← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁) - လွန်ကဲသော လက်သီးချက်

~ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လျူဆွေဖုန်းနှင့် သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်တို့၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေ၏။ သူတို့သည် ရွှမ်ကျီတောင်ကြား၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိနေသော ကျောက်လိုဏ်ဂူ တစ်ခုရှေ့သို့ ရောက်သည်အထိ တစ်ရှိန်ထိုး ပြေးလွှားသွားကြ၏။

လိုဏ်ဂူတွင် တံခါးတစ်ချပ် ရှိပြီး၊ ယခုအချိန်တွင်မူ ထိုတံခါးမှာ ဟင်းလင်းပွင့်နေချေသည်။

လိုဏ်ဂူအဝင်ဝ အထက်တွင် စာလုံးကြီး သုံးလုံး ထွင်းထုထားသည်... "ရွှမ်ကျီလိုဏ်ဂူ" ဟူ၍တည်း။

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်သည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်၊ ပတ်ဝန်းကျင်ကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ရာ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားလေ၏။ သူသည် တုံ့ဆိုင်းမနေဘဲ ရွှမ်ကျီလိုဏ်ဂူအတွင်းသို့ အလျင်စလို ပြေးဝင်သွားတော့၏။

လျူဆွေဖုန်းလည်း သူ့နောက်မှ ကပ်လိုက်သွားသည်။ သို့သော် မြေပြင်ပေါ်ရှိ အလောင်းအချို့ကို မြင်သောအခါ သူ၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွားလေ၏။

"ဒါတွေက ရွှမ်ကျီလိုဏ်ဂူရဲ့ အစောင့်တွေလား"

ထိုအချိန်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့လည်း ရောက်ရှိလာကြပြီ ဖြစ်သည်။ မြေပြင်ပေါ်ရှိ အလောင်းများသည် အခြေအနေ ဆိုးရွားလှ၏။ တချို့မှာ ဦးခေါင်းပြတ်နေပြီး၊ တချို့မှာ ခါးမှနေ၍ ထက်ပိုင်းပြတ်နေကြ၏။

"ငါ ချန်မင်းနဲ့ ခင်မင်လာတာ ဆယ်နှစ်ကျော်ပြီ... ဒါပေမဲ့ ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး"

လျူဆွေဖုန်းသည် ဆုမိုနှင့် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်ပြီး သတိပေးလိုက်သည်။

"ဒီနေရာမှာ အပြောင်းအလဲ တစ်ခုခု ဖြစ်နေပြီ... သတိထားကြ"

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် လျူဆွေဖုန်းက ဦးဆောင်ပြီး လိုဏ်ဂူထဲသို့ ဝင်သွားရာ၊ သူတို့နှစ်ဦးလည်း နောက်မှ ကပ်လိုက်သွားကြလေ၏။

အတွင်းသို့ ရောက်သည်နှင့် နေရာတိုင်းတွင် အလောင်းများကို တွေ့လိုက်ရ၏။

သူတို့ ရွှမ်ကျီတဲအိမ်တွင် တိုက်ခိုက်နေစဉ်၊ တစ်စုံတစ်ယောက်က အခွင့်ကောင်းယူပြီး ဤလိုဏ်ဂူကို ဝင်စီးသွားခြင်း ဖြစ်ပေမည်။

တိုက်ပွဲကြောင့် လူအသေအပျောက် ရှိရုံသာမက၊ လိုဏ်ဂူအတွင်းရှိ ယန္တရားများစွာလည်း ဖျက်ဆီးခံထားရလေ၏။

အစပိုင်းတွင် သုံးဦးသား သတိကြီးကြီးထားပြီး သွားနေကြသော်လည်း၊ နောက်ပိုင်းတွင် လိုဏ်ဂူ အတွင်းပိုင်းသို့ အရှိန်ဖြင့် ပြေးဝင်သွားကြ၏။

လိုဏ်ဂူလမ်းကြောင်းသည် ကြမ်းတမ်းလှ၏။ နောက်ဆုံးတွင် အခြား ကျောက်တံခါးတစ်ချပ် ပေါ်လာသည်။

ဤကျောက်တံခါးသည် ယန္တရားတစ်ခုခုဖြင့် ဖွင့်ရမည့်ပုံ ပေါ်သော်လည်း၊ လိုဏ်ဂူအတွင်း မမျှော်လင့်ထားသော အခြေအနေများကြောင့် ယန္တရားကို အေးဆေး ရှာဖွေနေရန် အချိန်မရှိတော့ပေ။

ဆုမို ရှေ့ထွက်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ဖြန့်လိုက်လေ၏။ လုံရှန်းဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ်စတင်လည်ပတ်လာသည်နှင့် နဂါးဟိန်းသံ၊ ဆင်ပြောင်အော်သံများ လေထုထဲတွင် ပဲ့တင်ထပ်သွား၏။ သူသည် ကျောက်တံခါးကို လက်သီးဖြင့် ထိုးခွဲရန် ရွယ်လိုက်သည်။

သို့သော် မထင်မှတ်ထားဘဲ၊ ထိုအချိန်မှာပင် ကျောက်တံခါးသည် သူ့အလိုလို ပွင့်သွားလေ၏။

လူရိပ်တစ်ခု သူတို့ဘက်သို့ တိုးဝင်လာ၏။

ရုတ်တရက်မို့ ဆုမို ကြောင်သွားသော်လည်း၊ ထိုလူရိပ်ကမူ တွေဝေခြင်း အလျဉ်းမရှိ။ သူက လက်ဝါးကို ဆန့်ထုတ်လိုက်ရာ၊ တောက်ပသော သွေးရောင်များ လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။

ဤလူ ထုတ်ဖော်ပြသလိုက်သော စွမ်းအားသည် သွေးပြောင်းလဲခြင်း၊ သွေးလောင်ခြင်း သို့မဟုတ် သွေးခဲခြင်း ကျင့်စဉ်များနှင့် လုံးဝ မတူပေ။

ထိုသုံးမျိုးသည် မိမိကိုယ်ကို သွေးရောင် ချီစွမ်းအင်များဖြင့် လွှမ်းခြုံထားခြင်းသာ ဖြစ်ပြီး၊ ကျင့်ကြံသူ၏ အနှစ်သာရကို မပြောင်းလဲစေပေ။

သို့သော် ဤလူ၏ လက်ဝါးပေါ်မှ အရောင်မှာမူ အတွင်းမှ စိမ့်ထွက်လာသကဲ့သို့ ဖြစ်နေပြီး၊ လက်ဝါးတစ်ဖက်လုံးကို လတ်ဆတ်သော သွေးများဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေချေသည်။

လျူဆွေဖုန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။

"ယူချွမ်သွေးလက်ဝါး ... လူငယ်လေး သတိထား... ထိပ်တိုက် မရင်ဆိုင်နဲ့"

ယူချွမ်သွေးလက်ဝါးသည် ယူချွမ်ကျင့်စဉ်မှ မြစ်ဖျားခံ၏။ တိုက်ခိုက်လိုက်သူမှာ သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်မှတစ်ပါး အခြားသူ မဟုတ်ပေ။

သွေးပင်လယ် ကောင်းကင်ဖာထေးခြင်း ကျမ်းကို ကျင့်ကြံထားသူများအနေဖြင့်၊ ယူချွမ်ကျင့်စဉ်မှ အဆင့်မြင့် သိုင်းပညာ နှစ်ခုကိုသာ ခက်ခက်ခဲခဲ ထုတ်သုံးနိုင်လေ၏။

တစ်ခုမှာ ယူချွမ်လက်ဝါး ဖြစ်ပြီး၊ အခြားတစ်ခုမှာ ဤ ယူချွမ်သွေးလက်ဝါး ဖြစ်သည်။

ယူချွမ်လက်ဝါးသည် အတွင်းပိုင်းကို ထိခိုက်စေသည်။ လျူဆွေဖုန်း၏ 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' ၏ ဓားချီ နှင့် ဆင်တူ၏။

ဓားချီ ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် အချိန်ကြာမြင့်စွာ တည်ရှိနေတတ်သည်။

ထို့ကြောင့်ပင် ယင်တောင် သရဲဘုရင်သည် ဆယ်နှစ်ကြာသည်အထိ ဒဏ်ရာ မပျောက်ကင်းခဲ့ခြင်း ဖြစ်သည်။

ယူချွမ်လက်ဝါးလည်း ထိုနည်းတူပင်။ ယူချွမ်ချီစွမ်းအင် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါက အချိန်ကြာမြင့်စွာ မောင်းထုတ်၍ မရနိုင်ပေ။

ဤအကြောင်းကြောင့်ပင် လျူဆွေဖုန်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဆုမို၏ သွေးကျွန်ကျိန်စာ ဖြေဖျောက်နည်းနှင့် တတိယအဆင့် အတွင်းအားများကို မောင်းထုတ်ပေးမှုကြောင့်သာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိလာခြင်း ဖြစ်၏။

သို့သော် ယူချွမ်သွေးလက်ဝါးမှာမူ ကွာခြားသည်။

ဤသိုင်းပညာသည် သွေးပြောင်းလဲခြင်း ကျင့်စဉ် ၏ အထွတ်အထိပ် ပုံစံဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သွေးအဖြစ် ပြောင်းလဲပစ်နိုင်သည်။ ထိမိသည့်နေရာသည် ခဏအတွင်း သွေးအဆိပ်သင့်ပြီး ဆွေးမြည့်သွားစေနိုင်လေ၏။

သို့သော် ယခုအချိန်တွင် ဆုမိုသည် မိမိ၏ စွမ်းအားကို လွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်း ရှိလျှင်တောင်မှ၊ တိုက်ကွက်ကို ရုတ်သိမ်းလိုက်ပါက တစ်ဖက်လူ၏ ယူချွမ်သွေးလက်ဝါးနှင့် ထိမိမည်သာ ဖြစ်သည်။

ထို့ကြောင့် သူသည် စိတ်ကို တင်းထားလိုက်ပြီး လုံရှန်းဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ်ကို အကန့်အသတ်အထိ လည်ပတ်လိုက်တော့သည်။

သူ၏ လက်သီးများ တုန်ခါသွားပြီး ယူချွမ်သွေးလက်ဝါးနှင့် ထိပ်တိုက် တွေ့ဆုံသွားလေ၏။

"ဘုန်း"

သွေးများ ကြမ်းတမ်းစွာ ပန်းထွက်လာပြီး၊ ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွား၏။

လျူဆွေဖုန်းပင်လျှင် ပေါက်ကွဲမှုကြောင့် ပေဆယ်ကျော်ခန့် နောက်သို့ လွင့်စင်သွားသည်။ သို့သော် သူ၏ စူးရှသော မျက်လုံးများဖြင့် ဆုမို၏ လက်သီးနှင့် ယူချွမ်သွေးလက်ဝါး ထိမိသည့် အခိုက်အတန့်တွင်၊ တစ်ဖက်လူ၏ လက်ဝါးပေါ်မှ သွေးအရောင်များ နောက်သို့ လန်သွားသည်ကို သတိထားမိလိုက်သည်။

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်မှာမူ ပို၍ပင် ပြင်းထန်စွာ ခံစားလိုက်ရလေ၏။

သူ့ရင်ထဲသို့ အလွန်အမင်း ကြမ်းတမ်းပြီး ယုတ္တိမရှိသော အတွင်းအားတစ်ခု အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုအားကြောင့် သူ၏ ယူချွမ်ချီစွမ်းအင်များပင် နောက်ပြန်စီးဆင်းကုန်၏။

လှိုင်းလုံးကြီးများ ကမ်းခြေကို ရိုက်ခတ်သကဲ့သို့ ပြင်းထန်လှသည်။

သွေးကြောတိုင်း၊ အရိုးတိုင်း တစ်စစီ ကြေမွသွားသည်။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားသလို ခံစားရသည်။ သူသည် အမြောက်ဆံ တစ်ခုကဲ့သို့ ကျောက်ခန်းထဲသို့ ပြန်လည် လွင့်စင်သွားလေ၏။

ကျယ်လောင်သော အသံကြီးနှင့်အတူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ကျောက်နံရံထဲသို့ စိုက်ဝင်သွား၏။

ကျောက်နံရံထဲသို့ တစ်ပေခန့် နစ်ဝင်သွားပြီး၊ သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ အက်ကြောင်းများ ဘေးပတ်လည်သို့ ဖြာထွက်သွားလေ၏။

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်၏ အရိုးစု တစ်ခုလုံး ကြေမွသွားပြီ ဖြစ်သည်။ လက်ချောင်းလေး တစ်ချောင်းပင် မလှုပ်နိုင်တော့။ ကျောက်နံရံပေါ်မှ ပြန်ဆင်းဖို့ ဆိုသည်မှာ တွေးတောင် မတွေးရဲတော့ပေ။

"... ဒါ... ဒါ... မဖြစ်နိုင်ဘူး..."

ကျောက်နံရံထဲတွင် မြှုပ်နှံထားလျက်သား၊ သူ မရေမရာ ရေရွတ်လိုက်မိသည်။ သို့သော် ကံဆိုးစွာဖြင့် စကားလုံးများ ပီသစွာ မထွက်နိုင်တော့ပေ။

ဤအသေးစိတ် အချက်အလက်များကို လျူဆွေဖုန်းက သူ၏ ထက်မြက်သော မျက်လုံးများဖြင့် အကဲခတ်မိလိုက်သည်။ သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင် ခံစားလိုက်ရသော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို သူ နားလည်လိုက်လေ၏။

ယန်ရှောင်ယွင်ကမူ ဆုမို၏ နောက်ကျောတွင် ကွယ်နေသဖြင့်၊ ဆုမို တံခါးကို ထိုးဖွင့်လိုက်သည်၊ တံခါးပွင့်သွားသည်နှင့် လူတစ်ယောက် လွင့်ထွက်သွားသည်... ပြီးတော့ 'ဒုန်း' ခနဲ အသံမြည်ပြီး ထိုလူ ပျောက်သွားသည်... ဤမျှသာ မြင်လိုက်ရ၏။

ဆုမိုသည် လက်သီးထိုးထားသော ပုံစံအတိုင်း မလှုပ်မယှက် ရပ်နေသည်။ ယန်ရှောင်ယွင် စိတ်ပူသွားပြီး အလျင်စလို မေးလိုက်သည်။

"နင်... အဆင်ပြေရဲ့လား"

"ပြေပါတယ်... ပြေပါတယ်"

ဆုမိုက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

"တံခါးဖွင့်လိုက်တာနဲ့ ရုတ်တရက် ထွက်လာလို့ လန့်သွားတာပါ... ဒီတံခါးက ယန္တရားက တော်တော် ကြမ်းတာပဲ"

လျူဆွေဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။ ဒီဂျူနီယာလေးကို သူ လျှော့တွက်မိမှန်း နားလည်လိုက်၏။

ဆုမို၏ စွမ်းအားက ဒီလောက်တောင် နက်ရှိုင်းမှန်း စောစောကတည်းက သိရင်၊ သူ ဘာလို့ ဒဏ်ရာတွေနဲ့ သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်ကို ခက်ခက်ခဲခဲ ခုခံနေပါ့မလဲ။

မင်းမှာ ဒီလောက် အရည်အချင်းရှိမှတော့ မင်းပဲ ဝင်တိုက်လိုက်ပါလားကွာ။

သို့သော် သိုင်းလောက စီနီယာ တစ်ယောက်အနေနှင့် ၊ ပြီးတော့ 'ယွီလျိုဓားနှလုံးသား' တစ်ယောက်အနေနှင့် ဒီလိုစကားမျိုး ပြောထွက်ဖို့ ခဲယဉ်းလှသည်။

ထိုစဉ် ဆုမို မျက်လုံးများ ပြူးကျယ်သွားပြီး နှုတ်ခမ်းများ လှုပ်ရှားသွားလေ၏။

"တကယ်ပဲ ခင်ဗျားကိုး... ခင်ဗျားက ဘာလို့ နေရာတိုင်းမှာ ရှိနေရတာလဲ"

ကျောက်ခန်းထဲတွင် နံရံ၌ ကပ်နေသော သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်အပြင်၊ အခြား လူတစ်ယောက်လည်း ရှိနေသေးသည်။

အရပ်ရှည်ရှည်နှင့်၊ လက်တစ်ဖက်တည်းဖြင့် ဓားကို ကိုင်ထားသည်။ လိုက်ဖမ်းရန် ပြင်ဆင်နေပုံ ရသော်လည်း၊ လိုက်မဖမ်းရသေးခင် အခြေအနေက အေးခဲသွားခြင်း ဖြစ်သည်။

သူ၏ လက်ထဲမှ ဓားရှည်သည် ခပ်စောင်းစောင်း ဖြစ်နေပြီး၊ အလွန် ရှည်လျားလှ၏။ ခုနစ်ပေခန့် ရှည်သည်။

ချီလင် ဓားသမား ပင်။

သူက ဆုမိုကို တစ်ချက်ကြည့်လိုက်သည်။ ပြီးတော့ နံရံတွင် ကပ်နေသော သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်ကို ကြည့်ပြီး ခေါင်းခါလိုက်လေ၏။

"မင်းရဲ့ သိုင်းပညာက အရင်လိုပဲ... ယုတ္တိမရှိဘူး... ကြမ်းတမ်းလိုက်တာ"

ချီလင် ဓားသမားသည် စကားပြောရင်း ဓားရှည်ကို လေထဲသို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်သည်။ ဓားပြန်ကျလာသောအခါ 'ထန်' ခနဲ အသံမြည်သွားပြီး ဓားအိမ်ထဲသို့ ဝင်သွားသည်။ ဓားက ရှည်လွန်းသဖြင့် ဓားအိမ်ထဲ ဝင်သည့် အသံမှာ ပုံမှန်ထက် ပိုရှည်ကြာနေ၏။

သူ လှည့်ထွက်လာပြီး ဆုမိုနှင့် လျူဆွေဖုန်းကို လျစ်လျူရှုလိုက်သည်။ နံရံကပ်နေသော သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်ထံသို့ သွားပြီး တစ်စုံတစ်ခုကို ရှာဖွေရင်း ရေရွတ်လိုက်လေ၏။

"ကြေမွလွန်းတယ်ကွာ... ဟိုတစ်ညက အလောင်းကို ရှင်းဖို့တောင် သူ တစ်ညလုံး အချိန်ကုန်ခဲ့တာ... ဒီကောင်က နည်းနည်း တော်သေးတယ်... အပြင်အရေပြားပဲ ကောင်းတာ... အတွင်းထဲကတော့ အကုန် ကြေမွသွားပြီ"

"မင်း ဘာတွေ စားထားလို့ ဒီလောက် ခွန်အားကြီးနေရတာလဲကွ"

သူ၏ ရေရွတ်သံများကို နားထောင်ရင်း ယန်ရှောင်ယွင်က ဆုမိုကို အံ့သြတကြီး ကြည့်လိုက်သည်။

"နင် သူ့ကို သိလား"

"သိပ်တော့ မသိပါဘူး"

ဆုမို ဇဝေဇဝါ ဖြစ်နေသည်။ အစောပိုင်းက ရွှမ်ကျီတဲအိမ်ထဲမှာ ချီလင် ဓားသမားနှင့် တူသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသလိုလို ရှိခဲ့သည်။

တကယ်ပဲ သူ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ပိုပြီး အံ့သြစရာ ကောင်းတာက... သူ ဘာလို့ ဒီ ရွှမ်ကျီလိုဏ်ဂူထဲ ရောက်နေရတာလဲ။

လျူဆွေဖုန်းသည် ထိုလူ၏ ဘေးနားရှိ ကျောက်စားပွဲ တစ်ခုကို လှမ်းမြင်လိုက်သည်။ စားပွဲပေါ်တွင် မီးအိုး၊ ရေအိုး၊ ရေခဲတုံးများနှင့် ပုလင်းအမျိုးမျိုး ရှိနေသည်။ ဘာအတွက် သုံးလဲ ဆိုတာတော့ မသိရပေ။

ရုတ်တရက် ချီလင် ဓားသမား၏ ရယ်သံ ထွက်ပေါ်လာ၏။

"တွေ့ပြီ... မမျှော်လင့်တဲ့ ဆုလာဘ်တောင် ပါသေးတယ်"

ပြောရင်းဆိုရင်း သူက သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်လေ၏။

တစ်ခုမှာ လေးထောင့်သေတ္တာငယ် တစ်ခု ဖြစ်သည်။

နောက်တစ်ခုကတော့ ပန်းချီကားလိပ် တစ်ခု ဖြစ်သည်။

"ဟမ်... ဒီပန်းချီကားလိပ်က ရင်းနှီးနေသလိုပဲ"

လျူဆွေဖုန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး၊ ချီလင် ဓားသမားကို ကြည့်ကာ ပြောလိုက်လေ၏။

"ဒါက ကျုပ်ရဲ့ ယွီလျိုစံအိမ်က ပစ္စည်းနဲ့ တူနေပါလား”

အခန်း (၉၂) - ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား

~"ဘယ်သူက သဘောမတူဘဲ နေမှာလဲ"

ချီလင်ဓားသမားသည် သူ၏ လက်ထဲရှိ ပန်းချီကားလိပ်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး၊ ခဏမျှ စဉ်းစားဟန်ပြုကာ အသာအယာ ပြုံးလိုက်လေ၏။ ထို့နောက် လျူဆွေဖုန်းထံသို့ ပစ်ပေးလိုက်တော့၏။

"ရော့... သေချာ သိမ်းထား... ဒီပစ္စည်းက အသေးအဖွဲ ကိစ္စ မဟုတ်ဘူး... နောက်တစ်ခါ ထပ်ပျောက်သွားရင် ကျုပ်ကတော့ လိုက်ရှာပေးမှာ မဟုတ်ဘူးနော်"

လျူဆွေဖုန်း အံ့အားသင့်သွားရလေ၏။ ဒီလူက အလွယ်တကူ ပြန်ပေးလိမ့်မည်ဟု မထင်ထားခဲ့သော်လည်း၊ မထင်မှတ်ထားဘဲ အမှန်တကယ်ပင် ပြန်ပေးလိုက်ခြင်း ဖြစ်၏။

ချက်ချင်းပင် သူသည် ပန်းချီကားလိပ်ကို ဖြည်လိုက်ပြီး ဖွင့်ကြည့်လိုက်လေ၏။

မင်ရည်ဖြင့် ရေးဆွဲထားသော ရှုခင်းပန်းချီကား၊ အဝေးမှ တောင်တန်းမြင်ကွင်းများ... အမှန်တကယ်ပင် ယွီချင်းတောင် ဖြစ်နေပြီး၊ ယွီကျင်းရေကန်လည်း ပန်းချီကားထဲတွင် တောက်ပနေသည်ကို တွေ့ရ၏။

တစ်ချက်ကြည့်ပြီး ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက်၊ လျူဆွေဖုန်းသည် ပန်းချီကားလိပ်ကို ပြန်ပိတ်လိုက်ပြီး၊ လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်လေ၏။

"ကျေးဇူးတင်ပါတယ်"

ထိုသို့ ပြောပြီးနောက် သူ တွန့်ဆုတ်နေဟန် ပြလေ၏။ ပါးစပ်ကို ဟလိုက်သော်လည်း၊ ဘယ်ကစပြီး ပြောရမှန်း မသိသည့်ဟန် ဖြစ်နေ၏။

ချီလင်ဓားသမားသည် လေးထောင့်သေတ္တာငယ်ကို သူ၏ ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။

"အဲဒါ... မင်း... ပိုင်ဆိုင်တဲ့ အရာ... မဟုတ်ဘူး..."

နံရံတွင် ကပ်နေသော သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်သည် ယခုအချိန်ထိ မသေသေးဘဲ ရှိနေသေး၏။ သူသည် 'သွေးပင်လယ် ကောင်းကင်ဖာထေးခြင်း ကျမ်း' ကို ကျင့်ကြံထားသဖြင့်၊ သူ၏ အသက်စွမ်းအင်မှာ တကယ့်ကို ကြံ့ခိုင်လှပေသည်။

ယခုတွင် အံကိုတင်းတင်းကြိတ်ပြီး သူ ပြောလိုက်လေ၏။

"အကယ်၍ မင်းသာ ဒီပစ္စည်းကို ကိုယ်ကျိုးအတွက် ယူသွားမယ်ဆိုရင်... ငါ... ငါတို့ ယူချွမ်ဂိုဏ်းက... အထက်အောက် အကုန်လုံး... မင်းနဲ့... သေတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်... အဆုံးမသတ်မချင်းပေါ့"

"ငါ့အပိုင် မဟုတ်ရင်၊ မင်းအပိုင်လို့ ပြောချင်တာလား"

ထိုအခါ၊ ချီလင်ဓားသမားသည် လှည့်ကြည့်လိုက်ပြီး ပြန်မေးလိုက်လေ၏။

"ယူချွမ်ဂိုဏ်းသားတွေက တကယ့်ကို အရှက်မရှိကြဘူးပဲ"

" ဘယ်လိုလုပ်... ငါ့အပိုင် မဟုတ်ရမှာလဲ... ငါတို့ဂိုဏ်းရဲ့ သွေးပြောင်းလဲခြင်းအမိန့် ခေါင်းဆောင်က... နှစ်ပေါင်း (၂၀) လုံးလုံး ကြိုးစားအားထုတ်ခဲ့ရတာ... အခုမှ... အခုမှ ရှာတွေ့တာ... မင်း... မင်းက ဘယ်လိုလုပ် ဒါ ငါတို့ဂိုဏ်းပိုင် မဟုတ်ဘူးလို့ ပြောရက်တာလဲ"

သူ စကားကို ဒီအထိ ပြောပြီးနောက်၊ ရုတ်တရက် လျူဆွေဖုန်းနှင့် ဆုမိုဘက်သို့ လှမ်းကြည့်လိုက်ပြီး၊ မဲ့ပြုံး ပြုံးလိုက်လေ၏။

"ကံကောင်းခြင်းကြီးက မင်းတို့ရှေ့မှာ ရောက်နေပြီ... မင်းတို့... ကံကောင်းသွားပြီ... သူ သိမ်းထားတဲ့ အရာက... 'တာ့ရွှမ်မင်းဆက်'ရဲ့ 'တာ့ရွှမ်လက်နက်တိုက်' ကို ဖွင့်နိုင်တဲ့ သော့ချက်... 'ဆန်းကြယ် ယန္တရား' ပဲ"

"ဆန်းကြယ် ယန္တရား" ဟု ပြောလိုက်ရုံမျှဖြင့် လျူဆွေဖုန်း ဖြစ်စေ၊ ဆုမို ဖြစ်စေ၊ သိုင်းလောကသားမှန်လျှင် သဘာဝကျကျ မျက်စိကျလာလိမ့်မည်ဟု သူ မျှော်လင့်ထားလေ၏။

သူကိုယ်တိုင် ဒီလိုအခြေအနေ ရောက်နေပေမယ့်၊ ဒီလူသုံးယောက်ကို အလွယ်တကူ လွတ်မြောက်သွားစေချင်စိတ် မရှိသေးပေ။

အကယ်၍ သူတို့အချင်းချင်း သေမလောက် ပြန်တိုက်ခိုက်ကြလျှင် ပိုကောင်းသည်ဟု တွေးထားလေ၏။

သူ ထင်ထားသည့်အတိုင်းပင်၊ ချီလင်ဓားသမား၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး လျူဆွေဖုန်းကို လှမ်းကြည့်လိုက်၏။

လျူဆွေဖုန်း၏ မျက်ခုံးများကမူ တင်းကျပ်စွာ တွန့်ချိုးသွားပြီး လက်ထဲမှ ပန်းချီကားလိပ်ကို စိုက်ကြည့်နေလေ၏။

ဆုမို၏ နှုတ်ခမ်းများ တွန့်သွားသည်။ အစောပိုင်းက သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်သုံးဦး၏ စကားဝိုင်းကို ခိုးနားထောင်ခဲ့ဖူးသဖြင့်၊ သဲလွန်စအချို့ကို ရိပ်မိနေပြီး ဖြစ်၏။ ယခု သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်၏ စကားများက အတည်ပြုလိုက်သလို ဖြစ်သွားသဖြင့်၊ ဆက်လက် စဉ်းစားနေစရာ မလိုတော့ပေ။

တကယ်ပဲ ဒီကိစ္စနဲ့ ပတ်သက်နေတာကိုး။

ယန်ရှောင်ယွင်က စပ်စုချင်စိတ်ဖြင့် ခေါင်းပြူကြည့်လိုက်ရာ၊ ဆုမိုက သူမခေါင်းကို အသာအယာ ဖိချလိုက်လေ၏။

သို့သော်... သူတို့အားလုံး၏ တုံ့ပြန်မှုမှာ ဒီလောက်ပင် ဖြစ်၏။

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင် အနည်းငယ် ကြောင်သွားပြီး၊ အလျင်စလို ဆက်ပြောလိုက်လေ၏။

"လျူဆွေဖုန်း... လျူဆွေဖုန်းရဲ့ မိသားစု အမွေအနှစ် ဖြစ်တဲ့... 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား'... အဲဒီထဲမှာလည်း သဲလွန်စတွေ ရှိတယ်... နောက်ထပ် 'ဆန်းကြယ် ယန္တရား' တစ်ခုဆီကို ညွှန်ပြနေတာ... မင်းတို့ထဲက အရည်အချင်းရှိတဲ့သူက... သဘာဝကျကျပဲ... နှစ်ခုလုံးကို တိုက်ရိုက် ရယူနိုင်မှာပေါ့"

ယန်ရှောင်ယွင် အံ့အားသင့်သွားပြီး မေးလိုက်သည်။

"သူ တကယ်ပဲ 'တာ့ရွှမ်လက်နက်တိုက်' ရဲ့ 'ဆန်းကြယ် ယန္တရား' အကြောင်း ပြောနေတာလား... ဒီလိုပစ္စည်းတွေက တစ်ခုမက ရှိနေတာလား"

"အစ်မယွင်... ဒီပေါက်ကရတွေကို နားမထောင်ပါနဲ့"

ဆုမိုက သူမကို သူ့နောက်ကျောဘက်သို့ ဆွဲယူလိုက်လေ၏။

"..."

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင် ဒေါသထွက်သွားသည်။

"ဒါက ဘယ်လိုလုပ်... ပေါက်ကရ ဖြစ်ရမှာလဲ... ကောင်လေး... ကောင်းကင်နဲ့ မြေကြီး ဘယ်လောက်ကျယ်ဝန်းမှန်း မသိတဲ့ ကောင်လေး... ဗဟုသုတ နည်းပါးလိုက်တာ... ဒီ 'ဆန်းကြယ် ယန္တရား' က..."

"တော်လိုက်ပါတော့ဗျာ"

ဆုမို နှာခေါင်းရှုံ့လိုက်လေ၏။

"'ဆန်းကြယ် ယန္တရား' တစ်ခုကြောင့် သွေးချောင်းစီးမှုတွေ၊ သတ်ဖြတ်မှုတွေ ဘယ်လောက် ဖြစ်ခဲ့ပြီလဲ... 'တာ့ရွှမ်လက်နက်တိုက်' ရဲ့ အရိပ်အယောင်တောင် မမြင်ရသေးဘူး... ခင်ဗျားက တကယ်ပဲ ဒါကို အကောင်းမှတ်နေတာလား... အလကားပေးရင်တောင် ကျွန်တော် ယူချင်မှ ယူမှာ"

"ဟားဟားဟား"

ချီလင်ဓားသမားက ဆုမိုကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်လေ၏။

"မင်းကို ငါ သဘောကျတာ အဲဒါပဲ... မင်းနဲ့ မဆိုင်တဲ့ ကိစ္စဆိုရင်... မျက်စိရှေ့မှာ အကျိုးအမြတ်ကြီးကြီးမားမား ရှိနေရင်တောင်... မင်းက မျက်ကွယ်ပြုထားနိုင်တယ်"

"ဒါက မိုက်မဲတာ မဟုတ်ဘူး... ဉာဏ်ရှိတာ... သိုင်းလောကမှာ သာမန်လူတွေက များပါတယ်... အများစုက သစ်ပင်ကိုမြင်ပြီး တောအုပ်ကို မမြင်ကြဘူး... အကျိုးအမြတ်ကိုပဲ မြင်ပြီး နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ အန္တရာယ်ကို သတိမမူမိကြဘူး... ဒါပေမဲ့ မင်းက အဲဒီလိုလူမျိုး မဟုတ်ဘူး..."

"မင်းရဲ့ သတိထားမှုက နည်းနည်း လွန်ကဲကောင်း လွန်ကဲနိုင်ပေမယ့်... မင်းရဲ့ မျက်လုံးတွေက ရှင်းလင်းပြတ်သားတယ်"

ပြောပြီးနောက် သူသည် လျူဆွေဖုန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်လေ၏။

လျူဆွေဖုန်းသည် လက်ထဲမှ ပန်းချီကားလိပ်ကို ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်၏။

"ရယ်စရာပဲ... ငါ့မိသားစု အမွေအနှစ်ထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို... သူစိမ်းတစ်ယောက်ရဲ့ ပါးစပ်ကနေ ကြားသိရတယ် ဆိုတာ... ယူချွမ်ဂိုဏ်းက ငါ့ကို ဒုက္ခပေးဖို့ ဒီလောက် ကြိုးစားတာ မဆန်းပါဘူး... ယွီလျိုစံအိမ်ကိုလည်း ပစ်မှတ်ထားခဲ့တာကိုး"

"သူတို့ရဲ့ ဥာဏ်နီဥာဏ်နက်တွေက တကယ် မထင်မှတ်ထားလောက်အောင်ပါပဲ... ဒီလောက် ဒုက္ခပေးတဲ့ ပစ္စည်းဆိုရင်တော့... ဖျက်ဆီးပစ်လိုက်တာက အကောင်းဆုံးပဲ"

လျူဆွေဖုန်းက ပြောသည့်အတိုင်း လုပ်ဆောင်လိုက်လေ၏။

စကားဆုံးသည်နှင့် လက်ထဲမှ ပန်းချီကားလိပ်ကို လေထဲသို့ ပစ်တင်လိုက်ပြီး၊ ဓားချီ တစ်ချက် ဝှေ့ယမ်းလိုက်ရာ 'ချလွင်' ခနဲ အသံနှင့်အတူ ပန်းချီကားလိပ်သည် ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားတော့၏။

ထိုအချိန်တွင် ရှိနေသူ အားလုံးနီးပါး အံ့အားသင့်သွားကြ၏။

ဆုမိုပင်လျှင် လျူဆွေဖုန်း ဤမျှ ပြတ်သားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်မှာမူ ဒေါသထွက်လွန်းသဖြင့် သွေးတစ်ပွက် အန်ချလိုက်ရလေ၏။

ချီလင်ဓားသမားက အားပါးတရ ရယ်မောလိုက်၏။

"ဟားဟားဟားဟားဟား..ကောင်းတယ်..ကောင်းတယ်... လျူဆွေဖုန်း... 'ယွီလျိုဓားနှလုံးသား' ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်ပါတယ်ကွာ"

ဤလူသည် လျှာစောင်းထက်မြက်သူ ဖြစ်သဖြင့်၊ သူ့ပါးစပ်မှ ချီးမွမ်းစကား ကြားရခဲလှသည်။

သို့သော် ဤစကားသည် 'ယွီလျိုဓားနှလုံးသား' ၏ ပြတ်သားမှုကို အမှန်တကယ် လေးစားကြောင်း ဖော်ပြနေခြင်း ဖြစ်၏။

"သူတစ်ပါးကိုလည်း ဒုက္ခပေး၊ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးတဲ့ အရာမျိုးကို သိမ်းထားလို့ ဘာအကျိုးရှိမှာလဲ"

သူ့စကားသည် လိမ်ညာခြင်း မဟုတ်ပေ။ သူ့ဘဝတွင် ဓားမှလွဲ၍ တန်ဖိုးထားသော အရာ အလွန်နည်းပါးလှသည်။

ယွီလျိုစံအိမ်သည် ထိုအထဲမှ တစ်ခုဖြစ်သည်။ ထို့ပြင် 'ဆန်းကြယ် ယန္တရား' ဖြစ်စေ၊ 'တာ့ရွှမ်လက်နက်တိုက်' ဖြစ်စေ၊ သူနှင့် မသက်ဆိုင်ပေ။

'ဆန်းကြယ် ယန္တရား' ဘယ်သံကောင်းကောင်း၊ 'တာ့ရွှမ်လက်နက်တိုက်' မှာ သိုင်းပညာတွေ ဘယ်လောက်များများ... သူ့မိသားစုပိုင် 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' ကို ဘယ်ယှဉ်နိုင်ပါ့မလဲ။

ဒီနှစ်တွေ အတွင်းမှာ သူ အလိုချင်ဆုံး အရာက 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' ကို နောက်ထပ် အဆင့်တစ်ခု တက်လှမ်းနိုင်ဖို့ပါပဲ။

တစ်နေ့နေ့မှာ မူလ (၈၁) ကွက် ရှိသည့် ဒီဓားသိုင်းကို ဓားကွက် တစ်ကွက်တည်း ဖြစ်အောင် ချုံ့ပစ်နိုင်လျှင်... သူ့မှာ ဘာဆန္ဒမှ ရှိတော့မှာ မဟုတ်ပါ။

ထိုသို့.. တကယ် လုပ်နိုင်ပြီ ဆိုလျှင်... 'တာ့ရွှမ်လက်နက်တိုက်' ထဲက ဘယ်အရာကို မက်မောနေစရာ လိုဦးမည်လဲ။

သို့ဖြစ်၍သာ၊ ဒီဓားချက်က အလွန် ပြတ်သားခဲ့ခြင်း ဖြစ်သည်။

သို့သော်... ကြေမွသွားသော ပန်းချီကားလိပ် အပိုင်းအစများ ကြားမှ ရွှေရောင် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး၊ ဖြည်းညှင်းစွာ ကျဆင်းလာသည်ကို တွေ့လိုက်ရလေ၏။

ရှိနေသူများ အံ့သြနေစဉ်၊ ထိုအရာဝတ္ထုကို အားလုံး မြင်တွေ့လိုက်ကြ၏။

လျူဆွေဖုန်းသည် ဓားရှည်ဖြင့် ထိုအရာဝတ္ထုကို လှမ်းဖမ်းလိုက်ပြီး၊ လက်ဖဝါးပေါ်တွင် တင်လိုက်ရာ မျက်ခုံးများ အနည်းငယ် တွန့်သွားလေ၏။

ထိုအရာဝတ္ထုသည် ပုစဉ်းရင်ကွဲ အတောင်ပံကဲ့သို့ ပါးလွှာပြီး၊ ရွှေမဟုတ်၊ သံမဟုတ်၊ ဝါဂွမ်းမဟုတ်၊ ပိတ်စမဟုတ်သော်လည်း၊ အလွန် နူးညံ့ပြီး အလွန် ခိုင်ခံ့လှ၏။

ရှိနေသူများသည် ဗဟုသုတ ကြွယ်ဝသူများ ဖြစ်ကြသော်လည်း၊ ဤအရာဝတ္ထုကို မြင်သောအခါ ချက်ချင်း ခွဲခြားနိုင်ခြင်း မရှိကြပေ။

သို့သော် ထိုအရာဝတ္ထုပေါ်တွင် မြေပုံတစ်ခုနှင့် တူသော ပုံစံတစ်ခု ရှိနေသည်ကို တွေ့ရသည်။

လျူဆွေဖုန်း၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွားပြီး၊ အတွင်းအားကို အသုံးပြုကာ ထိုအရာဝတ္ထုကို ဆွဲဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် လက်ဖဝါးကို အစွမ်းကုန် ဆန့်ထုတ်လိုက်သည့်တိုင်၊ ထိုအရာဝတ္ထုသည် လိုက်ပါ ကျယ်ပြန့်လာပြီး ပျက်စီးမည့် အရိပ်အယောင် လုံးဝ မပြပေ။

"... ဒါ... ဒါဆို... ဒီပစ္စည်းက... တကယ်ပဲ... ပန်းချီကားထဲမှာ ဖုံးကွယ်ထားတာပေါ့... ဒါကြောင့်ကိုး..."

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက်၊ သူ့မျက်လုံးများထဲမှ အသက်စွမ်းအင်များ အားလုံး ကုန်ဆုံးသွားတော့သည်။

မူလကတည်းက လျူဆွေဖုန်း၏ ဓားချက်ဖြင့် ရင်ဘတ်ကို အထိုးခံထားရသော်လည်း၊ 'သွေးပင်လယ် ကောင်းကင်ဖာထေးခြင်း ကျမ်း' ကို အားကိုးပြီး အသက်ဆက်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

လျူဆွေဖုန်းနှင့် တိုက်ခိုက်ပြီးနောက် သူ လုံးဝ အားကုန်ခမ်းသွားခဲ့၏။

သူသည် ယွီချင်းဘုရားကျောင်းတောင် ပန်းချီကားကို ယူရန် ရွှမ်ကျီလိုဏ်ဂူသို့ တကူးတက လာခဲ့သော်လည်း၊ ချီလင်ဓားသမားက ကြိုရောက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချီလင်ဓားသမားနှင့် အပြိုင်အဆိုင် ဖြစ်ပွားပြီးနောက်၊ သူ ပစ္စည်းကို လုယူကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် ဆုမို၏ လက်သီးချက်ကြောင့် နံရံထဲသို့ စိုက်ဝင်သွားပြီး၊ အရိုးကြောများ ကြေမွကာ လက်ချောင်းတစ်ချောင်းမျှ မလှုပ်နိုင်တော့သည်အထိ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ထိုအချိန်ကတည်းက သူ့အသက်သည် ဓားသွားပေါ်က နှင်းစက်လို ဖြစ်နေခဲ့၏။

သို့သော် ဆုမိုတို့၏ တုံ့ပြန်မှုများကြောင့် ဒေါသထွက်ခဲ့ရပြီး၊ လျူဆွေဖုန်း၏ ပြတ်သားသော ဓားချက်ဖြင့် ပန်းချီကားကို ဖျက်ဆီးလိုက်မှုကြောင့် ဒေါသအဟုန် ပြင်းထန်သွားကာ အသက်ထွက်သွားရခြင်း ဖြစ်လေ၏။

ယခုအချိန်ထိ တောင့်ခံထားနိုင်ပြီး အခုမှ သေသွားသည် ဆိုခြင်းကပင် ခေတ်သစ် ဆေးပညာဆိုင်ရာ အံ့ဖွယ်တစ်ခုဟု ဆိုရပေမည်။

အခန်း (၉၃) - ရွှေပိုးကြိုးမြေပုံ

~သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင် သေဆုံးသွားပြီးနောက်၊ ကျောက်ခန်းအတွင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြန်လေ၏။

လူအနည်းငယ် စုဝေးနေကြသော်လည်း၊ သူတို့ရှေ့မှ မြေပုံကိုကြည့်ကာ ခေါင်းကုတ်နေကြတော့၏။

ဒီပစ္စည်းက ပူလောင်နေသည့် အာလူးပူကြီး တစ်လုံးပင်။

အထူးသဖြင့် 'တာ့ရွှမ်လက်နက်တိုက်' သည် အလွန် နိမိတ်မကောင်းသော အရာတစ်ခု ဖြစ်သည်။ ၎င်းနှင့် ပတ်သက်မိသူတိုင်း ကောင်းကောင်းမွန်မွန် ဇာတ်သိမ်းရသည် မရှိပေ။

ယွီမိသားစု ဘယ်လို ပျက်စီးသွားရသလဲ။

'ဆန်းကြယ် ယန္တရား' ကြောင့် ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပါလော။

ယွီလျိုစံအိမ်အတွင်းရှိ ရိုးရှင်းသော ပန်းချီကားလိပ် တစ်ခုထဲတွင် ဤမျှ ကြီးမားသော ပြဿနာကြီး ဖုံးကွယ်နေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

လျူဆွေဖုန်းသည် အတွင်းအားဖြင့် ဆွဲဆုတ်ကြည့်သည်။ ဓားဖြင့် ခုတ်ကြည့်သည်။ သို့သော် ခြစ်ရာတစ်ခုမျှပင် မဖြစ်ပေ။

ထို့နောက် ကျောက်စားပွဲဆီသို့ သွားပြီး မီးဖြင့် ရှို့ကြည့်သည်။ အရာမထင်ပေ။

ရေထဲ နှစ်ကြည့်လိုက်သောအခါ ပို၍ပင် ဆန်းကြယ်သွားသည်။ ပစ္စည်းက ရေထဲတွင် ပျောက်ကွယ်သွားပြီး အရိပ်အယောင်မျှ မတွေ့ရတော့ပေ။

"ဒီစားပွဲပေါ်က ပစ္စည်းတွေက... ယူချွမ်ဂိုဏ်းက ယွီချင်းဘုရားကျောင်းတောင် ပန်းချီကားရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ယူလာတဲ့ ပစ္စည်းတွေ ဖြစ်ရမယ်... မီးနဲ့ရှို့တာလည်း မရ၊ ရေထဲနှစ်လိုက်ရင် ပျောက်သွားတယ်... တခြားဆေးရည်တွေနဲ့လည်း မရဘူး... တစ်ခုတည်းသော နည်းလမ်းက ပန်းချီကားကို ဖျက်ဆီးပစ်လိုက်တာပဲ... သခင်ကြီးလျူက မရည်ရွယ်ဘဲ လုပ်လိုက်မိပေမယ့်... တကယ်တမ်းကျတော့ အမှန်တရားကို ရှာတွေ့သွားတာပဲ"

ထိုသို့၊ ချီလင်ဓားသမားက အံ့သြတကြီး ရေရွတ်လိုက်ပြီး လျူဆွေဖုန်းကို ကြည့်လိုက်လေ၏။

"သခင်ကြီးလျူ... ခင်ဗျား ဒီအာလူးပူကြီးကို လွှတ်ပစ်လို့ ရတော့မှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုသည်ကို ကြားလိုက်ရသောအခါ၊ လျူဆွေဖုန်း မနှစ်မြို့သော မျက်နှာထား ဖြစ်သွားပြီး ဆုမိုကို လှမ်းကြည့်လိုက်သည်။

ဆုမိုက စကားတစ်ခွန်းမှ မပြောဘဲ ယန်ရှောင်ယွင်ကို ဆွဲပြီး ထွက်သွားရန် ပြင်လိုက်သည်။

"သခင်ကြီးလျူ... ဘာပဲဖြစ်ဖြစ် ကျွန်တော်က ခင်ဗျားအသက်ကို ကယ်ခဲ့တာနော်... ကျေးဇူးရှင်ကို ဒုက္ခမပေးသင့်ဘူးလေ"

"..."

လျူဆွေဖုန်းသည် မူလကတည်းက စကားနည်းသူ ဖြစ်သည်။ ထိုစကားကို ကြားသောအခါ ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူ သက်ပြင်းချလိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

"ငါ မင်းကို ဓားတစ်လက် ပေးထားတယ်လေ"

ဆုမို ကြောင်သွားသည်။

ဟုတ်သားပဲ... သူ့ကျောပေါ်က ဓားသေတ္တာထဲမှာ 'နဂါးဟိန်းဓား' ရှိနေသေးတာ လျူဆွေဖုန်း ပေးထားလို့ပဲ။

သူ ချက်ချင်း ဓားကို ဖြုတ်ချလိုက်သည်။ "ပြန်ပေးရမလား"

"... ထားလိုက်ပါတော့"

လျူဆွေဖုန်း လက်လျော့လိုက်သည်။

"ငါ မင်းကို အကြွေးကြီးကြီး တင်သွားပြီ... ဓားတစ်လက်နဲ့ မကျေနိုင်ပါဘူး"

ဆုမိုက လျူဆွေဖုန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"ဒါပေမဲ့ ဒီနေရာမှာ ဂရုမစိုက်တဲ့သူ တစ်ယောက်တော့ ရှိနေတယ်ဗျ"

ချီလင်ဓားသမား နှာခေါင်းရှုံ့လိုက်သည်။ "ဟမ်..."

ဆုမို စကားပြန်မပြောနိုင် ဖြစ်သွားသည်။ သူ ချီလင်ဓားသမား၏ အကြောင်းအချို့ကို သိထားသည်။

သတင်းအစအနလောက်သာ သိထားသော်လည်း၊ အကယ်၍ သူတို့သာ ကျရှုံးသွားခဲ့လျှင်၊ ဒီပစ္စည်းက အရိပ်ထဲမှာ ပုန်းအောင်းနေသည့် အဖွဲ့အစည်းတစ်ခု လက်ထဲ ရောက်သွားနိုင်သည် ဆိုတာကိုတော့ ရိပ်မိထားသည်။

ဒါကြောင့် ဆုမိုက နှုတ်ခမ်းမဲ့ပြီး မေးလိုက်သည်။

"ဒါဆို... ခင်ဗျားက 'ဆန်းကြယ် ယန္တရား' ကို လာရှာတာလား"

"... ဘယ်သူက လာရှာတာလဲ"

ချီလင်ဓားသမား၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ လျူဆွေဖုန်းကို တစ်ချက်ကြည့်ပြီး မရေမရာ ပြန်ဖြေလိုက်သည်။

"ငါ့ဘိုးဘေးတွေက 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ချန်ထားခဲ့တယ်... တိုက်ဆိုင်စွာနဲ့ပဲ... ယူချွမ်ဂိုဏ်းက ယွီလျိုစံအိမ်ကို ကြံစည်နေတာ ဒီမြေပုံနဲ့ ပတ်သက်နေတယ် ဆိုတာ သိလိုက်ရတယ်... တကယ်လို့ ဒီမြေပုံသာ ယူချွမ်ဂိုဏ်းလက်ထဲ ရောက်သွားရင် ပြဿနာတက်တော့မှာ သေချာတယ်"

"ပြီးတော့... ဒီမြေပုံက ငါ့လက်ထဲမှာ အသုံးဝင်ကောင်း ဝင်နိုင်တယ်"

"ဒါကြောင့် ဒီခရီးကို ထွက်လာရတာ... ငါ့မှာ အချိန်မရှိတာ မင်းလည်း သိသားနဲ့"

"ကျွန်တော် ဘယ်သိမလဲ... ကျွန်တော်က..."

ဆုမိုက ချီလင်ဓားသမား၏ လျှို့ဝှက်ဆန်းကြယ်သော ကိစ္စများကို မသိကြောင်း ပြောရန် ပြင်လိုက်သည်။

ဒါပေမဲ့ ခဏလောက် စဉ်းစားကြည့်ပြီးမှ ရုတ်တရက် သဘောပေါက်သွားသည်။

"ခင်ဗျား... အရှုပ်မရှင်းသေးဘူးလား"

"... အရိုးထဲစွဲနေတဲ့ သံကောင်လိုပဲ"

ချီလင်ဓားသမား၏ နှုတ်ခမ်းများ ထပ်မံ တွန့်သွားပြန်သည်။ "ငါ သူနဲ့ ငြိနေတာ တစ်လကျော်ပြီ"

"..."

ဆုမို ချီလင်ဓားသမားကို သနားသွားမိသည်။ 'ရှီဟန်အဘိုးအို' ကလည်း ဇွဲကောင်းလိုက်တာ... မလွှတ်တမ်း လိုက်နေတော့တာပဲ... တစ်သက်လုံး စွဲလမ်းနေတော့မှာလား။

ယခုအချိန်တွင် ဆုမို တော်တော်လေး စိတ်သက်သာရာ ရသွားသည်။

ယူချွမ်ဂိုဏ်း၏ အစီအစဉ်များ အားလုံး ပျက်စီးသွားပြီ ဖြစ်၏။ ပြဿနာသစ် တစ်ခု ပေါ်လာသော်လည်း၊ သူနှင့် သိပ်မဆိုင်တော့ပေ။

'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' သည် လျူဆွေဖုန်း၏ ဘိုးဘေးပိုင်ပစ္စည်း ဖြစ်သည်။ ခေါင်းကိုက်စရာ ဖြစ်လာရင်တောင် သူ့ကိစ္စသာ ဖြစ်သည်။ ဒီအဆင့်မှာ ဆုတ်ခွာလိုက်ခြင်းက တာဝန်ကျေပြီဟု ယူဆနိုင်သည်။

အခုတော့ စိတ်အေးလက်အေး နေလို့ ရလေပြီ။

စဉ်းစားနေဆဲမှာပင် ချီလင်ဓားသမား၏ အသံကို ကြားလိုက်ရသည်။

"'ဆန်းကြယ် ယန္တရား' နဲ့ ပတ်သက်ရင်တော့... တကယ် မထင်မှတ်ထားဘူး... ဒါက ငါ့ကို တခြားအရာတစ်ခု သတိရစေတယ်..."

ဘာကို သတိရစေတာလဲ ဆိုတာကိုတော့ သူ ရှင်းမပြပေ။ ပါးနပ်သော အပြုံး တစ်ခုဖြင့်သာ ပြောလိုက်သည်။

"ရွှမ်ကျီတောင်ကြား... ရွှမ်ကျီတောင်ကြား... ယူချွမ်ဂိုဏ်းရဲ့ နှလုံးသည်းပွတ်က အစကတည်းက ပွင့်ဟနေတာပဲ... သူတို့ တကယ် ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး"

"'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' က သိပ်ကိစ္စ မရှိပေမယ့်... လက်ထဲမှာ 'ဆန်းကြယ် ယန္တရား' တစ်ခု ရှိနေတာကတော့ တကယ့် အာလူးပူကြီးပဲ"

ပြောရင်းဆိုရင်း သူက ဆုမိုကို မသိမသာ လှမ်းကြည့်လိုက်သည်။

"..."

ဆုမိုက ရက်စက်သော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

"တကယ်လို့ လိုအပ်လာရင်... ဓားဆွဲထုတ်ပြီး ရှင်းကြတာပေါ့"

"အဟွတ်... အဟွတ်... အဟွတ်..."

ချီလင်ဓားသမား စကားမပြောနိုင် ဖြစ်သွားသည်။ "လူတွေ အများကြီးက လိုချင်လွန်းလို့ တပ်မက်နေကြတာ... မင်းကျမှ ကပ်ရောဂါဘေးလို ရှောင်နေပါလား"

"စောစောကပဲ ခင်ဗျား ပြောတယ်လေ... ဉာဏ်ကောင်းတယ် ဆို"

"..."

ချီလင်ဓားသမား ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။ အမြဲတမ်း စဉ်းစားမဆင်ခြင်ဘဲ ပြောတတ်လို့ အခုတော့ စကားပိတ်မိသွားပြီ။

သူက လျူဆွေဖုန်းကို ကြည့်သည်။ လျူဆွေဖုန်းကလည်း သူ့ကို ပြန်ကြည့်သည်။ နှစ်ယောက်သား အကြည့်ချင်းဆုံပြီး ခေါင်းခါလိုက်ကြ၏။

ရုတ်တရက် ချီလင်ဓားသမား လှည့်ထွက်သွားသည်။

"ဒီပစ္စည်း ငါ့လက်ထဲ ရှိနေတယ် ဆိုတာ... မင်းတို့ ဘယ်သူမှ ထုတ်မပြောဘူးလို့ ယုံကြည်ပါတယ်"

"ကျွန်တော်တို့ ပါးစပ်ပိတ်ထားပါ့မယ်"

ဆုမိုက ဦးဆုံး ကတိပေးလိုက်သည်။ ယန်ရှောင်ယွင်လည်း ဆုမို ဘာကြောင့် ဒီအာလူးပူကြီးကို မလိုချင်တာလဲ ဆိုတာ နားလည်သွားသဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။

လျူဆွေဖုန်းကတော့ ခေါင်းမညိတ် ခေါင်းမခါဘဲ၊ လက်ထဲမှ 'ရွှေပိုးကြိုးမြေပုံ' ကိုသာ စိုက်ကြည့်နေသည်။ အရာအားလုံးက နှုတ်ဆိတ်ခြင်း၌သာ ရှိနေ၏။

ချီလင်ဓားသမား ရယ်မောလိုက်သည်။ "ဒါဆို... သွားလိုက်ပါဦးမယ်"

အသံမဆုံးခင်မှာပင် သူ အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်၏။

လျူဆွေဖုန်းက ဆုမိုကို ကြည့်လိုက်သည်။

"အဲဒါ မင်းသူငယ်ချင်းလား"

ဆုမို ခေါင်းခါလိုက်သည်။ "သိပ်မရင်းနှီးပါဘူး"

ယွီမိသားစု၏ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖွင့်ချရမည့်အလှည့် ရောက်လာလျှင်တောင်၊ ဆုမိုကတော့ ဘယ်တော့မှ ဖွင့်ပြောမည့်သူ မဟုတ်ပေ။

"သူ့ကို နှုတ်ပိတ်ဖို့ လိုမလား"

"... တကယ် မလိုပါဘူး"

"ကောင်းပြီ... ငါ မင်းကို ယုံတယ်"

လျူဆွေဖုန်း ဆက်မမေးတော့ပေ။ "သွားကြစို့... အပြင်က ကိစ္စတွေလည်း ပြီးလောက်ပြီ"

ရွှမ်ကျီတောင်ကြား အတွင်း၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်မှာ ယခုအချိန်ထိပင်။ အဆုံးသတ် နိဂုံးချုပ်ရမည့် အချိန်ရောက်‌နေလေပြီ။

သို့သော် ထွက်ခွာခါနီးတွင် ဆုမိုက မီးခြစ်တစ်ခုကို ထုတ်ယူလိုက်ပြီး၊ သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်၏ အလောင်းကို ရှာဖွေကြည့်သည်။ သို့သော် ဘာမှ မတွေ့ရပေ။

'တကယ့် သူတောင်းစားပဲ' ဟု ရေရွတ်ရင်း အလောင်းကို မီးရှို့လိုက်လေ၏။

ချီလင်ဓားသမားက ဒီလူ့ကို အသားတွေ ကြေမွသွားအောင် ရိုက်သတ်ခဲ့သည်ဟု ပြောသော်ငြား၊ ဆုမိုကိုယ်တိုင်လည်း တစ်စစီဖြစ်သွားအောင် လုပ်ခဲ့သည်ပင်။

ယူချွမ်ဂိုဏ်း၏ သိုင်းပညာရပ်များက ဆန်းကြယ်ပြီး ကာကွယ်ရခက်သည်။

သွေးပင်လယ် ကောင်းကင်ဖာထေးခြင်း

ကျင့်စဉ်ဆိုလျှင် ပို၍ပင် ပါးနပ်သေး၏။

ယင် တောင် သရဲ ဘုရင်တောင်မှ သေချင်ယောင် ဆောင်ပြီး လွတ်မြောက်သွားသေးသည်ပင်။

အကယ်၍ သူတို့ ထွက်သွားပြီးမှ ဒီခေါင်းဆောင်က သွေးပင်လယ် ပြန်လည်မွေးဖွားခြင်း ကျင့်စဉ် တစ်ခုခု သုံး၍ ပြန်ရှင်လာလျှင် မခက်ပါလော။

အကုန် မီးရှို့ပြီး အဆုံးသတ်လိုက်တာ အကောင်းဆုံးပင်။

လျူဆွေဖုန်းက မကန့်ကွက်ဘဲ ဘေးမှ ရပ်ကြည့်နေသည်။

သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင် ပြာဖြစ်သွားမှသာ သူတို့သုံးဦး ရွှမ်ကျီလိုဏ်ဂူထဲမှ ထွက်ခွာလာခဲ့ကြ၏။

ရွှမ်ကျီတောင်ကြားထဲသို့ ပြန်လည် ရောက်ရှိချိန်တွင်၊ တိုက်ပွဲများ ပြီးဆုံးသွားပြီ ဖြစ်သည်။

ဦးဆုံး လျှောက်လာသူမှာ ဝေဇီယီ ဖြစ်သည်။ သူမက ဆုမိုထံသို့ ပစ္စည်းနှစ်ခု ပစ်ပေးလိုက်သည်။

ဆုမို လှမ်းဖမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"'ဖီးနစ်အမိန့်ပေး တံဆိပ်ပြား' ကိုတော့ မှတ်မိပါတယ်... ဒါပေမဲ့ ဒီဓားက ဘာသဘောလဲ”

All Chapters