အခန်း (၅၂)
Vol. 4 Ch. 52
ကျိူးလီဇီ က ပိုင်ရီကျီး ရဲ့အဖွဲ့တွင် မနေလိုတာကြောင့် စစ်သားတွေနှင့် ပူးပေါင်းလိုက်တာကပိုကောင်းတယ်။ နောက်ဆုံးမှာတော့ စစ်သားများက ကမ္ဘာပျက်ကပ်တွင် အယုံကြည်ရဆုံးလူများဖြစ်သည်။
သူတို့ရဲ့ ချို့ယွင်းချက်တွေက ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ တာဝန်ယူမှုကမြင့်မားတယ်။ သူတို့က အခြားသူများကို ကာကွယ်ရန်အတွက် အစွမ်းကုန်ကြိုးစားကာ သူတို့ရဲ့အသက်ကိုပါစွန့်လေ့ရှိကြတယ်။
ထို့ကြောင့် ကမ္ဘာပျက်ခြင်းစတင်သောအခါ၌ သုတ်သင်အခံရဆုံးသူများထဲတွင် စစ်သားများလည်း ပါဝင်ခဲ့သည်။ အတိတ်ဘဝတွင် သူမသေဆုံးသွားတဲ့ချိန်မှာတော့ စစ်သည်တော်များက သိပ်မကျန်တော့ပေ။
နောက်ပိုင်း သူမတွေ့ခဲ့ရတဲ့ "စစ်သား" ဒါမှမဟုတ် "အစောင့်" လို့ခေါ်တဲ့သူတွေဟာ အခြေစိုက်စခန်းက ငှားရမ်းထားတဲ့ စွမ်းရည်ကို အသုံးပြုသူများသာဖြစ်ပါတယ်။ ထိုသူတို့၏သစ္စာစောင့်သိမှုက ၎င်းတို့ကို အများဆုံးပေးချေသူတိုင်းရဲ့နောက်သို့ လိုက်သွားကာ သူတို့အတွက်တော့သာမာန်လူများက တစ်ခါသုံးအမှိုက်များထက်မပိုပေ။
ကျိူးလီဇီ အတွေးလွန်နေတာကိုမြင်တော့
ချူကျိမြောင် က သူမကို အဖြေပေးလိုက်တယ်လို့ထင်တယ်။ ကျိူးလီဇီ က အတည်မပြုသော်လည်း အနမ်းခံရခြင်းအတွက် သူမ၏ တုံ့ပြန်မှုကလုံလောက်သည်ဟု ဆိုနိုင်တယ်။
သူမနဲ့ ဗိုလ်ကြီးကျင်း က အတူတူရှိရမယ်။ မဟုတ်ရင် ရုတ်တရက် လာနမ်းတာကို ဘာကြောင့် သူ့ကိုပါးမရိုက်လိုက်တာလဲ။
ထိုအရာကိုသဘောပေါက်လာသဖြင့် ချူကျိမြောင် က ပိုင်ရီကျီး ကို စိုက်ကြည့်လိုက်တော့ သူ၏ မည်းမှောင်နေသော အမူအရာကို မြင်လိုက်ရသည်။ သူမက သက်ပြင်းတစ်ချက် ချလိုက်သော်လည်း နှစ်သိမ့်ရန်အတွက် ဘာမှမပြောဝံ့ပေ။ဘယ်သူကမှ အပြစ်တင်လို့မရဘူး—အချစ်က အချိန်ကိုက်ပဲ။
သူ့အဖွဲ့က သူ့ကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြတာ သတိပြုမိတော့ ပိုင်ရီကျီးက စိတ်တိုလာတယ်။ "အဆင်သင့်လုပ်ထား။ စားသောက်ကုန်စက်ရုံကို သွားမယ်"
သူ့အမိန့်ကိုကြားတော့ သူတို့ကနှောင့်နှေးကာမနေရဲဘဲ မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်သည်။ သူတို့မှာ ကျောပိုးအိတ်မရှိလို့ စစ်သားတွေဆီက အိတ်တွေကိုငှားရတယ်။
ဆယ်မိနစ်လောက်ကြာတော့ အားလုံးအဆင်ပြေသွားပါပြီ။
ကျိူးလီဇီ က သူမ၏ကားဆီသို့ လျှောက်သွားပြီး စက်ရုံအဝင်ပေါက်ဆီသို့ ကားကိုမောင်းသွားခဲ့တယ်။ ဒါကိုမြင်တော့ ကျင်းရွှီယန်း က "အာ့ဇီ ကိုယ့်ကိုစောင့်ပါ"
သူမက တံခါးဝတွင် ကားကိုရပ်ပြီး ထွက်လာခဲ့တယ်။ ဓားတစ်ချောင်းကို ကိုင်ထားတဲ့လက်ကိုမြှောက်ကာ သံကြိုးကို ခုတ်ချလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ သော့ကကွဲသွားကာ သူမပတံခါးကိုတွန်းဖွင့်လိုက်တယ်။
ကျိူးလီဇီ က အနောက်လှည့်ကြည့်လိုက်ပြီး စစ်သားတွေကို "ရှင်တို့က လမ်းလျှောက်ဖို့ စီစဉ်ထားတာလား၊ စက်ရုံမြေက ကျယ်တယ်။ ခြေလျင်လျှောက်ရင်တော့ ရိက္ခာတွေ စုဆောင်းဖို့က ရက်နဲ့ချီကြာသွားလိမ့်မယ်" ဟု ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်း က တခစ်ခစ်ရယ်ပြီး "ကောင်းပြီ ငါတို့ကားတွေကို မောင်းလိုက်မယ်"
သူ့အမိန့်အရ စစ်သားများက သူတို့၏ယာဉ်များပေါ်သို့ ပြန်တက်ကာ ကျိူးလီဇီ နဲ့အတူ စက်ရုံအတွင်းဖက်သို့ ဝင်သွားကြတယ်။
သူမကားမောင်းနေရင်းနဲ့ သူမဘေးမှာထိုင်နေတဲ့
ကျင်းရွှီယန်း ကို လှမ်းကြည့်လိုက်ကာ "အစ်ကိုယန်း ကျွန်မ မျိုးစေ့စက်ရုံကို သွားကြည့်ချင်တယ်" လို့ပြောလိုက်တယ်။
"အာ့ဇီ တခြားစက်ရုံတွေသွားပြီးမှအဲဒီကို သွားလို့ရမလား"လို့ ကျင်းရွှီယန်း က ပြန်မေးတယ်။
"ကိုယ့်ရဲ့စစ်သားတွေကို ကိုယ် မထားခဲ့ချင်ဘူး။ တချို့က အဖျားကြီးနေသေးတယ်" ဟု သူက မျက်မှောင်ကြုတ်ကာ ထပ်ပြောသည်။
ထိုစကားကိုကြားသောအခါမှာ ကျိူးလီဇီ ရဲ့မျက်လုံးများက တလက်လက်ဖြစ်သွားကာ သူမကခဏလောက်တွေးပြီးမှ "အစ်ကိုယန်း မင်းတို့ထဲမှာ စွမ်းအင်နိုးထလာသူတွေရှိလား" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်း က ခေါင်းညိတ်ပြပြီးပြန်ပြောတယ် "အခုတော့ ကိုယ်အပါအဝင် ကိုးယောက်ကတော့ စွမ်းရည်တွေ နိုးထလာပြီးပြီ။ ခြောက်ယောက်က မေ့မြောနေတုန်းပဲ့ ကျန်တဲ့သူတွေကတော့ စွမ်းရည်မရှိဘူး"
"ရှင့်အဖွဲ့ထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ" သူမမေးပြန်တယ်။
ကျင်းရွှီယန်း သူမမေးတာကိုကြားတော့ သူ့ရဲ့အကြည့်ကိုနိမ့်ချလိုက်တယ်။ ခေတ္တတိတ်ဆိတ်သွားပြီးနောက်မှ “နှစ်ဆယ့်ခြောက်” ဟုသူကပြန်ဖြေတယ်။
သူ၏ ထုံထိုင်းသောအမူအယာကို သတိပြုမိလိုက်တော့ သူတို့မတွေ့ဆုံမီတွင် အသေအပျောက်များခဲ့ကြောင်းကို ကျိူးလီဇီက နားလည်သွားပြီး "အစ်ကိုယန်း တောင်းပန်ပါတယ်" ဟု တိုးတိုးလေးပြောလိုက်တယ်။
ကျင်းရွှီယန်း က သူမကိုကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်တယ်။ သူက သူမလက်ကို လှမ်းကိုင်လိုက်ပြီး "သူတို့က တာဝန်ဝတ္တရားကြောင့် ကျဆုံးသွားတဲ့ သူရဲကောင်းတွေပဲ့။ ဒါက ငါတို့ရဲ့ တာဝန်နဲ့ စစ်သားတွေရဲ့ တာဝန်ပဲ၊ ဒါကြောင့် မင်း စိတ်မကောင်းဖြစ်နေစရာမလိုဘူး"
ထိုသို့ပြောပြီးနောက်တော့ နှစ်ယောက်သားက တိတ်ဆိတ်သွားကြတယ်။
ကမ္ဘာပျက်ကပ်ရဲ့ အရုဏ်တက်ချိန်မှစပြီး စက်ရုံဝန်းအတွင်းတွင် ဖုတ်ကောင်အနည်းငယ်ကသာ လှည့်လည်သွားလာခဲ့တယ်။ ကျန်သူများက အဆောင်များတွင် ပိတ်မိခြင်း သို့မဟုတ် အစောင့်စခန်းများတွင် ပိတ်မိနေခြင်းဖြစ်သည်။
ဂိုဒေါင်နေရာကို ရောက်တဲ့အခါမှာတော့ ကားကိုရပ်ပြီး ကားထဲဆင်းလာခဲ့တယ်။ သူတို့တံခါးဖွင့်လိုက်တာနဲ့ အနီးနားက ဖုတ်ကောင်တွေက လှည့်ပြီး သူတို့ဆီ ပြေးလာတယ်။
မိုးရွာပြီးနောက်တွင် ဖုတ်ကောင်အများစုက အဆင့်တစ်သို့ အဆင့်တက်ခဲ့ပြီး ၎င်းတို့၏ခန္ဓာကိုယ်များက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် အားကောင်းလာခဲ့တယ်။
စစ်သားများက ကောင်းစွာလေ့ကျင့်ထားသော စစ်မှုထမ်းများဖြစ်ကြပြီး ပြေးဝင်လာသောဖုတ်ကောင်များကိုတွေ့သောအခါ ထိတ်လန့်ကြခြင်းမရှိပေ။ ယင်းအစား သူတို့က တိုက်ခိုက်ရေးမုဒ်သို့ အလိုလိုပြောင်းသွားကြတယ်။
သူတို့၏ဓားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လို့ သူတို့ရဲ့ရဲဘော်ရဲဘက်များနှင့်အတူကျောခြင်းကပ်ရပ်ကာ ချဉ်းကပ်လာသော ဖုတ်ကောင်များကို တိုက်ခိုက်ခဲ့ကြသည်။
ဖုတ်ကောင်များ၏ ခွန်အားနှင့် သွက်လက်မှုက တိုးလာသောကြောင့် စစ်သားများက ဖုတ်ကောင်တစ်ကောင်စီကို ကိုင်တွယ်ရန် လူနှစ်ယောက်ကို တစ်ဖွဲ့စီဖွဲ့စည်းခဲ့ပြီး ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်။
ဒါကိုမြင်တော့ ကျိူးလီဇီလည်း သူမရဲ့ဓားကို ဆွဲထုတ်ပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ သူမက ဇွန်ဘီတစ်ကောင်ရဲ့လည်ပင်းကို ချိန်ရွယ်လိုက်ပြီးလက်မောင်းကိုလွှဲကာတိုက်ခိုက်တယ်။
"ခရစ်"
သူမ၏ ဓားက ပစ်မှတ်ကို ထိသွားသော်လည်း လည်ပင်းကို လုံးလုံးမဖြတ်နိုင်ခဲ့ပေ။
"ရားး"
ဦးခေါင်းကို တစ်ဝက်သာလှီးဖြတ်လိုက်နိုင်ပြီး ဖုတ်ကောင်ကတော့ အာခေါင်ထဲမှဟောက်သံကိုထုတ်ကာ သူမကို လှမ်းကြည့်တယ်။ ဖုတ်ကောင်ရဲ့လက်သည်းတွေက လေထဲမှာဖြတ်ပြီး သူမရင်ဘတ်ဆီကို ဖြတ်သန်းလာတယ်။
ဒါကိုမြင်တော့ ကျိူးလီဇီက ချက်ချင်းပဲ တုံ့ပြန်လိုက်တယ်။ ဓားကို လွှတ်လိုက်ပြီး နောက်ပြန်ဆုတ်သွားတယ်။ ထို့နောက် သူမရဲ့ခြေထောက်ကိုအဓိကအသုံးပြုကာ စိုက်နေသောဓားရဲ့လက်ကိုင်ကို အားပြင်းသောကန်ချက်တစ်ခုနှင့်ကန်လိုက်တယ်။
"ခရက်"
ဒီတစ်ကြိမ်မှာတော့ ထပ်တိုးလာတဲ့အင်အားက ဓားကို လည်ပင်းအားဖြတ်နိုင်စေပြီး ဖုတ်ကောင်ရဲ့ခေါင်းကိုဖြတ်လိုက်နိုင်တယ်။ ဖုတ်ကောင်ရဲ့ကိုယ်လုံးက လှဲကျသွားပြီးဦးခေါင်းကတော့ မြေပြင်ပေါ်လှိမ့်နေတာကြောင့် မြေပြင်မှာသွေးမည်းတွေနဲ့ ဖုံးလွှမ်းလို့သွားတယ်။
ကျိူးလီဇီက ခါးကိုကိုင်းလို့ ဓားကိုယူရင်း ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ စစ်သားများက အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ကျန်ရှိသောဖုတ်ကောင်များကို လျင်မြန်စွာပဲ့ သတ်ဖြတ်ခဲ့တယ်။ သူမမှာလုပ်စရာဘာမှမကျန်တော့တာကြောင့် သူမသတ်ခဲ့တဲ့ဖုတ်ကောင်ရဲ့ဘေးမှာပဲ့ထိုင်ချလိုက်တယ်။
သူမရဲ့ဓားကိုမြှောက်ကာ ဖုတ်ကောင်ရဲ့ဦးခေါင်းခွံကို ခွဲထုတ်လိုက်တယ်။ ပုပ်နေသောဦးနှောက်ကို သူမ၏ဓားဖျားဖြင့် မွှေကာရှာဖွေလိုက်တော့ သေးငယ်ပြီး ဖောက်ထွင်းမြင်ရသော အမြုတေကို သူမတွေ့လိုက်ရတယ်။
သူမက အမြုတေကို ကောက်ကိုင်လိုက်ပြီး အိတ်ကပ်ထဲသို့ မထည့်မီတွင် လက်ချောင်းများကိုလှုပ်ရှားကာ ရေဘောလုံးလေးကိုဆွဲထုတ်လို့ အရင်ဆုံးသန့်ရှင်းစွာဆေးကြောလိုက်သည်။ မတ်တပ်ထရပ်လိုက်တော့ ချူကျိမြောင်က သူမကိုကြည့်နေတာ သတိထားမိလိုက်တယ်။
သူမ၏ အကြည့်တွင် သံသယနှင့် အံ့သြမှုများ ရှိနေသော်လည်း ကျိူးလီဇီကတော့ ရှင်းပြရန် ရည်ရွယ်ချက်မရှိပေ။
ချူကျိမြောင် သည် အစောပိုင်းက မိုဘင်းရှမ်ရဲ့အိတ်ကပ်အတွင်းမှ သလင်းကျောက်များကို ပြန်သတိရသွားပြီး ယခုအခါတွင် စစ်သားများကဘာ ၎င်းတို့ကို ကောက်ယူနေတာမြင်လိုက်ရသဖြင့် ထိုကျောက်များက အဖိုးတန်သည်ဟု သူမ ကသဘောပေါက်လိုက်လေတယ်။
သူမက လီယောင် ဘက်လှည့်ပြီး "လီယောင် စစ်သားတွေကို ကြည့်စမ်း။ ငါတို့လည်း သလင်းကျောက်တွေ စုဆောင်းသင့်လား" လို့ မေးလိုက်တယ်။