အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
အခန်း (၁၅၄) - နတ်ဘုရားမျိုးနွယ်ဟု ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်သူ၊ အစ်ကိုကြီး ခေါင်းပြား၏ အစွမ်း
~လီကျောက်ကျောက် လှမ်းကြည့်လိုက်ရာ ရုတ်တရက် လန့်သွားမိသည်။
ကလေးအချို့၏ မျက်လုံးများမှ အပြာရောင် သရဲမီးတောက်ကဲ့သို့ အလင်းရောင်များ ထွက်ပေါ်နေပြီး သူတို့၏ မျက်လုံးများမှာ အသက်ကင်းမဲ့နေကာ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရသကဲ့သို့ ဖြစ်နေလေ၏။
"ဒီအခြေအနေက 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' မိထားတာနဲ့ တူနေတယ်"
ကျားယွိလန် ရေရွတ်လိုက်ပြီး သူမ၏ မျက်နှာထားသည် ပိုမို တည်ကြည်လေးနက်လာသည်။
ဟိုယွင်ကျဲသည် မီးရှူးတိုင်မြို့မှ 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' ကို ယူဆောင်လာခဲ့ကတည်းက ဂိုဏ်းသားအားလုံး လေ့ကျင့်ခဲ့ကြသည်။ အများစုက အခြေခံအဆင့်သာ ရောက်သေးသော်လည်း ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်၏ အခြေခံ သဘောတရားများကိုတော့ တတ်မြောက်ထားကြသည်။
ယခု ကလေးများ၏ အခြေအနေကို မြင်လိုက်ရသောအခါ ကျားယွိလန် ရင်းနှီးသလို ခံစားလိုက်ရသည်။
"မဟုတ်ဘူး... 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' နဲ့ နည်းနည်း ကွာခြားချက် ရှိတယ်... ဒါပေမဲ့ သဘောတရားချင်းကတော့ အတူတူလောက်ပဲ"
ကျားယွိလန်၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို အချိန်ပြည့် သတိထားနေလိုက်သည်။
"စီနီယာအစ်မ ယွိလန်... ကျွန်မတို့ ဘာလုပ်ကြမလဲ"
လီကျောက်ကျောက် မေးလိုက်၏။
"နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူ ရှိရမယ်... သူတို့ကို မလန့်သွားစေနဲ့... တိတ်တိတ်လေး နောက်ယောင်ခံလိုက်ကြမယ်"
ကျားယွိလန်က အကြံပေးလိုက်သည်။
"ကျွန်မတို့နှစ်ယောက်တည်း... နိုင်ပါ့မလား"
လီကျောက်ကျောက်သည် သတ္တိနည်းသူပီပီ အတော်လေး စိုးရိမ်နေမိသည်။
"မင်းတို့ သွားနှင့်လိုက်... ငါ ရှိတယ်"
ရုတ်တရက် အသံတစ်သံသည် သူမတို့နှစ်ဦး၏ စိတ်ထဲတွင် ဟိန်းထွက်လာသည်။ သူတို့ ကပျာကယာ နောက်လှည့်ကြည့်လိုက်ရာ လေပြင်းများကြားတွင် မတ်မတ်ရပ်နေသော အစ်ကိုကြီး ခေါင်းပြားကို တွေ့လိုက်ရသည်။ ၎င်းသည် ခေါင်းကို မော့ထားပြီး မာန်အပြည့်ဖြင့် ရှိနေကာ ဆံပင်ပုံစံကလည်း သပ်ရပ်လှပနေ၏။
"ဟုတ်တယ်... အစ်ကိုကြီး ခေါင်းပြား ရှိနေတာပဲ"
ယုံကြည်မှု တိုးလာသဖြင့် မိန်းကလေးနှစ်ဦးသည် ထိန်းချုပ်ခံထားရသော ကလေးများ၏ နောက်သို့ လိုက်သွားကြပြီး ကလေးများ လန့်သွားကာ ထိခိုက်မှု ဖြစ်မည်စိုး၍ သတိထားနေကြသည်။
တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်ကာ ခက်ခဲသော ခရီးတစ်ခုကို နှင်ခဲ့ပြီးနောက် အမွှေးတိုင်တစ်တိုင် ကုန်စာခန့်အကြာတွင် မြေနီကုန်းတစ်ခု၏ တောင်ခါးပန်းသို့ ရောက်ရှိသွားကြပြီး ထူးဆန်းစွာ စုတ်ပြတ်နေသော ခြံဝင်းတစ်ခုကို တွေ့ရှိလိုက်ရသည်။
"ဒီမှာ လူနေသွားတာလား"
ကျားယွိလန် ရေရွတ်လိုက်သည်။
"တောင်ပေါ်မှာ တခြားလူတွေ နေတယ်လို့..တို့တော့ တစ်ခါမှ မကြားဖူးဘူး... ဒီနေရာမှာ ခြံဝင်း ရှိမနေသင့်ဘူးလေ"
လီကျောက်ကျောက် မျက်မှောင်ကြုတ်လိုက်မိသည်။
"လူတစ်ယောက် လာနေပြီ"
ပထမအဆင့် သိုင်းနည်းစနစ် 'အရပ်မျက်နှာစုံ ဝိညာဉ်အာရုံခံခြင်း'ကို အသုံးပြုထားသော ကျားယွိလန်သည် ခြံဝင်းထဲမှ လူတစ်ဦး ထွက်လာသည်ကို အာရုံခံမိလိုက်ပြီး လီကျောက်ကျောက်ကို သစ်ပင်ကြီးတစ်ပင်နောက်သို့ အမြန် ဆွဲခေါ်ကာ ပုန်းလိုက်သည်။
သူမတို့ စောင့်ကြည့်နေစဉ်မှာပင် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ဦးသည် ခြံဝင်းတံခါးမကြီးမှ ထွက်လာပြီး ကလေး (၅) ယောက်၏ ရှေ့တွင် ရပ်လိုက်သည်။
"ဟဲ... ဟဲ... (၃) နှစ်လောက် ငြိမ်သက်နေပြီးမှ ငါ့ရဲ့ အသက်စွမ်းအားတွေ နောက်ဆုံးတော့ ပြန်ကောင်းလာပြီ... အဲဒီ ကျင့်စဉ်ကိုလည်း ငါ တတ်မြောက်သွားပြီ... ဒါပေမဲ့ လောလောဆယ်တော့ လူသားမျိုးနွယ် ကလေးစုတ် လေးငါးယောက်လောက်ကိုပဲ ဆွဲဆောင်နိုင်သေးတာပါလား... သူတို့ကို စားပြီးရင်တောင် စုပ်ယူလို့ရမယ့် ဝိညာဉ်စွမ်းအားက အရမ်း နည်းလွန်းသေးတယ်"
ချောမောခန့်ညားသော လူငယ်သည် လူသားစကားနှင့် အနည်းငယ်ကွဲပြားသော လေသံဝဲဝဲဖြင့် တစ်ယောက်တည်း ရေရွတ်နေ၏။
သစ်ပင်နောက်တွင် ပုန်းနေသော ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ တံတွေးကို အောင့်ကာ မျိုချလိုက်မိသည်။ ဤမျှ ချောမောသော လူငယ်လေးက ဤမျှ ရက်စက်လိမ့်မည်ဟု သူမတို့ ထင်မထားခဲ့မိပေ။
ထိုအချိန်တွင် လူငယ်သည် ကလေးများကို ထိန်းချုပ်ထားမှု လျှော့ချလိုက်ရာ ကလေးများ၏ မျက်လုံးထဲမှ အပြာရောင်အလင်းများ ပျောက်ကွယ်သွားပြီး ပုံမှန် ပြန်ဖြစ်သွားသည်။
"ဒါ ဘယ်နေရာလဲ"
"ဟယ်... ဒီအစ်ကိုကြီးက နတ်ဘုရားလား... ချောလိုက်တာ"
ကလေးများသည် အစပထမတွင် လန့်သွားသော်လည်း လူငယ်၏ ချောမောသော မျက်နှာကို မြင်လိုက်ရသောအခါ စိတ်အေးချမ်းသာမှု ရသွားကြသည်။
"နတ်ဘုရား... ဟား... ငါက 'နတ်ဘုရားမျိုးနွယ်'ရဲ့ မျိုးဆက်ပဲ... နိမ့်ကျတဲ့ အင်မော်တယ် ဆိုတာမျိုးနဲ့ ငါနဲ့ ဘယ်တူပါ့မလဲ"
ချောမောသော လူငယ်သည် လှောင်ပြောင်ရယ်မောလိုက်ပြီးနောက် သူ့ပါးစပ်ကြီးကို ငါးမန်းတစ်ကောင်ကဲ့သို့ ရုတ်တရက် ဖြီးလိုက်ကာ ကလေးတစ်ယောက်ဆီသို့ ကိုက်ချလိုက်လေတော့သည်။
"အမလေး... နတ်ဆိုးကြီး"
"ကယ်ကြပါဦး"
ကလေးများမှာ ကြောက်လွန်းသဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ နေရာတွင်ပင် ဆီးပါချသွားကြသည်။
"ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ"
လီကျောက်ကျောက်နှင့် ကျားယွိလန်တို့ ပြိုင်တူ ခုန်ထွက်လိုက်ကြသည်။ တစ်ယောက်က 'ဝိညာဉ်ချုပ်ကြိုး' ဖန်တီး၍ ကလေးများကို ရစ်ပတ်ကာ ဘေးကင်းရာသို့ ဆွဲယူလိုက်ပြီး၊ နောက်တစ်ယောက်က ပထမအဆင့် သိုင်းနည်းစနစ် 'ဝိညာဉ် ချပ်ပြား ဓားပျံ'ကို သုံး၍ ဓားအလင်းတန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်။
"မင်းတို့ ရောက်နေမှန်း ငါ သိပြီးသားပါ"
ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားမျိုးနွယ်ဟု ကြွေးကြော်သူက မထီမဲ့မြင် ပြန်ပြောလိုက်သည်။ တဆက်တည်း၌၊ သူ့ခန္ဓာကိုယ်က နောက်သို့ ပေါ့ပါးစွာ လွင့်မျောသွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်တုံးများ လေထဲသို့ မြောက်တက်လာကာ ဓားအလင်းတန်းများကို ကာကွယ်လိုက်သည်။
"ဟယ်... နတ်သမီး အစ်မကြီးတွေပဲ"
ကလေးများသည် ကျားယွိလန်နှင့် လီကျောက်ကျောက်ကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ လက်ခုပ်တီးလိုက်ကြသည်။
ကျားယွိလန်သည် ငါးမန်းပါးစပ်နှင့် လူငယ်ကို စူးစိုက်ကြည့်ပြီး မေးလိုက်၏။
"မင်း ဘယ်သူလဲ... ဘာလို့ အပြစ်မဲ့တဲ့ ကလေးတွေကို ဒုက္ခပေးရတာလဲ"
"ငါက နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်ပဲ... သဘာဝကျကျ ပြောရရင် ငါက နတ်ဘုရားပဲ... မင်းတို့ကတော့ ငါ့ရဲ့ အစာတွေပဲပေါ့"
ငါးမန်းပါးစပ်နှင့် လူငယ်က အေးစက်စွာ ပြောလိုက်သည်။
"နင့်လို ကောင်ကများ နတ်ဘုရားလို့ အခေါ်ခံချင်သေးတယ်... နတ်ဘုရားတွေဆိုတာ အရမ်း စွမ်းအားကြီးရမှာ မဟုတ်ဘူးလား"
ကျားယွိလန် မျက်မှောင်ကြုတ်လိုက်သည်။
"ယွိလန်... ဒီလူက နည်းနည်း ထူးဆန်းတယ်... 'သူရဲကောင်းဝိညာဉ်စွမ်းအား' နဲ့ ဆင်တူတဲ့ စွမ်းအားမျိုး သူ သုံးနိုင်တယ်... သူ့ကျင့်ကြံခြင်းအဆင့် အတိအကျကို ငါ ခန့်မှန်းလို့ မရဘူး... အခြေအနေ မကောင်းဘူး"
လီကျောက်ကျောက်သည် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများက အလိုအလျောက် လာကာကွယ်ပေးပုံကို ပြန်စဉ်းစားမိပြီး ထိုအချက်ကို ကောက်ချက်ချလိုက်သည်။
"ဟာ့ဟာ့၊ .. ဒါကို 'နတ်ဘုရား အာရုံခံစွမ်းအား' လို့ ခေါ်တယ်... အရာအားလုံးကို ထိန်းချုပ်နိုင်တယ်... ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ နည်းစနစ်ပဲ"
လူငယ်က မာန်တက်စွာ ရယ်မောလိုက်သည်။
"မင်းတို့နှစ်ယောက်က 'နတ်ဘုရား အာရုံခံစွမ်းအား' အဆင့် (၃) အလယ်လောက်ပဲ ရှိတာ... ငါက အဆင့် (၃) အထွတ်အထိပ် ရောက်နေပြီ... မင်းတို့ကို စားလိုက်ရင် ငါ သေချာပေါက် အဆင့် (၄) ကို ချိုးဖျက် ဝင်ရောက်နိုင်မှာပဲ"
"ဘာတွေ အဆင့် (၃)၊ အဆင့် (၄) လုပ်နေတာလဲ... ပေါက်ကရတွေ... ငါတို့ဆီမှာ အဲဒီလို ကျင့်ကြံခြင်း နယ်ပယ်တွေ မရှိဘူး"
ကျားယွိလန်သည် ငါးမန်းပါးစပ်နှင့် လူငယ်ကို ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
သူ ပြောသလို နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက် ဆိုရင်တောင် 'ရှန်ကျိုး တိုက်ကြီး' မှာက အသက်ရှုသံအာရုံခံအဆင့်၊ ချီစုစည်းခြင်းအဆင့်၊ ဓာတ်ကြီး ငါးပါး စုစည်းခြင်းအဆင့်၊ ဝိညာဉ်ပင်လယ်အဆင့်၊ မူလနတ်ဘုရားအဆင့် ဆိုပြီး ခွဲခြားထားတာ မဟုတ်လား။
ဒါဆို... ဒီလူက ရှန်ကျိုး တိုက်ကြီးက မဟုတ်ဘူးများလား။
"မင်းတို့လို အစာတွေနဲ့ စကားပြောပြီး အချိန်မဖြုန်းချင်တော့ဘူး... ငါ မင်းတို့ကို စားတော့မယ်"
ငါးမန်းပါးစပ်နှင့် လူငယ်၏ နဖူးပေါ်တွင် ထူးဆန်းသော အပြာရောင် သင်္ကေတတစ်ခု ရုတ်တရက် ဝေဝါးလာပြီး အလင်းလှိုင်းများ ဘေးပတ်လည်သို့ တုန်ခါထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် ကျားယွိလန်၊ လီကျောက်ကျောက်နှင့် ချင်းလင်းရွာမှ ကလေးများသည် မမြင်ရသော စွမ်းအားတစ်ခုဖြင့် ချုပ်နှောင်ခြင်း ခံလိုက်ရပြီး လှုပ်ရှား၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။
"ဒါ ဘယ်လို စွမ်းအားမျိုးလဲ"
ကျားယွိလန် လန့်ဖျပ်သွားပြီး ချီစုစည်းခြင်း (၈) ဆင့်မြောက် အထွတ်အထိပ် အရှိန်အဝါကို အမြန် ထုတ်လွှတ်ကာ ဖိအားအချို့ကို တွန်းလှန်လိုက်သည်။ သူမ ကပျာကယာ လက်သင်္ကေတ ဖော်ထုတ်ပြီး ငါးမန်းပါးစပ်နှင့် လူငယ်ကို အဝေးမှ လက်ညှိုးထိုးလိုက်သည်။
ဝုန်း...
'သက်စောင့်ကျည်ဆန်' တစ်ခုသည် အရှိန်ပြင်းစွာဖြင့် ပစ်ခတ်ထွက်သွားသည်။
"ကလေးကစားစရာတွေပါ"
ငါးမန်းပါးစပ်နှင့် လူငယ်က နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်လုံးများနှင့် နဖူးပေါ်ရှိ သင်္ကေတတို့ တပြိုင်နက်တည်း လင်းလက်လာပြီး အလင်းလှိုင်းများစွာ ရိုက်ခတ်ထွက်ပေါ်လာရာ သက်စောင့်ကျည်ဆန်၏ အရှိန် တဖြည်းဖြည်း လျော့ကျသွားပြီး နောက်ဆုံးတွင် လေထဲ၌ ပျက်စီးသွားလေတော့သည်။
"သိပ်စွမ်းတဲ့ နည်းစနစ်ပဲ"
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့၏ မျက်နှာထား အလွန် တည်ကြည်သွားကြသည်။
သက်စောင့်ကျည်ဆန်တောင် အနားမကပ်နိုင်လျှင် သူမတို့လည်း ထွက်ပြေးနိုင်မည် မဟုတ်ဟု စိုးရိမ်မိကြသည်။
"ငါ ပြောသားပဲ... မင်းတို့က အဆင့် (၃) အလယ်လောက်ပဲ ရှိတာပါဆို... ငါလို အဆင့် (၃) အထွတ်အထိပ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ငါးမန်းပါးစပ်နှင့် လူငယ်သည် ပါးစပ်ကြီးကို ဖြီးကာ မျက်နှာထား ကြမ်းကြုတ်စွာဖြင့် ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ထံ ဆက်လက် တိုးကပ်လာသည်။
"အမလေး... ကြောက်စရာကြီး"
ကလေးများသည် ထိုကဲ့သို့သော မြင်ကွင်းမျိုး တခါမှ မမြင်ဖူးသဖြင့် ကြောက်လွန်း၍ နေရာတွင်ပင် သတိလစ် မေ့မြောသွားကြရှာသည်။
"ပန်းပွင့်ကြွေ မိုးစက်များ"
ကျားယွိလန်သည် အားကုန် ထပ်မံ ရုန်းကန်လိုက်ရာ နောက်ဆုံးတွင် လှုပ်ရှားနိုင်သွားသည်။ သူမ လက်သင်္ကေတ ဖော်ထုတ်လိုက်ရာ ထက်ရှသော ပန်းပွင့်အများအပြား လေထုကို ခွင်းလျက် ထွက်ပေါ်လာပြီး ငါးမန်းပါးစပ်နှင့် လူငယ်ထံသို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်သည်။
"အသုံးမဝင်ဘူး"
ငါးမန်းပါးစပ်နှင့် လူငယ်၏ မျက်လုံးနှင့် နဖူးပေါ်မှ သင်္ကေတတို့ ထပ်မံ လင်းလက်လာပြန်သည်။ ပန်းပွင့်အားလုံး၏ အရှိန် ရုတ်ချည်း ကျဆင်းသွားပြီး ပြင်းထန်စွာ တုန်ခါကာ ဝိညာဉ်အလင်းစက်များ အဖြစ်သို့ ပြိုကွဲပျက်စီးသွားလေတော့သည်။
"ဒီကောင်က အနည်းဆုံးတော့ 'လူတစ်ပိုင်း အသွင်ပြောင်း နတ်ဆိုးသားရဲ' အဆင့်မှာ ရှိနေတာပဲ... 'အမည်းစက်ပြောက် မြွေနတ်ဆိုး' နဲ့ ယှဉ်နိုင်တဲ့ အဆင့်ပဲ... ငါတို့ သူ့ကို မနိုင်ဘူး"
လီကျောက်ကျောက် ကြောက်လန့်တကြား ဖြစ်သွားသည်။
သူမ အထင် ပြောရလျှင် 'နတ်ဘုရား အာရုံခံစွမ်းအား' ဖြင့် အဖိနှိပ်မခံရလျှင်တောင်မှ ငါးမန်းပါးစပ်နှင့် လူငယ်ကို နိုင်အောင် တိုက်နိုင်မည် မဟုတ်ပေ။
ကျားယွိလန်၏ လက်များ တုန်ယင်နေ၏။ ယခု တိုက်ခိုက်မှုအပြီးတွင် သူမသည် ငါးမန်းပါးစပ်နှင့် လူငယ်ကို လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ သူမတို့ လုံးဝ ယှဉ်နိုင်မည့် ပြိုင်ဘက် မဟုတ်ပေ။
"နှမြောစရာပဲ... ငါတို့သာ 'ဓားဆွဲထုတ်ခြင်း နည်းစနစ်' ကို တတ်မြောက်ထားရင် တစ်ချက်တည်းနဲ့ ဒီကောင့်ကို သတ်လို့ ရနိုင်မှာ"
ကျားယွိလန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြန်ရောက်သည်နှင့် ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို ကြိုးစားပမ်းစား လေ့ကျင့်မည်ဟု တေးမှတ်ထားလိုက်သည်။
"ဘာတွေ ပွစိပွစိ ပြောနေတာလဲ... မင်းတို့နှစ်ကောင်က ငါ့ပြိုင်ဘက် ဖြစ်ထိုက်တယ်လို့ ထင်နေတာလား"
ငါးမန်းပါးစပ်နှင့် လူငယ်သည် ရက်စက်စွာ လှောင်ပြောင်လိုက်ပြီး ကျားယွိလန်ထံသို့ ကိုက်ချရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အာရုံခံစွမ်းအားကြီးတစ်ခု သက်ဆင်းလာပြီး ကျားယွိလန်ကို လုံးဝ ချုပ်နှောင်လိုက်သည်။ သူမ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်ထုတ်သုံးသော်လည်း ရုန်းထွက်၍ မရနိုင်တော့ပေ။
"ဪ... စောစောက သူ ငါ့ကို လွှတ်ပေးထားတာ တမင် သက်သက်ပါလား... ငါတို့ကို ကစားချင်လို့ကိုး"
ကျားယွိလန် ရုတ်တရက် သဘောပေါက်သွားပြီး သူမနှင့် ငါးမန်းပါးစပ် လူငယ်ကြားမှ ကွာဟချက် ကြီးမားပုံကို အသိအမှတ်ပြုလိုက်ရတော့သည်။
"အခုမှ သဘောပေါက်တာလား... နောက်ကျသွားပြီ... သေလိုက်တော့"
ငါးမန်းပါးစပ်နှင့် လူငယ်သည် အားရပါးရ ရယ်မောလိုက်ပြီး ကျားယွိလန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ သူ့ပါးစပ်မှ ထွက်လာသော အနံ့ဆိုးသည် ပျို့အန်ချင်စရာ ကောင်းလှသည်။
"အစ်ကိုကြီး ခေါင်းပြား.."
ဤအချိန်တွင် ကျားယွိလန် လုပ်နိုင်သည်မှာ အကူအညီ တောင်းခံခြင်းသာ ရှိတော့သည်။
"နောက်ထပ် တစ်ယောက် ကျန်သေးတာလား"
ငါးမန်းပါးစပ်နှင့် လူငယ်၏ မျက်လုံးများ စူးရှသွားပြီး ကောင်းကင်ယံတွင် ထူးဆန်းသော ဝမ်းဗိုက်စည်း ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ပေါ်လာသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။ သေးငယ်သည်ဟု ထင်ရသော်လည်း ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ထွက်ပေါ်နေ၏။
"အ... အဆင့် (၄) ပညာရှင်ပါလား"
ငါးမန်းပါးစပ်နှင့် လူငယ်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး လှည့်ပြေးရန် ပြင်လိုက်သည်။
“ဗြိ…”
အစ်ကိုကြီး ခေါင်းပြားသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ငါးမန်းပါးစပ်နှင့် လူငယ်၏ ဦးခေါင်းခွံကို လက်သည်းဖြင့် ဖောက်ထွင်းလိုက်ကာ လွယ်ကူစွာပင် ဆွဲဖြဲလိုက်သည်။ ထို့နောက် အကိုက်အနည်းငယ်ဖြင့် ဝါးမြိုပစ်လိုက်ပြီး ကျေနပ်အားရစွာ လေတက်လိုက်လေတော့သည်။
ထိုကိစ္စများ ပြီးသောအခါ အစ်ကိုကြီး ခေါင်းပြားသည် လက်ပိုက်လိုက်ပြီး ကောင်းကင်ယံကို (၄၅) ဒီဂရီ မော့ကြည့်လိုက်ကာ ကျားယွိလန်နှင့် လီကျောက်ကျောက်တို့အတွက် ခန့်ညားထည်ဝါသော ကျောပြင်ပုံရိပ်တစ်ခု ချန်ထားခဲ့သည်။
"ဒီကောင်က အရမ်း ပျော့လွန်းတယ်... ဒီည တိုက်ရတာ အားမရဘူး... ထိုက်ယွဲ့ တောင်တန်းထဲ သွားပြီး တိုက်ခိုက်ဖို့ နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်လောက် သွားရှာလိုက်ဦးမယ်"
အစ်ကိုကြီး ခေါင်းပြား၏ အသံသည် ကျားယွိလန်နှင့် လီကျောက်ကျောက်တို့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် ၎င်းသည် ထိုက်ယွဲ့ တောင်တန်း၏ အတွင်းပိုင်းသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
"မသွားနဲ့"
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ အော်ခေါ်လိုက်သော်လည်း အစ်ကိုကြီး ခေါင်းပြားသည် နားမထောင်ဘဲ ကျယ်ပြောလှသော ညဉ့်အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
“ဝူး…”
ထိုအချိန်မှာပင် ထူးဆန်းသော တုန်ခါမှုများ ခြံဝင်းထဲမှ ထွက်ပေါ်လာသည်။ မိန်းကလေးနှစ်ဦး ကပျာကယာ လှမ်းကြည့်လိုက်ရာ စောစောက စုတ်ပြတ်နေသော ခြံဝင်းသည် နေရောင်အောက်မှ မြူခိုးများပမာ အငွေ့ပျံ ပျောက်ကွယ်သွားပြီး တွင်းပေါက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။
ယခင်က မြင်ခဲ့ရသော ခြံဝင်းသည် ပုံရိပ်ယောင် သက်သက်သာ ဖြစ်ချေသည်။
"အဲဒါ ဘာလဲ"
လီကျောက်ကျောက်သည် တွင်းပေါက်ကြီး၏ အလယ်ဗဟိုကို လက်ညှိုးထိုးပြလိုက်ရာ အသစ်အဆန်းတစ်ခုကို တွေ့ရှိသွားလေတော့သည်။
အခန်း (၁၅၅) - ဥက္ကာခဲအတွင်းပိုင်း၊ နတ်ဘုရားမျိုးနွယ်၏ နေ့စဉ်မှတ်တမ်း
~ကျားယွိလန်သည် ဥက္ကာခဲကျင်းကြီးရှိရာသို့ လှမ်းကြည့်လိုက်ရာ အချင်း (၃၀) မီတာ၊ အနက် (၁၀) မီတာခန့် ရှိကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် ကျင်း၏ အလယ်ဗဟိုတွင် ရေများ စုဝေးနေခြင်း မရှိဘဲ၊ (၃) မီတာခန့် ရှည်လျားသော အနက်ရောင် ဥက္ကာခဲတုံးကြီးတစ်ခု ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်၌ ဥက္ကာခဲတုံးကြီးသည် တောက်ပနေ၏။
ဖျော့တော့သော အပြာရောင် အလင်းတန်းများသည် လေပြည်ကြားတွင် ယိမ်းနွဲ့နေသော ဖယောင်းတိုင်မီးများပမာ တုန်ခါနေပြီး၊ ပတ်ဝန်းကျင်မှ သစ်ပင်ရိပ်များသည်လည်း ၎င်းတို့နှင့်အညီ လိုက်ပါ ကခုန်နေကြသဖြင့် အေးချမ်းဆိတ်ငြိမ်သော လေထုတစ်ခုကို ဖန်တီးထားသည်။
ဥက္ကာခဲ၏ မျက်နှာပြင်ပေါ်တွင်လည်း ထူးဆန်းသော အရာများစွာ ဖုံးလွှမ်းနေ၏။
အချို့မှာ ကြယ်ငါးပုံစံ အပင်များ ဖြစ်ကြပြီး၊ အချို့မှာ ရောင်စုံမှိုများ ဖြစ်ကြသည်။ အခြားအရာများမှာမူ ဝါးမျှစ်များနှင့် တူသော်လည်း (၃) လက်မခန့်သာ မြင့်မားကြသည်။
"ယွိလန်... ဒါ ဘာကြီးလဲ သိလား"
လီကျောက်ကျောက်သည် မျက်နှာတွင် ဇဝေဇဝါ အမူအရာဖြင့် ဥက္ကာခဲကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"စောစောက ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ကြွေးကြော်တဲ့ လူက 'တတိယအဆင့်' တို့၊ 'စတုတ္ထအဆင့်' တို့ ဆိုပြီး ထူးဆန်းတဲ့ စကားလုံးတွေ အများကြီး ပြောသွားတယ်လေ... ကြည့်ရတာ သူက ငါတို့ကမ္ဘာက မဟုတ်ဘဲ ဒီဥက္ကာခဲကို စီးပြီး ကောင်းကင်ဘုံ အပြင်ဘက်ကနေ ရောက်လာတာများလား"
ကျားယွိလန် ခန့်မှန်းလိုက်၏။
ရှန်ကျိုး တိုက်ကြီးတွင် ကောင်းကင်ဘုံ အပြင်ဘက်မှ ဥက္ကာခဲ သံတုံးများ (သို့မဟုတ်) ကြယ်ကြွေခြင်းများ ရံဖန်ရံခါ ဖြစ်ပေါ်လေ့ရှိသဖြင့် ကျင့်ကြံသူများသာမက သာမန်လူများကပါ ကောင်းကင်ဘုံ အပြင်ဘက်တွင် အခြားကမ္ဘာများ ရှိကြောင်း သိထားကြသည်။
သို့သော် ကျားယွိလန်အနေဖြင့် အခြားကမ္ဘာမှ သက်ရှိတစ်ဦးနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
"ကောင်းကင်ဘုံ အပြင်ဘက်က ဧည့်သည်လား"
လီကျောက်ကျောက်၏ မျက်နှာထား တင်းမာသွားသည်။
"မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် အဲဒီလူက အရမ်း ထူးဆန်းတယ်... ပြောပုံဆိုပုံကလည်း သွေးပျက်စရာကောင်းပြီး ဆန်းပြားနေတယ်... နှမြောစရာ ကောင်းတာက အစ်ကိုကြီး ခေါင်းပြားက သူ့ကို တန်းပြီး ဝါးစားပစ်လိုက်တာပဲ... မဟုတ်ရင် ငါတို့ သူ့ကို ဖမ်းပြီး အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ အများကြီး ရအောင် စစ်ဆေးမေးမြန်းလို့ ရနိုင်သားပဲ"
ကျားယွိလန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး မိမိကိုယ်ကို ကာကွယ်ရန် 'သံမဏိဒိုင်းကာသိုင်း' အား ထုတ်ဖော်လိုက်သည်။
"ငါ အောက်ဆင်းပြီး သွားကြည့်လိုက်မယ်... တစ်ခုခု ဖြစ်လာရင် မင်းက 'ဝိညာဉ်ချုပ်ကြိုး' သုံးပြီး ငါ့ကို အပေါ်ပြန်ဆွဲတင်ပေးနော်"
"အင်း... ကောင်းပြီ"
လီကျောက်ကျောက် ခေါင်းညိတ်လိုက်သည်။
ကျားယွိလန်သည် ဥက္ကာခဲကျင်းထဲသို့ ဆင်းသွားပြီး ကျင်းနံရံများကို စစ်ဆေးကြည့်ရာ အပူချိန်မြင့်မားမှုကြောင့် အရည်ပျော်ပြီးနောက် ပြန်လည် မာကျောသွားသဖြင့် ကျောက်သားအတိုင်း ခိုင်မာနေကြောင်း တွေ့လိုက်ရသည်။ နင်းလိုက်သောအခါ မည်သည့် ကျွံကျသွားခြင်းမျိုးမျှ မရှိပေ။
မကြာမီ ကျားယွိလန်သည် ဥက္ကာခဲ၏ အနားသို့ ရောက်ရှိသွားသည်။
"ဒီဥက္ကာခဲက နည်းနည်း ထူးဆန်းတယ်... ငါ့ကို စုပ်ယူတော့မလို ခံစားနေရတယ်"
ကျားယွိလန် တီးတိုးရေရွတ်လိုက်သည်။
"ယွိလန်... အန္တရာယ် ရှိလား"
လီကျောက်ကျောက်သည် ဝိညာဉ်ချုပ်ကြိုးကို အလျင်အမြန် ပစ်လွှတ်လိုက်ရာ ကျားယွိလန်၏ သွယ်လျသော ခါးလေးကို ရစ်ပတ်သွားပြီး အချိန်မရွေး ပြန်ဆွဲတင်ရန် အဆင်သင့် ပြင်ထားလိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့..."
ကျားယွိလန် စကားမဆုံးခင်မှာပင် ထိုက်ယွဲ့ တောင်တန်း၏ ဗဟိုချက်မှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာရာ ကြမ်းတမ်းသော သားရဲကြီးများ ပြင်းထန်စွာ တိုက်ခိုက်နေကြသကဲ့သို့ ဖြစ်နေ၏။
"အစ်ကိုကြီး ခေါင်းပြား ရန်ဖြစ်နေတာ နေမှာ... ကြောက်စရာ ကောင်းလိုက်တာ"
လီကျောက်ကျောက်သည် လည်ပင်းကို အနည်းငယ် ပုလိုက်ပြီး ကြောက်ရွံ့သွားမိသည်။
ကျားယွိလန်သည် ဥက္ကာခဲဘေးတွင် ရပ်လျက် ၎င်း၏ မျက်နှာပြင်ကို လှမ်းထိရန် လက်လှမ်းလိုက်သည်။
"မဆင်မခြင် သွားမထိနဲ့လေ"
လီကျောက်ကျောက် သတိပေးရန် အသံမြှင့်လိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။
ဥက္ကာခဲ၏ မျက်နှာပြင်မှ ဖျော့တော့သော အပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ကို လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရသည်။ မိန်းကလေးနှစ်ဦးသည် သူတို့၏ ခန္ဓာကိုယ်များ ကျုံ့ဝင်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ဥက္ကာခဲနှင့် ဝင်တိုက်မိကာ လန့်ဖျပ်အော်ဟစ်သံများနှင့်အတူ လက်သီးဆုပ်အရွယ် အပေါက်တစ်ပေါက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြလေတော့သည်။
သူမတို့နှစ်ဦးသည် မီတာပေါင်းများစွာ ရှည်လျားသော လိုဏ်ခေါင်းလမ်းကြောင်းတစ်ခုကို ဖြတ်သန်းသွားရသကဲ့သို့ ခံစားလိုက်ရပြီးနောက် လင်းထိန်နေသော အတွင်းပိုင်း နေရာလွတ်တစ်ခုသို့ ရောက်ရှိသွားကြသည်။
၎င်းသည် ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိသော ကမ္ဘာတစ်ခုနှင့် တူညီပြီး အလျား မီတာ (၂၀၀)၊ အနံ မီတာ (၁၀၀) နှင့် အမြင့် မီတာ (၈၀) ခန့် ရှိ၏။ အတွင်း၌ ရေကန်တစ်ခု၊ ရှေးဟောင်း သစ်သားအိမ်တစ်လုံး၊ 'ရောင်စုံ' သီးပွင့်နေသော သစ်ပင်နှစ်ပင်နှင့် ထူးဆန်းသော အပင်များ ဖုံးလွှမ်းနေသော မြေပြင်တစ်ခု ရှိ၏။
"ဒါ ဘယ်နေရာလဲ"
ကျားယွိလန်သည် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ရေရွတ်လိုက်မိသည်။ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးကောင်းလေး ဖြစ်သည့်အတွက် "သေစမ်း" ဟုပင် မဆဲမိပေ။
"ဒါက ဥက္ကာခဲထဲက ကမ္ဘာ ဖြစ်လောက်တယ်... သိပ်မကျယ်ပေမယ့် ငါ တခါမှ မမြင်ဖူးတဲ့ ပန်းတွေ၊ အပင်တွေ အများကြီး ရှိတာပဲ... ကြည့်ရတာ တော်တော် စားကောင်းမယ့် ပုံပဲ"
ဟု လီကျောက်ကျောက် တီးတိုးပြောလိုက်သည်။
"စားကောင်းမယ် ဟုတ်လား"
ကျားယွိလန် မျက်လုံးလှန်ကြည့်လိုက်မိသည်။
"ဟိုမှာ သစ်သားအိမ်တစ်လုံး ရှိတယ်... သွားကြည့်ရအောင်"
လီကျောက်ကျောက်သည် သစ်သားအိမ်ဆီသို့ သွားရန် ပြင်လိုက်စဉ် ရေကန်ထဲ၌ 'ကြာပန်းပြာ' များစွာ ရှိနေပြီး ရေမျက်နှာပြင်တွင် 'မေပယ်ရွက်နီ' များ ပြန့်ကျဲနေသည်ကို သတိထားမိလိုက်သည်။ နှမြောစရာ ကောင်းသည်က ဖားတစ်ကောင်မှ အော်သံ မကြားရခြင်းပင်။
ရေသည် အလွန် ကြည်လင်သဖြင့် ငါးအများအပြားကို မြင်တွေ့နေရသည်။
"ငါးတွေ အများကြီးပဲ... အကောင်တွေကလည်း ဆူဖြိုးနေတာပဲ... ဟင်းချက်လို့ ရမလား မသိဘူး"
လီကျောက်ကျောက်သည် အလိုအလျောက်ပင် သူမ၏ ဝိညာဉ်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ဤငါးများအားလုံးတွင် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော်လည်း ကျင့်ကြံခြင်းအဆင့် မရှိကြသည်ကို တွေ့လိုက်ရသည်။ သူမ၏ ခေါင်းထဲတွင် အကြံတစ်ခု မီးသီး ပွင့်သွားသည်။
"ငါ ဝိညာဉ်ဟင်းပွဲ ဘာလို့ ချက်မရတာလဲဆိုတာ အခုမှ သိတော့တယ်"
ထိုအခါ၊ ကျားယွိလန်က စိတ်ဝင်တစား မေးလိုက်၏။
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ အရင်တုန်းက ငါ သုံးခဲ့တာက သာမန် ဟင်းချက်စရာတွေလေ... အလွန်ဆုံးမှ ဟင်းရွက်ချက်ရင် ဝိညာဉ်စမ်းရေလေး နည်းနည်း ထည့်ချက်တာလောက်ပဲ ရှိတာ... ဝိညာဉ်စွမ်းအင်တွေ အငွေ့ပျံသွားတာနဲ့ ကျန်ခဲ့တဲ့ ဟင်းရွက်တွေက သဘာဝအတိုင်း ဝိညာဉ်စွမ်းအင် ပျောက်သွားရော... ဒါကြောင့် ဝိညာဉ်ဟင်းပွဲ ဖြစ်မလာတာပေါ့"
လီကျောက်ကျောက် ပြောရင်းပြောရင်း ပိုမို စိတ်လှုပ်ရှားလာသည်။
"ဒီတခေါက် အပြင်ထွက်လာတာ တကယ့်ကို အကျိုးရှိတာပဲ... ငါ့ရဲ့ သံသယတွေကို ဖြေရှင်းပေးလိုက်သလိုပဲ... ချက်ပြုတ်နေတုန်း ဝိညာဉ်စွမ်းအင်တွေ မဆုံးရှုံးအောင် ထိန်းသိမ်းထားနိုင်မယ့် အထူးဟင်းချက်နည်းကိုသာ ငါ တတ်မြောက်လိုက်ရင် ပထမဆုံး ဝိညာဉ်ဟင်းပွဲကို ဖန်တီးနိုင်တော့မှာပဲ"
မျက်လုံးများ တောက်ပနေသော လီကျောက်ကျောက်ကို ကြည့်ပြီး ကျားယွိလန်လည်း သူမအတွက် တိတ်တဆိတ် ဝမ်းသာသွားမိသည်။
"ကျောက်ကျောက်... ဟိုဘက်မှာ နောက်ထပ် ဟင်းသီးဟင်းရွက်ခင်းတစ်ခု ရှိသေးတယ်"
'ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်' ကို အသုံးပြု၍ ကျားယွိလန်သည် ကောင်းကင်သို့ ပျံတက်သွားပြီး သစ်သားအိမ်၏ အနောက်ဘက်တွင် ဟင်းသီးဟင်းရွက်ခင်းတစ်ခု ရှိကြောင်း တွေ့ရှိလိုက်ရသည်။ ထိုဟင်းသီးဟင်းရွက်ခင်းတွင် ယခင်က သူမ မြင်ဖူးသည်များနှင့် အနည်းငယ် ကွဲပြားသော မှိုမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသည်။
ဝိညာဉ်မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ဤဟင်းသီးဟင်းရွက်များတွင် ဝိညာဉ်စွမ်းအင် အများအပြား ပါဝင်ကြောင်း တွေ့လိုက်ရသည်။ ဝိညာဉ်ဟင်းပွဲ ချက်ပြုတ်ရန်အတွက် အကောင်းဆုံး ကုန်ကြမ်းများပင် ဖြစ်ချေသည်။
"ရှယ်ပဲဟေ့"
လီကျောက်ကျောက်လည်း ဟင်းသီးဟင်းရွက်ခင်းကို တွေ့သွားပြီး အလွန် စိတ်လှုပ်ရှားသွားသည်။ ဝိညာဉ်စားဖိုမှူး ဖြစ်လာမည့် လမ်းစကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
သူမတို့နှစ်ဦးသည် သစ်သားအိမ်ထဲသို့ မဝင်မီ ဟင်းသီးဟင်းရွက်ခင်းထဲသို့ ဝင်ရောက်ကာ လျှောက်ကြည့်လိုက်ကြသည်။ သစ်သားအိမ်သည် နှစ်ထပ်ဖြစ်ကြောင်း တွေ့ရသည်။ ပထမထပ်တွင် ပရိဘောဂအချို့သာ ရှိပြီး အသုံးမဝင်ပုံ ပေါက်နေ၏။
ဒုတိယထပ်တွင်မူ အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသော တရားထိုင် ဖျာ (၃) ချပ် ရှိ၏။ ၎င်းတို့ပေါ်တွင် ထိုင်လိုက်ပါက ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။
"ဒါတွေက ရတနာကောင်းတွေပဲ"
ကျားယွိလန်သည် ပြတ်သားစွာပင် ထိုဖျာများကို သူမ၏ သိုလှောင်ခါးပတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
"ငါတို့ ဒီဥက္ကာခဲကြီး တစ်ခုလုံးကို သယ်သွားရင် မကောင်းဘူးလား"
လီကျောက်ကျောက်က အကြံပြုလိုက်သည်။
"ဟုတ်သားပဲ"
ကျားယွိလန်သည် နဖူးကို ရိုက်လိုက်မိပြီး သူမ၏ မေ့လျော့မှုကို ကိုယ့်ကိုယ်ကိုယ် ပြစ်တင်လိုက်မိသည်။
သူမတို့ ဆက်လက် ရှာဖွေရာ ဒုတိယထပ်တွင် စားပွဲနှင့် ကုလားထိုင်များကဲ့သို့သော အခြား ပရိဘောဂများလည်း ရှိနေသေးကြောင်း တွေ့ရသော်လည်း အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်သည်။
စားပွဲပေါ်တွင် ကျောက်စိမ်းပြား တစ်ခုလည်း ရှိနေ၏။ ကျားယွိလန် ကောက်ယူလိုက်သည်နှင့် တပြိုင်နက် ကျောက်စိမ်းပြားမှ အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲတွင် ပုံရိပ် တစ်ခုကို ထိုးပြလိုက်သည်။
၎င်းသည် ငါးမန်းပါးစပ်နှင့် အေးစက်သော အဘိုးအို တစ်ဦး၏ ပုံရိပ်ဖြစ်ပြီး၊ သူ၏ မျက်လုံးများက တည်ကြည်လေးနက်ကာ လီကျောက်ကျောက်နှင့် ကျားယွိလန်တို့ကို စိုက်ကြည့်နေသဖြင့် မိန်းကလေးနှစ်ဦးစလုံး အတော်လေး လန့်သွားကြသည်။
သို့သော် နောက်တစ်ခဏတွင် ငါးမန်းပါးစပ်နှင့် အဘိုးအို စကားပြောလာသည်ကို ကြားလိုက်ရသည်။
"ဟန်ရီ၊ ဟန်အာ၊ ဟန်ဆန်း... မင်းတို့သုံးယောက် မကြာခင် 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' ရဲ့ တောင်ဘက် မြစ်ဝှမ်းဒေသကို ရောက်တော့မယ်... ရောက်တာနဲ့ ခရိုင်ဘုရင်မြို့တော်ထဲကို အမြန်ဆုံး စိမ့်ဝင်ပြီး ငါတို့ရဲ့ အင်အားကို မသိမသာ ချဲ့ထွင်ကြ... ပြီးရင် ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ မဟာစီမံကိန်းကြီးအတွက် အုတ်မြစ်ချကြရမယ်"
သူ့စကားဆုံးသည်နှင့် အလင်းရောင်များလည်း ပျောက်ကွယ်သွားလေတော့သည်။
"လန့်လိုက်တာဟယ်... ကျန်ရစ်ခဲ့တဲ့ ပုံရိပ်ယောင်ပဲကိုး"
ကျားယွိလန်သည် သူမ၏ မတ်မတ်စွင့်ကားနေသော ရင်ဘတ်ကို ဖိရင်း သက်ပြင်းချလိုက်မိသည်။ လန့်သွားသဖြင့် သူမ၏ မျက်နှာလေး ဖြူဖျော့နေရှာသည်။
"ဒါပေမဲ့... နတ်ဘုရားမျိုးနွယ်က ဒီနေရာကို လူ (၃) ယောက်တောင် လွှတ်လိုက်ပြီတဲ့လား"
လီကျောက်ကျောက်သည် ငါးမန်းပါးစပ်နှင့် အဘိုးအို၏ စကားများကို ပြန်သတိရပြီး ထိတ်လန့်တကြား ပြောလိုက်သည်။
ကျားယွိလန်သည် တရားထိုင် ဖျာ (၃) ချပ်ကို ထုတ်ယူလိုက်ပြီး သူမ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
"နတ်ဘုရားမျိုးနွယ်က တစ်ယောက်တည်းနဲ့တောင် ဒီလောက် စွမ်းအားကြီးနေတာ... တကယ်လို့ တခြား နှစ်ယောက်ပါ ပေါ်လာရင် ဘယ်လိုလုပ်မလဲ... ငါတို့ သူတို့ကို တားနိုင်မှာ မဟုတ်ဘူး"
"ငါတို့ ဘာလုပ်ကြမလဲ"
လီကျောက်ကျောက် ပို၍ ထိတ်လန့်လာသည်။
"ဒီလို အခြေအနေမျိုးမှာ ငါတို့ ဂိုဏ်းချုပ်ကို ချက်ချင်း သတင်းပို့မှ ဖြစ်မယ်... အချိန်ဆွဲလို့ မရဘူး... ကြာသွားရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်... ဟင်... ဒါ ဘာကြီးလဲ"
ကျားယွိလန်သည် ပြတင်းပေါက်နားရှိ စားပွဲအောက်တွင် အံဆွဲကြီးတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ လက်တစ်ဝါးလောက် အထူရှိသော စာအုပ်အထူကြီး တစ်အုပ်ကို တွေ့ရှိလိုက်ရသည်။
မျက်နှာဖုံးပေါ်တွင် "နတ်ဘုရားမျိုးနွယ်၏ နေ့စဉ်မှတ်တမ်း" ဟု ရေးသားထားသည်။ စာသားများသည် လူသားမျိုးနွယ်၏ စာပေနှင့် တူညီသော်လည်း စာလုံးအပြင်အဆင်မှာမူ သွယ်လျသော ပုံစံ ဖြစ်နေ၏။ သို့သော် ယေဘုယျအားဖြင့် ဖတ်ရှု၍ ရနိုင်ပြီး အဓိပ္ပာယ် နားလည်ရန် အခက်အခဲ မရှိပေ။
"နတ်ဘုရားမျိုးနွယ်၏ နေ့စဉ်မှတ်တမ်း ဟုတ်လား"
ကျားယွိလန်သည် သိချင်စိတ် ပြင်းပြစွာဖြင့် မှတ်တမ်းစာအုပ်ကို စားပွဲပေါ်တွင် ဖြန့်ချလိုက်ပြီး ပထမဆုံး စာမျက်နှာကို အလျင်အမြန် လှန်လိုက်သည်။
လီကျောက်ကျောက်လည်း ကပျာကယာ တိုးဝှေ့ဝင်ရောက်ပြီး အတူတူ ကြည့်လိုက်လေတော့သည်။
အခန်း (၁၅၆) - အလားအလာရှိသော ခြိမ်းခြောက်မှု၊ ဝိညာဉ်ဟင်းပွဲအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ
~မှတ်တမ်းစာအုပ်၏ မျက်နှာဖုံးတွင် "နတ်ဘုရားမျိုးနွယ်၏ မျိုးဆက် ဟန်ဆန်း ကိုယ်တိုင် ရေးသားသည်" ဟု ရေးသားထားသည်။ စာလုံး တစ်လုံးချင်းစီကို သပ်ရပ်လှပပြီး သွယ်လျသော လက်ရေးဖြင့် ရေးသားထားသဖြင့် လီကျောက်ကျောက်နှင့် ကျားယွိလန်တို့ နှစ်ဦးစလုံး ရှက်တောင် ရှက်သွားမိကြသည်။
ထို့နောက် ကျားယွိလန်သည် အဓိက အကြောင်းအရာပါရှိသော ပထမဆုံး စာမျက်နှာကို လှန်လိုက်သည်။
*"နောက်ဆုံးတော့ 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' ရဲ့ တောင်ဘက် မြစ်ဝှမ်းဒေသကို ရောက်လာခဲ့ပြီ... စိတ်ပျက်စရာကောင်းတဲ့ နေ့စဉ်မှတ်တမ်းကို ပြန်ရေးရဦးမယ်... စိတ်ရှုပ်လိုက်တာကွာ"*
*"ဒီခေတ်ကြီးထဲမှာ ဘယ်သူကများ နေ့စဉ်မှတ်တမ်း ရေးနေကြသေးလို့လဲ"*
*"ဒါပေမဲ့ နေ့စဉ်မှတ်တမ်း ရေးတာက ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ ရိုးရာဓလေ့ ဖြစ်နေတော့လည်း မရေးဘဲ နေလို့က မရပြန်ဘူး... မရေးရင် နောက်ပိုင်း အကြီးအကဲတွေက ခေါင်းခေါက်ကြလိမ့်မယ်... တကယ် စိတ်ပျက်စရာပဲ"*
ပထမစာမျက်နှာတွင် ဤမျှသာ ရေးသားထားပြီး ရက်စွဲကို ကြည့်လိုက်သောအခါ လွန်ခဲ့သော (၃) နှစ်က ဖြစ်နေ၏။
"ဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်"
လီကျောက်ကျောက်သည် ပါးစပ်ကို လက်ဝါးဖြင့် အုပ်ကာ တခစ်ခစ် ရယ်မောလိုက်မိသည်။
ရုတ်တရက် သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လွန်ခဲ့သော (၃) နှစ်က ချင်းလင်းရွာသို့ ရူးသွပ်သော သားရဲတစ်ကောင် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ကို ပြန်သတိရသွားသည်။
"ဒါဆိုရင်... ထိုက်ယွဲ့ တောင်တန်းထဲကို ဒီဥက္ကာခဲကြီး ကျလာတဲ့ ဂယက်ကြောင့် သားရဲတွေ ရူးသွပ်ကုန်ပြီး ငါတို့ရွာထဲ ဝင်တိုက်တာများလား"
ကျားယွိလန် ခေါင်းညိတ်လိုက်သည်။
"ဖြစ်နိုင်တယ်"
ထို့နောက် သူမသည် ဒုတိယ စာမျက်နှာကို လှန်လိုက်သည်။
*"နေ့စဉ်မှတ်တမ်း ရေးရတာ သောက်ရမ်း စိတ်ပျက်စရာ ကောင်းတာပဲ... ငါ ဟန်ဆန်းက မရေးဘဲ နေလိုက်ရင်ရော ဘာဖြစ်မှာလဲကွာ"*
ဒုတိယစာမျက်နှာတွင် ဤစာကြောင်းတစ်ကြောင်းတည်းသာ ပါရှိပြီး စာကြောင်းကြားတွင် ဟန်ဆန်း၏ မကျေနပ်ချက်များ အပြည့်ပါဝင်နေကြောင်း ရှင်းလင်းစွာ သိသာနေ၏။ ရက်စွဲကို ကြည့်လိုက်သောအခါ တစ်လတိတိ ကြာသွားသည်ကို တွေ့ရသည်။ နေ့စဉ်မှတ်တမ်း ဟု ခေါ်မည့်အစား "လစဉ်မှတ်တမ်း" ဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့သည် ဟန်ဆန်းကို နည်းနည်းတော့ ရယ်စရာ ကောင်းသည်ဟု တွေးလိုက်မိကြသည်။
တတိယစာမျက်နှာတွင်မူ စာသားများ အတော်လေး များလာသည်။
*"ဟား... ဟန်ရီနဲ့ ဟန်အာတို့ ထွက်သွားကြပြီ... 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' ရဲ့ ခရိုင်ဘုရင်မြို့တော်ထဲကို စိမ့်ဝင်မယ်တဲ့... တစ်ယောက်က 'အဆင့် (၅) အထွတ်အထိပ်'၊ နောက်တစ်ယောက်က 'အဆင့် (၅)' ပဲ ရှိတာကို 'အဆင့် (၉)' ပညာရှင်တွေ ရှိတဲ့နေရာကို သွားတယ်ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာ မဟုတ်ဘူးလား"*
*"မဖြစ်ဘူး... ငါ့ဒဏ်ရာတွေက မပျောက်သေးဘူး... ဒီမှာပဲ ဆက်နားပြီး ကုသရမယ်... 'အဆင့် (၄)' ကို ချိုးဖျက် ဝင်ရောက်ပြီးမှ ထွက်သွားလည်း နောက်မကျပါဘူး"*
တတိယစာမျက်နှာသည် ဤမျှဖြင့် ပြီးဆုံးသွားသည်။
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာသည်။ ခရိုင်ဘုရင်မြို့တော်ထဲတွင် အခြားသော နတ်ဘုရားမျိုးနွယ်ဝင်များ ရှိနေသေးသည်တဲ့လား။
"တစ်ယောက်က အဆင့် (၅)၊ နောက်တစ်ယောက်က အဆင့် (၅) အထွတ်အထိပ်ဆိုတော့ ကြားရတာ တော်တော် စွမ်းမယ့်ပုံပဲ... ဒါပေမဲ့ သူတို့က တကယ်တမ်း ဘယ်လောက် အစွမ်းထက်လဲ ဆိုတာတော့ မသိရဘူး"
ဟု လီကျောက်ကျောက် တွေးဆဆ ရေရွတ်လိုက်သည်။
ထက်မြက်သော ကျားယွိလန်သည် စာကြောင်းများကို နှိုင်းယှဉ် သုံးသပ်လိုက်ပြီးနောက် စိတ်ထဲတွင် ကောက်ချက်ချလိုက်ကာ ပြောလေ၏။
"အစ်ကိုကြီး ခေါင်းပြား သတ်လိုက်တဲ့သူက နေ့စဉ်မှတ်တမ်းရေးတဲ့ ဟန်ဆန်း ဖြစ်ရမယ်... သူက သူ့ကိုယ်သူ 'အဆင့် (၃) အထွတ်အထိပ်' လို့ ပြောခဲ့တယ်... အဲဒါက 'လူတစ်ပိုင်း အသွင်ပြောင်း နတ်ဆိုးသားရဲ' နဲ့ ညီမျှတယ်... ဒါဆိုရင် 'အဆင့် (၄)' ဆိုတာက 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း နယ်ပယ်' ဖြစ်ရမယ်... အဆင့် (၃) ဆင့်ကို 'ကျင့်ကြံခြင်း နယ်ပယ်ကြီး' တစ်ခုလို့ သတ်မှတ်လိုက်ရင်... 'အဆင့် (၆) အထွတ်အထိပ်' ဆိုတာက 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်' ဖြစ်လောက်တယ်"
လီကျောက်ကျောက် ခေါင်းကုတ်လိုက်သည်။
"နင် သေချာလို့လား"
ကျားယွိလန်က ယုံကြည်မှုရှိစွာဖြင့် အတည်ပြုလိုက်သည်။
"စဉ်းစားကြည့်လေ... ခရိုင်ဘုရင်မြို့တော် ဆိုတာ 'ကြယ်နှစ်ပွင့်အဆင့်' အင်အားကြီး နေရာလေ... အဲဒီက အစွမ်းထက်ဆုံး ခရိုင်ဘုရင်မင်းမြတ် ဆိုတာ 'ဝိညာဉ်ပင်လယ်အဆင့်' အထွတ်အထိပ် ပညာရှင်လေ... အဲဒါက နေ့စဉ်မှတ်တမ်းထဲမှာ ပြောတဲ့ 'အဆင့် (၉)' ဆိုတာနဲ့ ကိုက်ညီနေတာ မဟုတ်ဘူးလား"
"ဟုတ်လား... အဲဒီလိုလား"
လီကျောက်ကျောက် စတင် ယုံကြည်လာသည်။
"ငါ့ခန့်မှန်းချက်အရဆိုရင်... အဆင့် (၁) ကနေ (၃) အထိက 'ချီစုစည်းခြင်း အဆင့်'... အဆင့် (၄) ကနေ (၆) အထိက 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်'... အဆင့် (၇) ကနေ (၉) အထိက 'ဝိညာဉ်ပင်လယ်အဆင့်' ဖြစ်ရမယ်"
ကျားယွိလန် ပြောရင်း၊ ပြောရင်း ပိုမို စိတ်လှုပ်ရှားလာသည်။
"အစွမ်းထက်ဆုံး ဟန်ရီ ဆိုတဲ့လူက 'အဆင့် (၆) အထွတ်အထိပ်' ဆိုတော့ 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်' နဲ့ ညီမျှနေတာပေါ့"
"နင် ပြောတာသာ မှန်မယ်ဆိုရင်... 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်' ပညာရှင်တစ်ယောက် ရှိနေတာဆိုတော့ ငါတို့ သူ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး"
လီကျောက်ကျောက် ပို၍ စိုးရိမ်လာသည်။
"မှန်တယ်"
ကျားယွိလန်၏ မျက်နှာထား တည်ကြည်လေးနက်သွားသည်။
"ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ အမြန်ဆုံး သတင်းပို့မှ ဖြစ်မယ်"
"ဟုတ်တယ်... နတ်ဘုရားမျိုးနွယ်ရဲ့ နေ့စဉ်မှတ်တမ်းကို ဆက်ဖတ်ကြည့်ရအောင်... တခြား နတ်ဘုရားမျိုးနွယ် (၂) ယောက် ဘယ်နေရာမှာ ရှိနေလဲဆိုတာ အတိအကျ သိရရင် ငါတို့ ကြိုတင် ပြင်ဆင်လို့ ရတာပေါ့"
လီကျောက်ကျောက်က အကြံပြုလိုက်သည်။
"အင်း"
ကျားယွိလန် ခေါင်းညိတ်လိုက်ပြီး စတုတ္ထစာမျက်နှာကို လှန်လိုက်သည်။
*"မျက်စိတစ်မှိတ်အတွင်း (၃) လတောင် ကုန်သွားပြီ... ငါ့ဒဏ်ရာတွေလည်း နည်းနည်း သက်သာလာပြီ... ဆက်ပြီး တံခါးပိတ် ကုသလိုက်ဦးမယ်... ပြန်ကောင်းသွားတာနဲ့ အပြင်ထွက်ပြီး လူသားတွေကို စားသောက်ပြီးတော့ ငါ့ရဲ့ စွမ်းအားကို မြှင့်တင်ရမယ်"*
*"ငါသာ 'အဆင့် (၄)' ကို ချိုးဖျက် ဝင်ရောက်နိုင်ရင် ဟန်ရီဆီကနေ နောက်ဆက်တွဲ ကျင့်စဉ်တွေကို သွားယူပြီး ဆက်ပြီးတော့ ကျင့်ကြံလို့ ရပြီ... ဟားဟားဟား"*
*"ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ 'ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်'က တကယ့်ကို အံ့မခန်းပါပဲကွာ... ကိုးဆင့်မြောက် အထွတ်အထိပ် ရောက်သွားရင် 'ဝိညာဉ်ပင်လယ်' ထဲမှာ 'နတ်ဘုရား ဝိညာဉ်' ကို စုစည်းနိုင်ပြီး နတ်ဘုရားအစစ် ဖြစ်လာနိုင်တယ်လို့ ပြောကြတယ်"*
*"ဟဲ ဟဲ"*
*" 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' မှာ 'ကောင်းကင်ဘုံသား' စစ်သည်တော်တွေ တပ်စွဲထားတယ်လို့ ပြောကြတယ်... ဒါပေမဲ့ သူတို့က အဲဒီ ကောင်းကင်ဘုံသားတွေကို 'မူလနတ်ဘုရားအဆင့်'လို့ ခေါ်ကြသတဲ့... တော်တော် စွမ်းအားကြီးတာပဲ... ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ ကောင်းကင်ဘုံသားတွေပဲ သူတို့ကို ယှဉ်နိုင်လိမ့်မယ်"*
*"ဘာပဲဖြစ်ဖြစ်... ငါတို့က ကင်းထောက်တွေပဲလေ... ကောင်းကင်ဘုံသားတွေ မဆင်းသက်လာခင် သတင်းအချက်အလက် အသေးစိတ်ကို စုဆောင်းပြီး အခြေခံ အုတ်မြစ်ချထားပေးရမှာ ငါတို့ တာဝန်ပဲ"*
စတုတ္ထစာမျက်နှာသည် ဤနေရာတွင် ပြီးဆုံးသွားသည်။
လီကျောက်ကျောက်သည် ကျားယွိလန်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မမလေးက တကယ် ထက်မြက်တာပဲ... အဆင့် (၇) ကနေ (၉) ဆိုတာ တကယ်ပဲ 'ဝိညာဉ်ပင်လယ်အဆင့်' နဲ့ ကိုက်ညီနေတယ်... ပြီးတော့ အဲဒီထက် မြင့်တဲ့ အဆင့်က 'မူလနတ်ဘုရားအဆင့်' တဲ့... ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်တွေက ရည်မှန်းချက် ကြီးမားလိုက်တာ... 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' အထိတောင် လက်လှမ်းနေကြတာပဲ"
ကျားယွိလန် စာမျက်နှာများကို ဆက်လက် လှန်လိုက်ရာ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။
*"ဒီနေ့ နေသာတယ်... ကျင့်ကြံချင်စိတ် မရှိဘူး... မိန်းမတွေ အကြောင်းပဲ တွေးနေမိတယ်"*
*"ဒီနေ့ ဟင်းသီးဟင်းရွက်ခင်းစိုက်ဖို့ မြေကွက် ရှင်းလိုက်တယ်... မျိုးစေ့ထုပ်တချို့ကို ဒုတိယထပ်က အံဆွဲထဲမှာ ထည့်ထားလိုက်တယ်... နောက်မှ ဆက်စိုက်တော့မယ်"*
*"ပျင်းလိုက်တာကွာ"*
*"ဟားဟားဟား"*
*"ငါ့ဒဏ်ရာတွေ နောက်ဆုံးတော့ ပျောက်သွားပြီ... ဒီည 'ဝိညာဉ်ခေါ်ဆောင်ခြင်း အတတ်' ကို သုံးပြီး အနီးနားက လူတွေကို ဆွဲဆောင်လိုက်တော့မယ်... အရင်ဆုံး သူတို့ကို တိတ်တိတ်လေး စားသောက်ပြီး 'အဆင့် (၄)' ကို ချိုးဖျက် ဝင်ရောက်နိုင်တာနဲ့ အပြင်ထွက်ပြီး မိန်းမ လိုက်ရှာတော့မယ်"*
နေ့စဉ်မှတ်တမ်းသည် ဤနေရာတွင် ပြီးဆုံးသွားသည်။
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ ဆွံ့အသွားကြသည်။
(၃) နှစ်အတွင်းမှာ ဟန်ဆန်းက နေ့စဉ်မှတ်တမ်း (၇၀) လောက်ပဲ ရေးခဲ့ပြီး အဲဒီထဲက (၁၁) ခုလောက်က 'မိန်းမ လိုချင်တယ်' ဆိုသော အကြောင်းတွေချည်း ဖြစ်နေ၏။
"ဟုတ်သားပဲ... ဟင်းသီးဟင်းရွက် မျိုးစေ့တွေ.."
လီကျောက်ကျောက်သည် အခြားအံဆွဲများကို ရှာဖွေကြည့်ရာ ဆီစိမ် စက္ကူဖြင့် ထုပ်ထားသော အထုပ်ကြီး တစ်ထုပ်ကို တွေ့ရှိလိုက်ရသည်။ ထိုအထဲတွင် မျိုးစေ့များ ပါဝင်သော အထုပ်ငယ် (၇) ထုပ် ရှိနေ၏။
"ကျောက်ကျောက်... မင်းရဲ့ ဝိညာဉ်စားဖိုမှူး ဖြစ်လာမယ့် လမ်းစ ပွင့်ပြီဟေ့"
ကျားယွိလန် ရယ်မောလိုက်သည်။
"ဂိုဏ်းပြန်ရောက်ရင်.. ငါ မင်းကို ကူစိုက်ပေးမယ်... ပြီးရင် ယန်ရူယွီကို အကူအညီတောင်းပြီး အပင်တွေ မြန်မြန် ကြီးလာအောင် လုပ်ခိုင်းလိုက်ရင် မကြာခင် ရိတ်သိမ်းလို့ ရမှာပါ"
"ရှယ်ပဲ"
လီကျောက်ကျောက် ဝမ်းသာအားရ ဖြစ်သွားသည်။
သူမ အမြင်အရ ဤခရီးစဉ်သည် အလွန် အကျိုးရှိလှသည်။ ရွာမှ ကလေးများကို ကယ်တင်နိုင်ခဲ့ရုံသာမက ဝိညာဉ်ဟင်းပွဲအတွက် မျိုးစေ့များကိုပါ ရရှိခဲ့သည်။
ထို့ထက် ပိုအရေးကြီးသည်မှာ နတ်ဘုရားမျိုးနွယ်၏ ခိုးဝင် တပ်ဖြန့်မည့် စီမံကိန်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
"ဟန်ရီနဲ့ ဟန်အာက ခရိုင်ဘုရင်မြို့တော်ထဲကို စိမ့်ဝင်သွားကြပြီ... ခရိုင်ဘုရင်မြို့တော်က ဒီနေရာနဲ့ မိုင်ပေါင်း တစ်သောင်း နှစ်သောင်းလောက် ဝေးတာဆိုတော့ အဲဒီနှစ်ယောက်က လောလောဆယ် ပြန်လာဖို့ မရှိသေးဘူး... ဒါပေမဲ့ ရေရှည်မှာတော့ သူတို့က ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ... ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ သတင်းပို့မှ ဖြစ်မယ်"
ကျားယွိလန်သည် ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်လိုက်သည်။
"ငါတို့ အရင်ဆုံး ဒီနေရာက ထွက်ပြီး ဒီဥက္ကာခဲကြီးကို ဂိုဏ်းဆီ သယ်သွားလို့ ရမလား ကြည့်ရအောင်"
ထိုသို့ပြောပြီးနောက် ကျားယွိလန်သည် ပန်းရောင်ငှက်ကို စီးနင်းကာ လီကျောက်ကျောက်ကို ဆွဲတင်လိုက်ပြီး လာလမ်းအတိုင်း ပြန်လှည့်ထွက်ခွာသွားသည်။
ကျောက်သား လိုဏ်ခေါင်းလမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် သူမတို့၏ ခန္ဓာကိုယ်များကို အပြာရောင်အလင်းတန်းများ လွှမ်းခြုံသွားကာ မူလအရွယ်အစားအတိုင်း လျင်မြန်စွာ ကြီးထွားလာပြီး ဥက္ကာခဲအနီးသို့ ပြန်ရောက်သွားကြသည်။
(၃) မီတာခန့် ရှည်လျားသော ဥက္ကာခဲကြီးကို လှည့်ကြည့်လိုက်ပြီး ကျားယွိလန်သည် သူမ၏ စွမ်းအားများကို စုစည်းကာ မရန် ပြင်လိုက်သည်။
သို့သော် သူမ၏ လက်က ဥက္ကာခဲ၏ မျက်နှာပြင်ကို ထိလိုက်သည်နှင့် တပြိုင်နက် အပြာရောင်အလင်းတန်းများ လွှမ်းခြုံခြင်း ခံလိုက်ရပြီး ဥက္ကာခဲထဲသို့ တဖန် ပြန်လည် စုပ်ယူခြင်း ခံလိုက်ရပြန်သည်။
အကြိမ်ကြိမ် ကြိုးစားပြီးနောက် ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ လက်တွေ့အမှန်တရားကို လက်ခံလိုက်ရတော့သည်။ ဤဥက္ကာခဲသည် ထိလို့မရသော အရာ ဖြစ်နေ၏။
ထိလိုက်တာနှင့်၊ အရွယ်အစား ကျုံ့သွားပြီး ပြန်စုပ်ယူခံရမှာ သေချာသည်။
"ဘယ်လို လုပ်ကြမလဲ"
"သိုလှောင်ခါးပတ်ထဲ တိုက်ရိုက် ထည့်ကြည့်ရင်ရော"
"သိုလှောင်ခါးပတ်ရဲ့ အတွင်းပိုင်း နေရာလွတ်က အဲဒီလောက် မကျယ်ဘူး... ကြည့်ရတာ ဂိုဏ်းကို အမြန်ပြန်ပြီး ဂိုဏ်းချုပ်ကို ဆုံးဖြတ်ခိုင်းမှ ရမယ် ထင်တယ်"
"ကောင်းပြီလေ"
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ သဘောတူလိုက်ကြပြီး သတိလစ်နေသော ကလေးများကို ခေါ်ဆောင်ကာ ချင်းလင်းရွာသို့ အမြန်ဆုံး ပြန်လာခဲ့ကြသည်။
ရွာသားများ၊ မြေခွေးဖြူလေးနှင့် သံလက်သည်း နဂါးလင်းယုန်တို့သည် ကလေးများနှင့်အတူ ပြန်ရောက်လာသော မိန်းကလေးနှစ်ဦးကို မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားကြသည်။
"ကျေးဇူးတင်ပါတယ် နတ်သမီးလေးတို့ရယ်"
"ကျုပ်ကလေး ဘာမှ မဖြစ်ဘူး မဟုတ်လား"
ရွာသားများက ဝိုင်းအုံမေးမြန်းကြသည်။
"လန့်ပြီး သတိလစ်သွားရုံပါ... ဘာမှ မဖြစ်ပါဘူး... ရွာသားတို့ စိတ်ပူစရာ မလိုပါဘူး"
လီကျောက်ကျောက်က နှစ်သိမ့်ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လူတိုင်း စိတ်အေးသွားကြသည်။
"ဟင်... နတ်ဘုရား သားရဲကြီးရော"
ရွာသားတစ်ဦးက မေးလိုက်သည်။
"နတ်ဘုရား သားရဲ"
လီကျောက်ကျောက်နှင့် ကျားယွိလန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ကြောင်အသွားကြသည်။ ခဏကြာမှ ရွာသားများ ပြောနေသည်မှာ အစ်ကိုကြီး ခေါင်းပြားကို ဆိုလိုကြောင်း သဘောပေါက်လိုက်ကြသည်။
“ဝုန်း…”
ထိုအချိန်မှာပင် ထိုက်ယွဲ့ တောင်တန်း၏ အတွင်းပိုင်းမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်ဟိန်းသံကြီး ထွက်ပေါ်လာသည်။ အဆုံးမဲ့ ဟိန်းဟောက်သံများနှင့်အတူ ကြမ်းတမ်းသော သားရဲကြီးများ တိုက်ခိုက်နေကြသကဲ့သို့ ဖြစ်နေသဖြင့် ကြားရသူတိုင်း ကျောချမ်းသွားကြသည်။
"သူတို့ စတိုက်နေကြပြီလား"
ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ လည်ချောင်းများ ခြောက်ကပ်သွားသလို ခံစားလိုက်ရသည်။ အစ်ကိုကြီး ခေါင်းပြားသည် တကယ့်ကို သတ္တိခဲကြီးပါလား။ ရန်ဖြစ်ဖို့ဆို ဘာမဆို လုပ်ရဲပြီး ကျန်တာ ဘာမှ ဂရုမစိုက်သော ကောင်ကြီးပင်။
"ဘာတွေ ဖြစ်နေတာလဲ"
ချင်းလင်းရွာသားများသည် ထိုက်ယွဲ့ တောင်တန်း အတွင်းပိုင်းမှ ကောင်းကင်သို့ ထိုးတက်နေသော မရေမတွက်နိုင်သည့် အလင်းတန်းများကို ကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်နေကြသည်။
မြေခွေးဖြူလေးနှင့် သံလက်သည်း နဂါးလင်းယုန်တို့ကမူ အစ်ကိုကြီး ခေါင်းပြားသည် အခြား နတ်ဆိုးသားရဲများနှင့် သွားရောက် ရန်ဖြစ်နေပြီ ဖြစ်ကြောင်း သိလိုက်ကြသဖြင့် ခေါင်းငုံ့ကာ တိတ်ဆိတ်နေခြင်းမှတပါး အခြား မတတ်နိုင်ကြပေ။
အမွှေးတိုင်တစ်တိုင် တစ်ဝက်ကျိုးစာ အချိန်ခန့် ကြာပြီးနောက် တိုက်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားသည်။
ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ပြုတ်ကျလာပြီး ချင်းလင်းရွာ အဝင်ဝသို့ ဝုန်းခနဲ ပြုတ်ကျကာ အချင်း (၃) မီတာခန့်ရှိသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
"ဝေါင်း..."
အစ်ကိုကြီး ခေါင်းပြားသည် တွင်းကြီးထဲမှ ခုန်ထွက်လာသည်။ သူ၏ ဝမ်းဗိုက်စည်း ဝတ်ရုံလေးသည် စုတ်ပြတ်သတ်နေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်တွင်မူ ဒဏ်ရာတစ်စက်မျှ မရရှိဘဲ ဖုန်မှုန့်များသာ ပေကျံနေသည်ကို တွေ့လိုက်ရသည်။