အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း (၁၆၃) - မြို့စားမင်းအိမ်တော်၏ ဆုလာဘ်၊ ရေတံခွန်အောက်မှ ခန္ဓာကိုယ် ကျင့်ကြံခြင်း
~'တုန်း မိသားစုက လုံးဝ ကျဆင်းသွားပြီ ဆိုပေမယ့်... ငါကတော့ ပြန်လည် မွေးဖွားလာခဲ့ပြီ... ငါ့ရဲ့ ရန်သူတော်ကြီးကလည်း ငါ့ရဲ့ ကိုယ်ဖောက်ခွဲမှုကြောင့် သေသွားလောက်ပြီ... သူတို့မိသားစု မျိုးဆက်ပြတ်လောက်ရောပေါ့... လျိုယွင်ဂိုဏ်းမှာ ခဏလောက် အောင့်အီးသည်းခံပြီး နေလိုက်ရင် ငါ ကောင်းကင်အထိ ပျံတက်နိုင်မှာပါ'
တုန်းတုန်းချန် တွေးတောလိုက်ပြီး ဓားစီးကာ ထွက်ခွာသွားသည်။
မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။
[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၁,၁၀၅]
ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် လမ်းလျှောက်နေရင်း နားထဲ၌ ဆက်တိုက် မြည်နေသော အချက်ပေးသံများကို နားထောင်ကာ ကျေနပ်နေ၏။
မြူခိုးဂိုဏ်းသည် နတ်ဆိုးသတ်ပွဲတော်တွင် ပထမရရှိခဲ့သည်ဟူသော သတင်း ကျော်ကြားသွားကတည်းက ဂုဏ်သတင်းတန်ဖိုးများသည် ဒုံးပျံစီးထားသကဲ့သို့ တဟုန်ထိုး တက်လာခဲ့သည်။ မူလ (၂၀,၀၀၀) မှ (၄၅,၀၀၀) အထိ ရောက်ရှိလာပြီး နှစ်ဆနီးပါး တိုးလာကာ (၁၀၀,၀၀၀) ၏ ထက်ဝက်သို့ ရောက်ရှိရန် နီးစပ်နေတော့၏။
'ရေပေါ်ဖြူမြို့တော်နဲ့ ပတ်ဝန်းကျင် မြို့တွေရဲ့ လူဦးရေ စုစုပေါင်းက တစ်သန်းကျော်တယ်... လူ (၁၀) ယောက်မှာ (၁) ယောက်လောက်က ငါတို့ကို အသိအမှတ်ပြုရင်တောင် ဂုဏ်သတင်းတန်ဖိုးက တစ်သိန်းကို အသာလေး ကျော်သွားမှာ'
'ဒါ့အပြင် တိုးတက်နှုန်းကလည်း တော်တော် ကြမ်းတယ်... ဒီအတိုင်းသာဆိုရင် နောက်ရက်နည်းနည်းလောက်နေရင် (၈၀,၀၀၀) လောက် ရောက်သွားလိမ့်မယ်'
ယဲ့ဖုန်း၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပိုမို တောက်ပလာသည်။
"ဂိုဏ်းချုပ်ယဲ့... မြို့စားမင်းက ခင်ဗျားကို ခေါ်နေပါတယ်"
ထိုအချိန်တွင် အိမ်တော်ထိန်း ကျိုးကျားချန်၏ အသံသည် တောင်အောက်မှ ထွက်ပေါ်လာသည်။
'အိမ်တော်ထိန်းကျိုးက ဘာလို့ ဒီရောက်နေတာလဲ... နတ်ဆိုးသတ်ပွဲတော် ကိစ္စကြောင့်များလား'
ယဲ့ဖုန်းသည် မြူခိုးများကို ဖွင့်ပေးလိုက်သည်။
မြို့စားမင်းအိမ်တော်၏ အစည်းအဝေး ခန်းမဆောင်တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် သူ၏ နေရာတွင် ဝင်ထိုင်လိုက်သည်။
ဒီတစ်ခါတွင် သူသည် ပထမတန်းတွင် မထိုင်ရဘဲ မြို့စားမင်းကြီး၊ ဒုတိယမြို့စားမင်းနှင့် အခြားသော ဓာတ်ကြီး ငါးပါး စုစည်းခြင်းအဆင့် ပညာရှင်များနှင့်အတူ စင်မြင့်ထက်တွင် ထိုင်ခွင့်ရပြီး အောက်ဘက်ရှိ ဂိုဏ်းချုပ်ပေါင်း ရာနှင့်ချီကို မျက်နှာမူထားရသည်။
ကျားလိီအန်း ၊ လုံကျန်းချွမ်နှင့် တောင်ပြိုဂိုဏ်းချုပ် ကဲ့သို့သော ပုဂ္ဂိုလ်များသည် သူ့ကို လေးစားသော အကြည့်များဖြင့် ကြည့်နေကြကြောင်း ယဲ့ဖုန်း သတိထားမိလိုက်သည်။
"ဒီနေ့ လူတိုင်းကို ခေါ်လိုက်တာကတော့ အဓိကအားဖြင့် ဒီနတ်ဆိုးသတ်ပွဲတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အကျဉ်းချုပ် ပြောပြချင်လို့ပါ"
ပွဲ စီစဉ်သူ ဖြစ်သော လုရှန်ယွဲ့က အစည်းအဝေးကို ဖွင့်လှစ်လိုက်သည်။
"လနီးပါးကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်... မြူခိုးဂိုဏ်း၊ ဓားသိုင်းအရှင်ဂိုဏ်းနဲ့ နီရှန်နန်းတော်တို့က ထိပ်ဆုံး (၃) နေရာကို အသီးသီး ရယူနိုင်ခဲ့ကြပါတယ်... အရင် စည်းမျဉ်းတွေအရ သူတို့ကို 'အဆင့်နိမ့် မူလခိုင်မာ ဆေးလုံး' ၊ 'ဒုတိယအဆင့် သိုင်းနည်းစနစ်' နဲ့ 'အဆင့်နိမ့် ဝိညာဉ်လက်နက်' တွေကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်"
ထိုစကားကို ပြောလိုက်သောအခါ ခန်းမတစ်ခုလုံးတွင် မနာလို အားကျသံများ ပြည့်နှက်သွားသည်။
ခေတ္တမျှ ရပ်နားပြီးနောက် လုရှန်ယွဲ့ ဆက်ပြောသည်။
"ဒီပွဲမှာ ပထမရရှိခဲ့တဲ့ မြူခိုးဂိုဏ်းကို နောက်လအနည်းငယ်အကြာ ခရိုင်ဘုရင်မြို့တော်မှာ ကျင်းပမယ့် 'နတ်ဆိုးသတ်ပွဲတော်ကြီး' ကို တက်ရောက်ဖို့အတွက် ထောက်ခံချက် ပေးသွားမှာ ဖြစ်ပါတယ်"
"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ယဲ့"
ရှိနေသူများက ဂုဏ်ပြုစကား အော်ဟစ် ပြောဆိုကြသည်။
"ကံကောင်းသွားရုံ သက်သက်ပါဗျာ"
ယဲ့ဖုန်းသည် နှိမ့်ချစွာဖြင့် လက်သီးဆုပ် အရိုအသေပြုလိုက်ပါသည်။ သူက အနည်းငယ် ရှက်ရွံ့နေပုံ ပေါက်နေ၏။
"ဒီဆုတွေက မြို့စားမင်းအိမ်တော်နဲ့ လျိုယွင်ဂိုဏ်းက ပေးအပ်တဲ့ ဆုလာဘ်တွေပါ... လက်ခံပေးကြပါ"
ထိုသို့ ကြေညာပြီးနောက်၊ မြို့စားမင်းကြီးသည် သိုလှောင်လက်ကောက် (၃) ကွင်းကို ထုတ်ယူလိုက်ပြီး ယဲ့ဖုန်း၊ ဓားသိုင်းအရှင် ဂိုဏ်းချုပ်နှင့် နီရှန် နန်းတော်သခင်မ တို့ကို ပေးအပ်လိုက်သည်။
ထို့နောက် အစည်းအဝေး ပြီးဆုံးသွားသည်။
ယဲ့ဖုန်းသည် ဂိုဏ်းချုပ်များ၏ ဝိုင်းဝန်း နှုတ်ဆက်ခြင်းကို ခံရပြီး အပြန်အလှန် ချီးကျူးစကား ဆိုနေရသည်။
လူအုပ်ကြီး ကွဲသွားပြီးနောက် လုရှန်ယွဲ့သည် ယဲ့ဖုန်းအနားသို့ လျှောက်လာပြီး လက်သီးဆုပ်ကာ အသိပေးလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ရေပေါ်ဖြူ မြို့တော်ရဲ့ နတ်ဆိုးသတ်ပွဲတော် ပြီးဆုံးပါပြီ... လာမယ့်နှစ် နွေဦးပေါက်ရင် ခရိုင်ဘုရင်မြို့တော်ကို သွားဖို့ မမေ့ပါနဲ့... အဲဒီအချိန်ကျရင် ခင်ဗျားတို့ဂိုဏ်းက တပည့်တွေကို ကျွန်တော် လမ်းပြပေးပါ့မယ်"
"ကောင်းပါပြီဗျ"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းချုပ်ယဲ့ကို အရင်တုန်းက အသက်ကယ်ခဲ့ဖူးတဲ့ ကျေးဇူးကြွေး ရှိတယ်လေ... ပြီးတော့ သင့်တော်တဲ့ တောင်းဆိုမှု တစ်ခုကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားခဲ့ဖူးတယ်... ဒါပေမဲ့ အခုချိန်မှာတော့ အဲဒီကတိကို ကျွန်တော် ဖြည့်ဆည်းပေးနိုင်တော့မယ် မထင်ဘူး... ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်ယဲ့ရဲ့ စွမ်းအားနဲ့ဆိုရင် ကျွန်တော့်အကူအညီကို လိုအပ်တော့မှာ မဟုတ်ဘူးလေ"
ထို့နောက် လုရှန်ယွဲ့၏ လေသံ ပြောင်းလဲသွားသည်။
"ဒီလိုလုပ်ပါလား... ကျွန်တော့်ကတိ အစား ဒီ 'အလယ်အလတ်အဆင့် လျိုယွင် အဆောင်လက်ဖွဲ့'ကို ဂိုဏ်းချုပ်ယဲ့အား လက်ဆောင်အဖြစ် ပေးပါရစေ"
"လျိုယွင် အဆောင်လက်ဖွဲ့ ဟုတ်လား"
ယဲ့ဖုန်း အနည်းငယ် အံ့ဩသွားသည်။
"ဒီအဆောင်လက်ဖွဲ့ထဲမှာ အသေးစား ဝင်္ကပါပုံစံကို ထွင်းထုထားပါတယ်... အသုံးပြုလိုက်တာနဲ့ တိမ်တိုက်စီးကြောင်းတစ်ခု အသက်ဝင်လာမယ်၊ ထူးကဲတဲ့ အမြန်နှုန်းနဲ့ ထွက်ပြေးဖို့အတွက် အင်မတန် သင့်တော်ပါတယ်"
လုရှန်ယွဲ့ ရှင်းပြလိုက်ပြီး သူ၏ မျက်နှာထား အနည်းငယ် ထူးဆန်းသွားသည်။
"အမှန်အတိုင်း ပြောရရင်ဗျာ... 'အစွယ်ပါ ဝက်ရူး' နဲ့ 'အတောင်ပံနှစ်ဖက်ပါ မိကျောင်းဘီလူးကြီး' တို့ရဲ့ တိုက်ပွဲကြားကနေ ကျွန်တော် ထွက်ပြေးလွတ်မြောက်လာနိုင်တာ ဒီ လျိုယွင် အဆောင်လက်ဖွဲ့ ကြောင့်ပါပဲ"
"ဪ... ဒါဆိုရင် ကျေးဇူးပါပဲဗျာ"
ယဲ့ဖုန်းလည်း ဝမ်းသာအားရ လက်ခံလိုက်သည်။
"ဒါနဲ့... ကျွန်တော်တို့ လျိုယွင်ဂိုဏ်းက အဆောင်လက်ဖွဲ့ ရေးဆွဲတာမှာ နာမည်ကြီးတယ်နော်... နောက်နောင် ဂိုဏ်းချုပ်ယဲ့ လိုအပ်တာ ရှိရင် ကျွန်တော့်ဆီ လာခဲ့ပါ"
ဟု လုရှန်ယွဲ့က ပြုံးလျက် ကမ်းလှမ်းလိုက်သည်။
"သေချာတာပေါ့ဗျာ"
ယဲ့ဖုန်းက သဘောတူလိုက်ပါသည်။
*
မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် သိုလှောင်လက်ကောက်ကို ဖွင့်လိုက်ပြီး အတွင်းမှ ပစ္စည်းများကို ထုတ်လိုက်သည်။
'အဆင့်နိမ့် မူလခိုင်မာ ဆေးလုံး' တစ်ပုလင်း ပါဝင်ပြီး စုစုပေါင်း (၁၀) လုံး ရှိ၏။ ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်သို့ တက်လှမ်းရာတွင် အသုံးပြုနိုင်သလို အဆင့်ရောက်ပြီးနောက် ကျင့်ကြံခြင်းအဆင့် တိုးတက်စေရန်အတွက်လည်း အဓိက ဆေးလုံး ဖြစ်သည်။
"လျိုယွင် ပန်းပွင့်ပျံများ" ဟု အမည်ရသော စာအုပ်တစ်အုပ်လည်း ပါဝင်သည်။ ၎င်းသည် ဒုတိယအဆင့် သိုင်းနည်းစနစ်ဖြစ်ပြီး အသုံးပြုလိုက်လျှင် ဓားပန်းပွင့်များအဖြစ် စုစည်းနိုင်ကာ အတော်လေး စွမ်းအားပြင်းထန်သည်။
"မိုးမခရွက် ဓား” ဟု အမည်ရသော အဆင့်နိမ့် ဝိညာဉ်လက်နက် (၅) လက်လည်း ပါဝင်သည်။ တစ်လက်စီသည် မိုးမခရွက် ပုံသဏ္ဍာန် ရှိ၏။ စွမ်းအင် ထည့်သွင်းလိုက်သည်နှင့် ရန်သူများကို လျင်မြန်စွာ သတ်ဖြတ်နိုင်သည်။
မိုးမခရွက် ဓား၏ အဓိက အသုံးပြုပုံမှာ ဓားစီးပြီး ခရီးသွားရန် ဖြစ်သည်။ "တောက်ပ အလင်း ဓားသိုင်း"ကဲ့သို့သော ဓားနှင့်ဆိုင်သည့် သိုင်းနည်းစနစ်များကို မလေ့ကျင့်ထားလျှင်ပင် ပိုင်ရှင်က စွမ်းအင်ထည့်သွင်းပြီး အသုံးပြုနိုင်ကာ အလွန် မြန်ဆန်သည်။
'ရှီလေ့၊ ယွင်ကျဲ၊ ကျောက်ကျောက်၊ မိုယင်၊ ထျန်းရှင်း နဲ့ ယွိလန် တို့မှာ ဝိညာဉ်လက်နက်တွေ ရှိနေကြပြီ... ဒီ မိုးမခရွက် ဓား (၅) လက်ကို ရှဟဲ၊ ချိုကျူ၊ ရှောင်ဖုန်း၊ ရှောင်ယွီ နဲ့ ရူယွီ တို့ကို ပေးလိုက်မယ်'
'ကျားရှီးကတော့ သန့်သန့် ခန္ဓာကိုယ်ကျင့်ကြံသူ ဆိုတော့... သာမန် ဝိညာဉ်လက်နက်တွေကို သုံးလို့ မရဘူး... ဒါကြောင့် သူ့ကို ဖားခုန် အခါ (၃၀၀) ခုန်ခိုင်းပြီး ဆုချလိုက်တာ ပိုကောင်းမယ်'
မကြာမီ ယဲ့ဖုန်းသည် ဝိညာဉ်လက်နက်များကို ခွဲဝေပေးလိုက်သည်။
မိုးမခရွက် ဓားများကို လက်ခံရရှိသောအခါ ယန်ရူယွီ၊ အိုးယန်ယွီနှင့် အခြားသူများသည် အလွန် ပျော်ရွှင်သွားကြပြီး 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ဆီသို့ အပြေးသွားကာ လေ့ကျင့်ကြလေတော့သည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် တစ်ရက် ကုန်ဆုံးသွားသည်။
တပည့်အချို့က ကျင့်ကြံနေကြပြီး အချို့က 'အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' ကို ပြုပြင်ပြောင်းလဲရန် အလုပ်ရှုပ်နေကြကာ သူတို့၏ စိတ်အားထက်သန်မှုမှာ လျော့နည်းသွားခြင်း မရှိပေ။
"ဂိုဏ်းချုပ်ယဲ့"
ကောင်းကင်ယံမှ လုရှန်ယွဲ့၏ အသံ ထွက်ပေါ်လာသည်။
ယဲ့ဖုန်း လေထဲသို့ ပျံတက်သွားရာ လုရှန်ယွဲ့၊ ရှင်းကွမ်ရွှမ် ၊ ဖန်ဟိုင်ယွင် ၊ တုန်းချန် နှင့် အခြားသူများသည် ဝိညာဉ်လှေကြီး တစ်စင်းပေါ်တွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်ယဲ့... ကျွန်တော် ဂိုဏ်းပြန်တော့မယ်... နောက်နှစ်မှ ပြန်တွေ့ကြတာပေါ့"
လုရှန်ယွဲ့သည် ယဲ့ဖုန်းကို လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
ရှင်းကွမ်ရွှမ်နှင့် ဖန်ဟိုင်ယွင်တို့ကလည်း လက်သီးဆုပ်ကာ နှုတ်ဆက်ကြသည်။
တုန်းချန် တစ်ယောက်တည်းသာ ယဲ့ဖုန်းကို နှုတ်မဆက်ဘဲ တချက်သာ လှမ်းကြည့်လိုက်သည်။
ယဲ့ဖုန်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဂိုဏ်းချုပ်လု... 'မြင့်မြတ်သော လေဓားဂိုဏ်း' ရဲ့ 'ဓားဝိညာဉ်ကလေး ခန့်အပ်ပွဲ အခမ်းအနား' ကို မတက်ဘူးလား"
"ကျွန်တော်တို့ လျိုယွင်ဂိုဏ်းမှာ လတ်တလော ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေလို့ပါ... ဘယ်သူမှ သွားဖြစ်မယ် မထင်ဘူး"
လုရှန်ယွဲ့က ခေါင်းခါလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... သွားခွင့်ပြုပါဦး"
"နောက်နှစ်မှ တွေ့ကြတာပေါ့"
ယဲ့ဖုန်း .. ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်လှေကြီးသည် အရှိန်ပြင်းစွာဖြင့် ထွက်ခွာသွားပြီး 'မီးရှူးတိုင် မြို့တော်' ကို ဖြတ်ကျော်ကာ အရှေ့ဘက်သို့ ဦးတည်သွားသည်။ နောက်ဆုံးတွင် ယဲ့ဖုန်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
'ထူးဆန်းလိုက်တာ... တုန်းချန်ရဲ့ အကြည့်က နည်းနည်း ထူးဆန်းနေသလိုပဲ... ရှေးဟောင်း ဘီလူးကြီး တစ်ကောင်က ငါ့ကို ကြည့်နေသလိုမျိုး... ငါ စိတ်ထင်နေတာများလား'
ယဲ့ဖုန်း အရှေ့ဘက်သို့ ငေးကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
"ဟား"
အသားကုန် အော်ဟစ်သံ တစ်ခု တောင်ထိပ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ယဲ့ဖုန်း အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျောက်ကျားရှီးသည် ပေါင်လေးထောင် လေးသော ကျောက်တုံးကြီးကို မထားပြီး အားကုန်သုံးကာ ရိုက်ခွဲပစ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ၏ 'ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက်' မှာ ပိုမို ကြွယ်ဝလာပြီး 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၄) ဆင့်မြောက်' သို့ တကယ်ပဲ တက်လှမ်းသွားခဲ့သည်။
"မြန်လိုက်တာ"
ယဲ့ဖုန်း အနည်းငယ် အံ့ဩသွားသည်။ မနေ့ညက ဆုချလိုက်သော ဖားခုန် အခါ (၃၀၀) က ထိရောက်မှု ရှိပုံရသည်။
ယဲ့ဖုန်း တောင်ထိပ်သို့ ဆင်းသက်လိုက်ပြီး ယခုအခါ ပိုမို ကြံ့ခိုင်သန်မာလာသော ကျောက်ကျားရှီးကို စစ်ဆေးကြည့်လိုက်ရာ တည်ငြိမ်မှု ရှိပြီး မျက်လုံးများ တောက်ပနေကာ အရှိန်အဝါ ပိုမို နက်ရှိုင်းလာသည်ကို တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်... ကျွန်တော် 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၄) ဆင့်မြောက်' ကို ရောက်သွားပြီ"
ယဲ့ဖုန်းကို မြင်သောအခါ ကျောက်ကျားရှီး စိတ်လှုပ်ရှားစွာ သတင်းပို့လိုက်သည်။
"မဆိုးဘူး... ခဏလောက် နားလိုက်... ပြီးရင် ဆက်ကျင့်ကြံကြတာပေါ့"
ယဲ့ဖုန်းသည် ကျောက်ကျားရှီး၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ကျောက်ကျားရှီး ခေါင်းညိတ်လိုက်ပြီး ဘေးသို့ ခြေတစ်လှမ်း ဆုတ်ကာ ဆလပ်ရွက် တစ်ရွက်ကို စတင် ဝါးစားလိုက်သည်။
ဒါက နတ်ဘုရား ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။
နေ့တိုင်း နတ်ဘုရား ဟင်းသီးဟင်းရွက် စားပြီး ဝိညာဉ်စမ်းရေ သောက်နေသမျှ ကာလပတ်လုံး သူ့ကျင့်ကြံခြင်းအတွက် လုံလောက်ကြောင်း ကျောက်ကျားရှီး တွေ့ရှိခဲ့ရသည်။
နာရီဝက်ခန့် နားပြီးနောက် ကျောက်ကျားရှီး တောင်အောက်သို့ ဆင်းသွားသည်။
'ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ် - ခန္ဓာကိုယ် သွန်းလောင်းခြင်း အခန်းကဏ္ဍ'၏ စတုတ္ထမြောက် လှုပ်ရှားမှုသည် ရေတံခွန်အောက်တွင် "နတ်ဘုရားလက်သီး" ဟု ခေါ်သော ကျင့်စဉ်တစ်ခုကို လေ့ကျင့်ရန် လိုအပ်သည်။
ထို့အပြင် "နတ်ဘုရားလက်သီး" သည် ကျင့်စဉ်နှင့် တွဲဖက်ထားသော တိုက်ခိုက်ရေး စွမ်းရည်တစ်ခုလည်း ဖြစ်သည်။ သိုင်းနည်းစနစ်နှင့် တူသယောင် ရှိသော်လည်း လုံးဝ ကွဲပြားခြားနားပြီး ကျောက်ကျားရှီး အသုံးပြုရန်အတွက် အလွန် သင့်တော်၏။ သိုင်းနည်းစနစ် မရှိခြင်းကို အစားထိုးပေးနိုင်သည်။
မြူခိုးတောင်ထိပ်တွင် ရေတံခွန် မရှိသဖြင့် ကျောက်ကျားရှီး အပြင်ထွက် ရှာဖွေရသည်။
ခဏအကြာတွင် ကျောက်ကျားရှီးသည် ရေတံခွန်တစ်ခု၏ အောက်ခြေသို့ ရောက်ရှိသွားသည်။
"ဒီနေရာပဲ"
သူ့ဘာသာ ပြောလိုက်သည်။
ကျောက်ကျားရှီးသည် ကြီးမားသော ကျောက်တုံးပြားကြီးတစ်ခုကို ဆွဲလာပြီး ရေတံခွန်အောက်တွင် ထားလိုက်သည်။
ထိပ်ပြောင်မသွားစေရန် ကျောက်ကျားရှီးသည် ခေါင်းကို အဝတ်စအထူဖြင့် ပတ်လိုက်ပြီး ရေတံခွန်အောက်တွင် ဝင်ရပ်လိုက်ရာ ရေစီး၏ ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။ တောဝက်ရိုင်းများ ဝင်ဆောင့်သကဲ့သို့ နာကျင်နေ၏။
'ခေါင်းကို အဝတ်ပတ်ထားလို့ တော်သေးတာပေါ့... မဟုတ်ရင် တကယ် ထိပ်ပြောင်သွားလောက်တယ်'
ကျောက်ကျားရှီးသည် မြင်းစီးသကဲ့သို့ ခြေကို ကားကာ ခိုင်မြဲအောင် ရပ်လိုက်ပြီး အံကို ကြိတ်ထားသည်။
မကြာမီ သူသည် ရေစီးနှင့်အတူ မျောပါသွားပြီး မြေကြီးပေါ်သို့ လိမ့်ကျသွားသည်။
ကျင့်စဉ်တွင် ဖော်ပြထားသည်မှာ သွေးမျိုးဆက် ထပ်မံ မြင့်တက်လာစေရန်အတွက် ရေတံခွန်၏ ရိုက်ခတ်မှုအောက်တွင် "နတ်ဘုရားလက်သီး" ကို လေ့ကျင့်ရမည် ဖြစ်ပြီး မိမိ၏ အရှိန်အဝါအား ပုံမှန်ထက် နှစ်ဆကျော် စုစည်းနိုင်မှသာ 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၅) ဆင့်မြောက်' ကို တက်လှမ်းနိုင်မည် ဖြစ်သည်။
"နတ်ဘုရားလက်သီး" သည် စွမ်းအားကြီးသော လက်သီးသိုင်း တစ်မျိုး ဖြစ်သည်။
စတင် အသုံးပြုလိုက်သည်နှင့် တပြိုင်နက် အရှိန်အဝါသည် ဆက်တိုက် စုစည်းလာမည် ဖြစ်ပြီး တိုက်ခိုက်လေ ပိုမို ပြင်းထန်လေ ဖြစ်လာမည်။ လက်သီးထိုးလိုက်တိုင်း ပိုမြန်လာမည်၊ ပိုအားကောင်းလာမည်။ ထို့အပြင် စွမ်းအားကြီးသော အရှိန်အဝါက ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး ကာကွယ်ရေး လှိုင်းတံပိုး တစ်ခုအဖြစ် ဖန်တီးပေးကာ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းကို ထိရောက်စွာ ပေါင်းစပ်ပေးနိုင်သည်။
"နတ်ဘုရားလက်သီး" အခြေအနေသို့ ဝင်ရောက်သွားပါက လက်သီးထိုးလိုက်တိုင်း အရှိန်အဝါ တိုးပွားလာမည် ဖြစ်ပြီး၊ မူလသဘောတရားအရ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိသရွေ့ အကန့်အသတ် မရှိ တိုးပွားနိုင်သည်။
"ဟား"
ကျောက်ကျားရှီးသည် ကျောက်ပြားပေါ်သို့ ပြန်လည် ခုန်တက်လိုက်ပြီး ရေတံခွန်၏ ရိုက်ခတ်မှုကို ခံနိုင်ရည် ရှိအောင် ပြုလုပ်ကာ အရှိန်အဝါ စုစည်းခြင်းကို ခံစားမိသည်အထိ လက်သီးများကို ဝှေ့ယမ်းလိုက်သည်။
တစ်ကြိမ်၊ နှစ်ကြိမ်...
(၁၀) ကြိမ် မပြည့်ခင်မှာပင် ကျောက်ကျားရှီး တဖန် ပြန်လည် လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ကျရောက်သွားကာ ခန္ဓာကိုယ် တစ်ခုလုံး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး သွေးများ ထွက်လာသည်။
မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် ရေတံခွန်အောက်မှ ကျောက်ကျားရှီးကို အဝေးမှ လှမ်းကြည့်နေ၏။ ဒဏ်ရာရသွားမှန်း သိသော်လည်း ဘေးမှ ကြည့်ရုံသာ ကြည့်နေပြီး ဝင်ရောက် မစွက်ဖက်ပေ။
'ငါက ဂိုဏ်းချုပ်လေ... ကလေးထိန်း မဟုတ်ပါဘူး... ဒီနေ့ကစပြီး တပည့်တွေအနေနဲ့ ပြဿနာတွေကို ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ယူရမယ်'
ယဲ့ဖုန်း ..သူ့ကိုယ်သူ မှာကြားလိုက်သည်။
အခန်း (၁၆၄) - ချစ်စရာ ရှဉ့်လေးနှင့် လက်သီးချင်းထိုးသတ်ပြိုင်ပွဲ
~ယဲ့ဖုန်းသည် "လေညှင်းစီး ပန်းပွင့်ပျံများ" နှင့် "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ် (ပထမတွဲ)" ကဲ့သို့သော ရှေးဟောင်းသိုင်းကျမ်းများကို ဖြန့်ဝေထားပြီး ဖြစ်သည်။
ထိရောက်မှု ရှိမရှိ ဆိုသည်မှာ တပည့်များ၏ ကံတရားအပေါ်တွင်သာ မူတည်တော့သည်။
"ဓားဝိညာဉ်ကလေး ကို တရားဝင် ခန့်အပ်မယ့် အခမ်းအနား ရောက်ဖို့ (၇) ရက်ပဲ လိုတော့တယ်... ကျားရှီးက 'နတ်ဘုရားလက်သီး' ကို တတ်မြောက်ပြီး ခန္ဓာကိုယ် ကျင့်ကြံခြင်း (၅) ဆင့်မြောက်ကို ရောက်နိုင်ပါ့မလား မသိဘူး"
ယဲ့ဖုန်း တွက်ဆနေမိသည်။
'ပြီးတော့ ယွင်ကျဲရော... သူ ဘယ်လို နေနေလဲ... သဲစီးကြောင်း ရှေးဟောင်းမြို့က တင်းပိုင်ရွှယ်နဲ့ အတူရှိနေတယ် ဆိုရင်... ယွင်ဟွာဂိုဏ်းက လင်းယွိယန်က ဘယ်လို လုပ်မလဲ'
ထိုအချက်ကို တွေးမိသောအခါ ယဲ့ဖုန်း၏ မျက်နှာထားသည် တဖြည်းဖြည်း ထူးဆန်းလာသည်။
လင်းယွိယန်က ဟိုယွင်ကျဲအပေါ် ခံစားချက်ရှိနေမှန်း သူ ရိပ်မိသည်။ သို့သော် ဟိုယွင်ကျဲက လင်းယွိယန်အပေါ် ခံစားချက် ရှိမရှိ ဆိုသည်မှာ တခြားကိစ္စ တစ်ခု ဖြစ်သည်။
လက်ရှိ အခြေအနေကို သုံးသပ်ကြည့်လျှင် ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့သည် အချိန်ပိုမို အတူကုန်ဆုံးနေကြပြီး သေရေးရှင်ရေး အတွေ့အကြုံများကိုပါ အတူတကွ ဖြတ်သန်းခဲ့ကြသဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် အချိန်မရွေး နောက်တစ်ဆင့် တက်လှမ်းသွားနိုင်ချေ ရှိနေ၏။
'ထားလိုက်ပါတော့... ဒါက တပည့်တွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ... သူတို့ဘာသာ ရှင်းကြပါစေတော့'
ယဲ့ဖုန်းသည် ခေါင်းထဲမှ အတွေးများကို မောင်းထုတ်လိုက်ပြီး ဝိညာဉ်စမ်းရေတွင်း တည်ရှိရာ ဇရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် မိုယင်သည် နတ်ဘုရားမျိုးနွယ်၏ တရားထိုင်ဖျာပေါ်တွင် ခြေချိတ်ထိုင်လျက် ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်နေပြီး သူမ၏ အရှိန်အဝါသည် တဖြည်းဖြည်း အားကောင်းလာနေ၏။ ဤနှုန်းအတိုင်းသာဆိုလျှင် မြင့်မြတ်သော လေဓားဂိုဏ်းသို့ မသွားမီ ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်သို့ သူမ ရောက်ရှိသွားနိုင်သည်။
'ကြည့်ရတာ... မူလခိုင်မာ ဆေးလုံးတွေ ဝေဖို့ ပြင်ဆင်ထားမှ ဖြစ်မယ်'
ယဲ့ဖုန်း စိတ်ထဲတွင် တွေးလိုက်သည်။
ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်မှ ဓာတ်ကြီး ငါးပါး စုစည်းခြင်းအဆင့်သို့ တက်လှမ်းရာတွင် ဝိညာဉ်စွမ်းအင်များကို အစစ်အမှန်ယွမ် အဖြစ်သို့ ဖိသိပ်ပြောင်းလဲရန် လိုအပ်ပြီး အချိန်များစွာ ပေးရလေ့ ရှိ၏။ မူလခိုင်မာ ဆေးလုံးကို စားသုံးခြင်းဖြင့် ဝိညာဉ်စွမ်းအား အမြောက်အမြားကို ရရှိစေပြီး ပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
စန်းယွမ် မြို့တော်တွင် ဖြစ်သည်။
ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို ကျောတွင် လွယ်ထားပြီး ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦး သူ၏ ဘေးနားတွင် လိုက်ပါလာသည်။ ထိုအမျိုးသမီးမှာ တင်းပိုင်ရွှယ်မှတပါး အခြားသူ မဟုတ်ပါချေ။
သူတို့နှစ်ဦးသည် လမ်းမပေါ်တွင် အေးဆေးစွာ လမ်းလျှောက်နေကြသည်။
"ခင်ဗျား တကယ်ပဲ မြင့်မြတ်သော လေဓားဂိုဏ်းကို ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီလား"
ဟိုယွင်ကျဲက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"အင်း... မြင့်မြတ်သော လေဓားဂိုဏ်းက လက်ခံမယ်ဆိုရင်ပေါ့"
တင်းပိုင်ရွှယ်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး မူရူရွှယ် ပေးအပ်ခဲ့သော အတွင်းစည်းတပည့် တံဆိပ်ကို လက်ဖဝါးပေါ်တွင် ထုတ်ပြလိုက်သည်။
"တံဆိပ် ရှိနေမှတော့ သူတို့ သေချာပေါက် လက်ခံမှာပါ"
ဟိုယွင်ကျဲက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"မျှော်လင့်ရတာပဲ"
တင်းပိုင်ရွှယ်သည် တံဆိပ်ကို ပြန်သိမ်းလိုက်ပြီး ဘေးနားမှ ဟိုယွင်ကျဲကို တချက်စောင်းကြည့်ကာ နှုတ်ခမ်းလေး ဟရုံမျှ ဖွင့်၍ မေးလိုက်သည်။
"ဒါနဲ့... ရှင်က ဘာလို့ ကျွန်မကို လာရှာတာလဲဟင်"
ဟိုယွင်ကျဲ ပြန်ဖြေလိုက်၏။
"ဂိုဏ်းချုပ်က ပြောတယ်... နောက်ရက်နည်းနည်းနေရင် ဓားကလေး ခန့်အပ်ပွဲ တက်ဖို့ မြင့်မြတ်သော လေဓားဂိုဏ်းကို သွားကြမယ်တဲ့... အဲဒါကြောင့် အခွင့်အရေးယူပြီး တောင်ဘက်ပိုင်းကို လေ့ကျင့်ရေးဆင်းဖို့ ထွက်လာခဲ့တာ... ခင်ဗျားကလည်း မြင့်မြတ်သော လေဓားဂိုဏ်းကို သွားမှာဆိုတော့ လမ်းကြုံနေတာနဲ့ ဝင်ခေါ်တာလေ"
"အဲဒီအကြောင်းပြချက် တစ်ခုတည်းကြောင့်ပဲလား"
"ဒါပေါ့"
တင်းပိုင်ရွှယ် ရုတ်တရက် စိတ်ဓာတ်ကျသွားရှာသည်။
မြူခိုးတောင်ထိပ် အနီးတွင် ဖြစ်သည်။
ကျောက်ကျားရှီးသည် ရေတံခွန်အောက်တွင် ရပ်လျက် ပြင်းထန်သော ရေစီးအား၏ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနေ၏။
'အခု ငါတစ်ယောက်တည်း စစ်ဆေးမှု မအောင်မြင်သေးဘဲ ကျန်နေခဲ့တာ... ပိုပြီး ကြိုးစားမှ ဖြစ်မယ်'
ကျောက်ကျားရှီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အကြိမ်အနည်းငယ် ယိုင်နဲ့သွားပြီးနောက် နောက်ဆုံးတွင် ခြေကို ခိုင်မြဲအောင် ရပ်တန့်နိုင်လိုက်သည်။
သူ လက်သီး စထိုးလိုက်သည်။
ဒီတစ်ခါတွင် ကျောက်ကျားရှီးသည် လက်သီးချက် (၅၀) တိတိ ဆက်တိုက် ထိုးနိုင်ခဲ့သည်။
နောက်ဆုံးတွင် အားကုန်သွားသဖြင့် ရေစီးနှင့်အတူ မျောပါသွားပြီး ရေကန်ဘေးရှိ မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျကာ အမောဆို့နေလေတော့သည်။
"မောလိုက်တာကွာ"
ကျောက်ကျားရှီးလို ခံနိုင်ရည်ရှိသူတောင်မှ ယခုအချိန်တွင် အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
ပန်းပင်များနှင့် မြက်ပင်များ ဝန်းရံထားသော မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းရင်း မျက်လုံးကို လက်ဖြင့် ကာထားလိုက်သည်။ နေရောင်ခြည်က မျက်စိကျိန်းလောက်အောင် တောက်ပနေသော်လည်း ပတ်ဝန်းကျင်မှ လတ်ဆတ်သော ရနံ့များကို ရှူရှိုက်ရင်း ငြိမ်းချမ်းမှုကို ခံစားလိုက်ရပြီး တဝကြီး အိပ်ပစ်ချင်စိတ် ပေါက်သွားသည်။
"ကျွီ"
ရှဉ့်လေးတစ်ကောင် ခုန်ပေါက်ရောက်ရှိလာပြီး ကျောက်ကျားရှီး၏ ပခုံးပေါ်တွင် လာရပ်လိုက်သည်။
"ချစ်စရာ ရှဉ့်လေးပါလား"
ကျောက်ကျားရှီးသည် ရှဉ့်လေး၏ ခေါင်းကို ဖွဖွလေး ပွတ်ပေးလိုက်ရာ ခေါင်းပေါ်တွင် ရွှေရောင်အမွေးစလေး တစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ကျောက်ကျားရှီးသည် နတ်ဘုရား ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သော "စွမ်းအားပြည့် ဟင်းနုနွယ်"အရွက်တစ်ရွက်ကို ထုတ်ယူကာ မေးလိုက်သည်။
"ဒါ စားမလား"
ရှဉ့်လေးသည် ခေါင်းကို စောင်းလိုက်ပြီးနောက် လက်သည်းသေးသေးလေးများဖြင့် အရွက်ကို လှမ်းယူလိုက်သည်။ နှာခေါင်းဖြင့် တရှုံ့ရှုံ့ နမ်းကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပတ်ချာလည် လှည့်ပတ်နေ၏။
ထို့နောက် ထွက်ပြေးသွားလေတော့သည်။
"ဟေး... မသွားနဲ့လေ"
ကျောက်ကျားရှီးသည် တစ်ယောက်တည်း မကျန်ရစ်ချင်သဖြင့် ရှဉ့်လေးကို လှမ်းတားလိုက်သော်လည်း ရှဉ့်လေးသည် သစ်တောအုပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားသည်။
"ကျွီ... ကျွီ... ကျွီ..."
(၁၀) မိနစ် မပြည့်ခင်မှာပင် မရေမတွက်နိုင်သော ရှဉ့်များ၏ အော်မြည်သံများကို ကြားလိုက်ရသည်။ ကျောက်ကျားရှီး အံ့ဩတကြီး မော့ကြည့်လိုက်ပြီး ကပျာကယာ ထရပ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရာပေါင်းများစွာသော ရှဉ့်များ ဝိုင်းအုံနေပြီး တရစပ် အော်မြည်နေကြသည်ကို တွေ့လိုက်ရသည်။
ရှဉ့်တိုင်းသည် ထင်းရှူးသီး တစ်လုံးစီ ကိုင်ဆောင်ထားကြပြီး ကျောက်ကျားရှီး၏ ဘေးတွင် လာချထားကြသည်။
"ငါ့ကို စားဖို့ ပေးတာလား"
ကျောက်ကျားရှီး ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်သည်။
"ကျွီ... ကျွီ..."
ရွှေရောင်အမွေးပါသော ရှဉ့်လေးက အော်မြည်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပါပဲကွာ"
ကျောက်ကျားရှီး ငြင်းဆန်မနေတော့ဘဲ ထင်းရှူးသီးတစ်လုံးကို ခွဲလိုက်ပြီး အထဲမှ နေလှန်းထားသော အစေ့များကို စားလိုက်ရာ အရသာ ရှိလှကြောင်း တွေ့လိုက်ရသည်။ ထိုအစေ့များထဲတွင် ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်နေသဖြင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည်။
ကျောက်ကျားရှီး စားနေသည်ကို မြင်သောအခါ ရှဉ့်များသည် ပျော်ရွှင်စွာ ခုန်ပေါက်နေကြပြီး ထင်းရှူးသီးများကို ကိုယ်တိုင် ခွဲပေးကာ အစေ့များကို ကျောက်ပြားပေါ်တွင် ပုံပေးကြသည်။
ကျောက်ကျားရှီးသည် နတ်ဘုရား ဟင်းသီးဟင်းရွက် အချို့ကို ထုတ်ယူပြီး ရှဉ့်များကို ပြန်လည် မျှဝေလိုက်သည်။ သူကိုယ်တိုင်ကမူ ထင်းရှူးစေ့များကို စားပြီး ဝိညာဉ်စမ်းရေ တစ်ငုံကြီး သောက်ကာ အားပြန်ဖြည့်လိုက်ပြီးနောက် ရေတံခွန်အောက်သို့ ပြန်သွားကာ လက်သီးထိုး လေ့ကျင့်ခန်း ဆက်လုပ်သည်။
"ဟို... ဟာ... ဟ"
ကျောက်ကျားရှီး ဆက်တိုက် လက်သီးထိုးနေပြီး ရေများ နေရာအနှံ့သို့ လွင့်စင်နေ၏။
ရှဉ့်အုပ်ကြီးသည် လျင်မြန်စွာ ပြန်လည် ထွက်ခွာသွားကြသော်လည်း စောစောက ရွှေရောင်အမွေးပါသော ရှဉ့်လေးကမူ ကျောက်ပြားပေါ်တွင် ကျန်ရစ်ခဲ့သည်။ ခေါင်းလေးကို စောင်းကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး ရယ်စရာတစ်ခု တွေ့သွားသကဲ့သို့ ပါးစပ်ကို လက်ဝါးဖြင့် အုပ်ကာ တခစ်ခစ် ရယ်မောနေ၏။
ဝုန်း...
ကျောက်ကျားရှီးသည် ရေတံခွန်၏ ရိုက်ချမှုကို ခံလိုက်ရပြီး မြက်ခင်းပေါ်သို့ လိမ့်ကျလာကာ ရှဉ့်လေးနှင့် မျက်နှာချင်းဆိုင် ဆုံမိသွားသည်။
"ဟီး... ဟီး... ဟီး..."
ရှဉ့်လေးသည် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ပြီးနောက် လက်သည်းသေးသေးလေးဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။
ထို့နောက် ကျောက်ကျားရှီး အံ့အားသင့်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ရှဉ့်လေးသည် ကျောက်ပြားပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ရှေ့လက်သည်းများကို ဝှေ့ယမ်းကာ တစ်ချက်ပြီး တစ်ချက် လက်သီးထိုးလိုက်ရာ မြန်လွန်းသဖြင့် ပုံရိပ်ယောင်များပင် ထွက်ပေါ်လာသည်။
လက်သီးထိုးတဲ့ နေရာမှာ သူက ပိုပြီး ဆရာကျနေသလိုပဲ။
"ငါက ရှဉ့်လေး တစ်ကောင်လောက်တောင် မစွမ်းပါလား"
ကျောက်ကျားရှီး ခေါင်းကုတ်လိုက်ပြီး အနည်းငယ် ရှက်သွားမိသည်။
"ဟွန့်"
ရှဉ့်လေးက နှာမှုတ်လိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ ကောင်းကင်ကို ညွှန်ပြလိုက်သည်။ "ငါက ရှဉ့်လောကရဲ့ နံပါတ်တစ် လက်သီးဘုရင်ပဲကွ" ဟု ကြွားဝါနေသည့် ပုံစံပင်။
ထို့နောက် ရှဉ့်လေးသည် မြေကြီးပေါ်မှ ထင်းရှူးသီးများကို ကောက်ယူလိုက်ပြီး (၁၀) လုံးကျော်ကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။ ပြီးနောက် လေထဲသို့ ခုန်တက်လိုက်ပြီး လက်သည်းများကို လျင်မြန်စွာ ဝှေ့ယမ်းကာ ထင်းရှူးသီး အားလုံးကို တိကျစွာ ရိုက်ထုတ်ပစ်လိုက်သည်။
"မင်း သိပ်တော်တာပဲ"
ဟု ကျောက်ကျားရှီး ရိုးသားစွာ ချီးကျူးလိုက်သည်။
“ဖြောင်း…”
ထင်းရှူးသီးတစ်လုံး သူ့မျက်နှာကို လာမှန်သွားသဖြင့် ကျောက်ကျားရှီး ကြောင်သွားသည်။ ဘာမှ မလုပ်နိုင်သေးခင်မှာပင် နောက်ထပ် ထင်းရှူးသီး အများအပြား သူ့ဆီသို့ ပျံဝဲလာကြသည်။
"မင်း ငါ့ကို လက်သီးထိုးနည်း သင်ပေးချင်တာလား"
ကျောက်ကျားရှီး တစ်စက္ကန့်အတွင်း သဘောပေါက်လိုက်ပြီး လက်သီးများကို ဝှေ့ယမ်းကာ ပျံလာသော ထင်းရှူးသီးများကို တစ်လုံးချင်းစီ ရိုက်ခွဲပစ်လိုက်ရာ မီးရှူးမီးပန်းများ ပွင့်ဖူးသွားသကဲ့သို့ ဖြစ်သွားသည်။
*
မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။
ရှီလေ့သည် ကျောက်ကျားရှီး ရှိရာ ရေတံခွန် ချိုင့်ဝှမ်းကို လက်ညှိုးထိုးပြပြီး ပြောသည်။
"ဂိုဏ်းချုပ်ဦးလေး... ကျားရှီးက ထင်းရှူးပင်ပေါက်လေး တစ်ပင်နဲ့ ကစားနေသလိုပဲ... ဘယ်လို ထင်လဲ"
"လှဲပြီး ကြည့်နေလိုက်"
ယဲ့ဖုန်း ပြောလိုက်သည်။
သူသည် အမှန်တကယ်ပင် ခေါင်မိုးပေါ်တွင် လှဲလျောင်းနေပြီး လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းအုံးလုပ်ထားလျက် မေးစေ့တင်ကာ အဝေးမှ ကျောက်ကျားရှီးကို သက်သောင့်သက်သာ စောင့်ကြည့်နေ၏။
"ချစ်စရာကောင်းတဲ့ ရှဉ့်လေးပဲ... ဉာဏ်ရည်လည်း မြင့်တယ်... ထူးဆန်းတဲ့ လက်သီးသိုင်းကိုလည်း တတ်ထားသေးတယ်... နောက်ကွယ်မှာ ဆရာတစ်ဆူဆူများ ရှိနေသလား"
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။
"လူစွမ်းလူစ" ရှိသည်ဟု ရှေးလူကြီးများ ပြောခဲ့ဖူးသည် မဟုတ်လား။
ရေပေါ်ဖြူမြို့တော် အနီးတဝိုက်တွင် ထူးခြားသော စွမ်းရည်ရှိသည့် ကျင့်ကြံသူအချို့ တိတ်တဆိတ် နေထိုင်နေကြသည် ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်ပေ။ ဝတ္ထုအများအပြား ဖတ်ဖူးသော ယဲ့ဖုန်းသည် ဤသဘောတရားကို ကောင်းစွာ နားလည်ထားသည်။
ရေတံခွန်အောက်တွင် ဖြစ်သည်။
ရှဉ့်လေးသည် ထင်းရှူးသီး ပစ်လွှတ်စက် တစ်ခုကဲ့သို့ ထင်းရှူးသီး အများအပြားကို လျင်မြန်စွာ ပစ်လွှတ်နေသော်လည်း ကျောက်ကျားရှီးသည် လက်သီးများဖြင့် အားလုံးကို ရိုက်ထုတ်ပစ်လိုက်သည်။
ထင်းရှူးသီးများ ကုန်သွားသောအခါ ရှဉ့်လေးသည် ရုတ်တရက် ခုန်ပေါက်လာပြီး လက်သီးသေးသေးလေးများကို အလွန် မြန်ဆန်သော နှုန်းဖြင့် ဝှေ့ယမ်းကာ ကျောက်ကျားရှီး၏ နှာခေါင်းကို ချိန်ရွယ် တိုက်ခိုက်လိုက်သည်။
"ငါနဲ့ လက်ရည်စမ်းချင်တာလား... ဒါပေမဲ့ ငါက တော်တော်လေး စွမ်းတယ်နော်... လျှော့မတွက်နဲ့... အား"
ကျောက်ကျားရှီး စကားပြောနေရင်း လက်သီးဖြင့် ပြန်ထိုးလိုက်သော်လည်း ရှဉ့်လေးက ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ပြီး သူ့လက်မောင်းကို ခြေထောက်ဖြင့် ကန်ကာ အရှိန်ယူလိုက်ပြီး နှာခေါင်းတည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်ကို ခံလိုက်ရသည်။
"အစ်... နာလိုက်တာ"
ကျောက်ကျားရှီး နှာခေါင်းကို အုပ်ရင်း ညည်းတွားလိုက်သည်။
"စောစောက ငါ ပေါ့သွားလို့ပါ... ပြန်စကြမယ်"
ထို့နောက် လူတစ်ယောက်နှင့် ရှဉ့်တစ်ကောင်တို့ ဆက်လက် ယှဉ်ပြိုင်ကြသည်။
သို့သော် ရှဉ့်လေးသည် အလွန် လျင်မြန်ဖျတ်လတ်လွန်းသဖြင့် ကျောက်ကျားရှီးသည် အမွေးတစ်ပင်မျှ မထိလိုက်ရဘဲ နှာခေါင်း သို့မဟုတ် နဖူးကို အထိုးခံလိုက်ရသည်။
"မင်း တကယ် တော်တာပဲ"
ကျောက်ကျားရှီး လွှတ်ခနဲ ချီးကျူးလိုက်သည်။
"ရေတံခွန်အောက်မှာ တန်းပြီး လက်သီးထိုး လေ့ကျင့်တာက အရမ်း ခက်လွန်းတယ်လို့ ငါ ထင်တယ်... မင်းနဲ့ အရင် လက်ရည်စမ်းတာ ပိုကောင်းမယ်... ငါ မင်းကို နိုင်သွားပြီဆိုမှ ရေတံခွန်အောက် ဝင်လိုက်ရင် ခံစားချက်ချင်း လုံးဝ ကွာခြားသွားမှာ သေချာတယ်"
အသက်ငယ်သော်လည်း ကျောက်ကျားရှီး၏ တိုက်ခိုက်ရေး ပါရမီသည် အလွန် မြင့်မားသည်။
နည်းနည်းလောက် စဉ်းစားလိုက်တာနှင့်၊ သူက သဘောပေါက်သွားတော့သည်။
"ကဲ... ပြန်စမယ်"
ကျောက်ကျားရှီးသည် ဦးဆောင် တိုက်ခိုက်လိုက်ပြီး ရှဉ့်လေးနှင့် ပြိုင်ပွဲကို ဆက်လက် ဆင်နွှဲလိုက်သည်။
မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် နေကြာစေ့များ ခွာစားရင်း အရသာရှိရှိ ထိုင်ကြည့်နေလေတော့သည်။
အခန်း (၁၆၅) - ချီစုစည်းခြင်း ကိုးဆင့်မြောက် အထွတ်အထိပ်၊ လက်သီးအလိုဆန္ဒ၏ ကနဦး ထုတ်ဖော်ပြသမှု
~"ဟုတ်တယ်... အဲဒီအတိုင်းပဲ လုပ်"
ယဲ့ဖုန်း ပြုံးလိုက်မိသည်။
ရှဉ့်လေး ဘယ်က ရောက်လာမှန်း သူ မသိသော်လည်း ကျောက်ကျားရှီး၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေသည် ရေတံခွန်၏ ရေရှည် ရိုက်ခတ်မှုကို ခံနိုင်ရည် မရှိသေးပေ။ ရှဉ့်လေးနှင့် လက်ရည်စမ်းပြီး လက်သီးသိုင်း အခြေခံများကို အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ခြင်းက ပိုမို ကောင်းမွန်သော နည်းလမ်းဖြစ်သည်။
လျင်မြန်ဖျတ်လတ်သော ရှဉ့်လေး ရှောင်တိမ်းနေသည်ကို ကြည့်ပြီး ယဲ့ဖုန်း သဘောပေါက်သွားသည်။ ရှဉ့်လေးသည် ပြိုင်ဘက်၏ အရှိန်အဟုန်ကို အသုံးချပြီး ကျောက်ကျားရှီး၏ နဖူးကို အကြိမ်တိုင်း ထိအောင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ အားသိပ်မပါသော်လည်း တိကျမှုကတော့ အလွန် မြင့်မားသည်။
ဒီရှဉ့်လေးသာ အတည်ပေါက် တိုက်ခိုက်လိုက်ရင် သာမန် 'အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့်' နတ်ဆိုးသားရဲတောင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မည်။
"ဒါက 'ရှဉ့်လက်သီးသိုင်း' များလား"
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။
နောက်ပိုင်း အချိန်များတွင် ကျောက်ကျားရှီးသည် ရှဉ့်လေးနှင့်အတူ လက်သီးထိုး လေ့ကျင့်သည်။ မောရင် နေရာမှာတင် နားသည်၊ ဗိုက်ဆာရင် ထင်းရှူးသီးနှင့် နတ်ဘုရား ဟင်းသီးဟင်းရွက် အရွက်များကို စားသည်၊ ရေဆာရင် ဝိညာဉ်စမ်းရေကို သောက်သည်။
ရှဉ့်လေးသည်လည်း ကျောက်ကျားရှီး၏ လေ့ကျင့်ဖော် ဖြစ်သည့်အတွက် ဤဝိညာဉ်ပစ္စည်းများကို မျှဝေ ခံစားခွင့် ရရှိ၏။
အနားယူပြီးသည်နှင့် သူတို့ ပြန်လည် ယှဉ်ပြိုင်ကြပြန်သည်။
မျက်စိတစ်မှိတ်အတွင်း ညနေစောင်းသို့ ရောက်ရှိလာသည်။
"ရှဉ့်လေး... ငါ ဂိုဏ်းပြန်ပြီး နားလိုက်ဦးမယ်... မနက်ဖြန်ကျမှ မင်းဆီ ပြန်လာခဲ့မယ်ကွာ"
ကျောက်ကျားရှီးက လက်ပြနှုတ်ဆက်ပြီး သစ်တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
ရှဉ့်လေးသည် ခွဲခွာရမှာကို ဝန်လေးနေပုံရသော်လည်း မကြာမီ ချိုင့်ဝှမ်းထဲမှ ထွက်ခွာသွားသည်။ အဝေးကြီးသို့ ပတ်သွားပြီးနောက် ဝိညာဉ်မြူခိုးများ ဖုံးလွှမ်းနေသော ရှေးဟောင်း ထင်းရှူးပင်ကြီးပေါ်သို့ ခုန်တက်သွားကာ ရာပေါင်းများစွာသော ရှဉ့်များ ဝိုင်းရံထားသည့်အလယ်တွင် တောင်ဘုရင် တစ်ပါးကဲ့သို့ ခန့်ညားစွာ နေရာယူလိုက်သည်။
ညစာစားပြီးနောက် ကျောက်ကျားရှီးသည် တောင်ထိပ်တွင် ရပ်လျက် ကျောက်တုံးများကို မကာ ခန္ဓာကိုယ် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေ၏။
နောက်တစ်နေ့ နံနက်စောစောတွင် သူသည် နတ်ဘုရား ဟင်းသီးဟင်းရွက် အိတ်တစ်အိတ်နှင့် ဝိညာဉ်စမ်းရေ ပုံးကြီးတစ်ပုံးကို ယူဆောင်ကာ တောင်အောက်သို့ ဆင်းပြီး ဆက်လက် ကျင့်ကြံလေ၏။
ရေတံခွန် ရှေ့တွင်မူ၊
ပုံရိပ်နှစ်ခုသည် လျင်မြန်စွာ လှုပ်ရှားနေပြီး လက်သီးရိပ်များ ယှက်နွှယ်နေကြသည်။
သို့သော် ကျောက်ကျားရှီးသည် လုံးဝ ယှဉ်နိုင်ခြင်း မရှိပေ။ ရှဉ့်လေးကို ထိဖို့ နေနေသာသာ ရှောင်တိမ်းဖို့ပင် မတတ်နိုင်ဘဲ တစ်ဖက်သတ် အထိုးခံနေရသည်။
သို့တိုင်၊ ကျောက်ကျားရှီးရဲ့ တိုက်ခိုက်ရေး ပါရမီက မြင့်မားပါသည်။
နေ့လည် ရောက်သောအခါ သူသည် ရှဉ့်လေး၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်လာရပြီး တားဆီးကာကွယ်နိုင်စ ပြုလာသည်။ တိုက်ခိုက်မှု သုံးပုံတစ်ပုံလောက်ကိုသာ ကာကွယ်နိုင်သေးသော်လည်း ဒါဟာ ကြီးမားသော တိုးတက်မှု တစ်ခုပါပဲ။
"ကျွီ... ကျွီ..."
ရှဉ့်လေးသည် နေရာတွင် ခုန်ပေါက်နေပြီး ချီးကျူးနေသကဲ့သို့ ပြုမူနေ၏။
"ခဏလောက် နားရအောင်"
နားတယ်လို့သာ ပြောတာပါ... ကျောက်ကျားရှီးက မြေကြီးပေါ် ပက်လက်လှန်ပြီး ပေါင်တစ်ထောင် လေးတဲ့ ကျောက်တုံးကို မကာ လက်မောင်း လေ့ကျင့်ခန်း လုပ်နေခြင်းပါ။
ရှဉ့်လေးသည် လက်သည်းကို ကိုက်ရင်း စဉ်းစားလိုက်ပြီး အလင်းတစ်ချက် ပွင့်သွားသကဲ့သို့ ပေါင်တစ်ထောင် ကျောက်တုံးကို လက်တစ်ဖက်တည်းဖြင့် မကာ ဘောလုံးပစ်သလို ပစ်ကစားပြလိုက်သည်။
"အားခဲကြီးပါလားဟ"
ကျောက်ကျားရှီး အံ့ဩသွားသည်။
တောင်ထိပ်မှ ယဲ့ဖုန်းပင်လျှင် မျက်လုံးပြူးသွားပြီး "ဒီလောက် စွမ်းတဲ့ ဝိညာဉ်သားရဲကိုသာ ဂိုဏ်းစောင့်သားရဲ လုပ်ခိုင်းလိုက်ရရင် ရှယ်ပဲ" ဟု ပြောချင်စိတ် ပေါက်သွားသည်။
တစ်နာရီ ကြာပြီးနောက်၊ ကျောက်ကျားရှီးသည် ရှဉ့်လေးနှင့် ဆက်လက် ယှဉ်ပြိုင်သည်။
နေ့တစ်ဝက် ကုန်သွားသောအခါ ကျောက်ကျားရှီးသည် တိုက်ခိုက်မှု (၅၀) ရာခိုင်နှုန်းကို ကာကွယ်နိုင်လာသည်။
ဒုတိယနေ့တွင် (၈၀) ရာခိုင်နှုန်းကို ကာကွယ်နိုင်လာသည်။
တတိယနေ့တွင်မူ ကျောက်ကျားရှီးသည် ရှဉ့်လေး၏ တိုက်ခိုက်မှု အားလုံးကို ကာကွယ်နိုင်ခဲ့ပြီး သူ၏ လက်သီးထိုးနှုန်းနှင့် တုံ့ပြန်နိုင်စွမ်းတို့သည်လည်း သိသိသာသာ တိုးတက်လာခဲ့၏။
"မဆိုးဘူး"
ယဲ့ဖုန်းသည် တောင်ထိပ်တွင် ထိုင်လျက် ကန်စွန်းဥဖုတ် စားနေရင်း ချီးကျူးလိုက်သည်။
“ဝူး…”
အားကောင်းသော မုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး မြူခိုးတောင်ထိပ် တစ်ခုလုံးကို လွှမ်းခြုံသွားရာ တပည့်များအားလုံး၏ အာရုံကို ဖမ်းစားသွားသည်။
မိုယင်သည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူမ၏ အရှိန်အဝါသည် 'ချီစုစည်းခြင်း ကိုးဆင့်မြောက် အထွတ်အထိပ်' သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကြီးမားသော ဖိအားကို ပေးစွမ်းနေ၏။
"နောက်ဆုံးတော့ အောင်မြင်သွားပြီ"
မိုယင် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ယဲ့ဖုန်းကို ဦးညွှတ်လိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်မ.. 'ချီစုစည်းခြင်း ကိုးဆင့်မြောက် အထွတ်အထိပ်' ကို ရောက်ပါပြီ... နည်းနည်းလောက် ထပ်ပြီး စုဆောင်းလိုက်ရင် 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်'ကို တရားဝင် ချိုးဖျက်ဖို့ ကြိုးစားလို့ ရပါပြီ"
"ကောင်းတယ်... သိပ်ကောင်းတယ်"
ယဲ့ဖုန်း လက်ခုပ်တီးကာ ချီးကျူးလိုက်ပြီး သူမကို 'မူလခိုင်မာ ဆေးလုံး' တစ်ပုလင်း ထုတ် ပေးလိုက်သည်။
"အဆင့်ချိုးဖြတ် တက်လှမ်းဖို့ ကြိုးစားတဲ့အခါ ဒါလေး သောက်ဖို့ မမေ့နဲ့"
"ဟုတ်ကဲ့... ဂိုဏ်းချုပ်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"
မိုယင် ဆေးပုလင်းကို လက်ခံလိုက်သည်။
"စီနီယာအစ်မ မိုယင်က တကယ့် အဆင့်မြင့် ကျင့်ကြံခြင်း အရိုး ပါရမီရှင် ပဲ... အခုဆို 'ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်' ကိုတောင် ကြိုးစားတော့မယ်... ငါတို့လည်း ကြိုးစားမှပဲ"
"ဟုတ်တယ်"
အခြားတပည့်များသည်လည်း စိတ်ဓာတ် တက်ကြွလာကြပြီး တွန်းအားများ ရရှိသွားကြသည်။
ရေတံခွန် ရှေ့တွင် ဖြစ်သည်။
ကျောက်ကျားရှီးနှင့် ရှဉ့်လေးတို့ လက်သီးချင်း ယှဉ်ထိုးလိုက်ရာ ရိုက်ခတ်မှုကြောင့် ကျောက်ကျားရှီး နောက်သို့ (၁၀) လှမ်းကျော် ယိုင်နဲ့သွားပြီး အမောဆို့နေ၏။
ရှဉ့်လေးလည်း မြေကြီးပေါ်တွင် လဲလျောင်းနေပြီး လျှာထွက်ကာ မောဟိုက်နေ၏။
"မြင့်မြတ်သော လေဓားဂိုဏ်းကို သွားဖို့ (၃) ရက်ပဲ လိုတော့တယ်... ငါ အရှိန်မြှင့်မှ ဖြစ်မယ်... မသွားခင် အရှိန်အဟုန် ကို စုစည်းနိုင်အောင် ကြိုးစားရမယ်"
ကျောက်ကျားရှီး ပြောလိုက်ပြီး ဝိညာဉ်စမ်းရေ အနည်းငယ် သောက်ကာ ရှဉ့်လေးနှင့် ပြင်းထန်သော တိုက်ပွဲကို ဆက်လက် ဆင်နွှဲသည်။
နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်သည်။
“ဝုန်း…”
ကျောက်ကျားရှီးသည် နောက်ဆုံးတွင် ပင့်လက်သီး တစ်ချက်ဖြင့် ရှဉ့်လေးကို လေထဲသို့ လွင့်စင်သွားအောင် ထိုးနိုင်ခဲ့သည်။ တိုက်ပွဲအခြေအနေကို အားနည်းရာမှ သရေ၊ သရေမှ အသာစီးရသည်အထိ ပြောင်းလဲနိုင်ခဲ့တော့၏။
"ငါ လုပ်နိုင်ပြီ"
ကျောက်ကျားရှီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။
ရှဉ့်လေးလည်း ပြေးလာပြီး ကျောက်ကျားရှီး၏ ပခုံးပေါ်သို့ တက်ကာ လက်သည်းလေးများဖြင့် ပခုံးကို နှိပ်နယ်ပေးနေ၏။ မျက်နှာလေးမှာလည်း ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။
မကြာမီ ကျောက်ကျားရှီး၏ အနားယူချိန် ပြီးဆုံးသွားသည်။
"ငါ ရေတံခွန်အောက် ဝင်တော့မယ်"
ထိုသို့ ပြောပြီးနောက် ကျောက်ကျားရှီးသည် ပိုးစ တစ်ခုဖြင့် သူ့ခေါင်းကို ပြန် စည်းလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ရေတံခွန်အောက်သို့ ခုန်ဝင်လိုက်သည်။ ခန္ဓာကိုယ်အပေါ် ရိုက်ခတ်မှုက ပြင်းထန်နေဆဲ ဖြစ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ကထက်စာရင် အများကြီး သက်သာလာသည်ကို ခံစားလိုက်ရသည်။
လက်သီး တစ်ချက်၊ နှစ်ချက်...
ကျောက်ကျားရှီးသည် လက်သီးချက်ပေါင်း ရာနှင့်ချီ ဆက်တိုက် ထိုးသော်လည်း မတ်မတ်ရပ်နေနိုင်ဆဲ ဖြစ်သည်။ သူသည် ကျဆင်းလာသော ရေစီးကြောင်းကို စတင် တိုက်ခိုက်လိုက်ရာ လက်သီးထိုးလိုက်တိုင်း ရေများ နေရာအနှံ့ လွင့်စင်သွားပြီး ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်နေ၏။
"နတ်ဘုရားလက်သီး ဆိုတာ အရှိန်အဟုန် စုစည်းခြင်းကို အဓိကထားတယ်... လက်သီးထိုးတဲ့အခါ ရှေ့ကို စူးစိုက်ကြည့်၊ လက်သီးအပေါ် အာရုံစိုက်ပြီး အတွင်းစိတ် စွမ်းအားတွေကို ထုတ်ဖော်ရမယ်..."
ကျောက်ကျားရှီးသည် ကျင့်စဉ်ကို တီးတိုး ရွတ်ဆိုနေ၏။
“ဝုန်း…”
ရေတံခွန်သည် သူ၏ လက်သီးချက်များအောက်တွင် ပြိုကွဲသွားသော်လည်း အဆုံးမရှိ ဆက်လက် စီးဆင်းနေဆဲပင်။
ကျောက်ကျားရှီးသည် တစ်ချက်ပြီး တစ်ချက် လက်သီးထိုးနေပြီး သူ၏ အကြည့်များ ပိုမို စူးရှလာသည်။
ရှဉ့်လေးသည် ထင်းရှူးသီး ကိုက်ဝါးနေရင်း ကျောက်ကျားရှီးက ရေတံခွန်ကို ထိုးခွဲလိုက်သည်ကို တွေ့လိုက်ရသဖြင့် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကာ ထင်းရှူးသီးလေး မြေကြီးပေါ် ပြုတ်ကျသွားသည်။
နာရီဝက် ကြာပြီးနောက်၊ ကျောက်ကျားရှီးသည် ရေစီးနှင့်အတူ တဖန် ပြန်လည် မျောပါသွား၏။ မြေကြီးပေါ်တွင် လဲကျကာ အသက်ပြင်းပြင်း ရှူနေရသော်လည်း မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိဘဲ ပျော်ရွှင်မှုများသာ ရှိနေ၏။
"ကျွီ... ကျွီ..."
ရှဉ့်လေးသည် ကြာရွက်ဖြင့် တောင်ကျစမ်းရေ ခပ်ယူလာပြီး သူ့ဘေးနားသို့ ရောက်လာသည်။ နှစ်ပေါင်းများစွာ ရေငတ်နေသော မြေဆီလွှာကဲ့သို့ ကျောက်ကျားရှီးသည် ရေကို အငမ်းမရ သောက်လိုက်သည်။ ထို့နောက် ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင်ပြန်ပါသည်။
ရက်များ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။
မနက်ဖြန်တွင် မြင့်မြတ်သော လေဓားဂိုဏ်းသို့ သွားရတော့မည်။
ယဲ့ဖုန်းသည် တောင်ထိပ်တွင် ရပ်လျက် လက်ကို ဆန့်ထုတ်ကာ ကောင်းကင်မှ ကျဆင်းလာသော 'သွေးမျိုးဆက် သန့်စင်ဆေးလုံး' (၁၀) လုံးကို ဖမ်းယူလိုက်သည်။
"နောက်ဆုံးတော့ ဖော်စပ်လို့ ပြီးသွားပြီ"
လွန်ခဲ့သော ရက်အနည်းငယ်က ယဲ့ဖုန်းသည် ရေပေါ်ဖြူမြို့တော်ရှိ အပျော်အိမ် တွင် ပျော်ပါးနေသော 'မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်' အား တိတ်တဆိတ် ဆက်သွယ်ပြီး ဝိညာဉ်ဆေးမြစ် အများအပြား ဝယ်ယူခဲ့သည်။
'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး' ၁,၅၀၀ သုံးစွဲပြီးနောက် ဝိညာဉ်ဆေးမြစ် အများအပြား ရရှိခဲ့ပြီး 'ပုံရိပ်ယောင် ဆေးပေါင်းဖို' အား အသုံးပြုကာ သွေးမျိုးဆက် သန့်စင်ဆေးလုံး (၃၀) ဖော်စပ်ခဲ့ပြီး ဂိုဏ်းစောင့် ဝိညာဉ်သားရဲများကို ပေးကျွေးခဲ့၏။
"ကျွီ..."
သံလက်သည်း နဂါးလင်းယုန်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာကာ အရွယ်အစား ကြီးထွားလာသည်။ လက်သည်းများ ပိုမို ထက်မြက်လာပြီး တောင်ပံအကျယ် (၁၅) မီတာအထိ ရောက်ရှိကာ 'အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့်' အရှိန်အဝါများ ထုတ်လွှတ်နေ၏။
"နောက်ဆုံးတော့ သူ အဆင့်ချိုးဖြတ်သွားပြီ"
ယဲ့ဖုန်း စိတ်သက်သာရာ ရသွားသည်။
သံလက်သည်း နဂါးလင်းယုန်သည် သွေးမျိုးဆက် သန့်စင်ဆေးလုံး (၃) လုံးနှင့် အဆင့်မြင့် ဝိညာဉ်သားရဲ အစာ အများအပြား စားသုံးပြီးနောက် နောက်ဆုံးတွင် အဆင့်ချိုးဖြတ် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သဘာဝအတိုင်း မွေးဖွားလာပြီး ပါရမီမြင့်မားသော မြေခွေးနီ 'တာ့ဟုန်' သည် မနေ့ကတည်းက အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ ယခုအခါ မြေခွေးဖြူလေး နှင့် အခြား ဝိညာဉ်သားရဲ (၅) ကောင်သာ အဆင့်မတက်သေးဘဲ ကျန်ရှိနေတော့သည်။
တပည့်များထဲတွင်မူ ကျောက်ကျားရှီး တစ်ယောက်သာ ကျန်တော့သည်။
ယဲ့ဖုန်းသည် အခုလေးတင် ရရှိသော သွေးမျိုးဆက် သန့်စင်ဆေးလုံး (၁၀) လုံးကို ဖြန့်ဝေလိုက်သည်။ မြေခွေးဖြူလေး၊ ခွေး 'အားဟာ' ၊ ဝက် 'စန်းဖန်'၊ ဖား 'စစ်ချူ' နှင့် ဖရုံသီး 'ဝူကွား' တို့ဖြစ်ကြသော 'အလယ်အလတ် နတ်ဆိုးစစ်သည်အဆင့်' ဝိညာဉ်သားရဲ (၅) ကောင်ကို ပေးလိုက်ပြီး မကြာမီ အဆင့်ချိုးဖြတ် တက်လှမ်းနိုင်ရန် မျှော်လင့်လိုက်သည်။
ထို့နောက် ယဲ့ဖုန်း အဝေးသို့ လှမ်းကြည့်လိုက်သည်။
"ကျားရှီး... မင်းလည်း ပိုကြိုးစားမှ ဖြစ်မယ်ကွ"
ရေတံခွန် အောက်တွင် ဖြစ်သည်။
ကျောက်ကျားရှီး၏ လက်မောင်းများသည် သဘာဝအတိုင်း တွဲလောင်းကျနေပြီး ခေါင်းငုံ့လျက် ပြင်းထန်သော ရေစီး၏ ရိုက်ခတ်မှုကို ခံယူနေ၏။ ရှဉ့်လေးသည် ရေကန်အစွန်းတွင် ရပ်လျက် မျက်နှာလေးတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။
ဒီနေ့ ကျောက်ကျားရှီး နည်းနည်း ထူးခြားနေမှန်း… ရှဉ့်လေး ခံစားမိနေသည်။
သူ့ခန္ဓာကိုယ်ထဲက တစ်စုံတစ်ခု နိုးထလာနေပြီး ပေါက်ကွဲထွက်တော့မလို ခံစားချက်မျိုး ပေးစွမ်းနေသည်။
"နတ်ဘုရားလက်သီး... အရှုံးမပေးဘူး"
ရုတ်တရက် ကျောက်ကျားရှီး မျက်လုံးဖွင့်လိုက်သည်။ ရေများက သူ့အပေါ်သို့ ဒလဟော စီးဆင်းနေသော်လည်း သူ့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါတစ်ခု လည်ပတ်နေသည်။ သူ့ကိုယ်၌၊ လက်မဝက်ခန့် ထူသော ဖျော့တော့သော ရွှေရောင် အကာအကွယ်တစ်ခု ဖန်တီးကာ ရေစီး၏ ရိုက်ခတ်မှုကို တားဆီးလိုက်သည်။
သူ လက်သီး စထိုးလိုက်သည်။
လက်သီးထိုးလိုက်တိုင်း ရေတံခွန်သည် မမြင်ရသော ပေါက်ကွဲမှု တစ်ခုနှင့် ကြုံတွေ့ရသကဲ့သို့ ပေါက်ကွဲထွက်သွားပြီး ရေစီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်သွားရ၏။
ထို့နောက် ကျောက်ကျားရှီးသည် ဆက်တိုက် လက်သီးထိုးလိုက်ရာ သူ၏ လက်သီးများကို ရွှေရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေ၏။ ရေများသည် သူ့အနား မရောက်မီမှာပင် လွင့်စင်သွားကြသည်။
*"ဟင်... ကျားရှီးရဲ့ တာဝန် ပြီးမြောက်မှုက (၇၅)% ရောက်သွားပြီ... ကြည့်ရတာ သူက 'နတ်ဘုရားလက်သီး' ကို ကနဦး တတ်မြောက်သွားပြီး 'လက်သီးစိတ်ဆန္ဒ' ကိုပါ ဖွဲ့စည်းနိုင်ခဲ့ပုံရတယ်... အဲဒါကြောင့် သူ့ရဲ့ အရှိန်အဟုန်ကို ပုံမှန်ထက် ၁.၃ ဆ စုစည်းနိုင်သွားတာပဲ"*
ယဲ့ဖုန်းသည် စနစ်၏ အချက်ပေးသံကို ကြားလိုက်ရပြီး ရေတံခွန်အောက်သို့ အံ့ဩတကြီး လှမ်းကြည့်လိုက်ရာ ဖျော့တော့သော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော ကျောက်ကျားရှီးကို တွေ့လိုက်ရလေသည်။