အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၇၄)
သူမက လူသားမဟုတ်ဘူး။
ကျောင်းသားသစ်တစ်ယောက်က လောင်းဒီလုပ်ပြသွားတာကို တစ်ခါကြည့်ရုံနဲ့ သက်ရှူဖုံးကွယ်ဆေးရည်ကို ဖော်စပ်နိုင်ခဲ့တယ်တဲ့။ တစ်ခုရှိသေးတာက ဖော်စပ်ရမယ့်အစီအစဉ်ကိုလည်း တလွဲကြီးလုပ်ခဲ့သေးတယ်။
ဒီကိစ္စကိုလက်ခံပေးဖို့ထက် ခဲယဉ်းတာများ ရှိပါဦးမလားဗျာ။
ရှန်ယန်ရှောင်ကို ကြည့်လိုက်တဲ့ ကျောင်းသားတိုင်းဟာ အလွန်ထိတ်လန့်ကုန်ကြပါတယ်။ သူတို့ရှေ့မှာရှိနေတဲ့ ရုပ်ဆိုးဆိုးကျောင်းသားလေးဟာ သမားတော်ကြီးတစ်ဦးကနေပြီး လျှို့ဝှက်ဆေးရည်တစ်မျိုးကို သုံးစွဲကာ လူငယ်ပုံစံပြောင်းလဲထားတာကို သိလိုက်ရလို့ လန့်သွားသလိုမျိုးပါ။
သူ့ရင်ထဲက ထိတ်လန့်အံ့သြမှုကို လောင်းဒီ ဖြေဖျောက်လိုက်ပါတယ်။ ရှန်ယန်ရှောင်ကို ကြည့်တဲ့သူ့အကြည့်မှာတော့ အံ့အားသင့်မှုတွေ ပါဝင်နေဆဲပါပဲ။
အရင်တုန်းကတော့ ရှန်ယန်ရှောင်ဟာ ဆေးပညာဖက်မှာ လက်ဆောင်ရထားတဲ့ ဉာဏ်ကြီးရှင်လေးလို့ပဲ သူတွေးထင်ခဲ့တာပါ။ ဒါပေမယ့် အခုအခါမှာတော့ ရှန်ယန်ရှောင်ဟာ ဆေးလောကအတွက် မွေးဖွားလာသူလို့ သူ ခံစားလိုက်ရပါပြီ။
"ကောင်းတယ်၊ တအားကောင်းတယ်၊ တော်တော်ကြီးကိုကောင်းတယ်ကွာ"
လောင်းဒီက စိတ်လှုပ်ရှားစွာနဲ့ ရှန်ယန်ရှောင်ရဲ့ ပုခုံးအားပုတ်ရင်း ပြောလိုက်ပါတယ်။ သူ့ရင်ထဲမှာ ကသောင်းကနင်းဖြစ်နေတာကြောင့် သူ့လက်တွေက တုန်ရီလာပါတယ်။
"ငါနဲ့လိုက်ခဲ့ပါ မင်းကို ငါပြောစရာရှိတယ်"
လောင်းဒီဟာ ရှန်ယန်ရှောင် စကားပြန်တာကို မစောင့်တော့ဘဲ သူမရဲ့ လက်အားဆွဲပြီး ကြောင်တောင်တောင်ဖြစ်ကာ ငူငူကြီးရပ်နေကြတဲ့ ကျောင်းသားတွေရှိရာ ဆေးဖော်ခန်းကနေ ထွက်ခွာသွားလိုက်ပါတော့တယ်။
မကြာခင်မှာတော့ ရှန်ယန်ရှောင်ရဲ့ စွမ်းရည်ကိုတွေ့မြင်ခဲ့ကြရတဲ့ ကျောင်းသားတွေဟာ ဆေးပညာဌာနတစ်ခုလုံးက ကျောင်းသားတွေအား ဆေးဖော်ခန်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြကြပါလိမ့်မယ်။
ဒီအဖြစ်က အားလုံးအတွက် ကြီးမားတဲ့ အံ့အားသင့်စရာတစ်ခုပါပဲ။
လောင်းဒီက ရှန်ယန်ရှောင်အား ဆေးဌာနရဲ့ ရှည်လျားတဲ့ ခန်းဆောင်လမ်းတစ်လျှောက်ကနေ ဖြတ်သန်းခေါ်ဆောင်သွားကာ ဆေးဌာနစာကြည့်တိုက်ဆီ ဦးတည်လိုက်ပါတယ်။
သူမကိုယ်တိုင်လည်း ဆေးပညာစာကြည့်တိုက်ကို ခေါက်ရေမနည်းရောက်ခဲ့ဖူးပါတယ်။ သို့သော် ဆေးပညာရပ်အပေါ်မှာ တစ်ခြားပညာရပ်နှစ်ခုလောက် စိတ်မဝင်စားခဲ့တာကြောင့် လက်နှစ်ဖက်စာခန့်ပဲ ရောက်ခဲ့ဖူးတာပါ။
ဒီတစ်ခေါက်မှာတော့ လောင်းဒီကိုယ်တိုင် သူမကို ခေါ်ဆောင်လာတာဖြစ်တဲ့အပြင် မမျှော်လင့်စွာနဲ့ သူမကို အထပ်ကိုးဆယ်ဆီသွားဖို့အတွက် ရွေ့လျားကျောက်ပြားပေါ်ကို ခေါ်သွားခဲ့တယ်။
ဆေးပညာဌာနစာကြည့်တိုက်ဟာ အထပ်တစ်ရာရှိပြီး ပထမအထပ်ငါးဆယ်ကိုသာ ကျောင်းသားတွေအတွက် ဖွင့်လှစ်ထားပါတယ်။ အပေါ်က အထပ်ငါးဆယ်ကို အတော်ဆုံးကျောင်းသားတွေ အတွက်တောင်ဖွင့်မပေးထားသော်လည်း လောင်းဒီကတော့ သူမကို အထပ်ကိုးဆယ်မြောက်ကိုခေါ်သွားနေပါပြီ။
ကြည်လင်စူးရှတဲ့အသံနှင့်အတူ ရွေ့လျားကျောက်ပြားက အထပ်ကိုးဆယ်မှာ ရပ်သွားပါတယ်။
လမ်းတစ်လျှောက်လုံး လောင်းဒီရဲ့ စိတ်လှုပ်ရှားမှုကို သူ့မျက်နှာမှာ အထင်းသားတွေ့မြင်နိုင်ပါတယ်။ ဒီအချိန်အထိ ရှန်ယန်ရှောင်ကို ကြည့်တဲ့သူ့အကြည့်တွေထဲမှာ ကြင်နာတဲ့အရိပ်အငွေ့တွေ ရှိနေဆဲဖြစ်ပါတယ်။
"ကောင်လေး မင်းက ငါ့ကို တစ်ကယ့်ကိုအကြီးအကျယ် အံ့အားသင့်စေခဲ့တာပဲကွ။ မင်းအရည်အချင်းအတွက် နေရာကောင်းတစ်ခုဆီခေါ်သွားပေးမလို့"
ရှန်ယန်ရှောင်က မျက်တောင်သာပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပါတယ်။ လောင်းဒီက သူမအား ဘယ်လိုနေရာကို ခေါ်သွားမှာလဲဆိုတာ သူမ မသိပါဘူး။ အထပ်ကိုးဆယ်ကို သွားနိုင်တာက သာမန်မဟုတ်ဘူးဆိုတာပဲ သူမ သိပါတယ်။
"အခုကတော့ စကားမပြောသေးနဲ့။ သမားတော်ကြီးအချို့နဲ့ မင်းကိုတွေ့ပေးဖို့ ငါခေါ်သွားမှာကိုသာ စောင့်နေလိုက်ဦး"ဟု လောင်းဒီက ရယ်မောရင်းပြောလိုက်ပါတယ်။
သမားတော်ကြီးတွေတဲ့လား။ ရှန်ယန်ရှောင် အံ့အားသင့်သွားပါတယ်။ တော်ဝင်ရိုလန်တစ်ကျောင်းလုံးမှာ သမားတော်ကြီးအနည်းငယ်သာ ရှိပါတယ်။ သမားတော်ကြီးအဆင့်ကိုရောက်တာနဲ့ သူတို့ဟာ ကျောင်းသားတွေကို စာမသင်ကြားတော့ဘဲ ပညာရပ်နယ်ပယ်မှာ ပိုမိုပေါက်ရောက်ဖို့အတွက် ဆေးပညာကိုပဲ ဆက်လက်လေ့လာကြပါတော့တယ်။ ယန်းချီပြောခဲ့ဖူးတာက အိုးယန်ဟွမ်းယူကတိပေးခဲ့တာက သွေးစားပွဲတော်ဆေးရည်ကို တော်ဝင်ရိုလန်ကျောင်းရဲ့ သမားတော်ကြီးတွေအား ပြုလုပ်ခိုင်းမယ်လို့ဖြစ်ပါတယ်။
သူမရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ပါတယ်။ အဆိုပါသမားတော်ကြီးတွေနဲ့သာ သူမ ဆက်ဆံပြောဆိုခွင့်ရခဲ့မယ်ဆိုရင် သွေးစားပွဲတော်ဆေးရည်နဲ့ပတ်သတ်တဲ့သတင်းအချို့ကို လွယ်ကူချောမွေ့စွာ ရရှိနိုင်မှာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၇၅)
ထိုအတွေးနဲ့အတူ ရှန်ယန်ရှောင်ဟာ လောင်းဒီစကားအတိုင်း တစ်ခွန်းမျှပြန်မပြောတော့ဘဲ သူ့နောက်ကပဲ လိုက်သွားခဲ့ပါတယ်။
စာကြည့်တိုက်ရဲ့ အထပ်ကိုးဆယ်မြောက်ဟာ အောက်ထပ်တွေနဲ့မတူကွဲပြားနေပါတယ်။ ဒီအထပ်မှာ တောင်လိုပုံနေတဲ့စာအုပ်တွေအစား ဆေးရည်ပုလင်းတွေပြည့်နေတဲ့ စင်တွေသာတချို့နေရာတွေမှာ ရှိနေပါတယ်။
စင်တွေထဲမှာတော့ ဆေးရည်ပုလင်းတွေ ရာချီ ထောင်ချီပြီးတော့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ စာကြည့်တိုက်ပြူတင်းပေါက်တွေကနေ ဝင်ရောက်သက်ဆင်းလာတဲ့ နေရောင်ဟာ အရောက်အမျိုးမျိုးသော ဆေးရည်ပုလင်းတွေပေါ်မှာ ကျရောက်နေတာကြောင့် ပိုမိုတောက်ပပြီး မျက်စိပသာဒဖြစ်အောင် လှပနေပါတော့တယ်။
သူမရဲ့အမြင်အာရုံအား ထိုဆေးရည်ပုလင်းတွေက ဆွဲငင်ဖမ်းစားထားပါတယ်။ ယုံတမ်းစကားတွေမှာကြားဖူးတဲ့ အဆင့်မြင့်ဆေးရည်တွေကို သူမ မြင်တွေ့နေရပါတော့တယ်။
သေချာကြည့်ရှုမယ်ဆိုရင် အထပ်ကိုးဆယ်မှာရှိတဲ့ စင်တွေထဲမှာ အဆင့်မြင့်ဆေးရည်တွေချည်းပဲ ရှိနေပုံပါပဲ။
ဒီအဆင့်မြင့်ဆေးရည်တွေထဲက ဈေးအနည်းဆုံးဆေးပုလင်းဟာ ရွှေပြားထောင်ဂဏန်းတန်ကြေးရှိပြီး ဈေးအကြီးဆုံးဆိုရင် ရွှေပြားသောင်းဂဏန်းနားရှိမှာပါ။
ရှန်ယန်ရှောင် အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်တော့ ဒီအထပ်မှာရှိနေတဲ့ ဆေးပုလင်းတွေအားလုံးရဲ့ တန်ကြေးဟာ မြို့ကြီးငါးမြို့ကို ဝယ်ယူဖို့လုံလောက်ပါတယ်။
မသိလိုက်မသိဖာသာနဲ့ သူမရဲ့ လက်တွေယားလာရပါပြီ။
သူမသာ ဒီဆေးရည်ပုလင်းအားလုံးကို ရခဲ့မယ်ဆိုရင် နောက်ဆယ်နှစ်အတွင်းမှာ သူမ ငွေကြေးပိုင်းအတွက် ကြောင့်ကြနေစရာမလိုတော့ပါဘူး။
လောင်းဒီက ရှန်ယန်ရှောင်အား မင်းလမ်းတစ်လျှောက်ဖြတ်သန်းခေါ်ဆောင်သွားတာဟာ သစ်သားတံခါးကြီးရှေ့ရောက်တဲ့အထိပါပဲ။
လောင်းဒီက သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်ပြီးနောက် တံခါးကို အသာအယာခေါက်လိုက်ပါတယ်။
"ဝင်ခဲ့ပါ"
အိုမင်းတဲ့အသံတစ်ခုက တံခါးကြီးတစ်ဖက်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။
လောင်းဒီလည်း တံခါးကို ချက်ချင်းတွန်းဖွင့်လိုက်ပါတယ်။
အခန်းအတွင်းမှာ ဆေးဖော်စပ်တဲ့ စားပွဲကြီးဆယ်လုံးမက ရှိနေပါတယ်။ စားပွဲတိုင်းဟာ အဆင့်အမြင့်ဆုံး သလင်းကျောက်တုံးတွေနဲ့ ပြုလုပ်ထားတာလည်းဖြစ်ပါသေးတယ်။ စားပွဲတိုင်းမှာ ဈေးကြီးမြင့်သော ဆေးစပ်ပစ္စည်းတွေရှိပြီး အကောင်းဆုံးပစ္စည်းတွေဖြစ်တာကြောင့် ရွှေပြားသုံးသန်းတန်ကြေးရှိတာတွေ ဖြစ်ပါတယ်။
အသက်၈၀ခန့်ရှိတဲ့ အဖိုးကြီးတစ်ယောက်က ဆေးဖော်စားပွဲတစ်လုံးရှေ့မှာ အလုပ်ရှုပ်နေပါတယ်။ ဒါကြောင့် လောင်းဒီဝင်လာတာကို သူက တစ်ချက်လေးတောင် ငဲ့မကြည့်ပါဘူး။ သူ့အကြည့်ဟာ မီးပေါ်မှာရှိတဲ့ ဖန်ပုလင်းဆီမှာ ကော်နဲ့ကပ်ထားသလို ရှိနေပါတယ်။ အဖိုးကြီးဘေးမှာ ရပ်နေတဲ့ ချောမောတဲ့ လူငယ်ကတော့ လောင်းဒီအားကြည့်လိုက်ပြီးနောက် ယဉ်ကျေးစွာနှုတ်ဆက်လိုက်ပါတယ်။
"နည်းပြလောင်းဒီ"
"ရှန်ဂေါင်းရှောင် မင်းဒီနေ့ အစောကြီးရောက်နေတာပဲကိုး"လို့ ခေါင်းညိတ်ကာ လောင်းဒီက ပြန်ပြောလိုက်ပါတယ်။
အဖိုးကြီးဘေးမှာ ရပ်နေသူဟာ ဆေးပညာဌာနရဲ့ ထိပ်သီးကျောင်းသားဖြစ်သူ ရှန်ဂေါင်းရှောင်ပါပဲ။
ရှန်ဂေါင်းရှောင်ရဲ့ အေးစက်စက်မျက်နှာမှာ အပြုံးရိပ်ဖြစ်ပေါ်လာပါတယ်။ လောင်းဒီဘေးမှာ ရပ်နေတဲ့ ရှန်ယန်ရှောင်ကို တွေ့လိုက်ချိန်မှာတော့ ရှန်ဂေါင်းရှောင် ခဏတာကြောင်သွားပါတယ်။
"လောင်းဒီ မင်းဒီကို ဘာကြောင့်လာခဲ့တာလဲ"
ဆေးရည်ဖော်စပ်မှုမှာ အာရုံရောက်နေတဲ့ အဖိုးကြီးက လောင်းဒီအား အေးဆေးစွာလှမ်းကြည့်ကာ မေးလိုက်ခြင်းပါ။
"ဆရာပူလီစီ ဆရာ့ကို ပြောစရာရှိလို့ လာခဲ့တာပါ"
အဖိုးကြီးအား လောင်းဒီပြောဆိုဆက်ဆံမှုက အလွန်လေးစားစွာပြောဆိုနေတာဖြစ်ပါတယ်။
"ဘာကိစ္စလဲ"လို့ မေးလိုက်တဲ့ အဖိုးကြီး ပူလီစီရဲ့ မျက်လုံးတွေထဲမှာ ပါးနပ်မှုအရိပ်တစ်ချို့လှစ်ကနဲ ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ လောင်းရွှမ်ပြည်တစ်ခုလုံးမှာ ကျော်ကြားတဲ့ သမားတော်ကြီးဖြစ်သလို တော်ဝင်ရိုလန်ကျောင်းမှာရှိတဲ့ သမားတော်ကြီးအနည်းငယ်ထဲက တစ်ဦးလည်းဖြစ်ပါတယ်။ အိုးယန်ဟွမ်းယူကိုယ်တိုင်တောင် သူနဲ့ပြောဆိုဆက်ဆံရာမှာ လေးစားမှုအတိုင်းအတာ တစ်ခုအထိထားရှိပြောဆိုရပါတယ်။
အထွတ်အထိပ်ကိုရောက်ရှိသွားတဲ့သူတွေမှာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေရှိကြပါတယ်။ ဒီသမားတော်ကြီးတွေလည်း ပါဝင်တာပေါ့။ သူတို့ဟာ စာကြည့်တိုက်ထဲမှာပဲ နေထိုင်ကြပြီး လူရှေ့သူရှေ့ ထွက်ခဲပါတယ်။ တစ်ချို့ဆို စာကြည့်တိုက်ထဲမှာ ငါးနှစ်လောက်နေနေတာဖြစ်ပြီး ဒီအတောအတွင်းမှာ အပြင်ကို ခြေတစ်လှမ်းမှ မခွာခဲ့ကြသေးပါဘူး။ ဆေးပညာရပ်အပေါ်မှာ သူတို့ရဲ့လေ့လာမှုက ပြင်းပြင်းထန်ထန်ထက်သန်တယ်လို့ ပြောလို့ရပါတယ်။
"ဆရာက ဆေးပညာဌာနကျောင်းသားတွေထဲက ပါရမီရှိတဲ့ ကျောင်းသားတစ်ချို့ကို ရှာချင်တယ်ဆိုတဲ့အကြောင်းကို ကျောင်းအုပ်ဆီကနေ ကျနော်ကြားခဲ့ရပါတယ်။ ကျောင်းသားတစ်ယောက်ကို ထောက်ခံပေးချင်လို့ အခုလာခဲ့တာပါဗျ"ဟု လောင်းဒီက တရိုတသေပြောလိုက်ပါတယ်။
"အိုး"
ပူလီစီက လောင်းဒီကိုကြည့်လိုက်ပြီးတဲ့နောက်မှ သူ့ဘေးမှာရှိနေတဲ့ ရှန်ယန်ရှောင်ကို သတိပြုမိသွားခဲ့ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၇၆)
သေသေချာချာအာရုံမစိုက်ရင် သူမရှိနေတာကို သတိထားမိကြမှာမဟုတ်ပါဘူး။
ရှန်ယန်ရှောင်ရဲ့ ပိန်လှီသေးကွေးတဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ကလေးမျက်နှာလေးကို ပူလီစီတွေ့လိုက်တော့ သူ့မျက်ခုံးတွေ မြင့်တက်သွားပါတယ်။
"တစ်ကယ်လား လောင်းဒီရာ။ ကြည့်ရတာ မင်း အသက်ကြီးလာလေလေ နောက်ကောက်ကျကျန်ရစ်လေလေ ဖြစ်နေပုံပဲကွ။ မင်းနောက်မှာရှိနေတဲ့ ကလေးလေးက ငါ့လက်ထောက်အဖြစ် မင်းထောက်ခံပေးချင်တဲ့လူလို့တော့ မပြောလောက်ပါဘူးနော်"
ပူလီစီရဲ့လေသံက နည်းနည်းနားကလောစရာပါ။ သူတို့လို သမားအိုကြီးတွေထဲက တစ်ချို့ဟာ လူငယ်မျိုးဆက်အပေါ်မှာ စိတ်ဝင်စားမှု သိပ်မပြကြပါဘူး။ လောင်းဒီက ဒီကလေးလေးကို ခေါ်လာတယ်ဆိုတာက သူ့ကို မလေးမစားသဘောမျိုး သက်ရောက်မနေဘူးလား။
ချွေးပြန်သွားတဲ့ လောင်းဒီလည်း ချက်ခြင်းပြန်ရှင်းပြလိုက်ပါတော့တယ်။
"ဆရာ့ကို ကျနော် မနောက်ရဲပါဘူး။ ဒီကျောင်းသားလေးက ကျောင်းသားသစ်ဆိုပေမယ့် သူ့အရည်အချင်းက အင်မတန်..."
လောင်းဒီစကားဆုံးအောင်ထိ မစောင့်တော့ဘဲနဲ့ ပူလီစီက စိတ်မရှည်စွာ ဖြတ်ပြောလိုက်ပါတယ်။
"ကျောင်းသားသစ် ဟုတ်စ။ လောင်းဒီ မင်းငါ့ကို မနောက်ဘူးဆိုတာရော ဟုတ်ရဲ့လားကွ ဟမ်။ ကလေးလေးတစ်ယောက်က ဘာလုပ်နိုင်မှာမို့လဲ။ ကျောင်းသားသစ်တစ်ယောက်က ကျောင်းတက်တာ ဘယ်လောက်ကြာသေးလို့လဲကွ။ ငါ ကန်းနေတယ်လို့များ မင်းထင်နေတာလားကွ။ အဆင့်နိမ့်ဆေးရည်ကိုတောင် သူကိုယ်တိုင် ဖော်စပ်နိုင်ဦးမှာမဟုတ်သေးဘူး ဒါကိုတောင် မင်းက အတင့်ရဲပြီး ဒီကျောင်းသားကို ထောက်ခံပေးချင်သေးတယ်ပေါ့လေ"
"မဟုတ်ပါဘူး ဆရာပူလီစီ ကျနော်ပြောတာကို နားထောင်ပေးပါဦး"
လောင်းဒီက ရှင်းပြချင်နေပေမယ့် ပူလီစီက စိတ်မရှည်တော့ဘဲ လက်ယမ်းပြကာ ရှန်ဂေါင်းရှောင်အား ပြောလိုက်ပါတယ်။
"ရှန်ဂေါင်းရှောင် သူတို့ကို မပြန်ခိုင်းသေးဘူးလား။ ငါဆေးရည်တွေ ဖော်စပ်နေချိန်မှာ ငါ့ကို အနှောက်အယှက်မဖြစ်စေနဲ့"
ရှန်ဂေါင်းရှောင် ရင်ထဲမှာ ကျေနပ်စွာရယ်မောလိုက်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းက သမားတော်ကြီးအချို့ဟာ ကျောင်းသားတွေထဲကနေ လက်ထောက်တွေ လိုချင်တယ်လို့ ပြောထားခဲ့ကြသော်လည်း နှစ်များစွာကြာမြင့်သည့်တိုင် သူတစ်ယောက်သာလျှင် ဒီလိုဂုဏ်ယူစရာအလုပ်ကို ရရှိသေးတာဖြစ်ပါတယ်။
လောင်းဒီက လူသစ်လေးတစ်ယောက်ကို သမားတော်ကြီးဆီ ခေါ်ယူလာခဲ့ပြီး ထောက်ခံပေးတယ်ဆိုတာက သူ့ကို ကန်ထုတ်ချင်တာနဲ့ တူမနေဘူးလား။
ရင်ထဲမှာ ကျေနပ်စွာရယ်မောလိုက်ပေမယ့် အပြင်ပန်းမှာတော့ ယဉ်ကျေးစွာနဲ့ပဲ လောင်းဒီနဲ့ ရှန်ယန်ရှောင်တို့ထွက်သွားကြဖို့ သူက ပြောလိုက်ပါတယ်။
လောင်းဒီကတော့ စိတ်တိုကာ မကျေမနပ်ဖြစ်နေပါတယ်။ ရှန်ယန်ရှောင်က အခုမှ ကျောင်းသားသစ်ဆိုပေမယ့် သူမရဲ့ အရည်အချင်းက အလွန်မြင့်ပါတယ်။ သူမရဲ့အရည်အချင်းနဲ့ဆိုရင် သူမ အလတ်တန်းသမားတော်ဖြစ်ဖို့ အချိန်သိပ်လိုမှာမဟုတ်ဘူးလို့ သူ ယုံကြည်ပါတယ်။ ဆယ့်သုံးနှစ်သား အလတ်တန်းသမားတော်ဆိုတာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်သလဲ။
ဒါပေမယ့် ပူလီစီကတော့ သူ့ရှင်းပြချက်ကို နားမထောင်ချင်တာ အသိသာကြီးပါ။ ဒီသမားတော်ကြီးရှေ့မှာ သူ ကမူးရှူးထိုးမလုပ်ရဲပါဘူး။ စိတ်ထဲမှာတော့ ခံရခက်နေပါတယ်။
ရှန်ယန်ရှောင်က ဘေးမှာပဲရပ်နေပါတယ်။ သူမက မအီမသာဖြစ်နေတဲ့ လောင်းဒီကိုတစ်ချက် ဆေးဖော်နေတဲ့ ပူလီစီကိုတစ်ချက် ကြည့်လိုက်ပါတယ်။ သူမရဲ့ ကြည်လင်တဲ့မျက်ဝန်းတစ်စုံက ရွေ့လျားသွားပြီးနောက် နှုတ်ခမ်းထောင့်ကွေးညွှတ်သွားကာ သူမ စကားပြောလိုက်ပါတယ်။
"ဟောင်ကိုးမြက်နဲ့ အိုက်ရတ်ပန်းတွေက အင်မတန်ကြီးတဲ့ ဓာတ်ပြုမှုရှိတယ်။ ကျနော်သာ သမားတော်ကြီးနေရာမှာဆို ဟောင်ကိုးမြက်ထည့်ပြီးပြီးချင်းမှာ အိုက်ရတ်ပန်းတွေကို ထည့်မှာမဟုတ်ဘူး"
အခန်းထဲမှာ ပျော့ပျောင်းပြီး ကလေးဆန်တဲ့ အသံတစ်သံ ရုတ်ချည်းထွက်ပေါ်ခဲ့ပါတယ်။
ဆေးရည်ဖော်စပ်နေတဲ့ ပူလီစီရဲ့ လက်တွေရပ်တံ့သွားတယ်။ ရုတ်တရက်ကြီးစကားထပြောတဲ့ ရှန်ယန်ရှောင်ကို သူချက်ခြင်းကြည့်လိုက်ပါတယ်။
"ဟေ့ကလေး။ ဟောင်ကိုးမြက်နဲ့ အိုက်ရတ်ပန်းတွေက ဓာတ်မတည့်ပေမယ့် ပမာဏအချိုးအစားမှာ ဆရာကျသွားရင် ဓာတ်မတည့်မှုကို သေးငယ်သွားအောင်လုပ်လို့ရတယ်ကွ"ဟု ပူလီစီက ဟမ်းကနဲလုပ်ကာ ပြောလိုက်ပါတယ်။
"သေးငယ်တာက လုံးဝကွယ်ပျောက်သွားတာမှ မဟုတ်တာဘဲ။ အဲ့နှစ်ခုပေါင်းစပ်ခြင်းကြောင့် အချင်းချင်းဝါးမြိုတဲ့ဖြစ်စဉ်ကို အတိုင်းအတာတစ်ခုအထိဖြစ်ပေါ်စေလို့ ဆေးရည်ရဲ့ သန့်စင်မှုကလည်း လျော့ကျသွားမယ်။ ပိုဆိုးတာက တစ်ခြားဆေးဖက်တွေရဲ့ အာနိသင်ကိုလည်း ပျောက်သွားစေမှာလေ"
ပူလီစီက ဟင့်ကနဲလုပ်ကာ ရှန်ယန်ရှောင်ပြောတာတွေကို လျစ်လျူရှုလိုက်ပါတယ်။ သူက အိုက်ရတ်ပန်းတွေရဲ့ ပွင့်ချပ်တွေကို ဆေးရည်ထဲသို့ ဆက်ထည့်နေလိုက်ပါတယ်။
သူတို့ အက်ကွဲသံတစ်သံကို ကြည်ကြည်လင်လင်ကြားလိုက်ရပါတယ်။ မူလက မီးပေါ်မှာ အပူပေးခြင်းခံနေရတဲ့ ဆေးရည်ဟာ အိုက်ရတ်ပန်းရဲ့ပွင့်ချပ်တွေ ထည့်ခံရအပြီးမှာ ကျယ်လောင်တဲ့ ဆူပွက်သံတွေ ဆက်တိုက်ထွက်ပေါ်သွားပါတယ်။
ပူလီစီမျက်ခုံးပင့်သွားခဲ့တယ်။ ကြည့်ရတာ အချိုးပမာဏ မတိကျပုံပဲ။