အကြီးအကဲမို
Vol. 10 Ch. 91
အနက်ရောင်မြူခိုးလူသားမှာ မျက်နှာမရှိသော်လည်း ကျန်းချန်သည် တစ်ဖက်လူ၏ ပြင်းထန်သောစိတ်လှုပ်ရှားမှုကို ခံစားနေရ၏။ ၎င်းသည် အတော်ထူးဆန်းသည်ဟု သူထင်မိသည်။
"လူကြီးမင်း... ခင်ဗျား ဘာလုပ်ချင်နေတာလဲ။ ကျုပ်က မူလဝိညာဉ်အမှတ်အသားကိုသုံးပြီး ခင်ဗျားကိုမနှိပ်စက်လို့ ခင်ဗျားက နေမထိထိုင်မသာဖြစ်နေတာလား။ ဒါမှမဟုတ် စာချုပ်ကိုသုံးပြီး ခင်ဗျားကိုကျွန်မပြုလို့ ပျင်းနေတာလား။ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ နည်းနည်းလောက် ယုတ္တိရှိရှိစဉ်းစားစမ်းပါဦး"
သူသည် သနားကရုဏာသက်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
"ကဲ... ကဲ... ကဲ... ကျုပ် ခင်ဗျားကိုအထင်မသေးသင့်ဘူး။ အခုကျေနပ်ပြီလား။ အဘိုးကြီး... နောက်ကျရင် ကိုယ်ခန္ဓာအားရှိအောင် များများစားဦး။ ခင်ဗျားက အသက်အရွယ်ကြီးနေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ၊ ကိုယ့်အပေါ်ကိုယ်လည်း နည်းနည်းလောက်ကြင်နာပါဦး"
ဖူး
မျက်စိသုံးလုံးကျားမှာ ဗြုန်းခနဲရယ်ချလိုက်တော့သည်။
၎င်းသည် မိုချန်၏ခံစားချက်ကိုနားလည်သဖြင့် ဤအင်မော်တယ်အိုကြီးမှာ ယခုအချိန်တွင် မည်မျှအောင့်သက်သက်ဖြစ်နေမည်ကိုသိ၏။
ဤကောင်လေး၏စကားများမှာ အမြဲတမ်းပင် အရှိုက်ထိတတ်လေသည်။ သူကိုယ်တိုင်ပင်လျှင် ထိုစဉ်က ဒေါသကြောင့် သွေးအန်လုနီးပါးဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ယခု ဘေးကကြည့်နေရသည့်အခါ သူသည် တစ်မျိုးလေးကျေနပ်နေမိသည်။
"ဒီမိစ္ဆာ... ဪ... မဟုတ်ဘူး၊ ဒီအင်မော်တယ်က အင်မော်တယ်လောကရဲ့ အဓိကအင်အားစုတွေအကြောင်းကို အလွန်နှံ့စပ်တယ်။ အင်မော်တယ်လောကရဲ့ စည်းမျဉ်းတွေ၊ တားမြစ်ချက်တွေကို ကောင်းကောင်းသိတယ်။ ပြီးတော့ အင်မော်တယ်လောကရဲ့ အမြင့်ဆုံးနေရာတွေမှာရှိနေတဲ့ အင်အားကြီးသူငယ်ချင်းဟောင်းတွေ အများကြီးရှိသေးတယ်... မင်းသာ ငါ့ကို သူတော်စင်အဆင့် ဝိညာဉ်အားဖြည့်ဆေးတွေ ရှာပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ မင်းအင်မော်တယ်လောကကို တက်လှမ်းနိုင်တဲ့အခါ ငါမင်းကိုလမ်းပြပေးနိုင်တယ်..."
မိုချန်သည် တခြားဘာကိုမှဂရုမစိုက်တော့ဘဲ အရောင်းစာရေးတစ်ဦးကဲ့သို့ သူ၏အားသာချက်များကို ချပြနေတော့သည်။ သို့သော် သူစကားမဆုံးမီမှာပင် ကျန်းချန်ကကြားဖြတ်ပြောလိုက်သည်။
"ဪ... ခင်ဗျားက တော်ပါပေတယ်၊ ဒါပေမဲ့ ကျုပ်က ဘယ်သူ့ရဲ့လမ်းပြမှုကိုမှမလိုဘူး။ ကျုပ်က ကိုယ့်ဘာသာကိုယ် နတ်ဘုရားမုဒ်နဲ့ တစ်ဖွဲ့လုံးခေါ်သွားရတာကို ပိုသဘောကျတယ်"
သူ့မှာ အဲဒါတွေလိုလို့လား။ နောင်တစ်ချိန် အင်မော်တယ်လောကကို တကယ်ရောက်သွားရင်တောင် သူ့မှာ တစ်နေ့ကိုသုံးကြိမ်သေနိုင်စွမ်းရှိနေတာပဲ၊ တခြား ဘာမှထည့်စဉ်းစားနေစရာမလိုဘူး။
"ဘာ... မင်းက တကယ်ကြီး မလိုဘူးလို့ပြောတာလား"
မိုချန်မှာ ရူးတော့မတတ် ဖြစ်နေရသည်။
"အင်မော်တယ်လောကကို တက်လှမ်းဖို့ဆိုတာ ဒီလောက်လွယ်တယ်ထင်နေလား။ လမ်းပြမရှိရင် မင်းရဲ့ပါရမီက ဘယ်လောက်ကောင်းကောင်း၊ မင်းတစ်သက်လုံး အခွင့်အရေးရချင်မှရမှာ..."
"အခွင့်အရေးမရရင်လည်း နေပါလေ့စေ"
ကျန်းချန်မှာ သူ၏အနာဂတ်အတွက် လုံးဝမစိုးရိမ်ပေ။
စနစ်က အစကတည်းက ပြောထားပြီးသားဖြစ်သည်၊ ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်မှာ နံပါတ်တစ် ကျင့်ကြံခြင်းခန္ဓာကိုယ်ဖြစ်သည်။ ဤအရာနှင့်မှ အင်မော်တယ်မဖြစ်နိုင်လျှင် သူသည် စနစ်ကို မကောင်းသောမှတ်ချက်ပေါင်းတစ်သောင်း ပေးပစ်မည်။
"မင်း... မင်းငါ့ကိုကူညီမယ်ဆိုရင် မင်းမခုခံနိုင်တဲ့ ရန်သူတွေကို ငါကူညီဖြေရှင်းပေးနိုင်တယ်။ ဒါက နှစ်ယောက်လုံးအတွက် အကျိုးရှိတာပဲ..."
ကျန်းချန်က အနည်းငယ်စိတ်ပူသွားပြီး ထပ်မံ၍ ကြားဖြတ်ပြောလိုက်ပြန်သည်။
"မလုပ်ပါနဲ့... ခင်ဗျားရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ဘာရန်သူကိုမှ ကူညီမဖြေရှင်းပေးပါနဲ့။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပေးပါ"
ခင်ဗျားက ရန်သူတွေကို အကုန်သတ်ပေးလိုက်ရင် ကျုပ်က ဘယ်လိုလုပ်အသတ်ခံရတော့မှာလဲ...
မိုချန်မှာ သရဲမြင်လိုက်ရသလို ခံစားလိုက်ရသည်။ ဘာမှမလိုအပ်သည့် ဤကဲ့သို့သောကောင်းကင်သားတော်မျိုးကို သူ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။
သူ အကြီးအကျယ်ထိခိုက်သွားရသဖြင့် သူ၏ဘဝကိုပင် သံသယဝင်လာတော့သည်။
လမ်းပြအဘိုးကြီးလုပ်ဖို့ အလုပ်လျှောက်ရတာ ဒီလောက်တောင် ခက်ခဲနေတာလား...
လူတွေ့စစ်ဆေးတာတောင် မအောင်ဘူးလား...
အင်မော်တယ်တစ်ပါး၏ သာလွန်မှုခံစားချက်များမှာ လုံးဝပျောက်ကွယ်သွားတော့သည်။
"ငါ့မှာ ကြွယ်ဝတဲ့ကျင့်ကြံခြင်းအတွေ့အကြုံတွေလည်းရှိတယ်။ ငါ မင်းကိုလမ်းညွှန်ပေးနိုင်..."
သူပြောရင်းနှင့် ပျင်းရိလာတော့သည်။ ဤကောင်လေးက အကူအညီပေးမည့်သူတောင် မလိုတာ၊ ကျင့်ကြံခြင်းအတွေ့အကြုံကို ဘာလုပ်မှာလဲ။
သို့သော် ယခုအကြိမ်တွင်မူ အစ်ကိုကြီးချန်၏မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။
သူကျင့်ကြံရမှာပျင်းသည်။ အထူးသဖြင့် သူ၏ဓာတ်ကြီးငါးပါးတာအိုမှာ နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်ရာ မည်သည့်လမ်းညွှန်မှုမှမလိုပေ။ သို့သော် သူမလိုလျှင်ပင် ဖေးရှန်ဂိုဏ်း၏ တခြားတပည့်များ လိုအပ်သည်မဟုတ်လော။
ဂိုဏ်းချုပ်အနေဖြင့် သူသည် မည်သည့်တပည့်ကိုမှ မသင်ကြားပေးခဲ့ဖူးပေ။ အကြောင်းမှာ သူ့တွင် အခြေခံ လုံးဝမရှိသောကြောင့်ဖြစ်သည်။
စဉ်းစားကြည့်ပါဦး... ဂိုဏ်းထဲမှာ ကျင့်ကြံခြင်းကို သင်ကြားပေးမည့် အင်မော်တယ်တစ်ပါးရှိနေလျှင် တပည့်များ၏ကျင့်ကြံမှုအရှိန်မှာ တစ်ဟုန်ထိုးတိုးတက်လာမည် မဟုတ်ပါလား။ မည်သည့် အခက်အခဲ သို့မဟုတ် အတားအဆီး ပြဿနာကမှ အင်မော်တယ်တစ်ပါးကို မတားဆီးနိုင်ပေ။
ဤကဲ့သို့သောအခွင့်အရေးမျိုးမှာ တစ်ကမ္ဘာလုံးတွင် တစ်ခုတည်းသာ ရှိပေလိမ့်မည်။ ထိုအချိန်ကျလျှင် ထိုတပည့်များက သူ့အတွက်အမှတ်များရှာပေးနိုင်သည့် အရှိန်မှာလည်း မြန်ဆန်လာပေလိမ့်မည်။ ဤအရောင်းအဝယ်မှာ လုပ်ကိုလုပ်ရမည်။
"ကဲ... ကောင်းပြီလေ၊ ခင်ဗျားက ဒီလောက်တောင်ဖြစ်နေမှတော့ ကျုပ်ဂိုဏ်းရဲ့အကြီးအကဲအဖြစ် မဖြစ်မနေလက်ခံပေးလိုက်ပါ့မယ်"
"ဟာ"
မိုချန် အလွန်ဝမ်းသာသွားရသည်။
"မင်း သဘောတူလိုက်တာလား"
သူ၏တုံ့ပြန်မှုကို နားလည်ရန်မခက်ပေ။ အလုပ်လျှောက်ထားမှု အောင်မြင်သွားပြီဖြစ်သည်။
သူသည် နောက်ဆုံးတွင် ကောင်းကင်သားတော်ထံမှ အသိအမှတ်ပြုမှုကိုရရှိခဲ့ပြီး သူ့လူတစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရလေပြီ။ သူ၏ဘဝကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အလှည့်အပြောင်းကြီးတစ်ခုဖြစ်လေသည်။
"အခုကစပြီး ဂိုဏ်းသားတွေကို လမ်းညွှန်ပေးဖို့ပဲ ခင်ဗျားကူညီပေးပါ"
"ရပါတယ်... ပြဿနာမရှိဘူး... ဒီအဘိုးကြီးကိုပဲ လွှဲထားလိုက်ပါ။ တခြား ဘာများလိုအပ်တာရှိသေးလဲ"
သူသည် မျက်စိသုံးလုံးကျားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကာ အလွန်ပင်တက်ကြွနေတော့သည်။
အစ်ကိုကြီးချန်မှာ ဤအကောင် ပုန်းနေရတာကြာ၍ဦးနှောက်များချို့ယွင်းသွားတာလားဟုပင် သံသယဝင်မိသည်။
"လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့အခုပုံစံကြီးနဲ့ဆို တပည့်တွေကို ဘယ်လိုမိတ်ဆက်ပေးရမှာလဲ"
"အဲဒါ လွယ်လွယ်လေးပါ"
မိုချန်ပြောပြီးသည်နှင့် အနက်ရောင်မြူခိုးများသည် လိုဏ်ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး သွေးစွန်းမိစ္ဆာဓားကို ယူဆောင်လာသည်။ ဝိညာဉ်အပိုင်းအစ၏ အနက်ရောင်မြူခိုးများသည် ဝဲဂယက်တစ်ခုကဲ့သို့ ထိုဓားအတွင်းသို့ စုပ်ယူခံလိုက်ရ၏။
ကျန်းချန်၏ မျက်စိရှေ့မှာတင် ထိုလက်နက်မှာ တွန့်လိမ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လူသားပုံစံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူသည် အရပ်ရှည်ပြီး ဖြူစင်သောမျက်နှာရှိကာ မုတ်ဆိတ်မွှေးမရှိပေ။ ကြည့်ရသည်မှာ အသက် ၄၀ ခန့်ရှိပြီး ခန့်ညားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ ပုံစံမျိုးရှိသည်။
"ဟေး... ခင်ဗျား ဒါကိုဘယ်လိုလုပ်လိုက်တာလဲ"
ဤလက်နက်က ဝိညာဉ်လက်နက်အဆင့်အထိကျဆင်းသွားတာ မဟုတ်ဘူးလား။
ဓားကိုအသုံးချကာ ကိုယ်ခန္ဓာဖန်တီးလိုက်သောမိုချန်သည် အသာအယာပြုံးကာ ဦးညွှတ်လိုက်သည်။
လှုပ်ရှားမှုတိုင်းတွင် ဤခန္ဓာကိုယ်မှာ ရွှေနှင့်ကျောက်စိမ်းတို့ ပွတ်တိုက်သကဲ့သို့ အသံသဲ့သဲ့ထွက်ပေါ်နေသည်။
"ဂိုဏ်းချုပ်ကို တင်ပြရရင်... ဒါက ရုပ်သေးအတတ်တစ်မျိုးပါပဲ။ သွေးစွန်းနတ်ဘုရားဓားက ဝိညာဉ်လက်နက်အဆင့်အထိ ကျဆင်းသွားပေမဲ့ သူ့ရဲ့ကုန်ကြမ်းတွေကတော့ အင်မော်တယ်လက်နက်အဆင့်မှာ ရှိနေဆဲပါ၊ ဒါကြောင့် ခေတ္တခဏတော့ ငါ့ရဲ့ ရုပ်သေးကိုယ်ထည်အဖြစ် သုံးလို့ရပါတယ်"
အမှန်အတိုင်းပြောရလျှင် ထိုလူသည် အင်မော်တယ်တစ်ပါးဖြစ်ကြောင်း ယခုမှသာ ကျန်းချန် အပြည့်အဝယုံကြည်သွားတော့သည်။ ယခင်က သူအနည်းငယ် သံသယရှိခဲ့သေးသည်။ အင်မော်တယ်ဆိုတာလည်းဒီလောက်ပါပဲဟု သူ ခံစားခဲ့ရသည်။
"အံ့ဩစရာပဲ... အံ့ဩစရာပဲ... ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်"
မျက်စိသုံးလုံးကျားကပျံသန်းလာပြီး အသံကျယ်ကြီးဖြင့် ဂုဏ်ပြုလိုက်သည်။
မိုချန်မှာ အနည်းငယ်ပြန်လည်သက်သာလာပြီး အကြီးအကဲတစ်ဦးဖြစ်လာကာ ကျန်းချန်၏အသိုင်းအဝိုင်းအတွင်းသို့ ရောက်ရှိသွားသည်ကို မြင်သောအခါ ၎င်း၏အမူအရာမှာ ချက်ချင်းပင်နွေးထွေးသွားပြန်သည်။
"ဟဲဟဲ... လူအိုကြီးမို၊ အင်မော်တယ်လောကရဲ့ အင်အားကြီးအဖွဲ့တွေအကြောင်း ထပ်ပြောပြပါဦး။ ပြီးတော့ ငါတို့မိစ္ဆာမျိုးနွယ်ရော အင်မော်တယ်လောကမှာ ဘယ်လိုနေလဲ။ ငါတို့ ကျားမျိုးနွယ်ထဲက ပေါင်းလို့ရမယ့် လူကြီးတွေရောရှိလား..."
သွေးစွန်းမိစ္ဆာဓားကို ရုပ်သေးကိုယ်ထည်အဖြစ် သုံထားသော မိုချန်က သူ့ကိုစောင်းကြည့်လိုက်သည်။ ဟင်းခနဲ နှာမှုတ်လိုက်ပြီး...
"လူအိုကြီးမိုဆိုတာ မင်းခေါ်ခွင့်ရှိတဲ့နာမည်လား"
သူသည် မျက်စိသုံးလုံးကျားကြောင့်သာ ကောင်းကင်သားတော်နှင့် မတော်တဆပတ်သက်ခွင့်ရခဲ့ခြင်းဖြစ်သော်လည်း ဤအရှက်မရှိသောကျားမိစ္ဆာ၏ အရင်ကသစ္စာဖောက်မှုကိုတော့ သူအလွယ်တကူမမေ့နိုင်ပေ။
သူသည် ကျန်းချန်ကို အလွန်တန်ဖိုးထားသော်လည်း ဤကျားမိစ္ဆာအပေါ်တွင်မူ ကောင်းမွန်သော အမူအရာမရှိ။ သို့သော် မျက်စိသုံးလုံးကျားမှာမူ အရှက်မရှိတတ်ပေ။ အလေးထားမခံရသော်လည်း သူသည် မနားတမ်းစကားပြောနေဆဲသာ။
"ကောင်းပါပြီ... ဒါဆို အကြီးအကဲမိုပေါ့"
"အကြီးအကဲ မို... ခင်ဗျား အရင်ကပြောခဲ့တယ်လေ၊ နောင်ကျရင် ညီအစ်ကိုကို ကူညီပါ့မယ်ဆိုတာ။ အဲဒါအတည်ပဲမဟုတ်လား"
"ဟဲဟဲ... အကြီးအကဲမို၊ ခဏလေး... ပြီးခဲ့တဲ့ရက်တွေတုန်းက ဒီညီအစ်ကိုက ခင်ဗျားကို အသေအချာ ဂရုစိုက်ခဲ့တာတွေကို မမေ့ပါနဲ့ဦး..."
မိစ္ဆာတစ်ကောင်နှင့် လူနှစ်ဦးတို့သည် ဂိုဏ်းမကြီးသို့ပြန်လာကြပြီး ကျန်းချန်သည် တပည့်အားလုံးကို ဆင့်ခေါ်လိုက်သည်။
"ဂိုဏ်းချုပ်ပြန်လာပြီ"
"ဝါး... တကယ်ကောင်းတာပဲ"
"ဝူးဝူးဝူး... ဂိုဏ်းချုပ်၊ နောက်ဆုံးတော့ တွေ့ရပြီ"
"ဘယ်တွေသွားနေတာလဲ။ စိတ်ပူလို့ သေတော့မှာပဲ..."
ယခင်က ကျန်းချန်ပျောက်ဆုံးသွားပြီဟုထင်မှတ်ပြီး တောင်အောက်ဆင်းကာ သီးခြားစီရှာဖွေရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
ယခု သူ့ကိုမြင်သောအခါ အမျိုးသမီးတပည့်အချို့မှာ သူ့ကိုဖက်တွယ်ကာငိုယိုနေကြပြီး လွှတ်မပေးကြတော့ပေ။ ၎င်းသည် အစ်ကိုကြီးချန်ကို များစွာစိတ်လှုပ်ရှားစေသည်။ ဤတပည့်များသည် သူ၏ ဂရုစိုက်မှုနှင့် ထိုက်တန်၏။
သို့သော် သူ၏စိတ်လှုပ်ရှားမှုများမှာ နောက်စကားတစ်ခွန်းကြောင့် ရေဖျန်းလိုက်သလို ငြိမ်ကျသွားတော့သည်။
"အဲဒီလင်းနင်ကို လွယ်လွယ်နဲ့လွှတ်မပေးနိုင်ဘူး။ သူမက ဂိုဏ်းချုပ် သုံးရက်နေမှပြန်လာမယ်လို့ ငါတို့ကိုလိမ်ပြောခဲ့တာ"
"ဟုတ်တယ်၊ ဂိုဏ်းချုပ်အနေနဲ့ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူမကိုအပြစ်ပေးရမယ်"
"အရမ်းကြီးတော့ မဟုတ်တောင်မှ သူမရဲ့မာနလေးလျော့သွားအောင် နည်းနည်းတော့ဆူသင့်တယ်"
"လင်းနင်က ဂိုဏ်းချုပ်ရဲ့မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး ရောင့်တက်နေတာ။ သူမက ဦးလေးလေးကိုတောင် မလေးစားဘူး။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်အနေနဲ့ မျှမျှတတဆုံးဖြတ်ပေးပါ"
ဤသို့အတိအလင်းတိုင်တောနေသည်ကိုကြားရသည့် အစ်ကိုကြီးချန်မှာ စိတ်ထဲတွင် မှောင်မိုက်သောအတွေးများ ပေါ်လာတော့သည်။
အဲဒီလင်းနင်ဆိုတာ ငါအသွင်ပြောင်းထားတာလေကွာ...
"မင်းတို့က ဒီကိစ္စကိုထုတ်ပြောရဲသေးတယ်ပေါ့... ဟုတ်လား"