အလွန်အသုံးဝင်သောအင်မော်တယ်
Vol. 10 Ch. 92
“မင်းတို့အားလုံး ငါအရင်ကသင်ပြခဲ့တာတွေကို မေ့ကုန်ကြပြီထင်တယ်”
ကျန်းချန်၏ ရုတ်တရက်မျက်နှာပျက်သွားမှုကြောင့် အားလုံးမှင်တက်သွားကြသည်။
သင်ပြထားတာတွေဆိုပါလား... ဂိုဏ်းချုပ်က ငါတို့ကို ဘယ်တုန်းကသင်ပြခဲ့လို့လဲ...
“ငါ အကြိမ်ပေါင်းရှစ်ရာလောက်ပြောခဲ့ပြီးပြီ၊ ဂိုဏ်းတူညီအစ်ကိုမောင်နှမတွေဆိုတာ တစ်ဦးကိုတစ်ဦးချစ်ခင်ရမယ်လို့။ အခုကဘာအမူအရာလဲ၊ တစ်ယောက်အကြောင်းတစ်ယောက် ကွယ်ရာမှာလာတိုင်နေကြတာလား”
အားလုံးမှာဆူပူကြိမ်းမောင်းခံရသဖြင့် ကြောင်တောင်တောင်ဖြစ်သွားကြသည်။ ဂိုဏ်းတူအချင်းချင်း ချစ်ခင်ရမယ်ဆိုတာ မှန်ပေမဲ့ ဂိုဏ်းချုပ်အဲဒီလိုပြောခဲ့တာကိုတော့ လုံးဝမမှတ်မိကြပေ။
သူတို့မှတ်မိသမျှမှာ ဂိုဏ်းချုပ်က လူကြားထဲတွင်လာရောက်ကြွားလုံးထုတ်သမျှကို သူတို့က အံ့အားသင့်ပေးခဲ့ရသည့် မြင်ကွင်းများသာ။ ၎င်းအပြင် အခြားဘာမှမရှိပေ။
“လင်းနင်က ငါ့အမိန့်အတိုင်းလုပ်ခဲ့တာ။ ဒီတစ်ခေါက်ခရီးစဉ်က အရမ်းအရေးကြီးလို့ ဘယ်သူ့ကိုမှ အသိမပေးဖို့ ငါသူ့ကိုမှာထားခဲ့တာ”
“နောက်ဆို ဒီကိစ္စကို ဘယ်တော့မှထပ်မပြောကြနဲ့တော့၊ နားလည်လား”
နောင်တွင် လင်းနင်ထွက်လာသည့်အခါ အားလုံးက ဤကိစ္စကိုထပ်မံပြောဆိုနေကြလျှင် သူအသွင်ပြောင်းထားသည်မှာ ပေါက်ကြားသွားပေလိမ့်မည်။ ကန့်ကျိယီနှင့် အခြားသူများမှာ ချက်ချင်းပင်ထောက်ခံကာ မြှောက်ပင့်ကြတော့သည်။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်ရဲ့သင်ပြမှုတွေက လုံးဝမှန်ကန်ပါတယ်”
ချင်းချန်းမှာ မှတ်စုစာအုပ်လေးကိုပင်ထုတ်ကာ ချက်ချင်းမှတ်တမ်းတင်နေတော့သည်။
“အားလုံးပဲ... ငါ့လိုမျိုး ဂိုဏ်းချုပ်ရဲ့စကားတွေကို မှတ်စုထုတ်ထားကြဦး၊ နားလည်လား”
ဝေ့မြောင်ကလည်း အသံကျယ်ကြီးဖြင့်
“ချင်းဦးလေးကြီး သတိပေးစရာတောင်မလိုပါဘူး၊ ကျွန်တော်က ဂိုဏ်းချုပ်ရဲ့စကားတိုင်းကို စကားလုံးတစ်လုံးမှမကျန်အောင် အလွတ်မှတ်ထားပြီးသားပါ”
ရှန်ထိုက်သည် ပြီးခဲ့သည့်အကြိမ်က အဆင့်ကြီးတစ်ဆင့်လုံးတက်လှမ်းနိုင်သည့်ဆုလာဘ်ကို ရရှိခဲ့ခြင်းမှာ ဂိုဏ်းချုပ်ကိုအမြဲတမ်းအမြှောက်ပင့်ဆုံးဖြစ်သောကြောင့်ဟု ထင်မြင်နေကြသည်။
ထို့ကြောင့် ယခုအချိန်တွင် သူတို့အားလုံးက ရှန်ထိုက်ကိုအတုယူနေကြခြင်းဖြစ်သည်။
အမှန်တကယ်တွင်မူ ကျန်းချန်က ရှန်ထိုက်ကိုရွေးချယ်ခဲ့ခြင်းမှာ မျက်မှန်းတန်းမိနေပြီး အမြဲတမ်းရှေ့ဆုံးကရှိနေတတ်သောကြောင့်သာဖြစ်သည်။
မျက်စိသုံးလုံးကျားမှာ ဤကဲ့သို့သော ပျို့အန်ချင်စဖွယ် မြှောက်ပင့်မှုများကို ယဉ်ပါးနေပြီဖြစ်သော်လည်း မိုချန်မှာမူအံ့အားသင့်နေမိသည်။
သူသည်လည်း နောင်တွင် ဤလူအုပ်ထဲဝင်ကာ လိုက်မြှောက်ပင့်ရမည်လားဟု တွေးတောနေ၏။ သို့သော် သူကအင်မော်တယ်တစ်ပါးဖြစ်နေသည် မဟုတ်ပါလား။
ဤသို့လုပ်ခြင်းမှာ အရှက်ရစရာ ဖြစ်နေမည်လော... သူသည် အနည်းငယ်တော့ သိက္ခာထိန်းသင့်သည်...
ကျန်းချန်ကလည်း အမှန်တကယ်ဒေါသထွက်နေခြင်းမဟုတ်သဖြင့် ထိုနေရာတွင်ပင်ရပ်လိုက်သည်။
“ကဲ... ထားလိုက်ပါတော့၊ မင်းတို့ကို မိတ်ဆက်ပေးမယ်”
“ဒါက အကြီးအကဲ မို၊ မိုချန်ပါ။ အခုကစပြီး သူက ငါတို့ဖေးရှန်ဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်လာပါပြီ”
ပထမဆုံးတွေ့ဆုံခြင်းဖြစ်သော်လည်း ကျန်းချန်ကိုယ်တိုင် မိတ်ဆက်ပေးသဖြင့် တပည့်အားလုံးက ဤအကြီးအကဲသစ်ကို ချက်ချင်းပင်လက်ခံလိုက်ကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တက်ကာ နှုတ်ဆက်ကြတော့သည်။
“အကြီးအကဲမိုကို ဂါရဝပြုပါတယ်”
“အကြီးအကဲမိုက အရင်က ဘယ်မှာတာဝန်ထမ်းဆောင်ခဲ့တာလဲခင်ဗျာ”
“အကြီးအကဲမိုရဲ့အဆင့်က ဘယ်လောက်လဲဆိုတာ သိခွင့်ရှိမလား”
ဤအကြီးအကဲမို၏ ခန္ဓာကိုယ်တွင် မည်သည့်ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုမှမရှိသည်ကို သူတို့သတိထားမိကြသည်။ ၎င်းမှာ အလွန်ထူးဆန်းလှသည်၊ ဂိုဏ်းချုပ်ကဲ့သို့ပင် အဆင့်မြင့်လွန်း၍ အာရုံခံမခံနိုင်သည်လော...
“အကြီးအကဲမိုက အရင်တုန်းက အထက်လောကက အင်မော်တယ်တစ်ပါးပဲ၊ ဒါပေမဲ့ ကံဆိုးစွာနဲ့ ဘေးဒုက္ခတစ်ခုကြုံခဲ့ရပြီး ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တာ။ နောင်ကျရင် မင်းတို့သူ့ကို ပိုပြီးလေးလေးစားစားဆက်ဆံကြပါ”
ဤစကားများက မိုချန်ကို အလွန်ပင်စိတ်လှုပ်ရှားသွားစေသည်။ အကယ်၍ ကျန်းချန်သာ အကြီးအကဲမိုကို သူကထိန်းချုပ်ထားခြင်းဖြစ်သည်ဟု ပြောလိုက်ပါက သူသည် လူကြားထဲတွင် မျက်နှာပျက်ရမည်ဖြစ်ပြီး အင်မော်တယ်တစ်ပါး၏ ဂုဏ်သိက္ခာလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုဘက်ကကြည့်လျှင် ကျန်းချန်က သူ့အတွက် သိက္ခာဆယ်ပေးလိုက်ခြင်းပင်။
“သူက တကယ်ပဲ အင်မော်တယ်တစ်ပါးလား”
တပည့်များမှင်တက်သွားကြသည်၊ အင်မော်တယ်ဆိုသည်မှာ သူတို့အတွက် အလွန်ဝေးကွာလှသော တည်ရှိမှုမျိုး ဖြစ်သည်။
“အမလေး... အသက်ရှင်နေတဲ့ အင်မော်တယ်ကြီးပါလား”
“ဂိုဏ်းချုပ်က တကယ့်ကို အစွမ်းထက်တာပဲနော်”
“မင်း မေ့သွားပြီလား... ဂိုဏ်းချုပ်ကိုယ်တိုင်က အင်မော်တယ်ပဲလေ၊ အင်မော်တယ် သူငယ်ချင်းတစ်ယောက်ရှိတာ ဘာဆန်းလို့လဲ”
“ဟုတ်သားပဲ... ဟုတ်သားပဲ၊ ဒါက ဂိုဏ်းချုပ်ဖိတ်ခေါ်လာတာဖြစ်ရမယ်”
သူတို့က အင်မော်တယ်တစ်ပါး၏တည်ရှိမှုကို လွယ်လွယ်ကူကူလက်ခံလိုက်ကြသည်မှာ မိုချန်အတွက် မယုံနိုင်စရာပင်။ အကယ်၍ သူသာ အခြားဂိုဏ်းတစ်ခုခုတွင်ပေါ်လာပြီး အင်မော်တယ်ဖြစ်ကြောင်း သက်သေပြခဲ့လျှင် တစ်ဂိုဏ်းလုံးတုန်လှုပ်သွားပေလိမ့်မည်။
“အခုကစပြီး အကြီးအကဲမိုက ငါတို့ဂိုဏ်းရဲ့ ပညာသင်ကြားရေးအကြီးအကဲအဖြစ် တာဝန်ယူပါလိမ့်မယ်။ မင်းတို့ ကျင့်ကြံခြင်းမှာ ဘာအခက်အခဲပဲရှိရှိ သူ့ကိုမေးနိုင်တယ်”
အကြီးအကဲမိုက ပြုံးပြီးခေါင်းညိတ်ပြသည်ကို မြင်သောအခါ တပည့်များမှာ အလွန်ပင် ဝမ်းသာသွားကြသည်။
ဖေးရှန်ဂိုဏ်းတွင် မူလက အားနည်းချက်တစ်ခုရှိခဲ့သည်၊ ၎င်းမှာ လူကြီးပိုင်းမရှိခြင်းပင်။
လွန်ခဲ့သောလအနည်းငယ်က ကျိလင်းဟန်နှင့် လော့ယွမ်တို့သည် အခြားသူများ၏ တပည့်များသာဖြစ်ခဲ့ကြပြီး ငယ်ရွယ်သေးသည်။ ကျန်းချန်က အမြဲတမ်း အံ့ဖွယ်အမှုများကို ဖန်တီးခဲ့သော်လည်း သူသည် ဂိုဏ်း၏ကိစ္စအဝဝကို စီမံခန့်ခွဲခြင်း သို့မဟုတ် ကျင့်ကြံခြင်းကို သင်ကြားပေးခြင်းမရှိပေ။
အိမ်မှာလူကြီးရှိတာ ရတနာတစ်ခုရှိတာနဲ့ တူတယ်ဆိုသည့်အတိုင်း လူကြီးတစ်ဦး၏အတွေ့အကြုံမှာ အလွန်ပင်တန်ဖိုးရှိလှသည်။
၎င်းအပြင် ဤအကြီးအကဲမှာ အင်မော်တယ်တစ်ပါးဖြစ်နေသေးသည်။ အားလုံးမှာ အလွန်စိတ်အေးသွား၏။ ကျိလင်းဟန်အပါအဝင် တပည့်များစွာမှာ သူ့ကိုဝိုင်းအုံကာ နှုတ်ဆက်မေးမြန်းနေကြတော့သည်။
အကယ်၍ ယခင်ကမိုချန်သာဆိုလျှင် ဤကဲ့သို့သောလူများကို လှည့်ကြည့်မည်မဟုတ်။ သူတို့သည် အောက်လောကမှ ပုရွက်ဆိတ်များသာ၊ သူက ဘာလို့ဂရုစိုက်နေမှာလဲ...
သို့သော် ယခုမူ သူသည် ကျန်းချန်၏ရှေ့တွင် သူကိုယ်တိုင်မှာ မည်မျှအသုံးဝင်သော လမ်းပြအဘိုးကြီးဖြစ်ကြောင်းပြသရန် ဆုံးဖြတ်ထားသဖြင့် သူ၏အမူအရာမှာ အလွန်ယဉ်ကျေးပျူငှာနေလေ၏။ တပည့်များမေးသမျှကို တစ်ခုမကျန် ဖြေကြားပေးနေတော့သည်။
အင်မော်တယ်တစ်ပါးအနေဖြင့် သူ၏ကျင့်ကြံခြင်းအတွေ့အကြုံမှာ အလွန်ကြွယ်ဝလှသည်။ တပည့်များကြုံတွေ့နေရသော ကျင့်ကြံခြင်းပြဿနာများကို စကားအနည်းငယ်ဖြင့် လွယ်လွယ်ကူကူဖြေရှင်းပေးနိုင်ကာ မြူခိုးများကိုဖယ်ရှားပေးသကဲ့သို့ဖြစ်စေသည်။
တပည့်သုံးဦးမှာ ထိုနေရာမှာပင်တင်ပျဉ်ခွေထိုင်ကာ အဆင့်တက်လှမ်းတော့မည့်အခြေအနေသို့ ရောက်သွားကြသည်။
ခဏအတွင်းမှာပင် တပည့်အားလုံး၏ မျက်လုံးများမှာ အားကျကြည်ညိုမှုများဖြင့် ပြည့်နှက်သွား၏။
သူတို့က အကြီးအကဲမို မည်မျှတော်ကြောင်း၊ မည်မျှနတ်ဘုရားဆန်ကြောင်းကို တဖွဖွ ပြောနေကြတော့သည်။ တဖြည်းဖြည်းနှင့် မိုချန်သည်လည်း ဤကဲ့သို့သောဆက်ဆံမှုကို နှစ်သက်လာတော့သည်။
သူတစ်ခါမှ တပည့်မမွေးခဲ့ဖူးပေ၊ အခြားသူများနှင့် ဆက်ဆံလျှင်လည်း အဆင့်တူ အင်မော်တယ်များသာဖြစ်သည်။ သူ့ကို ဤကဲ့သို့ မည်သူမှမမြှောက်ပင့်ခဲ့။ သူသည် ဤအခြေအနေမှာ အမှန်တကယ်ပင်ကောင်းမွန်သည်ဟု ခံစားလာရသည်။
ကောင်းပြီ... ဤတပည့်များသည် ကောင်းကင်သားတော်၏ တိုက်ရိုက်လက်အောက်ခံများဖြစ်သဖြင့် သူတို့နှင့်ရင်းနှီးအောင်လုပ်ခြင်းမှာ လမ်းပြအဘိုးကြီးတစ်ယောက်၏တာဝန်အတွင်း ပါဝင်သည် မဟုတ်ပါလား။
ဤသို့တွေးမိသည်နှင့် သူသည် ပို၍ကြိုးစားကာ အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းများနှင့် လျှို့ဝှက်နည်းစနစ်များကိုပင် စတင်သင်ကြားပေးတော့သည်။
သူမည်မျှလူကြိုက်များနေသည်ကို မြင်သောအခါ အစ်ကိုကြီးချန် အနည်းငယ်မနာလိုဖြစ်လာသည်။
ဤအကောင်ကအသုံးဝင်သော်လည်း သူ၏နာမည်ကြီးမှုကို လာလုနေသလိုပင်။
သူခဏစဉ်းစားပြီးနောက်တွင် ရွှမ်ကျီရုပ်ပုံအတွင်းမှ လင်းနင်၊ လော့ယွမ်နှင့် ရှန်ထိုက်တို့ကို ခေါ်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသုံးဦး၏ ကျင့်ကြံခြင်းနည်းစနစ်များမှာ ချီရီဂိုဏ်းလက်ထက်ကနည်းလမ်းများဖြစ်သဖြင့် အဆင့်နိမ့်လွန်းပြီး ကျင့်ကြံရသည်မှာထိရောက်မှုမရှိပေ။
ယခု ပါယွန်းခန်းမမှရရှိလာသော ကျင့်ကြံခြင်းနည်းစနစ်များရှိနေပြီဖြစ်ကာ အကြီးအကဲမို၏ လမ်းညွှန်မှုပါရရှိလျှင် သူတို့ပြန်ဝင်သွားသည့်အခါ ကျင့်ကြံခြင်းအရှိန်မှာ နှစ်ဆ၊ သုံးဆ ပိုမြန်လာပေလိမ့်မည်။
အလင်းတန်းတစ်ခု ဝင်းခနဲဖြစ်သွားပြီးနောက်တွင် လူပုံရိပ်သုံးခုမှာ လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။ ၎င်းသည် အဝေးမှကြည့်နေသော မိုချန်ကိုပင် လန့်သွားစေသည်။
ထိုသုံးဦးပေါ်လာပုံမှာ မည်သည့်သတိပေးချက်မှမရှိသလို မည်သည့်ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုမှလည်း မရှိခဲ့ပေ။ ၎င်းမှာ ဟင်းလင်းပြင်ကူးပြောင်းခြင်းနှင့် တူလှသည်။
ဤနည်းလမ်းမှာ အလွန်ပင်ပြောင်မြောက်လှသည် မဟုတ်ပါလား။ ကောင်းကင်သားတော်ဖြစ်သည့်အတိုင်း သူ့မှာရှားပါးရတနာတွေရှိနေတာ မဆန်းတော့ပေ။
“ဂိုဏ်းချုပ်”
“ဂိုဏ်းချုပ်... နောက်ဆုံးတော့ ကျွန်တော်တို့ကိုသတိရပြီပေါ့”
“ကျွန်တော်အထဲမှာ ရူးတော့မလိုပဲ”
ပါယွန်းခန်းမကို ဖျက်ဆီးပြီးနောက် ကံစမ်းမဲနှိုက်ရာမှ ရွှမ်ကျီရုပ်ပုံ၏အစိတ်အပိုင်းတစ်ခုကို ထပ်မံရရှိခဲ့သည်။
အစိတ်အပိုင်းနှစ်ခုကို ပေါင်းလိုက်သည့်အခါ ၎င်းထဲတွင်နေထိုင်နိုင်သည့်လူဦးရေမှာ ၈ ဦးအထိတိုးလာရုံသာမက အချိန်စီးဆင်းမှုနှုန်းမှာလည်း အဆ ၁,၀၀၀ မှ အဆ ၂,၀၀၀ အထိ ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့် ယခုတစ်ခေါက်မှာ ၁၀ ရက်ကျော်သာ ရှိသေးသော်လည်း အထဲတွင် နှစ်ပေါင်း ၇၀ ကျော်နှင့်ညီမျှနေသည်။
ယခုထိုသုံးဦးထဲတွင် လော့ယွမ်မှာ ဝိညာဉ်အခြေတည်အဆင့် ၁ သို့ ရောက်နေပြီဖြစ်ကာ ရှန်ထိုက်မှာ အဆင့် ၂ သို့ ရောက်နေ၏။ လော့ယွမ်သည် အထဲမဝင်မီက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၁ သာဖြစ်ပြီး ရှန်ထိုက်မှာ ကျန်းချန်၏မြှင့်တင်ပေးမှုကြောင့် အဆင့် ၈ မှ စတင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတစ်ယောက်ဖြစ်သည့်လင်းနင်မှာ အထဲမဝင်မီက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၁ သာ ဖြစ်သော်လည်း ယခုအခါ ဝိညာဉ်အခြေတည်အဆင့် ၅ သို့ ရောက်နေပြီဖြစ်ရာ ကျန်းချန် မျှော်လင့်ထားသည်ထက်ပင် ပိုမိုမြင့်မားနေသည်။
ဤမိန်းကလေးက ဝိညာဉ်အခြေတည်အဆင့်တွင် အဆင့်ငယ်တစ်ခုတက်တိုင်း စနစ်ကသူ့ကို အမှတ် ၅၀,၀၀၀ ဆုပေးသည်။ ယခုတစ်ခေါက်တွင် သူမက သူ့အတွက် အမှတ် ၃၀၀,၀၀၀ နီးပါးကို ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံရတာတန်တာပဲ...
အစ်ကိုကြီးချန်ပြုံးလိုက်မိသည်။
အဝေးမှကြည့်နေသော ကျိလင်းဟန်မှာမူ ဇဝေဇဝါဖြစ်နေမိသည်။ လင်းနင်သည် ယနေ့နေ့လည်ပိုင်းက သူမ၏လိုဏ်ဂူသို့ လာခဲ့သေးသည် မဟုတ်ပါလား။
ဂိုဏ်းချုပ်ကသူမကို ရွှမ်ကျီရုပ်ပုံထဲကနေ ထုတ်ပေးခဲ့တယ်လို့ ပြောခဲ့၏...
အခုဘယ်လိုဖြစ်ပြီး ရွှမ်ကျီရုပ်ပုံထဲက ပြန်ထွက်လာပြန်တာလဲ...
ပြီးတော့ သူမပုံစံကလည်း အပြင်ကိုထွက်ထားဖူးတဲ့ပုံစံ မရှိသလိုပါလား...