← Chapters

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၇၇)

ရှန်ယန်ရှောင်က လက်ပိုက်ပြီးကြည့်နေတာပါ။ ပူလီစီရဲ့စိတ်ဓာတ်ကျနေတဲ့ အသွင်အပြင်ကိုမြင်လိုက်ရတဲ့အခါ ပြုံးပြီးပြောလိုက်ပါတယ်။

"သမားတော်ကြီးအနေနဲ့ ဟွမ်းယွန်ပန်းရဲ့ ဝတ်ဆံဖိုနဲ့ဝတ်ဆံမကို အိုက်ရတ်ပန်းမထည့်ခင်မှာ တစ်မှုန်စီထည့်လိုက်ရမှာ"

ပူလီစီက ရှန်ယန်ရှောင်အား စောင်းငဲ့ကြည့်လိုက်ပြီး ပြောလိုက်ပြန်တာကတော့" မင်းက နားရောနားလည်လို့လား။ ဟွမ်းယွန်ပန်းက နှေးကွေးစေတဲ့အာနိသင်ပါတယ်။ ဒီအာနိသင်က ဟောင်ကိုးမြက်ရဲ့ အာနိသင်ကို လျော့ကျစေမှာပေါ့"

ကျောင်းသားသစ်တစ်ယောက်က သမားတော်ကြီးတစ်ဦးကို ထောက်ပြပြောဆိုရဲခြင်းက ရယ်စရာတစ်ခုမဟုတ်ပါဘူး။

ရှန်ယန်ရှောင် သူမရဲ့ နှုတ်ခမ်းစွန်းအား ကွေးလိုက်ပါတယ်။ ပူလီစီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်ပါတယ်။

"ဒီလိုဖြစ်ရခြင်းက သမားတော်ကြီးကမှ ဟွမ်းယွန်ပန်းနဲ့ ဟောင်ကိုးမြက်တို့ရဲ့ ထည့်သွင်းရမယ့် ပမာဏအချိုးအစားကို မဆုပ်ကိုင်နိုင်လို့ဘဲလေ"

ဆေးမြစ်တွေက ပြဿနာတက်နေရတာမဟုတ်ဘဲ ပူလီစီရဲ့ အစွမ်းအစနည်းပါးနေခြင်းကြောင့်ဖြစ်နေတာပါ။

ပူလီစီ သမားတော်ကြီးအဆင့်သို့ ရောက်ပြီးတည်းက ဘယ်သူကမှ သူ့လေ့ကျင့်မှုအကြောင်းကို မေးခွန်းမထုတ်ရဲခဲ့ပါဘူး။ ဒီနေ့မှာတော့ ကောင်လေးတစ်ယောက်က သူ့ဆေးဖော်စပ်ပုံစံကိုသာမကဘဲ သူ့အရည်အချင်းကိုပါ ဝေဖန်ပြောဆိုနေပါပြီ။

ပူလီစီမျက်နှာ ချက်ခြင်းမဲတက်သွားပါတယ်။

ဘေးမှာရှိနေတဲ့ လောင်းဒီကတော့ ဇောချွေးတွေပျံနေပါပြီ။ ရှန်ယန်ရှောင်တစ်ယောက် အခုလိုမျိုး သမားတော်ကြီးပူလီစီရဲ့ ဟာကွက်တွေကို ထောက်ပြလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။ သူမက ဆေးပညာပါရမီရှိပေမယ့်လို့ လူသစ်ကလူသစ်ပါပဲ။ သူမက ဘယ်လိုလုပ်ပြီး သမားတော်ကြီးတစ်ဦးနဲ့ ယှဉ်လို့ရမှာတုန်း။

လောင်းဒီငိုချင်သွားပါတယ်။ ဆေးစာကြည့်တိုက်ထဲက သမားတော်ကြီးတွေဟာ ကျောင်းသားတွေကို မသင်ကြားတော့တာ ဆယ်စုနှစ်ရှိပါပြီ။ ဒီအချိန်မှာတော့ အိုးယန်ဟွမ်းယူကိုယ်တိုင်က သမားတော်ကြီးတွေအနေနဲ့ အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို ပညာဖြန့်ဝေပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။

ဒါဟာ တစ်သက်မှာတစ်ခါပဲ ကြုံရမယ့်အခွင့်အလမ်းတစ်ရပ်ပါ။ ဆေးပညာဌာနက နည်းပြတွေဟာ အရည်အချင်းထက်မြက်တဲ့ ကျောင်းသားဆယ်ယောက်ကျော်ကို ခေါ်ပေးခဲ့သော်လည်း ရှန်ဂေါင်းရှောင်တစ်ယောက်သာလျှင် ဒီမှာကျန်နေရစ်ဖို့ ဖြေဆိုရာမှာ အောင်တယ်ဆိုရုံလေးအောင်မြင်ခဲ့တာပါ။

ရှန်ယန်ရှောင်ရဲ့ မင်သက်ဖွယ်အရည်အချင်းကို တွေ့မြင်ပြီးတဲ့နောက်မှာ လောင်းဒီ ရင်ခုန်သွားပါတယ်။ သက်ရှူဖုံးကွယ်ဆေးရည်ကို ဖော်စပ်ခိုင်းတာဟာ ရှန်ယန်ရှောင်ကို ထောက်ခံချက်ပေးသင့်မပေးသင့် သိချင်လို့ဖြစ်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ အရည်အချင်းက ရှန်ဂေါင်းရှောင်ထက် သာတာကို သူသဘောပေါက်ပေမယ့် ရှန်ယန်ရှောင်ရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံပိုင်းက ငယ်လွန်းနည်းလွန်းသေးတာကြောင့် ပူလီစီက အခုလိုပုံစံမျိုးနဲ့ ငြင်းပယ်လိုက်တာကို သူ မအံ့သြပါဘူး။

ဒီတစ်ခါမရရင် နောက်တစ်ခေါက်ကျ တစ်ခြားသမားတော်ကြီးတစ်ယောက်ကိုရှာဖို့ သူတွေးထားပြီးသားပါ။ သမားတော်ကြီးတစ်ဦးဦးကသာ ရှန်ယန်ရှောင်အပေါ်မှာ အခွင့်အရေးပေးခဲ့မယ်ဆိုရင် ရှန်ယန်ရှောင်ရဲ့ အရည်အချင်းကြောင့် အားလုံးလန့်ဖျားသွားမယ်ဆိုတာကိုလည်း သူယုံကြည်ထားပါတယ်။

ကံမကောင်းတာကတော့ ပူလီစီက သူမကို အခွင့်အရေး မပေးခဲ့တာပါ။

သူ့အနေနဲ့ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ဖို့ပဲ ရှိပါတယ်။

ဒါပေမယ့် တစ်ချိန်လုံးတိတ်နေတဲ့ ရှန်ယန်ရှောင်က အခုလိုအံ့သြဖွယ်လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ။

ပူလီစီရဲ့ မျက်နှာကိုကြည့်ရုံနဲ့ အခြေအနေက မကောင်းတော့တာကို လောင်းဒီသိလိုက်ပါပြီ။

"သမားတော်ကြီးပူလီစီ ရှန်ဂျူရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါဗျ"

ပူလီစီကို ဖျောင်းဖြဖို့ကြိုးစားနေတဲ့ လောင်းဒီဟာ စီးကျလာတဲ့ နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပါတယ်။

"ဟင်း"

ပူလီစီ အေးစက်စွာ အသံပြုလိုက်ပါတယ်။ သူ့ဒေါသအခြေအနေကို မျက်မှောင်ကြုတ်ထားပုံကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ကျောင်းသားသစ်တစ်ယောက်ရဲ့ ဆရာလုပ်တာကိုခံရအောင် သမားတော်ကြီးဆိုတဲ့ သူ့မျက်နှာကို ဘယ်မှာသွားထားရမှာလဲ။

လောင်းဒီ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပါတယ်။ ရှန်ဂေါင်းရှောင်ကတော့ ပွဲကြည့်ပရိသတ်လုပ်နေပါတယ်။

သမားတော်ကြီးတစ်ယောက်ရဲ့ အသိအမှတ်ပြုမှုကို ခံရသူဆိုလို့ သူတစ်ဦးပဲ ရှိတာဖြစ်သလို သမားတော်ကြီးအနားမှာနေကာ ပူလီစီအားကူညီပေးရတာဟာ သူ့အတွက် အခွင့်အရေးကြီးတစ်ခုပါပဲ။ ဒီတစ်ခေါက်ပါလာတဲ့ ကျောင်းသားဟာ တတ်ကျွမ်းတဲ့ပုံမပေါ်ပါဘူး။ ဒီလို သာမန်ကျောင်းသားတစ်ယောက်ဆိုတာ သူနဲ့ယှဉ်ရင် ဟာသပဲပေါ့။

လောင်းဒီအနေနဲ့ ဒီကျောင်းသားကို ဒီမှာထားလို့ရမယ်လို့ တစ်ကယ်တွေးနေတာလား။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၇၈)

အခြေအနေက ပိုဆိုးလာပြီး အမြင့်ဆုံးအမှတ်ကိုရောက်ချိန်မှာပဲ အဖြူရောင်ဝတ်စုံနဲ့ အဖိုးကြီးတစ်ဦးက တံခါးပေါက်ကနေ ဖြည်းညင်းစွာဝင်လာခဲ့ပါတယ်။ အခန်းထဲက ပုံမှန်မဟုတ်တဲ့ အခြေအနေကိုကြည့်ပြီးတဲ့အခါ အရေးအကြောင်းအပြည့်နဲ့ သူ့မျက်နှာပေါ်မှာ သံသယရိပ်သန်းသွားပါတယ်။

"ပူလီစီ မင်းဘာလုပ်နေတာလဲ"လို့ အဖြူရောင်အဖိုးကြီးက မေးလိုက်ပါတယ်။

ဒေါသူပုန်ထနေတဲ့ ပူလီစီတစ်ယောက် အဖြူရောင်အဖိုးအိုကို တွေ့သွားတာနဲ့တစ်ပြိုင်နက် ဒေါသမျက်နှာကနေ အလွန်လေးစားတဲ့ အမူအယာအဖြစ်သို့ တစ်မဟုတ်ချင်းပြောင်းလဲသွားခဲ့ပါတယ်။

"ဆရာရဲချင် ဘာအကြောင်းရှိလို့ ကြွလာတာလဲဗျ"လို့ ပူလီစီက တလေးတစားမေးမြန်းလိုက်တယ်။

သူ့အပြုအမူက စောစောကနဲ့တစ်ခြားစီဖြစ်သွားပါပြီ။

ပူလီစီကနေ အခုလိုရိုသေလေးစားမှုမျိုးကို တော်ဝင်ရိုလန်ကျောင်းက ဘယ်သူကများရနိုင်တာလဲ။ လောင်းရွှမ်တစ်ပြည်လုံးမှာ ဆေးပညာအရာနံပါတ်တစ်လို့ သတ်မှတ်ခံထားရတဲ့ ရဲချင်တစ်ယောက်သာရှိပါတယ်။

ရဲချင်ရော ပူလီစီရော သမားတော်ကြီးတွေဆိုပေမယ့် သူတို့နှစ်ယောက်ကြားမှာ ပညာရပ်ပိုင်းဆိုင်ရာ ကွာဟချက်က ကြီးမားပါတယ်။ ပူလီစီဟာ သမားတော်ကြီးအဖြစ် အသက်နှစ်ဆယ်အရွယ်မှာ ရောက်ရှိခဲ့တာဖြစ်တယ်။ အဲ့အချိန်မှာ ရဲချင်က သမားတော်ကြီးဖြစ်ပြီးနေတာ ဆယ့်ငါးနှစ်ရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပူလီစီက မူလတန်းသမားတော်ကြီးအဆင့်သာရှိပါသေးတယ်။ ရဲချင်ကတော့ သမားတော်ကြီးအဆင့်ရဲ့ ထိပ်ဆုံးအဆင့်မှာရှိနေတာဖြစ်ပြီး ဆေးဝိဇ္ဇာအဖြစ်သို့ အချိန်မရွေးရောက်ရှိ တက်လှမ်းသွားနိုင်ပါတယ်။

ရဲချင်နဲ့တွေ့တဲ့ ပူလီစီဟာ တပည့်တစ်ယောက်ကဲ့သို့ တလေးတစားနဲ့ တရိုတသေပြုမူနေပါတယ်။ သူ့အနေနဲ့ ရိုင်းပြတဲ့ပြောဆိုပြုမူမှုကို တစ်စက်လေးတောင် မလုပ်ရဲပါဘူး။

"လောင်းဒီက ကျနော့်ဆီကို ကျောင်းသားသစ်တစ်ယောက် ခေါ်လာခဲ့ပြီး ပြဿနာဖြစ်စေခဲ့တာပါ ဆရာရဲချင်။ ကျနော်က သူတို့ကို နှင်ထုတ်နေတာဖြစ်ပါတယ်"ဆိုပြီး အကြောင်းအရာစုံကို ရှင်းပြလိုက်ပါတယ်။

အခန်းထဲမှာရှိနေတဲ့ လောင်းဒီနဲ့ ရှန်ယန်ရှောင်တို့အား ရဲချင်ကြည့်လိုက်ပါတယ်။ ကြည့်နေတုန်းမှာ သူ့အကြည့်က ရှန်ယန်ရှောင်ဆီရောက်သွားတော့ တန့်သွားခဲ့ပါသေးတယ်။

"ဆရာရဲချင်ခင်ဗျား ကျနော် အဲ့လိုရည်ရွယ်ချက်မရှိပါဘူး။ ဒီကလေးက ဆေးပညာရပ်မှာ အလွန်အရည်အချင်းရှိတယ်ထင်လို့ ဆရာတို့ဆီမှာ ထောက်ခံပေးချင်လို့ ခေါ်ခဲ့တာဖြစ်ပါတယ်ဗျ"

ရဲချင်ရောက်လာတာကြောင့် လောင်းဒီခံစားနေရတဲ့ ဖိအားကြီးက ပိုကြီးမားလေးလံသွားခဲ့ပါတယ်။ တော်ဝင်ရိုလန်ကျောင်းအုပ်ကြီး အိုးယန်ဟွမ်းယူတောင် ရဲချင်ရှေ့မှာ ရိုသေလေးစားစွာပြောဆိုရပါတယ်။

ရဲချင်ရဲ့ အစွမ်းအစကြောင့် သူသာ ဆန္ဒရှိမယ်ဆိုပါက လောင်းရွှမ်ပြည်ထဲက လူထောင်ဂဏန်းလောက်က တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို သူ့ခြေရင်းသို့ယူဆောင်ဆက်သပြီး ရဲချင်ဆီက ဆေးရည်တစ်ပုလင်းနဲ့ လဲလှယ်သွားကြမှာဖြစ်ပါတယ်။

လောင်းရွှမ်ပြည်ရဲ့ ဧကရာဇ်ကိုယ်တိုင်တောင် တော်ဝင်ရိုလန်ကျောင်းသို့လာရောက်ကာ ဧကရာဇ်မျိုးနွယ်ရဲ့ သမားတော်အဖြစ်လက်ခံပေးဖို့ ရဲချင်အားဖိတ်ကြားခဲ့ပါသေးတယ်။

ဒါပေမယ့် ရဲချင်က ထိုဖိတ်ကြားမှုအား ငြင်းဆိုခဲ့ပါတယ်။ သူဟာ ကျော်ကြားမှုနဲ့ကြွယ်ဝမှုတို့ကို ခံစားထိတွေ့ပြီးပြီဖြစ်ပါတယ်။ ဆေးဝိဇ္ဇာဖြစ်ဖို့ကလွဲရင် ကျန်တာအားလုံးက သူ့အတွက်တော့ ဖွဲနဲ့ဆန်ကွဲချည်းပဲဖြစ်ပါတယ်။

ပူလီစီရှေ့မှာဆိုရင် လောင်းဒီဟာ ကြောက်ရွံ့စွာနဲ့ သတိကြီးကြီးထားနေရပြီး ရဲချင်နဲ့ဆုံရင်တော့ သူ့စိတ်နှလုံးထဲမှာ လေးစားအားကျခြင်းနဲ့ နှစ်လိုခြင်းတွေပဲ ရှိပါတယ်။

ရဲချင်ဟာ လောင်းရွှမ်တစ်ပြည်လုံးက သမားတော်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

"အိမ်း"

ရဲချင်က အသာအယာပြုံးရင်းပြောလိုက်ပါတယ်။ သူ၏အိုမင်းတဲ့မျက်နှာမှာ သက်သောင့်သက်သာရှိမှုနဲ့ ကြင်နာတဲ့အပြုံးရိပ်ကို တွေ့မြင်ရမှာဖြစ်ပြီး ပူလီစီလို ခက်ထန်မှုမျိုးမရှိပါဘူး။

ရှန်ယန်ရှောင်ဟာ ဒီသိမ်မွေ့တဲ့အဖိုးကြီးအား ခင်မင်နှစ်သက်သွားရပါတယ်။

ပူလီစီထက် ဒီအဖိုးကြီးကပဲ လူတွေရဲ့ လေးစားမှုကိုခံယူထိုက်ပါတယ်။

"မရည်ရွယ်ဘူးပေါ့လေ။ အဲ့ကောင်ဆိုးလေးက အခုလေးတင်ပဲ ငါ့ဆေးပညာစွမ်းကို ဝေဖန်သွားတာလေ။ ကျောင်းသားသစ်ပဲရှိသေးတဲ့ သူက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ထက်ပိုပြီးတော့ ဆေးပညာရပ်ကို နားလည်တဲ့ပုံဖမ်းရဲရတာလဲ"လို့ ပူလီစီက ပြောလိုက်ပါတယ်။

လောင်းဒီလည်း ဘာပြန်ပြောရမှန်း မသိဘူးဖြစ်သွားပါတယ်။ စောနတုန်းက ရှန်ယန်ရှောင်ပြောခဲ့တဲ့စကားတွေက တစ်ကယ့်ကိုခံရခက်စေပါတယ် ပြောခံရတဲ့သူက သမားတော်ကြီးဆိုတော့ ပိုဆိုးတာပေါ့လေ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၂၇၉)

သမားတော်ကြီးတစ်ယောက် ဆေးရည်ပြုလုပ်နေချိန်မှာ ကျောင်းသားသစ်တစ်ယောက်က ခွန်းတုံ့ပြန်မပြောသင့်ပါဘူး။

ရဲချင် ဘာမှမပြောသေးပါဘူး။ ချာတိတ်လေးကိုပဲ စိုက်ကြည့်နေတဲ့ သူ့မျက်နှာမှာ အပြုံးရိပ်ရှိနေပါတယ်။

"ဆရာပူလီစီ ကျနော်က ဖော်စပ်ပုံကိုလေ့လာကြည့်ရှုခဲ့ပြီးတော့ ပြဿနာတစ်ခုကို တွေ့ခဲ့ပါတယ်။ ဘာမှနားမလည်တဲ့ ငထူငအပုံဖမ်းနေမယ့်အစား ကျနော်ဟာ အမှားကို ထောက်ပြပြောဆိုခဲ့တာပါ ဒါက မှန်ကန်တဲ့အလုပ်မဟုတ်ဘူးလားဗျ"

ရှန်ယန်ရှောင် ရယ်လိုက်ပါတယ်။ သူက ဘယ်နေရာမှာ သမားတော်ကြီးဖြစ်တာလဲ။ အဖြေတစ်ခုကို ရရှိဖို့အတွက် မတူညီတဲ့လမ်းကြောင်းတွေကို မလုပ်နိုင်ဘဲနဲ့ ကြီးဆိုတဲ့စကားလုံးက ခင်ဗျားနဲ့ဘယ်မှာတန်လို့လဲ။

နောက်ပြီးတော့လည်း သူမပြောလိုက်တာတွေက အခြေအမြစ်မရှိတာလည်း မဟုတ်ပါဘူးနော် လက်တွေ့ဖြစ်ပြီးသွားပါပြီ။

ပူလီစီစားပွဲပေါ်မှာတင်ထားတဲ့ ဆေးမြစ်တွေဟာ သွေးစားပွဲတော်ပြုလုပ်ဖို့ ဆေးမြစ်တွေဖြစ်ပါတယ်။ ကြူရှီယာတို့အား ဆေးမြစ်ကူရှာပေးဖို့ သူမ ပြောခဲ့ဖူးပါတယ်။ ထို့နောက်မှာ စုဆောင်းထားခဲ့တဲ့ ဆေးမြစ်တွေထဲမှာ သူမ ခုနတုန်းကပြောခဲ့တဲ့ ဆေးမြစ်သုံးမျိုးလည်း ပါဝင်ပါတယ်။

ယန်းချီအတွက် ဆေးဖော်ပေးချင်တာကြောင့် အဲ့ဒီဆေးမြစ်တွေနဲ့ စမ်းသပ်မှုတစ်ချို့ကို သူမလုပ်ကြည့်ခဲ့ပါသေးတယ်။ ပူလီစီရင်ဆိုင်နေရတဲ့ အခက်အခဲကို သူမသိနေရခြင်းကလည်း သွေးစားပွဲတော်ဆေးရည် ဖော်စပ်နည်းကြောင့်ဖြစ်ပါတယ်။ ဆေးနည်းက ပြည့်စုံပေမယ့် ဆေးဖော်တဲ့နေရာမှာ ပုံသေကားကျမရှိပါဘူး။

ဆေးမြစ်သုံးမျိုးကို ရောစပ်ဖို့ သူမ ကြိုးစားခဲ့ပြီး ပြဿနာလည်းမရှိခဲ့ပါဘူး။

ပူလီစီဟာ သူမရဲ့ အကြံပေးမှုကို လက်မခံရုံသာမကဘဲ သူ့သိက္ခာအကျမခံနိုင်တာနဲ့ သူမကို တစ်ပြန်စွပ်စွဲပြောဆိုလိုက်ပါသေးတယ်။ သူမကတော့ ဟက်ဟက်ပက်ပက်ပဲ ရယ်ပစ်လိုက်ချင်ပါတော့တယ်။

"ပြဿနာ ဟုတ်လား။ ပြဿနာရှိမရှိသိရအောင် ငါလုပ်နေတဲ့ ဆေးရည်ကိုတောင် မင်းက သိလို့လားကွ ဟေ"

ရှန်ယန်ရှောင်က သူ့ကို ပြန်ပြောရဲဦးမယ်လို့ ပူလီစီ မထင်ထားခဲ့တာကြောင့် ဒေါသမီးပြန်တောက်လာခဲ့ပါတယ်။

"ဆရာဘာဆေးရည်ပဲလုပ်ချင်လုပ်ချင် အရေးမကြီးပါဘူး စားပွဲပေါ်မှာရှိနေတာက ဟွမ်းယွန်ပန်းရဲ့ အမှုန့်လေ။ အဲ့ဒီတော့ ဆရာလုပ်နေတဲ့ဆေးရည်မှာ ဟွမ်းယွန်ပန်းက ဆေးဖက်အဖြစ်ပါနေတာပဲ"

ပူလီစီဟာ သွေးစားပွဲတော်ပြုလုပ်ဖို့ လုံးပန်းနေတာဖြစ်မယ်လို့ သူမ တွေးမိပြီးသားပါ။ စားပွဲပေါ်မှာက ဆေးမြစ်ဒါဇင်ခန့်သာရှိပေမယ့် ရှိတဲ့ဆေးမြစ်အားလုံးက သွေးစားပွဲတော်မှာ ပါဝင်တာတွေချည်းဖြစ်ပါတယ်။

"အဲ့တော့ ဘာဖြစ်လဲ။ မင်းလိုမလောက်လေးမလောက်စားလေးက ငါ့ကိုတောင် ပြန်ခံငြင်းပြီး ဆင်ခြေပေးချင်သေးတယ်ပေါ့လေ။ မင်းတတ်နေတယ်ဆိုရင် ကိုယ်တိုင်လုပ်ကြည့်လေ မင်းလိုမျိုး မိုးနဲ့မြေရဲ့ ကြီးမားပုံကို မသိတဲ့ကောင်လေးက ဟောင်ကိုးမြက်နဲ့အိုက်ရတ်ပန်းတွေရဲ့ ဝိရောဓိဖြစ်မှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ငါကြည့်လိုက်ချင်သေးတယ်"

ရှန်ဂျူလို့ခေါ်တဲ့ ဒီကျောင်းသားလေးက ဘယ်ကနေသတ္တိတွေရလာလို့ သူ့ကိုတောင် ပြန်ပြောရဲနေတာလဲ။

ပူလီစီရဲ့စကားတွေက အခန်းထဲကလူအားလုံးကို အံ့အားသင့်သွားစေပါတယ်။ ပူလီစီက ဘယ်လိုဆေးရည်ကို ဖော်စပ်နေလဲဆိုတာ သူတို့မသိပေမယ့် အဆင့်မြင့်ဆေးရည်ဖြစ်ရမယ်လို့တော့ အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။ အခုကျတော့ ကျောင်းသားသစ်လေးကို ဒီခက်ခဲလှတဲ့ အဆင့်မြင့်ဆေးရည်ပြုလုပ်ခြင်းကို လုပ်ခိုင်းခြင်းဟာ ယုံနိုင်စရာမရှိပါဘူး။

လောင်းဒီငုတ်တုတ်မေ့သွားပါတယ်။ အခြေအနေတွေက ဒီလောက်ထိဖြစ်သွားမယ်လို့ သူ မထင်ထားခဲ့ပါဘူး။

ရှန်ဂေါင်းရှောင် ပြုံးလိုက်မိတယ်။ သူက ပူလီစီဘေးမှာ တစ်ချိန်လုံးနေနေရတာ ကြာပြီဖြစ်လို့ ပူလီစီ ဘာဆေးရည်ဖော်စပ်ဖို့ ကြိုးစားနေမှန်း သူမသိပေမယ့် ပူလီစီကို ခေါင်းကိုစေတဲ့ဆေးရည်ဟာ သမားတော်ကြီးအဆင့်ဆေးရည်သေချာပေါက်ဖြစ်မှာပါ။

သမားတော်ကြီးအဆင့်ဆေးရည်ကို လူသစ်ကိုလုပ်ခိုင်းမယ်။

ဆေးရည်ဖြစ်ဖို့အသာထားပါ ဆေးမြစ်နှစ်ခုကို ဟန်ချက်ညီအောင်ရောစပ်တာကတင် ရှန်ယန်ရှောင်ကို တိုင်ပတ်စေမှာပဲလို့ သူတွေးလိုက်ပါတယ်။

ရဲချင်လည်း မျက်ခုံးမြင့်တက်သွားခဲ့ပါတယ်။ ပူလီစီက ဒီလိုပြောလိုက်လို့ သူ အံ့သြသွားတာပါ။ ပူလီစီက သဘောကောင်းသူမဟုတ်ပေမယ့် ဒီတစ်ခေါက်မှာတော့ ကျောင်းသားကြောင့် စိတ်တစ်ကယ်တိုသွားပုံပါပဲ။

သူတို့ကို ဖြန်ဖြေပေးဖို့ ရဲချင်ကကြံရွယ်နေတုန်းမှာပဲ ပူလီစီရဲ့ စိန်ခေါ်မှုကို ခံထားရတဲ့ ရှန်ယန်ရှောင်က ရှေ့သို့တက်လှမ်းကာ ရင်ကိုကော့ပြီး ပီပီသသပြောလိုက်ပါတယ်။

"ကျနော်လုပ်ကြည့်မယ်"

All Chapters