← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၅)

ရှန်ယန်ရှောင်သတိရလာချိန်မှာတော့ နံနက်ခင်းဖြစ်နေပါပြီ။ သူမက သတိမေ့သွားရတဲ့အကြောင်းကို စဉ်းစားနေတုန်းမှာပဲ ခေါင်းတအားကိုက်လာပါတယ်။

ရှန်ယန်ရှောင်က ထထိုင်ဖို့လုပ်လိုက်တဲ့အခါ သူမအရိုးတွေကနေ တစ်ဖျစ်ဖျစ်နဲ့ အသံတွေထွက်လာပါတယ်။

ဒီအသံတွေကြောင့် သူမ ကြောင်အမ်းအမ်းဖြစ်သွားပါတယ်။

ဘာဖြစ်နေတာလဲဟင်.....

တတိယအမှတ်ကိုပယ်ဖျက်နေတုန်းမှာ နာကျင်မှုဒဏ်ကိုအံတုဖို့ အသင့်ပြင်နေတုန်းမှာပဲ သူမ သတိလစ်သွားရပါတယ်။ အခု သူမ နိုးထလာတဲ့အခါရောက်တော့ တစ်ကိုယ်လုံးက အရိုးတွေကို တစ်စစီဖြုတ်ပြီး ပြန်တပ်ထားသလိုမျိုးဖြစ်နေပြီး မခံမရပ်နိုင်အောင် နာကျင်နေပါတယ်။

"ရှူရေ အမှတ်တံဆိပ်ပျက်သွားပြီလား"လို့ အရိုးတွေနာကျင်တာကို ကျိတ်မှိတ်ခံလိုက်ပြီး ထထိုင်လိုက်တဲ့ ရှန်ယန်ရှောင်က မေးမြန်းလိုက်ပါတယ်။

"အင်း"

ရှူရဲ့အသံကတော့ ရိုးရာမပျက် အေးခဲမြဲပါပဲ။ ကွဲပြားတာဆိုလို့ သူ့ပုံစံကို ရှန်ယန်ရှောင် မှန်းဆတွေးမြင်လို့ ရတာတစ်ခုပါပဲ။

"မင်းခန္ဓာကိုယ်ရဲ့ ပြောင်းလဲသွားမှုကို မင်းစစ်ကြည့်လို့ရတယ်"

ရှန်ယန်ရှောင်လည်း သက်မတစ်ချက်ရှိုက်လိုက်ကာ ကုတင်ပေါ်ကနေ ဆင်းလိုက်ပါတယ်။

နာကျင်နေမှုအား မေ့ဖျောက်ထားလိုက်တဲ့နောက်တော့ သူမတစ်ကိုယ်လုံး ခါတိုင်းနဲ့မတူဘဲ ပေါ့ပါးနေတာကို သိလိုက်ရပါတယ်။ ပျော်ရွှင်စွာနဲ့ ထပ်မံစစ်ဆေးကြည့်လိုက်တော့ တစ်ခြားပြောင်းလဲမှုကို မတွေ့ခဲ့ရပါဘူး။

"တတိယအမှတ်ကို ပယ်ဖျက်ခြင်းရဲ့ အဓိကကောင်းကျိုးက မင်းရဲ့ အရိုးဖွဲ့စည်းပုံပဲလေ အခုက အရင်တုန်းကထက် အများကြီးသာသွားပြီ။ မင်းရဲ့ အတွင်းအားနဲ့ မှော်အားကျင့်ကြံမှုအပေါ်မှာ အထောက်အကူ အများကြီးပေးလိမ့်မယ်"

ရှူဟာ ရှန်ယန်ရှောင်ကို အခက်အခဲတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီး လမ်းညွှန်ပြသပေးနေတဲ့ နည်းပြတစ်ယောက်လိုပါပဲ။

ရှန်ယန်ရှောင်လည်း သူမရဲ့ လက်တွေခြေထောက်တွေကို ဝှေ့ယမ်းလှုပ်ရှားကြည့်တော့ အရင်ကထက် ပိုသွက်လက်ပေါ့ပါးလာတာကို သိလိုက်ရပါတယ်။ သူမက ကျိန်စာအတတ်တစ်ခုကို အသုံးပြုဖို့လုပ်လိုက်ပါတယ်။ သိလိုက်ရတာကတော့ ကျိန်စာအတတ်မှာသုံးရတဲ့ လက်လှုပ်ရှားမှုက ပိုမိုမြန်ဆန်ချောမွေ့လာခဲ့ပါတယ်။

"ဒါ မိုက်တယ်ဟ"

သူမ ကျေနပ်စွာပြုံးလိုက်ပါတယ်။ အရိုးပြောင်းလဲမှုက မှော်ဆရာတွေနဲ့ နတ်ဆရာတွေအတွက်တော့ ဘာမှထူးခြားမသွားနိုင်သော်လည်း ဆင့်ခေါ်သူတွေအတွက်ကတော့ တစ်ကယ့်ကို အထောက်အပံ့ဖြစ်စေပါတယ်။ လက်ဟန်လှုပ်ရှားမှုရဲ့ သွက်လက်မြန်ဆန်ခြင်းဟာ ကျိန်စာကိုပိုမိုအစွမ်းထက်စေပါတယ်။

တည်းခိုခန်းမှာပဲ ကိုယ်လက်သန့်စင်လိုက်ပါတယ်။ အချိန်ကိုကြည့်လိုက်တော့ ဆေးပညာအတန်းချိန်မစသေးမှန်း သိလိုက်ပါတယ်။ ဒါကြောင့် မြန်မြန်အဝတ်အစားလဲလှယ်ပြီး ကျောင်းကိုအပြေးတစ်ပိုင်း သွားလိုက်ပါတော့တယ်။

ဆေးပညာအတန်းကို သူမ လေးရက်ဆက်တိုက် ပျက်ကွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အတန်းမစခင်မှာပဲ အရောက်လာနိုင်ခဲ့ပါပြီ။

ဆေးပညာဌာနကို ရောက်ရောက်ချင်းမှာပဲ တန်နာဇီကို သူမ တွေ့လိုက်ပါတယ်။

သူမ မနေ့ညက အခန်းကိုပြန်မလာတာကို တန်နာဇီသိပေမယ့်လည်း အဲ့အကြောင်းကို မမေးခဲ့ပါဘူး။ ဒီကောင်မလေးက အရင်တည်းက လျှို့လျှို့ဝှက်ဝှက်လုပ်လေ့ရှိလို့ မနေ့ညကလည်း ကိစ္စတစ်ခုခုရှိလို့ပဲဖြစ်မှာပါ။

"ဒီနေ့တော့ အတန်းလာတက်ပြီပေါ့။ ဟုတ်သားပဲ မနက်တုန်းက ငါတောင်အိပ်ယာထဲက မထရသေးဘူး နည်းပြလောင်ဒီက ခေါ်ခိုင်းလို့ဆိုပြီး မင်းကို လာရှာသေးတယ်ဟ"ဟု တန်နာဇီက ပြောလိုက်ပါတယ်။

လောင်ဒီဆိုတာ ရှန်ယန်ရှောင်ရဲ့ ဝင်ခွင့်စာမေးပွဲကို ကြီးကြပ်ခဲ့တဲ့နည်းပြဖြစ်ပါတယ်။ လောင်ဒီအပေါ်မှာ သူမ လေးစားမှုအနည်းငယ် ရှိပါတယ်။ ဆေးဌာနကို သူမ ဝင်ခွင့်ရပြီးတည်းကနေ အခုချိန်ထိ လောင်ဒီဟာ သူမကို နှစ်ကြိမ်တိုင်တိုင် လာတွေ့ခဲ့ပြီး သူမရဲ့တိုးတက်မှုကို မေးမြန်းခဲ့ပါတယ်။ ဆေးပညာရပ်မှာ သူမက အေးအေးဆေးဆေးနဲ့ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဌာနရဲ့ ကျောင်းသားသစ်တိုင်းကို သူမ အနိုင်ယူနိုင်ခဲ့တာကြောင့် လောင်ဒီက သူမကို ချီးမွမ်းခန်းဖွင့်ခဲ့ပါသေးတယ်။

လောင်ဒီဟာ ရှန်ယန်ရှောင်ကို သင်ကြားရတဲ့နည်းပြမဟုတ်သော်ငြားလည်း သူမကို သင်ကြားရတဲ့နည်းပြဖြစ်သူအား ရှန်ယန်ရှောင်အပေါ်မှာ ဂရုတစိုက်ရှိဖို့ မကြာခဏပြောဆိုလေ့ရှိပါတယ်။

ဒါတွေကြောင့် လောင်ဒီကို သူမ သဘောကျမိပါတယ်။

"ဘာကိစ္စရှိလို့ လူလွှတ်ခေါ်ခိုင်းရတာလဲမသိဘူး"

သူမ သိလိုစိတ်ဖြစ်ပေါ်သွားပါတယ်။ သူမက နာမကျန်းခွင့်နဲ့ အတန်းပျက်တာ ရက်အနည်းငယ်ကြာမြင့်ခဲ့ပေမယ့်လည်း အဲ့ဒီအတွက်နဲ့တော့ အခုလို အပူတပြင်းခေါ်ခိုင်းဖို့ မလိုသေးပါဘူး။

"ငါလည်းမသိဘူးလေ။ အဲ့လူကတော့ မင်းအတန်းပြီးတဲ့အခါ နည်းပြလောင်ဒီဆီသွားတွေ့သင့်တယ်လို့ ပြောသွားတာပဲ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၆)

တန်နာဇီကတော့ ပုခုံးသာတွန့်ပြလိုက်ပါတယ်။ ရှန်ယန်ရှောင်အနေနဲ့ ဆေးပညာဌာနရဲ့ နည်းပြတွေ၏ ဂရုစိုက်ကြည့်ရှုမှုကို ခံရတာက တစ်ခါနှစ်ခါမကတော့ပါဘူး။ သူမက အသက်အငယ်ဆုံးဖြစ်သော်လည်း ဆေးပညာရပ်မှာ တစ်ခြားကျောင်းသားတွေထက် သာလွန်ကောင်းမွန်နေပါတယ်။

စစ်ဆေးပွဲပြီးဆုံးကာစ တစ်ပတ်နှစ်ပတ်အတွင်းမှာ တစ်ခြားအတန်းက နားမူးနားထူးကျောင်းသားတွေဟာ သူမအနေနဲ့ ကြူရှီယာတို့ကြောင့်သာ ခရမ်းတန်းကို တက်ခွင့်ရတာဖြစ်ရမယ်ဆိုပြီး သူမကို စိန်ခေါ်ယှဉ်ပြိုင်ပြီး ခရမ်းတန်းကို ရောက်ချင်ခဲ့ကြလို့ စိန်ခေါ်ခဲ့ကြပါတယ်။

ကံမကောင်းစွာနဲ့ပဲ အဆိုပါကျောင်းသားအားလုံး ဆိုးဆိုးရွားရွားကို ရှုံးနိမ့်ခဲ့ကြပါတော့တယ်။

သူတို့အစွမ်းအစနည်းလှလို့တော့ မဟုတ်ပါဘူး။ စိန်ခေါ်ယှဉ်ပြိုင်မှုမှာ ဖော်စပ်ရမယ့်ဆေးရည်က အဲ့တုန်းက သင်ကြားပြီးကာစဆေးရည်ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ပင်ကိုယ်အရည်အချင်းနဲ့ နည်းပြဖြစ်သူသင်ကြားပေးခဲ့တဲ့ လမ်းညွှန်ချက်တွေအရ ဆေးရည်ဖော်စပ်ရတာဟာ ရှန်ယန်ရှောင်အတွက် ထမင်းစားရေသောက်သလောက်ပဲ ခဲယဉ်းခဲ့တာပါ။

အဆိုပါစိန်ခေါ်သူ ကျောင်းသားတွေကို အနိုင်ရဖို့ သူမက အချိန်တစ်မိနစ် နှစ်မိနစ်လောက်ပဲ အသုံးပြုခဲ့ရပါတယ်။

အဲ့တည်းကစပြီး သူမကို ဘယ်သူမှ စိန်မခေါ်ရဲတော့ပါဘူး။

"အဲ့လိုဆိုရင်လည်း အတန်းပြီးတဲ့အခါ သွားတွေ့လိုက်မယ်လေ"

ပြောရမယ်ဆိုရင် အတန်းသုံးခုရှိတဲ့အထဲမှာ ဆေးပညာအတန်းကို သူမ အာရုံကျမှုအနည်းဆုံးဖြစ်ပါတယ်။ ဆေးပညာရပ်က အတွင်းအားနဲ့မှော်အားလိုမျိုး သူမရဲ့ တားမြစ်အမှတ်ပေါ်မှာ မူတည်မနေပါဘူး။ သမားတော်တွေအတွက် အရေးကြီးတာက ကိုယ်ပိုင်အရည်အချင်းဖြစ်ပြီး သူမလုပ်ရမှာဆိုလို့ အတန်းကိုမှန်မှန်တက်ပြီး နည်းနည်းချင်းသင်ယူကာ အဆင့်တက်ရမှာဖြစ်ပြီး လေးသည်တော်နဲ့ ဆင့်ခေါ်သူလိုမျိုး အဆင့်ကိုမြန်မြန်တက်လို့မရပါဘူး။

သူမအနေနဲ့ မယုံနိုင်စရာအရှိန်အဟုန်မျိုးနဲ့ အဆင့်တက်ရတာကို အကျင့်ဖြစ်နေပြီဖြစ်တာကြောင့် ဆေးပညာရပ်အပေါ်မှာ သူမရဲ့တိုးတက်မှုက လိပ်လို နှေးကန်နေတယ်လို့ ခံစားနေရပါတယ်။

ဒါပေမဲ့ အခုကတော့ သွေးစားပွဲတော်ဆေးရည်ကို ဖော်စပ်ဖို့စီမံကိန်းချထားတာကြောင့် ဆေးပညာရပ်အပေါ်မှာ သူမရဲ့လေ့လာမှုကို ပိုမိုအာရုံစိုက်ဖို့ လိုနေပါပြီ။

သူမရဲ့ မနက်ခင်းအတန်းချိန်ကတော့ မကြာခင်မှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။ တန်နာဇီကို နှုတ်ဆက်အပြီးမှာတော့ လောင်ဒီဆီကို သူမတစ်ယောက်တည်း သွားလိုက်ပါတော့တယ်။

ဒီအချိန်မှာတော့ လောင်းဒီက သူ့အခန်းထဲမှာ ထိုင်နေလျက်ရှိပါတယ်။ သူ့မျက်နှာဟာ တင်းမာနေပြီးတော့ ဒယ်အိုးဖင်ထက်တောင် မည်းနေလျက်ရှိပါတယ်။

လောင်းဒီနားမှာတော့ ဆေးကျောင်းသားနှစ်ဦး မတ်တတ်ရပ်နေတာကို တွေ့ရပြီး သူတို့ခေါင်းတွေကို အလွန်အမင်းငုံ့ထားကြပါတယ်။ အနေအထားက မကောင်းမွန်တာကြောင့် ကျောင်းသားနှစ်ယောက်လုံး အသံတစ်ချက်မထွက်ရဲကြပါဘူး။

"သက်ရှူဖုံးကွယ်ဆေးရည်တစ်ပုလင်းအတွက် အချိန်တစ်လပေးထားတာတောင် မအောင်မြင်သေးဘူးဆိုတော့ မင်းတို့က တစ်ကယ်တော်လှပါပေတယ်။ မင်းတို့မှာ ဝက်ဦးနှောက်ပဲရှိတာလား။ နှစ်ယောက်လုံး ဆေးပညာဌာနမှာ နှစ်နှစ်တိတိတက်ခဲ့ပြီးတာတောင်မှ နည်းနည်းလေးတောင် လေ့လာမှုမရှိကြဘူး။ မင်းတို့အခုဝတ်ဆင်ထားတဲ့ ခရမ်းအတန်းရဲ့ ဝတ်ရုံနဲ့တံဆိပ်တွေက မင်းတို့နဲ့တန်ရောတန်သလားကွ ဟေ"

သူ့ရှေ့မှာရပ်နေတဲ့ ကျောင်းသားနှစ်ယောက်ကို အံကြိတ်ပြောဆိုနေတဲ့ လောင်းဒီရဲ့မျက်နှာဟာ အလွန်အမင်းကို တင်းမာခက်ထန်နေပါတယ်။

သူဟာ ဆေးပညာဌာနရဲ့ ဒုတိယနှစ်ခရမ်းတန်းကို ကြီးကြပ်ရသူဖြစ်ပါတယ်။ သူ့ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိတာဖြစ်လို့ ဒီကျောင်းသားနှစ်ယောက်အတွက်လည်း သူ့မှာတာဝန်ရှိပါတယ်။ ပြီးခဲ့တဲ့တစ်လလောက်တည်းကစကာ ဒုတိယနှစ်ခရမ်းတန်းကျောင်းသားတွေအား အလတ်တန်းအဆင့် ဆေးရည်ဖော်စပ်မှုကို သူက စတင်သင်ကြားခဲ့ပါတယ်။ အလတ်တန်းအဆင့်ဆေးရည်ဖော်စပ်မှုက အခြေခံအဆင့်ဆေးရည်တွေထက် အများကြီးခက်ခဲပေမယ့် သူတာဝန်ကျတဲ့ ခရမ်းအတန်းဟာ ထောင်နဲ့ချီပြီးရှိတဲ့ ဆေးကျောင်းသားတွေထဲမှာ အတော်ဆုံးလို့နာမည်ရထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူသင်ကြားပေးခဲ့တာက တစ်လရှိပါပြီ။

ဒီကိစ္စက လောင်းဒီအတွက်တော့ အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒီမာနကြီး ဘဝင်မြင့်တဲ့ ကျောင်းသားတွေက အလတ်တန်းအဆင့်ဆေးရည်ပြုလုပ်ရာမှာ တော်တော်အခြေအနေဆိုးနေပါတယ်။ တစ်လလုံးလုံး ကျောင်းသားတစ်ရာရှိတဲ့ထဲက ကျောင်းသားနှစ်ဆယ်ကသာ အလတ်တန်းဆေးရည်ကို ဖော်စပ်နိုင်ရုံလောက်သာဖြစ်ခဲ့ပြီး အဆိုပါဆေးရည်တွေရဲ့ သန့်စင်မှုက အောင်မှတ်တောင်မရရှိခဲ့စဉ်မှာ ကျန်တဲ့ကျောင်းသားတွေကတော့ ဆေးရည်ဖော်စပ်မှုရဲ့ နောက်ဆုံးအဆင့်ကိုတောင် မရောက်ခဲ့ကြပါဘူး။

နောက်ပြီးတော့လည်း သူ့ရှေ့က ဒီကျောင်းသားနှစ်ယောက်ဟာ တစ်တန်းလုံးမှာ အတော်ဆုံးဖြစ်ပေမယ့် ဆေးမြစ်သုံးခုကို အချိုးကျကျမရောစပ်နိုင်ခဲ့ပါဘူး။ တစ်လတောင်မပြည့်ခင်မှာ ဆေးမြစ်အမြောက်အများကို သူတို့က ဖျက်ဆီးခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ သူတို့က ဆေးရည်ဖော်စပ်နေစဉ်အတွင်းမှာပဲ ဓာတ်ကူမှုန့်ကိုတောင် ထည့်ရဲလိုက်ကြပါသေးတယ်။

ဆေးဖော်စပ်တဲ့အခန်းက ချက်ချင်းပဲ ပေါက်ကွဲမှုနှစ်ခုဖြစ်သွားခဲ့ရပါတယ်။

ကျောင်းသားတွေသာ အဲ့အချိန်တုန်းက စုစုရုံးရုံးရှိနေခဲ့မယ်ဆိုရင် အဆိုပါပေါက်ကွဲမှုနှစ်ခုကြောင့် ကျောင်းသားတော်တော်များများ ထိခိုက်သွားခဲ့မှာဖြစ်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၇)

"တစ်ကယ့်ကိုထွန်းတောက်မယ့်လူငယ်တွေပါလားကွဟင်..ဆေးတောင်မဖော်နိုင်ပဲ မရိုးမသားကလုပ်ချင်ကြသေးတယ်ပေါ့လေ။ မင်းတို့က တစ်ကယ်ပဲ သမားတော်ဖြစ်ချင်ကြတာလား"

လောင်းဒီမှာ ဒေါသအငွေ့တွေ ဖြစ်ပေါ်နေပါပြီ။ သမားတော်ဆိုတာဟာ ထိလွယ်ရှလွယ်တဲ့ ပညာရပ်ဖြစ်ပြီး သူတို့ဟာ လူတွေကို ကယ်တင်နိုင်သလို ထိခိုက်စေနိုင်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ဆေးရည်က အသက်တွေကို ကယ်တင်နိုင်ပြီး မအောင်မြင်တဲ့ဆေးရည်ကတော့ လူတစ်ယောက်ကို မီးပုံပေါ်ပစ်တင်လိုက်သလို ဖြစ်စေနိုင်ပါတယ်။

ဆေးရည်ကို ဓာက်ကူပေးနိုင်တဲ့ ပြင်ပဆေးဝါးတွေကို အသုံးပြုခြင်းအား သမားတော်တွေက အပြင်းအထန်တားမြစ်ပိတ်ပင်ထားပါတယ်။

ဒီကျောင်းသားနှစ်ယောက်က သူ့မျက်စိအောက်မှာတောင် ဒီလိုလုပ်ဆောင်ခဲ့ပြီး သူ့သိက္ခာကို ကျဆင်းစေခဲ့ပါတယ်။

လောင်းဒီရဲ့ကျယ်လောင်စွာအော်ဟစ်သံကို တံခါးဝရောက်တာနဲ့ ရှန်ယန်ရှောင်ကြားခဲ့ရပါတယ်။ အတွင်းထဲကအခြေအနေကြောင့် အထဲဝင်ဖို့တွန့်သွားပြီး အပြင်မှာပဲ စောင့်နေလိုက်ဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။

အသံတစ်ချက်မပြုရဲတဲ့ ကျောင်းသားနှစ်ယောက်ကို လောင်းဒီက ဒေါသမျက်လုံးနဲ့စိုက်ကြည့်လိုက်ချိန်မှာ ကျောင်းသားနှစ်ယောက်ကတော့ တံခါးဝမှာရောက်နေတဲ့ ရှန်ယန်ရှောင်ဆီ အလျှင်အမြန်လှမ်းကြည့်လိုက်ကြပါတယ်။

"ရှန်းဂျူ အထဲဝင်ခဲ့လေ"

ရှန်ယန်ရှောင်ကို မြင်တော့မှသာ လောင်းဒီရဲ့မျက်နှာထားက ကြည်လင်သွားပါတော့တယ်။

"နည်းပြလောင်းဒီ"လို့ ရှန်ယန်ရှောင်က နှုတ်ဆက်လိုက်ပြီး အခန်းထဲဝင်လိုက်ပြီး ဆဲဆိုခံနေရတဲ့ ကျောင်းသားနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။ ဆူပူကြိမ်းမောင်းတဲ့နေရာမှာတော့ လောင်းဒီဟာ တော်တော်ဆိုးဆိုးပါပဲ။

"ဒီရက်ပိုင်းထဲမှာ မင်းနေမကောင်းဖြစ်နေတယ်လို့ မင်းနည်းပြဆီကနေ ငါသိခဲ့ရတယ်ကွ။ အခုရော ဘယ်လိုနေသေးလဲ"

လောင်းဒီက ရှန်ယန်ရှောင်အား ညင်သာပျော့ပျောင်းစွာ မေးမြန်းလိုက်ပုံက စောစောပိုင်းက အသံနဲ့ လားလားမှမဆိုင်တော့ပါဘူး။

အခုလို ခြားနားမှုကြောင့် ကျောင်းသားနှစ်ယောက်လုံးက ချက်ချင်းပဲခေါင်းမော့လိုက်ပြီး ရှန်ယန်ရှောင်အား လှမ်းကြည့်လိုက်ပါတယ်။

သူတို့ရှေ့က ကျောင်းသားဟာ သာမန်ရုပ်ရည်အသွင်အပြင်ပဲရှိပြီး ထူးခြားထက်မြက်တဲ့ပုံစံ တစ်ခုမှမရှိပါဘူး။ ရှန်ယန်ရှောင်ရင်ဘတ်က တံဆိပ်ကို သူတို့မကြာခင်မှာပဲ တွေ့လိုက်ရပါတယ်။ ဒီတံဆိပ်က ကြယ်ပုံစံမျိုး ထောင့်ငါးထောင့်ရှိတာကြောင့် ဒီကျောင်းသားက ပထမနှစ်ကျောင်းသားသစ် တစ်ယောက်သာဖြစ်တယ်ဆိုတာကို သူတို့သိလိုက်ရပါတယ်။

"ကျနော်အခု တော်တော်နေလို့ကောင်းပါပြီဗျ"

သူမက နှာခေါင်းကို ပွတ်ရင်းပြန်ဖြေလိုက်ပါတယ်။ လောင်းဒီရဲ့လေသံအရ သူမကို ပြဿနာရှာမယ့်ပုံ မပေါက်ပါဘူး။

"ကောင်းတာပေါ့ကွာ"လို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ လောင်းဒီကပြန်ပြောလိုက်ပါတယ်။

ရှန်ယန်ရှောင်ဟာ သူတာဝန်ရှိတဲ့အတန်းက ကျောင်းသားမဟုတ်ပေမယ့် ဝင်ခွင့်စာမေးပွဲပြီးတည်းက ဒီကျောင်းသားသစ်အပေါ်မှာ လောင်းဒီ စိုးရိမ်နေခဲ့ပါတယ်။ ရှန်ယန်ရှောင် ဆေးရည်ဖော်စပ်ပြီးတိုင်း သူမရဲ့ နည်းပြဖြစ်သူက ထိုဆေးရည်ကို လောင်းဒီဆီပို့ပေးနေခဲ့လို့ သူမဖော်စပ်တဲ့ ဆေးရည်တိုင်းကို လောင်းဒီတွေ့မြင်ပြီးပြီလို့ ပြောနိုင်ပါတယ်။

ဒါကြောင့်မို့လည်း ရှန်ယန်ရှောင်ရဲ့ ဆေးပညာဗီဇအပေါ်မှာ လောင်းဒီအလွန်အံ့သြခဲ့ရပါတယ်။

ရှန်ယန်ရှောင်ဖော်စပ်ခဲ့တဲ့ ဆေးရည်တိုင်းဟာ လုံးဝကိုပြည့်စုံပြီး လောင်းဒီအနေနဲ့ ပြစ်ချက်တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။

"လေ့လာမှုကအရေးကြီးသလိုပဲ မင်းကျန်းမာရေးကလည်း အရေးပါတယ်လေ ဒါကြောင့်မို့ တအားကြီး အပန်းမခံနဲ့ ဟုတ်ပြီလား"

လောင်းဒီရဲ့ နှုတ်ခမ်းမှာ အလွန်တွေ့ရခဲတဲ့ အပြုံးတစ်ပွင့်ပွင့်လန်းနေပါတယ်။

ရှန်ယန်ရှောင်ကတော့ လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ပါတယ်။ စိတ်ထဲမှာတော့ အလွန်စည်းကမ်းတင်းကြပ်တဲ့ နည်းပြလောင်းဒီကနေ အခုလိုမျိုး နူးညံ့စွာပြောဆိုနေလို့ သူမ ဘာလဲဟဆိုပြီး ဖြစ်သွားခဲ့ပါတယ်။

လူတွေပြောပြောနေကြတဲ့ လူကြမ်းမှာလည်း အသည်းနဲ့ပါဆိုတာ ဒါကိုပြောတာများလားမသိဘူး။

သူမ နည်းနည်းရှက်အမ်းအမ်းဖြစ်သွားရပါတယ်။

ဒီကြောက်စရာအဖြစ်ကို နားထောင်နေရတဲ့ ကျောင်းသားနှစ်ယောက်က ဒီလူက သူတို့သိတဲ့ နည်းပြလောင်းဒီရော ဟုတ်ရဲ့လားလို့ သူတို့ကိုယ်သူတို့ ပြန်မေးလိုက်ကြပါတယ်။ ကျောင်းသားတွေကို တစ်မိနစ်အတွင်းမှာပဲ ဆဲဆိုကြိမ်းမောင်းပြီး နှိပ်စက်တတ်တဲ့ နည်းပြကြီးက ဒီပုဂ္ဂိုလ်ရောဟုတ်ရဲ့လား။

ဟာသတွေမလုပ်စမ်းပါနဲ့ဗျာ။ သူတို့ဆရာက ဘယ်တုန်းကများ ကျောင်းသားတစ်ယောက်ရဲ့ ကျန်းမာရေးကို အလေးစထားခဲ့တာလဲဟ။

သူတို့ဆရာက ဘယ်တော့မှ ကြင်နာတတ်တဲ့သူ မဖြစ်နိုင်ပါဘူး။

"နည်းပြလောင်းဒီက ကျနော့်ကို ဘာလို့ခေါ်ခိုင်းတာလဲမသိဘူးဗျ"

ရှန်ယန်ရှောင်က မေးလိုက်ခြင်းပါ။

လောင်းဒီက ရှန်ယန်ရှောင်ကို အရင်ကြည့်လိုက်ပြီးနောက် သူ့ကျောင်းသားနှစ်ယောက်ကို ကြည့်လိုက်ကာ သက်ပြင်းလေးလေးကြီးတစ်ချက် ချလိုက်ပါတယ်။

"အဲ့ဒါကို ဘေးချိတ်ထားကြဦးစို့ရဲ့။ အရင်ဆုံး မင်းကို ဆေးရည်တစ်မျိုးငါ ဖော်စေချင်တယ်။ အောင်မြင်တယ်ဆိုရင် ဘာလို့ခေါ်ခိုင်းရတာလဲဆိုတာကို ငါပြောပြမယ်လေ"

All Chapters