← Chapters

ကောင်းတာလေးတစ်ခု ပြမယ်

Vol. 19 Ch. 216

ကောင်းတာလေးတစ်ခု ပြမယ်

Vol. 19 Ch. 216

အဘိုးကြီးရှန်လဲ့သည် သူ၏ကိုယ်ရေးရာဇဝင်စာရွက်ကို ချီယွမ်ထံ ကမ်းပေးလိုက်၏။ သူ၏ ရှုပ်ထွေးနေသောမျက်နှာအမူအရာကတော့ ကျိယွမ်၏လုပ်ရပ်ကို နားမလည်ကြောင်း ပြသနေသည်။

"မင်းက ဒီရှေးဟောင်းနတ်ဘုရားတွေအတွက် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်တွေ ထပ်ပြီး ဖန်တီးပေးဖို့ကြံနေတာလား"

ကျိယွမ်က မှတ်တမ်းစာရွက်ကို လှမ်းယူလိုက်ပြီး ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်လေ "

"အဲဒါက ပြဿနာရှိနိုင်တယ်"

"အို..."

ကျိယွမ် အံ့အားသင့်သွားပြီး အဘိုးကြီးရှန်လဲ့ကိုကြည့်သည်။

"ဘာပြဿနာလဲ"

"အရင်ကဆိုရင်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းပေါ်လာကတည်းက... အဲဒါက ပြဿနာ ဖြစ်လာတာပဲ။ ဘာလို့လဲဆိုတော့... မင်းက စိတ်ကူးပုံဖော်တဲ့နေရာမှာ အရမ်းတော်လွန်းနေလို့ပဲ"

အဘိုးကြီးရှန်းလဲက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

"တကယ်တော့ ပုံရိပ်ဖော်နယ်ပယ်ဆိုတာက ကောင်းကင်တိုင်လုံးကြီးအပေါ်မှာ မှီခိုနေတာ။ တိုင်လုံးကြီးကျိုးပျက်သွားပြီးတဲ့နောက် ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ခရမ်းရောင်နန်းတော်အဆင့်ကနေ စစ်မှန်နတ်ဘုရားအဖြစ် မတက်လှမ်းနိုင်တော့တာတစ်မျိုးတည်းတင်မကဘူး၊ ပုံရိပ်ဖော်နယ်ပယ်ကပါ အခုဆိုရင် ကန့်သတ်ခံထားရပြီ။ အရင်တုန်းကတော့ သူတော်စင်အဆင့်ကို ပုံရိပ်ဖော်နိုင်သူက အလွန့်အလွန်ကိုနည်းပါးလွန်းလို့ ဘယ်သူမှ ဒီကန့်သတ်ချက်ကို သတိမထားမိခဲ့ကြတာ"

ရှန်လဲ့၏ ဆိုလိုရင်းမှာ ကျိယွမ်သည် စနစ်ကို ဝန်ပိစေနေခြင်းဖြစ်သည်။ ဥပမာအားဖြင့် ပုံရိပ်ဖော်နယ်ပယ်၏ သတ်မှတ်ချက်မှာ နတ်ဘုရားနည်းစနစ်တစ်ရာကိုသာ ထောက်ပံ့ပေးနိုင်သည်ဆိုပါက ဖန်ထုန်နယ်မြေမှ လူများအားလုံးပေါင်းမှ ငါးဆယ်ခန့်သာ ဖန်တီးနိုင်သဖြင့် ထိုကန့်သတ်ချက်ကို အများစုသတိမမူမိကြပေ။ သူတို့ကြိုက်သလောက် အကန့်အသတ်မဲ့ ဖန်တီးနိင်မည်ဟု ထင်နေကြသည်။

သို့သော် ယခုအချိန်၌ ကျိယွမ်တစ်ယောက်တည်းကပင် ငါးဆယ်ခန့်ကို ပုံဖော်ထားပြီးဖြစ်သလို သူက ရပ်တန့်မည့်ပုံလည်း မပေါ်ချေ။ ထို့ကြောင့် ယခုအခါ နယ်ပယ်၏စွမ်းအင်ကန့်သတ်ချက်မှာ ပေါ်လွင်လာခြင်းဖြစ်သည်။

"လက်ရှိအနေအထားအရဆိုရင် ပုံရိပ်ဖော်နယ်ပယ်က နောက်ထပ်သူတော်စင်အဆင့် ငါးခုလောက်ပဲ ထောက်ပံ့ပေးနိုင်တော့မယ်"

ရှန်လဲ့က ကျိယွမ်ကိုကြည့်ကာ နားချ၏။

"ဒါကြောင့် သူတော်စင်စီမံကိန်းလုပ်နေတဲ့သူတွေအတွက် မင်းတချို့ကို ချန်ထားပေးသင့်တယ်"

ရှန်လဲ့သည်လည်း သူတော်စင်စီမံကိန်းအကြောင်း သိရှိထားသည်။ သူသည် ထိုစီမံကိန်းကို ထောက်လည်းမထောက်ခံသလို ကန့်လည်းမကန့်ကွက်ပါ ။ သူကြားသည့်သတင်းများအရ တရားဝင်ဖော်ထုတ်မထားသော်လည်း စီမံကိန်းထဲမှ ကံကြမ္မာသားတော်များသည် သူတော်စင်အဆင့်နှစ်ခုကိုတော့ ပုံဖော်ထားနိုင်သည်ဟုတော့ သိထားသည်။

"ဒီလို ကန့်သတ်ချက်မျိုး ရှိနေတာလား"

ကျိယွမ်က သိပ်ပြီး စိတ်မပူပါ။ ထိုကန့်သတ်ချက်မှာ ခရမ်းရောင်နန်းတော်အဆင့်မှ စစ်မှန်နတ်ဘုရားအဖြစ်သို့ မတက်လှမ်းနိုင်သည့် အခြေအနေနှင့် ဆင်တူနေသည်။ ထိုပြဿနာကိုဖြေရှင်းရန်မှာ သူသည် ပျောက်ဆုံးနေသောအလင်းချောင်းကိုအသုံးပြု၍ သူ၏နောက်လိုက်များကို အတိတ်ကာလသို့ ပြန်ခေါ်သွားရုံသာဖြစ်၏။

ယခင်က အတိတ်သို့ ပြန်သွားစဉ်တွင် ကျိယွမ်သည် ပုံရိပ်ဖော်ရန် စမ်းသပ်ကြည့်ခဲ့သေးသည်။ ထိုကာလတွင်လည်း သူသည် ပုံရိပ်ဖော်နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်သည်ကို တွေ့ရှိခဲ့၏ ။ ဆိုလိုသည်မှာ ယခုခေတ်တွင်စွမ်းအင်မလောက်သော်လည်း ပြဿနာမရှိပါ ။ သူ၏ ရွာသားများနှင့် ရှေးဟောင်းနတ်ဘုရားများအားလုံးကို အတိတ်သို့ ခေါ်ဆောင်သွားပြီးမှ သူကပုံရိပ်ဖော်ကာ အဆင့်များတက်စေနိုင်သည်။

ထိုခေတ်တွင် ကောင်းကင်တိုင်လုံး မကျိုးပျက်သေးသောကြောင့် ယခုလို ကန့်သတ်ချက်များ ရှိလိမ့်မည်မဟုတ်ပေ။

အကြောင်းမသိသော ရှန်လဲ့က ကျိယွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်ကာ ဆက်လက်အသိပေးသည်။

"ဒါကြောင့်... မင်းက ဖန်ထုန်နယ်မြေရဲ့ အပြင်ဘက်က နတ်မင်းကြီးတွေကို တွေ့ဖူးတယ်ဆိုရင်တောင်၊ မင်းတွေ့ဖူးတဲ့သူက ဘယ်လောက်ပဲ အရေအတွက်များများ၊ ဘယ်လောက်ပဲ အစွမ်းထက်ထက် အကုန်လုံးကိုခေါ်မရလို့ ဖန်ထုန်နယ်မြေကို မကယ်တင်နိုင်ဘူး။ ပြီးတော့ ငါ့အတွက် ကြီးကျယ်တဲ့ လက်ဆောင်တွေ ဒါမှမဟုတ် အစွမ်းထက်တဲ့ နတ်ဘုရားနည်းစနစ်တွေလည်း မလိုပါဘူး ၊ အဲဒါတွေက အသုံးမဝင်တော့ဘူး "

ရှန်လဲ့အဘိုးကြီး၏ အသံထဲတွင် ဝမ်းနည်းမှုနှင့်အတူ အဆုံးမရှိသော မရေရာမှုများ ပြည့်နှက်နေသည်။ သူ၏အမြင်တွင် ကျိယွမ်ကဲ့သို့သောပါရမီရှင်မျိုး ဖန်ထုန်နယ်မြေထဲတွင် ရှိနေခြင်းမှာ မှားယွင်းမှုတစ်ခုသာ ဖြစ်သည်။ ကျိယွမ်လို ပါရမီရှင်တစ်ဦးမှာ အခြားကမ္ဘာတစ်ခုတွင်ဆိုလျှင် စိတ်ကူးမယဉ်နိုင်လောက်သောနေရာအထိ ပျံတက် ရောက်ရှိနိုင်၏ ။ သို့သော် ယခုနေရာ၌မူ သူသည် အချိန်နေရာလွဲ၍ ပေါ်ထွန်းလာသော ရတနာတစ်ခုသာဖြစ်သည် ။မျှော်လင့်ချက်မရှိသော ဖန်ထုန်နယ်မြေတွင် ပိတ်မိနေခြင်း ဖြင့်သာ အဆုံးသတ်သွားမည်သာ။

"ဒါက ဘာအကြည့်လဲ ၊ အဘိုးကြီး ..ခင်ဗျားက ကျုပ်ကိုအထင်သေးနေတာပဲ၊"

ကျိယွမ်က ဘာမထီသလို မဲ့လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောလိုက်သည်။

"ဒီဂိမ်းက ကန့်သတ်ချက်တွေနဲ့ ပြည့်နေရုံပါပဲ ။ ကစားသမားတွေ အလွယ်တကူ မနိုင်အောင် တမင်လုပ်ထားတာ။ ဒါပေမဲ့ ကျုပ်က ဂိမ်းစည်းမျဉ်းတွေကို ဘယ်လိုချိုးဖောက်ရမလဲဆိုတာ သိတယ်။ ဒီကန့်သတ်ချက်တွေက ကျုပ်ကို မတားဆီးနိုင်ပါဘူး။ခင်ဗျားတို့ ကြည့်နေလိုက်... ကျုပ် အရှိန်အကုန်မြှင့်ပြီး ဖန်ထုန်နယ်မြေကို အပြတ်ရှင်းပြမယ်"

အဘိုးကြီးရှန်းလဲ့ပြောသော ကန့်သတ်ချက်များသည် ကျိယွမ်အတွက်တော့ စိုးရိမ်စရာကိစ္စ လုံးဝမဟုတ်ပါ။ တစ်ခုတည်းသော အခက်အခဲမှာ ပျောက်ဆုံးသွားသောအလင်းချောင်းသည် အသုံးပြုရန် နှစ်ကြိမ်သာ ကျန်တော့သည် ။ ထို့ကြောင့် အသေအချာ စီစဉ်ရပေလိမ့်မည်။ ယခင်ကလို အချိန်မရွေး ပုံရိပ်ဖော်နေ၍ မဖြစ်တော့ပါ။

အဘိုးကြီးရှန်လဲ့သည် ကျိယွမ်၏ ပေါ့ပေါ့ဆဆစကားများကိုကြားသောအခါ ဒေါသထွက်လွန်း၍ ကျိုးတို့ကျဲတဲ မုတ်ဆိတ်မွေးများပင် တုန်ခါသွားသည်။

"မင်းက ချီးကျူးစကားလေး နည်းနည်းကြားတာနဲ့ မာန်တက်ပြီး ကိုယ့်ကိုယ်ကိုယ် အကုန်လုပ်နိုင်မယ် ထင်နေတာလား။ ဖန်ထုန်နယ်မြေကို အပြတ်ရှင်းမယ် တဲ့ ။ ကောင်းကင်တိုင်လုံးထဲက ယန်နတ်ဘုရားကို ထားလိုက်ပါဦး ။ အထက်ဘုံကဆင်းလာမဲ့ ဒဏ္ဍာရီလာအဆင့် မိစ္ဆာနတ်ဘုရားတွေကိုပဲ ရင်ဆိုင်ကြည့်လိုက် ။ အခုလေးတင် ငါ့ဆီ သတင်းရောက်လာတာကတော့ ချင်းဟန်တိုက်ကြီးက မိစ္ဆာနတ်ဘုရားစစ်သူကြီးရဲ့ လက်အောက်ခံ တပ်ဦးဟာ နေဝင်တောင်စောင်းမှာ စုရုံးနေပြီတဲ့။"

" မိစ္ဆာနတ်ဘုရားတပ်ဖွဲ့တွေက ငါတို့ထင်တာထက် ပိုအင်အားကြီးနေတယ်။ မဟာအုပ်စိုးရှင် သုံးဆယ့်လေးပါးနဲ့ သာမန်မိစ္ဆာနတ်ဘုရား တစ်ထောင်ကျော်တောင် ရှိတယ်။ ဒီတစ်ကြိမ် သူတို့ရဲ့ ရည်မှန်းချက်က ငါတို့တင်မကဘူး၊ ချင်းဟန်တိုက်ကြီး တစ်ခုလုံးကို နယ်မြေရှင်းလင်းပြီး ရှေးဟောင်းနတ်ဘုရားတိုင်းကို အမြစ်ပြတ် သတ်ဖြတ်ဖို့ပဲ"

အဘိုးကြီးရှန်းလဲ့သည် ဒေါသတကြီးပြောနေရင်းမှ ဒေါသအစား စိုးရိမ်ပူပန်မှုများက ပိုမိုနက်ရှိုင်းလာသည်။ မူလက မဟာအုပ်စိုးရှင်ဆယ်ပါးထက် မပိုလောက်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ သုံးဆယ့်လေးပါးတောင် ရှိနေသည်။ မိစ္ဆာနတ်ဘုရား စစ်သူကြီးသည် ချင်းဟန်တိုက်ကြီး တစ်ခုလုံးကို သုတ်သင်ရန် ဆုံးဖြတ်ထားပုံရသည်။

"နေဝင်တောင်စောင်း တဲ့လား... နာမည်လေးက လွမ်းစရာလေးပဲ"

ကျိယွမ်က စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။

"မဟာအုပ်စိုးရှင် သုံးဆယ့်လေးပါးနဲ့ မိစ္ဆာနတ်ဘုရား တစ်ထောင်ကျော်... တကယ့်ကို စားပွဲတော်ကြီးပေါ့ ၊ ဟားဟား ဟားဟား "

"အားရသကွာ ..."

၎င်းမှာ ကောင်းကင်ဘုံက သူ၏ ဆုတောင်းကို နားညောင်းလိုက်သလိုပင် ဖြစ်သည်။ အတိတ်သို့ ပြန်ရန်အတွက် လုံလောက်သော မိစ္ဆာနတ်ဘုရား စွမ်းအင်များကို မည်သို့ စုဆောင်းရမည်နည်းဟု သူစိုးရိမ်နေစဉ်မှာပင် လက်ဆောင်ပေးချင်သူများက ကိုယ့်စရိတ်ကိုယ်စားပြီး အိမ်ရှေ့အထိ လိုက်လာကြလေပြီ။

"မင်း ရူးသွားပြီလား"

အဘိုးကြီးရှန်းလဲ့က ကျိယွမ်အားဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤမျှ များပြားသော မိစ္ဆာနတ်ဘုရားများသည် ချင်းဟန်တိုက်ကြီး တစ်ခုလုံးကိုပင် တိုက်ခိုက်ချေမှုန်းနိုင်စွမ်း ရှိသည်။ တောင်ပိုင်းဒေသမှ ရှေးဟောင်းနတ်ဘုရားများအားလုံး လာရောက်ကူညီလျှင်ပင် အချိန်မီတော့မည်မဟုတ်သလို၊ မိစ္ဆာနတ်ဘုရားများကလည်း သူတို့ကို အထဲသို့ပေးဝင်မည်မဟုတ်ပေ။သေချာပေါက် အကူအညီလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ထားကြပေလိမ့်မည်။

"တော်တော့ ...ကောင်လေး .မင်း သွားအိပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်"

သူ၏အမြင်တွင် ကျိယွမ်နှင့် ဆွေးနွေးနေခြင်းမှာ နံရံကို စကားပြောနေရသလို ခံစားနေရသည်။

ဘယ်လောက်ပြောပြော အမှန်တရားကို လက်မခံချင်တဲ့ကောင် ။

သူကမကျေမနပ် တွေးမိရင်းမှ တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။

"ဒါနဲ့ အရင်ညတွေကဒီအချိန်ဆို မင်းအိပ်နေကျ မဟုတ်လား။ ဘာလို့ မအိပ်သေးတာလဲ"

ချင်းရွှေရွာသို့ ရောက်ကတည်းက ရှန်းလဲ့သည် ကျိယွမ်၏ ထူးဆန်းမှုကို သတိပြုမိခဲ့သည်။ သူ၏ အပြုအမူများမှာ ထူးဆန်းနေရုံတင်မက၊ ညဘက်တွင် သစ်ပင်ပေါ်၌ တွဲလောင်းခို၍ အိပ်တတ်ပြီး ထိုမြင်ကွင်းကိုကြည့်ရသည်မှာပင် ချောက်ချားဖွယ် ကောင်းလှသည်။

"မိစ္ဆာနတ်ဘုရားတွေနဲ့ ရင်ဆိုင်ရမှာတောင် ကျုပ်က ဘာလို့ ဒီလောက် ယုံကြည်မှုရှိနေလဲဆိုတာ ခင်ဗျား မသိချင်ဘူးလား"

ကျိယွမ်က မေးခွန်းကိုမဖြေဘဲ မဆိုင်သောအရာတစ်ခုကို ပြန်မေးလိုက်သည်။ယခုအခါမှာတော့ သူက ပေါ့ဆနေသောအမူအယာမျိုးမဟုတ်တော့ဘဲ အလွန်တည်ငြိမ်နေ၏။

ရှန်းလဲ့မှာ ကျိယွမ်က ရုတ်တရက်ကြီးတည်ငြိမ်သွားကာ အတည်ပေါက်မေးလာသဖြင့် ခဏတာ မှင်သက်သွားသည်။

"နည်းနည်းတော့ သိချင်တာပေါ့"

"ခင်ဗျားကို ပြောပြမယ့်လျှို့ဝှက်ချက်တစ်ခု ရှိတယ်၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောရဘူး"

ကျိယွမ်က စိတ်မချသလို ဟိုဟိုဒီဒီကြည့်ပြီးမှ လျှို့ဝှက်စွာ တိုးတိုးလေး ပြောလိုက်သည်။

ဒီကောင် တကယ်ကြီးလား ။

ရှန်းလဲ့မှာ မည်မျှကြီးမားသော လျှို့ဝှကိချက်ကြီးဖြစ်လေသနည်းဟုတွေးကာ ရင်ခုန်သံများပင် မြန်လာသည်။

မူလနတ်ဘုရားဟုခေါ်သော ထိုပါရမီရှင်ကောင်လေးတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်မှာ ထင်ရှားပြီး ထိုလျှို့ဝှက်ချက်များကလည်း သေးငယ်မည်မဟုတ်ပေ။

သူ့တွင်ကြီးမားသော လျှို့ဝှက်ချက်များသာမရှိပါက သူတောင်စင်အဆင့် ၈ ခုကို တစ်ပြိုင်နက်တည်း မည်သို့ဖန်တီးနိုင်မည်နည်း။

ယခုအချိနိ၌ ထိုလျှို့ဝှက်ချက်ကြီးများကို သူ့အား ပြောပြတော့မည်လော။

သူသည် ရင်တထိတ်ထိတ်ဖြင့် တံတွေးမျိုချ၏။

"ငါ ကတိပေးတယ်၊ ဘယ်သူ့ကိုမှ မပြောဘူး"

သူသည် သိချင်စိတ်ပြင်းပြစွာဖြင့် ကျိယွမ်ကို စောင့်ကြည့်နေသည်။

ကျိယွမ်က တိုးတိုးလေးပြောပြလိုက်၏။

"တကယ်တော့ ကျွန်တော်က အရမ်းအစွမ်းထက်တဲ့ အမြုတေကိုကျင့်ကြံထားတာဗျ"

ကျိယွမ်၏လေသံက တည်ငြိမ်နေသော်လည်း သူ၏အတွင်းစိတ်ထဲတွင်မူ ဂုဏ်ယူဝင့်ကြွားနေသည်။ နောက်ဆုံးတော့ သူ၏ ကြယ်တာရာအမြုတေကို ထပ်မံ ကြွားဝါခွင့် ရခဲ့ပြီ ဖြစ်သည်။

"ဟမ်"

မျှော်လင့်တကြီးရှိနေသော ရှန်လဲ့တစ်ယောက် ဇဝေဇဝါ ဖြစ်သွားသည်။

အစွမ်းထက်တဲ့ အမြုတေတဲ့လား။

ဘာတွေ လာပြောနေတာလဲ။ အမြုတေဆိုတာ ဘယ်လောက်ပဲ အစွမ်းထက်ထက်အမြုတေအဆင့်ပဲ ရှိသေးတာလေ ။

စစ်မှန်နတ်ဘုရားတစ်ပါးဖြစ်နေသော သူ၏အမြင်တွင် အမြုတေဆိုသည်မှာ အသေးအဖွဲမျှသာ ဖြစ်သည်။ ၎င်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေဦးတော့ မည်သို့အရေးပါမည်နည်း။

"ကျွန်တော့်ရဲ့အမြုတေက ကြယ်တစ်စင်းပဲ။ အပေါ်ကို ကြည့်လိုက်... ဟိုကြယ်ကို မြင်လား။ အဲဒါ ကျွန်တော့်ရဲ့ အမြုတေပဲ"

ကျိယွမ်က ကောင်းကင်ယံမှ ကြယ်တစ်လုံးကို လက်ညိုးထိုးပြလိုက်သည်။ သူသည်အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်မူ အလွန့်အလွန်ကို ကျေနပ်နေသည်။

အဘိုးကြီးရှန်လဲ့၏မျက်ခုံးများက တွန့်ချိုးသွားတော့သည်။သူက ကျိယွမ်ကို ဒေါသတကြီး ဟောက်ထည့်လိုက်၏။

"မင်း ငါ့ကို လာနောက်နေတာလား"

ဒီကောင် ..ဒီလိုအရေးကြီးတဲ့အချိနိမျိုးမှာ ဘာလို့အရူးစကားတွေ ပြောနေသေးတာလဲ ။

"အဘိုးကြီး... ခင်ဗျားက တော်တော်အမြင်ကျဉ်းတာပဲ"

ကျိယွမ်က စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်သည်။သူက ရှန်းလဲ့အား အထင်သေးစွာ စိုက်ကြည့်၏။

"လူတွေက အသက်ကြီးလာရင် အသစ်အဆန်းတွေကို လက်မခံနိုင်ကြတော့ဘူးလို့ ပြောကြတာ အမှန်ပဲ"

"ဒါကို မင်းက အသစ်အဆန်းလို့ ခေါ်တာလား။ ဘယ်လောက်ပဲ အသစ်အဆန်း ဖြစ်ပါစေဦးတော့၊ အမြုတေဆိုတာ ဘယ်တော့မှာ ကြယ်တစ်စင်း ဖြစ်မလာနိုင်ဘူး"

အဘိုးကြီးရှန်းလဲ့မှာ ဒေါသထွက်လွန်း၍ ကျိယွမ်ကို ဆဲဆိုရန်ပင် အဆင်သင့် ဖြစ်နေသည်။

ငါ့ကို မလေးမစားလုပ်လွန်းတယ်။

မဟာအုပ်စိုးရှင်တစ်ပါးဆိုသည်မှာ နောက်ပြောင်၍ရသော အဆင့်အတနိးမျိုးမဟုတ်ပေ။

"ဖြစ်နိုင်တာပေါ့ဗျ ၊ ဘာလဲ ခင်ဗျား မယုံဘူးပေါ့"

"ယုံစရာလားကွ ၊ ဖြစ်မှမဖြစ်နိုင်တာ ၊ စိတ်မှန်တဲ့သူဆိုရင် ဘယ်သူက ယုံမှာလဲ"

"ကောင်းပြီလေ၊ဒါဆို ကျုပ်က နောက်ထပ် ကြယ်အမြုတေတစ်ခုကို ဖန်တီးပြမယ် ၊ ခင်ဗျားမျက်လုံးတွေကို သေချာဖွင့်ကြည့်ထား၊ မကြာခင်မှာ ကောင်းကင်ယံမှာ နောက်ထပ် နေအသေးလေးတစ်စင်း ပေါ်လာတာကို မြင်ရလိမ့်မယ်"

ကျိယွမ်၏ စစ်မှန်နေမင်းမီးတောက်မှာ ဆက်လက်လောင်ကျွမ်းနေပြီး ဒုတိယမြောက်ကြယ်ကို ဝါးမြိုနေသည်မှာကြာခဲ့လေပြီ ။ ယနေ့တွင် ဝါးမြိုခြင်းက အောင်မြင်နိုင်ခြေ ရှိနေ၏။ ထို့ကြောင့်ပင် ကျိယွမ်က မအိပ်သေးဘဲ သူ၏ ဒုတိယမြောက် အမြုတေ မွေးဖွားလာသည်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

ရှန်လဲ့က ကျိယွမ်အား မျက်လုံးပြူးကာကြည့်၏။

"မင်းကတော့ တကယ်ကို လေကြီးတဲ့ကောင်ပဲ။ ငါငယ်ငယ်တုန်းက မင်းလောက် လိမ်ရဲခဲ့ရင် အခုလိုလူပျိုကြီးတောင်ဖြစ်နေမှာ မဟုတ်ဘူး "

"ပြစမ်း မင်းဟာကို ၊ ဟုတ်ချင်ဟုတ်ပေါ့ကွာ.."

ရှန်လဲ့က ကျိယွမ်ပြသော ကြယ်ကိုမော့ကြည့်လိုက်ရင်းမှ ပို၍ဒေါသထွက်လာ၏။

"အဲဒါသာ မင်းရဲ့အမြုတေ အစစ်ဆိုရင်၊ ငါ ဖန်ထုန်နယ်မြေထဲက ချေးပုံတွေအကုန်လုံးကို လိုက်စားပြမယ် ၊ အေး..မဟုတ်လို့က..."

သူ၏ စကားပင် မဆုံးသေးမီ မှောင်နေသောညကောင်းကင်ယံ၌ အလင်းတန်းတစ်ခုက ဝင်းခနဲ ဖြတ်သန်းသွား၏။

၎င်းမှာ အလွန်တောက်ပခြင်းမရှိဘဲ ခဏတာမျှသာ ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ကန်းလန်နယ်မြေနှင့် နှိုင်းယှဉ်လျှင် ဖန်ထုန်နယ်မြေက အမြုတေနှင့်အလွန်ဝေးကွာသောနေရာဖြစ်နေသဖြင့် ဒုတိယပေါ်လာသော နေအသေးစားလေးမှာ တော်တော်လေးသေးငယ်နေပြီး အရေးမပါသလို ဖြစ်နေသည်။

ဘာမှာလဲ နေအသစ်က ၊ ချီးစားပြီးပြောရင်တောင် ဘယ်သူမှမယုံဘူး ။

ရှန်လဲ့က ဒေါသတကြီးဟိန်းဟောက်ရန် စိတ်ကူးလိုက်စဥ်မှာပင် သူစိုက်ကြည့်နေသော နေအသေးလေး၏ဘေးတွင် နောက်ထပ် နေအကြီးတစ်စင်း ရုတ်တရက် ပေါ်ပေါက်လာလေသည်။

တကယ်ကြီးပေါ်လာတာလားဟ ။

အဘိုးကြီးရှန်လဲ့၏ မျက်လုံးများ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားသည်။ သူသည် အသစ်ပေါ်လာသော နေကို ကြောင်ကြည့်နေပြီး အကြောင်းရင်းမသိဘဲ တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။

"ဒါ.. ဒါက မင်းပြောတဲ့ဟာလား "

"ဟုတ်တယ်လေ...ကြည့်ပါဦး တကယ်မိုက်တယ် "

ကျိယွမ်က အမှန်တကယ်ကို ဝမ်းသာအားရ ဖြစ်နေသည်။နောက်ဆုံးတွင် သူသည် ဒုတိယမြောက် ကြယ်အမြုတေကို ဖန်တီးနိုင်ခဲ့ပြီ မဟုတ်ပါလား။

"မြင်ပြီလား။ ဒီနေလုံးက ကျုပ်ရဲ့ ဒုတိယမြောက် အမြုတေပဲ။ ကျုပ်က မလိမ်တတ်ဘူးမလား"

ရှန်လဲ့၏စိတ်ထဲတွင် ဗလာကြီး ဖြစ်နေသည်။ ထိုအရာက သူ၏ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို လှောင်ပြောင်နေသလိုပင် ။ ကျားက နွားလေးမွေးသည်ဆိုတာကမှ လက်ခံနိုင်စရာရှိသေးသည်။

အခုဟာက ဘယ်လိုကြီးလဲ ။ အမြုတေဆိုတာ စိတ်ဝိညာဥ်အဆင့်ကို တတ်ဖို့ ဖျက်ဆီးပစ်ရတာလေ ၊ မဖျက်ဆီးရသေးဘူးဆိုရင်တောင် မူလဒန်တျန်ထဲမှာ တစ်လုံးတည်းရှိရမှာ ။

ဒါက ဘာကြီးလဲ ၊ ကောင်းကင်က ကြယ်ကြီးလေ ၊ ပြီးတော့ အသစ်တစ်လုံးတောင်ထပ်ပေါ်လာသေးတယ်တဲ့ ။ ဥဥ နေတာလား။

သူသည် စကားလုံးအချို့ကို မနည်းညှစ်ထုတ်ကာ ပြောလိုက်ရသည်။

"မင်း..မင်းက တကယ်ရက်စက်တဲ့ကောင်ပဲ။ မင်း ကြီးကျယ်တဲ့အရာတွေကို လုပ်နိုင်တယ်ဆိုတာ အကုန်လုံးက သိနေပြီကို ။ ခုတော့ ငါ့ကို ချေးစားခိုင်းဖို့အတွက်နဲ့ ကြယ်တာရာအမြုတေကို တကယ်ကြီး ဖန်တီးပစ်တယ်ပေါ့"

"ကျုပ်က လူကြီးသူမတွေကို လေးစားတဲ့သူပါဗျ ၊ ခင်ဗျားကို ချီးစားခိုင်းမလား "

ကျိယွမ်က အမြုတေအသစ်ရလာသဖြင့် စိတ်ရွှင်လန်းနေပုံရသည်။

အဘိုးကြီးရှန်လဲ့သည် ကျိယွမ်ကို မယုံနိုင်သလို ကြောင်စီစီဖြင့် ကြည့်နေ၏ ။ သူ၏ စိတ်ထဲ၌ ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်း ယုတ္တိတရားများက မြန်ဆန်စွာတုန်ပြန့်နေပုံရသည်။

"ကောင်လေး မင်းကဆရာကြီးပဲ ၊ ဖန်ထုန်နယ်မြေကို ကယ်တင်ပေးပါဦး"

သူသည် ကျိယွမ်၏ခြေထောက်ကို ဖက်တွယ်ပြီး ဒူးထောက်တောင်းပန်ချင်စိတ်ပင် ပေါက်လာသည်။

"မစိုးရိမ်ပါနဲ့။ ကျုပ်လည်း မကြာခင် ဒီဂိမ်းကို အနိုင်ကစားတော့မှာပါ။ အသေအချာ စဉ်းစားပြီး အသေးစိတ် အစီအစဉ်တစ်ခု ဆွဲထားတယ်။ ဒီနှစ်ထဲမှာ ဒီဂိမ်းကို သေချာပေါက် နိုင်အောင်ကစားမယ်"

ယခုအကြိမ်မှာတော့ ကျိယွမ်၏စကားကို ရှန်လဲ့က ဒေါသမထွက်တော့ပါ ။

သူက ကောင်းကင်ပေါ်မှ ကြယ်နှစ်လုံးကိုမော့ကြည့်ကာ တိတ်ဆိတ်နေတော့သည်။

...........

တောင်ပိုင်းတွင်ရှိသော ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့ အတွင်း၌မူ အခြေအနေမှာ တင်းမာနေသည်။

ဝမ်တောင်တန်းနတ်ဘုရား၏ မျက်နှာအမူအယာမှာ သိသိသာသာကို ပျက်ယွင်းနေသည်။

"မူလနတ်ဘုရားဆိုတဲ့ကောင်က တကယ့်ကို စက်ဆုပ်စရာကောင်းတာပဲ။ သူက ပြဿနာတွေ ရှာတာတင်မကဘူး၊ နတ်ဘုရားအသစ်တွေရဲ့ စခန်းတွေကိုပါ သုတ်သင်ပစ်လိုက်တယ်တဲ့ "

"သူက အရမ်း ရဲတင်းလွန်းတယ်။ အခုဆိုရင် မိစ္ဆာနတ်ဘုရားတွေရဲ့စစ်တပ်ကြီးက ချင်းဟန်တိုက်ကြီးတစ်ခုလုံးကို နယ်မြေရှင်းလင်းဖို့ ချီတက်နေကြပြီ။ ငါတို့ ဘယ်ကို သွားရမှာလဲ"

ဝမ်ရန်နတ်ဘုရား၏ အသံတွင်လည်း နောင်တနှင့်အတူ မရေရာသော အနာဂတ်အတွက် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"အဲဒီ မူလနတ်ဘုရားဆိုတာ တကယ်ပြဿနာကောင်ပဲ ၊ သူ့ရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ အပြုအမူတွေက စစ်ပွဲကြီးကို ဖြစ်ပေါ်စေတာ။ ငါတို့က ငါတို့ရဲ့ ဘေးကင်းရေးကို စိုးရိမ်တာ မဟုတ်ဘူး၊ ချင်းဟန်တိုက်ကြီးထဲမှာရှိတဲ့ အပြစ်မဲ့တဲ့ ပြည်သူသန်းပေါင်းများစွာအတွက် စိုးရိမ်နေတာ။ သူတို့မှာ ဘာအပြစ်မှ မရှိဘူး။ အခုတော့... သူတို့တွေ မိစ္ဆာနတ်ဘုရားတွေရဲ့ သုတ်သင်မှုကို ခံရတော့မယ်၊ သူတို့ဘဝတွေ ပျက်စီးတော့မယ်"

ရောက်ရှိနေကြသော ရှေးဟောင်းနတ်ဘုရား များကလည်း ကျိယွမ်သည် ကြီးလေးသော အပြစ်ကို ကျူးလွန်ထားသကဲ့သို့ အမျိုးမျိုးပြစ်တင်ရှုတ်ချနေကြ၏။

ဒေသခံရှေးဟောင်းနတ်ဘုရား အနည်းငယ်ကတော့ ထိုအချက်ကို လက်ခံရန် ခက်ခဲနေကြသည်။ သို့သော် ၎င်းမှာ နားလည်ပေးနိုင်စရာ ရှိသည်။ ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့ဆိုသည်မှာ သေမှာကြောက်၍ ထွက်ပြေးလာကြသော တိုင်းပြည်အမျိုးမျိုးမှ ရှေးဟောင်းနတ်ဘုရားများစွာနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယခင်က ဖေးဟွမ်မြို့တော်အကျပ်အတည်းဖြစ်စဉ်ကလည်း မဟာမိတ်အဖွဲ့ဝင်များသည် ရှေးဟောင်းနတ်ဘုရားယွမ်နှင့် ချင်းရွှေရွာမှ ကျိယွမ်တို့ကိုကူညီမည့်အစား သူတို့နှင့် လာရောက်ပူးပေါင်းရန်ပင် ဖြောင်းဖျခဲ့ကြသေးသည်။

မဟာမိတ်ထဲမှ ရှေးဟောင်းနတ်ဘုရား အများစုမှာ မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့တွင် ရဲစွမ်းသတ္တိမရှိခြင်းမှာ မထူးဆန်းပေ။

ယခုလည်း ရှေးဟောင်းနတ်ဘုရားများသည် အရည်မရအဖတ်မရ အပြစ်တင်စကားများဖြင့် တစ်နာရီကျော်ကြာ ငြင်းခုံခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။ နောက်ဆုံးမှာတော့အစည်းအဝေးမှာ သဘောထားကွဲလွဲမှုများဖြင့် ပြီးဆုံးသွားခဲ့သည်။

ဝမ်တောင်တန်းနတ်ဘုရားသည် ဝမ်ရန်နတ်ဘုရားနှင့်အတူ လမ်းလျှောက်လာရင်း တိုင်ပင်နေကြ၏။

ဝမ်ရန်နတ်ဘုရားမှာ သိသိသာသာကို စိုးရိမ်နေပုံရသည်။

"ဝမ်တောင်တန်း၊ မင်းရဲ့ အဆက်အသွယ်က ယုံကြည်ရရဲ့လား"

ဝမ်တောင်တန်းနတ်ဘုရားက သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်သည်။

"ငါ ဖုန်းထျန်းရှေးဟောင်းနတ်ဘုရားနဲ့ အဆက်အသွယ်ရှိတာ အနှစ်ငါးဆယ် ရှိပြီ။ သူက ခေတ်သစ်နတ်ဘုရားတွေအပေါ် အမြဲတမ်း သစ္စာရှိခဲ့တဲ့သူပဲ။ ဒီတစ်ကြိမ် သူ ငါ့ဆီ မက်ဆေ့ခ်ျ ပို့ထားတယ် ၊ ငါတို့ နေဝင်တောင်စောင်းကို သွားရင် ခေတ်သစ်နတ်ဘုရားတွေနဲ့ ပူးပေါင်းနိုင်မယ်တဲ့ "

"ဒါပေမဲ့ ငါတို့က နောက်မှရောက်လာတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ကို အစေခံပြပြီးတော့ ငါတို့ရဲ့ သစ္စာရှိမှုကို သက်သေပြရလိမ့်မယ်"

"သူတို့က ငါတို့ကို ဘာမှ ခိုင်းစရာမရှိဘူးဆိုမှ ငါက ပိုပြီး စိုးရိမ်မိမှာ"

ဝမ်ရန်နတ်ဘုရားက စိတ်သက်သာရာရစွာဖြင့် ပြန်ပြောသည်။

"ငါ့ရဲ့ လူရင်းထဲကဒါဇင်ပေါင်းများစွာကို ဆက်သွယ်ထားပြီးပြီ။ ဒီနေ့ပဲ ခေတ်သစ်နတ်ဘုရားတွေရဲ့ စစ်တပ်ကြီးကို ကြိုဆိုဖို့ နေဝင်တောင်စောင်းကို သွားကြမယ် "

"အင်း..ဖန်ထုန်နယ်မြေကြီး ရှင်သန်ရေးအတွက် ငါတို့က သစ္စာဖောက်ဆိုတဲ့ အမည်းစက်ကို ခံယူရမှာပေါ့"

ဝမ်တောင်တန်းက အခြားရွေးချယ်စရာ မရှိတော့သကဲ့သို့ ဝမ်းနည်းသော လေသံဖြင့် ဆိုလိုက်သည်။

"အဲဒီ ယုတ်မာတဲ့ မူလနတ်ဘုရား ၊ သူက ထိုက်ရင်မိုးကြိုးပုလဲနည်းနည်းပါးပါးကို တွေ့ထားတာနဲ့တင် အရမ်း မောက်မာနေတာ။ သူက ငါတို့ကို ဒီကနေ ထွက်ခွာပြီး ခေတ်သစ်နတ်တွေရဲ့ နောက်လိုက်တွေ ဖြစ်အောင် လုပ်ခဲ့တာပဲ ၊ ဒါတွေအကုန် သူအပြစ်"

ဝမ်ရန်နတ်ဘုရားက သူတို့ကသာ အနစ်နာခံနေရသော အမှန်တရားဘက်တော်သားများဖြစ်နေရသကဲ့သို့ မြည်တမ်းလိုက်သည်။

သူတို့ စိတ်တိုင်းကျနေထိုင်နိုင်သော ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ ထွက်ခွာပြီး ခေတ်သစ်နတ်ဘုရားများ၏ အစေအပါးအဖြစ် ခံယူရခြင်းမှာ သူတို့အတွက် ခါးသီးသော အတွေ့အကြုံပင် ဖြစ်သည်။

"သူ့မှာ ထိုက်ရင်မိုးကြိုးဘယ်နှစ်လုံး ကျန်သေးလဲဆိုတာ ငါတို့ မသေချာလို့သာပေါ့၊ မဟုတ်ရင် နေဝင်တောင်စောင်းကို မသွားခင် သူတို့အကုန်လုံးကို သတ်ပြီး သူတို့ရဲ့ ခေါင်းတွေကို ခေတ်သစ်နတ်ဘုရားတွေဆီ လက်ဆောင်အဖြစ် ယူသွားရမှာ"

ဝမ်တောင်တန်းက နာကျည်းစွာဟိန်းဟောက်လိုက်သည်။ ထိုမူလနတ်ဘုရားကြောင့် သူ၏လိုတရဘဝလေး ပျက်စီးသွားခဲ့ရသည် မဟုတ်ပါလား။

သူတို့ကအတွေးကိုယ်စီဖြင့် ဆက်လျှောက်လာကြစဥ် နတ်ဘုရားအချို့နှင့် တွေ့ဆုံရသဖြင့် ခေါင်းစဥ်ပြောင်းကာ ရောက်တက်ရာရာများ ပြောလိုက်ကြသည်။

"ဒါနဲ့ .. မနေ့ညက ကောင်းကင်မှာ ကြယ်အသစ်တစ်စင်း ပေါ်လာတာကို မင်း သတိထားမိလား။ တော်တော် ထူးဆန်းတယ်"

"စစ်မှန်နတ်ဘုရားတစ်ပါးက မဟာအုပ်စိုးရှင်အဆင့်ရဲ့ အထက်ကနယ်ပယ်ကို ကျော်​ဖြတ်ပြီး တက်လှမ်းသွားတာမျိုး ဖြစ်နိုင်တာပဲ"

"နှမြောစရာကောင်းတာက ဖန်ထုန်နယ်မြေက ဆက်ပြီး ပိတ်ဆို့ခံထားရတုန်းပဲ"

သူတို့က စကားအနည်းငယ်ပြောပြီးနောက်လမ်းခွဲလိုက်ကြ၏။

......

နေဝင်တောင်စောင်းသည် ချင်းဟန်တိုက်ကြီး၏ အလယ်ဗဟိုတွင် တည်ရှိ၏။

တစ်ချိန်က ဤနေရာတွင် မိစ္ဆာနတ်ဘုရားစခန်းတစ်ခု အခြေစိုက်ခဲ့ဖူးသောနေရာလည်းဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း မိစ္ဆာနတ်ဘုရားများသည် ဤနေရာသို့ များစွာစုရုံးလာကြသဖြင့် ယခုအခါ၌ သေးငယ်သော နေဝင်တောင်စောင်းသည် မိစ္ဆာနတ်ဘုရား တစ်ထောင်ကျော်ဖြင့် ပြည့်နှက်နေသည်။

မိစ္ဆာနတ်ဘုရားတပ်သားများ၏ ရှေ့ဆုံးတွင် မီးလျှံသုံးပါးမဟာအုပ်စိုးရှင် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသဖြင့် သူ၏ စူးရှသော မျက်လုံးများကိုသာ မြင်တွေ့ရသည်။ သူသည် မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်နေပြီး သူ့ပတ်လည်တွင် အခြားသော မဟာအုပ်စိုးရှင် အပါး သုံးဆယ်ကျော်လည်း ရှိနေသည်။

နှစ်ရက်အတွင်းမှာပင် ရေတွက်မကုန်နိုင်သော နတ်ဘုရားများနှင့် မဟာအုပ်စိုးရှင်များရောက်ရှိလာကြပြီး မိစ္ဆာနတ်ဘုရား တပ်စခန်းကြီးကို ကြောက်မက်ဖွယ်အင်အားများဖြင့် စုဖွဲ့ပြီးဖြစ်သည်။

ယခုအချိန်တွင် မဟာအုပ်စိုးရှင်များနှင့် နတ်ဘုရားများစွာ စုဝေးနေသဖြင့် စကားတစ်လုံးမျှ မပြောသော်လည်း မည်သူမဆို ကြီးမားသော ဖိအားနှင့်အတူ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းဟူသော ခံစားချက်မျိုးကို ခံစားသွားရမှာ သေချာ၏။

ထိုအချိန်၌ ပေါ့ပါးသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဖုန်းထျန်းသည် ဝမ်းသာအားရဖြင့် ရှေ့သို့ တိုးလာသည်။

"မီးလျှံသုံးပါးအရှင်မြတ်ခင်ဗျာ၊ ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဝမ်တောင်တန်းနတ်ဘုရားက သူတို့ရဲ့သစ္စာရှိမှုကို ပြသဖို့အတွက် ရှေးဟောင်းနတ်ဘုရားကိုးဆယ့်ခုနစ်ပါးကို ခေါ်ဆောင်လာပါတယ်။ အခု သူတို့ဟာ အရှင်မင်းကြီးရဲ့ အမိန့်ကို စောင့်မျှော်နေကြပါတယ်"

ဖုန်းထျန်းသူမြတ်၏ မျက်နှာမှာ တည်ကြည်နေသော်လည်း အတွင်းစိတ်တွင်မူ အလွန်ပင် ပျော်ရွှင်နေသည်။ တိုက်ပွဲမစတင်မီမှာပင် ရှေးဟောင်းနတ်ဘုရား တစ်ရာနီးပါး သစ္စာခံလာခြင်းမှာ သူ၏ ကြီးမားသော အကျိုးဆောင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

မီးလျှံသုံးပါး၏ မျက်လုံးများမှာ ကျေနပ်မှုကြောင့် တောက်ပသွားသည်။

"ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်"

ဖုန်းထျန်းက အလျင်အမြန်ပင် ဖြည့်စွက်ပြောလိုက်သည်။

"ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ဂုဏ်သတင်းကြောင့်ပါ၊ မီးလျှံသုံးပါးအရှင်မြတ်။ ဒီရှေးဟောင်းနတ်ဘုရားတွေဟာ အရှင်မင်းကြီးကို မဆန့်ကျင်ရဲကြပါဘူး"

မီးလျှံသုံးပါး၏ ရယ်သံမှာ ပိုမိုကျယ်လောင်လာသည်။

အနီးအနားတွင် ဝမ်တောင်တန်းနတ်ဘုရား၊ ဝမ်ရန်နတ်ဘုရားနှင့် ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ စစ်မှန်နတ်ဘုရားတစ်စုမှာ ခေါင်းငုံ့လျက် ရိုသေလေးစားသော အမူအရာများဖြင့် ရှိနေကြသည်။

"ကျွန်တော်တို့တွေဟာ တပ်ဦးကနေ ပါဝင်ပြီး မီးလျှံသုံးပါးအရှင်မြတ်အတွက် လမ်းဖောက်ပေးဖို့ ဆန္ဒရှိပါတယ်"

ဝမ်တောင်တန်းက သစ္စာပြုလိုက်သည်။

ဝမ်ရန်နတ်ဘုရားကလည်း နှောင့်နှေးမနေပါ။

"မီးလျှံသုံးပါးအရှင်မြတ်မှာ မီးလျှံနတ်ငှက်တစ်ကောင် အစိးအနင်းအဖြစ် ရှိတယ်လို့ ကျွန်တော် ကြားသိရပါတယ်။ ကျွန်တော်က ငှက်တွေကို ပြုစုစောင့်ရှောက်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့အတွက် အရှင်မင်းကြီးရဲ့ ငှက်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရမယ်ဆိုရင် ဂုဏ်ယူမိမှာပါ"

အခြားသော ရှေးဟောင်းနတ်ဘုရားများကလည်း မြှောက်ပင့်ပြောဆိုရန် အပြိုင်အဆိုင် ကြိုးစားလာကြပြီး ကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းလှသည်။

သူတို့၏အရှက်မဲ့သော အမူအယာများကိုဘေးမှမိစ္ဆာနတ်ဘုရားများက လူပြက်များကဲ့သို့ ကြည့်ကာ လှောင်ရယ်နေကြသည်။

ဝမ်တောင်တန်းသည် မိစ္ဆာတို့၏ လှောင်ပြောင်မှုကို မြင်တွေ့ရသော်လည်း မကျေမနပ် မဖြစ်ရဲပေ။ ထို့အစား သူ၏ ကျိယွမ်အပေါ် မုန်းတီးမှုကသာ ပိုမိုနက်ရှိုင်းလာသည်။ သူ၏အမြင်တွင် ဤအရာအားလုံးမှာ ကျိယွမ်၏ အပြစ်သာ ဖြစ်၏။

"ဟားဟား၊ ဖန်ထုန်နယ်မြေရဲ့ ခါးရိုးဟာ ဟုန်ထန်စစ်ပွဲကြီးကတည်းက ကျိုးပျက်သွားခဲ့တာပဲ ၊ အခုတော့ ဒီနယ်မြေက မင်းတို့လို လူပြက်တွေချည်းပဲ ကျန်တော့တာပေါ့။ အင်း...သူတို့တွေ ငြိမ်ငြိမ်နေရင်တော့ ငါတို့ က လွှတ်ထားပေးမလို့ပါ ။ ဒါပေမဲ့ ငါရဲ့စစ်စခန်းတွေကို ဗြောင်ကျကျဝင်တိုက်တဲ့သူက ပေါ်လာ​တယ်"

"ဘာပဲပြောပြော အဲဒီမူလနတ်ဘုရားဆိုတဲ့ကောင်ကတော့ မင်းတို့ဖန်ထုန်နယ်မြေမှာ ကျောရိုးအမာဆုံးပဲ။ အဲဒီလိုလူမျိုးက ချီးကျူးစရာကောင်းတယ်၊ သူက မင်းတို့လိုကောင်တွေ အယောက်တစ်ရာထက် ပိုတန်ဖိုးရှိတယ်"

မီးလျှံသုံးပါးအရှင်မြတ်သည် မဟာမိတ်အဖွဲ့မှ အရှက်မဲ့သောရှေးဟောင်းနတ်ဘုရားများကို အထင်သေးစွာကြည့်ပြီး နှိမ်သောလေသံဖြင့် ပြောလိုက်သည်။

"နှမြောစရာကောင်းတာက သူဟာ ဒီစစ်သူကြီးကို စော်ကားခဲ့မိတာပဲ။ သေခြင်းတရားတစ်ခုတည်းကသာ အဲဒီပြစ်မှုကို ပြေပျောက်စေလိမ့်မယ်"

မီးလျှံသုံးပါးအရှင်၏ မျက်လုံးများတွင် လူသတ်လိုသောအငွေ့အသက်များ လွှမ်းခြုံသွားသည်။

ထိုအချိန်တွင် တောင်စောင်းနှင့်မိုင်ပေါင်းတစ်ထောင်ကျော်အကွာ၌ရှိသော သစ်ပင်ပေါ်တွင် ကျိယွမ်သည် အေးအေးလူလူ လှဲလျောင်းနေပြီး အဘိုးကြီးရှန်လဲ့ကတော့ အနီးအနားတွင် ရပ်နေလေသည်။

ရှေးဟောင်းနတ်ဘုရားအချို့မှာလည်း စိုးရိမ်တကြီးဖြင့် သူတို့ပတ်လည်တွင် ရှိနေကြ၏။

ကျိယွမ်က တဝါးဝါးသန်းရင်းမှ ပျင်းရိစွာဖြင့် မေးလိုက်သည်။

"လူစုံပြီလား ၊ သူတို့အားလုံး ခုချိန်ထိမစုမိကြသေးဘူးပေါ့"

--------------

All Chapters