နောက်မှာတော့ ဆင့်ခေါ်သူရဲ့ မှော်အားက ကျန်တဲ့ပညာရပ်နှစ်ခုနဲ့ လုံးဝကွဲထွက်သွားပြီ"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၃၇)
"သူတို့က အရိပ်သတ္တဝါတွေကိုဆင့်ခေါ်လာနိုင်သလို သူတို့ရဲ့မှော်အားကလည်း ထူးဆန်းတဲ့မှော်အားအဖြစ် ပြောင်းလဲသွားတယ်။ အဲ့ဒီလိုမှော်အားကို ပုံမှန်အားဖြင့်တော့ မသိနိုင်ဘူး။ ဆင့်ခေါ်စေခိုင်းသူသာ အလိုရှိတယ်ဆိုရင် သူတို့ကိုလူတွေမသိအောင် ဖုံးကွယ်ထားလို့ရတယ်"
ရှူ သက်ပြင်းချလိုက်ပါတယ်။ လောကတစ်ခွင်လုံးမှာ သူ့ကိုလက်မှိုင်ချစေနိုင်တဲ့အရာတစ်ခုသာ ရှိမယ်ဆိုလျှင် လျှို့ဝှက်ဆန်းကြယ်တဲ့ အဆိုပါမှော်စွမ်းအားကို ပိုင်ဆိုင်တဲ့ ဆင့်ခေါ်စေခိုင်းသူတွေသာ ဖြစ်ပါတယ်။
ရှန်ယန်ရှောင်ကတော့ အတွင်းကြိတ်ဆွံ့အသွားရပါတယ်။ ရှူကတောင် အဲ့လောက်ထိအထင်ကြီးနေတာဆိုတော့ ဆင့်ခေါ်စေခိုင်းသူဆိုတာ တစ်ကယ်စွမ်းလို့ပဲဖြစ်ရမယ်။
မဟာမှော်ကဝေဖြစ်တဲ့ အိုးယန်ဟွမ်းယူတောင် ရှူ့ဆီကနေ ချီးမွမ်းစကားအပြောမခံရဖူးပါဘူး။
ယန်းချီက ရှန်ယန်ရှောင်ကို တစ်ခြားပေါင်းစပ်ကျိန်စာတွေကို အသုံးပြုပြခိုင်းပါတယ်။ အမှတ်အသားတွေကိုပြုလုပ်တဲ့အချိန်မှာ ရှန်ယန်ရှောင်ရဲ့ ရွေ့လျားလှုပ်ရှားမှုတွေဟာ လုံးဝပြည့်စုံပါတယ်။ လေးခုမြောက်ကျိန်စာကို အသုံးပြုပြီးတဲ့အခါမှသာ အနည်းငယ်ပင်ပန်းနွမ်းနယ်လာတာကို သူမခံစားခဲ့ရပြီး အသက်ရှူသံလည်း မမှန်တော့ပါဘူး။
ယန်းချီလည်း မူမမှန်တဲ့ရှန်ယန်ရှောင်ကို တွေ့လိုက်ရလို့ သူ့မျက်ခုံးတွေ အပေါ်တက်သွားပါတယ်။
"မင်းအရည်အချင်းနဲ့ သိမြင်နိုင်စွမ်းတို့က အလွန်ကောင်းပြီး အခြေခံအားနည်းနေတယ်ကွ။ ဒါကြောင့်မို့ မင်းအနေနဲ့ မင်းရဲ့ အရည်အသွေးနဲ့ သိမြင်နိုင်စွမ်းတို့ကို မှီခိုအားပြုပြီး အဆင့်မြင့်ကျိန်စာတွေရဲ့ အနှစ်သာရကို နားလည်နိုင်ခဲ့ပေမယ့် မင်းရဲ့မှော်စွမ်းအားက အဲ့ဒီကျိန်စာတွေအသုံးပြုနိုင်ဖို့ ထောက်ပံ့မှုမပေးနိုင်ဘူးဖြစ်နေတယ်။ လက်ရှိမင်းအဆင့်နဲ့ဆိုရင် နှစ်မျိုးပေါင်းစပ်ကျိန်စာလေးမျိုးကို အချိန်တိုအတွင်း အသုံးပြုတာက မိုင်ကုန်နေပြီ လေးမျိုးပေါင်းစပ်ကျိန်စာနဲ့အထက်ကတော့ နှစ်မျိုးပဲသုံးနိုင်မှာပဲကွ ပိုသုံးရင်တော့ မင်းရဲ့စိတ်ဝိဉာည်ကို ပြင်းပြင်းထန်ထန်ထိခိုက်မှာကိုတော့ ငါပူပန်မိတယ်"
ရှန်ယန်ရှောင် လျှာတစ်လစ်ထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့စစ်ဆေးပွဲမှာတုန်းက သူမအများဆုံးသုံးတာက လဲပြိုကျိန်စာနဲ့လှည့်စားကျိန်စာတို့ပဲဖြစ်ပါတယ်။ ကံကောင်းထောက်မစွာပဲ သုံးခုမြောက်ကျိန်စာကို သူမ မသုံးမိခဲ့ပါဘူး။ မဟုတ်ရင် သူမရဲ့ စိတ်ဝိဉာည်ထိခိုက်မှုဒဏ်ကို သူမခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။
"အခုက အဆင့်မြင့်ကျိန်စာတွေကို အလောတကြီးသင်စရာမလိုသေးဘူး။ ခိုင်မာတဲ့အုတ်မြစ်ဖြစ်ဖို့အတွက် မင်းရဲ့မှော်အားကို သန့်စင်ဖို့က အဓိကသော့ချက်ပဲ။ မဟုတ်ဘူးဆိုရင် အဆင့်မြင့်ကျိန်စာထောင်ချီပြီးတတ်နေလည်း နှစ်ခုတည်းပဲသုံးနိုင်မယ်ဆိုရင် အချိန်တွေအလကားဖြစ်ကုန်တာနဲ့ မတူပေဘူးလား"
ယန်းချီက စိတ်အားထက်သန်စွာ လမ်းညွှန်ပြောကြားနေပါတယ်။ ရှန်ယန်ရှောင်ရဲ့ စွမ်းအားအဆင့်က အလွန်မြင့်ပေမယ့် ကျိန်စာအတတ်နဲ့ထိတွေ့မှုက အချိန်တိုလွန်းပါသေးတယ်။ သူမရဲ့လက်ရှိအဆင့်နဲ့ ဒီပေါင်းစပ်ကျိန်စာတွေကို အသုံးပြုနိုင်တာကိုက တော်တော်ဟုတ်နေပါပြီ။
"ကျိန်စာကိုအသုံးပြုနိုင်တဲ့ အဆင့်မှာ မင်းက အဆင့်၉ကိုရောက်နေတာဟုတ်ပေမယ့် မင်းရဲ့မှော်အားကတော့ အဆင့်၇ကိုတောင်အနိုင်နိုင်ပဲရှိမှာ"
မှော်အားရဲ့အထောက်အကူမရှိရင် ကျိန်စာအတတ်တွေက မျောနေတဲ့တိမ်တွေလိုပဲ ဖြစ်နေမှာပါ။
ရှန်ယန်ရှောင် ခေါင်းညိတ်လိုက်ပါတယ်။ ဒီနေ့အဖြစ်အပျက်သာ မဖြစ်ပျက်ခဲ့ဘူးဆိုရင် ဒီအကြောင်းအရာတွေကို သူမ တွေးမိမှာလည်း မဟုတ်ပါဘူး။ ယန်းချီက မဟာဆင့်ခေါ်စေခိုင်းသူအဆင့်ဆိုမှတော့ သူ့ရဲ့အသိပညာက သူမထက်အများကြီး ကြွယ်ဝမှာသေချာပါတယ်။ အနည်းငယ်ထောက်ပြရုံကတင် သူမအတွက် အများကြီးအကျိုးကျေးဇူးရနေပါပြီ။
"ဒါပေမဲ့လည်း မင်း အများကြီးတွေးပူမနေပါနဲ့။ မင်းရဲ့ဆင့်ခေါ်သူမှော်အားက ဒီအသက်အရွယ်နဲ့ အဆင့်၇ကိုရောက်နေတာကိုက တော်တော်ကောင်းနေပြီ။ မင်းသာ ပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင် ကျန်တာဘာပြဿနာမှ မရှိဘူးရယ်"
ဆယ့်သုံးနှစ်အရွယ်အလတ်တန်း ဆင့်ခေါ်သူကို ပါရမီရှင် ဉာဏ်ကြီးရှင်ဆိုတဲ့ စကားလုံးနဲ့တင် ဖော်ပြလို့မရပါဘူး။ ယန်းချီကိုယ်တိုင်တောင် အသက်၁၅နှစ်မှသာ အလတ်တန်းဆင့်ခေါ်သူဖြစ်ခဲ့တာပါ။ ထိုအချိန်တုန်းက သူ့ရဲ့မယုံနိုင်စရာ အရည်အချင်းကြောင့် အရပ်လေးမျက်နှာလုံးမှာ လူသိများခဲ့ပါတယ်။ ဆင့်ခေါ်သူပညာရပ်သာ တိမ်ကောမနေခဲ့ဘူးဆိုရင် ရှန်ယန်ရှောင်ရဲ့အစွမ်းကြောင့် လင်းလက်တိုက်တစ်ခုံးလုံး တုန်လှုပ်သွားမှာ သေချာပါတယ်။
ရှန်ယန်ရှောင်က သုံးလေးလလောက်ပဲ မှော်အားကိုလေ့ကျင့်ခဲ့ပြီး အလတ်တန်းဆင့်ခေါ်သူဖြစ်လာတာကိုသာ ယန်းချီသိမယ်ဆိုရင် ဘယ်လိုများဖြစ်မလဲဆိုတာ ဘယ်သူသိမလဲလေ။
နောက်ပြီးတော့ ရှန်ယန်ရှောင်က အလတ်တန်းဆင့်ခေါ်သူသာမကဘဲ အလတ်တန်းလေးသည်တော်ဆိုတာကိုသာ ယန်းချီထပ်သိမယ်ဆိုရင် နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားမလားမပြောနိုင်ပါဘူး။