အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၅၀)
"ဆရာ ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးလွန်းလို့ ကျနော်လက်မခံနိုင်ပါဘူး"
စောရတွေမှာတောင် စည်းကမ်းရှိပါတယ်။ ယန်းချီကိုဘေးကင်းအောင်ထားနိုင်တဲ့ပစ္စည်းကို သူမ တစ်ကယ်မလိုချင်ပါဘူး။
သို့သော်လည်း ယန်းချီက ပြုံးရင်းပြန်ပြောလိုက်ပါတယ်။
"ကောင်မလေး ဒီလောက်ကြီးအားနာစရာမလိုပါဘူးဟ။ မင်းဆရာအနေနဲ့ ဒါကိုသုံးလို့မရသေးသလို မင်းကပိုအရေးကြီးနေပြီ။ အိုးယန်ဟွမ်းယူက အလွန်အန္တရာယ်များတဲ့လူတစ်ယောက်ကွ ဆေးရည်လိုအပ်မှုကြောင့်သာမဟုတ်ရင် ငါလည်း ဒီလူနဲ့ပူးပေါင်းနေမှာမဟုတ်ဘူး။ မင်းက ငါ့ရဲ့တစ်ဦးတည်းသောတပည့်ဖြစ်တဲ့အပြင် အဲ့မြေခွေးအိုကြောင့် မင်းထိခိုက်မှာကိုလည်း ငါမမြင်ချင်ဘူးလေ"
"ဘာဆေးရည်လဲဟင်"
ရှန်ယန်ရှောင်စိတ်ဝင်စားသွားပါတယ်။ သူမဟာ ဆေးရည်ဖက်မှာ ပါရမီပါလာသလို ကျောင်းသားသစ်တွေထဲမှာ သူမကိုယှဉ်နိုင်သူ တစ်ဦးမှမရှိပါဘူး။ ယန်းချီက ဆေးလိုတယ်ဆိုရင် သူမ ကူညီကောင်းကူညီပေးနိုင်တယ်လေ။
ယန်းချီလည်း ရှန်ယန်ရှောင်အတွေးကို ရိပ်မိပါတယ်။ သူက အမြဲတမ်းအခန်းအောင်းနေသော်လည်း တစ်ခြားဌာနတွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ချို့တစ်လေကိုတော့ မသိဘဲမနေပါဘူး။ သူ့တပည့်မလေးဟာ ဆေးပညာနည်းပြတွေရဲ့ ချီးကျူးမှုကိုခံယူရရှိနေတယ်ဆိုတာကို သူသိပါတယ်။ ဒါပေမဲ့ သူလိုအပ်နေတဲ့ဆေးရည်က ဖော်စပ်ဖို့အလွန်ခက်ခဲလွန်းနေပါတယ်။
"ဆရာ့အနေနဲ့ လိုက်လံဖမ်းဆီးသုတ်သင်မှုကနေ လွတ်မြောက်နိုင်ခဲ့ပေမယ့် ရရှိခဲ့တဲ့ဒဏ်ရာက ပြင်းထန်ခဲ့တယ်။ ငါက မဟာဆင့်ခေါ်စေခိုင်းသူအဆင့်ရှိပေမယ့် ဒဏ်ရာကပြင်းလို့ စွမ်းအားတွေကိုဖိနှိပ်သိမ်းဆီးထိန်းချုပ်ထားရတာကြောင့် အသုံးပြုလို့မရဘူး။ အိုးယန်ဟွမ်းယူရဲ့ဖိတ်ခေါ်မှုကို ငါလက်ခံခဲ့ရတဲ့အကြောင်းကလည်း ငါ့ဒဏ်ရာကိုကုသနိုင်တဲ့ဆေးရည်က တစ်လောကလုံးမှာဖော်စပ်ရအခက်ဆုံးဆေးရည်တွေထဲက တစ်မျိုးဖြစ်နေလို့ပဲ။ ငါ တော်ဝင်ရိုလန်ကျောင်းမှာနေနေသမျှ သူ့ကျောင်းကသမားတော်တွေကို ငါ့အတွက်ဆေးဖော်ခိုင်းမယ်လို့ အိုးယန်ဟွမ်းယူက ကတိပေးခဲ့တယ်လေ"
အကူအညီမလိုအပ်ပါက တစ်ခြားလူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်ကို သူကိုယ်တိုင်အရောက်ခံမိမှာ မဟုတ်ပါဘူး။
မျက်မှောက်ကာလမှာ ဆင့်ခေါ်သူတွေဟာ အရင်ကလိုမဟုတ်တော့တာကြောင့် ယန်းချီအနေနဲ့ သူ့အတွက်ဆေးဖော်စပ်ပေးမယ့် သမားတော်တွေကို ရှာလို့မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာကြည့်ရင်တော့ တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ အိုးယန်ဟွမ်းယူအနေနဲ့ သူ့လက်အောက်မှာ ထူးချွန်သော သမားတော်မြောက်မြားစွာရှိနေပါတယ်။ ဒါကြောင့်မို့ ပြဿနာကိုဖြေရှင်းဖို့ အိုးယန်ဟွမ်းယူကိုသာ သူမှီခိုနေရတာဖြစ်ပါတယ်။
ယန်းချီအဖြစ်ဟာ မျက်စိကန်းနေတဲ့လူက ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုဖြစ်နေကာ အောက်မှာက ဆာလောင်နေတဲ့ ဝံပုလွေကစောင့်စားနေလျှက်ရှိနေပါတယ်။
"ဆေးရည်က သွေးစားပွဲတော်လို့ခေါ်တယ်ကွ။ လိုအပ်တဲ့ဆေးဖက်တွေက အလွန်ရှားပါးတန်ဖိုးကြီးတယ်။ ဒါ့အပြင် ဖော်စပ်နည်းကလည်း အလွန်ခက်ခဲလှတယ်။ မင်းမှာဆေးပညာအရည်အချင်းအနည်းငယ် ရှိတာကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ဒီဆေးရည်က မင်းအတွက် အလွန်ခက်နေမှာပဲ။ အိုးယန်ဟွမ်းယူကခိုင်းထားတဲ့ သမားတော်ကြီးအဆင့်ရှိသူ သုံးယောက်တောင် အခုထိ မဖော်စပ်နိုင်သေးဘူးလေ။ မဟာသမားတော်ကြီးအဆင့်သာ ဖော်စပ်နိုင်မယ်ထင်တယ်"
ယန်းချီ သက်မချလိုက်ပါတယ်။ လင်းလက်တိုက်ပေါ်မှာရှိတဲ့ မဟာသမားတော်တွေဟာ အလွန်နည်းပါးလှပါတယ်။ သမားတော်ကြီးအဆင့်ရောက်ဖို့တောင် အလွန်ခက်ခဲတာဖြစ်ပြီး ရောက်ခဲ့ရင်လည်း အဆိုပါသမားတော်ရဲ့ နောက်မှာ ဖြုံလောက်တဲ့ အင်အားစုကရှိနေပါသေးတယ်။
ယန်းချီရဲ့လက်ရှိအနေအထားအရ အဆိုပါအင်အားစုတွေကို သူ့အတွက်ဆေးဖော်စပ်ပေးဖို့ ပြောလို့မရပါဘူး။ အိုးယန်ဟွမ်းယူတောင် အဲ့လိုမစွမ်းဆောင်နိုင်ပါဘူး။
ရှန်ယန်ရှောင် နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ပါတယ်။ သွေးစားပွဲတော်ဆိုတဲ့ အမည်ကို အခုမှကြားဖူးခြင်းဖြစ်ပါတယ်။ မဟာသမားတော်ကြီးအဆင့်ဆိုတာ တစ်ကယ်အလှမ်းဝေးလွန်းပါသေးတယ်။
မဟာသမားတော်ကြီးဆိုတာဟာ မှော်ဆရာအဆင့်ထဲက မှော်ဝိဇ္ဇာနဲ့အဆင့်တူဖြစ်ပြီး ဒဏ္ဍာရီသတ္တဝါလောက်ရှားပါးပါတယ်။
"ဆရာ့မှာ အဲ့ဆေးဖော်စပ်နည်းရှိလားဟင်။ ကျနော့်ရဲ့ပညာက မလုံလောက်သေးပေမယ့် အစွမ်းကုန်ကြိုးစားပြီး ဆရာ့ကိုကူညီပေးချင်တယ်"
အိုးယန်ဟွမ်းယူဟာ စိတ်ချရတဲ့လူစားမျိုးမဟုတ်လို့ သူ့အနေနဲ့ အဆိုပါဆေးကို တစ်ကယ်ဖော်စပ်ပေးနိုင်မယ်လို့ ယုံကြည်ထားလို့ မရပါဘူး။ သူ့အပေါ်မှာပဲ မျှော်လင့်ချက်ထားနေရမယ့်အစား သူမကိုယ်တိုင်ကြိုးပမ်းအားထုတ်ပြီး ဖော်စပ်တာကမှ ပိုစိတ်ချရပါဦးမယ်။
"ငါ့မှာဆေးနည်းရှိပါတယ်လေ..ဒါပေမယ့် ထားပါလေ ကိစ္စမရှိပါဘူး။ မင်းက တစ်ကယ်စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်တော့ ယူသွားလိုက်ပါ"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၅၁)
ယန်းချီ သက်ပြင်းချလိုက်ပါတယ်။ ဆေးဝိဇ္ဇာ(မဟာတွေနေရာမှာ ဝိဇ္ဇာလို့ပဲ သုံးပါတော့မယ်ဗျ)အဆင့်ကိုရောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ရှန်ယန်ရှောင်က ထိုအဆင့်သို့ရောက်လိမ့်မယ်လို့ သူ မယုံပါဘူး။ လက်ရှိသမားတော်ကြီးတွေတောင် ဆယ်စုနှစ်ပေါင်းများစွာ တပင်တပန်းကြိုးစားပြီးမှသာ လက်ရှိအဆင့်ကို ရောက်ရှိနေရတာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ရှန်ယန်ရှောင်ဟာ ဆေးပညာတစ်ခုတည်း သင်ယူနေတာမဟုတ်ဘဲ ဆင့်ခေါ်ဝိဇ္ဇာဖြစ်ဖို့လည်း လေ့ကျင့်နေရပါသေးတယ်(ဆင့်ခေါ်စေခိုင်းသူကို ဆင့်ခေါ်ဝိဇ္ဇာလို့ သုံးသွားပါတော့မယ်)။ သူတို့တစ်ဘဝလုံးကို ဆေးပညာရပ်မှာတင် နှစ်မြုပ်ထားသူတွေနဲ့ သူမက ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ ဟုတ်ဘူးလား။
ဒီလိုဖြစ်နိုင်စွမ်းနဲ့ဆိုသော်လည်း ကလေးရဲ့စိတ်ထားကြောင့် ယန်းချီစိတ်နှလုံးချမ်းမြေ့သွားရပါတယ်။
သူ့တပည့်မက သူ့အပေါ်မှာ တစ်ကယ့်ကို ဂရုစိုက်တာပါပဲလား အား......
သွေးစားပွဲတော်ဖော်နည်းကို ရှန်ယန်ရှောင်ဆီ သူပေးလိုက်ပါတယ်။ ဆေးရည်အတွက် လိုအပ်တဲ့ ဆေးဖက်ရာကျော်ကို မြင်တွေ့လိုက်ရတော့ ရှန်ယန်ရှောင် အသက်တစ်ချက်ပြင်းပြင်းရှိုက်သွင်းလိုက်ရပါတယ်။
အခြေခံအဆင့်ဆေးရည်တွေဟာ ယေဘုယျအားဖြင့်တော့ ဆေးဖက်ခုနှစ်မျိုး ရှစ်မျိုးလောက်လိုအပ်ပြီး အလတ်တန်းအဆင့်မှာ ဆယ်မျိုးသို့မဟုတ် နောက်ထပ်နည်းနည်းသာ လိုအပ်ပါတယ်။ အဆင့်မြင့်ဆေးရည်တွေတောင်မှ အမျိုးလေးဆယ်ထက် မကျော်ပါဘူး။ ဒီဆေးနည်းကျမှ မတူညီတဲ့ အမျိုးတစ်ရာကျော်တောင် လိုတယ်တဲ့လား။
ဆေးမြစ်ဆေးရွက်တိုင်းမှာ ကိုယ်ပိုင်ဝိသေသလက္ခဏာတွေရှိကြပါတယ်။ ဆေးမြစ်အမျိုးမျိုးကို ပေါင်းစပ်နိုင်ဖို့အတွက်ဆိုရင် ဆေးမြစ်တစ်ခုချင်းရဲ့ အလေးချိန်ကိုသာမက ဆေးမြစ်တွေ တစ်ခုနဲ့တစ်ခု ဝိရောဓိမဖြစ်စေဖို့ရာအတွက် မြင့်မားအားကောင်းတဲ့ စိတ်စွမ်းအားရှိဖို့လည်း လိုအပ်ပါသေးတယ်။
အမျိုးပေါင်းတစ်ရာကျော်ရှိတဲ့ ဆေးမြစ်တွေကို သဟဇာတဖြစ်အောင် လုပ်နိုင်ဖို့က သာမန်လူတစ်ယောက် စွမ်းဆောင်နိုင်တဲ့အရာမဟုတ်တာတော့ သေချာပါတယ်။
သွေးစားပွဲတော်ကို ဖော်စပ်နိုင်ဖို့အတွက် ဆေးဝိဇ္ဇာအဆင့် အနည်းဆုံးရှိရမယ်လို့ ယန်းချီပြောခဲ့တာဟာ အံ့သြစရာမဟုတ်ပါဘူးလေ။ ဆေးနည်းထဲမှာပါတဲ့ ဆေးမြစ်အရေအတွက်ကတင် လူတွေကို လန့်စေနိုင်ပါတယ်။
"ကျနော်သေချာပေါက် ကြိုးစားမှာပါ"
သွေးစားပွဲတော်ရဖို့ ဘယ်လောက်ပဲခက်ခဲနေပါစေ သူမ လုပ်ဆောင်သွားမှာပါ။ ဘယ်နှစ်ကြိမ်ပဲလုပ်ရလုပ်ရပါ။
သူမရဲ့ ဆရာဖြစ်သူက တစ်ပါးသူရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေမှာကို သူမ မလိုလားပါဘူး။
ယန်းချီကျေနပ်စွာ ပြုံးလိုက်ပါတယ်။ သူဘာမှတောင်းဆိုစရာမရှိတော့ပါဘူး။ သူ့တပည့်မရဲ့ ကြင်နာတဲ့နှလုံးသားကတင် သူ့အတွက်လုံလောက်နေပါပြီ။
အားလုံးဖြေရှင်းပြီးတဲ့အခါမှာတော့ သင်ခန်းစာစတင်ပါတော့တယ်။
သင်ယူမှုပြီးမြောက်တဲ့အခါမှာတော့ သူမရဲ့မှော်အားက တော်တော်တိုးတက်လာခဲ့ပါတယ်။ မှော်အားကိုထိန်းချုပ်စီးဆင်းစေမှုမှာလည်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။
ယန်းချီလည်းကျေနပ်အားရသွားကာ ရှန်ယန်ရှောင်ကိုသင်ကြားတဲ့နေရာမှာ ပိုအားစိုက်ပါတော့တယ်။
မွန်းတည့်ချိန်ရောက်မှသာ ယန်းချီအား နှုတ်ဆက်ကာ ဆင့်ခေါ်သူဌာနကနေ ပြန်ခဲ့လိုက်ပါတယ်။
သူများတွေ ထမင်းစားနေတာကို အခွင့်ကောင်းယူကာ သူမရဲ့အဆောင်ရှိရာကို ပြန်လိုက်ပါတယ်။ အခန်းကိုရောက်တာနဲ့ သွေးစားပွဲတော်ဖော်စပ်နည်းကို သေချာလေ့လာပါတော့တယ်။
ဆေးမျိုးပေါင်းတစ်ရာကျော်ထဲမှာ သူမသိတာ တစ်ရာလောက်ပဲရှိပါတယ်။ ကျန်တဲ့သုံးဆယ်ကိုတော့ သူမလည်း တစ်ခါမှ မကြားဖူးသေးပါဘူး။
ဆေးဝိဇ္ဇာဖြစ်ဖို့က အဝေးကြီးဆိုပေမယ့် ဆေးမြစ်တွေကို စုဆောင်းထားတာကလည်း အထောက်အကူရပါသေးတယ်လေ။
သူမသိတဲ့ ဆေးမြစ်တစ်ရာထဲမှာ ခုနှစ်ဆယ်ခန့်က ဝယ်လို့ရနိုင်ပါတယ်။ ကျန်တဲ့သုံးဆယ်လောက်က ရှားပါးတန်ဖိုးကြီးသလို ပိုက်ဆံရှိရင်တောင် ဝယ်ဖို့မလွယ်ပါဘူး။ သူမမသိတဲ့ ကျန်တဲ့အမျိုးသုံးဆယ်ကိုတော့ သူတို့ရဲ့ အသုံးဝင်ပုံနဲ့ မူလဇစ်မြစ်ကို အရင်လေ့လာရမှာပေါ့လေ။
ထို့နောက်မှာတော့ သူမ စီမံချက်တစ်ခု ဆွဲလိုက်ပါတော့တယ်။ သူမမှာ ရွှေတွေအများကြီး ရှိနေတာကြောင့် ဆေးမျိုးခုနှစ်ဆယ်ကို ဝယ်ယူဖို့အတွက် တိုးနယားလေလံအိမ်ကို အကူအညီတောင်းမယ်။ တန်ဖိုးကြီးဆေးမျိုးသုံးဆယ် အတွက်ကတော့ ရရှိဖို့ နည်းလမ်းတွေ ရှာဖွေရမှာပေါ့။
သူမအကြောင်းစုံကို ပြောထားပြီး ဖြစ်တာကြောင့် ကြူရှီယာကို အကူအညီတောင်းဖို့ သူမအတွက် ပြဿနာမရှိပါဘူး။ မဟုတ်ရင် သူမတစ်ယောက်တည်းအားနဲ့ဆို သုံးဆယ့်ငါ့းမျိုးလောက် ရဖို့တောင် တော်တော်လုပ်ယူရမှာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၅၂)
အချိန်ကုန်တာနဲ့အမျှ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် အဆောင်ကို ပြန်ရောက်လာကြပါတယ်။ တန်နာဇီလည်း ပြန်ရောက်လာပါပြီ။
အခန်းထဲမှာ ရှန်ယန်ရှောင်ကို တွေ့လိုက်တာနဲ့ သူက ပြုံးပြလိုက်ပါတယ်။
"အားလုံးအဆင်ပြေလား။ မင်းဆရာက နည်းလမ်းတွေ့သလား"
တစ်မနက်လုံး နတ်ဆရာဌာနမှာ သူစောင့်နေခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။
သူမလည်း ပြုံးရယ်ကာပြန်ဖြေလိုက်ပါတယ်။
"အားလုံးကောင်းပါတယ်။ အိုးယန်ဟွမ်းယူရဲ့ အာရုံခံမှော်အတတ်ကနေ လွတ်မြောက်မယ့်နည်းလည်း အခု ငါ့မှာရှိနေပြီ"
သူမရဲ့လက်ရှိအစွမ်းလောက်နဲ့ အိုးယန်ဟွမ်းယူရဲ့ လက်ကနေလွတ်မြောက်ဖို့က မဖြစ်နိုင်ပါဘူး။ အခုအခါမှာတော့ လရောင်သလင်းဆွဲကြိုးရဲ့ အကူအညီကြောင့် အိုးယန်ဟွမ်းယူရဲ့ စောင့်ကြည့်မှုကနေ သူမ အေးအေးဆေးဆေး လွတ်မြောက်နိုင်ပါပြီ။
"အဲ့ဒါကောင်းတာပေါ့။ ဟုတ်ပြီ ဒါနဲ့ မင်းလည်းမစားရသေးဘူးမလား။ ကြူရှီယာတို့ဆီသွားရအောင်။ သူတို့နဲ့နေ့လည်စာ အတူစားဖို့ ခေါ်ထားတယ်ဟ"
တန်နာဇီလည်း စိတ်အေးသွားပါတယ်။ သူက ရယ်မောလိုက်ပြီးတော့ လက်ကိုဆန့်တန်းကာ ရှန်ယန်ရှောင်ပုခုံးဆီလက်လှမ်းလိုက်ပါတယ်။
နောက်တစ်စက္ကန့်မှာပဲ ချာတိတ်လေးဟာ ယောကျာ်းလေးမဟုတ်မှန်းကို ပြန်သတိရသွားတာကြောင့် ရှက်ကိုးရှက်ကန်းနဲ့ လက်ပြန်ရုတ်လိုက်ပါတယ်။
တန်နာဇီရဲ့အဖြစ်အပျက်ကိုကြည့်ပြီး ရှန်ယန်ရှောင် ငိုရမလားရယ်ရမလားမသိဖြစ်သွားရပါတယ်။ သူမစိတ်ပျော်နေတာကြောင့် တန်နာဇီရဲ့ပုခုံးကို လှမ်းဖက်လိုက်ပြီး ပြုံးကာပြောလိုက်ပါတယ်။
"သွားစားကြစို့လား ဒါဆိုလည်း"
တန်နာဇီတစ်ကိုယ်လုံး တောင့်ကနဲဖြစ်သွားပြီးနောက် ကြက်ပေါက်စလေးတစ်ကောင်လိုမျိုး ကုပ်ကုပ်လေးဖြစ်သွားပါတယ်။ အဆောင်ကနေပြီး ရှန်ယန်ရှောင်ကဆွဲခေါ်လာရာလမ်းတစ်လျှောက်လုံးမှာ သူ့ရင်တွေက တဒိတ်ဒိတ်နဲ့ခုန်နေခဲ့ရပါတယ်။
ရှန်ယန်ရှောင်အကြောင်းကို သိပြီးတဲ့နောက်မှာ တစ်ခုခုကွဲပြားသွားတယ်လို့ သူခံစားမိနေပါတယ်။ အရင်တုန်းကတော့ ဒီကောင်က ကိုယ်နံ့ကောင်းတယ်ဟလို့ပဲ တွေးခဲ့မိတာပါ။ ဒီအနံ့က ပန်းရနံ့နဲ့မတူသလို အမွှေးတိုင်နံ့လိုလည်း မဟုတ်ပါဘူး ပျပျလေးနဲ့မွှေးပြီး အနံ့ကောင်းပါတယ်။ တစ်ခြားဆယ်ကျော်သက်ချာတိတ်တွေလို နံမနေတာကြောင့် ရှန်ယန်ရှောင်အနားမှာ နေရတာကို သူနှစ်ခြိုက်ပါတယ်။
အခုအခါမှာတော့ ဒီရနံ့က ပိုပြီးဆွဲဆောင်မှုရှိလာတယ်လို့ သူခံစားမိနေပါတယ်။
အဲ့ဒါများဖြစ်နိုင်မလားမသိဘူး......
ဒါက လူတွေပြောပြောနေကြတဲ့ မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ဆိုတာလား။
တန်နာဇီဟာ ဆွံ့အသွားပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ပါတယ်။ ရှန်ယန်ရှောင်က အခုမှ ၁၃နှစ်ပဲရှိသေးတာလေ။ သူမက အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ပဲရှိသေးတာလေ။ ဒီကလေးမလေးရဲ့ရနံ့ကို မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းနံ့လို့တွေးမိလောက်ရအောင်ထိ သူ တော်တော်အခြေအနေဆိုးနေပြီလားဟ...
မိန်းမလှနဲ့မထိတွေ့ရတာ တစ်ကယ်ကြာနေပြီမို့လို့ အခုလိုယုန်ထင်ကြောင်ထင်ဖြစ်နေတာလား။
တစ်လမ်းလုံး ကောင်းကင်ကိုပဲ သူမော့ကြည့်လာခဲ့လိုက်ပါတယ်။ ကြူရှီယာက စားဖိုမှူးတစ်ယောက်ကို ဘယ်လိုရှာထားလဲမသိပေမယ့် သူတို့ငါးယောက်လုံး ပွဲတော်ကြီးတည်လိုက်ရပါတယ်။ သူတို့အခုပဲ စားသောက်ထားတာတွေက ကျောင်းမှာကျွေးတာတွေထက် အရသာအများကြီးပိုကောင်းပါတယ်။
စားပြီးတဲ့အခါမှာ သူမပြင်ဆင်ထားတဲ့ ဆေးမြစ်စာရင်းကို တိုးနယားလေလံအိမ်ကနေတစ်ဆင့် ဝယ်ပေးဖို့အတွက် ကြူရှီယာဆီပေးလိုက်ပါတယ်။
ဆေးမြစ်စာရင်းကိုကြည့်နေရင်းနဲ့ ကြူရှီယာရဲ့ မျက်ခုံးအစုံက မသိမသာမြင့်တက်သွားပါတယ်။ ဆေးပညာရပ်အကြောင်းကို သူဘာမှမသိသော်လည်း သူ့အမြင်အရဆို ဒီဆေးမြစ်တွေရဲ့ တန်ဖိုးကို သူဆုံးဖြတ်နိုင်ပါတယ်။
"ဒီစာရင်းထဲက ဆေးမြစ်တွေဝယ်ဖို့ဆိုရင် အနည်းဆုံးတော့ ရွှေသန်းချီပြီးလိုမှာပဲ"
ကျန်တာတွေအသာထားဦး စာရင်းထဲကပထမဆေးမြစ်သုံးမျိုးနဲ့တင် ရွှေထောင်ချီပြီးကုန်မှာဖြစ်ပါတယ်။
"ငါ့ကိုကူပြီးဆေးမြစ်ရှာပေးပါဦး။ မင်းမရှာနိုင်ရင်တော့ တစ်ခြားနည်းထပ်စဉ်းစားရမှာပေါ့"
ရှန်ယန်ရှောင် ပုခုံးတွန့်ကာပြန်ပြောလိုက်ပါတယ်။ သွေးစားပွဲတော်ဆေးနည်းက ပေါက်ကြားသွားလို့မဖြစ်ပါဘူး။ တစ်ခြားလူတွေကို သူမအတွက်ဆေးမြစ်တွေ ကူရှာခိုင်းပေးဖို့အတွက် သူမ စိတ်မချပါဘူး။
"ငါအတတ်နိုင်ဆုံး ကူညီပါ့မယ်။ ဒါပေမယ့် ဒီထဲက တစ်ချို့ဆေးမြစ်တွေက ငွေနဲ့ဝယ်လို့မရနိုင်ဘူးနော်"
ကြူရှီယာက ပြန်ပြောလိုက်ခြင်းဖြစ်ပါတယ်။
ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်မိပါတယ်။ ဒီဆေးမြစ်တွေဟာ အလွယ်တကူမရနိုင်မှန်း သူမသိပြီးသားဖြစ်ပါတယ်။ အိုးယန်ဟွမ်းယူတောင် ဒီဆေးမြစ်တွေအားလုံးကို ရအောင်မလုပ်နိုင်ခဲ့ဘူးလို့ ယန်းချီကပြောခဲ့ပါတယ်။
"ဒီဆေးမြစ်တွေက မင်းအတွက် အရမ်းအရေးကြီးသလား"
ရှန်ယန်ရှောင်ရဲ့ အမူအယာကိုကြည့်ပြီးတဲ့နောက် ကြူရှီယာကမေးလိုက်ပါတယ်။
ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်ပါတယ်။