အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အခန်း (၁၇၂) - နဂါးမျိုးနွယ်စု၏ ဒဏ္ဍာရီ၊ လုံကျိုနှင့် ညဘက် စကားစမြည်
~"တခြားကိစ္စ မရှိတော့ရင်... သွားလို့ရပြီ"
မူရူရွှဲ့သည် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"တောင်သခင်မကို တင်ပြစရာ ရှိပါသေးတယ်"
ကျိဝူရွှမ်သည် နောက်ဆုံးတွင် ဒီကိစ္စကို ပြောပြဖို့ ဆုံးဖြတ်လိုက်၏။
လုံထျန်းရှင်း၏ မိသားစု နောက်ခံက ရိုးရှင်းမှာ မဟုတ်ကြောင်း သူ ယုံကြည်သည်။ အကယ်၍ သူတို့ရဲ့ ယုံကြည်မှုကို ရယူနိုင်မယ်ဆိုလျှင် မူရူရွှဲ့အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မည်။
"ပြော"
မူရူရွှဲ့သည် တောင်သခင်မ ပလ္လင်ပေါ်တွင် ထိုင်လျက် အမိန့်ပေးလိုက်၏။
ကျိဝူရွှမ်သည် ခါးကို အနည်းငယ် ကိုင်းလိုက်ပြီး မူရူရွှဲ့၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ပြောလိုက်၏။
"မြူခိုးဂိုဏ်းမှာ ငွေရောင်ဆံပင်၊ အပြာရောင် မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့ လုံထျန်းရှင်း ဆိုတဲ့ တပည့်တစ်ယောက် ရှိပါတယ်... ဒီည ဖုန်းယွင် စားသောက်ဆိုင်မှာ ဂိုဏ်းချုပ်ယဲ့နဲ့ သူ့အဖွဲ့ကို ဧည့်ခံနေတုန်း သူ့နာမည်က 'လုံကျို' ပါ ဆိုတဲ့ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' စွမ်းအားရှင် တစ်ယောက် ရုတ်တရက် ရောက်လာပါတယ်... သူက လုံထျန်းရှင်းကို ခေါ်သွားချင်နေပြီး ထူးဆန်းတဲ့ စကားတွေ ပြောသွားပါတယ်..."
ကျိဝူရွှမ်သည် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည် တင်ပြလိုက်ပြီး "သွေးမျိုးဆက်" နှင့် "ငါတို့ မျိုးနွယ်စုရဲ့ မဟာစီမံကိန်း" စသည့် အဓိက ကျသော စကားလုံးများကိုလည်း ထည့်သွင်း ပြောကြားခဲ့၏။
မူရူရွှဲ့သည် ကျိဝူရွှမ်၏ တင်ပြချက်ကို နားထောင်ပြီးနောက် အလုံးစုံ သဘောပေါက်သွားသည်။
"ငါ ထင်တာ မမှားဘူးပဲ... လုံထျန်းရှင်းက 'နဂါးမျိုးနွယ်စု' ရဲ့ သွေးမျိုးဆက် အမွေအနှစ်ကို တကယ် ပိုင်ဆိုင်ထားတာကိုး"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မူရူရွှဲ့ လေးနက်စွာ ပြောလိုက်၏။
သူ.. လွန်ခဲ့သော တခေါက်က မြူခိုးဂိုဏ်းသို့ သွားရောက်ခဲ့စဉ်က လုံထျန်းရှင်း၏ ရုပ်ရည်သွင်ပြင်ကို သတိထားမိခဲ့ပြီး ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ ဂိုဏ်းပြန်ရောက်သောအခါ 'သိုင်းကျမ်းဆောင်' တွင် ရှာဖွေကြည့်ရာ လုံထျန်းရှင်း၏ ဇာစ်မြစ်ကို တွက်ချက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အခိုင်းအစေ မိန်းကလေး (၄) ဦးနှင့် ကျိဝူရွှမ်တို့သည် "နဂါးမျိုးနွယ်စု" ဟူသော အမည်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သဖြင့် အံ့အားသင့်သွားကြ၏။
မူရူရွှဲ့သည် မတ်တတ်ထရပ်လိုက်ပြီး တံခါးဝသို့ လျှောက်သွားကာ မီးရောင်စုံ တောက်ပနေသော လေနတ်ဘုရား မြို့တော်ကို စီးမိုး၍ ကြည့်ရင်း မေးလိုက်သည်။
" 'ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ' အကြောင်း ကြားဖူးလား"
"ကြားဖူးပါတယ်"
ကျိဝူရွှမ် ခေါင်းညိတ်လိုက်၏။
စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ၏ မြေး၊ 'ချီစုစည်းခြင်းအဆင့်' တပည့်တွေထဲမှာ ထူးချွန်သူတစ်ဦး ဖြစ်သော ကျိဝူရွှမ်သည် ကြားဖူးရုံသာမက 'မြင့်မြတ်သော လေဓားဂိုဏ်း' ပိုင် 'အလတ်စား ကောင်းကင်ဘုံ လိုဏ်ဂူကမ္ဘာ' အတွင်း၌ပင် ဝင်ရောက်ကျင့်ကြံဖူး၏။
"ကောလာဟလတွေအရ နဂါးမျိုးနွယ်စုက ရှေးဟောင်း 'အကြီးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာ'ရဲ့ ဝင်ပေါက်ကို ထိန်းချုပ်ထားတယ်လို့ ဆိုကြတယ်... အဲဒါက အရမ်း အရေးပါတဲ့ အချက်ပဲ"
မူရူရွှဲ့သည် တုန်လှုပ်ဖွယ်ရာ သတင်းအချက်အလက် တစ်ခုကို မျှဝေလိုက်၏။
အင်အားကြီးမားသော 'မြင့်မြတ်သော လေဓား' ဂိုဏ်းပင်လျှင် အလတ်စား တစ်ခုကိုသာ ပိုင်ဆိုင်ထားသည်။ ထိုအလတ်စား ကမ္ဘာငယ်သည် (၁၀) မိုင်ပတ်လည်ခန့် ကျယ်ဝန်းပြီး တောင်များ၊ မြစ်များ၊ ကန်များ၊ သက်ရှိသတ္တဝါများ ပါဝင်သကဲ့သို့ ဝိညာဉ်စွမ်းအင် ကြွယ်ဝသော 'အသေးစား ဝိညာဉ်သွေးကြော' များလည်း ရှိနေသောကြောင့် စစ်မှန်သော ကျင့်ကြံခြင်း နိဗ္ဗာန်ပင် ဖြစ်သည်။
ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာတွေမှာ အဏုမြူစား၊ အသေးစား၊ အလတ်စား၊ အကြီးစား ဆိုပြီး အမျိုးအစားတွေ ရှိကြ၏။
အကြီးစား ဆိုလျှင်တော့ အနည်းဆုံး မိုင် (၁၀၀) ပတ်လည်လောက် ကျယ်ဝန်းမှာ သေချာသည်။
ထို့အပြင် ရှေးဟောင်း အကြီးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာထဲမှာ ရှေးဟောင်း ဆေးမြစ်တွေ ပေါက်ရောက်နေဖို့ အလားအလာ အလွန် များပြားပါသည်။ ၎င်းတို့ကို နည်းနည်းလောက် စားလိုက်လျှင်တောင် ကျင့်ကြံခြင်း အဆင့်ကို အများကြီး တိုးတက်စေနိုင်မှာ ဖြစ်သည်။
ကြီးမားသော လျှို့ဝှက်ချက်ကြီး တစ်ခုကို သိလိုက်ရသဖြင့် ကျိဝူရွှမ်၏ အသက်ရှူသံများ မြန်ဆန်လာ၏။
"ဒါဆိုရင် နဂါးမျိုးနွယ်စုဆီ သွားလိုက်ရင် အဲဒီ ရှေးဟောင်း အကြီးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာထဲကို ဝင်ခွင့်ရနိုင်မလားရှင့်"
အခိုင်းအစေ မိန်းကလေး တစ်ဦးက ဝင်မေးလိုက်၏။ သူမ၏ လှပသော မျက်နှာလေးတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
"နဂါးမျိုးနွယ်စုက လျှို့ဝှက်ပြီး စွမ်းအားကြီးတဲ့ မျိုးနွယ်စုပါ... သူတို့ကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲလိမ့်မယ်"
မူရူရွှဲ့ ခေါင်းခါလိုက်၏။
ထိုအခါ၊ အခြား အခိုင်းအစေ မိန်းကလေး တစ်ဦးက အကြံပြုလာလေသည်၏။
"ဓားကလေး ... လုံထျန်းရှင်းကို အသုံးချပြီး နဂါးမျိုးနွယ်စုကို ရှာခိုင်း... ပြီးရင် အခွင့်အရေးယူပြီး အဲဒီ အကြီးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာထဲ ဝင်ပြီးတော့၊ တန်ဖိုးကြီး ရှေးဟောင်း ဆေးမြစ်တွေ ရှာဖွေရင် မကောင်းဘူးလားရှင့်"
"နင် တွေးတာ လွယ်လွန်းနေတယ်... နဂါးမျိုးနွယ်စုက အရေအတွက် နည်းပေမယ့် အခြေခံအုတ်မြစ် ခိုင်မာပြီး စွမ်းအားက ငါတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းထက် အားမလျော့ဘူး... အဲဒီလို လုပ်လိုက်ရင် သူတို့ကို စော်ကားသလို ဖြစ်သွားလိမ့်မယ်"
မူရူရွှဲ့က မနှစ်သက်သော အမူအရာဖြင့် ပြောလိုက်၏။
အဆူခံလိုက်ရသဖြင့် အခိုင်းအစေ မိန်းကလေး ခေါင်းငုံ့သွားရှာသည်။
မူရူရွှဲ့သည် အကြည့်လွှဲလိုက်ပြီး ဆက်ပြောသည်။
"နဂါးမျိုးနွယ်စုရဲ့ တာဝန်က အဲဒီ အကြီးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာကို စောင့်ရှောက်ဖို့နဲ့ ပြင်ပ ပဋိပက္ခတွေမှာ ဝင်မပါဖို့ ဖြစ်နေလို့သာ... မဟုတ်ရင် 'လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်' မှာ သူတို့အတွက် နေရာတစ်နေရာ သေချာပေါက် ရှိနေမှာ... ငါတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းတောင် သူတို့ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မယ်"
"ဒါဆို... နဂါးမျိုးနွယ်စုက ဘယ်က ရောက်လာတာလဲဟင်"
ကျိဝူရွှမ် သိချင်စိတ် ဖြစ်လာ၏။
"ဒဏ္ဍာရီအရဆိုရင်... နဂါးမျိုးနွယ်စုရဲ့ ရှေးအကျဆုံး ဘိုးဘေးက သာမန်လူ တစ်ယောက်ပါပဲ... နောက်ပိုင်းမှာ 'အင်မော်တယ်နဂါး သွေး' ကို ရရှိခဲ့ပြီး မယုံကြည်နိုင်လောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာကာ 'နဂါးအင်မော်တယ်ရဲ့ သားတော်' အဖြစ် ကိုးကွယ်ခံခဲ့ရတယ်... အဲဒီနောက်ပိုင်း သူတို့မျိုးနွယ်စု နာမည်ကို 'နဂါးမျိုးနွယ်စု' သို့မဟုတ် 'နဂါးသားတော် မျိုးနွယ်စု' လို့ ပြောင်းလဲလိုက်ကြပြီး စွမ်းအားကြီးတဲ့ 'နဂါးသွေးမျိုးဆက်' ကို ပိုင်ဆိုင်လာကြတာပါ"
မူရူရွှဲ့ ရှင်းပြလိုက်၏။
ခဏမျှ စဉ်းစားပြီးနောက် ကျိဝူရွှမ် မေးလိုက်၏။
"တောင်သခင်မ... ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲဗျ"
သူ့မေးခွန်းကို ကြားလိုက်ရသောအခါ၊ မူရူရွှဲ့သည် တံခါးအပြင်ဘက်မှ နက်ရှိုင်းသော ညကောင်းကင်ယံကို ငေးကြည့်ရင်း ခဏတာ တိတ်ဆိတ်သွားသည်။
"လုံထျန်းရှင်းရဲ့ ငွေရောင်ဆံပင်မှာ အစွန်းအထင်း တစ်စက်မှ မပါသလို၊ သူ့ရဲ့ အပြာရောင် မျက်လုံးတွေကလည်း အပြစ်အနာအဆာ ကင်းစင်နေတယ်... ဆိုလိုတာက သူ့ရဲ့ သွေးမျိုးဆက်က အင်မတန်.. သန့်စင်တယ်... သူ နဂါးမျိုးနွယ်စုရဲ့ ဘိုးဘေးမြေကို ပြန်ရောက်သွားဖို့ဆိုတာ မကြာခင် ဖြစ်လာမယ့် ကိစ္စပဲ... ငါတို့ တားလို့ မရဘူး... ငါတို့ လုပ်နိုင်တာက သူနဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားထားပြီး အနာဂတ်မှာ အဲဒီ အကြီးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာထဲ ဝင်ခွင့်ရဖို့ မျှော်လင့်ရုံပဲ"
စိုးရိမ်တတ်သော အခိုင်းအစေ မိန်းကလေး တစ်ဦးက မေးလိုက်၏။
"တခြားလူတွေက လုံထျန်းရှင်းရဲ့ အကြောင်း သိသွားပြီး သူ့ကို ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲဟင်"
"အဲဒီလို လုပ်ရဲတဲ့သူ ဘယ်သူမဆို နဂါးမျိုးနွယ်စုကို ရန်စသလို ဖြစ်သွားပြီး သေလမ်းရှာတာနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့"
မူရူရွှဲ့၏ အသံသည် အေးစက်နေ၏။
"ကဲ... ညဉ့်နက်နေပြီ... ငါ နားတော့မယ်"
"ဒါဆို..သွားခွင့်ပြုပါဦးခင်ဗျ/ရှင့်"
ကျိဝူရွှမ်နှင့် အခိုင်းအစေ မိန်းကလေး (၄) ဦးသည် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှ ထွက်ခွာသွားကြ၏။
*
ထိုစဉ်၊ လေနတ်ဘုရား မြို့တော်။
ကြီးမားသော အိမ်တော်ကြီး တစ်ခု အတွင်းတွင်ကား၊
လုံကျိုသည် မြက်ခင်းပြင်ပေါ်တွင် ခြေချိတ်ထိုင်လျက် ဒဏ်ရာများကို ကုသနေ၏။
ယခုအခါ သူ၏ ဒဏ်ရာများ သက်သာသွားပြီ ဖြစ်သဖြင့် လေနတ်ဘုရား တောင်တန်းဘက်သို့ မော့ကြည့်လိုက်သည်။
"နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းက မဆိုးပါဘူး... ဂိုဏ်းချုပ်က နည်းနည်း လက်လွန်ခြေလွန် လုပ်တတ်ပေမယ့် တပည့်အပေါ် အရမ်းကာကွယ်ပေးသားပဲ"
လုံကျို ရင်ဘတ်ကို ပွတ်သပ်လိုက်၏။ သူကိုယ်တိုင် နဂါးသွေးမျိုးဆက် အနည်းငယ် ပါဝင်နေပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်မာ၍သာ ခံသာတာ... သာမန် 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' ကျင့်ကြံသူဆိုလျှင် ဒီလက်သီးချက်ကြောင့် မရှုမလှ ဒဏ်ရာရသွားမှာ သေချာသည်။
"ဒါပေမဲ့... နဂါးသွေးမျိုးဆက်က အရမ်း အရေးပါလွန်းတယ်... သူ့ကို ပြန်ခေါ်သွားမှ ဖြစ်မယ်"
လုံကျိုသည် 'မြင့်မြတ်သော လေဓား'ဂိုဏ်းထဲသို့ ခိုးဝင်ရန် ပြင်ဆင်လိုက်၏။
သို့သော် လုံကျို လေထဲသို့ ပျံတက်လိုက်သည်နှင့် ငှက်ပျောရွက်ပေါ်တွင် လှဲလျောင်းလျက် ပြုံးဖြီးဖြီး ကြည့်နေသော ယဲ့ဖုန်းကို တွေ့လိုက်ရသည်။
လုံထျန်းရှင်းကတော့ ယဲ့ဖုန်းဘေးနားမှာ မတ်တတ်ရပ်နေ၏။
လုံကျို ရင်ထဲ လန့်ဖျတ်သွားသည်။ ယဲ့ဖုန်း ဘယ်လိုလုပ် ဒီနေရာကို ရှာတွေ့သွားတာလဲ ဆိုတာ သူ နားမလည်နိုင် ဖြစ်နေ၏။
"စကားပြောကြရအောင်"
ယဲ့ဖုန်း ပြောလိုက်၏။
ဒီည ယဲ့ဖုန်းရော ၊ လုံထျန်းရှင်းပါ အိပ်မပျော်ကြပေ။
သူတို့နှစ်ဦးသည် "ပန်းပွင့်ကြွေ ဥယျာဉ်" မှ ရှားရှားပါးပါး တက်ညီလက်ညီ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
သွေးမျိုးဆက် တုံ့ပြန်မှုကို အသုံးပြုပြီး လုံထျန်းရှင်းသည် ယဲ့ဖုန်းကို ခေါ်ဆောင်ကာ အနီးနားသို့ ရောက်လာခဲ့ပြီး လုံကျို ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။
"ကောင်းပြီ... ငါ့နောက် လိုက်ခဲ့"
လုံကျိုသည် မြို့စွန်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။
"ဂိုဏ်းချုပ်... တကယ် လိုက်သွားမှာလား"
ယဲ့ဖုန်းဘေးနားတွင် ရပ်နေသော လုံထျန်းရှင်းသည် အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။
"ပြဿနာကို စောစောစီးစီး ရှင်းလိုက်တာ ပိုကောင်းပါတယ်ကွာ... မဟုတ်ရင် ဒီလူက မင်းကို တချိန်လုံး လိုက်ချောင်းနေမှာ... စိတ်မပူပါနဲ့... ငါ ရှိနေသမျှ မင်း ဘာမှ မဖြစ်စေရဘူး"
ယဲ့ဖုန်းသည် လုံထျန်းရှင်းကို ဆွဲကာ လိုက်ပါသွားတော့သည်။
—--
အမွှေးတိုင်တစ်တိုင် တစ်ဝက်ကျိုးစာ အချိန်ခန့် ကြာပြီးနောက်၊ လူပြတ်သော ချိုင့်ဝှမ်း တစ်ခု အတွင်းတွင် ဖြစ်သည်။
ယဲ့ဖုန်းနှင့် လုံထျန်းရှင်းတို့ ဘေးချင်းယှဉ် ရပ်လျက် (၅) မီတာအကွာရှိ လုံကျိုကို ကြည့်နေကြ၏။
"ငါနဲ့အတူ မျိုးနွယ်စုဆီ ပြန်လိုက်ခဲ့ပါ"
လုံကျို လိုရင်းကို တန်းပြောလိုက်၏။
"အရင်ဆုံး ကျွန်တော့်အဖေအကြောင်း ပြောပြပါ... သူ အသက်ရှင်နေသေးတယ် ဆိုတာ သေချာအောင် ပြောပြပါ... ဒါမှ ကျွန်တော် ခင်ဗျားနဲ့ လိုက်နိုင်မယ်... မဟုတ်ရင်တော့... မေ့လိုက်ပါတော့"
လုံထျန်းရှင်း ပြတ်သားစွာ ခေါင်းခါလိုက်ပြီး လက်သီးများကို တင်းတင်း ဆုပ်ထားသည်။
"ပြီးတော့... သူက ဘာလို့ ဒီလောက် သွေးအေးရက်စက်ပြီး ကျွန်တော်တို့ သားအမိကို စွန့်ပစ်ထားခဲ့ရတာလဲ ဆိုတာကိုလည်း သိချင်တယ်"
နောက်ဆုံး စကားများတွင် လုံထျန်းရှင်း၏ လေသံ၌ မကျေနပ်ချက်များနှင့် ဒေါသများ ပြည့်နှက်နေ၏။
"မင်း ဒီလို မေးမယ်ဆိုတာ ငါ သိပြီးသားပါ... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် မင်းအဖေ ဘယ်သူလဲ ဆိုတာ ငါလည်း မသိဘူး... ဒါပေမဲ့ ဒီမှာ လူသိပ်မရှိဘူး ဆိုတော့ မင်းဘာသာမင်း ကြည့်လိုက်ပါ"
လုံကျိုသည် သူ၏ သိုလှောင်လက်ကောက်ကို ဖွင့်လိုက်ပြီး ပုံသဏ္ဍာန်မျိုးစုံနှင့် အရောင်စုံလင်သော ကျောက်စိမ်းပြား (၁၀၀) ကျော်ကို ထုတ်ယူလိုက်၏။
"ဒီကျောက်စိမ်းပြားတွေထဲက တစ်ခုက မင်းအဖေ ပိုင်တာ ဖြစ်ရမယ်... ကိုယ့်ဘာသာကိုယ် ရှာကြည့်လိုက်"
လုံထျန်းရှင်းသည် ကျောက်စိမ်းပြားများကို ကြည့်လိုက်ရာ ရင်းနှီးသော စွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သဖြင့် ခါးကြားမှ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ကျောက်စိမ်းပြား တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်၏။ ၎င်းသည် ကြယ်ပုံသဏ္ဍာန် ရှိသော်လည်း ထက်ဝက်ကျိုးနေပြီး တစ်စခြမ်းသာ ကျန်ရှိသည်။
လုံထျန်းရှင်းသည် သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို လုံကျို ထုတ်ပေးထားသော အပြား (၁၀၀) ကျော်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ နောက်ဆုံးတွင် အခြားတစ်စခြမ်းကို ရှာတွေ့သွားပြီး ပြီးပြည့်စုံသော ကြယ်ပုံသဏ္ဍာန် ကျောက်စိမ်းပြား တစ်ခုအဖြစ် ဆက်စပ်လိုက်နိုင်သည်။
"တွေ့ပြီ"
"ဝမ်းသာလိုက်တာဗျာ"
လုံထျန်းရှင်း ပြောလိုက်၏။
"အမေ ပြောဖူးတယ်... ဒီကျောက်စိမ်းပြားက အဖေ ထားခဲ့ပေးတာတဲ့... တစ်ဝက်ကို ကျွန်တော့်ဆီ ပေးခဲ့ပြီး ကျန်တစ်ဝက်ကို သူ ယူသွားတာတဲ့"
လုံကျိုသည် ကျောက်စိမ်းပြားကို အံ့ဩစွာ ကြည့်လိုက်၏။
"ဒါဆို မင်းက လုံယွမ်ချင်း ရဲ့ သား ဖြစ်နေတာကိုး... ဒါကြောင့် မင်းရဲ့ နဂါးသွေးမျိုးဆက်က ဒီလောက် သန့်စင်နေတာပဲ... နှမြောစရာ ကောင်းတာက မင်း 'နဂါးသွေးကန်' ထဲ ဝင်ပြီး မနိုးထရသေးတာပဲ"
"ဟုတ်တယ်... ကျွန်တော့်အဖေ နာမည်က လုံယွမ်ချင်း ပါ"
လုံထျန်းရှင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"မင်း ဘယ်လိုလုပ် သိတာလဲ"
ယဲ့ဖုန်း အံ့ဩသွားသည်။
လုံထျန်းရှင်း အမြန် ရှင်းပြလိုက်၏။
"အမေက အိပ်မက်ယောင်ရင် 'ယွမ်ချင်း... မသွားပါနဲ့' တို့၊ 'ယွမ်ချင်း... ရှင်က အရမ်း ချောတာပဲ' တို့လို့ ခဏခဏ ပြောတတ်တယ်လေ... ဒါကြောင့် ကျွန်တော့်အဖေ နာမည်က လုံယွမ်ချင်း ဖြစ်မယ်လို့ ထင်တာပါ"
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်နှာထား ဘယ်လို ဖြစ်သွားမှန်း မသိတော့ပေ။
"မင်းအဖေ ယွမ်ချင်းက ငါတို့ မျိုးနွယ်စုရဲ့ ဂုဏ်ယူစရာပါပဲ... (၁၅) နှစ်သားမှာ အထွတ်အထိပ် အဆင့် သွေးမျိုးဆက် နိုးထခဲ့တယ်... (၁၉) နှစ်သားမှာ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁)' ကို တက်လှမ်းနိုင်ခဲ့တယ်... (၂၀) အရွယ်မှာ စစ်သည်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်... ရဲရင့်ပြီး ပြိုင်ဘက်ကင်းခဲ့တာပေါ့... ကံမကောင်းစွာနဲ့ (၃၃) နှစ်အရွယ် ခရီးထွက်သွားပြီးတဲ့နောက် သူ ပြန်မလာတော့ဘူး"
လုံကျို သက်ပြင်းချလိုက်၏။
"သူ သေသွားပြီလား... မဟုတ်ဘူး... ခင်ဗျား စောစောက သူ အသက်ရှင်သေးတယ်လို့ ပြောခဲ့တယ်လေ... လူလိမ်ကြီး"
လုံထျန်းရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လုံကျို၏ ဝတ်ရုံ လည်ပင်းစကို ဆွဲကိုင်လိုက်ပြီး မတင်ရန် ကြိုးစားသော်လည်း သူ အရပ်ပုနေသဖြင့် ခြေဖျားထောက်လိုက်လျှင်တောင် လည်ပင်းစကို ဆွဲကိုင်ထားရုံသာ တတ်နိုင်ပြီး မနိုင် ဖြစ်နေရှာသည်။
"တောက်... ဘယ်သူက ယွမ်ချင်း သေပြီလို့ ပြောလဲ... စစ်သည်အဖွဲ့က ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာထဲမှာ ပိတ်မိနေပြီး ထွက်မရ ဖြစ်နေတာ... လမ်းကြောင်း ပြန်ဖွင့်ပေးနိုင်ဖို့ သန့်စင်တဲ့ နဂါးသွေးမျိုးဆက်ကို အရေးတကြီး လိုအပ်နေတာကွ"
လုံကျို ဒေါသတကြီး စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်၏။
"ဒါဆို... အဲဒီ လမ်းကြောင်းကို ဖွင့်ဖို့အတွက် ထျန်းရှင်းရဲ့ သွေးမျိုးဆက်ကို လိုအပ်နေတာပေါ့"
ယဲ့ဖုန်းသည် ဇာတ်လမ်းစုံကို သဘောပေါက်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်ကာ ပြောလိုက်၏။
အခန်း (၁၇၃) - သဘောတူညီမှု ရရှိခြင်း၊ ဓားကလေး အပ်နှင်းပွဲ အခမ်းအနား
~"ဟုတ်တယ်"
လုံကျို ခေါင်းညိတ်လိုက်၏။
"အဲဒီ လမ်းကြောင်းကို ဖွင့်လိုက်ရင် ထျန်းရှင်းအတွက် အန္တရာယ် ရှိမလား"
ယဲ့ဖုန်းသည် သူ့တပည့်၏ ဘေးကင်းရေးကို အလွန် စိတ်ပူနေ၏။
"လုံးဝ အန္တရာယ် မရှိပါဘူး"
လုံကျို လေးနက်စွာ ပြောလိုက်၏။
"ဒါဆိုရင်... ဓားကလေး အပ်နှင်းပွဲ အခမ်းအနား ပြီးတာနဲ့ ကျွန်တော် ကိုယ်တိုင် ထျန်းရှင်းကို လိုက်ပို့ပေးမယ်"
ယဲ့ဖုန်းသည် လုံကျန်းချွမ်နှင့် လုံယွိရှင်းကို ကတိပေးထားသည် မဟုတ်လား... လုံထျန်းရှင်းကို သေချာ စောင့်ရှောက်ပေးပါ့မယ်၊ တစ်ယောက်တည်း စွန့်စားခွင့် မပြုပါဘူး ဟူ၍။
ထို့အပြင် အရေးကြီးဆုံး အချက်က ယဲ့ဖုန်း ကိုယ်တိုင်လည်း နဂါးမျိုးနွယ်စု ဆိုတာ ဘယ်လိုမျိုးလဲ သွားကြည့်ချင်သည့် အတွက်ပါပင်။
"မဖြစ်ဘူး... မင်းလို ပြင်ပလူတစ်ယောက်က ဒီလျှို့ဝှက်ချက်တွေကို သိနေတာတင် စည်းကျော်နေပြီ... အခု ငါတို့ နဂါးမျိုးနွယ်စုရဲ့ ဘိုးဘေးမြေကိုပါ လိုက်ချင်သေးတယ် ဟုတ်လား... စိတ်ကူးမယဉ်ပါနဲ့"
လုံကျို ချက်ချင်း ငြင်းပစ်လိုက်၏။
"ဂိုဏ်းချုပ် မလိုက်ရင် ကျွန်တော်လည်း မလိုက်ဘူး"
လုံထျန်းရှင်း ပြတ်သားစွာ ပြောလိုက်၏။
သူက အခုမှ 'ချီစုစည်းခြင်း (၇) ဆင့်' ပဲ ရှိသေးတာ... လုံကျိုနဲ့ ပါသွားပြီးမှ ဟိုဘက်က မကောင်းကြံလိုက်ရင် သူ သေမှာ သေချာသည်။
ထိုစကားကို ကြားသောအခါ လုံကျို မျက်မှောင်ကြုတ်သွားသည်။
အခြားသူသာဆိုလျှင် မုချငြင်းပယ်လိုက်မည်။ သို့သော် လုံထျန်းရှင်းကား အထွတ်အထိပ် သွေးမျိုးဆက်ပိုင်ရှင် လုံယွမ်ချင်း၏ သားဖြစ်၏။ လုံယွမ်ချင်းသည် ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ရွေးချယ်ထားသည့် အနာဂတ်ခေါင်းဆောင်လောင်း ဖြစ်၍ ဤမိသားစုအား အပြစ်ပြု၍ မဖြစ်။
ထို့ပြင် လုံထျန်းရှင်း 'နဂါးသွေးကန်' ဝင်၍ သွေးမျိုးဆက်နိုးထပါက အထွတ်အထိပ်အဆင့် ဖြစ်လာမည်မှာ သေချာ၏။ လမ်းကြောင်းဖွင့်ရန် လိုအပ်သည်မှာလည်း ထိုသွေးမျိုးဆက်ပင် ဖြစ်နေပြန်သည်။
"ဒါ ကိစ္စကြီးတယ်... ဂိုဏ်းချုပ်ကြီးကို မေးကြည့်မှ ရမယ်"
လုံထျန်းရှင်း၏ သွေးမျိုးဆက်က မနိမ့်မှန်း သိသော်လည်း၊ လုံကျိုအနေနှင့် ပြင်ပလူတစ်ယောက်ကို မျိုးနွယ်စုဆီ ခေါ်သွားဖို့ မရဲပေ။ နဂါးမျိုးနွယ်စု ဘိုးဘေးမြေ တည်နေရာ ပေါက်ကြားသွားမှာ စိုးရိမ်ရသည်။
"ကြိုက်သလို လုပ်ပါ"
ယဲ့ဖုန်း သဘောတူလိုက်၏။
လုံကျို ခေါင်းညိတ်လိုက်ပြီး ရွှေရောင် စက္ကူချိုး ကြိုးကြာငှက် တစ်ကောင်ကို ထုတ်ယူကာ ဝိညာဉ်စွမ်းအင် မှုတ်သွင်းလိုက်သည်။ ၎င်းက "ဝှစ်" ခနဲ ပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာပေါင်းများစွာ အဝေးသို့ ရောက်ရှိ ပျောက်ကွယ်သွားသည်။
အမွှေးတိုင်တစ်တိုင် ကုန်စာခန့် ကြာပြီးနောက်၊ ရွှေရောင် စက္ကူချိုး ကြိုးကြာငှက် ပြန်ရောက်လာ၏။
လုံကျို ဖမ်းယူလိုက်ပြီး အံ့ဩသွားသော မျက်နှာထား ဖြစ်ပေါ်လာ၏။
"ဂိုဏ်းချုပ်ကြီးက တကယ် သဘောတူလိုက်တယ်... ဒါပေမဲ့ (၇) ရက်အတွင်း နဂါးမျိုးနွယ်စုဆီ ရောက်လာရမယ်တဲ့... ဒါက 'သတင်းပို့ စက္ကူချိုး ကြိုးကြာငှက်' ပါ... မထွက်ခွာခင် ကျုပ်ကို ဆက်သွယ်လိုက်ပါ"
လုံကျို အံ့ဩနေမိသည်။ ပြင်ပလူ ဖြစ်သော ယဲ့ဖုန်းကို ဘိုးဘေးမြေထဲ ဝင်ခွင့်ပေးလိုက်သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသော်လည်း သာမန် အကြီးအကဲ တစ်ယောက် အနေဖြင့် အများကြီး ဝင်မစွက်ဖက်ရဲသဖြင့် ငွေရောင် စက္ကူချိုး ကြိုးကြာငှက် တစ်ကောင်ကို ယဲ့ဖုန်းအား ပေးလိုက်၏။
"ဓားကလေး အပ်နှင်းပွဲ အခမ်းအနား ပြီးတာနဲ့ ကျွန်တော်တို့ သေချာပေါက် လာခဲ့ပါ့မယ်"
ယဲ့ဖုန်းသည် ငွေရောင် စက္ကူချိုး ကြိုးကြာငှက်ကို သိမ်းဆည်းလိုက်ပြီး ကတိပေးလိုက်၏။
"မျှော်လင့်ပါတယ်"
တာဝန်ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လုံကျိုသည် ရွှေရောင်အလင်းတန်းတစ်ခုအပေါ် ခြေချလိုက်ပြီး ညအမှောင်ထုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
"ပြဿနာ ရှင်းသွားပြီ... ပြန်အိပ်ကြစို့"
ယဲ့ဖုန်းသည် လုံထျန်းရှင်းကို ဆွဲခေါ်ကာ "ပန်းပွင့်ကြွေ ဥယျာဉ်" ရှိ အခန်းသို့ ပြန်လာခဲ့ကြ၏။ အခြားတပည့်များ မည်သူမျှ သတိမထားမိလိုက်ကြပေ။
နောက်တစ်နေ့ နံနက်ခင်းတွင် ဖြစ်သည်။
တပည့်များသည် စောစောထကာ ခြံဝင်းအတွင်းရှိ တရားထိုင်ဖျာများပေါ်တွင် ထိုင်လျက် ကျင့်ကြံနေကြ၏။
လီကျောက်ကျောက်သည် "ဝိညာဉ်စားဖိုမှူးများ၏ အခြေခံ နားလည်မှု" စာအုပ်ကို လှန်လှောဖတ်ရှုနေရင်း နက်နဲသော အသိပညာ ဗဟုသုတများစွာကို တွေ့ရှိလိုက်ရသဖြင့် အာမေဋိတ်သံ ပြုလိုက်မိသည်။
"အရည်အသွေးမြင့်တဲ့ ဝိညာဉ်ဟင်းပွဲတွေ ချက်ပြုတ်ဖို့ဆိုရင် အစပိုင်းမှာ အရိုးရှင်းဆုံး ချက်ပြုတ်နည်းတွေကိုပဲ သုံးရမယ်... ပြီးမှ ဝိညာဉ်စားဖိုမှူးရဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ဟင်းပွဲကို အဆင့်မြှင့်တင်ရမယ်... နောက်ဆုံးကျမှ ကုန်ကြမ်းတွေထက် အများကြီး ပိုတန်ဖိုးရှိတဲ့ ဝိညာဉ်ဟင်းပွဲ ဖြစ်လာမှာပါလား"
"ဝိညာဉ်စားဖိုမှူး လမ်းစဉ်ကို ကြယ်ငါးပွင့် အဆင့် ခွဲခြားထားပြီး ကြယ်ငါးပွင့် အထက်မှာ ပိုပြီး စွမ်းအားကြီးတဲ့ 'ဟင်းချက်အင်မော်တယ်' အဆင့် ရှိသေးတယ်တဲ့"
လီကျောက်ကျောက်သည် ကမ္ဘာသစ် တစ်ခုကို ဖွင့်လှစ်လိုက်ရသကဲ့သို့ စိတ်ဝင်စားမှု ပြင်းပြနေ၏။
"ကျားရှီး... မင်းက အခု 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၅) ဆင့်မြောက်' ကို ရောက်နေပြီဆိုတော့ (၆) ဆင့်မြောက်ကို ရောက်ဖို့ ဘယ်လို လေ့ကျင့်ရမလဲ... ရေတံခွန်အောက်မှာ ဆက်ပြီး ခန္ဓာကိုယ်ကို သွန်းလောင်းရဦးမှာလား"
ရှီလေ့က စိတ်ဝင်တစား မေးလိုက်ခြင်း ဖြစ်ပါသည်။
ကျောက်ကျားရှီး ခေါင်းညိတ်လိုက်၏။
"သိပ်မထူးပါဘူးဗျာ... နောက်တစ်ဆင့်အနေနဲ့ 'အင်မော်တယ်လက်သီး' ကို ဆက်ပြီး လေ့ကျင့်ရမယ်...ကျွန်တော့်ရဲ့ အရှိန်အဟုန် လေးဆလောက် ရောက်သွားရင် 'ချီနှင့် သွေး ဓားသိုင်း' လို့ ခေါ်တဲ့ ပြင်ပ ကျင့်စဉ်တစ်ခုကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး အရှိန်အဟုန် ထိန်းချုပ်မှုကို ကျွမ်းကျင်အောင် လုပ်ရမယ်... ပြီးမှ 'ခန္ဓာကိုယ် ကျင့်ကြံခြင်း (၆) ဆင့်မြောက်' ကို တက်လှမ်းနိုင်မှာ"
"နောက်ပိုင်း အဆင့်တွေက အဲဒီလောက် ရှုပ်ထွေးတာကိုး"
တပည့်များ အံ့ဩသွားကြ၏။
ယဲ့ဖုန်းသည် သူတို့၏ စကားဝိုင်းကို နားထောင်ရင်း တိတ်ဆိတ်နေလိုက်၏။
..ကျောက်ကျားရှီး အနေနဲ့ (၆) ဆင့်မြောက်ကို တက်လှမ်းဖို့ အခက်အခဲတချို့ ရှိနေတာ မှန်ပေမယ့် အချိန်အများကြီး ယူရမှာ မဟုတ်ပါဘူး... အများဆုံး လဝက်လောက်ပါပဲ။
ခွေး 'အားဟာ' နဲ့ မြေခွေးဖြူလေး အပါအဝင် တခြား ဝိညာဉ်သားရဲတွေလည်း လဝက်အတွင်း 'အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့်' ကို ရောက်ရှိနိုင်လောက်တယ်။
ဒါဆိုရင် ဂိုဏ်းချုပ် မစ်ရှင်ရဲ့ ဒုတိယအဆင့် ပြီးမြောက်သွားပြီပေါ့။..
*
အချိန်များ ကုန်ဆုံးသွားပြီး မကြာမီ နေ့လည်ပိုင်းသို့ ရောက်ရှိလာ၏။
ကျိဝူရွှမ်သည် "ပန်းပွင့်ကြွေ ဥယျာဉ်" တံခါးဝသို့ ရောက်ရှိလာပြီး ဦးညွှတ်လိုက်၏။
"ဂိုဏ်းချုပ်ယဲ့... အချိန်ကျပါပြီ... တခြား ဂိုဏ်းကြီးတွေလည်း အခမ်းအနား ကျင်းပမယ့်နေရာကို တဖြည်းဖြည်း သွားနေကြပါပြီ... ကျွန်တော့်နောက် လိုက်ခဲ့ပါ"
"လမ်းပြပေးတာ ကျေးဇူးပါပဲဗျာ"
ယဲ့ဖုန်းသည် တပည့်များကို ဦးဆောင်ကာ လိုက်ပါသွားသည်။
'ကြယ်နှစ်ပွင့်အဆင့်' အင်အားစုရဲ့ ဓားကလေး အပ်နှင်းပွဲ အခမ်းအနား ဆိုတာ ဘယ်လောက် ခမ်းနားထည်ဝါမလဲ ဆိုတာကို သူတို့အားလုံး စိတ်ဝင်စားနေကြ၏။
'မြင့်မြတ်သော လေဓား'ဂိုဏ်း၊ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ရှေ့တွင် ဖြစ်သည်။
အပြာရောင် အုတ်ချပ်များ ခင်းကျင်းထားသော ဧရာမ ကွင်းပြင်ကြီးတစ်ခု ရှိသည်။ ထိုကွင်းပြင်ကြီးကို ကျောက်တိုင်ကြီး (၁၂၈) တိုင်ဖြင့် ဝန်းရံထားလေ၏။
မီတာ (၁၀၀) မြင့်မားပြီး နဂါးရုပ်များ ထွင်းထုထားသော ကျောက်တိုင်ကြီးများပင်။ ဝင်္ကပါ လမ်းကြောင်းများစွာ ရေးထွင်းထားသည်။ ကွင်းပြင် တစ်ခုလုံးသည် တစ်သားတည်း ပေါင်းစပ်နေပြီး 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' ပညာရှင်များပင် ဖျက်ဆီး၍ မရနိုင်ပေ။
ယခုအခါ ထိုကွင်းပြင်ကြီးထဲတွင် စားပွဲဝိုင်းပေါင်း တစ်သောင်းနီးပါး ခင်းကျင်းထားသည်။
'မြင့်မြတ်သော လေဓား'ဂိုဏ်းမှ တပည့် တစ်သိန်းကျော်သည် ရောက်ရှိနေကြပြီး နေရာယူထားကြလေ၏။
ဧည့်သည်များ ဖြစ်ကြသော ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများကိုမူ ခမ်းနားထည်ဝါသော ဂိုဏ်းချုပ် ခန်းမဆောင်ကြီးနှင့် ပိုမို နီးကပ်သည့် ရှေ့ဆုံးတန်းမှ စားပွဲဝိုင်း (၁၀၀၀) တွင် နေရာချထားပေးသည်။
ယဲ့ဖုန်းသည် စားပွဲပေါ်တွင် သပ်ရပ်စွာ ပြင်ဆင်ထားသော ဝိညာဉ်ဟင်းပွဲများကို ကြည့်ပြီး လက်ဖျားခါသွားမိသည်။
'စားပွဲဝိုင်း ထောင်ချီစာ ဟင်းပွဲတွေဆိုတော့... ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ကုန်လိုက်မလဲ'
'သိန်းဂဏန်းလား... သန်းဂဏန်းများလား'
'ဘယ်လောက်ပဲ ဖြစ်ဖြစ်... ဒါက 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ ကြွယ်ဝချမ်းသာမှုကို ပြသလိုက်တာပဲ... တောင်ဘက် မြစ်ဝှမ်းဒေသရဲ့ လက်ချိုးရေလို့ရတဲ့ ကြယ်နှစ်ပွင့်အဆင့် အင်အားစုတွေထဲက တစ်ခုဆိုတာ သိသာလိုက်တာ'
ယဲ့ဖုန်း စိတ်ထဲတွင် အံ့ဩနေမိပြီး တံတွေး အလိုလို မျိုချမိလိုက်၏။
"ကျင့်ကြံသူတွေ အများကြီးပါလား... နှမြောစရာ ကောင်းတာက ကျွန်တော် ဘယ်သူ့ကိုမှ သိပ်မသိဘူး"
ရှီလေ့သည် သူ့ခုံတွင် ထိုင်လျက် ဘေးဘီဝဲယာကို ကြည့်လိုက်မိသည်။ အနည်းဆုံး ဂိုဏ်းပေါင်း ရာချီ စုဝေးနေကြပြီး အချို့မှာ ကြယ်အဆင့် ဂိုဏ်းများ ဖြစ်ကြကာ အများစုမှာ အဆင့်မြင့်ဂိုဏ်းများ ဖြစ်ကြ၏။
"ယွင်ဟွာဂိုဏ်း က လူတွေလည်း ရောက်နေကြတယ်... ဒါပေမဲ့ သူတို့က ကျွန်မတို့နဲ့ တော်တော်ဝေးတဲ့ နေရာမှာ ထိုင်နေကြတာ... ဒုတိယ စီနီယာအစ်ကို... ကြည့်ပါဦး... လင်းယွိယန် လည်း ရောက်နေတယ်... အစ်ကို့ကို စိုက်ကြည့်နေတယ်ဟေး"
လီကျောက်ကျောက်သည် မီတာရာချီ ဝေးကွာသော စားပွဲဝိုင်း တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
ဟိုယွင်ကျဲ လှမ်းကြည့်လိုက်ရာ လင်းယွိယန်နှင့် မျက်လုံးချင်း ဆုံမိသွားသည်။ သူက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် လက်ဖက်ရည်ကို ဆက်လက် သောက်သုံးနေလိုက်၏။
"'မြင့်မြတ်သော လေဓား'ဂိုဏ်းက ရှေးကျပြီး အခြေခံအုတ်မြစ် ခိုင်မာတဲ့ ကြယ်နှစ်ပွင့်အဆင့် အင်အားစုပဲ... အဆက်အသွယ်တွေလည်း ကျယ်ပြန့်တယ်... ခရိုင်ဘုရင် အိမ်တော် က ဧည့်သည်တွေတောင် ရောက်နေကြတာရော"
မိုယင် တီးတိုး ရေရွတ်လိုက်၏။
ယဲ့ဖုန်းသည် မိုယင် ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ရာ ရှေ့ဆုံးတန်းရှိ စားပွဲဝိုင်းတစ်ခုတွင် နက်ရှိုင်းသော အရှိန်အဝါများ ပိုင်ဆိုင်ထားသည့် လူအချို့ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
သို့သော် ထိုကျင့်ကြံသူများသည် မျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသမီး တစ်ဦးကို အလွန်အမင်း ရိုသေလေးစားမှု ပြသနေကြသဖြင့် လူအများ၏ အာရုံစိုက်မှုနှင့် ခန့်မှန်းမှုများကို ဖြစ်ပေါ်စေသည်။
"မင်္ဂလာအချိန်ကျရောက်ပါပြီ... ဓားကလေး ကြွမြန်းလာပါစေ"
ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ လက်ရှိ ဂိုဏ်းချုပ်ကြီး ကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုအသံသည် မိုင်ရာချီ ပျံ့နှံ့သွားပြီး လေနတ်ဘုရား မြို့တော်မှ လူများပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။
နောက်တစ်ခဏတွင် တန်ဆာဆင်ထားသော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူ (၅) ဦးသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲမှ ထွက်ပေါ်လာကြ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ မူရူရွှဲ့ မှလွဲ၍ အခြားသူ မဟုတ်ချေ။
ကျန် (၄) ဦးမှာ သူမ၏ အခိုင်းအစေ မိန်းကလေး များ ဖြစ်ကြပြီး တစ်ဦးစီသည် စာတန်းများ ရေးထိုးထားသော ကျောက်စိမ်းပြားများကို ကိုင်ဆောင်ထားကြ၏။ မူရူရွှဲ့သည် မြင့်မြတ်သော အရှိန်အဝါများ ထုတ်လွှတ်နေပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီး တစ်ပါးကဲ့သို့ လှပနေ၏။
“ဝှစ်…”
မျက်စိကျိန်းလောက်သော အလင်းတန်းများ ကောင်းကင်မှ ကျဆင်းလာပြီး မူရူရွှဲ့အပေါ်သို့ ကျရောက်သွားသည်။ ဖီးနစ်ငှက် ပုံသဏ္ဍာန် ဆံထိုး၊ ရောင်စုံပန်းပွင့်များ၊ ဝိညာဉ်ပစ္စည်းများနှင့် မရေမတွက်နိုင်သော ဝိညာဉ်လိပ်ပြာများသည် သူမ၏ ဘေးပတ်လည်တွင် လှည့်ပတ်နေကြပြီး နေရာတစ်ခုလုံးကို လင်းထိန်သွားစေသည်။
"အံ့ဖွယ်ပါလား"
ဧည့်သည်များသည် မော့ကြည့်ပြီး အာမေဋိတ် တလိုက်ကြ၏။
"ဒါက ‘မြင့်မြတ်သော လေဓားအရှင်’ကိုယ်တိုင် သိုင်းစွမ်းအင်တွေ သုံးထားတာပဲ... 'ဝိညာဉ်ပင်လယ်အဆင့်' ပညာရှင်ကြီးရဲ့ စွမ်းအားကို ပြသနေတာ... ဓားကလေး အပ်နှင်းပွဲ အခမ်းအနားရဲ့ မပါမဖြစ် အစိတ်အပိုင်း တစ်ခုပေါ့"
လူတစ်ယောက်က တီးတိုး ရှင်းပြနေ၏။
ယဲ့ဖုန်းသည် မျက်လုံးပြူးကာ ကြည့်ရှုရင်း စိတ်ထဲတွင် မှတ်သားထားလိုက်၏။
‘မြူခိုးဂိုဏ်း အဆင့်တစ်ခု ရောက်လာရင် ငါလည်း ဒီလို လိုက်လုပ်မှ ဖြစ်မယ်။’
ထိုအချိန်တွင် 'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်ကြီး ပေါ်လာပြီး မူရူရွှဲ့နှင့် (၁၀) ကိုက်အကွာတွင် ရပ်လိုက်ကာ ကျယ်လောင်စွာ ဆက်လက် ကြေညာလိုက်၏။
"‘မြင့်မြတ်သော လေဓား အရှင်’မှ ဓားကို အပ်နှင်းပြီး အပ်နှင်းပွဲ အခမ်းအနားကို ပြီးမြောက်စေပါလိမ့်မယ်"
သူ၏ အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကွင်းပြင် တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားသည်။
"‘မြင့်မြတ်သော လေဓား အရှင်’ ထွက်လာတော့မယ်ဟေ့"
"ငါ 'ဝိညာဉ်ပင်လယ်အဆင့်' ပညာရှင်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... ပြန်ရောက်ရင် (၃) နှစ်လောက် ကြွားလို့ ရပြီကွ"
ဂိုဏ်းပေါင်းစုံမှ လူများသည် မျက်လုံးပြူးကာ စောင့်မျှော်နေကြ၏။
" ဝေါ .."
ဝိညာဉ်စွမ်းအင်များ တောက်ပနေသော ပန်းပွင့်များ ကောင်းကင်မှ ကျဆင်းလာပြီး ပန်းပွင့်တိုင်းတွင် အားကောင်းသော ဓားစိတ်ဆန္ဒများ ပါဝင်နေ၏။
ချက်ချင်းပင် တောက်ပသော အလင်းတန်း တစ်ခု ကျဆင်းလာပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ အဆုံးမဲ့ ဓားအလင်းရောင်များ ထုတ်လွှတ်နေသော တောင့်တင်းသန်မာသည့် အမျိုးသားကြီး တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူသည် လူအုပ်ကြီးကို ကျောပေးလျက် ရပ်နေပြီး သူ၏ အရှိန်အဝါသည် ပင်လယ်ပြင်ကြီးကဲ့သို့ ကျယ်ပြောကာ အဆုံးမရှိပေ။ လက်ထဲတွင် အင်မော်တယ် အလင်းရောင်များ တောက်ပနေသော ဓား တစ်လက်ကို ကိုင်ဆောင်ထားသည်။
"‘မြင့်မြတ်သော လေဓား အရှင်’ ကို ဂါရဝပြုပါတယ်"
'မြင့်မြတ်သော လေဓား'ဂိုဏ်းမှ တပည့် တစ်သိန်းကျော်သည် ပြိုင်တူ မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ကြရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးသည် ကောင်းကင်ယံ အထိ ပဲ့တင်ထပ်သွားသည်။
မူရူရွှဲ့သည် ရှေ့သို့ (၃) လှမ်း တိုးလိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ လက်နှစ်ဖက်ကို မြှောက်လျက် ဓားကို လက်ခံယူမည့် ဟန်ပန် ပြုလုပ်လိုက်၏။
"ဒီဓားရဲ့ နာမည်က 'လေနတ်ဘုရား' တဲ့... ငါတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ ဘိုးဘေးပိုင် ဝိညာဉ်ဓား ဖြစ်ပြီး 'အထွတ်အထိပ် အဆင့်' ရှိတယ်... အမြင့်ဆုံး အဆင့်အတန်းနဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုတယ်... ဒီနေ့ ဒီဓားကို.. မင်းဆီ အပ်နှင်းလိုက်ပြီ... ငါတို့ဂိုဏ်းက တပည့် တစ်သိန်းကျော်ရဲ့ မျှော်လင့်ချက်တွေကို အပျက်မခံပါနဲ့"
‘မြင့်မြတ်သော လေဓား အရှင်’မှ ကြေညာလိုက်၏။
သူ၏ အသံတွင် မမြင်ရသော ဖိအားများ ပါဝင်နေ၏။
ထိုအသံကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ရှိ လေထု ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် သေးငယ်သည်ဟု ခံစားမိကာ 'ဝိညာဉ်ပင်လယ်အဆင့်' ၏ စွမ်းအားကြီးမားမှုကို အံ့ဩသွားမိသည်။
"လူတိုင်းရဲ့ မျှော်လင့်ချက်နဲ့အညီ သေချာပေါက် ကြိုးစားပါ့မယ်"
မူရူရွှဲ့.. ခေါင်းမော့လိုက်ရာ သူမ၏ ရင်သပ်ရှုမောဖွယ် လှပသည့် မျက်နှာလေး ပေါ်လာသည်။ အလွန် လေးလံသော လေနတ်ဘုရား ဓားကို လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်ကာ 'မြင့်မြတ်သော လေဓား'ဂိုဏ်း၏ တရားဝင် ဓားကလေး ဖြစ်လာလေတော့သည်။
နောက်တစ်ခဏတွင် 'မြင့်မြတ်သော လေဓား အရှင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ပျောက်ကွယ်သွားသည်။
ကြီးစိုးခြယ်လှယ်သော အဆုံးမဲ့ ဓားစိတ်ဆန္ဒ ဖိအားများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
"ဓားကလေး အပ်နှင်းပွဲ အခမ်းအနား တရားဝင် ပြီးဆုံးပါပြီ... မူရူရွှဲ့ကို ငါတို့ 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ ဓားကလေး အသစ်အဖြစ် ဂုဏ်ပြုကြပါစို့... သူက အနာဂတ်မှာ 'ဝိညာဉ်ပင်လယ်အဆင့်' ကို ချိုးဖျက် ဝင်ရောက်နိုင်သူ ဒါမှမဟုတ် လက်ရှိ ဂိုဏ်းချုပ် အနားယူတဲ့အခါ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံမယ့်သူ ဖြစ်ပါတယ်"
ဂိုဏ်းချုပ်ကြီးက ရှေ့သို့ ထွက်လာပြီး ကြေညာလိုက်ရာ သူ၏ အသံမှာ မြို့ တစ်မြို့လုံးသို့ မြန်မြန်ဆန်ဆန်.. လွှမ်းခြုံသွားတော့သည်။
ကွင်းပြင်တစ်ခုလုံး လက်ခုပ်သံများဖြင့် ဆူညံသွားပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။
"နောက်တစ်ဆင့်ကတော့ ထုံးတမ်းစဉ်လာအရ စိန်ခေါ်ပွဲပါ... ဓားကလေး ရဲ့ အထွတ်အထိပ် ကျက်သရေကို ပြသဖို့အတွက် အနည်းဆုံး စိန်ခေါ်မှု တစ်ခုကိုတော့ လက်ခံရပါမယ်"
ဂိုဏ်းချုပ်ကြီး ပြောပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်၏။
ထိုစကားကို ကြားသောအခါ မူရူရွှဲ့၏ မျက်လုံးများ ပိုမို စူးရှလာ၏။ သူမသည် လေနတ်ဘုရား ဓားကို နောက်ကျောတွင် လွယ်လိုက်ပြီး စိန်ခေါ်မည့်သူ ထွက်လာမည်ကို စောင့်ဆိုင်းလိုက်သည်။
"ဒီလောက် ကြီးမားတဲ့ ဂိုဏ်းကြီးထဲမှာ... ကျွန်တော်က လွဲရင် ဘယ်သူက မင်းကို စိန်ခေါ်ဖို့ ထိုက်တန်လို့လဲ"
တည်ငြိမ်သော်လည်း ထက်ရှသော အသံတစ်သံ လူအုပ်ကြီးကြားမှ ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။
အခန်း (၁၇၄) - စိန်ခေါ်ပွဲ၊ ကြောက်မက်ဖွယ်ကောင်းသော ဓားကလေး ၊ ခရိုင်ဘုရင်မြို့တော်၏ မင်းသမီး
~မရေမတွက်နိုင်သော ပရိသတ်များ၏ စောင့်ကြည့်မှုအောက်တွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လေထဲသို့ ပျံတက်သွားသည်။
သူ၏ ဝတ်ရုံရှည်သည် လေထဲတွင် တဟူးဟူး လွင့်ပျံနေသည်။ သူသည် ဓားအိမ်မှ ကျွတ်ထွက်လာသော ရတနာဓား တစ်လက်ကဲ့သို့ စူးရှပြီး ကျယ်ပြန့်သော ဓားအရှိန်အဝါအား ထုတ်လွှတ်နေကာ ကောင်းကင်ကို ထိုးဖောက်ပြီး မြေကြီးကို ခွဲခြမ်းပစ်နိုင်စွမ်း ရှိပုံ ရသည်။
"အဲဒါ သူပဲ"
ဟိုယွင်ကျဲ တအံ့တဩ အော်လိုက်၏။
"ဘယ်သူလဲ"
ယဲ့ဖုန်းက မေးလိုက်သည်။
"ပိုင်ချွန်းဖုန်းပါ... 'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ နံပါတ်တစ် စစ်မှန်သော တပည့်ပါ... မြို့ထဲဝင်တုန်းက တချက် လှမ်းမြင်လိုက်ရတယ်... သူက မူရူရွှဲ့နဲ့ ဓားကလေး နေရာကို ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပါရမီရှင် တစ်ယောက်လို့ ကြားပါတယ်..ဂိုဏ်းချုပ်ဦးလေး"
ဟု ဟိုယွင်ကျဲက လေသံတိုးတိုးဖြင့် ရှင်းပြလိုက်၏။
မြို့ထဲဝင်စဉ်က ရွှေရောင်သရဖူ ငှက်ပြာကြီးပေါ်တွင် ထိုင်လျက် ခန့်ညားထည်ဝါသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ပိုင်ချွန်းဖုန်းကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
"ဒါဆိုရင်တော့… ပွဲကောင်းပြီ"
ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး စိတ်ဝင်စားမှု ပြင်းပြလာ၏။
"မူရူရွှဲ့ရော ၊ ပိုင်ချွန်းဖုန်းပါ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်' ပါရမီရှင်တွေ ဆိုတော့... သူတို့ရဲ့ တိုက်ပွဲက သေချာပေါက် ကြည့်ကောင်းမှာပဲ"
လေနတ်ဘုရား မြို့တော်ကို ရောက်ကတည်းက မူရူရွှဲ့သည် နှစ်တစ်ထောင်မှ တခါ ပေါ်မည့် ပါရမီရှင် ဖြစ်ပြီး 'မူလ အင်မော်တယ် နယ်ပယ် 'ကို ရောက်ရှိနိုင်မည့် အလားအလာ ရှိသည် ဆိုသော စကားများကို ယဲ့ဖုန်း ကြားလွန်းလို့ နားရည်ဝနေပြီ ဖြစ်သည်။
အခုတော့ ကိုယ်တိုင် မြင်တွေ့ခွင့် ရပြီဆိုတော့ အာရုံစိုက်ထားရမည်ပေါ့။
ထိုအချိန်တွင် မူရူရွှဲ့သည် လေထဲသို့ ပျံတက်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဒီဓားကလေး က နင့်ရဲ့ စိန်ခေါ်မှုကို လက်ခံပါတယ်"
"ကျေးဇူးတင်ပါတယ် ဓားကလေး "
ပိုင်ချွန်းဖုန်းသည် လက်သီးဆုပ် ဦးညွှတ်လိုက်၏။
အရင်တုန်းက သူရော မူရူရွှဲ့ပါ စစ်မှန်သော တပည့်များ ဖြစ်ကြပြီး အဆင့်အတန်း တူညီခဲ့ကြ၏။
ယခုတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့လေပြီ။
လေနတ်ဘုရား ဓားကို လက်ခံရရှိပြီးနောက် မူရူရွှဲ့သည် လေးစားခံရသော ဓားကလေး ဖြစ်လာခဲ့ပြီး၊ စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်၏ တောင်သခင်မလည်း ဖြစ်လာကာ သာမန် အတွင်းစည်း အကြီးအကဲများထက် အဆင့်အတန်း မြင့်မားသွားခဲ့ပြီ ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် ပိုင်ချွန်းဖုန်းသည် စစ်မှန်သော တပည့်အဆင့်တွင်သာ ရှိနေသေးပြီး အပြင်စည်း အကြီးအကဲနှင့် တန်းတူလောက်သာ ရှိကာ မူရူရွှဲ့၏ အဆင့်အတန်းနှင့် လုံးဝ ယှဉ်၍ မရတော့ပေ။
"ဒီတိုက်ပွဲက မင်းကို ငါ.. နောက်ဆုံး စိန်ခေါ်ခြင်း ဖြစ်လောက်တယ်... ဘာပဲပြောပြော ၊ ဒီနေ့က စပြီး ငါတို့ကြားက ကွာဟချက်က ပိုပိုပြီး ကြီးမားလာတော့မှာကိုး"
ပိုင်ချွန်းဖုန်းသည် ကူကယ်ရာမဲ့သော လေသံ၊ ခါးသီးသော လေသံတို့ဖြင့် ပြောလိုက်၏။
ဓားကလေး ဖြစ်လာပြီးနောက် မူရူရွှဲ့သည် ဂိုဏ်း၏ အထောက်အပံ့များကို ဦးစားပေး ရရှိမည် ဖြစ်သည်။ မူလကတည်းက ပါရမီရှင် ဖြစ်သော သူမ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းသည် သေချာပေါက် အလွန် မြန်ဆန်လာမည် ဖြစ်သည်။
"ဂျူနီယာမောင်လေး... စိတ်မကောင်း မဖြစ်ပါနဲ့... ငါ နင့်ကို (၃) ကွက် အခွင့်အရေး ပေးမယ်... ပထမ (၃) ကွက်မှာ ငါ ခံစစ်ပဲ ကစားမယ်"
မူရူရွှဲ့သည် အေးစက်သော်လည်း ယုံကြည်မှု ရှိသော အသံဖြင့် ပြောလိုက်ပြီး ကောင်းကင်ယံ အမြင့်သို့ ပျံတက်သွားသည်။
"ကောင်းပြီ"
ပိုင်ချွန်းဖုန်း တစ်ယောက် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ဘေးပတ်လည်တွင် ဓားအရှိန်အဟုန်များကို စတင် စုစည်းလိုက်၏။
"'မြင့်မြတ်သော လေဓား'ဂိုဏ်းရဲ့ ထိပ်တန်း.. စစ်မှန်သော တပည့် ဆိုတာ သိသာလိုက်တာ... ဒီလောက် ငယ်ငယ်လေးနဲ့ 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၂)' ကို ရောက်နေပြီတဲ့... တကယ် ကြောက်စရာ ကောင်းတာပဲ"
ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များ အာမေဋိတ် ပြုလိုက်ကြ၏။
‘ပိုင်ချွန်းဖုန်းရဲ့ ဓားအရှိန်အဟုန်က အရမ်း ပြင်းထန်လွန်းသည်။
ရွယ်တူချင်း ယှဉ်တိုက်ရင်တောင် ပိုင်ချွန်းဖုန်းရဲ့ တိုက်ခိုက်မှု တစ်ချက်ကို ခံနိုင်ပါ့မလား။’
သူတို့ သံသယ ဝင်မိကြ၏။
‘ ဒါဆို ဓားကလေး မူရူရွှဲ့က ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။’
လူအုပ်ကြီး၏ မျှော်လင့်စောင့်စားမှု ပိုမို မြင့်တက်လာ၏။
"တိမ်တိုက်များကို ထိုးဖောက်သော ဓား"
ပိုင်ချွန်းဖုန်း နောက်ဆုံးတော့ စတင် တိုက်ခိုက်လိုက်၏။
ဒါက 'တတိယအဆင့် သိုင်းနည်းစနစ်' ဖြစ်သည်။ သူ ဓားကို ထိုးလိုက်သည်နှင့် တပြိုင်နက် ဓားချီ အမြောက်အမြားသည် လွင့်မျောနေသော တိမ်တိုက်ဖြူများအဖြစ် ပြောင်းလဲသွာ၏။ ၎င်းတို့က လျှပ်တပြက်ပင် ပျောက်ကွယ်သွားကာ နောက်တစ်ခဏတွင် မူရူရွှဲ့၏ ဘေးနား၌ ပြန်လည် ပေါ်လာပြီး သူမကို ဝိုင်းရံလိုက်၏။
"ပြင်းထန်လိုက်တဲ့ တိုက်ခိုက်မှု"
ဧည့်သည်များ ထပ်မံ အာမေဋိတ် ပြုလိုက်ကြပြန်သည်။ သူတို့သာ ကွင်းထဲမှာ ရှိနေလျှင် လုံးဝ ရှောင်တိမ်းနိုင်မှာ မဟုတ်ဟုလည်း ကြိတ်၍ ဝန်ခံလိုက်ကြ၏။
မိုယင်နှင့် ဟိုယွင်ကျဲတို့သည် မျက်တောင်မခတ်ဘဲ ကြည့်ရှုနေကြပြီး ပညာများစွာ ရရှိနေကြ၏။
သို့သော် 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃)' ကိုပင် သတ်ဖြတ်နိုင်သော ဤထက်ရှသည့် ဓားကွက်ကို ရင်ဆိုင်ရာတွင် မူရူရွှဲ့သည် လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားသဏ္ဍာန် ပြုလုပ်ပြီး အောက်သို့ ရိုက်ချလိုက်ရုံမျှဖြင့် ဓားတိမ်တိုက်များကို လုံးဝ မရှိခဲ့ဖူးသကဲ့သို့ ဖျက်ဆီးပစ်လိုက်၏။
"နောက်ထပ် (၂) ကွက် ကျန်သေးတယ်"
မူရူရွှဲ့ တိုးတိုးလေး ပြောလိုက်၏။
"သိပ်စွမ်းတဲ့ ဓားအသွင်ပြောင်း နည်းစနစ်ပဲ"
ပိုင်ချွန်းဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး မူရူရွှဲ့ကို ပိုမို ခန့်မှန်းရခက်လာသည်ဟု ခံစားလိုက်ရသည်။
မူရူရွှဲ့က 'အထွတ်အထိပ် အဆင့်' လေနတ်ဘုရား ဓားကို သုံးပြီး ကာကွယ်လိမ့်မည်ဟု သူ ထင်ထားသော်လည်း၊ အံ့ဩစရာ ကောင်းတာက သူမက လက်ချောင်းတွေကို သုံးပြီး သူ၏ 'တိမ်တိုက်များကို ထိုးဖောက်သော ဓား' ကို ချေဖျက်ပစ်လိုက်ခြင်းပင်။
"လေဓားကလေး က တကယ့်ကို မယုံနိုင်စရာပဲ"
"လူကြီးနဲ့ ကလေး.. ချနေသလို ဖြစ်နေပြီ... အဆင့်ချင်း လုံးဝ မတူတော့ဘူး... ယှဉ်လို့ကို မရတော့တာ"
"ဒါက နှစ်တစ်ထောင်မှ တခါပေါ်မယ့် ပါရမီရှင် ဆိုတာလား... တကယ် နာမည်နဲ့ လိုက်ဖက်ပါပေတယ်"
အင်အားကြီး ဂိုဏ်းခေါင်းဆောင်များ ခေါင်းခါလိုက်ကြပြီး ပိုင်ချွန်းဖုန်းအတွက် စိတ်မကောင်း ဖြစ်မိကြ၏။
မူရူရွှဲ့သာ ပေါ်မလာခဲ့လျှင် ပိုင်ချွန်းဖုန်းက သေချာပေါက် ဓားကလေး ဖြစ်လာမည့် ပါရမီရှင်ပင်။ ကံမကောင်းစွာနှင့် သူက သာမန်ထက်လွန်ကဲသော မူရူရွှဲ့နှင့် လာတွေ့နေရခြင်းသာ။
"ဒုတိယ သိုင်းကွက်... လေနတ်ဘုရား ဓားချီ"
ပိုင်ချွန်းဖုန်း.. ထပ်မံ တိုက်ခိုက်လိုက်သည်။
သူ ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်း တစ်ခု ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာပေါင်းများစွာ အကွာအဝေးကို ရောက်ရှိသွားသည်။ ဤမျှ မြန်ဆန်သော ဓားချက်ကို သာမန်လူများ မည်သို့မျှ ကာကွယ်နိုင်မည် မဟုတ်ပေ။
သို့သော် မူရူရွှဲ့သည် သွယ်လျပြီး ဖြူဝင်းသော လက်ချောင်းနှစ်ချောင်းကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး ထိုအလင်းတန်းကို အလွယ်တကူ ဖမ်းယူလိုက်၏။ လက်ချောင်းထိပ်လေးဖြင့် ညှစ်လိုက်ရာ အလင်းတန်းသည် ရောင်စုံ အလင်းစက်များအဖြစ် ပြိုကွဲပျက်စီးသွားလေတော့သည်။
"နောက်ဆုံး တစ်ကွက် ကျန်တော့တယ်"
မူရူရွှဲ့ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်၏။
သူမ ယုံကြည်မှု ရှိနေတာက သူမ လုံလောက်အောင် စွမ်းအားကြီးနေ၍သာ ဖြစ်သည်။
'မင်းကို ငါ တကယ်.. နားမလည်နိုင်တော့ဘူး... လွန်ခဲ့တဲ့ လပိုင်းလောက်က ငါ မင်းနဲ့ အချီ (၃၀၀) လောက် ယှဉ်တိုက်နိုင်ခဲ့သေးတယ်... အခုတော့ မင်းက ငါ့ကို လုံးဝ လွှမ်းမိုးထားပြီ’
ပိုင်ချွန်းဖုန်း သက်ပြင်းချလိုက်၏။
မူရူရွှဲ့လို ပါရမီရှင်နှင့် လာဆုံတာ သူ့ကံဆိုးမှုပါပင်။
စိတ်ပြန်စုစည်းလိုက်ပြီး ပိုင်ချွန်းဖုန်း နောက်ထပ် ဓားကွက် တစ်ခု ထုတ်သုံးလိုက်၏။
မျက်စိကျိန်းလောက်သော ဓားအလင်းရောင်များ ဖွဲ့တည်လာပြီး ပုံရိပ်ယောင် (၃) ခုအဖြစ် ပြောင်းလဲသွားကာ အားလုံးက ဓားများကိုင်ဆောင်လျက် မူရူရွှဲ့ကို ဝိုင်းရံလိုက်ကြ၏။ ပိုင်ချွန်းဖုန်း ကိုယ်တိုင် အပါအဝင် စုစုပေါင်း လူ (၄) ယောက် ဖြစ်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ 'မြင့်မြတ်သော လေဓား'ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များ အံ့ဩတုန်လှုပ်သွားကြ၏။
"ဒါ 'ပဉ္စမအဆင့် မှော်ပညာ - ဓားအရှိန်အဟုန် လူဝင်စားခြင်း' ပဲ"
"လူဝင်စား (၃) ကောင်တောင် ဖန်တီးနိုင်တယ် ဆိုတော့... စီနီယာအစ်ကို ပိုင်ချွန်းဖုန်းက ဒီပညာကို ပြီးပြည့်စုံတဲ့အထိ တတ်မြောက်သွားပြီ ဆိုတဲ့ သဘောပဲ... သိပ်စွမ်းတာပဲ"
"ဒါက ထိပ်တန်း စစ်မှန်သော တပည့်ရဲ့ စွမ်းရည်လား"
တပည့်များ အာမေဋိတ် ပြုလိုက်ကြ၏။
ယဲ့ဖုန်းသည် ပိုင်ချွန်းဖုန်း အသုံးပြုသော ဓားသိုင်းကို ကြည့်ပြီး တံတွေး မျိုချလိုက်မိသည်။
"ဒါက 'ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း' ရဲ့ အခြေခံအုတ်မြစ်ပဲ... ပဉ္စမအဆင့် မှော်ပညာတောင် ရှိတာကိုး"
မြူခိုးဂိုဏ်းသားများလည်း အားကျသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ကောင်းကင်ယံ အမြင့်တွင် ဖြစ်သည်။
မူရူရွှဲ့ ပြုံးလိုက်ပြီး ပြောသည်။
"ဂျူနီယာ မောင်လေးမှာ ရာစုနှစ်တစ်ခုမှ တခါပေါ်မယ့် ပါရမီမျိုး ရှိတာ မှန်ပါတယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့...လိုနေသေးတယ်"
မူရူရွှဲ့သည် လက်ချောင်းများကို ဓားသဏ္ဍာန် ပြုလုပ်ထားဆဲ ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း (၃) ချက် တိတိ ထိုးလိုက်၏။
'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄)' နှင့် ညီမျှသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ထိုပုံရိပ်ယောင် (၃) ခုသည် ချက်ချင်း ပြိုကွဲပျက်စီးသွားပြီး မူရူရွှဲ့ကို တိုက်ခိုက်ရန် ခွန်အား မကျန်တော့ပေ။
"ဒါ... ဒါက..."
ပိုင်ချွန်းဖုန်း လန့်ဖျပ်သွားသည်။
'ဓားအရှိန်အဟုန် လူဝင်စားခြင်း' ကို သုံးလိုက်ရင် သူ့မှာ စွမ်းအားကြီးသည့် မဟာမိတ် (၃) ယောက် ရှိလာသလို ဖြစ်ပြီး 'ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၅)' ကိုတောင် ယှဉ်တိုက်နိုင်မှာ ဖြစ်သည်။
သို့တိုင်၊ ယခု မူရူရွှဲ့က အဲဒီ ပုံရိပ်ယောင်တွေကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်တာက သူမရဲ့ စွမ်းအား အံ့မခန်း မြင့်မားနေကြောင်း ပြသနေသည်ပင်။
"ဒီဓားကလေး က မင်းကို (၃) ကွက် အခွင့်အရေး ပေးပြီးပြီ... အခု ဒီစိန်ခေါ်ပွဲကို အဆုံးသတ်ဖို့ အချိန်ကျပြီ"
မူရူရွှဲ့ ပြောလိုက်ပြီး လက်ညှိုးကို ဓားသဖွယ် အသုံးပြုကာ ပိုင်ချွန်းဖုန်းကို ညွှန်ပြလိုက်၏။
အင်မော်တယ် အလင်းတန်း တစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ပိုင်ချွန်းဖုန်း၏ နဖူးရှေ့ (၃) လက်မအကွာတွင် ရပ်တန့်သွားကာ မျှော်လင့်ချက် ကုန်ဆုံးစေသော ဓားစိတ်ဆန္ဒများ ထုတ်လွှတ်နေ၏။
"ဒါ လေနတ်ဘုရား ဓားချီ ပဲ"
"ဒါပေမဲ့ ဓားကလေး ရဲ့ ဓားချီက မြန်လွန်းတယ်... စီနီယာအစ်ကို ပိုင်ချွန်းဖုန်းတောင် တုံ့ပြန်ချိန် မရလိုက်ဘူး"
'မြင့်မြတ်သော လေဓား'ဂိုဏ်းမှ တပည့်များ ကြောက်လွန်းသဖြင့် တုန်ရီနေကြ၏။
မူရူရွှဲ့နှင့်သာ တွေ့လျှင် သူတို့ ဘယ်လို သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး ဆိုသော အတွေးက ရင်ထဲမှာ ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။
ဝေဟင်တွင် ၊
ပိုင်ချွန်းဖုန်း၏ မျက်နှာထား အေးခဲနေ၏။
လေနတ်ဘုရား ဓားချီ ဝင်ရောက်လာချိန်တွင် သူ သတိထားမိပြီး ချက်ချင်း ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း နှေးကွေးလွန်းနေသဖြင့် အချိန်မီ မရှောင်နိုင်ခဲ့ပေ။
မူရူရွှဲ့သာ တကယ် သတ်ချင်စိတ် ရှိခဲ့လျှင် သူ ဒီအချိန်ဆို သေနေလောက်လေပြီ။
"ကျွန်တော် ရှုံးပါပြီ... ယုံလည်း ယုံကြည်တယ်... လက်လည်း လက်ခံပါတယ်"
ပိုင်ချွန်းဖုန်းသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး သက်ပြင်းချကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။ စားသောက်ပွဲကို ဆက်နေချင်စိတ် မရှိတော့ပေ။
"ခွင့်ပြုပါဦး"
မူရူရွှဲ့သည် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင်ကြီးရှေ့သို့ ဆင်းသက်လိုက်၏။
ဒီနေ့ကစပြီး သူမသည် 'မြင့်မြတ်သော လေဓား'ဂိုဏ်းအတွင်း အလွန် မြင့်မားသော အဆင့်အတန်းကို ရရှိသွားပြီ ဖြစ်ပြီး လူအနည်းငယ်၏ အောက်တွင်သာ ရှိကာ ဂိုဏ်းကိစ္စရပ်များကို တဖြည်းဖြည်း စတင် တာဝန်ယူနိုင်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ဂိုဏ်းချုပ်ကြီးသည် အဝေးမှ ပျံသန်းလာပြီး ကျယ်လောင်စွာ ပြောလိုက်၏။
"စိန်ခေါ်ပွဲ ပြီးဆုံးပါပြီ... စိတ်လှုပ်ရှားစရာ ကောင်းတဲ့ လက်ရည်စမ်းပွဲကို ပြသပေးခဲ့တဲ့ ဓားကလေး နဲ့ ပိုင်ချွန်းဖုန်း ကို ကျေးဇူးတင်ပါတယ်... ကဲ... စားသောက်ပွဲကြီး စတင်ပါတော့မယ်... အားလုံးပဲ အရသာရှိရှိ သုံးဆောင်ကြပါ"
"ဟေး... နောက်ဆုံးတော့ စားရပြီဟေ့"
"ဗိုက်ဆာလွန်းလို့ မူးလဲတော့မယ်"
"ဟေ့ကောင်... သိက္ခာလေး ဘာလေး ထိန်းဦး"
စားလို့ရပြီ ဆိုတဲ့ အသံကြားတာနဲ့ အားလုံး လှုပ်ရှားကုန်ကြ၏။
မူရူရွှဲ့သည် လေနတ်ဘုရား ဓားကို ကျောတွင် လွယ်လျက် အခိုင်းအစေ မိန်းကလေး (၄) ဦးနှင့် အကြီးအကဲ ဒါဇင်ပေါင်းများစွာ ခြံရံပြီး ဝိညာဉ်သေရည်ခွက်ကို ကိုင်ဆောင်ကာ စားပွဲဝိုင်းများကို လိုက်လံ နှုတ်ဆက်နေ၏။
"အားလုံးကို အထူးဧည့်သည်တော် တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ... ခရိုင်ဘုရင်မြို့တော်က 'မင်းသမီး' ပါ"
ခရိုင်ဘုရင် အိမ်တော်မှ လူများ ထိုင်နေသော စားပွဲဝိုင်းရှေ့တွင် ရပ်လိုက်ပြီး မူရူရွှဲ့သည် မျက်နှာဖုံးတပ် အမျိုးသမီးကို လက်ညှိုးထိုးပြကာ မိတ်ဆက်ပေးလိုက်၏။
မင်းသမီးသည် မတ်တတ်ထရပ်လိုက်ပြီး အားလုံးကို ခေါင်းညိတ်ပြကာ ပြန်ထိုင်လိုက်၏။
ယဲ့ဖုန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော မိုယင်သည် ခေါင်းငုံ့လိုက်၏။
စောစောက မင်းသမီးက သူမကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တာကို အထင်းသား မြင်လိုက်ရပြီး ချက်ချင်း မှတ်မိသွားသည်။
"ရှုဟုန်ယွိက မင်းသမီး ရာထူး တိုးမြှင့်ခံလိုက်ရတာကိုး"
မိုယင် လက်ဖက်ရည် သောက်ရင်း စိတ်ထဲတွင် အံ့ဩနေမိသည်။
စားသောက်ပွဲကြီးသည် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားသည်။
နေ့လည်ခင်း အချိန်တွင် ဖြစ်သည်။
အားလုံး စားသောက်ပြီးကြပြီ ဖြစ်သဖြင့် တဖြည်းဖြည်း ပြန်လည် ထွက်ခွာကြ၏။
"ယွင်ကျဲ... သူငယ်ချင်း... ဒီမှာပဲ လမ်းခွဲကြတာပေါ့"
ယွင်ဟွာဂိုဏ်းမှ လင်းယွိယန်သည် ဟိုယွင်ကျဲကို အထူးတလည် လာရောက် နှုတ်ဆက်သည်။
"ဒါက မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ဆိုတာ ဖြစ်ရမယ်... တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာ ရှိပါပေတယ်"
ယွင်ဟွာဂိုဏ်းချုပ် ယွင်ဟွာကျန်းရန် သည် ယဲ့ဖုန်းကို ဦးညွှတ် နှုတ်ဆက်လိုက်ပြီး မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေ၏။
ယဲ့ဖုန်းက ဆိုးဟွန်းကျန်းရန်ကို တစ်ချက်တည်းနဲ့ သတ်ခဲ့သည့် သတင်းကြားကတည်းက ယွင်ဟွာကျန်းရန် လာတွေ့ချင်နေခဲ့တာ ကြာပါပြီ။ လောက ကိစ္စတွေ ရှုပ်နေလို့သာ မလာနိုင်ခဲ့တာ... ဒီနေ့မှပဲ ကံကောင်းထောက်မစွာ တွေ့ခွင့်ရတော့သည်။
"ယွင်ဟွာကျန်းရန်နဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်ဗျာ"
ယဲ့ဖုန်းသည် ယွင်ဟွာကျန်းရန်နှင့် ယဉ်ကျေးစကား အနည်းငယ် ပြောဆိုပြီး ယွင်ဟွာဂိုဏ်းကို မကြာခင် လာလည်မည်ဟု ကတိပေးလိုက်သည်။ ယွင်ဟွာကျန်းရန်ခမျာ ဝမ်းသာအားရ ဖြစ်သွားပြီး နွေးထွေးစွာ ကြိုဆိုကြောင်း ပြောကြားလိုက်၏။
ယွင်ဟွာဂိုဏ်းနှင့် မတူဘဲ အဝေးမှ ချင်းယွင်ဂိုဏ်းသားများသည် ယဲ့ဖုန်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြပြီး မိတ်ဆွေဖွဲ့လိုစိတ် လုံးဝ မရှိကြပေ။
ယဲ့ဖုန်းကတော့ ငှက်မွေးယပ်တောင်ကို ဖြည်းညှင်းစွာ ယပ်ခတ်လိုက်ပြီး ချင်းယွင်ဂိုဏ်းသားများကို လုံးဝ အရေးမလုပ်ပေ။
သူ၏ ဂရုမစိုက်သော ပုံစံကို မြင်လိုက်ရသောအခါ ရှောင်ဖန်ကူ ဒေါသထွက်လွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"ကဲ... ဂိုဏ်းပြန်ကြစို့"
ယဲ့ဖုန်းသည် လုံထျန်းရှင်းကို နဂါးမျိုးနွယ်စု ဘိုးဘေးမြေဆီ လိုက်ပို့ရဦးမည် ဖြစ်သဖြင့် 'မြင့်မြတ်သော လေဓား'ဂိုဏ်းတွင် အကြာကြီး မနေနိုင်တော့ပေ။
မကြာမီပင်၊ လူတစ်စုသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်တွင် ထိုင်လျက် မြူခိုးတောင်ထိပ်ဆီသို့ ပြန်လည် ထွက်ခွာသွားကြလေတော့သည်။