← Chapters

ကျင့်ကြံသူတစ်ယောက်က အစာမစားချင်တဲ့ရောဂါ ဖြစ်နေတာလား

Vol. 19 Ch. 219

ကျင့်ကြံသူတစ်ယောက်က အစာမစားချင်တဲ့ရောဂါ ဖြစ်နေတာလား

Vol. 19 Ch. 219

"ကုလားထိုင်လား .."

အစားရှောင်မယ်တော်သည် ကျိယွမ်ရပ်နေသောနေရာသို့ စိုက်ကြည့်နေ၏။

သူမ၏အမြင်တွင် ထိုနေရာသည် ဘာမျှမရှိဘဲ ဟာလာဟင်းလင်းသာဖြစ်သည်။ အရာအားလုံးမှာ စိတ်အာရုံချောက်ခြားမှုတစ်ခုကဲ့သို့ပင် ခံစားရပြီး လက်တွေ့မကျလှပေ။

"ကျွန်မတို့ အနာဂတ်မှာ ဆုံခဲ့ကြတယ်ပေါ့ ...ဟုတ်လား"

အစားရှောင်မယ်တော်က မည်သည့်ခံစားချက်မျှ မပါဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။

"တစ်ခါပဲ ဆုံခဲ့တာလား။"

"ဟုတ်တယ်"

ကျိယွမ်က ထိုအကြောင်းကို အကျယ်တဝံ့ ရှင်းမပြတော့ဘဲ လိုရင်းသာ ပြန်ဖြေလိုက်၏။ ထိုအကြိမ်သည် သူက အစားရှောင်မယ်တော်ကို ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး သူမ သေဆုံးသွားသည်ကိုလည်း မျက်မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူတို့ ပထမဆုံးတွေ့သည့်အကြိမ်မှာပင် သူမက သေသွားခဲ့ပါသည်ဟု ပြောလိုက်လျှင် အလွန်ပင် ရိုင်းစိုင်းရာရောက်ပေလိမ့်မည်။

အစားရှောင်မယ်တော်သည် ကျိယွမ်ရှိရာသို့ ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးမှာ အလွန်ပင်တောက်ပလွန်းလှ၏။

"အော်... အဲ့ဒါကြောင့်ကိုး။"

သူမ၏စိတ်ထဲရှိ သံသယတစ်ခုမှာ ပြေလည်သွားပုံရ၏ သို့မဟုတ် အရာအားလုံးကို အတည်ပြုနိုင်သွားပုံမျိုးလည်း ဖြစ်နိုင်သည်။

"မင်းက မပြုံးတတ်တဲ့သူလို့ အားလုံးကပြောနေကြတာ"

ကျိယွမ်က သူမ၏အပြုံးကိုမြင်သောအခါ ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်၏။

ယခင်အခေါက် ဆုံတွေ့ခဲ့ပြီးနောက် ကျိယွမ်သည် အစားရှောင်မယ်တော်၏ နောက်လိုက်အချို့နှင့် တွေ့ဆုံခဲ့ပြီး သူမအကြောင်းကို ပိုမိုသိခဲ့ရသည်။ သူတို့၏အပြောအရဆိုလျှင် အစားရှောင်မယ်တော်သည် ဖန်ထုန်နယ်မြေတွင် တိုက်ပွဲစွမ်းရည် အကောင်းဆုံးနှင့် အင်အားအကြီးဆုံးသူ ဖြစ်ရုံသာမက ပြုံးခဲလှသူဖြစ်ပြီး ကတိတည်သူတစ်ဦးလည်း ဖြစ်သည်။

"ဘယ်သူကများ မပြုံးတတ်ဘဲ မွေးလာလို့လဲ"

အစားရှောင်မယ်တော်က ပြန်ပြော၏။

"တွေ့သမျှလူတိုင်းကို ကျွန်မက ပြုံးပြနေဖို့မှ မလိုတာ။"

ယခုအချိန်တွင် သူမသည် ပန်းရောင်လည်ဝိုင်းအင်္ကျီတိုကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် ပန်းပွင့်ပုံများထိုးထားသော တောက်ပသည့် အနီရောင်စကတ်ကို ဝတ်ဆင်ထားခဲ့သည်။ သူမ၏ ရှည်လျားသော အနက်ရောင်ဆံကေသာများမှာ ရေတံခွန်တစ်ခုအလား ခါးအထိ ဝဲကျနေပြီး တောက်ပစွာပြုံးလိုက်သောအခါ သူမ၏အလှသည် မှောင်မိုက်သော ညဦးယံကိုပင် လင်းထိန်သွားစေသကဲ့သို့ ရှိသည်။

'သမိုင်းမှတ်တမ်းတွေက အမြဲတမ်း လွဲနေတတ်တာပဲ'

ကျိယွမ်မှာ ယခုအခေါက်တွင်လည်း ထိုသို့တွေးလိုက်မိပြန်သည်။

မှတ်တမ်းများတွင် အစားရှောင်မယ်တော်အား လောကီကိစ္စများကို စိတ်မဝင်စားဘဲ တည်ကြည်အေးစက်သူအဖြစ် ဖော်ပြထားကြ၏။ ထိုအရာများမှာ နောင်လာနောက်သားများ၏ ချဲ့ကားပြောဆိုမှုများသာ ဖြစ်ဟန်တူသည်။

မိမိရှေ့ရှိ အစားရှောင်မယ်တော်ကို ကြည့်ရင်းမှ သူမသည် တစ်ခုခုကိုဖုံးကွယ်ထားသကဲ့သို့လည်းကောင်း၊ လျှို့ဝှက်ချက်တစ်ခုခု ရှိနေသကဲ့သို့လည်းကောင်း ကျိယွမ် ခံစားလိုက်ရသည်။

"လူတိုင်းမှာ စပ်စုတတ်တဲ့ ဝါသနာရှိတာပဲ။ ငါက မင်းကို လိမ်နေတာလို့မစိုးရိမ်ဘူးလား။ အနာဂတ်မှာ မင်းနဲ့ ဆုံခဲ့တယ်လို့ ပြောတာက ပုံမှန်လူတစ်ယောက် ယုံဖို့ခက်တဲ့ကိစ္စလေ"

ကျိယွမ်က အကဲစမ်းသလို ဆက်ပြောလိုက်၏။

ထို့အပြင် အနာဂတ်တွင် ဆုံတွေ့ခဲ့စဥ်က အစားရှောင်မယ်တော်သည် သူ့ကို မှတ်မိသည့် အရိပ်အယောင်မျှပင် မပြခဲ့ပေ။ ထိုအချက်က ကျိယွမ်ကို စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။

ဟုန်ထန်စစ်ပွဲတွင် သူတွေ့ခဲ့သော အစားရှောင်မယ်တော်နှင့် ယခုသူ၏ရှေ့တွင် ရှိနေသူမှာ တစ်ယောက်တည်း မဟုတ်လေသလား။သို့မဟုတ် သူမ၏မှတ်ဉာဏ်များ ဆုံးရှုံးသွားခဲ့လေသလားဟု တွေးနေမိသည်။

"ယုံကြည်ရင် အရှိ၊ မယုံကြည်ရင် အရှိမဟုတ်ဘူးတဲ့ ၊ ကျွန်မ ရှင့်ကို ယုံတယ် မယုံဘူးဆိုတာက အရေးမကြီးလှပါဘူး"

အစားရှောင်မယ်တော်က တောင်ကျစမ်းရေသံကဲ့သို့ အေးဆေးစွာ ပြန်ပြောလိုက်၏။

"မင်းရဲ့ အတွေးအခေါ်က ငါ့အတွက်တော့ လုံးဝအမြင့်ကြီးပဲ။ ငါကတော့ စပ်စုတတ်တဲ့ သာမန်လူတစ်ယောက်ပါပဲ"

ကျိယွမ်က ထိုအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့် စကားဖြတ်လိုက်သည်။

မည်သို့ဆိုစေကာမူ သူနှင့်အစားရှောင်မယ်တော်မှာ ရိုးရိုးသိကျွမ်းသူများသာ ဖြစ်ကြ၏။ သူမသည် သမိုင်းစာမျက်နှာများထဲတွင် ပျောက်ကွယ်သွားရန် ကံပါလာသူဖြစ်ပြီး သူသည် သမိုင်းကို မပြောင်းလဲနိုင်သကဲ့သို့ ပြောင်းလဲနိုင်သော စွမ်းအားမျိုးလည်း မရှိပါ။

ထိုအခိုက် ကျိယွမ်သည် တစ်ခုခုကို သတိရသွားပြီး သူမအားမြေလိုက်သည်။

"အခု ဖန်ထုန်နယ်မြေမှာ မိစ္ဆာနတ်ဘုရားတွေ ပေါ်လာပြီလား"

အစားရှောင်မယ်တော်၏ အကြည့်များမှာ ချက်ချင်း အေးစက်သွား၏။ သူတို့သည် တူညီသော အချိန်နှင့် နေရာတွင် ရှိမနေသော်လည်း အေးစက်လှသော အအေးဓာတ်ကို ကျိယွမ် ခံစားလိုက်ရသည်။

"ပေါ်လာပြီ။"

"သူတို့က ဖန်ထုန်နယ်မြေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ သူတို့ထဲမှာ နေနတ်ဘုရား တစ်ပါး ဒါမှမဟုတ် နှစ်ပါးအထိ ပါတယ်"

ကျိယွမ်က အနာဂတ်မှ အချက်အလက်များကို ပြောပြလိုက်သည်။သူကစေတနာပါလွန်းသည်မဟုတ်​သော်လည်း အပန်းမကြီးသောကိစ္စတစ်ခုဖြစ်နေသောကြောင့် ပြောလ်ုက်မိခြင်းပင်။ဝန်ခံရလျှင် ဖန်ထုန်နယ်မြေအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကံကြမ္မာကို အနည်းငယ် ပြောင်းလဲနိုင်ရန်လည်း အနည်းငယ်တော့ ရည်ရွယ်မိလေ၏။

သို့သော်လည်း မည်မျှကြိုတင်ပြင်ဆင်ထားပါစေဦး၊ ခါးသီးသော သမိုင်းကိုတော့ပြောင်းလဲနိုင်မည်မဟုတ်မှန်းလည်း သိနေသည်။

စွမ်းအားကွာဟချက်သည် ကြိုတင်ပြင်ဆင်ရုံမျှနှင့် ကျော်လွှားနိုင်သော အရာမဟုတ်ပါပေ။

"သိပြီ"

အစားရှောင်မယ်တော်က အရေးမပါသော ပိုးမွှားများအကြောင်း ကြားလိုက်ရသကဲ့သို့ တည်ငြိမ်စွာတုန့်ပြန်၏။

သူမ၏တုန့်ပြန်မှုကြောင့် ကျိယွမ်က ဇဝေဇဝါဖြစ်သွားပြီး မေးမိသည်။

"ငါ လိမ်နေတယ်လို့ မင်းမထင်ဘူးလား"

အကယ်၍ အစားရှောင်မယ်တော်က သူလိမ်နေသည်ဟု ထင်လျှင် သူမ၏ ယခုတုံ့ပြန်မှုမှာ ယုတ္တိရှိပါသည်။ တုန့်ပြန်ပုံအရ သူမက သူ့ကို လူလိမ်တစ်ယောက်ဟုသာ ထင်မြင်နေခြင်းမျိုးဖြစ်နိုင်သည်။

"အဲဒါဆိုပြောပါဦး ..ရှင်ပြောတဲ့အထဲမှာ အမှန်က ဘယ်လောက်၊ အလိမ်က ဘယ်လောက်လဲ"

အစားရှောင်မယ်တော်က ကျိယွမ်၏ စိတ်ဝိညာဥ်ကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားသကဲ့သို့ သူ၏မျက်လုံးများကို စိုက်ကြည့်ရင်း မေးလိုက်၏။

"ထင်သားပဲ မင်းက တကယ်မယုံဘူးကိုး"

ကျိယွမ်က ပခုံးတွန့်ကာ ဆက်လက်ရှင်းမပြတော့ပေ။ သူနှင့် သူမမှာ ဖြတ်သွားဖြတ်လာသိကျွမ်းသူမျှသာ ဖြစ်သဖြင့် သူ့ကိုယ် ယုံကြည်အောင် လုပ်နေဖို့ မလိုဟု ယူဆလိုက်သည်။

ကျိယွမ်သည် ထိုအကြောင်းအရာများကို ဘေးဖယ်ထားကာ လိုရင်းသို့ တိုက်ရိုက်သွားတော့သည်။

"စောစောက ကောင်းကင်တိုင်ကြီးကျိုးသွားနိုင်တယ်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါ ဘာကို ဆိုလိုတာလဲ"

စိတ်​ကူးဖြင့်ပုံဖော်ခြင်းက အဘယ့်ကြောင့် ကောင်းကင်တိုင်လုံးကြီးကို ကျိုးစေနိုင်သနည်း။

ကောင်းကင်တိုင်လုံးကြီးကို နေနတ်ဘုရားက ချိုးဖျက်ရမှာ မဟုတ်ဘူးလားဟု သူတွေးမိ၏။

"ပုံရိပ်ဖော်တောင်ဆိုတာ ကောင်းကင်တိုင်လုံးကြီးရဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ အဲ့ဒီနှစ်ခုက နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတယ်။ ကောင်းကင်တိုင်လုံးက အခု တည်ငြိမ်မှုမရှိဘူး။ အဲ့ဒီအခြေအနေမှာ ရှင်က အတင်းအဓမ္မ ထပ်ပြီး စိတ်ကူးပုံဖော်မယ်ဆိုရင် အဲ့ဒီဝန်ပိမှုအောက်မှာ ကောင်းကင်တိုင် လုံးကြီးက တကယ်ပဲကျိုးသွားနိုင်တယ်"

အစားရှောင်မယ်တော်က စိတ်ပါလက်ပါရှင်းပြနေသည်။

ကျိယွမ် မျက်မှောင်ကြုတ်လိုက်၏။

"အဲ့ဒါ ဖြစ်နိုင်လို့လား။"

ထိုကဲ့သို့သောအကြောင်းမျိုး သူတစ်ခါမျှ မကြားဖူးပေ။ သူသည် မြင့်မားလှသော ကောင်းကင်တိုင်လုံးကို မော့ကြည့်ကာ စိတ်ပျက်သလိုရေရွတ်မိသည်။

"ဒီတိုင်က ဒီလောက်တောင် ကြွပ်ဆတ်တာလား။ လေ့ကျူကို စိတ်ကူးပုံဖော်တာနဲ့တင် မခံနိုင်တော့ဘူးပေါ့ "

အကယ်၍ သူက မနားဘဲ ဆက်လက်စိတ်ကူးပုံဖော်ပြီး ကောင်းကင်တိုင်ကြီးကို ကျိုးသွားအောင် လုပ်လိုက်လျှင် ဘာဖြစ်လာမည်နည်း။

ထိုအတွေးက ကျိယွမ်ကို စိတ်ဝင်စားသွားစေသည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် သူသည် သမိုင်းကို ပြောင်းလဲလိုက်ခြင်း ဖြစ်မည် မဟုတ်ပါလား။ ထိုသို့ဖြစ်သွားလျှင်ကောင်းကင်တိုင်လုံးကြီးသည် နေနတ်ဘုရား၏ လက်ချက်ဖြင့် ကျိုးပျက်ခြင်း မဖြစ်နိုင်တော့ပေ။

"တကယ်လို့ ကောင်းကင်တိုင်လုံးကျိုးသွားခဲ့ရင် လက်ရှိဖန်ထုန်နယ်မြေဟာ အဆုံးမရှိတဲ့ ကပ်ဘေးတွေထဲကို အမြဲကျရောက်သွားလိမ့်မယ်"

အစားရှောင်မယ်တော်က ကျိယွမ်၏ အတွေးများကို သိနေသကဲ့သို့ ကောင်းကင်တိုင်ကြီး ပြိုလဲခြင်း၏ နောက်ဆက်တွဲအန္တရာယ်များကို ရှင်းပြသည်။

"ဒါဆို ကောင်းကင်တိုင်လုံးကြီးကို ဘယ်လို ပြန်ပြင်ရမလဲ"

ကျိယွမ်သည် အစားရှောင်မယ်တော်ကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။ သူက အခြားသူများကိုလည်း စိတ်ကူးပုံဖော်ရန်လိုအပ်နေသေးသဖြင့် ကောင်းကင်တိုင်လုံးကြီးကို အမှန်တကယ် မကျိုးစေလိုပေ။

"အဲ့ဒါက ရိုးရှင်းပါတယ်

အစားရှောင်မယ်တော်က အေးစက်စွာပြန်ဖြေ၏။

"အစာစားဖို့ပဲ လိုတယ်။"

"ဟမ်"

ကျိယွမ် ကြောင်သွားသည်။ ဘာကို အစာစားဖို့လိုတာလဲ။

"ကျွန်မ မဟာအုပ်စိုးရှင်အဆင့်ကို ရောက်တဲ့အချိန်မှာ ကောင်းကင်တိုင်နဲ့ တစ်သားတည်း ဖြစ်သွားခဲ့တယ်။ အခုဆို ကျွန်မတို့က ခွဲခြားလို့မရတော့ဘူး။ ကျွန်မက ကောင်းကင်တိုင်ဖြစ်သလို၊ ကောင်းကင်တိုင်ကလည်း ကျွန်မပဲ"

"အဲဒီလိုလား"

ထိုအချက်က ကျိယွမ်ကို အံ့အားသင့်သွားစေသကဲ့သို့ အပြစ်မကင်းသလိုလည်း ခံစားလိုက်ရသည်။သူက သူမ၏နွဲ့နှောင်းသောခန္ဓာကိုယ်အားကြည့်ကာ ဝန်ခံ၏။

"ဒါဆို ငါက မင်းရဲ့ အရိုးတစ်ချောင်းကို ချိုးလိုက်သလို ဖြစ်သွားတာပေါ့။"

သူ၏ စိတ်ကူးပုံဖော်မှုကြောင့် ပုံရိပ်ဖော်တောင်တွင် အက်ကြောင်းထင်သွားခဲ့သည်။ ထိုအကျိုးသက်ရောက်မှုသည် အစားရှောင်မယ်တော်ထံသို့ ရောက်ရှိသွားမည် ဖြစ်၏။ သေချာပေါက် သူမ ဒဏ်ရာရသွားပေလိမ့်မည်။

အစားရှောင်မယ်တော်က ကျိယွမ်ကို မကြည်သလို စောင်းကြည့်လိုက်သည်။

"ကောင်းကင်တိုင်ကို ပြုပြင်ရတာ မခက်ပါဘူး။ ကျွန်မ တစ်ခုခု စားလိုက်ရုံနဲ့ အားလုံး ပြန်ပြီး တည်ငြိမ်သွားမှာပါ။"

"အဲ့ဒီလောက် ရိုးရှင်းတာလား"

ကျိယွမ်မှာ နှစ်ခါတိတိကြားရသော်လည်း ယုံရခက်နေသည်။ သို့သော် သူမက အစာစားရုံနှင့် ကောင်းကင်တိုင်လုံးကြီးပြန်ကောင်းလာမည်ဆိုခြင်းကတော့ သတင်းကောင်းပင်။

"ဒါဆို ငါ မင်းကို ထမင်းတစ်နပ် ကျွေးပါရစေ။"

သူသည် အတိတ်ကာလရှိ အစားရှောင်မယ်တော်ကို ထမင်းကျွေး၍ မရနိုင်သော်လည်း ချင်းရွှေကျေးရွာသို့ ပြန်ရောက်သောအခါ ပွဲတော်ကြီးတစ်ခုတည်ပြီး သူမ၏ဝိညာဥ်အတွက် ဖိတ်ကြားကာ အစားအစာများ ဆက်သနိုင်သည်မဟုတ်ပါလား။

သို့သော် ထိုသို့လုပ်မည်ဟုတော့ အပြင်သို့ထုတ်မပြောရဲပေ။ ထိုစကားက သက်ရှိထင်ရှားရှိနေသော သူမအတွက် အလွန်ပင် မင်္ဂလာမရှိရာ ရောက်မည်ဖြစ်ပြီး အခန့်မသင့်လျှင် အရိုက်ပင်ခံရနိုင်သောကြောင့် ဖြစ်သည်။

အစားရှောင်မယ်တော်သည် တစ်ခုခုကို ပြန်သတိရသကဲ့သို့ ကျိယွမ်ကို ကြည့်လိုက်၏။

"ကျွန်မ ဘာမှမစားခဲ့တာ တော်တော်ကြာပြီ။"

ကျိယွမ် ယုံပါသည် ။ အစားရှောင်မယ်တော်မှာ အမှန်တကယ်ပင် အစာမစားသူ ဖြစ်၏။ သူမ၏အတွေးအခေါ်မှာ လူသားများသည် သန့်စင်ပြီး ပြည့်စုံစွာ မွေးဖွားလာကြခြင်း ဖြစ်သဖြင့် တစ်ခုခုကို စားသောက်ခြင်းက ထိုသန့်စင်မှုကို ညစ်နွမ်းစေသည်၊ အရာအားလုံးသည် အဆိပ်အတောက်သာ ဖြစ်သည်ဟူ၍ ဆိုထားသည်မဟုတ်ပါလား။

"ဒါဆိုရင်လည်း တစ်ခုခု စားလိုက်ပါလား"

ကျိယွမ်က သွေးတိုးစမ်းကာ သူမကို အားပေးလိုက်၏။ အစာစားမှသာ သူမသည် ကောင်းကင်တိုင်လုံးကို ပြုပြင်နိုင်ပေလိမ့်မည်။

အစားရှောင်မယ်တော်ကတော့ သူ၏တိုက်တွန်းမှုကို မတုံ့ပြန်ခဲ့ပါ။

ကျိယွမ် အနည်းငယ်စိတ်ပူလာသည်။

"မင်းမှာ အစာမစားချင်တဲ့ရောဂါများ ရှိနေတာလား။"

ယခုအခါမှတော့ သူမက ခေါင်းညိတ်ပြ၏။

"အင်း...အဲ့ဒီလိုမျိုးပါပဲ။"

"မဟုတ်သေးပါဘူး ၊ မင်းက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား ။ ဘယ်လိုလုပ်ပြီး အစာမစားချင်တဲ့ရောဂါ ဖြစ်နိုင်မှာလဲ။ အဆိုးဆုံးဖြစ်လာရင် ဗိုက်ကိုခွဲပြီး အစာတွေကို အတင်းထိုးထည့်လိုက်ရုံပဲလေ"

ကျိယွမ်က ဖြေရှင်းနည်းတစ်ခုကို ကြံဆလိုက်သည်။

အနီရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ကျိယွမ်ကို အေးစက်စွာ ကြည့်လိုက်၏။ သူမ၏ လှပသောလက်လေးတစ်ဖက်က ပန်းရောင်အင်္ကျီစကို အနည်းငယ် မတင်လိုက်ရာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် သွယ်လျလှပသော ခါးလေး ပေါ်လာခဲ့သည်။

သူမက ကျိယွမ်ကို စိုက်ကြည့်ရင်း မကျေမနပ်​မေးလိုက်၏။

"ရှင်က ကျွန်မကို ဗိုက်ခွဲချင်နေတာလား"

"နောက်နေတာပါ"

"တကယ်မထင်ပါနဲ့ ဟဲဟဲ "

ကျိယွမ်က မလုံမလဲ ရယ်မောလိုက်သည်။ သူက ထိုမျှအထိတော့ မရူးသွပ်သေးပါ။

"တစ်ခုခုလေးများ မစားချင်ဘူးလား"

ကျိယွမ်က ထပ်မေးလိုက်၏။

"မိုင်တစ်ထောင်လောက် ဝေးတဲ့နေရာက လျိုမိသားစုဝင် တစ်ယောက် ဒီနေ့ ဆုံးသွားတယ်။ အဲ့ဒီက နာရေးထမင်းဝိုင်းကို သွားချင်လား"

သူသည် စိတ်ကူးဖြင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း မိုင်တစ်ထောင်အကွာတွင် တစ်စုံတစ်ယောက် သေဆုံးနေမည်မှာ သေချာပါသည်။ ဤလောကတွင် စက္ကန့်တိုင်း လူများသေနေကြသည် မဟုတ်ပါလား။

ထမင်းဝိုင်းအကြောင်း ကြားလိုက်ရသောအခါ အစားရှောင်မယ်တော်၏ မျက်နှာပေါ်ရှိ အေးစက်မှုများမှာ အရည်ပျော်သွားသည်။

"ရှင် ကျွန်မကို ချက်ကျွေး။"

ကျိယွမ်မျက်လုံးပြူးသွားလေသည်။

"ဒါကတော့ ငါ့ကို ခက်အောင်လုပ်တာပဲ"

သူ သက်ပြင်းချလိုက်၏။အဘယ့်ကြောင့် မိန်းမများသည် တစ်ခါတလေ၌ ထိုသို့အရူးထတတ်ကြလေသနည်း။

အတိတ်ကာလမှသူမအား အနာဂတ်မှသူကမည်ကဲ့သို့ ထမင်းချက်ကျွေးနိုင်မည်နည်း။

"ငါ ချက်တတ်တာ နှစ်မျိုးပဲရှိတယ်။ ရေအေးနဲ့ ကြော်ထားတဲ့ ရေခဲရယ်၊ ပြုတ်ထားတဲ့ ရေခဲတုံးရယ်ပဲ။"

သူကဘာမှမချက်တတ်ပေ။ ချက်တက်လျှင်တောင် အတိတ်ကာလတွင် ရှိနေခြင်းဖြစ်သဖြင့် သူသည် ဘာကိုမျှ ထိတွေ့၍မရဘဲ မည်သို့ ချက်ပြုတ်နိုင်ပါမည်နည်း။

"ဒါပေမဲ့ ငါ လမ်းညွှန်ပေးနိုင်ပါတယ်"

ကျိယွမ်က ဇွဲတော့မလျှော့ပါ ။ အဖြစ်နိုင်ဆုံးန်ည်းလမ်းကို ကမ်းလှမ်းလိုက်၏။ သူသည် အမိန့်ပေး လမ်းညွှန်ရာတွင် အလွန်တော်သူမဟုတ်ပါလား။

အစားရှောင်မယ်တော်က ထူးဆန်းစွာဖြင့်အစာစားပါမည်ဟု သဘောတူလိုက်ပြီဖြစ်ရာ သူက ကြိုးစားပြီးကူညီချင်နေသည်။

"မင်းက ငါးစပ်ကြော် ကြိုက်လား၊ ငါးပေါင်း ကြိုက်လား"

သူက ထပ်မေးလိုက်၏။

အစားရှောင်မယ်တော် ခေတ္တမျှ တွေဝေသွားပြီးမှ

"ကျွန်မ အစပ်ကြိုက်တယ်"

"ဒါဆို ငါးစပ်ကြော်ပေါ့"

ကျိယွမ်က စိတ်လှုပ်ရှားစွာသတ်မှတ်လိုက်၏။

နောက်ဆုံးတွင်တော့ တစ်လောကလုံးက အစားမစားပါဟု ယုံကြည်နေသော အစားရှောင်မယ်တော်ကို အစာစားရန် သူ နားချနိုင်ခဲ့လေပြီ။

ငါကွ...။

သို့သော် သူက တစ်ခုခုကို သတိရသွားပြီး စိတ်ပူသွားပြန်သည်။

"ကောင်းကင်တိုင်လုံးကို အပြည့်အဝ ပြုပြင်ဖို့အတွက် မင်း ဘယ်လောက်အထိ စားဖို့ လိုမလဲ"

"ဖြစ်နိုင်ရင်... ရှင် ဒီကနေ မထွက်သွားခင်အထိပေါ့"

အစားရှောင်မယ်တော်က သူ့အားလှည့်မကြည့်သလို တိုက်ရိုက်အဖြေလည်းမပေးဘဲ ဆိုလိုက်သည်။

"ငါထွက်သွားမယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ"

ကျိယွမ်က သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်းမှ တစ်ခုခုကို သိနိုင်ရန် ကြိုးစားလိုက်၏။

"ဘာလဲ ၊ ရှင်က ဒီမှာပဲ နေဖို့ စဥ်းစားနေတာလား"

အစားရှောင်မယ်တော်က ပြုံးစစမျက်ဝန်းများနှင့် သူ့အားမေးလိုက်သည်။

"မဟုတ်ပါဘူး။"

ပျောက်ဆုံးနေသောအလင်းချောင်းတွင် အချိန်ကန့်သတ်ချက် ရှိသည်။ အလွန်ဆုံးမှ သူသည် အတိတ်တွင် လေးရက်သာ နေနိုင်မည်ဖြစ်၏။

သူ၏ရှေ့မှ အနီရောင်ဝတ်စုံနှင့်အမျိုးသမီး၏ မျက်ဝန်းများထဲမှ တောက်ပသော အပြုံးကိုကြည့်နေရင်းမှ ကျိယွမ် သံသယဝင်လာခဲ့သည်။

"ငါတို့ အရင်ကများ ဆုံဖူးကြသလား"

ပျောက်ဆုံးနေသောအလင်းချောင်းကို အသုံးပြုခွင့်က နောက်ဆုံးတစ်ကြိမ်သာ ကျန်တော့၏။ ထိုနောက်ဆုံးတစ်ကြိမ်ကို သူသုံးလိုက်စဥ်ကများ သူမနှင့် ဆုံခဲ့ဖူးလေသလားဟု သူတွေးနေမိသည်။

"မဆုံဖူးပါဘူး"

အစားရှောင်မယ်တော် ခေါင်းခါပြသည်။

"ငါးစပ်ကြော် လုပ်နည်းကို ရှင်ဘယ်တော့ သင်ပေးမှာလဲ။"

"အခုပေါ့..အခုချက်ချင်းပဲ"

ကျိယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်၏။

"ဒါပေမဲ့ ငါ မပြန်ခင်တစ်ရက်အလိုမှာတော့ ပုံရိပ်ဖော်ဖို့ ပုံရိပ်ဖော်နယ်ပယ်ထဲကို ဝင်မှရမယ်"

"ဝင်ပေါ့"

အစားရှောင်မယ်တော်က ကိစ္စမရှိသလို ခေါင်းညိတ်သည်။

"မင်းမှာ ဒန်အိုးတွေ၊ ဒယ်အိုးတွေရှိလား။ ဟင်းခတ်အမွှေးအကြိုင်တွေကော"

ကျိယွမ်က အစားရှောင်မယ်တော်၏ ဝါးတဲလေးကို ကြည့်လိုက်၏။ တဲလေးမှာ ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။

"မရှိဘူး"

သူမက ခေါင်းခါပြသည်။

"အဲ့ဒါတွေကို ဖန်တီးလိုက်လို့ မရဘူးလား"

ကျိယွမ်က အကြံပြုလိုက်သည်။ အစွမ်းထက်ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုပစ္စည်းများကိုဖြစ်စေ၊ ငါးစပ်ကြော် တစ်ပွဲလုံးကိုဖြစ်စေ လွယ်ကူစွာ ဖန်တီးနိုင်ပါသည်။

အစားရှောင်မယ်တော်သည် ကျိယွမ်၏ စကားကို မကြားသည့်အလား ဂရုမပြုဘဲ ခြံဝင်းအပြင်သို့ လှမ်းထွက်လိုက်သည်။

"တောင်အောက်မှာ သွားဝယ်ကြမယ်။"

သူဘာတတ်နိုင်တော့မည်နည်း ။ သူမနောက်မှ လိုက်သွားရုံသာ ရှိတော့သည် မဟုတ်ပါလား ။

"အများကြီး ဝယ်နော်။ ခင်ဗျားရဲ့ ခွန်အားနဲ့ ယောက်မတွေ ကျိုးသွားမှာ စိုးလို့"

ကျိယွမ်က သူမနောက်မှ ကပ်လိုက်ရင်း သတိပေးလိုက်သည်။

ကန်နံဘေးတစ်လျှောက်သူတို့ဖြတ်သန်းသွားသောအခါ ကြည်လင်နေသော ရေကန်ထဲတွင် ငါးများ ကူးခတ်နေကြသည်ကို တွေ့ရသည်။ အစားရှောင်မယ်တော်က စိတ်မရှည်တတ်ပုံဖြင့် ရေမျက်နှာပြင်ပေါ်တွင် လမ်းလျှောက်ကာ ကန်ကိုဖြတ်ကျော်လေသည်။

"ကန်ထဲမှာ ငါးတွေအများကြီးပဲ။ ငါးဟင်း အမျိုးတစ်ရာလောက်နဲ့ ပွဲတော်တည်လို့ ရတယ်"

ကောင်းကင်တိုင်လုံး၏ အပြင်ဘက်တွင်မူ...

မကြာသေးခင်က ထွက်ခွာသွားသော ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးလင်ကျုန်းသည် ထိုနေရာသို့ ပြန်ရောက်လာပြန်သည်။

သူ၏ ခေါင်းမပါသော ကိုယ်ခန္ဓာကြီးမှာ မှောင်မိုက်သောညတွင် မြင်ရသူများအဖို့ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေ၏။

သူ၏ရှေ့တွင် တိမ်တိုက်များထဲအထိ ထိုးထွက်နေသော မြင့်မားသည့် တောင်ကြီး ရှိနေသည်။

လင်ကျုန်းက တိုင်လုံးကြီးကိုမော့ကြည့်ကာလေးလံသော လေသံဖြင့်ရေရွတ်၏။

"ကောင်းကင်တိုင်လုံးက မတည်မငြိမ် ဖြစ်နေတယ်။ အစားရှောင်မယ်တော်... ဒဏ်ရာများရသွားတာလား"

လင်ကျုန်း၏ ဘေးတွင် ရပ်နေသော ဖန်ရှင်းအကြီးအကဲကလည်း စိုးရိမ်သော မျက်နှာထားနှင့် ရှိနေသည်။

"အခုလို မိစ္ဆာနတ်ဘုရားတွေ ကျူးကျော်လာတဲ့အချိန်မှာ ကောင်းကင်တိုင်လုံးက အရေးကြီးတယ်။ ဒါကို အပျက်စီး ခံလို့မဖြစ်ဘူး။"

သူတို့နောက်တွင် စစ်မှန်နတ်ဘုရားအချို့လည်း ရှိနေကြပြီး ကောင်းကင်တိုင်လုံးကြီးကို စိတ်လှုပ်ရှားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုနတ်ဘုရားလူငယ်လေးများသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော အစားရှောင်မယ်တော်နှင့် တွေ့ရတော့မည်ဖြစ်သဖြင့် ရင်ခုန်နေကြ၏။

"အစားရှောင်မယ်တော်က အေးစက်ပြီး ဘယ်တော့မှ မပြုံးဘူးဆိုတာ တကယ်လား"

လူငယ်နတ်ဘုရားတစ်ပါးက အခြားသူများကို တိုးတိုးမေးလိုက်သည်။

"'အစားရှောင်ဆိုတဲ့ နာမည်အတိုင်းပဲ မယ်တော့်ရဲ့ လမ်းစဥ်က နားလည်ရ ခက်မှာသေချာတယ်"

အခြားတစ်ပါးကလည်း သူကြားဖူးထားသည့်အတိုင်း ပြန်ပြော၏။

"နားလည်ရ ခက်ရုံတင်မကဘူး၊ ထူးဆန်းလွန်းတာ။ ငါ ကြားဖူးတာကတော့ အစားရှောင်မယ်တော် ငယ်ငယ်တုန်းက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးက သူမရဲ့ ပါရမီကို သဘောကျလို့ နတ်ဘုရားနယ်ပယ်ဖွင့်ဆေးရည်ကို ပေးခဲ့ဖူးသတဲ့။ အဲ့ဒါကိုတောင် သူမက ဘာမှမစားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာ။"

မဟာအုပ်စ်ိုးရှင်တစ်ဦးက ထိုသို့ပြောလိုက်သောအခါ သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့သည်။

ထိုဆေးရည်မှာ အလွန်တန်ဖိုးကြီးလှသော ရတနာဖြစ်သော်လည်း မယ်တော်က ဘာမှမစားသောက်ချင်းဟုဆိုကာ ငြင်းပယ်ခဲ့ခြင်းမှာ သာမန်လူများအတွက် ယုံရခက်နေကြသည်။

သူတို့၏ဆွေးနွေးမှုများကို ကြားသောအခါဖန်ရှင်းအကြီးအကဲ၏ မျက်နှာတွင် အတိတ်ကို ပြန်သတိရဟန် ပေါ်လာ၏။

"မင်းတို့ပြောနေတဲ့ အဲ့ဒီ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဆိုတာ ငါပဲ။"

ယနေ့တိုင်အောင် သူသည် အစားရှောင်မယ်တော်က အဘယ့်ကြောင့် ငြင်းပယ်ခဲ့သည်ကို နားမလည်နိုင်သေးပေ။ ထိုဆေးရည်မှာ အလွန်သန့်စင်သော အရာဖြစ်သဖြင့် သူမ၏ လမ်းစဥ်ကို ထိခိုက်စေမည် မဟုတ်သော်လည်း သူမက ငြင်းပယ်ခဲ့လေသည်။

ခေါင်းပြတ်ကြီးလင်ကျုံးကလည်း သူသိထားသည်ကို ဝေမျှ၏။

"ငါ သူ့ကို သိလာတာ နှစ်ပေါင်းတစ်ထောင်ရှိပြီ။ သူက ဘယ်အစာကိုမှ မစားဘူး။ တကယ်တော့ သူက အစားအစာကို ရွံရှာနေသလိုတောင် ခံစားရတယ်။ မှတ်ထားကြ၊ အစားရှောင်မယ်တော်ရဲ့ ရှေ့မှာ အစားအသောက် အကြောင်းကို လုံးဝ မပြောကြနဲ့။ မဟုတ်ရင်... အကျိုးဆက်ကို မင်းတို့ ခံစားရလိမ့်မယ်"

"အဲဒီအချိန်ဆို ငါတို့တောင်ကယ်လို့မရတော့ဘူး ၊ နားလည်လား "

သူ၏နောက်မှ နတ်ဘုရားလူငယ်များမှာ အလွန်ထိတ်လန့်သွားကြပြီး သူတို့၏ သိုလှောင်အိတ်များထဲမှ ဆေးလုံးများနှင့် ဝိုင်ပုလင်းများကို အပြေးအလွှား ဖုံးကွယ်လိုက်ကြသည်။

အစွမ်းထက်လှသော ထိုပုဂ္ဂိုလ်မျိူးကို မတော်တဆ စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို မလိုလားကြပါ။

"ဒါနဲ့ ဒီနေ့ အစားရှောင်မယ်တော်က ကောင်းကင်တိုင်ကနေ ဘာလို့ ထွက်သွားတာလဲ။ ထူးဆန်းလိုက်တာ၊ သူက ကောင်းကင်တိုင်နဲ့ တစ်သားတည်း ဖြစ်သွားပြီးကတည်းက နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ ၊ တစ်ခါမှ မထွက်သွားဖူးဘူး"

ဖန်ရှင်းအကြီးအကဲက ဗလာဖြစ်နေသော တိုင်ထိပ်ကိုကြည့်ကာ ဇဝေဇဝါ ဖြစ်လျက် ရှိသည်။

ကောင်းကင်တိုင်လုံးကြီးမှာ အမြဲတမ်း ပြိုလဲလုနီးပါး ဖြစ်နေသဖြင့် အစားရှောင်မယ်တော်သည် ထိုနေရာ၌ပင် အမြဲစောင့်ကြပ်နေခဲ့သည် မဟုတ်ပါလား။

"ကြည့်ကြဦး.. ဟိုမှာ လူတစ်ယောက်"

နတ်ဘုရားတစ်ပါးက ကောင်းကင်တစ်နေရာသို့ လက်ညှိူးထိုးကာအော်ပြောလိုက်၏။

လူအုပ်ကြီးက ထိုနေရာသို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ဖြည်းညင်းစွာ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းတန်းထဲတွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးရှိနေပြီး သူမ၏ အသားအရေမှာ ဖြူဖွေးကာ အလွန်လှပလွန်းသူလေးဖြစ်သည်။

သူမ၏ မျက်နှာပေါ်တွင် ချစ်စရာပါးချိုင့်လေးများ ပေါ်သည်အထိ ပြုံးနေပြီး ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာ​သောနတ်မိမယ်လေးနှင့်ပင် တူလှ၏။

သို့သော်လည်း အမြင်မတော်သည်မှာ ထိုလှပသောအမျိုးသမီးသည် လက်ထဲတွင် အိုးကြီးသုံးလုံးနှင့် ယောက်မအချို့ကို ကိုင်ထားပြီး ခါးတွင်လည်း ဒယ်အိုးများနှင့် ဓားမတစ်လက်ကို ချိတ်ဆွဲထားခြင်းပင်။

"အဲ့ဒါ... အစားရှောင်မယ်တော်နဲ့ တူနေသလ်ုလားလို့"

နတ်ဘုရားများက မျက်လုံးကို ပွတ်ကာ မယုံနိုင်စွာ ကြည့်နေမိသည်။

ယခုပုံစံမှာ သူတို့သိထားသည်နှင့် ဒဏ္ဍာရီများနှင့်လုံးဝကို ကွာခြားနေသည်မဟုတ်ပါလား ။

အစားရှောင်မယ်တော်ဆိုသည်မှာ လောကီကိစ္စများကို စိတ်မဝင်စားသူ၊ လုံးဝမပြုံးမရယ်တတ်သူ ဖြစ်ပြီး ကြည်ညိုလေးစားဖွယ် တည်ငြိမ်အေးစက်လွန်းသူဖြစ်သည်။

ယခုသူတို့မြင်နေရသည်က အဘယ်နည်း။

ဒဏ္ဍာရီလာဂုဏ်သတင်းများကို ပိုင်ဆိုင်သောထိုနတ်သမီးသည် အိုးခွက်ပန်းကန်များကို အမြင်မတော်စွာကိုင်ထား၏။ ဓားမတစ်လက်ကို ခါးမှာချိတ်လျက်တစ်ယောက်

တည်းကြီး ပြုံးကာပျံသန်းနေသည်တဲ့။

ဖန်ရှင်းအကြီးအကဲမှာလည်း ကြောင်သွားပြီး လူမှားလေသလားဟုပင် ထင်မှတ်ကာ အတင်းပြူးပြဲကြည့်၏။

လင်ကျုံးမှာမူ ခေါင်းမရှိသဖြင့် တော်တော့သည်၊ မဟုတ်လျှင် သူ၏ မျက်နှာထားမှာလည်း အံ့အားသင့်မှုဖြင့် ပြည့်နေမှာသေချာသည်။

"အစားမဲ့... နင် ဘာလုပ်နေတာလဲ"

လင်ကျုံးက ကမန်းကတန်း အော်မေးလိုက်သည်။

သူ၏အသံကြောင့် အစားရှောင်မယ်တော်သည် လူအုပ်ကြီးကို သတိပြုမိသွားကာ ကြည့်လာ၏ သိူ့သော်လည်း သူမ၏ အပြုံးမှာ ပျောက်ကွယ်မသွားသေးပေ။ သူမသည် ဘေးရှိ သူမ၏အဖော်ကို တစ်ချက်စောင်းကြည့်လိုက်ပြီးမှ လူအုပ်ကြီးကို တည်ငြိမ်စွာ ကြည့်လိုက်၏။

"ရှင်တို့က ဘာလို့ ပြန်လာကြတာလဲ။"

ထိုအကြည့်ကတော့ သူတို့ သိထားသော အကြည့်ဖြစ်၏။ လင်ကျုံးသည် ယခုမှသက်ပြင်းချနိုင်သည်။ လူမမှားပါ .. ဤသူမှာ သူသိသော အစားရှောင်မယ်တော် အစစ်ပင်ဖြစ်၏။ စောစောက သူမြင်လိုက်ရသည်မှာ မျက်စိမှားခြင်းသာ ဖြစ်ရပေမည်။

သို့သော်လည်း သူမ၏ ခါးတွင် ချိတ်ထားသော ပစ္စည်းများကိုမူ သူ သတိမပြုဘဲ မနေနိုင်ပေ။

"ကောင်းကင်တိုင်လုံးက တုန်ခါနေလို့ ဖန်ရှင်းအကြီးအကဲနဲ့ ငါ လာစစ်ဆေးတာပါ။ မင်းရဲ့ ကိုယ်ခန္ဓာကော နေကောင်းရဲ့လား"

လင်ကျုံးက စိတ်ပူစွာမေးလိုက်၏။

"ကောင်းပါတယ်"

တစ်ဖက်သူက စေတနာနှင့်မေးသော်လည်း သူမ၏အဖြေက အေးစက်ပြတ်သားနေသည်။

သူမစိတ်မရှည်တော့မှန်း သဘောပေါက်သွားသဖြင့် ဖန်ရှင်းအကြီးအကဲက သူ၏လိုရင်းကို ​သွားလိုက်သည်။

"နောက် ခြောက်လနေရင် ဟုန်ထန်စစ်ပွဲမှာ မိစ္ဆာနတ်ဘုရားတွေကို တိုက်ထုတ်ဖို့ ငါတို့နဲ့ ပူးပေါင်းနိုင်မလား"

ကောင်းကင်တိုင်လုံးက မတည်မငြိမ် ဖြစ်နေသဖြင့် သူမ ဒဏ်ရာရနေမည်ကို ဖန်ရှင်းအကြီးအကဲ စိုးရိမ်နေရသည်။

"ပူးပေါင်းပါ့မယ်"

အစားရှောင်မယ်တော်၏အဖြေကတော့ တုံးတုံးတိတိနိုင်လှ၏။

သူမ၏ အဖြေကို ကြားလိုက်ရသည့်အခါမှသာ အကြီးအကဲဖန်ရှင်းသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ သို့သော် သူသည် အစားရှောင်မယ်တော်၏ ဖြူလျော်နေသောမျက်နှာကို သတိထားမိပြီး စိတ်ပူဟန်မေးလိုက်မိ၏။

“အစားမဲ့... နင့်ရဲ့ မျက်နှာအမူအရာက သိပ်မကောင်းလှဘူး၊ ငါ တစ်ချက်လောက် ကြည့်ပေးဖို့ လိုမလား”

--------------

All Chapters