အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၉၅)
အဲ့ဒီနောက်မှာတော့ ပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်ပြီး တန်နာဇီ အေးစက်စွာပြုံးလိုက်တယ်။
"မင်းတို့အားလုံးမှာ အရည်အချင်းရှိကြသလား အင်း။ ငါ ဒီနေ့စကားတစ်ခွန်းပြောလိုက်မယ်နော်။ ဒီပြိုင်ပွဲမှာ မင်းတို့ထဲက ဘယ်သူမဆို ရှန်ဂျူကိုအနိုင်ယူနိုင်ခဲ့ရင် ငါ တန်နာဇီက မင်းကို ငါ့လက်နှစ်ဖက်နဲ့ ရွှေပြားတစ်သိန်းပေးလိုက်မယ်ကွာ မင်းမှာ အစွမ်းရှိရင်ပေါ့လေ။ ဒါပေမယ့် သူ့မကောင်းကြောင်းကို နောက်ကွယ်မှာ အတင်းပြောတဲ့အကြောင်း ငါသိခဲ့ရင် အတန်းဖော်ကောင်းမဟုတ်ဘူးလို့တော့ ငါ့ကိုလာမပြောနဲ့ပေါ့ကွာ ဟုတ်ပြီလား"
ရွှေ ရွှေပြား တစ်သိန်း...
လူတိုင်း ကြောင်စီစီဖြစ်သွားကြတယ်။ မျိုးနွယ်စုကြီးငါးစုဟာ အလွန်အမင်းချမ်းသာကြွယ်ဝမှန်း သူတို့သိကြပေမယ့် တန်နာဇီက သူတို့ကို အခုလိုမျိုး ရွှေပြားတစ်သိန်းပေးလိမ့်မယ်လို့ ဘယ်သူမှမထင်ထားကြပါဘူး။
ကျောင်းသားသစ်လေးကို အနိုင်ယူရမယ်ပေါ့လေ။ ဒီကိစ္စက သူတို့အတွက် ဘာများခက်လို့တုန်း။
သူတို့နိုင်တာနဲ့ ရွှေရမယ်လို့ တန်နာဇီက ပြောထားပါတယ်။ အဲ့စကားက သူတို့တစ်ယောက်ချင်းစီတိုင်းက စာရင်းသွင်းပြီး ဝင်ပြိုင်လိုက်ရင် ဒီကလေးကိုနိုင်တာနဲ့ ရွှေပြားတစ်သိန်းစီ ရကြမယ့်သဘောပေါ့။
တန်နာဇီ ရူးသွားပြီပဲ
"တန်နာဇီ မင်း နောက်နေတာလား"လို့ ကျောင်းသားတစ်ယောက်က မယုံကြည်စွာမေးလိုက်ပါတယ်။
တန်နာဇီ နှာခေါင်းရှုံ့လိုက်တယ်။
"ငါဆိုတဲ့ တန်နာဇီက စကားကိုအတည်ပဲပြောတယ်။ မင်းတို့မှာသာ အစွမ်းအစရှိရင် ငါ့လက်စွပ်ထဲက ရွှေသားဆယ်သန်းက မင်းတို့အတွက်ပဲ။ အဲ မင်းတို့ရှုံးသွားခဲ့ရင်တော့ ရှန်ဂျူအကြောင်း တစ်လုံးမှထပ်မဟတော့နဲ့"
လူတိုင်း ပွက်လောရိုက်သွားကြတယ်။
ကြည့်တိကြက်တဲ့ဖြစ်နေတဲ့ ရှန်ယန်ရှောင်လည်း ဘာပြောရမှန်းမသိတော့ဘဲ တန်နာဇီရဲ့ ကျောပြင်ကိုသာ ငေးစိုက်ကြည့်နေမိပါတယ်။
"မြန်မြန်လုပ် မင်းနာမည်ကို ဒီမှာရေးလိုက်တော့ဟ"
တစ်ခြားလူတွေ ဘယ်လိုဖြစ်နေလဲဆိုတာကို တန်နာဇီ ဂရုမစိုက်တော့ဘဲ ရှန်ယန်ရှောင်ရဲ့ လက်ကိုသာဆွဲလိုက်ပြီး နည်းပြရှေ့ကိုဆွဲခေါ်သွားပါတယ်။
အဲ့ဒီနောက်မှာ ရှန်ဂျူဆိုတဲ့နာမည်ကို ရှန်ယန်ရှောင်ရေးနေတာအား ပြုံးပြုံးကြီးကြည့်နေခဲ့ပါတယ်။
တန်နာဇီနဲ့ရှန်ယန်ရှောင်ကို ဘေးကနေရပ်ကြည့်နေတဲ့ ရှန်ဂေါင်းရှောင်ကတော့ အံကိုတင်းနေအောင်ကြိတ်ထားပါတယ်။ လိပ်နက်မျိုးနွယ်ရဲ့ သခင်လေးက မရူးဘူးဆိုတာကို သူယုံလို့မရပါဘူး။ ဘာမှမဟုတ်တဲ့ကျောင်းသားလေး တစ်ယောက်အတွက်နဲ့ ဘာဖြစ်လို့ သူက ရွှေသားဆယ်သန်းထုတ်ကာ ကျောင်းသားတွေနဲ့ လောင်းကြေးထပ်ရတာလဲ။
ရှန်ဂေါင်းရှောင်ရဲ့ တစ်မိသားစုလုံးပိုင်ပစ္စည်းအားလုံးပေါင်းရင်တောင် ရွှေသားဆယ်သန်းမရှိပါဘူး။
ရှန်ဂေါင်းရှောင်ဟာ တန်နာဇီနဲ့ရှန်ယန်ရှောင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်တယ်။
ငွေကိုရေလိုဖြုန်းနိုင်တဲ့ ဒီဒုတိယမျိုးဆက်နဲ့ ရဲချင်ရဲ့ သဘောကျမှုကိုရရှိခဲ့တဲ့ ကောင်စုတ်လေးတို့ကို သူ မုန်းတီးပါတယ်။
ရှန်ဂေါင်းရှောင်က တန်နာဇီကို ရုတ်တရက် ရင်ဆိုင်ပြောလိုက်ပါတယ်။
"လိပ်နက်မျိုးနွယ်သခင်လေးက လောင်းကစားလုပ်ချင်နေမှတော့ ငါတို့အနေနဲ့ ကြေးကြီးကြီးလုပ်ရင် ပိုမကောင်းဘူးလား"
တန်နာဇီက ရှန်ဂေါင်းရှောင်ကို အေးတိအေးစက်ကြည့်လိုက်တယ်။
"ပြောစမ်း"
"တန်နာဇီက ငွေကြေးကိုဂရုမစိုက်တာ ငါသိတာပေါ့ ဒီတော့ လိပ်နက်မျိုးနွယ်ဝင်ဖြစ်တဲ့ မင်းက ငွေကိုထည့်မတွက်ဘူးလေ။ အဲ့ကိစ္စက မင်းအတွက်ပါမွှားကိုး ဒါပေမယ့် ငါသိချင်နေတာက မင်းရဲ့ဆေးပညာကျောင်းသားဆိုတဲ့အရာကိုရော လောင်းကြေးအဖြစ်ထပ်ရဲမလားဆိုတာကိုပဲ"
"ရှန်ဂျူကို မင်းက ဒီလောက်တောင် ယုံကြည်နေမှတော့ ငါနဲ့လောင်းရဲမယ်လို့ ငါထင်ပါတယ်"ဟုပြောလိုက်တဲ့ ရှန်ဂေါင်းရှောင်မျက်လုံးထဲမှာ ရက်စက်တဲ့အငွေ့တို့ ဖြတ်သန်းသွားပါတယ်။
"ပြိုင်ပွဲထဲမှာ ငါသာ ရှန်ဂျူကိုအနိုင်ယူနိုင်ခဲ့ရင် မင်းက ဆေးပညာဌာနနဲ့တော်ဝင်ရိုလန်ကျောင်းကနေ အပြီးတိုင်ထွက်သွားရမယ်။ ငါရှုံးခဲ့ရင်တော့ မင်း ကြိုက်တာပြောပေါ့ ဆေးပညာဌာနကနေ ထွက်တာလည်းပါတာပေါ့"
ဆေးပညာဌာနမှာ သူက အတော်ဆုံးကျောင်းသားဖြစ်တယ်။ လိပ်နက်မျိုးနွယ်တန်နာဇီဆိုတဲ့ အမည်နာမကို ဖယ်ရှားပစ်ဖို့ဆိုတာ သူ့အတွက်မခဲယဉ်းပါဘူး။ ဒီလိုဒုတိယမျိုးဆက်ဘာမဟုတ်တဲ့ကောင်ကို ဆေးပညာဌာနထဲမှာ ဘာအတွက်ရှိနေခိုင်းရမှာတုန်း။
အဲ့ကောင်စုတ်လေးကရော ဘာလို့အကောင်းတွေချည်းရနေရတာတုန်း။
ရှန်ဂေါင်းရှောင်ရင်ထဲမှာ တော်တော်ကြီးဒေါကန်နေတာပါ။ ဒီနှစ်ယောက်လုံးကို သူ့နေရာကနေ ရှင်းပစ်ချင်နေပါတယ်။
ရှန်ဂေါင်းရှောင်၏ ရူးသွပ်လှတဲ့ လောင်းကြေးကိုကြားလိုက်ရတော့ ကျောင်းသားတွေ အလွန်အမင်းတုန်လှုပ်သွားခဲ့ကြတယ်။
တန်နာဇီရဲ့ဆေးပညာကျောင်းသားအဖြစ်ကို လောင်းကြေးအဖြစ် ရှန်ဂေါင်းရှောင်က လုပ်ချင်နေတာလား။ သူ ရူးသွားပြီလား။
[လက်နှစ်ဖက်နဲ့ပေးကမ်းတာဟာ အာရှမှာ ရိုသေလေးစားတဲ့အမူအယာဖြစ်ပါတယ်။ ဒါကြောင့် တန်နာဇီက လက်နှစ်ဖက်နဲ့ ရွှေပြားတွေပေးမယ်ပြောခြင်းဟာ သူ့ကိုယ်သူဂုဏ်နိမ့်သူငယ်ရွယ်သူအဖြစ် ရည်ရွယ်ပြောဆိုခြင်းပါ]
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၉၆)
တန်နာဇီဟာ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနကို ဝင်ခွင့်ရဖို့အတွက် နှစ်နှစ်တိုင်တိုင် ကြိုးစားလေ့လာခဲ့ရပါတယ်။ လူဘယ်လောက်ကများ သူ့အပေါ်မှာ လှောင်ပြောင်ခဲ့သလဲ သရော်ခဲ့သလဲ။ ဒါပေမယ့် သူကတော့ သူ့ရည်မှန်းချက်အတွက် မဆုတ်မနစ်လုပ်ဆောင်ခဲ့ပါတယ်။ အခုကျတော့ သူ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်အား လောင်းကြေးအဖြစ် ရှန်ဂေါင်းရှောင်ကလိုချင်နေတယ်လေ။
နောက်ပြီး ဒီလောင်းရခြင်းရဲ့ တစ်ကယ့်ရည်ရွယ်ချက်က ရှန်ဂေါင်းရှောင်နဲ့ အဲ့ဒီအညတရကျောင်းသားသစ်တို့အတွက်ဖြစ်နေပါတယ်။
သူတို့နှစ်ယောက်ကြားမှာ ယှဉ်လို့ရတာ ဘာမှမရှိပါဘူး။ သူတို့ခြေမတွေကို စဉ်းစားခိုင်းရင်တောင် ရှန်ဂေါင်းရှောင်အနေနဲ့ ရှန်ဂျူကို အသာအယာအနိုင်ယူနိုင်တာကို သိနိုင်ပါတယ်။
သူသာ မရူးဘူးဆိုရင် တန်နာဇီက ဒီလောင်းကြေးကို လက်ခံမှာမဟုတ်ပါဘူး။
တန်နာဇီ ရှန်ဂေါင်းရှောင်ကို အေးစက်စွာကြည့်လိုက်တယ်။ လောင်းကြေးက တစ်ကယ့်ကိုပဲ သူမျှော်လင့်ထားတာထက် ကျော်လွန်သွားတာပါပဲ ဒါပေမယ့် ဘာဖြစ်တုန်း။
"ငါမင်းကို ကတိပေးတယ်။ ဒါပေမယ့် ရှန်ဂျူနိုင်သွားရင် ငါ့ကိုတောင်းဆိုခိုင်းရမယ့်အစား သူ့ကိုတောင်းဆိုခွင့်ပေးရမယ်"
ပြိုင်ဖက်က ရှန်ဂေါင်းရှောင်ဖြစ်တော့ရော -ိပုလားကွာ။
"ကောင်းပြီ"လို့ နှာခေါင်းတွန့်ကာ ရှန်ဂေါင်းရှောင်ပြောလိုက်တယ်။ သူ့ထောင်ချောက်ထဲသို့ တန်နာဇီ ဝင်လာခဲ့ပြီလေ။
ဒီရုပ်ဆိုးဆိုးကောင်လေးက သူ့ကိုအနိုင်ယူနိုင်စွမ်းရှိမရှိကို သူလည်း မြင်ချင်မိပါသေးတယ်။
တန်နာဇီနဲ့ရှန်ဂေါင်းရှောင်တို့ရဲ့ အချီအချပြောဆိုမှုကြောင့် ဘေးမှာရှိနေတဲ့ကျောင်းသားတွေဟာ အီးထွက်ကျမတတ်လန့်သွားခဲ့ကြပါတယ်။
ဒီနှစ်ကောင်လုံး ရူးနေကြပြီပဲ။ ကစားပွဲလေးတစ်ခုအတွက်နဲ့ သူတို့ရဲ့ အနာဂတ်တွေကို သူတို့နင်းခြေချနင်းကြတော့မယ်လေ။
တန်နာဇီဟာ လိပ်နက်မျိုးနွယ်ရဲ့ လူငယ်မျိုးဆက်သစ်ဖြစ်ပေမယ့်လည်း သူဟာ ဆေးပညာဌာနရဲ့ ဝင်ခွင့်စာမေးပွဲကိုဖြေဆိုဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် လိပ်နက်မျိုးနွယ်ခေါင်းဆောင်က မကျေမနပ်ဖြစ်ခဲ့ပါတယ်။ အခုကိစ္စကြောင့်သာ သူ ကျောင်းကထွက်ရမယ်ဆိုရင် မျိုးနွယ်ခေါင်းဆောင်ရဲ့ အပြစ်ပေးခြင်းကို သူခံရတော့မှာ သေချာပါတယ်။
ဒီအရှက်ရစရာအဖြစ်အတွက်လည်း ပင်မမျိုးနွယ်ကနေထွက်ခွာရဖို့များပြီး မျိုးနွယ်စုခေါင်းဆောင်လောင်းအဖြစ်ကနေလည်း ရုတ်သိမ်းခံရပါလိမ့်မယ်။
ဒါကိုတောင်မှ တန်နာဇီက လောင်းရဲပါသေးတယ်။
ရှန်ဂေါင်းရှောင်မိသားစုဟာ တန်နာဇီမိသားစုထက် အများကြီးအဆင့်နိမ့်ပါတယ်။ သူ့မှာသာ မွေးရာပါဆေးပညာအရည်အချင်းလည်းမရှိဘူး တော်ဝင်ရိုလန်ကျောင်းကနေလည်း ထွက်ရမယ်ဆိုရင် တစ်ခြားကျောင်းတစ်ကျောင်းကနေ သူ့ကိုလက်သင့်ခံပေးမယ်ဆိုရင်တောင်မှ နောက်ထပ်သမားတော်ကြီးတစ်ယောက်ရဖို့ ခက်ခဲလွန်းပါတယ်။
သမားတော်ကြီးတစ်ယောက်ရဲ့ သင်ကြားမှုကို သူဆုံးရှုံးသွားခဲ့ပါက ရှန်ဂေါင်းရှောင်၏ အနာဂတ်ခရီးလမ်းဟာ ဖြောင့်ဖြူးတော့မှာ မဟုတ်ပါဘူး။
သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုပဲ သူတို့တွေတွေးကြည့်ကြည့် နှစ်ယောက်လုံးက အရှုံးခံလို့မဖြစ်တဲ့ အနေအထားမှာပါ။
လူတစ်ယောက်ရဲ့ မယဉ်ကျေးမှုကြောင့် သူတို့အနာဂတ်တွေ ပျက်စီးကြရပါတော့မယ်။
သို့သော်လည်း ရှန်ဂေါင်းရှောင်အပေါ်မှာထက် တန်နာဇီအတွက် သူတို့တွေ ပိုစိုးရိမ်နေကြပါတယ်။
လူတိုင်းက ရှန်ဂေါင်းရှောင်အစွမ်းအစကို သိထားပြီးသားဖြစ်ပါတယ်။ ဆေးပညာဌာနတစ်ခုလုံးမှာ သူနဲ့ပခုံးချင်းယှဉ်နိုင်တဲ့ကျောင်းသားကို ရှာတွေ့ဖို့အလွန်ခက်လှပါတယ်။ ပြိုင်ဖက်က ကျောင်းတက်တာ ခြောက်လတောင်မရှိသေးတဲ့ ကျောင်းသားသစ်ဆို ပြောမနေပါနဲ့တော့။ အခြေအနေက တစ်ဖက်စောင်းနင်းပါပဲ။
ရှန်ဂေါင်းရှောင် အခုလိုလောင်းကြေးလောင်းရဲတာ အံ့သြစရာမလိုတော့ပါဘူး။
အဲ့လိုမျိုးကြောင့်လည်း တန်နာဇီရဲ့ တုံ့ပြန်မှုက သူတို့တွေအမြင်မှာ အလွန်အံ့ချီးဘနန်းဖြစ်နေပါတယ်။
ရှန်ဂျူလောက်နဲ့ ရှန်ဂေါင်းရှောင်ကို အနိုင်ယူနိုင်မယ်လို့ထင်နေတာဟာ ကောင်းကင်နဲ့မြေကြီးရဲ့အတိုင်းအဆကို မသိတာပါပဲ ဒါမှမဟုတ် သူ့အနေနဲ့ ဆေးပညာဌာနထဲမှာ ဆက်နေနိုင်စွမ်းမရှိတော့တဲ့အတွက်ဖြစ်နေမလား။
လူတွေက သူတို့အတွေးနဲ့သူတို့ကယ်ဆမ်ကွေကာသောက်လိုက်ကြပါတယ်။
"မနက်ဖြန်မွန်းတဲ့ချိန်မှာ ငါမင်းကိုစောင့်နေမယ်"လို့ပြောလိုက်ပြီးနောက် ရှန်ဂေါင်းရှောင်က တန်နာဇီနဲ့ရှန်ယန်ရှောင်တို့အား အထင်သေးစွာကြည့်လိုက်ပြီး ရင်ကော့ကာပြန်ထွက်သွားပါတော့တယ်။
"အချိန်မရွေးဘဲ"လို့ တန်နာဇီက ပြန်ပက်လိုက်တယ်။ အဲ့နောက်တော့ ရှန်ယန်ရှောင်လက်ကိုဆွဲပြီး လူအုပ်ကြားကနေ ပြန်တိုးကာထွက်သွားပါတော့တယ်။
တန်နာဇီကနေပြီး သူမအား လူတွေမမြင်နိုင်တဲ့နေရာအထိ ဆွဲခေါ်သွားတာကို သူမ ခွင့်ပြုလိုက်ပါတယ်။ တန်နာဇီကျောပြင်ကို ဒေါသထွက်စွာစိုက်ကြည့်နေမိတဲ့ သူမရဲ့ မျက်နှာမှာ စိတ်ထိခိုက်တဲ့ အပြုံးတစ်ပွင့်ရှိနေပါတယ်။
"မင်းက အတော်သတ္တိရှိတာပါလားဟ။ ငါက ရှန်ဂေါင်းရှောင်ကို အနိုင်ယူနိုင်မယ်လို့ မင်းက ဘယ်လိုသိတာတုန်း"
သူ့အနာဂတ်ကို သူမအပေါ်မှာ ယုံကြည်စွာနဲ့ ပုံအပ်တဲ့အထိ ဒီကောင်က လွန်လွန်ကျူးကျူးလုပ်ခဲ့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၂၉၇)
မျိုးနွယ်ကြီးငါးစုဝင်တစ်ဦးဖြစ်လို့ ရှန်ယန်ရှောင်အနေနဲ့ မျိုးနွယ်စုတွေရဲ့ အတွင်းရေးဖြစ်ရပ်တွေကို အနည်းအကျဉ်းတော့ သိထားပါသေးတယ်။
လူတွေအမြင်မှာ မျိုးနွယ်စုကြီးငါးစုရဲ့ မိသားစုဝင်ဖြစ်တာဟာ အလွန်အရှိန်အဝါကြီးပါတယ် ဒါပေမယ့် မိသားစုဝင်တွေတိုင်းဟာ ခြေလှမ်းတိုင်းကို သတိကြီးကြီးထားနေရတာကိုတော့ မသိကြပါဘူး။
တန်နာဇီသာ တော်ဝင်ရိုလန်ကျောင်းကထွက်ခဲ့ရမယ်ဆိုရင် မျိုးနွယ်စုထဲမှာ သူ့အတွက် အချိန်အခါကောင်းမှာမဟုတ်တော့ပါဘူး။
တစ်ခြားလူတွေရဲ့ သူမအပေါ်ထားရှိတဲ့ အမြင်ကြောင့် သူမ မျက်နှာပန်းလှဖို့အရေး သူ့ကိုယ်သူစတေးတဲ့အထိကို ဂမူးရှူးထိုးလုပ်ခဲ့တယ်။
သူ့ကိုပဲ ရယ်လိုက်ရမလား ဒါမှမဟုတ် သူမကိုယ်သူမပဲ ရယ်လိုက်ရမလား သူမ မသိတော့ပါဘူး။
သူ့အနာဂတ်ကို သူမဆီမှာ ပုံအပ်လောက်အောင်ထိ မိုက်မဲတဲ့ သူ့ကိုပဲ ရယ်ရမလား ဒါမှမဟုတ် သူမကို ဒီလောက်အထိ ဂရုစိုက်ပြီးချစ်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ရှိနေတာကို စောစောမသိခဲ့တဲ့ သူမကိုယ်သူမပဲ ရယ်ရမလား။
တန်နာဇီခြေလှမ်းတွေကိုရပ်တံ့လိုက်ပြီးတော့ နောက်ကိုလှည့်လိုက်ပြီး ပြုံးနေတဲ့ ရှန်ယန်ရှောင်အား ကြည့်လိုက်တယ်။
"မင်းအစွမ်းအစကို ငါယုံတာဖြစ်လို့ ငါ ဘာကိုမှ မကြောက်ဘူး"
ဆေးပညာရပ်အပေါ်မှာရှိတဲ့ ရှန်ယန်ရှောင်၏ သူမတူတဲ့ အရည်အချင်းကို သူ့မျက်စိနဲ့ကိုယ်တိုင်မြင်ထားပါတယ်။
"ဒါပေမယ့်လည်း ရှန်ဂေါင်းရှောင်ရဲ့ အရည်အချင်းကလည်း မဆိုးဘူးလေကွာ ဒီတော့ သူနဲ့ငါနဲ့မှာ ဘယ်သူက ပိုသာသလဲဆိုတာကို မင်း ဘယ်လိုလုပ်သိမှာလဲ"
ရှန်ယန်ရှောင်က တန်နာဇီရဲ့ မျှော်လင့်ချက်အပြည့်နဲ့ မျက်နှာကိုကြည့်လိုက်မိပြီး အတီးအတပုံနဲ့ရယ်ပြလိုက်တယ်။ ဒီဟာက သူမကို တစ်ကယ့်ကို ရယ်စေချင်အောင်လုပ်နေတာပါပဲ။
တန်နာဇီက မျက်ခုံးပင့်လိုက်ပြီး တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ပြန်ပြောလိုက်ပြန်ပါတယ်။
"အစွမ်းအစအရည်အချင်းကြောင်းပြောကြေးဆိုရင် ငါ့ရင်ထဲမှာတော့ ဆေးပညာဌာနတစ်ခုလုံးမှာ မင်းက နံပါတ်တစ်ပဲကွာ။ မနက်ဖြန်ရောက်လို့ ရှန်ဂေါင်းရှောင်ဆီမှာ မင်းရှုံးနိမ့်ခဲ့ရင်တောင် ငါဘယ်တော့မှ အတွန့်တက်ပြောဆိုမှာမဟုတ်ပါဘူး"
အဆိုးဆုံးဖြစ်မှာဆိုလို့ သူ့အထုတ်သူယူပြီးတော့ အိမ်ပြန်ရုံပဲရှိပြီး သူ့ဘိုးတော်ရဲ့ ဆူပူမှုကို ခံရုံပဲရှိတာပါ ဒါပေမယ့် သူ မသေနိုင်သေးပါဘူး။
လူတွေက ရှန်ယန်ရှောင်ကို လက်ညှိုးထိုးပြောဆိုတာကို သူ မမြင်ချင်ပါဘူး။ အဖြစ်မှန်ကိုမသိတဲ့ အဲ့ငတုံးတွေဆို ပိုတောင်ဆိုးသေး။
ရှန်ယန်ရှောင် ရယ်လိုက်ပါတယ်။ သူမရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးတော့ မျက်မှောင်ကြုတ်ထားတဲ့ တန်နာဇီနဖူးကို ပြေလျော့သွားအောင် လုပ်ပေးလိုက်ပါတယ်။
"ဟုတ်ပါပြီ ဒီလောက်ဆိုရပါပြီ။ ဒေါသထွက်နေတဲ့အမူအယာက မင်းနဲ့မလိုက်ဘူးဟ"
စိတ်လွတ်လပ်ပေါ့ပါးစွာနဲ့ ဘာကိုမှဂရုမစိုက်ဘဲ နေထိုင်ပုံကသာ သူမရဲ့ငနာကောင်တွေနဲ့ ပိုလိုက်ဖက်ပါသေးတယ်။
တန်နာဇီဟာ ပါးစပ်ဟလိုက်သေးပေမယ့် အပြီးသတ်မှာတော့ ဘာမှမပြောတော့ဘဲ ပြုံးရုံသာပြုံးလိုက်ပါတယ်။
"မနက်ဖြန်ရောက်ရင် အဲ့ရှန်ဂေါင်းရှောင်ကို ကောင်းကောင်းဆုံးမပေးမှာမို့ မင်း စိတ်ချလက်ချနေလို့ရပါတယ်"ဟု သူမက တန်နာဇီရဲ့ ပုခုံးကိုပုတ်ရင်းပြောလိုက်ပါတယ်။
ဒါက ကံတရားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှန်ဂေါင်းရှောင်က တန်နာဇီကို အထင်သေးတာကြောင့် သူမကလည်း ရှန်ဂေါင်းရှောင်ကို မနှစ်မြို့သလို ရှန်ဂေါင်းရှောင်ကနေပြီး သူမအား ရိုင်းပျလို့ တန်နာဇီကလည်း သူမအတွက် ရှေ့ထွက်ပေးခဲ့ပါတယ်။
အခု သူမက လောင်းကြေးအတွက် မနက်ဖြန်ပြိုင်ပွဲကို အနိုင်ယူပါတော့မယ်။
ဒီလိုစက်ဝိုင်းပုံအဖြစ်အပျက်နဲ့ သက်ရောက်မှုက တစ်ကယ့်ကို အံ့သြဖွယ်ကောင်းပါတယ်။
"မင်း သေချာလို့လား"
တန်နာဇီက မျက်ခုံးပင့်ရင်းမေးလိုက်ပါတယ်။ ရိုးသားရမယ်ဆိုရင် ရှန်ဂေါင်းရှောင်အစွမ်းကို သူ ကောင်းကောင်းမသိပါဘူး။ သူသိတာဆိုလို့ ဆေးရည်ဖော်နည်းကိုသာ ရှန်ယန်ရှောင်လက်ထဲထည့်လိုက်မယ်ဆိုရင် အခက်အခဲဆိုတာ သူမအတွက် မရှိဘူးဆိုတာပါပဲ။
"ဘယ်သူသိမလဲလေ"
သူမက ပုခုံးတွန့်ပြလိုက်ပါတယ်။
"ဟေး ငါ့ကို ဒီလိုဆက်လုပ်နေရင် မင်းကို ရိုက်တော့မှာနော်"
တန်နာဇီက ဒေါသထွက်ဟန်လုပ်ပြလိုက်ပြီး လက်သီးတွေကို ဝှေ့ယမ်းပြလိုက်ပါတယ်။
ရှန်ယန်ရှောင် ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိပြီးနောက် သူ့လက်သီးဆုပ်တွေကို ဖြေပေးလိုက်ကာ ဆေးပညာကျောင်းသားဆောင်ထဲကို ဝင်လိုက်ပါတယ်။
"မနက်ဖြန်ကျ မင်းသိမှာပေါ့။ အခုကတော့ ငါတို့စားကြစို့လား ငါ ဗိုက်ဆာနေပြီဟ"
ထမင်းသွားစားနေကြတဲ့ သူတို့နှစ်ယောက်က ဘာမှမသိကြပေမယ့် တစ်နာရီလောက်ကြာအပြီးမှာတော့ ရှန်ဂေါင်းရှောင်နဲ့တန်နာဇီတို့ရဲ့ လောင်းကြေးအကြောင်းက တော်ဝင်ရိုလန်တစ်ကျောင်းလုံးကို ပျံ့နှံ့သွားပါတော့တယ်။
ကျောင်းသားသစ်တစ်ယောက်အတွက်နဲ့ တန်နာဇီက သူ့ဆေးကျောင်းသားဖြစ်မှုကို လောင်းကြေးအဖြစ်ထပ်ရဲတယ်။ ရှန်ဂေါင်းရှောင်ကို မနက်ဖြန်မှာ အနိုင်ယူဖို့ဆိုတာ ဟာသပဲလေ။
အဆောင်ကိုပြန်ဖို့လုပ်နေတဲ့ ကြူရှီယာတစ်ယောက် ကျောင်းသားအတော်များများက ဒီအကြောင်းပြောနေတာကို ကြားခဲ့ရတော့ မျက်ခုံးတွေတွန့်သွားခဲ့ရတယ်။
"ဒီနှစ်ကောင်ကတော့ တစ်မိနစ်လေးတောင် အေးအေးဆေးဆေး မနေနိုင်ကြဘူးပဲ တစ်ကယ်ပါပဲ"
ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ သူ့နှုတ်ခမ်းမှာ ရူးမိုက်မိုက်အပြုံးတစ်ခု ထင်ဟပ်နေပါတယ်။ သူ ပြန်လှည့်လိုက်ပြီးတော့ မှော်ပညာဌာနမုခ်ပေါက်ကနေ ပြန်ထွက်လိုက်ပါတယ်။