← Chapters

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈) - လုံထျန်းရှင်း၏ တုန်လှုပ်မှုနှင့် မိုးနတ်မင်း ဖြစ်လာခြင်း

ကမ္ဘာငယ် (၃၀၀၀) ၏ နယ်နိမိတ် အစွန်အဖျားတွင် ရပ်နေရင်း၊ အပြင်ဘက်ရှိ ထူးခြားဆန်းပြားသော ရှုခင်းများကို လှမ်းမြင်နေရသည်။

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် သိုင်းနည်းစနစ်တောင် သုံးမရတော့ဘူး"

လုံထျန်းရှင်းသည် လက်နှစ်ဖက်ဖြင့် "မြေလျှိုးခြင်း" သိုင်းနည်းစနစ်ကို သုံးရန် ကြိုးစားသော်လည်း၊ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကို တစ်စုံတစ်ခုက ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိသော စွမ်းအားဖြင့် သိုင်းနည်းစနစ်တစ်ခု ဖြစ်မြောက်အောင် စုစည်းနိုင်စွမ်း မရှိတော့ပေ။

"ဒါက ကမ္ဘာငယ် (၃၀၀၀) ရဲ့ ဖိနှိပ်မှု စွမ်းအားပဲ"

လုံကျိုက ရှင်းပြသည်။

ယဲ့ဖုန်း လုံကျိုကို လှမ်းကြည့်လိုက်ရာ၊ လုံကျို၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း (၁) ဆင့်လောက်သာ ရှိတော့ကြောင်း သတိထားမိလိုက်၏။

တကယ်ကို ဆယ်ပုံတစ်ပုံလောက်ထိ ဖိနှိပ်ခံထားရတာပဲ။

ကျင့်ကြံမှု အမြင့်ဆုံး ဖြစ်သော ဒုတိယအကြီးအကဲ လုံအာသည်ပင်လျှင် ဓာတ်ကြီးငါးပါး စုစည်းခြင်း (၃) ဆင့် အထွတ်အထိပ်လောက်သာ ရှိတော့သည်။

ဆန့်ကျင်ဘက် အနေဖြင့် ယဲ့ဖုန်း၏ ကိုယ်ကာယ ခွန်အား နှင့် သူရဲကောင်း ဝိညာဉ်စွမ်းအား တို့မှာ မူလအတိုင်း အထွတ်အထိပ်တွင် ရှိနေဆဲ ဖြစ်သည်။ ဒါက ဂိမ်းထဲက Bug တစ်ခုလို ဖြစ်နေ၏။ အထူးသဖြင့် သိုင်းနည်းစနစ်ဖြိုခွင်းနိုင်သော "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကိုပါ ပိုင်ဆိုင်ထားသဖြင့် ယဲ့ဖုန်းသည် ဒီကမ္ဘာထဲတွင် ကြိုက်သလို မွှေနှောက်ချောက်ခြား၍ ရနေလေ၏။

'ငါ ဒီနေရာကို သဘောကျသွားပြီ’

ယဲ့ဖုန်း မသိမသာ ပြုံးလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်ကာ အဝေးသို့ မျှော်ကြည့်လိုက်၏။

သူတို့ ရောက်နေသော နေရာသည် ဤကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာကြီး၏ နယ်နိမိတ် ဖြစ်သည်။ သူတို့၏ အနောက်ဘက်တွင် နို့နှစ်ရောင် ကျောက်သားနံရံကြီး ရှိနေပြီး၊ အဝေးမှ ကြည့်လျှင် မိုးကုတ်စက်ဝိုင်းနှင့် တိမ်တိုက်များ ပေါင်းစပ်နေသကဲ့သို့ ထင်ရသည်။

ဤကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာကြီး တစ်ခုလုံးသည် မိုင်ရာချီ ကျယ်ဝန်းပြီး မြို့ကြီးတစ်မြို့ စာလောက် ရှိသည်။

မြေပြင်ပေါ်တွင် တောင်တန်းများ၊ ရေကန်များ၊ စိုက်ခင်းများ၊ သစ်တောများနှင့် မြက်ခင်းပြင်များ ရှိနေပြီး၊ ကမ္ဘာတစ်ခု၏ ထောင့်စွန်းတစ်နေရာကို လှီးထုတ်ထားသကဲ့သို့ လှပနေ၏။

"ဒါက ကမ္ဘာငယ် (၃၀၀၀) လား... တော်တော် ကျယ်တာပဲ"

လုံထျန်းရှင်းသည် ယဲ့ဖုန်း၏ ဆွဲမခြင်းကို ခံထားရပြီး လေထဲတွင် တွဲလောင်း ပါလာရင်း၊ ဘေးဘီဝဲယာကို ကြည့်ကာ အကြီးအကျယ် တုန်လှုပ်နေမိသည်။

လုံကျိုက ရှင်းပြလာသည်။

"ဒီကမ္ဘာက ကမ္ဘာငယ် (၃၀၀၀) ရဲ့ အဓိက ကမ္ဘာကြီးပဲ... ဒီကမ္ဘာထဲမှာ တခြား အလယ်အလတ်စားနဲ့ အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာငယ်လေးတွေဆီ သွားလို့ရတဲ့ တံခါးပေါက်တွေ အများကြီး ရှိတယ်"

"ဒါနဲ့... လုံယွမ်ချင်းက ဘယ်နေရာမှာ ပိတ်မိနေတာလဲ"

ဟု ယဲ့ဖုန်းက မေးလိုက်၏။

"ငါလည်း မသိဘူး"

လုံကျို ခေါင်းခါလိုက်၏။

ယဲ့ဖုန်းမှာ ထူးဆန်းသလို ဖြစ်သွားသည်။

"လုံယွမ်ချင်းတို့ ဒီကို လာတုန်းက မဟာ အကြီးအကဲ ပြောတဲ့ ထူးဆန်းတဲ့ ဝိညာဉ်သစ်သီးကို ရှာဖို့ လာတာမလား... ယုတ္တိရှိရှိ တွေးကြည့်ရင် အဲ့ဒီ ဝိညာဉ်သစ်သီးက သတ်မှတ်ထားတဲ့ နေရာမှာပဲ ပေါက်မှာလေ... ဘာလို့ အဲ့ဒီနေရာကို တန်းမသွားကြတာလဲ"

"အဲ့ဒါက..."

လုံကျို မျက်နှာပျက်သွားသည်။

စိတ်မြန်သော ဒုတိယအကြီးအကဲ လုံအာက သည်းမခံနိုင်တော့ဘဲ ဝင်ဟောက်လိုက်တော့၏။

"လုံကျို... မင်းက ဘာလို့ အမြဲတမ်း ဝေ့လည်ကြောင်ပတ် လုပ်ပြီး အချိန်ဖြုန်းနေရတာလဲ... တည့်တည့်ပြောလိုက်ရင် ပြီးရော... ထားလိုက်... ငါပဲ ပြောလိုက်မယ်"

"ထူးဆန်းတဲ့ ဝိညာဉ်သစ်သီး ပေါက်တဲ့နေရာက အချင်း ကိုက် (၁၀၀) လောက်ရှိတဲ့ မျောလွင့်ကျွန်းတစ်ခုပဲ... အဲ့ဒါကို 'အင်မော်တယ်ကျွန်း'လို့ ခေါ်ကြတယ်... အဲ့ဒီကျွန်းမှာ အထူး နေရာ‌ကူးပြောင်း ဝင်္ကပါ ရှိပြီး ကမ္ဘာငယ် (၃၀၀၀) ထဲက ကြိုက်တဲ့နေရာမှာ ပေါ်လာတတ်တယ်... တည်နေရာ အသေ မရှိဘူး"

"ငါ မြင်တာတော့ အမြန်ဆုံး နည်းလမ်းက တစ်ကမ္ဘာဝင် တစ်ကမ္ဘာထွက် ရှာတာပဲ ကောင်းမယ်"

"ဒါပေမဲ့ အင်မော်တယ်ကျွန်းက အရမ်းကြီးတော့ အသေးစား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာငယ်လေးတွေထဲမှာ ရှိနေဖို့ မဖြစ်နိုင်ဘူး... အဲ့ဒါတွေကို ဖယ်လိုက်လို့ရတယ်... စုစုပေါင်း အလယ်အလတ်စား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာငယ် (၁၃၇) ခု ရှိတယ်... ဒီမှာ မြေပုံ... ငါတို့ လူခွဲပြီး တစ်ခုချင်းစီ လိုက်ရှာကြမယ်"

ပြောပြီးသည်နှင့် ဒုတိယအကြီးအကဲ လုံအာသည် သိုးရေဖြင့် ပြုလုပ်ထားသော မြေပုံတစ်ခုကို ဖြန့်ခင်းလိုက်၏။

ဒါက ကမ္ဘာငယ် (၃၀၀၀) ရဲ့ အဓိက ကမ္ဘာကြီး မြေပုံပင်။ တခြား ကောင်းကင်ဘုံလိုဏ်ဂူ ကမ္ဘာငယ်လေးတွေဆီ သွားတဲ့ တံခါးပေါက်တွေကို မှတ်သားထားပေမယ့် သိပ်တော့ အသေးစိတ် မကျလှပေ။ တိကျတဲ့ အဝင်အထွက် ပေါက်တွေကိုတော့ အနားရောက်မှ ရှာရမည့် ပုံပင်။

"မြေပုံတော့ ရှိပြီ... ဒါပေမဲ့ အဝင်ဝ တွေ့ပြီးရင် အဲ့ဒီ အလယ်အလတ်စား ကမ္ဘာငယ်တွေထဲ ဘယ်လို ဝင်ရမလဲ"

ယဲ့ဖုန်း စိုးရိမ်စိတ်ကို ထုတ်ပြောလိုက်၏။

"ဂိုဏ်းချုပ်ယဲ့ စိတ်မပူပါနဲ့... ကျုပ်တို့ နဂါးမျိုးနွယ်စုရဲ့ လရောင်ကျောက်တုံးရှိရင် အဲ့ဒီ ကမ္ဘာငယ်တွေထဲ လွတ်လပ်စွာ ဝင်ထွက်လို့ ရပါတယ်"

ဒုတိယအကြီးအကဲ လုံအာသည် ပြောရင်းဆိုရင်းပင်၊ လမင်းရောင် တောက်ပနေသော ဘဲဥအရွယ် ကျောက်တုံး တစ်တုံးကို ယဲ့ဖုန်းထံ ကမ်းပေးလိုက်၏။

"ကောင်းပြီ... လူခွဲပြီး လှုပ်ရှားကြမယ်"

ယဲ့ဖုန်းသည် လရောင်ကျောက်တုံးကို ယူလိုက်ပြီး မြေပုံကို ကိုင်ကာ လုံထျန်းရှင်းကို ပြောလိုက်သည်။

"မင်း ငါ့နောက်..လိုက်ခဲ့"

"ဟုတ်ကဲ့"

လုံထျန်းရှင်း လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်၏။

"ငါတို့.. မြန်မြန် သွားမှ ဖြစ်မယ်"

ဒုတိယအကြီးအကဲ လုံအာသည် အလွန် စိတ်လောနေပြီး ချက်ချင်း ထွက်ခွာချင်နေပြီ ဖြစ်သည်။

"မလောပါနဲ့... အရင်ဆုံး ဘယ်သူက ဘယ်ဧရိယာ တာဝန်ယူမလဲ ဆိုတာ ခွဲလိုက်ရအောင်... တစ်ခုခု တွေ့တာနဲ့ 'စက္ကူကြိုးကြာရုပ်' သုံးပြီး အချင်းချင်း ဆက်သွယ်ကြမယ်"

ပြောရင်းပင်၊ လုံကျိုက ငွေရောင် စက္ကူ ကြိုးကြာရုပ် (၉) ခုကို ထုတ်ပေးလိုက်၏။

ဒါကို ကြားတော့ စိတ်မြန်လက်မြန် ဒုတိယအကြီးအကဲ လုံအာ မျက်လုံးလှန်လိုက်မိသည်။

"ပြီးရောကွာ"

မျက်တောင် တစ်ခတ် အတွင်းမှာပင် (၁၀) ယောက်ပါ အဖွဲ့ကြီးသည် လူစုခွဲလိုက်ကြ၏။

ယဲ့ဖုန်းနှင့် လုံထျန်းရှင်းက တစ်ဖွဲ့၊ ကျန်တဲ့ အကြီးအကဲ (၈) ယောက်က တစ်ယောက်တစ်နေရာစီ ပျံသန်း ထွက်ခွာသွားကြ၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့က အလယ်အလတ်စား ကမ္ဘာငယ် (၁၂) ခုကို တာဝန်ယူရမှာ... အနီးဆုံး တစ်ခုက (၁၅) မိုင်လောက် ဝေးတဲ့ ရွာငယ်လေး တစ်ရွာမှာ ရှိပါတယ်"

လုံထျန်းရှင်းက မြေပုံကို ကြည့်ပြီး လမ်းပြနေပါသည်။

ယဲ့ဖုန်း သတိထားမိသည်မှာ ကမ္ဘာငယ် (၃၀၀၀) တွင် နေမင်း မရှိဘဲ၊ ကောင်းကင်ယံ တစ်ခုလုံး လင်းထိန်နေခြင်း ဖြစ်သည်။ ထို့အပြင် တိမ်တိုက်များ ထူထပ်လွန်းသဖြင့် လေပေါ်မှ ပျံသန်းသွားလျှင်ပင် ဒေသခံများ သတိထားမိရန် ခက်ခဲပေမည်။

ယဲ့ဖုန်း အဝေးကို မျှော်ကြည့်လိုက်ရာ တောင်တန်းငယ် တစ်ခု၏ အလယ်တွင် လူဦးရေ ရာဂဏန်းခန့် နေထိုင်သော ရွာငယ်လေး တစ်ရွာကို တွေ့လိုက်ရသည်။ သွားမယ်ဆိုရင် သိပ်မကြာခင် ရောက်နိုင်မည့် အနေအထားပင်။

ထိုအချိန်၌ "ရှောင်လန်ရွာ"ဟု ခေါ်သော ရှေးဟောင်း ရွာကလေး အတွင်းတွင်၊ ရွာသားအားလုံးသည် ငါးရောင်ခြယ် ယဇ်ပလ္လင် ရှေ့တွင် စုရုံးနေကြပြီး ထူးဆန်းသော မန္တန်များကို ရွတ်ဆို ဆုတောင်းနေကြ၏။

"လေးစားအပ်ပါသော မိုးနတ်မင်း... ကျွန်တော်တို့ ခေါ်သံကို ကြားပါရဲ့လား"

"မိုးမရွာတာ (၃) လ ရှိပါပြီ... စိုက်ခင်းတွေအတွက် ရေမရှိရင် ရွာထဲက လူပေါင်း (၃၀၃) ယောက်လုံး ငတ်ပြတ် သေဆုံးရပါတော့မယ်"

"အထက်ကောင်းကင်၊ အောက်မြေကြီး... ကလေးတွေကို ကယ်ပါဦး"

ယဇ်ပလ္လင် ရှေ့တွင် အဘိုးအို တစ်ဦးသည် ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ကာ ဦးခိုက်နေပြီး၊ တုန်ရီသောအသံဖြင့် ဆုတောင်းနေရှာသည်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် နဂါးအသွင်ပြောင်းထားသော လုံထျန်းရှင်းနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာပြီး ယဇ်ပလ္လင်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာ၏။

ရှောင်လန်ရွာသား အားလုံး ခေါင်းမော့ကြည့်လိုက်ကြရာ၊ ယဲ့ဖုန်းနှင့် လုံထျန်းရှင်းကို မြင်ပြီး မျက်လုံးများ ပြူးကျယ်သွားကြ၏။ ခြောက်သွေ့နေသော နှုတ်ခမ်းများ တုန်ရီလာပြီး ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။

"အရှင်တို့က... မိုးနတ်မင်းလား"

ယဇ်ပလ္လင်ရှေ့မှ အဘိုးအိုက လေးစားစွာ မေးမြန်းလိုက်၏။ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းနေပြီး ယဲ့ဖုန်း၏ အဖြေကို စောင့်မျှော် နေလေသည်။

"မဟုတ်ပါဘူး"

ယဲ့ဖုန်း ခေါင်းခါလိုက်၏။

သူက သာမန်လူပါ... ဘာမိုးနတ်မင်းမှ မဟုတ်ပါပေ။

"ဒါပေမဲ့ အရှင်တို့ ပျံလာတာကို ကျွန်မ သေချာ မြင်လိုက်ပါတယ်... အဲ့ဒါ အင်မော်တယ်တွေမှ လုပ်နိုင်တာ မဟုတ်ဘူးလား"

ဖြူဖပ်ဖြူရော် ဖြစ်နေသော အမျိုးသမီး တစ်ဦးက အော်မေးလိုက်၏။

"အင်မော်တယ်... ကျေးဇူးပြုပြီး ကယ်ပါဦး"

ရွာသားများ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ် တောင်းပန်ကုန်ကြ၏။

ယဲ့ဖုန်း ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံး ခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။

ဘာဖြစ်တာလဲ ဆိုတာ မသိပေမယ့်၊ လူတွေက အကူအညီ တောင်းနေကြတာရယ်၊ ပြီးတော့ ရွာထဲက အဝင်အထွက် တံခါးပေါက်ကိုလည်း ရှာရဦးမှာရယ် ဆိုတော့...

"ကျွန်တော်က မိုးနတ်မင်း မဟုတ်ပေမဲ့... မိုးရွာအောင်တော့ လုပ်ပေးနိုင်ပါတယ်"

စကားဆုံးသည်နှင့် ယဲ့ဖုန်းသည် "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို ကိုင်ကာ ကောင်းကင်သို့ ဝှေ့ယမ်းလိုက်၏။

ပထမအကြိမ် ဝှေ့ယမ်းလိုက်ရာ လေပြင်းများ တိုက်ခတ်လာ၏။

ဒုတိယအကြိမ် ဝှေ့ယမ်းလိုက်ရာ မိုးကြိုးများ ပစ်ခတ်လာပြီး၊ လျှပ်စီးများ လက်ကာ မိုးများ သည်းထန်စွာ ရွာသွန်းလေတော့သည်။

ရှောင်လန်ရွာသားများသည် ကောင်းကင်ကို မော့ကြည့်ရင်း မျက်နှာပေါ်သို့ ကျရောက်လာသော မိုးရေစက်များကို ခံယူကာ မြူးထူးစွာ အော်ဟစ်လိုက်ကြ၏။

"ကျေးဇူးတင်ပါတယ် မိုးနတ်မင်းရယ်... မြင့်မြတ်ပြီး ဉာဏ်ပညာကြီးမားတဲ့ မိုးနတ်မင်းရယ်"

ရွာသားများသည် ဒူးထောက်ပြီး တစ်ယောက်ပြီး တစ်ယောက် ကျေးဇူးတင်စကား ဆိုကြ၏။

ထိုအခါ၊ ယဲ့ဖုန်းက မခံယူဟန် ခေါင်းခါလိုက်ပြီး ယပ်တောင်ကို ဆက်လက် ဝှေ့ယမ်းပေးလိုက်ရာ မီတာရာပေါင်းများစွာ အကွာအဝေးထိ မိုးရေများ လွှမ်းခြုံသွားလေသည်။

ဝိညာဉ်စွမ်းအင်များ ပါဝင်သော မိုးရေကြောင့် ခြောက်သွေ့နေသော သီးနှံပင်များ ပြန်လည် ရှင်သန်လာပြီး စိမ်းလန်းစိုပြည်လာကြ၏။

ကလေးမုန့်ရသလို ပျော်ရွှင်နေကြသော လူအုပ်ကြီးကို ကြည့်ရင်း ယဲ့ဖုန်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။

“ကျွန်တော်က မိုးနတ်မင်း မဟုတ်ပါဘူး... မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပါ... ကျွန်တော့်ကို ဂိုဏ်းချုပ်ယဲ့လို့ ခေါ်နိုင်ပါတယ်”

[ ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၃၀၃ ]

ချက်ချင်းပင် စနစ် မှ အကြောင်းကြားစာ ရောက်လာသဖြင့် ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားသည်။

ရှောင်လန်ရွာ တစ်ရွာလုံးက လူတွေ ချက်ချင်း မြူခိုးဂိုဏ်းကို အသိအမှတ်ပြုလိုက်ကြတာပဲ... ကောင်းမှုလုပ်ရတာ တကယ် တန်ပါပေတယ်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့"

အခမ်းအနားမှူး အဘိုးအိုက ကပျာကယာ ဒူးထောက်ပြီး ဦးခိုက်လိုက်၏။

ယဲ့ဖုန်းက ယပ်တောင်လေးဖြင့် လှမ်းပင့်ပြီး သူ့ကို ထူပေးလိုက်၏။

"ဒီနားမှာ နယ်မြေ လမ်းကြောင်း တစ်ခု ရှိလားဗျ... သိကြပါသလား"

"နယ်မြေ လမ်းကြောင်းလား"

လူအုပ်ကြီး ကြောင်အသွားကြ၏။

ထိုအခါ၊ ယဲ့ဖုန်းက လက်ဟန်ခြေဟန်ဖြင့် နယ်မြေ လမ်းကြောင်းပုံစံကို သရုပ်ဖော်ပြလိုက်လေသည်။

"သိပြီ... ရွာနားက ရေတွင်းပျက်နားမှာ ရှိပါတယ်ရှင်"

ရေခပ်ဆင်းလေ့ရှိသော အမျိုးသမီး တစ်ဦးက ချက်ချင်း လမ်းပြပေးသည်။

မကြာမီ ယဲ့ဖုန်းနှင့် လုံထျန်းရှင်းတို့သည် ခြောက်သွေ့သော စပျစ်နွယ်ပင်များ ဖုံးအုပ်နေသည့် ကျောက်ဖြူရောင် နယ်မြေ လမ်းကြောင်း တစ်ခု ရှေ့သို့ ရောက်ရှိလာကြ၏။ ယဲ့ဖုန်းသည် လရောင်ကျောက်တုံးကို ထုတ်လိုက်ပြီး အသက်သွင်းလိုက်၏။

“ဝရော.. ”

စပျစ်နွယ်ပင်များ အားလုံး လွင့်စင်သွားပြီး နယ်မြေ လမ်းကြောင်းပေါ်တွင် အလင်းရောင် အကာအကွယ်လွှာ တစ်ခု ပေါ်လာ၏။ ယဲ့ဖုန်းနှင့် လုံထျန်းရှင်းတို့သည် တုံ့ဆိုင်းမနေဘဲ နယ်မြေ လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြပြီး (၁၀) မိုင်ခန့် ကျယ်ဝန်းသော အလယ်အလတ်စား ကမ္ဘာငယ်တစ်ခုထဲသို့ ရောက်ရှိသွားကြ၏။

သူတို့ ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်လန်ရွာ၏ မြေအောက်နက်ရှိုင်းသော နေရာတွင် ရွှေနီရောင် သဏ္ဍာန်တစ်ခု မျက်လုံးပွင့်လာသည်ကို ယဲ့ဖုန်းတို့ မသိလိုက်ကြပေ။ ထိုအရာ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ တဖြည်းဖြည်း မြင့်တက်လာပြီး၊ မီးတောင် တစ်ခုက မြေကြီးကို အပူပေးနေသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးကို ခြောက်သွေ့

စေလိုက်ပြန်သည်။

အလယ်အလတ်စား ကမ္ဘာငယ် အတွင်းဝယ်၊

ယဲ့ဖုန်းသည် တစ်ကမ္ဘာလုံးကို စီးမိုးကြည့်လိုက်ရာ လူဦးရေ ထောင်ချီရှိသော လူမျိုးစု (၃) စု နေထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် အချင်းချင်း စစ်ခင်းနေကြပြီး ပြင်ပကမ္ဘာကြီးကို လုံးဝ မသိနားမလည်ကြပေ။

"ဂိုဏ်းချုပ်... ဒီမှာ အင်မော်တယ်ကျွန်း မရှိဘူး"

လုံထျန်းရှင်းသည် ဝိညာဉ်မျက်လုံးပြာဖြင့် စစ်ဆေးကြည့်ပြီးနောက် အစီရင်ခံလိုက်၏။

"အင်း... ဒါဆို နောက်ထပ် ကမ္ဘာငယ် တစ်ခုဆီ မြန်မြန် သွားကြစို့"

ဒီနေရာမှာ အချိန်ဖြုန်းနေလို့ အပိုပဲဟု ယဲ့ဖုန်း တွေးလိုက်ပြီး လုံထျန်းရှင်းနှင့်အတူ ထွက်ခွာရန် ပြင်လိုက်၏။

ဟိုလူမျိုးစု (၃) စုရှေ့မှာ ကြွားပြီး ဂုဏ်သတင်းတန်ဖိုး ယူ၍ ရသော်လည်း၊ အရေးကြီးတာက မစ်ရှင် ပြီးမြောက်ဖို့မို့ ဒီတစ်ခါတော့ ကျော်လိုက်တာ ကောင်းမည်။

‘အခွင့်အရေး ရရင် နောက်တစ်ခေါက် ပြန်လာရိတ်သိမ်းတာပေါ့။’

သူတို့နှစ်ဦး နယ်မြေ လမ်းကြောင်းကို ပြန်လည်ဖြတ်သန်းပြီး ရှောင်လန်ရွာသို့ ပြန်ရောက်လာကြ၏။ နောက်ထပ် မြေပုံပေါ်က နေရာတစ်ခုကို သွားရန် ပြင်လိုက်စဉ်၊

“ဝုန်း”

မြေကြီးက ရုတ်တရက် တရစပ် လှုပ်ယမ်း သွားပြီး၊ မီတာရာပေါင်းများစွာ ရှည်လျားသော အက်ကွဲကြောင်းကြီးများ ပေါ်လာ၏။ ထိုအက်ကွဲကြောင်းများထဲမှ ပြင်းထန်သော အပူချိန်များ ထွက်ပေါ်လာပြီး အနီးနားရှိ ရေများကို အငွေ့ပျံစေကာ ရှောင်လန်ရွာ တစ်ရွာလုံးကို ပြန်လည် ခြောက်သွေ့သွားစေသည်။

"ဟေး ဟေး ဟေး... နောက်ဆုံးတော့ ငါ့ရဲ့ အဟန့်အတားလွှာကို ချိုးဖောက်နိုင်ခဲ့ပြီ... ကမ္ဘာငယ် (၃၀၀၀) က အင်မော်တယ်တွေ... ငါ့ရှေ့မှာ ဒူးထောက်ကြစမ်း"

အလွန် မောက်မာသော အသံကြီး တစ်သံသည် အက်ကွဲကြောင်း အောက်မှ ထွက်ပေါ်လာပြီး ကောင်းကင်ကြီးကိုပင် တုန်ခါသွားစေသည်။

ရှောင်လန်ရွာသားများသည် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းကြောင့် ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။

“ဝရော”

(၃) မီတာခန့် မြင့်သော မီးတောက်လူသားကြီး တစ်ကောင်သည် ကျောက်တုံးများနှင့် မြေကြီးများကို ဖောက်ထွင်းပြီး ကောင်းကင်ယံသို့ ပျံတက်လာ၏။ သူ၏ ခန္ဓာကိုယ်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်း (၁) ဆင့် အထွတ်အထိပ် အရှိန်အဝါများ ထွက်ပေါ်နေပြီး၊ ပတ်ဝန်းကျင်ကို ရိုက်ခတ်လိုက်ရာ အိမ်အများအပြား ပြိုကျပျက်စီးကုန်တော့သည်။

"နတ်ဆိုးအင်မော်တယ်ပဲ"

ရှောင်လန်ရွာသားများ မျှော်လင့်ချက်မဲ့စွာ ပြိုင်တူ အော်ဟစ် လိုက်ကြလေတော့သည်။

အခန်း (၁၇၉) - ယုံကြည်မှုစွမ်းအား၊ မေပယ်အင်မော်တယ်

~ယဲ့ဖုန်းသည် မျက်လုံးပြူးကာ မီးတောက်လူသားကြီးကို ကြည့်နေမိသည်။

ကမ္ဘာငယ် (၃၀၀၀) ရဲ့ ဖိနှိပ်မှု စွမ်းအားအောက်မှာတောင် ဒီလောက် အားကောင်းတဲ့ အရှိန်အဝါ ထုတ်လွှတ်နိုင်တယ် ဆိုတော့... ဒီကောင် အပြင်ထွက်သွားရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း (၅) ဆင့်လောက် ရှိမှာပဲ။

'စစ်သူကြီး သုံးယောက်ကို သတ်ရင် လုံလောက်ပြီ' ဆိုတာမျိုး မဟုတ်ပေမယ့်၊ ဒီကောင်က မာလိုက်တာမှ သံချောင်းဝါးနေရသလိုပဲ။

ယဲ့ဖုန်း ချက်ချင်း နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် ၏ စောင့်ကြည့်ရေး စနစ်ကို ဖွင့်ပြီး စစ်ဆေးလိုက်၏။

[ အမျိုးအစား: မီးနတ်ဆိုး ]

[ အဆင့်: အလယ်အလတ်စား နတ်ဆိုးဗိုလ်ချုပ် (ဖိနှိပ်ခံထားရသော အခြေအနေ) ]

[ မှတ်ချက်: မီးစွမ်းအားကို စုပ်ယူခြင်းနှင့် ထိန်းချုပ်ခြင်း၌ ကျွမ်းကျင်သည်။ မြေကမ္ဘာမီးလျှံ၏ အနှစ်သာရမှ ဖြစ်ပေါ်လာသော မှော်သတ္တဝါ ဖြစ်သည်။ ၎င်းကို သတ်ဖြတ်ပါက "မီးဝိညာဉ်ကျောက်တုံး" ရရှိရန် အခွင့်အလမ်းရှိသည်။ ၎င်းကျောက်တုံးသည် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် "ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား" ပြုလုပ်ရာတွင် လိုအပ်သော အဓိက ကုန်ကြမ်း (၅) မျိုးထဲမှ တစ်ခု ဖြစ်သည်။ ]

ဒီအချက်အလက်ကို ဖတ်ပြီးနောက် ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ့မျက်လုံးများ ဝင်းလက်လာပြီး လိုချင်တပ်မက်စိတ်များ ပေါ်လာတော့သည်။

"ဟားဟားဟား..."

မီးနတ်ဆိုးကြီးသည် မီးတောက်များကို နင်းခြေရင်း ကောင်းကင်ယံသို့ ပျံတက်လာ၏။ အောက်ဘက်ရှိ ရွာငယ်လေးကို မထီမဲ့မြင် ကြည့်လိုက်၏။

သူ့အမြင်တွင် ရှောင်လန်ရွာ ဆိုသည်မှာ ဖုန်မှုန့်လေး တစ်မှုန့်သာ ဖြစ်သည်။ မီးပွားလေး တစ်ပွင့်လောက်နဲ့တင် ပြာကျသွားစေနိုင်သည် မဟုတ်ပါလော။

သို့သော် မီးနတ်ဆိုးကြီး ချက်ချင်း မလှုပ်ရှားသေးဘဲ၊ ရက်စက်သော အပြုံးတစ်ခုကို မဲ့ပြုံးတစ်ချက် ပြုံး လိုက်လေသည်။

သူက လူတွေ မီးလောင်ပြီး နာကျင်အော်ဟစ်နေသံကို နားထောင်ရတာ သဘောကျသည်လေ။

ထို့ကြောင့် သူသည် လက်ကို မြှောက်လိုက်ပြီး မြေကြီးကို တဖြည်းဖြည်း အပူပေးကာ လူများကို စိတ်ရောကိုယ်ပါ နှိပ်စက်ရန် ပြင်လိုက်၏။

"မင်း သေချင်နေတာလား"

တည်ငြိမ်သော အသံ တစ်သံသည် ရွာ၏ ဘေးဘက်မှ ထွက်ပေါ်လာ၏။

ကြောက်လန့်တကြား ဖြစ်နေသော ရှောင်လန်ရွာသား အားလုံး ထိုအသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။

သူတို့၏ မျက်လုံးထဲမှ မျှော်လင့်ချက်မဲ့မှုများသည် မျှော်လင့်ချက် ရောင်ခြည်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကြ၏။

"ဂိုဏ်းချုပ်ယဲ့ပဲ"

"သူလည်း အင်မော်တယ် တစ်ပါးပဲ... ဒီနတ်ဆိုးဘုရားကို သေချာပေါက် နှိမ်နင်း နိုင်မှာပါ"

ရွာသားများသည် ဒူးထောက်ပြီး ယဲ့ဖုန်းကို တောင်းပန် အသနားခံကြ၏။

"သာမန်လူတစ်ယောက်... ပြီးတော့ နောက်ထပ်... ဟင်.. နဂါးမျိုးနွယ်စုဝင်ပဲ"

မီးနတ်ဆိုးကြီးက ယဲ့ဖုန်းကို မထီမဲ့မြင် ကြည့်လိုက်သော်လည်း၊ လုံထျန်းရှင်းကို မြင်သောအခါ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး လူသတ်လိုသော အငွေ့အသက်များ တစ်ဟုန်ထိုး မြင့်တက်လာ၏။

လွန်ခဲ့သော (၁၀) နှစ်က၊ မီးနတ်ဆိုးကြီးသည် လုံထျန်းရှင်းလို ဝတ်ဆင်ထားသော လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူတို့နှစ်ဦးကြား တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး၊ နောက်ဆုံးတွင် မီးနတ်ဆိုးကြီး ဒဏ်ရာအပြင်းအထန် ရရှိကာ မြေအောက်သို့ ထွက်ပြေးပုန်းခိုခဲ့ရသည်။

ယနေ့ လုံထျန်းရှင်းကို မြင်လိုက်ရခြင်းက မီးနတ်ဆိုးကြီး၏ အမုန်းမီးကို လောင်စာထည့် ပေးလိုက်သလို ဖြစ်သွားသည်။

"ငါ သီးသန့်ကျင့်ကြံရာကနေ ထွက်လာလာချင်း ဒီမျိုးနွယ်စုဝင်နဲ့ တွေ့မယ်လို့ မထင်ထားခဲ့ဘူး... ကံဆိုးတာက မင်းရဲ့ အရှိန်အဝါက အရမ်းအားနည်းနေတယ်... လက်တစ်ဖက်တည်းနဲ့ ဖိသတ်လိုက်လို့ ရတယ်ကွ"

မီးနတ်ဆိုးကြီး လှောင်ပြောင်လိုက်၏။

ဒါကို ကြားတော့ ယဲ့ဖုန်းနှင့် လုံထျန်းရှင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ၏။

ကြည့်ရတာ ဒီကောင် လုံယွမ်ချင်းနဲ့ တွေ့ဖူးပုံရတယ်။

"သေလိုက်စမ်း"

မီးနတ်ဆိုးကြီး ရုတ်တရက် လှုပ်ရှားလိုက်၏။ သူ့လက်ဖဝါးမှ မီးတောက်များ ထွက်ပေါ်လာပြီး ပူပြင်းသော မီးကွန်ရက်ကြီးအသွင် ပြောင်းလဲကာ ယဲ့ဖုန်းနှင့် လုံထျန်းရှင်းကို ဖမ်းချုပ်ပြီး ဖြည်းဖြည်းချင်း နှိပ်စက်သတ်ဖြတ်ရန် ရည်ရွယ်လိုက်၏။

သို့သော် ယဲ့ဖုန်းက "ငှက်ပျောရွက်ယပ်တောင် အသေးစား" လေးကို ကိုင်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်၏။

“ဝူး”

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး မီးကွန်ရက်ကြီးသည် နောက်ပြန်လည် လွင့်စင်သွားကာ မီးနတ်ဆိုးကြီးကို ပြန်လည် ရစ်ပတ်သွားသည်။ သို့သော် သူ့ကိုယ်ပိုင် မီးဖြစ်သဖြင့် သူ့ကို မထိခိုက်ပေ။

"မင်းက သာမန်လူ မဟုတ်ဘူးလား"

မီးနတ်ဆိုးကြီး ယဲ့ဖုန်းကို အံ့ဩသလို စိမ်းစိမ်းကြည့် လိုက်၏။

ဝိညာဉ်စွမ်းအင် အတက်အကျ လုံးဝမရှိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် မီးကွန်ရက်ကြီးကို စုတ်ဖြဲပစ်နိုင်တာလဲ။

ဟို ယပ်တောင်ကြောင့်များလား။

မီးနတ်ဆိုးကြီးက ဉာဏ်ကောင်းသဖြင့် ချက်ချင်း ရိပ်မိလိုက်၏။

"မင်း မှားတယ်... ငါက သာမန်လူပါ... အထူးစွမ်းရည် ရှိတဲ့ သာမန်လူပေါ့"

ယဲ့ဖုန်း ခပ်ဖွဖွ ရေရွတ် လိုက်ပြီး အသံက တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲမှ ယပ်တောင်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်၏။

တစ်စက္ကန့်ကို (၁၈) ခါနှုန်းဖြင့်…..။

“ဝုန်း”

လေဆင်နှာမောင်းကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ မြန်ဆန်လွန်းသဖြင့် မီးနတ်ဆိုးကြီး ရှောင်ချိန်ပင် မရလိုက်။ ရှေ့တွင် မီးအကာအကွယ်လွှာ တစ်ခု ဖန်တီးလိုက်ရုံသာ တတ်နိုင်လိုက်၏။

သို့သော် (၁၈) ဆ အားကောင်းနေသော လေဆင်နှာမောင်းကြီးအောက်တွင် ထိုအကာအကွယ်လွှာသည် စက္ကူစုတ်လို ဖြစ်သွားပြီး၊ ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲကြေပျက်စီးသွားသည်။

"ဒါ... ဒါက ဘာသိုင်းကွက်လဲ"

မီးနတ်ဆိုးကြီး ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်တွင် အပေါက်ကြီး ဖြစ်နေသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။ အနောက်ဘက်က ကောင်းကင်ပြာပြာနှင့် တိမ်တိုက်ဖြူဖြူတွေကိုတောင် ဖောက်မြင်နေရပြီ ဖြစ်၏။

နောင်တရသော မျက်လုံးများဖြင့် သူ မြေပြင်ပေါ်သို့ ခန္ဓာကိုယ် ပျော့ခွေ၍ လဲကျ သွားလေတော့သည်။

"အင်မော်တယ်က တန်ခိုးကြီးပါပေတယ်"

ရှောင်လန်ရွာသားများ စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလိုက်ကြ၏။

[ ယုံကြည်မှု စွမ်းအား +၁၃၂ ]

ယဲ့ဖုန်း ရုတ်တရက် စနစ် ဆီက အသံကြားလိုက်ရသည်။

"ယုံကြည်မှု စွမ်းအား ဟုတ်လား... အဲ့ဒါ ဘာကြီးလဲ"

ယဲ့ဖုန်း စိတ်ထဲကနေ မေးလိုက်၏။

စနစ် က ရှင်းပြလာပါသည်။

"ဂိုဏ်းချုပ်ကို အသိအမှတ်ပြုရင် ဂုဏ်သတင်းတန်ဖိုး ရပါတယ်... အဲ့ဒီ ဂုဏ်သတင်းတန်ဖိုး ပေးပြီးသား လူတွေက ဂိုဏ်းချုပ်ကို သည်းသည်းမည်းမည်း ကိုးကွယ်ယုံကြည်လာရင် နောက်လိုက်တွေ အဖြစ် ပြောင်းလဲသွားပြီး၊ ယုံကြည်မှု စွမ်းအားကို ဆက်တိုက် ပေးစွမ်းနိုင်ပါတယ်"

ယဲ့ဖုန်း ကြောင်သွားမိသည်။

"ဒါဆို ယုံကြည်မှု စွမ်းအားက ဘာလုပ်လို့ရလဲ"

"ယုံကြည်မှုဖြင့် အင်မော်တယ် ဖြစ်ခြင်း"

စနစ် က စကားလေးလုံးတည်း ပြောပြီး တိတ်သွားသည်။

[ ယုံကြည်မှု စွမ်းအား +၁၃၄ ]

ယဲ့ဖုန်း စနစ် နှင့် စကားပြောနေတုန်းမှာတင် နောက်ထပ် ယုံကြည်မှု စွမ်းအားတွေ ထပ်တိုးလာ၏။

စုစုပေါင်း (၃၀၀) ကျော်သွားပြီ…။

"လူတစ်ယောက်က ဂုဏ်သတင်းတန်ဖိုး (၁) မှတ်ပဲ ပေးလို့ရပေမယ့်၊ ယုံကြည်မှု စွမ်းအားကိုတော့ အကန့်အသတ်မရှိ ပေးလို့ရတာပဲ... ဒါဆိုရင် အဆုံးမရှိ Farm ( စုဆောင်း- ဂိမ်းအသုံး) လို့ ရပြီပေါ့"

ယဲ့ဖုန်း သဘောပေါက်လိုက်၏။

အင်မော်တယ် ဖြစ်ခြင်း ဆိုတာကိုတော့ သူ သိပ်နားမလည်သေး။

‘ငါက တစ်မူထူးခြားတဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေရတာများလား’

ယဲ့ဖုန်း တစ်ကိုယ်တည်း တွေးနေမိသည်။

ထိုအချိန်တွင် လုံထျန်းရှင်း အော်ပြောလိုက်၏။

"ဂိုဏ်းချုပ်... ကြည့်ပါဦး... ဟိုမီးနတ်ဆိုးကောင် လဲသွားပြီ... ဟေ... သူ့ကိုယ်ပေါ်က မီးတောက်တွေ ပြန်စုစည်းပြီး ပန်းကန်လုံးလောက်ရှိတဲ့ ကျောက်တုံး ဖြစ်သွားပါလား"

"မီးဝိညာဉ်ကျောက်တုံးလား"

ယဲ့ဖုန်း လှည့်ကြည့်လိုက်၏။

"ဟုတ်တယ်... ဒါကို မီးဝိညာဉ်ကျောက်တုံး လို့ ခေါ်တယ်... ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား ပြုလုပ်ဖို့ လိုအပ်တဲ့ အဓိက ပစ္စည်း (၅) မျိုးထဲက တစ်ခုပဲ"

ပြောရင်းဆိုရင်း ယဲ့ဖုန်း ထိုကျောက်တုံးကို စနစ် နေရာလပ် ထဲသို့ ကောက်ထည့်လိုက်၏။

"အင်မော်တယ်"

"ကျွန်တော်တို့ ရှောင်လန်ရွာက မိုးခေါင်နေပြန်ပါပြီ... မိုးထပ်ရွာပေးဖို့ တောင်းဆိုပါရစေ"

ရွာသားများက နောက်တစ်ကြိမ် မိုးခေါ်ပေးရန် တောင်းဆိုကြပြန်သည်။

"ကောင်းပြီလေ"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

ယပ်တောင် တစ်ချက် ဝှေ့လိုက်သည်နှင့် ဝိညာဉ်စွမ်းအင် ပြည့်ဝသော မိုးရေများ ရွာသွန်းလာပြီး ခြောက်သွေ့နေသော မြေကြီးကို ပြန်လည် စိုစွတ်သွားစေသည်။

အရင်တုန်းက မီးနတ်ဆိုးကြီး ရှိနေ၍ ရေတွေ ခန်းခြောက်နေတာ၊ အခု မီးနတ်ဆိုးကြီး မရှိတော့ဘူး ဆိုတော့ ယဲ့ဖုန်း မိုးမရွာပေးလျှင်တောင် သဘာဝအတိုင်း ပြန်ကောင်းလာမည်ပင်။

သို့သော်၊ လောဘသားကောင် ယဲ့ဖုန်းကတော့ ယုံကြည်မှု စွမ်းအား ရဖို့အတွက် အခွင့်အရေးကို လက်လွတ်မခံပေ။

"ထျန်းရှင်း... သွားစို့"

ရှောင်လန်ရွာ၏ အခက်အခဲကို ဖြေရှင်းပေးပြီးနောက်၊ ယဲ့ဖုန်းသည် လုံထျန်းရှင်းကို ခေါ်ပြီး နောက်ထပ် မိုင်အနည်းငယ် ဝေးသော နေရာတစ်ခုဆီသို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာ သွားသည်။

"အင်မော်တယ်ကို နှုတ်ဆက်လိုက်ပါတယ်"

ရွာသားများက ယဲ့ဖုန်းတို့ ထွက်ခွာသွားရာ လမ်းကြောင်းကို ဦးခိုက် နှုတ်ဆက်လိုက်ကြ၏။

အတန်ကြာမှ ရွာလူကြီးက မတ်တတ်ရပ်လိုက်ပြီး ပြောသည်။

"ဒီအင်မော်တယ်မှာ ဘွဲ့နာမည် မရှိလို့ မဖြစ်ဘူး... မဟုတ်ရင် အင်မော်တယ်ကို စော်ကားရာ ရောက်လိမ့်မယ်... အင်မော်တယ်က သူ့နာမည် ယဲ့ဖုန်း မြူခိုးဂိုဏ်း ဂိုဏ်းချုပ်လို့ ပြောသွားတယ်ဆိုတော့... ငါတို့ သူ့ကို 'မြူခိုးဂိုဏ်း သခင်ကြီး' လို့ ခေါ်ကြမလား"

"ကျွန်တော်ကတော့ 'တံခါးစောင့် အင်မော်တယ်' လို့ ပေးချင်တယ်"

" 'မိုးနတ်မင်း' ဆိုရင် ပိုမကောင်းဘူးလား"

"ပေါက်ကရ... အင်မော်တယ်က သူ မိုးနတ်မင်း မဟုတ်ပါဘူးလို့ ပြောသွားသားပဲ"

ရွာသားများ အငြင်းပွား နေကြ၏။ တချို့က "မြူခိုးအင်မော်တယ်"၊ တချို့က "ဂိုဏ်းအင်မော်တယ်" စသဖြင့် အကြံပြုကြ၏။

နောက်ဆုံးတော့ ရွာလူကြီးကပဲ ဆုံးဖြတ်လိုက်၏။

"သူ့နာမည်က ယဲ့ဖုန်း ဆိုတော့ 'မေပယ်အင်မော်တယ်' လို့ပဲ ခေါ်ကြမယ်... အသံထွက်က လေနတ်ဘုရား နဲ့လည်း ဆင်တယ်... သူက လေဆင်နှာမောင်းတွေ ဖန်တီးပြီး မီးနတ်ဆိုးကို သတ်သွားတာဆိုတော့ အလိုက်ဖက်ဆုံးပဲ"

[ (Ye Feng - Maple)နဲ့

'မေပယ်အင်မော်တယ်' (Maple Divine Venerate) အသံထွက်တူပါတယ်။

(Wind Deity - Feng) ]

ထိုနေ့မှ စ၍ မေပယ်အင်မော်တယ်၏ ဒဏ္ဍာရီ စတင် ကျော်ဇောလေတော့သည်။

ယဲ့ဖုန်းကို ဂုဏ်ပြုသော အားဖြင့် ရှောင်လန်ရွာသားများသည် ရွာအဝင်ဝတွင် ကျောက်ဆစ်ရုပ်ကြွ နံရံတစ်ခု ထုလုပ်ကြ၏။ ထိုနံရံတွင် ယဲ့ဖုန်းနှင့် လုံထျန်းရှင်းတို့ မီးနတ်ဆိုးကြီးကို နှိမ်နင်း နေပုံကို ပုံဖော်ထားပြီး၊ နောင်တွင် ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ် ဖြစ်လာပါတော့၏။

ယဲ့ဖုန်းကတော့ သူ့ကို "မေပယ်အင်မော်တယ်" ဟု ဘွဲ့ပေးလိုက်သည်ကို မသိရှာပေ။

ထိုအချိန်တွင် သူနှင့် လုံထျန်းရှင်းတို့သည် အလယ်အလတ်စား ကမ္ဘာငယ် တစ်ခု၏ ကောင်းကင်ယံတွင် ရပ်နေကြ၏။ သူတို့ အင်မော်တယ်ကျွန်းကို မတွေ့သေးသော်လည်း၊ အောက်ဘက်တွင် မြို့တစ်မြို့ကို လှမ်းမြင်လိုက်ရသည်။

ဒီကမ္ဘာက မိုင် (၂၀) လောက် ကျယ်ဝန်းတာမို့ တော်တော်လေး ကြီးမားသည်။

အောက်ဘက်ရှိ မြို့တော်သည် (၅) မိုင်ခန့် ကျယ်ဝန်းပြီး၊ တစ်ဝက်က စိုက်ခင်းများ၊ တစ်ဝက်က အဆောက်အဦများ ဖြစ်သည်။ လူဦးရေ ထောင်ချီ နေထိုင်ပြီး "ရှန်ဇီမြို့"ဟု ခေါ်သော ရှေးဟောင်း မြို့ပြယဉ်ကျေးမှု တစ်ခု ထွန်းကားနေ၏။

မြို့ရိုးအပြင်ဘက်တွင် တောရိုင်းတိရစ္ဆာန်များနှင့် ရှေးဟောင်းသားရဲများ ကျက်စားရာ နေရာဖြစ်သည်။

"ဒုက္ခပဲ... ရှေးဟောင်းသားရဲတွေ မြို့ကို လာတိုက်ပြန်ပြီ"

လူတစ်ယောက် အော်ဟစ်လိုက်သံကြောင့် တစ်မြို့လုံး မွှေနှောက်ချောက်ခြားသွားသည်။

ယဲ့ဖုန်း ငုံ့ကြည့်လိုက်ရာ တောင်တစ်လုံး ကွဲထွက်သွားပြီး မီးနတ်ဆိုးကြီးနှင့် ဆင်တူသော ရွှေရောင် လူသားကြီး တစ်ကောင် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

"ဒါ ရွှေနတ်ဆိုး ပဲ... သူ့ကို သတ်ရင် ရွှေဝိညာဉ်ကျောက်တုံး ရနိုင်တယ်... ဒါလည်း ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းပဲ... ကြည့်ရတာ ကမ္ဘာငယ် (၃၀၀၀) ထဲမှာ ပစ္စည်းစုံအောင် ရှာလို့ ရမယ့်ပုံပဲ"

ယဲ့ဖုန်း ရွှေနတ်ဆိုးကြီးကို ကြည့်ရင်း ခပ်ပြုံးပြုံး ဖြစ်သွားသည်။

တစ်စက္ကန့်ကို ယပ်တောင် (၁၈) ချက်

ကြောက်မက်ဖွယ် လေဆင်နှာမောင်းကြီး တစ်ခု အောက်သို့ ထိုးဆင်းသွားပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း (၁) ဆင့် အထွတ်အထိပ် ရှိသော ရွှေနတ်ဆိုးကြီးကို အလွယ်တကူ ထိုးဖောက်ဝင်ရောက် သွားသည်။

ခေါင်းဆောင် မရှိတော့သဖြင့် သောင်းကျန်းနေသော ရှေးဟောင်းသားရဲများသည် ကြိုးပြတ်သွားသော ရုပ်သေးရုပ်များလို မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျကုန်ကြ၏။

ခဏကြာတော့ ရွှေနတ်ဆိုးကြီး၏ ခန္ဓာကိုယ်သည် ပန်းကန်လုံးလောက်ရှိသော ရွှေဝိညာဉ်ကျောက်တုံး အဖြစ် ပြောင်းလဲသွားပြီး၊ ယဲ့ဖုန်း စနစ် နေရာလပ် ထဲသို့ ထည့်သိမ်းလိုက်၏။

ထို့နောက် ယဲ့ဖုန်းသည် လုံထျန်းရှင်းကို ခေါ်ပြီး နောက်ထပ် မှတ်သားထားသော နေရာတစ်ခုဆီသို့ ဆက်လက် ထွက်ခွာသွားလေတော့သည်။

အခန်း (၁၈၀) - အင်မော်တယ်ကျွန်း ရှာပုံတော်၊ ကျောက်ကျားရှီး၏ အဆင့်တက်ခြင်း

~မှတ်သားထားသော နေရာများနှင့် မြေပုံတို့ ရှိနေသဖြင့် ရှာဖွေရေးခရီးမှာ လျင်မြန်လှပေသည်။

နေ့ဝက်ခန့် ကြာပြီးနောက် ယဲ့ဖုန်းသည် စတုတ္ထမြောက် အမှတ်အသားနေရာသို့ ရောက်ရှိလာလေ၏။

၎င်းနေရာမှာ အထီးကျန် မြို့ပျက်ကြီး တစ်ခုပင် ဖြစ်သည်။

သူတို့ရှေ့တွင် ပြိုကျပျက်စီးနေသော မြို့ရိုးများနှင့် အဆောက်အဦ အပျက်အစီးများ ရှိနေပြီး၊ မြေပြင်တွင် ခြောက်သွေ့နေသော အရိုးစုပေါင်းများစွာ ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ကြည့်ရသည်မှာ သမိုင်းကြောင်း ရှည်လျားမည့် ပုံပင်။

"ကြေကွဲစရာ ကောင်းလိုက်တာ"

လုံထျန်းရှင်း ခန္ဓာကိုယ် သိမ့်သိမ့်ခါသွားအောင် တုန်ရီသွားမိသည်။

ယဲ့ဖုန်း စကားမပြော။ သူ့လက်ထဲမှ ယပ်တောင်ကို ဝှေ့ယမ်းကာ လေပြင်းတစ်ချက် ဖန်တီးလိုက်ပြီး ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များကို ရှင်းထုတ်လိုက်ရာ၊ မြို့ပျက်ကြီး၏ အလယ်ဗဟိုတွင် နယ်မြေ လမ်းကြောင်း တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ ဤနယ်မြေ လမ်းကြောင်းသည် ပွင့်နေပြီးသား ဖြစ်နေကာ၊ လရောင်ကျောက်တုံး သုံးရန်ပင် မလိုပေ။

သူတို့ ဝင်ရောက်သွားလိုက်သည်နှင့် မိုင် (၃၀) ခန့် ကျယ်ဝန်းသော ကမ္ဘာငယ် တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် အလယ်အလတ်စား ကမ္ဘာငယ်တစ်ခု၏ အမြင့်ဆုံး အရွယ်အစားပင် ဖြစ်သည်။

သို့သော် မြေပြင်တစ်ခုလုံး မည်းနက်သော သဲများနှင့် ကျောက်စရစ်များ ဖုံးလွှမ်းနေပြီး၊ သက်ရှိဟူ၍ တစ်ကောင်တစ်မြီးမျှ မရှိပေ။

ရေငွေ့၊ သစ်ပင်၊ မြေဆီလွှာ...

ဘာဆို ဘာမှ မရှိ။

"ဒီကမ္ဘာက နည်းနည်း ထူးဆန်းတယ်... အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးတစ်ခု ကျရောက်ခဲ့ပြီး ပျက်စီးသွားသလိုပဲ... စစ်မြေပြင်တစ်ခုလို ခြောက်သွေ့နေတယ်"

ယဲ့ဖုန်း သုံးသပ်ပြလိုက်လေ၏။

လုံထျန်းရှင်းက

"ဂိုဏ်းချုပ်... အင်မော်တယ်ကျွန်းက ဒီမှာ ရှိမယ့်ပုံ မပေါ်ဘူး... ပြန်ထွက်ကြရအောင်ဗျာ"

ဟု အကြံပြုလိုက်၏။

"အေး... သွားကြစို့"

ယဲ့ဖုန်း နောက်သို့ လှည့်လိုက်၏။

ထိုအချိန်တွင် မမျှော်လင့်ထားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။

“ဂျွိ…ဂျီ…”

အထွက်တံခါးပေါက်သည် ရုတ်တရက် သဲမုန်တိုင်းများအောက်တွင် နစ်မြုပ်သွား ရသည်။ တစ်ကမ္ဘာလုံးရှိ မည်းနက်သော သဲများနှင့် ကျောက်စရစ်များသည် ကောင်းကင်ယံသို့ ပျံတက်လာကာ၊ မိုးနှင့်မြေကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ဖြစ်ပျက်နေလေတော့သည်။

"သတိထား"

ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအားကို သုံးကာ သဲများကို ထိန်းချုပ်လိုက်ပြီး၊ သူနှင့် လုံထျန်းရှင်း ဘေးပတ်လည်တွင် ခိုင်ခံ့သော သဲအလွှာ စက်ဝိုင်းကြီး တစ်ခု ဖွဲ့တည်လိုက်လေ၏။ အပြင်ဘက်တွင် ကြောက်မက်ဖွယ် ထိတိုက်မိသံများ တချွင်ချွင် ထွက်ပေါ်နေသည်ကို ကြားနေရသည်။

ဤဖြစ်စဉ်ကြီးသည် အချိန်အတော်ကြာသည်အထိ လျော့ပါးသွားခြင်း မရှိချေ။

တစ်နာရီ၊ နှစ်နာရီ...

နေ့ဝက်ခန့် ကုန်ဆုံးသွားသော်လည်း သူတို့သည် သဲမုန်တိုင်း၏ တိုက်ခိုက်မှုအောက်တွင် ပိတ်မိနေဆဲ ဖြစ်ပြီး အထွက်ပေါက်ကို ရှာမတွေ့နိုင်သေးပေ။

*

မြူခိုးတောင်ထိပ်၌ကား၊

"ထူးဆန်းတယ်... ညဉ့်နက်နေပြီ... ဂိုဏ်းချုပ်နဲ့ ဂျူနီယာညီလေးလုံ ပြန်မရောက်လာသေးဘူး"

ရှီလေ့သည် ဂိုဏ်းချုပ် ခန်းမဆောင်ရှေ့တွင် ရပ်ကာ ခေါင်မိုးကို မော့ကြည့်ရင်း တစ်စုံတစ်ခု လိုနေသလို ခံစားနေရသည်။

ပုံမှန်ဆိုလျှင် ဒီအချိန်မျိုး၌ ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် အိပ်နေကျ ဖြစ်သည်။

သို့သော် ယခု ယဲ့ဖုန်း ပျောက်နေသည်မှာ အလွန် ထူးဆန်းနေလေ၏။

"သူတို့ ဟိုလူကို သွားတွေ့တာ ဖြစ်လောက်တယ်"

မိုယင်က ခန့်မှန်းပြောဆိုလိုက်ရာ တခြား မြူခိုးဂိုဏ်းသားများ၏ အာရုံကို ဖမ်းစားလိုက်၏။

"ဘယ်သူလဲ"

တပည့်များက ပြိုင်တူ မေးလိုက်ကြသည်။

"ဘယ်သူရှိဦးမှာလဲ... လေနတ်ဘုရားမြို့တော်တုန်းက သူ့ကိုယ်သူ လုံကျို လို့ ပြောတဲ့ ငွေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနဲ့ လူလေ... သူက လုံထျန်းရှင်းကို လိုက်ရှာနေတာ... ငါ ထင်တာတော့ ဂိုဏ်းချုပ်က လုံထျန်းရှင်းကို ခေါ်ပြီး အဲ့ဒီလူနဲ့ သွားတွေ့တာ နေမှာပါ"

မိုယင်က ရှင်းပြလေ၏။

"ဟုတ်သားပဲ"

တပည့်များ သဘောပေါက်သွားကြ၏။

တပည့်များ ဆွေးနွေးနေကြစဉ်၊ ကျောက်ကျားရှီးသည် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး အောက်တွင် ကြိုးစားပမ်းစား လေ့ကျင့်နေလေသည်။

"နတ်ဘုရား လက်သီး ... ပျက်စီးခြင်းမရှိ"

သူသည် လက်သီးများကို ဆက်တိုက် ထိုးနှက်နေသည်။ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေကာ အင်မော်တယ် တစ်ပါးအလား ဖြစ်နေလေ၏။ သူသည် အရှိန်အဟုန်ကို လျင်မြန်စွာ စုစည်းလိုက်ပြီး၊ ပုံမှန်ခွန်အားထက် (၂) ဆခွဲခန့်ကို အလွယ်တကူ ကျော်ဖြတ်ကာ ဆက်လက် မြှင့်တင်နေ၏။

"ကြည့်ပါဦး... ဂျူနီယာညီလေးက ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြန်ပြီ"

"ကြားတာတော့ သူက ကိုယ်ခန္ဓာကျင့်ကြံခြင်း (၆) ဆင့်ကို တက်ဖို့အတွက် 'နတ်ဘုရား လက်သီး' ရဲ့ အရှိန်အဟုန်ကို (၃) ဆကျော်ထိ မြှင့်တင်ရမယ် တဲ့... ပြီးတော့ 'ချီနှင့်သွေး ဓားသိုင်း' ကိုလည်း တတ်မြောက်မှ ရမှာတဲ့"

"အရှိန်အဟုန် (၃) ဆ ဟုတ်လား... အဲ့ဒါ ဒုတိယအဆင့် သိုင်းနည်းစနစ် တစ်ခုနဲ့ ညီမျှနေပြီ မဟုတ်လား"

"အဲ့ဒီလောက်တော့ မပြင်းသေးဘူး... ဒါပေမဲ့ နီးစပ်ပါတယ်"

တပည့်များ ဝိုင်းကြည့်နေကြ၏။

ကျောက်ကျားရှီးသည် လက်သီးများကို ဆက်တိုက် ထိုးနှက်နေပြီး အရှိန်အဟုန်ကို တဖြည်းဖြည်းချင်း ဖိသိပ်နေလေ၏။ နောက်ဆုံးတွင် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး၏ ဖိအားအောက်၌ သူသည် ပုံမှန်အရှိန်အဟုန်၏ (၃) ဆသို့ အောင်မြင်စွာ ရောက်ရှိသွားတော့၏။ ကိုယ်ခန္ဓာကျင့်ကြံခြင်း (၆) ဆင့် အထွတ်အထိပ် ရောက်နေသူ တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်း နေလေသည်။

"သန်မာလိုက်တာ"

တပည့်များ အံ့ဩတကြီး ချီးကျူးလိုက်ကြ၏။

ဟိုယွင်ကျဲပင်လျှင် အံ့ဩသွားမိပြီး၊ ကျောက်ကျားရှီးသည် ဒဏ်ရာရမည်ကို ဂရုမစိုက်ဘဲ အသက်ကိုရင်း၍ လေ့ကျင့်နေကြောင်း တွေးလိုက်မိသည်။

“ရွှပ်”

ကျောက်ကျားရှီး၏ အရေပြားများ ရုတ်တရက် ကွဲအက်သွားပြီး သွေးများဖြင့် ရွှဲနစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

သူ၏ လက်ရှိ ခန္ဓာကိုယ် အနေအထားဖြင့် (၃) ဆသော အရှိန်အဟုန်ကို တောင့်ခံနိုင်စွမ်း မရှိသေးပေ။

"ဂျူနီယာညီလေး"

တပည့်များ သူ့ဘေးသို့ အမြန် ဝိုင်းအုံလာကြ၏။

"မလန့်ကြပါနဲ့... ကျွန်မ ရှိပါတယ်"

နို့ထိန်း ယန်ရူယွီသည် ကျက်သရေရှိစွာ လျှောက်လှမ်းလာပါသည်။ နှင်းကဲ့သို့ ဖြူဖွေးသော လက်များကို ကျောက်ကျားရှီးနှင့် ပေဝက်ခန့်အကွာတွင် ထားကာ သန့်စင်သော အသက်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်လေ၏။

မကြာမီ ကျောက်ကျားရှီး၏ ဒဏ်ရာများ ပျောက်ကင်းသွားသည်။

"နတ်ဘုရား လက်သီး... ပျက်စီးခြင်းမရှိ…"

သို့သော် သူ မရပ်တန့်ဘဲ ဆက်လက်၍ ပြင်းထန်စွာ လေ့ကျင့်နေပြန်သည်။

မြူခိုးဂိုဏ်း တစ်ဂိုဏ်းလုံးတွင် ကျောက်ကျားရှီး တစ်ယောက်တည်းသာ စာမေးပွဲ မအောင်သေးသူ ဖြစ်သည်။ ဘယ်သူမှ ဘာမှ မပြောကြသော်လည်း သူကတော့ ကိုယ့်ကိုယ်ကို ဖိအားအကြီးအကျယ် ပေးထားလေ၏။

"နင် ဒီလိုပဲ ဆက်လေ့ကျင့်နေရင် မကြာခင် ဒဏ်ရာ ထပ်ရဦးမှာပဲ"

မိုယင်က ခေါင်းခါရင်း ပြောလိုက်၏။

တခြားဂိုဏ်းမှ တပည့်များသာ ဆိုလျှင် ဤကဲ့သို့ လေ့ကျင့်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။

သို့သော် မြူခိုးဂိုဏ်းက မတူပေ။ နို့ထိန်း ယန်ရူယွီ ရှိနေသမျှ ကာလပတ်လုံး၊ လူမသေမချင်း၊ ချီပင်လယ် မကွဲမချင်း၊ ဘယ်လို ဒဏ်ရာမျိုးကိုမဆို လျင်မြန်စွာ ကုသပေးနိုင်လေသည်။

"မင်းတို့ သတိထားမိလား... ဂျူနီယာညီလေးက ဒဏ်ရာရပြီး ပြန်ကောင်းလာတိုင်း သူ့ခန္ဓာကိုယ်က ပိုပြီး သန်မာလာတယ်... တခြားလူတွေသာဆိုရင် ဒီလိုလေ့ကျင့်ရင်း မသန်မစွမ်း ဖြစ်သွားနိုင်ပေမယ့်၊ သူ့အတွက်တော့ ဒါက ခွန်အားကို အမြန်ဆုံး တိုးတက်စေတဲ့ နည်းလမ်းပဲ"

ဟိုယွင်ကျဲက သုံးသပ်ပြလိုက်ခြင်းပါ။

သူသည် ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို တတ်မြောက်ပြီးနောက် အမြင်အာရုံ သိသိသာသာ ကောင်းမွန်လာခဲ့ရာ၊ အနည်းငယ် စောင့်ကြည့်လိုက်ရုံဖြင့် ထိုအချက်ကို သတိထားမိလိုက်ခြင်း ဖြစ်ပါသည်။

မိုယင်သည် ကျောက်ကျားရှီးကို ကြည့်လိုက်ပြီး ခဏအကြာတွင် ခေါင်းညိတ်ထောက်ခံလိုက်၏။

"ဟုတ်တယ်... တကယ်ပဲ"

“ဘုန်း”

ထိုအချိန်တွင် ကျောက်ကျားရှီးသည် (၃) ဆသော အရှိန်အဟုန်ကြောင့် နောက်တစ်ကြိမ် ဒဏ်ရာရသွားပြီး၊ သွေးများဖြင့် မြေပြင်ပေါ်သို့ ခန္ဓာကိုယ် ပျော့ခွေ၍ လဲကျသွားပြန်သည်။

"ကျွီ ..ကျွီ"

ရွှေရောင် ရှဉ့်လေးသည် အလွန်အမင်း စိုးရိမ်နေရှာလေ၏။

ယန်ရူယွီက ကျောက်ကျားရှီး၏ ဒဏ်ရာများကို ချက်ချင်း ကုသပေးလိုက်သည်။

တစ်နာရီ မပြည့်ခင်မှာပင် ကျောက်ကျားရှီး၏ ခန္ဓာကိုယ်သည် (၃) ဆသော အရှိန်အဟုန်ကြောင့် (၁၀) ကြိမ်မက ပေါက်ကွဲထွက်ခဲ့ရပြီး၊ အကြိမ်တိုင်းတွင် တစ်ကိုယ်လုံး နာကျင်မှုကို ခံစားရသည်။ သို့သော် ယန်ရူယွီ ကုသပေးပြီးတိုင်း သူ၏ ခန္ဓာကိုယ်အတွင်း ပိုမို ခိုင်မာသော သွေးမျိုးဆက် စွမ်းအားများ စုစည်းလာသည်ကို ခံစားလိုက်ရပြီး၊ နောက်တစ်ကြိမ် ပေါက်ကွဲထွက်ရန် အဆင်သင့် ဖြစ်နေလေတော့သည်။

(၂) နာရီ ကြာပြီးနောက်၊ ကျောက်ကျားရှီးသည် (၃) ဆသော အရှိန်အဟုန်ကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်စွမ်း ရှိလာလေ၏။

ဤအဆင့်တွင် သူ၏ လှုပ်ရှားမှုတိုင်းသည် ပုံမှန်အခြေအနေထက် (၃) ဆသော စွမ်းအားကို ထုတ်လွှတ်နိုင်ပြီး၊ သိုင်းနည်းစနစ်မသုံးဘဲနှင့်ပင် ချီစုစည်းခြင်း (၇) ဆင့်ကို ယှဉ်ပြိုင်နိုင်လေသည်။

"ဟူး.. နောက်ဆုံးတော့ ငါ 'ချီနှင့်သွေး ဓားသိုင်း' ကို စပြီး လေ့ကျင့်လို့ ရပြီ"

ကျောက်ကျားရှီးသည် သစ်ပင်အောက်တွင် ရပ်ကာ အမောဖြေရင်း ဂိုဏ်းသားများကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။ ထို့နောက် လေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်လေ၏။

"စီနီယာ အစ်ကိုတွေ အစ်မတွေ အားလုံးကို ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကို ဂရုစိုက်ပေးကြလို့... ကျွန်တော်..ဆက်ပြီး ကြိုးစားပါ့မယ်"

"မင်းက တကယ့် လူကြမ်းလေးပဲ... ငါတို့သာ ဒီလို လေ့ကျင့်ရင် စောစောစီးစီး ဇာတ်သိမ်းသွားလောက်ပြီ... မင်းမို့လို့ သည်းခံနိုင်တာ"

ဟု ရှီလေ့က လေးစားစွာ ပြောလိုက်၏။

"ဟီးဟီး"

ကျောက်ကျားရှီး ခပ်ပြုံးပြုံး လုပ်လိုက်ပြီး ချောက်ကမ်းပါးအစွန်းတွင် ရပ်ကာ၊ "ချီနှင့်သွေး ဓားသိုင်း" ၏ အနှစ်သာရများကို စိတ်ထဲတွင် ရွတ်ဆိုရင်း ခန္ဓာကိုယ်အတွင်းမှ အရှိန်အဟုန်ကို စတင် လမ်းညွှန်လိုက်၏။

"ချီနှင့်သွေး ဓားသိုင်း" ကို လေ့ကျင့်ရန်အတွက် ဦးစွာ မိမိ၏ အရှိန်အဟုန်ကို ပုံမှန်ထက် (၃) ဆ စုစည်းရမည်။ ထို့နောက် ဓားဆွဲထုတ်ခြင်း နည်းစနစ်ကဲ့သို့ပင် ထိုအရှိန်အဟုန်ကို လက်နှစ်ဖက်ကြားတွင် စုစည်းပြီး၊ နောက်ဆုံး၌ ဓားချီ အသွင်ဖြင့် ပစ်လွှတ်ရမည် ဖြစ်သည်။

ဒါက လက်ရှိတွင် ကျောက်ကျားရှီး၏ တစ်ခုတည်းသော အဝေးပစ် တိုက်ခိုက်ရေး သိုင်းနည်းစနစ် ဖြစ်လာပေလိမ့်မည်။

"အရှိန်အဟုန်... စုစည်းစမ်း"

ကျောက်ကျားရှီးသည် ရွှေရောင် အရှိန်အဟုန်များကို လက်မောင်းများဆီသို့ လမ်းညွှန်လိုက်၏။ ရုတ်တရက် လက်နှစ်ဖက်ပေါ်တွင် ပေါင်သောင်းချီ လေးလံသော ကျောက်တုံးကြီး ဖိထားသကဲ့သို့ ခံစားလိုက်ရပြီး၊ လက်မြှောက်ဖို့ပင် အတော် ခက်ခဲသွားလေသည်။

အရှိန်အဟုန်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်သည်။

ကျောက်ကျားရှီး၏ လက်မောင်းနှစ်ဖက်လုံးမှ အရေပြားများ စုတ်ပြဲသွားပြီး၊ လေဓားပေါင်းများစွာ မွှန်းလိုက်သကဲ့သို့ နာကျင်မှုက အရိုးထိအောင် စူးရှသွားသည်။

"ဂျူနီယာ မောင်လေး... နင့်ရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိသေးရဲ့လား... ငါ့အမြင်တော့ 'ချီနှင့်သွေး ဓားသိုင်း' ကို မလေ့ကျင့်ခင် နင့်ရဲ့ အရှိန်အဟုန်ကို (၄) ဆလောက်အထိ စုစည်းနိုင်အောင် လုပ်သင့်တယ်... ဒါမှ တန်ပြန်သက်ရောက်မှုကို ရှောင်နိုင်မှာ... သိုင်းကျမ်းထဲမှာ ပြောထားတဲ့ (၃) ဆ ဆိုတာက အနည်းဆုံး လိုအပ်ချက်ကို ပြောတာ ဖြစ်လောက်တယ်"

အတွေ့အကြုံ အရှိဆုံးဖြစ်သော မိုယင်က ကျောက်ကျားရှီး ကြုံတွေ့နေရသော အခက်အခဲကို ချက်ချင်း ထောက်ပြလိုက်၏။

"အဲ့လိုလား"

ကျောက်ကျားရှီး အနည်းငယ် စိတ်ပျက်သွားမိသည်။

သူ (၃) ဆသော အရှိန်အဟုန်ကို ခက်ခက်ခဲခဲ စုစည်းနိုင်ခဲ့ပေမယ့်၊ ထိန်းချုပ်နိုင်စွမ်း မရှိသေး ဖြစ်နေ၏။

"စိတ်မပူပါနဲ့... ကျွန်မ ဆက်ပြီး ကုသပေးလို့ ရပါတယ်"

ယန်ရူယွီက ပြုံးပြရင်း ကျောက်ကျားရှီး၏ ခေါင်းကို ပွတ်သပ်ကာ ကုသပေးလိုက်၏။

ကျောက်ကျားရှီး ဘေးဘီဝဲယာကို ကြည့်လိုက်ရာ၊ စီနီယာ အစ်ကိုများနှင့် အစ်မများ၏ တောက်ပပြီး အားပေးနေသော မျက်လုံးများကို မြင်လိုက်ရသဖြင့် သံယောဇဉ်တွယ် မှုကို ခံစားလိုက်ရသည်။

"ကောင်းပြီ... ဒါဆို ကျွန်တော် အရှိန်အဟုန်ကို ဆက်ပြီး စုစည်းလိုက်ဦးမယ်"

ကျောက်ကျားရှီးသည် "နတ်ဘုရား လက်သီး" ကို အစွမ်းကုန် ဆက်လက် လေ့ကျင့်လေတော့သည်။ ရွှေရောင် အရှိန်အဟုန် (၃) ဆက သူ့ကို နောက်တစ်ကြိမ် လွှမ်းခြုံသွားပြန်သည်။ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ သူသည် (၃) ဆသော အရှိန်အဟုန်ကို ချက်ချင်း စုစည်းနိုင်နေပြီ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေ၏။

ထိုအချိန်၌ ယဲ့ဖုန်းနှင့် လုံထျန်းရှင်းတို့သည် မရေမတွက်နိုင်သော သဲမည်းပွင့်များ၏ တိုက်ခိုက်မှုကို ခံနေရပြီး လုံးဝ ထွက်ခွာ၍ မရနိုင်သေးပေ။

"ဂိုဏ်းချုပ်... ကျွန်တော် ဗိုက်ဆာလိုက်တာဗျာ"

လုံထျန်းရှင်းသည် လူပုံစံ ပြန်ပြောင်းသွားပြီး၊ သဲ အကာအရံအတွင်းတွင် လဲလျောင်းကာ ချပ်ပ်နေသော ဗိုက်ကို ပွတ်ရင်း ညည်းတွားလိုက်၏။

"စိတ်မပူနဲ့... ငါ့မှာ အစားအသောက်တွေ အများကြီး ပါတယ်။"

ယဲ့ဖုန်းသည် စားပွဲငယ် တစ်လုံး ခင်းလိုက်ပြီး၊ မကြာမီ စားပွဲပေါ်တွင် အရသာရှိသော အစားအစာများ ပြည့်နှက်သွားသည်။ ဓားကလေး ၏ အပ်နှင်းပွဲ အခမ်းအနားမှ ပါဆယ်ထုပ်လာသော အစားအစာများ ဖြစ်ပြီး ရက်ပေါင်းများစွာ စားလောက်အောင် များပြားလှပေသည်။

"ရှယ်ပဲ"

လုံထျန်းရှင်း၏ မျက်လုံးများ အရောင် ဝင်းပသွားသည်။

ကမ္ဘာငယ် (၃၀၀၀) ၏ အခြားနေရာများဝယ်၊

လုံကျိုသည် အနီရောင် အလင်းတန်း တစ်ခု၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရပြီး၊ အသက်လုကာ ပြေးလွှား နေရသည်။

တခြား နဂါးမျိုးနွယ်စု အကြီးအကဲများမှာမူ အန္တရာယ် မရှိဘဲ စိတ်ရှည်လက်ရှည် ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်သည်။

နဂါးရှေးဟောင်း မြို့တော်၌မူ၊

အမေဖြစ်သူ လုံယွိရှင်းသည် ဧရာမ တံခါးကြီး ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေ၏။

"စိတ်ပူစရာ မလိုပါဘူး... သူတို့ အချိန်မီ ပြန်ရောက်လာမှာပါ"

မဟာ အကြီးအကဲ အဂူဒိုသည် ရေတစ်ပုံး မော့သောက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

သို့သော် လုံယွိရှင်းကတော့ စိတ်မအေးနိုင်ရှာ။ အထဲရောက်နေသော လုံထျန်းရှင်းကို တွေးပြီး စိတ်ပူနေဆဲပင်။

မျက်တောင် တစ်ခတ်အတွင်း (၃) ရက် ကုန်ဆုံးသွားလေ၏။

မြူခိုးတောင်ထိပ်။

"အရှိန်အဟုန် (၄) ဆ... ပွင့်လင်းစေ"

ကျောက်ကျားရှီးသည် မြင်းစီးသိုင်းကွက်ဟန် ယူလိုက်ပြီး၊ လက်သီးများကို ခါးတွင် ထောက်ကာ အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ တောက်ပလာသည်။ တကိုယ်လုံးအား ရွှေရောင် မီးတောက်များ လွှမ်းခြုံထားသကဲ့သို့ ဖြစ်ပေါ်လာကာ၊ အရှိန်အဟုန်သည် ပုံမှန်ထက် (၄) ဆသို့ ရောက်ရှိသွား တော့သည်။

"နောက်ဆုံးတော့ ငါ အောင်မြင်ပြီ"

ကျောက်ကျားရှီး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာ၏။

ဤ (၃) ရက်အတွင်း တည်ငြိမ်သော

(၄) ဆ အရှိန်အဟုန်ကို ရရှိရန်အတွက်၊ သူသည် အကြိမ်ရာချီ၊ ထောင်ချီမက ဒဏ်ရာရရှိခဲ့ရသည် မဟုတ်ပါလော။

တခြားလူသာဆိုလျှင် စိတ်ဓာတ်ကျပြီး ရူးသွပ်သွားလောက်ပြီ ဖြစ်သော်လည်း၊ ရှေးဟောင်း ဘီလူး (ဧရာမ လူသား) သွေးမျိုးဆက် ပိုင်ဆိုင်သော သူသည် ယန်ရူယွီ၏ အကူအညီဖြင့် အံကို ခဲကာ သည်းခံနိုင်ခဲ့ခြင်း ဖြစ်၏။

"အားကောင်းလိုက်တဲ့ အရှိန်အဟုန်ပဲ"

ဂိုဏ်းသားများသည် ကျောက်ကျားရှီးထံမှ ထွက်ပေါ်လာသော ကြီးမားသည့် အသက်စွမ်းအင်ကို ခံစားလိုက်ရပြီး၊ ချီစုစည်းခြင်း အထွတ်အထိပ် ရောက်နေသူ တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှား သွားကြ၏။

"သွေးမျိုးဆက် ပိုင်ရှင်တွေက အဲ့ဒီလောက်တောင် သန်မာတာပဲ... ကျားရှီးသာ ကြီးပြင်းလာရင် သေချာပေါက် ပါရမီရှင်အဆင့် ဖြစ်လာမှာ"

မိုယင်သည် လက်ပိုက်ရင်း ရှင်းပြလိုက်လေ၏။

ဒါကို ကြားတော့ တခြားလူများလည်း မသိမသာ ရေရွတ် ရင်း သဘောတူလိုက်ကြ၏။

လွန်ခဲ့သော (၃) ရက်အတွင်း ကျောက်ကျားရှီးသည် ငရဲခန်းလို နာကျင်မှုကို ခံစားပြီးမှ လက်ရှိ အောင်မြင်မှုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒါတွေ အားလုံးကို သူတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

"ချီနှင့်သွေး ဓားသိုင်း"

ကျောက်ကျားရှီးသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်၏။ အရှိန်အဟုန်၏ လေးပုံသုံးပုံကို လက်များထဲသို့ ထည့်သွင်းကာ၊ ကျန်တစ်ပုံကို ခန္ဓာကိုယ် တည်ငြိမ်စေရန် အသုံးပြုလိုက်ရာ၊ အောင်မြင်စွာ စုစည်းနိုင်သွားသည်။

“ဝှီး”

မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင် အသက်စွမ်းအင် ဓားချီ တစ်ခု ပစ်လွှတ်လိုက်ရာ၊ ချောက်ကမ်းပါးအစွန်းရှိ (၁၀) မီတာခန့် မြင့်သော ကျောက်တုံးကြီး တစ်တုံးကို ထက်ပိုင်းပြတ်အောင် ပိုင်းဖြတ်သွားပြီး၊ လူတိုင်းကို အံ့အားသင့်သွားစေတော့သည်။

‘ငါ လုပ်နိုင်ခဲ့ပြီ’

ကျောက်ကျားရှီးသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး တခြားသူများကို ပြုံးပြလိုက်၏။

သို့သော် ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်နှင့် မျက်လုံးများ ပြာဝေသွားကာ လဲကျမလို ဖြစ်သွားရာ၊ တခြား တပည့်များက အလျင်အမြန် လှမ်းထိန်းပေးလိုက်ကြလေ၏။

*

ထိုအခိုက်အတန့်….

ကမ္ဘာငယ် (၃၀၀၀) အတွင်း၌၊

"တီတီ.. စာရင်းသွင်း တပည့် ကျောက်ကျားရှီးဟာ ကိုယ်ခန္ဓာကျင့်ကြံခြင်း (၆) ဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားတဲ့အတွက် အပြင်စည်းတပည့်အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ။ တပည့်အားလုံး တာဝန်စစ်ဆေးမှု ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် အထူးလက်ဆောင်အိတ် အသေးစား x ၁ ကို ချီးမြှင့်လိုက်ပါတယ်။"

စနစ် ၏ အသံသည် ယဲ့ဖုန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ကျားရှီး အဆင့်တက်သွားပြီလား"

ယဲ့ဖုန်း ငေါက်ခနဲ..မတ်တတ်ထရပ်လိုက်၏။

အံ့ဩသွားမိသော်လည်း၊ သူ၏ အာရုံက အထူးလက်ဆောင်အိတ် အသေးစား ဆီသို့ ရောက်ရှိသွားလေတော့သည်။

All Chapters