အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၄၄)
ဒီကောင်စုတ်ကောင်ပဲ့လေးကတော့လေ။ သူဟာ စိတ်ကသိကအောက်ဖြစ်စရာကောင်း၊ ဒေါသထွက်လွယ်သလို အကျင့်မကောင်းပြီး ဆေးပညာအရည်အချင်းဟာ သည်းခံချင်စရာမကောင်းလောက်အောင် ညံ့ဖျင်းပေမယ့် သူဟာ သူမကိုကာကွယ်ပေးစရာ ဘာအကြောင်းမှမရှိဘူးဆိုရင်တောင် သူမကိုကာကွယ်ဖို့ အမြဲရှိနေခဲ့ပါတယ်။
သူမရဲ့နှာခေါင်းလေး တစ်ခုခုကြောင့် ရဲတွတ်လာရပါတယ်။ တစ်ကယ်တန်းဆို သူမဟာ တန်နာဇီကို ကြီးကျယ်တဲ့သူတစ်ယောက်အဖြစ် ရှုမြင်နေတာပါ။ တန်နာဇီဟာ စိတ်ပျက်စရာအလွန်ကောင်းသော်လည်း သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေားကောင်းမွန်နေရခြင်းဟာ တန်နာဇီရဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကြောင့်ပါ။
ဒါကြောင့်မို့ တန်နာဇီအပေါ်မှာ သူမက ဘယ်တုန်းကစပြီး စိတ်လိုနှစ်ရဖြစ်ခဲ့သလဲမသိပါဘူး။
[ဒီနေရာမှာ နောက်ခံသီချင်းလေးဖွင့်]
ရှန်ယန်ရှောင်ရဲ့ စိတ်နှလုံးဟာ သံနဲ့ပြုလုပ်ထားတာမဟုတ်လို့ သူမ မခံစားရဘဲနေပါ့မလား......
ကြူရှီယာဟာ ရှန်ယန်ရှောင်ကို အပြည့်အဝကာကွယ်ထောက်ခံပေးနေတဲ့ တန်နာဇီအားကြည့်လိုက်ပြီး တစ်ချက်ရယ်လိုက်ကာ ကောင်းကင်ပေါ်ရှိ ငွေလမင်းအား မော့ကြည့်လိုက်ပါတယ်။ တုံ့ပြန်ပြောကြားလိုက်တဲ့ သူ့အသံဟာ ပျင်းရိပျင်းတွဲအသံ မပါဝင်တော့ဘဲ လုံးဝကိုကြည်လင်ပြတ်သားနေပါပြီ။
"ဒီလိုမျိုးလှုပ်ရှားမှုကို လုပ်နေတဲ့အချိန်မှာ သူဘယ်သူဘယ်ဝါလဲဆိုတာနဲ့ ပတ်သတ်ပြီး ငါက ပူပန်သောကနေတာလို့ မင်းကထင်နေတာလား"
တန်နာဇီဟာ ဒီတစ်ခါမှာတော့ ဘာမှမပြောပါဘူး။ တစ်ခါတစ်ရံများမှာဆိုရင် သူ့ငယ်သူငယ်ချင်း ကြူရှီယာ ဘာတွေတွေးသလဲဆိုတာကို သူလိုက်မမီပါဘူး။
"ဆင့်ခေါ်သူမုခ်တံခါးဝမှာ အိုးယန်ဟွမ်းယူက ဒီနေ့ည ဘာလို့ရှိနေတာလဲလို့ မင်းထင်သလဲ။ ငါတို့သာ ဝင်မပါရင် ဒီနေ့ညအဖြစ်ကြောင့် မင်းရဲ့အခန်းဖော်လေး မနက်ဖြန်မှာ ပျောက်ကွယ်ကောာင်းပျောက်ကွယ်သွားမှာကို ငါတွေးပူမိပါသေးတယ်"
"အဲ့ဒါက ဘာကို ဆိုလိုချင်တာလဲ"
တန်နာဇီက အံ့သြတကြီးနဲ့မေးမြန်းလိုက်ပါတယ်။
ရှန်ယန်ရှောင်ကို မျက်လုံးမှေးပြီးကြည့်လိုက်တဲ့ ကြူရှီယာဟာ မပြုံးတော့ပါဘူး။
"လင်းလက်တိုက်တစ်တိုက်လုံးက ဆင့်ခေါ်သူတွေအပေါ်မှာ ထားရှိတဲ့ဖိနှိပ်မှုက ဘယ်လောက်အထိဆိုးလဲလို့ မင်းမြင်သလဲ။ ငါတို့ကိုယ်တိုင် သိပြီးသားပဲလေကွာ။ တော်ဝင်ရိုလန်ကျောင်းက သူတို့ရဲ့ဆင့်ခေါ်သူဌာနကို မပိတ်ဘူးဆိုပေမယ့် ကျောင်းသားတစ်ယောက်ကိုတောင် မင်းမြင်ဖူးသလား။ အိုးယန်ဟွမ်းယူက ဆင့်ခေါ်သူကိုရှာဖွေဖို့အတွက် အချိန်ကုန်ခံနေတာ အားထည့်နေတာကို ဘာကြောင့်လို့မင်းထင်သလဲ နောက်ပြီးတော့ ဆင့်ခေါ်သူဌာနရဲ့မုခ်ဝမှာ ရောက်နေရတာကရော ဘာကြောင့်လဲ။ နာဇီ မင်းက ရိုးရိုးကြီးတွေးလွန်းတယ်ဟ။ ငါက ဂျူလေးကို ပွင့်ပွင့်လင်းလင်းပြောခိုင်းစေတာက ငါ့ရဲ့သိလိုစိတ်စပ်စုလိုစိတ်ကြောင့်မဟုတ်ဘူး သူ ဘာကိုရင်ဆိုင်နေရတာလဲ ဘာနဲ့ရင်ဆိုင်နေရတာလဲဆိုတာကို သိချင်လို့ကွ။ ငါတို့က ဘာမှမသိဘဲ အမှောင်ထဲစမ်းတဝါးဝါးဖြစ်နေတုန်းမှာ သူတစ်ခုခုဖြစ်သွားမှာကို မလိုလားဘူး တစ်ခုခုဖြစ်မှာကို ဝင်တားပြီးကူညီပေးချင်ရင်တောင် ဘာမှမသိလို့ ဘယ်လိုကူညီပေးရမလဲမသိမှာကြောင့် မေးနေရတာပဲ"
ကြူရှီယာရဲ့အသံထဲမှာ အေးစက်မှုအရိပ်အငွေ့တွေ ပါဝင်နေပါတယ်။ ဒီအချိန်မှာ ကြူရှီယာကိုကြည့်ရတာဟာ ပျင်းရိပါးနပ်တဲ့ မြေခွေးတစ်ကောင်အဖြစ်ကနေ မြောက်များစွာသောကုန်သည်များ၏ ကြောက်ရွံ့ခြင်းကိုခံရတဲ့ တိုးနယားမျိုးနွယ်ရဲ့ တတိယမြောက်သခင်လေးအဖြစ်ပြောင်းလဲသွားပုံပါပဲ။ သူ့စကားလုံးတိုင်းဟာ လူတွေရဲ့နှလုံးသားတည့်တည့်ကို ဓားနဲ့ထိုးစိုက်သလိုပါပဲ။
ကြူရှီယာရဲ့စကားကိုကြားလိုက်ရတဲ့ တန်နာဇီဟာ ပြန်ပြောစရာစကားမရှိပါဘူး။ ရှန်ယန်ရှောင်ရဲ့ မည်သူမည်ဝါအရေးက ဒီလောက်အထိ ရှုပ်ထွေးလိမ့်မယ်လို့ သူမတွေးထင်ခဲ့မိပါဘူး။
ရှန်ယန်ရှောင်က ပိုပြီး တုန်လှုပ်သွားရပါတယ်။ ကြူရှီယာဟာ ခန့်မှန်းရခက်တဲ့လူတစ်ယောက်လို့ သူမ အမြဲတွေးခဲ့မိတာပါ။ ကြူရှီယာဟာ ငယ်သေးပေမယ့် နက်နဲလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ကြူရှီယာနဲ့ အမြဲလိုလို ထိတွေ့ဆက်ဆံနေလေ့ရှိသော်လည်း သတိထားဆက်ဆံခဲ့တာပါ။ ဒီကောင်က သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက်နဲ့ ဒီလိုမျိုးအများကြီးတွေးခေါ်စဉ်းစားပူပန်ပေးထားမယ်လို့ သူမ မမျှော်လင့်ထားခဲ့မိပါဘူး။
သူက သူမရဲ့ ဇာစ်မြစ်ကိုသိချင်တယ် အဲ့ဒါကလည်း သူမကို ကူညီပေးနိုင်ဖို့အတွက်တစ်ခုတည်းကြောင့်လေ။
ရှန်ယန်ရှောင်ရဲ့ နှလုံးသား လှုပ်ခတ်သွားရပါတယ်။ သူမဟာ တစ်ချိန်လုံးတိတ်နေတဲ့ ယန်ယုနဲ့ယန်းရှီတို့အား လှမ်းကြည့်လိုက်ပါတယ်။ သူတို့ရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်မိတော့ ကြူရှီယာကဲ့သို့ပဲ ပူပန်နေတာကို သူမ တွေ့လိုက်ရပါတယ်။
ဒီတိရစ္ဆာန်ကောင်တွေက သူမအတွက် တစ်ကယ့်ကိုပဲ စိုးရိမ်သောကနေကြတာလားဟ။
ဒါပေမဲ့......
ဘာကြောင့်လဲ......
သူတို့က သူမကို ဘာဖြစ်လို့ ဒီလောက်အထိ တန်ဖိုးထားဂရုစိုက်နေရတာလဲဆိုတာကို သူမ နားမလည်နိုင်ပါဘူး။ သူမဆီမှာ အသုံးချလောက်စရာ ပိုင်ဆိုင်မှုလည်း တစ်ခုမှမရှိဘဲနဲ့ သူမကို ဘာလို့ ဒီလောက်စိုးရိမ်ပေးနေကြရတာလဲ။
"မင်းတို့အားလုံးက ငါ့အတွက် ဒီလောက်ကြီးတွေးပေးနေရအောင်က တန်ရောတန်ရဲ့လားဟင်"
မေးလိုက်တဲ့ ရှန်ယန်ရှောင်ရဲ့ အသံဟာ တစ်ခုခုကြောင့် အက်တက်တက်ဖြစ်နေပါတယ်။ ကြူရှီယာပြောသွားခဲ့သမျှစကားတွေအားလုံးဟာ အမှန်တွေချည်းပဲဆိုတာကို သူမ သေချာသိပါတယ်။
ကြူရှီယာက မျက်ခုံးပင့်လိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
"မင်းက ငတုံးလား"
"..."
"ငါတို့က တစ်ဖွဲ့တည်းဖြစ်တယ်ဆိုတာ မင်းမေ့သွားပြီလို့တော့ လာမပြောနဲ့နော်။ တစ်ဖွဲ့တည်းသားတွေအနေနဲ့ တစ်ယောက်အပေါ်တစ်ယောက် စောင့်ရှောက်ပေးရမယ်လေ။ ဒါက လုပ်ရမယ့်ကိစ္စပဲ မဟုတ်ဘူးလားဟ"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၄၅)
"မင်းရဲ့တစ်ဖွဲ့တည်းသားတွေအနေနဲ့ ငါတို့က မင်းအတွက်သောကတာပေါ့။ အဲ့ဒါက သဘာဝပဲလေ ဟုတ်တယ်မလား"
သူမအနားမှာရှိနေကြတဲ့ လေးကောင်လုံးကို ကြည့်လိုက်မိတဲ့ ရှန်ယန်ရှောင်မျက်နှာမှာ အံ့အားသင့်နေဟန်တွေ အထင်းသားပါပဲ။ သူတို့ကို သူမရဲ့ တစ်ဖွဲ့တည်းသားတွေ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် သတ်မှတ်မထားခဲ့မိပါဘူး။
စောရတစ်ယောက်ဖြစ်လို့ သူမဟာ တစ်ယောက်တည်းပဲ လှုပ်ရှားတာဖြစ်ပြီး ဘယ်လောက်ပဲအန္တရာယ်များတာဖြစ်ဖြစ် သူမကိုယ်သူမသာ အားကိုးနိုင်ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ရတာပါ။
ရှန်ဖန်နဲ့ရှန်စီယူတို့ သူမကိုဂရုစိုက်တာဟာ သူတို့တွေဟာ တစ်သွေးတည်းစီးဆင်းနေလို့ဖြစ်ပါတယ်။ ယန်းချီက သူမကို ဂရုစိုက်တာဟာ သူမဟာ ဆင့်ခေါ်သူပညာအတွက် မျှော်လင့်ချက်ဖြစ်ပြီး သူ့ရဲ့တစ်ဦးတည်းသော လက်ရှိတပည့်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့က...
"တစ်ဖွဲ့တည်းသား"
ရှန်ယန်ရှောင်ဟာ သူမနဲ့ အလွန်ရင်းနှီးနေသလို အလွန်စိမ်းလှတဲ့ စကားလုံးကို တီးတိုးရေရွတ်လိုက်ပါတယ်။
သူမရဲ့ အရင်ဘဝမှာတုန်းက သူမအဖွဲ့ရဲ့ လေ့ကျင့်ပေးမှုမှာ သူမနဲ့သူမရဲ့အဖော်တွေဟာ အချင်းချင်းပြန်သတ်ဖြတ်ခဲ့ကြရပါတယ်။ တစ်ဖွဲ့တည်းသားဆိုတဲ့ စကားလုံးဟာ သူမအတွက်တော့ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတစ်ခုပါပဲ။
ဒါပေမဲ့ အခုကတော့ အဲ့ဒီစကားလုံးကို တစ်ခါပြန်လက်ခံကြည့်နိုင်ပြီလေ ဟုတ်တယ်မလားဟင်.......
သူမရဲ့ မျက်နှာလေးမှာ အပြုံးရိပ်တစ်ခုဖြစ်ပေါ်လာပါတယ်။ ဒီအချိန်မှာ သူမအနေနဲ့ အလင်းရောင်ကို တွေ့လိုက်ရတဲ့အတိုင်းပါပဲ။ သူမရှေ့ကလေးကောင်ကို ကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ ပြောလိုက်ပါတယ်။
"မင်းတို့က ငါ့ကို တစ်ကယ့်စိတ်ရင်းနဲ့မေးနေမှတော့ ငါကလည်း သနားညှာတာတဲ့အနေနဲ့ ပြောလိုက်ပါ့မယ်လေ။ ရှန်ဂျူဆိုတာငါပဲ ရှောင်ယန်ကလည်း ငါပဲ စစ်ဆေးပွဲတုန်းက ဆင့်ခေါ်သူဆိုတာကလည်း ငါပဲ နောက်ပြီးတော့ ငါ့ရဲ့တစ်ကယ့်အစစ်အမှန် ဘဝက ဇာမဏီမျိုးနွယ်ရဲ့ခေါင်းဆောင် ရှန်ဖန်ရဲ့မြေးမဖြစ်တဲ့ သတ္တမမြောက်သခင်မလေး ရှန်ယန်ရှောင်ပဲ"
"ရှန်ယန်ရှောင်"
ရှန်ယန်ရှောင်ရဲ့ တဲ့တိုးဝန်ခံပြောကြားမှုကြောင့် လေးကောင်လုံး အလွန်အမင်းတုန်လှုပ်သွားကြပါတယ်။
သူတို့ကို ပိုပြီးအံ့အားသင့်စေတာကတော့ ရှန်ယန်ရှောင်ဟာ သူမရဲ့ အခြားဘဝနှစ်ခုကိုသာမကဘဲ ဝှက်ဖဲကိုပါ ထုတ်ဖော်ပြောကြားလိုက်လို့ ဖြစ်ပါတော့တယ်။
"ရှန်ယန်ရှောင်ဆိုတာက...ဇာမဏီမျိုးနွယ်ရဲ့ အမှိုက်မဟုတ်ဘူးလား....."
တန်နာဇီက တီးတိုးရေရွတ်နေမိပြီးနောက် ချက်ချင်းဆိုသလိုပဲ ပါးစပ်ပိတ်လိုက်ပါတယ်။ သူဟာ သူ့ရှေ့ကပြုံးနေတဲ့ ကောင်ကလေးကို အံ့သြတုန်လှုပ်မှုအပြည့်နဲ့ ကြည့်လိုက်မိပါတယ်။
ဇာမဏီမျိုးနွယ်က ရှန်ယန်ရှောင် ကျပ်မပြည့်ဘဲမွေးလာကာ မှော်ရောအတွင်းအားရောလေ့ကျင့်မရတဲ့ အသုံးမကျတဲ့အမှိုက်။ လောင်းရွှမ်တစ်ပြည်လုံး ဒီအကြောင်းကိုသိကြကာ သူတို့လေးယောက်လည်း သိတာပေါ့လေ။
ဒါပေမဲ့ သူတို့ဘယ်လိုပဲကြည့်ကြည့် လူတွေပြောနေကြတဲ့ သုံးစားမရတဲ့အမှိုက်နဲ့ ဒီမျက်လုံးတောက်ပကြည်လင်နေတဲ့ ကောင်လေးနဲ့ကို ဘယ်လိုမှတွဲစပ်ကြည့်လို့ မရဘူးဖြစ်နေပါတယ်။
"နေစမ်းပါဦးဟ...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းကတစ်ကယ်ပဲလား....."
တန်နာဇီက ရှန်ယန်ရှောင်အား မယုံနိုင်စွာကြည့်ရင်းပြောလိုက်ပါတယ်။
မအေ××ငတုံးဆိုတဲ့ကိစ္စကရော။ ဒီကောင်က လူတောင်မဆန်ဘူးလေ ဟုတ်ဘူးလား......
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်ပါတယ်။
"တစ်ကယ်ဆိုရင် ငါပြောစရာရှိ..."
တစ်ချိန်လုံးပါးစပ်မဟတဲ့ ယန်ယုက ပိုအရေးကြီးတဲ့အကြောင်းတစ်ခုကို သဘောပေါက်သွားပါတယ်။
"ဘာလဲဟ"
ယန်းရှီက မေးလိုက်ပါတယ်။
ယန်ယုက ရှန်ယန်ရှောင်အားတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ဘော်ဒါသုံးကောင်အားကြည့်လိုက်ကာ မျက်မှောင်တွန့်နေသလို တွန့်ဆုတ်ဆုတ်ဖြစ်နေပါတယ်။
"ရှောင်လေးပြောလိုက်တဲ့အထဲက အချက်ကို မင်းတို့သဘောမပေါက်ကြဘူးလား"
"ဟုတ်ပါပြီ ဘာအကြောင်းကိုလဲ"
တန်နာဇီလည်း ယန်းရှီကဲ့သို့ပဲ ဘာမှန်းမသိဖြစ်နေပါတယ်။
ကြူရှီယာက တစ်ချက်ရယ်လိုက်ပြီး ဝင်ပြောလိုက်ပါတယ်။
"ရှောင်လေးပြောသွားခဲ့တာက ရှန်ဂျူကလည်း သူမပဲ ရှောင်ယန်ကလည်း သူမပဲ ဆင့်ခေါ်သူရောပေါ့လေ။ ငါမှတ်တာမမှားရင် ရှောင်ယန်က အတွင်းအားကျင့်ပြီး ဆင့်ခေါ်သူက မှော်ကို ကျင့်ရတာမဟုတ်လား"
"..."
"..."
"မှော်နဲ့အတွင်းအား နှစ်မျိုးကျင့်ခြင်း"
တန်နာဇီက မျက်လုံးပြူးကျယ်ကြီးနဲ့ ရှန်ယန်ရှောင်အားကြည့်ရင်း အလန့်တကြားအော်လိုက်ပါတယ်။
သူမက ဒီအကြောင်းကို အစတည်းကဝန်ခံပြီးဖြစ်တာကြောင့် ရိုးသားစွာနဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်ပါတယ်။
"အဲ့နေရာမှာ မှားစရာဘာအကြောင်းမှ မရှိဘူး။ မှော်နဲ့အတွင်းအားနှစ်မျိုးလေ့ကျင့်တာပဲ မင်းက လူမဟုတ်ဘူး။ နေဦးဟ မကုန်သေးဘူး ဒီကလေးရဲ့ ဆေးပညာအရည်အချင်းကလည်း ရူးခါနေသေးတယ်လေ....."
တန်နာဇီ နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်သွားမိပါတယ်။ ဒီကောင်လေးက လုံးဝကို လူမဆန်တာပဲ။ နှစ်မျိုးကျင့်နိုင်တဲ့အရည်အချင်းကို နှစ်ထောင်သောင်းချီမှ တစ်ယောက်တွေ့ခဲပါတယ်။ ဒီလိုအရည်အချင်းပိုင်ဆိုင်နေတဲ့ ဒီကလေးဟာ တော်တော်ဟုတ်လှပါပြီ ဒါတောင်မှ ဆေးပညာပါရမီရှင်တစ်ယောက်ဖြစ်လိုက်သေးတယ်တဲ့လား။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၄၆)
တစ်ခြားလူတွေရဲ့ ယုံကြည်မှုတွေကို ဖျက်စီးဖို့အတွက်များ ဒီကောင်မလေးမွေးဖွားလာတာလားမသိ။
ပျော်ရွှင်စိတ်လှုပ်ရှားနေတဲ့ တန်နာဇီဟာ ရှန်ယန်ရှောင်အားပွေ့ဖက်ကာ သူ့ခံစားချက်ကိုပြချင်နေပါတယ်။ သို့သော်လည်း ဆန့်တန်းဖွင့်ဟထားတဲ့ သူ့လက်တစ်စုံက ရှန်ယန်ရှောင်ဆီမရောက်ခင်မှာဘဲ ကြူရှီယာကနေ သူ့အားဆွဲခေါ်လိုက်ပါတယ်။
"ကျေးဇူးရှင်ကြီး ဘာများလိုချင်လို့ပါလဲ"
တော်တော်လေးစိတ်ကောင်းဝင်နေတဲ့ တန်နာဇီက ကြူရှီယာအားပြောလိုက်ခြင်းဖြစ်ပါတယ်။ ကြူရှီယာဆိုတဲ့ကောင်ရဲ့ အစွမ်းကပေါ့သေးသေးမဟုတ်ပေမယ့် ရှန်ယန်ရှောင်က သူ့ထက်ပိုသာနေပါတယ်။ ပညာရပ်သုံးခုကို သင်ယူတတ်မြောက်နိုင်တာဟာ သူ့ကိုလုံးဝနောက်ကောက်ချခဲ့တာပါပဲ။
ကြူရှီယာဟာ တန်နာဇီကြောင့် ခေါင်းကိုက်သွားရပြီး ကျန်လက်တစ်ဖက်နဲ့ သူ့မျက်နှာကိုသူအုပ်လိုက်ကာ ပြန်ပြောလိုက်တာကတော့"ငါမင်းကို ပြန်သတိပေးပါစေလား ရှောင်လေးက ဇာမဏီမျိုးနွယ်ရဲ့ သတ္တမသခင်မလေးနော်"
"ဟုတ်သားပဲ အာ သတ္တမ ညီ.မ.က.လေး.တဲ့.လား"
ပြန်ပြောလိုက်တဲ့ တန်နာဇီမျက်နှာတစ်ချက်တွန့်သွားပါတယ်။
ပြုံးနေတဲ့ ရှန်ယန်ရှောင်အား သူကြည့်လိုက်မိကာ ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။
"နာဇီရဲ့ဦးဏှောက်က ဒီနေရာမှာ စိုးရိမ်စရာအကောင်းဆုံးဖြစ်မယ်လို့ ငါထင်တယ်ဟေ့"
ယန်ယုက မညှာမတာဝင်ပြောပါတယ်။
"ဟုတ်တယ်ဟ သူ့ခေါင်းက တစ်ခန်းလွတ်နေတာလေ"
ယန်းရှီကလည်းခေါင်းညိတ်ကာ ဝင်ရောက်ထောက်ခံပြောဆိုပါတယ်။
တန်နာဇီ တံတွေးမြိုချလိုက်ပါတယ်။ သူ့လက်ဝါးကြီးကို ဆန့်ထုတ်လိုက်ကာ တုန်ရီနေတဲ့ လက်ညှိုးနဲ့ ရှန်ယန်ရှောင်အား ထိုးညွှန်ပြလိုက်ပြီးနောက် ထစ်ငေါ့စွာပြောလိုက်ပါတယ်။
"ရှောင်..လေး...မင်း..မင်းက..မိန်းကလေးလား"
[အေးပါကွာ လခွမ်းတဲ့မှ]
ရှန်ယန်ရှောင်က အသံတိတ်ခေါင်းညိတ်ပြလိုက်ပါတယ်။
"အိုးးးး"
တန်နာဇီက ရှက်ရွံ့မှုကြောင့် ကျယ်လောင်စွာ တစ်ချက်အော်လိုက်ပြီး မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကာ ခေါင်းကိုတစ်ဖက်သို့ လွှဲလိုက်ပါတော့တယ်။
ဘုရားအပေါင်းတို့ရေ။ သူက မိန်းကလေးတစ်ယောက်နှင့်အတူ တစ်ခန်းတည်းမှာ လအချို့ကြာအောင် အိပ်ခဲ့တယ်တဲ့လား။
ပိုဆိုးတာက သူကောင်းကောင်းမှတ်မိနေတာကတော့ ကောင်စုတ်လေးအဖြစ် ရုပ်ဖျက်ဟန်ဆောင်ထားတဲ့ မိန်းကလေးကို သူ့ရင်ထဲဆွဲဆွဲသွင်းပြီး မကြာခဏဖက်ခဲ့မိတယ်လေ။
"ပန်းကလေးပေါင်းသောင်းချီပြီး ထိတွေ့ဆက်ဆံဖူးတယ်လို့ အမြဲလိုလိုပြောနေတဲ့ ကောင်တစ်ယောက်က ရှောင်လေးက မိန်းကလေးဆိုတာတောင် မသိဘူးတဲ့ အသုံးမကျလိုက်ပုံများကွာ"
ယန်းရှီက ယန်ယုပုခုံးပေါ်လက်တင်လိုက်ပြီးနောက် ပြုံးရာကနေတည်လိုက်ပါတယ်။ ထို့နောက် သူ့သူငယ်ချင်းဖြစ်သူအား အထင်သေးစွာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
"ရည်ရွယ်ချက်ပါတာဖြစ်နိုင်တာပဲလေကွာ"
ယန်ယုကလည်း ဆေးဝင်ထိုးပေးပါတယ်။
"ငါ တစ်ကယ်သိသိနဲ့ လုပ်တာမဟုတ်ပါဘူးဟ"
တန်နာဇီဟာ ရှန်ယန်ရှောင်ရှေ့မှာ ခုန်ပေါက်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ သူငိုချင်နေပါပြီ...
သူဟာ တဏှာရူးနှာဗူးမဟုတ်ပါဘူး....
"အဟွတ်..ငါ သိပါတယ်"
ရှန်ယန်ရှောင်က တန်နာဇီ၏ မည်းမှောင်နေတဲ့မျက်နှာအား ကြည့်ကာ ငိုရမလိုရယ်ရမလို ဖြစ်သွားရပါတယ်။ တန်နာဇီရဲ့ အလွန်အမင်းရင်းနှီးတဲ့ ဆက်ဆံမှုအပေါ်မှာ သူမ ဘယ်လိုမှမခံစားမိပါဘူး။ သူမက အခုမှ ၁၃နှစ်ပဲရှိသေးတဲ့အပြင် သူမကိုယ်လုံးဟာ မဖွံ့ဖြိုးသေးဘဲ သူမရင်ဟာ ပေတံတစ်ချောင်းလိုပြန့်ပြူးနေဆဲပါနော် ဟုတ်ပြီလား။
ရှန်ယန်ရှောင်ပြောတာကို ကြားလိုက်ရမှသာ တန်နာဇီစိတ်ပေါ့သွားပါတော့တယ်။
ရှန်ယန်ရှောင်က ရုတ်တရက်ဖွင့်ဟပြောကြားလိုက်တဲ့ သတင်းအချက်အလက်တွေဟာ များလွန်းနေတာကြောင့် သူတို့တစ်တွေ တော်တော်ကြာအချိန်ယူ လက်ခံလိုက်ရပါတယ်။
"သမားတော်၊ လေးသည်တော်၊ ဆင့်ခေါ်သူ၊ စောရနတ်ဘုရား....ရှောင်လေးရေ ငါတို့အံ့အားသင့်စရာ ဘာတွေများ မင်းဆီသိမ်းထားသေးသလဲဟင်"
ကြူရှီယာဟာ နဂိုမူလပုံစံပြန်ဖြစ်သွားပြီဖြစ်ကာ ပန်းခြံထဲကခုံပေါ်မှာ ပျင်းရိစွာထိုင်ချလိုက်ပါတယ်။
"အခုလောလောဆယ်အထိတော့ ဘာမှမရှိတော့ပါဘူး"
ဇာမဏီငှက်အကြောင်း၊ နောင်တက်မယ့်မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့အကြောင်းအပြင် ရှူနဲ့တားမြစ်တံဆိပ်တို့လို ကိစ္စတွေကိုတော့ မပြောဘဲထားထားတာ အကောင်းဆုံးဖြစ်မယ်လို့ သူမ တွေးမိလိုက်ပါတယ်။
မဟုတ်ရင် ဒီလေးကောင်လုံး အံ့သြထိတ်လန့်မှုဒဏ်ကို ခံနိုင်ရည်မရှိမှာ သူမ တွေးပူမိပါသေးတယ်။
"ကလေးမ မင်းနဲ့ဆိုရင်...တော်ဝင်ရိုလန်ကျောင်းက ဉာဏ်ကြီးရှင်တွေဆိုတာ သောက်လကားတွေဖြစ်ကုန်ပြီနော်"
တန်နာဇီဟာ ရှန်ယန်ရှောင်ရဲ့ ရုတ်တရက်ကြီးပြောင်းလဲသွားတဲ့ ကျားမကိစ္စကို တော်တော်ကြိုးစားလက်ခံနေရပါတယ်။ ဒါပေါ့လေ ကျောင်းတော်ရဲ့ဂုဏ်အရှိဆုံး မှော်ကျောင်းသားကြီး ကြူရှီယာကို မျက်စပစ်ဖို့တော့ သူ ဘယ်မေ့မလဲ။
"အိုးယန်ဟွမ်းယူက ဆင့်ခေါ်သူမုခ်တံခါးဝမှာ ဘာလို့ရောက်နေတာလဲဆိုတာကို ငါတော်တော်စိတ်ဝင်စားနေတယ်။ ငါ့အမြင်အရတော့ မင်းကို ဖမ်းဖို့ ရောက်နေတာပဲဖြစ်ရမယ်"
ကြူရှီယာက မေးကိုပွတ်သပ်ရင်း ရှန်ယန်ရှောင်အားလှမ်းပြောလိုက်တာပါ။
ရှန်ယန်ရှောင်လည်း ပြန်ပြောလိုက်ပါတယ်။
"သူငါ့ကိုဖမ်းဖို့လုပ်တာ ဒါ ပထမဆုံး မဟုတ်ပါဘူးလေ အရင်တစ်ခေါက်သူဖမ်းဖို့လုပ်တုန်းက ငါ့ဆရာက ဝင်တားခဲ့လို့သာပေါ့"