အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၉၂)
ရှန်ဂေါင်းရှောင်ဟာ ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားဆိုတာ လူတိုင်းသိပါတယ်။ သူပြိုင်ပွဲကို ဝင်မပြိုင်ရင်တောင် ဘယ်သူကမှ သူ့အစွမ်းကို မေးခွန်းထုတ်မှာမဟုတ်ပါဘူး။
ရှန်ဂေါင်းရှောင်အခန်းဖော်ပြောကြားချက်အရ ရှန်ဂေါင်းရှောင်ဟာ သမားတော်ကြီးတွေရဲ့ စမ်းသပ်စစ်ဆေးမှုကို လွန်ခဲ့တဲ့တစ်လလောက်က အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ နောက်တော့သူဟာ သမားတော်ကြီးပူလီစီရဲ့ တစ်ဦးတည်းသောလက်ထောက်ဖြစ်သွားတယ်ဆိုတာရောပေါ့။
အပေါ်ယံမှာတော့ လက်ထောက်ပဲပေါ့လေ။ ဒါပေမယ့် သူတို့စိတ်ထဲမှာတော့ ဒါဟာ ဖုံးကွယ်ရုံသက်သက်ပဲဆိုတာကို သိထားပါတယ်။
ရှန်ဂေါင်းရှောင်က အလွန်အမင်းသာလွန်ပြီးသားဖြစ်သူပါ။ အခုကျတော့ သမားတော်ကြီးရဲ့ သင်ကြားမှုကိုရလိုက်တော့ သူတို့အတွက် မျှော်လင့်ချက်ဆိုတာ မရှိတော့ပါဘူး။
"ပြိုင်ပွဲအတွက် စိတ်မပင်ပန်းတော့တာ ပိုကောင်းတာပေါ့ကွာ။ ဒုတိယနေရာကလည်း သိပ်အဆိုးကြီးတဟုတ်ပါဘူး"
ရှန်ဂေါင်းရှောင်ပေါ်လာတာနဲ့ ပထမနေရာဟာ သူတို့နဲ့မဆိုင်တော့တာကို လူတိုင်းသဘောပေါက်လိုက်ပါပြီ။
ပထမရသူက ဆေးသိုလှောင်ရုံမှာရှိတဲ့ ရှားပါးဆေးမြစ်တစ်မျိုးကို ယူနိုင်တယ်ဆိုတာကို သူတို့သိပေမယ့် ရှန်ဂေါင်းရှောင်ရဲ့ပြိုင်ဖက်ဖြစ်မယ်လို့ တွေးရလောက်အောင် သူတို့မရူးသေးပါဘူး။
"ဒီလဆုကို ရှန်ဂေါင်းရှောင်ပဲ ရမှာပေါ့"
"ငါ့ကိုလည်း သမားတော်ကြီးတစ်ယောက်ယောက်ကသာ သဘောကျလိုက်ရင်တော့လား"
စာကြည့်တိုက်ထဲက ထွက်လာတဲ့ ရှန်ဂေါင်းရှောင်ကို လူတိုင်းလှမ်းကြည့်လိုက်ပြီးတော့ သူဟာ သမားတော်ကြီးပူလီစီကနေအခုပဲ ထွက်လာတာဖြစ်ရမယ်လို့ သိလိုက်ကြပါတယ်။
သမားတော်ကြီးဆိုတဲ့ အရှိန်အဝါဟာ ဒီကျောင်းသားတွေအတွက် အလွန်တန်ခိုးကြီးလှတာမို့ သမားတော်ကြီးတစ်ယောက်ရဲ့ သင်ကြားမှုကို ရရှိတဲ့ ရှန်ဂေါင်းရှောင်ရဲ့ အနာဂတ်ဟာ အလွန်တောက်ပနေမှာ မလွဲပါဘူး။
"မင်းအဆင့်နဲ့။ နားစမ်းပါကွာ ကျောင်းအုပ်အိုးယန်က ထက်မြက်တဲ့ကျောင်းသားတွေကို သမားတော်ကြီးတွေဆီ ခေါ်သွားပေးပေမယ့်လည်း အားလုံးပြန်နှင်ထုတ်ခံရလို့ အရှက်တောင်ကွဲသွားကြတယ်လေ။ ဆေးဌာနတစ်ခုလုံးမှာ ရှန်ဂေါင်းရှောင်တစ်ယောက်ပဲ သမားတော်ကြီးရဲ့ အသိအမှတ်ပြုခြင်းခံခဲ့ရတာဟ။ သမားတော်ကြီးတစ်ယောက်က ဘယ်လိုလူမျိုးတွေကို သဘောကျမယ်လို့ မင်းထင်သလဲ။ မွေးရာပါအရည်အချင်းရှိတဲ့သူတွေကိုပေါ့ မင်းဒါလေးတောင် သဘောမပေါက်ဘူးလား"
ရှန်ဂေါင်းရှောင်ကို ကျောင်းသားတွေက အားကျတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေကြပါတယ်။ လူအုပ်ကြီးရဲ့ တစ်ဖက်မှာရှိတဲ့ တန်နာဇီပါးစပ်မှာ ခနဲ့တဲ့တဲ့အပြုံးတစ်ခုထွက်ပေါ်လာတာကို ဘယ်သူမှ မတွေ့လိုက်ကြပါဘူး။
"ပူလီစီတစ်ယောက်လောက်နဲ့ သူတို့အားလုံးက ရှန်ဂေါင်းရှောင်ကို တစ်အားအထင်ကြီးနေကြတာပဲ မင်းဆရာကသာ ရဲချင်ဖြစ်တာကို သူတို့သိသွားရင် ရူးသွားကြလောက်တယ်နော်"
ရဲချင်ရဲ့မျက်နှာသာပေးမှုကို သူမ ရခဲ့တဲ့အကြောင်းကို သူမရဲ့အရိပ်မဲ့လေးကောင်လုံးကို ချက်ချင်းပြောခဲ့တာကြောင့် ဒီအကြောင်းကို သူတို့သိသိချင်း သူမရဲ့ အခွင့်အလမ်းတွေကြောင့် အားလုံးလက်ဖျားခါခဲ့ကြရပါသေးတယ်။
ပူလီစီက သမားတော်ကြီးဆိုပေမယ့် ရဲချင်နဲ့ယှဉ်ရင် အလကားပါပဲ။
ရှန်ဂေါင်းရှောင်ကို ကြည့်နေကြတဲ့ ကျောင်းသားတွေကို တန်နာဇီကြည့်လိုက်မိပြီး ရယ်ချင်သွားပါတယ်။
တန်နာဇီက လက်ပိုက်လိုက်ပြီးနောက် ခေါင်းကိုငဲ့လိုက်ကာ သူမကိုကြည့်ပြီး မေးလိုက်ပါတယ်။
"ပြောရမယ်ဆို လောင်းဒီရယ်ငါတို့ရယ်ကလွဲရင် မင်း ရဲချင်ရဲ့တပည့်ဖြစ်တာကို ဘယ်သူမှ မသိဘူးပေါ့"
"မဟုတ်ဘူး တစ်ခြားလူနှစ်ယောက် သိသေးတယ်"
ရှန်ယန်ရှောင်လည်း တစ်ခုခုကို ရုတ်တရက်သတိရသွားခဲ့ပါတယ်။
"ဘယ်သူတွေလဲ"လို့ တန်နာဇီက မေးလိုက်တယ်။
"ရှန်ဂေါင်းရှောင်နဲ့ ပူလီစီတို့ပဲ"ဟု သူမက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်တယ်။
"ဟမ် သူတို့က ဘယ်လိုလုပ်သိတာတုန်း"
ရဲချင်က သူမကို သဘောကျသွားတဲ့အကြောင်း တန်နာဇီသိပေမယ့်လို့ ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာကိုတော့ သူမက အတိအကျမပြောခဲ့ပါဘူး။
အဲ့နေ့တုန်းက ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို သူမက ပြန်ရှင်းပြလိုက်တဲ့အခါ တန်နာဇီရဲ့ အမူအယာက ဘယ်လောက်ထိတ်လန့်နေမလဲဆိုတာကိုတော့ ပြောပြဖို့ လိုမယ်မထင်ပါဘူးနော်။
"မင်းက ပူလီစီရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းခဲ့တယ်ပေါ့..."
တန်နာဇီ တအံ့တသြပြောလိုက်ပါတယ်။
ရှန်ယန်ရှောင်က သူ့ပါးစပ်ကို လက်နဲ့မြန်မြန်ပိတ်လိုက်ရပါတယ်။
"ဟား...ငါက နည်းနည်းလေး တုန်လှုပ်သွားရုံပါပဲဟ နည်းနည်းလေးပါ"လို့ သက်ပြင်းချလိုက်တဲ့ တန်နာဇီက သူမရဲ့လက်ကို ဆွဲဖယ်လိုက်ပြီး ရယ်မောကာပြောလိုက်ပါတယ်။
ပူလီစီက ရဲချင်လောက် ဆရာကြီးမဟုတ်သေးပေမယ့် သမားတော်ကြီးတစ်ယောက်ပဲလေ အားးး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၉၃)
သမားတော်ကြီးတစ်ယောက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချမယ့် သမားတော် ဒီကမ္ဘာမှာရှိသေးတာလား။ အဲ့အချိန်တုန်းက ပိုကောင်းပိုတော်တဲ့ ရဲချင်ကစောင့်နေမယ်လို့လည်း သူမ မသိထားဘူးနော်။
"မိုက်တယ်ကွာ ပူစူးမ နင်က တစ်ကယ်ဇပြင်းတာကိုးဟ"လို့ပြောလိုက်တဲ့ တန်နာဇီက ဇောချွေးတွေကို ခိုးသုတ်လိုက်ရပါတယ်။
ပူလီစီမျက်နှာကိုစေ့စေ့ကြည့်ပြီးတော့ ငြင်းဆန်ရဲတဲ့ ဒီကလေးမက မိုးနတ်မင်းကြီးလောက်ကြီးကျယ်နေပါပြီလေ ဟုတ်ပြီလား။
သမားတော်ကြီးပူလီစီဟာ စိတ်ထားမကောင်းဘူး အကျင့်ပုတ်ပြီး စိတ်သဘောထားသေးသိမ်တယ်ဆိုတာကို လူတိုင်းသိပါတယ်။ သူ့ကိုအရှက်ခွဲခဲ့တဲ့လူအား လွယ်လွယ်နဲ့တော့ လွှတ်ပေးမှာမဟုတ်ပါဘူး။
အများမလုပ်နိုင်တဲ့အရာကို သူမက လုပ်ပြခဲ့ရုံသာမကဘဲ သူ့ကမ်းလှမ်းချက်ကိုပါ ပယ်ချခဲ့ပါသေးတယ်။
ဒီတော့ ဒီအဖြစ်က သူ့သိက္ခာကိုကျဆင်းစေတယ်လေ။ နောက်ကွယ်မှာ ဘယ်လောက်တောင်ဒေါကန်နေမလဲဆိုတာကို သူတို့မတွေးရဲပါဘူး။
ကံကောင်းပေလို့သာ ရှန်ယန်ရှောင်က ရဲချင်အနားမှာနေခွင့်ရခဲ့တယ်။ မဟုတ်လို့ကတော့ ပူလီစီစိတ်နဲ့သာဆို သူမကို ဆေးပညာဌာနမှာ ဆက်နေလို့မရတော့အောင် လုပ်ပြီးလောက်ပါပြီ။
ပူလီစီက လုပ်ရဲကိုင်ရဲတဲ့သူဆိုရင်တောင် သူ့အနေနဲ့ ရဲချင်ရဲ့တပည့်ကိုတော့ ပေါ်ပေါ်ထင်ထင်စော်ကားရဲမှာမဟုတ်ပါဘူး။
ဒီအကြောင်းအရာတွေကို သေချာနားလည်ပြီးသွားတဲ့နောက် ရှန်ဂေါင်းရှောင်မျက်နှာကိုကြည့်လိုက်တဲ့ တန်နာဇီအမူအယာက ထူးဆန်းနေပါတယ်။
ပူလီစီရဲ့သဘောကျမှုကြောင့် ဒီကျောင်းသားတွေက ရှန်ဂေါင်းရှောင်ကို လေးစားအားကျနေကြပါတယ်။ လူတိုင်းက အားကျနေတဲ့ နည်းပြကို ရှန်ယန်ရှောင်က မလိုချင်လို့ ငြင်းပယ်ခဲ့တာကိုတော့ ဘယ်သူမှ မသိကြပါလား။
ဒီကိစ္စထက် ရယ်စရာကောင်းတာရှိဦးမလား။
မျက်လုံးတစ်စုံကရယ်မောရင်းနဲ့ အထင်သေးစွာကြည့်နေတာကိုတော့ ရှန်ဂေါင်းရှောင်မသိခဲ့ပါဘူး။ သူက မျက်နှာကိုမော့ရင်ကိုကော့လိုက်ပါတယ်။ အားကျတဲ့မျက်လုံးများစွာရဲ့အကြည့်အောက်မှာပဲ သူဟာ စာရင်းသွင်းတဲ့ဆီကို ရောက်သွားခဲ့တယ်။
သူရောက်လာတာကြောင့် ဝိုင်းအုံနေကြတဲ့ကျောင်းသားတွေက သူသွားလို့ရအောင် တစ်ကိုယ်စာလမ်းဖယ်ပေးလိုက်ကြပါတယ်။
ရှန်ဂေါင်းရှောင်က ဝံ့ကြွားစွာနဲ့ လူတွေကိုဖြတ်ကျော်သွားလိုက်တယ်။ အားကျနေတဲ့မျက်လုံးတွေက သူ့ကို စိတ်ကျေနပ်မှုပေးပါတယ်။
သူက ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားဖြစ်သလို သမားတော်ကြီးတစ်ဦးရဲ့ အနီးကပ်ဆုံး တပည့်လည်းဖြစ်ပါသေးတယ်။
"ရှန်ဂေါင်းရှောင် မင်းလည်း စာရင်းလာပေးတာပေါ့လေ"
ရှန်ဂေါင်းရှောင်ကိုတွေ့လိုက်တဲ့အခါမှာ စာရင်းပေးတာကို ကြီးကြပ်ရတဲ့ နည်းပြဖြစ်သူလည်း ယဉ်ကျေးစွာပြောဆိုနှုတ်ဆက်လိုက်ရပါတယ်။
ဒီလူက သမားတော်ကြီးပူလီစီရဲ့တပည့်လေ။ ပူလီစီအနားမှာနေနေရတဲ့အတွက် ရေမြင့်တော့ကြာတင့်ဆိုသလိုပဲ ရှန်ဂေါင်းရှောင်ရဲ့ အဆင့်လည်း မြင့်သွားတာပေါ့။ ဒီလူက သူတို့လို နည်းပြလေးတွေက ရန်စလို့ရတဲ့သူမျိုးမဟုတ်ပါဘူး။
နည်းပြတွေက အလွန်ပျူငှာနေကြလို့ ကျောင်းသားတွေစိတ်ထဲမှာ ရှန်ဂေါင်းရှောင်ကို ပိုလေးစားသွားပါတယ်။
ရှန်ဂေါင်းရှောင်က အထာကြီးနဲ့ ခေါင်းဆတ်ပြလိုက်ခဲ့တယ်။
"ဟေး တိုးလိုက်ကြစို့ကွာ မဟုတ်ရင် မင်းထမင်းစားချိန်ရှိမှာမဟုတ်တော့ဘူး"
ကျောင်းသားတွေက လမ်းရှင်းပေးထားတာကြောင့် စာရင်းသွင်းရမယ့် စားပွဲရှေ့မှာ ရှန်ဂေါင်းရှောင်ရှိနေသော်လည်း တန်နာဇီကတော့ ရှန်ယန်ရှောင်လက်ကိုဆွဲခေါ်ပြီး သွားလိုက်ပါတော့တယ်။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လူတန်းကြီးအတိုင်းသူတို့စီတန်းနေခဲ့မယ်ဆိုရင် ထမင်းစားချိန်ပြီးတာတောင် သူတို့နာမည်စာရင်းသွင်းရဦးမှာမဟုတ်လောက်ဘူး။ သူ့အတွက်ကကိစ္စမရှိပေမယ့် ရှန်ယန်ရှောင်က လေးဌာနကို သွားရဦးမှာလေ။
လူကောင်သေးကွေးလှတဲ့ ရှန်ယန်ရှောင်ကို တန်နာဇီကဆွဲခေါ်ပြီး လူအုပ်ထဲဝင်တိုးလိုက်တဲ့အခါ သူမပျောက်ထွက်သွားရပါတယ်။
စာရင်းထဲမှာ သူ့နာမည်ကို ချရေးနေတုန်းမှာပဲ လူအုပ်ကြားမှာ ဆူညံပွက်လောရိုက်သွားတာကို ရှန်ဂေါင်းရှောင်ကြားလိုက်ပါတယ်။
သူက မနှစ်မြို့စွာနဲ့ မျက်ခုံးတွန့်လိုက်ပြီးတော့ လှမ်းကြည့်လိုက်ပါတယ်။
ထွားကျိုင်းတဲ့တန်နာဇီက လူအုပ်ကြားကနေ တိုးဝှေ့ထွက်ပေါ်လာတယ်။
ရှန်ဂေါင်းရှောင်က တန်နာဇီကိုကြည့်လိုက်ပြီးနောက် ဘာမှမပြောခဲ့ပါဘူး။
ဆေးပညာဌာနကို ဝင်ခွင့်ရဖို့အတွက် တန်နာဇီက နှစ်နှစ်တိုင်အောင် ကြိုးစားခဲ့ရတာကို လူတိုင်းသိပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒီသခင်လေးဖြစ်သူအား သူတို့အနေနဲ့ နောက်ကွယ်မှာတောင် မရယ်မောရဲကြပါဘူး အကြောင်းကတော့ မျိုးနွယ်စုကြီးငါးစုရဲ့ သခင်လေးတွေကို ရန်မစရဲကြလို့ဖြစ်ပါတယ်။
ဆေးပညာရပ်မှာ တန်နာဇီတစ်ယောက် ဘယ်လောက်ပဲအသုံးမကျဖြစ်နေပါစေ သူ့နောက်မှာရှိတဲ့ လိပ်နက်မျိုးနွယ်စုဟာ လူတိုင်းကိုပါးစပ်ပိတ်ထားစေဖို့လုံလောက်ပါတယ်။
ဘယ်သူမှ မျိုးနွယ်စုကြီးငါးစုကို ရန်မစရဲပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၉၄)
တန်နာဇီရဲ့ နောက်ခံမျိုးရိုးကို ရှန်ဂေါင်းရှောင်လည်း လန့်ပါတယ် ဒါကြောင့် ဘာမှမပြောတာပါ။ သူ့စိတ်ထဲမှာတော့ တန်နာဇီတို့လူငယ်မျိုးဆက်ကို လေးစားမှုအလျင်းကင်းမဲ့သွားခဲ့ပါပြီ။
သူ့မှာ ဘာအရည်အချင်းအစွမ်းအစမှမရှိပါဘဲနဲ့ ဘုရင်တစ်ပါးလိုနေဖို့အတွက် သူ့မိသားစုရဲ့သြဇာကိုသာအသုံးချမှီခိုနေတာပါ။ သူသာ မိသားစုဆီကနေထွက်သွားလိုက်ရင် ဒီကောင်က အလကားကောင်ပါပဲ။
သူကတော့ တန်နာဇီလိုမဟုတ်ဘဲ ဆေးပညာရပ်မှာ အလွန်ထက်မြက်လှပြီး သမားတော်ကြီးတစ်ဦးရဲ့ သင်ကြားမှုကိုလည်း ခံယူရရှိနေပါတယ်။
အချုပ်ပြောရရင် ရှန်ဂေါင်းရှောင်အနေနဲ့ သူဟာပိုမိုသမာသမတ်ကျပြီး ကိုယ့်အားကိုယ်ကိုးသူလို့ တွေးမိလေလေ တန်နာဇီကို သူရွံလေလေဖြစ်သွားပါတယ်။
တန်နာဇီဘေးမှာရှိနေတဲ့ ရှန်ယန်ရှောင်က ဒီအနေအထားကို သိလိုက်ပါတယ်။
ဒီလိုအကြည့်မျိုးကို အရင်တုန်းက သူမ အကြိမ်ပေါင်းများစွာမြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ အကြည့်ခံရသူဟာ သူမ မဟုတ်တော့ဘဲ တန်နာဇီဖြစ်နေပါတယ်။
ရှန်ယန်ရှောင် ချက်ချင်းမျက်ခုံးပင့်လိုက်မိတယ်။
"နာမည်ရေးပြီးရင်လည်း သွားလိုက်တော့လေ ဒါမှ နောက်လူတွေ မနှောင့်နှေးမှာပေါ့"
သူမက ရုတ်တရက်ပြောလိုက်ပါတယ်။
သူမ စကားပြောပြီးတဲ့အခါ အခန်းထဲရှိတဲ့ လူတိုင်းအားလုံး ဘာပြောရမယ်မှန်းမသိဖြစ်သွားကြပါတယ်။ သူမရှိနေတာကို ဘယ်သူမှသတိမပြုခဲ့မိကြပါဘူး။
သူမပြောတာကိုကြားလိုက်တဲ့ ရှန်ဂေါင်းရှောင်လည်း သူမကို လှမ်းကြည့်လိုက်တဲ့အခါ သူမ ဘယ်သူဆိုတာသိသွားတဲ့အတွက် သူ့မျက်နှာပျက်သွားပါတယ်။
ဟိုကောင်လေးပဲ...
အဲ့ဒီနေ့တုန်းက ဒီကောင်စုတ်လေးက ပူလီစီကို ဆက်တိုက်အရှက်ခွဲခဲ့ရုံသာမကဘဲ ရက်စက်စွာနဲ့ ပူလီစီရဲ့ ကမ်းလှမ်းချက်ကိုလည်း ငြင်းဆန်ခဲ့သေးတာကို ရှန်ဂေါင်းရှောင် ကောင်းကောင်းကြီးမှတ်မိနေပါသေးတယ်။ ဒီအကြောင်းကို မေ့ဖို့ခဲယဉ်းပါတယ်။ မဆင်မခြင်လုပ်ခဲ့တဲ့ ဒီကောင်စုတ်လေးက ရဲချင်ရဲ့ သဘောကျမှုကို ရသွားခဲ့တယ်လေ။
ဒီကောင့်ကြောင့် ပူလီစီဟာ ဒီရက်တွေထဲမှာ စိတ်တိုနေခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဆက်တိုက်ဆူခံထိ ဆဲခံထိနေရပါတယ်။
ဒါကြောင့် ရှန်ယန်ရှောင်ကို တွေ့လိုက်ရလို့ စိတ်ပျက်သွားပေမယ့် ရှန်ဂေါင်းရှောင်အနေနဲ့ သူမကို ဒီနေရာမှာတော့ မတိုက်ခိုက်ရဲပါဘူး။
"ဘာလဲ မင်းလည်းပြိုင်ပွဲအတွက် စာရင်းလာပေးတာလား"
ရှန်ဂေါင်းရှောင်အေးစက်စွာရယ်မောလိုက်တယ်။
"အဲ့ဒါဘာဖြစ်တုန်း"
သူမလည်း မျက်ခုံးပင့်လိုက်ကာ မဲ့ကာပြောလိုက်တယ်။ ဒီခွေးစုတ်က လမ်းအခုထိဖယ်မပေးသေးဘူးပဲ။ သူမပြောတာကို ဒီကောင်မကြားတာလားဘာလား။
သူ့ရှေ့မှာရှိနေတဲ့ ကောင်လေးကိုကြည့်နေတဲ့ ရှန်ဂေါင်းရှောင်၏ မျက်လုံးတွေထဲမှာ အထင်သေးတဲ့အမူအယာတွေအပြည့်နဲ့ပေါ့။
ဒီအဖြစ်အပျက်ကြောင့် စာရင်းပေးမယ့်လူတွေနဲ့ လာစပ်စုကြတဲ့ကျောင်းသားတွေအားလုံး လန့်သွားကြပါတယ်။ ဒီကောင်လေးပြောတဲ့စကားတွေက ရိုင်းလွန်းပါတယ် နောက်ပြီး ကောင်လေးက အခုလေးတင်ဘာပြောလိုက်တာ။ ဒီပြိုင်ပွဲကို သူလည်း ဝင်ပြိုင်မလို့တဲ့။
လူတိုင်းက ရှန်ယန်ရှောင်ရင်ဘတ်က တံဆိပ်ကိုလှမ်းကြည့်လိုက်ပြီး တွေ့လိုက်ရတာနဲ့ ဒါက ကြောင်စီစီနိုင်တာပဲလို့ တွေးလိုက်မိကြပါတယ်။
"ဒီကလေးက အခုမှ ကျောင်းသားသစ်မဟုတ်ဘူးလား။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ကြသူတွေရဲ့ ကံတရားကို ဒီကလေး နားမလည်ထားဘူးလား"
"ဘယ်လောက်ရယ်ဖို့ကောင်းလဲ။ ရှန်ဂေါင်းရှောင်ကိုပြောနေတဲ့ သူ့လေသံကို မင်းတို့ကြားလိုက်လား။ ဘယ်လောက် မောက်မာလိုက်သလဲ။ ကိုယ့်အဆင့်ကိုယ်တောင်မသိဘဲနဲ့ ရှန်ဂေါင်းရှောင်ကို ဒီလိုပြောရဲသေးတယ်"
"အဲ့ဒါဟုတ်တယ်ကွ ရှန်ဂေါင်းရှောင်ခေါင်းကနေကျွတ်ထွက်လာတဲ့ ဆံပင်တစ်ပင်ကတောင် ဒီကောင်လေးထက် ပိုစွမ်းဦးမယ်"
"ဒီကျောင်းသားသစ်လေးက ဘာဗဟုသုတအကြားအမြင်မှ မရှိဘူးပဲ"
ကျောင်းသားတွေရဲ့ သရော်လှောင်ပြောင်သံတွေဟာ ရှန်ဂေါင်းရှောင်နဲ့သူမရဲ့နားထဲကို ဝင်ရောက်သွားခဲ့တယ်။
ရှန်ဂေါင်းရှောင်ရဲ့ပါးစပ်က မဲ့နေသလို ရှန်ယန်ရှောင်ကိုလည်း အထက်စီးကနေကြည့်တဲ့အကြည့်ထဲမှာ ရွံတွံတွံဖြစ်နေတဲ့အမူအယာပါဝင်နေပါတယ်။
သူမကတော့ နှာခေါင်းတစ်ချက်ရှုံ့လိုက်တယ်။ လူတစ်ယောက်က သူမရှေ့ကိုရောက်လာပြီးတော့ အဆိုပါအကြည့်တွေကို ကာပေးလိုက်တဲ့အတွက် သူမ စကားပြောချိန်မရလိုက်ပါဘူး။
"ေ-ာက်ပါးစပ်တွေပိတ်လိုက်စမ်း"
တန်နာဇီက အော်ဟစ်ကြိမ်းမောင်းလိုက်တာပါ။
ပုံမှန်အားဖြင့်တော့ တန်နာဇီဟာ အမြဲတမ်းလိုလို ရွှတ်နောက်နောက်အပြုံးနဲ့သာရှိပြီး သိပ်အလေးအနက်ရှိသူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ထိုအပြုံးနေရာမှာ ရက်စက်ကြမ်းတမ်းတဲ့ အငွေ့အသက်တွေက နေရာယူသွားပြီး မြင်လိုက်ရသူတိုင်းအဖို့ အသည်းထဲထိကြောက်ရွံ့မှုတွေခံစားလိုက်ရပါတယ်။ သူဟာ တောနက်ထဲက ကျားသစ်တစ်ကောင်လိုမျိုးနဲ့ အချိန်မရွေးသူတို့အပေါ် ခုန်အုပ်ကိုက်ဖြတ်တော့မယ့်ပုံမျိုးဖြစ်နေပါတယ်။
ကျောင်းသားတွေကို ကြည့်နေတဲ့ တန်နာဇီ၏မျက်လုံးတွေက ကျဉ်းမြောင်းနေပြီး ကြည့်ခံရသူတွေတိုင်း ကြောက်ရွံ့သွားကြပါတယ်။ သူက ရှန်ယန်ရှောင်အား သူ့ရှေ့သို့ဆွဲခေါ်လိုက်ပါတယ်။