← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇) - ယဲ့ဖုန်း၏ အံ့ဩမှု၊ အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ

~အစ်ကိုကြီး ခေါင်းပြားသည် ခေါင်းကို မော့ထားပြီး၊ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လျက် ထိုက်ယွဲ့ တောင်တန်း၏ အတွင်းပိုင်းသို့ လှမ်းကြည့်ကာ ကောင်းကင်သို့ ပျံတက်ရန် ပြင်လိုက်သည်။

"အစ်ကိုကြီး ခေါင်းပြား... ရန်မဖြစ်နဲ့တော့"

ကျားယွိလန်သည် သူ့ကို ကပျာကယာ လှမ်းတားလိုက်သည်။

"ငါတို့ အရေးကြီးတာတစ်ခု ရှာတွေ့ထားတယ်... ဂိုဏ်းချုပ်ကို ဆုံးဖြတ်ခိုင်းဖို့ မြူခိုးတောင်ထိပ်ကို ချက်ချင်း ပြန်ရမယ်... လောလောဆယ် တခြားကိစ္စတွေကို ခဏမေ့ထားလိုက်"

ယဲ့ဖုန်းနှင့် သက်ဆိုင်နေကြောင်း ကြားလိုက်ရသောအခါ အစ်ကိုကြီး ခေါင်းပြားသည် မကျေမနပ်ဖြင့် နှာမှုတ်လိုက်ပြီး သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

"အဖေ... အမေ... ဂိုဏ်းမှာ အရေးပေါ်ကိစ္စ ပေါ်လာလို့ သမီးတို့ ပြန်ရတော့မယ်... အားတဲ့ အချိန်ကျမှ ပြန်လာခဲ့ပါ့မယ်"

လီကျောက်ကျောက်သည် ဝမ်းနည်းသော မျက်နှာဖြင့် အခြေအနေကို ရှင်းပြကာ နှုတ်ဆက်လိုက်သည်။

"အိပ်ယာတွေတောင် အားရပါးရ ပြင်ဆင်ထားပြီးမှ တစ်ညလောက်တော့ အိပ်သွားလို့ မရဘူးလား"

လီကျောက်ကျောက်၏ မိခင်က ရုတ်တရက်ကြီး ပြန်တော့မည် ဆိုသဖြင့် စိတ်ပျက်သွားမိသည်။

သို့သော် ဖခင်ဖြစ်သူကမူ အလွန် နားလည်ပေးပြီး ပြောသည်။

"ငါတို့သမီးလေးက အရွယ်ရောက်နေပြီပဲ... သူ့အလုပ်နဲ့သူ ရှိမှာပေါ့... ငါတို့က သူ့ခြေထောက်ကို ဆွဲမထားသင့်ဘူး"

"နားလည်ပေးလို့ ကျေးဇူးပါ အဖေ"

လီကျောက်ကျောက်သည် မျက်ရည်ဝဲလျက် ကျားယွိလန်ကို ဆွဲကာ မြေခွေးဖြူလေးကို ပွေ့ပိုက်လိုက်ပြီး ရွာတစ်ရွာလုံး၏ မျက်လုံးအောက်မှ ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

မကြာမီ ကလေးများ နိုးလာကြသည်။

"တောင်ပေါ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ"

ရွာလူကြီးအဘိုးက ကလေးများကို ဖက်ထားရင်း ကြင်နာစွာ မေးလိုက်သည်။

"နတ်ဆိုးကောင်ကြီးက သားတို့ကို စားမလို့ လုပ်နေတာ... အဲဒါကို နတ်သမီးအစ်မကြီးက ဝင်တိုက်ပြီး ကယ်လိုက်တာပါ"

ကလေးများက ပြိုင်တူ ဖြေလိုက်ကြသည်။

ထိုစကားများကို ကြားသောအခါ ချင်းလင်းရွာသားများ၏ လီကျောက်ကျောက်အပေါ် အထင်ကြီး လေးစားစိတ်သည် ပိုမို ခိုင်မာသွားလေတော့သည်။

*

မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။

အလွန် စည်ကားသော မြို့ကြီးတစ်မြို့၏ အလယ်တွင် ဖြစ်၏။

ခန့်ညားထည်ဝါသော ခန်းမဆောင်ကြီးအတွင်း၌ ထူးခြားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် မျက်လုံးဖွင့်လိုက်ရာ သူ၏ လက်ဝါးထဲတွင် ကွဲအက်နေသော ကျောက်စိမ်းပြား တစ်ခုကို တွေ့လိုက်ရသည်။

မျက်မှောင်ကြုတ်လျက် ထိုအမျိုးသားသည် လက်ညှိုးကို နဖူးသို့ ထောက်လိုက်ပြီး အထူး 'နတ်ဘုရား အာရုံခံစွမ်းအား' လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ဟန်ဆန်း ကျဆုံးသွားပြီ... ထိုက်ယွဲ့ တောင်တန်းဘက်ကို သွားစစ်ဆေးလိုက်... 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ရဲ့ ထိန်းချုပ်မှုကို ငါ့လက်ထဲမှာ ရှိနေသေးတယ်... ဆိုလိုတာက တိုက်ခိုက်တဲ့သူရဲ့ စွမ်းအားက ငါ့အောက်မှာပဲ ရှိသေးတယ်... ဘာပဲဖြစ်ဖြစ် သတိထားပါ"

"ဟန်ဆန်း သေပြီ ဟုတ်လား"

မိုင်ရာချီ ဝေးကွာသော နေရာမှ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် လက်ညှိုးကို နဖူးတွင် ထောက်ထားလျက် သတင်းစကားကို လက်ခံရရှိလိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။

"အဲဒီကောင်လေးက 'အဆင့် (၃) အထွတ်အထိပ်' ပဲ ရှိသေးပေမယ့် ထိုက်ယွဲ့ တောင်တန်းနားမှာ အဲဒီလောက် စွမ်းတဲ့သူ သိပ်မရှိပါဘူး... သူ ဘယ်လိုလုပ် သေသွားတာလဲ"

"လောလောဆယ်တော့ မရှင်းလင်းသေးဘူး... သွားကြည့်လိုက်... ဂရုစိုက်နော်"

ဟု ထူးခြားသော ဝတ်စုံနှင့် အမျိုးသားက သတိပေးလိုက်သည်။

"နားလည်ပါပြီ"

လူလတ်ပိုင်းအရွယ် အမျိုးသား ခေါင်းညိတ်လိုက်ပြီး အိမ်တော်ကြီးတစ်ခုထဲမှ လမ်းလျှောက်ထွက်လာသည်။

"သခင်ကြီး... ဒီလောက် ညဉ့်နက်နေတာ ဘယ်သွားမလို့ပါလဲ"

အိမ်တော်ထိန်း ဝတ်စုံဝတ်ထားသော လူတစ်ဦးက အနားကပ်လာပြီး မေးလိုက်သည်။

လူလတ်ပိုင်း အမျိုးသားအဖြစ် ရုပ်ဖျက်ထားသော ဟန်အာ သည် အိမ်တော်ထိန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ လက်သွားပြီး ပါးစပ်သည် တဖြည်းဖြည်း ကျယ်လာကာ ငါးမန်းပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ အိမ်တော်ထိန်း၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများရှေ့မှာပင် တုံ့ခနဲ တစ်ချက်တည်း မျိုချလိုက်လေတော့သည်။

"ရှုပ်ရှုပ်ယှက်ယှက်ကွာ"

ဟန်အာသည် လူလတ်ပိုင်း အမျိုးသားပုံစံ ပြန်ပြောင်းလိုက်ပြီး ပါးစပ်ထောင့်စွန်းကို သုတ်ကာ ထိုက်ယွဲ့ တောင်တန်းဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းထွက်ခွာသွားလေတော့သည်။

မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။

"ကျားရှီး... မင်းရဲ့ ဖားခုန် ဘယ်လောက် ရောက်ပြီလဲ"

"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... အကြိမ် (၁၀၀၀) ပြီးပါပြီ... ခြေထောက်တွေ သန်မာလာသလို ခံစားရပါတယ်... နောက်ထပ် အကြိမ် (၂၀၀၀) လောက်ဆိုရင် ခန္ဓာကိုယ် ကျင့်ကြံခြင်း (၄) ဆင့်မြောက် ကို ချိုးဖျက် ဝင်ရောက်နိုင်မယ် ထင်ပါတယ်"

ကျောက်ကျားရှီးက ပြန်ဖြေလိုက်သည်။

"ကောင်းတယ်... ရော့... ဆုအနေနဲ့ သိုးပေါင်ကင် တစ်ခု ယူလိုက်"

ဆာလောင်နေသော ကျောက်ကျားရှီးက သိုးပေါင်ကင်ကို အငမ်းမရ စားသောက်နေသည်ကို ကြည့်ရင်း ယဲ့ဖုန်း ပြုံးလိုက်မိသည်။ ထို့နောက် ခေါင်းလှည့်ကြည့်လိုက်ရာ အဝေးမှ ပျံသန်းလာသော သံလက်သည်း နဂါးလင်းယုန်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။

မကြာမီ လီကျောက်ကျောက်နှင့် ကျားယွိလန်တို့ တောင်ထိပ်သို့ ဆင်းသက်လာကြသည်။

"ဘာလို့ ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ"

ယဲ့ဖုန်း မေးလိုက်၏။

လီကျောက်ကျောက်က အမြန် ရှင်းပြသည်။

"ဂိုဏ်းချုပ်... သမီးတို့ ထိုက်ယွဲ့ တောင်တန်းထဲမှာ နတ်ဘုရားမျိုးနွယ်လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်တဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်... ရုပ်က ကြောက်စရာကြီး... သူက 'သူရဲကောင်းဝိညာဉ်စွမ်းအား' နဲ့ တူတဲ့ 'နတ်ဘုရား အာရုံခံစွမ်းအား' ဆိုတာမျိုးကို သုံးနိုင်တယ်... တော်တော် ခန့်မှန်းရခက်တယ်"

ကျားယွိလန်သည်လည်း အချိန်ဖြုန်းမနေဘဲ ဟန်ဆန်း၏ နေ့စဉ်မှတ်တမ်းကို ထုတ်ပြလိုက်သည်။

ယဲ့ဖုန်းသည် လီကျောက်ကျောက်၏ ရှင်းပြချက်ကို နားထောင်ရင်း မှတ်တမ်းစာအုပ်ကို လှန်လှောဖတ်ရှုလိုက်ရာ သူ၏ မျက်နှာထား တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။

"မင်းတို့ရဲ့ ကောက်ချက်အရဆိုရင် နတ်ဘုရားမျိုးနွယ်က 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' ထဲကို ကျွမ်းကျင်ပညာရှင် (၃) ယောက် လွှတ်လိုက်တာပေါ့... သေသွားတဲ့ ဟန်ဆန်းက လွဲရင် ကျန်တဲ့ နှစ်ယောက်က 'အဆင့် (၅)' နဲ့ 'အဆင့် (၆) အထွတ်အထိပ်' မှာ ရှိနေတယ်... ဒါပေမဲ့ အခုက (၃) နှစ်တောင် ကြာသွားပြီဆိုတော့ ဟန်ရီနဲ့ ဟန်အာရဲ့ စွမ်းအားတွေက ပိုတိုးတက်လာလောက်ပြီ"

ယဲ့ဖုန်း၏ စကားဆုံးသောအခါ လီကျောက်ကျောက်နှင့် ကျားယွိလန်တို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

"တကယ်လို့ အဲဒီ 'အဆင့် (၆) အထွတ်အထိပ်' နတ်ဘုရားမျိုးနွယ်ဝင်က 'အဆင့် (၇)' ကို ရောက်သွားပြီဆိုရင် 'ဝိညာဉ်ပင်လယ်အဆင့်' နဲ့ ညီမျှသွားပြီပေါ့... 'ကြယ်နှစ်ပွင့်အဆင့်' အင်အားစုက ဝင်မပါဘူးဆိုရင် ဘယ်သူက သူတို့ကို ယှဉ်နိုင်မှာလဲ"

ကျားယွိလန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မကြုံစဖူး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

"အရင်ဆုံး ထိုက်ယွဲ့ တောင်တန်းကို သွားကြည့်ရအောင်"

ယဲ့ဖုန်းသည် အချိန်ဖြုန်းမနေဘဲ ကျားယွိလန်၊ လီကျောက်ကျောက်တို့နှင့်အတူ ကောင်းကင်သို့ ပျံတက်သွားသည်။

အစ်ကိုကြီး ခေါင်းပြားလည်း ချက်ချင်း နောက်မှ လိုက်ပါသွားလေ၏။

အစ်ကိုကြီး ခေါင်းပြား၏ စုတ်ပြတ်သတ်နေသော ပုံစံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နောက်ထပ် ရန်သွားဖြစ်ထားမှန်း မေးစရာမလိုဘဲ ယဲ့ဖုန်း သိလိုက်သဖြင့် ခေါင်းခါလိုက်မိသည်။

သူတို့အဖွဲ့သည် လျင်မြန်စွာ ခရီးနှင်ခဲ့ကြသည်။

အမွှေးတိုင်တစ်တိုင် တစ်ဝက်ကျိုးစာ အချိန်ခန့်အကြာတွင် ထိုက်ယွဲ့ တောင်တန်းသို့ ရောက်ရှိလာပြီး ဥက္ကာခဲကျင်း၏ နှုတ်ခမ်းဝတွင် ရပ်လိုက်ကြသည်။

ဖျော့တော့သော အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ဥက္ကာခဲကို ကြည့်ရင်း ယဲ့ဖုန်း လက်လှမ်းထိလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းများကြားတွင် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး အတွင်းပိုင်း နေရာလွတ်သို့ ဝင်ရောက်သွားသည်။

ယဲ့ဖုန်းသည် ရေကန်ဘေးတွင် ရပ်လျက် တည်ငြိမ်စွာ မေးလိုက်၏။

"စနစ်... ဒါ ဘယ်နေရာလဲ"

*"ဒါက 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ပါ... အထူးပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ဝင်္ကပါ'ရေးထွင်းထားပါတယ်... အတွင်းပိုင်း နေရာလွတ်က အပြင်ထက် အဆ (၁၀၀) ပိုကျယ်ပါတယ်... အဆင့်နိမ့် တုပ ဖန်တီးထားတဲ့ ကောင်းကင်ဘုံလိုဏ်ဂူ နည်းစနစ်လို့ ပြောလို့ ရပါတယ်"*

စနစ် က ရှင်းပြလာသည်။

ယဲ့ဖုန်း ပတ်ဝန်းကျင်ကို ကြည့်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

အပြင်ဘက်က ကြည့်ရင် ဥက္ကာခဲက (၃) မီတာလောက်ပဲ ရှိသော်လည်း ၊ အတွင်းပိုင်းကတော့ မီတာ (၂၀၀) လောက် ရှည်လျားနေ၏။ နံရံအထူကိုပါ ထည့်တွက်လိုက်လျှင်.. အချိုးအစားက အဆ (၁၀၀) တကယ် ကျယ်ဝန်းနေ၏။

ဒါတောင် စနစ် က ဒီလောက်ကျယ်တဲ့ နေရာကို 'အဆင့်နိမ့်' လို့ ခေါ်သေးတယ်လား။

*"သာမန်အားဖြင့် (၁၀) ဆ အချိုးအစားက အနိမ့်ဆုံးပါ... (၁၀၀) ဆကတော့ ဒုတိယ အနိမ့်ဆုံး ဖြစ်ပေမယ့် အသုံးအများဆုံးပါ... ဂိုဏ်းချုပ်က တပည့် (၃) ယောက်ကို ပေးထားတဲ့ အဆင့်နိမ့် သိုလှောင်လက်စွပ်တွေဆိုရင် (၁၀၀၀) ဆ အချိုးအစား ရှိပါတယ်... အဲဒါတွေမှသာ အရည်အသွေး ကောင်းတယ်လို့ သတ်မှတ်လို့ ရတာပါ"*

စနစ် က ထပ်မံ ရှင်းလင်းပြသည်။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း စဉ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု လက်ခံလိုက်သည်။

ကျားယွိလန်၏ သိုလှောင်ခါးပတ် သို့မဟုတ် ဈေးကွက်ထဲတွင် ရောင်းချနေသော သိုလှောင်အိတ်များနှင့် လက်ကောက်များသည် များသောအားဖြင့် (၁၀၀) ဆ အချိုးအစားသာ ရှိတတ်ကြသည်။

"ဒီဥက္ကာခဲကို ဘယ်လို ရွှေ့လို့ ရမလဲ"

ဟု ယဲ့ဖုန်း မေးလိုက်သည်။

နတ်ဘုရားမျိုးနွယ်နဲ့ ရန်ငြိုးဖွဲ့ပြီးမှတော့ တခါတည်း သူတို့အိမ်ကိုပါ ခိုးပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားအောင် လုပ်ပစ်လိုက်တာ အကောင်းဆုံးပဲ။

*"နည်းလမ်း (၂) ခု ရှိပါတယ်... တစ်ခုက ပိုကြီးမားတဲ့ သိုလှောင်ဟင်းလင်းပြင်ထဲ ထည့်လိုက်တာပါ... နောက်တစ်ခုကတော့ ဝင်္ကပါရဲ့ အသက်သွေးကြောကို ဖျက်ဆီးမယ်၊ ပိုင်ရှင်ဟောင်းရဲ့ အမှတ်အသားကို ဖျက်ပြီးတော့ ပိုင်ရှင် အသစ်အဖြစ် ပြောင်းလဲလိုက်တာပါ"*

စနစ် က အကြံပြုသည်။

"ပထမနည်းကို ရွေးမယ်... နေဦး... ဒီဥက္ကာခဲက နေ့စဉ်မှတ်တမ်းထဲက 'အဆင့် (၆) အထွတ်အထိပ်' ပညာရှင် ပိုင်တာ ဖြစ်လောက်တယ်... ငါ ယူသွားရင်တောင် အမှတ်အသားကနေတဆင့် ခြေရာခံမိသွားနိုင်တယ်... ဒုတိယနည်းက အစိတ်ချရဆုံးပဲ"

ယဲ့ဖုန်း တွေးလိုက်မိသည်။

"ဒါပေမဲ့ ငါက ဝင်္ကပါအကြောင်း နားမလည်ဘူးလေ... ဝင်္ကပါရဲ့ အသက်သွေးကြောကို ဘယ်လို ဖျက်ဆီးရမှာလဲ"

*"တီ..တီ.. ပိုက်ဆံသုံးရင် ပိုသန်မာလာမယ်... စစ်ဆေးတွေ့ရှိချက်အရ ဒါက 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ဝင်္ကပါ' ဖြစ်ပါတယ်... ဂုဏ်သတင်းတန်ဖိုး ၁,၀၀၀ သုံးလိုက်ရင် ဝင်္ကပါကို ဖြည်နိုင်ပြီး ဒီဝင်္ကပါ တည်ဆောက်ပုံ နည်းစနစ်ကိုပါ တတ်မြောက်သွားပါလိမ့်မယ်"*

စနစ် က အချက်ပေးသည်။

စနစ် က ပိုပိုပြီး စကားတတ်လာသည်ဟု ယဲ့ဖုန်း ထင်လိုက်မိသည်။ "ပိုက်ဆံ သုံးမှ သန်မာမည့် စနစ်"စနစ် ဟု နာမည်ပြောင်းလိုက်ရင် ကောင်းမလား။

ယဲ့ဖုန်း.. နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားရသည်။

မည်သို့ပင်ဆိုစေကာမူ ဥက္ကာခဲကို အမြန် ကိုင်တွယ်ရန်အတွက် ဂုဏ်သတင်းတန်ဖိုး ဇယားကွက်ကို ဖွင့်လိုက်ပါတော့သည်။

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး: ၂၆,၇၅၁]

[လက်ကျန် လဲလှယ်နိုင်သော ပမာဏ: ၂၆,၄၅၁]

"ငါ့မှာ ဂုဏ်သတင်းတန်ဖိုး နှစ်သောင်းခြောက်ထောင်ကျော်တောင် ရှိနေပြီပဲ... မဆိုးဘူး... စနစ်, (၁,၀၀၀) ဖြတ်လိုက်... ဒီဝင်္ကပါရဲ့ အသက်သွေးကြောကို ငါ ဖျက်ဆီးချင်တယ်"

*"တီ..တီ.. ဂုဏ်သတင်းတန်ဖိုး ၁,၀၀၀ နှုတ်ယူပြီးပါပြီ... လက်ကျန် လဲလှယ်နိုင်သော ပမာဏ ၂၅,၄၅၁ ကျန်ရှိပါတယ်"*

နောက်တစ်ခဏတွင် ဆန်းကြယ်သော သတင်းအချက်အလက်များ သူ၏ ခေါင်းထဲသို့ စီးဝင်လာသည်။ ယဲ့ဖုန်းသည် 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ဝင်္ကပါ' တည်ဆောက်ပုံနှင့် အသေးစိတ် အချက်အလက်များကို ချက်ချင်း တတ်မြောက်သွားတော့သည်။ လုံလောက်သော ပစ္စည်းများသာ ရှိပါက သူကိုယ်တိုင်ပင် ဝင်္ကပါအသစ် တစ်ခု တည်ဆောက်နိုင်ပြီ ဖြစ်သည်။

"ကွိုင်ပဲ"

ယဲ့ဖုန်း စိတ်ထဲတွင် ကျေနပ်သွားသည်။

ထိုအချိန်တွင် လီကျောက်ကျောက်နှင့် ကျားယွိလန်တို့ ယဲ့ဖုန်း၏ နောက်သို့ ရောက်လာပြီး မေးလိုက်ကြသည်။

"ဂိုဏ်းချုပ်... ဒီဥက္ကာခဲကို ယူသွားလို့ မရဘူးလား"

"ဘယ်သူက မရဘူးလို့ ပြောလဲ"

ယဲ့ဖုန်း ပြုံးလိုက်သည်။ ဝိညာဉ်မျက်လုံးကို ဖွင့်လိုက်ပြီး ခေါင်းထဲမှ အချက်အလက်များအတိုင်း တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ (၁၅) မီတာ လျှောက်သွားကာ မြေကြီးကို (၁၀) မီတာခန့် တူးလိုက်ရာ တလက်လက် တောက်ပနေသော အမြင့်နှင့် အကျယ် (၁) ပေခွဲခန့်ရှိသည့် ကျောက်စိမ်းတိုင်တစ်ခုကို တွေ့ရှိလိုက်ရသည်။

"ဒါ ဘာကြီးလဲ"

တပည့်နှစ်ဦး အံ့ဩသွားကြသည်။

သူမတို့ အကြာကြီး လေ့လာခဲ့တာတောင် မြေအောက်ထဲမှာ ဒီလိုပစ္စည်း ရှိနေမှန်း မသိခဲ့ကြပေ။

ယဲ့ဖုန်းကတော့ ရောက်ရောက်ချင်းမှာပဲ ကြီးမားသော တွေ့ရှိမှုကို ဖော်ထုတ်နိုင်ခဲ့သည်။ တကယ့် ဂိုဏ်းချုပ် ပီသပါပေသည်။

"ဒါက ဝင်္ကပါရဲ့ အသက်သွေးကြော ပဲ"

ယဲ့ဖုန်း ပြောလိုက်သည်။

ဝိညာဉ်မျက်လုံးမှတဆင့် ယဲ့ဖုန်းသည် ကျောက်စိမ်းတိုင် အတွင်းရှိ ဝင်္ကပါလမ်းကြောင်းများကို မြင်နေရပြီး ဟန်ရီ ချန်ထားခဲ့သော အမှတ်အသားကိုလည်း တွေ့လိုက်ရသည်။ သူသည် ဝိညာဉ်ဓားတစ်ချောင်းကို အမြန် ထုတ်လိုက်ပြီး 'သူရဲကောင်းဝိညာဉ်စွမ်းအား' အကူအညီဖြင့် ကျောက်စိမ်းတိုင် မျက်နှာပြင်ပေါ်တွင် 'တန်ပြန် ဝင်္ကပါလမ်းကြောင်း' တစ်ခုကို ဂရုတစိုက် ရေးထွင်းလိုက်သည်။

“တောက်…”

ယဲ့ဖုန်းသည် အားကုန်ထုတ်၍ လက်ညှိုးကို ခွဲလိုက်ပြီး သွေးတစ်စက်ကို တန်ပြန် ဝင်္ကပါလမ်းကြောင်းပေါ်သို့ ချလိုက်ရာ ဟန်ရီ၏ အမှတ်အသားသည် မီးခိုးမြူများအဖြစ် ချက်ချင်း ပျောက်ကွယ်သွားပြီး ယဲ့ဖုန်း၏ အမှတ်အသားက နေရာဝင်ယူကာ 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ဝင်္ကပါ' တစ်ခုလုံးကို ထိန်းချုပ်လိုက်လေတော့သည်။

"အောင်မြင်ပြီ"

ယဲ့ဖုန်း ပြုံးလိုက်မိသည်။

မိုင်ပေါင်း သောင်းချီ ဝေးကွာသော ခရိုင်ဘုရင်မြို့တော်တွင် ဖြစ်သည်။

"ဒုက္ခပဲ... ဝင်္ကပါ အဖျက်ခံလိုက်ရပြီ... ပြိုင်ဘက်ရဲ့ စွမ်းအားက ငါ့အထက်မှာ သေချာပေါက် ရှိနေတယ်... လူသားမျိုးနွယ်ရဲ့ 'ဝိညာဉ်ပင်လယ်အဆင့်' ပညာရှင် ဖြစ်ဖို့ များတယ်... ဟန်အာ အန္တရာယ် ရှိနေပြီ"

ဟန်ရီ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူသည် လက်ညှိုးကို နဖူးသို့ အမြန် ထောက်လိုက်ပြီး 'နတ်ဘုရား အာရုံခံစွမ်းအား' လှိုင်းတစ်ခု ပို့လွှတ်လိုက်သည်။

"ဟန်အာ... ပြိုင်ဘက်က စွမ်းအားကြီးတယ်... မသွားနဲ့... ဟာ... မဖြစ်တော့ဘူး... ဒီကောင်က အာရုံခံစွမ်းအား ပို့လွှတ်နိုင်တဲ့ အကွာအဝေး အပြင်ဘက်ကို ရောက်နေပြီ... သွားပြီကွာ"

ဟန်ရီ မတ်တတ်ထရပ်လိုက်ပြီး မျက်နှာ ဖြူဖျော့သွားသည်။

"မဖြစ်ဘူး... ငါ သွားလို့ မဖြစ်ဘူး"

"ဟန်ဆန်းက သေသွားပြီ... ဟန်အာလည်း သွားရင် သေဖို့ များတယ်... ငါ နောက်ထပ် စွန့်စားလို့ မရတော့ဘူး... ငါပါ သေသွားရင် နတ်ဘုရားက ပေးထားတဲ့ တာဝန်ကို ဘယ်လို လုပ်မလဲ"

ထိုသို့ တွေးလိုက်ပြီးနောက် ဟန်ရီသည် မဲမှောင်သော မျက်နှာဖြင့် ပြန်ထိုင်လိုက်သည်။ ထူထဲသော နေ့စဉ်မှတ်တမ်း စာအုပ်ကြီးကို ထုတ်လိုက်ပြီး စာမျက်နှာ (၁၁၁၁) ကို လှန်ကာ ရေးလိုက်သည်။

*" 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ထဲမှာ ထားခဲ့တဲ့ ငါ့ရဲ့ အမှတ်အသား ဖျက်ဆီးခံလိုက်ရပြီ... ပြိုင်ဘက်က အရမ်း စွမ်းအားကြီးတယ် ဆိုတာ ပြနေတယ်... ဟန်ဆန်း သေသွားပြီ... ကင်းထောက်သွားတဲ့ ဟန်အာလည်း သေဖို့ များနေပြီ... ငါ သွားလို့ မဖြစ်ဘူး... အသက်ရှင်ကျန်ရစ်မယ့် အင်အားစုကို ငါ ထိန်းထားရမယ်"*

*"ဟန်အာ... ငါ့ကို ခွင့်လွှတ်ပါ"*

အခန်း (၁၅၈) - အစ်ကိုကြီး ခေါင်းပြား၏ တိုက်ပွဲဝတ်စုံ၊ ဟန်အာ၏ ထိတ်လန့်မှု

~ညအမှောင်ထု၏ အကာအကွယ်အောက်တွင် ဖြစ်သည်။

ဟန်အာသည် လက်ကို နောက်ပစ်လျက် လွန်စွာ မြန်ဆန်သော နှုန်းဖြင့် ပျံသန်းနေ၏။ သူ၏ ဝတ်ရုံရှည်သည် လေပြင်းတိုက်ခတ်မှုကြောင့် တလူလူ လွင့်ပျံနေပြီး မျက်နှာထားမှာမူ အလွန်တရာ အေးစက်နေလေ၏။

'ဟန်ဆန်း... စိတ်ချပါ... ငါ မင်းအတွက် သေချာပေါက် လက်စားချေပေးမယ်'

ထိုသို့ တွေးလိုက်ပြီးနောက် ဟန်အာသည် အရှိန်မြှင့်လိုက်ကာ ကျယ်ပြောလှသော ညအမှောင်ထုကြီးထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

ထိုက်ယွဲ့ တောင်တန်းတွင် ဖြစ်သည်။

ယဲ့ဖုန်းသည် ကျောက်စိမ်းတိုင်ကို မူလနေရာတွင် ပြန်မြှုပ်လိုက်ပြီး ပြောလိုက်၏။

"ကဲ... ပြီးပြီ... ဒီဝင်္ကပါကို ဒီဂိုဏ်းချုပ် ကိုယ်တိုင် ဖျက်ဆီးလိုက်ပြီဆိုတော့ ဂိုဏ်းကို ပြန်ကြစို့"

"ဒါ... ဒါပဲလား"

တပည့်နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ မြန်လွန်းတယ် မဟုတ်လား။ ဂိုဏ်းချုပ်က ဝင်္ကပါလမ်းကြောင်း တစ်ခုလောက် ရေးဆွဲလိုက်တယ်... ပြီးတော့ မီးခိုးမည်း တစ်ခု ပေါ်လာတယ်... ဒါနဲ့ပဲ ဝင်္ကပါ ပျက်သွားပြီတဲ့လား။

"ဒါပေါ့... ဒါပဲလေ... ကဲ... ငါ့နောက်လိုက်ခဲ့... အပြင်ထွက်ကြမယ်"

ယဲ့ဖုန်းသည် တပည့်နှစ်ဦးကို ဦးဆောင်ကာ 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ထဲမှ ထွက်ခွာလာပြီး ဥက္ကာခဲနားတွင် ရပ်လိုက်သည်။

တပည့်နှစ်ဦး၏ အံ့ဩနေသော မျက်လုံးများရှေ့တွင် ယဲ့ဖုန်းသည် ဥက္ကာခဲ၏ မျက်နှာပြင်ကို လက်ဖြင့် ထိလိုက်သည်။ မျှော်လင့်ထားသလို အပြာရောင်အလင်းတန်း ပေါ်မလာဘဲ၊ ယဲ့ဖုန်းက ဥက္ကာခဲကြီး တစ်ခုလုံးကို လွယ်ကူစွာ မကာ တွင်းထဲမှ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။

"တကယ်ကြီး ရသွားပြီလား"

"ဂိုဏ်းချုပ်က သိပ်စွမ်းတာပဲ"

ကျားယွိလန်နှင့် လီကျောက်ကျောက်တို့ လက်ခုပ်တီးကာ မချီးကျူးဘဲ မနေနိုင်ကြတော့ပေ။

"ဒါပေါ့... ရတာပေါ့"

ယဲ့ဖုန်း ပြုံးလိုက်မိသည်။

'စနစ် သာ လက်ထဲ ရှိရင် လောကကြီးက ငါ့လက်ခုပ်ထဲမှာပဲ... ပြိုင်ဘက်ကင်း ဖြစ်ချင်ရင် ရွှေ (ပိုက်ဆံ) သုံးဖို့ပဲ လိုတယ်' ဟု စိတ်ထဲတွင် ကြွေးကြော်လိုက်မိသည်။

"ဂိုဏ်းချုပ်ဦးလေး... နောက်ထပ် ဘာဆက်လုပ်မလဲ"

ဘေးနားမှ လီကျောက်ကျောက်က မေးလိုက်၏။

ယဲ့ဖုန်းသည် 'သူရဲကောင်းဝိညာဉ်စွမ်းအား' ကို အသုံးပြု၍ ဥက္ကာခဲကျင်းကြီးကို ဖျက်ဆီးကာ အပျက်အစီးပုံ ဖြစ်အောင် လုပ်လိုက်ပြီးနောက် မြေကြီးဖြင့် ပြန်ဖို့လိုက်သည်။ ထို့နောက် ပန်းပင်များနှင့် သစ်ပင်အချို့ကို ရွှေ့ပြောင်းစိုက်ပျိုးလိုက်ရာ အခြားနေရာများနှင့် ခွဲမရအောင် တူညီသွားလေတော့သည်။

"ဒီလို လုပ်လိုက်ပေါ့"

နောက်တစ်ခဏတွင် သူသည် ဥက္ကာခဲကို စနစ် နေရာလပ် ထဲသို့ ထည့်သိမ်းလိုက်ပြီး တပည့်နှစ်ဦးကို ပြောလိုက်သည်။

"ဝင်္ကပါရဲ့ အသက်သွေးကြောကို ဖျက်ဆီးလိုက်တာက ဟန်ရီရဲ့ အမှတ်အသားကို ဖျောက်ချင်လို့ပဲ... အခုဆိုရင် ဟန်ရီရော ဟန်အာရော ဘယ်သူက ဒီဥက္ကာခဲကို ယူသွားလဲ ဆိုတာ သိမှာ မဟုတ်တော့ဘူး... ဘယ်မှာ ထားထားလဲ ဆိုတာ ပိုလို့တောင် မသိနိုင်တော့ဘူးပေါ့"

"ဂိုဏ်းချုပ်ရဲ့ ရည်ရွယ်ချက်က အဲဒီလောက် နက်ရှိုင်းတာကိုး... မှတ်သားထားပါ့မယ်"

ကျားယွိလန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"နောက်ထပ်... မေးစရာ ရှိသေးလား"

ယဲ့ဖုန်း မေးလိုက်၏။

"မရှိတော့ပါဘူး"

တပည့်နှစ်ဦး ခေါင်းခါလိုက်ကြသည်။

ထိုအချိန်တွင် အစ်ကိုကြီး ခေါင်းပြားသည် အော်ဟစ်လိုက်ပြီး သူ၏ စုတ်ပြတ်သတ်နေသော ဝမ်းဗိုက်စည်း ဝတ်ရုံကို လက်သည်းဖြင့် ထိုးပြကာ မျက်လုံးများတွင် ဝမ်းနည်းရိပ်များဖြင့် တိုင်တန်းလာသည်။

ယဲ့ဖုန်း ရယ်လိုက်မိသည်။

"ငါ မင်းကို ရန်မဖြစ်ပါနဲ့လို့ ပြောသားပဲ... မင်းက ဇွတ်သွားဖြစ်တာလေ... အခုကျမှ အသစ် လိုချင်နေတယ်ပေါ့"

"ဝူး... ဟူး..."

အစ်ကိုကြီး ခေါင်းပြားသည် တောင်ပေါ်မှ ဒေါသထွက်နေသော ဂေါ်ရီလာတစ်ကောင်ကဲ့သို့ ရင်ဘတ်ကို လက်သည်းဖြင့် ထုလိုက်သည်။ "ငါ့ကို အသစ်မလုပ်ပေးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြလိုက်မယ်" ဟု ခြိမ်းခြောက်နေသည့် ပုံစံပင်။

ယဲ့ဖုန်းသည် မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး လက်လျော့လိုက်ရသည့်ပုံစံဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ... ကောင်းပြီလေ... ဒီနေ့အတွက် ဆုတောင်းခွင့် ကို မသုံးရသေးဘူးဆိုတော့ မင်းနဲ့ အလိုက်ဖက်ဆုံး ဝတ်စုံတစ်ခု ဖန်တီးပေးလိုက်မယ်"

ထိုသို့ ပြောပြီးနောက် ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြားထံသို့ လက်ညှိုးထိုးလိုက်ပြီး အမိန့်ပေးလိုက်သည်။

"အစ်ကိုကြီး ခေါင်းပြားနဲ့ အလိုက်ဖက်ဆုံး တိုက်ပွဲဝတ်စုံတစ်ထည် ပေးသနားတော်မူပါ"

အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အစ်ကိုကြီး ခေါင်းပြားအပေါ်သို့ ကျရောက်သွားသည်။

ကျားယွိလန်နှင့် လီကျောက်ကျောက်တို့၏ အံ့ဩနေသော မျက်လုံးများရှေ့တွင် စုတ်ပြတ်နေသော ဝတ်ရုံဟောင်း ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် အနက်ရောင် ကိုယ်ကြပ် တိုက်ပွဲ ဝတ်စုံတစ်စုံ ပေါ်လာသည်။ ပခုံးပေါ်တွင် အနီရောင် ဝတ်ရုံငယ်လေး ပါရှိပြီး "အစ်ကိုကြီး" ဟူသော စာလုံးကို အပြာရောင်ဖြင့် ရေးထိုးထားသည်။

ရင်ဘတ်ပေါ်တွင်မူ "ခေါင်းပြား" ဟူသော စာလုံးကို အနီရောင်ဖြင့် ရေးထိုးထားပြီး အစ်ကိုကြီး ခေါင်းပြား၏ ဆံပင်ပုံစံနှင့် ပေါင်းစပ်လိုက်သောအခါ "အစ်ကိုကြီး ခေါင်းပြား"ဟူသော အဓိပ္ပာယ် ထွက်ပေါ်လာသည်။

ယဲ့ဖုန်း၏ အကြည့်သည် အောက်ဘက် နေရာတစ်ခုဆီသို့ ရောက်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။

"နှမြောစရာပဲ... အပြင်မှာ ဝတ်ဖို့ အတွင်းခံဘောင်းဘီ အနီလေး မပါလာဘူး... မဟုတ်ရင် 'စူပါ အစ်ကိုကြီး ခေါင်းပြား' လို့ ခေါ်လို့ရမှာကွ... ဟားဟား"

အစ်ကိုကြီး ခေါင်းပြားသည် သူ၏ ဝတ်စုံသစ်ကို စစ်ဆေးကြည့်ပြီးနောက် အလွန် ကျေနပ်သွားကာ တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။

ယဲ့ဖုန်းက ဆက်ပြောလိုက်၏။

"ဒီတိုက်ပွဲဝတ်စုံက 'ကစားစရာ ရွှံ့' နဲ့ တူတယ်... စုတ်ပြတ်သွားရင် သူ့အလိုလို ပြန်ကောင်းနိုင်တယ်... ဒါပေမဲ့ ကာကွယ်ရေး စွမ်းအားကတော့ သုညနီးပါးပဲ"

"ကစားစရာ ရွှံ့ ဆိုတာ ဘာလဲဟင်"

လီကျောက်ကျောက်က နားမလည်စွာ မေးလိုက်သည်။

"အမ်... မြေစေးလို့ပဲ မှတ်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ပျက်စီးဖို့ မလွယ်ဘူးပေါ့"

ယဲ့ဖုန်းက ရှင်းပြရင်း အစ်ကိုကြီး ခေါင်းပြား၏ ဝတ်ရုံစွန်းကို ဆွဲကာ "ဗြိ" ခနဲ မြည်အောင် အပိုင်းကြီးတစ်ခု ဆွဲဖြဲလိုက်သည်။

"ဝေါင်း..."

အစ်ကိုကြီး ခေါင်းပြား စိုးရိမ်သွားသည်။

သို့သော် နောက်တစ်ခဏတွင် ယဲ့ဖုန်းလက်ထဲမှ အစအနသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အစ်ကိုကြီး ခေါင်းပြား၏ ဝတ်ရုံဆီသို့ ပြန်လည် ပေါင်းစပ်သွားကာ မူလအတိုင်း ပြန်ဖြစ်သွားသည်။

"သိပ်ဆန်းကြယ်တာပဲ"

ကျားယွိလန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ယဲ့ဖုန်းကို နေ့တိုင်း နတ်သမီးဝတ်စုံ အသစ်တစ်စုံလောက် ဖန်တီးပေးဖို့ တောင်းဆိုနိုင်ရင် ဘယ်လောက်ကောင်းမလဲဟု တိတ်တဆိတ် တွေးလိုက်မိသည်။

အစ်ကိုကြီး ခေါင်းပြားသည် သူ၏ ဝတ်စုံသစ်ကို ကြောင်တောင်တောင် ကြည့်နေမိသည်။ စုတ်ပြတ်သွားတာက ဘာလို့ ပြန်ကောင်းသွားတာလဲ ဆိုတာကို စူးစမ်းချင်နေ၏။

ထို့နောက် သူသည် ဝတ်စုံသစ်ကို ကိုယ်တိုင် ဆွဲဖြဲကြည့်ရာ (၃) စက္ကန့်အတွင်း အပြည့်အဝ ပြန်ကောင်းသွားသည်ကို တွေ့လိုက်ရသဖြင့် ပိုမို စိတ်လှုပ်ရှားသွားလေတော့သည်။

"ကဲ... ပြန်ကြစို့"

ယဲ့ဖုန်းသည် စကားဆက်မပြောချင်တော့ဘဲ ကောင်းကင်သို့ ပျံတက်လိုက်သည်။

"ဂိုဏ်းချုပ်ဦးလေး... ခဏလောက်ပါ"

လီကျောက်ကျောက်က လှမ်းတားလိုက်သည်။

"ခရိုင်ဘုရင်မြို့တော်က ဟန်ရီနဲ့ ဟန်အာ ပြန်လာပြီး ဥက္ကာခဲ ပျောက်သွားမှန်း သိရင် အနီးနားက ချင်းလင်းရွာကို မဲပြီး ဒုက္ခပေးကြမှာ မဟုတ်ဘူးလား"

ယဲ့ဖုန်းသည် ချင်းလင်းရွာ တည်ရှိရာ ချိုင့်ဝှမ်းကို လှမ်းကြည့်လိုက်ပြီး စနစ် နှင့် ခေတ္တမျှ ဆက်သွယ်ပြီးနောက် မျက်လုံးများ တည်ငြိမ်သွားကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့... လောလောဆယ် ချင်းလင်းရွာမှာ သောင်းကျန်းရဲတဲ့သူ မရှိသေးပါဘူး"

သူ့စကားကို ကြားရတော့၊ လီကျောက်ကျောက်က

"သမီးတို့ရွာက ဘိုးဘေးတွေက အဲဒီလောက် စွမ်းအားကြီးတာလား"

ဟု အံ့ဩစွာ မေးလိုက်၏။

ယဲ့ဖုန်း ခေါင်းခါလိုက်သည်။

"ဟင့်အင်း၊ ချင်းလင်းရွာက စွမ်းအားကြီးတာ မဟုတ်ဘူး... အဲဒီချိုင့်ဝှမ်းက ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေလို့ပဲ... ကျင့်ကြံသူတွေအနေနဲ့ အဲဒီနေရာမှာ ကြာကြာ မနေသင့်ဘူး... မဟုတ်ရင် ရှေးဟောင်း ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခုခုကို သွားပြီး စော်ကားမိသလို ဖြစ်သွားလိမ့်မယ်"

ထိုသို့ ပြောပြီးနောက် ယဲ့ဖုန်းသည် ဇဝေဇဝါ ဖြစ်ကျန်ရစ်ခဲ့သော တပည့်များနှင့်အတူ ထွက်ခွာသွားလေတော့သည်။

အစ်ကိုကြီး ခေါင်းပြားသည် သူ၏ တိုက်ပွဲ ဝတ်စုံသစ်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေ၏။ ကြည့်လေ ကျေနပ်လေ ဖြစ်နေပြီး လက်သည်းဖြင့် ခေါင်းကို ဖြီးကာ အလယ်ခွဲပုံစံ လုပ်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

မြူခိုးတောင်ထိပ်သို့ ရောက်ရှိသောအခါ ညဥ့်နက်နေပြီ ဖြစ်သည်။ အားလုံး ပင်ပန်းနေကြပြီ ဖြစ်သဖြင့် အိပ်ရာဝင် နားစက်လိုက်ကြသည်။

နံနက် အရုဏ်တက်ချိန်တွင် ဖြစ်သည်။

ပုံရိပ်တစ်ခု ထိုက်ယွဲ့ တောင်တန်းသို့ ရောက်ရှိလာသည်။

ဟန်အာသည် ဝေဟင်တွင် ရပ်တန့်လိုက်ပြီး 'နတ်ဘုရား အာရုံခံစွမ်းအား' ကို ထုတ်လွှတ်ကာ ရှာဖွေလိုက်သည်။ သို့သော် နာရီဝက် ကြာသွားသည့်တိုင် ဥက္ကာခဲ၏ အရိပ်အယောင်မျှ မတွေ့ရသဖြင့် သူ၏ မျက်လုံးများတွင် အံ့ဩမှုများ ပိုမို ပြင်းထန်လာသည်။

" 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' က ဘယ်လိုလုပ် ပျောက်သွားရတာလဲ"

"တစ်ယောက်ယောက်က သယ်သွားတာများလား"

"မဖြစ်နိုင်ဘူး... ဝင်္ကပါရဲ့ အသက်သွေးကြောကို မဖျက်ဆီးဘဲနဲ့တော့ 'ဝိညာဉ်ပင်လယ်အဆင့်' ပညာရှင်က လွဲရင် ဘယ်သူမှ ဒီဥက္ကာခဲကို သယ်သွားနိုင်မှာ မဟုတ်ဘူး... မျက်နှာပြင်ကို ထိလိုက်တာနဲ့ အထဲကို စုပ်ယူခံရမှာပဲလေ"

"ဒါဆို... လူသားမျိုးနွယ်ရဲ့ 'ဝိညာဉ်ပင်လယ်အဆင့်' ပညာရှင် တစ်ယောက် ဖြတ်သွားတာများလား"

ဟန်အာ တွေးလေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်သည်။

ခဏအကြာတွင် ဟန်အာသည် မြေပြန်ဖို့ထားသော ဥက္ကာခဲကျင်းဟောင်းကို တွေ့ရှိလိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ ခြေရာတစ်ရာမျှ မတွေ့ရသလို၊ ဝိညာဉ်စွမ်းအင် အတက်အကျလည်း မရှိပေ။ သဘာဝ စွမ်းအား တစ်ခုခုဖြင့် ဖိအားပေး ဖျက်ဆီးခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။

"အောက်အီးအီး... အွတ်...."

တောင်အောက်မှ ကြက်ဖတွန်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဟန်အာသည် အသံလာရာသို့ ကြည့်လိုက်ရာ ချိုင့်ဝှမ်းထဲရှိ ချင်းလင်းရွာကို တွေ့လိုက်ရသဖြင့် မနေ့ညက ဘာဖြစ်ခဲ့လဲ ဆိုတာကို မေးမြန်းရန် လူတစ်ယောက်လောက် သွားဖမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။

သို့သော် ဟန်အာသည် ချင်းလင်းရွာ ရှိရာ ချိုင့်ဝှမ်းသို့ အနားကပ်သွားသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် ကောင်းသော ဖြစ်တည်မှုတစ်ခု၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ"

ဟန်အာ၏ ခြေလှမ်းများ တောင့်တင်းသွားပြီး ချိုင့်ဝှမ်းကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ရွှေနီရောင် မျက်လုံးတစ်စုံသည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာပြီး ရှေးဟောင်း နတ်ဘုရားတစ်ပါးနှင့် မျက်လုံးချင်း ဆုံမိသကဲ့သို့ ဖြစ်သွားကာ ခန္ဓာကိုယ် လေးလံသွားပြီး ခြေလှမ်း ရွှေ့၍ မရတော့ပေ။

ဟန်အာ၏ နဖူးမှ ချွေးစေးများ စတင် စီးကျလာသည်။

"ထွက်သွားစမ်း"

ကြောက်မက်ဖွယ် ကောင်းသော 'သူရဲကောင်းဝိညာဉ်စွမ်းအား' တစ်ခုသည် သူ့ဆီသို့ လွှမ်းမိုးဝင်ရောက်လာသည်။ ရေကြီးရေလျှံမှုကဲ့သို့ ဟန်အာ၏ ရင်ဘတ်ကို ရိုက်ခတ်လိုက်ရာ သူသည် မီတာရာချီ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျကာ လူပုံသဏ္ဍာန် တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေတော့သည်။

"အဟွတ်..."

ဟန်အာ သွေးအန်လိုက်ပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

"ဒီချိုင့်ဝှမ်းက ရှေးဟောင်း နတ်ဘုရားတစ်ပါးရဲ့ သင်္ချိုင်းမြေ ဖြစ်ရမယ်... မဟုတ်ရင် ဒီလောက် အားကောင်းတဲ့ 'သူရဲကောင်းဝိညာဉ်စွမ်းအား' ရှိမနေနိုင်ဘူး... ဟန်ရီ ကိုယ်တိုင် လာရင်တောင် ခံနိုင်မှာ မဟုတ်ဘူး... သိပ်ကြောက်စရာ ကောင်းတာပဲ"

ဟန်အာ၏ အသက်ရှုသံများ ပြင်းထန်လာသည်။

"ဟန်ဆန်း ဆိုတဲ့ ငတုံးက အဲဒီရွာကို သွားပြီး မကောင်းမှု လုပ်ဖို့ ကြိုးစားလို့ ရှေးဟောင်း နတ်ဘုရားရဲ့ စိတ်ဆန္ဒနဲ့ ဖျက်ဆီးခံလိုက်ရတာ နေမှာ... 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' တောင် ဒီအကြောင်းပြချက်ကြောင့် ပျက်စီးသွားတာ ဖြစ်မယ်"

မြေပြန်ဖို့ထားသော ဥက္ကာခဲကျင်းကို ပြန်တွေးမိပြီး ဟန်အာသည် ဒါဟာ ရှေးဟောင်း နတ်ဘုရားရဲ့ လက်ချက်ပဲ ဖြစ်ရမည်ဟု သေချာပေါက် တွေးလိုက်မိသည်။

မဟုတ်ရင် ဘယ်သူကများ အားယားပြီး နာကျင်ခံကာ ဥက္ကာခဲကျင်းကို မြေပြန်ဖို့နေမှာလဲ။

ထိုအချက်ကို တွေးမိပြီးနောက် ဟန်အာသည် ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဟန်ရီကို သတင်းပို့ရန်အတွက် ခရိုင်ဘုရင်မြို့တော်သို့ ချက်ချင်း ပျံသန်းထွက်ခွာသွားလေတော့သည်။

"ကံကောင်းလို့ လွန်ခဲ့တဲ့ (၃) နှစ်က ခရိုင်ဘုရင်မြို့တော်ကို သွားတုန်းက 'နတ်ဘုရား ဟင်းသီးဟင်းရွက်' မျိုးစေ့တချို့ ယူသွားမိလို့... မဟုတ်ရင် အဲဒီ ဟင်းသီးဟင်းရွက်တွေရဲ့ အထောက်အပံ့ မပါဘဲ ငါနဲ့ ဟန်ရီရဲ့ ကျင့်ကြံခြင်း အဆင့်တွေ တိုးတက်လာမှာ မဟုတ်သလို၊ ငါတို့ မျိုးနွယ်စုရဲ့ ကနဦး စီမံကိန်းတွေလည်း ထိခိုက်ကုန်မှာ"

ပျံသန်းနေရင်း ဟန်အာ တီးတိုးရေရွတ်လိုက်သည်။

မကြာမီ သူသည် သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်အလင်းရောင် ထွက်နေသော မုန်လာဥတစ်လုံးကို ထုတ်ယူကာ အကုန်စားပစ်လိုက်သည်။ ထို့နောက် သူ၏ ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာလေတော့သည်။

မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။

ယဲ့ဖုန်း နောက်ဆုံးတော့ နိုးလာခဲ့ပြီ။

မျက်နှာသစ်ပြီးနောက် ယဲ့ဖုန်းသည် စနစ် နေရာလပ် ထဲမှ ဥက္ကာခဲကို ထုတ်ယူကာ နောက်ဖေးခြံဝင်းရှိ နေရာလွတ်တွင် ချထားလိုက်ရာ အခြား တပည့်များ၏ အာရုံစိုက်မှုကို ရရှိသွားလေတော့သည်။

အခန်း (၁၅၉) - အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာအား ပြုပြင်ပြောင်းလဲခြင်း၊ ရင့်မှည့်နေသော နတ်ဘုရား ဟင်းသီးဟင်းရွက်များ

~"ဂိုဏ်းချုပ်... ဒါ ဘာကြီးလဲ"

လုံထျန်းရှင်းသည် မျောက်တစ်ကောင်ကဲ့သို့ သွက်လက်ဖျတ်လတ်စွာ ခုန်ဆွခုန်ဆွ လုပ်နေပြီး နေရာတွင် ငြိမ်ငြိမ်မနေနိုင် ဖြစ်နေ၏။ အခြားတပည့်များလည်း စုရုံးရောက်ရှိလာကြသည်။

"ဒါက 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ပဲ"

ယဲ့ဖုန်းက ရှင်းပြလိုက်သည်။

"မနေ့ညက ငါတို့ ထိုက်ယွဲ့ တောင်တန်းထဲကနေ ရလာတာလေ..."

ယဲ့ဖုန်းသည် မနေ့ညက အဖြစ်အပျက်များကို ပြန်လည် ပြောပြလိုက်သည်။

'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ၏ အတွင်းပိုင်း နေရာလွတ်သည် မြူခိုးတောင်ထိပ်နီးပါး ကျယ်ဝန်းကြောင်း ကြားသိလိုက်ရသောအခါ တပည့်များ အားလုံး အံ့အားသင့်သွားကြသည်။

ထို့နောက် ခရိုင်ဘုရင်မြို့တော်ထဲတွင် 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်' နှင့် ညီမျှသော နတ်ဘုရားမျိုးနွယ် ပညာရှင်တစ်ဦး ခိုအောင်းနေကြောင်း သိလိုက်ရသောအခါ လူတိုင်း၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားကြသည်။

"ဒါက အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာလား... နှမြောစရာပဲ... 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' မှာ ဒီလို ဖန်တီးနည်းတွေ ပျောက်ဆုံးကုန်ပြီ"

မိုယင်သည် ဥက္ကာခဲဘေးတွင် ရပ်လျက် ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အံ့ဩခြင်း၊ စူးစမ်းလိုခြင်းနှင့် နောင်တရခြင်း အရိပ်အယောင်များ ယှက်သန်းနေ၏။

"မိုယင်က အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ အကြောင်း သိလို့လား"

ယဲ့ဖုန်း မေးလိုက်၏။

"နည်းနည်းပါးပါး သိပါတယ်"

မိုယင် ခေါင်းညိတ်လိုက်သည်။

"အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာတွေက 'ဟင်းလင်းပြင် ဝိညာဉ်လက်နက်' အမျိုးအစားထဲမှာ ပါဝင်ပြီး သာမန် သိုလှောင် ဝိညာဉ်လက်နက်တွေထက် အများကြီး သာလွန်ပါတယ်... သူတို့က သက်ရှိတွေကို ထည့်သွင်းထားနိုင်ပြီး အသေးစား၊ အလတ်စား၊ အကြီးစား ဆိုပြီး အမျိုးအစား ကွဲပြားပါတယ်... ဒဏ္ဍာရီအရဆိုရင် ရှေးဟောင်း သန့်စင်နယ်မြေတွေက 'အင်မော်တယ် ကမ္ဘာ' လိုမျိုး ကျယ်ပြောလှတဲ့ ကမ္ဘာငယ်တွေကိုတောင် ဖန်တီးနိုင်ကြတယ်လို့ ဆိုပါတယ်"

" 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' မှာ ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ ဖန်တီးနည်းတွေ တကယ် ပျောက်ဆုံးကုန်ပြီလား"

ဟု ယဲ့ဖုန်းက မေးလိုက်သည်။

မိုယင်က ခေါင်းညိတ်လိုက်ပြီး၊ ပြန်ခါလိုက်သည်။

"ကျွန်မ ကြားဖူးသလောက်တော့ ပျောက်ဆုံးကုန်ပြီလို့ ပြောကြတာပဲ... ဒါပေမဲ့ တကယ် ပျောက်မပျောက် ဆိုတာတော့ 'လက်နက်သွန်းလုပ်သူ ပညာရှင်များ' ပဲ သိပါလိမ့်မယ်... ကြားရသလောက်တော့ သက်တမ်းရင့် ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့် အင်အားစုတွေဆီမှာ အလားတူ အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာတွေကို ပိုင်ဆိုင်ထားကြပြီး မင်္ဂလာရှိသော ကျင့်ကြံခြင်း နယ်မြေတွေအဖြစ် ပြောင်းလဲထားကြတယ်လို့ ဆိုပါတယ်"

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော်တို့လည်း ဒီဥက္ကာခဲထဲက အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာကို ကိုယ်လိုချင်သလို ပြုပြင်ပြောင်းလဲလိုက်ရင် မကောင်းဘူးလား"

ရှီလေ့က စိတ်လှုပ်ရှားစွာ အကြံပြုလိုက်သည်။

ဂိုဏ်းတည်ဆောက်ရေး လုပ်ငန်းစဉ် ပြီးဆုံးသွားကတည်းက သူသည် 'အုတ်ခဲသယ်ခြင်း' အား အလွန် စိတ်ဝင်စားသွားပြီး အမြဲတမ်း တစ်ခုခု ဆောက်လုပ်ချင်နေသူ ဖြစ်ပါသည်။

"ဖြစ်နိုင်တာပဲ"

ယဲ့ဖုန်း သဘောတူလိုက်သည်။

"ဒီအသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာရဲ့ အတွင်းပိုင်း နေရာလွတ်က တော်တော် ကျယ်တယ်... ယွိလန်အနေနဲ့ ဝိညာဉ်ဆေးမြစ်တွေ ပိုစိုက်လို့ရအောင် 'ဝိညာဉ်ဆေးမြစ် စိုက်ခင်း' တစ်ခုလောက် ဖော်ထုတ်လိုက်ရင် ကောင်းမယ်"

"ဟုတ်ကဲ့"

ကျားယွိလန် ခေါင်းညိတ်လိုက်သည်။

လီကျောက်ကျောက်သည် ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ် တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ပြောသည်။

"ဂိုဏ်းချုပ်... သမီးကတော့ အထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ချင်ပါတယ်... ဒီဝိညာဉ်ဟင်းသီးဟင်းရွက်တွေ ကြီးထွားလာရင် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်တဲ့ 'ဝိညာဉ်ဟင်းပွဲ' တွေ ချက်ပြုတ်နိုင်ပြီး 'ဝိညာဉ်စားဖိုမှူး' ဖြစ်လာလိမ့်မယ်လို့ ခံစားရပါတယ်"

"ပြဿနာ မရှိပါဘူး"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' သည် မြူခိုးဂိုဏ်း၏ အသုံးပြုနိုင်သော ဧရိယာကို တိုးချဲ့ပေးရုံသာ ရှိ၏။ အတွင်းပိုင်းတွင် 'ဝိညာဉ်သွေးကြော' မရှိ၊ ဝိညာဉ်စွမ်းအင်များ သိပ်သည်းမှု မရှိသလို 'ဝိညာဉ်စုစည်းခြင်း ဝင်္ကပါ' လည်း မရှိသဖြင့် သာမန်အဆင့်ဟုသာ ဆိုရမည်။

ကျင့်ကြံခြင်း သန့်စင်နယ်မြေများရှိ ကမ္ဘာငယ်လေးများတွင်မူ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး ကောင်းကင်နှင့် မြေကြီး ရတနာများ ပေါများစွာ ပေါက်ရောက်နေသည်ဟု ကောလာဟလများ ရှိလေရာ ၎င်းတို့သည်သာ တကယ့်ကို ဆွဲဆောင်မှု ရှိပေသည်။

ယှဉ်ကြည့်လိုက်လျှင် မြူခိုးဂိုဏ်း၏ 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' သည် အလွန် နိမ့်ကျနေသေးသည်။

"ဂျူနီယာညီလေး လုံ... ငါ့နောက် လိုက်ခဲ့"

ရှီလေ့သည် လုံထျန်းရှင်းကို ဆွဲခေါ်ကာ ဥက္ကာခဲ၏ မျက်နှာပြင်ကို ထိလိုက်ပြီး အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။

ကျားယွိလန်၊ လီကျောက်ကျောက်၊ ယန်ရူယွီ နှင့် အခြားသူများလည်း ဝင်ရောက်သွားကြပြီး ဝိညာဉ်ဆေးမြစ် စိုက်ခင်း ပြုလုပ်ရန် လုံလောက်သော နေရာလွတ်ကို ရှာဖွေပြင်ဆင်ကြသည်။

ဝိညာဉ်ဆေးမြစ်များ ကြီးထွားရန် လိုအပ်သော ဝိညာဉ်စွမ်းအင်အတွက်မူ ဝိညာဉ်စမ်းရေကို အသုံးပြုရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။ တစ်ခုတည်းသော ပြဿနာမှာ ရေကို တစ်ပုံးချင်းစီ သယ်ယူရမည် ဖြစ်ခြင်းပင်။

တပည့်များ အလုပ်ရှုပ်နေကြသည်ကို ကြည့်ပြီး ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ခန်းမဆောင်၏ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး ဘေးတစောင်း လှဲလျောင်းကာ အဝေးသို့ မျှော်ငေးကြည့်ရင်း ကျေနပ်အားရနေလေတော့သည်။

သို့နှင့် နေ့တစ်ပိုင်း ကုန်ဆုံးသွားတော့၏။

*

ခရိုင်ဘုရင်မြို့တော်တွင် ဖြစ်သည်။

ဟန်အာသည် တံခါးကို ဖွင့်လိုက်ပြီး ကြောက်လန့်တကြား မျက်နှာထားဖြင့် နေ့စဉ်မှတ်တမ်း ရေးနေသော ဟန်ရီကို ပြောလိုက်သည်။

"အစ်ကိုကြီး... ကြောက်စရာကြီးဗျ"

"သရဲဟေ့"

ရုတ်တရက် ပေါ်လာသော ဟန်အာကြောင့် ဟန်ရီ လန့်ဖျပ်သွားပြီး ထိုင်ခုံပေါ်မှ ခုန်ထလိုက်မိသည်။

"ဒုတိယညီလေး... ငါ မင်းကို မကယ်နိုင်ခဲ့လို့ ဒီလောက်ကြီး မုန်းတီးစရာ မလိုပါဘူးကွာ... နေ့ခင်းကြောင်တောင်ကြီး မိုင်တစ်သောင်းလောက် ခုန်ပျံကျော်လွှားပြီး ငါ့အသက်ကို လာနှုတ်ယူရတယ်လို့"

"အစ်ကိုကြီး... ကျွန်တော် မသေသေးပါဘူးဗျ"

"ဘာ"

"ကျွန်တော် ပြောတာ နားထောင်ပါဦး... ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်"

ဟန်အာသည် သူ၏ အတွေ့အကြုံများ၊ 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ပျောက်ဆုံးသွားပုံနှင့် ချင်းလင်းရွာ တည်ရှိရာ ချိုင့်ဝှမ်းတွင် ရှေးဟောင်း နတ်ဘုရား တစ်ပါး၏ အလိုဆန္ဒ နှင့် ကြုံတွေ့ခဲ့ရပုံများကို ပြောပြလိုက်သည်။

ဟန်ရီ မျက်မှောင်ကြုတ်သွားသည်။

"ဒါဆို... ဟန်ဆန်းက ဒဏ်ရာ ပျောက်သွားပြီးနောက် အပြင်ထွက်ပြီး ပြဿနာ ရှာရင်းနဲ့ ရှေးဟောင်း နတ်ဘုရားရဲ့ အလိုဆန္ဒကြောင့် အသတ်ခံလိုက်ရတာများလား"

ဟန်အာက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"သေချာပေါက် ဖြစ်ရမယ်"

ဟန်ရီ အချိန်ကြာမြင့်စွာ စဉ်းစားလိုက်ပြီး ဒါက တစ်ခုတည်းသော ဖြစ်နိုင်ခြေဟု ခံစားလိုက်ရသည်။

မဟုတ်ရင် ဘယ်သူက 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ကို ယူဆောင်သွားနိုင်မှာလဲ။

သူ၏ အရန်အစီအစဉ် ပျက်စီးသွားကြောင်း တွေးမိလိုက်သည်နှင့် ဟန်ရီ၏ မျက်နှာပေါ်တွင် ဒေါသများ ထွက်ပေါ်လာသည်။

"ဒါ အားလုံး.. ဟန်ဆန်း ဆိုတဲ့ ငတုံးကောင်ကြောင့်ပဲ... ဆင်းသက်လာတုန်းက လျှောက်ကြည့်ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလာတယ်... မဟုတ်ရင် ဒီလိုကိစ္စ ဘယ်ဖြစ်လာပါ့မလဲ"

ဟန်ရီသည် ဥက္ကာခဲကို သူနှင့်အတူ မယူဆောင်ခဲ့ခြင်းမှာ ထိုက်ယွဲ့ တောင်တန်းတွင် ထားရစ်ခဲ့ပြီး အနာဂတ် ဘေးအန္တရာယ်များမှ ရှောင်တိမ်းနိုင်မည့် လျှို့ဝှက် ရတနာနယ်မြေအဖြစ် ပြောင်းလဲလိုသောကြောင့် ဖြစ်သည်။

ဒုတိယ အကြောင်းအရင်းမှာ ဒဏ်ရာရနေသော ဟန်ဆန်းကို ထိုနေရာ၌ 'နတ်ဘုရား ဟင်းသီးဟင်းရွက်'များ စိုက်ပျိုးစေပြီး 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' တွင် နတ်ဘုရားမျိုးနွယ်၏ မူလ အခြေစိုက်စခန်းအဖြစ် ဖန်တီးလိုသောကြောင့် ဖြစ်သည်။

နတ်ဘုရားမျိုးနွယ်ဝင်များ အနေဖြင့် 'နတ်ဘုရား ဟင်းသီးဟင်းရွက်' များကို မဖြစ်မနေ စားသုံးရမည် ဖြစ်သည်။

အချိန်အကြာကြီး မစားဘဲ နေလိုက်ပါက သူတို့၏ အခြေခံအုတ်မြစ်များ မတည်မငြိမ် ဖြစ်လာပြီး ကျင့်ကြံခြင်းအဆင့်များ တိုးတက်ရန် တားဆီးခံရလိမ့်မည် ဖြစ်သည်။

"ဒေါသထွက်စရာ ကောင်းလိုက်တာ"

ဟန်ရီ တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး ၊ နောက်ဆုံးတွင် ထိုင်ခုံပေါ်သို့ ပြန်ထိုင်ချလိုက်ကာ နေ့စဉ်မှတ်တမ်းကို ဆက်လက် ရေးသားလိုက်သည်။ သူသည် ဤရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားလိုပြီး နောင်တစ်ချိန်တွင် နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားဝိဉာဉ်များထံ တင်ပြကာ နှစ်များတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှ အသေးစိတ် အချက်အလက်များကို အလျင်အမြန် သိရှိစေရန် ရည်ရွယ်သည်။

နေ့စဉ်မှတ်တမ်း ရေးသားခြင်းသည် နတ်ဘုရားမျိုးနွယ်၏ ကောင်းမွန်သော ရိုးရာဓလေ့ တစ်ခုပင် ဖြစ်ချေသည်။

ဒါဟာ နတ်ဘုရားမျိုးနွယ်ဝင်တိုင်း မဖြစ်မနေ တတ်မြောက်ထားရမည့် စွမ်းရည်တစ်ခုလည်း ဖြစ်သည်။

"အစ်ကိုကြီး... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

ဟန်အာသည် ဟန်ရီ၏ မျက်လုံးကို တည့်တည့်မကြည့်ရဲဘဲ ခေါင်းငုံ့လျက် မေးလိုက်သည်။

"မူလကတော့ ဟန်ဆန်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကို တာဝန်ယူထားတာ... အခု သူ သေသွားပြီဆိုတော့ စိုက်ပျိုးရေး တာဝန်ကို မင်း ယူလိုက်တော့"

ဟန်ရီသည် ဟန်အာ၏ ပခုံးကို ပုတ်လျက် လေးနက်စွာ ပြောလိုက်သည်။

"ဗျာ..."

ဟန်အာ စိတ်ထဲတွင် ငြင်းဆန်လိုက်မိသည်။

'ငါလို အဆင့် (၅) ပညာရှင်က လယ်လုပ်ရမယ် ဟုတ်လား'

သို့သော် ဟန်ရီ၏ မျက်နှာထား ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်ကို မြင်လိုက်ရသောအခါ ဟန်အာ တံတွေးမြိုချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်ရတော့သည်။

"ဟုတ်၊ ကျွန်တော် လယ်လုပ်တာကို ကြိုက်ပါတယ်"

မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။

နေဝင်ချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ယဲ့ဖုန်းသည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး ဥက္ကာခဲ၏ မျက်နှာပြင်ကို လက်ဖြင့် ထိလိုက်ရာ သူ၏ ခန္ဓာကိုယ် ကျုံ့ဝင်သွားပြီး လမ်းကြောင်းကို ဖြတ်သန်းကာ ရေကန်ဘေးသို့ ရောက်ရှိလာသည်။

တစ်နေကုန် အလုပ်ရှုပ်ပြီးနောက် တပည့်များသည် ရေကန်ထဲမှ ရေများကို ဝိညာဉ်စမ်းရေဖြင့် လဲလှယ်ပြီး ဖြစ်ရာ ဝိညာဉ်ငါး (၃၀၀၀) ခန့်သည် ပူဖောင်းလေးများ မှုတ်ထုတ်ကာ ပျော်ရွှင်စွာ ကူးခတ်နေကြပြီး ပတ်ဝန်းကျင်အသစ်ကို သဘောကျနေပုံ ရသည်။

ဝိညာဉ်စမ်းရေများ ဝင်ရောက်လာမှုကြောင့် 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် သိသိသာသာ တိုးတက်လာသော်လည်း မြူခိုးတောင်ထိပ်နှင့် ယှဉ်လျှင်တော့ မမီသေးပေ။

"ကြည့်ရတာ ဝိညာဉ်သွေးကြော ဆီက ဝိညာဉ်စွမ်းအင်တွေကို ဒီနေရာဆီ ဆွဲယူဖို့အတွက် 'အသေးစား ဝိညာဉ်စုစည်းခြင်း ဝင်္ကပါ’ တစ်ခုလောက် ပိုက်ဆံသုံးပြီး ဝယ်မှ ဖြစ်မယ် ထင်တယ်... အချိန်ကြာလာတာနဲ့အမျှ ဒီနေရာလေးက တကယ့် မင်္ဂလာရှိသော ကောင်းကင်ဘုံလိုဏ်ဂူ နယ်မြေ ဖြစ်လာမှာပါ"

ယဲ့ဖုန်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ဟေး... ကြည့်ကြပါဦး... 'နတ်ဘုရား ဟင်းသီးဟင်းရွက်'တွေ ရင့်မှည့်နေပြီ"

သစ်သားအိမ်၏ အနောက်ဘက်မှ တပည့်များ၏ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း လမ်းလျှောက်သွားကြည့်ရာ ယန်ရူယွီသည် ဟင်းသီးဟင်းရွက် ပင်တစ်ပင်၏ ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ဦးစွာ ဝိညာဉ်စမ်းရေဖြင့် ရေလောင်းလိုက်သည်။ ပြီးနောက် 'အသက်ဝိညာဉ်စွမ်းအား' ကို သွန်းလောင်းကာ ကြီးထွားမှုကို မြှင့်တင်ပေးလိုက်ရာ အပင်သည် လျင်မြန်စွာ အညှောက်ပေါက် ကြီးထွားလာပြီး မျက်နှာပြင်ပေါ်တွင် သန့်ရှင်းသော အလင်းရောင်များ ထွက်ပေါ်လာတော့၏။

အခြားတပည့်များလည်း ဝိုင်းအုံကာ စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

"ဒီအပင်လည်း မှည့်သွားပြီ"

ရေရွတ်ရင်း၊ ယန်ရူယွီ လက်ပြန်ရုတ်လိုက်သည်။

"ကျေးဇူးပါပဲ ညီမလေး ရူယွီ"

လီကျောက်ကျောက်သည် ကျေးဇူးတင်စကား ပြောကြားပြီး ဓားဖြင့် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းကာ ဘေးနားရှိ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

ယခုအခါ ခြင်းတောင်းသည် ဟင်းသီးဟင်းရွက်များဖြင့် အပြည့်အမောက် ဖြစ်နေတော့၏။

All Chapters