အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၃)
ရှန်ယန်ရှောင်၏ငြင်းပယ်စကားက ရှင်းလွန်းနေတာကြောင့် ကြားလိုက်ရတဲ့ လေးယောက်လုံး ကြောင်စီစီဖြစ်သွားခဲ့ကြပါတယ်။
သမားတော်ကြီးတစ်ဦးရဲ့ နည်းပေးလမ်းပြမှုကို မလိုချင်တဲ့ သမားတော်လေးတစ်ယောက် ရှိနေတာကို သူတို့တွေ မယုံနိုင်ဘူးဖြစ်သွားတယ်။
ရှန်ယန်ရှောင်ကတော့ ရူးသွားပြီပဲလို့ သူတို့တွေးလိုက်တယ်။
ပူလီစီအားငြင်းပယ်လိုက်ခြင်းကို တစ်ခြားလူတွေကတော့ မဖြစ်သင့်ဘူးလို့ ထင်မြင်နေကြမှာပါ ဒါကို ရှန်ယန်ရှောင်ကတော့ ဂရုမစိုက်ပါဘူး။
သူမအနေနဲ့ စာကြည့်တိုက်ထဲမှာနေနေပြီးတော့ သွေးစားပွဲတော်ဆေးရည်အကြောင်းကို ပိုစုံစမ်းသိရှိချင်သေးသော်လည်း ပူလီစီရဲ့ စရိုက်လက္ခဏာကို သူမ မနှစ်မြို့ပါဘူး။ ဒီလိုသေးသိမ်လှတဲ့ သမားတော်ကြီးနားနေနေရင် သူမရဲ့ အချိန်တွေအလကားပုပ်တာပဲရှိမှာပါ။
ဒါကြောင့်မို့ ကိုယ့်အားကိုယ်ကိုးတာပဲ ပိုကောင်းပါတယ်။ သူမရဲ့ အရည်အချင်းနဲ့ဆိုရင် သွေးစားပွဲတော်ဆေးရည်က မဖြစ်နိုင်တဲ့အရာလည်း မဟုတ်ပါဘူး။
"မင်း တစ်ကယ်ပဲ..."
ပြန်တည်ငြိမ်ကာစပဲရှိသေးတဲ့ ပူလီစီဟာ ရှန်ယန်ရှောင်ရဲ့ ငြင်းပယ်မှုကြောင့် ပြန်ဆူပွက်သွားရပါတယ်။
ဒီကောင်လေးက ဦးနှောက်မရှိဘူးပဲ။ သူ့အနားမှာ လက်ထောက်အဖြစ်နေဖို့ သူခွင့်ပြုခဲ့တယ်လေ။ ဒါဘယ်လောက်တောင်ကောင်းလိုက်သလဲ ဒါကို ကောင်လေးက ငြင်းတယ်တဲ့လေ။
လောင်းဒီ ရင်နာသွားပြီး ဘာခံစားချက်မှမရှိတော့သလို ဖြစ်သွားရပါတယ်။
သူမရဲ့ မျက်လုံးထဲမှာတော့ လူတွေရဲ့ တုန်လှုပ်အံ့သြမှုတွေဟာ လေနဲ့အတူလွင့်ပါသွားတဲ့ တိမ်စိုင်တွေသာသာပါပဲ။ သမားတော်ကြီးဆိုတာကလည်း သူမအမြင်မှာတော့ အာပလာပါပဲ။ ရှူကိုယ်တိုင်ဟာ ကြီးကျယ်ထက်မြက်လှသူဖြစ်သလို ယန်းချီဆိုရင်လည်း လောင်းရွှမ်တစ်ပြည်လုံးမှာ တစ်ဦးတည်းသော ဆင့်ခေါ်ဝိဇ္ဇာဖြစ်ပါတယ်။ ငှက်စုတ်ငှက်ပဲ့ဖြစ်သော ဒဏ္ဍာရီသတ္တဝါ ဇာမဏီငှက်လည်း ကျန်ပါသေးတယ်။ ပူလီစီဆိုတာ သူမမျက်စိထဲ မတိုးပါဘူးနော်။
ရဲချင်က ယဉ်ကျေးနှိမ့်ချတဲ့ မိတ်ဆွေလေးကိုကြည့်လိုက်တယ်။ ခုနတုန်းက သူမ လုပ်သွားတာတွေအားလုံးကို သူ့မျက်လုံးနဲ့မျက်မြင်ဒိဋ္ဌတွေ့မြင်ခဲ့ပါတယ်။ ရဲချင်ရဲ့ အမြင်နဲ့ဆိုရင် ဒီမိတ်ဆွေလေးဟာ ဆေးပညာရပ်မှာ ဘယ်လောက်ပါရမီပါသလဲဆိုတာကို တွေ့တာပေါ့။ ဆေးပညာဌာနတစ်ခုလုံးရဲ့ အတော်ဆုံးကျောင်းသားဆိုတဲ့ ရှန်ဂေါင်းရှောင်တောင် သူမကို မယှဉ်နိုင်ပါဘူး။
အရင်တုန်းက အိုးယန်ဟွမ်းယူဟာ ထက်မြက်တဲ့ဆေးကျောင်းသားလေးတွေကို သူတို့ဆီမိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သမားတော်ကြီးအချို့က ဇကာပေါ်တင်ကြည့်လိုက်တဲ့အခါမှာတော့ ရှန်ဂေါင်းရှောင်တစ်ယောက်သာလျှင် တင်ကျန်ရစ်ခဲ့ပါတယ်။ ရှန်ဂေါင်းရှောင်က ထက်မြက်တယ်ဆိုပေမယ့် ဆရာတစ်ဆူဖြစ်သော ရဲချင်မျက်စိထဲတော့ ဝင်မဆံ့ခဲ့ပါဘူး။ ထိုကိစ္စတွေကြောင့်လည်း ယနေ့ခေတ်မှာ အရည်အချင်းထက်မြက်တဲ့ ဆေးသမားမျိုးဆက်သစ်တွေ နည်းပါးလှချည်ရဲ့ဆိုပြီး ရဲချင်တစ်ယောက် နှမြောမိခဲ့ရပါတယ်။
သို့ပေမယ့် မတော်တဆနဲ့ သူရောက်လာခဲ့ခြင်းက ဒီလိုဆေးပညာပါရမီရှင်လေးနဲ့ ကြုံစေမယ်လို့လည်း ရဲချင်မထင်ထားခဲ့ပါဘူး။
ပူလီစီရဲ့ ဒေါသအမျက်ကို ဂရုမစိုက်ဘဲ ငြင်းပယ်လိုက်တဲ့ ရှန်ယန်ရှောင်ကိုကြည့်ပြီး မိတ်ဆွေလေးရဲ့ ခေါင်းမာမှုကို သူ့ရင်ထဲကနေ သဘောကျသွားစေခဲ့ပါတယ်။
ယနေ့ခေတ် တစ်လောကလုံးမှာ သမားတော်ကြီးတစ်ယောက်ကို ငြင်းပယ်ရဲတဲ့ဇရှိသူတွေဟာ နည်းနည်းသာရှိပါတော့တယ်။
ရဲချင်သာ ဒီပါရမီရှင်လေးကို ပစ်ထားလိုက်ခဲ့ရင် ဝမ်းနည်းဖို့ကောင်းသွားပါလိမ့်မယ်။
ပူလီစီရဲ့ ရှန်ယန်ရှောင်အပေါ်ပြုမူပုံရယ် ဒီကလေးရဲ့ အကျင့်စရိုက်နဲ့ဆိုရင် ပူလီစီရဲ့လက်ထောက်ဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။
စိတ်ကူးတစ်ခုက ရဲချင်ဆီမှာ ပေါ်လာခဲ့တယ်။ ပြုံးလိုက်ပြီးနောက် ထွက်သွားတော့မယ့် ရှန်ယန်ရှောင်ကို လှမ်းကြည့်လိုက်ပါတယ်။ သူ့ဘဝမှာ ပြောထွက်ခဲတဲ့ စကားလုံးကို အသုံးပြုလိုက်ပါတယ်။
"ကောင်လေးရေ ခဏနေပါဦး"
ရှန်ယန်ရှောင်ဟာ ရဲချင်အပေါ်မှာ သဘောကျမိနေတာကြောင့် ပူလီစီအားဆက်ဆံပုံမျိုးနဲ့ ရဲချင်ကိုမဆက်ဆံပါဘူး။ သူမရဲ့ ခြေလှမ်းတွေကို လေးစားနာခံစွာနဲ့ ရပ်တံ့လိုက်ပြီးနောက် ရဲချင်ဆီလှမ်းကြည့်လိုက်ပါတယ်။
"မင်းက ပူလီစီရဲ့ လက်ထောက်မဖြစ်ချင်ဘူးဆိုမှတော့ ငါ့လက်ထောက်အဖြစ်နဲ့ ဆိုရင်ရော ဘယ်လိုသဘောရလဲ"လို့ ရဲချင်က အပြုံးမျက်နှာနဲ့ မေးလိုက်ပါတယ်။
ရဲချင်ရဲ့ စကားကြောင့် အခန်းထဲမှာ အာမေဋိတ်သံတွေ ထွက်ပေါ်ခဲ့ရပါတယ်။
ပူလီစီဟာ ပါးစပ်အဟောင်းသာဖြစ်ကာ သူ့နားသူမယုံရဲအောင် ဖြစ်နေပါတယ်။
ရဲချင်ဆိုတာ ကြီးကျယ်မြင့်မြတ်လှသူဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်နှစ်ဆယ်လောက်တည်းက ရဲချင်က မည်သည့်ကျောင်းသားတစ်ဦးတစ်ယောက်ကိုမျှ သင်ကြားလေ့ကျင့်ပေးခြင်းမရှိတော့ပါဘူး။ ဒီတစ်ခေါက်မှာ သူတို့က လက်ထောက်တွေ ရှာနေတယ်လိုချင်တယ်ဆိုပေမယ့် တစ်ကယ်တန်းကတော့ ပါရမီရှိမယ့် တပည့်လေးတွေကို ရှာဖွေနေတာပဲဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၄)
ရှန်ယန်ရှောင်လိုမျိုး သာမန်ဆေးကျောင်းသားမပြောနဲ့ ဆေးပညာသင်ကြားပေးနေကြတဲ့ နည်းပြတွေကတောင် ရဲချင်ရဲ့တပည့်ဖြစ်ဖို့ ကြိုးပမ်းနေကြတာပါ။
လူဘယ်လောက်ကပဲ ရဲချင်ဆီမှာ တိုးလျှိုးတောင်းပန်ခဲ့သော်လည်း ရဲချင်ကတော့ အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။ အစတည်းကလည်း ရဲချင်ဟာ လက်ထောက်တွေဘာတွေဆိုတဲ့ကိစ္စအပေါ်မှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ သို့သော် သို့သော်လည်းပေါ့လေ အခုအခါမှာတော့ ရဲချင်ကိုယ်တိုင်က ရှန်ယန်ရှောင်ကို စတင်ဖိတ်ခေါ်လိုက်ပါပြီ။
ပူလီစီ သွေးတစ်လုပ်ခန့် အန်ထွက်တော့မလိုဖြစ်သွားခဲ့တယ်။ သူကိုယ်တိုင်လည်း ရဲချင်ရဲ့ တပည့်ဖြစ်ချင်နေခဲ့တာပါ။
သူတို့နှစ်ယောက်လုံးက သမားတော်ကြီးတွေဖြစ်ကာ အဆင့်တူတယ်ဆိုပေမယ့် ရဲချင်ဟာ ဆေးဝိဇ္ဇာဖြစ်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာပါ။ ပူလီစီနဲ့ ရဲချင်ရဲ့ကြားက ကွာခြားနေတဲ့အကွာအဝေးက ဖြတ်ကျော်ဖို့ခက်ခဲလှတဲ့ ချောက်နက်ကြီးခြားနေသလိုပါပဲ။
ပုံမှန်အားဖြင့် ရဲချင်ရဲ့ ပြောဆိုညွှန်ပြမှု တစ်ခုနှစ်ခုလောက်ရနေရင်ကို သူ ကျေနပ်နေပါပြီ။ အခုကျတော့ ရဲချင်က ဒီကလေးကို တပည့်အဖြစ်လက်ခံချင်နေတာလေ။
လောကကြီးက မတရားဘူး......
ဇာတ်လမ်းတစ်ပုဒ်လုံးကို အစအဆုံးကြည့်နေမြင်နေရတဲ့ ရှန်ဂေါင်းရှောင်ရဲ့ စိတ်ခံစားချက်တွေက ပူလီစီထက်တောင် ပိုရှုပ်ထွေးနေပါတယ်။ သမားတော်ကြီးတွေရဲ့ စစ်ဆေးမှုကို အောင်မြင်ပြီးတော့ ပူလီစီရဲ့လက်ထောက်ဖြစ်ခဲ့တာဟာ တော်တော်ကြီးကိုကောင်းနေပါပြီ ဒါပေမယ့် ပူလီစီနဲ့ရဲချင်နှစ်ယောက်ရဲ့ အစွမ်းကွာဟချက်က ဘယ်လောက်ရှိလဲဆိုတာကိုလည်း သူသိနေပါသေးတယ်။
ပူလီစီရဲ့ လက်ခံမှုကို သူရခဲ့တုန်းက အရမ်းဂုဏ်ယူခဲ့မပေမယ့် အခုအခါမှာတော့.....
အဲ့ပုံဆိုးပန်းဆိုးနဲ့ကောင်စုတ်လေးက လောင်းရွှမ်ပြည်က နံပါတ်တစ်သမားတော်ဖြစ်သူရဲ့ အာရုံကျမှုကို ရရှိခဲ့ပြီး ဒီအဖြစ်ကြောင့် ကောင်စုတ်လေးကို သူ သတ်ပစ်ချင်သွားရပါတယ်။
ရှန်ယန်ရှောင်လည်း အနည်းငယ်အံ့အားသင့်ခဲ့ရတယ်။ ခုနလေးကတင် ပူလီစီရဲ့ ဖိတ်ခေါ်မှုကို သူမက ငြင်းဆန်ပြီးတာနဲ့ လှည့်ပြန်တော့မလို့ကို ရဲချင်ကနေ အခုလိုမျိုး သူမအား ဖိတ်ခေါ်လိုက်လို့ မယုံနိုင်ဘူးဖြစ်နေရပါတယ်။
ဆေးပညာလောကမှာ ရဲချင်ရဲ့ ပညာစွမ်းပေါက်ရောက်ထက်မြက်မှု ဘယ်လောက်ကြီးကျယ်တာကို အသာထားလိုက်ပါဦး ဒီအဖိုးအိုရဲ့ အကြင်နာမေတ္တာတွေဖုံးလွှမ်းနေတဲ့ မျက်နှာကြည့်ရုံနဲ့တင် ရှန်ယန်ရှောင် ငြင်းပယ်ဖို့ခဲယဉ်းလှပါတယ်။
နောက်ပြီး ရဲချင်ရဲ့ စိတ်နေစိတ်ထားကလည်း နူးညံ့တာကြောင့် သမားတော်ကြီးဆိုတဲ့ ဂုဏ်နဲ့လည်းပနံရလှပါတယ်။
ရဲချင်အနားမှာရှိနေတဲ့ ပါးစပ်တစ်လှုပ်လှုပ်ဖြစ်နေသော ပူလီစီကို သူမကြည့်လိုက်တယ်။ ထို့နောက်မှာတော့ ကြည့်လို့ကောင်းလှတဲ့ အပြုံးတစ်ပွင့်ကို လှစ်ဟလိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
"သမားတော်ကြီးရဲချင်ရဲ့ ဂရုပြုမှုကို ခံယူရတာဟာ ကျနော့်အတွက် အကြီးဆုံးဂုဏ်ပြုမှုတစ်ခုပါပဲ"လို့ ရဲချင်အားပြောလိုက်ကာ ဖိတ်ကြားမှုကို သူမ ကျေနပ်စွာ လက်ခံလိုက်ပါတယ်။
ပူလီစီ သွေးအန်ထွက်သွားပါပြီ။
ရယ်သွေးသွမ်းလိုက်တဲ့ ရဲချင်ဟာ စိတ်အလွန်ကျေနပ်နေပုံပါပဲ။
"လောင်းဒီရေ ဒီကလေးက ငါ့အနားမှာနေရဦးမှာမို့ ဆေးပညာဌာနကို သွားဦးမှာမဟုတ်လို့ ဒီအကြောင်းကို သူ့နည်းပြကို ပြန်ပြောလိုက်တော့ကွာ"
ရဲချင်၏အဆင့်အတန်းဟာ ခမ်းနားလှသော်လည်း သူ့ကျင့်ဝတ်ကတော့ အလွန်ချီးကျူးစရာကောင်းပါတယ်။ သူဟာ ကိစ္စတိုင်းမှာ စည်းထားပါတယ်။
"အဲ့လိုပဲ ဖြစ်ရပါစေမယ် ခင်ဗျာ"
လောင်းဒီရင်တွေ တဒိန်းဒိန်းခုန်နေပါတယ်။ ရဲချင်ရဲ့တပည့်ဖြစ်ရလောက်အောင်ထိ ရှန်ယန်ရှောင် ကံကောင်းလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပါဘူး။
ဒီအဖြစ်က သူမျှော်လင့်ထားတာထက် တစ်ဖက်ကမ်းလွန်နေပါပြီ။
ထို့နောက်မှာတော့ လောင်းဒီဟာ ရဲချင်အား အရိုအသေပေးလိုက်ပါတယ်။ ရှန်ယန်ရှောင်ရဲ့ အစွမ်းအစအပြုအမူနဲ့ဆိုရင် အနည်းဆုံးတော့ သူမဟာ အဆင့်မြင့်သမားတော်တွေကို ခြောက်ခြားတုန်လှုပ်စေနိုင်ပါတယ်။ အကယ်၍ သူမသာ သမားတော်ကြီးဖြစ်လာမယ်ဆိုရင်တော့ လောင်းဒီရဲ့ အနာဂတ်ဟာလည်း တောက်ပလာမှာဖြစ်ပါတယ်။
ပြောရမယ်ဆို ရှန်ယန်ရှောင်ဟာ သူတူးဖော်ရှာတွေ့ခဲ့တဲ့ ကျောက်ရိုင်းလေးဖြစ်ပါတယ်။
"နောက်ဆိုရင် မင်းက ငါ့နောက်ကိုလိုက်ရလိမ့်မယ် အပင်ပန်းဆင်းရဲခံဖို့ အသင့်ဖြစ်ပြီလားကွ။ ငါ့စည်းကမ်းတွေကတော့ အရမ်းတင်းကြပ်တယ်နော်"လို့ ရဲချင်က ရှန်ယန်ရှောင်ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။
"သမားတော်ကြီးရဲချင် စိတ်မပျက်ရအောင် ကျနော် အစွမ်းကုန် ကြိုးစားသွားမှာပါ"လို့ သူမက ပြန်လည်ပြုံးပြလိုက်ရင်း ဖြေကြားလိုက်တယ်။
စာကြည့်တိုက်ထဲမှာနေပြီးတော့ သွေးစားပွဲတော်ဆေးရည်ကို လေ့လာခွင့်ရတာဟာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ဒီသမားတော်ကြီးတွေဟာ သွေးစားပွဲတော်ဆေးရည်အပေါ်မှာ လေ့လာစမ်းသပ်နေကြတာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်လို့ သူမကိုယ်တိုင်စမ်းသပ်တာထက် ပိုမိုအသေးစိတ်ကျပါလိမ့်မယ်။ ရဲချင်ရဲ့ စိတ်သဘောထားနဲ့ သူမရဲ့ အကျင့်စရိုက်တို့တွဲဖက်လိုက်တဲ့အခါမှာတော့ ဒီအစီအစဉ်က သူမအတွက် အလွန်ကျေနပ်စရာကောင်းနေပါပြီ။
ရှန်ယန်ရှောင်ကို ကြည့်မိလေလေ ရဲချင်အနေနဲ့ သူမကို ပိုချစ်ခင်မိလာလာလေပါပဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၅)
ယနေ့ကာလမှာ ပါရမီရှိပြီး ဖြောင့်မတ်မှန်ကန်တဲ့ လူငယ်မျိုးဆက်ကို တွေ့ဖို့အတော်ခဲယဉ်းနေပါပြီ။ သမားတော်ကြီးလို့ကြားတာနဲ့ ကပ်ဖားရပ်ဖားမလုပ်ချင်တဲ့လူ ဘယ်မှာရှိလို့လဲ။ သမားတော်ကြီးတစ်ဦးကို ငြင်းပယ်ရဲတဲ့သူ ဘယ်တုန်းကရှိလို့လဲ။
ပူလီစီရဲ့ ဖိတ်ခေါ်မှုအားငြင်းပယ်ခဲ့တဲ့ ရှန်ယန်ရှောင်ရဲ့လုပ်ရပ်အပေါ်မှာ ရဲချင်တစ်ယောက် အလွန်သဘောကျသွားခဲ့တာပါ။
လူတွေအား လိမ်လည်လှည့်ဖျားဟန်ဆောင်ပြီး နေနေတဲ့လူအနေနဲ့ ပညာရပ်တစ်ခုရဲ့ အထွတ်အထိပ်ကို ဘယ်တော့မှရောက်မှာမဟုတ်ပါဘူး။ ထိပ်ဆုံးထိရောက်ဖို့အတွက် အရေးမပါတဲ့အတွေးအကြံတွေကို စွန့်ပယ်ရမှာဖြစ်ပြီး တစ်ခြားလူတွေရဲ့ အောင်မြင်မှုကို ကျော်ဖြတ်နိုင်ဖို့ရာ စိတ်နှစ်ထားဖို့လိုပါတယ်။
မင်းအနေနဲ့ ဒီအကြောင်းကို လက်မခံရင် အောင်မြင်မှာမဟုတ်ပေ။
"ဒီနေ့အဖို့ ငါက အရေးကြီးလုပ်ငန်းလေးတွေ လုပ်ရဦးမယ်။ အခု မင်းပြန်သွားနိုင်ပြီ။ မနက်ဖြန်မနက်စောစောမှာ ဒီကိုပြန်လာပြီး သတင်းပို့ရမယ်နော်"
ပညာသင်တပည့်အပေါ်မှာ အလွန်ကျေနပ်နေမိလို့ ရဲချင်တစ်ယောက် စိတ်ရွှင်နေပါတယ်။
"နားလည်ပါပြီ"
ဒီဆေးပညာဆရာဖြစ်သူဟာ အလွန်အဆင်ပြေတာကြောင့် သူမလည်း စိတ်ရွှင်နေပါတယ်။
ရှန်ယန်ရှောင်ရဲ့ ငြင်းပယ်မှုကိုခံရတဲ့အပြင် တပည့်ဖြစ်သူကိုလည်း ရဲချင်က လုယူသွားခြင်းခံရတဲ့ ပူလီစီရဲ့ စိတ်ကတော့ ပြောစရာလိုတော့မယ်မထင်ပါဘူးနော်။
သူ့မာနကို အကြိမ်ကြိမ်ပုတ်ခတ်စော်ကားခဲ့တဲ့အတွက် ရှန်ယန်ရှောင်ပြန်သွားပြီးရင် အိုးယန်ဟွမ်းယူကိုရှာပြီး ဒိကောင်စုတ်လေးကို ကျောင်းကနေ နှင်ထုတ်ပေးဖို့ သူတောင်းဆိုမလို့ကြံထားတာပါ။ ဒါပေမယ့် အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားပြီးတော့ ရဲချင်ရဲ့တပည့်ဖြစ်သွားခဲ့တယ်လေ။ သူ့မှာ ဇအလွန်ပြင်းတယ်ဆိုရင်တောင်မှ အကြောင်းမဲ့သက်သက်နဲ့တော့ ရှန်ယန်ရှောင်ကို သူ ဒုက္ခမပေးရဲတော့ပါဘူး။
"ပူလီစီ ငါနဲ့လိုက်ခဲ့။ တစ်ခြားသမားတော်ကြီးတွေအကုန်လုံးကိုလည်း ဆွေးနွေးစရာရှိလို့ ငါခေါ်ထားတယ်"
ပူလီစီ တိတ်တိတ်လေးပဲ အံကြိတ်လိုက်မိတယ်။ မကျေမနပ်ဖြစ်မှုကိုတော့ သူ့မျက်နှာပေါ်မှာ ပေါ်လွင်အောင် မဖော်ပြရဲပါဘူး။
ပူလီစီအနေနဲ့ တိတ်ဆိတ်စွာနဲ့ပဲ ရဲချင်နောက်ကနေလိုက်ကာ ထွက်သွားလိုက်ရပေမယ့် သူ့ရင်ထဲမှာတော့ ရှန်ယန်ရှောင်အား ဖော်မပြနိုင်လောက်အောင် မုန်းတီးနေမိတာဟာ သွားတွေကြိမ်းလာတဲ့အထိပါပဲ။
အခန်းထဲမှာရှိနေတဲ့ ရှန်ဂေါင်းရှောင်ဟာလည်း ရှန်ယန်ရှောင်အား ရှက်ရွံ့စွာနဲ့ကြည့်လိုက်ပါတယ်။
လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ထိ သူဟာ ဆေးပညာဌာနတစ်ခုလုံးရဲ့ အကျော်ကြားဆုံးကျောင်းသားဖြစ်ရုံသာမကဘဲ အအောင်မြင်ဆုံးဖြစ်နိုင်မယ့်ကျောင်းသားတစ်ယောက်ပါ။ ရဲချင်ကနေ ရှန်ယန်ရှောင်အား ဖိတ်ခေါ်ပြီးချိန်မှာတော့ သူ့နေရာဟာ မတည်ငြိမ်တော့ပါဘူး။
ကံမကောင်းစွာနဲ့ပဲ တစ်ခြားလူနှစ်ဦးကတော့ သူ့ခံစားချက်ကို တစ်ချက်မှအလေးမထားကြပါဘူး။
ရဲချင်နဲ့ပူလီစီထွက်သွားပြီးတာနဲ့ ရှန်ယန်ရှောင်၏ပုခုံးအား လောင်းဒီက ပျော်ရွှင်စွာနဲ့ ပုတ်လိုက်ပါတယ်။
"မိုက်တယ်ဟေ့ မင်းက သမားတော်ကြီးရဲချင်မျက်လုံးထဲရောက်အောင် လုပ်နိုင်ခဲ့တာပဲဟေ့ မင်းအနာဂတ်ကတော့ ဘာအကန့်အသတ်မှရှိမှာမဟုတ်တော့ဘူးကွ"
ဒီအဖြစ်က သူမျှော်မှန်းခဲ့တာထက် ပိုကောင်းနေပါတယ်။ သူဟာ ရှန်ယန်ရှောင်အတွက် တစ်ကယ်ပဲ ဝမ်းသာနေပါတယ်။
ရှန်ယန်ရှောင်ဟာ နှာခေါင်းကိုကုတ်လိုက်ပြီး လောင်းဒီအားကြည့်လိုက်ပါတယ်။
"ဒါတွေအားလုံးက နည်းပြလောင်းဒီရဲ့ကျေးဇူးကြောင့်ပါ"လို့ ရှန်ယန်ရှောင်က လှိုက်လှိုက်လှဲလှဲပြောလိုက်ပါတယ်။
"ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူးလေ။ နောက်ကျရင် သမားတော်ကြီးရဲချင်အနားနေရတဲ့အခါ မင်း ကောင်းကောင်းကြိုးစားရမယ်နော်။ အဲ့လိုဆိုရင် တစ်နေ့မှာ လောင်းရွှမ်ပြည်ထဲမှာ မင်းရဲ့နာမည်ထွန်းတောက်လာမှာပဲ"
လောင်းဒီဟာ ရှန်ယန်ရှောင်၏အနာဂတ်အတွက် အလွန်အကောင်းမြင်နေပါတယ်။ သူမရဲ့ အရည်အချင်းရော သမားတော်ကြီးရဲချင်ရဲ့ ညွှန်ကြားပြသမှုရော နှစ်ခုလုံးတို့က အလွန့်အလွန်ကိုရှားပါးတဲ့အရာတွေပါပဲ။
သူမက ပြုံးလိုက်ပြီးတော့ နှုတ်ဆိတ်နေလိုက်ပါတယ်။
ကြိုးစားရမှာကတော့ အသေအချာပါပဲ သူမအတွက်မဟုတ်ရင်တောင် ယန်းချီအတွက်ပေါ့။
သူမရဲ့ အချိန်ဇယားမှာတော့ ပိုပြီးပြည့်နှက်နေမှာတစ်ခုပါပဲ။ နေ့ရက်တိုင်းရဲ့ အချိန်ဟူသမျှကို အသုံးချရပါလိမ့်မယ်။ ဆေးပညာ၊ လေးအတတ်နဲ့ ဆင့်ခေါ်ခြင်း ပညာရပ်သုံးခုတို့အတွက် သူမ တစ်ခုကိမျှ လက်လွှတ်လို့မဖြစ်ပါဘူး။
လျှောက်ရမယ့်လမ်းက အရှည်ကြီးပါလားကွယ်။ သူမ သက်ပြင်းကိုသာချလိုက်မိပါတယ်။
သို့ပေမယ့် သူမသာ စွမ်းအားသန်မာချင်ရင် တစ်ခြားလူတွေထက်ပိုပြီးတော့ ပင်ပန်းခံရမယ်ဆိုတာကိုတော့ သူမ သဘောပေါက်ပါတယ်။
လောကမှာ အလကားရတာ ဘာမှမရှိပါဘူး။