← Chapters

ကြယ်တာရာအမြုတေကြီး ပေါ်လာပြီ

Vol. 19 Ch. 217

ကြယ်တာရာအမြုတေကြီး ပေါ်လာပြီ

Vol. 19 Ch. 217

“သူတို့အားလုံး စုမိသွားကြပြီ။”

တောင်ထိပ်ပေါ်အထိ တက်ကြည့်နေသော အဘိုးကြီးရှန်လဲ့၏အသံမှာ အနည်းငယ် တုန်ယင်နေသလို ထင်ရသည်။

သူတို့အနီးတွင် နားမလည်သောအမူအယာများဖြင့် ရပ်နေသော အခြားရှေးဟောင်းနတ်ဘုရားသုံးပါးရှိနေ၏ ။ သူတို့သည် ရှေးဟောင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ ဖြစ်ကြသောကြောင့် နေဝင်တောင်စောင်း၏

ပတ်ဝန်းကျင်ကို ကျွမ်းကျင်ကြသူများ ဖြစ်သည် ။ ထို့ကြောင့် လမ်းပြရန်အတွက် အဘိုးကြီးရှန်လဲ့က သူတို့အားခေါ်ဆောင်လာခဲ့ခြင်းပင် ။

သို့သော် သူတို့နားမလည်သည်က မူလနတ်ဘုရားလုပ်ချင်နေသနည်းဆိုသည်ကို ဖြစ်သည် ။

နေဝင်တောင်စောင်းကိုသူတို့ရောက်နေသည်မှာ ကြာနေလေပြီ ။ သူတို့ထင်ထားခဲ့သည်က မူလနတ်ဘုရားသည် နေဝင်တောင်စောင်းစခန်းတွင် မိစ္ဆာများများမစုမိသေးခင် ထိုက်ယင်မိုးကြိုးဖြင့် ဖောက်ခွဲကာ အမြန်ဆုံး ဆုတ်ခွာလိမ့်မည်ဟုသာ။

သို့သော် တောင်စောင်းသို့ရောက်သောအခါ မူလနတ်ဘုရားက သစ်ပင်ကြီးကြီးရှာပြီး အေးရာအေးကြောင်း တက်အိပ်နေလေ၏။ သူက အချိန်စောင့်ရမည်ဟုလည်း ဆိုပြန်သည်။

သူတို့ကတော့ အဘယ်ကြောင့် ဤမျှကြာအောင် စောင့်ကြည့်နေရသည်ကို နားမလည်နိုင်သဖြင့် ဇဝေဇဝါ ဖြစ်နေကြရ၏။

မီးကြာပန်းအရှင်မသည် သစ်ပင်ပေါ်တွင် နားအေးပါးအေး လဲလျောင်းနေသော ကျိယွမ်ကို ကြည့်ရင်း စိတ်ထဲတွင် အလိုလို လေးစားအားကျစိတ် ဖြစ်ပေါ်လာသည်။

နေဝင်တောင်စောင်းရှိ မိစ္ဆာနတ်ဘုရား စစ်တပ်ကြီးမှာ ကြာလေအရေအတွက်များလေ ဖြစ်လာနေ၏ ။ သို့သော် မူလနတ်ဘုရားကတော့ အေးရာအေးကြောင်းပင် ။

မည်မျှသတ္တိရှိကာ စိတ်တည်ငြိမ်လိုက်လေသနည်း ။

ယခုလိုသေရေးရှင်ရေးအချိန်မျိုးတွင် သူမအနေဖြင့် ကျိယွမ်ကဲ့သို့ တည်ငြိမ်အေးဆေးစွာ ရှိမနေနိုင်ခဲ့ပါ။

ထိုစဉ်မှာပင် ကျိယွမ်သည် ပျင်းသဲ့သဲ့အပြုံးဖျော့ဖျော့တစ်ခုကို ဆင်မြန်းလျက် သစ်ကိုင်းပေါ်မှ မတ်တပ်ထရပ်လိုက်သည်။

“ကဲ ငါလည်းလှဲနေရတာ ညောင်းလာပြီ ၊ ရန်သူအားလုံးလည်း စုမိသွားပြီဆိုတော့... သူတို့အားလုံးကို ပြန်လှဲခိုင်းရမယ့်အချိန် ရောက်ပြီပေါ့။”

ကျိယွမ်၏ စကားလုံးများသည် နက်နဲဆန်းကြယ်သလိုရှိ၏။အခြားသူများက နားမလည်သော်လည်း အဘိုးကြီးရှန်လဲ့သည် နေဝင်တောင်စောင်းကို စိုက်ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။

မီးကြာပန်းအရှင်မနှင့် အခြားရှေးဟောင်းနတ်ဘုရားများကတော့ ကျိယွမ် ဆိုလိုသည့်အဓိပ္ပာယ်ကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြကုန်၏။

ထိုအချိန်တွင် ကျိယွမ်သည် ကောင်းကင်ယံသို့ ပျင်းရိစွာမော့ကြည့်လိုက်သည်။

“ငါ့ရဲ့ နေမင်းကြီး... ပေါ်ထွက်လာစမ်း”

“ငါ့ရဲ့ မျှော်လင့်ခြင်းလမင်းလေးတွေရေ ..

နေပူဆာလှုံဖို့ အချိန်ရောက်ပြီ "

သူ၏စကားအဆုံးတွင် ရုတ်တရက်ဆိုသလို အချိန်များ ရပ်တန့်သွားသကဲ့သို့ သက်ရှိအားလုံးခံစားလိုက်ရသည်။ သွေးရောင်လွှမ်းသော ကြယ်တာရာများကြောင့် နီဖျော့ဖျော့ အလင်းရောင်များလွှမ်းခြုံနေသည့် ကမ္ဘာလောကကြီးသည် ရုတ်တရက် အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

မဟာအုပ်စိုးရှင်များနှင့် ရှေးဟောင်းနတ်ဘုရားများအားလုံးသည် လက်ရှိအဖြစ်အပျက်များကို မေ့ကာ ခဏတာ မိန်းမောတွေဝေသွားကြ၏။

“နေရောင်က... ဘာလို့ အရောင်ပြောင်းသွားတာလဲ။”

လူတိုင်း၏ စိတ်ထဲတွင် လက်ရှိကိစ္စများကို မေ့သွားပြီး ထိုအတွေးကိုယ်စီ ဝင်လာကြသည်။ နေဝင်တောင်စောင်းရှိ စင်မြင့်ပေါ်မှ မီးလျှံသုံးသွယ်အရှင်မြတ်နှင့်အတူ အခြားမဟာအုပ်စိုးရှင်များနှင့် မိစ္ဆာနတ်ဘုရားများ အားလုံးမှာလည်း အံ့အားသင့်သွားကြ၏။

ဝမ်တောင်တန်းနတ်ဘုရားက အခွင့်ရခိုက် အစွမ်းကုန်ဖားလိုက်သည်။

“ကောင်းကင်ကြီး အရောင်ပြောင်းတာက နိမိတ်ကောင်းပဲ။ ဒါဟာ မီးလျှံသုံးပါးအရှင်မြတ်က ချင်းဟန်တိုက်ကြီးတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်တော့မယ်ဆိုတဲ့ နိမိတ်ပဲ”

မီးလျှံသုံးပါးအရှင်မြတ်က သိပ်မဆိုင်မှန်းသိသော်လည်း ဟန်လုပ်ကာပြုံးလိုက်၏။

“အင်း.. နိမိတ်ကောင်းတစ်ခုပဲ”

အခြားသော မိစ္ဆာနတ်ဘုရားများကလည်း ပြုံးရွှင်လာကြသည်။ အချို့သော ရှေးဟောင်းနတ်ဘုရားများကမူ ဝမ်တောင်တန်းသည် ဖားယားရန်အတွက် အခြေအမြစ်မရှိသော စကားများကို ပြောဆိုနေသည်ဟု စိတ်ထဲမှ ကဲ့ရဲ့နေကြ၏။

ထိုအချိန်တွင် မဟာအုပ်စိုးရှင်တစ်ပါးက ထူးခြားမှုကို သတိပြုမိသွားပြီး ထအော်၏။

“ကောင်းကင်ကို ကြည့်ကြစမ်း၊ ကြယ်တစ်လုံး ပြုတ်ကျလာနေသလိုပဲ”

သူ၏အသံကြောင့် နေဝင်တောင်စောင်းရှိ စစ်မှန်နတ်ဘုရားများအားလုံးသည် ကောင်းကင်သို့ မော့ကြည့်မိကြကုန်၏။

ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ယံတွင် နေမင်းတစ်စင်းသည် အရှိန်အဟုန်ဖြင့် ရွေ့လျားနေပြီး တစ်နေရာရာသို့ ဦးတည်နေဟန်ရှိသည်။ သူတို့ကြည့်နေစဥ်မှာပင် နေမင်း၏ အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး အလင်းရောင်မှာလည်း ပိုမိုတောက်ပလာလေသည်။

“နေဦး ..အဲဒါက... ဖန်ထုန်လောကထဲကို ပြုတ်ကျလာနေသလိုပဲ"

မဟာအုပ်စိုးရှင်တစ်ပါးက ရွေးလျားနေသော နေမင်းကြီးကို သေချာကြည့်နေရင်းမှ ထင်ကြေးပေးလိုက်သည်။

မိစ္ဆာနတ်ဘုရားများသာမက သစ္စာဖောက်ရှေးဟောင်းနတ်ဘုရားများ၏ စိတ်နှလုံးများ ပါ တုန်လှုပ်သွားကြ၏။ သေသေချာချာကြည့်လျှင် ထိုနေမင်းသည် ဖန်ထုန်လောကထဲသို့ အမှန်တကယ်ပင် ပြုတ်ကျတော့မည်ဟု ပို၍ထင်လာရသလိုပင်။

“ဘာပဲဖြစ်ဖြစ်၊ ဖန်ထုန်လောကထဲ ပြုတ်ကျလာလည်း ငါတို့နဲ့ မဆိုင်ဘူး”

မီးလျှံသုံးပါးအရှင်မြတ်က နေမင်းကြီးကို ပြည့်ပြီး ခံစားချက်မျိုးစုံဖြင့် ပြောလိုက်သည်။ ဤကဲ့သို့ တိုက်ပွဲအဆင့်အတန်းမျိုးသည် သူတို့လို မဟာအုပ်စိုးများ ဝင်ရောက်စွက်ဖက်နိုင်သော အရာမဟုတ်ပါ။

ထို့ပြင် ကောင်းကင်တိုင်လုံးထဲတွင်လည်း သွေးရောင်နေမင်း သူတော်စင်ကြီးရှိနေသည်ဖြစ်ရာ နေနတ်ဘုရားတစ်ပါး၏ အရိပ်အယောင်မျှသာ ဖြစ်သော ကြယ်တစ်လုံးက ထိုသို့သော တန်ခိုးကြီးပုဂ္ဂိုလ်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဟု သူက ယူဆလိုက်၏။

ဝမ်တောင်တန်းကတော့ ယခုအချိန်ထိ ဖားယားရန် အခွင့်အရေးကို လက်မလွှတ်သေးပေ။

“အရှင်မြတ်ရဲ့ ဘုန်းတန်ခိုးကြောင့် ကြယ်တွေတောင် ကြွေကျကုန်ပြီ "

မီးလျှံသုံးပါးအရှင်မြတ်က တဟားဟား ရယ်မောလိုက်ပြီး

“ငါက အဆင့် ၅ ရှိပါသေးတယ် ၊ ဒီလောက်အထိ မြှောက်ပင့်ခံရဖို့ မထိုက်တန်သေးဘူး”

ယခုကျဆင်းနေသောအရာမှာ သာမန်ကြယ်တစ်လုံးမဟုတ်ဘဲ ကိုယ်ပိုင်အလင်း ထွက်ပေါ်နေသော ကြယ်တစ်လုံး ဖြစ်သည်။ ကောင်းကင်ယံတွင် အလင်းထုတ်လွှတ်သောကြယ်များနှင့် အလင်းမထုတ်လွှတ်သော ကြယ်များဟူ၍ နှစ်မျိုးရှိ၏။

အလင်းထုတ်လွှတ်သော ကြယ်များသည် ယန်နတ်ဘုရားများကို ကိုယ်စားပြုပြီး အလင်းမထုတ်လွှတ်သော ကြယ်များသည် သာမန် ယင်နတ်ဘုရားများကို ကိုယ်စားပြုလေသည်။

ယခုကြယ်မှာ အလင်းထုတ်လွှတ်နေသဖြင့် သေချာပေါက်ယန်နတိဘုရား၏ ပုံရိပ်ပင်ဖြစ်နိုင်၏။ သူတို့လို မဟာအုပ်စိုးရှင်များအဆင့်လေးများက မည်သို့ဝင်ရောက်စွတ်ဖတ်ဝံ့မည်နည်း။

ကျပါစေပေါ့ ငါတို့လည်းမတားရဲဘူး။

ဗုန်း....

ထိုခဏစက္ကန့်ပိုင်းအတွင်းမှာပင် ဖန်ထုန်လောကတစ်ခုလုံးသည် ပြင်းထန်သော အလင်းတန်းများဖြင့် လင်းထိန်သွား၏။လူတိုင်း၏ အမြင်အာရုံများ ခဏတာ ဝေဝါးသွားပြီး ကောင်းကင်ယံတွင် နေမင်း၏ အရိပ်တစ်ခု တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသလိုလို ဖြစ်ကုန်သည်။

အားလုံးက ​ကယောင်ချောက်ခြားဖြင့် အလိုအလျောက် မော့ကြည့်မိကြတော့သည်။

“ဒါက တကယ်ကြီး ဖန်ထုန်လောကထဲကို ပြုတ်ကျလာနေတာ"

“ဘယ်နေနတ်ဘုရားက ဝင်စွက်ဖက်နေတာလဲ။”

“ဒါက သတိပေးချက်တစ်ခုများလား”

မဟာအုပ်စိုးရှင်တစ်ပါးက ဖြစ်နိုင်သည်များကို လေးနက်စွာတွေးတောနေသည်။ ယခုအချိန်မျိုးတွင် စိတိလိုက်မာန်ပါလုပ်မိမည်ကိုလည်း အားလုံးစိုးရိမ်နေကြ၏။

“ဟမ့်.. ပြင်ပနယ်မြေတစ်ခု နေနတ်ဘုရားတစ်ပါးက ဟိုးအဝေးကြီးကနေ ဖန်ထုန်လောကထဲကို လာပြီးစွက်ဖက်တယ်ဆိုတာ သေတွင်းတူးတာပဲ”

စစ်မှန်နတ်ဘုရားတစ်ပါးက နှာခေါင်းရှုံ့လိုက်သည်။ အခြားစစ်မှန်နတ်ဘုရားများ အားလုံးမှာလည်း ကောင်းကင်သို့ မော့ကြည့်နေကြပြီး မျက်နှာအမူအရာများမှာလည်း အမျိုးမျိုး ဖြစ်နေကြ၏။

သို့သော် နောက်တစ်ခဏတွင် လူတိုင်း၏ မျက်နှာများပျက်ယွင်းသွားပြီး ထိတ်လန့်ကုန်သည်။

“ဘာဖြစ်တာလဲ။ ဒါက မြောက်ပိုင်းမြေဆီကို ဦးတည်နေတာလား။”

“မကောင်းတော့ဘူး၊ သူ့ပစ်မှတ်က သွေးရောင်နေမင်း သူတော်စင်ကြီး မဟုတ်ဘူးထင်တယ်"

တောင်စောင်းရှိ မဟာအုပ်စိုးရှင်များနှင့်စစ်မှန်နတ်ဘုရားများ အားလုံး စိုးရိမ်ပူပန်လာစဥ်မှာပင် နေမင်းကြီးသည် ဖျက်ဆီးခြင်း အငွေ့အသက်များကို သယ်ဆောင်လျက် ပိုမိုမြန်ဆန်စွာ ကျဆင်းလာခဲ့သည်။

မူလက အေးအေးဆေးဆေးလုပ်နေကြသဖြင့် မြောက်ပိုင်းမှ မဟာအုပ်စိုးရှင်များမှာ အရေးယူဆောင်ရွက်ရန် အချိန်မရတော့သလို ထိုကြောက်မက်ဖွယ်ကောင်းသော နေမင်း၏ အရိပ်အယောင်ကို တားဆီးနိုင်စွမ်းလည်း မရှိကြပါ။

မီးလျှံသုံးပါးအရှင်မြတ်၏ အပြုံးများက တမူဟုတ်ချင်း အေးခဲသွား၏။

တစ်ခုခုတော့ မှားနေပြီ ။

မဟုတ်ဘူး .. အကြီးအကျယ် မှားယွင်းနေတာ။

ထိုနေမင်းကြီးသည် သူတို့ဆီသို့ တည့်တည့်မတ်မတ် လာနေသကဲ့သို့ အဘယ့်ကြောင့် ခံစားနေရသနည်း။

"နီး..နီးလာပြီ .."

သူတို့မိန်းမောသလိုဖြစ်သွားပြီး တုံ့ပြန်ရန် အချိန်မရမီမှာပင် ဧရာမ နေမင်းပုံရိပ်ကြီးသည် နေဝင်ချိန်တောင်စောင်းသို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် အလွန်ရှေးဟောင်းကျသောအသံတစ်ခုသည် သူတို့၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

“နေမင်းကြီးက တောက်ပစွာ ထွန်းလင်းပြီး လောကကြီးကို အလင်းပေးတယ်"

“ငါဟာဝတ်ရုံနက်ကို ဝတ်ဆင်ပြီး နိယာမ ကိုးပါးကို အမိန့်ပေးစေခိုင်းတယ်"

"ပေါက်ကွဲ.."

နေမင်းပုံရိပ်သည် ချက်ချင်းကြီးထွားလာပြီး ပေါက်ကွဲသွားလေတော့သည်။

ဝုန်း..

အဆုံးမရှိသော အပူရှိန်နှင့် အလင်းတန်းများသည် နေဝင်ချိန်တောင်စောင်း၏ ဧရိယာအကျဉ်းလေးအတွင်း၌ မတန်တဆစုစည်းသွား၏။ နေမင်းကြီးတစ်စင်းလုံး၏ စွမ်းအင်များကို ထိုမျှကျဉ်းမြောင်းသော နေရာလေးတွင် စုစည်းလိုက်ပါက မည်မျှအစွမ်းထက်မည်နည်း။

၎င်းမှာ မှန်းဆ၍ပင် မရနိုင်ပါ။

အား...

အောင်မယ်လေး..

ထောင်နှင့်ချီသော စစ်မှန်နတ်ဘုရားများသည် ထိုပြင်းထန်သော အပူရှိန်နှင့် အရှိန်အဝါများအောက်တွင် မတုံ့ပြန်နိုင်ဘဲ သဲ့သဲ့မျှအော်ကာ လောင်ကျွမ်းပြာကျသွားကြရ၏။

တောင်ထိပ်တွင်ရပ်နေသော အဘိုးကြီးရှန်သည် အပူလွန်ကဲကာ ရဲရဲတောက်လျှက်နေမင်းအသေးစားလေးတစ်ခုကဲ့သို့ ဖြစ်နေသည့် နေဝင်ချိန်တောင်စောင်းကို မျက်လုံးကြီးပြူးကာ ကြောင်ကြည့်နေသည်။

မီးကြာပန်းအရှင်မသည်လည်း မှင်တက်သွားပြီး ထိုပြင်းထန်သောအလင်းကြောင့် သူမ၏မျက်နှာမှာ ပိုမိုနီမြန်းလာ၏။သူမက ကျိယွမ်ကို တစ္ဆေသရဲသဘက်တ​စ်ကောင်အလား တုန်လှုပ်ခြောက်ခြားစွာ ကြည့်သည်။

"အရှင်.အရှင်မြတ်... အဲ့ဒီနေမင်းကြီးက အရှင့်ဟာလား။”

ကျိယွမ်က စိတ်ပျက်သလိုပုခုံးတွန့်လိုက်ပြီး ပြန်ဖြေ၏။

“အရမ်းဝေးနေတော့ စွမ်းအားက သိပ်မကြီးလှဘူး ၊ အားမရစရာပဲ "

ယခုတစ်ကြိမ်တွင် သူသည် အသစ်ဖွဲ့စည်းထားသော ဒုတိယမြောက်အမြုတေကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။သိူ့သော်ရလဒ်က သူမျှော်လင့်ထားသည်နှင့် ဝေးကွာနေ၏။

သူ၏စကားကြောင့် အခြားသူများမှာ ဆွံ့အသွားကြ၏။

စွမ်းအားမကြီးဘူးတဲ့လား။

မဟာအုပ်စိုးရှင်အပါး ၃၀ ကျော်နှင့် စစ်မှန်နတ်ဘုရား ၁,၀၀၀ ခန့်မှာ ထိုတစ်ချက်တည်းဖြင့် အစအနမကျန်အောင် ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။ထိုအရာက စွမ်းအားမကြီးလျှင် မိမိတို့၏တိုက်ခိုက်မှုများကို မည်သို့သတ်မှတ်တော့မည်နည်း။

သူတို့အားလုံး ကိုယ်ကိုယ်ကိုယ်သတ်သေကြဖို့သာ ရှိတော့သည်။

ကျိယွမ်သည် တငွေ့ငွေ့လောင်ကျွမ်းနေသော နေဝင်တောင်စောင်းကို ကြည့်ရင်း ဝမ်းနည်းဟန်ဖြင့် မှာကြားသည်။

“အချို့သူတွေရဲ့ သေခြင်းက ထိုက်ရှန်းတောင်ထက် လေးလံပြီး၊ အချို့သူတွေကတော့ အသက်ရှင်နေပေမဲ့ သေနေသလိုပါပဲ။ မျှော်လင့်ခြင်းလမင်းလေးတွေရေ... မင်းတို့သေသွားပေမဲ့ ငါ့အတွက် အတွေ့အကြုံရမှတ်တွေနဲ့ မိစ္ဆာနတ်ဘုရား စွမ်းအင်တွေ အများကြီး ချန်ထားခဲ့ပေးတယ်။ မင်းတို့ရဲ့သေခြင်းက ထိုက်ရှန်းတောင်ထက် လေးလံတယ်။ "

"လူကောင်းလေးတွေ ..ငါ့အတွက် စိတ်မပူပါနဲ့၊ ငါဝမ်းမနည်းပါဘူး။ ငါ့ရဲ့ဝမ်းနည်းမှုကို ခွန်အားအဖြစ် ပြောင်းလဲပြီး ကောင်းကောင်း စားသောက်ပစ်ပါ့မယ်။ အေးအေးချမ်းချမ်း အနားယူကြပါတော့”

အဘိုးကြီးရှန်လဲ့သည် ကျိယွမ်၏ အဓိပ္ပါယ်မသိရသော စကားများကြောင့် ဇဝေဇဝါ ဖြစ်သွား၏။ မီးကြာပန်းအရှင်မ၏ စိတ်ထဲမှ သူရဲကောင်းပုံရိပ်မှာလည်း တစ်စစီ ပြိုကွဲသွားခဲ့သည်။

ငါတို့အရှင်က စကားမပြောဘဲနေလေ ကြည်ညိုစရာကောင်းလေပဲ။

“ပြန်ကြစို့... ပြီးရင် စားသောက်ပွဲ လုပ်ကြမယ်”

နေဝင်ချိန်တောင်စောင်းတွင် မဟာအုပ်စိုးရှင် ၃၀ ကျော်နှင့် စစ်မှန်နတ်ဘုရား ၁,၀၀၀ ကျော် သေဆုံးသွားခြင်းသည် မိစ္ဆာနတ်ဘုရားများအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။

ချင်းဟန်တိုက်ကြီးရှိ မိစ္ဆာနတ်ဘုရားဗိုလ်ချုပ်ကြီးလီယန်သည် နေဝင်ချိန်တောင်စောင်းတစ်ခုလုံး တစ်ချက်တည်းဖြင့် ပြာကျသွားသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများက ဒေါသအရောင်များတဟုန်းဟုန်းတောက်သွားခဲ့သည်။

ထို့နောက် ချက်ချင်းလိုလိုပင် မြောက်ပိုင်းရှိ ဗိုလ်ချုပ်ကြီး ငါးဦးလုံး စုဝေးမိကြပြီး ဤကိစ္စကို သွေးရောင်နေမင်း သူတော်စင်ကြီးထံတိုင်ကြားသင့်သလားဟု ဆွေးနွေးကြတော့သည်။

သို့သော် အချိန်တော်တော်ကြာဆွေးနွေးပြီးနောက် သွေးနေမင်းသူတော်စင်ကြီးသည်ကောင်းကင်ဘုံတာအိုကို ဝါးမြိုရန် ကြိုးစားနေသည့် အရေးကြီးသော အချိန်ဖြစ်သဖြင့် မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်၏။ သူတို့သည် မူလနတ်ဘုရားကျိယွမ်ကို ပြင်ပတစ်နေရာမှမှ နေနတ်ဘုရားတစ်ပါးက စေလွှတ်လိုက်သော နယ်ရုပ်တစ်ခုအဖြစ် ယူဆလိုက်ကြပြီး၊ ဖန်ထုန်လောကကို တစ်ဖန်ပြန်လည် ပိတ်ဆို့ရန်အတွက် ပြပမှ သူတို့၏အရှင်သခင်ထံ တင်ပြရန်သာ ဆုံးဖြတ်လိုက်ကြ၏။

တစ်ဖက်တွင်လည်း တောင်ပိုင်းတွင်ရှိနေ​သော ရှေးဟောင်းနတ်ဘုရားများ စုဝေးကာ ဤထူးခြားသော အဖြစ်အပျက်ကို ဆွေးနွေးနေကြပြန်သည်။ သူတို့သည် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်ဟု ခံစားရသော်လည်း ထိုနေနတ်ဘုရားသည် အခြားသော မိစ္ဆာနတ်ဘုရားများကဲ့သို့ပင် ဖန်ထုန်လောကကို ဝါးမြိုရန် လာသူဖြစ်မည်ကိုလည်း စိုးရိမ်နေကြ၏။

ထို့ကြောင့် သူတို့၏ သူတော်စင်စီမံကိန်းကို သာ အရှိန်အဟုန်မြှင့်ပြီး ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ကြသည် ။ ထို့အပြင် အားကိုးရသော ရှေးဟောင်းနတ်ဘုရား လင်ကျုံးက မြောက်ပိုင်းသို့ သွားရောက် စုံစမ်းရန် စေတနာ့ဝန်ထမ်း အဖြစ် တာဝန်ယူလိုက်လေသည်။

ထိုအချိန်တွင် ဖေးဝူမြို့မှာတော့ ကျိယွမ်သည် စားသောက်ပွဲကို အဆုံးသတ်ကာ သက်သောင့်သက်သာဖြင့် အနားယူနေ​၏။

“စစ်ပွဲမှာ အောင်နိုင်ဖို့ဆိုတာ အရှိန်အပေါ်မှာ မူတည်တယ်။ မိစ္ဆာနတ်ဘုရားတွေကို နှိမ်နင်းဖို့ ငါ့ရဲ့ အဆင့်သုံးဆင့် စီမံကိန်းက တစ်ဝက်ပြီးသွားပြီ။ အခု ကျန်တဲ့တစ်ဝက်ကို ဆက်လုပ်ကြတာပေါ့။”

ကျိယွမ်က ရှန်လဲ့အားမေးလိုက်သည်။

"အဘိုးကြီး ..အားလုံးစုမိပြီလား "

ရှန်လဲ့က ခေါင်းညိတ်ပြလိုက်သော်လည်း မသိမသာထိန်လန့်သွားပြီး နှလုံးခုန်သံများ ပင် မြန်လာခဲ့သည်။

ယခင်တစ်ကြိမ်ကလည်း လူစုံပြီလားဟူသောမေးခွန်းမေးပြီးချိန်တွင် နေဝင်တောင်စောင်းရှိ မိစ္ဆာနတ်ဘုရားများအားလုံး ပြာကျသွားခဲ့သည် မဟုတ်ပါလား။

ယခုလည်း အားလုံးစုမိပြီလားဟု မေးနေ​ပြန်လေပြီ။

အခြားသော ရှေးဟောင်းနတ်ဘုရားများကတော့ ထိုကိစ္စကိုမသိသဖြင့် ဆုလာဘ်များပေးတော့မည်လားဟု မျှော်လင့်တကြီး စောင့်စားနေကြသည်။

သူတို့သည် ဤဆုလာဘ်များကို မျှော်လင့်စောင့်စားနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

ယနေ့သည် အမှန်တကယ်ပင် မင်္ဂလာတရားများ ပြည့်စုံသည့်နေ့တစ်နေ့ပင်။

ပထမဦးစွာ နေဝင်ချိန်တောင်စောင်းတွင်ရှိသော မိစ္ဆာနတ်ဘုရားများ၏ ဧရာမစစ်စခန်းကြီးမှာ နေမင်း၏ပုံရိပ်ကြောင့် အကုန်အစင် ပြာကျအောင်သုတ်သင်ခြင်း ခံခဲ့ရသည်။

ယခုအခါတွင်မူ မူလနတ်ဘုရားက သူ၏ကတိအတိုင်း ရတနာဆုလာဘ်များ ပေးသနားရန် အသင့်ဖြစ်နေပုံရ၏။

ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းသည် မီးကြာပန်းအရှင်မကို ကြည့်လိုက်ရာ သူမ၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိပြုမိသွားသည်။

"မီးကြာပန်းအရှင်မ ..နင့်ကိုကြည့်ရတာ သိပ်မပျော်သလိုပဲ"

မီးကြာပန်းအရှင်မသည် မူလနတ်ဘုရားနှင့်အတူ နေဝင်တောင်စောင်းမှပြန်လာကတည်းက စိတ်နှင့်ကိုယ်မကပ်ဘဲ မျက်လုံးများမှာလည်း ဗလာဖြစ်နေကာ သူငယ်အိမ်များမှာ ကျယ်နေခဲ့သည်။

ယခုကဲ့သို့ ကျိယွမ်က ဆုလာဘ်များ ချီးမြှင့်ရန် သူတို့ကို စုဝေးစေသည့်အချိန်၌ပင် သူမသည် မည်သည့်ဝမ်းသာမှုမျိုးကိုမျှ မပြဘဲ ထိုငေးငိုင်နေသော မျက်နှာအမူအရာအတိုင်း ရှိနေဆဲဖြစ်၏။

၎င်းက ဟွမ်ဟွန်းကို ဇဝေဇဝါ ဖြစ်စေသည်။

သူတို့တွေ မူလနတ်ဘုရားနဲ့အပြင်ထွက်သွားတုန်းက ဘာတေများဖြစ်ခဲ့လို့ သူကဒီလိုဖြစ်သွားရတာလဲ။

"ဘာ... ဘာမှမဟုတ်ပါဘူး..."

မီးကြာပန်းအရှင်မသည် ငေးမောနေရာမှ သတိဝင်လာပြီး ခေါင်းခါပြသည်။

"အရှင်မြတ်က ငါတို့ကို နတ်ဘုရားနယ်ပယ်ဖွင့်ဆေးလုံးတွေ ပေးတော့မယ်လို့ ငါထင်တယ်။ ငါ့ဘဝမှာ နတ်ဘုရားနယ်ပယ်ကို နိုးထစေဖို့ အခွင့်အရေးရလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"

ဟွမ်ဟွန်းက အလွန်ဝမ်းသာနေသဖြင့် ပြုံးရွှင်နေ၏။

"ဒါက အခြေအနေတွေကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ပေမဲ့၊ မိစ္ဆာနတ်ဘုရားတွေကို နောက်ထပ် နည်းနည်းလောက် ပိုသတ်နိုင်ဖို့ အထောက်အကူဖြစ်မယ်ဆိုရင် ဒါဟာထိုက်တန်ပါတယ်"

ရှေးဟောင်းနတ်ဘုရား အများစုမှာလည်း ဟွမ်ဟွန်း၏ အတွေးအတိုင်းပင် ရှိနေကြသည်။

သူတိူ့က တိုက်ပွဲကိုမနိုင်တော့သော်လည်း မိစ္ဆာများကို သက်သောင့်သက်သာအနိုင်မရစေချင်ပါ ။ ရသမျှပြန်သတ်သွားနိုင်ဖို့ကသာ သူတို့၏မျှော်လင့်ချက်ဖြစ်သည်။

သို့သော် မီးကြာပန်းအရှင်မကမူ သူ၏စကားကို မကြားဟန်ရှိသည်။

သူမသည် ပျင်းရိပျင်းတွဲထိုင်နေသော ကျိယွမ်ကို လှမ်းကြည့်ရင်း ဟွမ်ဟွန်းအား ပြောလိုက်သည်။

“ငါတော့...ငါတို့ရဲ့ ဖန်ထုန်လောက... တကယ်ပဲ မျှော်လင့်ချက် ရှိလာပြီလို့ ထင်တယ်”

--------------

All Chapters