← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၈)

ဆေးဖော်ရမယ်။ သူမ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရပါတယ် သူမရဲ့ ဆေးပညာအရည်အချင်းက တစ်ကယ်ပဲမြင့်မားနေရင်တောင်မှ သူမဟာ ပထမနှစ်ကျောင်းသားပဲရှိပါသေးတယ်။ သူမနဲ့နှိုင်းယှဉ်မယ်ဆိုရင် လောင်းဒီဟာ ဆေးပညာဌာနရဲ့ လေးစားဖွယ်နည်းပြတစ်ဦးဖြစ်ပြီး အဆိုပါအချက်ကို ထည့်မတွက်ရင်တောင် အကြီးတန်းသမားတော်ဆိုတာကတင် ကျောင်းသားအားလုံးက သူ့ကို လေးစားကိုးကွယ်အောင်လုပ်လို့ရပါတယ်။

အကြီးတန်းသမားတော်က သူမလို ကျောင်းသားသစ်ကို ဆေးရည်ဖော်ခိုင်းဖို့ ခေါ်တာတဲ့လား။

ဖြစ်နိုင်မဖြစ်နိုင် မတွေးဘဲ ခင်ဗျားနေမလားပြောကြည့်။

"ဘာဆေးရည်များလဲမသိဘူးဗျ"

ရှန်ယန်ရှောင်ရင်ထဲမှာတော့ သံသယတွေပြည့်နှက်နေသော်လည်း ကျောင်းသားတစ်ယောက်အနေနဲ့ သူမရဲ့ အပြောအဆိုအနေအထိုင်ကို ထိန်းသိမ်းဖို့တော့ သူမ သတိရပါသေးတယ်။

ကျောင်းသားနှစ်ယောက်ကို လောင်းဒီက နောက်တစ်ခါထပ်ကြည့်လိုက်ပြီးနာက် ဖြေးညင်းစွာပြောလိုက်တာကတော့"သက်ရှူဖုံးကွယ်ဆေးရည်ပဲ"လို့ဖြစ်ပါတော့တယ်။

"သက်ရှူဖုံးကွယ်ဆေးရည်"

ရှန်ယန်ရှောင် နည်းနည်းအံ့အားသင့်သွားပါတယ်။ ဒီဆေးရည်ကို သူမ ကြားသိပြီးဖြစ်ပါတယ်။ ဒီဆေးရည်ဟာ အသုံးပြုသူရဲ့ အသက်ရှူမှုကို လျှော့ချပေးပြီး အတွင်းအားနဲ့မှော်အားကို အချိန်အနည်းငယ်အထိ ဖုံးကွယ်ပေးနိုင်ပါတယ်။ ဒီသက်ရှူဖုံးကွယ်ဆေးရည်ဟာ ထူးခြားတဲ့အခြေအနေမျိုးမှာ အရေးကြီးကိစ္စရပ်တွေကိုင်တွယ်တဲ့အခါမျိုးတွေကျရင် အသုံးပြုတဲ့ အထူးဆေးရည်ဖြစ်ပါတယ်။

နမူနာပြောရမယ်ဆိုရင် ကြေးစားအဖွဲ့တွေက အဆင့်မြင့်မှော်သားရဲတွေနဲ့ နတ်ဆိုးသားရဲတွေကို အမဲလိုက်တဲ့အခါမျိုးမှာ ဒီဆေးရည်ကိုသောက်သုံးကာ မှော်သားရဲနဲ့နတ်ဆိုးသားရဲတွေက သူတို့ကိုရှာမတွေ့အောင် ပြုလုပ်တာမျိုးပေါ့။

သူမအမှတ်မမှားဘူးဆိုရင် သက်ရှူဖုံးကွယ်ဆေးရည်က အလတ်တန်းဆေးရည်ပဲဖြစ်ရမယ်။

လောင်းဒီက သူမကို အလတ်တန်းဆေးရည်ကို ဖော်စပ်ခိုင်းသတဲ့လား။

သူမက လွန်ခဲ့တဲ့နှစ်လကမှ အတန်းစတက်တဲ့ ကျောင်းသားအသစ်စက်စက်လေးလေ။

လောင်းဒီ ခေါင်းညိတ်ကာ ဆက်ပြောလိုက်ပါတယ်။

"ဟုတ်တယ် သက်ရှူဖုံးကွယ်ဆေးရည်ပဲ။ ဒီကျောင်းသားတွေကို ဆေးရည်ဖော်နည်း ငါသင်ပေးနေတာ တစ်လရှိပြီးပြီ။ မင်းလည်း ဆေးရည်တစ်ပုလင်းလောက် စမ်းကြည့်ပေါ့။ မင်း အောင်မြင်ခဲ့ရင် ကျန်တာတွေ ဆက်ပြောမယ် အဲ မဖော်နိုင်ခဲ့ရင်တော့ မင်းပြန်သွားလို့ရပါပြီ"

လောင်းဒီရဲ့ တောင်းဆိုချက်ကြောင့် ရှန်ယန်ရှောင်တစ်ယောက်တင် အံ့အားသင့်တာမဟုတ်ဘဲ ကျောင်းသားနှစ်ယောက်ပါ အံ့သြလွန်းပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။

သက်ရှူဖုံးကွယ်ဆေးရည်ဖော်စပ်ဖို့အတွက် သူတို့ရဲ့ဦးနှောက်တွေကို အသုံးချရလွန်းလို့ ရူးမတတ်ဖြစ်ခဲ့ရတာကို သူတို့ရဲ့ကိုယ်စောင့်နတ်တွေသိပါတယ်။ ဒါပေမယ့် ဒုတိယနှစ်ခရမ်းတန်းရဲ့ ကျောင်းသားအားလုံးထဲမှာမှ ငါးပုံတစ်ပုံလောက်သာ အောင်မြင်ခဲ့တာဖြစ်ပြီး ကျန်လူတွေအားလုံး အချိန်ကုန်လူပန်းပဲ ဖြစ်ခဲ့ရတာပါ။

ကျန်တဲ့ငါးပုံလေးပုံဟာ သက်ရှူဖုံးကွယ်ဆေးရည်ကို ဖော်စပ်ဖို့ကြိုးစားရင်း အသက်တွေထွက်မတတ်ဖြစ်ခဲ့ရပါတယ်။

အခုကျတော့ ဒုတိယနှစ်ခရမ်းတန်းတစ်တန်းလုံးကို နှိပ်စက်ခဲ့တဲ့ဆေးရည်ကို ကျောင်းသားသစ်ကို ဖော်စပ်ဖို့ လောင်းဒီကပြောနေတယ်တဲ့လေ။

သူတို့တွေ ကြောင်သွားတာမဟုတ်ပါဘူးနော် လောင်းဒီသာ ရူးသွားတာပါ။

ရှန်ယန်ရှောင်ကတော့ နည်းနည်းတွန့်နေပါတယ်။ အခုထိတော့ အဆင့်နိမ့်ဆေးရည်တွေဖော်စပ်တဲ့နေရာမှာ သူမအတွက် အခက်အခဲမရှိသေးပေမယ့် အလတ်တန်းဆေးရည်ရဲ့ ခက်ခဲမှုကို သူမ လျှော့မတွက်ရဲပါဘူး။ သူမ အောင်မြင်မယ်လို့ မသေချာပါဘူး။

ဒါပေမယ့် သူမကိုခေါ်ခိုင်းလိုက်တာဟာ တစ်ခုခုဆွေးနွေးစရာရှိလို့ဆိုတာ သေချာပါတယ်။ အခုကျတော့ အဲ့ဒါကို ဘေးဖယ်ထားပြီး သက်ရှူဖုံးကွယ်ဆေးရည်ကို အရင်ဖော်စပ်ခိုင်းနေတာဖြစ်လို့ သူမက ဆေးရည်ကို မဖော်နိုင်ခဲ့ရင် ဆွေးနွေးမယ့်အကြောင်းကို မပြောတော့မှာသေချာပါတယ်။

"နည်းပြလောင်းဒီအနေနဲ့သာ တစ်ခါလောက် နမူနာဖော်စပ်ပြမယ်ဆိုရင် ကျနော် စမ်းကြည့်ချင်ပါတယ်"လို့ ရှန်ယန်ရှောင်က လောင်းဒီအားကြည့်ကာ ပြန်ပြောလိုက်ပါတော့တယ်။

သူမ လုပ်နိုင်မလုပ်နိုင်ကို စမ်းမကြည့်ဘဲနေတာထက်စာရင် စမ်းကြည့်တာက ပိုကောင်းပါတယ်။ သူမ လုပ်နိုင်ရင်လုပ်နိုင်သွားမှာပဲလေ ဘယ်သူပြောနိုင်လို့လဲ မဟုတ်ဘူးလား။

အောင်မြင်ဖို့ ရာခိုင်နှုန်းက တစ်ရာခိုင်နှုန်းပဲရှိရင်တောင် သူမ လက်လျှော့မှာမဟုတ်ပါဘူး။

"ကောင်းပြီလေ"လို့ လောင်းဒီက ကျေနပ်စွာပြောလိုက်ပါတယ်။

"ဆေးဖော်ခန်းကို ငါနဲ့လိုက်ခဲ့"

ကျောင်းသားနှစ်ယောက်ကိုလည်း လိုက်ခဲ့ဖို့ ခေါ်ခဲ့တာကြောင့် သူတို့အားလုံး ဆေးဖော်ခန်းကို အတူသွားခဲ့ကြပါတယ်။ လမ်းတစ်လျှောက်လုံးမှာ ကျောင်းသားနှစ်ယောက်လုံးက လောင်းဒီရဲ့ကျောပြင်နဲ့ သူ့ဘေးနားက ချာတိတ်လေးကိုကြည့်ပြီး သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာတွေက ရှုပ်ထွေးတဲ့အမူအယာတွေဖြစ်နေပါတယ်။

"ဒီကောင်လေးက တစ်ကယ့်ကို ဂမူးရှူးထိုးနိုင်တာပဲကွာ။ သက်ရှူဖုံးကွယ်ဆေးရည်ကို သူဖော်နိုင်မယ်လို့ တစ်ကယ်ပဲတွေးနေသလားမသိဘူး"

ကျောင်းသားတစ်ယောက်က မကျေမနပ်ဖြစ်ကာ ရှန်ယန်ရှောင်အားကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။ လောင်းဒီက သူတို့ကို ဆူပူကြိမ်းမောင်းနေသလိုမဟုတ်ဘဲ ဒီကောင်လေးကို ဂရုတစိုက်နဲ့ပြောဆိုနေတာဖြစ်ပါတယ်။ ဒီလိုကွဲပြားတဲ့ ဆက်ဆံမှုကြောင့် သူတို့စိတ်ထဲမှာ အဆင်မပြေဘူးဖြစ်နေကြပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၆၉)

"သူ့လောက်နဲ့လား ဟာသမပြောစမ်းနဲ့။ ငါတို့အတန်းက ရှန်ဂေါင်းရှောင်တောင် သက်ရှူဆေးရည်ကို အောင်မြင်ဖို့အတွက် တစ်ပတ်အချိန်ယူခဲ့ရသေးတာပဲ။ ဒီကလေးက သက်ရှူဆေးရည်ဖော်စပ်နည်းကို တစ်ခါမြင်ရုံနဲ့တင် လုပ်နိုင်မယ်ဆိုရင် ငါစီးထားတဲ့ဖိနပ်ကိုချွတ်ပြီး ချက်ချင်းမြိုချပစ်လိုက်မယ်"

အဓိပ္ပါယ်မရှိတာမလုပ်စမ်းပါနဲ့။ ဒီကောင်က အခုမှ ကျောင်းတက်တာ လပိုင်းပဲရှိသေးတဲ့ ကျောင်းသားသစ်လေ။ အလတ်တန်းဆေးရည်ကို ဖော်စပ်နည်းတစ်ချက်မြင်ရုံနဲ့ ဖော်နိုင်တယ်ဆိုရင် သူတို့အနေနဲ့ ရေမရှိတဲ့ချောင်း နှာခေါင်းဖော်ပြီး သတ်သေဖို့ပဲကောင်းတော့တယ်။

"ဒီကောင်က ဘယ်လောက်တော်နေလို့ နည်းပြလောင်းဒီက သူ့အပေါ်ဂရုတစိုက်နဲ့ကြင်ကြင်နာနာဆက်ဆံနေတာလဲမသိဘူးကွာ"

"နည်းပြလောင်းဒီက စောစောတုန်းက ဒီကောင်လေးကို ရှန်ဂျူလို့ ခေါ်လိုက်တာ ငါမှတ်မိတယ်။ ဒီနာမည်ကို ငါ ကြားဖူးနေသလိုပဲကွာ။ ကြည့်ရတာတော့ ကျောင်းသားသစ်တွေထဲမှာ အတော်ဆုံးဆိုတာ သူပဲဖြစ်လောက်တယ်ကွ"

"ဒါပေမယ့်လည်း ကျောင်းသားသစ်က ကျောင်းသားသစ်ပဲလေကွာ သူ့အရည်အချင်းက ဘယ်လောက်ထိကောင်းနိုင်မှာမို့လဲဟ"

"ဘယ်လိုနေနေ ငါတို့ဘာလုပ်နိုင်လို့လဲ။ သွားပြီးတော့ ဒီဟာသကို ကြည့်ကြတာပေါ့ကွာ"

သက်ရှူဖုံးကွယ်ဆေးရည်ကြောင့် နှိပ်စက်ညှင်းပန်းခံခဲ့ရသလို သေမလိုဖြစ်ခဲ့ရတဲ့ ကျောင်းသားနှစ်ယောက်ဟာ ရှန်ယန်ရှောင်တစ်ယောက် ဘယ်လိုအရှက်ကွဲမလဲဆိုတာကို စောင့်နေကြပါတော့တယ်။

ဆေးဖော်ခန်းဟာ ဆေးပညာဌာနရဲ့ အရှေ့ဖက်ခြမ်းမှာတည်ရှိပါတယ်။ အကျယ်အဝန်းက ပေသုံးရာ လေးရာပတ်လည်ခန့်ရှိပါတယ်။ ဆေးဖော်ခန်းကြီးထဲမှာတော့ မတူညီတဲ့ဆေးမြစ်ရာချီရှိကာ စားပွဲတွေပေါ်မှာ စီစီရီရီတင်ထားပြီး စားပွဲတိုင်းမှာလည်း ပစ္စည်းကိရိယာတွေကို သပ်သပ်ရပ်ရပ်တင်ထားတာကို တွေ့ရပါတယ်။

အခန်းထဲမှာ အတန်းပြီးသွားပေမယ့် မပြန်ကြသေးဘဲ လေ့ကျင့်နေကြတဲ့ ဒုတိယနှစ်ကျောင်းသားတွေလည်း ရှိနေပါတယ်။

အခန်းထဲကို လောင်းဒီဝင်လာပြီးတဲ့အခါ ပြန့်ကျဲနေတဲ့ ကျောင်းသားတွေက သူတို့ကို တွေ့မြင်လိုက်ကြပါတယ်။

အခန်းထဲမှာရှိနေတဲ့ ကျောင်းသားတော်တော်များများဟာ လောင်းဒီရဲ့အခန်းကဖြစ်ကြပါတယ်။ လောင်းဒီကိုတွေ့လိုက်တာနဲ့ ကြောင်ကိုတွေ့တဲ့ကြွက်လိုဖြစ်သွားကြပြီး လောင်းဒီအား ရိုရိုသေသေနဲ့ လာရောက်နှုတ်ဆက်ကြပါတယ်။

လောင်းဒီလည်း သူတို့ကို တုံ့ပြန်နှုတ်ဆက်ပြီးနောက် ရှန်ယန်ရှောင်ကို ဆရာစားပွဲဆီခေါ်သွားလိုက်ပါတယ်။

ကျောင်းသားတွေက လောင်းဒီနောက်ကနေလိုက်သွားတဲ့ ရှန်ယန်ရှောင်ကို သိလိုစိတ်တွေနဲ့ လိုက်ကြည့်နေကြပါတယ်။

"ဟေး အဲ့ကလေးက ဘယ်ကလဲ နောက်ပြီး ဘာဖြစ်လို့ ငါတို့ဒုတိယနှစ် ဆေးဖော်ခန်းကိုလာရတာလဲဟ"

ဒုတိယနှစ်ကျောင်းသားတစ်ယောက်က အဆူခံထိထားတဲ့ ကျောင်းသားနှစ်ယောက်ကို မေးလိုက်ခြင်းဖြစ်ပါတယ်။

"နည်းပြလောင်းဒီက ဒီကလေးကို သက်ရှူဖုံးကွယ်ဆေးရည်ဖော်ခိုင်းထားတာ"

ကျောင်းသားက အသက်မပါဘဲပြုံးကာ ပြောလိုက်ပါတယ်။

"...သက်ရှူဖုံးကွယ်ဆေးရည်ဖော်ဖို့။ အဲ့ကလေးက အရင်တုန်းက လေ့ကျင့်ထားခဲ့ဖူးလို့လား"

အဖြေစကားကို ကြားလိုက်ရတဲ့ ကျောင်းသားတွေဟာ အေးအေးဆေးဆေးမနေနိုင်ကြတော့ပါဘူး။ ဒုတိယနှစ်ခရမ်းတန်းက ကျောင်းသားတွေတောင် ဒီဆေးရည်ကြောင့် သေမလိုလိုတွေ ဖြစ်ခဲ့ရတယ်လေ အခုကျတော့ မမျှော်လင့်စွာနဲ့ ကျောင်းသားသစ်တစ်ယောက်က ဖော်မလို့တဲ့။ မယုံနိုင်စရာပါပဲ။

"ဒီကျောင်းသားလေးက ဆေးရည်ဖော်မြူလာတောင်မသိတဲ့အပြင် နည်းပြလောင်းဒီကနေပြီး ဆေးရည်တစ်ခါလုပ်ပြပေးဖို့ တောင်းဆိုထားတာကိုတော့ ငါသိတယ်"

"မင်း တစ်ကယ်ပြောနေတာလား"

"မနောက်စမ်းပါနဲ့ကွာ။ တစ်ခါလုပ်ပြတာကို မြင်ရုံနဲ့ ဖော်နိုင်မယ်ဆိုရင် ငါတို့က ဒီကိုလာပြီး အချိန်ကုန်ခံလေ့ကျင့်နေပါ့မလားဟ"

ကြားလိုက်ရတဲ့လူတိုင်းက သူတို့နှစ်ယောက်ပြောတာကို ဟာသလုပ်နေတာလို့ပဲ ထင်လိုက်ကြပါတယ်။

အဲ့ဆေးရည်က အလတ်တန်းအဆင့်ဖြစ်ပြီး သူတို့ရဲ့ အတော်ဆုံးအခန်းဖော်ဖြစ်တဲ့ ရှန်ဂေါင်းရှောင်တောင်မှ ဆေးရည်ဖော်နိုင်ဖို့ အချိန်တစ်ပတ်ကြာခဲ့ပါသေးတယ်။ အခုကျတော့ ဒီကျောင်းသားသစ်လေးက တစ်ခါကြည့်ရရုံနဲ့ ဖော်နိုင်တယ်လို့ ပြောရဲတယ်ပေါ့လေ။ ဒီဟာက သူတို့ကြားခဲ့ဖူးသမျှတွေထဲက အရယ်ရဆုံးဟာသပါပဲ။

မကြာမတင်မှာပဲ ကျောင်းသားတွေက လောင်းဒီနဲ့ ရှန်ယန်ရှောင်တို့အား ဝိုင်းကာကြည့်ရှုပါတော့တယ်။ ရှန်ယန်ရှောင်ကို ကြည့်နေကြတဲ့ သူတို့အကြည့်တွေထဲမှာ သရော်လှောင်ပြောင်မှုတွေနဲ့ နှိမ်တဲ့အရိပ်တွေပါဝင်နေပါတယ်။

သူတို့အားလုံးက ကျောင်းသားသစ်လေး သူ့ကိုယ်သူအရှက်ခွဲမှာကို စောင့်နေလိုက်ကြပါတော့တယ်။

လောင်းဒီကတော့ ကျောင်းသားတွေရဲ့စိတ်ထဲဘယ်လိုဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်ပါဘူး သူဟာ ရှန်ယန်ရှောင်ရဲ့ ဆေးပညာအရည်အချင်း ဘယ်လောက်ရှိလဲဆိုတာကိုပဲ တွေ့မြင်ချင်တာဖြစ်ပါတယ်။

"ငါစတော့မယ်နော် မင်းကို တစ်ခါပဲလုပ်ပြမှာဖြစ်လို့ သေချာကြည့်ထားပါ"

လောင်းဒီအနေနဲ့က ရှန်ယန်ရှောင်ကိုအကြိမ်ရေတစ်ချို့လုပ်ပြပြီး သင်ကြားပေးဖို့စိတ်ကူးထားခဲ့ပေမယ့် ရှန်ယန်ရှောင်က သူ့ကို တစ်ခါပဲလုပ်ပြဖို့ တောင်းဆိုခဲ့တာကြောင့် သူလည်းတစ်ခါပဲ လုပ်ပြတော့မှာဖြစ်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၇၀)

လူတစ်ယောက်မှာ အရည်အချင်းဆိုတဲ့အရာ ရှိမယ်ဆိုရင် တစ်ကြိမ်ဆိုတာ လုံလောက်ပါလိမ့်မယ်။

မဟုတ်ရင်တော့ အကြိမ်ကြိမ်အဖန်ဖန်လေ့လာနေ့လည်း အပိုပါပဲ အကြိမ်တစ်ဆယ်ထက်မနည်းရင်တောင်မှပေါ့လေ။

သူကြီးကြပ်ရတဲ့ ခရမ်းတန်းလိုပေါ့။ တစ်လလောက်ကြာအောင် အကြိမ်ရာချီပြီး လုပ်ပြခဲ့ပေမယ့်လည်း အတန်းထဲက ငတုံးကောင်တွေက သော့ချက်ကို မဖမ်းဆုပ်မိဘူးလေ။

"ဟုတ်ကဲ့"

ခေါင်းညိတ်ပြလိုက်ပြီးနောက် လောင်းဒီရဲ့ လှုပ်ရှားမှုတိုင်းကို သူမက မျက်ခြေမပြတ်စောင့်ကြည့်ပါတော့တယ်။

သက်ရှူဖုံးကွယ်ဆေးရည်ကို အလတ်တန်းအဆင့်ဆေးရည်လို့ သတ်မှတ်ထားခြင်းက သူ့အာနိသင်ကြောင့်တင်မကပါဘူး ဆေးမြစ်ဆယ့်သုံးမျိုးထိပါဝင်တာကြောင့်လည်း ဖြစ်ပါသေးတယ်။ ဒါ့အပြင်လည်း ဝိရောထိဖြစ်နေတဲ့ ဆေးမြစ်လေးမျိုးလည်း ပါဝင်ပါသေးတယ်။ အာရုံစိုက်မှုမဆိုစလောက်လေး လွင့်ပျံ့သွားရင်တောင် ဆေးရည်ကို အချိုးအစားမမျှဖြစ်သွားစေပြီး ကျဆုံးသွားစေနိုင်ပါတယ်။

လောင်းဒီဟာ ဆေးမြစ်တစ်ခုချင်းအပေါ်မှာ အပြည့်အ၀ အာရုံစိုက်ကာ ဆယ့်သုံးမျိုးလုံးကို စားပွဲပေါ်နေရာချလိုက်ပါတယ်။

သူ့လှုပ်ရှားမှုက နှေးကွေးပေမယ့် တွန့်ဆုတ်ထစ်ငေါ့နေတာ မရှိပါဘူး။ သူဟာ ဆေးမြစ်တွေရဲ့ ကနဦးပေါင်းစပ်ခြင်းကို အလွန်ဂရုစိုက်ခဲ့ပါတယ်။

ခွဲခြမ်းခြင်း၊ အနှစ်ထုတ်ယူခြင်း၊ ခြစ်ယူခြင်း အမှုန့်ကြိတ်ခြင်းတွေကို ဂရုတစိုက်လုပ်နေပါတယ်။

အဆင့်တိုင်းကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီးမြောက်ခဲ့ပါတယ်။

ဆေးမြစ်ဆယ့်သုံးမျိုးလုံးကို ပြင်ဆင်တဲ့အပိုင်းပြီးတဲ့နောက်မှာ လောင်းဒီက ဆေးမြစ်တစ်မျိုးကအရည်ကို ဖန်ပုလင်းထဲထည့်လိုက်ပါတယ်။ ပြီးတဲ့အခါ နောက်ထပ်ဆေးမြစ်သုံးမျိုးရဲ့ အရည်ကို ပမာဏမတူညီဘဲ ထပ်ပေါင်းလောင်းထည့်လိုက်ပါတယ်။

မူလက အပြာရောင်ရှိတဲ့ဆေးရည်ဟာ ဆေးမြစ်လေးမျိုးပေါင်းအပြီးမှာတော့ အပြာရင့်ရင့်ဖြစ်သွားပါတယ်။ လောင်းဒီက ဆေးပုလင်းကို လှုပ်ခါပြီးတာနဲ့ မီးအပူပေးပါတော့တယ်။

အပူချိန်က တစ်ဖြည်းဖြည်းမြင့်လာတာနဲ့အမျှ အပြာရင့်ရောင်ဆေးရည်ဟာ အစိမ်းရင့်ရောင်ဖြစ်သွားပါတယ်။ ထိုအခါမှာ နောက်ထပ်ဆေးမြစ်တွေကို ပေါင်းစပ်ထည့်လိုက်ပါတော့တယ်။

ရှန်ယန်ရှောင်က လောင်းဒီရဲ့ လုပ်ဆောင်ချက်တိုင်းကို ဂရုတစိုက်ကြည့်ရှုနေခဲ့ပါတယ်။

အကြီးတန်းသမားတော်ဖြစ်တဲ့ လောင်းဒီအနေနဲ့ အလတ်တန်းအဆင့်ဆေးရည်တွေကို ဖော်စပ်တဲ့နေရာမှာ အလွန်ကျွမ်းကျင်တယ်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုလုပ်ဆောင်ချက်တိုင်းက လုံးဝကြီးကို ပြည့်စုံသပ်ရပ်နေပါတယ်။

လောင်းဒီဟာ ဆေးမြစ်တွေကို ရောစပ်တဲ့နေရာမှာ အလွန်ပါးနပ်တာကို သူမ သတိထားမိခဲ့ပါတယ်။ အပူချိန်ပြောင်းလာတာနဲ့ ဖန်ပုလင်းထဲက ဆေးရည်ဟာလည်း ပြောင်းလဲမှုတွေဖြစ်ပါတယ်။ ပြောင်းလဲနေတုန်းမှာ တစ်ခြားဆေးမြစ်ပစ္စည်းကို ထည့်သွင်းခြင်းက ဆေးမြစ်တွေအချင်းချင်း ပဋိပက္ခဖြစ်ခြင်းကနေ ရှောင်ရှားနိုင်ပါတယ်။ ပေါင်းစပ်ခြင်းဖြစ်စဉ်ကိုလည်း ပိုမိုအကျိုးများစေပါသေးတယ်။

ပါဝင်ပစ္စည်းတစ်ခုတိုင်းကို ဘယ်အချိန်မှာထည့်ရမလဲဆိုတဲ့ ချိန်သားကိုက်မှုဟာ ဆေးရည်ဖော်စပ်ခြင်းမှာ အလွန်အရေးကြီးပါတယ်။

ဘေးမှာရှိနေတဲ့ ခရမ်းတန်းကျောင်းသားတွေကလည်း ကြည့်ရှုနေကြပါတယ်။ လောင်းဒီက သူတို့ကို သက်ရှူဖုံးကွယ်ဆေးရည်ဖော်စပ်ခြင်းရဲ့ အစီအစဉ်ကို သက်ကြားခဲ့ပြီးဖြစ်ကာ သူတို့အနေနဲ့လည်း လုပ်ဆောင်ချက်တိုင်းရဲ့ အချက်အလက်တွေအားလုံးကို နှလုံးသည်းပွတ်ထဲထိ မှတ်မိနေကြပေမယ့် အဓိကသော့ချက်ကို မဖမ်းကိုင်နိုင်သေးလို့ အမြဲတမ်းကျရှုံးနေကြဆဲဖြစ်ပါတယ်။

နာရီဝက်တိတိကြာမြင့်ပြီးတဲ့နောက် လူတိုင်းရဲ့ မျက်လုံးအောက်မှာပဲ အဝါရောင်တောက်တောက် သက်ရှူဖုံးကွယ်ဆေးရည်တစ်ပုလင်း ထွက်ပေါ်လာပါတော့တယ်။

လောင်းဒီက ပြီးဆုံးသွားတဲ့ ဆေးပုလင်းကို ဘေးမှာထားလိုက်ပြီး လက်တွေကိုသုတ်သင်ပြီးနောက်မှာ ရှန်ယန်ရှောင်ကို ကြည့်လိုက်ပါတယ်။

"မင်း သေသေချာချာမြင်တွေ့ခဲ့သလား"

အလတ်တန်းအဆင့်ဆေးရည်ဖော်စပ်ရတာက သူ့အတွက် လွယ်ကူလှသော်လည်း ရှန်ယန်ရှောင်အနေနဲ့ အဆင့်တိုင်းကို ရှင်းလင်းစွာမြင်တွေ့စေရန်အတွက် သူက အဆင့်တိုင်းကို သေသပ်ပြည့်စုံစွာ လုပ်ဆောင်ပြခဲ့တာဖြစ်ပါတယ်။

"မြင်တယ်လို့ ထင်ပါတယ်"လို့ သူမက ပြုံးရင်း ဖြေလိုက်ပါတယ်။

"ကောင်းပြီလေ အဲ့ဒါဆိုလည်း ကြိုးစားလုပ်ကြည့်ပါ"

လောင်းဒီလည်း စားပွဲကနေဖယ်ပေးလိုက်ပြီး ရှန်ယန်ရှောင်အသုံးပြုရန်အတွက် ဆေးမြစ်တွေကို ပိုပိုသာသာထားပေးလိုက်ပါတယ် သူမရဲ့ ပထမဆုံးလုပ်ဆောင်မှု မအောင်မြင်တာ မဖြစ်စေရန်အတွက်ပါပဲ။

ရှန်ယန်ရှောင်လည်း မငြင်းပယ်ခဲ့ပါဘူး။ သူမက စားပွဲဆီကို သွားလိုက်ပြီးနောက် ဆေးဖော်ရာမှာသုံးတဲ့ ပစ္စည်းပစ္စယတွေကို ကြည့်လိုက်ပါတယ်။ သူမက ဆေးဖော်ဖို့ လောမနေဘဲ လောင်းဒီလုပ်ပြခဲ့တာတွေကို စိတ်ထဲမှာ ပြန်တွေးမြင်ကြည့်လိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ နှေးကွေးမှုကို ကြည့်မြင်နေကြတဲ့ ကျောင်းသားတွေက တီးတိုးတီးတိုး သဖန်းပိုးလုပ်ကြပါတော့တယ်။

"ငါပြောမယ် ဒီကလေးက လူအလေးပဲ။ သက်ရှူဖုံးကွယ်ဆေးရည်ဖော်စပ်ရတာ ဘယ်လောက်ခက်လဲဆိုတာကို သူကိုယ်တိုင် တွေ့ခဲ့ပြီးပြီနော်။ ငါ့အထင်တော့ သူက ရူးနှမ်းနှမ်းဖြစ်နေပုံပဲ"

"သူက သူ့ကိုယ်သူ အဟုတ်ကြီးထင်နေတာ အသိသာကြီးပါကွာ။ လူတိုင်းက အလတ်တန်းဆေးရည်ကို ဖော်စပ်နိုင်တယ်လို့များ သူတစ်ကယ်ထင်နေတာလားမသိဘူး။ ဖော်စပ်ပုံကို တစ်ခါကြည့်ပြီးတာနဲ့ သူဖော်နိုင်တယ်လို့ ပြောရဲလိုက်သေးတယ်။ ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲကွာ"

All Chapters