← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃) - အကြွေးတောင်းခြင်း

~ညီအစ်ကိုနှစ်ယောက် အများကြီး မပြောကြသော်လည်း၊ သူတို့၏ စကားဝိုင်းမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များမှာ မနည်းလှပေ။

မူလအစီအစဉ်မှာ ကျန့်မင်က သူတစ်ပါးလက်ကို ငှားပြီး လူသတ်ခိုင်းခြင်း ဖြစ်သည်။

အဆင်ပြေသွားလျှင်တော့ အောင်ပွဲခံစရာ ဖြစ်ပေလိမ့်မည်။

သို့သော် ဆုမိုသည် ကျဉ်းမြောင်းသော လမ်းကြားထဲတွင် 'သေမင်းတမန် စစ်သည်' လေးဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းနှင့် ယန်ရှောင်ယွင် ရှိနေခြင်းတို့ကြောင့်၊ သူတို့၏ အစီအစဉ် အောင်မြင်နိုင်ချေ အလွန် နည်းပါးသွားခဲ့သည်။

တကယ်တမ်းတွင် ယန်ရှောင်ယွင် ကိုယ်တိုင် သုံးသပ်ထားသည်မှာ ဓားသခင်၏ သိုင်းပညာ မဆိုးသော်လည်း၊ တစ်ယောက်ချင်း ယှဉ်ပြိုင်လျှင် သူမထက် အနည်းငယ် နိမ့်ကျနေနိုင်သည် ဟူ၍ဖြစ်သည်။

ထို့ကြောင့်... သူတို့ တကယ် သတ်ချင်နေတာက ဆုမို မဟုတ်ဘဲ၊ ဟွာချန်ယွီ ဖြစ်နေသည်။

အကယ်၍သာ၊ တစ်ခုခု ဖြစ်ခဲ့လျှင် သတင်းက ပြန်ရောက်လာမှာ သေချာလေ၏။

ထိုသို့ဆိုလျှင် ဟွာချန်ယွီသည် ဤအရာမှာ သူမကို ရည်ရွယ်နေခြင်း ဖြစ်ကြောင်း မည်သို့လုပ်၍ မသိဘဲ နေမည်နည်း။

'လှုံ့ဆော်သူ' အဖြစ် ကျန့်မင်သည် ဤကိစ္စထဲမှ ရှောင်ထွက်၍ ရနိုင်မည် မဟုတ်ပါလေ။

သို့သော်...

ဟွာချန်ယွီ မည်သည့်အရာများ ကြုံတွေ့နေရသည်ကို သူမသာ သိရှိပြီး အခြားသူများ မသိရှိကြပါ။

အကယ်၍ တစ်ခုခု ဖြစ်ပွားခဲ့ပါက သူမ၌ ပါးစပ် ဆယ်ပေါက် ရှိလျှင်ပင် ရှင်းပြ၍ မရနိုင်ပါလေ။

နောက်ဆုံး ရလဒ်မှာမူ တစ်စုံတစ်ယောက်သည် သူမအား ဆုမို လုပ်ကြံခံရမှုနှင့် ဆက်စပ်ပေးလိုက်မည်မှာ သေချာလှသည်။

ထိုအခါ ဝူတောက်ယိုနှင့် 'သံမဏိသွေး အာမခံဌာန' မဟာမိတ်အဖွဲ့ကြား သွေးခွဲရန် ကြိုးပမ်းသူ၏ နောက်ကွယ်မှ ကြိုးကိုင်သူ ပေါ်လာလိမ့်မည်။

ထိုသို့သော အခြေအနေတွင် ဝူတောက်ယိုက မည်သို့လျှင် ခွင့်လွှတ်ပေးမည်နည်း။

ဤကစားပွဲကို ဖျက်ဆီးနိုင်သူမှာ ကျန့်မင် တစ်ဦးတည်းသာ ရှိလေသည်။

ကျန့်မင်၏ ပါးစပ်မှ ထွက်ပေါ်လာမည့် သတင်းစကားသည် အရာအားလုံးကို ဆုံးဖြတ်ပေးလိမ့်မည်။

သို့သော်... ထိုအရာက

လွယ်ကူပါမည်လော။

ကျန့်မင်သည် ဇူချိုယန်နှင့် မဟာမိတ် ဖွဲ့ပြီးဖြစ်သကဲ့သို့၊ မည်သူမျှ မသိရှိသော ညီအစ်ကိုများပင် ဖြစ်နေကြသည်။

ဤအခြေအနေတွင် သူ လုပ်ဆောင်ရမည်မှာ နှုတ်ဆိတ်နေရန်၊ သို့မဟုတ် ဟွာချန်ယွီ၏ ရှေ့မှောက်၌ လိမ်ညာပြောဆိုရန်သာ လိုအပ်လေသည်။

ဟွာချန်ယွီ အနေဖြင့် ဤသတင်းဆိုးကို လက်ခံကာ ငြင်းခုံမှုများကို ရပ်တန့်လိုက်မည်လော၊ သို့တည်းမဟုတ် ဝူတောက်ယိုနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မည်လော။

သို့မဟုတ်ပါက အခြား မဟာမိတ်ခေါင်းဆောင်များနှင့် ရှုပ်ထွေးကာ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံရမည်လော။

ဤအရာအားလုံးသည် ရေကို နောက်ကျိသွားစေမည်မှာ အမှန်ပင် ဖြစ်လေသည်။

ထိုအရာသည် ဇူချိုယန် လိုလားသော ရလဒ်ပင် ဖြစ်သည်။

မူလက အစီအစဉ် အားလုံး ချောမွေ့နေခဲ့ခြင်း ဖြစ်သည်။

သို့သော် အရေးကြီးသော အချိန်ရောက်မှသာ ပြဿနာ တက်သွားခဲ့ရသည်။

ကျန့်မင်သည် ဟွာချန်ယွီ၏ ဘေးနားတွင် ကောင်းမွန်စွာ နေနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ မထင်မှတ်ထားဘဲ ဟွာချန်ယွီနှင့် တွေ့ဆုံရန် သွားနေရင်း ဝေရူဟန်၏ အိမ်တော်သို့ ရောက်ရှိသွားခဲ့လေသည်။

ဤလှည့်ကွက်မှာ မည်သို့ ဖြစ်ပျက်သွားရသနည်း။

တွေးတောကြည့်လိုက်လျှင် ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ဖြစ်လေသည်။

ခေါင်မိုးပေါ်တွင် နားထောင်နေသော ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဝေဇီယီကို လှည့်ကြည့်လိုက်ကြ၏။

ဝေဇီယီက ပြုံးပြီး နှုတ်ခမ်းကို လက်ညှိုးဖြင့် ပိတ်ကာ 'တိတ်တိတ်နေ' ဟု အမူအရာ ပြလိုက်သည်။ ဆက်လက် စောင့်ကြည့်ရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။

ယန်ရှောင်ယွင်က ဆုမိုကို ကြည့်လိုက်ရာ၊ ဆုမိုက မသိမသာ ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာ နေရန် အချက်ပြလိုက်သည်။

အမှန်စင်စစ်အားဖြင့် ဆုမိုသည် ဝေဇီယီနှင့် ဟွာချန်ယွီတို့၏ ဆက်ဆံရေးကို သံသယဝင်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်လေသည်။

ပထမအချက်အနေဖြင့် ကျန့်မင်သည် ဝေဇီယီလက်ထဲသို့ ရောက်ရှိသွားခြင်းမှာ တိုက်ဆိုင်လွန်းနေပါ၏။

ဟွာချန်ယွီသည် မြို့တစ်မြို့လုံးအနှံ့ လိုက်လံရှာဖွေခဲ့လျှင်ပင် မတွေ့ရှိဘဲ၊ ဝေဇီယီ၏ လက်ထဲသို့ မည်သို့လျှင် ရောက်ရှိသွားသနည်း။

နောက်ထပ်တစ်ချက်မှာ...

ဝေဇီယီသည် ဝူတောက်ယိုနှင့် ဇူချိုယန်တို့ကို ရည်ညွှန်းသည့်အခါ အမည်တပ်၍ ခေါ်ဆိုသော်ငြားလည်း၊ ဟွာချန်ယွီကိုမူ 'မြို့စားဟွာ' ဟူ၍ အစဉ်အမြဲ သုံးနှုန်းလေသည်။

ဤအချက်များသည် တစ်ခုချင်းစီဆိုလျှင် သံသယဝင်ဖွယ် မဟုတ်သော်လည်း၊ ပေါင်းစပ်လိုက်လျှင်မူ သံသယဖြစ်ဖွယ်ရာပင် ဖြစ်လေသည်။

ထို့ကြောင့် ယနေ့ ဖန်းယွီချန်တို့ မြင်းလှည်း လဲလှယ်သည်ကို ကြည့်ရှုရင်း မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်၏။

ယခုအခါတွင်မူ သူ၏ သံသယများ မှန်ကန်နေပြီဟူ၍ ထင်မှတ်ရလေသည်။

...

...

ခန်းမအတွင်း၌ ဇူချိုယန်၏ မျက်နှာထားသည် ရေပြင်လို တည်ငြိမ်နေသည်။

"ဟွာချန်ယွီက မင်းကို ဝေရူဟန်ဆီ တိုက်ရိုက် ပို့လိုက်တာလား... ဘယ်လို... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ကျွန်တော်... ကျွန်တော်လည်း နားမလည်နိုင် ဖြစ်နေတာပါ"

ကျန့်မင်လည်း ဇဝေဇဝါ ဖြစ်နေသည်။

"ဒီကာလအတွင်းမှာ ကျွန်တော်က 'နဂါးချုပ်လက်ညှိုး' နဲ့ ချုပ်နှောင်ခံထားရပြီး ဝေရူဟန်ရဲ့ အိမ်တော်မှာပဲ အမြဲ ရှိနေခဲ့တာ... အပြင်လောက အကြောင်း ဘာမှ မသိဘူး... ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ်ပြီး ကျွန်တော် လော့ရှားမြို့ မြို့စားအိမ်တော်မှာ ရှိနေမှန်း သိတာလဲ"

"... အပြင်မှာ ကောလာဟလတွေ ပျံ့နှံ့နေတာကွ... မင်းကို ဝေမိသားစုရဲ့ သခင်မလေး ဖမ်းထားတယ် တဲ့... သူမက လော့ဖုန်းမဟာမိတ်အဖွဲ့ထဲ မဝင်ပေမယ့်... မဟာမိတ်အဖွဲ့ အတွင်းရေး ပဋိပက္ခကြောင့် အပြစ်မဲ့သူတွေ ထိခိုက်မှာကို လက်မခံနိုင်ဘူး တဲ့"

ဇူချိုယန် မရည်ရွယ်ဘဲ ထိုစကားများ ပြောထွက်သွားပြီးမှ ရုတ်တရက် သဘောပေါက်သွားသည်။

"လခွမ်း... အစကတော့ သူတို့က မင်းကို သုံးပြီး သခင်မလေးဝေ လော့ဖုန်းမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ လမ်းခင်းနေတယ်လို့ ထင်ခဲ့တာ..."

"ဒါပေမဲ့ အခု ကြည့်ရတာ... သူတို့ရဲ့ အကြံအစည်က အဲဒီထက် ပိုနက်ရှိုင်းနေပုံ ရတယ်"

"ဟွာချန်ယွီနဲ့ ဝေရူဟန် ပူးပေါင်းနေကြတာ ကြာပြီ..."

"ဒါကြောင့် သူက မင်းကို ဝေရူဟန်ဆီ လွှဲပေးလိုက်တာပေါ့..."

ဒီနေရာ ရောက်တော့ သူ ရုတ်တရက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဝေရူဟန်နဲ့ ဟွာချန်ယွီ ရောက်နေသလား ဆိုပြီး စိုးရိမ်တကြီး ကြည့်လိုက်ခြင်း ဖြစ်သည်။

ဆုမိုနှင့် အဖွဲ့သည် အသက်အောင့်ပြီး အာရုံစိုက်ထားကြ၏။ သူတို့ ရှိနေကြောင်း အရိပ်အယောင်မျှ မထွက်စေရန် ဂရုစိုက်ကြ၏။ ဇူချိုယန် ခဏတာ ရှာဖွေကြည့်သော်လည်း ဘာမှ မတွေ့သဖြင့် သက်ပြင်းချလိုက်သည်။

ဇူချိုယန်က မေးလိုက်သည်။

"ပြန်လာတဲ့ လမ်းမှာ... နောက်ယောင်ခံလိုက်တဲ့သူ ရှိလား"

"မရှိပါဘူး"

ဖြေလိုက်သူမှာ အိမ်ရှေ့တံခါးမှ ဝင်လာသော ဖန်းယွီချန် ဖြစ်သည်။

သူသည် ဇူချိုယန်ကို လက်သီးဆုပ် အရိုအသေပေးပြီး ဆက်ပြောလိုက်သည်။ "လာလမ်းတစ်လျှောက်လုံး ကျွန်တော် သေချာ ဂရုစိုက်ခဲ့ပါတယ်... ဘယ်သူမှ လိုက်မလာပါဘူး"

"... ကောင်းပြီ"

ထိုစကားကို ကြားမှ ဇူချိုယန် စိတ်သက်သာရာ ရသွားသည်။ သို့သော် ကျန့်မင်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လွင်နေသည်။

ဇူချိုယန်ကို ကောင်းကောင်းသိသော ကျန့်မင်သည် သူ့မျက်လုံးထဲမှ နိမိတ်ဆိုးကို ရိပ်မိလိုက်ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"အစ်ကိုကြီး... ဘာ... ဘာလုပ်မလို့လဲ"

ဇူချိုယန် သက်ပြင်းချလိုက်သည်။

"မူလကတော့ မင်း ဟွာချန်ယွီ ဘေးနားမှာ နေရင်... နှိပ်စက်ခံရပေမယ့် အသက်တော့ ရှင်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ဟွာချန်ယွီနဲ့ ဝေရူဟန်က... ဟွန်း... ဘာလျှို့ဝှက်ချက်တွေ ပါဝင်နေလဲ မသိပေမယ့်... မင်းရဲ့ အခန်းကဏ္ဍက ဒီအစီအစဉ်ထဲမှာ လုံးဝ ပျောက်ကွယ်သွားပြီ"

"ဝူတောက်ယို ဘယ်လောက်ပဲ တော်တော်... သူတို့နှစ်ယောက် ပေါင်းထားတာကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

အခန်း (၁၀၄) - အကြွေးတောင်းခြင်း (အပိုင်း - ၂)

~"အခု အခြေအနေကို ပြောင်းလဲနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့... မင်း သေပေးဖို့ပဲ"

ဇူချိုယန်၏ စကားကြောင့် ကျန့်မင်၏ မျက်ဝန်းများ အလင်းကွယ်သွားပြီး၊ အသိစိတ်မဲ့စွာ ခေါင်းခါယမ်းလိုက်မိ၏။

"အစ်..အစ်ကိုကြီး... ဒါမျိုး မလုပ်ပါနဲ့..."

သို့သော် ဇူချိုယန်ကမူ ကျန့်မင်၏ တောင်းပန်မှုကို အလေးမထားဘဲ တစ်ကိုယ်တည်း ရေရွတ်နေလေ၏။

"မင်း သေသွားရင်... မင်းကို ဟွာချန်ယွီက နှုတ်ပိတ်သတ်လိုက်တာလို့ ငါ အသံလွှင့်လို့ ရပြီလေ"

"ဟွာချန်ယွီက မင်းကို ဘာလို့ သတ်ရသလဲဆိုတော့... ဝေရူဟန် ရှေ့မှာ မင်း အမှန်တရားကို ဖွင့်ပြောမှာ စိုးလို့ပေါ့"

"ဒီလိုဆိုရင်တော့ ဒီမိန်းမရဲ့ နာမည်ပျက်က ဘယ်တော့မှ ဆေးကြောလို့ ရမှာ မဟုတ်တော့ဘူး"

"တကယ်တော့ ဝူတောက်ယို တစ်ယောက်တည်းနဲ့တော့ သူတို့ နှစ်ယောက်ကို မယှဉ်နိုင်တာ အမှန်ပဲ"

"ဒါပေမဲ့ ကံကောင်းတာက ဝေရူဟန်နဲ့ ဒီမိန်းမကြားမှာ ပတ်သက်မှု ရှိနေတယ် ဆိုရင်တောင်မှ... အဲဒီဆက်ဆံရေးကို လူသိရှင်ကြား အလွယ်တကူ ထုတ်ဖော်ပြမှာ မဟုတ်ဘူး"

"ဒါက ငါတို့အတွက် ကြားဖြတ်နှောက်ယှက်ဖို့ အခွင့်အရေးပဲ... ငါလုပ်ရမှာက မီးလောင်ရာ လေပင့်ပေးဖို့ပဲ... တခြား မဟာမိတ်ခေါင်းဆောင်တွေ ဟွာချန်ယွီကို သံသယဝင်လာအောင်၊ ဒီမိန်းမကို ဝိုင်းပယ်လာအောင် ငါ နောက်ကွယ်ကနေ တွန်းအားပေးလိုက်မယ်... ရေနောက်မှ ငါးဖမ်းရတာ ပိုလွယ်တာပေါ့"

"ရေနောက်နေမှ ငါတို့အတွက် လှုပ်ရှားရတာ ပိုအဆင်ပြေမှာ... ညီလေး... မင်းလည်း သဘောတူတယ်မလား"

ကျန့်မင်ကို ကြည့်နေသော သူ၏ အကြည့်များတွင် အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီ ဖြစ်၏။

"အစ်ကိုကြီး... မဖြစ်ပါဘူး... ကျွန်တော့်ကို မသတ်ပါနဲ့"

ကျန့်မင် အလန့်တကြား ခေါင်းခါလိုက်မိသည်။

"ကျွန်တော်က ခင်ဗျားရဲ့ ညီလေးလေ၊ ခင်ဗျား ခိုင်းသမျှ ကျွန်တော် လုပ်ခဲ့တာပဲ... ဟွာချန်ယွီ ဘေးမှာ ပုန်းနေပြီး ခင်ဗျား အမိန့်တွေကို နားထောင်ခဲ့တာပဲ... ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို သတ်ရက်တာလဲ"

"ညီလေးကောင်းလေးရာ..."

ဇူချိုယန်က ကျန့်မင်ကို စူးစိုက်ကြည့်လိုက်သည်။

"ငါ့ကို နောက်ဆုံးတစ်ခေါက်လောက် ကူညီပေးပါဦး... ငါ ကတိပေးပါတယ်... မင်းရဲ့ နာရေးကို ခမ်းခမ်းနားနား ကျင်းပပေးမယ်... မင်း တစ်ယောက်တည်း အထီးကျန်စွာ ထွက်ခွာမသွားရစေရဘူး... မင်း ဇနီးက အစောကြီး ဆုံးသွားပေမယ့်... မင်းမှာ မယားငယ်လေး တစ်ယောက် ရှိသေးတယ်ဆိုတာ ငါသိတယ်... စိတ်မပူနဲ့... မင်းအတွက် ငါ အဲဒီမိန်းကလေးကို သေသေချာချာ ပြုစုစောင့်ရှောက်ပေးမယ်... မင်းမှာ သားသမီး မကျန်ခဲ့တာ နှမြောစရာပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါ့မှာ သားတွေ အများကြီး ရှိတယ်... မင်း ဘယ်သူ့ကို ကြိုက်လဲ ပြော... အဲဒီသားကို မင်းရဲ့ 'ကျန့်' မျိုးရိုး ပေးလိုက်မယ်... မင်းရဲ့ သားအရင်းလိုပဲ သဘောထားလိုက်ပေါ့... ဘယ်လိုလဲ"

ကျန့်မင် တစ်ကိုယ်လုံး အေးစက်သွားပြီး သွေးများပင် ခဲသွားမတတ် ထိတ်လန့်သွားရလေ၏။

ဒေါသစိတ်ကြောင့် သူ အော်ဟစ်လိုက်မိတော့၏။

"ဇူချိုယန်... ခင်ဗျား တကယ့်ကို ယုတ်မာပက်စက်တဲ့ လူပဲ ဟိုသခင်လေးကို လုပ်ကြံဖို့ ကြံစည်တာရော၊ မဟာမိတ် ခေါင်းဆောင်တွေကြား သွေးခွဲတာရော... ခင်ဗျားရဲ့ နည်းလမ်းတွေက နိမ့်ကျပြီး အရှက်မရှိလွန်းတယ်"

"ခင်ဗျားရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျုပ်ကို အသုံးချပြီးတော့... အခုကျတော့ ဖိနပ်အစုတ်လို ပစ်ထုတ်ချင်တာလား"

"ကျုပ်.. ခင်ဗျားအပေါ် သစ္စာရှိခဲ့တာကို ဒီလို ကျေးဇူးဆပ်တာလား... ခင်ဗျားနောက်က လိုက်နေတဲ့ သူတွေကရော... ယုန်သေတော့ မြေခွေး ငိုသလိုမျိုး.. ခင်ဗျားရဲ့ လုပ်ရပ်ကို ကြည့်ပြီး နောင်တရကုန်မှာ မကြောက်ဘူးလား"

သူ စကားပြောနေစဉ်မှာပင် ဇူချိုယန်က လက်ညှိုးကို မြှောက်လိုက်ပြီ ဖြစ်၏။

လက်ညှိုးမှ ထွက်ပေါ်လာသော အားအဟုန်က မပြင်းထန်သော်လည်း၊ ကျန့်မင်၏ မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထားခြင်း ဖြစ်သည်။

ထိုသို့ လက်ညှိုးဖြင့် ပစ်လွှတ်လိုက်ပြီးနောက် ဇူချိုယန်က ခေါင်းကို အနည်းငယ် လွှဲလိုက်၏။ ဆက်ကြည့်ရန် စိတ်မကောင်းသည့်ဟန် ဆောင်လိုက်ခြင်းပင်။

သို့သော် ထိုခဏ၌ပင်... လေထုကို ဖြတ်သန်းလာသော 'ရွှစ်' ခနဲ အသံကြီး ထွက်ပေါ်လာတော့သည်။

စူးရှသော လေတိုးသံနှင့်အတူ အရာဝတ္ထုတစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ဇူချိုယန်၏ ရှေ့မှောက်သို့ ရောက်ရှိလာလေ၏။

ဇူချိုယန် ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"ဘယ်သူလဲ..."

မူလက ကျန့်မင်ကို ပစ်မှတ်ထားခဲ့သော လက်ညှိုးစွမ်းအားကို ဟင်းလင်းပြင်ရှိ ထိုအရာဝတ္ထုထံသို့ ပြောင်းလဲ ပစ်လွှတ်လိုက်ရသည်။

လေထဲမှ ပျံဝဲလာသည်မှာ အိမ်မိုးကြွေပြား တစ်ချပ် ဖြစ်၏။

၎င်းတွင် အလွန်ပြင်းထန်သော အတွင်းအားများ ကိန်းအောင်းနေသည်။

ဇူချိုယန်၏ လက်ညှိုးနှင့် ထိတွေ့ခါနီး သုံးလက်မခန့် အကွာတွင် ထိုကြွေပြားသည် တုံ့ခနဲ ရပ်တန့်သွားလေ၏။

လက်ညှိုးမှ ထွက်ပေါ်သော အားနှင့် ကြွေပြားအတွင်းမှ အတွင်းအားတို့သည် ခဏတာမျှ အားပြိုင်နေကြ၏။

“ဝီ…”

ဟင်းလင်းပြင်မှ တုန်ခါသံ သဲ့သဲ့ ထွက်ပေါ်လာစဉ်၊ ဇူချိုယန်က မြေပြင်ကို ခြေတစ်ဖက်ဖြင့် ဆောင့်နင်းလိုက်သည်။ 'ဂျွတ်' ခနဲ အသံနှင့်အတူ သူ၏ ခြေအောက်ရှိ စကျင်ကျောက်ပြားများ ချက်ချင်း အက်ကွဲသွားတော့၏။

အတွင်းအားများ ထပ်မံ လှည့်ပတ်လိုက်သောအခါ လေထဲတွင် ရပ်နေသော ကြွေပြားပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာလေ၏။

နောက်တစ်စက္ကန့်တွင် ထိုအက်ကြောင်းသည် ကြွေပြားတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး...

'ဘုန်း' ခနဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ...

ကြွေပြားကို ဗဟိုပြု၍ ပြင်းထန်သော လေအဟုန်များ အရပ်လေးမျက်နှာသို့ ဝှေ့ယမ်းသွားလေ၏။

ဇူချိုယန်သည် နောက်သို့ လေးလှမ်းခန့် အမြန် ဆုတ်လိုက်ရသည်။ ခြေလှမ်းတိုင်းသည် စကျင်ကျောက်ပြားပေါ်တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်ရစ်စေ၏။

လေးလှမ်းမြောက်တွင်မှ သူ အနေအထားကို ပြန်ထိန်းနိုင်ခဲ့သည်။

သူ၏ မျက်လုံးများက ခန်းမအတွင်းကို အလျင်အမြန် ဝေ့ကြည့်လိုက်ရာ... ကျန့်မင် ထိုင်နေသော ကုလားထိုင်မှာ ဟင်းလင်းပြင် ဖြစ်နေတော့၏။

လှည့်ကြည့်လိုက်သောအခါ၊ ခန်းမအဝင်ဝတွင် လူလေးယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သုံးယောက်မှာ မတ်မတ်ရပ်နေကြပြီး တစ်ယောက်မှာ ကျန့်မင် ဖြစ်၏။

လူငယ် သုံးယောက်တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်သည်။ ကျန့်မင်ကိုမူ အမျိုးသမီးငယ် တစ်ဦးက အဝတ်အိတ် တစ်ခုကို သယ်ထားသကဲ့သို့ ပေါ့ပေါ့ပါးပါး မထားခြင်း ဖြစ်သည်။

ထိုအမျိုးသမီးငယ်က ကျန့်မင်ကို တစ်ချက်ကြည့်ပြီး အသာအယာ ပြုံးလိုက်၏။

"သူရဲကောင်းကျန့်... ဒီလို ဖြစ်လာမယ်မှန်း သိရင်... ကျွန်မရဲ့ မြို့စားအိမ်တော်မှာပဲ နေခဲ့တာ ပိုမကောင်းဘူးလား... အနည်းဆုံးတော့ အသက်ရှင်ရသေးတာပေါ့"

ဇူချိုယန်၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

"မင်း... မင်းတို့က ဘယ်သူတွေလဲ"

"လန်ယွဲ့နန်းတော်က ဝေဇီယီ ပါ"

ဝေဇီယီက ညင်သာစွာ ပြုံးလျက် တုံ့ပြန်လိုက်၏။

"မဟာမိတ်ခေါင်းဆောင် ဇူကတော့ တကယ်ကို စွမ်းဆောင်နိုင်ရည် ရှိတာပဲ... လက်တစ်ဖက် လှုပ်ရှားလိုက်ရုံနဲ့ အခြေအနေတွေကို လိုသလို ပြောင်းလဲပစ်နိုင်တာ... တကယ်ကို လေးစားစရာပါပဲ"

"ဝေဇီယီ..."

ဇူချိုယန်သည် ထိုနာမည်ကို အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဝေမိသားစုရဲ့ သမီးတော်လေး ရောက်လာတာကိုး"

ထိုသို့ ပြောပြီးနောက် သူသည် ဖန်းယွီချန်ကို လှမ်းကြည့်လိုက်၏။

ဖန်းယွီချန်က မျက်မှောင်ကြုတ်လျက် "ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ" ဟု ဝန်ခံလိုက်သည်။

"ကိစ္စမရှိပါဘူး"

ဇူချိုယန်က ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။

"ဝေမိသားစုရဲ့ သမီးတော်လေးဆိုတာ ပုံမှန်ဆိုရင် ဖိတ်ဖို့ မလွယ်တဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်လေ... အခုတော့ ငါတို့အဖွဲ့နောက်ကို တိတ်တဆိတ် လိုက်ပြီး ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာဆိုတော့... ဒါ ကောင်းကင်ဘုံက ပေးတဲ့ လာဘ်လာဘပဲ... ငါ ဇူချိုယန်အနေနဲ့ မင်း ရောက်လာတာကို တကယ့်ကို ဝမ်းမြောက်မိပါတယ်... ဒီနေ့ ရောက်လာမှတော့... ရက်နည်းနည်းလောက် ထပ်နေသွားပါဦး"

"ဟားဟားဟား"

ဝေဇီယီက အားရပါးရ ရယ်မောလိုက်တော့၏။

"မဟာမိတ်ခေါင်းဆောင် ဇူက... ကျွန်မတို့ကို ဒီမှာ ထိန်းသိမ်းထားချင်တာလား... ရှင်.. အဲ့ဒီလို လုပ်နိုင်တဲ့ အရည်အချင်း ရှိမရှိ ဆိုတာကတော့ စဉ်းစားစရာပဲနော်"

ဇူချိုယန်သည် သူ၏ ဘယ်ဘက်လက်ကို နောက်ကျောတွင် ထားလိုက်ပြီး အသာအယာ လှုပ်ရှားလိုက်သည်။ ထို့နောက် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလျက်...

"မင်းတို့ သုံးယောက်လုံးရဲ့ သိုင်းပညာက တကယ် ချီးကျူးစရာပါပဲ... ဒါပေမဲ့ နှမြောစရာကောင်းတာက... မင်းတို့မှာ သတ္တိပဲ ရှိပြီး ဗျူဟာ မရှိတာပဲ... ငါ့အိမ်ထဲကို ဒီလောက် လူနည်းနည်းနဲ့ ဝင်လာရအောင်... ဘယ်သူက မင်းတို့ကို ဒီလောက်အထိ ရဲတင်းခိုင်းလိုက်တာလဲ"

သူ၏ စကားအဆုံး၌... စည်းချက်ကျကျ နင်းလာသော ခြေသံများစွာသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာလေတော့၏။

ခဏအတွင်းမှာပင် ခန်းမအပြင်ဘက်ကို လူအင်အားများဖြင့် အတွင်းသုံးထပ်၊ အပြင်သုံးထပ် ဝိုင်းရံထားလိုက်ကြပြီ ဖြစ်ချေသည်။

အခန်း (၁၀၅) - အကြွေးတောင်းခြင်း (အပိုင်း - ၃)

~ဝေဇီယီသည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက်၊ သူမ၏ ရင်ဘတ်ထဲမှ တံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ အသာအယာ မြှောက်ပြလိုက်လေ၏။

"ဖီးနစ်အမိန့်တော် တံဆိပ်ပြား ဒီမှာ ရှိတယ်။ လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ လက်အောက်ခံတွေ အားလုံး... ဒီတံဆိပ်ပြားကို မြင်တာဟာ ငါ့ကို မြင်တာနဲ့ အတူတူပဲ။ ဘယ်သူကများ လက်နက်ကိုင်ပြီး လှုပ်ရှားရဲသလဲ ကြည့်ကြသေးတာပေါ့"

"ဝေမျိုးနွယ်ရဲ့ စာလုံးပါတဲ့ ဖီးနစ်အမိန့်တော် တံဆိပ်ပြားလား"

ဇူချိုယန်သည် မျက်ခုံးအနည်းငယ် ပင့်တက်သွားသော်လည်း ပြုံးလျက်ပင် တုံ့ပြန်လိုက်၏။

"သခင်မလေးဝေရဲ့ လုပ်ရပ်ကတော့ စိတ်ပျက်စရာ ဖြစ်သွားလိမ့်မယ် ထင်တယ်။ ငါ့ရဲ့ နယ်မြေထဲမှာ ဝေမျိုးနွယ် တံဆိပ်ပြားကို ထုတ်ပြပြီး ကြွားဝါနေတာက... ငါ ရှိနေတာကိုရော ထည့်မတွက်တော့ဘူးလား"

သူ ထင်ထားသည့်အတိုင်းပင်၊ ဝိုင်းရံထားသော လူများထဲမှ တစ်ဦးတစ်ယောက်မျှ ဖီးနစ်အမိန့်တော်ကို မြင်သော်လည်း နောက်ဆုတ်သွားခြင်း မရှိကြပေ။

သူတို့၏ မျက်လုံးများသည် အေးစက်ခက်ထန်နေပြီး၊ ဇူချိုယန်၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အုပ်စုလိုက် ဝိုင်းအုံ တိုက်ခိုက်ရန် အသင့်ပြင်ထားကြလေ၏။

ဝေဇီယီသည် ဤအခြေအနေကို အံ့သြခြင်း မရှိဘဲ၊ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို လှမ်းကြည့်ကာ လျှာလေး ထုတ်ပြလိုက်၏။

"မအောင်မြင်ဘူးဆိုတာ ကျွန်မ သိသားပဲ"

ဆုမိုက ခေါင်းခါယမ်းလိုက်ရင်း...

"ဒီအခြေအနေအထိ ရောက်နေမှတော့... မိန်းကလေးဝေက ဘာလို့ ပဟေဠိတွေ လုပ်နေဦးမှာလဲ။ ခင်ဗျားမှာ ဘာအစွမ်းအစတွေ ရှိလဲဆိုတာ အမြန်ဆုံး ထုတ်သုံးလိုက်ပါတော့။ မဟုတ်ရင်တော့... ကျွန်တော့်ရဲ့ အသက်အကြွေးအတွက် ကျွန်တော်ပဲ အရင် လက်ဦးမှု ယူလိုက်ရတော့မယ်"

"နေပါဦး... ခဏလေး စောင့်ပါဦး..."

ဟု ဝေဇီယီက အလျင်အမြန် တားဆီးလိုက်သည်။

"သူတို့ မကြာခင် ရောက်လာတော့မှာပါ"

သူမ၏ စကားသံ အဆုံးမှာပင်... အလျင်စလို ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရတော့သည်။

လူတစ်ယောက်သည် လူအုပ်ကြီးကို တိုးဝှေ့ပြီး ခန်းမအတွင်းသို့ ဝင်ရောက်လာကာ၊ ဒူးတစ်ဖက် ထောက်လျက် ကြောက်လန့်တကြား သတင်းပို့လိုက်လေ၏။

"မြို့စားမင်း... မြို့စားဟွာက လူအင်အား အလုံးအရင်းနဲ့ ကျွန်တော်တို့ အိမ်တော်ရှေ့ကို ရောက်နေပါပြီ။ သူတို့က... သူတို့က တောင်းဆိုနေတာက..."

သူသည် ဝေဇီယီ၏ လက်ဝါးထဲ၌ အဖမ်းခံထားရသော ကျန့်မင်ကို မော့ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ကျန့်မင်ကို အပ်ဖို့ တောင်းဆိုနေတာပါ မဟာမိတ်ခေါင်းဆောင် ဝူတောက်ယိုကို ရှင်းလင်းချက် ပေးဖို့အတွက်လို့ ပြောနေပါတယ်"

ဇူချိုယန်သည် ဝေဇီယီဘက်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်၏။

"ဒါ မင်းရဲ့ လက်ချက်လား"

"ဟုတ်တယ်လေ"

ဝေဇီယီက ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မတို့ ထျန်းယွီမြို့ကို ရောက်လာမှတော့... မြို့စားဟွာကို ဘယ်လိုလုပ် သတင်းမပို့ဘဲ နေမှာလဲ။ အခုတော့ သက်သေရော၊ လူရော အမိအရ ဖမ်းမိထားပြီဆိုတော့... မဟာမိတ်ခေါင်းဆောင် ဇူကတော့ လှောင်အိမ်ထဲ ပိတ်မိနေတဲ့ ကြွက်လို ဖြစ်သွားပြီပေါ့"

"... ကောင်းတယ်... ဝေမိသားစုရဲ့ သမီးတော်လေးက ငါ့ရဲ့ အမြင်တွေကို တကယ်ပဲ ကျယ်ပြန့်စေခဲ့တာပဲ"

ဇူချိုယန်၏ မျက်နှာသည် မှောင်မည်းသွားတော့သည်။

"ဒါပေမဲ့ ငါ နားမလည်တာက... ဟွာချန်ယွီက မင်းလို မိန်းကလေး တစ်ယောက်ရဲ့ စကားကို ဘာလို့ နားထောင်ရတာလဲ။ ဝေရူဟန်နဲ့ ပူးပေါင်း ကြံစည်ထားလို့လား"

"ပူးပေါင်း ကြံစည်တယ် ဟုတ်လား... စကားလုံးက တကယ်ကို ရုပ်ဆိုးလိုက်တာ"

ဝေဇီယီက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ပြီး၊ ကျန့်မင်၏ ခန္ဓာကိုယ်ကို တစ်ချက် ပုတ်လိုက်သည်။

"မင်း... သေလမ်းကို ရွေးမလား၊ ရှင်လမ်းကို ရွေးမလား"

"ရှင်လမ်းကိုပဲ ရွေးမှာပေါ့"

ဤအခြေအနေတွင် ကျန့်မင်သည် သူ၏ တစ်ခုတည်းသော အသက်ရှင်သန်ခွင့် လမ်းစကို သိမြင်သွားပြီ ဖြစ်ချေသည်။

"ကောင်းပြီ"

ဝေဇီယီက ပြုံးလျက် မှာကြားလိုက်၏။

"ခဏနေ မြို့စားဟွာ ဝင်လာတဲ့အခါ... ရှင်တို့ရဲ့ အစီအစဉ်တွေ အားလုံးကို အမှန်အတိုင်း ဝန်ခံလိုက်။ ရှင့်အပေါ် သစ္စာမရှိတဲ့ ဒီအစ်ကိုကြီးက ရှင့်ကို သတ်ပြီး ရှင့်ရဲ့ မယားငယ်ကို သိမ်းပိုက်ဖို့တောင် ကြံနေတာလေ။ ဒီလို လူစားမျိုးအပေါ် သစ္စာရှိနေရတာက တကယ်ကို ပျင်းစရာ ကောင်းလွန်းပါတယ်။ ဒီကိစ္စကို ရှင်းအောင် ပြောလိုက်ရင်... မြို့စားဟွာ ရှေ့မှာ ကျွန်မ.. ရှင့်အတွက် ကောင်းကောင်း ပြောပေးမယ်။ အဆိုးဆုံး ဖြစ်လာရင်တောင် သိုင်းလောကထဲကို ရှင် ထွက်ပြေး လွတ်မြောက်သွားနိုင်အောင် စီစဉ်ပေးမယ်။ ဒီလို အရှုပ်အထွေးထဲမှာ ရုန်းကန်နေရတာထက်တော့ အများကြီး ပိုကောင်းတာပေါ့"

"ဒါဆိုရင်... ဒါဆိုရင်... သခင်မလေးဝေကိုပဲ အားကိုးပါတော့မယ်"

ကျန့်မင်သည် လည်ချောင်းထဲမှ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။ သူ၏ သေရေးရှင်ရေးသည် ဤအလှည့်အပြောင်းပေါ်တွင် မူတည်နေသည် မဟုတ်ပါလော။

ဝေဇီယီသည် ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

"တော်ပြီ... တော်ပြီ..."

ဇူချိုယန်ကမူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေ၏။

ဟွာချန်ယွီ ဦးဆောင်သော လူအုပ်ကြီးသည် အိမ်တော်ကို မျက်စိတစ်မှိတ်အတွင်း ထိုးဖောက် ဝင်ရောက်လာနိုင်ပေသည်။

မူလက ကျန့်မင်ကို နှုတ်ပိတ် သတ်ရန် ကြံရွယ်ခဲ့သော်လည်း၊ ဝေဇီယီတို့အုပ်စုက ကြားထဲမှ ကယ်တင်သွားခဲ့သည်။

ယခုအချိန်တွင် အရာအားလုံး ဆုံးရှုံးသွားပြီ မဟုတ်သေးသော်လည်း၊ အခြေအနေမှာ အလွန် အန္တရာယ်ကြီးသော အဆင့်သို့ ရောက်ရှိနေတော့၏။

သူ၏ မျက်လုံးများတွင် အေးစက်လှသော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်လာတော့သည်။

"မင်းတို့က ငါ့ကို နှုတ်ပိတ် သတ်ဖြတ်ဖို့ အတင်း တွန်းအားပေးနေတာပဲ"

"နှုတ်ပိတ် သတ်ဖြတ်မယ် ဟုတ်လား"

ထိုစကားကို ကြားသောအခါ ဆုမိုသည် မရယ်ဘဲ မနေနိုင်တော့ချေ။

"အဟင်း..မဟာမိတ်ခေါင်းဆောင် ဇူ... စကားလုံးတွေက တကယ့်ကို ကြီးကျယ်လွန်းနေတာပဲ"

"မင်းက ဘယ်သူလဲ"

ဇူချိုယန်က မေးမြန်းလိုက်ပြီးနောက် ခေါင်းကို ခါရမ်းလျက်...

"ဘယ်သူပဲဖြစ်ဖြစ်... ဒီနေ့တော့ တစ်ယောက်မှ အပြင်ကို အသက်ရှင်လျက် မထွက်သွားစေရဘူး"

သူ၏ ကြွေးကြော်သံနှင့်အတူ၊ ခန်းမအတွင်းနှင့် အပြင်ရှိ လူများ အားလုံး စတင် လှုပ်ရှားလိုက်ကြတော့သည်။

အပြင်ဘက်မှ ဝိုင်းရံထားသူများသည် ဓားများကို ဆွဲထုတ်ကာ ခုတ်ပိုင်း သတ်ဖြတ်ရန် ရှေ့သို့ တိုးဝင်လာကြ၏။

သို့သော် ထိုခဏ၌ပင်... နဂါးဟိန်းသံကဲ့သို့သော အသံကြီး ထွက်ပေါ်လာပြီး၊ ယန်ရှောင်ယွင်၏ လှံရှည် တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ရန်သူတစ်ဦး၏ လည်ချောင်းကို ထိုးဖောက်သွားတော့သည်။ ထိုလူသည် မျက်စိရှေ့တွင်ပင် သွေးပျက်ဖွယ် ကောင်းလောက်အောင် နေရာမှာပင် သေဆုံးသွားခဲ့ရလေ၏။

ထို့နောက် ယန်ရှောင်ယွင်သည် လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ၊ သေဆုံးသွားသော အလောင်းမှာလည်း လှံအရှိန်နှင့်အတူ ပါသွားပြီး ဓားဆွဲထုတ်ထားသော အစောင့်များကို တိုက်မိကာ လဲကျကုန်ကြတော့၏။

မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း သည် ရိုးရှင်းသယောင် ရှိသော်လည်း အလွန်ပင် သိမ်မွေ့လှပေသည်။ လူအုပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် ယင်း၏ ရဲစွမ်းသတ္တိမှာ ပိုမို ပေါ်လွင်လာတော့သည်။

ယန်ရှောင်ယွင်သည် လူအုပ်ကြီးကြားသို့ တိုးဝင်သွားပြီး သူမ၏ လှံတံမှာ သွေးတိမ်တိုက်များကြားတွင် ပျံဝဲနေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထိမိသမျှ နေရာတိုင်း၌ သွေးရောင်များ ပိုမို ရဲရဲတောက် လာတော့သည်။

တစ်ဖက်တွင်လည်း ဝေဇီယီသည် လက်တစ်ဖက်ဖြင့် ကျန့်မင်ကို ဖမ်းကိုင်ထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် ခါးကြားမှ ပျော့ပျောင်းသော ဓားကို ဆွဲထုတ်လိုက်လေ၏။

အနက်ရောင်ဝတ် လူသုံးဦး သူမထံသို့ တိုးဝင်လာသော်လည်း၊ လရောင်၏ အေးစက်မှုနှင့်အတူ ဝေဇီယီ၏ ဓားချက် တစ်ချက်က လူတစ်ဦး၏ အသက်ကို နှုတ်ယူသွားခဲ့ပြီ ဖြစ်၏။

ဓားအလင်းတန်းများ ဝှေ့ယမ်းသွားပြီး စွမ်းအင်လှိုင်းများ ပန်းထွက်လာရာ၊ ကျန်ရှိနေသော အနက်ရောင်ဝတ် နှစ်ဦးမှာ ဘေးအန္တရာယ်ကို ရိပ်မိသဖြင့် ယာယီ ရှောင်တိမ်းလိုက်ကြရသည်။ သို့သော် ဝေဇီယီသည် ကျန့်မင်နှင့် ဓားကို ကိုင်ဆောင်လျက်ပင် ရှေ့သို့ ခုန်ဝင်ကာ တရစပ် လိုက်လံ သတ်ဖြတ်နေတော့သည်။

ထိုအချိန်တွင် ဖန်းယွီချန်သည် ဆုမိုထံသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။

ဤလူသည် 'မြောင်လန်ကျွင်း' ဟု ကျော်ကြားသူ ဖြစ်ပြီး၊ ထူးကဲသော ပါရမီကြောင့် သိုင်းကွက်များကို တစ်ချက်ကြည့်ရုံနှင့် တုပနိုင်စွမ်း ရှိသူဖြစ်သည်။ ယခုအခါ သူ၏ လက်ဝါးနှစ်ဖက်ကို လေထဲတွင် လှုပ်ရှားကာ သူ၏ အကောင်းဆုံး ပညာရပ်ကို ထုတ်သုံးပြီး၊ ဆုမိုကို အရင်ဆုံး သတ်ဖြတ်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ... ဆုမိုသည် သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ၊ လက်သီး တစ်ချက်ကိုသာ ပေါ့ပေါ့ပါးပါး ထိုးလိုက်ခြင်းပင်။

"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ"

ဖန်းယွီချန်၏ မျက်နှာသည် မှောင်မည်းသွားပြီး၊ သူ၏ အတွင်းအား အားလုံးကို စုစည်းကာ ဆုမိုကို သူ၏ စွမ်းအား ပြသရန် ပြင်လိုက်သည်။

သို့သော် မထင်မှတ်ဘဲ၊ ဆုမို၏ လက်သီးချက်မှာ သာမန်ဟု ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး၊ ဖန်းယွီချန်၏ လက်ဝါးများကို ကျော်ဖြတ်ကာ သူ၏ ရင်ဘတ်သို့ တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။

ဖန်းယွီချန်သည် တစ်ကိုယ်လုံး တုန်ခါသွားသလို ခံစားလိုက်ရပြီး၊ သူ၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာလေတော့၏။

လက်သီး တစ်ချက်တည်းနှင့် အသက်ပျောက်သွားခဲ့ပြီးတည်း

ဆုမိုက သူ၏ အင်္ကျီလည်ပင်းစကို ဆုပ်ကိုင်ပြီး ဇူချိုယန်ရှိရာသို့ ပစ်ပေါက်လိုက်သည်။

ဇူချိုယန်သည် ဖန်းယွီချန်၏ သေရေးရှင်ရေးမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ။ မိမိထံသို့ ပျံဝဲလာသော အလောင်းကို မြင်သောအခါ သူသည် အလျင်စလို လက်ဖြင့် ကာကွယ်လိုက်ရုံသာ တတ်နိုင်တော့သည်။

အလောင်းကို ထိမိလိုက်သည်နှင့် တပြိုင်နက်... ကြီးမားလှသော စွမ်းအားကြီးတစ်ခုက သူ့အပေါ်သို့ ဖိနှိပ်လာသည်ကို ခံစားလိုက်ရ၏။

စောစောက အိမ်မိုးကြွေပြားမှ ထွက်ပေါ်လာသော အင်အားနှင့် အတူတူပင် ဖြစ်ချေသည်။

“ဒုန်း ဒုန်း ဒုန်း”

ဇူချိုယန်သည် သူ၏ စွမ်းအားအားလုံးကို အသုံးပြုပြီး နောက်သို့ တရစပ် ဆုတ်ခွာလိုက်သော်လည်း၊ အလောင်းတွင် ပါလာသော အရှိန်အဟုန်ကို လုံးဝ မချေဖျက်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ထိုအလောင်းမှာ သူ၏ ရင်ဘတ်သို့ ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။

သူ၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားပြီး၊ လေထဲတွင် အကြိမ်ကြိမ် လိမ့်သွားပြီးမှ မြေပြင်ပေါ်သို့ ကျဆင်းသွားလေ၏။

စကားတစ်ခွန်းမျှ မပြောနိုင်သေးမီမှာပင် သွေးတစ်ပွက် အန်ချလိုက်ရပြီး၊ သူ၏ မျက်နှာတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။

"မင်း... မင်းက တကယ်ပဲ.. ဘယ်သူလဲ"

"အကြွေးတောင်းဖို့ လာတဲ့သူပါ"

ဆုမိုက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး...

"ကျုပ်... ဆုမိုမှာ၊ မဟာမိတ်ခေါင်းဆောင် ဇူနဲ့ ရှင်းစရာရှိတဲ့ အသက်အကြွေး တစ်ခု ရှိနေတယ်" ဟု အေးစက်စွာ တုံ့ပြန်လိုက်လေတော့သည်။

All Chapters