အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
အခန်း (၁၅၁) - ဝက်အဖြစ် အမှတ်မထင် ပြောင်းလဲသွားခြင်းနှင့် လီကျောက်ကျောက်၏ ဇဝေဇဝါဖြစ်မှု
~"ဟား... တကယ်ကြီးလား"
ယဲ့ဖုန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဗျူဟာကျကျ ရှောင်တိမ်းလိုက်သည်။
"လုံးဝ သေချာတာပေါ့"
မြို့စားမင်းကြီးသည် ယဲ့ဖုန်း၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလျက် မျှော်လင့်ချက် ရောင်ခြည်သန်းနေသော မျက်နှာဖြင့် ပြောလိုက်၏။
"လောလောဆယ် ရေပေါ်ဖြူမြို့တော်ရဲ့ မြို့စားမင်း ရာထူးကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီတာဆိုလို့ 'ရွေးချယ်ခံရသူ' ဖြစ်တဲ့ ဂိုဏ်းချုပ်ယဲ့ တစ်ယောက်ပဲ ရှိပါတယ်"
"မဖြစ်ဘူး... မဖြစ်ဘူး... ကျွန်တော်က မြို့စားမင်း လုပ်ရမယ့် ဇာတာ မပါဘူးဗျ"
ယဲ့ဖုန်းသည် မြို့စားမင်း ဖြစ်လာပါက ကြုံတွေ့ရမည့် မရေမတွက်နိုင်သော ပြဿနာများကို တွေးမိပြီး ခေါင်းကို စည်တီးသကဲ့သို့ တွင်တွင်ခါလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့က ပြဿနာ ရှုပ်မှာကို စိုးရိမ်နေတာလား... အဲဒီလိုဆိုရင်လည်း ခင်ဗျားက နာမည်ခံပဲ လုပ်ထားလိုက်... ကျုပ်က ဒုတိယမြို့စားမင်း နေရာကနေ အနားယူပြီး မြို့ကို စီမံခန့်ခွဲပေးပါ့မယ်"
မြို့စားမင်းကြီးက စိုးရိမ်တကြီးဖြင့် တိုက်တွန်းလေ၏။
အကယ်၍သာ ယဲ့ဖုန်းက လက်မခံခဲ့လျှင် အသစ်ပြန်လည် တည်ဆောက်ထားသော ရေပေါ်ဖြူမြို့တော်သည် ခရိုင်ဘုရင်မြို့တော်၏ ပြန်လည်သိမ်းယူခြင်းကို ခံရနိုင်ရုံသာမက အခြားသော ကြယ်အဆင့် အင်အားစုများ၏ ခွဲဝေယူငင်ခြင်းကိုပါ ခံရနိုင်ချေ ရှိနေ၏။
မြို့စားမင်းကြီးက မြို့တော် တစ်ခုလုံးကို စီမံခန့်ခွဲချင်သည်ဟု ကြားလိုက်ရသောအခါ ဒုတိယမြို့စားမင်း၏ မျက်နှာမှာ ထူးဆန်းသော အရောင်တစ်မျိုး ပြောင်းလဲသွားချေသည်။
အကြောင်းမူကား လွန်ခဲ့သော နှစ်များအတွင်း မြို့စားမင်းကြီးသည် အချိန် (၉၀) ရာခိုင်နှုန်းခန့်ကို တံခါးပိတ် ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့ပြီး မြို့တော်၏ ကိစ္စအဝဝကို ဒုတိယမြို့စားမင်းကသာ စီမံခန့်ခွဲခဲ့ရသောကြောင့် ဖြစ်ပေသည်။ အကယ်၍သာ မြို့စားမင်းကြီး ဝင်ရောက် စီမံမည်ဆိုပါက ကိစ္စများ ရှုပ်ထွေးကုန်နိုင်ဖွယ် ရှိ၏။
ယဲ့ဖုန်းသည် ကျောက်ခုံတန်းတွင် ဝင်ထိုင်လိုက်ပြီး အချိန်ကြာမြင့်စွာ စဉ်းစားခန်း ဖွင့်နေပြီးမှ မေးခွန်းထုတ်လိုက်၏။
"မြို့စားမင်း ဖြစ်လာရင် ဘာဆိုးကျိုးတွေ ရှိနိုင်လဲ"
"ဆိုးကျိုး မရှိပါဘူး... ကောင်းကျိုးတွေချည်းပါပဲ"
မြို့စားမင်းကြီးသည် စည်းရုံးရေးမှူး လေသံဖြင့် ချက်ချင်း ပြောဆိုလိုက်တော့သည်။
"စဉ်းစားကြည့်ပါ ဂိုဏ်းချုပ်ယဲ့... ခင်ဗျားသာ မြို့စားမင်း ဖြစ်လာရင် ပတ်လည် မိုင် (၂၀၀)၊ (၃၀၀) လောက်က ခင်ဗျားရဲ့ ကောင်းကင်ပဲ... အဲဒီနယ်မြေထဲက မြေတွေ၊ အလှပဂေးတွေ အားလုံးက ခင်ဗျား စိတ်တိုင်းကျ စီမံလို့ ရမယ့်အရာတွေချည်း ဖြစ်မနေဘူးလား"
ယဲ့ဖုန်း၏ စိတ်ထဲတွင် အနည်းငယ် ယိမ်းယိုင်သွားသော်လည်း လက်ကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။
"မလုပ်ပါဘူး... ကျွန်တော်က အဲဒီလို လူမျိုး မဟုတ်ဘူး"
မြို့စားမင်း ဖြစ်ရသည်မှာ ဂုဏ်ရှိသည်ဟု ထင်ရသော်လည်း ယဲ့ဖုန်းသည် ၎င်း၏ ရှုပ်ထွေးပွေလီလှသော အတွင်းရေးများကို နားမလည်ချေ။ သတိထားသည်က ပိုကောင်းပေသည်။ သူ အပင်ပန်းခံ တည်ထောင်ထားရသော မြူခိုးဂိုဏ်းကို ဤကိစ္စကြောင့် ပြိုလဲမသွားစေလိုပေ။
ထိုအခိုက်အတန့်၌ ဒုတိယမြို့စားမင်းက ကြားဖြတ် အကြံပြုလိုက်သည်။
"ဒီလိုလုပ်ပါလား... ဂိုဏ်းချုပ်ယဲ့က မြို့စားမင်းအိမ်တော်ရဲ့ 'မဟာ အကြီးအကဲ' ရာထူးကို ယူထားလိုက်ပါ... ကြယ်အဆင့် ဂိုဏ်းတွေကို (၁၀) နှစ်မှ တစ်ကြိမ်ပဲ စစ်ဆေးတာပါ... အဲဒီအချိန်ကျမှ ခင်ဗျားက မျက်နှာလေးပြပြီး စွမ်းရည်လေး နည်းနည်း ထုတ်ပြလိုက်ရင် ရပြီလေ"
ဒုတိယမြို့စားမင်းသည် မြို့တော် စီမံခန့်ခွဲရေးနှင့် ရင်းနှီးကျွမ်းဝင်သူ ပီသစွာပင် အကြံဉာဏ်ပေးလိုက်ခြင်း ဖြစ်ချေသည်။
"(၁၀) နှစ်မှ တစ်ကြိမ်ပဲ စစ်ဆေးတာလား"
ယဲ့ဖုန်းက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ ထိုအချက်က လက်ခံနိုင်ဖွယ် ရှိ၏။
"ရေပေါ်ဖြူမြို့တော်ကို နောက်ဆုံး စစ်ဆေးခဲ့တာ လွန်ခဲ့တဲ့ (၉) နှစ်ကပါ... နောက်တစ်ကြိမ် စစ်ဆေးမှုက လာမယ့်နှစ် နွေဦးပေါက်လောက် ဖြစ်နိုင်ပါတယ်"
လုရှန်ယွဲ့က ချောင်း တစ်ချက်ဟန့်ရင်း သတိပေးစကား ဆိုလိုက်၏။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း မျက်နှာမဲ့သွားတော့သည်။
ယဲ့ဖုန်းက မည်သည့်အရာနှင့်မျှ စည်းရုံးမရသည်ကို မြင်သောအခါ ဒုတိယမြို့စားမင်းနှင့် မြို့စားမင်းကြီးတို့ နှစ်ဦးစလုံး စိုးရိမ်ပူပန်လာကြသည်။
"ကျွန်တော့်မှာ အမြဲတမ်း တွေးနေမိတဲ့ မေးခွန်း တစ်ခု ရှိတယ်"
ရုတ်တရက် ယဲ့ဖုန်းက လက်ညှိုးထောင်လိုက်ပြီး စကားပြောရန် ပြင်နေသော မြို့စားမင်းကြီးကို တားဆီးလိုက်သည်။
"အကယ်၍ လာမယ့်နှစ် နွေဦးပေါက် စစ်ဆေးရေး မတိုင်ခင် ကျွန်တော့်ရဲ့ မြူခိုးဂိုဏ်းကို ကြယ်တစ်ပွင့်အဆင့် ရောက်အောင် လုပ်နိုင်ရင်ရော ဘယ်လိုလဲ"
ထိုစကားကို ကြားသောအခါ လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
မြို့စားမင်းကြီးက ရှင်းပြလိုက်လေ၏။
"ကြယ်တစ်ပွင့် အဆင့် ဂိုဏ်းတိုင်းက နယ်မြေ မိုင် (၃၀၀) အထိ အုပ်ချုပ်ခွင့် ရှိပါတယ်... တကယ်လို့သာ မြူခိုးဂိုဏ်းက ကြယ်တစ်ပွင့် အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ကြယ်အဆင့် ဂိုဏ်းအတည်ပြုချက် ဆုံးရှုံးသွားတဲ့ ရေပေါ်ဖြူမြို့တော်က အလိုလိုနေရင်း မြူခိုးဂိုဏ်းရဲ့ လက်အောက်ခံမြို့ ဖြစ်လာမှာပါ"
"အဲဒီလိုလား"
ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး အကြံတစ်ခု ရသွားတော့သည်။
"လာမယ့်နှစ် နွေဦးပေါက် စစ်ဆေးရေး မတိုင်ခင် မြူခိုးဂိုဏ်းကို ကြယ်အဆင့် ဂိုဏ်းဖြစ်လာအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
"တကယ်လို့ မဖြစ်ခဲ့ရင်ရော"
ဒုတိယမြို့စားမင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
ယဲ့ဖုန်းသည် မတ်တတ်ထရပ်လိုက်ပြီး လက်ကို နောက်ပစ်ကာ အဝေးသို့ မျှော်ငေးကြည့်လိုက်သည်။
"တကယ်လို့ မဖြစ်ခဲ့ရင်... အဲဒီအချိန်ကျမှ ကျွန်တော့်ကို မြို့စားမင်းလို့ ခေါ်ကြတာပေါ့"
စကားဆုံးသည်နှင့် ယဲ့ဖုန်းသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မြူခိုးတောင်ထိပ်ဆီသို့ ဦးတည်သွားလေတော့သည်။
မြို့စားမင်းကြီး၊ ဒုတိယမြို့စားမင်း၊ လုရှန်ယွဲ့နှင့် အခြား (၆) ဦးတို့သည် ကျောက်စားပွဲဝိုင်းတွင် ထိုင်လျက် ကျန်ရစ်ခဲ့ပြီး "ကျွန်တော့်ကို မြို့စားမင်းလို့ ခေါ်ကြတာပေါ့" ဟူသော ယဲ့ဖုန်း၏ စကားကို ပြန်ကြားယောင်ရင်း ရယ်ချင်သလို ဖြစ်နေကြသည်။
ဝေဟင်အလယ်တွင် ဖြစ်ချေသည်။
ယဲ့ဖုန်း၏ အတွေးများက ရှုပ်ထွေးနေ၏။
အမှန်စင်စစ် သူသည် ရေပေါ်ဖြူမြို့တော်၏ မြို့စားမင်း ဖြစ်ချင်သည်။ သို့သော် လောလောဆယ်တွင် မြူခိုးဂိုဏ်းကို တည်ဆောက်ရန်မှာ ထိပ်တန်းဦးစားပေး ဖြစ်နေ၏။ မြူခိုးဂိုဏ်းသာ ကြယ်အဆင့်သို့ တိုးမြှင့်ခံရပြီး ရေပေါ်ဖြူမြို့တော်က လက်အောက်ခံ ဖြစ်လာလျှင် ပို၍ စိတ်ချရမည် ဖြစ်ချေသည်။
မည်သို့ပင်ဆိုစေကာမူ လူတစ်ဖက်သားကို လုံးလုံးလျားလျား ယုံကြည်၍ မရနိုင်ပေ။ ယဲ့ဖုန်းသည် မြို့စားမင်းကြီးကို အပြည့်အဝ ယုံကြည်ရန် ဝန်လေးနေမိသည်။
ထိုအချက်ကို တွေးမိရင်း ယဲ့ဖုန်းသည် ပျံသန်းနှုန်းကို မြှင့်တင်လိုက်သည်။
သူ မသိလိုက်သည်မှာ အောက်ဘက် ရေပေါ်ဖြူမြို့တော်၏ အစွန်အဖျားတွင် ဝက်မွေးမြူရေးကို အဓိကထား လုပ်ကိုင်သော မိသားစုတစ်စု ရှိနေသည် ဆိုသောအချက်ပင်။
ထိုအချိန်၌ ဝက်ခြံအတွင်းတွင် ဖြစ်သည်။
ဗလတောင့်တောင့် လူငယ် တစ်ဦးသည် သစ်သားရေမှုတ်ခွက်ကို အသုံးပြု၍ ဝက် (၁၀) ကောင်ကျော်အတွက် ဝက်စာလောင်းပေးနေ၏။
ထိုလူငယ်၏ နောက်ကျောဘက်သို့ မဲမှောင်သော မီးခိုးငွေ့တစ်စ ရောက်ရှိလာသည်ကို သူ သတိမထားမိပေ။ ထိုမီးခိုးငွေ့ထဲတွင် ဆိုဟွန်းကျန်းရန်၏ အေးစက်သော မျက်နှာကြီး ပေါ်လာသည်။
'တောင့်တင်းတဲ့ ခန္ဓာကိုယ်ပဲ... မွေးရာပါ ပါရမီလည်း မဆိုးဘူးလို့ ထင်ရတယ်... ဒီကောင်လေးရဲ့ ကိုယ်ကိုသာ ငါ ပူးကပ်လိုက်ရင် သေချာပေါက် ပြန်လည် ထူထောင်နိုင်မှာပဲ... ငါက အခု ဝိညာဉ်အပိုင်းအစလေးပဲ ကျန်တော့ပေမယ့် ဒီကောင်လေးကို ပူးကပ်ဖို့လောက်ကတော့ လုံလောက်တာထက်တောင် ပိုသေးတယ်'
ထိုသို့ တွေးလိုက်ပြီးနောက် ဆိုဟွန်းကျန်းရန်၏ ဝိညာဉ်ကြွင်းသည် လူငယ်လေးဆီသို့ ရုတ်တရက် တိုးဝင်သွားလေတော့သည်။
"ဝေါက်... ဝေါက်..."
ဝက်ခြံထဲမှ ဝက်များသည် အန္တရာယ်တစ်ခုခုကို အာရုံခံမိသကဲ့သို့ ဖရိုဖရဲ ပြေးလွှားကြသည်။ ထိုအရှိန်ကြောင့် လူငယ်လေး ယိုင်နဲ့သွားပြီး လက်ထဲမှ သစ်သားရေမှုတ်ခွက် လွတ်ကျသွားရာ အမှတ်မထင်ပင် ဆိုဟွန်းကျန်းရန်၏ ဝိညာဉ်ကြွင်းကို ရိုက်မိသွားလေတော့သည်။ ထိုဝိညာဉ်ကြွင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ဝက်ပေါက်စလေး တစ်ကောင်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
'တောက်... ငါ့လို လူက ဝက်တစ်ကောင်ရဲ့ ကိုယ်ထဲ ရောက်သွားရတယ် ဟုတ်လား'
ဆိုဟွန်းကျန်းရန် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လုံးဝ ကွဲပြားခြားနားနေသော ကမ္ဘာ တစ်ခုကို မြင်လိုက်ရသဖြင့် ခေါင်းနှင့် နံရံကိုသာ ဆောင့်တိုက်သေချင်စိတ် ပေါက်သွားလေတော့သည်။
"ဝေါက်... ဝေါက်..."
ဆိုဟွန်းကျန်းရန် ဝင်ပူးမိသွားသော ဝက်ပေါက်စလေးသည် လူငယ်လေး၏ ခြေထောက်ကို တိုက်မိခိုက်မိ လုပ်နေပြီး ရင်ထဲမှ ဒေါသများကို ဖွင့်ထုတ်နေလေ၏။
"ဝက်ကလေး... မင်း ဘာဖြစ်နေတာလဲ... အစာ မဝလို့လား"
လူငယ်လေးသည် ဝက်ပေါက်စကို ဖမ်းဆွဲလိုက်ပြီး နှာခေါင်းကို တစ်ချက်တောက်လိုက်သည်။ ထို့နောက် သစ်သားရေမှုတ်ခွက်ထဲသို့ ဝက်စာအများအပြား ထည့်လိုက်ပြီး ကျွေးလေရာ ဆိုဟွန်းကျန်းရန်ခမျာ ဒေါသတကြီးဖြင့်ပင် အငမ်းမရ စားသောက်လိုက်ရရှာလေတော့သတည်း။
မြူခိုးတောင်ထိပ်တွင် ဖြစ်ချေသည်။
တပည့်များအားလုံး ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်း ကျေနပ်သွားပြီး အနားယူရန် ပြင်လိုက်စဉ်မှာပင် လီကျောက်ကျောက်ကို တွေ့လိုက်ရသည်။ သူမသည် ဝိညာဉ်စမ်းရေတွင်းဘေးတွင် ထိုင်လျက် မတရား ခံရသူ တစ်ဦးကဲ့သို့ နှုတ်ခမ်းစူကာ ရေခပ်နေ၏။
"ကျောက်ကျောက်... ဘာဖြစ်လို့လဲ"
ယဲ့ဖုန်းသည် လီကျောက်ကျောက်အနားသို့ သွားပြီး တိုးတိုးလေး မေးလိုက်သည်။
လီကျောက်ကျောက်သည် ကပျာကယာ မတ်တတ်ထရပ်လိုက်လေ၏။
"ဂိုဏ်းချုပ်ဦးလေး... မင်္ဂလာပါ"
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လီကျောက်ကျောက်သည် သူမ၏ အခက်အခဲကို ဖွင့်ဟပြောပြသည်။
"ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေမယ့် ဟင်းပွဲကောင်းကောင်းတွေ ဘယ်လိုချက်ရမလဲဆိုတာ သမီး စဉ်းစားနေတာပါ... ဒါပေမဲ့ အကြိမ်ကြိမ် ကြိုးစားကြည့်တာတောင် အမြဲတမ်း ကျရှုံးနေတယ်"
"ကျရှုံးခြင်းက အောင်မြင်ခြင်းရဲ့ မိခင်ပဲ... နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်ရှုံးလည်း ဘာမှ မဖြစ်ပါဘူး... အဲဒီကျရှုံးမှုတွေကနေ အတွေ့အကြုံ ယူလို့ရတာပေါ့... မင်း လုပ်ရမှာက စိတ်ကို တည်ငြိမ်အောင်ထားပြီး မအောင်မြင်မချင်း ဆက်ကြိုးစားဖို့ပဲ"
ယဲ့ဖုန်းသည် ဟောပြောပွဲ ဆရာကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး လီကျောက်ကျောက်၏ စိတ်ဓာတ်ကို ချက်ချင်း မြှင့်တင်ပေးလိုက်သည်။
"ဟုတ်ကဲ့... သမီး ကြိုးစားပါ့မယ်"
လီကျောက်ကျောက် ခေါင်းညိတ်လိုက်၏။
သို့သော် လီကျောက်ကျောက်၏ စိတ်ဓာတ်သည် မကြာမီ ပြန်လည် ကျဆင်းသွားပြန်သည်။ သူမသည် ဇရပ်တန်းလျားတွင် ဝင်ထိုင်လိုက်ပြီး မေးစေ့ကို လက်ဖြင့် ထောက်ထားလိုက်သည်။
"ဒါပေမဲ့ သမီးက ဝိညာဉ်စားဖိုမှူး ဖြစ်လာဖို့ ပထမခြေလှမ်းကိုတောင် မစနိုင်သေးဘူး... အမြဲတမ်း စိတ်ပူပန်နေသလို ခံစားရပြီး စိတ်ကို လျှော့ချလို့ မရဘူး ဖြစ်နေတယ်"
ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်းက မေးလိုက်၏။
"အိမ်ကို လွမ်းနေတာလား"
"ဟုတ်ကဲ့... နည်းနည်းပါ"
လီကျောက်ကျောက် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် အိမ်ပြန်ပြီး တွေ့လိုက်လေ... မင်းက မင်းတို့ရွာမှာ တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်နေပြီး ရွာသားတွေရဲ့ မျှော်လင့်ချက်တွေ ပုံအပ်ခံထားရတယ်လို့ ငါ ကြားတယ်... အိမ်ပြန်ပြီး အနားယူလိုက်ပါဦး... ဒါက မင်းရဲ့ စိတ်ကို တည်ငြိမ်စေပြီး စိတ်ကူးဉာဏ်သစ်တွေ ရလာစေနိုင်တာပေါ့"
ဟု ယဲ့ဖုန်းသည် လီကျောက်ကျောက်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး လန်းဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။
"တကယ်လား"
လီကျောက်ကျောက်က သံသယဖြင့် မေးလိုက်၏။
ယဲ့ဖုန်းက လက်ကို ဖြန့်ပြလိုက်ပြီး၊
"ငါက မင်းကို လိမ်ပါ့မလား"
"ကောင်းပါပြီ... သမီး အိမ်ပြန်ပြီး ကြိုးစားကြည့်ပါ့မယ်... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး"
လီကျောက်ကျောက်သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်ပြီး ယဲ့ဖုန်းကို ဖက်လိုက်ရာ ယဲ့ဖုန်းခမျာ သူမကို ကပျာကယာ ပြန်ခွာလိုက်ရလေတော့သည်။
"ကျောက်ကျောက် အိမ်ပြန်တော့မလို့လား"
မကြာမီ ထိုသတင်းသည် မြူခိုးဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
သွက်လက်ချက်ချာသော လုံထျန်းရှင်းသည် နေရာတွင် ငြိမ်ငြိမ်မနေနိုင်ဘဲ (၃) ပေလောက်အထိ ခုန်တက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော် စဉ်းစားနေတာက... အွတ်... အွတ်"
သူ စကားမဆုံးခင်မှာပင် ယဲ့ဖုန်းသည် လုံထျန်းရှင်း၏ ပါးစပ်ကို ချက်ချင်း လှမ်းပိတ်လိုက်ပြီး တည်ကြည်သော အသံဖြင့် ပြောလိုက်တော့သည်။
"မရဘူး... မင်း ဘာမှ မစဉ်းစားနဲ့"
"ဂိုဏ်းချုပ်... စီနီယာအစ်မ ကျောက်ကျောက်ကို လိုက်ပို့ပေးခွင့်ပြုပါ"
ကျားယွိလန် မတ်တတ်ထရပ်လိုက်သည်။
"သမီးက ချီစုစည်းခြင်း (၈) ဆင့်မြောက် အထွတ်အထိပ်ကို ရောက်နေပြီး အဆင့်ချိုးဖြတ် တက်လှမ်းဖို့ လမ်းစ ပျောက်နေပါတယ်... ခရီးထွက်လိုက်ရင် အဆင့်ချိုးဖြတ် တက်လှမ်းဖို့ အထောက်အကူ ဖြစ်လာမလားလို့ပါ"
"သွားလေ"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့ မှတ်ထားပါ... ကျောက်ကျောက်ရဲ့ ဇာတိရွာက ဒီနေရာနဲ့ နည်းနည်း ဝေးတယ်... ဒါကြောင့် မင်းတို့က 'သံလက်သည်း နဂါးလင်းယုန်' ကို အတူတူ စီးသွားကြရမယ်"
"ဝေါင်း..."
အစ်ကိုကြီး ခေါင်းပြားက အော်ဟစ်လိုက်ပြီး သူ့ရင်ဘတ်သူ လက်သည်းဖြင့် ထုလိုက်သည်။
ယဲ့ဖုန်းသည် နဖူးကို ရိုက်လိုက်မိပြီး အတော်လေး လက်လျော့လိုက်ရသည့်ပုံစံဖြင့် ပြောလိုက်တော့သည်။
"ကောင်းပြီလေ... အစ်ကိုကြီး ခေါင်းပြားလည်း လိုက်သွားလို့ ရတယ်... ဒါပေမဲ့ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင် ရန်မဖြစ်ရဘူးနော်"
ထိုစကားကို ကြားသောအခါ အစ်ကိုကြီး ခေါင်းပြားသည် ကောက်ကျစ်သော အပြုံးတစ်ချက်ကို ပြုံးလိုက်လေ၏။
လီကျောက်ကျောက်သည် ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်ပြီး မြေခွေးဖြူလေးကို ကောက်မကာ ကျားယွိလန်၊ အစ်ကိုကြီး ခေါင်းပြားတို့နှင့်အတူ သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။ အေးမြသော လေပြည်ကို ရင်ဆိုင်ရင်း သူတို့သည် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ခရီးထွက်ခွာသွားကြလေတော့သတည်း။
အခန်း (၁၅၂) - ဇာတိမြေသို့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လာခြင်း၊ မင်းက ရွာတစ်ရွာလုံးရဲ့ မျှော်လင့်ချက်
~မိုယင်သည် ချောက်ကမ်းပါးစွန်းတွင် ရပ်လျက် တဖြည်းဖြည်း ဝေးကွာသွားသော လီကျောက်ကျောက်နှင့် ကျားယွိလန်တို့၏ ပုံရိပ်ကို ကြည့်ရင်း အကြောင်းပြချက်မရှိဘဲ စိုးရိမ်ပူပန်နေမိသည်။
ယဲ့ဖုန်းသည် သူမ၏ ဘေးနားတွင် ရပ်လျက် ငှက်ပျောရွက်ယပ်တောင်ကို ဖြည်းညှင်းစွာ ခတ်ရင်း ပြောလိုက်၏။
"အစ်ကိုကြီး ခေါင်းပြား ပါသွားတာပဲ... ဓာတ်ကြီး ငါးပါး စုစည်းခြင်းအဆင့် (၃) အထက်က လူတွေနဲ့ မတွေ့သရွေ့တော့ ပြဿနာ မရှိနိုင်ပါဘူး... အဲဒါကြောင့် ငါ စိတ်ချနေတာပေါ့"
"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် အတွေ့အကြုံ ရှာဖို့ တောင်အောက် ဆင်းချင်ပါတယ်"
ကျောဘက်တွင် 'အေးစက် အလင်းဓား' ကို လွယ်ထားသော ဟိုယွင်ကျဲ ရောက်လာပြီး ခွင့်တောင်းလေ၏။
"နောက် (၁၀) ရက်နေရင် ငါတို့ 'မြင့်မြတ်သော လေဓားဂိုဏ်း' ကို သွားရမှာနော်... မင်း အတွေ့အကြုံရှာဖို့ ထွက်သွားရင် အချိန်မီပါ့မလား"
ယဲ့ဖုန်း အနည်းငယ် စိုးရိမ်သွားသည်။
"စိတ်မပူပါနဲ့ ဂိုဏ်းချုပ်... ကျွန်တော် တောင်ဘက်ပိုင်းကို သွားပြီး လေ့ကျင့်မှာပါ... မြင့်မြတ်သော လေဓားဂိုဏ်း တည်ရှိရာ နေရာဆီ အချိန်မီ သေချာပေါက် ရောက်လာပါ့မယ်"
ဟိုယွင်ကျဲက အာမခံလိုက်၏။
"ကောင်းပြီလေ"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
မကြာမီ ဟိုယွင်ကျဲသည် ကုသရေးဆေးလုံး အချို့ကို ယူဆောင်ပြီး ဝိညာဉ်စမ်းရေကို ပုလင်းအကြီးစားနှင့် ဖြည့်ကာ ဓားပျံစီး၍ မြူခိုးတောင်ထိပ်မှ ထွက်ခွာသွားလေ၏။
မိုယင်သည် ဝိညာဉ်စမ်းရေတွင်းဘေးတွင် ခြေချိတ်ထိုင်လျက် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ဆက်လက် လုပ်ဆောင်နေ၏။ အချိန်အတန်ကြာလျှင် ဓာတ်ကြီး ငါးပါး စုစည်းခြင်းအဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။
ကျောက်ကျားရှီးသည် တောင်ထိပ်ပတ်လည်တွင် ကျောက်တုံးကြီးကို ထမ်းလျက် ဖားခုန် ခုန်ရသော ပြင်းထန်သည့် လေ့ကျင့်ခန်းကို သည်းခံ လုပ်ဆောင်နေဆဲ ဖြစ်သည်။ ခန္ဓာကိုယ် ကျင့်ကြံခြင်း (၄) ဆင့်မြောက်သို့ ရောက်ရှိရန် အကြိမ်ရေ သုံးထောင်ကျော် ခုန်ရဦးမည် ဖြစ်သည်။
ကျောက်တုံးကြီးကို ထမ်းထားရသဖြင့် ဆယ်ကြိမ်လောက် ခုန်လိုက်တိုင်း သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာသော်လည်း ခေတ္တမျှ နားပြီးလျှင် ဆက်လက် ကျင့်ကြံရပြန်သည်။
တပည့်များအားလုံး ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်ကို ကြည့်ပြီး ယဲ့ဖုန်းသည် သူ့ကို လာရောက် နှောင့်ယှက်မည့်သူ မရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် သက်သောင့်သက်သာ လှဲလျောင်းလိုက်တော့သည်။
သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်တွင် ဖြစ်သည်။
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့သည် အောက်ဘက်ရှိ မြစ်ချောင်းများနှင့် တောင်တန်းများကို ငေးကြည့်ရင်း သဘာဝတရား၏ အလှအပကို တဖန် ခံစားနေကြ၏။
"ကျောက်ကျောက်... နင့်ရဲ့ အိမ်က အရမ်း ဝေးသလား"
ကျားယွိလန်က မေးလိုက်သည်။
"ရေပေါ်ဖြူမြို့တော်ရဲ့ အနောက်တောင်ဘက် မိုင် (၁၀၀) ကျော်မှာပါ... မြူခိုးတောင်ထိပ်ကနေဆိုရင် မိုင် (၂၀၀) အပြည့် ဝေးတယ်... တော်တော်လေး ဝေးတယ်လို့ ပြောရမှာပေါ့"
လီကျောက်ကျောက်က ဖြေလိုက်၏။
"မိုင် (၂၀၀) ဆိုတော့ တော်တော်လေး ဝေးတာပဲ... အရင်တုန်းက မြူခိုးတောင်ထိပ်ကို နင်.. ဘယ်လို ရောက်လာခဲ့တာလဲဟယ်"
ကျားယွိလန် အနည်းငယ် သိချင်သွားသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဂိုဏ်းချုပ်အိုကြီးက ငါ့ကို တွေ့သွားပြီး 'ရွှမ်ယဲ့ ဓားပျံ' နဲ့ မြူခိုးတောင်ထိပ်ဆီ ပြန်ခေါ်လာခဲ့တာပါ"
ဂိုဏ်းချုပ်အိုကြီးအကြောင်း ပြောမိသောအခါ လီကျောက်ကျောက်၏ မျက်နှာတွင် လွမ်းဆွတ်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။
လီကျောက်ကျောက်၏ စိတ်ခံစားမှုကို သတိထားမိသော ကျားယွိလန်သည် စကားလမ်းကြောင်း အမြန်လွှဲလိုက်၏။
"ဒါနဲ့...နင်က မိန်းကလေး တစ်ယောက်ကို ကျင့်ကြံခြင်းလမ်းစဉ် လိုက်ဖို့ မိသားစုက ဘယ်လိုလုပ် ခွင့်ပြုလိုက်တာလဲဟင်"
ထိုအခါ၊ လီကျောက်ကျောက်၏ ကြည်လင်တောက်ပသော မျက်ဝန်းများသည် အတိတ်ကို ပြန်လည် မြင်ယောင်နေသကဲ့သို့ အရောင်လက်သွားပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
"အဲဒီနှစ်တုန်းက ငါတို့ တောင်ပေါ်ရွာနားမှာ ရူးသွပ်နေတဲ့ သားရဲတစ်ကောင် ပေါ်လာပြီး အပြစ်မဲ့ ရွာသားတွေ အများကြီးကို ဒုက္ခပေးခဲ့တယ်... အဲဒီအချိန်မှာ အနောက်ဘက်ကနေ ရောက်လာတဲ့ ဂိုဏ်းချုပ်အိုကြီးက ဓားချက် တစ်ချက်တည်းနဲ့ အဲဒီသားရဲကို သတ်ပစ်လိုက်တာ... ရွာသားတွေ အားလုံးက သူ့ကို 'နတ်ဘုရား' လို့ သတ်မှတ်ပြီး ကိုးကွယ်ခဲ့ကြတယ်... ဒါကြောင့် ဂိုဏ်းချုပ်အိုကြီးနဲ့အတူ တောင်ပေါ်လိုက်ပြီး ကျင့်ကြံဖို့ ရွာသားတွေ အားလုံးက ငါ့ကို ထောက်ခံခဲ့ကြတာပေါ့"
လီကျောက်ကျောက်၏ အတိတ်ဇာတ်ကြောင်းကို ကြားရသောအခါ ကျားယွိလန် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားသည်။
"စီနီယာအစ်မ ကျောက်ကျောက်... အခု နင်က 'ချီစုစည်းခြင်း (၇) ဆင့်' ကို ရောက်နေပြီဆိုတော့ ရွာက လူတွေ အားလုံး သေချာပေါက် ဂုဏ်ယူကြမှာပါ"
ဟု ကျားယွိလန်က လက်သီးကို ဆုပ်လျက် ပြောလိုက်သည်။
"အင်း..."
လီကျောက်ကျောက် ခေါင်းညိတ်လိုက်ပြီး မိုင်ရာချီ ဝေးကွာသော တောင်တန်းများကို ငေးကြည့်ရင်း စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း မြင့်တက်လာသည်။
'အိမ်မပြန်ရတာ (၃) နှစ်တောင် ရှိပြီပဲ'
'ရွာသားတို့ရေ... ဒီ (၃) နှစ်အတွင်း ကျွန်မ.. ဘယ်လိုတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ သိကြရဲ့လား'
လီကျောက်ကျောက်သည် မျှော်လင့်ချက်များဖြင့် စိတ်လှုပ်ရှားစွာ လက်သီးကို တင်းတင်း ဆုပ်ထားမိသည်။
မြေခွေးဖြူလေးသည် လီကျောက်ကျောက်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး အိပ်ပျော်နေပြီး၊ အစ်ကိုကြီး ခေါင်းပြားမှာမူ သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်တွင် မတ်တပ်ရပ်လျက် လက်ပိုက်ကာ လေတိုက်ခတ်မှုကြောင့် လွင့်ပျံနေသော အနီရောင် ပန်းထိုး ဝမ်းဗိုက်စည်းကို ဂုဏ်ယူစွာ ပြသနေ၏။
ကျားယွိလန်သည် မျက်လုံးထောင့်ကနေ တချက်လှမ်းကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။
တစ်နာရီခန့် ကြာပြီးနောက်၊
လီကျောက်ကျောက်သည် အောက်ဘက်ရှိ တောင်လှရေကြည် ရှုခင်းနှင့် ချိုင့်ဝှမ်းတစ်ခုကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"ရောက်ပြီ... အဲဒါ.. ငါ့ရဲ့ ဇာတိမြေ... 'ချင်းလင်းရွာ' ပဲ"
"တကယ်ကြီး 'ထိုက်ယွဲ့ တောင်တန်း'အစွန်အဖျားမှာ တည်ရှိနေတာပဲ...နင်တို့ရွာက လူတွေ သတ္တိ တော်တော် ကောင်းကြတာပဲနော်"
ကျားယွိလန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
ထိုက်ယွဲ့ တောင်တန်းသည် မြောက်မှ တောင်သို့ သွယ်တန်းနေပြီး ရေပေါ်ဖြူ မြို့တော်၏ အနောက်ဘက် မိုင် (၁၀၀) အကွာတွင် တည်ရှိ၏။ နန်လု တောင်တန်းထက် ပိုမို ကြီးမား ကျယ်ပြန့်သည်။ ထိုနေရာတွင် 'နတ်ဆိုးဗိုလ်ချုပ်' တစ်ကောင် စောင့်ကြပ်နေသည်ဟု ကောလာဟလများ ရှိသော်လည်း ကျားယွိလန် ကိုယ်တိုင်ပင် သေချာ မသိပေ။
ချင်းလင်းရွာသည် ထိုက်ယွဲ့ တောင်တန်း၏ အရှေ့ဘက် အစွန်အဖျားတွင် တည်ရှိပြီး ယခုအချိန်ထိ အသက်ရှင် ရပ်တည်နိုင်ခဲ့သည်မှာ ကံကောင်းလွန်းသလား၊ အံ့ဩစရာ ကောင်းလွန်းသလား ဆိုသည်ကို ကျားယွိလန် ဝေခွဲမရ ဖြစ်နေမိသည်။
ထိုအချိန်၌ ချင်းလင်းရွာ အဝင်ဝတွင် ဖြစ်သည်။
သဘောကောင်းသော အဘွားအို တစ်ဦးသည် ချောင်းစပ်တွင် အဝတ်လျှော်နေရင်း မော့ကြည့်လိုက်ရာ ကောင်းကင်မှ ထိုးဆင်းလာသော ဧရာမ လင်းယုန်ကြီး တစ်ကောင်နှင့် ၎င်း၏ကျောပေါ်မှ နတ်သမီးကဲ့သို့ လှပသော မိန်းမပျို နှစ်ဦးကို ရုတ်တရက် မြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားလေတော့သည်။
"အမလေး... ငရဲမင်းကြီးက ငါ့ကို လာခေါ်ဖို့ နတ်သမီးလေးတွေကို လွှတ်လိုက်တာပဲ"
ထိုသို့ ပြောပြီးနောက် အဘွားအို ဝမ်သည် မြေကြီးပေါ်သို့ ပျော့ခွေလဲကျသွားသည်။ သို့သော် ခဏကြာမှ သူမ သတိမမေ့သေးကြောင်း သဘောပေါက်လိုက်သည်။ သူမ ကပျာကယာ ထရပ်လိုက်ပြီး နတ်သမီးနှင့်တူသော မိန်းမပျိုနှစ်ဦးသည် ချောင်းတဖက်ကမ်းတွင် ရပ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အဘွားဝမ်"
လီကျောက်ကျောက်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ပြေးသွားလေ၏။
"ကျောက်ကျောက် မဟုတ်လား"
အဘွားဝမ်၏ မျက်လုံးများတွင် မျက်ရည်များ စိုစွတ်လာပြီး လီကျောက်ကျောက်ကို အလျင်အမြန် အကဲခတ်ကြည့်ရှုလိုက်သည်။
"အို... (၁၀) နှစ်ကျော် ကြာသွားတာတောင် ကျောက်ကျောက်က နုပျိုလှပနေတုန်းပါလား... တကယ့် နတ်သမီးလေး ဖြစ်နေပါရောလား"
လီကျောက်ကျောက်၏ ပါးပြင်များ ရဲသွားသည်။
"အဘွားဝမ်ကလည်း မှားပြန်ပြီ... သမီး အိမ်က ထွက်သွားတာ (၃) နှစ်ပဲ ရှိပါသေးတယ်"
"ငါ အသက်ကြီးလို့ မေ့လွယ်နေပါပြီအေ"
အဘွားဝမ်သည် နဖူးကို ရိုက်လိုက်ပြီးနောက် ကျားယွိလန်ကို လှမ်းကြည့်လိုက်ရာ ဒဏ္ဍာရီထဲက နတ်သမီးများကဲ့သို့ လှပနေသည်ကို တွေ့လိုက်ရပြန်သည်။ အံ့ဩပြီးနောက် ကြီးမားလှသော သံလက်သည်း နဂါးလင်းယုန်ကြီးကို သတိထားမိသွားပြီး မျက်လုံးများ အရောင်တောက်သွားသည်။
"ကျောက်ကျောက်... မင်း ပြန်လာတာ ပြန်လာတာပေါ့... ဘာလို့ ဒီလောက်ကြီးတဲ့ ကြက်ဖကြီးကိုပါ ခေါ်လာရတာတုန်း... တရွာလုံး ဟင်းချက်စားရင်တောင် ရက်အတော်ကြာ စားလို့ရမယ့် အနေအထားပဲကွယ်"
“ဂူး..ဂူး”
သံလက်သည်း နဂါးလင်းယုန်ခမျာ ကြက်ဖကြီးဟု အထင်မှားခံလိုက်ရသဖြင့် မကျေမနပ် အော်ဟစ်လိုက်ရာ ရွာတစ်ရွာလုံး၏ အာရုံစိုက်မှုကို ရရှိသွားလေတော့သည်။
"သားရဲက ရွာကို တိုက်ခိုက်နေပြီဟေ့... လေးနဲ့ မြှားတွေ ယူခဲ့ကြ"
"ဝူလေး... ငါ့ပုဆိန် သွားယူပေးစမ်း"
ချင်းလင်းရွာသားများသည် အလွန် ကြမ်းတမ်းခက်ထန်ကြသူများ ဖြစ်သည်။ ခဏအတွင်းမှာပင် ပုဆိန်၊ တံံစဉ်၊ မြေစာပုံတူးသော ဂေါ်ပြားနှင့် ပေါက်ပြား စသည့် "လက်နက်" များကို ကိုင်ဆောင်လျက် ပြေးထွက်လာကြရာ ကျားယွိလန်ခမျာ အံ့အားသင့်သွားရသည်။
"အဖေ... အမေ... ရွာသားတို့... သမီးပါ"
လီကျောက်ကျောက်သည် လက်ကို ဝှေ့ယမ်းကာ အကျယ်ကြီး အော်ပြောလိုက်သည်။ ပြေးလာနေသော ရာချီသည့် ချင်းလင်းရွာသားများသည် ချက်ချင်း ရပ်တန့်သွားကြပြီး ဝတ်ရုံဖြူ ဝတ်ဆင်ထားကာ နတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေသော လီကျောက်ကျောက်ကို ငေးကြည့်ရင်း ကြက်သေသေကုန်ကြတော့သည်။
"နတ်သမီးလေး ပြန်လာပြီဟေ့"
"ငါတို့ရွာရဲ့ တစ်ဦးတည်းသော နတ်သမီးလေး ပြန်လာပြီ"
"ဘာ... ကျောက်ကျောက်က နတ်သမီး ဖြစ်သွားပြီ ဟုတ်လား... မြန်မြန်ဟေ့... စားပွဲဝိုင်းတွေ ပြင်ကြ... တစ်ဝိုင်းကို (၈) ယောက် ထိုင်မယ်... ငါက ကလေးဝိုင်းမှာ ဝင်ထိုင်မယ်"
သတင်းစကားသည် ပိုမို ချဲ့ကားကာ ဟိုးလေးတကျော် ဖြစ်သွားလေတော့သည်။
ချင်းလင်းရွာသားများသည် ပုဆိန်၊ ဂေါ်ပြားနှင့် ပေါက်ပြားများကို ကိုင်ဆောင်လျက် ပျော်ရွှင်စွာ ကခုန်နေကြပြီး လီကျောက်ကျောက်၏ ဇာတိမြေသို့ ပြန်လာခြင်းကို သီချင်းဆို ကခုန်ခြင်းဖြင့် ကြိုဆိုကြသည်။
"ကျောက်ကျောက်... သမီးလေး နောက်ဆုံးတော့ ပြန်လာပြီပေါ့"
သဘောကောင်းသော အမျိုးသမီး တစ်ဦးသည် လီကျောက်ကျောက်ကို ဖက်လိုက်လေ၏။ သူမဘေးတွင် သွားဖြူဖြူများ နှစ်တန်းပေါ်အောင် ပြုံးနေသော သန်သန်စွမ်းစွမ်း အမျိုးသားကြီး တစ်ဦး ရပ်နေ၏။
သူတို့သည် လီကျောက်ကျောက်၏ မိဘများပင် ဖြစ်ကြသည်။
"အဖေ... အမေ... ဒါက သမီးရဲ့... စီနီယာအစ်မ ကျားယွိလန် ပါ... ဒါက မြေခွေးဖြူလေး... ဟိုတစ်ကောင်က အစ်ကိုကြီး ခေါင်းပြား... ပြီးတော့ ဒီအကောင်ကြီးက ကြက်ဖကြီး မဟုတ်ဘူး... သမီးတို့ရဲ့ ပျံသန်းရေး ဝိညာဉ်သားရဲ 'သံလက်သည်း နဂါးလင်းယုန်' ပါ... တော်တော် စွမ်းတယ်နော်"
လီကျောက်ကျောက်သည် အားလုံးကို ချင်းလင်းရွာသားများနှင့် ကပျာကယာ မိတ်ဆက်ပေးလိုက်ပြီး အသက်ကြီးသူ ကျားယွိလန်ကို သူမ၏ စီနီယာအစ်မဟု ရည်ရွယ်ချက်ရှိရှိ ခေါ်ဝေါ်လိုက်သည်။
"မြန်မြန်... မြန်မြန်... နတ်သမီးလေးတွေကို အကောင်းဆုံး ထိုင်ခုံတွေ ပေးလိုက်ကြ"
တုတ်ကောက်ကို အားပြုလျက် သွက်လက်ဖျတ်လတ်ပုံရသော အဘိုးအို တစ်ဦး ရောက်လာပြီး လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ ရွာသားများကလည်း လေးစားမှုအပြည့်ဖြင့် ချက်ချင်း လိုက်နာကြလေ၏။
"ရွာလူကြီးအဘိုး"
လီကျောက်ကျောက်သည် အဘိုးအို၏ လက်ကို ချက်ချင်း ဆွဲကာ ကျားယွိလန်နှင့် အဖွဲ့သားများကို ရွာထဲသို့ ခေါ်ဆောင်သွားပြီး ကျောက်တုံးအိမ်တစ်လုံးထဲတွင် ဝင်ထိုင်လိုက်ကြသည်။
ရွာသားရာပေါင်းများစွာသည် အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြပြီး ကြီးမားခန့်ညားသော သံလက်သည်း နဂါးလင်းယုန်ကို အံ့ဩတကြီး ငေးမောကြည့်ရှုနေကြသည်။ သူတို့အားလုံး၏ မျက်နှာတွင် အံ့ဩမှုများ အထင်းသား ပေါ်နေပြီး နတ်ဘုရား သားရဲဆိုသည်မှာ ဤသို့ဖြစ်မည်ဟု တိတ်တဆိတ် တွေးနေကြသည်။
သို့သော် အနီရောင် ပန်းထိုး ဝမ်းဗိုက်စည်း ဝတ်ဆင်ထားသော အစ်ကိုကြီး ခေါင်းပြားကို မြင်လိုက်ရသောအခါ လူတိုင်း၏ စိတ်ကူးယဉ် အနုပညာလက်ရာကြီး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
"ကဲ... လာကြဟေ့... စတော့မယ်"
ရွာလူကြီးအဘိုးသည် တုတ်ကောက်ကို ထောက်လျက် ကျောက်တုံးအိမ်ရှေ့တွင် ရပ်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ရွာသားများသည် လှုပ်ရှားမှု မြန်ဆန်သွားကြပြီး မကြာမီတွင် အငွေ့တထောင်းထောင်း ထနေသော ဟင်းပွဲများစွာကို ပြင်ဆင်ပြီး ဖြစ်နေလေတော့သည်။
ကျားယွိလန်သည် ကျောက်တုံးအိမ်ထဲမှ ထွက်လာရာ သူမ၏ ဝတ်ရုံများ လွင့်ပျံနေပြီး နတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး မြေကမ္ဘာသို့ ဆင်းသက်လာသကဲ့သို့ ခံစားရစေသည်။ ရွာသားများအားလုံး အားကျသော မျက်လုံးများဖြင့် ကြည့်နေကြလေ၏။
"စားပွဲက ရှည်လိုက်တာ"
ကျောက်တုံးအိမ်ရှေ့ရှိ ကျောက်ခင်းလမ်းပေါ်တွင် သဘာဝသစ်သားရောင် စားပွဲဝိုင်း (၁၀) လုံးကျော်ကို ဆက်ထားပြီး မီတာ (၁၀) ကျော် ရှည်လျားသော စားပွဲရှည်ကြီး ဖြစ်ပေါ်နေသည်ကို ကျားယွိလန် သတိထားမိလိုက်သည်။ စားပွဲပေါ်တွင် ဟင်းပွဲပေါင်းစုံ ခင်းကျင်းထားသည်။ ချင်းလင်းရွာ၏ လူနေမှုအဆင့်အတန်း မြင့်မားပုံကို တိတ်တဆိတ် သဘောကျသွားပြီး လီကျောက်ကျောက် ဤမျှ ချစ်စရာကောင်းနေသည်မှာ မဆန်းဟု တွေးလိုက်မိတော့သည်။
"အဆင်သင့် ဖြစ်ပြီ... အားလုံး လာကြည့်ကြဟေ့"
ထိုအချိန်မှာပင် ရွာမှ ကျောက်ဆစ်ဆရာအချို့သည် ကျောက်စာတိုင်တစ်ခုကို ထမ်းလာပြီး ကျောက်တုံးအိမ်ရှေ့တွင် ချလိုက်ရာ လူတိုင်း၏ အာရုံကို ဖမ်းစားသွားလေတော့သည်။
အခန်း (၁၅၃) - မိသားစုပေါင်းစုံ စားပွဲတော်၊ နတ်သမီးလေးလည်း ထမင်းစားတတ်သတဲ့
~လီကျောက်ကျောက်သည် မြေခွေးဖြူလေးကို ပွေ့ပိုက်လျက် ကျောက်တုံးအိမ်ထဲမှ ထွက်လာပြီး လေးလံထည်ဝါသော အထိမ်းအမှတ် ကျောက်စာတိုင်ကြီးရှေ့တွင် ရပ်နေသည့် ကျားယွိလန်၏ ဘေးနားသို့ သွားရပ်လိုက်သည်။
ကျောက်စာတိုင်ပေါ်ရှိ ခေါင်းစဉ်ကို မြင်လိုက်ရသောအခါ လီကျောက်ကျောက်၏ မျက်နှာသည် ရှက်သွေးဖြာ၍ နီရဲသွားလေတော့သည်။
တစ်ဖက်တွင် ရပ်နေသော ကျားယွိလန်မှာမူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
ကျောက်စာတိုင်ပေါ်တွင် အောက်ပါအတိုင်း ရေးထွင်းထားလေ၏။
'ချင်းလင်းရွာ၏ မျှော်လင့်ချက်၊ နတ်သမီး လီကျောက်ကျောက်'
ထိုစာကြောင်းအောက်တွင် လီကျောက်ကျောက်၏ မွေးသက္ကရာဇ်၊ မိသားစု နောက်ခံ၊ နတ်ဘုရားဂိုဏ်းသို့ ဝင်ရောက်ခဲ့ပုံနှင့် ယခုအခါ နတ်ဘုရား သားရဲကြီးကို စီးနင်းလျက် အခြားနတ်သမီး တစ်ပါးနှင့်အတူ ဇာတိမြေသို့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်ရောက်ရှိလာပုံများကို အသေးစိတ် ရေးသားဖော်ပြထားသည်။
စာကို ဖတ်ပြီးသောအခါ လီကျောက်ကျောက်တစ်ယောက် ခံစားချက်ပေါင်းစုံဖြင့် မွန်းကြပ်သွားသကဲ့သို့ ဖြစ်ရသည်။
ချင်းလင်းရွာသား တစ်ရွာလုံးက သူမကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ထားကြပြီး ရွာတစ်ရွာလုံး၏ မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားကြသည်မှာ ထင်ရှားလှသည်။ သူမအတွက် အထိမ်းအမှတ် ကျောက်စာတိုင်ကြီးပါ ထောင်ပေးထားကြသဖြင့် လီကျောက်ကျောက်ခမျာ နေစရာနေရာ မရှိအောင် ရှက်ရွံ့နေမိတော့သည်။
ရွာလူကြီးအဘိုးသည် တုတ်ကောက်ကို ထောက်လျက် ဝမ်းသာအားရ ရောက်ရှိလာပြီး ပြောလေ၏။
"ကျောက်ကျောက်... ဒီကျောက်စာတိုင်က ရွာက မင်းအတွက် အမှတ်တရ လုပ်ပေးထားတာပါ... မင်းက နတ်သမီး ဖြစ်နေပြီလို့ ကြားတာပဲ... သိုင်းနည်းစနစ်စွမ်းရည် တစ်ခုခုလောက် ထုတ်ပြပြီး ကျောက်စာတိုင်ပေါ်မှာ အမှတ်အသား တစ်ခုလောက် ချန်ထားပေးပါလား"
"သမီးက ရိုးရှင်းတဲ့ သိုင်းနည်းစနစ်အသေးစားလေးတွေပဲ တတ်တာပါ... ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင် မလုပ်ရဲပါဘူး"
လီကျောက်ကျောက်က ရှက်ရွံ့စွာ ငြင်းဆန်လိုက်သည်။
ထိုစဉ်၊ ကျားယွိလန်က ဘေးမှနေ၍ တိုးတိုးလေး ကပ်ပြောလိုက်၏။
"လုပ်လိုက်ပါ... 'မီးတိမ်တိုက်လက်ဝါး’ လိုမျိုး သိုင်းနည်းစနစ်တစ်ခုခုလောက် ထုတ်သုံးပြီး ကျောက်စာတိုင်ပေါ်မှာ အမှတ်အသား လုပ်ပေးလိုက်ပါလားဟဲ့"
"တကယ် အဆင်ပြေပါ့မလားဟယ်"
လီကျောက်ကျောက် မျက်နှာပျက်နေရှာသည်။
"မီးတိမ်တိုက်... လက်ဝါး ဟုတ်လား"
အနီးနားရှိ ရွာသားများက သူမတို့နှစ်ဦး တီးတိုးပြောနေသည်ကို ကြားသွားပြီး အံ့ဩတကြီးဖြင့် တဆင့်စကား တဆင့်နား သတင်းဖြန့်လိုက်ကြရာ လီကျောက်ကျောက်ခမျာ ပို၍ပင် မျက်နှာပူသွားရတော့သည်။
"ကဲ... ဒါဆိုလည်း သိုင်းနည်းစနစ်တစ်ခုခုလောက် သုံးပြီး အမှတ်အသား လုပ်ပေးလိုက်ပါ့မယ်"
ရွာသားများ၏ မျှော်လင့်နေသော မျက်နှာများကို မလွန်ဆန်နိုင်တော့သဖြင့် လီကျောက်ကျောက်သည် လက်သင်္ကေတများ ဖော်ထုတ်ကာ 'ပြီးပြည့်စုံသော အဆင့်' ရှိသည့် မီးတိမ်တိုက်လက်ဝါးသိုင်းကို ထုတ်သုံးလိုက်လေတော့သည်။
“ဝုန်း…”
လီကျောက်ကျောက်၏ လက်ဝါးပြင်ပေါ်တွင် ပြင်းထန်သော မီးတောက်တစ်ခု ထတောက်လာပြီး ပတ်ဝန်းကျင် အပူချိန်သည် ရုတ်တရက် မြင့်တက်လာသည်။ ရွာသားများသည် မျက်လုံးပြူးကာ အံ့ဩတကြီး ငေးမောနေကြတော့သည်။
"ဘုရားရေ... နတ်ဘုရားမီးဟေ့"
"ဘုရားရေ... ကျောက်ကျောက်က တကယ်ကြီး နတ်သမီး ဖြစ်သွားတာပဲ"
ရွာသားများက စိတ်လှုပ်ရှားစွာ ဝေဖန်ပြောဆိုနေကြသည်။
လီကျောက်ကျောက်သည် ဒါဟာ နတ်ဘုရားမီး မဟုတ်ဘဲ အနိမ့်ဆုံး ပထမအဆင့် သိုင်းနည်းစနစ်တစ်ခုသာ ဖြစ်ကြောင်း ရွာသားများကို ရှင်းပြချင်သော်လည်း တစ်ခဏမျှ စဉ်းစားပြီးနောက် မပြောတော့ဘဲ သူမ၏ လက်ဝါးကို ကျောက်စာတိုင်ပေါ်သို့ အမြန် ရိုက်နှိပ်လိုက်သည်။
"ကျောက်တုံးကြီး အရည်ပျော်သွားပြီဟေ့"
"တကယ့် အံ့ဖွယ်သုတပါကလား"
ရွာသားများသည် မတ်တပ်ထရပ်လိုက်ကြပြီး လီကျောက်ကျောက်နှင့် ကျားယွိလန်ကို ပိုမို လေးစားကြည်ညိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
"ကဲ... ထိုင်ကြ... ထိုင်ကြ... ထမင်းစားကြစို့"
ရွာလူကြီးက လီကျောက်ကျောက်နှင့် ကျားယွိလန်ကို ထိပ်ဆုံး စားပွဲဝိုင်းသို့ ခေါ်ဆောင်သွားပြီး နေရာချပေးလိုက်သည်။ လီကျောက်ကျောက်၏ မိဘများက အောက်ဘက်တွင် ဝင်ထိုင်ကြပြီး ရွာလူကြီးကမူ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လေ၏။
အခြားသူများလည်း မိမိတို့ နေရာအသီးသီးတွင် ဝင်ထိုင်ကြသည်။
ရွာလူကြီးသည် ကျားယွိလန်ကို ကြည့်ပြီး လေးစားစွာ မေးလိုက်သည်။
"နတ်သမီးလေး... တို့ ချင်းလင်းရွာရဲ့ ရိုးရှင်းတဲ့ အစားအစာတွေနဲ့ အဆင်ပြေပါ့မလား"
"ဒီလို စားပွဲရှည်ကြီးနဲ့ ထမင်းစားရတာ ကျွန်မအတွက် ပထမဆုံးအကြိမ်ပဲ... တော်တော်လေး ဆန်းသစ်တာပဲရှင့်"
ကျားယွိလန်က ပြုံးပြီး ပြောလိုက်ရာ ရွာသားများအားလုံး၏ မျက်စိကို ကျိန်းသွားစေသည်။
လီကျောက်ကျောက်က ဝင်ရှင်းပြလိုက်သည်။
"ဒါကို 'မိသားစုတစ်ရာ စားပွဲတော်'လို့ ခေါ်တယ်... မီးပုံးပွဲတော် အချိန်ကျရင် လုပ်လေ့ရှိတဲ့ ထုံးစံ တစ်ခုလေ... ချင်းလင်းရွာရဲ့ အမြင့်ဆုံး ဧည့်ခံကျွေးမွေးနည်း တစ်ခုပေါ့"
"ဪ... ဗဟုသုတ အသစ် ရတာပေါ့"
ကျားယွိလန် အံ့ဩသွားသည်။
"ကဲ... နတ်သမီးလေး နှစ်ပါးအတွက် ဂုဏ်ပြုပြီး ခွက်မြှောက်ကြစို့"
ရွာလူကြီးက ခွက်များကို စုစည်းလိုက်ပြီးနောက် လူကြီးလူငယ်မရွေး အားလုံးက ခွက်မြှောက်ကာ သောက်လိုက်ကြသည်။
ကျားယွိလန်က ရေရွတ်လိုက်သည်။
"ကလေးတွေက ငယ်သေးတယ်လေ... အရက်သောက်တာ မကောင်းဘူး မဟုတ်လား"
ထိုအခါ၊ ရွာလူကြီးက ရှင်းပြလိုက်၏။
"ဒါက အထူးပြုလုပ်ထားတဲ့ ဝိုင်အချို တစ်မျိုးပါ... ကလေးသေးသေးလေးတွေ သောက်ရင်တောင် ပြဿနာ မရှိပါဘူး"
"ဪ... အဲဒီလိုလားရှင့်"
ကျားယွိလန် တစ်ငုံသောက်ကြည့်လိုက်ရာ တကယ်ပင် ကောင်းမွန်သော အရသာရှိကြောင်း တွေ့လိုက်ရသည်။ ဝိုင်အရသာ ရှိသော်လည်း မူးဝေစေခြင်း မရှိပေ။
"ဒါနဲ့... ဂိုဏ်းချုပ်က ရွာသားတွေ မြည်းစမ်းကြည့်ဖို့ 'ဝိညာဉ်စမ်းရေ' တစ်အိုး လက်ဆောင်ထည့်ပေးလိုက်ပါတယ်... ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပြီး သာမန်ရောဂါတွေကို ပျောက်ကင်းစေပါတယ်"
ထိုသို့ ပြောပြီးနောက် ကျားယွိလန်သည် သူမ၏ သိုလှောင်ခါးပတ်ထဲမှ 'သန့်စင်ခြင်း ကြာပန်းစိမ်း'ဖြင့် သန့်စင်ထားသော ဝိညာဉ်စမ်းရေအိုးကို ထုတ်ယူလိုက်သည်။
"ဟောဗျာ... မျက်လှည့်ပြလိုက်တာဟေ့"
ရိုးသားဖြူစင်သော ရွာသားတစ်ဦးက ဘာမှမရှိသော နေရာမှ အိုးတစ်လုံး ရုတ်တရက် ပေါ်လာသည်ကို မြင်ပြီး အော်ဟစ်လိုက်ရာ အခြားရွာသားများကလည်း အံ့ဩတကြီး ထောက်ခံကြသည်။
ကျားယွိလန်သည် မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။ ဒါကို 'သိုလှောင်ဟင်းလင်းပြင်' လို့ ခေါ်တာပါဟု ရှင်းပြချင်သော်လည်း တစ်ခဏမျှ စဉ်းစားပြီးနောက် မရှင်းပြတော့ရန် ဆုံးဖြတ်လိုက်သည်။
"ကဲ... ရွာသားတို့... လာသောက်ကြည့်ကြ"
ရွာလူကြီးက ရွာသားများကို လက်ယပ်ခေါ်လိုက်သည်။
ရိုးသားသော ဓလေ့စရိုက်ရှိသည့် ချင်းလင်းရွာသားများသည် လုယက်ခြင်း မပြုကြဘဲ တစ်ယောက်လျှင် ပန်းကန်လုံးတစ်လုံးစီဖြင့် ဝိညာဉ်စမ်းရေကို ခပ်ယူကြသည်။ တစ်ငုံသောက်လိုက်သည်နှင့် လန်းဆန်းသော အချိုဓာတ်ကို ဦးစွာ ခံစားလိုက်ရပြီးနောက် ဝိညာဉ်စွမ်းအင်များ၏ အာဟာရဖြည့်တင်းမှုကြောင့် စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းသွားကြသည်။
"သိပ်ကောင်းတဲ့ ရေပါလား"
"ဒါ သေချာပေါက် နတ်ရေစင်ပဲ"
"ငါ့ကိုယ်ကြီး ပျံတက်သွားတော့မလို ခံစားနေရတယ်"
ချင်းလင်းရွာသားများသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပန်းကန်လုံးထဲမှ ဝိညာဉ်စမ်းရေကို ကုန်စင်အောင် သောက်လိုက်ကြပြီး ကျေနပ်အားရသော မျက်နှာများဖြင့် နေရာပြန်ထိုင်ကြသည်။
"ကျောက်ကျောက်... သမီးက အခုဆို နေ့တိုင်း နတ်ရေစင် သောက်နေရတာပေါ့နော်"
လီကျောက်ကျောက်၏ မိခင်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဒါကို ဝိညာဉ်စမ်းရေလို့ ခေါ်တာပါ အမေ... နတ်ရေစင် မဟုတ်ပါဘူး... ဂိုဏ်းမှာတော့ သမီးတို့က လက်ဖက်ရည်ဖျော်တာ၊ ထမင်းချက်တာကအစ ရေချိုးရင်တောင် ဒီရေကို သုံးကြတာပါ"
လီကျောက်ကျောက်က ကပျာကယာ ပြန်ဖြေလိုက်၏။
"နတ်သမီးတွေလည်း ထမင်းစား၊ ရေချိုး လုပ်ရတာပဲလား"
ရွာလူကြီးအဘိုးက သိချင်စိတ်ဖြင့် မေးလိုက်ပြန်သည်။
လီကျောက်ကျောက် ခဏတာ ဆွံ့အသွားသည်။
ကျားယွိလန်က လီကျောက်ကျောက်၏ ပခုံးကို ပုတ်လိုက်ပြီး အားလုံးကို ပြောလိုက်၏။
"ဒါပေါ့... စားရတာပေါ့"
"ဪ..."
ရွာသားများအားလုံး သဘောပေါက်သွားသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်ကြသည်။
---
ရွာစားပွဲတော်သည် အလွန် ပျော်ရွှင်ဖွယ်ကောင်းလှသည်။ လီကျောက်ကျောက်နှင့် ကျားယွိလန်တို့ ဗိုက်ကားအောင် စားသောက်လိုက်ကြပြီး သံလက်သည်း နဂါးလင်းယုန်၊ မြေခွေးဖြူလေးနှင့် အစ်ကိုကြီး ခေါင်းပြားတို့ပင် ဟင်းပွဲအတော်များများကို စားသောက်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်း ညရောက်လာခဲ့ချေပြီ။
လီကျောက်ကျောက်နှင့် ကျားယွိလန်တို့သည် ယခုအချိန်တွင် ချီကျင့်ကြံခြင်း မပြုလုပ်ကြဘဲ ရွာအဝင်ဝရှိ မီးပုံဘေးတွင် ထိုင်လျက် ရွာမှ သက်ကြီးရွယ်အိုများ ပြောပြသော ပုံပြင်များကို နားထောင်ကာ ဉာဏ်အလင်း ရှာဖွေနေကြသည်။
"ဒီဘက်ကပ်ရက်က ထိုက်ယွဲ့ တောင်တန်းကြီးက အရမ်း ကျယ်ပြောပြီး အန္တရာယ်များတယ်လို့ ပြောကြတာပဲ... ကြမ်းတမ်းတဲ့ နတ်ဆိုးသားရဲတွေ အများကြီး နေထိုင်ကြသတဲ့... နတ်ဘုရားတွေတောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးတဲ့"
"ဒါပေမဲ့ ထူးဆန်းတာက အဲဒီ သားရဲတွေက ချင်းလင်းရွာနားက ဒီချိုင့်ဝှမ်းနား ရောက်လာရင် အလိုလို ရှောင်ကွင်းသွားကြတာပဲ"
"လွန်ခဲ့တဲ့ သုံးနှစ်က ရူးသွားတဲ့ သားရဲတစ်ကောင်ကလွဲရင် တခြား ဘယ်သားရဲမှ ရွာထဲ ဝင်မလာဖူးဘူး"
"လူအများစု ပြောကြတာကတော့ ဒီနေရာက 'သန့်စင်နယ်မြေ' မို့လို့တဲ့... ဒါကြောင့် ဘိုးဘေးတွေက ဒီနေရာမှာ အခြေချဖို့ ရွေးချယ်ခဲ့ကြတာပေါ့... နှစ်ပေါင်းရာချီ ကြာခဲ့ပြီ... နတ်ဆိုးသားရဲတွေ လူကို တိုက်ခိုက်တဲ့ ဖြစ်ရပ်မျိုး တခါမှ မဖြစ်ခဲ့ဖူးဘူး"
"ဒါပေမဲ့ ဘိုးဘေးတွေ မှာခဲ့တာက ညရောက်ရင် ချိုင့်ဝှမ်းထဲကနေ အပြင်မထွက်ရဘူးတဲ့... မဟုတ်ရင် မသိနိုင်တဲ့ အန္တရာယ်တွေနဲ့ ကြုံရလိမ့်မယ်တဲ့"
"နေ့ခင်းဘက်ဆိုရင်တော့ အပြင်ထွက်လို့ ရပါတယ်... ဒါပေမဲ့ ထိုက်ယွဲ့ တောင်တန်း အတွင်းပိုင်းထိတော့ မသွားရဘူး"
ရွာလူကြီးအဘိုးသည် တုတ်ကောက်ကို ထောက်လျက် ပုံပြင်များကို ဆက်တိုက် ပြောပြနေ၏။
ကလေးတစ်သိုက်ကလည်း စိတ်ဝင်တစား ဝိုင်းအုံနားထောင်နေကြသည်။
ရွာလူကြီးအဘိုးသည် ကျယ်ပြောလှသော ထိုက်ယွဲ့ တောင်တန်းကြီးကို လှမ်းကြည့်လိုက်ပြီး ၎င်းသည် အိပ်ပျော်နေသော ရှေးဟောင်း သားရဲကြီးတစ်ကောင်နှင့် တူသည်ဟု ခံစားလိုက်ရသည်။ အဆုံးမဲ့ စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဤဒေသရှိ သတ္တဝါငယ်လေးများကို လွှမ်းမိုးထားကာ တောင်စောင့်နတ်အဖြစ် ကိုးကွယ်ခံထားရသည်။
"ဒီချိုင့်ဝှမ်းက တကယ်ပဲ အဲဒီလောက် ဆန်းကြယ်တာလား"
ကျားယွိလန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အလွန် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
သူမ အထင် ပြောရလျှင် ရွာလူကြီးအဘိုး ပြောသော နတ်ဘုရားများ ဆိုသည်မှာ 'ချီစုစည်းခြင်း အဆင့်'ရှိ ကျင့်ကြံသူများ ဖြစ်လောက်သည်။ သူတို့တောင် မနိုင်သော နတ်ဆိုးသားရဲများ ဆိုသည်မှာ ထိုက်ယွဲ့ တောင်တန်း အတွင်းပိုင်းတွင် ခိုအောင်းနေသော နတ်ဆိုးဗိုလ်ချုပ်များ ဖြစ်နိုင်သည်။
"ဒုက္ခပါပဲ... ကျွန်မ ကလေး ပျောက်သွားလို့ပါ"
ထိုအချိန်တွင် အမျိုးသမီး တစ်ဦးသည် ရွာအဝင်ဝတွင် ဒူးထောက်ချလိုက်ပြီး ငိုယိုအော်ဟစ်လိုက်သည်။
"ဘာဖြစ်တာလဲ"
လူများ ဝိုင်းအုံလာကြသည်။
"အီးဟီးဟီး... ကျွန်မ ကလေး ဘယ်ပြေးသွားလဲ မသိဘူး... ခုနလေးတင် တူတူပုန်းတမ်း ကစားနေကြတာကို"
အစောက၊ စကားပြောလိုက်သော အမျိုးသားသည် ရေခဲကျင်းထဲ ကျသွားသကဲ့သို့ မျက်နှာဖြူဖျော့လျက် ထိုက်ယွဲ့ တောင်တန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
"တောင်ပေါ် ပြေးတက်သွားတာတော့ မဟုတ်ပါဘူးနော်"
"မကြောက်ပါနဲ့... ကျွန်မ ကူရှာပေးပါ့မယ်"
ကျားယွိလန်သည် လက်သင်္ကေတ ဖော်ထုတ်လိုက်ပြီး ဒုတိယအဆင့် သိုင်းနည်းစနစ် 'ပန်းပွင့်ကြွေ မိုးစက်များ' ကို အသုံးပြုလိုက်သည်။ ပန်းပွင့်ဖတ်များ ထပ်ကာထပ်ကာ ဖြစ်တည်လာပြီး တောင်ပံအကျယ် (၃) မီတာရှိသော ပန်းရောင်ငှက်ကြီးတစ်ကောင် ဖန်တီးလိုက်သည်။ သူမသည် ထိုငှက်ပေါ်သို့ တက်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ 'ဝိညာဉ်မျက်လုံး’ အသုံးပြု၍ ဧရိယာတစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေလိုက်သည်။
"ဟယ်... ပျံသွားပြီဟေ့"
"နတ်သမီးဆိုတာ ဒါမျိုးကိုး... တကယ့် အစွမ်းထက်ပါလား"
"သူ စီးသွားတဲ့ ငှက်က ဒဏ္ဍာရီထဲက ဖီးနစ်ငှက်ကြီးများလား"
ကျားယွိလန် ပျံသန်းသွားသည်ကို ကြည့်ပြီး ချင်းလင်းရွာသားများ အားလုံး အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
လီကျောက်ကျောက်သည် ထိုစကားများကို ကြားသောအခါ ရှက်လွန်း၍ ဘာပြောရမှန်း မသိတော့ပေ။ သူမသည် ပထမအဆင့် သိုင်းနည်းစနစ် 'ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်' ကို အသုံးပြု၍ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ရာ ရွာသားများအကြား နောက်ထပ် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြန်သည်။
ဝေဟင်အလယ်တွင် ဖြစ်သည်။
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့သည် ဝိညာဉ်မျက်လုံးများကို အသုံးပြု၍ အပေါ်စီးမှ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရာ နောက်ဆုံးတွင် ချင်းလင်းရွာနှင့် မိုင်အနည်းငယ် ဝေးသော တောင်တစ်လုံးပေါ်၌ ကလေး (၅) ယောက်ကို တွေ့ရှိလိုက်ရသည်။
"တွေ့ပြီ"
"တော်သေးတာပေါ့... သူတို့က ဝိညာဉ်စမ်းရေ သောက်ထားလို့ ကိုယ်မှာ ဝိညာဉ်အလင်းရောင် ရှိနေတာ... ဝိညာဉ်မျက်လုံးနဲ့ ကြည့်လိုက်တော့ ရှာရလွယ်သွားတာပေါ့"
လီကျောက်ကျောက် သက်ပြင်းချလိုက်မိသည်။
"သွားကြစို့... သူတို့ကို သွားခေါ်ရအောင်"
ကျားယွိလန်သည် ကလေးများ ရှိရာဘက်သို့ ပျံသန်းသွားပြီး လီကျောက်ကျောက်ကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ကလေးများကို တွေ့ပြီဟူသော သတင်းကို ကြားသောအခါ ရွာသားများ စိတ်လှုပ်ရှားသွားကြပြီး မီးပုံဘေးတွင် ရပ်လျက် ပြန်ရောက်လာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
ရွာအဝင်ဝတွင် ဖြစ်သည်။
အစ်ကိုကြီး ခေါင်းပြားသည် လီကျောက်ကျောက်အတွက် အထူး စိုက်ထူထားသော ကျောက်စာတိုင်ရှေ့တွင် ရပ်လျက် ထိုက်ယွဲ့ တောင်တန်း၏ အတွင်းပိုင်းကို စိုက်ကြည့်နေ၏။ အားကောင်းသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် ၎င်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားရိပ်များ လက်သွားသည်။
“ရွှမ်း…”
၎င်းသည် ရုတ်တရက် ခုန်တက်လိုက်ပြီး တောင်တန်းများဆီသို့ တိတ်တဆိတ် ပျံသန်းသွားလေတော့သည်။
"ဘုရား ဘုရား... အစ်ကိုကြီး ခေါင်းပြားက ပျံတောင် ပျံနိုင်တယ်ဟ... တကယ်ကြီး နတ်ဘုရား သားရဲ ဖြစ်နေတာလား"
ချင်းလင်းရွာသားများ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။
မိုင်အနည်းငယ် အကွာတွင် ဖြစ်သည်။
လီကျောက်ကျောက်နှင့် ကျားယွိလန်တို့သည် တောင်ပေါ်သို့ ဆင်းသက်လိုက်ပြီး တောင်ပေါ် လျှောက်တက်နေသော ကလေးများကို တွေ့လိုက်ရသည်။ လှမ်းခေါ်ရန် ပြင်လိုက်စဉ်မှာပင်...
"နေဦး... အခြေအနေ မဟန်ဘူး"
ကျားယွိလန်သည် ကလေးများ၏ မျက်လုံးများကို လက်ညှိုးထိုးပြလိုက်ရာ သူမ၏ မျက်နှာထားသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာလေတော့သည်။