သတ်တာ မြန်လွန်းတယ်
Vol. 10 Ch. 100
နန်းမြို့တော်ထဲသို့ ဝင်ရောက်လာပြီးနောက် ကျန်းချန်သည် ပတ်ဝန်းကျင်၌ပျံ့နှံ့နေသော လျှို့ဝှက်ဆန်းပြားသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
၎င်းမှာ ဝိညာဉ်စွမ်းအားလည်းမဟုတ်သလို နတ်ဘုရားအာရုံလည်း မဟုတ်ပေ။
၎င်းသည် သူ့အပေါ် သက်ရောက်မှုမရှိသလို ရှင်းရှင်းလင်းလင်းအာရုံခံ၍မရသော်လည်း အမှန်တကယ်တည်ရှိနေခြင်းဖြစ်သည်။
သူသည် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို တွေးမနေတော့ပေ။ သူ၏အဖိုးတန်သော ဦးနှောက်ဆဲလ်များကို အသုံးချရမည့် ပို၍အရေးကြီးသောကိစ္စများရှိနေသည်။
ဥပမာအားဖြင့် နောက်ထပ် အမှတ်တွေ ဘယ်လိုထပ်ရှာမလဲဆိုတာမျိုး... ဒါမှမဟုတ် ဘယ်လိုဟန်ရေးပြကြွားဝါရမလဲ ဆိုတာမျိုးပေါ့။
ထို့နောက်မှာပင် ကျယ်လောင်သောအသံကြီးတစ်ခုကို သူ ကြားလိုက်ရသည်။
ဤဘေးဘက်နန်းဆောင်၏တံခါးမှာ ရိုက်ချိုးဖျက်ဆီးခံလိုက်ရသည်။ ထို့နောက်တွင်တော့ အပြင်ဘက်မှ ဆူညံသံများနှင့်အတူ အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာတော့သည်။
“ကျန်းချန်ဘယ်မှာလဲ။”
“အခုချက်ချင်း ထွက်ခဲ့စမ်း။”
အစေခံမလေး ၄ ဦး ထိတ်လန့်တကြား ပြေးဝင်လာကြသည်။
“ဒုက္ခပါပဲ၊ ဒုက္ခပါပဲ...”
“ဘာဖြစ်တာလဲ။”
ကျန်းချန် မျက်ခုံးပင့်ကာ မေးလိုက်သည်။
“မင်းသားလေးနဲ့ စစ်သူကြီးလေးတို့ အတင်းဝင်လာနေကြပြီ။”
“မြန်မြန်ပုန်းနေပါဦး။”
အစေခံမလေးများ၏ ထိတ်လန့်မှုမှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။ အမှန်တကယ်ကို မမျှော်လင့်ထားသည့်ဖြစ်ရပ်ပင်။
“ဘာမင်းသားလေးလဲ၊ ဘာစစ်သူကြီးလေးလဲ။ အဓိပ္ပာယ်မရှိတာ။”
အစ်ကိုကြီးချန်ကတော့ ကြောက်ရွံ့ခြင်းမရှိပေ။ ဤလောကတွင် သူ့ကိုပုန်းနေအောင်လုပ်နိုင်သည့်သူ မည်သူမျှမရှိ။
သူသည် အပြင်သို့လှမ်းထွက်လိုက်ရာ လူငယ်တစ်အုပ်နှင့်တိုးတော့သည်။
အရှေ့ဆုံးမှဦးဆောင်လာသူမှာ ရွှေရောင်သရဖူဆောင်းထားပြီး ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ မြင့်မြတ်သောအရှိန်အဝါရှိသည်။
သိမြင်မှုစွမ်းရည်ဖြင့်ကြည့်လိုက်ရာ ကောင်းကင်ကံကြမ္မာအဆင့် ၈ ဖြစ်နေ၏။ သူသည် ရှန်းပါးပြီးလျှင် ဒုတိယမြောက် အရှိန်အဝါအရှိဆုံးပင်။
သူ့ဘေးတွင် နောက်ထပ်လူနှစ်ယောက်ရှိသည်။ တစ်ယောက်မှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော မျက်နှာရှိပြီး သံချပ်ကာဝတ်ဆင်ကာ လှံရှည်ကိုင်ဆောင်ထားသည့် စစ်သူကြီးလူငယ်လေးဖြစ်သည်။
သိမြင်မှုစွမ်းရည်အရ ထိုသူမှာလည်း ကောင်းကင်ကံကြမ္မာအဆင့် ၈ ပင်။
အခြားတစ်ယောက်မှာ ခန့်ညားသောရုပ်ရည်ရှိပြီး မျက်ခုံးတန်းများမှာ နားထင်သို့စောင်းတက်နေကာ စက္ကူယပ်တောင်ကိုင်ထားသည့် ပညာရှိအသွင်ရှိသည်။
သို့သော် သူ၏ကျင့်ကြံမှုမှာလည်း ကောင်းကင်ကံကြမ္မာအဆင့် ၇ သို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုသုံးယောက်၏ နောက်တွင်တော့ လူငယ်ဆယ်ဂဏန်းခန့် ပါလာကြသည်။ တစ်ယောက်ချင်းစီမှာ မျက်လုံးများတောက်ပနေပြီး အရှိန်အဝါပြင်းထန်ကာ ဟန်ပန်ထူးခြားလှသည်။
အားလုံးမှာ ကောင်းကင်ကံကြမ္မာအဆင့်အထက်တွင် ရှိကြသူများဖြစ်သည်။
“မင်းတို့ကဘယ်သူတွေလဲ။ ငါ့ရဲ့ နေရာကို ဘာလို့ အတင်းဝင်လာကြတာလဲ။”
ငွေရောင်သံချပ်ကာနှင့် စစ်သူကြီးလေးက လှံကိုရွယ်လိုက်ရာ အေးစက်ပြီးသွေးဆာနေသည့် အရှိန်အဝါများ ပြန့်လွင့်လာသည်။
တစ်ယောက်တည်းဖြစ်သော်လည်း စစ်သည်တော်သောင်းချီ ချီတက်လာသကဲ့သို့ သတ်ဖြတ်လိုသောအရှိန်အဝါ ပြင်းထန်လှသည်။
ကျန်းချန်၏ နောက်ကွယ်မှ အစေခံမလေး ၂ ဦးမှာ ဝိညာဉ်အခြေတည်အဆင့်တွင် ရှိကြသော်လည်း အလွန်ထိတ်လန့်သွားကြပြီး အော်ဟစ်ကာ နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားကြသည်။
“မင်းက ကျန်းချန်လား။ ဖေးရှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား။”
“ဟုတ်တယ်လေ၊ ငါ့ရဲ့ကျော်ကြားတဲ့နာမည်ကို ကြားဖူးလို့လား။”
အစ်ကိုကြီးချန်ကပြုံးလျက် ခေါင်းငြိတ်ပြပြီး အလွန်မောက်မာစွာဖြင့် ပြန်မေးလိုက်သည်။
“ငါ့ရဲ့ခန့်ညားတဲ့ဟန်ပန်ကို ကြည်ညိုလွန်းလို့ ငါ့ကိုလာပြီးအရိုအသေပေးကြတာလား။”
“အရိုအသေပေးရမယ် ဟုတ်လား။”
စစ်သူကြီးလေးမှာ ခဏမျှကြောင်သွားပြီးနောက် အားရပါးရ ရယ်မောလိုက်တော့သည်။
“ဟားဟားဟားဟား...”
ကျန်တဲ့လူတွေကလည်း ကမ္ဘာပေါ်မှာ ဤရယ်ရဆုံးပြက်လုံးကို ကြားလိုက်ရသလိုမျိုး လိုက်ရယ်ကြသည်။
“မင်းကတော့ သေခြင်းတရားဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်း တကယ်မသိသေးတာပဲ။”
“ငါတို့ရဲ့ခွင့်ပြုချက်မရှိဘဲ မင်းသမီးနင်ထီနဲ့ ဘယ်လိုလုပ် ဒီလောက်အထိ နီးနီးကပ်ကပ်နေရဲတာလဲ။”
“ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းသိရဲ့လား။”
“ပြောပြလိုက်ရင်တော့ မင်းကြောက်လွန်းလို့ သေသွားလိမ့်မယ်...”
ဪ... သူတို့တွေက နင်ထီကိုပိုးပန်းနေကြတဲ့လူတွေ... ယင်ကောင်တွေ၊ လိပ်ပြာတွေ အုပ်စုလိုက်ပေါ့။
အစ်ကိုကြီးချန်သည် ဤကဲ့သို့သော မနာလိုဝန်တိုမှုကြောင့်ဖြစ်ရသည့် အက်ကြောင်းထပ်နေသောကိစ္စမျိုးနှင့် ကြုံရသည့်အခါ ချက်ချင်းပင်ငြီးငွေ့သွားတော့သည်။
သူ့ရဲ့ကျော်ကြားမှုက နန်းမြို့တော်အထိရောက်နေပြီလို့ ထင်ခဲ့တာ။ အခုတော့ မဟုတ်သေးပါလား။
အခြားတစ်ဖက်တွင်တော့ နင်ထီနှင့် အစိမ်းရောင်ဝတ်အစေခံမလေးတို့မှာ သတင်းရရှိထားပြီးဖြစ်သည်။
ဒါက သူမရဲ့နန်းဆောင်ဖြစ်ရာ ထိုလူတွေလာနေသည်ကို သူမကြိုတင်သိရှိ၏။
“မင်း ကျန်းချန်ကို သွားပြီးမကူညီပေးဘူးလား။”
အစိမ်းရောင်ဝတ်အစေခံမလေးက ကောင်းကောင်းသိထားသည်မှာ မင်းသမီးသာထွက်လာလျှင် ထိုမောက်မာသောလူငယ်လေးများမှာ ချက်ချင်းပင် အလိမ္မာဆုံးသောကိုယ်ရံတော်များအဖြစ် ပြောင်းလဲသွားကြမည်သာ။
သူတို့ကို ခွေးလိုလေးဖက်သွားခိုင်းရင်တောင် ချက်ချင်းလုပ်ကြမည့်သူများ ဖြစ်သည်။
ဘေးတွင်ရပ်နေသောနင်ထီက ပြုံးလျက်ပြောလိုက်သည်။
“ကျွန်မသွားမှာပါ၊ ဒါပေမဲ့ အခုက အကောင်းဆုံးအချိန် မဟုတ်သေးဘူး။”
“ဪ...”
အစိမ်းရောင်ဝတ်အစေခံမလေးသည် နင်ထီ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ် ဒေါသမထွက်ဘဲ စိတ်ဝင်စားသွားသည်။
“ဘာလို့လဲ။”
သူမ၏အမြင်အရ နင်ထီသာ အခု ကျန်းချန်ကိုကူညီပေးလိုက်လျှင် ကျန်းချန်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည် မဟုတ်ပါလား။ ၎င်းသည် သူတို့၏ စည်းရုံးရေးအစီအစဉ်အတွက် အထောက်အကူ ဖြစ်လိမ့်မည်။
“စွမ်းအားပိုင်းမှာတော့ ကျွန်မ အရှင့်ကိုမယှဉ်နိုင်ပါဘူး။”
“အစီအစဉ်ချတဲ့နေရာမှာလည်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်။”
“ဒါပေမဲ့ အမျိုးသားတွေရဲ့နှလုံးသားကို ကစားတဲ့နေရာမှာတော့ ကျွန်မမှာ အတွေ့အကြုံအနည်းငယ် ရှိပါတယ်။”
ယခုတစ်ကြိမ်တွင် နင်ထီသည် အစိမ်းရောင်ဝတ်အစေခံမလေး၏ရှေ့တွင် ယုံကြည်မှုရှိနေသည်။
အစိမ်းရောင်ဝတ်အစေခံမလေးက သန်မာသော်လည်း ဤနယ်ပယ်တွင် အတွေ့အကြုံမရှိပေ။
“ကျွန်မ အခုသွားကူညီလိုက်ရင် ကျန်းချန်က အဆူခံရတာလောက်ပဲ ရှိမှာပါ။ ဘာအန္တရာယ်မှ ကြုံရမှာ မဟုတ်ဘူး။”
အစိမ်းရောင်ဝတ်အစေခံမလေးက ခေါင်းငြိတ်လိုက်သည်။
“ဒါကတော့ ဟုတ်တယ်။”
နောက်မှထွက်လာပြီး ကျန်းချန်ကို ပို၍ဖိအားခံစားရအောင်လုပ်ခြင်းက နင်ထီ၏ ကယ်တင်မှု အာနိသင်ကို ပိုကောင်းစေမည်ဖြစ်ပြီး ကျန်းချန်အပေါ် ပို၍သက်ရောက်စေမည်ဖြစ်သည်။
“နောက်တစ်ခုကတော့...”
“နောက်ထပ် ရှိသေးတာလား။”
“တန်ဖိုးဆိုတာ နှိုင်းယှဉ်မှုကနေ ဖြစ်ပေါ်လာတာပါ။”
နင်ထီက ကျွမ်းကျင်စွာ ရှင်းပြနေသည်။
“ကျွန်မ ဘယ်လောက်အထိ လူကြိုက်များသလဲဆိုတာ သူ့ကိုခံစားစေရမယ်။ သူ့ထက်မြင့်မြတ်ပြီး သူ့ထက်သန်မာတဲ့ လူတွေတောင် ကျွန်မရဲ့ခြေရင်းမှာ ဝပ်တွားနေကြတာလေ။ အဲဒီအခါကျမှ သူက ကျွန်မ ဘယ်လောက်အထိအဖိုးတန်သလဲဆိုတာ သိလာမယ်၊ ပြီးတော့ သူ့မှာ စိုးရိမ်စိတ်တွေ ဝင်လာလိမ့်မယ်...”
အစိမ်းရောင်ဝတ်အစေခံမလေးက ထပ်မံ၍ခေါင်းငြိတ်လိုက်သည်။
သူမ သဘောတူ၏။
သာမန်ပစ္စည်းတစ်ခုနှင့် လူအများလုနေကြသော ပစ္စည်းတစ်ခုမှာ တန်ဖိုးချင်းမတူပေ။
ဒုတိယတစ်ခုက ပိုင်ဆိုင်လိုစိတ်ကို ပို၍နှိုးဆွပေးနိုင်သည်။
ကျန်းချန်သာ နင်ထီအပေါ် ပြင်းထန်သောပိုင်ဆိုင်လိုစိတ်ရှိလာလျှင် မျက်စိသုံးလုံးကျား၏စွမ်းအားကို အသုံးချရန် အလွန်လွယ်ကူသွားပေလိမ့်မည်။
“ဒုက္ခပါပဲ၊ ဒုက္ခပါပဲ...”
အစေခံမလေးတစ်ဦးမှာ ထိတ်လန့်တကြား ပြေးဝင်လာပြန်သည်။
“အကြီးအကျယ် ဖြစ်ကုန်ပြီ။”
“ဘာလို့ ဒီလောက်တောင်လန့်နေရတာလဲ။”
နင်ထီ၏ လှပသောမျက်နှာမှာ တည်သွားပြီး မင်းသမီး၏အရှိန်အဝါကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
“ဂိုဏ်းချုပ်ကျန်းဆီမှာ အကြီးအကျယ်ဖြစ်ကုန်ပြီ...”
ငါ သိပါတယ်၊ အဲဒီလူတွေ ဝိုင်းထားတာမဟုတ်လား။ ဘာတွေ ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ။
“မင်းသားလေး၊ စစ်သူကြီးလေး... သူတို့...”
အစေခံမလေးမှာ ငိုနေလေပြီ။
“သူတို့အကုန်သေကုန်ပြီ။”
“မင်း ဘာပြောလိုက်တာလဲ။”
နင်ထီနှင့် အစိမ်းရောင်ဝတ်အစေခံမလေးတို့မှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သရဲမြင်လိုက်ရသကဲ့သို့ အမူအရာများ ဖြစ်သွားကြသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“ဘယ်သူက သူတို့ကိုသတ်ရဲမှာလဲ။”
“ဘယ်သူက သူတို့ကိုသတ်နိုင်မှာလဲ။”
သတင်းလာပို့သည့် အစေခံမလေးကိုယ်တိုင်လည်း မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။
“အဲဒါ... အဲဒါ ကျန်းချန်ပဲ...”
“မဖြစ်နိုင်တာ။”
“ကျွန်မကိုယ်တိုင်မြင်ခဲ့တာပါ။”
နင်ထီ၏ လှပသောမျက်လုံးများမှာ ပြူးကျယ်သွားပြီး ၎င်းသည် အမှန်တရားဖြစ်သည်ကို လုံးဝမယုံကြည်နိုင်ဘဲ ဖြစ်နေသည်။
ကျန်းချန်က ဝိုင်းရံခံထားရပြီး အန္တရာယ်ဖြစ်နေရမှာ မဟုတ်ဘူးလား၊ သူမ ကယ်တင်တာကို စောင့်နေရမှာ မဟုတ်ဘူးလား...
ဘယ်လောက်တောင်ကြာသွားလို့လဲ။ အဲဒီလူတွေ ကျန်းချန်ဆီဝင်သွားတာ စကားတစ်ခွန်း နှစ်ခွန်း ပြောရုံလောက်ပဲ ရှိသေးတာမဟုတ်လား...
သူတို့အကုန်လုံး အသတ်ခံလိုက်ရတာလား။ သူက ကောင်းကင်ကံကြမ္မာအဆင့် ၄ ပဲ ရှိတာလေ၊ ဘယ်လိုလုပ် ဒီလိုမျိုးလုပ်နိုင်မှာလဲ...
စောစောကတင် သူမသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်ဟုထင်ခဲ့ပြီး နောက်မှ ခန့်ညားစွာထွက်လာဖို့ တွေးနေခဲ့ခြင်းဖြစ်သည်။
ထိုတစ်သိုက်ကိုဆူပူလိုက်ပြီး ကျန်းချန်၏နှလုံးသားထဲတွင် မြင့်မြတ်ပြီးမမေ့နိုင်သော ပုံရိပ်တစ်ခု ချန်ရစ်ရန် ကြံစည်ထားသည်လေ။
အခုတော့ သူမရဲ့အစီအစဉ်က စတောင်မစရသေးခင် ပျက်စီးသွားခဲ့ပြီ။ အကြောင်းမှာ သူမထွက်လာဖို့ မလိုတော့သောကြောင့်ပင်။
သူမနှင့် အစိမ်းရောင်ဝတ်အစေခံမလေးတို့ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့်အခါတွင်တော့ ဤနေရာမှာ အလွန်ပင်စည်ကားနေသည်။
ဗုံတီးသံ၊ တူရိယာသံများနှင့်အတူ သီချင်းဆိုကခုန်သံများမှာလည်း ဟိန်းထွက်နေသည်။
တိုက်ပွဲကပြီးသွားပြီဖြစ်သော်လည်း မိုချန်ပေးလိုက်သည့် သယ်သွားလို့ရတဲ့အကအဖွဲ့မှာတော့ အလုပ်ရှုပ်နေဆဲ။
ခြံဝင်းအတွင်းနှင့် လှေကားထစ်များပေါ်တွင် သွေးများစွန်းထင်းနေပြီး အလောင်းဆယ့်သုံးလောင်းမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
ပွဲတော်တစ်ခုကဲ့သို့ သီချင်းဆိုကခုန်နေသည့်မြင်ကွင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော အလောင်းများမှာ ဆန့်ကျင်ဘက်ဖြစ်နေပြီး အမျိုးသမီးနှစ်ဦးကို အသက်ရှူကျပ်သွားစေသည်။
အစ်ကိုကြီးချန်ကတော့ စိတ်ပါလက်ပါနှင့် ပစ္စည်းကောက်နေပြီး အလုပ်ကြိုးစားသော ပျားလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
သူတို့ရောက်လာသည့်တိုင်အောင် သူက ခေါင်းမော့၍ပင်မကြည့်။
“မဆိုးဘူး၊ မဆိုးဘူး၊ နောက်ထပ် အဆင့် ၈ ဝိညာဉ်လက်နက်တစ်ခု။”
“မဆိုးဘူး၊ ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ၊ ချမ်းသာပြီ။”
“ဪ... ဒီသိုင်းပညာက ပါယွန်းခန်းမထက်တောင် ပိုပြီးအဆင့်မြင့်တာပဲ၊ ပြီးတော့ ဒါက အပြည့်အစုံပဲ။”
“အမြတ်အစွန်းကြီးတာပဲ၊ ဟားဟားဟား။”
သူသည် လူတိုင်း၏သိုလှောင်လက်စွပ်များကို အမြန်ချွတ်ယူပြီး ရရှိလာသောပစ္စည်းများကို စနစ်တကျခွဲခြားကာ မတူညီသောလက်စွပ်များထဲသို့ ထည့်နေသည်။
သူ၏ လေးနက်နေသော အမူအရာကြောင့် အမျိုးသမီးနှစ်ဦးမှာ ခဏမျှ ကြားဖြတ်ပြောဖို့ အကြောင်းပြချက်မရှာနိုင်ဘဲဖြစ်နေ၏။
သူအလုပ်ပြီးသွားသည့်အခါမှသာ နင်ထီသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တည်ငြိမ်သောလေသံဖြင့် မေးလိုက်သည်။
“ရှင်သူတို့အားလုံးကို သတ်လိုက်တာလား။”