← Chapters

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၅၃)

ကြူရှီယာက သက်ပြင်းချကာ ဆက်ပြောလိုက်ပါတယ်။

"ဒီစာရင်းထဲမှာပါတဲ့ ဆေးမြစ်တွေထဲက အနည်းဆုံးအမျိုးနှစ်ဆယ်နဲ့အထက်ကို ဈေးကွက်ထဲမှာ ဝယ်လို့မရနိုင်ဘူး။ ဒီဆေးမြစ်တွေပိုင်တဲ့လူတွေကို ငါသိပေမယ့် သူတို့ကမရောင်းဖို့များတယ်။ ဒီဆေးမြစ်တွေကို မင်းတစ်ကယ်လိုချင်တာဆိုရင် ငါ့အနေနဲ့မင်းကို နည်းလမ်းတစ်ချို့တော့ပြောပြနိုင်ပါတယ်"

"ဘာနည်းလမ်းတွေလဲ"

ရှန်ယန်ရှောင်က ကြူရှီယာအားစိုက်ကြည့်ကာ ပြန်မေးလိုက်ပါတယ်။ ကြူရှီယာရဲ့ ပါးနပ်သောစီးပွားရေးသမားအစွမ်းက သူမထင်မှတ်ထားတာထက် ပိုမိုသာလွန်သောကွန်ယက်တစ်ခု ရှိရမယ်လို့ သူမ ယုံကြည်ပါတယ်။

"ပထမတစ်ခုက အမည်းရောင်မြို့ကိုသွားပြီး ကြေးစားအဖွဲ့ထဲက လူတွေကိုရှာရမှာပဲ သူတို့က တစ်ခါတစ်လေမှာ ရှားပါးဆေးမြစ်တွေရောင်းဖို့ ရှိတတ်တယ်။ သေချာတာပေါ့ ဈေးကတော့အရမ်းကြီးမှာပဲ။ ဒုတိယနည်းကတော့ လောင်းရွှမ်တိုင်းပြည်ရဲ့ မြောက်ပိုင်းမှာ ဆုတော်ငွေခန်းမဆိုတဲ့ မင်းလိုအပ်တဲ့ဆေးမြစ်တော်တော်များများရှိတဲ့ နေရာတစ်ခုရှိတယ်။ တတိယနည်းကတော့ နတ်လေမဟာမိတ်အဖွဲ့ပဲ"

အခုလောလောဆယ်မှာတော့ အမည်းရောင်မြို့တော်ကလွဲရင် ကျန်နေရာနှစ်ခုကို သူမ မသွားနိုင်သေးပါဘူး။ ဆေးမြစ်တွေအားလုံးကို စုဆောင်းရတာ ခက်ခဲတယ်ဆိုတာ ပြနေပါပြီ။

"တစ်ခြားနည်းမရှိတော့ဘူးလား"

တန်နာဇီက မျက်ခုံးတွန့်သွားပြီး ဝင်မေးလိုက်ပါတယ်။ အမည်းရောင်မြို့တော်က ကိစ္စမရှိပါဘူး။ ဆုတော်ငွေခန်းမနဲ့ နတ်လေမဟာမိတ်အဖွဲ့တို့ကတော့ သေချာပေါက်ကိစ္စရှိလာပါပြီ။

အနည်းငယ်တွေးလိုက်ပြီးနောက် ကြူရှီယာက ထပ်ပြောလိုက်ပါတယ်။

"ဆေးမြစ်အချို့ရနိုင်မယ့် နည်းတစ်ခုတော့ရှိသေးတယ်"

"အဲ့နည်းက ဘာလဲ"

"မင်းတို့ဆေးပညာဌာနမှာ ပြိုင်ပွဲတစ်ခုကို လတိုင်းကျင်းပလေ့ရှိပြီး အနိုင်ရသူက ကျောင်းရဲ့ဆေးမြစ်သိုလှောင်ရုံကနေပြီး တန်ဖိုးကြီးဆေးမြစ်တစ်ခုကို ယူခွင့်ရှိတယ်လေ။ ဒါပေမယ့် တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံအကြောင်းကို ငါသိပ်မသိဘူးကွာ။ ဒီတော့ မင်းလိုချင်တဲ့ဆေးမြစ်တွေထဲက ဘယ်နှစ်မျိုးလောက်ရှိမလဲဆိုတာ ငါမပြောတတ်ဘူး"

တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနတိုင်းမှာ ပြိုင်ပွဲတွေရှိပြီး ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကိုထက်သန်လာစေဖို့ ကျင်းပတာပဲဖြစ်ပါတယ်။ ဆေးပညာဌာနပြိုင်ပွဲရဲ့ ဆုလာဘ်က ဆေးပညာနဲ့ပတ်သတ်ရမှာပေါ့။ ပြီးခဲတဲ့စာသင်နှစ်ဝက်တုန်းက ရှန်ဂေါင်းရှောင်ဟာ ငါးပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံကနေ ပစ္စည်းကောင်းလေးတွေ ရသွားခဲ့ပါတယ်။

ရှန်ယန်ရှောင်မျက်လုံးတွေ တောက်ပသွားပါတယ်။ ပြိုင်ပွဲရဲ့ဆုအပေါ် သူမ အာရုံမရပါဘူး သူမစိတ်ဝင်စားတာက ဆေးသိုလှောင်ရုံကိုပါပဲ။

"အဟမ်း ဆေးသိုလှောင်ရုံကိုသွားပြီး ပစ္စည်းလေးတွေသွားစုဆောင်းမယ်လို့တော့ ငါ့ကိုမပြောပါနဲ့လား"

ရှန်ယန်ရှောင်ရဲ့ အတွေးကို ချက်ချင်းသိလိုက်တဲ့ ကြူရှီယာက ပြောလိုက်ပါတယ်။ သူဟာ ဒီကောင်မလေးရဲ့ စောရစွမ်းရည်ကို မြင်တွေ့သိရှိပြီးပါပြီ။

ရှန်ယန်ရှောင်လည်း မျက်ခုံးပင့်လိုက်ကာ ပြန်မေးလိုက်ပါတယ်။

"ဘာလို့မလုပ်ရမှာလဲ"

ကြူရှီယာမျက်နှာသေလေးဖြစ်သွားပါတယ်။

"မင်းအစွမ်းက တစ်ကယ်ကောင်းပေမယ့် ဆေးသိုလှောင်ရုံကိုသွားဖို့တော့ ငါအားမပေးဘူး။ အဲ့နေရာက တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ အတွင်းစည်းနေရာတစ်ခုဖြစ်လို့ ဌာနတစ်ခုစီရဲ့ နည်းပြတွေ အနည်းဆုံးဆယ်ယောက်စီ စောင့်ကြပ်နေတယ်လေ။ ကာကွယ်ဂါထာနဲ့ ထောင်ချောက်တွေ ဘယ်လောက်ထိရှိနေသလဲဆိုတာကို ဘယ်သူမှမသိကြဘူး။ မင်းသွားရင်တောင် ဘယ်လိုအန္တရာယ်နဲ့ ကြုံရမလဲဆိုတာပြောရခက်တယ်ဟ"

တော်ဝင်ရိုလန်ကျောင်းမှာ မရှားဆုံးအရာက မှော်ဆရာဖြစ်ပါတယ်။ ကျောင်းရဲ့အရင်းအမြစ်တွေလုံခြုံဖို့အတွက် အိုးယန်ဟွမ်းယူဟာ သိပ်အားမစိုက်ထုတ်ရဘဲ မှော်အကာအကွယ်တွေအများအပြားကို ကျောင်းရဲ့အရေးကြီးနေရာတွေမှာ ပြုလုပ်ချထားခဲ့ပါတယ်။

ရှန်ယန်ရှောင်ရဲ့စောရအတတ်က တစ်ကယ်စွမ်းပေမယ့် သူမရဲ့လက်ရှိအနေအထားနဲ့ဆို မှော်အကာအကွယ်တွေကို ရှောင်ကွင်းနိုင်ဖို့ မလွယ်သေးပါဘူး။

"ငါကတော့ မင်းကိုအကြံပေးချင်တာက ပြိုင်ပွဲကနေပဲစလိုက်ဖို့ပဲ သိုလှောင်ရုံကိုသွားဖို့အတွက်ကတော့ မင်းအဆင့်တက်လာတဲ့အခါမှသွားဖို့ပြောချင်တယ်"

ရှန်ယန်ရှောင်က ဂရုမစိုက်ဘဲနဲ့ သိုလှောင်ရုံကိုသွားခဲ့ရင် တစ်ခုခုဖြစ်သွားမှာကို ကြူရှီယာစိတ်ပူနေတာဖြစ်ပါတယ်။ ရှန်ယန်ရှောင်ဟာ နှစ်မျိုးကျင့်နိုင်သူဖြစ်သော်လည်း သူမဟာ မှော်အတတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးပါဘူး။

"မင်းရဲ့လေးပညာ ဒါမှမဟုတ် ဆင့်ခေါ်သူဖက်မှာ အဆင့်မြင့်အဆင့်ကိုရောက်တဲ့အချိန်ကျရင် မင်းစမ်းကြည့်နိုင်တယ်"

ကြူရှီယာက ထပ်လောင်းပြောလိုက်ပါတယ်။

ရှန်ယန်ရှောင် မေးကိုပွတ်လိုက်ပါတယ်။ ယန်းချီရဲ့အကဲဖြတ်မှုအရဆိုရင် သူမရဲ့ဆင့်ခေါ်သူအဆင့်က အခုမှ အလတ်တန်းအဆင့်သာရှိပါသေးတယ်။ အဆင့်မြင့်အဆင့်ကိုရောက်ဖို့က အချိန်အတော်လိုပါသေးတယ်။ လေးပညာဖက်အတွက်ကတော့ သူမရဲ့ လက်ရှိအဆင့်က ဘယ်လောက်လဲဆိုတာ သူမလည်းမပြောတတ်ပါဘူး။ သူမ အချိန်ယူပြင်ဆင်ပြီးမှ ရှေ့ဆက်တိုးရမယ့်ပုံပါပဲ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၅၄)

"ဒါနဲ့ပတ်သတ်လို့ ဒီလပြိုင်ပွဲက ရက်နည်းနည်းပဲလိုတော့တယ်နော် မင်းဝင်ပြိုင်မှာလား"လို့ တန်နာဇီက ဝင်မေးလိုက်ပါတယ်။ ရှန်ယန်ရှောင်ရဲ့ ဆေးပညာကျွမ်းကျင်မှုအပေါ် သူလုံးဝယုံကြည်မှုရှိပါတယ်။

ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်တယ်။

"တစ်ကယ်တန်းဆို ဆေးမြစ်တွေအတွက်က ငါနည်းနည်းလောက်တော့ ကူညီပေးနိုင်လောက်တယ်ဟ"

သေသေချာချာစဉ်းစားပြီးတဲ့ ယန်ယုက ဝင်ပြောလိုက်ခြင်းပါ။

"ကျားဖြူမျိုးနွယ်ရဲ့ ဆေးအတတ်က ချီးကျူးထောက်ခံမှုတွေ အများကြီးရထားတာ။ ငါတို့မျိုးနွယ်ရဲ့ ဆေးသိုလှောင်ခန်းထဲမှာလည်း ဆေးမြစ်အတော်များများရှိတယ်လေ။ ငါ့အနေနဲ့ လုပ်လို့ရတာက အခုချိန်မှာ သိပ်မကြီးသေးတာလေးတစ်ခုပဲ။ ဒါပေမယ့် မင်းလိုချင်တဲ့ ဆေးမြစ်တွေရှိမရှိကိုတော့ ငါကြည့်ပေးလို့ရတာကြောင့် ရှိခဲ့ရင် နောက်ထပ်နည်းလမ်းရှာမယ်လေ"

"ကျေးဇူးအများကြီးတင်ပါတယ်"

ကျေးဇူးတင်စကားပြောရင်း ရှန်ယန်ရှောင်ပြုံးပြလိုက်ပါတယ်။ ဒီလိုမိတ်ဆွေကောင်းတွေရှိနေမှတော့ ဘာသောကနေရဦးမှာလဲ။

ပြိုင်ပွဲမှာ အနိုင်ယူဖို့စိတ်ပိုင်းဖြတ်ထားတာကြောင့် ဆေးပညာရပ်အတန်းမှာ ဖိဖိစီးစီးလေ့လာခဲ့ပါတယ်။

နေ့လည်မှာတော့ လေးဌာနကိုသွားရောက်ခဲ့ပါတယ်။

သူမပြန်လာတာကို လေးနည်းပြတွေက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။ သူမရဲ့ ကိုယ်ရေးအချက်အလက်ကို ဖုံးကွယ်ထားတာကြောင့် သူမ မလာတဲ့ရက်ပိုင်းအတွင်းမှာ နည်းပြတွေ ခေါင်းကိုက်ခဲ့ကြရပါတယ်။ ရှီးယွန်တောင် ရတတ်ပွေခဲ့ရပါသေးတယ်။

ဒီချာတိတ်သာ ပျောက်သွားခဲ့ရင် သူတို့တွေ ဘယ်ကနေစရှာရမလဲဆိုတာတောင် မသိကြပါဘူး။

ရှန်ယန်ရှောင်အတန်းလာတက်တာနဲ့ ရှီးယွန်က သူမကို ချက်ချင်းခေါ်ခိုင်းလိုက်ပါတယ်။ သူမနေမကောင်းလို့ အတန်းပျက်တာလို့ သိရတော့မှ ရှီးယွန်စိတ်အေးသွားရပါတယ်။

ဒီလောက်ထက်မြက်ထူးချွန်လှတဲ့ ကျောင်းသားတစ်ယောက်ကို ဘာကြောင့်မှန်းမသိလိုက်ရဘဲ ပျောက်ဆုံးသွားရမှာကို သူ မလိုလားပါဘူး။

"နည်းပြရှီးယွန် ကျနော့်ကို တစ်ခုလောက် ကူညီနိုင်မလား"

သူမရဲ့ စိတ်ကူးတစ်ခုကြောင့် ရှန်ယန်ရှောင် တောင်းဆိုကြည့်လိုက်ပါတယ်။

"ဘာကူညီပေးရမလဲ"

ဒီကျောင်းသားအပေါ်မှာ ရှီးယွန်က မျှော်မှန်းချက်ကြီးကြီးထားနေသူပါ။

"လေးဌာနကို ကျနော်ရောက်နေတာလည်း တော်တော်ကြာပြီလေ ဒါပေမယ့် ကျနော့်ရဲ့အဆင့်က ဘယ်ရောက်နေလဲဆိုတာကို အခုထိမသိသေးလို့ နည်းပြအနေနဲ့ ကျနော့်ကို ဒီကိစ္စမှာ ကူညီပေးနိုင်မလားလို့ပါ"

"ကူညီနိုင်ပါတယ်။ ဒါပေမယ့် စမ်းသပ်ကျောက်တုံးတွေက အတွင်းအားဌာနခွဲက ငှားသွားတယ်ကွ။ မင်းကလည်း အခုမှနာလံထကာစဆိုတော့ လောလောဆယ်တော့ အနားယူလိုက်ပါဦး။ နောက်ပြီးကျရင် ငါလည်း အတွင်းအားဌာနခွဲကို သွားစရာရှိတော့ မင်းကိုငါခေါ်သွားပေးမယ်လေ အဲ့ဒီမှာ မင်းရဲ့အဆင့်ကိုစစ်ကြည့်ပေါ့ ဟုတ်ပြီလား"

တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ အတွင်းအားဌာနခွဲနဲ့ မှော်ဌာနခွဲတို့ဟာ ကျောင်းဝင်းအတွင်းမှာ ရှိတာမဟုတ်ပါဘူး။ သို့ပေမယ်လို့ သိပ်လည်းမဝေးပါဘူး။

ရှန်ယန်ရှောင် တွေးမိလိုက်တာက ရှန်ကျီဝေလည်း တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ အတွင်းအားဌာနခွဲမှာ ရှိနေတဲ့အကြောင်းကိုပါ။

"ဟုတ်ကဲ့ပါ"

ရှန်ယန်ရှောင်ရဲ့ နှုတ်ခမ်းတွေ မသိမသာ ကွေးညွှတ်သွားပါတယ်။ အဲ့နေရာမှာ သူမနဲ့ ရှန်ကျီဝေဆုံချင်ဆုံနေဦးမှာပါ။

သို့သော်လည်း သူမက သူ့ကိုတွေ့ရင်တောင်မှ ရှန်ကျီဝေကတော့ သူမမှန်းသိမှာ မဟုတ်ပါဘူး။

ရှီးယွန်ကိုယ်တိုင်တောင်းဆိုတာဖြစ်လို့ အတန်းနည်းပြဖြစ်သူဟာ ရှန်ယန်ရှောင်ကို အတန်းကနေထွက်သွားဖို့ ခွင့်ပြုလိုက်ရပါတယ်။ ဒါကြောင့် ခရမ်းတန်းကကျောင်းသားအားလုံးရှေ့မှာပဲ ရှီးယွန်ဟာ ရှန်ယန်ရှောင်ကို အတန်းကနေ ခေါ်သွားပါတော့တယ်။

အခုလိုအဖြစ်ကြောင့် ခရမ်းတန်းတစ်ခုလုံး ပွက်လောရိုက်သွားရပါတယ်။

"နည်းပြက ရှောင်ယန်ကို ဘယ်များခေါ်သွားတာလဲမသိဘူး"

အတန်းထဲကနေထွက်ခွာသွားပြီဖြစ်တဲ့ ချာတိတ်လေးရဲ့နောက်ကျောကို ကျောင်းသားတွေက သို့လောသို့လောမျက်လုံးတွေနဲ့ ငေးစိုက်ကြည့်နေကြပါတယ်။

"နည်းပြရှီးယွန်က ရှောင်ယန်အပေါ်မှာ တအားကောင်းနေတယ်လို့ ငါခံစားနေရတယ်ကွ"

ကျောင်းသားတစ်ယောက်က အားကျစွာ ဝင်ပြောလိုက်ပါတယ်။ လေးဌာနအတွင်းမှာ ရှီးယွန်ဟာ ထိပ်ဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့် ရှီးယွန်ရဲ့ အသိအမှတ်ပြုမှုကို ကျောင်းသားတိုင်း လိုချင်ကြတာ မထူးဆန်းပါဘူး။

အရင်တုန်းက ဝမ်းလီကို ရှီးယွန်ကနေ မင်းမဆိုးဘူးလို့ ပြောဖူးတာမျိုးကတင် ကျောင်းသားအများစုကို အားကျစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီရှောင်ယန်ဆိုတဲ့ ကျောင်းသားအတွက်ကတော့ သူ အတန်းပျက်တဲ့ရက်ပိုင်းအတွင်းမှာ ရှီးယွန်က အတန်းကို နေ့တိုင်းလာကာ ကျောင်းပြန်တက်မတက် လာမေးခဲ့ပါတယ်။ အခု အတန်းပြန်စတက်တာနဲ့ သူကိုယ်တိုင်ပေါက်ချလာပြီး ရှောင်ယန်ကိုခေါ်ထုတ်သွားလိုက်ပါသေးတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၅၅)

ဆက်ဆံပုံခြင်း ဘယ်လိုကွာခြားသလဲကွာ.....

ခရမ်းတန်းကျောင်းသားတွေဟာ ငပိန်းတွေမဟုတ်ကြပါ။ ရှန်ယန်ရှောင်က လေးပစ်ကွင်းထဲမှာ ပြသခဲ့တဲ့ လေးအတတ်စွမ်းရည်တွေအပေါ် သူတို့အားလုံး ကြွေဆင်းခဲ့ရပါတယ်။ ရှီးယွန်က ဒီလိုမျိုးစေ့ကောင်းကောင်းအပေါ်မှာ မျက်စေ့ကျတာ သဘာဝကျပါတယ်။

"ဘာများထူးဆန်းနေလို့လဲဟ ဒါမှမဟုတ် နည်းပြရှီးယွန်ရဲ့ ဂရုစိုက်အလေးပေးမှုကို မင်းလည်း ရနိုင်တယ်လို့ ထင်နေလို့လား။ လစ်စမ်းပါကွာ မင်းသာ ရှောင်ယန်လို တော်လို့လား မတော်ဘူးဆိုရင် စာသင်တာကိုသာ အာရုံစိုက်ထားလိုက်တော့ ဟုတ်ပြီလား"

ကျောင်းသားအချို့က အားကျစိတ်ဖြစ်နေသော်လည်း သူတို့အကြောင်းသူတို့သိတာကြောင့် မျိုသိပ်ထားလိုက်ကြပါတော့တယ်။

သူတို့နဲ့ ရှောင်ယန်က တစ်ခန်းတည်းသားတွေဖြစ်ပေမယ့် ကွာဟချက်က မိုးနဲ့မြေလောက်ရှိကာ သူတို့ ရှောင်ယန်လောက်မတော်နိုင်မှန်းကို သဘောပေါက်ကြပါတယ်။

အတွင်းအားဌာနခွဲနဲ့ မှော်ဌာနခွဲတို့ဟာ ကျောင်းကနေဆိုရင် နာရီဝက်လောက် လျှောက်ရပါတယ်။ ရှီးယွန်နဲ့ ရှန်ယန်ရှောင်တို့က မြင်းလှည်းနဲ့သွားကြတာပါ။ နီရဲမီးတောက်မြင်းလေးကောင်ကတဲ့ မြင်းလှည်းဟာ ဆယ့်ငါ့းမိနစ်မကြာလိုက်ဘဲ သွားလိုရာကိုရောက်ရှိစေခဲ့ပါတယ်။

ဌာနခွဲနှစ်ခုဟာ တော်ဝင်ရိုလန်ကျောင်းတော်ထဲက ဌာနခွဲတွေထက် ပိုကြီးဟန်ရှိပြီး ဘေးချင်းကပ်တည်ရှိကြပါတယ်။

အတွင်းအားနဲ့ မှော်အားမှာ အဆင့်ခြောက်မရောက်သေးတဲ့ ကျောင်းသားတွေက ဒီဌာနနှစ်ခုမှာ နေကြရပါတယ်။ နောက်ပြီးတော့ ဒီဌာနခွဲတစ်ခုစီမှာရှိတဲ့ ကျောင်းသားအရေအတွက်က တစ်ကျောင်းလုံးမှာ ကျောင်းသားအများဆုံးဖြစ်တဲ့ မှော်ဆရာဌာနထက်တောင် ပိုများပါတယ်။

အတွင်းအားနဲ့မှော်ဌာနခွဲတို့မှာ သင်ကြားတဲ့ ဘာသာရပ်တွေက ကျောင်းထဲက အဓိကဌာနခွဲတွေနဲ့ မတူဘဲ ကွဲပြားခြားနားပါတယ်။ ဒီမှာက တစ်နေ့လုံးအတန်းရှိပြီး နေ့လည်ခင်းမှာတော့ လက်တွေ့လေ့ကျင့်ရတာ ဖြစ်ပါတယ်။

ရှီးယွန်က ဦးဆောင်ပြီးတော့ အတွင်းအားဌာနခွဲထဲကို ဝင်သွားကြပါတယ်။ ဌာနခွဲတစ်ခုလုံးရဲ့ လမ်းတွေပေါ်မှာ ကျောင်းသားတစ်ယောက်တစ်လေကိုတောင် မတွေ့ရပါဘူး။ ရှန်ယန်ရှောင်ဟာ လမ်းတိုလေးကိုဖြတ်သွားနေတဲ့ ရှီးယွန်ရဲ့အနောက်ကနေ တိတ်ဆိတ်စွာပဲ လိုက်ပါခဲ့ပါတယ်။ လူသူကင်းရှင်းနေတဲ့ လမ်းကနေတစ်ဆင့် လေ့ကျင့်ရေးကွင်းပြင်ကျယ်ဆီ သူတို့ရောက်သွားကြပါတယ်။

"အတွင်းအားဌာနခွဲမှာ လေ့ကျင့်ကွင်း ဆယ့်နှစ်ကွင်းရှိပြီးတော့ ကွင်းတိုင်းမှာ လူထောင်ချီဆံ့တယ်လေ။ ဒီရက်တွေထဲမှာ အတွင်းအားစစ်ဆေးမှု ပြုလုပ်နေတာပဲ။ ကွင်းတိုင်းမှာ ကျောင်းကနေငှားပေးလိုက်တဲ့ စမ်းသပ်ကျောက်တုံး ဆယ်တုံးစီရှိတယ်"

ရှီးယွန်ဟာ လေ့ကျင့်ကွင်းဝမှာရပ်ပြီး ကျောင်းသားတွေ လေ့ကျင့်ပြိုင်ဆိုင်နေကြတာကို လှမ်းကြည့်လိုက်ပါတယ်။

ဒီကျောင်းသားတွေဟာ အသက်ဆယ့်ငါးနှစ်ဝန်းကျင်ခန့်တွေဖြစ်ပါတယ်။ သူတို့ထဲတစ်ချို့ဟာ မကြာခင်မှာပဲ အဆင့်ခြောက်ကိုရောက်ရှိတော့မှာဖြစ်ပြီး တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနသုံးခုထဲက သူတို့ရွေးချယ်တဲ့ ဌာနတစ်ခုဆီကို အတွင်းအားဌာနခွဲကနေ သွားရောက်ကြရတော့မှာလည်း ဖြစ်ပါတယ်။

တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ အဓိကဌာနတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေနဲ့ယှဉ်ရင် ဒီကျောင်းသားတွေက ပိုငယ်ပါတယ် အဲ ရှန်ယန်ရှောင်က သူတို့ထဲမှာ အငယ်ဆုံးပေါ့လေ။

ဒီအငယ်ဆုံးဖြစ်တဲ့ ကျောင်းသားက အဆင့်ခြောက်ကိုကျော်ဖြတ်ပြီးပါပြီနော်။ ဒါတင်မကသေးဘဲ လေးအတတ်မှာလည်း ထူးချွန်လိုက်ပါသေးတယ်။ ဒီကျောင်းသားတွေကတော့ အတွင်းအားဌာနခွဲမှာ ရုန်းကန်ကြိုးစားနေရဆဲပါပဲ။

ဘယ်သူက သာလွန်တယ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ အသိသာကြီးပါပဲလေ။

လေ့ကျင့်ကွင်းကို ကြီးကြပ်ရတဲ့ နည်းပြဟာ မကြာခင်မှာပဲ ရှီးယွန်ကို တွေ့မြင်လိုက်ပါတယ်။ ထိုနည်းပြဟာ သူ့လုပ်လက်စအလုပ်တွေကို အဖော်တွေအား လွှဲအပ်လိုက်ကာ ရှီးယွန်ဆီလာခဲ့ပါတယ်။

"ဌာနမှူးရှီးယွန် ဘာအခန့်ရှိလို့ ကြွလာတာလဲဗျ"

ထိုနည်းပြဖြစ်သူဟာ ရှီးယွန်အားပြုံးရွှင်စွာနဲ့ နှုတ်ဆက်မေးမြန်းလိုက်ပါတယ်။ နည်းပြဖြစ်သူဟာ ရှီးယွန်လိုမျိုး အဓိကဌာနရဲ့ ဌာနမှူးတစ်ယောက်မဟုတ်ဘဲ အတွင်းအားဌာနခွဲရဲ့ သာမန်နည်းပြတစ်ယောက်သာဖြစ်ပါတယ်။

"အတွင်းအားဌာနမှူးနဲ့ ပြောစရာလေးရှိလို့ လာခဲ့တာပါ။ ဒါနဲ့လေ ဒီကျောင်းသားကို ခေါ်သွားပြီး သူ့အတွင်းအားကို စစ်ပေးလိုက်ပါဦး"

တော်ဝင်ရိုလန်ကျောင်းရဲ့ စမ်းသပ်ကျောက်တုံးတွေကို အတွင်းအားနဲ့မှော်ဌာနခွဲတွေက ငှားရမ်းသွားကြတာကြောင့် ရှီးယွန်အနေနဲ့ ဒီလိုမျိုး တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

ရှီးယွန်ရဲ့စကားကြားတော့မှသာ နည်းပြက ရှီးယွန်ဘေးမှာရပ်နေတဲ့ ရှန်ယန်ရှောင်ကို သတိပြုမိလိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ ကိုယ်လုံးဟာ အလွန်သေးငယ်ပြီး သူမရဲ့ သွယ်လျလှတဲ့ ပုခုံးနှစ်ဖက်ဟာ လေးတောင်တင်နိုင်မယ့်ပုံမပေါက်တဲ့အပြင် သူမရဲ့ မျက်နှာကလည်း ဘာအမူအယာမှမရှိတဲ့ မျက်နှာသေနဲ့ပါ။ နည်းပြက ဘယ်လိုပဲ အကဲခတ်ခတ် ဒီကောင်လေးကို ရှီးယွန်ကိုယ်တိုင် ခေါ်လာရတဲ့ ထူးခြားချက်ကို မတွေ့ဘူးဖြစ်နေပါတယ်။

All Chapters