လူရိုးလေး ဂိုဏ်းချုပ်ကျန်း...
Vol. 10 Ch. 94
နောက်ဆုံးတော့ ကျန်းချန်နားလည်သွားသည်။
မျက်စိသုံးလုံးကျားက မိစ္ဆာဘုရင်တစ်ပါးဖြစ်ပြီး လွမ်ငှက်က ဝိညာဉ်သားရဲတစ်မျိုးဖြစ်ရာ မိစ္ဆာဘုရင်နှင့်တွေ့သည့်အခါ ထိတ်လန့်သွားသည်မှာ မဆန်းပေ။
သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ မျက်စိသုံးလုံးကျားက ကောင်းကင်ယံမှဝိညာဉ်ငှက်ကို မထီမဲ့မြင်ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မင်းရဲ့ဒေါသတွေကို နည်းနည်းထိန်းထားဦး၊ ဧည့်သည်တွေကို မလန့်စေနဲ့။”
ချန်ရှင်းမင်းဆက် ဘာကြောင့်ရောက်လာသလဲဆိုတာ ကျန်းချန်ခန့်မှန်းနေစရာပင်မလိုပေ။ သူက ပထမမင်းသားကို အပြတ်ရှင်းခဲ့ပြီးပြီဖြစ်ရာ တစ်ဖက်လူက ဘာမှမတုံ့ပြန်ဘဲ နေလိမ့်မည်မဟုတ်။
အခြားသူသာဆိုလျှင် ပျာယာခတ်နေမည် သို့မဟုတ် ရန်သူကြီးနှင့်ရင်ဆိုင်ရသလို သဘောထားမည် ဖြစ်သော်လည်း သူကတော့ ထိုသို့မတွေးပေ။ ဒါက သူ့အိမ်တံခါးဝအထိလာပို့တဲ့ စီးပွားရေးပဲ မဟုတ်လား။
ဟိုးအရင်က ချီချန်းလိုမျိုးပေါ့၊ သူက မနားမနေ ကြိုးစားအားထုတ်မှုတွေကတစ်ဆင့် ပါယွန်းခန်းမ ဂိုဏ်းဖျက်ဆီးခြင်း လက်ဆောင်ထုပ်ကြီးကို သူ့ဆီအရောက်လာပို့ခဲ့တာလေ။ ချန်ရှင်းမင်းဆက်ကတော့ ပါယွန်းခန်းမထက် ပိုတန်ဖိုးရှိမှာသေချာတယ် မဟုတ်လား။
အစ်ကိုကြီးချန် တစ်ယောက် တော်တော်လေးကို မျှော်လင့်နေမိသည်။
“အလုပ်ရှုပ်လိုက်တာ။”
မျက်စိသုံးလုံးကျားသည် အရိပ်ရသည့်နေရာတစ်ခုတွင် လှဲလျောင်းလိုက်ပြီး မျက်စိမှိတ်အနားယူကာ ဝိညာဉ်သားရဲများသာအာရုံခံနိုင်သည့် အရှိန်အဝါကိုရုပ်သိမ်းလိုက်သည်။ ထိုအခါမှသာ ကောင်းကင်ယံမှလွမ်ငှက်ကြီး တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
ခဏအကြာတွင် ၎င်းသည် ဖေးရှန်ဂိုဏ်း၏ ပင်မခန်းမရှေ့သို့ ဆင်းသက်လာသည်။
နန်းတွင်းကိုယ်ရံတော်အရာရှိ ရှခုန်းကျွင်းသည် လှံရှည်ကို ကောင်းကင်သို့ ထောင့်ဖြတ် ချိန်ရွယ်ထားရင်း အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
“ချန်ရှင်းမင်းဆက်ရဲ့ မင်းသမီးနင်ထီ ကြွရောက်လာပြီ။”
“မင်းတို့အားလုံး ဘာလို့ ထွက်မကြိုကြသေးတာလဲ။”
တာအိုနန်းတော်အဆင့်၏ ဝိညာဉ်စွမ်းအားများ ပါဝင်နေသော ထိုအသံမှာ အဝေးအထိပျံ့နှံ့သွားပြီး တောင်တန်းများကြားတွင် အချိန်အတော်ကြာ ဟိန်းထွက်နေတော့သည်။ အသံအတွင်းပါဝင်နေသောဖိအားကြောင့် ဖေးရှန်ဂိုဏ်းတပည့်များစွာမှာ ထိတ်လန့်တုန်လှုပ်သွားကြ၏။
အကယ်၍ ကျန်းချန်သာ သူတို့ရှေ့တွင် မတ်တပ်ရပ်ပြီး ကာကွယ်ပေးမထားလျှင် တပည့်အချို့မှာ ထိုနေရာတွင်ပင် ဒူးထောက်မိသွားကြပေလိမ့်မည်။
“ပြောစရာရှိတာ မြန်မြန်ပြောစမ်းပါ”
အစ်ကိုကြီးချန်ကတော့ မင်းသမီးကိုဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ တစ်ဖက်လူက ဘယ်အချိန် စစ်ကြေညာမလဲဆိုသည်ကိုသာ။ သို့မဟုတ် ချန်ရှင်းမင်းဆက်၏ အထက်တန်းလွှာအားလုံးကို ဘယ်အချိန်မှာ တစ်ခါတည်း အပြတ်ရှင်းပစ်ရမလဲ ဆိုသည်ကို တွေးနေခြင်းပင်။
“ရိုင်းလှချည်လား”
ရှခုန်းကျွင်း ဒေါသထွက်သွားသည်။ သူသည် ပါယွန်းခန်းမကို အပြတ်ရှင်းခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောအင်အားစုကို သတိထားနေသော်လည်း ဖေးရှန်ဂိုဏ်းကိုတော့ လုံးဝအထင်မကြီးပေ။ အကြောင်းမှာ ပါယွန်းခန်းမကို ကျန်းချန် ဖျက်ဆီးခဲ့သည်ကို သူ လုံးဝ မသိသောကြောင့်ဖြစ်သည်။
အဆင့် ၈ ဝိညာဉ်လက်နက်လှံရှည်သည် ကျန်းချန်ကို တည့်တည့်ချိန်ရွယ်လိုက်ပြီး လှံထိပ်ဖျားတွင် လေပြင်းများ လျင်မြန်စွာဖြစ်ပေါ်လာကာ သွားစွယ်များ လက်သည်းများဖြင့် ကုတ်ခြစ်တော့မည့် လေဆင်နှာမောင်းတစ်ခုအသွင် ပြောင်းလဲသွား၏။
ကျန်းချန်က မျက်စိသုံးလုံးကျားကို အရင်ကိုင်တွယ်ခိုင်းရန်ပြင်လိုက်စဉ်မှာပင် မင်းသမီးနင်ထီက စကားပြောလိုက်သည်။
“အရာရှိ ရှခုန်း၊ တော်တော့”
“မင်းသမီး၊ သူက မင်းသမီးအပေါ် မလေးမစားလုပ်တာပါ၊ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်”
ရှခုန်းကျွင်းကတော့ ကျန်းချန်ကို သင်ခန်းစာကြီးကြီးမားမား ပေးချင်နေတုန်းပင်။ မင်းသမီးနင်ထီက သူမ၏နှုတ်ခမ်းလွှာကို အသာအယာဖွင့်လိုက်သည်။ သူမ၏လေသံမှာ တည်ငြိမ်သော်လည်း ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
“ဒီခရီးစဉ်မှာ ငါကအဓိကပဲ၊ အရာရှိရှခုန်း အဲဒါကို မေ့မသွားဘူးလို့ ငါယုံကြည်တယ်။”
ရှခုန်းကျွင်း၏မျက်နှာမှာ တင်းမာသွားပြီး နောက်ဆုံးတွင် သူ၏လှံကိုရုပ်သိမ်းကာ နောက်ဆုတ်လိုက်ရတော့သည်။
၎င်းသည် အစ်ကိုကြီးချန်ကို အနည်းငယ်အံ့အားသင့်စေသည်။ ဤမင်းသမီးမှာ တာအိုနန်းတော်အဆင့် ကျွမ်းကျင်သူကိုပင် အမိန့်ပေးနိုင်သည့်အာဏာရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“နင်က ကျန်းချန်လား”
မင်းသမီးနင်ထီသည် သူမရှေ့တွင်ရှိသော အတုမရှိချောမောလွန်းသည့် အမျိုးသားကို အသေအချာ အကဲခတ်နေမိသည်။ သူမကိုယ်တိုင် ခိုးကြည့်မိသည်အထိပင်။
“အမှန်ပါပဲ... မင်းသမီးမှာ ဘာအကြံပြုစရာများရှိလို့လဲ”
“ဂိုဏ်းချုပ်ကျန်းက ကျွန်မကို ထိုင်ဖို့တောင် ဖိတ်ခေါ်ဖို့အစီအစဉ်မရှိဘူးလား။”
ကျန်းချန် စိတ်ထဲကတွေးလိုက်မိသည်။ မင်းတို့ ချန်ရှင်းမင်းဆက်ကလည်း ပါယွန်းခန်းမလိုပဲ မတိုက်ခင်မှာ စကားတွေအရှည်ကြီး ပြောနေဦးမှာလား။ ငါ့ကိုသတ်ချင်တယ်လို့ တိုက်ရိုက်ပြောလိုက်ရင် ပိုမလွယ်ဘူးလား၊ ငါ တကယ်ကို ပင်ပန်းနေပြီ။
“ဖိတ်တာပေါ့၊ ရပါတယ်”
တစ်ဖက်လူက ဟန်ဆောင်မှုကိုမခွာသေးသဖြင့် သူလည်း ဧည့်ဝတ်ကျေပွန်စွာ ပြုမူလိုက်သည်။
နှစ်ဖက်စလုံး ခန်းမထဲတွင်နေရာယူပြီးနောက် ကျန်းချန်က သိမြင်မှုစွမ်းရည်ကို အသက်သွင်းလိုက်သည်။
အဝါလေးက ကမ္ဘာ့နှလုံးသား အစိတ်အပိုင်းရှိတယ်လို့ ပြောခဲ့တယ်လေ၊ အဲဒါက ဒီမင်းသမီးဆီမှာများ ရှိနေတာလား...
သိမြင်မှုစွမ်းရည်အောက်တွင် မင်းသမီးနင်ထီ၏ကျင့်ကြံမှုမှာ ဖုံးကွယ်ထား၍မရတော့ပေ။ ဤမင်းသမီးမှာ တကယ်တမ်းတွင် တာအိုနန်းတော်အဆင့် ၁ သို့ ရောက်နေပြီဖြစ်ရာ သူ့ကိုအနည်းငယ် အံ့အားသင့်စေသည်။
သို့သော် ရှာဖွေကြည့်ပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်၌ အဆင့် ၉ ဝိညာဉ်လက်နက်တစ်ခုနှင့် အဆင့် ၈ ဝိညာဉ်လက်နက်နှစ်ခုမှလွဲ၍ အခြား ထူးခြားသောရတနာများကို မတွေ့ရပေ။
သူမ၏ သိုလှောင်လက်စွပ်အတွင်း၌လည်း ကောင်းမွန်သောပစ္စည်းများစွာရှိသော်လည်း ကမ္ဘာ့နှလုံးသား အစိတ်အပိုင်းကိုတော့ မတွေ့ရပေ။
“ဂိုဏ်းချုပ်ကျန်း၊ ကျွန်မ ဒီကိုလာတာက ပါယွန်းခန်းမမှာဖြစ်ပျက်ခဲ့တဲ့ ဘေးဒုက္ခနဲ့ပတ်သက်လို့ပါ။”
ဤစကားကြောင့် ဖေးရှန်ဂိုဏ်းတပည့်များမှာ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။ သူတို့သည် ပါယွန်းခန်းမမှာ ဘာဖြစ်ခဲ့သလဲဆိုတာ အခုထိ မသိကြသေးပေ။ ၎င်းက ခမ်းနားတဲ့ အခမ်းအနားကြီး မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ဘေးဒုက္ခ ဖြစ်သွားတာလဲ။
“ဪ”
ကျန်းချန်က ဝတ်ကျေတမ်းကျေပြန်ထူးလိုက်သော်လည်း သူ၏သိမြင်မှုစွမ်းရည်ကိုတော့ အခြားသူများဆီသို့ပြောင်းလဲကာ ရှာဖွေနေဆဲပင်။ သူသည် အစိတ်အပိုင်း၏အရှိန်အဝါကို အာရုံမခံရသေးသော်လည်း သူ့သမီးလေးကတော့ မှားလိမ့်မည်မဟုတ်ပေ။
“ပါယွန်းခန်းမက လူတိုင်းနဲ့ ဧည့်သည်တွေအားလုံး အခမ်းအနားကျင်းပတဲ့နေ့မှာ အသတ်ခံလိုက်ရတယ်”
“ကျွန်မရဲ့ မောင်တော် ရှန်းပါးလည်း အဲဒီမှာသေဆုံးသွားခဲ့တယ်”
“အဲဒီဘေးဒုက္ခကနေ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူအနေနဲ့ ဂိုဏ်းချုပ်ကျန်းက တစ်ခုခုတော့ သိထားမှာပေါ့”
မင်းသမီးနင်ထီက အလွန်ယဉ်ကျေးစွာ ပြောဆိုနေခြင်းဖြစ်သည်။ သူမက နှိပ်စက်ညှင်းပန်းပြီး စစ်ဆေးတော့မည့် အမူအရာမျိုးရှိသော ရှခုန်းကျွင်းနှင့် လုံးဝမတူပေ။
သို့သော် သူမ၏စကားများကြောင့် ကျိလင်းဟန်၊ လော့ယွမ်နှင့် အခြားသူများမှာ ထိတ်လန့်လွန်းသဖြင့် နှလုံးရပ်မတတ် ဖြစ်သွားကြရသည်။
ဘာ၊ ပါယွန်းခန်းမတစ်ခုလုံး အပြတ်ရှင်းခံလိုက်ရတယ် ဟုတ်လား...
ဂိုဏ်းချုပ်က တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူလား...
အစ်ကိုကြီးချန်၏ အရင်ကအပြုအမူများနှင့် ပေါင်းစပ်ကြည့်လိုက်သည့်အခါ အားလုံးမှာ ချက်ချင်းပင် တစ်ခုကိုရိပ်မိသွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။
မဖြစ်နိုင်တာ၊ ဆရာကြီး၊ ပါယွန်းခန်းမကိုလည်း အပြတ်ရှင်းခဲ့တာလား...
ပြီးတော့ ချန်ရှင်းမင်းဆက်ရဲ့ ပထမမင်းသားကိုပါ သတ်ခဲ့တာလား...
အဲဒါ ပါယွန်းခန်းမလေ၊ ဂိုဏ်းချုပ်ကတော့ ကောင်းကင်ကိုဖောက်ထွက်မယ့်လူပဲ...
မဆန်းပါဘူး၊ ပြီးခဲ့တဲ့အကြိမ်ပြန်လာတုန်းက ကျင့်စဉ်တွေ၊ ကျမ်းစာတွေနဲ့ အဆင့် ၈ ဝိညာဉ်လက်နက်တွေပါလာတာ ဒါကြောင့်ကိုး...
ဒါက တကယ့်ကို ကမ္ဘာတုန်စေမယ့်လုပ်ရပ်ပဲ...
“အေး၊ ငါ အဲဒီအတွင်းရေးကို သိတာပေါ့”
အစ်ကိုကြီးချန်၏ နောက်ထပ်စကားတစ်ခွန်းကြောင့် ကျိလင်းဟန်နှင့် အခြားသူများမှာ သွေးအန်မတတ် ဖြစ်သွားကြရသည်။ အခုကလူတွေက လာစုံစမ်းနေတာလေ၊ တကယ်လုပ်ခဲ့တာတောင်မှ ဘာမှမသိသလိုဟန်ဆောင်ရမှာပေါ့။
ချန်ရှင်းမင်းဆက်က ကိုင်တွယ်ရမလွယ်ဘူးလေ၊ တော်နေရင်တောင်မှ ဒုက္ခကိုလိုက်ရှာနေစရာ မလိုပါဘူး။ အလုပ်ရှုပ်တာထက် အေးအေးဆေးဆေးနေတာ ပိုကောင်းတာပေါ့။
ရလဒ်အနေဖြင့် ဤပွင့်လင်းလွန်းသောဂိုဏ်းချုပ်က မေးသမျှကို အမှန်အတိုင်းဖြေနေတော့သည်။
“ဪ”
မင်းသမီးနင်ထီ၏မျက်လုံးများ ဝင်းခနဲဖြစ်သွားသည်။ သူမ အလွန်အံ့အားသင့်သွားပုံရပြီး မေးခွန်းနှစ်ခုတည်းနှင့် အဖြေရလိမ့်မည်ဟု ထင်ထားပုံမရ။
သူမ အရင်ကထင်ထားသည်မှာ ဤခရီးစဉ်မှာ အလွန်ရှုပ်ထွေးလိမ့်မည်ဟုဖြစ်သည်။ ဥပမာ ကျန်းချန်က အလွန်အားနည်းလွန်းသဖြင့် သတိလစ်သွားခဲ့ပြီး ရန်သူကိုမမြင်လိုက်ရဘဲ မတော်တဆ အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်နေခြင်း သို့မဟုတ် ဤကျန်းချန်က ရန်သူနှင့်ပတ်သက်နေသဖြင့် သေအောင်ရိုက်သော်လည်း အမှန်အတိုင်းပြောမည်မဟုတ်ခြင်း စသည်ဖြင့်။ သူက ဤမျှအထိ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါဆိုရင် ဂိုဏ်းချုပ်ကျန်းက ဘယ်အင်အားစုက သူတို့ကိုသတ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မလား”
“ရတာပေါ့”
“ဘယ်သူလဲ”
မင်းသမီးနင်ထီ မတ်တပ်ရပ်လိုက်ပြီး ကျန်းချန်၏မျက်နှာကို စူးစိုက်ကြည့်နေသည်။ အစ်ကိုကြီးချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်သည်။
“ငါပဲလေ”
သူ တကယ်ကိုဂုဏ်ယူနေခြင်းဖြစ်သည်။ ပါယွန်းခန်းမကို အပြတ်ရှင်းခဲ့ခြင်းမှာ သူ၏လက်ရာမွန်ကြီး မဟုတ်ပါလား။
ကံဆိုးတာက ဤကဲ့သို့ ကြွားဝါရန်အလွန်ကောင်းသောအခွင့်အရေးကို ဆယ်ရက်ကျော်ကြာအောင် အောင့်ထားခဲ့ရခြင်းပင်။ ယခုတော့ တစ်ယောက်ယောက်ကလာမေးပြီဖြစ်ရာ သူမဖုံးကွယ်တော့ဘဲ အောင်မြင်မှုကိုဝန်ခံလိုက်တော့သည်။
ဘုတ်
ဖေးရှန်ဂိုဏ်း တပည့်အချို့မှာ ထိုနေရာတွင်ပင် လဲကျသွားကြသည်။
အစ်ကိုကြီးရာ... ခင်ဗျားက ဘာလို့ ဒီလောက်တောင် ရိုးသားနေရတာလဲ...
တစ်ယောက်ယောက်ကမေးတာနဲ့ အမှန်အတိုင်း တန်းဝန်ခံလိုက်တာလား...
မသိဘူးလို့ပဲ ပြောလိုက်ပါတော့လား...
ဒါမှမဟုတ် တခြားအင်အားစုတစ်ခုခုရဲ့နာမည်ကိုပဲ လုပ်ကြံပြောလိုက်ပါတော့လား...
အခုတော့ ဒုက္ခကြီးကြီးရောက်ပြီ...
ခန်းမအတွင်း ရုတ်တရက်အေးစက်သွားသည်။ ရှခုန်းကျွင်း ချက်ချင်းထရပ်လိုက်ပြီး သူ၏ဒေါသများကို ဖောက်ခွဲကာ လှံကိုထပ်မြှောက်လိုက်သည်။
သို့သော် သူစကားမပြောမီမှာပင် မင်းသမီးနင်ထီက လက်မြှောက်ကာ တားလိုက်၏။ သူမ၏နက်ရှိုင်းသော ဖီးနစ်မျက်လုံးများကျဉ်းမြောင်းသွားပြီး အေးစက်သောအလင်းတန်းများ ဖြတ်ပြေးသွားသော်လည်း နောက်ဆုံးတွင်တော့ ပြန်လည်တည်ငြိမ်သွားသည်။
“ဂိုဏ်းချုပ်ကျန်း၊ အချို့သောစကားတွေကို ပေါ့ပေါ့တန်တန်မပြောသင့်သလို အချို့သော ပြစ်မှုတွေကိုလည်း အလွယ်တကူဝန်မခံသင့်ဘူး”
“ဒီမင်းသမီးမှာ စိတ်ရှည်သည်းခံမှု သိပ်မရှိဘူး”
“ရှင်နောက်ပြောင်နေတာမဟုတ်ဖို့ မျှော်လင့်ပါတယ်”
ကျန်းချန်က လွယ်လွယ်ကူကူဝန်ခံလိုက်သဖြင့် သူမက ပြန်၍ မယုံကြည်နိုင်ဖြစ်နေခြင်းဖြစ်သည်။
သူ့ရဲ့အဆင့်ကို တစ်ချက်ကြည့်ရုံနှင့်သိနိုင်သည်၊ ကောင်းကင်ကံကြမ္မာအဆင့် ၄ သာ ရှိသည်။
ဖေးရှန်ဂိုဏ်းလိုနေရာမျိုးမှာ ကောင်းကင်ကံကြမ္မာအဆင့် ၄ တစ်ယောက်ပေါ်လာသည်မှာ တကယ့်ကို အံ့ဖွယ်တစ်ခုဖြစ်ပြီး သူမကိုအံ့အားသင့်စေသော်လည်း ဤကဲ့သို့သောအစွမ်းနှင့် ပါယွန်းခန်းမကလူတွေကိုအပြတ်ရှင်းဖို့ လုံးဝမဖြစ်နိုင်ပေ။ ကျန်းချန်က သူမကိုဟာသလုပ်ပြီး နောက်ပြောင်နေသည်ဟု ခံစားလိုက်ရသည်။