အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အခန်း (၉၇) - လွမ်းဆွတ်ခြင်း
~လောကထိပ်တန်း ဓားဆယ်လက်တွင် ငါးလက်ကို ဓားပျိုးထောင်တဲအိမ်က ဖန်တီးခဲ့သည် ဟူလော။
ဆုမိုသည် ထူးဆန်းအံ့သြစိတ်ဖြင့် နားထောင်ပြီးနောက် မေးခွန်းထုတ်လိုက်၏။
"ဒီလောကမှာ ထိပ်တန်းနာမည်ကျော်ဓား (၁၀) လက်တောင် ရှိတာလား... ဘယ်သူက အဆင့်သတ်မှတ်ပေးတာလဲ"
...
ဝေဇီယီသည် ဆုမို၏ အာရုံစိုက်မှုက သာမန်လူများနှင့် မတူ ကွဲပြားနေသည်ဟု ခံစားမိလေ၏။
သူမသည် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်ရာ၊ ထိုမိန်းကလေး၏ မျက်နှာထားသည်လည်း ဆုမိုနှင့် ဆင်တူနေပြီး စူးစမ်းလိုစိတ် ပြင်းပြနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူမသည် သက်ပြင်းချကာ ရှင်းပြလိုက်ရတော့သည်။
"ဒါက ရှေးဟောင်းဒဏ္ဍာရီပါ... လူတချို့က မှတ်တမ်းတင်ထားတာတော့ ရှိတယ်... ဒါပေမဲ့ အဲဒီမှတ်တမ်းက ပျက်စီးသွားတာ ကြာပြီ... လန်ယွဲ့နန်းတော်ရဲ့ ကျင့်စဉ်တိုက်ထဲမှာတောင် ဒီဓားဆယ်လက်အကြောင်း အသေးစိတ် မှတ်တမ်းတင်ထားတာ သိပ်မရှိဘူး... သိထားတာ တစ်ခုကတော့... ကောင်းကင်အောက်မှာ အဲဒီလို ဓားဆယ်လက် ရှိတယ် ဆိုတာပါပဲ"
ဆုမို ပို၍ စိတ်ဝင်စားသွားပြီး ဆက်လက် မေးမြန်းလိုက်၏။
"ငါးလက်က ဓားပျိုးထောင်တဲအိမ်က လာတယ်ဆိုရင်... ကျန်တဲ့ ငါးလက်ကရော"
"ကျွန်မ ဘယ်သိမလဲ..."
ဝေဇီယီ လက်လျော့လိုက်ရတော့သည်။
"ထိပ်တန်းဓား (၁၀) လက်ထဲမှာ... ကျွန်မ တစ်လက်အကြောင်းပဲ သိတယ်"
ဤအဆင့်ရောက်မှတော့ ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ စူးစမ်းလိုစိတ် ပြင်းပြနေသော မျက်လုံးများကို ကြည့်ပြီး ဆက်ပြောပြရတော့မည် ဖြစ်ကြောင်း နားလည်လိုက်သည်။
"အဲဒီဓားနာမည်က... 'လွမ်းဆွတ်ခြင်း' တဲ့"
"လွမ်းဆွတ်ခြင်း"
ယန်ရှောင်ယွင် အနည်းငယ် အံ့အားသင့်သွားပြီး မှတ်ချက်ပြုလိုက်သည်။
"မိန်းမသားတစ်ယောက်ရဲ့ နာကြည်းချက်နဲ့ တူနေသလိုပဲ"
"'လွမ်းဆွတ်ခြင်း' ဆိုတာ အဆိပ်တစ်မျိုးပဲ..."
ဝေဇီယီ တည်ကြည်လေးနက်စွာ ပြောပြလိုက်၏။
"ချစ်ရသူအတွက် ဝမ်းနည်းပူဆွေးပြီး... ခါးပတ်ကြိုးတွေ လျော့ရဲလာတာတောင် နောင်တမရဘူး ဆိုတဲ့ စကားလိုပေါ့... ဒီအဆိပ်က ခန္ဓာကိုယ်ထဲ ဝင်သွားတာနဲ့ ဝိညာဉ်ရော အရိုးပါမကျန် ဖျက်ဆီးပစ်နိုင်တယ်... ဒါကြောင့် 'လွမ်းဆွတ်ခြင်း' ဆိုတာ အဆိပ်ပြင်း ဓားတစ်လက်ပါပဲ"
"အဆိပ်ပြင်းဓား"
ဆုမို ထိုစကားလုံးကို ရေရွတ်ရင်း စိတ်ဝင်စားသွားမိသည်။
"ဘယ်သူမှ မဖြေရှင်းနိုင်ဘူးလား"
"မဖြေရှင်းနိုင်ရုံတင် မကဘူး... နိမိတ်လည်း မကောင်းဘူး"
ဝေဇီယီ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။
"'လွမ်းဆွတ်ခြင်း' ဓားကို ဘယ်သူ သွန်းလုပ်ခဲ့သလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး... သိထားတာကတော့ ဒီဓား ပေါ်လာတိုင်း သတ်ဖြတ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတတ်တယ်... ဒီဓားကို လုယူရင်းနဲ့ သေဆုံးခဲ့ရတဲ့သူတွေ မရေမတွက်နိုင်အောင်ပါပဲ"
"ရှေးဟောင်းမှတ်တမ်းတွေက အသေးစိတ် မဟုတ်တော့ပေမယ့်... ကျွန်မ သိထားတာကတော့... ဒီဓား နောက်ဆုံး ပေါ်လာတုန်းက တုန်းချန် က 'ထျန်းဖုန်းခန်းမ' လက်ထဲ ရောက်သွားခဲ့တယ်"
"ဒါကိုတော့ ကျွန်မ ကြားဖူးတယ်"
ဟု ယန်ရှောင်ယွင်က ဝင်ရောက် ဆွေးနွေးလိုက်သည်။
"'ထျန်းဖုန်းခန်းမ' က တုန်းချန်ဒေသ တစ်ခုလုံးကို လွှမ်းမိုးထားနိုင်လောက်အောင် အင်အားကြီးခဲ့တာ... ခန်းမသခင်ကြီး ဖုန်းကျိုရှောင်ဆိုရင် သူ့ရဲ့ 'နဂါးဝှက် ကိုးသွယ် ပြောင်းလဲခြင်း' သိုင်းပညာနဲ့ ထိပ်ဆုံးရောက်ခဲ့သူလေ... နှစ်ပေါင်း (၃၀) လုံးလုံး ပြိုင်ဘက်ကင်းခဲ့တာ... ဒါပေမဲ့ ဘာကြောင့်လဲ မသိဘူး... ဗြုန်းစားကြီးပဲ.. 'ထျန်းဖုန်းခန်းမ' တစ်ခုလုံး ပျောက်ကွယ်သွားခဲ့တယ်"
"သခင်မလေးယန်က တကယ် ဗဟုသုတ ကြွယ်ဝတာပဲ"
ဝေဇီယီက ယန်ရှောင်ယွင်ကို ချီးကျူးလိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်၏။
"လန်ယွဲ့နန်းတော်ရဲ့ မှတ်တမ်းတွေအရ... အဲဒီညက 'ထျန်းဖုန်းခန်းမ' က လူပေါင်း (၅၇၂၃) ယောက်လုံး အသတ်ခံလိုက်ရတယ်... ခန်းမသခင်ကြီး ဖုန်းကျိုရှောင် ဆိုရင်... လည်ချောင်းကို ဓားနဲ့ အထိုးခံရပြီး... 'ထျန်းဖုန်းခန်းမ' ဆိုင်းဘုတ်ကြီးမှာ သံမှိုစွဲသလို အသတ်ခံထားရတာ"
"အဲဒီဓားကတော့... 'လွမ်းဆွတ်ခြင်း' ဓားပါပဲ"
ထိုစကားကို ကြားသောအခါ ဆုမိုရော ယန်ရှောင်ယွင်ပါ တိတ်ဆိတ်သွားကြလေ၏။
ဆုမိုက စားပွဲကို လက်ချောင်းဖြင့် ခေါက်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်၏။
"ဒါပေမဲ့ ဒါက အဖြေတော့ မဟုတ်သေးဘူး... ဘာပဲဖြစ်ဖြစ် 'လွမ်းဆွတ်ခြင်း' ဆိုတာ ဓားတစ်လက်ပဲလေ... သူ့ဘာသာသူ လူလိုက်သတ်နေလို့မှ မရတာ"
"ဘယ်သူမှ မသိကြဘူး"
ဝေဇီယီ ပြန်ဖြေလိုက်သည်။
"ဒါ့အပြင် အဲဒီကိစ္စ ပြီးသွားတာနဲ့ 'လွမ်းဆွတ်ခြင်း' ဓားလည်း ပျောက်သွားပြန်ရော... ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုးပေါ့... အဲဒီညက 'ထျန်းဖုန်းခန်းမ' မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ... သိုင်းလောကမှာ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး... လူပေါင်း (၅၇၂၃) ယောက် တစ်ညတည်းနဲ့ သေဆုံးသွားရတဲ့ ကိစ္စက သိုင်းလောကရဲ့ မဖြေရှင်းနိုင်တဲ့ ပဟေဠိ တစ်ခု ဖြစ်နေဆဲပါပဲ"
"ယနေ့အချိန်ထိ 'လွမ်းဆွတ်ခြင်း' ဆိုတဲ့ နာမည်က လောကထိပ်တန်း (၁၀) လက် စာရင်းဝင်နေပေမယ့်... ဘယ်သူမှ ပြန်မတွေ့ရတော့ဘူး"
ထို့နောက် ဝေဇီယီ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးကာ ပြောလိုက်လေ၏။
"လောကထိပ်တန်း ဓား (၁၀) လက် ဆိုတာ အဲဒီလို ဒဏ္ဍာရီတွေပါ... 'ဓားပျိုးထောင်တဲအိမ်' က ငါးလက်တောင် ဖန်တီးနိုင်ခဲ့တယ် ဆိုတော့... 'ဓားခွဲအမိန့်' ရဲ့ အရေးပါပုံကို နားလည်လောက်ပြီ ထင်ပါတယ်"
ထိုစကားကို ကြားမှ ဆုမို သဘောပေါက်သွားတော့သည်။
"ခင်ဗျား ဆိုလိုတာက... 'ဓားငှားချင်သူ' က... ပန်းပဲဆရာ တစ်ယောက်ပေါ့"
"..."
ဝေဇီယီ သေချာ စဉ်းစားကြည့်လိုက်တော့ သူမ ထိုသို့ မပြောခဲ့ကြောင်း သတိရလိုက်သည်။
သို့သော် ပြန်တွေးကြည့်လိုက်လျှင် ဆုမို နားလည်တာ မှန်နေပြန်သည်။
ခဏတာမျှ သူမ အံ့သြမဆုံး ဖြစ်သွားရ၏။
"ဒီလောက် ဆန်းကြယ်တဲ့ ကိစ္စကြီးကို... ရှင် ပြောလိုက်မှ သာမန်ကိစ္စလေး ဖြစ်သွားတော့တာပဲ... 'ဓားငှားချင်သူ' က ပန်းပဲဆရာ ဆိုရင်တောင်မှ... သာမန် ပန်းပဲဆရာ မဟုတ်ဘူး... သူက 'ဓားပျိုးထောင်တဲအိမ်' က ဆင်းသက်လာသူ... တစ်ဆက်တည်းသော မျိုးဆက်... လောကထိပ်တန်း ပန်းပဲဆရာပဲ"
"အင်း... နားလည်ပါပြီ... အဓိက အချက်ကတော့ 'သူက ပန်းပဲဆရာ တစ်ယောက်' ဆိုတာပါပဲ"
ဆုမိုသည် လက်ထဲမှ 'ဓားခွဲအမိန့်' တံဆိပ်ပြားကို ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
"ဒါပေမဲ့ ပန်းပဲဆရာ တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် သိုင်းပညာ ကောင်းနေရတာလဲ... ပြီးတော့ သူက ဘာလို့ ဓားတွေကို ဒီလောက် မုန်းတီးနေရတာလဲ"
"'ဓားပျိုးထောင်တဲအိမ်' က သာမန်နေရာ မဟုတ်ဘူး... ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ ပညာ မရှိရင်... လူတိုင်းက သူတို့ကို ပြန်ပေးဆွဲပြီး ဓားအတင်း လုပ်ခိုင်းကြမှာပေါ့"
"ဒါကြောင့် သူတို့ ဓားလုပ်နည်း မသင်ခင်မှာ... အရင်ဆုံး ပြိုင်ဘက်ကင်း သိုင်းပညာကို တတ်မြောက်ထားဖို့ လိုအပ်တယ်"
"သူ့ရဲ့ မုန်းတီးမှုနဲ့ ပတ်သက်ရင်တော့... ဓားကို မုန်းတာ ဟုတ်ချင်မှ ဟုတ်မှာပါ"
"ထိပ်တန်း ဓားသမား မဟုတ်ရင်... ပန်းပဲဆရာကောင်း မဖြစ်နိုင်ဘူး ဆိုတာ... ယုတ္တိရှိသားပဲ"
ဆုမို ရယ်ရခက် ငိုရခက် ဖြစ်သွားရလေ၏။
"ဒီကိစ္စတွေက ကျွန်မတို့နဲ့ မဆိုင်တော့ပါဘူး... အဓိကက ကျွန်မနဲ့ မဆိုင်တော့တာပါ"
ဝေဇီယီသည် ဆုမိုလက်ထဲမှ တံဆိပ်ပြားကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါကို သူ ပေးခဲ့တာ... ရှင့်ကို အကြွေးတင်သွားတယ် ဆိုပြီးတော့လေ... တကယ်လို့ ရှင် ပေ့ချွမ်ကို ရောက်ခဲ့ရင်... မိုချန်တောင်၊ ဓားခွဲကျောက်ကမ်းပါးက 'ဓားပျိုးထောင်တဲအိမ်' မှာ သူ့ကို သွားရှာလို့ ရတယ်... သူ ပြောခဲ့တာက... ရှင့်အတွက် ဓားကောင်းတစ်လက် ကိုယ်တိုင် ဖန်တီးပေးချင်တယ် တဲ့"
"..."
ဆုမို မျက်တောင်ခတ်လိုက်သည်။
ယန်ရှောင်ယွင်ကမူ အသက်ပြင်းပြင်း ရှူလိုက်မိ၏။
‘ပြောသမျှ စကားတွေ အားလုံးထဲမှာ ဒီစကားက အရေးကြီးဆုံးပါပဲ။
လောကထိပ်တန်း ဓားဆယ်လက်ထဲက ငါးလက်ကို ဖန်တီးခဲ့တဲ့ 'ဓားပျိုးထောင်တဲအိမ်' က... ဆုမိုအတွက် ဓားတစ်လက် ဖန်တီးပေးမယ် တဲ့လား။
ဒီ 'ဓားငှားချင်သူ' ရဲ့ လက်ရာက ရှေးလူတွေလောက် မကောင်းဘူး ဆိုရင်တောင်မှ... ထိပ်တန်း ဓားဆယ်လက်ထက် အများကြီး နိမ့်ကျသွားမှာ မဟုတ်ဘူး။ နည်းနည်းလေး နိမ့်ရင်တောင်မှ ရှားပါးတဲ့ လက်နက်ကောင်း ဖြစ်နေဦးမှာပဲ။’
ဆုမိုက သိပ်မလှုပ်ရှားသော်လည်း၊ ယန်ရှောင်ယွင်ကမူ စိတ်မရှည်နိုင်တော့ဘဲ ဆုမို၏ အင်္ကျီစကို ဆွဲလိုက်လေ၏။
ဆုမိုက သူမ၏လက်ကို ပုတ်ပြီး စိတ်လျော့ရန် အချက်ပြလိုက်၏။
"သူက ခရီးဝေးက လာတာ... ကျွန်တော်ကလည်း သူ့ကို သိပ်ပြီး မျက်နှာသာ ပေးခဲ့တာ မဟုတ်ဘူး... ဘာလို့ ကျွန်တော့်အတွက် ဓားလုပ်ပေးချင်ရတာလဲ... ဓားတစ်လက် ယူပြီး ကျွန်တော့်ကို သတ်စရာ မလိုဘူး ဆိုပေမယ့်... နှိုင်းယှဉ်ကြည့်ရင် အဲဒါက ပိုပြီး ယုတ္တိရှိဦးမယ်"
"ဘာဖြစ်လို့လဲ ဆိုတော့... သူ ရှင့်ဆီက တစ်ခုခု ငှားသွားတယ်လို့ ထင်ရလို့ပါပဲ"
ဝေဇီယီ ခေါင်းခါလိုက်သည်။
"ဘာငှားသွားလဲ ဆိုတာတော့ ကျွန်မ မသိဘူး... ဒီလို ထူးဆန်းတဲ့ လူတွေမှာ ထူးဆန်းတဲ့ အကျင့်တွေ ရှိတတ်ကြတယ်... စကားကို တဝက်ပဲ ပြောပြီး... လူတွေကို ဇဝေဇဝါ ဖြစ်အောင် လုပ်တတ်ကြတယ်... တကယ်လို့ ရှင် သိချင်ရင်... တုန်းဟွမ်ကနေ ထွက်ခွာပြီး ပေ့ချွမ်ကို ရောက်တဲ့အခါ သူ့ကို သွားရှာကြည့်ပေါ့... သူ ဘာငှားသွားလဲ ဆိုတာ သိရတာပေါ့"
"ကောင်းပါပြီ"
ဆုမို ခေါင်းညိတ်လိုက်ပြီး၊ တံဆိပ်ပြားကို တစ်ချက်ကြည့်ကာ သေချာ သိမ်းဆည်းလိုက်လေ၏။
ဝေဇီယီသည် မနာလိုသော မျက်လုံးများဖြင့် ကြည့်နေပြီးနောက်၊ နောက်ဆုံးတွင် ခေါင်းခါလိုက်ကာ မတ်တတ်ရပ်လိုက်၏။
"ကျွန်မ ပြောချင်တာ ဒါပါပဲ... အဓိကကတော့ ရှင် ဒါကို ဘာမှန်းမသိဘဲ လွှင့်ပစ်လိုက်မှာ စိုးရိမ်လို့ပါ... အဲဒီလိုဆိုရင် တကယ် နှမြောစရာ ကောင်းတယ်လေ... ဒါကြောင့် လာရှင်းပြတာ... စကားမစပ်... မနက်ဖြန် ရွှမ်ကျီတောင်ကြားကနေ ထွက်မှာလား"
"အင်း... ဆရာရွှီ ပြောတာကတော့ သခင်ကြီးလျူရဲ့ ဒဏ်ရာတွေ သက်သာသွားပြီတဲ့... ဒီည သတိရလောက်ပြီ... မနက်ကျရင် သူ့ကို နှုတ်ဆက်ပြီး လော့ရှားမြို့ကို တန်းပြန်ကြမယ်"
"ဒါဆို ကျွန်မလည်း လိုက်ခဲ့မယ်... အရင်တုန်းက ပေးထားတဲ့ လက်ဆောင်လေး... သတင်းအစအန မကြားရတာ ကြာပြီ ဆိုတော့... အခုလောက်ဆိုရင် ဆွဲဆောင်မှုရှိတဲ့ အရသာလေး ရင့်မှည့်နေလောက်ပြီ... ဒီခရီးကနေ ရလဒ်ကောင်းတချို့ ရလာမယ် ထင်ပါတယ်”
အခန်း (၉၈) - လေးလံသော လက်ဆောင်
~ညတစ်ညတာသည် စကားပြောဆိုသံများ မကြားရဘဲ တိတ်ဆိတ်စွာ ကုန်လွန်သွားပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်း မနက်ခင်းသို့ ရောက်ရှိလာလေ၏။
စောစောစီးစီးတွင် ဆုမိုသည် တံခါးဝမှ ဂွမ်ချုံး၏ အသံကြောင့် နိုးထလာခဲ့ရသည်။
"ခေါင်းဆောင်ဆု... နိုးပြီလားဗျာ... ကျွန်တော် မနက်စာ ယူလာပေးပါတယ်"
ဆုမို မျက်လုံးဖွင့်ကြည့်လိုက်ရာ၊ ယန်ရှောင်ယွင်က တံခါးဖွင့်ပြီး ဂွမ်ချုံးလက်ထဲမှ လင်ပန်းကို လှမ်းယူနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း အိပ်ရာမှ ထလိုက်လေ၏။
"ဘာလို့ သူရဲကောင်းဂွမ် ကိုယ်တိုင် လာပို့ရတာလဲဗျာ... ဒုက္ခရှာလို့"
"ဘာမှ ဒုက္ခမရှိပါဘူးဗျာ"
ဂွမ်ချုံးက အလျင်စလို ပြန်ပြောလိုက်သည်။
"လူတိုင်းက ပြောနေကြတယ်... ခေါင်းဆောင်ဆုက ဒီရက်ပိုင်း အရမ်း အလုပ်များပြီး ပင်ပန်းနေရတယ် တဲ့... မနေ့ကဆိုရင် သခင်ကြီးလျူအတွက် 'စွမ်းအားလွှဲပြောင်းခြင်း’ လုပ်ပေးတာ နှစ်နာရီကျော်တောင် ကြာတယ်လေ... ကျွန်တော်တို့မှာ ဒီအသက်ကယ်ကျေးဇူးကို အချိန်တိုအတွင်း ပြန်ဆပ်ဖို့ အခွင့်အရေး မရှိသေးတော့... ဒီလို အသေးအမွှားလေးတွေကိုတော့ ငြင်းမနေပါနဲ့ဗျာ"
ပြောရင်းဆိုရင်း သူက ကျွမ်းကျင်စွာပင် လင်ပန်းထဲမှ မနက်စာများကို ချခင်းပေးလိုက်သည်။
"အရင် စားလိုက်ကြပါဦး... ကျွန်တော် အပြင်ထွက်နေပါ့မယ်... စားပြီးရင် အချက်ပြလိုက်ပါ... ကျွန်တော် လာသိမ်းပေးပါမယ်"
"ဘယ်လို ဖြစ်ရမှာလဲဗျာ... သူရဲကောင်းဂွမ်... ဝင်စားပါဦးလား"
"ကျွန်တော် စားပြီးပါပြီဗျ"
ဂွမ်ချုံးက လက်ကာပြရင်း ပြောလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြလေ၏။
ဒီ ဂွမ်ချုံးဆိုသည့် လူက... ဟိုတစ်နေ့က ဓားမြည်းစမ်းရာ မျှော်စင်မှာ သူ့အင်အားနှင့် မနိုင်မှန်းသိရက်နှင့် 'အသည်းမည်း လက်ဝါး' ဖော်ဆောင်ထားသည့် ယူချွမ်ဂိုဏ်းသား ဒါဇင်ပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ကြိုးစားခဲ့သူလေ။
ထိုစဉ်က၊ ဆုမိုက သူ့ကို ဆွဲထုတ် ကယ်တင်ခဲ့ရပြီး၊ ထိုအချိန်ကစ၍ သူက ဆုမိုကို အထူး လေးစားနေတော့သည်ပါပဲ။
"ဒီ သူရဲကောင်းဂွမ်က... စိတ်ဝင်စားစရာ ကောင်းသားပဲ"
ယန်ရှောင်ယွင်က ဆုမိုအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။
ဆုမို ခေါင်းခါလိုက်သည်။
"သူက ယဉ်ကျေးလွန်းနေတာပါ"
"သိုင်းလောကမှာ လှည့်စားမှုတွေ၊ အန္တရာယ်တွေ ပြည့်နှက်နေပေမယ့်... ချစ်ခင်ရင်းနှီးမှုနဲ့ သစ္စာတရားတွေလည်း ဘယ်တော့မှ မရှားပါးဘူး"
ယန်ရှောင်ယွင်က ဆုမိုရှေ့သို့ ဆန်ပြုတ်တစ်ပန်းကန် ချပေးလိုက်ပြီး၊ သူမအတွက် တစ်ပန်းကန် ယူလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... နင်က သူတို့အသက်တွေကို ကယ်တင်ခဲ့တာဆိုတော့... ဒီလူတွေက နင့်ကို အကြွေးကြီးကြီး တင်နေကြတာ... နောက်ဆိုရင် သိုင်းလောက ခရီးလမ်းမှာ အများကြီး အဆင်ပြေသွားလိမ့်မယ်... မနေ့ညက မိန်းကလေးဝေ ပြောတဲ့ စကားတစ်ခွန်းကို ငါ အရမ်း သဘောကျတယ်"
"ဘာပြောလို့လဲ"
"ဒီတိုက်ပွဲနဲ့တင် နင် နာမည်ကြီးသွားပြီ... ဇီယန်အာမခံဌာနက သေချာပေါက် စီးပွားတက်တော့မှာပါ တဲ့"
ယန်ရှောင်ယွင်က မျက်လုံးလေးတွေ တောက်ပလျက် ဆုမိုကို ကြည့်နေလေ၏။
စီးပွားတက်မယ်...
ဆုမို သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။
"အဲဒီလမ်းကြောင်းက တစ်လှမ်းချင်း လျှောက်ရမယ့် လမ်းပါ... ဒီလို အောင်မြင်မှု ထိပ်ဖျားရောက်နေတဲ့ အချိန်မှာ ပိုပြီး သတိထားရမယ်"
"အင်း..အဲဒါ အမှန်တရားပဲ"
ယန်ရှောင်ယွင် ခေါင်းညိတ်ထောက်ခံလိုက်သည်။
"အရင်ကတော့ ငါ နင့်ကို ဘယ်လို အကြံပေးရမလဲ စဉ်းစားနေတာ... အခုတော့ ငါ စိုးရိမ်လွန်နေမိတာပဲ... အခု အခြေအနေအရဆိုရင် လော့ရှားမြို့ကို ပြန်ရောက်တဲ့အထိတောင် စောင့်စရာ မလိုဘူး... သတင်းတွေက နေရာအနှံ့ ပျံ့နှံ့နေလောက်ပြီ... အဲဒီကျရင် တချို့က နင့်ကို လေးစားမယ်၊ အားကျမယ်... တချို့က ကြောက်ရွံ့မယ်... ဒါပေမဲ့ နင့်ကို မုန်းတီးမယ့်သူတွေလည်း ရှိလာလိမ့်မယ်..."
"မနေ့က ချီလင်ဓားသမား ပြောတာ မှန်တယ်... သိုင်းလောကမှာ သာမန်လူတွေက များပါတယ်... တကယ်လို့ တစ်ယောက်ယောက်က သူတို့လိုပဲ သာမန်အဆင့်မှာ လာနေမယ်ဆိုရင်... သူတို့က မိတ်ဆွေဖွဲ့မယ်... ညီအစ်ကိုတွေလို့ ခေါ်ကြလိမ့်မယ်"
"ဒါပေမဲ့... တကယ်လို့ လူအုပ်ကြီးကြားကနေ ထူးချွန်တဲ့သူ တစ်ယောက် ပေါ်ထွက်လာပြီ ဆိုရင်တော့... တချို့က မနာလိုဝန်တိုမှုတွေနဲ့ အငြိုးထားကြလိမ့်မယ်"
"ဟူး... အကုန် ရှုပ်ထွေးနေတာပါပဲ... လူ့စိတ်ဆိုတာ အဖြူနဲ့ အမည်း သက်သက်မှ မဟုတ်တာ... ကြောက်စရာကောင်းလောက်အောင် ရှုပ်ထွေးတာလေ"
သူမ ခဏရပ်လိုက်ပြီး ဆုမိုကို ပြန်ကြည့်ကာ ပြုံးလိုက်သည်။
"ဒီခရီးစဉ်ကို ပြန်ကြည့်မယ်ဆိုရင်... နင့်ရဲ့ သိုင်းပညာက ထူးကဲလွန်းတယ်... ယင်တောင် သရဲဘုရင်ပဲ ဖြစ်ဖြစ်၊ ခုနစ်ပါးအစွန်းရောက် ခန်းမရဲ့ ဓားသခင်ပဲ ဖြစ်ဖြစ်... ယူချွမ်ဂိုဏ်းက အမိန့်သခင် (၃) ယောက် ပေါင်းတိုက်တာပဲ ဖြစ်ဖြစ်... ဘယ်သူမှ နင့်ကို မယှဉ်နိုင်ခဲ့ဘူး"
"ဒါပေမဲ့... ငါက နင့်ရဲ့ ပြိုင်ဘက်ကင်း သိုင်းပညာကို တစ်ဝက်ပဲ လေးစားတာ"
"ဒီလောက် သိုင်းပညာ မြင့်မားနေလျက်နဲ့... မာန်မတက်ဘဲ... အမှားအယွင်း နည်းနည်းလေးတောင် မရှိအောင် စေ့စပ်သေချာတာကို... ငါ အလေးစားဆုံးပဲ"
"အစ်မယွင်... ခင်ဗျားလည်း ကျွန်တော့်ကို စပြီး လေးစားနေပြီလား"
ဆုမို ပြုံးပြီး ပြန်ပြောလိုက်သည်။
"ဒါဆို ကျွန်တော် ဝမ်းသာအားရ ဖြစ်ရတာပေါ့"
"လူတတ်ကြီး..."
ယန်ရှောင်ယွင် မျက်စောင်းထိုးလိုက်သည်။ ပုံမှန်ဆိုရင် ဆုမိုက ဒီလို စကားတတ်ပြီး ရှောင်လွှဲတတ်သော ပုံစံမျိုး လုပ်လျှင် သူမ စိတ်တိုမိမှာ ဖြစ်သော်လည်း၊ ယခုအချိန်မှာတော့ စိတ်ထဲတွင် သက်သာရာရသလို ခံစားနေရသည်။
‘ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်မျိုး...
သက်သောင့်သက်သာ ရှိတာထက် ပိုတယ်... နှလုံးသားက အရသာရှိတဲ့ ဝိုင်တစ်ခွက်ကို မြည်းစမ်းလိုက်ရသလို... မူးယစ်ချင်စရာ ကောင်းပေမယ့် ခန္ဓာကိုယ်တော့ မူးမနေဘူးပေါ့။’
သူမ မူးမလိုလို ခံစားနေရစဉ်၊ တံခါးဝမှ ခြေသံများ ကြားလိုက်ရပြီး ဂွမ်ချုံး ပြန်ရောက်လာလေ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ လှမ်းကြည့်လိုက်ရာ၊ ဂွမ်ချုံးက အလျင်စလို ပြောလိုက်သည်။
"ခေါင်းဆောင်ဆု... သခင်ကြီးလျူက ခင်ဗျားကို တွေ့ချင်နေပါတယ်"
...
...
လျူဆွေဖုန်း နိုးလာပြီ ဖြစ်သော်လည်း၊ သူ့ခန္ဓာကိုယ်က အားနည်းနေသေးသည်။
မျက်နှာကလည်း စက္ကူလို ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
ဆုမို ရောက်သွားသောအခါ၊ လျူဆွေဖုန်းသည် ဆေးခွက်ကို ကိုင်ထားပြီး၊ ဆေးခွက်ကို ရန်သူလို သဘောထားကာ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
ဆုမိုက ဘေးနားရှိ သမားတော်ရွှီကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သမားတော်ရွှီ ခေါင်းခါလိုက်သည်။ "ကျုပ်လည်း မသိပါဘူးဗျာ... သခင်ကြီးလျူအတွက် ဖော်စပ်ပေးထားတဲ့ ဆေးက အနေတော်ပါပဲ... ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး သူက မသောက်ဘဲ တွန့်ဆုတ်နေတယ်... ပူလွန်းလို့လည်း မဟုတ်လောက်ပါဘူး"
"သခင်ကြီးလျူ..."
ဆုမိုက လျူဆွေဖုန်းကို လှမ်းကြည့်လိုက်သည်။
လျူဆွေဖုန်း ခေါင်းညိတ်လိုက်ပြီး သမားတော်ရွှီကို ပြောလိုက်လေ၏။
"ဆရာရွှီ... ကျေးဇူးပြုပြီး အပြင်မှာ ခဏလောက် စောင့်ပေးနိုင်မလား"
"ရပါတယ်"
သမားတော်ရွှီ ဘာမှ ဆက်မပြောဘဲ လှည့်ထွက်သွားပြီး တံခါးကို ဖြည်းညှင်းစွာ ပိတ်ပေးလိုက်သည်။
လျူဆွေဖုန်းသည် လက်ထဲမှ ဆေးခွက်ကို ဘေးသို့ ချလိုက်ပြီး စိတ်သက်သာရာ ရသွားပုံရသည်။ ထို့နောက် ဆုမိုကို ပြောလိုက်လေ၏။
"ခေါင်းဆောင်ဆု... မင်းလည်း ကျုပ်ရဲ့ အရှက်ရစရာ အခြေအနေကို မြင်ပြီးပါပြီ... ဒီရက်ပိုင်းတွေမှာ မင်းက ကျုပ်ခန္ဓာကိုယ်ထဲက မိစ္ဆာပညာ သုံးမျိုးကို ဖယ်ရှားဖို့ အကြီးအကျယ် ကြိုးစားပေးခဲ့တယ်... ပြီးတော့ စွမ်းအားလွှဲပြောင်း ကုသပေးခဲ့တယ်... လျူဆွေဖုန်း တစ်သက်မှာ ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ဘယ်တုန်းကမှ မခံယူဖူးခဲ့ဘူး... ဒါကြောင့် ဘယ်လို ကျေးဇူးဆပ်ရမလဲ မသိဖြစ်နေတယ်"
ပြောရင်းဆိုရင်း လျူဆွေဖုန်းသည် သူ့ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဆုမိုအား ကမ်းပေးလိုက်လေ၏။
"ဒါက ကျုပ် နှစ်ပေါင်းများစွာ ဓားသိုင်းလေ့ကျင့်ရင်း ရရှိခဲ့တဲ့ နားလည်သဘောပေါက်မှုတွေနဲ့ အတွေ့အကြုံတွေကို စုစည်းထားတာပါ... ပြီးတော့ ကျုပ် လေ့လာထားတဲ့ 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' ရဲ့ ဓားသိုင်းကျမ်းလည်း ပါပါတယ်... ကျေးဇူးဆပ်တဲ့အနေနဲ့ ဒါကို ခေါင်းဆောင်ဆုကို ပေးအပ်ပါရစေ"
"အာ.. ဒါကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး"
ဆုမို အလျင်စလို လက်ကာပြလိုက်သည်။
"'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' ဆိုတာ ခင်ဗျားတို့ စံအိမ်ရဲ့ လျှို့ဝှက် အထွတ်အထိပ် ပညာရပ်လေ... ပြင်ပလူတွေကို ဘယ်တုန်းကမှ မျှဝေခဲ့တာ မဟုတ်ဘူး"
"မျှဝေဖူးပါတယ်"
လျူဆွေဖုန်း ပြုံးလိုက်သည်။
"ရှေးယခင်တုန်းက ကျုပ်ဘိုးဘေးတွေက ပြင်ပလူ တော်တော်များများကို ဓားသိုင်းသင်ပေးဖို့ လက်ခံခဲ့ဖူးပါတယ်... ဒါပေမဲ့... 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' ရဲ့ (၉၁) ကွက်က သူတို့ကို သိုင်းလောကမှာ နာမည်ကျော်ကြားအောင် မလုပ်ပေးနိုင်ခဲ့ဘူး... အချိန်ကြာလာတော့ ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး... သိုင်းလောကမှာ နှစ်ပေါင်းများစွာ ကြာလာတော့... ဒီဓားသိုင်းကို လက်ဆင့်ကမ်းလို့ ရတယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြတော့ဘူး"
"သင့်တော်တဲ့ ဆက်ခံသူ မရှိခဲ့တာရယ်... ဒုတိယအချက်က လက်ဆင့်ကမ်းရင်တောင် ဒီလောက် အပြည့်အစုံ ဖွင့်ချပြတာမျိုး ဘယ်တော့မှ မရှိခဲ့တာရယ်ကြောင့်ပါ"
"ခေါင်းဆောင်ဆု... မင်းရဲ့ ဖြောင့်မတ်မှန်ကန်မှုက နာမည်ကြီးပြီးသားပါ... သာမန်လူတွေနဲ့ မတူဘူး... ဒီသိုင်းပညာကို မင်းကို ပေးတာက... ရွှေကြာပန်းပေါ်မှာ ထပ်ခြယ်သလိုက်သလို ပိုလှပသွားစေရုံပါပဲ... အကျပ်အတည်းကနေ ကယ်တင်ပေးတာ မဟုတ်ပါဘူး... မင်းနဲ့ ဇီယန်အာမခံဌာနက ကျုပ်နဲ့ ယွီလျိုစံအိမ်အပေါ် ထားရှိတဲ့ မေတ္တာစေတနာတွေအတွက်... အနည်းငယ်သော ကျေးဇူးဆပ်ခြင်းလို့ သဘောထားပေးပါ"
...
ဆုမိုသည် လျူဆွေဖုန်း လက်ထဲမှ ဓားသိုင်းကျမ်းကို ကြည့်ပြီး၊ ယူသင့် မယူသင့် ခေတ္တမျှ တွေဝေသွားမိသည်။
ခဏမျှ စဉ်းစားပြီးနောက် ဆုမို တည်ကြည်လေးနက်စွာ ပြောလိုက်လေ၏။
"သခင်ကြီးလျူ... ဒီလောက် လေးလံတဲ့ လက်ဆောင်ကြီးကိုတော့ ကျွန်တော် လက်ခံဖို့ ခက်ခဲပါတယ်"
"အရမ်းကြီး မစဉ်းစားပါနဲ့ ခေါင်းဆောင်ဆု"
လျူဆွေဖုန်း ညင်သာစွာ ပြုံးလိုက်သည်။
"မင်း ဘာကို စိတ်ပူနေလဲ ကျုပ် သိပါတယ်... ဒါကို အကြောင်းပြပြီး မင်းအပေါ် အခွင့်အရေးယူမှာကို စိုးရိမ်နေတာမလား... 'အဲ့ဒီကိစ္စ' နဲ့ ပတ်သက်ပြီးတော့လေ... ဒါပေမဲ့ စိတ်ချပါ... ကျုပ် အဲ့ဒါကို လက်လွှတ်လိုက်ပါပြီ... ဒီလျှို့ဝှက်ကျင့်စဉ်အုပ်က ကျုပ်ရဲ့ စေတနာသက်သက်ပါ... မငြင်းပါနဲ့ဗျာ”
အခန်း (၉၉) - အပြန်ခရီး
~ကိစ္စတွေက ဒီအဆင့်ထိ ရောက်လာမှတော့၊ ဆုမိုအနေနှင့် ဆက်လက် ငြင်းဆန်နေပါက ရိုင်းရာကျသွားပေလိမ့်မည်။
သို့ဖြစ်၍ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' ကျင့်စဉ်အုပ်ကို လက်ခံလိုက်ရတော့သည်။
"ဒါဆိုရင်... သခင်ကြီးလျူရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"
ဆုမိုက လက်သီးဆုပ် ဂါရဝပြုလျက် ပြောကြားလိုက်၏။
"ဒါက ကျုပ် ပေးဆပ်သင့်တဲ့ အရာပါ"
လျူဆွေဖုန်းက ပြန်ပြောလိုက်သည်။
"ဒီတော့... ဒီကိစ္စတွေလည်း ပြီးပြတ်သွားပြီလို့ ယူဆလို့ ရပါတယ်... ဒဏ်ရာတွေ နည်းနည်း သက်သာလာတဲ့အထိ ဒီမှာ ခဏစောင့်ပြီးမှ ယွီလျိုစံအိမ်ကို ပြန်တော့မယ်"
ဆုမို ခေါင်းညိတ်လိုက်ပြီး၊ လျူဆွေဖုန်း လက်ထဲတွင် ရှိနေသော ပစ္စည်းတစ်ခုကို သတိရသွားကာ မေးမြန်းလိုက်၏။
"သခင်ကြီးလျူ... အဲဒီပစ္စည်းနဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်ထားလဲ"
"လောလောဆယ်တော့ ဘာနည်းလမ်းမှ စဉ်းစားလို့ မရသေးဘူး"
လျူဆွေဖုန်း တော်တော်လေး ခေါင်းကိုက်နေပုံ ရသည်။
ခဏမျှ စဉ်းစားပြီးနောက် ဆုမို အကြံပြုလိုက်လေ၏။
"ကျွန်တော့်အမြင်အရတော့... မခက်ခဲပါဘူး... ရွှမ်ကျီလိုဏ်ဂူထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို အဲဒီအချိန်က ရှိနေတဲ့ ကျွန်တော်တို့ လေးယောက်ပဲ သိကြတာလေ... ချီလင်ဓားသမားရဲ့ မူလဇာစ်မြစ်ကိုလည်း ကျွန်တော် အတော်အတန် သိထားပါတယ်... သူက ဒီကိစ္စကို လိုက်ပြီး လျှောက်ပြောနေမယ့် လူမျိုး မဟုတ်လောက်ဘူး"
"ဒုတိယအချက်က... 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' ကိစ္စကိုလည်း ကျွန်တော်တို့ လေးယောက်ပဲ သိကြတာ"
ဆုမိုက တဲ့တိုးမပြောသော်လည်း၊ လျူဆွေဖုန်းရော၊ ယန်ရှောင်ယွင်ပါ သူ ဆိုလိုရင်းကို သဘောပေါက်လိုက်ကြ၏။
ရွှမ်ကျီလိုဏ်ဂူထဲမှာ လျူဆွေဖုန်းက 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' ကို ပြတ်ပြတ်သားသား ဖျက်ဆီးပစ်လိုက်သည်လေ။
ထို့ပြင်၊ ပျက်စီးသွားသော ပန်းချီကားထဲမှ 'ရွှေပိုးကြိုးမြေပုံ' ကျလာတာကိုလည်း ထိုနေရာမှာ ရှိသော လေးယောက်ပဲ သိကြသည်။
လျူဆွေဖုန်းက ဆုမို၏ စကားများကို လိုက်စဉ်းစားပြီး မေးလိုက်သည်။
"ခေါင်းဆောင်ဆု ဆိုလိုချင်တာက..."
"ယွီလျိုစံအိမ်ကို ပြန်ရောက်ရင်... သခင်ကြီးလျူအနေနဲ့ 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' အတုတစ်ခုကို ဖန်တီးလိုက်လို့ ရတာပဲ"
"ယူချွမ်ဂိုဏ်းက 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' ကို ခြေရာခံမိသွားပြီ ဆိုတော့... သူတို့ အင်အားအလုံးအရင်းနဲ့ ပြန်လာကြမှာ သေချာတယ်... ဒီကိစ္စက အရေးကြီးတော့ သူတို့က ကိုယ်ပိုင်လိုချင်ကြမှာ... သဘာဝကျကျပဲ သတင်းအများကြီး ဖြန့်ကြမှာ မဟုတ်ဘူး... ဒါပေမဲ့ သူတို့ သိထားတာက 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' အကြောင်းပဲ ရှိသေးတယ်... အတွင်းထဲက ပစ္စည်းအကြောင်း မသိကြသေးဘူး"
"အဲဒီလို အခြေအနေမျိုးမှာ... သူတို့မျက်စိရှေ့မှာ 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' ရောက်လာရင် လျစ်လျူရှုထားမှာ မဟုတ်ဘူး"
"အဲဒီပစ္စည်းက ငါးစာကောင်း တစ်ခု ဖြစ်လာလိမ့်မယ်"
"ဒါမှမဟုတ်... သခင်ကြီးလျူအနေနဲ့ ဒုက္ခကို မကြောက်တဲ့ တစ်စုံတစ်ယောက်ဆီကို 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' လက်ဆင့်ကမ်းပေးလိုက်ပြီး... ကိုယ့်ကိုယ်ကို ဒီအရှုပ်အထွေးထဲကနေ ဆွဲထုတ်လိုက်လို့လည်း ရတာပဲ"
ဆုမို စကားဆုံးသွားသောအခါ လျူဆွေဖုန်းကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
လျူဆွေဖုန်း ရုတ်တရက် သဘောပေါက်သွားပြီး အာမေဋိတ်သံ ထွက်သွားလေ၏။
"အို..မင်းက... တကယ့်ကို ကောက်ကျစ်စဉ်းလဲတာပဲ"
"..."
"မဟုတ်ဘူး... ကျုပ် ဆိုလိုတာက... မင်းက ထူးကဲတဲ့ ဉာဏ်ပညာနဲ့ သတ္တိ ရှိတာပါလို့"
သူ့စကားက နည်းနည်း လွဲသွားမှန်း သိလိုက်ရသဖြင့် လျူဆွေဖုန်း အလျင်စလို ပြင်ပြောလိုက်ရသည်။
"ဘာပဲဖြစ်ဖြစ်... သူများတွေကို ဒုက္ခပေးမယ့် အကြံအစည်ကို ခဏထားလိုက်ပါဦး... 'ယွီချင်းဘုရားကျောင်းတောင် ပန်းချီကား' အတု လုပ်မယ့်ကိစ္စကတော့ ကောင်းမွန်တဲ့ အကြံဉာဏ်ပါပဲ... ယွီလျိုစံအိမ် ပြန်ရောက်ရင် မင်း အကြံပေးတဲ့အတိုင်း စီစဉ်လိုက်ပါ့မယ်"
"ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင်... ကျုပ်..မင်းကို နောက်ထပ် အကြွေးတစ်ခု တင်သွားပြန်ပြီ..."
ဒီနေရာ ရောက်တော့... ဒီအကြွေးကို ဘယ်လို ပြန်ဆပ်ရမလဲ ဆိုတာ လျူဆွေဖုန်း စဉ်းစားနေပုံ ရသည်။
ဆုမိုက စားပွဲပေါ်ရှိ ဆေးခွက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်... သခင်ကြီးလျူက ဒီဆေးခွက်ကို ကုန်အောင် သောက်လိုက်ရင်... အကြွေးကျေပြီလို့ သဘောထားလိုက်ကြမလား"
"..."
လျူဆွေဖုန်း ဆုမိုကို အံ့သြတကြီး ကြည့်လိုက်သည်။ ပြီးတော့ ဆေးခွက်ကို ဒုက္ခရောက်နေသော မျက်နှာထားဖြင့် ကြည့်လိုက်ပြန်သည်။ နောက်ဆုံးတွင် အံကြိတ်ပြီး ဆေးခွက်ကို ကောက်ကိုင်လိုက်လေ၏။
ဆေးခွက်ကို ရင်ဆိုင်ပြီး အတော်ကြာ တွန့်ဆုတ်နေပြီးနောက်၊ နှာခေါင်းပိတ်ကာ တဂွပ်ဂွပ် မော့ချလိုက်တော့သည်။
ထိုအချိန်အတွင်း လျူဆွေဖုန်း၏ ခန္ဓာကိုယ်မှ ဓားချီများ ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားရလေ၏။ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး၊ ကြွက်သားများ တုန်ခါနေသည်မှာ... သွေးပင်လယ်တပ်ဖွဲ့ ခေါင်းဆောင်နှင့် သေမင်းတမန် တိုက်ပွဲ ဆင်နွှဲရသည်ထက် ဤဆေးခွက်ကို သောက်ရသည်က ပိုခက်ခဲနေသကဲ့သို့ပင်။
ဆေးကုန်သွားသောအခါ သူ အသက်ရှူမဝ ဖြစ်လုနီးပါး ဖြစ်သွားသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ကြောင်အမ်းအမ်း ဖြစ်သွားပြီး၊ သူ့လက်ထဲမှ ပန်းကန်လုံးကို အမြန် လှမ်းယူလိုက်ကြ၏။
ယန်ရှောင်ယွင် သေချာ စစ်ဆေးကြည့်လိုက်သောအခါ ပါဝင်ပစ္စည်းများကို သိလိုက်ရသည်။
"ဒါတွေ အကုန်လုံးက သွေးအားဖြည့်၊ ချီစွမ်းအင် အားဖြည့်ပြီး အနာကျက်စေတဲ့ ဆေးမြစ်တွေပဲလေ... ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် တုံ့ပြန်နေရတာလဲ"
"..."
အသက်ရှူ မှန်သွားပြီးနောက်၊ လျူဆွေဖုန်းက သူတို့နှစ်ဦးကို ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောပြလိုက်သည်။
"ကျုပ် ငယ်ငယ်ကတည်းက ဓားသိုင်း လေ့ကျင့်လာခဲ့တာ... အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ပြီး ရှေ့ဆက်လာခဲ့တာ... သိုင်းလောကထဲ ရောက်တော့လည်း ရှုံးနိမ့်မှုတွေ အများကြီး ကြုံခဲ့ရပေမယ့် အမြဲတမ်း ပြန်တိုက်ခိုက်ခဲ့တယ်... ဒဏ်ရာတွေလည်း မရေမတွက်နိုင်အောင် ရခဲ့ဖူးတယ်... ဒါပေမဲ့ ကျုပ်အမြင်မှာတော့ အဲဒီ ဘဝအခက်အခဲတွေ အားလုံးက... ဒီဆေးခွက်လောက်တောင် မခါးသီးပါဘူး"
"ရှင်းရှင်း ပြောစမ်းပါဗျာ"
ဆုမို စိတ်ထဲတွင် ဒီလူကြီး စကားတွေ အရမ်းရှည်နေသည်ဟု ခံစားလိုက်ရသည်။
လျူဆွေဖုန်း အတော်ကြာ စဉ်းစားပြီးမှ ဖြေလိုက်လေ၏။
"ခါးတာ ကြောက်တယ်"
...
...
ရွှမ်ကျီတောင်ကြား အပြင်ဘက်သို့ ရောက်ရှိပြီး လူအများနှင့် လမ်းခွဲကာ အိမ်ပြန်ခရီး စတင်ချိန်တွင်၊ ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ စိတ်အခြေအနေမှာ အလွန် ကြည်နူးနေကြ၏။
သူတို့၏ ရယ်မောသံများတွင် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေ၏။
ဝေဇီယီက သူတို့ဘေးမှ လိုက်ပါလာရင်း၊ ဝက်ရူးပြန်သလို ရယ်မောနေသော နှစ်ယောက်ကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေရသည်။
"ရှင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ"
ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်းဆုံပြီး ထပ်မံ ရယ်မောလိုက်ကြပြန်သည်။
'ယွီလျိုဓားနှလုံးသား' လျူဆွေဖုန်းက... ဆေးခါးတာ ကြောက်သတဲ့လေ။
သိုင်းလောက၏ ဒီလောက် ရယ်စရာကောင်းသော ကိစ္စနှင့် ယှဉ်လိုက်လျှင်၊ ကျန်တာတွေက ပြောပလောက်စရာတောင် မဟုတ်တော့ပေ။
'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား'၏ (၉၉) ကွက်ကို (၁၆) ကွက်တည်း ဖြစ်အောင် ချုံ့ပစ်နိုင်ပြီး၊ ထိုသိုင်းနှင့် အနောက်တောင်ဒေသ တစ်ခုလုံးကို အနိုင်ယူခဲ့သော လူတစ်ယောက်က... တကယ်ကြီး ဆေးခါးတာ ကြောက်နေသည်တဲ့။
"စိတ်ကူးယဉ် အိပ်မက်တွေ ဆိုတာ... ပျက်စီးဖို့ သက်သက်ပါပဲ"
ဆုမို သက်ပြင်းချလိုက်သည်။
"သိုင်းလောကရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို ပထမဆုံး လုပ်ကြံသတ်ဖြတ်သူက... သူ ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"
"တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပါပဲ"
ယန်ရှောင်ယွင် ပြောရင်းဆိုရင်း ရွှမ်ကျီတောင်ကြား ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် သနားဂရုဏာ သက်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။
လျူဆွေဖုန်းက ဆေးခါးတာ ကြောက်သော်လည်း၊ သမားတော်ရွှီက မသိပါလေ။ သိလျှင်လည်း ဂရုစိုက်မှာ မဟုတ်ပေ။
ဒါကို ကြည့်လျှင်... ရွှမ်ကျီတောင်ကြားထဲမှာ လျူဆွေဖုန်း ဘယ်လောက်တောင် နှိပ်စက်ခံနေရမလဲ ဆိုတာ တွေးကြည့်၍ ရနေလေပြီ။
သူတို့နှစ်ယောက် ပြောနေသည့် စကားများက လျှို့ဝှက်ဆန်းကြယ် နေသဖြင့်၊ ဝေဇီယီ ကြားသော်လည်း နားမလည်ပေ။ သို့သော် သူမ ဆက်မမေးတော့ဘဲ နေလိုက်သည်။
သူတို့သုံးဦးသည် ရွှမ်ကျီတောင်ကြားမှ ထွက်ခွာပြီး လော့ရှားမြို့သို့ ပြန်လာခဲ့ကြ၏။
လမ်းခရီးတစ်လျှောက် အနှောင့်အယှက် ကင်းရှင်းစွာဖြင့် ခရီးနှင်ခဲ့ကြ၏။
မည်သို့ပင်ဆိုစေ ဝေဇီယီသည် တစ်ကိုယ်တည်း မဟုတ်။ အပြင်ပန်းအားဖြင့် လူသုံးဦးတည်း ခရီးနှင်နေသည်ဟု ထင်မှတ်ရသော်လည်း၊ လက်တွေ့တွင်မူ 'ဝေမိသားစု တပည့်များ' သည် တိတ်တဆိတ် နောက်မှလိုက်ပါ၍ စောင့်ရှောက်နေကြသည်။
ထိုဝေမိသားစု တပည့်များသည် သာမန်လူများ မဟုတ်ကြဘဲ၊ တစ်ဦးချင်းစီကို စနစ်တကျ ရွေးချယ်ကာ ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်သင်ကြားပေးထားသူများ ဖြစ်ကြ၏။
ပြဿနာတွေ သူတို့ဆီ မရောက်ခင်မှာတင် ကြိုတင် ရှင်းလင်းပေးနေကြ၏။
ခရီးဆက်လာရင်း တစ်နေ့တွင် မြို့လေးတစ်မြို့ရှိ တည်းခိုခန်း တစ်ခု၌ ဝင်ရောက် အနားယူကြ၏။ လော့ရှားမြို့နှင့် မဝေးတော့ပေ။
သူတို့ ထိုင်လိုက်သည်နှင့် ဒုတိယထပ်မှ သစ်သားတုံး ခေါက်သံ ထွက်ပေါ်လာလေ၏။
"ဒိုင်း"
"ပြောစမှတ်ပြုရလောက်အောင်ပါပဲဗျာ... ယူချွမ်ဂိုဏ်းက ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ထားပြီး... ကျွန်တော်တို့ အနောက်တောင်ဒေသကို တိတ်တဆိတ် ဝင်ရောက်ကာ မကောင်းမှုတွေ ကြံစည်ခဲ့ကြတယ်"
"'ယွီလျိုဓားနှလုံးသား' လျူဆွေဖုန်းက... ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေရင်း... ခြုံခိုတိုက်ခိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်... ယွီလျိုစံအိမ်တောင်မှ မိစ္ဆာလိုဏ်ဂူ ဖြစ်သွားခဲ့ရတယ်"
"'လော့ဖုန်းမဟာမိတ်အဖွဲ့' က ဘာမှ မသိဘဲ... သူတို့တာဝန်ကို မကျေပွန်ခဲ့ကြဘူး"
"အခြေအနေက အလွန် ဆိုးရွားနေပြီ... ပြိုလဲလုနီးပါး ဖြစ်နေတဲ့ လောကကို ဘယ်သူ ကယ်တင်နိုင်မှာလဲ"
"ဒါပေမဲ့... ပြောရဦးမယ်ဗျ... ယွီလျိုစံအိမ် ရှေ့မှာ လူငယ်စုံတွဲ တစ်တွဲ ပေါ်လာခဲ့တယ်"
"ကောင်လေးက အရပ်ရှည်ရှည်၊ တည်ကြည်ခန့်ညားပြီး... နှာတံက သွယ်၊ မျက်လုံးတွေက ကြယ်ရောင်လို တောက်ပနေတယ်... ကျောပေါ်မှာ သေတ္တာတစ်လုံး လွယ်ထားတယ်... အဲဒီသေတ္တာထဲမှာ ပြိုင်ဘက်ကင်း ဓားတစ်လက် ရှိနေတယ်"
"ကောင်မလေးကတော့ ပန်းပွင့်လေးတွေထက်တောင် ပိုလှသေးတယ်... ကျော့ရှင်းပြီး သွယ်လျတယ်... လက်ထဲမှာ တောက်ပတဲ့ ငွေရောင်လှံတံကို ကိုင်ဆောင်ထားတယ်..."
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့အကြောင်း ပြောနေသလိုလို ရှိသော်လည်း၊ တစ်ခုခု လွဲနေသလို ခံစားလိုက်ရသည်။
ဝေဇီယီက ဝိုင်တစ်ခွက် ငှဲ့လိုက်ပြီး၊ သူတို့ကို နောက်ပြောင်လိုသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေ၏။
"ပုံပြင်ပြောသူတစ်ယောက်က ကိုယ့်အကြောင်း ပြန်ပြောပြတာကို ပထမဆုံးအကြိမ် ကြားရတဲ့ ခံစားချက်က ဘယ်လိုနေလဲ"
ဆုမို နှုတ်ခမ်းသပ်လိုက်သည်။
"ကျွန်တော်တို့ သိပ်သဘောမပေါက်သေးပါဘူး... ဒါပေမဲ့ ပြောစမ်းပါဦး... ဒီသိုင်းလောက ကောလာဟလတွေက ပျံ့နှံ့တာ မြန်လွန်းနေတယ် မဟုတ်ဘူးလား”