ငါတကယ်သတ်ခဲ့တာပါ
Vol. 10 Ch. 95
“ငါ နောက်နေတာမဟုတ်ဘူး၊ ငါ တကယ်လုပ်ခဲ့တာ”
ဂိုဏ်းချုပ်ကျန်းတစ်ယောက် စိုးရိမ်တကြီးဖြစ်လာသည်။
ငါတကယ်လုပ်ခဲ့တဲ့အောင်မြင်မှုကို ကြွားချင်တာလို့... ဘာလို့မယုံကြတာလဲ...
ဒါတကယ်ကိုမတရားဘူး...
နောက်ကွယ်မှာတော့ ကျိလင်းဟန်၊ ယင်းရွှယ်အာနှင့် အခြားသူများမှာ လုံးဝစိတ်ဓာတ်ကျနေကြလေပြီ။
တခြားသူတွေမယုံဘူးဆိုရင် အဲဒီအတိုင်းပဲလွှတ်ထားလိုက်ပြီး ရယ်မောကျော်ဖြတ်လိုက်လို့ မရဘူးလား...
ဘာလို့များ ခင်ဗျားလုပ်ခဲ့တာပါလို့ ဒီလောက်တောင်သက်သေပြချင်နေရတာလဲ...
သူသာဂိုဏ်းချုပ်မဟုတ်လျှင် ပြေးပြီးသူ့ပါးစပ်ကိုပိတ်ပစ်ချင်နေကြပါပြီ။
မင်းသမီးနင်ထီ၏ ဖြူစင်သောမျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ တဖြည်းဖြည်းပေါ်လာသည်။
“ဂိုဏ်းချုပ်ကျန်း၊ ရှင်က ချန်ရှင်းမင်းဆက်ကို အထင်သေးနေတာလား”
“မဟုတ်ပါဘူး၊ ငါက အမှန်အတိုင်းပြောပြနေတာပါ။ မင်းရဲ့မောင်တော်မှာ ငါးရောင်ခြယ်နတ်ဘုရားနန်းတော် ရှိတယ်မဟုတ်လား။ ငါသူနဲ့တိုက်ခဲ့သေးတယ်”
“သူ့မှာ ကိုယ်ရံတော်လေးယောက်လည်း ရှိသေးတယ်၊ အဲဒီလူတွေကိုလည်း ငါပဲအပြတ်ရှင်းခဲ့တာ”
ကျန်းချန် စိတ်တိုသွားသည်။ ဤအောင်မြင်မှုမှာ သေချာပေါက် သူ့လက်ရာဖြစ်သည့်အတွက် ၎င်းကိုလုယူဖို့ကြိုးစားသူမှန်သမျှကို ပြန်တိုက်ခိုက်ရမည်။
သူ့ကိုယ်သူသက်သေပြရန်အတွက် ရုတ်တရက် အကြံတစ်ခုရလိုက်သည်။
“ဪ... ဒါနဲ့၊ ငါသူ့ဆီက ဝိညာဉ်လက်နက်တွေကိုတောင် ရခဲ့သေးတယ်”
ပြောပြောဆိုဆိုနှင့် သူက သိုလှောင်လက်စွပ်ကို အသာအယာပွတ်လိုက်သည်။
ရွှေရောင်တဖျတ်ဖျတ်တောက်နေသော အဆင့် ၈ ဝိညာဉ်လက်နက်နှစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ရှန်းပါး၏ဝိညာဉ်ဓားနှင့် ဝိညာဉ်သံချပ်ကာတို့ပင်ဖြစ်သည်။
ကဲ... အခုတော့ မင်းယုံရတော့မှာပေါ့၊ ဟုတ်တယ်မလား...
ကျိလင်းဟန်မှာ အရာအားလုံးမှောင်အတိကျသွားပြီး မေ့လဲမတတ်ဖြစ်သွား၏။
ဂိုဏ်းချုပ်ကို အမြဲတမ်းကြည်ညိုလေးစားပြီး သူ၏ရှေ့တွင် နူးညံ့သိမ်မွေ့လှသော သူမပင်လျှင် ပထမဆုံးအကြိမ်အဖြစ် နားရွက်ဆွဲပြီး ဆူပူလိုက်ချင်စိတ်ပေါက်သွားသည်။
တခြားသူတွေက ခင်ဗျားလုပ်တာမဟုတ်ပါစေနဲ့လို့ ဆုတောင်းနေကြတာတောင် ခင်ဗျားကတော့ ခင်ဗျားလုပ်တာပါလို့ ဇွတ်ယုံခိုင်းနေတယ်ပေါ့... သက်သေတွေပါထုတ်ပြလိုက်သေး...
ကဲ... ကောင်းကြသေးရဲ့လား...
မင်းသမီးနင်ထီ၏မျက်စိရှေ့မှာတင် သူမမောင်တော်၏လက်နက်တွေကို ထုတ်ပြလိုက်လေပြီ။
၎င်းထက်ခိုင်လုံသောသက်သေဟူ၍ ဤကမ္ဘာတွင်မရှိနိုင်ပြီ။ သက်သေခံပစ္စည်းနှင့်အတူ လက်ပူးလက်ကြပ်မိချေသည်။
“ဂိုဏ်းချုပ်ကျန်း၊ ရှင်ဒီအတွက် ခိုင်လုံတဲ့ရှင်းပြချက်ပေးဖို့ လိုလိမ့်မယ်”
မင်းသမီးနင်ထီ၏အမူအရာမှာအေးစက်သွားပြီး သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပေါ်ထွက်လာသည်။
အမှန်အတိုင်းပြောရလျှင် သူမသည်လည်း ကျန်းချန်၏အပြုအမူကြောင့် ဇဝေဇဝါဖြစ်နေရသည်။
သူလုပ်ခဲ့တာ တကယ်လား...
ဘယ်လိုပဲကြည့်ကြည့် မဖြစ်နိုင်သလိုပဲ...
ဘယ်သူကများ ဒီလိုကိစ္စမျိုးလုပ်ပြီးရင် လူပုံအလယ်မှာ ဗြောင်ဝန်ခံရဲမှာလဲ...
ဒီလူက သူ့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားတာများလား...
သို့သော် သူမမည်သို့စစ်ဆေးသည်ဖြစ်စေ ကျန်းချန်မှာ ကောင်းကင်ကံကြမ္မာအဆင့် ၄ သာရှိပြီး မည်သည့်လှည့်ကွက်မှမရှိပေ။
“မင်းသမီးမှာ တခြားပြောစရာရှိသေးလား”
ရှခုန်းကျွင်းက လှံရှည်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ရှေ့တိုးလာသည်။
“ဒီလူက လူသတ်သမားပဲ။ သူ့ကိုဖမ်းခွင့်ပြုပါ၊ ပြီးရင် နန်းမြို့တော်ကိုခေါ်သွားပြီး အပိုင်းပိုင်းခုတ်ထစ် သတ်ပစ်ရမယ်”
သူ့နောက်မှ ကိုယ်ရံတော်တစ်ရာမှာလည်း တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြပြီး ရှေ့သို့တစ်လှမ်းတိုးလာကြသည်။
သူတို့၏ လှံရှည်များမှာ နဂါးများကဲ့သို့ပင်။ သူတို့၏ဝိညာဉ်စွမ်းအားများကို ထိန်းချုပ်ထားသော်လည်း သွေးဆာနေသည့် အရှိန်အဝါများက ကျန်းချန်ထံတိုးဝင်လာ၏။
ခန်းမကြီးမှာ ရုတ်တရက် အလောင်းများပြန့်ကျဲနေသော စစ်မြေပြင်တစ်ခုကဲ့သို့ဖြစ်သွားသည်။
ကိုယ်ရံတော်တစ်ရာ၏ခေါင်းပေါ်တွင် သွေးရောင်လွှမ်းသော ဝိညာဉ်ရိပ်တစ်ခု ပေါ်ထွက်လာ၏။
ထိုဝိညာဉ်ရိပ်မှာ နဂါးနှင့်တူသော်လည်း နဂါးမဟုတ်၊ ကျားနှင့်တူသော်လည်း ကျားမဟုတ်ပေ။ ၎င်း၏ ကြီးမားလှသော ပါးစပ်ကြီးမှာ လူတွေကိုဝါးမြိုတော့မည့်အတိုင်းဖြစ်နေပြီး ကြီးမားလှသော အရှိန်အဝါကြောင့် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်း၏။
အလိုက်သိလှသော အဘိုးကြီးမိုချန်က ဂိုဏ်းချုပ်ကျန်းဆီသို့ စိတ်ချင်းဆက်သွယ်ကာ အချိန်မီ ရှင်းပြပေးလိုက်သည်။
“ဒါက ဝိညာဉ်အစီအရင်တစ်မျိုးပဲ။ ကျွန်တော်မမှားဘူးဆိုရင် ဒါက အဆင့် ၈ နဂါးကျားသွေးမိစ္ဆာအစီအရင်ပဲ ဖြစ်ရမယ်။ အဲ့တာက လူတိုင်းရဲ့ သွေးအရှိန်အဝါ၊ မိစ္ဆာအရှိန်အဝါနဲ့ တိုက်ခိုက်လိုစိတ်တွေကို တစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်ပြီး တိုက်ခိုက်ရေးစွမ်းအားကို အဆပေါင်းများစွာ တိုးမြင့်ပေးလိုက်တာပဲ။ လူအရေအတွက်များလေ စွမ်းအားကြီးလေပဲ။”
“ဒီအစီအရင်က လူတိုင်းစိတ်တူကိုယ်တူရှိဖို့လိုတယ်။ အကယ်၍ တစ်ယောက်ယောက်က စိတ်မပါရင် အစီအရင်မှာ ဟာကွက်ပေါ်လာလိမ့်မယ်။ သံသယဖြစ်စရာမလိုတာကတော့ ဒီလူတစ်ရာဟာ ငယ်ငယ်ကတည်းက အတူတူလေ့ကျင့်လာကြတာ၊ အတူစား အတူအိပ်ပြီး ကျင့်စဉ်တွေနဲ့ ကိုယ်ခံပညာတွေကိုလည်း အတူတူလေ့ကျင့်ခဲ့ကြတာပဲ။”
“သူတို့ထဲကအများစုက ဝိညာဉ်အခြေတည်အဆင့် ၉ မှာရှိနေပြီး အမြင့်ဆုံးက ကောင်းကင်ကံကြမ္မာအဆင့် ၃ ပဲ ရှိပေမဲ့ သူတို့က တာအိုနန်းတော်အဆင့် ၅ ရှိတဲ့ လူတစ်ယောက်ကိုတောင် သတ်နိုင်စွမ်းရှိတယ်။”
“ဂိုဏ်းချုပ်... ကျွန်တော့်ကိုလှုပ်ရှားခွင့်ပေးမလား။ ကျွန်တော့်ရဲ့ ဝိညာဉ်အကြွင်းအကျန်ကိုအသုံးချပြီး သူတို့ရဲ့ နတ်ဘုရားဝိညာဉ်တွေကို အပြတ်ရှင်းပေးလို့ ရပါတယ်။”
သူက တကယ့်ကိုသစ္စာရှိလှသည်။
ကောင်းကင်သားတော်ရှေ့တွင် မျက်နှာသာရရန်အတွက် အရာအားလုံးကိုစွန့်လွှတ်ရန် အသင့်ပင်။
ဒီနေ့စတေးလိုက်ရတာက အနာဂတ်မှာရလာမယ့် အကျိုးအမြတ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ဖြစ်သည်မဟုတ်ပါလား။
ကျန်းချန်က ပြုံးပြီးလက်ယမ်းပြလိုက်သည်။
“အကြီးအကဲမို... စိတ်ပူစရာမလိုပါဘူး။ ငါတို့မှာ ဂိုဏ်းစောင့်နတ်သားရဲရှိနေတာကို မမေ့နဲ့လေ။”
“မျက်စိသုံးလုံးကျားလား။ သူကသန်မာပေမဲ့ သူ့ရဲ့ရိုင်းစိုင်းတဲ့သဘာဝက ထိန်းရခက်တယ်၊ ပြီးတော့ သူက ဂိုဏ်းချုပ်အပေါ်မှာလည်း သိပ်ပြီးရိုသေမှုမရှိဘူး။ ကျွန်တော် အကြံပြုချင်တာကတော့ သူ့ကို အဝေးမှာပဲထားပါ၊ မဟုတ်ရင် အနာဂတ်မှာ ဒုက္ခဖြစ်လာလိမ့်မယ်။”
သူက တော်တော်လေးကို တွက်ချက်တတ်သူဖြစ်သည်။
ကောင်းကင်သားတော်၏ဘေးတွင်နေ၍ အချစ်ဆုံးလူဖြစ်လာရန်အတွက် ပြိုင်ဘက်တွေကို တိတ်တဆိတ်ဖယ်ရှားဖို့ ကြိုးစားနေပြီဖြစ်သည်။
ပထမဆုံးပစ်မှတ်ကတော့ မျက်စိသုံးလုံးကျားပင်။
သူ့ကို တစ်ကြိမ်သစ္စာဖောက်ခဲ့ဖူးတဲ့ ဒီကျားမိစ္ဆာကို မျက်နှာသာမပေးတဲ့နေရာကို ပို့ပစ်ရမည်။
ကျန်းချန်ကတော့ မိုချန် ဒီလောက်ထိတွေးနေလိမ့်မည်ဟု မထင်ထားပေ။ သူက မျက်စိသုံးလုံးကျားကို အလကားမနေစေချင်ရုံသာ။
ဒီလူအုပ်စုကို တစ်ခါမှမသေဘဲနဲ့ သူမကိုင်တွယ်နိုင်ပေ။
တပည့်အားလုံးရဲ့ရှေ့မှာတော့ ဒီကိစ္စကို ကျားနဲ့ပဲလွှဲထားလိုက်တာက ပိုကောင်းသည်။
“အကြီးအကဲမို... ခင်ဗျားနောက်နေတာလား။”
“မျက်စိသုံးလုံးကျား... ထွက်လာပြီး အလုပ်လုပ်ဦး။”
အပြင်မှာ တရေးတမောအိပ်နေတဲ့ မျက်စိသုံးလုံးကျားကတော့ ပျင်းရိပျင်းတွဲ ပျံသန်းဝင်ရောက်လာသည်။
“မင်းဘာသာမင်း မဖြေရှင်းနိုင်ဘူးလား။”
“ဒီဆရာကြီးကိုပဲ ထပ်ပြီးအားကိုးနေပြန်ပြီပေါ့။”
ပြောပြီးနောက် သူ့အကြည့်တွေက ဆန့်ကျင်ဘက်မှာရှိတဲ့ လူအုပ်စုထံကျရောက်သွားသည်။
ရှခုန်းကျွင်း၏အကြည့်မှာ တုန်လှုပ်ခြင်းမရှိသလို ကိုယ်ရံတော်တစ်ရာမှာလည်း နောက်သို့တစ်လှမ်းပင်မဆုတ်ကြပေ။
သူတို့တွေက ဖေးရှန်ဂိုဏ်းတွင် ကောင်းကင်ကံကြမ္မာအဆင့် ၉ ရှိသည့် ကျားမိစ္ဆာတစ်ကောင်ရှိသည်ကို အစကတည်းကသိထားကြသည်။
ထိုအဆင့်က ပါယွန်းခန်းမကိုကြောက်လန့်စေနိုင်သော်လည်း သူတို့ကိုတော့ မကြောက်လန့်စေနိုင်ပေ။
မင်းသမီးနင်ထီကလည်း မထီမဲ့မြင်အမူအရာကို ပြလိုက်သည်။
“ဂိုဏ်းချုပ်ကျန်း... ဒါက ရှင့်ရဲ့အားကိုးရာလား။”
အစက သူမကိုယ်တိုင်မလှုပ်ရှားခဲ့ခြင်းမှာ ကျန်းချန်၏နောက်ကွယ်တွင် အင်အားစုကြီးတစ်ခုရှိနေမည်ကို သံသယရှိ၍ဖြစ်သည်။
အကယ်၍ ကျန်းချန်၏ယုံကြည်မှုက ဤကျားမိစ္ဆာတစ်ကောင်တည်းဆိုလျှင် သူတို့ကိုအထင်သေးခြင်းသာ။
“ရှင်ကတော့ တကယ်ကိုသေလမ်းရှာနေတာပဲ။”
“ဒီကျားမိစ္ဆာက တာအိုနန်းတော်အဆင့်ဖြစ်နေရင်တောင်မှ ငါ့ရဲ့နန်းတွင်းကိုယ်ရံတော်တွေကို တားနိုင်မှာမဟုတ်ဘူး။”
ကျန်းချန်ကပြုံးပြီး မျက်စိသုံးလုံးကျားကို လက်ယမ်းပြလိုက်သည်။
မျက်စိသုံးလုံးကျားက ခေါင်းလှည့်ပြီး ပျင်းရိပျင်းတွဲနှင့်မေး၏။
“အားလုံးကို အပြတ်ရှင်းရမှာလား၊ ဒါမှမဟုတ် အဲဒီအလှလေးကိုတော့ ချန်ထားပေးရမှာလား။”
ကျန်းချန်တွေးလိုက်မိသည်မှာ
ဒီကျားမိစ္ဆာကတော့ တကယ့်ကို အလှအပကို ခံစားတတ်တာပဲ...
သူစကားပြောရန်ပြင်လိုက်စဉ်မှာပင် မင်းသမီးနင်ထီ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားကြောင်း မြင်လိုက်ရ၏။
သူမသည် တိုက်ပွဲအလယ်သို့ ပျံသန်းဝင်ရောက်လာပြီး ရှခုန်းကျွင်းနှင့် မျက်စိသုံးလုံးကျား၏ကြားတွင် ပိတ်ရပ်လိုက်သည်။
“တော်တော့။”
“ဂိုဏ်းချုပ်ကျန်း... ဒါက နားလည်မှုလွဲတာပါ။ တောင်းပန်ပါတယ်။”
“အရာရှိရှခုန်း... ချက်ချင်းလက်နက်ချ။”
ကျန်းချန်တစ်ယောက် မည်သို့အတွေ့အကြုံရှိသည်ဆိုစေ ယခုအခြေအနေကို အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။
ဒီမင်းသမီးက စောစောကမှ သတ်ဖြတ်လိုတဲ့အရှိန်အဝါတွေ ထုတ်နေတာလေ၊ အခုကျမှ ဘာလို့ ရုတ်တရက်ကြီး တောင်းပန်နေတာလဲ...
ဘာတွေ ဖြစ်နေတာလဲ...
ရှခုန်းကျွင်းဆိုလျှင် လုံးဝကိုနားမလည်နိုင်တော့ပေ။
သူက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
“မင်းသမီး... သူက ပထမမင်းသားကိုသတ်ခဲ့တဲ့ လူသတ်သမားလေ...”
မင်းသမီးနင်ထီက သူ့ကို စကားဖြတ်ပြောလိုက်သည်။
“သူ မဟုတ်ဘူး။”
“ဒါပေမဲ့ သူက ပထမမင်းသားရဲ့ ဝိညာဉ်လက်နက်တွေကိုတောင် ထုတ်ပြခဲ့တာလေ။ သူကိုယ်တိုင်မသတ်ခဲ့ရင်တောင်မှ ဒီကိစ္စမှာပါဝင်နေမှာ သေချာတယ်။”
“ဂိုဏ်းချုပ်ကျန်းကလည်း ဘေးသင့်ခဲ့ရသူတစ်ယောက်ပါ၊ သူက ကံကောင်းလို့ အသက်ရှင်ကျန်ရစ်ခဲ့တာ။ ငါ့မောင်တော်ရဲ့ ဝိညာဉ်လက်နက် နှစ်ခုကတော့ တိုက်ပွဲပြီးသွားတဲ့နောက်မှာ သူကောက်ရခဲ့တာ ဖြစ်ရမယ်။”
ပြောပြီးနောက်မှာတော့ မင်းသမီးနင်ထီက ကျန်းချန်ကို ကြင်နာမှုပြသည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်သေးသည်။
“ဒီဝိညာဉ်လက်နက်နှစ်ခုကို ဂိုဏ်းချုပ်ကျန်းက ကောက်ရခဲ့တာဖြစ်လို့ အခုတော့ အဲဒါတွေက သူ့ပိုင်ဆိုင်မှုတွေ ဖြစ်သွားပါပြီ။ ငါတို့ ချန်ရှင်းမင်းဆက်က အဲဒါတွေကို ပြန်မတောင်းပါဘူး။ ဂိုဏ်းချုပ်ကျန်း... စိတ်အေးအေးထားပါ။”
သူမရဲ့စကားတွေကြောင့် ရောက်နေသူအားလုံး ကြောင်အသွားကြသည်။
ကျန်းချန်နှင့် ဖေးရှန်ဂိုဏ်းတပည့်တွေတင်မက သူမခေါ်လာသည့်နန်းတွင်းအပျိုတော်တွေပါ ကြောင်တောင်တောင်ဖြစ်ကုန်ကြသည်။
ဒါက ဘာအခြေအနေကြီးလဲ...
နားမလည်တဲ့သူတောင် မြင်နိုင်တာကတော့ သူမက ကျန်းချန်ကို တမင်သက်သက် ကာကွယ်ပေးနေပြီး အပြစ်ကလွတ်အောင် အကြောင်းပြချက်တွေရှာပေးနေတာပဲ။
ဘာလို့ဒီလိုလုပ်ရတာလဲ။
မင်းသမီးက ဒီကျန်းချန်ကို မြင်မြင်ချင်းချစ်မိသွားလို့ ကာကွယ်ပေးနေတာများလား။
အနီးကပ်ကြည့်လိုက်လျှင်ဖြင့် ကျန်းချန်မှာ အမှန်တကယ်ကာကွယ်ပေးချင်လောက်သည့် ရုပ်ရည်ရှိ၏။ ထိုမျက်နှာလေးတစ်ခုတည်းနဲ့တင် သူတို့တွေ အမှားအယွင်းတွေလုပ်မိဖို့ လုံလောက်နေပါပြီ။
ဒါပေမဲ့မင်းသမီးက ရည်မှန်းချက်ကြီးတဲ့သူမဟုတ်ဘူးလား။
ရှခုန်းကျွင်းက ဆက်ပြီးသည်းမခံနိုင်တော့ပေ။
“မင်းသမီး... ဘာကိုဆိုလိုတာလဲ။ ပထမမင်းသားအတွက် လက်စားမချေပေးတဲ့အပြင် ရန်သူကိုတောင် ကာကွယ်ပေးနေတယ်ပေါ့...”
သူက ရုတ်တရက် လှံကိုဝေ့ယမ်းလိုက်ပြီး မင်းသမီးနင်ထီကို ကျော်ဖြတ်ကာ ကျန်းချန်ကို တိုက်ရိုက်ထိုးနှက်လိုက်သည်။
သို့သော်လည်း စွမ်းအင်လေဆင်နှာမောင်းထွက်ပေါ်လာချိန်မှာပင် ရွှေရောင်တောက်ပသော နေမင်းတစ်စင်းက ရှေ့တည့်တည့်မှရိုက်ခတ်လာသည်။
၎င်းသည်လည်း ဧကရာဇ် နေရောင်ခြည် ဓားချက်ဖြစ်၏။ သို့သော် နင်ထီသုံးလိုက်သည့်ဓားချက်က ရှန်းပါးသုံးခဲ့သည်ထက် ဆယ်ဆမကပိုပြင်းထန်သည်။