အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၅၉)
အတွင်းအားဌာနခွဲမှာ အဆင့်၈လေးသည်တော်တစ်ယောက် ဗွားကနဲပေါ်ပေါက်လာတာဟာ ကျောင်းသားအုပ်ကြီးကို ဟင်ကနဲ ဟာကနဲ ဖြစ်သွားစေပါတယ်။ အားလုံးရဲ့အကြည့်က ရှန်ယန်ရှောင်ဆီမှာကျရောက်နေခဲ့ပြီး ကျောင်းသားတွေကလည်း ဒီကောင်လေးကို မြင်တွေ့ဖူးကြသလားဆိုကာ တစ်ယောက်နဲ့တစ်ယောက် လှည့်မေးနေကြပါတော့တယ်။
"စောနတုန်းကတော့ နည်းပြဖန်းရှီက တစ်ခြားနည်းပြတစ်ယောက်နဲ့ပြောနေတာကို ငါကြားမိတာကတော့ ဒီကောင်လေးက ငါတို့အတွင်းအားဌာနခွဲကမဟုတ်ဘူးတဲ့ လေးဌာနကကျောင်းသားတဲ့ဟ"
စောစောပိုင်းတုန်းက အဝင်ဝမှာရစ်သီရစ်သီလုပ်နေခဲ့တဲ့ ကျောင်းသားတစ်ယောက်က သူကြားခဲ့တာကို ပြန်ဖောက်သည်ချလိုက်ပါတယ်။
"သူက တစ်ကယ်ပဲ လေးသည်တော်ပေါ့"
ကျောင်းသားအားလုံး ဆွံ့အသွားပါတယ်။ တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲဟာ မလွယ်ကူလှပါဘူး။ သူတို့က အတွင်းအားအဆင့်၆ကိုရောက်ပြီးနေရင်တောင် တော်ဝင်ရိုလန်ကျောင်းတော်ကို တက်ခွင့်ရမယ်လို့ အာမမခံနိုင်ပါဘူး။
"သူ့ကြည့်ရတာ ငါတို့ထက် အပုံကြီးသေးတာပဲကွ"
ကျောင်းသားတစ်ဖွဲ့က ရှန်ယန်ရှောင်ကို နဖူးကနေခြေမအထိ စေ့စေ့စပ်စပ်ကြည့်လိုက်ပါတယ်။ ဒီလို မထင်မရှားပုံနဲ့ကောင်လေးဟာ တစ်ကယ့်ကိုထူးချွန်လှတဲ့ လေးသည်တော်တစ်ယောက်လို့ သူတို့ ဘယ်လိုမှ မြင်ကြည့်လို့မရပါဘူး။
ဒါပေမယ့် အဖြစ်မှန်က သူတို့ရှေ့မှာတင် ရှိနေပါတယ်။ သူတို့က မယုံကြည်ချင်ရင်တောင် ထင်ရှားနေတဲ့အမှန်တရားကို မျက်ကွယ်ပြုလို့မရပါဘူး။
အစတုန်းက ရှန်ယန်ရှောင်ကို ဘယ်သူပါလိမ့်ဆိုပြီး သိလိုစိတ်နဲ့ကြည့်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ အခုအခါမှာတော့ သူမအား လေးစားသွားကြပါတယ်။ အတွင်းအားကျင့်ကြံသူတွေဖြစ်တာကြောင့် သူတို့ထဲမှာ လေးသည်တော်ဖြစ်ဖို့ ရည်မှန်းထားသူတွေ အများကြီးရှိပါတယ်။ ရှန်ယန်ရှောင်ဟာ သူတို့ထက် အများကြီးငယ်ရွယ်သော်လည်း အလတ်တန်းအဆင့်ရဲ့ထိပ်နားလေးကို ရောက်လုဆဲဆဲ လေးသည်တော်တစ်ယောက်ဖြစ်ကာ သူတို့အနေနဲ့ ဘယ်တော့မှ လိုက်မမှီနိုင်တဲ့ အမြန်နှုန်းဖြစ်နေပါတယ်။
အခုကစတင်ပြီး ရှောင်ယန်ဆိုသော အမည်နာမဟာ ဒီကျောင်းသားတွေရဲ့ စိတ်ထဲမှာ တစ်သက်လုံးစွဲထင်ခတ်နှိပ်သွားခဲ့ပါပြီ။
လေးသည်တော်ဖြစ်ချင်ကြတဲ့ ကျောင်းသားတွေဟာ ရှောင်ယန်အား သူတို့ရဲ့ စံပြရည်မှန်းချက်အဖြစ်သတ်မှတ်ကြပါလိမ့်မယ်။
ဒီအဖြစ်အပျက်က ရှန်ယန်ရှောင် လုံးဝထင်မှတ်မထားခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ်။
ကျောင်းသားတွေ ငြိမ်စေဖို့အတွက် နည်းပြတွေကို မစေခိုင်းမီမှာ ဖန်းရှီသက်မကြီး ချလိုက်ရပါတယ်။ ထို့နောက်မှာတော့ ရှန်ယန်ရှောင်အားခေါ်ဆောင်ကာ လေ့ကျင့်ကွင်းကနေ ပြန်ထွက်သွားပါတော့တယ်။
ရလာဒ်အဖြေအား ရှီးယွန်ကိုပြောပြဖို့ သူမအောင့်နိုင်တော့ပါဘူး။
လင်းရှောင်နဲ့ ကိစ္စအချို့ကို တိုင်ပင်ဆွေးနွေးကာ ပြန်လာတဲ့ ရှီးယွန်တစ်ယောက် ဖန်းရှီပြောပြတာကို နားထောင်ပြီးတဲ့အခါမှာတော့ ရှန်ယန်ရှောင်ကို အကျေနပ်ကြီးကျေနပ်စွာနဲ့ ကြည့်လိုက်ပါတယ်။
သူ့အမြင်က တစ်ကယ့်ကို မှန်တာပဲဟေ့။ စတင်လေ့ကျင့်သူတစ်ယောက်အဖြစ်ကနေ အလတ်တန်းအဆင့်ကို တစ်လအတွင်းမှာ ရောက်ရှိတက်လှမ်းနိုင်တဲ့ ဒီလိုအရည်အချင်းမျိုးကို လေးဌာနရဲ့ ထိပ်သီးမန်ယီဂျွန်တောင်မှ ယှဉ်လို့မရပါဘူး။
"တော်တယ်ဟေ့။ ဆက်ကြိုးစားကွာ အဲ့လိုဆိုရင် နောက်ခြောက်လနေတဲ့အခါ ပြိုင်ပွဲမှာဝင်ပြိုင်ဖို့အတွက် မင်းတစ်နေရာရနိုင်တယ်နော်"
ရှီးယွန်က ရှန်ယန်ရှောင်ပုခုံးအား ပုတ်ကာပြောလိုက်ပါတယ်။ သူဟာ ဒီကလေးရဲ့ အနာဂတ်အတွက် အကောင်းမြင်ဝါဒီသမားဖြစ်နေပါတယ်။
ရှီးယွန်ကဘာကို ရည်ရွယ်ပြောဆိုတာလဲဆိုတာကို သူမ သဘောပေါက်သလို အဲ့ဒါကလည်း သူမ ရရှိအောင်ကြိုးစားနေတဲ့ အရာဖြစ်ပါတယ်။
ပြန်ခဲ့တဲ့လမ်းတစ်လျှောက်မှာတော့ ရှန်ယန်ရှောင်က ရှူနဲ့ တိတ်ဆိတ်တဲ့ စကားဝိုင်းတစ်ခု ပြုလုပ်နေပါတယ်။
"မင်းရဲ့လက်ရှိအနေအထားအရ အတွင်းအားရော မှော်ရောမှာ အလတ်တန်းအဆင့်ရဲ့ထိပ်ပိုင်းကိုပဲ ရောက်ရှိနိုင်သေးတယ်။ အဆင့်မြန်မြန်တက်ချင်ရင်တော့ တားမြစ်အမှတ်ရဲ့တတိယအဆင့်ကို ဖျက်ပစ်ဖို့လိုတယ်"
ရှန်ယန်ရှောင်ရဲ့ တိုးတက်မှုအပေါ်မှာ ရှူကျေနပ်နေသော်လည်း တားမြစ်အမှတ်က ပြဿနာကြီးတစ်ခုဖြစ်နေဆဲပါပဲ။
တားမြစ်တံဆိပ်ရဲ့အဆင့်နှစ်ဆင့်ကို ပယ်ဖျက်ခဲ့တာဟာ သူမရဲ့စွမ်းအားကို နေရာတစ်ခုအထိသာ ရောက်ရှိပေါက်ရောက်စေနိုင်ခဲ့ပါတယ်။ သူမရဲ့အဆင့်ကို ဆက်လက်တိုးမြှင့်ဖို့ ကြိုးစားမယ်ဆိုရင် တားမြစ်အမှတ်ရဲ့ တတိယအမှတ်က သူမရဲ့စွမ်းအားကို ဖိနှိပ်ထားပါလိမ့်မယ်။ ဒီအဖြစ်က လုံးဝကို လက်သင့်ခံနိုင်စရာမရှိပါဘူး။
"မင်းရဲ့ဘော်ဒါတွေကို အကူအညီတောင်းကြည့်သင့်တယ် သူတို့အနေနဲ့ နည်းလမ်းရှိချင်ရှိနိုင်တယ်"
ရှန်ယန်ရှောင်ကို ဒီထက်ပိုကူညီပေးချင်သော်လည်း သူ့ရဲ့လက်ရှိအစွမ်းက ခွင့်မပြုဘဲ ရှန်ယန်ရှောင်ဆီမှာပဲ နေခိုင်းထားပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၆၀)
သလင်းအမြူတေတွေထပ်ရှာခြင်း၊ သွေးစားပွဲတော်ဆေးရည်အတွက် လိုအပ်တဲ့ ဆေးမြစ်တွေကို ရှာဖွေစုဆောင်းခြင်း၊ ပြိုင်ပွဲကြီးမစတင်ခင်မှာ လေးအတတ်နဲ့ ဆင့်ခေါ်သူအတတ်တို့မှာ အကြီးတန်းအဆင့်ကို ရောက်ရှိထားခြင်းတို့ဟာ ရှန်ယန်ရှောင် လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေဖြစ်ပါတယ်။
ဒီပြဿနာတွေအားလုံးကို ခြောက်လအတွင်းမှာ ဖြေရှင်းဖို့ဆိုတာ မလွယ်လှတဲ့ ကိစ္စပါပဲ။
ကျောင်းကိုပြန်ရောက်တာနဲ့ ငနာလေးကောင်ကို ဆက်သွယ်လိုက်ပါတယ်။ ထိုလေးကောင်အား သူမအနေနဲ့ သလင်းအမြူတွေအလုံးအရင်း လိုအပ်နေတယ်ဆိုတာကို မျှော်လင့်ချက်ကြီးကြီးနဲ့ ပြောပြလိုက်ပါတယ်။
ကြူရှီယာကတော့ အရင်တည်းက ရှန်ယန်ရှောင်တစ်ယောက် သလင်းအမြူတေတွေ အများကြီးလိုအပ်နေတာကို သိထားခဲ့ပေမယ့် အကြောင်းရင်းကို မမေးမြန်းခဲ့ပါဘူး။
ရှန်ယန်ရှောင်မှာ လျှို့ဝှက်ချက်အများကြီးရှိနေတယ်လို့ သူအမြဲပဲ ခံစားမိနေပါတယ်။ ရှန်ယန်ရှောင်က ဖွင့်မပြောချင်ဘူးဆိုရင် သူလည်း ဝင်မေးမှာမဟုတ်ပါဘူး။
"ကြေးစားအဖွဲ့တွေမှာ သလင်းအမြူတေ အများကြီးရှိတာကိုတော့ ငါသိတယ်ကွ"
ထိုင်နေတဲ့ ယန်းရှီက မှတ်ချက်ချလိုက်တာဖြစ်ပါတယ်။
ကြေးစားအဖွဲ့တွေဟာ မကြာခဏဆိုသလို မှော်သားရဲတွေနဲ့ နတ်ဆိုးသားရဲတွေကို ရှင်းလင်းသုတ်သင်ပေးရတဲ့ အလုပ်တွေကို လက်ခံရရှိကြပါတယ်။ မှော်သားရဲတွေကို သတ်လို့ရရှိတဲ့ မှော်အမြူတေအများစုကို သူတို့ကို အလုပ်အပ်သူတွေက ယူသွားကြပါတယ်။ နတ်ဆိုးသားရဲတွေကို သတ်လို့ရတဲ့ သလင်းအမြူတေကတော့ အသုံးဝင်မှုနည်းတာကြောင့် လူနည်းစုကသာ ယူသွားကြလေ့ရှိပါတယ်။ နောက်ပြီးတော့လည်း သလင်းအမြူတေတွေကို လူတွေက အမြောက်အများဝယ်ယူလိုစိတ်မရှိလို့ ကြေးစားအဖွဲ့တွေအနေနဲ့ သလင်းအမြူတေမြောက်များစွာကို ဘာမှလုပ်မရဘဲနဲ့ လက်ထဲမှာကိုင်ထားရတာကြောင့် ရှင်းထုတ်ပစ်ချင်နေကြပါတယ်။
"ကြေးစားတွေဆီကနေပြီးတော့ သလင်းအမြူတေဝယ်ရတာ ဘာမှခက်တာမဟုတ်ဘူး ပြဿနာရှိတာက ရှောင်လေးရဲ့အကြောင်းကို မသိရအောင် လျှို့ဝှက်ဝယ်ယူရမယ့်ကိစ္စပဲ။ အဲ့လိုမဟုတ်ဘဲ ငါတို့ကသာ ပေါ်တင်ဝယ်မယ်ဆိုရင် တစ်ချို့လူတွေက ဒီကိစ္စကိုစုံစမ်းလာကြမှာကို ငါစိုးရိမ်မိတယ်" လို့ ယန်းရှီက ဆက်ပြောလိုက်ပါတယ်။
ကြူရှီယာလည်း ဒီအချက်ကို တွေးမိပါတယ်။ လင်းလက်တစ်တိုက်လုံးမှာ ဘယ်သူကမှ သလင်းအမြူတေကို လိုချင်စိတ်မရှိကြပါဘူး။ သူတို့ကသာ အများကြီးဝယ်ယူလိုက်မယ်ဆိုရင် တစ်ချို့သောအင်အားစုတွေက သိလိုစိတ်တွေ ပြင်းပြလာပြီးတဲ့နောက် ဒီသလင်းအမြူတေတွေရဲ့ ဝယ်ယူသူကို စုံစမ်းထောက်လှမ်းလာကြမယ်ဆိုရင် အံ့သြမိမှာ မဟုတ်ပါဘူး။
တိုးနယားလေလံအိမ်က သလင်းအမြူတေအများအပြားကို ဝယ်ယူနိုင်ရခြင်းက လေလံအိမ်ဖြစ်နေလို့ပါ။ ဒီသလင်းအမြူတေအားလုံးက လူတစ်ဦးတည်းဆီမှာပဲ ရောက်ရှိသွားတာကို ဘယ်သူမှမသိကြပါဘူး။ ဒါကြောင့် ဘာကိစ္စမှ မရှိပါဘူး။ ဒါတောင်မှ ကြူရှီယာအနေနဲ့ တိုးနယားလေလံအိမ်အားလုံးကို အသုံးပြုပြီး မဝယ်ယူရဲပါဘူး။ ပြဿနာဖြစ်လာခဲ့ရင် သူ့အတွက် ခေါင်းအကြီးကြီးကိုက်စရာဖြစ်လာနိုင်ပါတယ်။
သူတို့အုပ်စုလည်း နည်းလမ်းရှာဖွေဖို့ စဉ်းစားတွေးတောနေလိုက်ကြပါတယ်။
ခဏအကြာမှာတော့ ကြူရှီယာအနေနဲ့ အကြံတစ်ခုရလိုက်ပါတယ်။
"ငါတို့အနိုင်ရခဲ့တဲ့ လောင်းကစားရုံအကြောင်းကို မင်းတို့မှတ်မိသေးလား"
"ငါမှတ်မိတယ်။ ငါတို့ရဲ့အခြေစိုက်စခန်းလုပ်ဖို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား"ဟု တန်နာဇီက ပြောလိုက်ပါတယ်။
မူလတုန်းကတော့ သူတို့အဖွဲ့ဖြစ်တဲ့ အရိပ်အဖွဲ့အတွက် နေရာတစ်ခုလိုအပ်တာကြောင့် လောင်းကစားရုံကို ကြူရှီယာကစိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
"ငါ့မှာ အဲ့အစီအစဉ်ရှိခဲ့တာပေါ့ကွာ။ ဒါပေမယ့် အခုအချိန်မှာ ပိုကောင်းတဲ့အစီအစဉ်ပေါ်လာပြီ။ အဲ့နေရာကို လောင်းကစားရုံအဖြစ် ငါတို့က ဘာဖြစ်လို့ ဆက်မဖွင့်ရမှာလဲ။ ဒါပေမယ့် စည်းကမ်းတော့ပြောင်းရမှာပေ့ါကွာ။ လောင်းကြေးအတွက် ရွှေတစ်မျိုးတည်းမသတ်မှတ်တော့တဲ့အပြင် တော်ဝင်ရိုလန်ကျောင်းသားတွေအတွက်ဖွင့်မယ့်အစား ငါတို့ရဲ့ ပစ်မှတ်ကို အမည်းရောင်မြို့တော်က ကြေးစားအဖွဲ့တွေကို ပစ်မှတ်ထားလိုက်မယ်ဆိုရင်"ဆိုပြီးတော့ ကြူရှီယာက ပြောလိုက်ပါတယ်။
"အဲ့နောက်မှာ ငါတို့ကနေ လောင်းကြေးကို သလင်းအမြူတေကိုလည်း လက်ခံတယ်လို့ သတင်းလွှင့်လိုက်မယ်ပေါ့"လို့ ကြူရှီယာရဲ့ စိတ်ကူးကို ချက်ချင်းသဘောပေါက်လိုက်တဲ့ ရှန်ယန်ရှောင်က ဝင်ပြောလိုက်ပါတယ်။
"အင်း။ အမည်းရောင်မြို့တော်ထဲမှာ ကြေးစားအဖွဲ့တွေ အများကြီးရှိသလို သူတို့လက်ထဲမှာရှိတဲ့ သလင်းအမြူတေတွေကလည်း မင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပါ"ဟု ကြူရှီယာက ဦးတည်ချက်ကို ပြောလိုက်ပါတယ်။
ပါးနပ်လိမ္မာတဲ့လူတစ်ယောက်က မင်းကိုကူညီမယ်ဆိုရင် ပြဿနာအတော်များများကို မဖြစ်ပွားစေတော့တာ အမှန်ပါပဲ။
"ဒီလမ်းကြောင်းက ဖြစ်နိုင်တယ်လို့ ငါတော့ထင်တာပဲ။ ဒါပေမယ့်လည်း တော်ဝင်ရိုလန်ကျောင်းသားတော်တော်များများက ဒီလောင်းကစားရုံကို ငါတို့အနိုင်ရထားတယ်ဆိုတာကို သိကြတယ်လေ။ ဒီအတိုင်းဖွင့်လိုက်မယ်ဆိုရင် နပ်တဲ့လူတွေက ငါတို့ရဲ့ရည်ရွယ်ချက်ကို ချက်ခြင်းသိသွားမှာပဲနော်"လို့ ယန်ယုက ထောက်ပြပြောဆိုလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၆၁)
"အဲ့အတွက်က လွယ်ပါတယ်ကွာ။ ငါတို့အစား လောင်းကစားရုံကို စီမံပေးမယ့် ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကို ငါရှာလိုက်ရုံပါပဲ။ ဒါဆို ဒီလောင်းကစားရုံကို သူများကို ရောင်းလိုက်ပြီလို့ ငါတို့က ပြောလိုက်ရုံပဲလေ"
ကြူရှီယာရဲ့ စီးပွားရေးသမားတစ်ယောက်လိုမျိုး အကြံဉာဏ်တွေက လက်ဖျားခါစရာပါပဲ။
နောက်ဆုံးပြဿနာလေးကို ဖြေရှင်းပြီးတဲ့နောက်မှာတော့ သူတို့ငါးကောင်လုံး ဒီအကြံကို ဆက်အကောင်အထည်ဖော်ကြဖို့ ဆုံးဖြတ်ချက်ချလိုက်ကြပါတော့တယ်။[RIPပါ ကြေးစားများတို့]
နှစ်လခန့်ပိတ်ထားခဲ့တဲ့ မြေအောက်လောင်းကစားရုံဟာ သုံးရက်အကြာမှာ ပြန်ဖွင့်လှစ်လိုက်ပါတယ်။ စီးပွားရေးနယ်ပယ်ကိုလည်း ကျောင်းသားတွေအပေါ်မှာတင် ပစ်မှတ်ထားတာ မဟုတ်တော့ဘဲ အနီးဝန်းကျင်က မြို့လေးတွေဆီသို့ပါ ချဲ့ထွင်လာပါတယ်။
တစ်ယောက်ယောက်ကနေပြီးတော့ သလင်းအမြူတေကိုပါ လောင်းကြေးအဖြစ်သုံးလို့ရတယ်လို့ သတင်းဖြန့်လိုက်တဲ့အခါမှာတော့ ကြေးစားတွေဟာ သူတို့ရဲ့ဂိုဒေါင်တွေထဲမှာ ပစ်ထားရတဲ့ သလင်းအမြူတေတွေကို ယူဆောင်လာပြီး လောင်းကစားရုံဆီကို ချီတက်လာကြပါတော့တယ်။
ရွှေအစစ်နဲ့ငွေသားတွေကိုလောင်းကစားရမယ့်အစား ဒီသုံးစားမရတဲ့ သလင်းအမြူတေတွေကို လောင်းကစားရာမှာ အသုံးပြုကာ စိတ်အပန်းဖြေဖို့ သူတို့ကပိုလိုလားတာပေါ့။ ဘယ်လိုပဲဆိုဆို ဒီသလင်းအမြူတေတွေက ရောင်းထုတ်လို့လည်း မရတာကြောင့် သူတို့ဂိုဒေါင်တွေထဲမှာ နေရာပုတ်တာပဲရှိတာကိုး။ ဒါကြောင့်လည်း အင်အားကြီးကြေးစားအဖွဲ့တွေရဲ့ ခေါင်းဆောင်တိုင်းဟာ သူတို့လူတွေကို သလင်းအမြူတေတွေအသုံးချပြီး ကံစမ်းကြည့်ဖို့ လိုလိုလားလားခွင့်ပြုပေးကြပါတော့တယ်။
စဖွင့်ကာစ ရက်အချို့မှာတော့ ကြူရှီယာရဲ့ ညွှန်ကြားချက်အတိုင်း လောင်းကစားရုံမန်နေဂျာဟာ ဧည့်သည်တွေအပေါ်မှာ ရက်ရက်ရောရောရှိခဲ့ပါတယ်။ လာရောက်လောင်းကစားကြတဲ့ လူအတော်များများကို သူက အနိုင်ရဲ့ ချိုမြိန်မှုတွေကို ခံစားစေလိုက်ပါတယ်။ အဆိုပါ အနိုင်ရသွားတဲ့ ကြေးစားတွေက ကြွားဝါပြောဆိုကြတဲ့အခါမှာ နောက်ထပ် လူအများကြီးက သလင်းအမြူတေတွေနဲ့ တစ်ခြားပစ္စည်းတွေကို ယူဆောင်ကာ လာရောက်လောင်းကစားကြပါတော့တယ်။
တစ်ပါတ်အတွင်းမှာပဲ ရှန်ယန်ရှောင်ရဲ့ လက်ထဲကို သလင်းအမြူတေတစ်သောင်းထိ ရောက်ရှိခဲ့ပါတယ်။ သလင်းအမြူတေတွေအပြင် ဆေးမြစ်အချို့လည်း လောင်းကစားရုံထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီရလာဒ်က ရှန်ယန်ရှောင်နဲ့ ကြူရှီယာတို့နှစ်ယောက်လုံး မျှော်မှန်းထားတာထက် ကျော်လွန်သွားခဲ့တာပါ။
လောင်းကစားရန်လာတဲ့ ဖောက်သည်အရေအတွက် တည်သွားချိန်မှာတော့ မန်နေဂျာလည်း သူ့အစွမ်းကို ထုတ်ပြပြီး လောင်းကစားရုံကနေ ဆုံးရှုံးသွားခဲ့တဲ့ ရွှေတွေကို ပြန်ရစေခဲ့ပါတယ်။
ငွေကြေးထပ်ဆုံးရှုံးမယ့်အစား သူမတို့ငါးယောက်အဖွဲ့ရဲ့ နေ့စဉ်ဝင်ငွေက သောင်းဂဏန်းထိရောက်ရှိလာပါတယ်။
ဒီလို ငွေရှာဖွေနိုင်မှုဟာ တစ်ကယ့်ကို လက်ဖျားခါစရာကောင်းလှပါတယ်။
ရှန်ယန်ရှောင်က သူမတို့တစ်တွေ စုဆောင်းရှာဖွေထားတဲ့ သလင်းအမြူတေတွေကိုထုတ်ကာ ရှူအားကျွေးမွေးခဲ့ပါတယ်။
ဒါကြောင့်လည်း ရှူရဲ့အစွမ်းဟာ တစ်ရက်ပြီးတစ်ရက် တိုးမြင့်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လောင်းကစားရုံဖွင့်တာ တစ်လကြာအပြီး သူမရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တတိယအမှတ်ကို ပယ်ဖျက်ဖို့ကိစ္စဟာ အောင်မြင်သွားခဲ့ပါပြီ။
အဲ့ဒီနေ့ ညနေခင်းမှာ ရှန်ယန်ရှောင်တစ်ယောက် ကျောင်းကနေလစ်ထွက်လာပြီး အမည်းရောင်မြို့တော်ထဲကို သွားရောက်လိုက်ပါတယ်။ တည်းခိုခန်းတစ်ခုကိုသွားကာ တစ်ညတာအိပ်စက်ဖို့အခန်းယူလိုက်ပါတယ်။
ဒုတိယတားမြစ်အမှတ်ကို ပယ်ဖျက်ခဲ့တုန်းက အဖြစ်အပျက်ဟာ အခုထက်ထိ သူမမှတ်မိနေဆဲဖြစ်ပါတယ်။ တတိယအမှတ်အသားကို ဖျက်တဲ့အခါ ထိုကဲ့သို့အဖြစ်မျိုးဖြစ်ပွားပြီး တန်နာဇီနဲ့ လင်းရွှမ်တို့နှစ်ဦးသား ထိတ်လန့်သွားမှာကို သူမ မလိုလားပါဘူး။
တိတ်ဆိတ်တဲ့ ညအချိန်မှာ အမည်းရောင်မြို့တော်ရဲ့ တည်းခိုခန်းတစ်ခုအတွင်းမှ အခန်းတစ်ခန်း၏ ကုတင်ပေါ်မှာ တစ်ယောက်တည်းတိတ်ဆိတ်စွာ ထိုင်နေတဲ့ ရှန်ယန်ရှောင်ဟာ စားပွဲပေါ်မှာ ထွန်းညှိထားသော ဖယောင်းတိုင်ကို ကြည့်နေပါတယ်။ သူမ ပင့်သက်တစ်ချက်ရှိုက်လိုက်ပါတယ်။
"ရှူ ကျနော်တို့ စလို့ရပြီနော်"
ရှန်ယန်ရှောင်က မီးကိုမှုတ်ငြှိမ်းလိုက်ပြီးနောက် ကုတင်ပေါ်မှာ ပြန်ထိုင်လိုက်ပါတယ်။ သူမရဲ့မျက်လုံးအစုံကို ပိတ်လိုက်ပြီးနောက် စိတ်အာရုံကိုစုစည်းလိုက်ကာ သူမရဲ့စိတ်ဝိဉာည်အတွင်းပိုင်းအထိ ဝင်ရောက်လိုက်ပါတယ်။
သူမရဲ့အတွင်းစိတ်ထဲမှာ လူရိပ်ပုံနှစ်ခုကို ဝိုးတဝါးတွေ့မြင်နေရပါတယ်။ သူမရဲ့ စိတ်စွမ်းအားပိုပြီးတည်ငြိမ်လာလေ ထိုပုံရိပ်နှစ်ခုက ပိုပြီး ရှင်းလင်းကြည်လင်လာလေပါပဲ။
လေထဲမှာရပ်နေတဲ့ ဇာမဏီငှက်ဟာ ကလေးပုံလေးနဲ့ပဲဖြစ်ကာ ဘဝင်မြင့်မာနကြီးစွာပဲ လက်ပိုက်ထားပါတယ်။ သူ့ရဲ့နီရဲတောက်ပတဲ့ မျက်လုံးတစ်စုံကတော့ သူနဲ့ဆန့်ကျင်ဖက်မှာရှိနေတဲ့လူအား စိုက်ကြည့်နေပါတယ်။
ထိုလူကတော့ ရှည်ရှည်သွယ်သွယ်ရှိပြီး ပုခုံးထက်ထိကျဆင်းနေတဲ့ သူ့ဆံပင်တွေဟာ အနက်ရောင်ပိုးသားလို တောက်ပပျော့ပျောင်းပြီး နက်မှောင်နေကာ ဘာမှတန်ဆာဆင်ထားခြင်းမရှိပါဘူး။ အဆိုပါနက်မှောင်သောဆံကေသာနဲ့ ဓါးတစ်စင်းလိုမျက်နှာက ရှန်ယန်ရှောင်မျက်လုံးထဲကို ရောက်ရှိလာပါတယ်။
ရှန်ယန်ရှောင်ထင်ထားခဲ့တာက သူမအနေနဲ့ ရှန်စီယူနဲ့ ကြူရှီယာတို့ကို အချောဆုံးလို့ပေါ့။ ဒါပေမယ့် ဒီလူ့မျက်နှာကို သူမ တွေ့လိုက်တာနဲ့ ပြည့်စုံမှု(အပြစ်ပြောစရာမရှိ)ဆိုတဲ့စကားလုံးရဲ့ ဆိုလိုရင်းအနက်ကို သဘောပေါက်လိုက်ပါတယ်။[ဒန့်တန်တန်]