နာမည်ကြီး မျက်စိသုံးလုံးကျား
Vol. 10 Ch. 97
“ငါ့ကိုမေးမယ်ဆိုရင်တော့ အဲဒီမင်းသမီးနင်ထီက ငါတို့ဂိုဏ်းချုပ်ကို လုံးဝစွဲလန်းသွားတာပဲ ဖြစ်ရမယ်။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါကပဲ တစ်ခုတည်းသောရှင်းပြချက်ပဲ...”
ဤမြှောက်ပင့်ဖားယားသည့်စကားများ စရုံရှိသေးစဉ်မှာပင် လင်းနင်က ကြားဖြတ်နှောင့်ယှက်လိုက်သည်။
“ဦးလေးကျန်း၊ ဦးလေးဆုန့်... ရှင်တို့နှစ်ယောက်က သိပ်အားနေကြတာလား။ အပြင်ထွက်ပြီး ကျွန်မရဲ့ဓားသိုင်းကို နည်းနည်းလောက်လမ်းညွှန်ပေးကြမလား။”
သူမသည် ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရှိနေပြီဖြစ်ရာ ဦးလေးနှစ်ယောက်ကို ရိုက်နှက်ချင်နေသည်မှာ ထင်ရှားလှသည်။
သိုင်းဦးလေးနှစ်ယောက်မှာ ချက်ချင်းငြင်းဆန်လိုက်ကြသည်။
“ဟင့်အင်း၊ မဟုတ်တာ။”
“ငါတို့နှစ်ယောက်လုံး အလုပ်ရှုပ်နေတယ်၊ တခြားတစ်ယောက်ယောက်ကိုပဲ သွားရှာလိုက်ပါ...”
အခြားတစ်ဖက်တွင်တော့ ရှခုန်းကျွင်းသည် သူ့စိတ်ထဲရှိသံသယများကို မထိန်းနိုင်တော့ဘဲ နင်ထီထံသို့ ချဉ်းကပ်သွားသည်။
“မင်းသမီး... ဘာလို့ ဒီလောက်အထိသည်းခံနေရတာလဲ။ အဲဒီကျန်းချန်ကို ကြောက်နေတာများလား။”
“ငါ့မှာ ကိုယ်ပိုင်အကြောင်းပြချက်ရှိတယ်။”
ရှခုန်းကျွင်း အလွန်မကျေမနပ်ဖြစ်နေပြီး လှောင်ပြုံးပြုံးလိုက်သည်။
“ကျွန်တော်မြင်တာကတော့ မင်းသမီးက အဲဒီကျန်းချန်ကို တကယ်စွဲလန်းနေတာပဲ...”
“ရှခုန်းကျွင်း... နင့်ကိုငါမသတ်ရဲဘူးလို့ ထင်နေတာလား။”
စောစောက ကျန်းချန်အပေါ်တွင် အဆမတန်ယဉ်ကျေးပြခဲ့သော နင်ထီသည် သူ့ကိုတော့ ဘာမျက်နှာသာမှပေးလိမ့်မည်မဟုတ်။
ရှခုန်းကျွင်းအမူအရာပျက်သွားပြီး သူ၏ကျောပြင်ပေါ်တွင် ချွေးအေးများစီးကျလာသည်။
“ကျွန်တော် မလုပ်ရဲပါဘူး။”
ဤနေရာသည် ကောင်းကင်နှင့်ဝေးသလို ဧကရာဇ်နှင့်လည်းဝေးရာတွင် ရှိနေခြင်းဖြစ်သည်။ နင်ထီ၏ ကိုယ်ပိုင်စွမ်းအားနှင့် အာဏာနှစ်ရပ်စလုံးမှာ သူ့ထက်သာလွန်၏။
အကယ်၍ သူမက သူ့ကိုတကယ်သတ်လိုက်လျှင်ပင် နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများ ရှိလိမ့်မည်မဟုတ်။
သူနောက်ဆုတ်သွားပြီးနောက် နင်ထီသည် ဘေးရှိအစေခံမလေးများကို လွှတ်လိုက်ပြီး တံခါးပိတ်ကာ အကာအကွယ်အစီအရင်တစ်ခုချလိုက်သည်။
ယခုအချိန်တွင် အခန်းထဲ၌ သူမနှင့် ကျင့်ကြံမှုကိုဖုံးကွယ်ထားသော အစေခံမလေးသာ ကျန်ရစ်လေ၏။
ထိုအချိန်တွင် ထိုသူက ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး ကျောကိုဆန့်လိုက်သည်။ စောစောက နူးညံ့သိမ်မွေ့သောအစေခံမလေးနှင့် လုံးဝမတူတော့ပေ။
သူမသည် မိမိ၏နယ်မြေအတွင်း လမ်းလျှောက်နေသကဲ့သို့ ခန့်ညားစွာလမ်းလျှောက်သွားသည်။
နင်ထီ အမြန်ထပြီး သူမကိုနေရာပေးလိုက်ကာ သူမကိုယ်တိုင်ကတော့ ဘေးတွင်မတ်တပ်ရပ်လေ၏။
ဤမြင်ကွင်းကိုသာ တခြားသူများမြင်လျှင် အိပ်မက်မက်နေသည်ဟုပင် ထင်ကြပေလိမ့်မည်။
မင်းဆက်၏ ဂုဏ်သရေရှိမင်းသမီးတစ်ပါးမှာ အစေခံမလေးတစ်ဦး၏ရှေ့တွင် အစေခံတစ်ယောက်ကဲ့သို့ပြုမူနေပြီး ထိုနှစ်ယောက်မှာလည်း ဤသို့ဆက်ဆံရသည်ကို ကျင့်သားရနေပုံရသည်။
ယခုတစ်ကြိမ် ဖေးရှန်ဂိုဏ်းသို့လာရန် သူမကိုယ်တိုင်ဆန္ဒပြုခဲ့ခြင်းမှာလည်း ဤအစိမ်းရောင်ဝတ်စုံနှင့် အစေခံမလေးက အမိန့်ပေးခဲ့သောကြောင့်ပင်။
“ဒီနေ့ ဘာလို့ အဲဒီကျန်းချန်ကိုသတ်ဖို့ ကြိုးစားတာကို တားခဲ့တာလဲ။”
တကယ်တော့ နင်ထီကိုယ်တိုင်လည်း အကြောင်းရင်းကိုမသိ။ ကျန်းချန်က လူသတ်သမားဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။
သူမသည် ရှန်းပါးအပေါ်တွင် ခံစားချက်မရှိသော်လည်း မင်းဆက်၏ရှုထောင့်မှကြည့်လျှင် ဤလူကိုသတ်ရမည်သာ။
ရှခုန်းကျွင်းကိုတားဆီးပြီး ပြန်ခိုင်းရန် ရုတ်တရက်ဆုံးဖြတ်ခဲ့ခြင်းမှာ ဤအစေခံမလေးက သူမကို စိတ်ချင်းဆက်သွယ်ပြီး အမိန့်ပေးခဲ့သောကြောင့်ဖြစ်သည်။
၎င်းမှာ ရုတ်တရက်ဖြစ်သွားသဖြင့် အကြောင်းရင်းကိုမေးရန် အချိန်မရခဲ့ခြင်းဖြစ်၏။
အစိမ်းရောင်ဝတ်အစေခံမလေး၏ နှုတ်ခမ်းနီနီလေးမှာ အနည်းငယ်တွန့်ကွေးသွားပြီး လှောင်ပြုံးတစ်ခုပေါ်လာသည်။
“ငါသာမတားခဲ့ရင် နင်တို့တစ်ယောက်မကျန် အကုန်သေကုန်မှာ။”
“ဟင်”
“ဘာလို့လဲ”
နင်ထီ ထိတ်လန့်သွားပြီးနောက် အကြီးအကျယ် ဇဝေဇဝါဖြစ်သွားရသည်။
“ကျွန်မမြင်တာကတော့ ကျန်းချန်က ကောင်းကင်ကံကြမ္မာအဆင့် ၄ မှာပဲ ရှိတာပါ။ သူ့မှာ ဘယ်လောက်ပဲ အခွင့်အလမ်းတွေရှိရှိ တာအိုနန်းတော်အဆင့်ကိုတော့ မယှဉ်နိုင်ပါဘူး။ သူ့ရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်တဲ့နည်းလမ်းများ ရှိနေတာလား။”
အစိမ်းရောင်ဝတ် အစေခံမလေးက ခေါင်းခါလိုက်သည်။
“ကျန်းချန်ရဲ့ အခွင့်အလမ်းတွေက ထူးခြားပေမဲ့ သူ့ရဲ့စွမ်းအားကတော့ စိုးရိမ်စရာမရှိသေးပါဘူး။ တကယ်ကြောက်ဖို့ကောင်းတာက အဲဒီကျားပဲ။”
မျက်စိသုံးလုံးကျားကို ပြောလိုက်သည့်အခါ သူမ၏မျက်လုံးထဲတွင်လည်း နက်ရှိုင်းသောကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
နင်ထီသည် သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုကို တစ်ခါမှမမြင်ဖူးသဖြင့် ပို၍ပင် အံ့အားသင့်သွားရသည်။
“အဲဒီကျားမိစ္ဆာလား။ သူက ကောင်းကင်ကံကြမ္မာအဆင့် ၉ မှာပဲ ရှိတာ မဟုတ်ဘူးလား။”
အစိမ်းရောင်ဝတ် အစေခံမလေးက ဆူပူလိုက်၏။
“နင်က တကယ်ကိုဝက်လိုပဲ အူတူတူနိုင်လှချည်လား။ သူက ကောင်းကင်ကံကြမ္မာအဆင့် ၉ မှာ ရှိတယ်လို့ ဘယ်သူကပြောတာလဲ။ အပြင်က ကောလာဟလတွေနဲ့ ခန့်မှန်းချက်တွေကိုပဲ ယုံနေတာလား။”
“အဲဒီကျားမိစ္ဆာတိုက်ခိုက်တာကို နင်မြင်ဖူးလို့လား။”
“ဒါမှမဟုတ် သူနဲ့တိုက်ခိုက်ဖူးလို့လား။”
ဤသို့ဆူပူခံရသော်လည်း မြင့်မြတ်လှသောမင်းသမီးနင်ထီသည် သူမ၏ခေါင်းကိုသာငုံ့ထားပြီး မကျေနပ်မှုတစ်ခုကိုမှမပြပေ။
တစ်ချက်ကြည့်ရုံနှင့်ပင် သူမသည် ဆူပူခံရသည်ကိုကျင့်သားရနေကြောင်း သိသာလှသည်။
“အမှန်အတိုင်းပြောရရင် အဲဒီကျားမိစ္ဆာသာ ငါတို့အားလုံးကို အပြတ်ရှင်းချင်တယ်ဆိုရင် အလွန်လွယ်ကူတဲ့ကိစ္စပဲ။”
“ဟင်...”
“အကုန်လုံးလား... သူက တာအိုနန်းတော်အဆင့် ၉ ကို ကျော်လွန်သွားပြီလား။”
“တာအိုနန်းတော်အဆင့် ၉ ဟုတ်လား။ နင်သူ့ကို အထင်သေးလွန်းနေပြီ။”
မင်းသမီးနင်ထီမှာ အသက်ရှူရပ်မတတ်ဖြစ်သွားပြီး သူမ၏လှပသောမျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
“ဒါဆိုရင် သူက သူတော်စင်အဆင့် ရောက်သွားပြီလား...”
ထိုအဆင့်ကို အချို့သောမြင့်မြတ်နယ်မြေများရှိ ဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်များသာ ရောက်ရှိနိုင်ခြင်းဖြစ်သည်။
အစိမ်းရောင်ဝတ်အစေခံမလေးက သူမကို တိုက်ရိုက်အဖြေမပေးခဲ့ပေ။
“လွန်ခဲ့တဲ့နှစ်လလောက်က ခရမ်းမူလမြင့်မြတ်နယ်မြေက မျက်စိသုံးလုံးကျားမိစ္ဆာတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတယ်။”
“ဘာ... ခရမ်းမူလမြင့်မြတ်နယ်မြေ ဟုတ်လား။”
မင်းသမီးနင်ထီ၏မျက်နှာမှာ ဖြူလျော့သွားပြီး နောက်ဆုံးတွင် အလန့်တကြားအော်ဟစ်လိုက်မိ၏။
ခရမ်းမူလမြင့်မြတ်နယ်မြေသည် ချန်ရှင်းမင်းဆက်နှင့် မိုင်ပေါင်းသန်းနှင့်ချီဝေးကွာသော်လည်း သူမသည် ၎င်းနယ်မြေအကြောင်းကို ကြားဖူးသည်။
အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။ ၎င်းကအလွန်သန်မာလွန်းပြီး နေရာအနှံ့ ကျော်ကြားသောကြောင့်ပင်။
ခရမ်းမူလမြင့်မြတ်နယ်မြေတွင် သူတော်စင်အဆင့်ကျွမ်းကျင်သူသုံးဦးရှိသည်ဟုဆိုကြပြီး ၎င်း၏တပည့်များထဲတွင် တာအိုနန်းတော်အဆင့် ၉ ရှိသူမှာ တစ်ရာထက်မနည်းရှိရာ အလွန်အစွမ်းထက်လှသည်။
မြင့်မြတ်နယ်မြေအတွင်းရှိ ပါရမီရှင်သူတော်စင်သားတော်များနှင့် သူတော်စင်သမီးတော်များမှာ ထူးခြားသောနောက်ခံများနှင့် အံ့ဩဖွယ်အခွင့်အလမ်းရှိကြသူများဖြစ်ရာ သူမအနေနှင့် ယှဉ်ပြိုင်ရန်ပင် စိတ်မကူးရဲပေ။
ဤဧရာမဂိုဏ်းကြီးသည် ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းသန်းနှင့်ချီ၍ မယိုင်မလဲရပ်တည်ခဲ့ခြင်းဖြစ်သည်။
“ရလဒ်က ဘယ်လိုဖြစ်သွားလဲ။ မျက်စိသုံးလုံးကျားက ခရမ်းမူလမြင့်မြတ်နယ်မြေထဲကို ဝင်ရောက်တိုက်ခိုက်ပြီး ထိခိုက်ဒဏ်ရာမရဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တာလား။”
အကယ်၍ ၎င်းသာအမှန်ဖြစ်လျှင် ဤလူအုပ်စုတင်မက ချန်ရှင်းမင်းဆက်တစ်ခုလုံးပင် သူ့ကိုတားနိုင်မည်မဟုတ်။
“ထိခိုက်ဒဏ်ရာမရဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တာလား ဟုတ်လား။”
အစိမ်းရောင်ဝတ်အစေခံမလေးက ရေတွင်းထဲကဖားတစ်ကောင်ကို ကြည့်သလိုမျိုး လှောင်ရယ်လိုက်သည်။
“အဲဒီအချိန်က မျက်စိသုံးလုံးကျားက လမ်းကြုံလို့ဖြတ်သွားခဲ့ရုံသာ မဟုတ်ဘူးဆိုရင် နှစ်ပေါင်းခုနစ်သန်းတည်ရှိခဲ့တဲ့ ခရမ်းမူလမြင့်မြတ်နယ်မြေဟာ အဲဒီအချိန်မှာတင် သမိုင်းတစ်ခု ဖြစ်သွားလောက်ပြီ။ ဒါဟာ သူတို့ဂိုဏ်းတည်ထောင်ပြီးကတည်းက အကြီးမားဆုံး အကျပ်အတည်းပဲ။”
“ဒါက...”
မင်းသမီးနင်ထီမှာ စိတ်လွတ်သွားရသည်။ သူမသည် ထိုမြင်ကွင်းကို စိတ်ကူးမယဉ်နိုင်သလို ၎င်းကမည်မျှအထိသန်မာမည်ကိုလည်း မတွေးရဲပေ။
“မြင့်မြတ်နယ်မြေမှာ သူတော်စင်အဆင့်ကျွမ်းကျင်သူသုံးဦးရှိတာ မဟုတ်ဘူးလား။”
“လေးဦးရှိတယ်။”
အစိမ်းရောင်ဝတ်အစေခံမလေးက ပြင်ပေးလိုက်သည်။
“သူတို့မှာ သူတော်စင်အဆင့် ၉ မှာ ရှိတဲ့ အကြီးအကဲချုပ်တစ်ဦးလည်း ရှိသေးတယ်။ ဒီအဘိုးကြီးက မြင့်မြတ်နယ်မြေ စတင်တည်ထောင်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး မြေနတ်ဘုရားလို့တောင် ခေါ်လို့ရတယ်။”
“သူ ရှိနေမှတော့...”
“သူက မှော်ရတနာတစ်ခုကိုသုံးပြီး အစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့ မျက်စိသုံးလုံးကျားက အလွယ်တကူပဲ တားဆီးနိုင်ခဲ့တယ်။ သူက မိုင်ပေါင်းတစ်သောင်းလောက်အထိ လွင့်ထွက်သွားခဲ့ပြီး ကျင့်ကြံခြင်းအခြေခံ ဒဏ်ရာရသွားခဲ့လို့ အခုထိအနားယူကျင့်ကြံနေရတုန်းပဲ။”
သူမ ဤအကြောင်းကိုသိထားသော်လည်း ပြောလိုက်သည့်အခါတွင် ထိတ်လန့်တုန်လှုပ်သောလေသံကို မဖုံးကွယ်နိုင်ပေ။
“ဒီကိစ္စက ဝိညာဉ်တစ်ထောင်နယ်မြေထဲက အထက်တန်းလွှာတွေကြားမှာ လျှို့ဝှက်ချက် မဟုတ်တော့ဘူး။ နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီ။”
“ခရမ်းမူလမြင့်မြတ်နယ်မြေက အကူအညီတောင်းခံမှုတစ်ခုတောင် ထုတ်ပြန်ခဲ့သေးတယ်။ အဲဒီနောက်မှာ အဓိကမြင့်မြတ်နယ်မြေတွေက အထက်တန်းလွှာတွေဟာ မျက်စိသုံးလုံးကျားကို ဘယ်လိုခုခံမလဲဆိုတာ လျှို့ဝှက်အစည်းအဝေးတွေတောင် လုပ်ခဲ့ကြသေးတယ်။”
“ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ သူကအရိပ်အယောင်မရှိ ပျောက်ကွယ်သွားခဲ့တယ်။”
“သူဒီမှာပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...”
မင်းသမီးနင်ထီ၏ပါးစပ်လေးမှာ ပိတ်၍မရတော့ပေ။ ဤစွမ်းအားသည် ဒဏ္ဍာရီလာ သူတော်စင်အဆင့်ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။
ယခု ခန်းမထဲရှိမြင်ကွင်းများကို ပြန်တွေးကြည့်သည့်အခါ သူမသည် ချွေးအေးများစီးကျလာပြီး တစ်ကိုယ်လုံးတုန်ယင်လာ၏။
ထိုကျားမိစ္ဆာ၏ရှေ့တွင်သာ စကားတစ်ခွန်းမှားပြောမိခဲ့လျှင် ယခုအချိန်၌ သူမ၏အလောင်းမှာ အေးစက်နေလောက်ပြီဖြစ်သည်။
သူမ သေရုံတင်မက ချန်ရှင်းမင်းဆက်လည်း ပျက်စီးသွားပေလိမ့်မည်။ သူတော်စင်အဆင့် ကျားမိစ္ဆာကို မည်သူတားဆီးနိုင်မည်နည်း။
“သူ... သူက ဒီလောက်သန်မာနေတာ ဘာလို့ဒီမှာပေါ်လာရတာလဲ။”
“ပြီးတော့ ကျန်းချန်ရဲ့အမိန့်ကို နာခံနေသေးတယ်လေ။”
အစိမ်းရောင်ဝတ်အစေခံမလေးက ပြောလိုက်သည်။ “ဒါကတော့ သူတို့ဖြေမှရမယ့်မေးခွန်းပဲ။”
ဤအကြောင်းကိုပြောလိုက်သည့်အခါ သူမလည်း အနည်းငယ်မကျေမနပ်ဖြစ်သွားရသည်။
“အဲဒီကျားကိုသာ ငါမကြောက်ခဲ့ရင် ဒီနေ့ကျန်းချန်ကို နတ်ဘုရားရောင်ခြည်ဆံထိုးကို ယူခွင့်ပေးခဲ့ပါ့မလား။”
ထိုဆံထိုးမှာ ရတနာတစ်ခုဖြစ်၏။ ၎င်း၏အလယ်ဗဟိုတွင် အမည်မသိကျောက်မျက်တစ်ခုရှိသည်။ ၎င်းကိုဝတ်ဆင်ထားပြီးနောက် ကျင့်ကြံခြင်းအပေါ်တွင် အလွန်အားကောင်းသော အထောက်အကူပြု အာနိသင်ရှိသည်။
ကျင့်ကြံရာတွင်ကူညီပေးရန် အချိန်မရွေး ဝိညာဉ်စွမ်းအားအမြောက်အမြားကို အလိုအလျောက် ထုတ်ပေးနိုင်ရုံသာမက၊ စိတ်ကိုတည်ငြိမ်စေပြီး ဝိညာဉ်ကိုပြန်လည်နုပျိုစေသည့် အာနိသင်လည်းရှိသည်။ ဒဏ်ရာရခဲ့လျှင်ပင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။
၎င်းသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည့် ကမ္ဘာ့ရတနာတစ်ခုပင်။
အကယ်၍ မျက်စိသုံးလုံးကျားကိုသာမကြောက်ခဲ့လျှင် သူမသည် ထိုဆံထိုးကို ကျန်းချန်အား လုံးဝပေးခဲ့မည်မဟုတ်။