အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အခန်း (၁၆၆) - နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်၊ ပိုးအိမ် ဖောက်ထွက်ပြီး လိပ်ပြာဖြစ်သွားခြင်း
~"ဒီကောင်လေးရဲ့ တိုက်ခိုက်ရေး ပါရမီက တကယ်ကို အံ့မခန်းပါပဲ... ရက်အနည်းငယ် အတွင်းမှာတင် ရှဉ့်လေးရဲ့ လမ်းညွှန်မှုအောက်မှာ 'လက်သီးစိတ်ဆန္ဒ'ကို ထုတ်ဖော်နိုင်ခဲ့ပြီ"
ယဲ့ဖုန်းသည် နှလုံးသားထဲမှ နှစ်နှစ်ကာကာ ချီးကျူးလိုက်၏။
ဤအဆင့်တွင် ကျောက်ကျားရှီးသည် ပထမအဆင့် သိုင်းနည်းစနစ်ကို ' အောင်မြင်မှု အသေးစား အဆင့်' အထိ တတ်မြောက်ထားသော ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှနေပြီ ဖြစ်သည်။ အဆင့်တူ 'ချီစုစည်းခြင်း အဆင့်' ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင် သူသည် အားနည်းသော ဘက်တွင် ရှိနေတော့မည် မဟုတ်ပေ။
ရေတံခွန်အောက်တွင် ဖြစ်သည်။
"ဝုန်း..."
တစ်ချက်ထိုးလိုက်ရာ ရေတံခွန် ပေါက်ကွဲသွားသည်။
နှစ်ချက်ထိုးလိုက်ရာ ရေတံခွန် ပြတ်တောက်သွားသည်။
သုံးချက်ထိုးလိုက်ရာ ရေတံခွန်သည် နောက်ပြန် စီးဆင်းသွားလေတော့သည်။
ကျောက်ကျားရှီး၏ အရှိန်အဟုန်သည် တရိပ်ရိပ် တက်လာ၏။
မကြာမီ ၁.၄ ဆ၊ ထို့နောက် ၁.၅ ဆ...။
နေဝင်ရီတရော အချိန်သို့ ရောက်သောအခါ ကျောက်ကျားရှီးသည် သူ၏ အရှိန်အဟုန်ကို ၁.၉၉ ဆအထိ မြှင့်တင်နိုင်ခဲ့ပြီး လက်သီးချက်ပေါင်း (၂၃၀) တိတိကို ဆက်တိုက် ထိုးနိုင်ခဲ့၏။ စွမ်းအား နှစ်ဆသို့ ချိုးဖျက် ဝင်ရောက်ပြီး 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၅) ဆင့်မြောက်' သို့ တက်လှမ်းရန် လက်တစ်ကမ်းသာ လိုတော့သည်။
“ဂျွတ်…”
ကျောက်ကျားရှီးသည် သူ၏ ခန္ဓာကိုယ်က စွမ်းအား နှစ်ဆ အရှိန်အဟုန်ကို မခံနိုင်တော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ လက်မောင်းရိုးများ အက်ကွဲသွားပြီး ရေစီးနှင့်အတူ ကမ်းစပ်သို့ မျောပါသွားလေတော့သည်။
"အဟွတ်... အဟွတ်... ငါ ကျရှုံးသွားလိမ့်မယ်လို့ မထင်ထားဘူး"
ကျောက်ကျားရှီး သွေးတစ်လုပ် အန်ထုတ်လိုက်၏။ သူ၏ လက်မောင်းများ ပြင်းထန်စွာ နာကျင်နေပြီး တစ်ကိုယ်လုံးရှိ အရိုးများ နေရာလွဲသွားသဖြင့် အားကုန်ခန်းကာ မလှုပ်ရှားနိုင်တော့ပေ။
"ကျွီ... ကျွီ..."
ရှဉ့်လေးသည် ကျောက်ကျားရှီးကို ကျောပိုးလိုက်ပြီး ချက်ချင်း ပြေးထွက်သွားသည်။
မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် ထိုမြင်ကွင်းကို အမှတ်မထင် တွေ့မြင်လိုက်ရသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ဒူးကိုကွေးကာ အားယူလိုက်ပြီး "ဝုန်း" ခနဲ ခုန်တက်လိုက်ရာ မိုင် (၁၀) ကျော် အကွာအဝေးကို ကျော်ဖြတ်ပြီး ရေတံခွန်အောက်သို့ ရောက်ရှိသွားကာ တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါသွားသည်။
နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ပေါ်တွင် ဖြစ်သည်။
ရှဉ့်လေးသည် ကျောက်ကျားရှီးကို သစ်ကိုင်းများဖြင့် ပြုလုပ်ထားသော အသိုက်ထဲတွင် ချထားလိုက်ပြီး အနီးနားရှိ ရာပေါင်းများစွာသော ရှဉ့်များနှင့် တကျွီကျွီ အော်မြည်ကာ စကားပြောနေကြ၏။ ဘာတွေ ပြောနေကြလဲ ဆိုတာတော့ မသဲကွဲပေ။
ထို့နောက် ရှဉ့်များသည် ထင်းရှူးသီးစိမ်းများနှင့် ထင်းရှူးပန်းအချို့ကို ခူးယူကာ ပါးစပ်ထဲတွင် ဝါးလိုက်ပြီး ထူးဆန်းသော ရွှံ့ပျော့များနှင့် ရောနှောကာ စေးကပ်သော အနက်ရောင် ဆေးနှစ် တစ်မျိုး ပြုလုပ်လိုက်သည်ကို ကျောက်ကျားရှီး တွေ့လိုက်ရသည်။
"ကျွီ... ကျွီ..."
ရှဉ့်လေး လက်ဝှေ့ယမ်းလိုက်သည်နှင့် ရှဉ့်အုပ်ကြီးသည် အလုပ်စလုပ်ကြပြီး ကျောက်ကျားရှီး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဆေးနှစ်ဖြင့် လိမ်းကျံလိုက်ကြ၏။ အသက်ရှူရန် နှာခေါင်းပေါက်ကိုသာ ချန်ထားပြီး မျက်လုံးများကိုပါ မကျန် ဖုံးအုပ်ထားလိုက်ကြ၏။
"ဒီနေရာမှာ 'အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်' ရှိတဲ့ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင် တစ်ပင် ရှိနေတာပဲ... ဖျက်ဆီးရခက်ပေမယ့် မလှုပ်ရှားနိုင်ဘူး"
ယဲ့ဖုန်းသည် မြူခိုးများကြားတွင် ဝဲပျံနေရင်း အောက်ဘက်မှ ဖြစ်ပျက်သမျှကို စောင့်ကြည့်နေ၏။
မြူခိုးတောင်ထိပ်နှင့် မိုင်အနည်းငယ်သာ ဝေးသော ဤတောင်တန်းငယ်လေးထဲတွင် နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင် တစ်ပင် ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။ ထို့အပြင် ထိုထင်းရှူးပင်သည် ခေါင်းပေါ်တွင် ရွှေရောင်အမွှေးစလေး ပါသော ရှဉ့်လေးကို ဉာဏ်အလင်းပွင့်စေပြီး ဉာဏ်ရည်ထက်မြက်လာအောင် ကူညီပေးခဲ့ပုံ ရသည်။
ယဲ့ဖုန်း တိတ်ဆိတ်စွာ ဝဲပျံနေလိုက်၏။
"မနက်ဖြန် နေ့လည်လောက်ဆိုရင် ထွက်ခွာမှ ဖြစ်မယ်... မဟုတ်ရင် 'မြင့်မြတ်သော လေဓား'ဂိုဏ်းကို နေ့ဝက်အတွင်း ရောက်မှာ မဟုတ်ဘူး... ကျားရှီးက အချိန်မီ နိုးလာပါ့မလား မသိဘူး"
ယဲ့ဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်သော်လည်း ထွက်ခွာမသွားသလို ကိုယ်ထင်လည်း မပြပေ။ မြူခိုးများကြားတွင်သာ ဆက်လက် ဝဲပျံနေပြီး ကျောက်ကျားရှီးကို စောင့်ရှောက်ပေးနေ၏။
"ဟူး... ငါက ကလေးထိန်းကြီး ပြန်ဖြစ်နေပြန်ပြီ"
ယဲ့ဖုန်း အတော်လေး လက်လျော့ချင်သလို ခံစားလိုက်ရသည်။
သို့သော် အခြေအနေက မတူတော့ပေ။
ကျောက်ကျားရှီးက ဒဏ်ရာရပြီး မလှုပ်ရှားနိုင်တော့။ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်က အဆင့်မြင့်ပြီး ခံနိုင်ရည်ရှိသော်လည်း ကာကွယ်ပေးနိုင်သည့် တိုက်ခိုက်စွမ်းရည် မရှိသလောက် နည်းပါးသည်။ ရှဉ့်လေးကလည်း အလွန်ဆုံးမှ 'ချီစုစည်းခြင်း (၅) ဆင့်' ကျင့်ကြံသူ တစ်ဦးလောက်သာ စွမ်းရည် ရှိသည်။ အန္တရာယ် တစ်ခုခု ကြုံလာခဲ့လျှင် ကျောက်ကျားရှီးခမျာ စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လို ဘာမှမတတ်နိုင်ဘဲ ခံရပေလိမ့်မည်။
ထိုအခြေအနေမျိုးတွင် ယဲ့ဖုန်း ဝင်ပါရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ညအမှောင်ထု၏ အကာအကွယ်အောက်တွင် ဖြစ်သည်။
ယဲ့ဖုန်း ခဏတာ ထွက်ခွာသွားပြီး ပြန်ရောက်လာသောအခါ မွှေးကြိုင်သော သိုးပေါင်ကင်ကြီး တစ်ခုကို ကိုင်ဆောင်ထားသည်။ သူသည် မြူခိုးများကြားတွင် ဝဲပျံရင်း သိုးပေါင်ကင်ကို အရသာရှိရှိ စားသောက်နေရာ မွှေးရနံ့များသည် နေရာအနှံ့ ပျံ့လွင့်သွားသည်။
နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ပေါ်တွင် ဖြစ်သည်။
ရာပေါင်းများစွာသော ရှဉ့်များသည် အပေါ်မှ ရောက်လာသော အနံ့ကို ရလိုက်ပြီး စိတ်လှုပ်ရှားစွာ အော်မြည်နေကြ၏။
"ဘယ်ကနေ ဒီလောက် မွှေးတဲ့ အနံ့ ရနေတာလဲဟ"
"စားချင်လိုက်တာကွာ"
"အား... ထင်းရှူးသီးတွေ မစားချင်တော့ဘူး"
သို့သော် မည်မျှပင် စဉ်းစားစေကာမူ ရှဉ့်များသည် အနံ့၏ ဇာစ်မြစ်ကို ရှာမတွေ့သဖြင့် ခါးသက်သက် ထင်းရှူးသီးများကိုသာ မကျေမနပ် ကိုက်ဝါးနေရရှာသည်။
မျက်စိတစ်မှိတ်အတွင်း နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာ၏။
"သူ နိုးမလာသေးဘူးလား"
ယဲ့ဖုန်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီနေ့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းကို သွားရတော့မည်။ ကျောက်ကျားရှီးသာ မနိုးလာလျှင် အစ်ကိုကြီး ခေါင်းပြားကို ခေါ်ပြီး စောင့်ခိုင်းထားရပေလိမ့်မည်။
ထိုအချိန်တွင် လူနှစ်ဦး စကားပြောသံကို မနီးမဝေးမှ ကြားလိုက်ရသည်။
"စီနီယာအစ်ကို... ကျွန်တော် သေချာ စစ်ဆေးပြီးပြီ... ဒီနားမှာ ရှဉ့်အုပ်တစ်အုပ် ရှိတယ်... သူတို့ရဲ့ ခေါင်းဆောင်က ဉာဏ်အလင်းပွင့်နေပြီး 'အလယ်အလတ် နတ်ဆိုးစစ်သည်အဆင့်' ရှိတယ်... သူ့ကို ဖမ်းပြီး ရောင်းစားလိုက်ရင် အနည်းဆုံး 'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး' (၈၀) လောက်တော့ ရမှာ သေချာတယ်"
"တကယ်လား"
တခြားတစ်ယောက်က မေးလိုက်၏။
"တကယ်ပေါ့ဗျာ... ဒါပေမဲ့ အဲဒီရှဉ့်ကို ရောင်းပြီးရင် ဂျူနီယာညီလေးကို ဝေစုခွဲပေးဖို့ မမေ့နဲ့နော်"
ဂျူနီယာညီလေးက ပြောလိုက်၏။
"ဂျူနီယာညီလေး... မင်းနဲ့ ငါကလွဲရင် တခြား ဘယ်သူ သိသေးလဲ"
စီနီယာအစ်ကိုက လေသံတိုးတိုးဖြင့် မေးလိုက်၏။
"ဘယ်သူမှ မသိပါဘူး"
ဂျူနီယာညီလေး ခေါင်းခါလိုက်၏။
"ဟီးဟီး၊ ကောင်းပြီ... ဒါဆို မင်း သေလို့ ရပြီ"
စီနီယာအစ်ကိုက ကောက်ကျစ်သော အသံဖြင့် ရယ်မောလိုက်၏။
'ဖောက်' ခနဲ အသံနှင့်အတူ လူတစ်ယောက် မြေကြီးပေါ်သို့ လဲကျသွားပြီးနောက် လက်ထဲတွင် ဓားရှည်တစ်လက် ကိုင်ဆောင်ထားသော ရုပ်ဆိုးဆိုး လူငယ်တစ်ဦးသည် မြူခိုးများကြားမှ ထွက်ပေါ်လာပြီး နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်အောက်သို့ ရောက်ရှိလာ၏။
"ကြီးမားလိုက်တဲ့ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ကြီးပါလား... 'အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်' တောင် ရှိတယ်... ဒါပေမဲ့ တိုက်ခိုက်စွမ်းရည် မရှိဘူး... ငါသာ ဒီနေရာကို သိမ်းပိုက်လိုက်ရင် ထင်းရှူးသီးတွေ စားပြီး ကျင့်ကြံရုံနဲ့တင် 'ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်' ကို ရောက်နိုင်တယ်"
ရုပ်ဆိုးသော လူငယ်သည် ဓားပေါ်မှ သွေးစများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး ကျောချမ်းဖွယ်ရာ ရယ်မောလိုက်၏။
ထိုအခိုက်အတန့်၌ 'ချီစုစည်းခြင်း (၆) ဆင့်' အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ မြူခိုးများကို လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ထုတ်ပစ်လိုက်၏။
သစ်ပင်ပေါ်တွင် ရွှံ့များဖြင့် ဖုံးအုပ်ခံထားရသော ကျောက်ကျားရှီးကို မြင်လိုက်ရသောအခါ ရုပ်ဆိုးသော လူငယ်၏ မျက်လုံးများ စူးရှသွားပြီး ပြုံးစစဖြင့် ပြောလိုက်၏။
"ဒီနေရာမှာ ပုန်းနေတဲ့ ကောင်တစ်ကောင် ရှိသေးတာကိုး... ထားလိုက်ပါတော့... ဉာဏ်အလင်းပွင့်နေတဲ့ ရှဉ့်ကို အရင် ဖမ်းရမယ်"
"ကျွီ... ကျွီ..."
ရှဉ့်လေးသည် ဒေါသတကြီးဖြင့် သွားများကို ဖြီးပြလိုက်ပြီး ထင်းရှူးသီးတစ်လုံးကို ကောက်ကာ ပစ်ပေါက်လိုက်၏။
“ချလွင်…”
ရုပ်ဆိုးသော လူငယ်သည် ထင်းရှူးသီးကို ဓားဖြင့် နှစ်ပိုင်းပိုင်းလိုက်ပြီး ရှဉ့်လေးကို ဖမ်းရန် သစ်ပင်ပေါ်သို့ တက်ရန် ပြင်လိုက်၏။
ဒေါသထွက်နေသော ရှဉ့်လေးသည် ရာပေါင်းများစွာသော ရှဉ့်များကို ဦးဆောင်ကာ သူတို့ စုဆောင်းထားသော ကျောက်ခဲများနှင့် ထင်းရှူးသီးများဖြင့် ဝိုင်းဝန်း ပစ်ပေါက်ကြ၏။
"ကလေးအကွက်တွေပါ"
လူငယ်၏ အရှိန်အဝါ တုန်ခါသွားပြီး ထင်းရှူးသီးများနှင့် ကျောက်ခဲများအားလုံး လွင့်စင်သွားကာ ရှဉ့်အများအပြားလည်း ထိခိုက်လွင့်စင်သွားပြီး မြေကြီးပေါ်သို့ အော်ဟစ်ကာ ပြုတ်ကျကုန်ကြ၏။
"ကျွီ... ကျွီ..."
ရှဉ့်လေးသည် ဒေါသတကြီးဖြင့် လက်သီးများကို ဝှေ့ယမ်းကာ ရုပ်ဆိုးသော လူငယ်ကို တိုက်ခိုက်လိုက်ရာ မြန်လွန်းသဖြင့် လူငယ်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ အရေးပေါ် အခြေအနေတွင် သူသည် အဆင့်နိမ့် အဆောင်လက်ဖွဲ့ စာရွက်တစ်ရွက်ကို ပစ်လွှတ်လိုက်ရာ တောက်ပသော ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှဉ့်လေးကို ဖမ်းမိသွားသည်။
ထို့နောက် ရုပ်ဆိုးသော လူငယ်သည် ရှဉ့်လေး၏ လည်ပင်းကို လှမ်းဆွဲလိုက်ရာ ခေါင်းပေါ်ရှိ ရွှေရောင်အမွှေးစလေးကို မြင်လိုက်ရသဖြင့် မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
"ငါ့ ဂျူနီယာညီလေးက တကယ့် ငတုံးပဲ... ဒါက ရှားပါးတဲ့ 'ရွှေရောင် ဝိညာဉ်ရှဉ့်' ပဲ... ဝိညာဉ်ကျောက်တုံး (၈၀) ထက် အများကြီး ပိုတန်တယ်... တန်ဖိုးနားလည်တဲ့သူကို ရောင်းရင် (၈၀၀) လောက်တောင် ရနိုင်တယ်"
"လွှတ်လိုက်စမ်း"
ထိုအခိုက်အတန့်၌၊ အလွန် ဒေါသထွက်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။
ရုပ်ဆိုးသော လူငယ်သည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ သစ်ပင်ပေါ်ရှိ ရွှံ့လူသားထံမှ အားကောင်းသော အရှိန်အဟုန်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
“ကွပ်…”
နူးညံ့သော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရွှံ့များကို တွန်းထုတ်လိုက်ကာ ကျောက်ကျားရှီး၏ ပုံရိပ် ပေါ်ထွက်လာ၏။
သူသည် ကံဆိုးမိုးမှောင်ကျရာမှ ကောင်းချီးမင်္ဂလာ ရရှိခဲ့ပြီး သူ၏ သွေးမျိုးဆက် ခိုင်မာမှု တဖန် ပြီးမြောက်ခဲ့ကာ 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၅) ဆင့်မြောက်' သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ အရှိန်အဟုန်သည် ၂.၃ ဆအထိ စုစည်းနိုင်ခဲ့သဖြင့် ရုပ်ဆိုးသော လူငယ်၏ အမြင်တွင် 'ချီစုစည်းခြင်း (၆) ဆင့်' တူညီသော ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
"အဲဒီ ရှဉ့်လေးကို လွှတ်ပေးလိုက်လို့ ငါ ပြောနေတယ်"
ကျောက်ကျားရှီးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သစ်ကိုင်းကို ခြေထောက်ဖြင့် အားကုန်ကန်ကာ ဓားတစ်လက်ပမာ အောက်သို့ ထိုးဆင်းလိုက်၏။
"အိပ်မက် မက်နေလိုက်"
ရုပ်ဆိုးသော လူငယ်သည် ဓားကို ရှေ့သို့ ထိုးလိုက်၏။
ကျောက်ကျားရှီး ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ အရှိန်အဟုန်သည် ၂.၅ ဆအထိ ထပ်မံ မြင့်တက်သွားပြီး လက်သီးတစ်ချက်တည်းဖြင့် ဝိညာဉ်ဓားကို လွင့်စင်သွားစေကာ နောက်လက်သီးတစ်ချက်ဖြင့် ရုပ်ဆိုးသော လူငယ်၏ မျက်နှာကို ထိုးချလိုက်၏။
“ဂွပ်…”
ရုပ်ဆိုးသော လူငယ်သည် လေထဲတွင် အကြိမ်ကြိမ် လည်ထွက်သွားပြီးနောက် မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားကာ အသက်မရှိတော့ပေ။
"သေ... သေသွားပြီလား"
ကျောက်ကျားရှီး စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။
သူက 'ချီစုစည်းခြင်း (၆) ဆင့်' ကျင့်ကြံသူတစ်ဦးကို တကယ် သတ်လိုက်တာလား။
"ဒီလူက 'ချီစုစည်းခြင်း အဆင့်' ကျင့်ကြံသူလေ... သူ့ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်နဲ့ သွန်းလောင်းထားတယ် ဆိုပေမယ့် အဆင့်တူ 'ခန္ဓာကိုယ် ကျင့်ကြံသူ' တစ်ယောက် အနားကပ်လာရင်တော့ ရှုံးနိမ့်ဖို့ သေချာသလောက်ပဲ"
ယဲ့ဖုန်းသည် ကောင်းကင်မှ ဆင်းသက်လာရင်း ပြောလိုက်၏။
"ကျွီ... ကျွီ..."
ရှဉ့်လေးသည် ယဲ့ဖုန်းကို မြင်လိုက်ရပြီး သူ၏ အရှိန်အဝါကို အာရုံမခံနိုင်သဖြင့် လန့်ဖျပ်သွားကာ ကျောက်ကျားရှီးကို ထွက်ပြေးရန် အချက်ပြလိုက်၏။
သို့သော် ရှဉ့်လေး အံ့ဩသွားသည်မှာ ကျောက်ကျားရှီးက ထွက်မပြေးဘဲ လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်ခြင်းပင်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
"ကျားရှီး... မင်း လုပ်တာ ကောင်းတယ်"
ယဲ့ဖုန်း ချီးကျူးလိုက်၏။
အဆင့်နိမ့် အလင်းပိုက်ကွန် အဆောင်လက်ဖွဲ့ဖြင့် အဖမ်းခံထားရဆဲ ဖြစ်သော ရှဉ့်လေးကို ကြည့်ပြီး ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်ရာ 'သူရဲကောင်းဝိညာဉ်စွမ်းအား' ထွက်ပေါ်လာပြီး အလင်းပိုက်ကွန်ကို ချေမှုန်းပစ်လိုက်၏။
ကျောက်ကျားရှီးက ယဲ့ဖုန်းကို ခေါ်ဝေါ်ပုံကို ကြားလိုက်ရသဖြင့် ဤချောမောသော လူငယ်သည် အဆင့်မြင့်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း ရှဉ့်လေး သဘောပေါက်လိုက်ပြီး ကျေးဇူးတင်ကြောင်း အမူအရာ ပြလုပ်လိုက်၏။
"ကောင်လေး... စားချင်လား"
ယဲ့ဖုန်းသည် အဆင့်နိမ့် ဝိညာဉ်သားရဲ အစာတစ်အိတ်ကို ထုတ်ယူလိုက်ရာ မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာသဖြင့် ရှဉ့်များအားလုံး၏ အာရုံကို ဖမ်းစားလိုက်၏။ မြေကြီးပေါ်တွင် သေချင်ယောင်ဆောင်နေသော ရှဉ့်များသည် သစ်ပင်ပေါ်သို့ ပြေးတက်သွားကြပြီး သူတို့ကို ဝိုင်းရံကာ စားချင်သော်လည်း မစားရဲ ဖြစ်နေကြ၏။
ကျောက်ကျားရှီးက
"ဒါ ဝိညာဉ်သားရဲ အစာတွေပါ... စားလိုက်ပါ"
ဟု ပြောလိုက်၏။
ထိုအခါမှသာ ရှဉ့်လေးသည် တစ်ဆုပ်စာ ယူလိုက်ပြီး အရသာရှိရှိ စားသောက်လိုက်ရာ ရှေးဟောင်း ထင်းရှူးပင်ပေါ်မှ ထင်းရှူးသီးများသည် ဤအစာနှင့် ယှဉ်လျှင် အရသာမရှိတော့သလို ခံစားလိုက်ရသည်။
ယဲ့ဖုန်းသည် မိုးထိအောင် မြင့်မားနေသော နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ကြီးကို မော့ကြည့်လိုက်ပြီး မြူခိုးတောင်ထိပ်သို့ ရွှေ့ပြောင်း စိုက်ပျိုးချင်စိတ် ပေါက်သွားသည်။
‘အောင်မြင်ခဲ့ရင် ဒီရှဉ့်အုပ်ကြီး လိုက်မလာမှာကို ပူစရာ မလိုတော့ဘူး။’
ထိုသို့ တွေးလိုက်ပြီးနောက် ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ ရှေးဟောင်း ထင်းရှူးပင်၏ ပင်စည်ကို ကိုင်လိုက်ပြီး သစ်ပင်ဝိညာဉ်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။
အခန်း (၁၆၇) - ရှေးဟောင်း သစ်ပင်ကြီးအား ရွှေ့ပြောင်း စိုက်ပျိုးခြင်း၊ 'မြင့်မြတ်သော လေဓား'ဂိုဏ်းသို့ ရောက်ရှိခြင်း
~ယဲ့ဖုန်းသည် ရှေးဟောင်း ထင်းရှူးပင်ကြီး၏ ပင်စည်ကို လက်ဖြင့် ထိလိုက်သည်နှင့် တပြိုင်နက် သစ်ပင်ဝိညာဉ်ထံမှ ဝေဝါးသော ဆန္ဒလှိုင်းများကို ချက်ချင်း အာရုံခံမိလိုက်၏။
"မင်းက ဘယ်သူလဲ"
ရှေးဟောင်း ထင်းရှူးပင်ကြီးက မေးလိုက်၏။
"မြူခိုးဂိုဏ်း ဂိုဏ်းချုပ် ယဲ့ဖုန်းပါ"
"မင်းဆီမှာ ထူးဆန်းပြီး စွမ်းအားကြီးတဲ့ စွမ်းအင်တစ်ခု ရှိနေတယ်... ငါ့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားမျိုးပဲ... ငါ ကြောက်တယ်"
ရှေးဟောင်း ထင်းရှူးပင်ကြီးထံမှ ထွက်ပေါ်လာသော ဆန္ဒလှိုင်းများသည် တုန်ခါနေ၏။
"ကြောက်စရာ မလိုပါဘူးဗျာ... ခင်ဗျားကို ကျုပ်ရဲ့ ဂိုဏ်းထဲ ဝင်စေချင်ရုံပါ... ဝင်လိုက်ရင် နေ့တိုင်း ဝိညာဉ်စမ်းရေ သောက်လို့ရမယ်လေ"
ယဲ့ဖုန်းသည် ရိုးသားဖြူစင်သော မျက်နှာထားဖြင့် လေးနက်စွာ စည်းရုံးလိုက်၏။
ရှေးဟောင်း ထင်းရှူးပင်ကြီး၏ ဆန္ဒလှိုင်းများ ထပ်မံ တုန်ခါသွားပြန်သည်။
"ရှဉ့်လေး သောက်တဲ့ ဝိညာဉ်စမ်းရေနဲ့ အတူတူပဲလား"
ကျောက်ကျားရှီးနှင့် သူငယ်ချင်း ဖြစ်သွားပြီးနောက် ရှဉ့်လေးသည် ဝိညာဉ်စမ်းရေ အချို့ကို သယ်ဆောင်လာပြီး ရှေးဟောင်း ထင်းရှူးပင်ကြီးကို လောင်းပေးခဲ့ဖူးရာ ထင်းရှူးပင်ကြီးမှာ စွဲလမ်းနေပြီ ဖြစ်သည်။
"အတူတူပါပဲ"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
"နေ့တိုင်း ဝိညာဉ်စမ်းရေ လုံလောက်အောင် တိုက်မယ်ဆိုရင်... ဒီအဘိုးကြီးက မိတ်ဆွေရဲ့ ဂိုဏ်းကို ဝင်ပြီး မိုးဒဏ် လေဒဏ် ကာကွယ်ပေးပါ့မယ်"ဟု
ရှေးဟောင်း ထင်းရှူးပင်ကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားမိသည်။
မြူခိုးဂိုဏ်းက နောက်ထပ် အစားပုတ် ကောင်ကြီးတစ်ကောင်ကို ဆွဲဆောင်မိပြန်ပြီ... ကုန်ကျစရိတ်တွေတော့ တက်ဦးမှာပဲ။
စိတ်ထဲတွင် ညည်းတွားနေသော်လည်း ယဲ့ဖုန်းသည် 'ဝိညာဉ်သားရဲ ဆောင်' ၏ လုပ်ဆောင်ချက်ကို ချက်ချင်း အသုံးပြုလိုက်ပြီး နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ကြီးကို ဂိုဏ်းထဲသို့ သွတ်သွင်းလိုက်၏။
စာချုပ်ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် ယဲ့ဖုန်းသည် သူ၏ စွမ်းအားများ ချက်ချင်း တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၂)' နှင့် ညီမျှသော စွမ်းအားပမာဏ တိုးပွားလာသဖြင့် အလွန် ဝမ်းသာသွားသည်။
'သူရဲကောင်းဝိညာဉ်စွမ်းအားကိုပါ ထည့်တွက်လိုက်ရင် 'ဓားဆွဲထုတ်ခြင်း နည်းစနစ်' ကို မသုံးရင်တောင် ငါက 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' လောက်နဲ့ ယှဉ်နိုင်နေပြီ မဟုတ်လား'
ယဲ့ဖုန်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။
ထို့နောက် သူသည် ရှဉ့်လေးကို ကြည့်ပြီး ပြောလိုက်၏။
"ကောင်လေး... ငါတို့ မြူခိုးဂိုဏ်းကို လိုက်ချင်လား... နေ့တိုင်း ကောင်းတာတွေ စားရသောက်ရမယ်... ပြီးတော့ ကျားရှီးနဲ့လည်း ဆော့လို့ ရမယ်လေ"
ရှဉ့်လေးသည် ပျော်ရွှင်သွားသော်လည်း ရှေးဟောင်း ထင်းရှူးပင်ကြီးကို ပြန်ကြည့်လိုက်သောအခါ ဝန်လေးသော အမူအရာ ပေါ်လာ၏။
"ပြောဖို့ မေ့သွားတယ်... ရှေးဟောင်း ထင်းရှူးပင်ကြီးက ငါနဲ့အတူ လိုက်ဖို့ သဘောတူပြီးပြီ"
ယဲ့ဖုန်းက ထပ်ဖြည့်ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ရှဉ့်လေး ချက်ချင်း ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ"
ယဲ့ဖုန်း ဝမ်းသာအားရ ဖြစ်သွားပြီး ရှဉ့်လေး၏ ခေါင်းပေါ်သို့ လက်တင်ကာ 'ဝိညာဉ်သားရဲ ပြုစုပျိုးထောင်ရေးဆောင်' ၏ လုပ်ဆောင်ချက်ကို အသုံးပြု၍ ဂိုဏ်းစောင့် ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲလိုက်၏။
"ကျားရှီး... ပစ္စည်းတွေ သိမ်းတော့"
"ဟုတ်ကဲ့"
ကျောက်ကျားရှီးသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ရုပ်ဆိုးသော လူငယ်၏ ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ အနီးနားတွင် ဓားချက် တစ်ချက်တည်းဖြင့် အသတ်ခံထားရသော ဝဖြိုးဖြိုး လူငယ် တစ်ဦးကိုလည်း တွေ့ရှိလိုက်ရသည်။ သူသည် ရုပ်ဆိုးသော လူငယ်၏ ဂျူနီယာ ဖြစ်ဟန်တူသည်။
ထိုနှစ်ဦးကို မြေအောက်နက်နက်တွင် မြှုပ်နှံပြီးနောက် ကျောက်ကျားရှီးသည် ရှေးဟောင်း ထင်းရှူးပင်ကြီးပေါ်သို့ ခုန်တက်လိုက်၏။
"မ..လိုက်တော့မယ်"
ယဲ့ဖုန်းသည် သူရဲကောင်းဝိညာဉ်စွမ်းအား အကုန်ထုတ်သုံးလိုက်ပြီး နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ကြီးကို အမြစ်ပါမကျန် ဆွဲနှုတ်လိုက်၏။ ကျောက်ကျားရှီးနှင့် ရာပေါင်းများစွာသော ရှဉ့်များကို သယ်ဆောင်လျက် တစ်စက္ကန့်လျှင် (၁၀) မီတာကျော်နှုန်းဖြင့် မြူခိုးတောင်ထိပ်ဆီသို့ ပျံသန်းသွားလေတော့သည်။
*
လင်းရွာတွင် ဖြစ်သည်။
"အဘိုး... ကြည့်ပါဦး... ကောင်းကင်ပေါ်မှာ သစ်ပင်ကြီး တစ်ပင် ပျံနေတယ်"
"ဟေ့ကောင်လေး... မင်းက အဘိုးကို နောက်ရဲတယ်ပေါ့... ဟာ... တကယ်ကြီး သစ်ပင်ကြီး ပျံနေတာပါလား... မြူခိုးဂိုဏ်းက နတ်ဆရာသခင်ကြီးတွေ ကိစ္စကြီးကြီးမားမား တစ်ခုခု လုပ်နေတာ ဖြစ်မယ်... အားလုံး မလန့်ကြနဲ့"
လင်းရွာသားများ အံ့ဩမှင်သက်နေကြပြီး၊ မြူခိုးဂိုဏ်းမှ တပည့်များမှာမူ ချောက်ကမ်းပါးစွန်းတွင် ရပ်လျက် ကြောင်တောင်တောင် ကြည့်နေကြ၏။
တောင်ထိပ်သို့ ရောက်သောအခါ ယဲ့ဖုန်းသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခြံဝင်းအတွင်းရှိ နေရာလွတ်တစ်ခုကို ရွေးချယ်ကာ တွင်းကြီးတူး၍ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ကြီးကို စိုက်ပျိုးလိုက်ပြီး မြေပြန်ဖို့ပေးလိုက်၏။
"သွား... ရေသွားလောင်းကြ"
ယဲ့ဖုန်း အမိန့်ပေးလိုက်ရာ ရွှေရောင်အမွှေးပါသော ရှဉ့်လေးသည် ရာပေါင်းများစွာသော ရှဉ့်များကို ဦးဆောင်၍ ဝါးကျည်တောက်လေးများဖြင့် ဝိညာဉ်စမ်းရေ ခပ်ကာ တကျွီကျွီ အော်မြည်လျက် ထင်းရှူးပင်ကြီးကို ရေလောင်းပေးကြ၏။ တချို့ကလည်း ကိုယ်တိုင် သောက်ကြ၏။
"သန့်စင်လိုက်တဲ့ ဝိညာဉ်စမ်းရေပါလား"
ရှေးဟောင်း ထင်းရှူးပင်ကြီးထံမှ ဆန္ဒလှိုင်းများသည် လူတိုင်း၏ စိတ်ထဲတွင် ကြားရသော အသံအဖြစ် ပြောင်းလဲသွားသည်။
"ဒါက 'အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်' ဝိညာဉ်သစ်ပင်ကြီးပဲ"
မိုယင်က ထိုသို့ အံ့ဩတကြီး ရေရွတ်လိုက်၏။
တပည့်များလည်း စိတ်ဝင်တစား ဝိုင်းအုံကြည့်ရှုနေကြ၏။
"ဒါက မွေးရာပါ 'ဝိညာဉ်အမြစ်' ပါဝင်တဲ့ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်ကြီးပဲ... ပြီးတော့ ဒီကောင်လေးကတော့ 'ရွှေရောင် ဝိညာဉ်ရှဉ့်' ပါ... ရှေးဟောင်း ထင်းရှူးပင်ကြီးကြောင့် ဉာဏ်အလင်းပွင့်သွားပြီး အခုတော့ ငါတို့ရဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ ဖြစ်လာပါပြီ"
ယဲ့ဖုန်းသည် ရှေးဟောင်း ထင်းရှူးပင်ကြီးနှင့် ရှဉ့်လေးကို မိတ်ဆက်ပေးလိုက်၏။
"ချစ်စရာ ရှဉ့်လေးပါလား... ခေါင်းပေါ်မှာ ရွှေရောင်အမွှေးလေးနဲ့... ဘယ်က ရောက်လာတာလဲဟင်"
ကျားယွိလန်သည် ရှဉ့်လေး၏ ဖောင်းနေသော ပါးလေးကို ဆွဲညှစ်လိုက်၏။
ကျောက်ကျားရှီးက အလျင်အမြန် ရှင်းပြလိုက်၏။
"ဒီလိုပါ..."
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျင့်ကြံခြင်း အတွေ့အကြုံများကို သိရှိလိုက်ရသောအခါ တပည့်များသည် ကျောက်ကျားရှီးက ရေတံခွန်အောက်တွင် လက်သီးထိုးလေ့ကျင့်ရင်း "မြင့်မြတ်သော" ရွှေရောင် ဝိညာဉ်ရှဉ့်လေး၏ အကူအညီကို ရရှိခဲ့ကာ 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၅) ဆင့်မြောက်' သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြောင်း သိရှိသွားကြ၏။
"ဒီနေ့ကစပြီး မင်းတို့ ရှဉ့်မျိုးနွယ်စုက မြူခိုးတောင်ထိပ်မှာ နေလို့ ရပြီ... ဒါပေမဲ့ သန့်ရှင်းရေး တာဝန်ကို ယူရမယ်... နားလည်လား"
ယဲ့ဖုန်းသည် ရွှေရောင် ဝိညာဉ်ရှဉ့်လေးကို ပြောလိုက်ပြီး တံမြက်စည်း
တစ်ချောင်းကို ကောက်ယူကာ ဘယ်လို လှည်းရမလဲ ဆိုတာ သရုပ်ပြလိုက်၏။
"ကျွီ... ကျွီ..."
ရွှေရောင် ဝိညာဉ်ရှဉ့်လေးသည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး သူ၏ လက်အောက်ငယ်သား ရှဉ့်ရာပေါင်းများစွာကို ချက်ချင်း အမိန့်ပေးလိုက်၏။
ရှေးဟောင်း ထင်းရှူးပင်ကြီးပေါ်တွင် တက်ကြွစွာ ပြေးလွှားနေကြသော ရှဉ့်အုပ်ကြီးကို ကြည့်ရင်း ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများ တဖြည်းဖြည်း ကွေးတက်သွားသည်။
ဒီရှဉ့်တွေက သာမန်ကောင်တွေ မဟုတ်ဘူး... ဉာဏ်အလင်း မပွင့်သေးပေမယ့် ရှေးဟောင်း ထင်းရှူးပင်ကြီးဆီက ထင်းရှူးသီးတွေ အများကြီး စားထားလို့ သွက်လက်ဖျတ်လတ်ပြီး ခွန်အားလည်း မဆိုးလှဘူး... ရှားပါးတဲ့ လုပ်အားစုကြီး တစ်ခုပဲ။
"ဒီည ငါတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်း မှာ ညစာစားပွဲ တက်ရမယ်... နေ့လည်စာ စားပြီးတာနဲ့ ထွက်ခွာရမယ်... ဒါကြောင့် လိုအပ်တာတွေ အမြန် ပြင်ဆင်ထားကြ"
ဟု ယဲ့ဖုန်းက အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ"
တပည့်များ ပြိုင်တူ ဖြေကြားလိုက်ပြီး ချက်ချင်း အလုပ်ရှုပ်သွားကြတော့၏။
ထမင်းစားပြီးနောက် ယဲ့ဖုန်းသည် တပည့်များနှင့်အတူ ခရီးထွက်ခွာသည်။
ရှေးဟောင်း ထင်းရှူးပင်ကြီးမှ လွဲ၍ ကျန်ရှိသော ဂိုဏ်းစောင့် ဝိညာဉ်သားရဲများ အားလုံး လိုက်ပါလာကြ၏။
ကောင်းကင်ယံ အမြင့်တွင် ဖြစ်သည်။
သံလက်သည်း နဂါးလင်းယုန်သည် လူတိုင်းကို တင်ဆောင်ကာ ပျံသန်းနေ၏။
'အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့်' သို့ တက်လှမ်းပြီးနောက် ၎င်း၏ အရှိန်သည် အလွန် မြန်ဆန်လာခဲ့၏။ (၂) နာရီအတွင်း မိုင် (၃၀၀၀) ခရီးကို ဖြတ်ကျော်နိုင်ပြီး 'မြင့်မြတ်သော လေဓား'ဂိုဏ်း တည်ရှိရာ 'လေနတ်ဘုရား မြို့တော်' သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
"ဒီအချိန်မှာ အနားယူပြီး အားမွေးထားကြ"
ယဲ့ဖုန်း ပြောလိုက်၏။
ထို့နောက် သူသည် သက်တောင့်သက်သာ လှဲလျောင်းလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်၏။
သံလက်သည်း နဂါးလင်းယုန်၏ အရှိန်သည် အလွန် မြန်ဆန်လှသည်။
သူတို့အဖွဲ့သည် နန်လုတောင်တန်းကို ဖြတ်ကျော်လိုက်ပြီး မကြာမီ ရေပေါ်ဖြူ မြို့တော်နှင့် မိုင် (၃၀၀) ကျော် ဝေးကွာသွားသည်။
*
တောင်တန်းနက်ကြီး တစ်ခု အတွင်းရှိ ခန်းမဆောင်ကြီး တစ်ခုထဲတွင် ဖြစ်သည်။
မီးအိမ်တစ်လုံး ရုတ်တရက် လင်းလက်လာ၏။
" 'ဝိညာဉ်ညွှန်ပြ မီးအိမ်' လင်းလာပြီ... 'နဂါးသွေးမျိုးဆက်' ပေါ်လာပြီလား"
အက်ကွဲသော အသံကြီး တစ်သံသည် ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားပြီး အမှောင်ထုထဲတွင် ပုန်းအောင်းနေသော အိုမင်းသော ပုံရိပ် တစ်ခု ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။
"လုံကျို ... နဂါးသွေးမျိုးဆက် ပိုင်ရှင်ကို သွားခေါ်ခဲ့"
"ဟုတ်ကဲ့"
တောင့်တင်းသန်မာသော ပုံရိပ်တစ်ခုက ခေါင်းညိတ်လိုက်ပြီး သံလိုက်အိမ်မြှောင်ကို ကိုင်ကာ တောင်ဘက်သို့ ပျံသန်းထွက်ခွာသွား လေသည်။
အကယ်၍ လူတစ်ယောက်ယောက်သာ ရှိနေခဲ့လျှင် ဤလူတွင် မီးခိုးရောင် ဆံပင်ရှည်များ ရှိပြီး မျက်လုံးအိမ်များမှာ ဖျော့တော့သော အပြာရောင် အလင်းတန်းများ တောက်ပနေကာ လုံထျန်းရှင်းနှင့် အနည်းငယ် တူညီမှု ရှိကြောင်း တွေ့ရှိရပေလိမ့်မည်။
*
လေနတ်ဘုရား မြို့တော်။
ဤမြို့တော်သည် မိုင်ပေါင်းရာချီ ကျယ်ဝန်းပြီး နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်း ရှိသည်။ လူဦးရေ သန်း (၃၀) ကျော် နေထိုင်ပြီး 'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသော ထိပ်တန်း 'ကြယ်တစ်ပွင့်အဆင့် မြို့တော်' ဖြစ်သည်။
မြောက်ဘက် မြို့တံခါးဝတွင် ဖြစ်သည်။
ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့ ဘေးချင်းယှဉ် လျှောက်လာကြ၏။
"'မြင့်မြတ်သော လေဓား'ဂိုဏ်း တိုက်ရိုက် အုပ်ချုပ်တဲ့ မြို့တော် ဆိုတာ သိသာလိုက်တာ... လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဆိုရင် ဒီနေရာက လွင်ပြင်ရွာလေး တစ်ရွာပဲ ရှိတာတဲ့... 'မြင့်မြတ်သော လေဓား'ဂိုဏ်း ကြီးပွားလာတာနဲ့အမျှ မြို့တော်လည်း ဆက်တိုက် ဖွံ့ဖြိုးလာပြီး ဒီနေ့လို ဖြစ်လာတာပေါ့"
တင်းပိုင်ရွှယ်သည် ကြက်သွန်မြိတ်ကင် တစ်ချောင်းကို ကိုက်ဝါးရင်း ပြောလိုက်၏။
ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်၏။
"ဂိုဏ်းတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပတ်ဝန်းကျင် ဒေသတွေကိုပါ တကယ် တိုးတက်စေတာပဲ"
သူသည် အဝေးသို့ မျှော်ကြည့်လိုက်ရာ လေနတ်ဘုရား မြို့တော်၏ အလယ်ဗဟိုတွင် မိုင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းကြီးကို တွေ့လိုက်ရသည်။ ထိုတောင်တန်းများသည် ရောင်စုံ ဝိညာဉ်မြူခိုးများ လွှမ်းခြုံထားပြီး 'လေနတ်ဘုရား တောင်တန်း' ဟု လူသိများသည်။
ကျော်ကြားလှသော 'မြင့်မြတ်သော လေဓား'ဂိုဏ်းသည် ထိုတောင်တန်းပေါ်တွင် တည်ရှိသည်။
"ကြည့်ပါဦး... 'မြင့်မြတ်သော လေဓား'ဂိုဏ်းက နတ်ဆရာသခင်ကြီးတွေ ထွက်လာကြပြီ"
ထိုအချိန်တွင် လူတစ်ယောက်က လေနတ်ဘုရား တောင်တန်းဘက်သို့ လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်ပြီးနောက် ရိုသေလေးစားမှု အပြည့်ဖြင့် ဦးညွှတ်လိုက်၏။
ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့ လှမ်းကြည့်လိုက်ရာ ဓားစီးထားသော ကျင့်ကြံသူ ရာပေါင်းများစွာ စီတန်းထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် အတန်း (၃) တန်း ခွဲကာ မီတာ (၈၀၀) စီ ရှည်လျား၏။ လေနတ်ဘုရား မြို့တော်အထက်မှ ခန့်ညားထည်ဝါစွာ ဖြတ်သန်းသွားကြ၏။
"တိုးတိုးနေ... အဲဒါ ဓားဂိုဏ်းရဲ့ 'စည်းကမ်းထိန်းသိမ်းရေး အဖွဲ့' ပဲ... တစ်မြို့လုံးကို လှည့်လည်စစ်ဆေးတဲ့ အချိန် ရောက်ပြီ ထင်တယ်"
လူတစ်ယောက်က ပြောလိုက်၏။
"ဟုတ်သားပဲ... ဘာလို့ ကောင်းကင်ပေါ်မှာ ကျင့်ကြံသူတွေ သိပ်မတွေ့ရတာလဲ"
"ခင်ဗျားက ပြင်ပက လာတာ မဟုတ်လား... လေနတ်ဘုရား မြို့တော်မှာ တွေ့ကရာ လျှောက်ပျံလို့ မရဘူးဆိုတာ မသိဘူးလား... 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' အောက်က လူတွေက မြေပြင်အထက် (၁၀) ကျန်းထက် ပိုမြင့်အောင် ပျံလို့ မရဘူးလေ... ဒါကြောင့် တခြားလူတွေ နိမ့်နိမ့်လေး ပျံနေရင်တောင် ခင်ဗျား မြင်ရမှာ မဟုတ်ဘူး... 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' ရောက်မှသာ ပျံသန်းမှု ကန့်သတ်ချက်ကို လျစ်လျူရှုလို့ ရတာ... ဒါပေမဲ့ အရမ်း မြင့်အောင် ပျံလို့ မရပြန်ဘူး... ဓားဂိုဏ်းကို မလေးစားရာ ရောက်တယ်တဲ့"
ဘေးပတ်ဝန်းကျင်မှ စကားပြောသံများကို နားထောင်ရင်း ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့ သတင်းအချက်အလက် အတော်များများ ရရှိလိုက်ကြ၏။
" ဝီး .."
ထိုအချိန်တွင် တောင်ပံအကျယ် မီတာပေါင်းများစွာ ရှိသော အပြာရောင်ငှက်ကြီး တစ်ကောင်သည် ကောင်းကင်ယံ အမြင့်မှ ဖြတ်ပျံသွားရာ လမ်းမပေါ်ရှိ လူများ၏ အဝတ်အစားများ လွင့်စင်မတတ် ဖြစ်သွားပြီး တအံ့တဩ အော်ဟစ်သံများ ထွက်ပေါ်လာ၏။
"အဲဒါ 'ရွှေရောင်သရဖူ ငှက်ပြာ' ပဲ... ဓားဂိုဏ်းရဲ့ စစ်မှန်သော တပည့် (၁၀) ယောက်ထဲမှာ နံပါတ်တစ် ဖြစ်တဲ့ 'ပိုင်ချွန်းဖုန်း' ရဲ့ စီးတော်ယာဉ်ပဲ... သခင်လေး ပိုင်ချွန်းဖုန်း ဂိုဏ်းကို ပြန်ရောက်လာပြီပဲ"ဟု
လူတစ်ယောက်က အော်ပြောလိုက်၏။
"ဓားဂိုဏ်းက ဒီည ညစာစားပွဲ ကျင်းပပြီး လက်ရည်စမ်း စင်မြင့်တစ်ခု ထားရှိမယ်လို့ ကြားတယ်... သခင်လေး ပိုင်ချွန်းဖုန်း ဒီအချိန် ပြန်ရောက်လာတာ သူ့စွမ်းရည်ကို ပြချင်လို့ နေမှာ"
နောက်တစ်ယောက်က ခန့်မှန်းလိုက်၏။
"ညစာစားပွဲက လက်ရည်စမ်းပွဲလောက်က ကိစ္စသေးသေးလေးပါ... သခင်လေး ပိုင်ချွန်းဖုန်းက ဘယ်လိုလုပ် အဲဒီလောက် အဆင့်အတန်း နိမ့်တာကို ဝင်ပါမှာလဲ... ဘာပဲပြောပြော သူက 'ဓားကလေး ' မူရူရွှဲ့ နဲ့ ဓားကလေး နေရာကို ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပါရမီရှင်ပဲလေ"
"မနက်ဖြန်က ဓားကလေး ခန့်အပ်ပွဲ အခမ်းအနား ကျင်းပမယ့်နေ့ပဲ... ဓားကလေး မူရူရွှဲ့ရဲ့ ကျက်သရေကို မြင်တွေ့ခွင့် ရပါ့မလား မသိဘူး"
လူတစ်ယောက်က တွေးတောနေမိသည်။
"ဘာတွေ စိတ်ကူးယဉ်နေတာလဲ... ဓားကလေး ကို မင်း တွေ့ချင်တိုင်း တွေ့လို့ ရမယ် ထင်နေလား"
ဟု နောက်တစ်ယောက်က ပြန်ပက်လိုက်၏။
ရွှေရောင်သရဖူ ငှက်ပြာကြီး ဖြတ်ပျံသွားသောအခါ လူများ တဖန် ပြန်လည် ဆွေးနွေးငြင်းခုံကြပြန်သည်။
ဟိုယွင်ကျဲသည် ဝေးကွာသွားသော ငှက်ပြာကြီးကို လှမ်းကြည့်လိုက်ရာ ငှက်ကျောပေါ်တွင် ထိုင်နေသော ခန့်ညားထည်ဝါသည့် လူငယ်တစ်ဦးကို ဝေဝါးဝါး မြင်လိုက်ရသည်။ ထိုလူငယ်ထံမှ အားကောင်းသော ဓားအရှိန်အဝါများ ထွက်ပေါ်နေသဖြင့် အခြားသူများ တည့်တည့်ကြည့်ရန် ခက်ခဲနေ၏။
“ရှပ်... ရှပ်... ရှပ်”
ရုတ်တရက် အနောက်ဘက်မှ ခြေသံများ နီးကပ်လာ၏။
"မင်းကိုး"
အေးစက်မဲမှောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
ဘေးပတ်ဝန်းကျင်ရှိ လူများ အေးခဲသွားကြပြီး အသံလာရာသို့ ပြိုင်တူ လှည့်ကြည့်လိုက်မိကြတော့၏။
အခန်း (၁၆၈) - ဒါက အထင်လွဲမှုလေး တစ်ခုပါ၊ အတွင်းစည်းတပည့် တင်းပိုင်ရွှယ်
~မြောက်ဘက် မြို့တံခါးဝသို့ လူသုံးယောက် လျှောက်လှမ်းလာကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရှောင်ဖန်ကူ မှလွဲ၍ အခြားသူ မဟုတ်ချေ။
ကျန်နှစ်ယောက်မှာမူ ချင်းယွင်ဂိုဏ်း မှ တပည့်များ ဖြစ်ကြသော ပိုင်မင်လု နှင့် ရှီးရှင်းယွီ တို့ ဖြစ်ကြ၏။
ဟိုယွင်ကျဲသည် ရှောင်ဖန်ကူကို ကြည့်လိုက်ရာ သူနည်းတူ 'ချီစုစည်းခြင်း (၈) ဆင့်မြောက် အထွတ်အထိပ်' သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်၏။
"မင်းလည်း တကယ်ပဲ အဆင့်တက်လာတာကိုး"
ရှောင်ဖန်ကူသည် ဝိညာဉ်မျက်လုံး ဖြင့် ဟိုယွင်ကျဲ၏ ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်လိုက်ပြီး မနာလိုစိတ်ကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကို ကြိတ်လိုက်မိသည်။
သူသည် ကြိုးစားပမ်းစား ကျင့်ကြံပြီးနောက် ဟိုယွင်ကျဲကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ မမျှော်လင့်ဘဲ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်သည် သူနှင့် တန်းတူ ဖြစ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။
သို့သော် နောက်တစ်ခဏတွင် ရှောင်ဖန်ကူ လက်သီးကို ဖြေလိုက်၏။
"ကောင်းပြီလေ... ကျင့်ကြံခြင်းအဆင့် တူနေရင်တောင်မှ ငါက အရင်က ငါ မဟုတ်တော့ဘူး... ဒီည ညစာစားပွဲကျရင် စစ်မှန်တဲ့ ဓားသိုင်းဆိုတာ ဘာလဲ မင်းကို ပြပေးမယ်"
ရှောင်ဖန်ကူသည် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။
ဤကာလအတွင်း သူသည် လုံ့လဝီရိယရှိစွာ လေ့ကျင့်ခဲ့ပြီး
"အစိမ်းရောင် တိမ်တိုက် ဓားသိုင်း" ၏ ဒုတိယအဆင့်ကို အထွတ်အထိပ်သို့ တိုင်အောင် တတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ချင်းယွင်ဂိုဏ်းချုပ် ကိုယ်တိုင်ကပင် သူ့ကို ချီးကျူးခဲ့ပြီး အနာဂတ် ဂိုဏ်းချုပ်လောင်း တစ်ယောက်၏ အရည်အချင်းမျိုး ရှိသည်ဟု မှတ်ချက်ပြုခဲ့ဖူးသည်။
ထို့ကြောင့် နောက်တစ်ကြိမ် တိုက်ခိုက်လျှင် ဟိုယွင်ကျဲကို အလွယ်တကူ လွှမ်းမိုးနိုင်မည်ဟု ရှောင်ဖန်ကူ ယုံကြည်နေခြင်း ဖြစ်သည်။
"ဓားသိုင်း ဟုတ်လား"
ထိုစကားကို ကြားသောအခါ ဟိုယွင်ကျဲ၏ မျက်နှာထား ထူးဆန်းသွားသည်။
"ဟုတ်တယ်... ဓားသိုင်း... မကြာခင် လေနတ်ဘုရား တောင်တန်း ရဲ့ 'ဖေးလိုင် တောင်ထိပ်' မှာရှိတဲ့ စားပွဲတော်ခန်းမ ရှေ့မှာ ငါ မင်းကို စောင့်နေမယ်... သတ္တိရှိရင် လာခဲ့ပြီး ငါနဲ့ ယှဉ်ပြိုင်စမ်းပါ"
ရှောင်ဖန်ကူ အေးစက်စွာ ပြောလိုက်၏။
ထို့နောက် သူသည် ရှီးရှင်းယွီနှင့် ပိုင်မင်လုဘက်သို့ လှည့်ကာ "စီနီယာအစ်မ၊ စီနီယာအစ်ကို... ကျွန်တော်တို့ ဂိုဏ်းချုပ်နဲ့ အရင် သွားတွေ့ပြီးမှ စားပွဲတော်ခန်းမဆီ သွားကြတာပေါ့"
ဟု ပြောလိုက်တော့၏။
နောက်တစ်ခဏတွင် ချင်းယွင်ဂိုဏ်းမှ လူစုသည် ဓားပျံများစီးကာ ထွက်ခွာသွားကြလေ၏။
"ဟူး၊ တကယ့်ကို နားမလည်နိုင်စရာ လူတွေပဲ"
ဟိုယွင်ကျဲ စိတ်ညစ်ညူးစွာ ခေါင်းခါလိုက်၏။
"ရှင်က စောစောက လူနဲ့ တကယ်ပဲ တိုက်ခိုက်တော့မလို့လား"
တင်းပိုင်ရွှယ်က စိုးရိမ်တကြီး မေးလိုက်တော့သည်။
"ကျွန်တော် သူ့ကို တစ်ခါ နိုင်ဖူးတယ်... ဒုတိယအကြိမ်လည်း နိုင်နိုင်ပါတယ်... ဒါ့အပြင် ကျွန်တော့်ရဲ့ လတ်တလော ကျင့်ကြံမှု ရလဒ်တွေကို စမ်းသပ်ကြည့်ချင်သေးတယ်"
ပြောဆိုရင်း၊ ဟိုယွင်ကျဲသည် ဖိတ်စာ တစ်စောင်ကို ထုတ်ယူလိုက်၏။
"မထွက်ခွာခင်တုန်းက ဂိုဏ်းချုပ်က ဖိတ်စာ နှစ်စောင်ထဲက တစ်စောင်ကို ငါ့ကို ပေးလိုက်တယ်... ဒါကြောင့် မင်းရဲ့ အခြေခံ လေ့ကျင့်မှုတွေကို ကူညီပေးပြီးရင် စားပွဲတော်ခန်းမဆီ တန်းသွားပြီး စောင့်နေလို့ ရပြီ"
"ကောင်းပါပြီ"
တင်းပိုင်ရွှယ်က လိမ္မာစွာ ခေါင်းညိတ်လိုက်၏။
နောက်တစ်ခဏတွင် သူတို့နှစ်ဦးသည် လမ်းမများအထက် နိမ့်နိမ့်လေး ပျံသန်းကာ ထွက်ခွာသွားကြ၏။
လေနတ်ဘုရား တောင်တန်းဆီသို့ ခရီးနှင်နေစဉ် ယဲ့ဖုန်းသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်မှ နေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မိုးကုပ်စက်ဝိုင်းအထိ မိုင်ပေါင်းရာချီ ကျယ်ပြန့်သော မြို့ပြကြီးကို တွေ့လိုက်ရသည်။
"လေနတ်ဘုရား မြို့တော်ကို ရောက်ပြီ"
ဟု ယဲ့ဖုန်းက ကြေညာလိုက်၏။
ထိုစကားကို ကြားသောအခါ တပည့်များသည် မတ်တတ်ထရပ်ကာ လေနတ်ဘုရား မြို့တော်ကို စေ့စေ့စပ်စပ် ကြည့်ရှုကြ၏။
နက်ရှိုင်းသော သမိုင်းကြောင်း အငွေ့အသက်များသည် သူတို့အပေါ်သို့ လွှမ်းမိုးလာပြီး ရှေးခေတ်လူများနှင့် ပခုံးချင်းယှဉ် လျှောက်လှမ်းနေရသကဲ့သို့ ထူးခြားသော ခံစားမှုကို ပေးစွမ်းနေ၏။
သံလက်သည်း နဂါးလင်းယုန်သည် အရှိန်မြှင့်လိုက်တော့၏။
မကြာမီ သူတို့သည် လေနတ်ဘုရား မြို့တော်၏ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်လာကြပြီး အောက်ဘက်ရှိ လူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
"မောက်မာလိုက်တာ... အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် ပျံသန်းရေး ဝိညာဉ်သားရဲလောက်နဲ့ မြို့ရိုးထက် (၁၀) ကျန်း ပိုမြင့်အောင် ပျံရဲတယ်ပေါ့... စည်းကမ်းထိန်းသိမ်းရေး တပည့်တို့... ငါ့အမိန့်ကို နာခံပြီး ဒီလူတွေကို ဝိုင်းထားလိုက်ကြ"
အသံကျယ်ကြီး တစ်သံ ရုတ်တရက် ဟိန်းထွက်လာ၏။
ယဲ့ဖုန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ဓားသမား လူငယ်ရာပေါင်းများစွာသည် ဓားပျံများစီးကာ ရောက်ရှိလာပြီး သံလက်သည်း နဂါးလင်းယုန်ကို အရပ်မျက်နှာစုံမှ ဝိုင်းထားလိုက်ကြ၏။
ဤလူများသည် အနည်းဆုံး 'ချီစုစည်းခြင်း (၅) ဆင့်' ရှိကြသူများ ဖြစ်သည်။ ဦးဆောင်လာသော ဓားသမားလူငယ်မှာမူ 'ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်' သို့ ရောက်ရှိနေပြီး 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' သို့ တက်လှမ်းရန် နှုတ်ခမ်းဝသို့ ရောက်နေသူ ဖြစ်သည်။
"မင်းတို့က ဘယ်သူတွေလဲ... စည်းကမ်းကို ချိုးဖောက်ရဲတယ်ပေါ့"
ဦးဆောင်သူ လူငယ်က ဓားပျံပေါ်မှနေ၍ ယဲ့ဖုန်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။
"ဝေါင်း..."
ယဲ့ဖုန်းကို လက်ညှိုးထိုးသည်ကို မြင်လိုက်ရသောအခါ အစ်ကိုကြီး ခေါင်းပြားသည် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး 'နတ်ဆိုးဗိုလ်ချုပ် အဆင့်'အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ မုန်တိုင်းကဲ့သို့ တိုက်ခတ်သွားပြီး 'မြင့်မြတ်သော လေဓား'ဂိုဏ်းမှ တပည့်ရာပေါင်းများစွာကို ကမောက်ကမ ဖြစ်သွားစေသည်။
"အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ပါလား"
ဦးဆောင်သူ လူငယ်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
"ဂိုဏ်းတူ ညီအစ်ကိုတို့... ဒါ အထင်လွဲမှု တစ်ခုပါ"
နူးညံ့သိမ်မွေ့သော အသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
လူတိုင်း အသံလာရာသို့ ကြည့်လိုက်ရာ ဝတ်ရုံဖြူ ဝတ်ဆင်ထားပြီး သပ်ရပ်ခန့်ညားသော လူငယ်တစ်ဦး ဓားပျံစီးကာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖုန်းသည် လူသစ်ကို အံ့ဩစွာ ကြည့်လိုက်၏။
ဒါက 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ အတွင်းစည်းတပည့် 'ကျိဝူရွှမ်' ပါလား။
လွန်ခဲ့သော လဝက်ခန့်က မြူခိုးဂိုဏ်းသို့ ဒုတိယ ဖိတ်စာ လာပို့ပေးခဲ့သူမှာ ကျိဝူရွှမ် ပင်ဖြစ်သည်။
"စီနီယာအစ်ကို ကျိ ပါလား"
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်သည် လက်သီးဆုပ်ကာ ကပျာကယာ ဦးညွှတ်လိုက်ပြီး မလေးမစား မလုပ်ရဲပေ။
ယဲ့ဖုန်းသည် ထိုတုံ့ပြန်မှုကို ကြည့်ပြီး ကျိဝူရွှမ်၏ အဆင့်အတန်း မြင့်မားပုံရကြောင်း တိတ်တဆိတ် မှတ်သားလိုက်၏။
ကျိဝူရွှမ်သည် ယဲ့ဖုန်းကို လက်ညှိုးထိုးပြပြီး လူအုပ်ကြီးအား မိတ်ဆက်ပေးလိုက်၏။
"ဒါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပါ... 'ဓားကလေး ' ကိုယ်တိုင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ပါ... လေးစားမှု ရှိကြပါ"
ထိုစကားကို ကြားသောအခါ စည်းကမ်းထိန်းသိမ်းရေး တပည့်များသည် ကပျာကယာ ဦးညွှတ်လိုက်ကြ၏။
"ဓားကလေး ရဲ့ ဧည့်သည်တော် ဖြစ်နေတာကိုး... စောစောက စော်ကားမိတာ တောင်းပန်ပါတယ်... ဂိုဏ်းချုပ်ယဲ့ ခွင့်လွှတ်ပေးပါ... သွားခွင့်ပြုပါဦး"
ထို့နောက် တပည့်ရာပေါင်းများစွာသည် ဓားပျံများစီးကာ အလျင်အမြန် ထွက်ခွာသွားကြ၏။
"ဒါ ဘာသဘောလဲဗျ"
ယဲ့ဖုန်းသည် ကျိဝူရွှမ်ကို ကြည့်ပြီး မေးလိုက်၏။
"ဂိုဏ်းချုပ်ယဲ့ မသိသေးလို့ပါ... လေနတ်ဘုရား မြို့တော်မှာ 'ချီစုစည်းခြင်း အဆင့်' ရှိသူတွေက (၁၀) မီတာအောက် နိမ့်နိမ့်လေးပဲ ပျံသန်းခွင့် ရှိပါတယ်... 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' ရောက်မှသာ အမြင့်ပျံသန်းခွင့် ရှိတာပါ... ဒါပေမဲ့ လေနတ်ဘုရား တောင်တန်းရဲ့ အမြင့်ထက်တော့ ကျော်လို့ မရပါဘူး... ဂိုဏ်းချုပ်ယဲ့က 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' မရောက်သေးဘဲ အမြင့်ပျံနေတာ မြင်လို့ စည်းကမ်းထိန်းသိမ်းရေး တပည့်တွေက တားဆီးလိုက်တာပါ... အထင်လွဲမှု ဖြစ်သွားတာပါဗျာ"
ကျိဝူရွှမ်က အသေးစိတ် ရှင်းပြလိုက်၏။
ယဲ့ဖုန်း သဘောပေါက်သွားသည်။
သို့သော်၊ စည်းကမ်းထိန်းသိမ်းရေး တပည့်တွေက ဘာလို့ ကျိဝူရွှမ်ကို ဒီလောက် လေးစားနေရတာလဲ ဆိုတာကိုတော့ သူ နားမလည်သေးပေ။
မေးဖို့ အဆင်မပြေတာကြောင့် ယဲ့ဖုန်း စကားလမ်းကြောင်း လွှဲလိုက်၏။
"နေဝင်တော့မယ်... ခင်ဗျားတို့ ဂိုဏ်းကို အမြန်သွားပြီး တည်းခိုဖို့ စီစဉ်ရမယ်"
"ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
ဟု ကျိဝူရွှမ်က ပြောလိုက်၏။
"ကျေးဇူးပါပဲဗျာ"
လမ်းပြရှိသွားသဖြင့် ယဲ့ဖုန်း ဝမ်းသာသွားသည်။
ကျိဝူရွှမ်၏ လမ်းပြမှုအောက်တွင် သံလက်သည်း နဂါးလင်းယုန်သည် အတောင်ပံများကို အားပါးတရ ခတ်ကာ ပျံသန်းလိုက်ပြီး လူတိုင်းကို လေနတ်ဘုရား တောင်တန်းဆီသို့ ခေါ်ဆောင်သွားသည်။ သူတို့သည် "ပန်းပွင့်ကြွေ ဥယျာဉ်" ဟု အမည်ရသော ဧည့်ဂေဟာတစ်ခုတွင် နေရာချလိုက်ကြ၏။
"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားတို့ဂိုဏ်း ဒီည ဒီမှာ တည်းလိုက်ပါ... အချိန်နီးနေပြီဆိုတော့ စားပွဲတော်ခန်းမဆီ ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
ကျိဝူရွှမ်က ကမ်းလှမ်းလိုက်၏။
သံလက်သည်း နဂါးလင်းယုန်သည် ကိုယ်ခန္ဓာ ကြီးမားလွန်းသဖြင့် ခြံဝင်းထဲတွင်သာ ဝပ်နေပြီး ဝိညာဉ်သားရဲအစာ စားရင်း လူများ ထွက်ခွာသွားသည်ကို လှမ်းကြည့်နေရရှာသည်။
*
ဖေးလိုင် တောင်ထိပ်။
လေနတ်ဘုရား တောင်တန်း၏ တောင်ထိပ် (၇၂) ခုအနက် တစ်ခုဖြစ်ပြီး စားပွဲတော်ခန်းမ တည်ရှိရာ နေရာဖြစ်သည်။
ထိုအချိန်တွင် စားပွဲတော်ခန်းမ၏ တံခါးမကြီးရှေ့ရှိ သိုင်းကွင်းပြင်ပေါ်တွင် လူနှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြ၏။
"ပိုင်မင်လု... မင်း ငါနဲ့ ယှဉ်ပြိုင်ရဲလား"
စကားပြောလိုက်သူမှာ အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားပြီး မျက်ခုံးမွှေး ထူထဲသော လူငယ်တစ်ဦး ဖြစ်သည်။ လက်ထဲတွင် လှံရှည်တစ်ချောင်း ကိုင်ဆောင်ထားပြီး ကျင့်ကြံခြင်းအဆင့်မှာ 'ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်' သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် 'ကြယ်တစ်ပွင့်အဆင့်' 'ကြယ်တာရာ နဂါးဂိုဏ်း' မှ ဖြစ်ပြီး၊ နာမည်မှာ ဟဲနင် ဖြစ်သည်။
အခြားတစ်ယောက်မှာ ချင်းယွင်ဂိုဏ်းမှ တပည့် ပိုင်မင်လု ပင်ဖြစ်သည်။
"ပြီးခဲ့တဲ့တခေါက် ငါ့ဓားချက်အောက်မှာ ရှုံးထားပြီးပြီလေ... အခု နောက်ထပ် အရှက်ကွဲချင်လို့ စိန်ခေါ်ပြန်ပြီလား"
ပိုင်မင်လုသည် မြက်ပင်တစ်ပင်ကို ပါးစပ်တွင် ကိုက်ထားပြီး ဟဲနင်ကို လုံးဝ အရေးမလုပ်ပေ။
"ပြိုင်ရဲလား ၊မရဲလားပဲ ဖြေပါ"
ဟဲနင်သည် လှံရှည်ကို ကိုင်လျက် တည်ကြည်စွာ မေးလိုက်၏။
"လောင်းကြေး ရှိလား"
"အဆင့်နိမ့် မူလခိုင်မာ ဆေးလုံး တစ်လုံး"
"သဘောတူတယ်"
ပိုင်မင်လု ပြုံးလိုက်၏။
သူလည်း 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' ကို တက်လှမ်းဖို့ ပြင်ဆင်နေတာဆိုတော့ မူလခိုင်မာ ဆေးလုံးတွေ ရှိနေပေမယ့် ပိုများလေ ပိုကောင်းလေ မဟုတ်လား။
မကြာမီ သူတို့နှစ်ဦးသည် မီတာဆယ်ချီ ကွာဝေးသော နေရာတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြပြီး ဂိုဏ်းပေါင်းစုံမှ ထောင်ပေါင်းများစွာသော လူအုပ်ကြီး၏ စောင့်ကြည့်ခြင်းကို ခံနေကြရသည်။
"ပိုင်မင်လု... ငါ့ရဲ့ 'နဂါးနက် ဆင်းသက်ခြင်း' သိုင်းကွက်နဲ့ မင်းကို အလဲထိုးပြမယ်"
ဟဲနင်သည် လှံရှည်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ သိုင်းနည်းစနစ် ရွတ်ဆိုလိုက်၏။ နဂါးနက် ပုံရိပ်ယောင်တစ်ခု သူ၏ ဘေးပတ်လည်တွင် ရစ်ဝဲသွားပြီး လှံရှည်ကို ရိုက်ချလိုက်သည်နှင့် တပြိုင်နက် နဂါးနက်သည် ရုတ်တရက် ဟိန်းဟောက်ကာ အဝေးမှ ပိုင်မင်လုထံသို့ ပြေးဝင်သွားသည်။
"ကလေး အကွက်တွေပါ"
ပိုင်မင်လုသည် ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်ထားပြီး ညာလက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်ထားသည်။ နဂါးနက် နီးကပ်လာသည်နှင့်အမျှ သူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ဓားကို လျှပ်စီးလက်သလို ဆွဲထုတ်လိုက်၏။
" ဝေါ .."
တောက်ပသော ဓားအလင်းတန်း တစ်ခု လေထုကို ဖြတ်သန်းသွားပြီး နဂါးနက်ကို နှစ်ပိုင်း ပိုင်းပစ်လိုက်၏။ ဓားချီ ၏ အရှိန်အဟုန်သည် လျော့နည်းသွားခြင်း မရှိဘဲ ဟဲနင်ကို လှံရှည်နှင့်အတူ လွင့်စင်သွားစေ၏။ သိုင်းကွင်းပြင် အပြင်ဘက်သို့ ဝုန်းခနဲ ပြုတ်ကျသွားစေပြီး ပါးစပ်မှ အမြှုပ်များ ထွက်စေလေတော့သည်။
"ဓားဆွဲထုတ်ခြင်း နည်းစနစ်"
ဂိုဏ်းပေါင်းစုံမှ တပည့်များ ဟာခနဲ၊ ဟင်ခနဲ အာမေဋိတ်သံများ ထွက်ပေါ်လာ၏။
ထိုအခါ၊ ရှောင်ဖန်ကူနှင့် ရှီးရှင်းယွီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြိုင်တူ ပြုံးလိုက်ကြ၏။
ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ပိုင်မင်လုသည် ဟဲနင်အနားသို့ သွားပြီး လက်ဖြန့်လိုက်၏။
"ကဲ... မူလခိုင်မာ ဆေးလုံး ပေးတော့"
"မင်း စောင့်နေလိုက်"
ဟဲနင်သည် ကျောက်စိမ်းပုလင်းလေး တစ်လုံး ပစ်ချပေးလိုက်ပြီး အရှက်တကွဲ ထွက်ပြေးသွားရာ အခြားဂိုဏ်းသားများ၏ လှောင်ပြောင်မှုကို ခံလိုက်ရသည်။
"စီနီယာအစ်ကို... ခင်ဗျားရဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်က ပိုပြီး ကျွမ်းကျင်လာပါလား"
ရှောင်ဖန်ကူ ချီးကျူးလိုက်၏။
"လိုပါသေးတယ်ကွာ"
ပိုင်မင်လုသည် မြက်ပင်ကို ပါးစပ်တွင် ကိုက်ထားဆဲဖြစ်ပြီး ဂရုမစိုက်သလို နေနေ၏။ ရုတ်တရက် အဝေးမှ ပုံရိပ်နှစ်ခုကို သတိထားမိလိုက်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
"မင်းရဲ့ ပြိုင်ဘက် ရောက်လာပြီ"
ထိုစကားကို ကြားသောအခါ ရှောင်ဖန်ကူသည် တောင်တက်လမ်းဘက်သို့ လှည့်ကြည့်လိုက်ရာ ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့ ဘေးချင်းယှဉ် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
မြို့ထဲသို့ ဝင်ရောက်စဉ်ကနှင့် မတူဘဲ တင်းပိုင်ရွှယ်သည် 'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ အတွင်းစည်းတပည့် ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ပခုံးကျော်နေသော ဆံပင်များကို စည်းနှောင်ထားသဖြင့် တက်ကြွပြီး ရဲရင့်သော ပုံစံ ပေါက်နေ၏။
"ထူးဆန်းလိုက်တာ... ဒီမိန်းမက 'ချီစုစည်းခြင်း (၇) ဆင့်' ပဲ ရှိသေးတာ... ဘယ်လိုလုပ် အတွင်းစည်းတပည့် ဖြစ်သွားတာလဲ"
ရှောင်ဖန်ကူ အံ့ဩသွားသော်လည်း သိပ်တွေးမနေတော့ပေ။ သူက ခုန်ထွက်လိုက်ပြီး ရှေ့သို့ ပြေးသွားကာ အော်ဟစ်လိုက်၏။
"ဟိုယွင်ကျဲ... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"
သူ၏ အသံသည် လူအုပ်ကြီး တစ်ခုလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားသွားလေတော့သည်။