အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၇၁)
သူတို့မျက်လုံးတွေထဲမှာ အထင်သေးစက်ဆုပ်မှုတွေနဲ့ ရှုံ့ချလိုမှုတွေရှိနေပြီး ဒီကျောင်းသားအားလုံးက ရှန်ယန်ရှောင်ကို ဟာသတစ်ခုအဖြစ်သာ သတ်မှတ်ထားကြပါတယ်။
သူတို့အနေနဲ့ ဒီကျောင်းသားသစ်လေးက ဘာလုပ်မလဲဆိုတာကို တွေ့မြင်နေကြပါပြီ။
ရှန်ယန်ရှောင်က လောင်းဒီလုပ်သွားတာအားလုံးကို ပြန်တွေးပြီးတာနဲ့ ဆေးမြစ်ဆယ်ခုမကကို တိကျစွာလိုက်လုပ်ခဲ့ပါတယ်။
သူမက လုပ်ဆောင်ချက်တိုင်းကို သွက်လက်စွာလုပ်ခဲ့ပါတယ်။ လောင်းဒီလုပ်တာနဲ့ယှဉ်ရင် သူမလက်လှုပ်ရှားမှုမြန်ဆန်ပုံက ကြည့်နေသူတိုင်းကို ထိတ်လန့်စေခဲ့ပါတယ်။
ဘေးမှာရှိတဲ့ လောင်းဒီလည်း ရှန်ယန်ရှောင်ရဲ့ မြန်ဆန်တဲ့လှုပ်ရှားချက်ကို တွေ့တာနဲ့ စိတ်ပျက်သွားခဲ့ပါတယ်။ ဆေးမြစ်တွေကိုအသုံးပြုတဲ့နေရာဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အာရုံနည်းနည်းလွင့်တာနဲ့ကို သေစေလောက်တဲ့ အမှားကြီးဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ရှန်ယန်ရှောင်ရဲ့ လှုပ်ရှားမှုတွေက အလွန်အမင်းလျှင်မြန်နေတာကြောင့် ဆေးမြစ်အားလုံးကို ပြည့်စုံကောင်းမွန်စွာ ပြင်ဆင်လုပ်ဆောင်ထားခြင်းရှိမရှိကို သိဖို့ခက်ပါတယ်။
ဒီအငယ်ကောင်လေးက ဘာဖြစ်သွားတာလဲ။ သူပြုလုပ်ခဲ့တဲ့ ဆေးရည်တိုင်းက လုံးဝကိုပြည့်စုံကောင်းမွန်နေပြီး အခုကျတော့ ဘယ်လိုဖြစ်လို့ သူဆေးရည်စပ်နေပုံက လူတွေကို ထခုန်မတတ်လန့်စေတာတုန်း။ သူကများ အလွန်အမင်း မျှော်လင့်ထားခဲ့မိတာဖြစ်နေမလား။ ကြည့်ရတာတော့ အလတ်တန်းဆေးရည်တွေက ကျောင်းသားသစ်တွေအတွက် တစ်ကယ့်ကိုခက်ခဲစေတာပါလား။
ရှန်ယန်ရှောင်ကြောင့် လောင်းဒီချွေးစေးတွေ ထွက်လာရပါတယ်။ ဘေးကနေကြည့်နေတဲ့ ကျောင်းသားတွေလည်း ရှန်ယန်ရှောင်ရဲ့ မြန်ဆန်သွက်လက်လှတဲ့ လက်လှုပ်ရှားမှုကြောင့် ဗိုက်အောင့်လာတဲ့အထိကို ရယ်မောမိကြပါတော့တယ်။
ဒါပေမယ့် ခဏအကြာမှာတော့ ဘယ်သူမှ မရယ်နိုင်ကြတော့ပါဘူး။
ရှန်ယန်ရှောင်၏လှုပ်ရှားမှုတွေက အလွန်မြန်သော်လည်း သူမလက်ထဲက ဆေးမြစ်တွေဟာ ပျက်စီးတာဖရိုဖရဲဖြစ်နေတာ တစ်ခုမှမရှိဘဲ အဲ့ဒီအစား ကောင်းစွာကြေညက်နေတဲ့ ဆေးမှုန့်တို့ သန့်စင်သောအရည်တို့အဖြစ် ဆေးနည်းအတိုင်း ထွက်ပေါ်လာကြပါတော့တယ်။ ကျောင်းသားတွေအနေနဲ့ ပြည့်စုံကောင်းမွန်သော သက်ရှူဖုံးကွယ်ဆေးရည်ကို မပြုလုပ်နိုင်ကြသော်ငြားလည်း ပါဝင်သောဆေးမြစ်တွေအကြောင်းကိုတော့ ကောင်းကောင်းကြီးနောကြေကြသူတွေပါ။ လောင်းဒီပြင်ဆင်ပြုလုပ်ချိန်ရဲ့ သုံးပုံတစ်ပုံခန့်သာ ကြာညောင်းခဲ့ပေမယ့် သူမပြုလုပ်ထားတဲ့ ဆေးမြစ်ဆယ့်သုံးမျိုးလုံးရဲ့ အနေအထားဟာ လောင်းဒီပြုလုပ်ထားစဉ်ကအတိုင်းပါပဲ။
ရှန်ယန်ရှောင် ပြင်ဆင်လိုက်တဲ့ ဆေးမြစ်ဆယ့်သုံးမျိုးလုံးကို မြင်တွေ့လိုက်ရတဲ့ လောင်းဒီဟာ အမှားတစ်ချက်တောင် မတွေ့ခဲ့ရလို့ အလွန်အမင်းအံ့သြသွားခဲ့ပါပြီ။
သူမပြုလုပ်ပုံကိုကြည့်ရတာဟာ ဆေးမြစ်တွေကို ဒီလိုကိုင်တွယ်ပြင်ဆင်ခြင်းဟာ ပထမဆုံးဖြစ်ဟန်မတူပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုကျင်လည်ပုံမျိုးအရ အကြိမ်ပေါင်းရာချီပြီးတော့ ပြုလုပ်ဖူးမှသာလျှင် ဖြစ်နိုင်မှာပါ။
ဒါပေမယ့် ရှန်ယန်ရှောင်က ကျောင်းသားသစ်တစ်ယောက်ဖြစ်လို့ သက်ရှူဖုံးကွယ်ဆေးရည်ဖော်စပ်နည်းကို အရင်တည်းက သိထားဖို့ကလည်း မဖြစ်နိုင်ပါဘူး။
အံ့အားသင့်ခဲ့ရတဲ့ လောင်းဒီဟာ ရှန်ယန်ရှောင်ရဲ့ နောက်ထပ်လုပ်ဆောင်မှုတွေကို ဆက်ကြည့်နေခဲ့ပါတယ်။
ရှန်ယန်ရှောင်ဟာ ဆေးရည်ရောစပ်ဖို့အဆင့်ကိုရောက်နေပြီဖြစ်ကာ သူမရဲ့ လက်အလျင်နှုန်းကတော့ တစ်စက်လေးမှ လျော့နည်းမသွားခဲ့သေးပါဘူး။ ဆေးမြစ်ရည်ကို ဖန်ပုလင်းထဲထည့်လိုက်ပေမယ့် ဒုတိယဆေးမြစ်ရည်ကိုတော့ မထည့်သေးပါဘူး။ နောက်ပိုင်းမှ ထည့်ရမယ့် ဆေးမှုန့်ကိုပဲ အရင်ရောစပ်လိုက်ပါတယ်။
လောင်းဒီဟာ သူ့နှလုံးသားက အပြင်ကိုခုန်ထွက်သွားတော့မလို ဖြစ်သွားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပါပဲလေ တစ်ကြိမ်တစ်ခါပဲ လုပ်ပြခဲ့တာကြောင့် အဆင်မပြေတော့ပါဘူး။ သူမက ဆေးမြစ်တွေရဲ့ အစီအစဉ်ကို တစ်လွဲမှတ်ထားခဲ့ပြီပဲ။
သို့ပေမယ့်လည်း ရှန်ယန်ရှောင်ကတော့ သူမ ဘာမှမမှားတဲ့အတိုင်းနဲ့ တစ်ခြားဆေးမြစ်တွေကိုလည်း ဖန်ပုလင်းထဲသို့ ဆက်လက်ပေါင်းထည့်ပြီးတဲ့နောက်မှာ မီးဖိုပေါ်တင်လိုက်ပါတော့တယ်။
လောင်းဒီကတော့ ဆက်လက်ကြည့်ရှုနိုင်စွမ်း မရှိတော့ပါဘူး။ ရှန်ယန်ရှောင်လုပ်သမျှတွေက ဆက်တိုက်မှားယွင်းနေခဲ့လို့ ပါဝင်ရမယ့်ဆေးမြစ်အားလုံးကို ဖန်ပုလင်းထဲမှာ ပေါင်းထည့်လိုက်ရင်တောင် စစ်မှန်တဲ့ သက်ရှူဖုံးကွယ်ဆေးရည် ရရှိနိုင်ဖို့ ခက်ခဲပါတယ်။
ကျောင်းသားတွေဟာလည်း ထည့်ရမယ့်အစီအစဉ်ကို မှတ်မိကြတာကြောင့် သူမ အမှားစလုပ်တဲ့အခါမှာ လောင်းဒီရဲ့မျက်နှာလည်း ပျက်ယွင်းသွားလို့ အားလုံးက သရော်တော်တော်အပြုံးတွေ နှုတ်ခမ်းပေါ်မှာ ချိတ်ဆွဲကြပါတော့တယ်။
"ငါပြောတဲ့အတိုင်းပါပဲကွာ ဒီချာတိတ်က ဘာမှမဟုတ်ပါဘူးလို့ ကြည့်ပါလား အခုလည်းထည့်ရမယ့်အစဉ်ကို တလွဲလုပ်လိုက်တာပဲ"
"သူက ဒီနေရာမှာ ပေါက်ကွဲမှု ပြုလုပ်မလားဆိုတာကို ငါလည်းသိချင်သေးတယ်"
ရှန်ယန်ရှောင်ရဲ့ ဆေးရည်ပြီးဆုံးတဲ့အခါမှာ လောင်းဒီကနေ ဒီကလေးကို ဘယ်လိုဆူပူပြောဆိုမလည်းဆိုတာကို သူတို့ သိချင်နေကြပါပြီ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၇၂)
ရှန်ယန်ရှောင်က ထည့်ရမယ့်အစဉ်အား မှားယွင်းခဲ့လို့ လောင်းဒီက ဆက်ကြည့်လိုစိတ်မရှိတော့ပါဘူး။
ဒါပေမယ့်လည်း စိတ်အာရုံစူးစိုက်ပြီး ဆေးဖော်နေတဲ့ ရှန်ယန်ရှောင်ပုံကိုကြည့်လိုက်မိပြီး သူမကို မတားတော့ဘဲနဲ့ စောင့်နေခဲ့ပါတယ်။
မကြာခင်မှာပဲ အဝါရောင်ဆေးရည်တစ်ပုလင်းက လူတိုင်းရဲ့အကြည့်အောက်မှာပဲ ပေါ်ထွက်လာပါပြီ။ သူမလည်း သက်ပြင်းချလိုက်မိပြီးနောက် ဆေးရည်ပုလင်းအား ဇဝေဇဝါဖြစ်နေဟန်ပေါက်တဲ့ လောင်းဒီထံ ကမ်းပေးခဲ့တယ်။
လောင်းဒီလည်း ဆေးပုလင်းကို ခပ်သွက်သွက်ယူလိုက်ရင်း ရှန်ယန်ရှောင်ကို အကဲခတ်လိုက်တယ်။
သူမပြုလုပ်လိုက်တဲ့ ဆေးရည်ဟာ သူလုပ်ထားတဲ့ဆေးရည်အတိုင်း အရောင်တောက်ပနေပါတယ်။ ဒါပေမယ့်လည်း သူမ ဘယ်လိုမှားယွင်းခဲ့တယ်ဆိုတာကို သူကိုယ်တိုင် မြင်တွေ့ခဲ့တာကြောင့် ဒီဆေးရည်ဟာ လုံးဝပြည့်စုံကောင်းမွန်မယ်လို့ ယုံကြည်မှုမရှိပါဘူး။
ဆင်တူယိုးမှားဖြစ်နေတာလားမသိ....
ဆေးပုလင်းကို သူ့နှာခေါင်းဝသို့ထားလိုက်ပြီး အနံ့ခံကြည့်လိုက်တဲ့အခါမှာ ရင်းနှီးနေတဲ့ ဆေးရည်နံ့က သူ့ဦးနှောက်ဆဲလ်တွေထဲထိ ရောက်ရှိသွားပါတယ်။
"ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်....."
ဆေးရည်ပုလင်းကိုင်ထားတဲ့ သူ့လက်ကို လောင်းဒီစိုက်ငေးကြည့်နေမိပါတယ်။
သက်ရှူဖုံးကွယ်ဆေးရည်ရဲ့ အနံ့ကို သူတော်တော်ရင်းနှီးတာကြောင့် အခုသူ့လက်ထဲက ဆေးရည်ရဲ့ အနံ့ဟာ စစ်မှန်ကောင်းမွန်တဲ့ သက်ရှူဖုံးကွယ်ဆေးရည်နံ့ဆိုတာ သူသိသွားခဲ့ပါပြီ။
ဒါပေမယ့် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှန်ယန်ရှောင်တစ်ယောက် ဆေးဖော်စပ်ချိန်မှာ ဆေးမြစ်တွေကို အစီအစဉ်တကျမထည့်ခဲ့လို့ ဆေးမြစ်တွေရဲ့အာနိသင်ပျက်ပြယ်သွားစေမှာပါ။ ဒါကြောင့် သူမအနေနဲ့ သက်ရှူဖုံးကွယ်ဆေးရည်ကို ဖော်စပ်နိုင်ဖို့က လုံးဝကို မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် သူ့လက်ထဲမှာကိုင်ထားတဲ့ ဆေးပုလင်းရဲ့ အဆင်းရောအနံ့ရောဟာ သူပြုလုပ်ခဲ့တဲ့ ဆေးရည်အတိုင်း တစ်သွေမတိမ်း တူညီနေပါတယ်။
နောက်ပြီးတော့လည်း ဒီဆေးရည်ရဲ့ သန့်စင်မှုက သူဖော်စပ်ခဲ့တာထက်တောင် ပိုကောင်းမွန်နေပါသေးတယ်။
ရှန်ယန်ရှောင်ကို ကြည့်နေတဲ့ လောင်းဒီရဲ့ အကြည့်ဟာ ပိုရှုပ်ထွေးလာခဲ့တယ်။
"ပါဝင်ဆေးမြစ်တွေကို ရောစပ်လိုက်တုန်းက အမှားကြီးကျူးလွန်ခဲ့တယ်ဆိုတာကို မင်းသိသလား" လို့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ရင်း ရှန်ယန်ရှောင်အား လောင်းဒီက မေးမြန်းလိုက်ပါတယ်။
"နည်းပြလောင်းဒီ ပါဝင်ဆေးမြစ်တွေရဲ့ ရောစပ်ရမယ့် အစီအစဉ်ကို ပြောင်းလဲခဲ့တာကိုပြောတာလား"လို့ ရှန်ယန်ရှောင်က ပြုံးရယ်ရင်း သူမက ပြန်ပြောပါတယ်။
"အဲ့ဒါကိုပြောတာ ဟုတ်တယ်"
ခေါင်းညိတ်ပြီး လောင်းဒီကဖြေပါတယ်။ ဒီသက်ရှူဖုံးကွယ်ဆေးရည်က တစ်ကယ်ကောင်းမွန်မှန်ကန်တဲ့ ဆေးရည်ဟုတ်မဟုတ်ဆိုတာကို လောင်းဒီ မသေချာဘူးဖြစ်နေပါတယ်။
ရှန်ယန်ရှောင် ပုခုံးတွန့်ရင်း ပြန်ဖြေလိုက်တယ်။
"အချက်အရကတော့ ကျနော်ထည့်သွင်းလိုက်တဲ့ ဆေးမြစ်တွေရဲ့ အစီအစဉ်က အဲ့ဆေးမြစ်တွေကို ပိုပြီး သဟဇာတဖြစ်စေရုံသာမကဘဲ သူတို့ရဲ့ ဆေးအာနိသင်တွေကို ပိုမိုကောင်းမွန်စေဖို့ပါ။ နည်းပြလောင်းဒီရဲ့ ဆေးမြစ်ပေါင်းစပ်တဲ့ အစီအစဉ်က သဟဇာတဖြစ်စေပေမယ့်လည်း အဲ့ဒီထဲမှာ အချင်းချင်းအပြင်းအထန် ဝိရောဓိဖြစ်တဲ့ ဆေးမြစ်လေးခုပါတယ်လေ။ အဲ့ဒီတော့ သူတို့ရဲ့အလေးချိန်ကို ရာနှုန်းပြည့်မချိန်ဆနိုင်ရင် ဆေးရည်က ပျက်စီးသွားမှာပေါ့"
အသိအမှတ်ပြုတဲ့အနေနဲ့ လောင်းဒီက အင်းသံပြုလိုက်ပါတယ်။ ဒီသက်ရှူဖုံးကွယ်ဆေးရည်မှာ ဝိရောဓိဖြစ်တဲ့ ဆေးဖက်တွေပါဝင်တယ်ဆိုတာ လူသိများပါတယ်။ ဒီအချက်ကြောင့်လည်း ဒီဆေးရည်ကို ဖော်စပ်ဖို့ ခက်ခဲစေတာဖြစ်ပါတယ်။
ဒါပေမယ့် ဒါနဲ့ဘာဆိုင်လို့လဲ။
လောင်းဒီရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတဲ့ ရှန်ယန်ရှောင်က ဆက်ပြောခဲ့တယ်။
"နည်းပြလောင်းဒီ ထည့်သွင်းခဲ့တဲ့ အဲ့ဒီဆေးမြစ်တွေရဲ့ ပမာဏကို ကျနော်သေသေချာချာ တွေ့မြင်ခဲ့ပေမယ့် အခုဆေးရည်ဖော်စပ်တာက ကျနော့်အတွက် ပထမဆုံးအကြိမ်ဖြစ်လို့ သိပ်တော့မသေချာဘူးလေ။ ဒါကြောင့်မို့ ပါဝင်တဲ့ဆေးဖက်တွေရဲ့ အစီအစဉ်ကို ပြောင်းလိုက်ပြီးတော့ ဝိရောဓိဖြစ်နေတဲ့ ဆေးမြစ်လေးခုကို ခွဲထုတ်ပြီး တစ်ခြားဆေးမြစ်တွေကို အဲ့ဆေးမြစ်လေးခုစီမှာ အရင်ရောစပ်လိုက်ပါတယ်။ အဲ့နည်းနဲ့ ဆေးစွမ်းကိုမပျက်စေတဲ့အပြင် ဝိရောဓိဖြစ်မှုကိုလည်း လျှော့ချနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့ပေါင်းစပ်သွားချိန်မှာ အချင်းချင်းအပြင်းအထန်မတိုက်ကြတော့ဘဲ ဆေးဖော်ရတာကို ပိုလွယ်သွားစေပါတယ်"
ဖော်စပ်ခြင်းရဲ့ အစီအစဉ်ကိုပြောင်းလဲလိုက်ခြင်းက တစ်ခြားလူတွေပြောဆိုကြမှာကို သူမ သိထားပေမယ့် ရှန်ယန်ရှောင်ဂရုမစိုက်ပါဘူး။ သူမက ရည်ရွယ်ချက်အောင်မြင်ဖို့ကိုပဲ အလေးထားပါတယ်။ တစ်ခြားသူတွေရဲ့ အမြင်ကြောင့် သူမ တုပ်နှောင်ခံရမှာကို မလိုချင်ပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၇၃)
ပါဝင်ပစ္စည်းတွေရဲ့ အစီအစဉ်ကို ပြောင်းလဲခြင်းအား ဆေးပညာအတန်းမှာ သင်ကြားလေ့ကျင့်တည်းက တွေးမိထားတာပါ။ ဒီနည်းလမ်းက မခဲယဉ်းပေမယ့် ဆေးမြစ်တွေအကြောင်းကို လုံးဝနားလည်ကျေညက်နေဖို့တော့ လိုတာပေါ့။ မဟုတ်ရင် ဆေးရည်ပျက်စီးသွားမှာဖြစ်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးသွားတဲ့အခါ လောင်းဒီ၏မျက်နှာပေါ်မှာ မယုံနိုင်ဟန် အထင်းသားဖြစ်ပေါ်နေခဲ့တယ်။
အစီအစဉ်ကိုပြောင်းလဲပြီး ဆေးရည်ဖော်တာကို ပိုပြီးလွယ်စေတယ်တဲ့။
ဒီလို ရူးနှမ်းနှမ်းအတွေးအခေါ်ကို သူမက တစ်ကယ်အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။
ပထမဆုံးအနေနဲ့ ဆေးမြစ်ဆယ်မျိုးအထက်ကို သပ်သပ်ရပ်ရပ်ပေါင်းစပ်စေဖို့ဆိုတာ အသာထား ပါဝင်ရမယ့် ပမာဏကို မလွဲချော်စေဖို့ကတင် သမားတော်အတော်များများကို ဒုက္ခပေးနေတာပါ။
ဒီနည်းလမ်းက ဆေးမြစ်တွေအချင်းချင်း ဝိရောဓိဖြစ်စေတာကို လျှော့ချပေးပေမယ့် ပါဝင်ရမယ့်ဆေးမြစ်တွေရဲ့ ပမာဏနဲ့ သူတို့ရဲ့ ဂုဏ်သတ္တိတွေကို နားလည်ဖို့ဆိုတာက စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။
အကြီးတန်းသမားတော်ဖြစ်တဲ့ လောင်းဒီတောင် ဒီနည်းလမ်းကိုစမ်းသပ်ကြည့်ဖို့ ချီတုံချတုံဖြစ်နေမှာပါ။
သမားတော်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ဒီလိုမျိုးအရည်အချင်းရှိတဲ့ သမားတော်တွေဆိုလို့ လက်တစ်ဆုပ်စာလောက်ကိုသာ လောင်းဒီတွေ့မြင်ခဲ့ဖူးတာဖြစ်ပြီး အဆိုပါသမားတော်တွေအားလုံးကလည်း သမားတော်ကြီးအဆင့်ရှိကြတဲ့ ဉာဏ်ကြီးရှင်တွေချည်းပါပဲ။ ဆေးပညာကို နှစ်ပေါင်းများစွာ ကျားကုပ်ကျားခဲ ကြိုးစားလေ့လာခဲ့ပြီးမှသာလျှင် ပါဝင်ဆေးဖက်တွေရဲ့ အစီအစဉ်ကို ပြောင်းလဲနိုင်စွမ်းရှိမှာပါ။ မဟုတ်ရင် ဆုံးရှုံးမှုက ပိုများမှာဖြစ်တယ်။
ရှန်ယန်ရှောင်က ဘယ်လောက်ရှိသေးမှာလဲ။ သူမက ဆယ့်သုံးနှစ်ပဲရှိသေးတဲ့အပြင် ဆေးပညာဌာနကို ရောက်တာကလည်း လပိုင်းပဲရှိသေးတာလေ။ သူမက ပါရမီရှင်ဆိုရင်တောင် သမားတော်ကြီးအဆင့်ကိုရောက်ဖို့ကတော့ လုံးဝကိုမဖြစ်နိုင်ပါဘူး။ မွေးကင်းစတည်းက ဆေးပညာကို လေ့လာခဲ့ရင်တောင် သောင်းချီပြီးရှိတဲ့ ဆေးမြစ်တွေအားလုံးရဲ့ အကြောင်းကိုတော့ အကုန်မှတ်မိနေဖို့ မဖြစ်နိုင်ပါဘူးနော်။
လောင်းဒီအဖို့ ရှန်ယန်ရှောင်ပြောခဲ့တာတွေကို လက်ခံယုံကြည်ဖို့ ခဲယဉ်းနေပါတယ်။ သူမပြောတာ မှန်နေရင် ဆေးမြစ်တွေအကြောင်းကို သူမ နားလည်ထားမှုဟာ သမားတော်ကြီးတွေနဲ့ တစ်တန်းတည်းမှာရှိနေပါပြီ။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း..
လောင်းဒီရဲ့ အသက်ရှူနှုန်းက ပိုပိုမြန်လာပါတယ်။ ရှန်ယန်ရှောင်ရဲ့ ဆေးရည်အောင်မြင်မမြင်ကို သိဖို့အတွက် သူ ဆေးရည်ကို သောက်ချလိုက်ပါတော့တယ်။[မကြောက်မရွံ့ပါလား ကိုကိုလောင်းဒီရယ်]
ဘေးမှာရှိတဲ့ ကျောင်းသားတွေက လောင်းဒီဆေးသောက်ချလိုက်တာကို မြင်လိုက်တဲ့အခါ အကုန်လန့်သွားကြပါတယ်။
နည်းပြလောင်းဒီတော့ ရူးသွားပြီပဲဟ။ သူက မအောင်မြင်တဲ့ ဆေးရည်ကို တစ်ကယ်ကြီးသောက်ချလိုက်တယ်။
နောက်များမကြာမီမှာတော့ ကျောင်းသားတွေရဲ့ မျက်နှာတွေဟာ ထူးဆန်းစွာ ပြောင်းလဲသွားပါတော့တယ်။
လောင်းဒီက သူတို့နဲ့ ခြေဆယ်လှမ်းလောက်အကွာမှာပဲ ရပ်နေတာဖြစ်ပေမယ့် လောင်းဒီရဲ့ အသက်ရှူသံကို သူတို့မကြားတော့ပါဘူး။ သူတို့မျက်လုံးတွေသာ ပိတ်လိုက်မယ်ဆိုရင် လောင်းဒီမရှိသလိုဖြစ်သွားမှာပါ။
အသက်ရှူသံကို ပြည့်ပြည့်၀၀ဖုံးကွယ်နိုင်ခြင်းဟာ သက်ရှူဖုံးကွယ်ဆေးရည်ရဲ့ သက်ရောက်မှုပါပဲ။
လောင်းဒီ ကြည့်တိကြက်တဲ့ဖြစ်သွားခဲ့ပါတယ်။ သူသောက်လိုက်တာက သက်ရှူဖုံးကွယ်ဆေးရည်အမှန်အကန်ကြီးပေါ့။
ရှန်ယန်ရှောင်ရဲ့ စကားတွေက အမှန်တွေပေါ့။ သူမက အစီအစဉ်ကိုပြောင်းလိုက်ပြီး ဆေးရည်ကိုဖော်စပ်နိုင်ပြီပဲ။
"ဘာဖြစ်သွားတာတုန်း။ အဲ့ကောင်က ဆေးရည်ကို အောင်အောင်မြင်မြင်ဖော်နိုင်ခဲ့တာလို့တော့ ငါ့ကိုမပြောနဲ့နော်"
လောင်းဒီရဲ့ အသက်ရှူသံပြောင်းလဲတိုးညှင်းသွားတာဟာ ဆေးရည်သောက်လို့ဖြစ်တယ်ဆိုတာကို ကျောင်းသားတစ်ချို့တစ်ဘောပေါက်သွားလို့ တစ်ခုခုလွဲနေပြီဆိုတာ ရိပ်မိသွားကြပါတယ်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ သူက ဆေးမြစ်တွေကို အစီအစဉ်အတိုင်းမထည့်တာကို ငါကိုယ်တိုင် ရှင်းရှင်းကြီးတွေ့လိုက်တာကို"
ကျောင်းသားတွေရဲ့ မျက်လုံးတွေမှာ မယုံနိုင်ဟန်တွေ အထင်းသားနဲ့ပါ။ ရှန်ယန်ရှောင် အောင်မြင်ခဲ့တယ်ဆိုတာကို သူတို့ မယုံချင်ကြပါဘူး။ သို့ပေမယ့်လည်း ဖြစ်ရပ်က သူတို့ရှေ့မှာတင်ရှိနေတာကြောင့် သူတို့လည်း စောဒကမတတ်နိုင်ကြတော့ပါဘူး။
သူတို့နားမလည်တာကတော့ ကျောင်းသားသစ်လေးတစ်ယောက်က အလတ်တန်းဆေးရည်ဖော်စပ်နည်းကို တစ်ခါကြည့်ရုံနဲ့ အောင်မြင်အောင် ဘယ်လိုဖော်စပ်နိုင်တာလဲ ဆိုတာကိုပါပဲ။
(သမားတော်အဆင့်များ=ပညာသင်အဆင့်၊ အငယ်တန်းသမားတော်၊ အလတ်တန်းသမားတော်၊ အကြီးတန်းသမားတော်၊ အဆင့်မြင့်သမားတော်၊ သမားတော်ကြီး၊ ဆေးဝိဇ္ဇာ)
(မှော်ဆရာအဆင့်များ= ပညာသင်အဆင့်၊ အငယ်တန်းမှော်ဆရာ၊ အလတ်တန်းမှော်ဆရာ၊ အကြီးတန်းမှော်ဆရာ၊ အဆင့်မြင့်မှော်ဆရာ၊ မှော်ဆရာကြီး၊ မှော်ဝိဇ္ဇာ)
(နတ်ဆရာအဆင့်များ= ပညာသင်အဆင့်၊ အငယ်တန်းနတ်ဆရာ၊ အလတ်တန်းနတ်ဆရာ၊ အကြီးတန်းနတ်ဆရာ၊ အဆင့်မြင့်နတ်ဆရာ၊ နတ်ဆရာကြီး၊ မဟာနတ်ဆရာ)
(စစ်သူရဲအဆင့်များ= ပညာသင်အဆင့်၊အငယ်တန်းစစ်သူရဲ၊ အလတ်တန်းစစ်သူရဲ၊ အကြီးတန်းစစ်သူရဲ၊ အဆင့်မြင့်စစ်သူရဲ၊ ထိပ်တန်းစစ်သူရဲ၊ မဟာစစ်သူရဲ)
(လေးသည်တော်= ပညာသင်အဆင့်၊ အငယ်တန်းလေးသည်တော်၊ အလတ်တန်းလေးသည်တော်၊ အကြီးတန်းလေးသည်တော်၊ အဆင့်မြင့်လေးသည်တော်၊ ထိပ်တန်းလေးသည်တော်၊ လေးဝိဇ္ဇာ)
(ဓားသမား= ပညာသင်အဆင့်၊ အငယ်တန်းဓားသမား၊ အလတ်တန်းဓားသမား၊ အကြီးတန်းဓားသမား၊ အဆင့်မြင့်ဓားသမား၊ ထိပ်တန်းဓားသမား၊ ဓားဝိဇ္ဇာ)
(ဆင့်ခေါ်သူ= ပညာသင်အဆင့်၊ အငယ်တန်းဆင့်ခေါ်သူ၊ အလတ်တန်းဆင့်ခေါ်သူ၊ အကြီးတန်းဆင့်ခေါ်သူ၊ အဆင့်မြင့်ဆင့်ခေါ်သူ၊ ထိပ်တန်းဆင့်ခေါ်သူ၊ ဆင့်ခေါ်ဝိဇ္ဇာ ဆိုပြီးသုံးနှုန်းသွားပါတော့မယ်ဗျ)