← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၄၁)

"ဘာအသံမှ မထွက်နဲ့"

ပျင်းတွဲတွဲနိုင်သောအသံက ရှန်ယန်ရှောင်နားထဲ ဝင်ရောက်လာသလို နွေးထွေးသောထွက်သက်ကလည်း သူမ လည်ပင်းကိုကျီစယ်သွားပါတယ်။

သူမ နောက်ကိုလှည့်ကြည့်လိုက်ချိန်မှာ ချောမောတဲ့ ကြူရှီယာရဲ့မျက်နှာက သူမမျက်လုံးထဲ ဝင်ရောက်လာလို့ ကြောင်တက်တက်ဖြစ်သွားရပါတယ်။

သူက ဒီကို ဘာလာလုပ်တာလဲ။ ကြူရှီယာကိုတွေ့လိုက်ရလို့ အံ့အားသင့်သွားချိန်မှာပဲ ရှူကို အဆိုပါမေးခွန်းမေးလိုက်ခြင်းဖြစ်ပါတယ်။

"ငါ သူ့ အသက်ရှူသံကို မရခဲ့ဘူး"

ရှူကိုယ်တိုင်လည်း ကြူရှီယာရောက်လာတဲ့အပေါ်ကို ပဟေဠိဖြစ်နေပါတယ်။။ သူ့အာရုံက အိုးယန်ဟွမ်းယူဆီမှာပဲ အားလုံးကျရောက်နေတာ အမှန်ပါ ဒါပေမဲ့ သူမသိဘဲ ဒီလောက်နီးကပ်အောင်တော့ ဘယ်သူမှ မလာနိုင်ခဲ့ဖူးပါဘူး။

ရှန်ယန်ရှောင်စိတ်တွေ ယောက်ယက်ခက်နေစဉ်မှာပဲ အိုးယန်ဟွမ်းယူကတော့ တဖြည်းဖြည်းနီးကပ်လာနေပါပြီ။

အိုးယန်ဟွမ်းယူက သူမရှေ့ကိုရောက်တော့မှာကို တွေ့လိုက်ရတဲ့ ကြူရှီယာက ရှန်ယန်ရှောင်လက်ကိုဆွဲကာ ရှေ့ကနေဦးဆောင်လျက် အမှောင်ထဲကနေထွက်လိုက်ပါတော့တယ်။

ကြူရှီယာနဲ့ ရှန်ယန်ရှောင်တို့ နှစ်ယောက်ကိုတွေ့လိုက်ရတဲ့ အိုးယန်ဟွမ်းယူရဲ့မျက်နှာမှာ အံ့သြမှုအနည်းငယ် ဖြစ်တည်သွားပါတယ်။

ထူးဆန်းတယ် သူဟာ လူတစ်ယောက်ရဲ့အသက်ရှူမှုကိုပဲ ခံစားမိတာ ရှင်းရှင်းလင်းလင်းပါပဲ ဘာလို့များ လူနှစ်ယောက်ဖြစ်နေရတာလဲ။

"ကောင်းသောညနေခင်းပါ ကျောင်းအုပ်ကြီး"

မြေခွေးတစ်ကောင်ရဲ့ ပျင်းရိတဲ့အပြုံးနဲ့အတူ ကြူရှီယာကနေ အိုးယန်ဟွမ်းယူအား နှုတ်ဆက်ပြောကြားလိုက်ပါတယ်။

ဆင့်ခေါ်သူဌာနရဲ့မုခ်ပေါက်မှာ မတ်တတ်ရပ်နေတဲ့ လူနှစ်ယောက်ကို အိုးယန်ဟွမ်းယူက စူးစမ်းဟန်နဲ့ကြည့်နေသလို သူ့မျက်နှာကတော့ တည်ကြည်နေပြီး ဘာတွေးနေလဲဆိုတာကို မသိနိုင်ပါဘူး။

အိုးယန်ဟွမ်းယူက သူ့ပါးစပ်အား ဟရန်လုပ်ချိန်မှာပဲ ခြေသံအချို့အား ကြားလိုက်ရပါတယ်။

ရှည်ရှည်သွယ်သွယ်လူသုံးယောက်က သူတို့ရှိရာကို ဦးတည်လာနေပါတယ်။ ထိုသုံးယောက်က အိုးယန်ဟွမ်းယူကို တွေ့လိုက်ရတာနဲ့တစ်ပြိုင်နက် ခြေလှမ်းတွေရပ်တံ့သွားကြပါတယ်။

နေရာမှာတင် တောင့်တောင့်ကြီးရပ်နေကြတဲ့ သုံးယောက်ကိုကြည့်လိုက်ပြီး အိုးယန်ဟွမ်းယူ မျက်ခုံးပင့်လိုက်မိသလို ပိုပြီးတွေးရခက်သွားပါတော့တယ်။

နတ်ဆေးဆရာဌာနက ယန်ယု၊ စစ်သူရဲဌာနက ယန်းရှီ၊ ဆေးပညာဌာနက တန်နာဇီတို့အပြင် သူ့ရှေ့ကနှစ်ယောက်ဖြစ်တဲ့ မှော်ဌာနက ကြူရှီယာနဲ့ ဆေးပညာဌာနက ရှန်ဂျူတို့ ဒီကလေးငါးယောက်က ဘာကြောင့်မို့ ဒီနေရာကို ရောက်နေရတာလဲ။

ဆင့်ခေါ်သူဌာနကို အိုးယန်ဟွမ်းယူ လာရတဲ့အကြောင်းရင်းကတော့ ယန်းချီရဲ့ တပည့်ကျောင်းသားကြောင့်ပါ။ ဒီနေ့ညမှာတော့ အဲ့ဒီကောင်လေးကို သူမိပြီကွလို့ တွေးခဲ့သော်လည်း ထိုအစား ကလေးငါးယောက်က ပေါ်လာတယ်လေ။

ဒါကတော့ သူ့မှန်းဆခန့်မှန်းချက်တွေထက်တောင် ကျော်လွန်သွားပြီဖြစ်ပါတော့တယ်။

"ကျောင်းအုပ်ကြီး"

တန်နာဇီက မျက်တောင်ခတ်လိုက်ပြီးနောက် ဂါရဝပြုနှုတ်ဆက်လိုက်ပါတယ်။

ယန်ယုနဲ့ယန်းရှီတို့လည်း ရိုသေစွာနှုတ်ဆက်လိုက်ကြပါတယ်။ အိုးယန်ဟွမ်းယူကို ဂါရဝပြုနှုတ်ဆက်နေကြသော်လည်း သူတို့သုံးယောက်လုံးရဲ့ မေးခွန်းတွေအပြည့်နဲ့ မျက်လုံးတွေကတော့ ကြူရှီယာနဲ့ရှန်ယန်ရှောင်တို့ဆီ လျှို့ဝှက်စွာကျရောက်နေပါတယ်။

"မင်းတို့ကောင်တွေ အခန်းမှာနားနေရမယ့်အစား ဒီကိုဘာလာလုပ်ကြတာတုန်း ဟမ်"

အိုးယန်ဟွမ်းယူက သဘောကောင်းတယ်ဆိုရင်တောင် ဒီလူဆိုးငါးကောင်က သူ့အစီအစဉ်ကိုနှောက်ယှက်တာကြောင့် အနည်းငယ်တော့ မကျေမနပ်ဖြစ်မိသွားပါတယ်။

ကြူရှီယာက ပြုံးကာပြန်ဖြေလိုက်တာကတော့"ဘာမှမလုပ်ပါဘူးဗျ ကျနော်တို့က ဆင့်ခေါ်သူဌာနထဲကို ဒီနေ့ညခိုးဝင်ကြည့်ကြမလို့ပါ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ ကျောင်းအုပ်ကြီးနဲ့တွေ့လိုက်ရတာပါ"လို့ ဖြစ်ပါတယ်။

ဆင့်ခေါ်သူဌာနထဲကို ခိုးဝင်မယ်...

ဆင့်ခေါ်သူဌာနမှာ ဒီလိုကိစ္စမျိုးဖြစ်တာက ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဆင့်ခေါ်သူတွေကို အားလုံးကဖိနှိပ်ထား ဖယ်ကြဉ်ထားတာမှန်သော်လည်း ဒီလိုဆန်းကြယ်ပြီး အန္တရာယ်များတဲ့ ပညာရပ်ဟာ သွေးဆူတဲ့ လူငယ်တွေရဲ့ စိတ်ဝင်စားမှုကိုနှိုးဆွပေးနေပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းသားအတော်များများက ဆင့်ခေါ်သူဌာနထဲကို ခိုးဝင်ဖို့ကြိုးစားခဲ့ကြကာ အများစုကိုတော့ ညအခါမှာ ကင်းစောင့်နေကြတဲ့ နည်းပြတွေက ဆင့်ခေါ်သူဌာနရဲ့ မုခ်တံခါးဝကိုမရောက်ခင်မှာပဲ တွေ့ရှိကာ အဆောင်သို့ပြန်ပို့တာကို ခံခဲ့ကြရပါတယ်။

အိုးယန်ဟွမ်းယူဟာ လုံးဝကိုတိတ်ဆိတ်သွားပါတယ်။ ချာတိတ်လေးကို မိပြီလို့သူထင်ထားခဲ့ပေမယ့် ဆင့်ခေါ်သူဌာနထဲကို ခိုးဝင်ဖို့လုပ်နေတဲ့ ကျောင်းသားငါးယောက်ကိုသာ မမျှော်လင့်စွာ တွေ့ရှိခဲ့ရပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၄၂)

"ကျောင်းစည်းကမ်းတွေကို မင်းတို့ နားမလည်ကြဘူးလား။ ဆင့်ခေါ်သူဌာနဆိုတာ ကျောင်းသားတိုင်းဝင်လို့ထွက်လို့ရတဲ့ နေရာမဟုတ်ဘူး"

ကြူရှီယာက မပြောရင်တောင် သူတို့ငါးယောက်ဟာ ယန်းချီသင်ကြားပေးနေတဲ့ ကျောင်းသားသစ်လို့ အိုးယန်ဟွမ်းယူ တွေးမိမှာမဟုတ်ပါဘူး။ အဖိုးကြီးယန်းချီက ကျောင်းသားသစ်တွေလက်ခံမယ်ဆိုရင်တောင် သူ့ရှေ့မှာအခုရှိနေတဲ့ငါးယောက် အထူးသဖြင့်ပြောရရင် ဆေးပညာကျောင်းသားသစ်နှစ်ယောက်ဖြစ်တဲ့ တန်နာဇီနဲ့ရှန်ဂျူရယ် နောက်ပြီးတော့ ကျန်တဲ့သုံးယောက်ကလည်း သူတို့ရဲ့သက်ဆိုင်ရာဌာနတွေက ထိပ်သီးကျောင်းသားတွေဖြစ်သလို သူတို့ရဲ့ပညာရပ်တွေအပေါ်မှာလည်း ပါရမီပါတဲ့သူတွေဖြစ်လို့ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ သူတို့အနေနဲ့ ဆင့်ခေါ်သူကျောင်းသားဖြစ်လာဖို့ဆိုတာက လုံးဝကိုမဖြစ်နိုင်ပါဘူး။

ဒီငါးယောက်ထဲက တစ်ယောက်ယောက်က ဆင့်ခေါ်သူဌာနကို ဝင်ရောက်ဖို့ဖြစ်တန်စွမ်းက သုညပါပဲ။

"သိလိုစိတ်ပြင်းပြမှုက ကျနော်တို့ကိုအုပ်စိုးသွားတဲ့အတွက် တစ်ကယ်တောင်းပန်ပါတယ်ဗျ နောက်တစ်ခါထပ်မလုပ်တော့ဘူးလို့ ကျနော်တို့ကတိပေးပါတယ်"

သူ့အမှားသူ ဝန်ခံနေတဲ့ ကြူရှီယာရဲ့ အပြုအမူတွေက ပုံမှန်မဟုတ်စွာ ကောင်းမွန်လွန်းနေပါတယ်။

တန်နာဇီနဲ့ကျန်သူတွေကလည်း သူ့ဘေးနားကို လာရပ်လိုက်ပြီး အိုးယန်ဟွမ်းယူအား ခါးညွှတ်အရိုအသေပေးကာ တောင်းပန်လိုက်ကြပါတယ်။

ဒီပုံစံကိုကြည့်ရတာဟာ မဟုတ်တာလုပ်မှာကို လူမိသွားတဲ့ ကျောင်းသားဆိုးငါးယောက်ရဲ့ ပုံစံအတိုင်းပါပဲ။

အိုးယန်ဟွမ်းယူအနေနဲ့ ကျောင်းသားတွေကို စကားများများမပြောမိပေမယ့်လည်း ကျောင်းအုပ်တစ်ယောက်ဖြစ်တာကြောင့် ဌာနတိုင်းရဲ့ အရည်အချင်းရှိကျောင်းသားတွေအကြောင်းကိုတော့ သိပါသေးတယ်။

ဒါ့အပြင်လည်း သူ့ရှေ့က ကျောင်းသားငါးယောက်အနက် လူ့ဖလံလေး ရှန်ဂျူကလွဲရင် ကျန်သူအားလုံးဟာ မျိုးနွယ်စုကြီးငါးစုထဲက အရေးပါတဲ့သားတွေဖြစ်ပါတယ်။ ဒီအချက်ကတင် သူတို့အားလုံး ဆင့်ခေါ်သူမဟုတ်တာကို ထောက်ခံနေပါပြီ ဘာလို့လဲဆိုတော့ အဆိုပါမျိုးနွယ်စုတွေဟာ သူတို့မျိုးနွယ်ရဲ့အဓိကမိသားစုဝင်တွေထဲက ဘယ်သူ့ကိုမှ ဆင့်ခေါ်သူပညာရပ်ကို သင်ကြားတာလက်သင့်ခံမှာ မဟုတ်တာကြောင့်ပါပဲ။

"ဒီညမှာ မင်းတို့တစ်ယောက်ကိုမှ ငါမတွေ့ခဲ့သလို သဘောထားလိုက်မယ်။ ဒါကြောင့်မို့ ကိုယ့်အခန်းကိုယ်ပြန်ပြီးနားလိုက်ကြတော့ အေး နောက်တစ်ခါတွေ့ခဲ့ရင်တော့ စည်းကမ်းအတိုင်း အပြစ်ပေးသွားမှာပဲဟေ့"

ဒီချာတိတ်ငါးယောက်ဟာ အသက်ငယ်ကြသေးသော်လည်း လောင်းရွှမ်တိုင်းပြည်ရဲ့ အားကိုးအားထားပြုရမယ့် ဉာဏ်ကြီးရှင်လေးတွေဖြစ်တာကြောင့် အိုးယန်ဟွမ်းယူက သူတို့အား အရှက်တကွဲအကျိုးနည်းဖြစ်အောင် မလုပ်တော့ပါဘူး။ သူတို့ရှိနေလို့ တော်ဝင်ရိုလန်ကျောင်းက ကျောင်းသားတွေရဲ့ပျမ်းမျှအဆင့်က တော်တော်လေးကိုမြင့်တက်လာရပါတယ်။

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"

"မြန်မြန်ပြန်ကြတော့"

ဘာမဟုတ်တဲ့အကြောင်းလေးအတွက်နဲ့ ဆင့်ခေါ်သူလေးကို ဖမ်းဖို့ကိစ္စပျက်သွားမှာကို မလိုလားတာကြောင့် အိုးယန်ဟွမ်းယူက လောဆော်လိုက်ပါတယ်။

"ဟုတ်ကဲ့"

လူငါးယောက်လုံးက ဆုလာဘ်ကြီးရသွားသလိုမျိုးနဲ့ အိုးယန်ဟွမ်းယူရှေ့ကနေ လျှင်မြန်စွာထွက်ခွာလာကြပါတော့တယ်။

ကြူရှီယာကနေပြီး သူမအား ဆင့်ခေါ်သူဌာနကနေ ဆွဲခေါ်လာချိန်မှာပဲ သူမကတော့ အခုလိုမျိုး ရုတ်တရက်ပြောင်းလဲသွားတဲ့ အဖြစ်ကြောင့် ဆွံ့အနေပါတယ်။

ကြူရှီယာက အဆောင်ကိုပြန်ဖို့ အစီအစဉ်မရှိဘဲ သူမအား တော်ဝင်ရိုလန်ကျောင်းရဲ့ ပန်းခြံထဲကို ခေါ်လာပါတော့တယ်။

သူမရှေ့က လူငယ်လေးဦးအားကြည့်လိုက်ပြီး ရှန်ယန်ရှောင် သက်ပြင်းအသာချလိုက်ပါတယ်။

လက်ပိုက်ကာရပ်နေတဲ့ ကြူရှီယာဟာ အခုလိုအခြေအနေမျိုးမှာတောင် တည်ငြိမ်စွာရှိနေပြီး သူ့ရှေ့မှာရှိနေတဲ့ ရှန်ယန်ရှောင်ရဲ့စိတ်ရှုပ်နေတဲ့ အမူအယာအားကြည့်ကာ ပိရိစွာစေ့နေတဲ့ သူ၏ဆွဲဆောင်မှုရှိလှတဲ့ နှုတ်ခမ်းအစုံဟာ ကွေးညွှတ်သွားပြီးနောက် သူ့ကိုယ်လုံးကို ရှန်ယန်ရှောင်ရှေ့သို့ကိုင်းလိုက်ပြီးမှ သူမအားကြည့်ကာပြောလိုက်တာကတော့"မင်းပြောကြည့် ငါတို့က မင်းကို ရှန်ဂျူလို့ဆက်ခေါ်သင့်သလား ရှောင်ယန်လို့ခေါ်ရမလားဆိုတာကိုပေါ့။ ဒါမှမဟုတ် တစ်ခြားနာမည်တစ်ခုလားဟင်"လို့ ဖြစ်ပါတော့တယ်။

ကြူရှီယာရဲ့ စကားကြောင့် ရှန်ယန်ရှောင် တောင့်တောင့်ကြီးဖြစ်သွားပါတယ်။

သူ့စကားအရ သူမရဲ့ တစ်ခြားနာမည်ဖြစ်တဲ့ ရှောင်ယန်ကို သိပြီးပြီလို့ပြောလိုက်တာပေါ့။

တန်နာဇီရဲ့အမူအယာကလည်း တော်တော်လေးထူးဆန်းနေသလို သူက ရှန်ယန်ရှောင်ကိုတစ်လှည့် ကြူရှီယာကိုတစ်လှည့် ကြည့်လိုက်ပြီးနောက် ကြူရှီယာရဲ့လက်ကိုဆွဲကာ ရှန်ယန်ရှောင်အနားကနေခေါ်သွားလိုက်ပြီး တီးတိုးပြောလိုက်ပါတယ်။

"ညကြီးရောက်နေပြီလေကွာ မင်း သူ့ကို မခြောက်သင့်ဘူး"

ကြူရှီယာက ပုခုံးတွန့်ပြလိုက်ပြီး ရှန်ယန်ရှောင်အားကြည့်ကာ ထပ်ပြောလိုက်ပါတယ်။

"အစကတော့ လေးဌာနကို ငါတို့သွားခဲ့တုန်းက ရှောင်ယန်လို့ခေါ်တဲ့ ချာတိတ်လေးက မင်းနဲ့တစ်နေရာရာမှာ တူနေသလိုပဲလို့ ငါတို့ထင်ခဲ့မိကြရုံပါပဲ။ ပထမတော့ ငါလည်းအဲ့ဒီလောက် တွေးမနေမိပါဘူး အဲ စိတ်ဝင်စားစရာကောင်းသွားတာက မင်းဖျားနေတဲ့အချိန်တုန်းက ဆေးပညာဌာနကရှန်ဂျူတင် အတန်းပျက်တာမဟုတ်ဘဲ လေးဌာနကရှောင်ယန်လည်း အတန်းပျက်တဲ့ဟာပဲ။ ငါပြောမယ် ဂျူလေး မင်းက ဒီအကြောင်းတွေကို တိုက်ဆိုင်တာလို့ပြောဦးမလို့လား"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၄၃)

ရှန်ယန်ရှောင်က ကြူရှီယာအား အလွန်အံ့သြစွာကြည့်လိုက်မိပါတယ်။ ရှောင်ယန်ရော ရှန်ဂျူရောဟာ သူမ ရုပ်ဖျက်ပြီးအသုံးပြုတဲ့ အမည်တွေဖြစ်ပါတယ်။ အရပ်အမြင့်ကလွဲရင် ကျန်တာတူတာ ဘာဆိုဘာမှ မရှိပါဘူး။ မဟုတ်ရင် သူမအနေနဲ့ လေးဌာနကို စိတ်ချလက်ချ ဝင်မိမှာမဟုတ်ပါဘူး။ ဘယ်လိုဖြစ်လို့များ ဒီကောင်တွေက ဆင်တူတာကိုတွေ့ရတာလဲ။

ကြူရှီယာတို့တစ်တွေ ဒီနေ့ညမှာ ရုတ်တရက်ကြီးပေါ်လာတာဟာ တိုက်ဆိုင်မှုမဟုတ်တာကိုတော့ သူမ သေချာသိပါတယ်။ သူမ အဆောင်ကနေထွက်လာတုန်းက တန်နာဇီဟာ အိပ်နေတုန်းပါပဲ အခုကျတော့ သေသေသပ်သပ်ဝတ်စားထားတယ်လေ။ သူမတွေးပူမိနေတာကတော့ ဒီလေးကောင်လုံးက ရိပ်မိနေပြီဖြစ်ကာ သူမရဲ့ ခြေလှမ်းအမှားကို စောင့်ကြည့်နေတာဖြစ်မှာကိုပါပဲ။

ဒီနေ့ညမှာတော့ သူမ ခြေလှမ်းမှားခဲ့ပြီလေ။

"ငါမမှားဘူးဆိုရင် အိုးယန်ဟွမ်းယူခြေရာကောက်နေတဲ့ ဆင့်ခေါ်သူဆိုတာလည်း မင်းပဲဖြစ်ရမယ်"

ကြူရှီယာက ပြုံးပြီး ရှန်ယန်ရှောင်အားကြည့်နေပါတယ်။ လရောင်အောက်မှာ ရှည်လျားသွယ်လျတဲ့ ကြူရှီယာဟာ ခြွင်းချက်မရှိချောမောလွန်းနေပေမယ့် သူ့မျက်နှာက အပြုံးကတော့ ဒီတစ်ခါမှာ ခါတိုင်းလိုမဟုတ်တော့ဘဲ ခြားနားနေပါတော့တယ်။

ကြူရှီယာရဲ့ တွေးဆပြောကြားချက်တွေအပြီးမှာတော့ ယန်ယု၊ ယန်းရှီနဲ့ တန်နာဇီတို့ရဲ့ အကြည့်တွေအားလုံးက သူမအပေါ်ကို အတူတူရောက်ရှိလာပါတယ်။

သေချာပါတယ် ဒီတွေးဆချက်တွေက သူတို့အားလုံးမှာ ရှိနေပြီးသားဆိုတာ။

တန်နာဇီကိုပြောရမယ်ဆိုရင်တော့ သူ့မျက်နှာဟာ အလွန်ရှုပ်ထွေးတဲ့ အမူအယာဖြစ်နေပါတယ်။ ကြည့်ရတာ သူဟာ ကြူရှီယာကနေ ရှန်ယန်ရှောင်အား ဖိအားပေးနေတာကို ရပ်ခိုင်းစေချင်နေသလိုပဲ သူ့ညီအစ်ကိုကောင်းရဲ့ နောက်ကြောင်းကိုလည်း နားလည်သိရှိချင်နေပုံပါ။ ဒါကြောင့်မို့လည်း သူ့မျက်နှာပေါ်မှာ လွန်ဆွဲနေတဲ့အမူအယာက တစ်ချိန်လုံးဖြစ်ပေါ်နေတာပေါ့လေ။

ရှန်ယန်ရှောင်က လေးကောင်လုံးကိုကြည့်လိုက်ပြီး သူမစိတ်ထဲမှာ တုံ့ဆိုင်းဆိုင်းဖြစ်နေပါတယ်။ စတွေ့တည်းကနေ တစ်လျှောက်လုံးမှာ ဒီလေးကောင်လုံးက သူမအားကောင်ကောင်းဂရုစိုက်ပေးခဲ့ကြသလို ဒီနေ့ညမှာ သူတို့ရဲ့ အချိန်ကိုက်ရောက်လာမှုကြောင့်သာ မဟုတ်ခဲ့ရင် သူမကို အိုးယန်ဟွမ်းယူက မိသွားမှာသေချာပါတယ်။ နောက်ပြီးတော့လည်း ပြီးခဲ့တဲ့စစ်ဆေးပွဲအပြီးမှာ ကြူရှီယာနဲ့တန်နာဇီဟာ အခြေအနေကိုဘာမှမသိဘဲ မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ညာပေးခဲ့တာကြောင့် စစ်ဆေးပွဲတုန်းက သူမရဲ့ ဟာကွက်ကိုကူညီဖုံးကွယ်ပေးခဲ့ပါသေးတယ်။

သူတို့ကို သူမ ရိုးသားသင့်သလားဟင်....

ဒီလေးယောက်ဟာ သာမန်လူတွေမဟုတ်တာကြောင့် သူမ သိပ်မသေချာသေးပါဘူး။ သူတို့ရဲ့နောက်မှာက မျိုးနွယ်ကြီးလေးစုရှိနေပါတယ်။ အနာဂတ်မှာ သူမက ဇာမဏီမျိုးနွယ်စုခေါင်းဆောင်ဖြစ်လာခဲ့ရင် ဒီလူတွေက သူမရဲ့ သူငယ်ချင်းဖြစ်လာမလား ရန်သူဖြစ်လာမလား........

ဘယ်သူမှ ဒီကိစ္စကို ယတိပြတ်မပြောနိုင်ပါဘူးလေ...

တော်ဝင်ရိုလန်ကျောင်းရဲ့ ပန်းခြံထဲမှာတော့ တိတ်ဆိတ်မှုက ကြီးစိုးနေပါတယ်။ လူတိုင်းရဲ့မျက်လုံးတွေက ရှန်ယန်ရှောင်ဆီမှာပဲ ရှိနေသလို လူတိုင်းက သူမရဲ့အဖြေစကားကို စောင့်ဆိုင်းနေကြပါတယ်။

ရှန်ယန်ရှောင် နှုတ်ခမ်းကိုက်လိုက်ပါတယ်။ သူမသာ ကျိန်စာအတတ်ကိုအသုံးပြုလိုက်ရင် ဒီအကြပ်အတည်းကနေ လွတ်မြောက်ကောင်းလွတ်မြောက်နိုင်ပေမယ့် ဘာကြောင့်မှန်းရယ်မသိ(သီချင်းစာသားသတိရသွားလို့) သူမနှလုံးသားက ဒီလေးကောင်အပေါ် အဲ့လိုမလုပ်ချင်ဘူးဖြစ်နေပါတယ်။

ရှန်ယန်ရှောင်စိတ်ထဲ ပဋိပက္ခဖြစ်နေချိန်မှာပဲ တန်နာဇီက သူမနားကို လာလိုက်ပါတယ်။ သူ့ခေါင်းကိုသူ ကိုးရိုကားယားကုတ်လိုက်ပြီးနောက် သူမအား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပါတယ်။

"ထားလိုက်တော့ကွာ။ ဂျူလေးက မပြောချင်ဘူးဆိုရင် တွန်းအားမပေးကြတော့နဲ့။ ငါတို့ကိုအကြောင်းစုံမပြောရတဲ့အချက်က သူ့မှာလည်း ရှိမှာပဲ။ ဒီလောက်မေးခွန်းတွေ အများကြီးမေးပြီးတော့ ငါတို့ကဘာရချင်နေတာလဲ။ သူ့ကိုယ်ရေးအချက်အလက်က ငါတို့သူငယ်ချင်းကဏ္ဍကို ထိခိုက်မှာကျနေတာပဲ"

ကျောင်းစဖွင့်တည်းကစပြီး သူက ရှန်ယန်ရှောင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူက ရှန်ယန်ရှောင်အပေါ်မှာ တစ်ချိန်လုံးဂရုစိုက်ပေးခဲ့သလို ဆေးပညာရပ်နဲ့ပတ်သတ်ရင် ရှန်ယန်ရှောင်ကနေ သူ့အား အမြဲတမ်းကူညီပေးခဲ့တာကို သူ ကောင်းကောင်းကြီးသဘောပေါက်နားလည်ပါတယ်။ မဟုတ်ရင် သူ့အနေနဲ့ ခရမ်းရောင်အတန်းမှာ နေရတော့မှာမဟုတ်ပါဘူး။

"သူက ရှောင်ယန်ဆိုတော့ ဘာဖြစ်တုန်းကွာ။ ဆင့်ခေါ်သူဖြစ်တော့ရော ဘာအရေးလဲ။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့အားလုံး အနီရောင်အတန်းမှာ ရုန်းနေရမှာကို မေ့မသွားကြနဲ့ဦး"

ရှန်ယန်ရှောင်တစ်ယောက် စိတ်ဖိစီးနေမှာကို တန်နာဇီ မလိုလားပါဘူး။ ချာတိတ်လေးရဲ့ သဘောကောင်းမနောကောင်းပုံကို အမြဲလိုလိုတွေ့မြင်နေရတာ နေသားကျနေပြီဖြစ်တာကြောင့် အခုလို စိတ်ညစ်စိတ်ဓာတ်ကျနေပုံကို တွေ့မြင်ရတာ သူ့အတွက်အဆင်ပြေမနေပါဘူး။

တန်နာဇီက သူမကို ပွေ့ဖက်တာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် တန်နာဇီရဲ့ရင်ခွင်ကနေ နွေးထွေးမှုကို ခံစားမိတာကတော့ ရှန်ယန်ရှောင်အတွက် ဒါဟာ ပထမဆုံးဖြစ်ပါတယ်။

All Chapters