← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀) - ဝိညာဉ်စားဖိုမှူးအဖြစ် ပထမခြေလှမ်း၊ အလင်းရောင် ထွက်ပေါ်နေသော ဟင်းပွဲများ

~["ဂိုဏ်းချုပ် လာနေပြီ"

လုံထျန်းရှင်းသည် ယဲ့ဖုန်းကို မြင်လိုက်ရသဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။

လီကျောက်ကျောက်သည် ဟင်းသီးဟင်းရွက် ခြင်းတောင်းကို မလိုက်ပြီး ပြောသည်။

"ဂိုဏ်းချုပ်ဦးလေး... ဟန်ဆန်း ချန်ထားခဲ့တဲ့ 'နတ်ဘုရား ဟင်းသီးဟင်းရွက်' တွေက တော်တော် ကောင်းမယ့်ပုံပဲ... အဲဒါတွေက သမီးကို 'ဝိညာဉ်စားဖိုမှူး'ဖြစ်လာဖို့ ပထမခြေလှမ်းကို ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်... ဒီညစာအတွက် အဲဒါတွေနဲ့ ချက်ဖို့ စီစဉ်ထားပါတယ်"

ယဲ့ဖုန်းသည် လက်လှမ်းလိုက်ပြီး ဆလတ်ရွက်တစ်ပင်ကို ကောက်ယူလိုက်သည်။

"စနစ်... နတ်ဘုရား ဟင်းသီးဟင်းရွက် ဆိုတာ ဘာလဲ"

*"နတ်ဘုရား ဟင်းသီးဟင်းရွက် ဆိုတာ နတ်ဘုရားမျိုးနွယ်တွေ စိုက်ပျိုးထားတဲ့ သက်သတ်လွတ် အစားအစာ တစ်မျိုးပါ... သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်ပါတယ်... စားသုံးပြီးရင် ကျင့်ကြံခြင်းအဆင့်နဲ့ သွေးမျိုးဆက်ကို အကျိုးပြုပါတယ်... နတ်ဘုရားမျိုးနွယ်တွေရဲ့ နေ့စဉ် ကျင့်ကြံခြင်းမှာ အသုံးပြုတဲ့ ဝိညာဉ်ပစ္စည်း တစ်မျိုးပါ"*

"ဪ... အဲဒီလိုကိုး"

ယဲ့ဖုန်းသည် ဆလတ်ရွက်ကို ပြန်ချလိုက်ပြီး လီကျောက်ကျောက်ကို ပြောလိုက်သည်။

"ကောင်းပြီလေ... ဒီညစာအတွက် ဒါတွေပဲ သုံးလိုက်ကြတာပေါ့... ပြီးရင် ငါတို့အားလုံး လာပြီး မြည်းစမ်းကြည့်ကြမယ်"

"ဟုတ်ကဲ့"

လီကျောက်ကျောက်သည် ဟင်းသီးဟင်းရွက် ခြင်းတောင်းကို သယ်လျက် အမျိုးသမီး တပည့်အချို့နှင့်အတူ မီးဖိုချောင်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြသည်။

ကျောက်ကျားရှီးသည် တောင်ထိပ်တွင် ဖားခုန် ခုန်နေဆဲဖြစ်ပြီး၊ အိုးယန်ဖုန်းက ဟင်းသီးဟင်းရွက် ဆေးကြောရာတွင် ကူညီပေးနေ၏။ ဟိုယွင်ကျဲကမူ အတွေ့အကြုံရှာရန် ထွက်ခွာသွားပြီ ဖြစ်သဖြင့် 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ထဲတွင် လုံထျန်းရှင်းနှင့် ရှီလေ့တို့သာ ကျန်ရှိနေ၏။

သူတို့နှစ်ဦးသည် သစ်သားများ ခုတ်ထွင်ပြီး ရက်အနည်းငယ်အတွင်း ပို့ဆောင်ပေးရန်အတွက် လင်းရွာမှ လက်သမားဆရာကို သွားရောက် ပြောဆိုခဲ့ကြသည်။

ယဲ့ဖုန်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လုံထျန်းရှင်းနှင့် ရှီလေ့တို့သည် သစ်သားအိမ်အနီးတွင် အိမ်အသစ်များ ဆောက်လုပ်ရန် အုတ်မြစ်ချထားပြီး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ပိုဝေးသော နေရာများတွင်မူ ကျားယွိလန်နှင့် ယန်ရူယွီတို့ ဝိုင်းရံနေကြပြီး ပထမဆုံး ဝိညာဉ်ဆေးမြစ် စိုက်ခင်း ကို ဖော်ထုတ်ရန် ပြင်ဆင်နေကြသည်။

တောင်ထိပ် နောက်ဘက်ရှိ 'ဝိညာဉ်ဆေးမြစ် ခန်းမ'မှာမူ မျိုးပွားခြင်းအတွက် သီးသန့် သတ်မှတ်ထားပြီး၊ ဝိညာဉ်မျိုးစေ့များကို ပျိုးပင်များအဖြစ် အရင် ပျိုးထောင်ပြီးမှ ဤစိုက်ခင်းထဲသို့ ရွှေ့ပြောင်း စိုက်ပျိုးကြမည် ဖြစ်သည်။

ထိုအချိန်တွင် လီကျောက်ကျောက်သည် ကပျာကယာ ပြန်ရောက်လာပါသည်။ 'ဝိညာဉ်ချုပ်ကြိုး'ကို အသုံးပြုကာ ရေကန်ထဲမှ (၈) ပေါင်ခန့်ရှိသော ဝိညာဉ်ငါးကြီးတစ်ကောင်ကို ဖမ်းယူလိုက်ပြီးနောက် ညစာပြင်ဆင်ရန် ပြန်ပြေးသွားသည်။

ယဲ့ဖုန်းသည် ရေကန်အစွန်းသို့ လမ်းလျှောက်သွားပြီး 'အဆင့်နိမ့် ဝိညာဉ်သားရဲ အစာ' တစ်အိတ်ကို ထုတ်ကာ ရေထဲသို့ ကြဲချလိုက်သည်။ ဝိညာဉ်ငါးများသည် နှစ်ပေါင်းရာချီ အစာငတ်နေသကဲ့သို့ အလုအယက် စားသောက်ကြလေတော့သည်။

‘နတ်ဘုရားမျိုးနွယ်ဆီက ရလာတဲ့ နတ်ဘုရား ဟင်းသီးဟင်းရွက်တွေနဲ့ ဝိညာဉ်ငါးတွေ ရှိနေပြီဆိုတော့... ငါတို့ မြူခိုးဂိုဏ်းရဲ့ အစားအသောက်တွေက အများကြီး တိုးတက်လာပြီး ကျင့်ကြံခြင်းကို အထောက်အကူ ဖြစ်စေတော့မှာပဲ... နှမြောစရာ ကောင်းတာက နတ်ဘုရားမျိုးနွယ်ရဲ့ ကျင့်စဉ်တွေကို မရလိုက်တာပဲ’

ယဲ့ဖုန်းသည် အစာကျွေးရင်း တွေးတောနေမိသည်။ ဝိညာဉ်ငါးများနှင့် နတ်ဘုရား ဟင်းသီးဟင်းရွက်များကို များများစားရင် သူလည်း ပိုသန်မာလာလိမ့်မည်ဟု တွေးမိကာ ပြုံးလိုက်မိပါသည်။

*

မီးဖိုချောင်အတွင်း၌ ဖြစ်သည်။

လီကျောက်ကျောက်သည် ယဲ့ဖုန်း ပေးထားသော အထူး မီးဖိုချောင်သုံး ပစ္စည်းများကို ထုတ်လိုက်ပြီး ဝိညာဉ်ငါးကို မေ့လဲသွားအောင် ရိုက်လိုက်သည်။ ထို့နောက် အကြေးခွံများ ခွာခြင်း၊ ပါးဟက် ထုတ်ခြင်း၊ ဗိုက်ခွဲပြီး ကလီစာများ ဖယ်ရှားခြင်း၊ သန့်စင်အောင် ဆေးကြောခြင်းတို့ကို ကျွမ်းကျင်စွာ ပြုလုပ်လိုက်ပြီး အတုံးများ တုံးကာ ဆားနှင့် ဂျင်းမျှင်များဖြင့် နယ်ထားလိုက်ပါသည်။

အခြားသူများကလည်း ဘေးတွင် ဟင်းသီးဟင်းရွက်များကို ဆေးကြောနေကြသည်။

မိုယင်သည် မီးဖိုချောင် တံခါးဝတွင် ရပ်လျက် ကြမ်းပြင်ပေါ်ရှိ ဒယ်အိုးကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။

'ငါ့တာဝန်က အိုးတိုက်ရမှာလား’

ခေတ္တမျှ စဉ်းစားပြီးနောက် မိုယင်သည် အိုးတိုက်ဖတ်တွင် ဝိညာဉ်ချုပ်ကြိုးကို ရစ်ပတ်လိုက်ပြီး သူမ သိပ်မသုံးဖြစ်သော 'ဓားတိုက်ခိုက်မှု သိုင်း'ကို အသုံးပြုလိုက်သည်။ အိုးထဲတွင် အကြိမ်အနည်းငယ် ပတ်ချာလည် မွှေလိုက်ရာ အိုးသည် ပြောင်လက်သွားသော်လည်း အပေါက်ရာများ ဖြစ်လုနီးပါး ဖြစ်သွားသည်။

"စီနီယာအစ်မ... တော်ပါတော့... ဆက်တိုက်နေရင် အိုးပါ ပျောက်သွားလိမ့်မယ်"

ချိုကျူက အမြန် ပြေးလာပြီး အိုးကို ယူလိုက်ရသည်။

အရာအားလုံး အဆင်သင့် ဖြစ်သောအခါ လီကျောက်ကျောက်သည် ဒယ်အိုးပြားကို ကိုင်လျက် မီးဖိုရှေ့တွင် ရပ်လိုက်သည်။ အပူပေးထားသော ဒယ်အိုးနှင့် ဘေးနားရှိ ဟင်းသီးဟင်းရွက် ပန်းကန် (၁၀) လုံးကျော်ကို ကြည့်ရင်း အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။

"စီနီယာအစ်မ... ဒီမီးအရှိန် လုံလောက်ရဲ့လား"

လုံထျန်းရှင်းသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် လက်တစ်ဖက်ကို ဒယ်အိုးအောက်သို့ ထိုးသွင်းကာ 'မီးတိမ်တိုက်လက်ဝါး' မှ ထွက်ပေါ်လာသော အပူလှိုင်းများကို ထင်းအစားထိုး အသုံးပြုနေ၏။

"အင်း... ဒီအတိုင်းပဲ ထား"

လီကျောက်ကျောက် ခေါင်းညိတ်လိုက်သည်။

“ရှဲ…”

ဒယ်အိုး ပူလာသည်နှင့် လီကျောက်ကျောက်သည် မြေပဲဆီကို ချက်ချင်း ထည့်လိုက်ပြီး၊ ငါးအတုံးများ၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူများကို ထည့်ကာ မွှေကြော်လိုက်သည်။ ထို့နောက် ဟင်းချက်ဝိုင်နှင့် ဝိညာဉ်စမ်းရေ အနည်းငယ် ထည့်ကာ အဖုံးအုပ်ထားလိုက်သည်။

"စီနီယာအစ်မ ကျောက်ကျောက်... ဒီဟင်းပွဲ နာမည်က ဘာလဲ"

လုံထျန်းရှင်းသည် လက်တစ်ဖက်ဖြင့် အိုးကို အပူပေးနေရင်း ကျန်လက်တစ်ဖက်ဖြင့် နေကြာစေ့ ခွာစားကာ အခွံများကို မီးထဲသို့ ထွေးထည့်နေ၏။

"နာမည် မစဉ်းစားရသေးဘူး... 'ငါးအတုံးကြော်'လို့ပဲ ခေါ်လိုက်ကြမလား"

လီကျောက်ကျောက် ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"မွှေးလိုက်တာ"

အနံ့ကို ရလိုက်သည်နှင့် ယဲ့ဖုန်းသည် မီးဖိုချောင် အပြင်ဘက်သို့ ချက်ချင်း ရောက်ရှိလာသည်။ လီကျောက်ကျောက် ချက်ပြုတ်နေသည်ကို ကြည့်ပြီး အခြားတပည့်များလည်း မျှော်လင့်ချက် မျက်နှာများဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

"ကျောက်ကျောက် အောင်မြင်ပါ့မလား မသိဘူး"

ယဲ့ဖုန်း ငြိမ်သက်စွာ ရပ်လျက် စောင့်ကြည့်နေ၏။

"ထျန်းရှင်း... မီး အရှိန်မြှင့်လိုက်"

ထိုအချိန်တွင် လီကျောက်ကျောက် လှမ်းအော်လိုက်သည်။

"ရစေဗျာ"

လုံထျန်းရှင်း အားစိုက်လိုက်ရာ သူ၏ လက်ဝါးမှ မီးတောက်များ ထိုးတက်သွားသည်။ ဂွမ်ခနဲ အသံနှင့်အတူ ဒယ်အိုး ကွဲအက်သွားပြီး မီးတောက်များသည် ကောင်းကင်သို့ ထိုးတက်ကာ မျက်နှာကြက်ကိုပါ မီးလောင်လုနီးပါး ဖြစ်သွားလေတော့သည်။

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ယဲ့ဖုန်း ကြောင်အသွားသည်။

လီကျောက်ကျောက်မှာ ဟီးခနဲ ငိုချလိုက်သည်။

အခြေအနေ မဟန်မှန်း သိလိုက်သောအခါ လုံထျန်းရှင်း လှည့်ပြေးရန် ပြင်လိုက်သော်လည်း ကျားယွိလန်က ရှေ့မှ ပိတ်ရပ်လိုက်သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

"ကျွန်တော် မှားသွားပါတယ်ဗျာ"

လုံထျန်းရှင်း ငိုမဲ့မဲ့ ဖြစ်သွားသည်။

ယဲ့ဖုန်းသည် ကွဲအက်သွားသော ဒယ်အိုးနှင့် ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ဖျော့တော့သော အလင်းရောင် ထွက်နေဆဲ ငါးအတုံးများကို ကြည့်ပြီး နှမြောသွားမိသည်။

"အိုးအသစ် လဲလိုက်... အစက ပြန်စကြမယ်... စိတ်မပျက်နဲ့"

ဟု ယဲ့ဖုန်းက အားပေးလိုက်သည်။

လီကျောက်ကျောက်သည် ဒယ်အိုးပြားကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး မျက်ရည်မကျအောင် မျက်တောင် အမြန် ခတ်လိုက်ကာ ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့... သမီး ပြန်စပါ့မယ်"

လုံထျန်းရှင်းသည် အပြစ်ရှိစိတ် ခံစားရသဖြင့် ဒယ်အိုးကို ကိုယ်တိုင် ဆေးကြောပေးပြီး မီးအရှိန်ကို သတိကြီးစွာ ထိန်းချုပ်ပေးသည်။

ဒီတစ်ခါတွင် လီကျောက်ကျောက်သည် ဝိညာဉ်ငါးကို မွှေကြော်နေဆဲ ဖြစ်သော်လည်း သူမ၏ လှုပ်ရှားမှုများက ယခင်ကထက် ပိုမို ကျွမ်းကျင်လာသည်။ လုံထျန်းရှင်းကမူ မီးတောက် ရုတ်တရက် ထိုးတက်လာပြီး သံဒယ်အိုး ပေါက်သွားမည်ကို စိုးရိမ်သဖြင့် လက်နှစ်ဖက်စလုံး အသုံးပြုကာ မီးအရှိန်ကို စေ့စပ်သေချာစွာ ထိန်းချုပ်နေ၏။

(၁၀) မိနစ် ကြာပြီးနောက်၊

"ရပြီ... ပန်းကန်ထဲ ထည့်လို့ ရပြီ"

လီကျောက်ကျောက် အဖုံးဖွင့်လိုက်ရာ ထည့်ထားသော ဝိညာဉ်စမ်းရေများ အငွေ့ပျံသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ မြေပဲဆီ အနည်းငယ် ထပ်ထည့်ကာ အကြိမ်အနည်းငယ် မွှေကြော်လိုက်ပြီးနောက် ဘဲဥပုံ ကြွေပန်းကန်ပြားထဲသို့ ငါးအတုံးများကို ခပ်ထည့်လိုက်သည်။

"ဟင်... ဘာလို့ အနံ့ မရတာလဲ"

ကျားယွိလန် တူတစ်စုံ ယူလိုက်ပြီး အငွေ့တထောင်းထောင်း ထနေသော ငါးအတုံးများနား ကပ်ကာ လက်ဖြင့် ယပ်ခတ်ကြည့်သော်လည်း အနံ့ မရပေ။

ဒါပေမဲ့ မွှေကြော်နေတုန်းကတော့ အနံ့ မွှေးနေတာ သေချာပါတယ်။

"မအောင်မြင်ဘူးလား"

အိုးယန်ယွီ တီးတိုး ရေရွတ်လိုက်သည်။

လီကျောက်ကျောက် တူကို ကိုင်လိုက်ပြီး ပြောသည်။

"အောင်မြင်လား မအောင်မြင်လားတော့ မသိဘူး... အရင်ဆုံး မြည်းကြည့်မှ ရမယ်"

ငါးအတုံးများက ကြီးလွန်းနေသဖြင့် လီကျောက်ကျောက်သည် တူဖြင့် အရင် ခွဲလိုက်ရသည်။ ပါးစပ်ထဲ မထည့်ရသေးခင်မှာပင် မျက်စိကျိန်းလောက်သော ဝိညာဉ်အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်သော အသားနံ့မွှေးမွှေးလေးသည် အရပ်မျက်နှာစုံသို့ ချက်ချင်း ပျံ့နှံ့သွားလေတော့သည်။

ညှီနံ့ လုံးဝ မရှိ... သန့်စင်သော မွှေးရနံ့သာ ရှိ၏။

"ဝိုး..."

"အလင်းရောင် ထွက်တဲ့ ဟင်းပွဲဟေ့"

"ဒါက ဒဏ္ဍာရီလာ 'ဝိညာဉ်ဟင်းပွဲ' များလား"

တပည့်များသည် အံ့ဩလွန်းသဖြင့် မျက်လုံးပြူးသွားကြပြီး မွှေးကြိုင်သော အနံ့ကို ရှူရှိုက်ကာ တူများကို အလိုအလျောက် လှုပ်ရှားလိုက်မိကြသည်။

အခြားငါးအတုံးများကို တူဖြင့် ထိုးခွဲလိုက်သောအခါတွင်လည်း တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ကြယ်ရောင်များ တဖျပ်ဖျပ် လက်နေသကဲ့သို့ ဖြစ်နေသဖြင့် အလွန် ဆန်းကြယ်လှပနေ၏။

သန့်ရှင်းသော နတ်ဘုရားများသာ စားသုံးထိုက်သည့် ဒဏ္ဍာရီလာ အစားအစာနှင့် တူနေ၏။

"စားလို့ ကောင်းလိုက်တာ"

ကျားယွိလန် ဦးဆုံး စားလိုက်ရာ အရသာရှိသော အထိအတွေ့သည် ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ စီးဝင်ကာ အာဟာရ ဖြည့်တင်းပေးနေသည်ကို ခံစားလိုက်ရသည်။

"ငါလည်း စားကြည့်မယ်"

အိုးယန်ဖုန်း တစ်လုပ် စားလိုက်ပြီးနောက် ချက်ချင်း မျက်လုံးပြူးသွားသည်။ ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားရ၏။ ငါးကြော် ပန်းကန် တစ်ခုလုံးကို တစ်ယောက်တည်း အကုန်မောင်ပိုင်စီးပစ်ချင်စိတ် ပေါက်သွားတော့သည်။

"သိပ်ကောင်းတာပဲ"

တပည့်များ တစ်ယောက်တစ်လှည့် စားသောက်ကြသည်။

မိုယင် တစ်တုံး မြည်းစမ်းကြည့်လိုက်ရာ သူမပင်လျှင် ထူးခြားကောင်းမွန်သော ခံစားမှုကို ရရှိလိုက်သဖြင့် လီကျောက်ကျောက်ကို ချက်ချင်း လက်မထောင်ပြလိုက်သည်။

သို့သော် လီကျောက်ကျောက်၏ တာဝန် ပြီးဆုံးကြောင်း စနစ် က အချက်မပေးသေးသည်ကို ယဲ့ဖုန်း သတိထားမိလိုက်ပြီး မျက်မှောင်ကြုတ်သွားမိသည်။ ဒီလောက် လူကြိုက်များတဲ့ ဟင်းပွဲက ဝိညာဉ်ဟင်းပွဲ မဟုတ်သေးဘူးလား။

"ဂိုဏ်းချုပ်ဦးလေး... မြည်းစမ်းကြည့်ပါဦး"

လီကျောက်ကျောက်က အလင်းရောင်ထွက်နေသော ငါးအသားတုံးတစ်တုံးကို ယူပြီး ယဲ့ဖုန်း၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။

ယဲ့ဖုန်း ခဏတာ တုံ့ဆိုင်းနေပြီးမှ တစ်ကိုက် ကိုက်လိုက်သည်။

အရသာရှိတယ်... နူးညံ့တယ်... ပြီးတော့ အဆုံးမဲ့ စွဲလမ်းမှုကို ကျန်ရစ်စေတယ်။

"မိုက်တယ်၊ ဒီဟင်းပွဲက တကယ့်ကို ထူးခြားပြောင်မြောက်တာပဲ"

ယဲ့ဖုန်း ချီးကျူးလိုက်သည်။

*"တီ..တီ.. အပြင်စည်းတပည့် လီကျောက်ကျောက်ဟာ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်တဲ့ ဟင်းပွဲကို ဖန်တီးနိုင်ခဲ့ပြီး 'ဝိညာဉ်စားဖိုမှူး' ဖြစ်လာဖို့ ပထမခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုအခါ 'အတွင်းစည်းတပည့်' အဖြစ် ရာထူးတိုးမြှင့်ဖို့ အရည်အချင်း ပြည့်မီသွားပါပြီ"*

စနစ် ၏ အချက်ပေးသံ နောက်ဆုံးတော့ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွားသည်။

'ဪ... ကျောက်ကျောက် ချက်တဲ့ ဟင်းကို ငါ မြည်းစမ်းပြီးမှ စစ်ဆေးမှု အောင်မြင်တယ်လို့ သတ်မှတ်တာကိုး'

ထိုသို့ တွေးလိုက်ပြီးနောက် ယဲ့ဖုန်းသည် ကြိုတင် ပြင်ဆင်ထားသော 'အတွင်းစည်းတပည့် တံဆိပ်ပြား' ကို ထုတ်ယူကာ လီကျောက်ကျောက်၏ ရှေ့တွင် ချပေးလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် ကျောက်ကျောက်... အတွင်းစည်း တပည့်အဖြစ် အောင်မြင်စွာ ရာထူးတိုးမြှင့်ခံရပါပြီ"

ထိုစကားကို ကြားသောအခါ တစ်နေရာလုံး အော်ဟစ်အားပေးသံများဖြင့် ဆူညံသွားလေတော့သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး"

လီကျောက်ကျောက်သည် တံဆိပ်ကို ဆွဲယူလိုက်ပြီး "အတွင်းစည်း လီကျောက်ကျောက်" ဟူသော စာလုံးများကို ဖွဖွလေး ပွတ်သပ်ကြည့်ရင်း ရုတ်တရက် ရောက်လာသော ပျော်ရွှင်မှုကြောင့် ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားရသည်။

"အော့..."

အားလုံး ပျော်ရွှင်စွာ အောင်ပွဲခံနေစဉ် တံခါးအပြင်ဘက်မှ လူတစ်ယောက် အန်နေသံကို ကြားလိုက်ရသဖြင့် တပည့်များ၏ မျက်နှာထား ပြောင်းလဲသွားကြပြီး ဘာဖြစ်တာလဲ ကြည့်ရန် အမြန် ထွက်သွားကြသည်။

အပြင်ဘက် မြက်ခင်းပြင်ပေါ်တွင် အစ်ကိုကြီး ခေါင်းပြား လဲလျောင်းနေပြီး ဗိုက်က တော်တော်လေး လှုပ်ရှားနေကာ မျက်နှာထားမှာ မသက်မသာ ဖြစ်နေပုံရသည်။ အချိန်အတော်ကြာ အားယူပြီးနောက် နောက်ဆုံးတွင် 'သိုလှောင်လက်စွပ်' တစ်ကွင်းကို အန်ထုတ်လိုက်သည်။

အန်ပြီးသွားသောအခါ အစ်ကိုကြီး ခေါင်းပြား သက်သာသွားပုံရပြီး ဝိညာဉ်စမ်းရေတွင်းဘေးသို့ ပျင်းရိစွာ ပြန်သွားကာ ရှေ့ခြေထောက်များကို ခေါင်းအုံးလုပ်လျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။

ယဲ့ဖုန်းသည် မြေကြီးပေါ်မှ သိုလှောင်လက်စွပ်ကို သတိထားမိလိုက်ပြီး 'သူရဲကောင်းဝိညာဉ်စွမ်းအား' ကို အသုံးပြုကာ ကြည်လင်သော စမ်းရေဖြင့် ဆေးကြောလိုက်ရာ "ဟန်ဆန်း" ဟူသော စာလုံးများ ပေါ်လာသဖြင့် အားလုံး၏ အာရုံကို ဖမ်းစားသွားလေတော့သည်။

"ဒါ ဟန်ဆန်းရဲ့ သိုလှောင်လက်စွပ်ပဲ"

ယဲ့ဖုန်းသည် သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီး ဟန်ဆန်း၏ 'နတ်ဘုရား အာရုံခံစွမ်းအား' အမှတ်အသားကို 'သူရဲကောင်းဝိညာဉ်စွမ်းအား' ဖြင့် ဖျက်ဆီးလိုက်ကာ အတွင်းမှ ပစ္စည်းများကို ထုတ်ကြည့်လိုက်တော့၏။

အခန်း (၁၆၁) - ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်၊ နတ်ဆိုးသတ်ပွဲတော်၏ ပထမဆုရှင်

~မြက်ခင်းပြင်ပေါ်တွင် ဖြစ်သည်။

ဝိညာဉ်ပစ္စည်း အစုအပုံတစ်ခုသည် ငြိမ်သက်စွာ လဲလျောင်းနေ၏။

ဝိညာဉ်အလင်းရောင်များ တောက်ပနေသော သစ်သားသေတ္တာ (၂) လုံးနှင့် ရှေးဟောင်း စာအုပ် (၄) အုပ် ဖြစ်သည်။

ရှေးဟောင်း စာအုပ် (၄) အုပ်သည် အလွန်ပင် ဟောင်းနွမ်းနေပြီး မျက်နှာဖုံးပေါ်တွင် "နတ်ဘုရား ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း"၊ "ဝိညာဉ်ငါး မွေးမြူခြင်းဆိုင်ရာ အဓိကအချက် (၃) ချက်"၊ "အသေးစား ဝိညာဉ်စုစည်းခြင်း ဝင်္ကပါ အကြောင်း ပြီးပြည့်စုံသော ရှင်းလင်းချက်" နှင့် "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ် (အထက်ပိုင်း)" ဟု အသီးသီး ရေးသားထားသည်။

"ဟန်ဆန်းရဲ့ သိုလှောင်လက်စွပ်ကို ဘာလို့ ရှာမတွေ့တာလဲ ဆိုတာ အခုမှ ရှင်းတော့တယ်... အစ်ကိုကြီး ခေါင်းပြား မျိုချသွားလို့ကိုး... အစာမကြေလို့ ပြန်အန်ထုတ်လိုက်တာ နေမှာ"

ဟု ကျားယွိလန်က တွေးတွေးဆဆ ပြောလိုက်သည်။

"အဲဒါတွေက အရေးမကြီးတော့ပါဘူး... အရေးကြီးတာက နတ်ဘုရားမျိုးနွယ်ရဲ့ ကျင့်စဉ်တစ်ခုကို ငါတို့ ရလိုက်တာပဲ"

ယဲ့ဖုန်းသည် မျှော်လင့်ချက် အပြည့်ဖြင့် "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ် (အထက်ပိုင်း)" စာအုပ်ကို ကောက်ယူလိုက်ပြီး ခေါင်းစဉ် စာမျက်နှာကို လှန်လိုက်သည်။

တပည့်များအားလုံးသည် ထမင်းစားဖို့ပင် ဂရုမစိုက်နိုင်တော့ဘဲ ဝိုင်းအုံကြည့်ရှုလာကြသည်။

"ဒါက အထက်ပိုင်း စာအုပ်ပဲ ရှိသေးတယ်... 'နတ်ဘုရား အာရုံခံစွမ်းအား' ကို ကျင့်ကြံနိုင်ပြီး 'အဆင့် (၃) အထွတ်အထိပ်' အထိ ရောက်နိုင်တယ်... 'ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်' ထက် နှစ်ဆ ပိုသန်မာတယ်... 'အမည်းစက်ပြောက် မြွေနတ်ဆိုး' ရဲ့ အသွင်ပြောင်းခြင်း သုံးပုံတစ်ပုံနဲ့ ညီမျှတယ်"

နိဒါန်းကို ဖတ်ပြီးနောက် ယဲ့ဖုန်းက တပည့်များကို ရှင်းပြလိုက်သည်။

"အဆင့် (၃) အထွတ်အထိပ်ပဲလား..."

ကျားယွိလန် အနည်းငယ် စိတ်ပျက်သွားသည်။

"ကျန်တဲ့ ကျင့်စဉ်အပိုင်းတွေက ဟန်ရီ နဲ့ ဟန်အာ ဆီမှာ ရှိလောက်တယ်... ဒါပေမဲ့ တစ်ယောက်က 'အဆင့် (၆) အထွတ်အထိပ်'၊ နောက်တစ်ယောက်က 'အဆင့် (၅)' ဆိုတော့ ငါတို့ လောလောဆယ် သူတို့ကို မယှဉ်နိုင်သေးဘူး... နောက်ဆက်တွဲ ကျင့်စဉ်တွေအကြောင်း ခဏ မေ့ထားလိုက်ကြပါ"

ယဲ့ဖုန်းသည် တပည့်များ၏ အတွေးကို လက်ကာပြပြီး ဖျောက်ဖျက်လိုက်သည်။

"ဒါပေမဲ့ မင်းတို့အနေနဲ့ ဒီ 'ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ် (အထက်ပိုင်း)' ကို အထောက်အကူပြု ကျင့်စဉ်တစ်ခုအနေနဲ့ စမ်းသပ် လေ့ကျင့်ကြည့်လို့ ရပါတယ်"

"ဟုတ်ကဲ့ပါ"

တပည့်များ ခေါင်းညိတ်လိုက်ကြသည်။

လီကျောက်ကျောက်သည် "နတ်ဘုရား ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း" စာအုပ်ကို ကောက်ယူလိုက်ပြီး လှန်လှောဖတ်ရှုကြည့်ရာ စိုက်ပျိုးနည်း လှည့်ကွက်များစွာ ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့ဩသွားသည်။

"စိုက်ပျိုးရေးကလည်း သိပ္ပံပညာ တစ်ခုပါလားဟ"

ယဲ့ဖုန်းက ဝင်ပြောလိုက်သည်။

"အရာအားလုံးက သိပ္ပံပညာတွေချည်းပါပဲ"

ထိုသို့ ပြောပြီးနောက် သူသည် ဝိညာဉ်အလင်းရောင်များ တောက်ပနေသော သစ်သားသေတ္တာ (၂) လုံးကို ဖွင့်လိုက်ရာ မျက်စိကျိန်းလောက်သော အလင်းရောင်များ ပွင့်အာလာပြီး ရွှေကြာပန်းနှစ်ပွင့် မြေကြီးပေါ်သို့ ကျဆင်းသွားသကဲ့သို့ ခန့်ညားထည်ဝါနေလေတော့သည်။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃,၁၀၃) တုံးတဲ့... ငါတို့ သူဌေး ဖြစ်ပြီဟေ့"

အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့ ပြိုင်တူ အော်ဟစ်လိုက်ကြရာ လူတိုင်း အံ့ဩတကြီးဖြင့် မောင်နှမနှစ်ယောက်ကို ကြည့်လိုက်ကြသည်။

"မင်းတို့က အဲဒီလောက် အများကြီးမှန်း ဘယ်လို သိတာလဲ"

လုံထျန်းရှင်း ခေါင်းကုတ်လိုက်သည်။

ထိုအခါ၊ အိုးယန်ယွီက ရှင်းပြလာပါသည်။

"ဒီဝိညာဉ်ကျောက်တုံးတွေကို သပ်သပ်ရပ်ရပ် စီထားတာလေ... (၁၁) ထပ် ရှိတယ်... အောက်က (၁၀) ထပ်က အပြည့်စီထားတာ... အလျား အတုံး (၂၀)၊ အနံ (၁၅) တုံးဆိုတော့ စုစုပေါင်း (၃,၀၀၀) ရှိတယ်... အပေါ်ဆုံးအထပ်ကတော့ မပြည့်ဘူး... ကြည့်လိုက်တာနဲ့ (၁၀၃) တုံး ရှိမှန်း သိသာတယ်လေ... အဲဒါတွေကို ပေါင်းလိုက်ရင် စုစုပေါင်း အဖြေထွက်လာရောပေါ့"

အိုးယန်ဖုန်းက ဖြည့်စွက်ပြောလိုက်သည်။

"ဒါပေမဲ့ အောက်ဆုံးအထပ်တွေက ဘာကွက်လပ်မှ မရှိဘဲ အပြည့်စီထားတယ်ဆိုတဲ့ ယူဆချက်နဲ့ တွက်ထားတာပါ"

"သောက်ကျိုးနည်း"

လုံထျန်းရှင်းသည် နည်းဗျူဟာကျကျ နောက်သို့ ဆုတ်လိုက်ပြီး 'သူတို့က ဒီလောက် ခက်တဲ့ ပုစ္ဆာကို ဖြေနိုင်ပြီး ငါက ဘာလို့ မဖြေနိုင်ရတာလဲ' ဟု စိတ်ထဲတွင် တွေးနေမိသည်။

ယဲ့ဖုန်းသည် အိုးယန်ဖုန်းနှင့် အိုးယန်ယွီကို ကျေနပ်အားရသော အပြုံးဖြင့် ကြည့်လိုက်သည်။ "သင်္ချာအနုပညာ ကိုးခန်း" အား သင်ယူထားခြင်း၏ အကျိုးကျေးဇူးပင်။

ယှဉ်ကြည့်လိုက်လျှင် လုံထျန်းရှင်းခမျာ ဒီလောက် လွယ်ကူတဲ့ သင်္ချာပုစ္ဆာလေးကိုတောင် "သောက်ကျိုးနည်း" ဟုသာ အာမေဋိတ် ပြုနိုင်ရှာသည်။

ထိုအချက်ကို သတိရသွားပြီး ယဲ့ဖုန်းသည် လုံထျန်းရှင်း၏ ခေါင်းကို ရိုက်လိုက်သည်။

"ငါ မင်းကို ရေတွက်ခိုင်းရင် မင်း ဘယ်လို ရေမလဲ"

လုံထျန်းရှင်းက ဘာမှ သိပ်မစဉ်းစားဘဲ ဖြေလိုက်သည်။

"သေချာပေါက် တစ်တုံးချင်းစီ လိုက်ရေမှာပေါ့ဗျ"

"ဒါဆို မီးဖိုချောင်သွားပြီး ဆန်စေ့တွေ သွားရေချေ"

ယဲ့ဖုန်း ဆွံ့အသွားသည်။

"ဟုတ်ကဲ့ပါ... ဆရာကြီး"

လုံထျန်းရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ မီးဖိုချောင်သို့ တကယ်သွားပြီး ဆန်စေ့ရေရန် ထွက်ခွာသွားရာ ကျန်ရစ်သူများမှာ သူ၏ ကျောပြင်ကို ကြည့်ပြီး မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိကြသည်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် ဒုတိယမြောက် သစ်သားသေတ္တာဘက်သို့ လှည့်လိုက်သည်။

အတွင်း၌ ထူးဆန်းသော ပစ္စည်းအချို့ ရှိနေ၏။ သံလိုက်အိမ်မြှောင်များ၊ နတ်ဘုရား ဟင်းသီးဟင်းရွက် မျိုးစေ့အသစ်များနှင့် ထူးဆန်းသော ဝိညာဉ်သတ္တုရိုင်းတုံး အချို့ ပါဝင်ပြီး တန်ဖိုးမရှိလှသော ပစ္စည်းများဟု ထင်ရသည်။

ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်ပြီး ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်သည်။

"ကဲ... ထမင်းစားကြစို့... ဒီဂိုဏ်းချုပ် ဗိုက်ဆာလွန်းလို့ မူးလဲတော့မယ်"

"အခုပဲ ပြင်လိုက်ပါ့မယ်"

လီကျောက်ကျောက် ချက်ချင်း ပြင်ဆင်လိုက်သည်။

သူတို့အဖွဲ့ မီးဖိုချောင်ထဲသို့ ဝင်သွားသောအခါ လုံထျန်းရှင်းသည် ဆန်စေ့အချို့ကို ကိုင်လျက် လုံ့လဝီရိယရှိစွာ ရေတွက်နေသည်ကို တွေ့လိုက်ရသည်။

တပည့်များ အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

ယဲ့ဖုန်း ဆက်မကြည့်ရက်တော့ပေ။ ဒီနေ့အတွက် ဆုတောင်းခွင့် မသုံးရသေးကြောင်း သတိရလိုက်ပြီး သူ အကြံပိုင်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

"ဆုတောင်းပါတယ်... လုံထျန်းရှင်းအတွက် နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက် အိမ်စာတွေပါ ပါဝင်တဲ့ မူလတန်း သင်္ချာဖတ်စာအုပ် တစ်စုံလောက် ပေးသနားတော်မူပါ"

လုံထျန်းရှင်း၏ လက်ထဲမှ ဆန်စေ့များ ရုတ်တရက် ပျောက်ကွယ်သွားပြီး စာအုပ်အထူကြီးတစ်ပုံ အစားထိုး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် ကျောချမ်းသွားသည်။

"စာလုပ်ရင်း မသေသေးသရွေ့... သေအောင်သာ စာလုပ်ပေရော့"

ယဲ့ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်... မလုပ်ပါနဲ့ဗျာ"

လုံထျန်းရှင်း မျက်ရည်ဝဲလျက် တောင်းပန်လိုက်သည်။

"အစ်ကို... ကျွန်တော်တို့ အစ်ကိုနဲ့ စာလေ့လာဖို့ ဆွေးနွေးချင်ပါတယ်"

အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့သည် ရိုးသားဖြူစင်သော အပြုံးများဖြင့် အနားကပ်လာကြသည်။

“ဝါး..”

လုံထျန်းရှင်း ငိုချလိုက်တော့သည်။

အခြားတပည့်များကမူ ပါးစပ်အုပ်ပြီး တခစ်ခစ် ရယ်မောလိုက်ကြကာ ချက်ပြုတ်ခြင်းကို ဆက်လက် လုပ်ဆောင်ကြတော့သည်။

ဒီတစ်ခါတွင်မူ လုံထျန်းရှင်းသည် ယဲ့ဖုန်း၏ စောင့်ကြည့်မှုအောက်၌ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲတွင် အတင်းအဓမ္မ စာလုပ်ခိုင်းခြင်း ခံရသည်။ အိုးယန်ဖုန်းနှင့် အိုးယန်ယွီတို့က ဘေးမှနေ၍ သင်ပြပေးကြသည်။

မီးအရှိန်ထိန်းရမည့် တာဝန်ကြီးကိုမူ ရှီလေ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။

နာရီဝက် ကြာပြီးနောက်၊

ထမင်းပွဲ ပြင်ဆင်ပြီးသွားသောအခါ လုံထျန်းရှင်းသည် နောက်ဆုံးတွင် "လွတ်မြောက်" သွားပြီး တလက်လက် တောက်ပနေသော ဝိညာဉ်ဟင်းပွဲများကို စားသောက်လိုက်ရသည်။ သို့သော် ခေါင်းကိုက်စရာ ကောင်းလှသော သင်္ချာပုစ္ဆာများကို တွေးမိလိုက်တိုင်း အစားအစာများကို မြိုချရ ခက်ခဲနေ၏။

*

မြို့စားမင်းအိမ်တော်တွင် ဖြစ်သည်။

မြို့စားမင်းကြီး၊ ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့တို့သည် ကျောက်စားပွဲဝိုင်းတွင် ထိုင်လျက် လက်ဖက်ရည်ခွက်မှ အငွေ့များ ထွက်ပေါ်နေသည်ကို ငေးကြည့်နေကြသည်။

"ဒီရက်ပိုင်း ကုသပြီးတဲ့နောက် ငါ့ဒဏ်ရာတွေ သက်သာသွားပါပြီ... ကျင့်ကြံခြင်းအဆင့် မရှိတော့ပေမယ့် ငါ့ခန္ဓာကိုယ်က အစစ်အမှန်ယွမ် နဲ့ သွန်းလောင်းခဲ့ပြီးသား ဆိုတော့ ဓားပြီးလှံပြီး ဖြစ်နေတုန်းပါပဲ... နှမြောစရာ ကောင်းတာက ဒီလောက် ခွန်အားလေးနဲ့ ဘာမှ သိပ်လုပ်လို့ မရတော့တာပါပဲ"

အချိန် ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် မြို့စားမင်းကြီး သက်ပြင်းချလိုက်သည်။

လုရှန်ယွဲ့က အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

"မြို့စားမင်းကြီးက ရေပေါ်ဖြူ မြို့တော်အတွက် တစ်သက်လုံး ပေးဆပ်ခဲ့ပြီးပြီပဲ... အခုလို အေးအေးချမ်းချမ်း အနားယူရတာလည်း ကောင်းပါတယ်"

"ဒါပေမဲ့... လာမယ့် နွေဦးပေါက်မှာ 'ကြယ်အဆင့် ဂိုဏ်း' စစ်ဆေးမှု ရှိနေတယ်... တခြား လိုအပ်ချက်တွေ ပြည့်မီပေမယ့် ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က လုံးဝ မမီတော့ဘူး"

မြို့စားမင်းကြီး စိုးရိမ်ပူပန်နေ၏။

"ဂိုဏ်းချုပ်ယဲ့ ရှိနေတာပဲ မဟုတ်လား"

ဟု ဒုတိယမြို့စားမင်းက ဝင်ပြောလိုက်သည်။

မြို့စားမင်းကြီးသည် လက်လျော့လိုက်သည့်ပုံစံဖြင့် လက်ကာပြလိုက်သည်။

"ဂိုဏ်းချုပ်ယဲ့က တကယ် စွမ်းအားကြီးတာ မှန်ပါတယ်... ဒါပေမဲ့ သူက မြို့စားမင်း မလုပ်ချင်ဘူးလေ... ဘယ်လို လုပ်ကြမလဲ"

ထိုစဉ်၊ လုရှန်ယွဲ့သည် မြူခိုးတောင်ထိပ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြောလာသည်။

"ဒီလိုဆိုရင်ရော... ဂိုဏ်းချုပ်ယဲ့က လာမယ့် နွေဦးပေါက်မတိုင်ခင် မြူခိုးဂိုဏ်းကို 'ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း' ဖြစ်အောင် တကယ် လုပ်နိုင်ကောင်း လုပ်နိုင်မှာပါ... အဲဒီအချိန်ကျရင် မြို့စားမင်းကြီးအနေနဲ့ စစ်ဆေးရေး မတိုင်ခင် ရေပေါ်ဖြူမြို့တော်ကို မြူခိုးဂိုဏ်းရဲ့ လက်အောက်ခံမြို့အဖြစ် ပြောင်းလဲဖို့ လျှောက်လွှာတင်လိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ"

"ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း ဖြစ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ"

မြို့စားမင်းကြီး စကားမပြောနိုင် ဖြစ်သွားသည်။ ရေပေါ်ဖြူမြို့တော်ကို ကြယ်အဆင့် မြို့တော်ဖြစ်အောင် လုပ်တုန်းက သူတို့ အလွန် ပင်ပန်းခဲ့ရသည် မဟုတ်လား။

"တခြားသူတွေ မလုပ်နိုင်ပေမယ့် ဂိုဏ်းချုပ်ယဲ့ကတော့ လုပ်နိုင်ပါလိမ့်မယ်"

လုရှန်ယွဲ့သည် ယဲ့ဖုန်းအပေါ် ယုံကြည်မှု အပြည့်ရှိ၏။

"စဉ်းစားကြည့်လေ... မြူခိုးဂိုဏ်းက အဆင့်နိမ့်ဂိုဏ်းအဖြစ်ကနေ အဆင့်မြင့်ဂိုဏ်း ဖြစ်လာဖို့ ဘယ်လောက် ကြာလိုက်လို့လဲ... တစ်လလောက်ပဲ ရှိသေးတယ်... အခု နွေဦးပေါက် ရောက်ဖို့ နှစ်ဝက်ကျော်လောက် လိုသေးတာဆိုတော့ ဖြစ်နိုင်ချေ ရှိပါတယ်ဗျ"

မြို့စားမင်းကြီးနှင့် ဒုတိယမြို့စားမင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လုရှန်ယွဲ့ ပြောတာ အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရသဖြင့် ဤယာယီ အစီအစဉ်ကို သဘောတူလိုက်ကြသည်။

"ကဲ... လိုရင်းကို ပြန်သွားကြစို့... ရေပေါ်ဖြူမြို့တော်ရဲ့ နတ်ဆိုးသတ်ပွဲတော် အချိန်က ကုန်ခါနီးပြီ... ပထမ၊ ဒုတိယ၊ တတိယ ဆုရှင်တွေကို ဆုံးဖြတ်ရတော့မယ်"

လုရှန်ယွဲ့က အဓိက အကြောင်းအရာကို ဆွဲခေါ်လိုက်သည်။

"ပထမနေရာကတော့ သေချာပေါက် မြူခိုးဂိုဏ်းပဲ... ဂိုဏ်းချုပ်ယဲ့က 'ကျားနတ်ဆိုး ဗိုလ်ချုပ်ကြီး' ကို သတ်ခဲ့သလို၊ ဒါဇင်နဲ့ချီတဲ့ အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတွေနဲ့ မိစ္ဆာတွေကိုပါ သတ်ဖြတ်ခဲ့တယ်... ဆိုဟွန်းကျန်းရန်ကို သတ်ပြီး ရေပေါ်ဖြူမြို့တော် တစ်ခုလုံးကို ကယ်တင်ခဲ့တာ ထည့်မပြောရင်တောင် သူ့ရဲ့ စွမ်းဆောင်ရည်က တောက်ပလွန်းနေပြီ... တခြားဂိုဏ်းတွေ လိုက်မီဖို့ မလွယ်ဘူး"

ဟု မြို့စားမင်းကြီး ပြောလိုက်သည်။

"ဒါဆို ဒုတိယနဲ့ တတိယက ဘယ်သူတွေ ဖြစ်မလဲ"

ဒုတိယမြို့စားမင်းက မေးလိုက်၏။

" 'ဓားသိုင်းအရှင် ဂိုဏ်း'က ရလဒ်ကောင်းတွေ ရခဲ့တယ်... ဒုတိယနေရာက သူတို့ ဖြစ်သင့်တယ်... တတိယနေရာအတွက်ကတော့ 'နီရှန် နန်းတော်'နဲ့ ငှက်မွှေး ဂိုဏ်း ( ငှက်မွှေးဂိုဏ်း ) ကြားမှာ ယှဉ်ရလိမ့်မယ်"

မြို့စားမင်းကြီးက အကြံပြုလိုက်သည်။

"နတ်ဆိုးသားရဲတွေ တိုက်ခိုက်လာတုန်းက နီရှန် နန်းတော်သခင်မက ဦးဆောင်ပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တယ်... သူက မယှဉ်နိုင်ခဲ့ပေမယ့် အများကြီး ကြိုးစားအားထုတ်ခဲ့ပြီး မြို့သူမြို့သား ထောင်ပေါင်းများစွာ သေဆုံးမယ့်ဘေးကနေ ကာကွယ်ပေးခဲ့တာပါ... နန်းတော်သခင်မကို တတိယနေရာ ပေးသင့်တယ်"

ဟု ဒုတိယမြို့စားမင်းက ထောက်ခံလိုက်သည်။

"ဒီအကြီးအကဲလည်း သဘောတူပါတယ်"

လုရှန်ယွဲ့လည်း ခေါင်းညိတ်လိုက်သည်။

"ကဲ... ဒါဆို ဒီအတိုင်းပဲ အတည်ပြုလိုက်ကြတာပေါ့"

မြို့စားမင်းကြီး ခေါင်းညိတ်လိုက်သည်။

*

နောက်တစ်နေ့ နံနက်ခင်းတွင် ဖြစ်သည်။

ပေါက်ကွဲအား ပြင်းထန်သော သတင်းတစ်ခု ရိုက်ခတ်သွားသည်။

ရေပေါ်ဖြူမြို့တော် နတ်ဆိုးသတ်ပွဲတော်၏ ရလဒ်များကို တရားဝင် ကြေညာလိုက်တော့၏။

အခန်း (၁၆၂) - ခွဲခွာရမည့် အခိုက်အတန့်၊ တုန်းချန်၏ ဘိုးဘေး

~ရေပေါ်ဖြူမြို့တော်၊ မြို့စားမင်းအိမ်တော်၏ အပြင်ဘက်တွင် ဖြစ်သည်။

အနီရောင် ကြေညာစာတမ်းကြီးတစ်ခုကို ကပ်ထားလိုက်တော့၏။

ခေါင်းစဉ်တွင် "နတ်ဆိုးသတ်ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်" ဟူသော စာလုံးကြီး (၆) လုံးကို ထင်ရှားစွာ ရေးသားထားသည်။

လူအုပ်ကြီး၏ အကြည့်များသည် အောက်ဘက်သို့ ရွေ့လျားသွားပြီး ပထမနေရာရှိ စာလုံး (၃) လုံးအပေါ်သို့ ကျရောက်သွားသည်။

"မြူခိုးဂိုဏ်း"

"ငါ ထင်သားပဲ"

"ဒါက ထင်နေစရာတောင် လိုသေးလို့လား"

လူအုပ်ကြီးသည် ဝိုင်းအုံလာကြပြီး မကြာမီ ပြင်းထန်သော ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။ လူတိုင်းက ဖြစ်ပြီးမှ ဆရာကြီးလုပ်ကာ "မြူခိုးဂိုဏ်း ပထမရမယ်ဆိုတာ ငါစောစောကတည်းက သိသားပဲ" ဟု ပြောဆိုနေကြသည်။

" 'ဓားသိုင်းအရှင် ဂိုဏ်း' က ဒုတိယ၊ 'နီရှန် နန်းတော်' က တတိယ၊ 'ငှက်မွှေး ဂိုဏ်း' က စတုတ္ထ၊ 'တောင်ပြို ဂိုဏ်း' က ပဉ္စမ..."

ကြည့်ရှုသူများသည် အဆင့်သတ်မှတ်ချက်များကို ကြည့်ပြီး သတင်းစကားများကို လျင်မြန်စွာ ဖြန့်ဝေလိုက်ကြသည်။

နီရှန် နန်းတော်တွင် ဖြစ်သည်။

"ထင်ထားတဲ့အတိုင်းပဲ... မြူခိုးဂိုဏ်းက ပထမ၊ ဓားသိုင်းအရှင် ဂိုဏ်းက ဒုတိယ ဆိုတာ ဖြစ်သင့်ပါတယ်... ဒါပေမဲ့ ငါတို့က တတိယတောင် ရတယ်ပေါ့... ပြီးခဲ့တဲ့တခေါက် နတ်ဆိုးသားရဲကို တားဆီးတုန်းက ငါ အားကုန်ထုတ်ခဲ့လို့များလား"

နန်းတော်သခင်မသည် နွေးထွေးသော ကျောက်စိမ်းပလ္လင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းလျက် ရင်ခွင်ထဲမှ မြေခွေးနီလေးကို ပွတ်သပ်ပေးရင်း တံခါးဝသို့ လှမ်းကြည့်လိုက်သည်။

ထိုတိုက်ပွဲတုန်းက သူမခမျာ နတ်ဆိုးသားရဲ၏ ကစားတာကို ခံလိုက်ရရှာသည်။

သို့သော်၊ သူမသာ မရှိလျှင် ရေပေါ်ဖြူမြို့တော်၏ အနောက်ဘက်ခြမ်း ပျက်စီးသွားနိုင်ပြီး လူထောင်ပေါင်းများစွာ သေဆုံးသွားနိုင်သည်။ ဒါကြောင့် တတိယနေရာ ရတာက မျှတတသည်ဟု ပြောလို့ ရပါသည်။

ဓားသိုင်းအရှင် ဂိုဏ်းတွင် ဖြစ်သည်။

သူ၏ ဂိုဏ်းက ဒုတိယနေရာ ရရှိကြောင်း သိလိုက်ရသောအခါ ဓားသိုင်းအရှင် ဂိုဏ်းချုပ်သည် သက်ပြင်းချလိုက်ပြီး ဂိုဏ်းသား ရာပေါင်းများစွာကို လှည့်ပြောလိုက်သည်။

"ငါတို့ အကောင်းဆုံး ကြိုးစားခဲ့ကြတာပဲ... ဒုတိယနေရာ ဆိုပေမယ့် မဆိုးပါဘူးကွာ"

ငှက်မွှေး ဂိုဏ်းတွင် ဖြစ်သည်။

ဂိုဏ်းချုပ်သည် ဝါးကုလားထိုင်ပေါ်တွင် ထိုင်လျက် ဝိညာဉ်လက်ဖက်ရည် သောက်နေ၏။ ဒီနေ့ လက်ဖက်ရည်က နည်းနည်း ခါးသလို ခံစားလိုက်ရပြီး တီးတိုး ရေရွတ်လိုက်သည်။

"ငှက်မွှေး ဂိုဏ်းက ထိပ်ဆုံး (၃) နေရာ စာရင်းမဝင်တာ ဒါ ပထမဆုံးအကြိမ်ပဲ... ရှက်စရာ ကောင်းလိုက်တာ"

သတင်းစကားများသည် တဖြည်းဖြည်း ဟိုးလေးတ‌ကျော် ဖြစ်သွားသည်။

"မြူခိုးဂိုဏ်းက ပထမတဲ့ဟေ့"

"မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းက ဆိုဟွန်းကျန်းရန်ကို သတ်ခဲ့သလို နတ်ဆိုးသားရဲကိုလည်း နှိမ်နင်းခဲ့တာလေ... သူသာ မရှိရင် ငါတို့ ရေပေါ်ဖြူမြို့တော်က ဒီအချိန်ဆို ပျက်စီးနေလောက်ပြီ... ပထမနေရာနဲ့ တကယ့်ကို ထိုက်တန်ပါတယ်"

ရေပေါ်ဖြူမြို့တော် အတွင်းသာမက အနီးနားရှိ 'အရောင်ငါးမျိုး မြို့တော်'၊ 'မီးရှူးတိုင် မြို့တော်' နှင့် ‘’တာဖုန်း ရှေးဟောင်းမြို့’တို့ဆီသို့ပါ သတင်းရောက်ရှိသွားသည်။

အရင်က မဆုံးဖြတ်နိုင်သေးသူ အများအပြားသည် မြူခိုးဂိုဏ်းကို အမှန်တကယ် အသိအမှတ်ပြုလာကြပြီး အချိန်တိုအတွင်း ဂုဏ်သတင်းတန်ဖိုး အများအပြား ရရှိစေခဲ့သည်။

မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၂,၂၀၃]

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၂,၇၉၃]

ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် ရပ်လျက် နားထဲ၌ ဆက်တိုက် မြည်နေသော အချက်ပေးသံများကို နားထောင်ရင်း မျက်လုံးပြူးကာ ဇဝေဇဝါ ဖြစ်နေ၏။

'ဂုဏ်သတင်းတန်ဖိုးတွေက ဘာလို့ ရုတ်တရက်ကြီး ဒီလောက် တက်လာတာလဲ'

'ဟိုယွင်ကျဲက အပြင်မှာ တခုခုများ သွားလုပ်လိုက်လို့လား'

'မဖြစ်နိုင်ပါဘူး'

ယဲ့ဖုန်းသည် အခြေအနေကို နားလည်ရန် အချိန်ယူလိုက်ရသည်။

“ဒေါင်…”

တောင်ခါးပန်းဆီမှ 'ဆင့်ခေါ်ခေါင်းလောင်း' သံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်ရာ မြူခိုးများ ဖယ်ရှားသွားပြီး တောင်ခါးပန်းရှိ ဇရပ်တွင် ရပ်နေသော လူနှစ်ဦးကို တွေ့လိုက်ရသည်။

"ရှင်းကွမ်ရွှမ် နဲ့ ပိုင်ဟွာရှောင်... သူတို့ ဘာလာလုပ်ကြတာလဲ"

နားမလည်သော်လည်း ယဲ့ဖုန်းသည် သူတို့နှစ်ဦးကို တောင်ပေါ်တက်ခွင့် ပြုလိုက်သည်။

"ဂိုဏ်းချုပ်ယဲ့... ဂုဏ်ယူပါတယ်ဗျာ... ဒီနေ့ နတ်ဆိုးသတ်ပွဲတော်ရဲ့ ဂိုဏ်းခွဲပြိုင်ပွဲ ရလဒ်တွေ ထွက်လာပါပြီ... ခင်ဗျားတို့ဂိုဏ်းက ထိုက်ထိုက်တန်တန် ပထမ ရပြီး လာမယ့်နှစ် ခရိုင်ဘုရင်မြို့တော်မှာ ကျင်းပမယ့် 'နတ်ဆိုးသတ်ပွဲတော်' ကို တက်ရောက်ခွင့် ရသွားပါပြီ"

ရှင်းကွမ်ရွှမ်သည် တောင်ပေါ်ရောက်သည်နှင့် တပြိုင်နက် ဂုဏ်ပြုစကား ဆိုလိုက်သည်။

"ဗျာ..."

ယဲ့ဖုန်း ကြောင်သွားသည်။

"အဆင့်သတ်မှတ်ချက်က ဘယ်လိုလုပ် ချက်ချင်း ထွက်လာတာလဲဗျ... စစ်ပွဲလက်ရုံးရည် ပစ္စည်းတွေကို မြို့စားမင်းအိမ်တော်မှာ သွားပြီး အမှတ်နဲ့ မလဲရဘူးလား"

ရှင်းကွမ်ရွှမ် လက်ကာပြလိုက်သည်။

"ဂိုဏ်းချုပ်ယဲ့က တစ်မြို့လုံးရဲ့ ရှေ့မှာတင် ဆိုဟွန်းကျန်းရန်နဲ့ နတ်ဆိုးသားရဲကို သတ်ပြခဲ့တာလေ... ပထမနေရာက သေချာပေါက် ရပြီးသားပါ... ဒါ့အပြင် 'ကျားနတ်ဆိုး ဗိုလ်ချုပ်ကြီး' နဲ့ တခြား နတ်ဆိုးသားရဲ အများကြီးကို သတ်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိသေးတယ်... အမှတ်သွားလဲနေစရာတောင် မလိုပါဘူး... တခြားဂိုဏ်းတွေကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက အမှတ်လဲလှယ်တာတွေ ပြီးသွားကြပါပြီ"

ယဲ့ဖုန်း သဘောပေါက်သွားသည်။

"ဪ... အဲဒီလိုကိုး"

ထိုအချိန်တွင် 'အစိမ်းရောင် ကျောက်စိမ်းမျှော်စင်'၏ သခင်မ ပိုင်ဟွာရှောင်သည် သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူကာ ဖွင့်ပြလိုက်ရာ 'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး' အတုံး (၁၀၀) ပေါ်ထွက်လာသည်။

"ဂိုဏ်းချုပ်ယဲ့... အရင်တုန်းက ကျွန်မတို့ရဲ့ ဒုတိယမျှော်စင်သခင်မက ရူယွီကို ဒုက္ခပေးခဲ့မိပါတယ်... သူ့ကို ကျွန်မ ကိုယ်တိုင် အပ်နဲ့ ထိုးပြီး သတ်ပစ်လိုက်ပါပြီ... ဒီဝိညာဉ်ကျောက်တုံးတွေက တောင်းပန်တဲ့ လက်ဆောင်ပါ... ကျေးဇူးပြုပြီး လက်ခံပေးပါရှင်"

ဟု ပိုင်ဟွာရှောင်က ကမ်းလှမ်းလိုက်သည်။

"ဒါကြီးက... ဘယ်လိုလုပ် လက်ခံလို့ ဖြစ်ပါ့မလဲ"

ယဲ့ဖုန်းသည် ပါးစပ်က ငြင်းနေသော်လည်း လက်ကမူ ဝိညာဉ်ကျောက်တုံးများကို ရိုးသားစွာ လှမ်းယူလိုက်သည်။

ယဲ့ဖုန်း လက်ခံလိုက်သည်ကို မြင်သောအခါ ဤကိစ္စ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ပိုင်ဟွာရှောင် စိတ်သက်သာရာ ရသွားသည်။

"မမ... ဘာလာလုပ်တာလဲဟင်"

နတ်ဘုရား ဟင်းသီးဟင်းရွက် ပျိုးပင်အိုးကို ပိုက်လျက် ယန်ရူယွီ ဖြတ်လျှောက်လာပြီး ပိုင်ဟွာရှောင်ကို မြင်သောအခါ အနားသို့ ပြေးကပ်လာသည်။

"ညီမလေးကို လာတွေ့တာပါ"

ပိုင်ဟွာရှောင် နွေးထွေးစွာ ပြုံးလိုက်သည်။

"ညီမလေးက ဟင်းသီးဟင်းရွက် သွားစိုက်မလို့... နောက်မှ တွေ့မယ်နော်"

ယန်ရူယွီသည် ကျားယွိလန်နှင့်အတူ ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် အလုပ်ရှုပ်နေသဖြင့် လက်ပြနှုတ်ဆက်ပြီး 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ထဲသို့ ပျိုးပင်များ သယ်ဆောင်သွားတော့သည်။

"ဂိုဏ်းချုပ်ယဲ့ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်မတို့ ပြန်ခွင့်ပြုပါဦး"

ပိုင်ဟွာရှောင်သည် အရိုအသေပြုလိုက်ပြီး ရှင်းကွမ်ရွှမ်ကို ခေါ်ကာ ထွက်ခွာသွားကြသည်။

ရှင်းကွမ်ရွှမ်သည် နောက်သို့ လှည့်ကြည့်ပြီး ဝမ်းနည်းသော မျက်နှာဖြင့်

"ဂိုဏ်းချုပ်ယဲ့... နောက်ရက်နည်းနည်းနေရင် ကျွန်တော် ဂိုဏ်းကို ပြန်ရတော့မယ်... ရေစက်ပါရင် ပြန်တွေ့ကြတာပေါ့ဗျာ"

ဟု နှုတ်ဆက်လာသည်။

ထို့နောက် သူတို့နှစ်ဦးသည် ဓားပျံစီးကာ ထွက်ခွာသွားကြသည်။

ယဲ့ဖုန်းသည် ရှင်းကွမ်ရွှမ်၏ ကျောပြင်ကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။

ခွဲခွာခြင်း ဆိုတာ အမြဲတမ်း ဝမ်းနည်းစရာပါပဲ။

ရှင်းကွမ်ရွှမ်နှင့် သိကျွမ်းခဲ့သည်မှာ တစ်လခန့်သာ ရှိသေးသော်လည်း သူတို့သည် စိတ်တူကိုယ်တူ သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။ ကံမကောင်းစွာဖြင့် ရှင်းကွမ်ရွှမ်၏ တာဝန် ပြီးဆုံးခါနီးပြီ ဖြစ်သဖြင့် 'လျိုယွင် ဂိုဏ်း' သို့ ပြန်လည် သတင်းပို့ရတော့မည် ဖြစ်သည်။

"ဒါနဲ့... ငါ ဘာလို့ 'တုန်းချန်'ကို လုံးဝ မတွေ့ရတာလဲ"

ယဲ့ဖုန်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။

လုရှန်ယွဲ့သည် လျိုယွင်ဂိုဏ်းမှ ရေပေါ်ဖြူမြို့တော်သို့ ရောက်လာစဉ်က တပည့် (၃) ယောက် ခေါ်ဆောင်လာခဲ့သည်။ ရှင်းကွမ်ရွှမ်၊ ဖန်ဟိုင်ယွင်နှင့် တုန်းချန် တို့ဖြစ်သည်။

ရှင်းကွမ်ရွှမ်က ပိုင်ဟွာရှောင်နဲ့ အချိန်ကုန်နေတယ်။

ဖန်ဟိုင်ယွင်က ရှဲ့ကျားရင်နှင့် အဆင်ပြေနေပြီး 'သားရဲဝိညာဉ်ဂိုဏ်း'ရဲ့ ဂိုဏ်းခွဲမှာ ရှိနေလောက်၏

တုန်းချန်ကိုတော့ ယဲ့ဖုန်း သိပ်စကားမပြောဖြစ်ခဲ့ပါ... မျက်လုံးမှေးသော တပည့် တစ်ယောက် ဆိုတာလောက်ပဲ သိပါ၏။

*

ထိုက်ယွဲ့ တောင်တန်း၏ အစွန်အဖျားတွင် ဖြစ်သည်။

လူငယ်တစ်ဦးသည် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်လျက် သစ်တောနက်ထဲတွင် ရှာဖွေနေ၏။

"ထူးဆန်းလိုက်တာ... ငါ ရှာနေတာ ကြာလှပြီ... ဘာတုံ့ပြန်မှုမှ မပြဘူး... ပစ္စည်းက ဒီနားမှာ ရှိတယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်ရာ ညွှန်တံသည် မရွေ့မလျား ငြိမ်သက်နေကြောင်း တွေ့လိုက်ရသည်။

သူသည် လုရှန်ယွဲ့နှင့်အတူ ရေပေါ်ဖြူမြို့တော်သို့ လိုက်လာခြင်းမှာ အကြောင်းရင်း (၂) ချက် ရှိ၏။ တစ်ချက်က ဂိုဏ်းတာဝန် ဖြစ်ပြီး၊ နောက်တစ်ချက်က မိသားစု အမွေအနှစ်ကို ရှာဖွေရန် ဖြစ်သည်။

"တီ"

ရုတ်တရက် သံလိုက်အိမ်မြှောင် ညွှန်တံ လှုပ်ရှားသွားသည်။

တုန်းချန်သည် ညွှန်ပြရာ လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်သွားရာ ရေကန်အေးတစ်ခုသို့ ရောက်ရှိသွားသည်။ ရေထဲသို့ (၁၀) မီတာခန့် ငုပ်သွားပြီးနောက် ဂူတစ်ခုကို တွေ့ရှိလိုက်ရသည်။ အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်သွားရာ လင်းထိန်နေသော ရေအောက် နေရာလွတ်တစ်ခုသို့ ရောက်ရှိသွားသည်။

နေရာလွတ်သည် ကျယ်ဝန်းပြီး အလယ်ဗဟိုတွင် (၁) မီတာခန့် မြင့်သော ကျောက်စိမ်းစင်မြင့်တစ်ခု ရှိကာ နူးညံ့သော အလင်းရောင်များ ထုတ်လွှတ်နေ၏။

စင်မြင့်ပေါ်တွင် အဘိုးအိုတစ်ဦး၏ ခေါင်းပြတ်တစ်ခု တင်ထားသည်။ တုန်းချန်သည် ပုံတူပန်းချီကား တစ်ချပ်ကို ထုတ်ယူပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရာ သူ၏ ရှေးဟောင်း ဘိုးဘေး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။

"ဘိုးဘေး... နောက်ဆုံးတော့ တွေ့ပြီ"

တုန်းချန်သည် လက်ညှိုးထိပ်ကို အမြန် ဖောက်လိုက်ပြီး ခေါင်းပြတ်၏ နဖူးပေါ်တွင် အထူး သင်္ကေတတစ်ခု ရေးဆွဲလိုက်ရာ ထိုခေါင်းပြတ်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ မျက်လုံးများသည် နက်ပြာရောင် ရှိ၏။

"ငါ့ကို ဘယ်သူ နှိုးလိုက်တာလဲ"

အဘိုးအိုက မေးလိုက်သည်။ သူ၏ အာဏာရှိသော အသံသည် ဂူအတွင်းတွင် ပဲ့တင်ထပ်သွားသည်။

"ဘိုးဘေး... ကျွန်တော်က ဘိုးဘေးရဲ့ မျိုးဆက် တုန်းချန် ပါ... မိသားစု မှတ်တမ်းတွေအရ ဘိုးဘေးက 'မူလနတ်ဘုရားအဆင့်' ပညာရှင်ကြီးတစ်ဦးနဲ့အတူ တိုက်ပွဲကျသွားတယ်လို့ တွေ့ခဲ့ရပါတယ်... 'သွေးမျိုးဆက် သံလိုက်အိမ်မြှောင်' ကို သုံးပြီး ဒီနေရာအထိ ခြေရာခံ လိုက်လာခဲ့တာပါ... ပျောက်ဆုံးနေတဲ့ 'သွေးမျိုးဆက် အထောက်အကူပြု ကျင့်စဉ်' ကို ပြန်လည် ပေးသနားတော်မူပါ"

တုန်းချန်၏ အသံသည် နောက်ပိုင်းတွင် တိမ်ဝင်သွားသည်။

သူ၏ တုန်း မိသားစုသည် တစ်ချိန်က ကြယ်သုံးပွင့် မိသားစုအဖြစ် ထင်ရှားခဲ့သော်လည်း ဘိုးဘေးကြီး ကျဆုံးသွားပြီးနောက် သွေးမျိုးဆက် ကျင့်စဉ် ပျောက်ဆုံးသွားသဖြင့် မိသားစု အရှိန်အဝါ တဖြည်းဖြည်း ကျဆင်းလာခဲ့ရသည်။

ယခုအခါ အစွမ်းထက်ဆုံး ဆိုလို့ 'ချီစုစည်းခြင်း (၉) ဆင့်' သာ ရှိသော သူသာ ရှိတော့သည်။

"အနားတိုးခဲ့... မင်းရဲ့ သွေးမျိုးဆက်ကို ငါ စစ်ဆေးကြည့်မယ်... အရည်အချင်း ပြည့်မီတယ်ဆိုရင် ကျင့်စဉ်ကို လွှဲပြောင်းပေးဖို့ စဉ်းစားပေးမယ်"

ဟု တုန်းချန်၏ ဘိုးဘေးက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

တုန်းချန် အနားသို့ တိုးသွားလိုက်သည်။

နောက်တစ်ခဏတွင် ဘိုးဘေး၏ မျက်လုံးများမှ အလင်းတန်းများ ပစ်ခတ်ထွက်ပေါ်လာပြီး တုန်းချန်၏ မျက်လုံးများကို တိုက်ရိုက် ထိမှန်သွားသည်။ တုန်းချန် တုန်လှုပ်သွားပြီး ရုတ်တရက် လှုပ်ရှား၍ မရတော့ဘဲ ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

"မဆိုးဘူး... မင်းရဲ့ သွေးမျိုးဆက် သိပ်သည်းဆက ကျေနပ်စရာ ကောင်းတယ်... နည်းနည်းလောက် ကြိုးစားလိုက်ရင် ငါ ဖန်တီးခဲ့တဲ့ ကျင့်စဉ်ကို ပြန်လည် ကျင့်ကြံနိုင်လိမ့်မယ်"

ဘိုးဘေးက တီးတိုး ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ တုန်းချန် စိတ်သက်သာရာ ရသွားသည်။

သို့သော် ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော 'ဝါးမြိုခြင်း စွမ်းအား’ တစ်ခုသည် တုန်းချန်၏ 'ဝိညာဉ်ပင်လယ်' ထဲတွင် ပေါက်ကွဲထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားကာ သတိလစ် မေ့မြောသွားလေတော့သည်။

ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ခေါင်းပြတ်မှာမူ ပြာမှုန့်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

တုန်းချန် မျက်လုံး ပြန်ဖွင့်လာသောအခါ သူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး မရင်းနှီးသော၊ ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။

"မိုင်တစ်ထောင် အဝေးကနေ ကိုယ်ခန္ဓာ လာပို့ပေးတယ်... တကယ့် မြေးလိမ္မာလေးပဲ... စိတ်ချပါ... ငါ့ရဲ့ ဦးဆောင်မှုအောက်မှာ တုန်း မိသားစုက အထွတ်အထိပ်ကို ပြန်ရောက်စေရမယ်... 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' က လူတွေကို 'တုန်းတုန်းချန်' ရဲ့ စွမ်းရည်ကို ပြသရမယ်"

အမွှေးတိုင်တစ်တိုင် တစ်ဝက်ကျိုးစာ အချိန်ခန့်အကြာတွင်၊

တုန်းချန်၏ ခန္ဓာကိုယ်ကို ဝင်ရောက် ပူးကပ်လိုက်သော တုန်းတုန်းချန် သည် ရေကန်အေး၏ အစွန်းသို့ ပြန်တက်လာခဲ့သည်။ ရေထဲတွင် ပေါ်နေသော သူ၏ ပုံရိပ်ကို ကြည့်လိုက်ရာ မျက်လုံးသေးတာကလွဲလျှင် ကျန်တာ အားလုံး နီးပါး ပြီးပြည့်စုံသည်ဟု တွေ့လိုက်ရသဖြင့် ကျေနပ်အားရစွာ ရယ်မောလိုက်သည်။

"မှတ်ဉာဏ်တွေအရဆိုရင် ငါ့နာမည်က အခု တုန်းချန် ပေါ့... 'ကြယ်တစ်ပွင့်အဆင့်' လျိုယွင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တဲ့... ဟွန့်... တုန်း မိသားစုက ဘယ်လောက်တောင် ကျဆင်းသွားရတာလဲ... ဒီလောက် သေးနုပ်တဲ့ ဂိုဏ်းလေးထဲ ဝင်နေရတယ်လို့"

တုန်းတုန်းချန်သည် မှတ်ဉာဏ်များကို စီစစ်ရင်း ဒေါသထွက်နေမိသည်။

သူသည် အတိတ်က 'မူလနတ်ဘုရားအဆင့်' ပညာရှင်ကြီး တစ်ဦး ဖြစ်ခဲ့ပြီး 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' တစ်ခုလုံးတွင် ထိပ်တန်း အစွမ်းထက်သူတစ်ဦး ဖြစ်ခဲ့သည်။ ဘုရင်မင်းမြတ် ကိုယ်တိုင်ပင် သူ့ကို လေးစားစွာဖြင့် "အစ်ကိုတုန်း" ဟု ခေါ်ဝေါ်ခဲ့ရသည်။

သို့သော်၊ ယခုတော့... တုန်း မိသားစုရဲ့ ဘုန်းရောင်တွေ မှေးမှိန်သွားခဲ့တော့၏။

All Chapters