အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၆)
နောက်ရက်မနက်အစောပိုင်းမှာ သူမ ဆေးဌာနစာကြည့်တိုက်ကိုသွားခဲ့ပါတယ်။ စာကြည့်တိုက်မှူးရဲ့ လမ်းညွှန်မှုအောက်မှာ ရှန်ယန်ရှောင်က ရွေ့လျားကျောက်ပြားပေါ်တက်လိုက်ပြီးတော့ ရဲချင်နေတဲ့ ၉၅ထပ်ဆီသို့ သွားလိုက်ပါတယ်။
၉၅ထပ်ကိုရှန်ယန်ရှောင်ရောက်သွားတာနဲ့ တစ်ခြားအထပ်တွေနဲ့ မတူတာကို သူမ သတိပြုလိုက်မိပါတယ်။ အထပ်၉၀မှာ အခန်းသုံးလေးခန်းရှိပြီး ပူလီစီက အဲ့ထဲက တစ်ခန်းမှာနေတာဖြစ်ပါတယ်။
ဒါပေမယ့် ၉၅ထပ်ကတော့ တစ်ထပ်လုံးဟာ ရဲချင်အတွက်ဖြစ်ပြီး တစ်ထပ်လုံးကတစ်ခန်းဖြစ်ပါတော့တယ်။
ဒါနဲ့တင် ရဲချင်နဲ့ပူလီစီရဲ့ ကွာခြားချက်ကို သိမြင်နိုင်ပါတယ်။
ရှန်ယန်ရှောင်က ကျောက်ပြားပေါ်ကနေ သွက်လက်စွာဆင်းလိုက်ပါတယ်။ ဆေးဝါးနံ့သင်းသင်းက သူမနှာဝသို့ ကျီစယ်လာပါတယ်။ အနံ့က ညှီစို့စို့နံ့အနည်းငယ် ရောစွက်နေပါတယ်။ ပူလီစီရဲ့အခန်းထဲကအနံ့နဲ့တူပြီး ဒီကအနံ့က ပိုပြင်းပါတယ်။
ဆေးနံ့နဲ့အတူ ၉၅ထပ်ရဲ့ အလယ်သို့သူမ သွားလိုက်ပါတယ်။ ထိုဆီမှာ ကြီးမားလှသော ဆေးစားပွဲရှေ့မှာ ရပ်နေတဲ့ ရဲချင်ဟာ ဆေးရည်တစ်ပုလင်းဖော်စပ်နေပြီး အာရုံဝင်စားနေတာကို တွေ့ရပါတယ်။
သူမလည်း တိတ်ဆိတ်စွာလျှောက်လှမ်းသွားလိုက်ပြီးတော့ ရဲချင်ရဲ့အလုပ်အား အနှောက်အယှက်မဖြစ်စေဖို့ တိတ်တိတ်လေးရပ်နေလိုက်ပါတယ်။
နှစ်နာရီလောက်ရပ်နေပြီးချိန်မှသာ ရဲချင်က ဆေးရည်ဆီကနေ အာရုံပြန်ထုတ်လိုက်ပါတယ်။ သူ့ဘေးနားမှာရပ်နေတဲ့ ရှန်ယန်ရှောင်ကို တွေ့လိုက်ရတော့ သူ ခနတာ အံ့ဩသွားခဲ့ပါတယ်။
"မင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
ဆေးရည်ဖော်စပ်တဲ့နေရာမှာ ရဲချင်အတွက် အေးချမ်းမှုနဲ့ အာရုံစူးစိုက်မှုအပြည့်အဝလိုအပ်လို့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကို သူသတိမပြုမိပါဘူး။
"နှစ်နာရီလောက်ရှိပါပြီ။ သမားတော်ကြီး ဆေးရည်လုပ်နေတာတွေ့တာနဲ့ မနှောက်ယှက်ချင်တာကြောင့် စကားမပြောခဲ့တာပါ"
ရှန်ယန်ရှောင်ကိုယ်တိုင်လည်း သမားတော်ဖြစ်တာကြောင့် ဆေးရည်ပြုလုပ်နေချိန်မှာ ပတ်ဝန်းကျင်ရဲ့နှောက်ယှက်မှု မခံရဖို့လိုတာကိုသိပါတယ်။ ဒါကြောင့် သူမ ဘာအသံမှမပေးခဲ့တာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာ သူမက ရဲချင်ကို အလုပ်ရှုပ်စေတဲ့ သူ့လက်ထဲက အရာတွေအပေါ်ကိုပဲ အာရုံကပ်ထားခဲ့တာပါ။
စားပွဲပေါ်မှာရှိနေတဲ့ ဆေးမြစ်တွေနဲ့ တစ်ပိုင်းတစ်စပဲပြီးသေးတဲ့ ဆေးရည်တွေကိုကြည့်ရုံနဲ့ ရဲချင်ဟာ သွေးစားပွဲတော်ဆေးရည်နဲ့ အလုပ်များနေတာကို သူမ သိလိုက်ပါတယ်။
ဆေးဖက်တွေထည့်တဲ့နေရာမှာ ရဲချင်ဟာ အလွန်ဂရုစိုက်ခဲ့ပြီးတော့ တစ်ချို့ဆေးဖက်တွေက ဝိရောဓိဖြစ်တာတွေပါဝင်တဲ့အတွက် သူဟာ အစကနေ ပြန်စရပါတယ်။
ဒါပေမယ့်လို့ ဆေးမြစ်တွေအားကိုင်တွင်ပြင်ဆင်ခြင်းနဲ့ ဆေးရည်ပြုလုပ်ခြင်းမှာ ရဲချင်ဟာ သိမ်မွေ့ကျင်လည်တာကို သူမ တွေ့မြင်ခဲ့ရပါတယ်။ သူမရဲ့ လက်ရှိပညာက ရဲချင်ထက် အများအများကြီးနိမ့်ကျပါသေးတယ်။
နံပါတ်တစ်သမားတော်ကြီးဆိုတာ တစ်ကယ်စွမ်းလှပါပေတယ်။
ရဲချင်ဟာ သူမရဲ့ တိတ်ဆိတ်စွာ စောင့်စားမှုအပေါ်မှာ သဘောကျသွားခဲ့တယ်။ ပူလီစီကို သူမ ပြောဆိုဆက်ဆံပုံကို မြင်ခဲ့တုန်းက ဒီကလေးဟာ ထိန်းသိမ်းရခက်ခဲတဲ့ ဂျစ်ကန်ကန်ကလေးတစ်ယောက်လို့ ထင်ခဲ့မိပါတယ်။ မမျှော်လင့်ဘဲနဲ့ ဒီကလေးက ငြိမ်သက်စွာနဲ့ အချိန်အကြာကြီးစောင့်နေနိုင်ခဲ့ပါတယ်။
ရဲချင်ဟာ ရှန်ယန်ရှောင်ကို ပြန်လည်သုံးသပ်လိုက်ရပါတယ်။
"မင်းလည်းရောက်နေပြီဆိုမှတော့ ဆေးမြစ်တစ်ချို့ကို ကူပြင်ပေးပေါ့"
ရှန်ယန်ရှောင်ရဲ့ ဆေးမြစ်ကိုင်တွယ်ပြင်ဆင်ပုံကို ရဲချင်မြင်တွေ့ခဲ့ပြီးဖြစ်လို့ သူမဟာ အခြေခံဆေးမြစ်တွေအား ကောင်းကောင်းပြင်ဆင်နိုင်တယ်လို့ ယူဆလိုက်ပါတယ်။ အဆင့်ပိုမြင့်တဲ့ဆေးမြစ်တွေကိုတော့ သူကိုယ်တိုင်ပဲ ပြင်ဆင်ဖို့ ရဲချင်တွေးထားပါတယ်။
သူမ ဘာမှပြန်မပြောတော့ဘဲ ရဲချင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးမြစ်တွေကို ပြင်ဆင်လိုက်ပါတယ်။
သူမရဲ့ ကိုင်တွယ်ပြင်ဆင်မှုအပေါ်မှာ ရဲချင်က ထောက်ပြပြောဆိုနေတာကြောင့် ရှန်ယန်ရှောင်ရဲ့ ကျွမ်းကျင်မှုက သူမရဲ့ဆေးပညာအဆင့်နဲ့အတူ လျှင်လျှင်မြန်မြန်တိုးတက်လာခဲ့ပါတယ်။
ဘေးနားကနေ ဆေးမြစ်တွေကိုပြင်ဆင်ပေးနေရင်းနဲ့ ရဲချင်ဖော်စပ်ပြုလုပ်နေတဲ့ သွေးစားပွဲတော်ဆေးရည်ကိုလည်း သူမ အာရုံစိုက်ထားပါတယ်။ သမားတော်ကြီးအဆင့်ရဲ့ အဆုံးစွန်ကိုရောက်နေတဲ့ ရဲချင်ဟာလည်း သွေးစားပွဲတော်ပြုလုပ်တဲ့နေရာမှာ ဂရုစိုက်နေရပါတယ်။ နောက်ဆုံးတော့လည်း ဖော်စပ်ဖို့ အလွန်ခဲယဉ်းတဲ့ဆေးဖြစ်တာကြောင့် ရဲချင်ဟာ ဆေးရည်ပြုလုပ်ခြင်းရဲ့ သုံးပုံနှစ်ပုံခန့်ထိပဲ လုပ်နိုင်ခဲ့ပါတယ်။
အရင်ကတော့ သူမအနေနဲ့ အိုးယန်ဟွမ်းယူဟာ သွေးစားပွဲတော်ဆေးရည်ကို သေချာနှေးကွေးအောင် လုပ်နေခဲ့တာလို့ ရှန်ယန်ရှောင်ထင်ခဲ့မိတာပါ။ အခု ရဲချင်ပြုလုပ်နေတာကို မြင်ပြီးမှသာ အိုးယန်ဟွမ်းယူဟာ အဲ့လောက်ထိ မရက်စက်သေးဘူးဆိုတာကို တွေးမိသွားပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၇)
သွေးစားပွဲတော်ဖော်စပ်မှုဟာ အလွန်ရှုပ်ထွေးလှပါတယ်။ မနေ့က သူမကိုင်တွယ်ခဲ့တဲ့ ဆေးမြစ်သုံးခုက အခြေခံအကျဆုံးတွေပဲဖြစ်တယ်။ အခု ရဲချင်လုပ်ဆောင်နေတဲ့ အဆင့်ကတော့ အလွန်ခက်ခဲလှတဲ့ အဆင့်တွေဖြစ်ကာ လူတွေကို ရူးခါစေနိုင်ပါတယ်။
ဆက်တိုက်ကျရှုံးနေသော်လည်း ရဲချင်ကတော့ စိတ်မရှည်မဖြစ်ပါဘူး။ ထိုအစား သူဟာ ပိုပိုပြီး သတိထားဆောင်ရွက်လာခဲ့ပါတယ်။
ထို့ကြောင့် ရှည်လျားလှတဲ့ဒီဆေးရည်ဖော်စပ်ခြင်းဟာ အကြိမ်ကြိမ်အဖန်ဖန် ထပ်ကာထပ်ကာ ပြန်လည်ဖြစ်ပေါ်နေခဲ့ပါတယ်။
ရဲချင်ရဲ့ စိတ်လက်ကိုယ်ပါ လုပ်ဆောင်နေခြင်းကို မြင်တွေ့ခဲ့ရတဲ့ ရှန်ယန်ရှောင်ဟာ စိတ်ထဲခံစားလိုက်ရပါတယ်။
ရဲချင်လိုမျိုးအဆင့်ကို ရောက်ရှိချင်ပါက ထိုလူဟာ သူ့ပညာရပ်အပေါ်မှာ တစ်ခြားသာမန်လူတွေထက်ပိုမိုပြီး စိတ်နှစ်ကာကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။
သူ့ခြေထောက်ဘေးမှာတင်ပဲ တစ်ပိုင်းတစ်စပဲပြီးဆုံးသေးတဲ့ ဆေးရည်ပုလင်းက ဆယ်ပုလင်းမကရှိနေပါပြီ။ ဒီဆယ်ပုလင်းမကတဲ့ဆေးပုလင်းတွေက ရဲချင်ရဲ့ ပထမအဆင့်ဆေးဖော်စပ်ခြင်းပဲရှိသေးတာဖြစ်ပြီး သူဟာ ဆယ်ပုလင်းသာပြုလုပ်ဖော်စပ်ရသေးတဲ့အတိုင်းဖြစ်နေဆဲပါ။
တစ်မနက်ခင်းလုံး ရဲချင်အနားမှာပဲ ရှန်ယန်ရှောင်တစ်ယောက် ရှိနေခဲ့ပြီး နေ့ခင်းပိုင်းမှာတော့ ဆေးနည်းပြတစ်ဦးက ရွေ့လျားကျောက်ပြားကိုစီး၍ ရဲချင်အတွက်နေ့လည်စာကို လာပို့သွားခဲ့ပါတယ်။
နည်းပြက တစ်ယောက်စာသာယူခဲ့တာဖြစ်ပြီး ရှန်ယန်ရှောင်အတွက်တော့ ဘာမှမပါလာပါဘူး။
"နေ့လည်ပိုင်းတိုင်းကို မင်းလာစရာမလိုဘူး မနက်ဖြန်မနက်မှသာ ပြန်လာခဲ့ပေါ့"လို့ လက်ထဲကဆေးရည်ပုလင်းကိုချလိုက်ပြီး အညောင်းမိနေတဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးတော့ ရဲချင်ကပြောလိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း နှုတ်ဆက်ပြောကြားပြီးနောက် စာကြည့်တိုက်ကနေပြန်လာခဲ့လိုက်တယ်။
နေ့ခင်းပိုင်းမှာ လေးပညာအတန်းကို တက်ရမှာဖြစ်လို့ နေ့ခင်းပိုင်းမှာ မနေရတာက သူမအတွက် ပိုကောင်းပါသေးတယ်။
နောက်ထပ်ရက်အတန်ကြာထိ ဌာနသုံးခုကို သူမ လွန်းထိုးသွားလာနေခဲ့ပါတယ်။ မနက်စောစောမှာ ဆေးဌာနစာကြည့်တိုက်ကိုသွားမယ် နေ့လည်ရောက်ရင် လေးဌာနကို ခပ်သုတ်သုတ်ပြေးပြီး ညနေခင်းမှာတော့ ဆင့်ခေါ်သူဌာနကိုပေါ့။ ကောင်းကင်မှာ အလင်းရောင်သန်းချိန်မှသာ အဆောင်ကိုပြန်ပြီး နားရတာပါ။[သနားပါတယ်]
အရင်တစ်ခေါက်ဖျားနာအပြီးမှာ သင်ခန်းစာရခဲ့လို့ သူမကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ခဲ့ပါတယ်။ နေ့တိုင်းနေ့တိုင်း ဆေးဌာနစာကြည့်တိုက်မှာ သူမရဲ့ စိတ်နဲ့ဝိဉာည်ကို အားအင်ပြည့်ဖြိုးစေမယ့် ဆေးရည်တစ်ပုလင်းနှစ်ပုလင်းလောက် သူမပြုလုပ်ဖော်စပ်ပါတယ်။ ဒါမှသာ သူမ နောက်တစ်ခေါက် မဖျားတော့မှာပါ။
ဒါတောင်မှပဲ သူမ ကိုယ်အလေးချိန်နည်းနည်းကျသွားပါသေးတယ်။
ရှန်ယန်ရှောင်ရဲ့ ချောင်ကျသွားတဲ့ မျက်နှာလေးကိုကြည့်လိုက်မိပြီး တန်နာဇီရင်ထဲမကောင်းဖြစ်သွားပါတယ်။
ဒီကလေးမက သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားနေတာလားဟ။ မရပ်မနားကြိုးစားနေတာက အခုဆိုအရိုးပဒေသာဖြစ်တော့မယ်လေ။
မူလတုန်းက ပိန်ပိန်ပါးပါးသာရှိခဲ့ရာကနေ အခုဆို ပိုသေးသွားပါပြီ။
ဆက်သည်းမခံနိုင်တော့တဲ့ တန်နာဇီဟာ သူမရဲ့ လေးအတန်းပြီးတာနဲ့ ရှန်ယန်ရှောင်ကိုဆွဲခေါ်ပြီး သူ့ကုတင်ပေါ်ကိုအတင်းဆွဲတင်၍ စောင်ခြုံပေးလိုက်ကာ ဇွတ်အနားယူစေခဲ့ပါတယ်။
"မင်းဘာလုပ်နေတာတုန်း"
တန်နာဇီလုပ်တာကို ကြည့်နေရင်းနဲ့ သည်းမခံနိုင်တော့တဲ့ ရှန်ယန်ရှောင်က မေးလိုက်ပါတယ်။
ဒီကောင် ဘာဖြစ်ချင်နေတာတုန်း။ လေးဌာနတံခါးဝမှာ သူမ ရပ်နေတုန်းပဲရှိသေးတယ် တန်နာဇီကပေါက်ချလာပြီးတော့ သူမကို ပြန်ခေါ်လာခဲ့တယ်။ ဒါကြောင့်မို့ တန်နာဇီ ဘာလုပ်ချင်နေတာမှန်းကို သူမ နားမလည်ဘူးဖြစ်နေပါတယ်။
"ငါက ဘာလုပ်ရမှာတုန်း။ မင်းက မိန်းကလေးဖြစ်နေလို့ ကံကောင်းတယ်မှတ် မဟုတ်လို့ကတော့ မင်းကိုတွယ်ပြီးပြီမှတ်"
တန်နာဇီက မကျေနပ်စွာနဲ့ သူမအား ကြည့်ပြီးပြောလိုက်ပါတယ်။
"ကိုယ့်ကိုယ်ကိုယ်လည်းပြန်ကြည့်ဦး ပိန်တာမှ ငါ့လက်တစ်ဖက်တည်းနဲ့တောင် မင်းကိုသယ်လို့ရတယ်။ ဒီအတိုင်းသာဆက်သွားနေရင် မင်းရဲ့ အားဆေးရည်တွေအကူအညီနဲ့တောင် မင်းကြာကြာခံမှာမဟုတ်တော့ဘူးဟ"
သူအ ပါးစပ်ဟလိုက်ပြီး ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်။ တန်နာဇီလေသံက မာနေပေမယ့် သူမအတွက် စိုးရိမ်လို့ဆိုတာ သိနိုင်ပါတယ်။
နဂိုက ရုန်းကန်ဖို့ ကြိုးစားမယ့်ဟာကို မရုန်းတော့ဘဲ နေလိုက်ပါတယ်။
သူမရဲ့ အရင်ဘဝနဲ့မတူဘဲ ဒီလောကမှာ သူမအား ဂရုစိုက်မယ့်လူတွေရှိနေပါပြီ။
ရှန်ယန်ရှောင်နာခံစွာနဲ့ ငြိမ်သွားတာကိုကြည့်ပြီး တန်နာဇီကျေနပ်စွာနဲ့ အင်းသံပြုလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ဆေးဗီရိုကိုဖွင့်လိုက်ပြီးတော့ ပစ္စည်းများစွာကိုထုတ်လိုက်ပါတယ်။
ထိုအရာတွေထဲမှာ စားသောက်ဖွယ်မျိုးစုံနဲ့ အားဆေးတွေပါဝင်ပြီး သူမရဲ့ ကုတင်ပေါ်မှာ ပြင်ဆင်ချထားလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၈၈)
တောင်ပို့လေးတစ်ခုလိုဖြစ်နေသော စားသောက်ဖွယ်ရာတွေကို ကြည့်လိုက်ပြီးနောက် သူမ နှုတ်ခမ်းတွေတွန့်သွားခဲ့တယ်။
သူက ဒီအရာတွေကို ပြင်ဆင်ထားပြီးသားပဲ။
တစ်မိနစ်ထဲနဲ့ ဒါတွေကိုရနိုင်ခြင်းက အရင်တည်းက ကြိုတင်ပြင်ဆင်ထားလို့ပါပဲ။
နောက်ဆုံးမှာတော့ ရှန်ယန်ရှောင်ဟာ ဇွန်းနဲ့ခွံ့ကျွေးခြင်းအား လက်ခံလိုက်ရတာပါပဲ။
သူမက ပါးစပ်ကိုဟပြီး အစားအစာတွေကို ဝါးခြင်းအား တာဝန်ယူရပြီးတော့ တန်နာဇီကတော့ သူမကို ခွံ့ကျွေးဖို့ တာဝန်ယူထားပါတယ်။
ဒီကို့ရို့ကားယားအနေအထားကြောင့် သူမ ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ရတယ်။
ညနေခင်းရောက်တဲ့အချိန်မှာတော့ ရှန်ယန်ရှောင်ရဲ့ ခေါင်းမာမှုကို တန်နာဇီမခံနိုင်တော့တာကြောင့် ဆင့်ခေါ်သူဌာနဆီသွားဖို့ သူမကို ခွင့်ပြုလိုက်ရပါတော့တယ်။
ညတစ်ဝက်လောက်ကုန်ဆုံးအပြီး ဆင့်ခေါ်သူမုခ်ဝကနေ သူမ ထွက်လာလိုက်တော့ ခပ်သွယ်သွယ်လူတစ်ယောက်ကို သူမမြင်လိုက်ရပါတယ်။
လက်နှစ်ဖက်ကိုပိုက်ကာ သစ်ပင်တစ်ပင်အား ပျင်းရိစွာမှီထားတဲ့ ကြူရှီယာ၏ပါးစပ်က နားရွက်တပ်ချိတ်နေပြီး မြေခွေးတစ်ကောင်ကဲ့သို့သော ပါးနပ်လှတဲ့မျက်လုံးတွေကတော့ ခပ်မှေးမှေးအနေအထားနဲ့ ရှန်ယန်ရှောင်အား ကြည့်နေပါတယ်။
"မင်းဒီကို ဘာလာလုပ်တာတုန်း"
ကြူရှီယာအားမေးလိုက်ရင်း ရှန်ယန်ရှောင်မျက်တောင်ခတ်လိုက်ပါတယ်။ ကြူရှီယာဟာ သူမဆီကို သလင်းအမြူတေတွေပို့ပေးနိုင်ဖို့ လောင်းကစားရုံကို ကွပ်ကဲနေတာပါ။ အမြူတေတွေရဲ့ အဆင့်ကအကောင်းကြီးမဟုတ်ပေမယ့် ရှူရဲ့အစွမ်းပြန်ရဖို့တော့ အကူအညီရခဲ့လို့ သူမရဲ့ တတိယအမှတ်ကိုလည်း ပယ်ဖျက်နိုင်ခဲ့ပါတယ်။
"ဒီနေ့ညစာစားချိန်မှာ ကောင်မလေးတစ်ယောက်က သူမရဲ့ကျန်းမာရေးကို အရင်တစ်ခေါက်လိုမျိုးပဲ ဂရုမစိုက်ဘဲပစ်ထားတယ်ဆိုပြီးတော့ တန်နာဇီကနေ သနားစဖွယ်ပြောနေခဲ့တယ်ကွာ"
ကြူရှီယာက မျက်လုံးမှေးထားရင်းနဲ့ပဲ သူမကို ဆက်ကြည့်နေခဲ့တယ်။
သူဟာ လရောင်ကိုကျောခိုင်းပြီး ရပ်နေတာဖြစ်လို့ သူ့သွယ်လျရှည်လျားတဲ့ ကိုယ်လုံးရဲ့နောက်မှာ လရောင်က ထွန်းလင်းနေပါတယ်။
ညရောက်နေပြီဖြစ်တာကြောင့် ကြူရှီယာဟာ ဝတ်စုံဝတ်မထားတော့ပါဘူး။ သူဟာညအိပ်ဝတ်စုံ ပင်လယ်ပြာရောင်ကိုပဲ ဝတ်ဆင်ထားပါတယ်။ လရောင်ဆမ်းလိုက်တဲ့အခါ ပင်လယ်မင်းသားလေးတစ်ပါးနဲ့ တူနေပါတယ်။ သူဟာ အလွန်ကြည့်ကောင်းလှပြီး ချောမောလွန်းပါတယ်။
"အဲ့ဒီတော့က"
ရှန်ယန်ရှောင် နဖူးကိုလက်နဲ့ရိုက်လိုက်မိတယ်။ ကြူရှီယာကလည်း တန်နာဇီလိုမျိုး သူမကို အားဆေးတွေ အစားအသောက်တွေ ကျွေးဖို့လာတာတော့ မဟုတ်ပါစေနဲ့ဘုရား။ ဒီနေ့ညအတွက် အလွန်အမင်းစားခဲ့ပြီးဖြစ်တာကြောင့် ထပ်စားရရင် သူမ စားပိုးနင့်သေပါလိမ့်မယ်။
"အဲ့ဒီတော့က ငါလည်း နေရာတစ်ခုကို ချက်ချင်းတွေးမိလိုက်တာပဲပေါ့"
ရှန်ယန်ရှောင်ကို ကြည့်နေတဲ့ ကြူရှီယာဟာ ခပ်သဲ့သဲ့ပြုံးလိုက်ပါတယ်။ သူ၏အပြုအမူပုံစံတွေကြောင့် သူ ဘာတွေးနေလဲဆိုတာကို သူများတွေသိဖို့မလွယ်ကူပါဘူး။
"ဘယ်နေရာလဲ"
ရှန်ယန်ရှောင် မျက်ခုံးပင့်ကာ မေးလိုက်ပါတယ်။
ကြူရှီယာက စကားမပြောတော့ဘဲနဲ့ သူမဆီကိုလာလိုက်ပြီး လက်ကမ်းပေးလိုက်ပါတယ်။
ရှန်ယန်ရှောင်လည်း သူ့ကိုစိုက်ကြည့်လိုက်ပြီးနောက် သူမရဲ့လက်လေးကို ကြူရှီယာ၏လက်ပေါ်တင်လိုက်ပါတယ်။
"ငါ့နောက်သာလိုက်ခဲ့လိုက်ပါ ရောက်ရင်မင်းသိသွားပါလိမ့်မယ်"ဟု ကြူရှီယာကပြောလိုက်သည်။
ထို့နောက်မှာတော့ သူဟာ ရှန်ယန်ရှောင်အား မှော်ပညာဌာနထဲသို့ ခေါ်သွားလိုက်တယ်။
နေ့အချိန်မှာ ဆူညံလှုပ်ရှားနေတဲ့ မှော်ဌာနဟာ အခုအချိန်မှာတော့ လုံးဝတိတ်ဆိတ်ငြိမ်သက်နေပါတယ်။
လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ထားထားတဲ့ညလင်းကျောက်တွေရဲ့ အလင်းနဲ့လရောင်ကြောင့် ခြွင်းချက်မရှိ သာယာလှပနေပါတော့တယ်။
ကြူရှီယာက သူမကို မှော်ဌာနရဲ့ လေ့ကျင့်ကွင်းဆီခေါ်သွားခဲ့တယ်။
ကွင်းဟာတောအုပ်လေးလိုပါပဲ။ တိတ်ဆိတ်ငြိမ်းချမ်းနေတဲ့ တောအုပ်အလယ်မှာ စမ်းရေတွေစီးဆင်းနေတဲ့ ကန်လေးတစ်ကန်ရှိပါတယ်။
အနှောက်အယှက်မခံရတဲ့ ကန်ရေပြင်ဟာ တည်ငြိမ်နေပြီး ကောင်းကင်နဲ့လကို ပုံရိပ်ထင်ပြန်ပေးနေခဲ့ပြီး ကန်ပတ်ပတ်လည်မှာတော့ ပန်းများ၏ရနံ့ကို သင်းသင်းပျံ့ပျံ့ရရှိနေပါတယ်။
နွေးထွေးမှုအရိပ်အဖြစ် ကန်ရေထက်မှာ ရေနွေးငွေ့တွေ လွင့်ပျံနေတယ်။
"ဒါ ရေပူစမ်းလား"
ရေပူစမ်းကိုတွေ့လိုက်ရလို့ ရှန်ယန်ရှောင် အံ့ဩသွားခဲ့တယ်။ ရေပူစမ်းက အကြီးကြီးမဟုတ်ဘဲ လူလေးငါးယောက်စာသာ ကျယ်ဝန်းပါတယ်။ တော်ဝင်ရိုလန်ကျောင်းထဲမှာ ဘယ်လိုဖြစ်ပြီး ရေပူစမ်းရှိနေတာလဲ။ ဒီအကြောင်းကို သူမ တစ်ခါမှ မကြားဖူးပါဘူး။
ကြူရှီယာက သူမကိုဆွဲခေါ်ကာ ရေပူစမ်းဘေးသို့သွားလိုက်ပြီးနောက် ကမ်းစပ်မှာထိုင်ချလိုက်ကာ သူမရဲ့လက်အား ရေပူစမ်းထဲသို့ နှစ်ချပေးလိုက်သည်။
နွေးထွေးတဲ့စီးကြောင်းတစ်ခုက သူမ၏ လက်ဝါးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ တင်းကြပ်ဖိစီးနေတာတွေ လျော့ပါးသွားခဲ့တယ်။
"ဒါက လရောင်စမ်းရေပဲ။ စမ်းရေက မြေအောက်ကီလိုမီတာအနက်ကနေ ထွက်လာတာလေ။ အဲ့ဒါကိုကာရံထားတဲ့ ကျောက်နံရံတွေကို နတ်ဆရာတွေက မန်းမှုတ်ပေးထားတယ်။ ဒါကြောင့်မို့ လူတစ်ယောက်က ကန်ထဲဆင်းလိုက်တာနဲ့ သူဟာ အလွန်နေလို့ထိုင်လို့ကောင်းတာကို ခံစားရမှာဖြစ်သလို ကိုယ်ပင်ပန်းစိတ်ပင်ပန်းဖြစ်နေတာတွေကိုလည်း ဖြေလျှော့ပေးနိုင်တယ်"
တိုးညှင်းစွာနဲ့ ကြူရှီယာက ရှင်းပြလိုက်တယ်။ သူ့နဂိုအသံကိုက အလွန်နားဝင်ပီယံရှိလှပြီး အခုလိုတိုးညှင်းတဲ့အသံကိုကြားလိုက်ရတော့ လူတစ်ယောက်ရဲ့စိတ်နှလုံးကို ပိုလို့ပြုစားနေသလိုပါပဲ။