အခန်း (၂၄၇-၂၄၉)
Vol. 17 Ch. 247-249
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၄၇)
"အဲ့တုန်းက ငါ့ကို ဆင့်ခေါ်သူဌာနရဲ့ တစ်ဦးတည်းသောကျောင်းသာအဖြစ် သူ ခွင့်ပြုပေးခဲ့တယ်။ ဒီနေ့ည သူပေါ်လာတာကို ငါလည်း အံ့သြနေတာဟ ဘာလို့လဲဆိုတော့ အရင်တစ်ခေါက်တုန်းက ငါ့ကို နှစ်ဝက်အတွင်း မနှောက်ယှက်တော့ဘူးလို့ ငါ့ဆရာကို သူ ကတိပေးခဲ့သေးတာကိုး"
အိုးယန်ဟွမ်းယူ ရုတ်တရက်ပေါ်လာတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါ ခန့်မှန်းရခက်တဲ့ ဒီကျောင်းအုပ်ဟာ ဘယ်လိုကြောက်စရာအစီအမံတွေရှိနေလဲဆိုတာကို သူတစ်ယောက်ပဲ သိမှာဖြစ်ပါတယ်။
ကြူရှီယာလည်း ရှန်ယန်ရှောင်အားကြည့်လိုက်ပြီး စဉ်းစားခန်းဝင်လိုက်ပါတယ်။ အိုးယန်ဟွမ်းယူရှိနေရတဲ့အကြောင်းက သူမကို ဖမ်းဖို့ဆိုတာ အသိသာကြီးပါ။ အရင်တစ်ခေါက်နဲ့ အခုတစ်ခေါက်အဖြစ်က ထင်ရှားနေပါတယ်။
"လင်းလက်တိုက်မှာ ဆင့်ခေါ်သူဆိုတာ လုံးဝပျောက်ကွယ်လုလုပဲ။ ဆင့်ခေါ်သူဌာနကို အခုထိမဖျက်သေးဘဲ ထားထားတဲ့ တော်ဝင်ရိုလန်ကျောင်းကလွဲရင် ကျန်တဲ့ကျောင်းတွေအားလုံးမှာ ဆင့်ခေါ်သူဌာနဆိုတာ မရှိတော့ဘူး ဒါကြောင့် တစ်တိုက်လုံးမှာ တစ်ခုတည်းသောဆင့်ခေါ်သူဌာနဟာ ငါတို့တော်ဝင်ရိုလန်ကျောင်းမှာပဲ။ အရင်တုန်းကတော့ လူတွေက အိုးယန်ဟွမ်းယူရဲ့ ဆုံးဖြတ်ချက်က အလကားဘာမှအကျိုးမရှိဘူးလို့ တွေးခဲ့ကြပေမယ့် ကျောင်းအုပ်ကတော့ မဖျက်ခဲ့ဘူး။ ဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူးလို့ ငါထင်တယ်နော်"
ဒီစကားကိုကြားလိုက်ရတဲ့ ရှန်ယန်ရှောင်က ခေါင်းညိတ်ပြလိုက်ပါတယ်။
"ငါလည်းပဲ အိုးယန်ဟွမ်းယူရဲ့ အပြုအမူတွေက မရိုးဘူးလို့ထင်တယ်။ ဒါပေမဲ့လည်း ဆင့်ခေါ်သူဌာနကိုက ငါမသွားလို့မဖြစ်ဘူးဟ။ ငါ့ဆရာက အထဲမှာပဲဆိုတော့"
အိုးယန်ဟွမ်းယူသာ ဆင့်ခေါ်သူဌာနကနေ စောင့်စောင့်ဖမ်းနေမယ်ဆိုရင် တစ်နေ့နေ့မှာ သူမကို မိသွားနိုင်ပါတယ်။ သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ သူမရဲ့ အကြောင်းကိုတော့ အသိမခံနိုင်ပါဘူး။
"ဒီနေ့ညတော့ ထပ်သွားလို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ အိုးယန်ဟွမ်းယူက မင်းလာမှာကိုစောင့်နေတာကြောင့်မို့ သူပြန်မှာမဟုတ်ဘူးနော်"
ကြူရှီယာက သတိပေးလိုက်ပါတယ်။
"မနက်မှ နောက်တစ်ခေါက်ထပ်သွားကြည့်ကြတာပေါ့ဟာ"
ရှန်ယန်ရှောင် ခေါင်းစားနေရပါတယ်။ ဆင့်ခေါ်သူဌာနကို သူမက သုံးရက်ဆက်တိုက်မပေါ်လာလို့ ယန်းချီတစ်ယောက် ဘယ်လောက်ယောက်ယက်ခက်နေမလဲဆိုတာ မပြောနိုင်ပါဘူး။
ကြူရှီယာနဲ့ ရှန်ယန်ရှောင်တို့ပြောတာကို ထိုင်နားထောင်နေတဲ့ ယန်ယုက တစ်ချက်တွေးလိုက်ပြီး ဝင်ပြောလိုက်ပါတယ်။
"မနက်ဖြန်မနက်ကျရင် အိုးယန်ဟွမ်းယူက နတ်ဆေးဆရာဌာနကိုသွားပြီး ပို့ချမှုလုပ်မှာကွ။ အဲ့အချိန်ကို အခွင့်ကောင်းယူလိုက်ပါလား။ မနက်ဖြန်မနက်မှာ ဆင့်ခေါ်သူဌာနကိုသွားပြီး မင်းဆရာမှာ ဘယ်လိုအကြံရှိမလဲလို့ မေးကြည့်လိုက်ပေါ့ကွာ"
"ရှောင်လေး မင်းဆရာကလည်း ဆင့်ခေါ်သူပဲလားဟင်"လို့ ယန်းရှီက စိတ်ဝင်တစား မေးလိုက်ပါတယ်။
ရှန်ယန်ရှောင် ခေါင်းညိတ်ကာဖြေလိုက်ပါတယ်။
"တော်ဝင်ရိုလန်ကျောင်းမှာ ဆင့်ခေါ်သူရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး။ အဲ့တုန်းက ချိုးနှိမ်တိုက်ဖျက်မှုတွေအောက်ကနေ အခုထိလွတ်မြောက်ရှင်သန်နေတဲ့ ဆင့်ခေါ်သူဟာ သာမန်တော့မဖြစ်နိုင်ဘူး။ မင်းဆရာအနေနဲ့ မင်းအခက်အခဲကို ဖြေရှင်းပေးနိုင်မယ်လို့ ငါယုံတယ်ဟေ့"
ကြူရှီယာက မေးပွတ်ရင်း ပြောလိုက်ပါတယ်။ ဆင့်ခေါ်သူတွေကို တစ်တိုက်လုံးက မဟာမိတ်တပ်နဲ့ နှိမ်နှင်းခဲ့ချိန်တုန်းက လုံးဝပျက်စီးလုနီးနီးဖြစ်ခဲ့ရပါတယ်။ နာမည်အတော်အသင့်ရှိတဲ့ ဆင့်ခေါ်သူတွေကို နိုင်ငံတွေကနေ ပြည်နှင်ဒဏ်ပေးတယ်။ နာမည်စာရင်းထဲပါသူတွေကိုတော့ မဟာမိတ်တပ်က သုတ်သင်ခဲ့ပြီး မသက်ဆိုင်တဲ့ ဆင့်ခေါ်သူအနည်းငယ်ကတော့ လင်းလက်တိုက်ကနေထွက်သူကထွက်ခွာ စွန့်ပစ်နယ်မြေထဲမှာ ပုန်းသူကပုန်းဖြစ်ခဲ့ကြပါတယ်။ နိုင်ငံအတော်များများ လောင်းရွှမ်တိုင်းပြည်အပါအဝင်ပေါ့လေ ဆင့်ခေါ်သူဆိုတာ မတွေ့နိုင်တော့ပါဘူး။
တော်ဝင်ရိုလန်ကျောင်းထဲက ဆင့်ခေါ်သူဌာနမှာ ဆင့်ခေါ်သူတစ်ယောက်ရှိနေမယ်လို့ သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး။
နောက်ယောင်ခံလိုက်လာမှုကို ခြေရာဖျောက်ကာ ဒီထဲကိုဝင်လာဖို့အတွက်ဆိုရင် အိုးယန်ဟွမ်းယူရဲ့ ခွင့်ပြုချက်ရမှသာ ဖြစ်နိုင်မှာပါ။ နှစ်များစွာတိုင်အောင်ထိ ဆင့်ခေါ်သူဌာနနဲ့ပတ်သတ်လို့ အိုးယန်ဟွမ်းယူက စကားတစ်လုံးမဟခဲ့ပါဘူး။ ဆင့်ခေါ်သူတစ်ယောက် ဒီနေရာမှာ နေထိုင်နေတယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ အိုးယန်ဟွမ်းယူရဲ့ ကာကွယ်ပေးမှုကိုခံရတဲ့ ထိုသူဟာလည်း ပေါ့လျှော့ကညှော့တော့ မဖြစ်နိုင်ပါဘူး။
ကြူရှီယာတို့တစ်တွေဟာ ရှန်ယန်ရှောင်ဆရာအကြောင်းကို သိချင်စိတ်ပြင်းပြနေကြသော်လည်း ဆက်မေးလို့မကောင်းတာကြောင့် မမေးကြတော့ပါဘူး။
ဒီလောက်ဆိုးဆိုးရွားရွားပြင်းပြင်းထန်ထန် ခံစားခဲ့ရအပြီးမှာ ဆင့်ခေါ်သူတွေအနေနဲ့ တစ်ခြားလူတွေအပေါ်မှာ သတိထားဆက်ဆံမှုက တော်တော်ကြီးပြင်းထန်လောက်ပါတယ်။
သူတို့က ရှန်ယန်ရှောင် အနေကြပ်အောင် မလုပ်လိုကြပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၄၈)
"အဲ့လိုဆိုရင် မနက်ဖြန်မနက်ကျ ဆရာ့ကိုသွားတွေ့လိုက်မယ်"
သူမကိုယ်တိုင်လည်း ယနေ့ညအဖို့ မျှော်လင့်ချက်မရှိတော့တာကို သိထားပါတယ်။
"စိတ်မပူပါနဲ့ မနက်ဖြန်မနက်မှာ တစ်ခုခုထူးခြားတာနဲ့ မင်းကိုချက်ချင်းအကြောင်းဖို့နည်းလမ်းကို ငါရှာထားလိုက်မယ်လေ"
နတ်ဆေးဆရာဌာနရဲ့ ထိပ်သီးကျောင်းသားဖြစ်လို့ ယန်ယုက အိုးယန်ဟွမ်းယူအနားမှာ ရှိနေဖို့သေချာပါတယ်။ ဒါကြောင့် အိုးယန်ဟွမ်းယူက ရုတ်တရက်ကြီး ဆင့်ခေါ်သူဌာနကိုမသွားဖို့အတွက် သူနည်းလမ်းရှာလုပ်လို့ရပါတယ်။
သူတို့ငါးယောက်က အချိန်အတော်ကြာအောင်ထိ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက်မှာတော့ သူတို့ဆုံးဖြတ်လိုက်ကြတာကတော့ ရှန်ယန်ရှောင်က မနက်ခင်းမှာ သူမရဲ့ဆရာဆီသွားတွေ့နေချိန်မှာ တန်နာဇီက နတ်ဆေးဆရာဌာနအပြင်ဖက်မှာ တစ်ခုခုထူးခြားတာနဲ့ ယန်ယုက အကြောင်းကြားတဲ့အခါမှာ ရှန်ယန်ရှောင်ဆီ ချက်ချင်းပြေးအကြောင်းကြားဖို့ စောင့်နေဖို့အတွက်ပါပဲ။
ယန်ယုနဲ့တန်နာဇီတို့ရဲ့ အကူပေးမှုကြောင့် သူမ စိတ်နည်းနည်းပေါ့သွားရပါတယ်။
နောက်ရက်မနက်မှာတော့ တန်နာဇီနဲ့အတူ ဆင့်ခေါ်သူဌာနကို သူမသွားလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ဆေးဌာနက ရှန်ဂျူဟာ ဖျားနာနေတာဖြစ်လို့ တစ်ရက်ပိုပျက်သွားလို့လည်း ဘာမှထူးခြားမသွားပါဘူး။
ဒီတစ်ခေါက်မှာတော့ ရှူဟာ ဌာနအနားမရောက်ခင်တည်းက ပတ်ဝန်းကျင်ကို အကဲခတ်လာခဲ့သော်လည်း တစ်ယောက်ကိုမျှမတွေ့ခဲ့ရပါဘူး။ အိုးယန်ဟွမ်းယူဟာ ရှန်ယန်ရှောင်အား အင်မတန်စိတ်ဝင်စားနေသော်လည်း လင်းလက်တိုက်မှာ ဆင့်ခေါ်သူတွေရဲ့အနေအထားက လူသိလို့မဖြစ်တာကြောင့် တစ်ခြားလူတွေကို ဒီကိစ္စအပေါ်တာဝန်မပေးထားဘူးဆိုတာ သိသာနေပါတယ်။
ပထမဆုံးအကြိမ်အဖြစ်နဲ့ ရှန်ယန်ရှောင်ဟာ ဆင့်ခေါ်သူဌာနထဲကို နေ့ပိုင်းမှာဝင်သွားခဲ့ပါတယ်။ လမ်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိနေတဲ့ အဖြူရောင်အဆောက်အဦတွေမှာ နွယ်ပင်တွေတက်နေပြီး လူသူမလာတာကြာပြီဖြစ်တဲ့ ဆင့်ခေါ်သူဌာနကို ပိုပြီးခြောက်သွေ့အထီးကျန်စေနေပါတယ်။ ရုပ်တုကိုကျော်ဖြတ်ပြီး ဆင့်ခေါ်သူမျှော်စင်ဆီကို သူမ သွားလိုက်ပါတယ်။
နေ့ခင်းပိုင်းဖြစ်သော်လည်း မီးလင်းကျောက်တွေရဲ့အလင်းနဲ့ မျှော်စင်ကလင်းနေဆဲပါပဲ။ ယန်းချီကတော့ ပုံမှန်အတိုင်းပဲ စားပွဲနောက်မှာထိုင်နေပြီး စာအုပ်ပုံတွေကြားထဲနစ်နေပါတယ်။
သေချာဂရုစိုက်အကဲခတ်မယ်ဆိုရင် ဒီသာမန်အဖိုးကြီးရဲ့ မျက်လုံးတွေက စိုးရိမ်မှုတွေရှိနေတဲ့အကြောင်း ဖော်ပြနေတာကို တွေ့နိုင်ပါတယ်။
"ကောင်မလေးပေါ်မလာတာ သုံးရက်တောင်ရှိနေပြီ။ တစ်ခုခုတော့ မဖြစ်တန်လောက်ပါဘူးလေ"
သူ့လက်ထဲက စာအုပ်တွေကို ယန်းချီကြည့်နေပေမယ့် သူ့စိတ်အလျဉ်ကတော့ ဒီနေရာမှာရှိမနေပါဘူး။
ရှန်ယန်ရှောင်ကို သူသင်ကြားပေးရတဲ့အချိန်က မကြာသေးဘူးဆိုသော်လည်း ကောင်မလေးဟာ ဆင့်ခေါ်သူတွေရဲ့ ခယောင်းလမ်းကိုဖြတ်သန်းဖို့ တစ်ကယ်စိတ်ပါဝင်စားနေတာကို သူသိပါတယ်။ အရင်က မျှော်စင်ကိုအမြဲလာခဲ့တဲ့သူမက အခုသုံးရက်တောင်ပျောက်နေပါတယ်။
ယန်းချီရင်ထဲမှာ သောကပွေနေရပါတယ်။ ရှန်ယန်ရှောင်တစ်ခုခုဖြစ်သွားမှာကို သူ စိုးရိမ်နေမိပါတယ်။
ယန်းချီသောကဗျာပါဒများနေချိန်မှာပဲ ပိန်ပိန်ပါးပါးလူတစ်ယောက်က ဆိတ်ငြိမ်တဲ့မျှော်စင်ထဲကို ဝင်ရောက်လာပါတယ်။
"ဆရာ"
ယန်းချီရှေ့မှာ ရိုသေစွာရပ်နေတဲ့ ရှန်ယန်ရှောင်စိတ်ထဲမှာ တောင်းပန်တဲ့အရိပ်အယောင်တွေရှိနေပါတယ်။
ယန်းချီရဲ့စိတ်နေစိတ်ထားအရ နေ့တိုင်းလိုလို ညနက်တဲ့အထိ သူမကို စောင့်ခဲ့မှာကို သူမ သိနေပါတယ်။
"မင်းရောက်လာခဲ့ပြီပဲ"
သုံးရက်တိတိပျောက်သွားတဲ့ သူ့တပည့်အားကြည့်လိုက်ပြီးနောက် ယန်းချီစိတ်ပေါ့သွားပါတယ်။
၏ "အရင်ရက်တွေတုန်းက ဖျားသွားလို့ မလာနိုင်ခဲ့တာကို တောင်းပန်ပါတယ်။ မနေ့ညကလာဖို့လုပ်သေးတယ် ဒါပေမဲ့ ကျောင်းအုပ်အိုးယန်က မုခ်ပေါက်ဝမှာ စောင့်နေမယ်ဆိုတာကို မသိခဲ့လို့ပါ ဆရာ"
ရှန်ယန်ရှောင် ရှင်းပြလိုက်ပါတယ်။
ယန်းချီ အံ့သြသွားပါတယ်။ သူ့တပည့်ပြောလိုက်တဲ့ နောက်ဆုံးစကားက သူ့အား အံ့အားသင့်စေခဲ့သလို စိတ်အေးလက်အေးအနေအထားကနေ မျက်မှောင်ကြုတ်သွားစေခဲ့ပါတယ်။
"သူလား"
"ဆရာ ကျနော်ထင်တာကတော့ ကျောင်းအုပ်က ကျနော့်ကိုတွေ့ချင်ပုံပဲ ဒါပေမဲ့ ကျနော့်အကြောင်းမှန်ပေါ်သွားမှာစိုးလို့ နည်းလမ်းရှာပြီးလစ်ထွက်ခဲ့ပါတယ်"
ကြူရှီယာတို့အကြောင်းကိုတော့ သူမ ထည့်မပြောခဲ့တော့ပါဘူး။ သူမက သူတို့လေးယောက်အပေါ်မှာ ယုံကြည်သော်လည်း ယန်းချီက တစ်ခြားပညာရပ်ကသူတွေနဲ့ ဆက်စပ်နေတာကို သဘောကျပါ့မလားဆိုတာ သူမ မသိဘူးလေ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၄၉)
ပြောရမယ်ဆိုရင် ဆင့်ခေါ်သူတိုင်းနီးပါးမှာ သူမတူတဲ့စိတ်နေစိတ်ထားတွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။
"ပြဿနာပဲကွာ"
ယန်းချီကဆဲရေးလိုက်ပြီး ထိုင်ခုံကနေထရပ်လိုက်ပါတယ်။ တံခါးအပြင်အားလှမ်းကြည့်နေတဲ့ သူ့မျက်နှာမှာ ဒေါသတွေအပြည့်နဲ့ပါ။
"သူ ဒီလိုမျိုးလွယ်လွယ်နဲ့ လက်မလျှော့ဘူးဆိုတာ ငါသိပြီးသား။ ဒီလောက်အထိလုပ်နေမှတော့ မင်းအကြောင်းကို သိချင်နေတာ အသိသာကြီးပဲ။ မြေခွေးအိုအိုးယန် ငါ့တပည့်ကို ထိခိုက်စေမယ့်တစ်ခုတစ်လေတောင် လုပ်ဖို့မစဉ်းစားလိုက်မိနဲ့ပေါ့ကွာ"
အစတည်းက အိုးယန်ဟွမ်းယူရဲ့စကားတွေကို သူ အပြည့်အဝမယုံကြည်ခဲ့ပါဘူးလေ အိုးယန်ဟွမ်းယူအကြောင်း သူ့လောက်ဘယ်သူမှ မသိပါဘူး။
စင်ကြယ်မြင့်မြတ်ပုံပေါက်တဲ့ အဆိုပါ တော်ဝင်ရိုလန်ကျောင်းအုပ်ကြီးဟာ အပြင်းအထန်ထိခိုက်ခံစားခဲ့ရတဲ့ ဆင့်ခေါ်သူတွေအပေါ်မှာ တော်တော်လေး စိတ်ဝင်တစားရှိနေသူပါ။
ဒါပေမဲ့ ရှန်ယန်ရှောင်အကြောင်းကိုတော့ သူ မသိစေရပါဘူး။ ဘာလို့လဲဆိုတော့ ရှန်ယန်ရှောင်အကြောင်းကို သူ သိသွားတာနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်က စောင့်နေမှာကို ယန်းချီခံစားမိနေပါတယ်။
"နောက်တစ်ခါ သူ့ကိုတွေ့ခဲ့ရင် မင်း သတိပိုထားနော်"
` ယန်းချီကတင်းကြပ်စွာ မှာကြားလိုက်ပါတယ်။ အိုးယန်ဟွမ်းယူဟာ အလွန်အန္တရာယ်များတဲ့လူတစ်ယောက်ဖြစ်သလို သူကိုယ်တိုင်တောင် ဘယ်လိုရင်ဆိုင်ကိုင်တွယ်ရမလဲ သေချာမသိသေးပါဘူး။
"ကျနော် လုံးဝကို သတိထားပါ့မယ် ဒါပေမဲ့ အိုးယန်ဟွမ်းယူရဲ့ စွမ်းအားအရ ကျနော်ဌာနကိုလာတဲ့အခါတိုင်း လှည့်စားဖို့က ခက်မှာပဲ"
ရှန်ယန်ရှောင် စိတ်ညစ်နေပါတယ်။ သူမရဲ့စောရအတတ်က ထိပ်တန်းဆိုပေမယ့် ဒီလောကက သူမရဲ့အရင်လောကလိုမဟုတ်ပါဘူး။ ဒီမှာက သူမကိုအလွယ်တကူ ရှာဖွေနိုင်မယ့် မှော်ဆိုတာကြီးက ရှိနေပါတယ်။
သာမန်ကျောင်းသားတစ်ယောက်ဆိုရင်တော့ သူမ ပူနေမှာမဟုတ်ပါဘူး။ အိုးယန်ဟွမ်းယူကတော့ မဟာမှော်ဆရာအဆင့်ရှိသူတစ်ယောက်ဖြစ်နေပါတယ်။ သူမကိုယ်ဖျောက်နိုင်ရင်တောင်မှ သူ့ရဲ့အာရုံခံမှော်အတတ်ကနေ သူမ မလွတ်မြောက်နိုင်ပါဘူးလေ။
"မကြောက်ပါနဲ့လေ ငါလည်းရှိပါတယ် မင်းစိတ်ရှိသလို ဝင်လို့ထွက်လို့ရစေမယ့် နည်းလမ်းငါ့မှာရှိပါတယ်"
မျက်စိကိုကျဉ်းလိုက်တဲ့ယန်းချီဟာ စိတ်ထဲကနေပြီး အိုးယန်ဟွမ်းယူကို အကြိမ်တစ်ထောင်မက ဆဲရေးလိုက်ပါတယ်။ သူ့လက်စွပ်ထဲကနေပြီး ငွေကွပ်ထားတဲ့သလင်းဆွဲကြိုးတစ်ကုံးကို ထုတ်ယူလိုက်ပါတယ်။
"ဒီဆွဲကြိုးက လရောင်သလင်းနဲ့လုပ်ထားတာပဲ။ အိုးယန်ဟွမ်းယူ ဘယ်လောက်စွမ်းစွမ်း မင်းသာသူ့မြင်ကွင်းထဲရှိမနေရင် မင်းရှိမရှိကို သူ့မှော်အတတ်နဲ့ရှာလို့ရမှာမဟုတ်ဘူး"
ယန်းချီက လရောင်သလင်းဆွဲကြိုးအား ရှန်ယန်ရှောင်ကိုပေးလိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း ဆွဲကြိုးကိုယူလိုက်ပါတယ်။ ဆွဲကြိုးက သူမလက်ဖဝါးနဲ့ထိထိချင်းမှာပဲ နွေးထွေးတဲ့အပူက ဆွဲကြိုးကနေထွက်လာတာကို သူမခံစားလိုက်ရပါတယ်။
"ဒါ ပစ္စည်းကောင်းပဲ"
ဆွဲကြိုးအကြောင်းကိုသိပုံရတဲ့ ရှူကပြောလိုက်တာဖြစ်ပါတယ်။
"လရောင်သလင်းတွေဆိုတာ လနတ်ဘုရားတိုက်ရဲ့ ရှားပါးတဲ့သလင်းတွေပဲလေ။ လနတ်ဘုရားတိုက်ဆိုတာ နတ်သူငယ်တွေရဲ့မိခင်နယ်မြေဖြစ်ပြီး နတ်သူငယ်လောကမှာ ဆန်းကြယ်တဲ့စွမ်းအားတွေအများကြီးပဲရှိတယ်။ လရောင်သလင်းတွေမှာ လရဲ့မှော်အားပါဝင်နေပြီးတော့ ကိုင်ဆောင်သူကို ကာကွယ်ပေးတဲ့သဘာဝအကာအကွယ်တစ်ခု အလိုအလျောက်ထုတ်လွှတ်ပေးတယ်။ မဟာမှော်ဆရာအိုးယန်ဟွမ်းယူက မှော်ဝိဇ္ဇာဖြစ်သွားရင်တောင် မင်းရှိမရှိကို သူ့မှော်အတတ်နဲ့ ရှာလို့ရမှာမဟုတ်သေးဘူး။ ကြည့်ရတာ ယန်းချီက မင်းကို တော်တော်လေးဂရုစိုက်တာပဲကွ။ ငါကိုယ်တိုင်တောင် လရောင်သလင်းကျောက်ကို များများမတွေ့ဖူးဘူး။ လက်ရှိအချိန်မှာဆိုရင် လင်းလက်တိုက်တစ်တိုက်လုံးမှာတောင် လရောင်သလင်းနှစ်ခုသုံးခုလောက်ပဲ ရှိမယ်ထင်တယ်"
"ဟိုကောင်လေးတွေက ဆင့်ခေါ်သူတစ်ယောက်အဖို့ မဟာမိတ်တပ်ဆီကနေ လွတ်မြောက်ဖို့က မလွယ်ဘူးလို့ပြောခဲ့တယ်မလား။ တွေးကြည့်ရရင် ယန်းချီက ဒီဆွဲကြိုးကျေးဇူးကြောင့် လွတ်မြောက်ခဲ့ပုံပဲ"
ဒီကမ္ဘာပေါ်မှာ ရှူ၏မျက်စိထဲဝင်နိုင်တဲ့အရာတွေက အနည်းငယ်သာရှိပြီး လရောင်သလင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ယန်းချီရဲ့ရက်ရောလှတဲ့စိတ်ကြောင့် ဆွဲကြိုးကိုင်ထားတဲ့ ရှန်ယန်ရှောင်စိတ်ထဲ နင့်ကနဲဖြစ်သွားပါတယ်။
ရှူပြောတာကိုနားထောင်ရုံမျှဖြင့် ဒီဆွဲကြိုးရဲ့တန်ဖိုးကို သူမ သဘောပေါက်သွားပါပြီ။ ဒီဆွဲကြိုးကြောင့်ပဲ ယန်းချီဟာအမဲလိုက်ခံရခြင်းကနေလွတ်မြောက်ကာ အသက်ရှင်သန်ခဲ့ပုံရပါတယ်။ အခုကျတော့ ယန်းချီက သူမကို ဆွဲကြိုးပေးနေပါတယ်။