← Chapters

အပြစ်အနာအဆာကင်းစင်သော ဖန်သားကိုယ်ထည်

Vol. 19 Ch. 220

အပြစ်အနာအဆာကင်းစင်သော ဖန်သားကိုယ်ထည်

Vol. 19 Ch. 220

အစားရှောင်မယ်တော်၏ မျက်နှာကပို၍အေးစက်သွား၏။ သူမက သေချာပေါက် စိတ်မရှည်တော့ပုံပင်။

ထိုအချိန်တွင် ကျိယွမ်သည် အစားရှောင်မယ်တော်၏ နားနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“မင်း ငါးခုနစ်ကောင်ကို တစ်ထိုင်တည်းစားနိုင်ပြီး ကျန်းမာရေးက အထူးကောင်းမွန်နေပါတယ်လို့ သူ့ကို ပြောလိုက်ပါလား”

ယခုအချိန်တွင် ကျိယွမ်၏ ပထမဦးစားပေးမှာ အစားရှောင်မယ်တော်ကို အမြန်ဆုံး အစာကျွေးရန် ဖြစ်သည်၊ သို့မှသာ သူမ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမည် ဖြစ်ပြီး ၊ သူမ နေကောင်းလာသည်နှင့် ကောင်းကင်တိုင်ကြီးမှာ နဂိုအတိုင်း ဖြစ်လာပေလိမ့်မည်။သို့မှသာ သူ၏စိတ်ကူးပုံဖော်ခြင်းလုပ်ငန်းစဉ်ကို ပြန်လည် စတင်နိုင်မည်မဟုတ်ပါလား။

“ကျွန်မ တစ်ထိုင်တည်းနဲ့ ငါးခုနစ်ကောင် စားနိုင်ပါတယ်၊ ကျန်းမာရေးကလည်း အထူးကောင်းမွန်နေတဲ့အတွက် စိုးရိမ်စရာ မလိုပါဘူး၊ အားလုံးပဲ အခု ထွက်သွားလို့ ရပါပြီ”

အစားရှောင်မယ်တော်က အနည်းငယ်တောင့်တင်းနေသောလေသံဖြင့် ပြောဆိုကာ လူအုပ်ကိုနှင်ထုတ်လေသည်။

အကြီးအကဲဖန်ရှင်းသည် သူမ၏တုန့်ပြန်မှုက အလွန်ထူးဆန်းသည်ဟုတွေးမိသော်လည်း ကျန်းမာရေးကိစ္စကို ထပိမံမပြောတော့ပါ။

အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ယနေ့တွင် အစားရှောင်မယ်တော်မှာ တစ်ခုခုတော့ အကြီးအကျယ်လွဲချော်နေသည်ဟု သူ ခံစားနေရ၏။

ငါတစ်သက်လုံးသိလာခဲ့တဲ့ မယ်တော်က ဒီနေ့ဘာဖြစ်နေတာလဲ။

“နဂါးပျံကွင်းပြင်ကတိုက်ပွဲက အလွန်အရေးကြီးတယ်၊ ပျက်ကွက်လို့ မဖြစ်ဘူးနော်၊ ဖန်ထုန်လောကရဲ့ ကံကြမ္မာက ဒါအပေါ်မှာ မူတည်နေတာ”

အကြီးအကဲဖန်ရှင်းက အရေးကြီးကိစ္စကို အထပ်ထပ်သတိပေးနေမိသည်။ သူမ၏ပုံစံကထူးဆန်းနေသဖြင့် သူကပို၍ပင် စိတ်ပူနေရသည်။

“နားလည်ပါပြီ”

အစားရှောင်မယ်တော်က တိုတိုပြတ်ပြတ်ပြန်ပြောပြီးနောက် သူမ၏ ပုံရိပ်မှာ ကောင်းကင်တိုင်ကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

အံ့အားသင့်နေသော ရှေးဟောင်းနတ်ဘုရား များမှာ နားမလည်နိုင်သော အမူအယာများနှင့် ကျန်ရစ်ခဲ့သည်။

“ဒါ တကယ်ပဲ အစားရှောင်မယ်တော် ဟုတ်ရဲ့လား”

“ထူးဆန်းလိုက်တာ၊ သူ တစ်ယောက်ယောက်နဲ့ စကားပြောနေသလိုပဲ”

“မင်းလည်း အဲဒီလို ခံစားရတာလား”

မဟာအုပ်စိုးရှင်များနှင့် နတ်ဘုရားများသည် အချင်းချင်း တီးတိုး ဆွေးနွေးကာ ပြန်လာကြလေသည်။

အကြီးအကဲဖန်ရှင်းကလည်း မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်၏။

“ငါလည်း အဲဒီလိုပဲ ခံစားရတယ်၊ ဒါပေမဲ့... ငါ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူး”

အကြီးအကဲဖန်ရှင်းမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ဖန်ထုန်လောကအတွင်း၌ သူ၏ ရှေ့မှောက်၌ ကိုယ်ယောင်ဖျောက်နိုင်သူ တစ်ဦးမျှမရှိနိုင်ပေ။

သူ၏ဘေးတွင်ရှိနေသော ခေါင်းပြတ်ကြီးလင်ကျုံးကမူ တစ်ခုခုကို တွေးမိသွားပြီးခေတ္တမျှ ရပ်တန့်သွား၏။

ဒါများ... ဖြစ်နိုင်မလား...။

သူသည် တစ်ခုခု မှားယွင်းနေသကဲ့သို့ စိတ်မသက်မသာ ဖြစ်လာမိသည်။

တစ်ဖက်မှာတော့ ကျိယွမ်နှင့် အစားရှောင်မယ်တော်တို့မှာ ဝါးအိမ်ကလေးအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

ကျိယွမ်က ကသိကအောင့်ဖြစ်နေပြီး မကျေနပ်သလို ညည်းတွားလိုက်သည်။

“အား... ငါ့ရဲ့ ဂုဏ်သိက္ခာတွေတော့ ပျက်စီးကုန်ပြီ၊ နောက်ဆုံးတော့ တစ်ရက်စာသူခိုး ဖြစ်သွားရတာပဲ၊ ငါက နတ်ဆေးလုံးတွေ၊ နတ်ဘုရားသံချပ်ကာတွေ ဒါမှမဟုတ် နတ်လက်နက်တွေလို ဂုဏ်ရှိတဲ့ပစ္စည်းတွေ ခိုးခဲ့ရင်တောင် တော်သေးတယ်၊ အခုတော့ ဘာတွေ ခိုးခဲ့တာလဲ... အိုးတွေ ခွက်တွေတဲ့ ၊ ရှက်စရာ ”

သူတို့နှစ်ယောက် အနီးအနားရှိ ရွာကလေးသို့ ရောက်ရှိချိန်တွင် ဆိုင်အားလုံးမှာ ပိတ်ထားပြီး လူသူလည်း ကင်းမဲ့နေ၏။ ထိုအခြေအနေတွင် အစားရှောင်မယ်တော်သည် သူမလိုအပ်သော အိုးခွက်ပန်းကန်များကို တိုက်ရိုက်ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အတော်ပင် ရဲတင်းလွန်းလှ၏။

“သူတို့က ငါ့ကို ကိုးကွယ်ကြတယ်၊ ငါက သူတို့ကို ကာကွယ်ပေးတယ်၊ ဒီပစ္စည်းတွေကို ပူဇော်သက္ကာတွေလို့ပဲ သဘောထားလိုက်ပေါ့”

အစားရှောင်မယ်တော်က ကျိယွမ်နှင့် အငြင်းမပွားလိုဟန်ဖြင့် ဖြေသိမ့်ပေးလိုက်လေသည်။

“ကဲပါ... ဒါတွေက အရေးမကြီးပါဘူး၊ ငါးအစပ်ဟင်းလေးကို စလုပ်ကြရအောင်”

ကျိယွမ်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ အစားရှောင်မယ်တော် ကျန်းမာရေး ကောင်းလာသည်နှင့် သူ၏ စိတ်ကူးပုံဖော်ခြင်းများကို ပြန်စနိုင်မည် မဟုတ်ပါလား။

ထို့ပြင် သူမက အစားစားလိုက်ရုံဖြင့် ကောင်းကင်တိုင်လုံးကြီးကို မည်သို့ ပြန်လည်ပြုပြင်နိုင်မည်နည်းဟူသော အချက်ကိုလည်း သူ သိချင်နေမိသည်။

ထို့အပြင် သူမသည် အဘယ်ကြောင့် အခြားသူများကဲလို့ အစာမစားခဲ့သနည်း။ ယခုအချိန်တွင် အခြေအနေမှန်ကို သူသိရတော့မည် ဖြစ်သည်။

“စလေ"

“နောက်ဆုံးတော့ ငါ မီးဖိုချောင်မှာ ဗိုလ်လုပ်ခွင့် ရပြီဟေ့”

ကျိယွမ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

မကြာမီမှာပင် ကျိယွမ်၏ ညွှန်ကြားမှုအောက်တွင် အစားရှောင်မယ်တော်သည် ငါးခုနစ်ကောင်ကို ဖမ်းမိခဲ့လေသည်။ သူမသည် ငါးများကို သန့်စင်ကာ ကလီစာများ ထုတ်ပြီး အကြေးခွံများ ခွာလိုက်၏။

ကျိယွမ်က သူမအနားတွင် ထိုင်ကာ တက်တက်ကြွကြွပင် လမ်းညွှန်မှု ပေးနေတော့သည် ။

“ဓားက သိပ်မလိုလောက်ပါဘူး၊ ဖုန်ပဲ တက်လိမ့်မယ်”

“အင်း... အကြေးခွံတွေကို သေချာ ပိုခွာပါဦး၊ အကြေးခွံ တစ်ဝက်လောက် ကျန်နေသေးတယ်”

“ချက်ပြုတ်တဲ့အခါမှာ အမြင်၊ အနံ့နဲ့ အရသာ အားလုံးက အရေးကြီးတယ်၊ မင်းရဲ့ ငါးတုံးတွေက မညီမညာ ဖြစ်နေတာ၊ မင်းရဲ့ ဓားကိုင်စွမ်းရည်က လေ့ကျင့်ဖို့ လိုသေးတယ်”

“ငရုတ်သီးက နည်းတယ်၊ နောက်ထပ် ထပ်ထည့်လိုက်ဦး”

“ဟူး... မင်းကတော့ ငါ့ဘဝမှာ အညံ့ဆုံး ချက်ပြုတ်နည်း သင်တန်းသားပဲ”

ကျိယွမ်သည် တင်းကျပ်သော ဆရာတစ်ဦးအဖြစ် ခံယူကာ မနားတမ်း လမ်းညွှန်မှု ပေးနေခဲ့သည်။

အစားရှောင်မယ်တော်ကတော့ သူ၏ မကျွမ်းကျင်သော ညွှန်ကြားမှုအောက်တွင် သာမန်အမျိုးသမီးတစ်ဦးကဲ့သို့ ငါးအစပ်ဟင်းတစ်ပွဲ ရရှိရန် ခက်ခက်ခဲခဲ ပြင်ဆင်နေရလေသည်။

“ပထမဆုံး ကြိုးစားမှုအတွက်တော့ မဆိုးပါဘူး၊ အတော်လေးကို ကောင်းနေပါပြီ”

တူးသည့်နေရာကတူး ၊ မကျတ်သည့်နေရာကမကျတ်သော ပုံပျက်နေသည့်ငါးဟင်းတုံးများကို ကြည့်ကာ ကျိယွမ်က ချီးကျူးလိုက်၏။

အပြစ်တင်ပြီးနောက်တွင် ချီးမွမ်းခြင်းကိုလည်း ပြုလုပ်ပေးရမည် မဟုတ်ပါလား။ဆရာတစ်ယောက်အနေဖြင့် သင်ကြားသင်ယူမှုဖြစ်စဥ်၌ စေ့ဆော်မှု၏အရေးပါပုံကို မေ့၍မဖြစ်ပေ။

“ကဲ... မြည်းကြည့်လိုက်ဦး၊ ကျန်းမာရေး တိုးတက်လာမလား ကြည့်ရအောင်”

ကျိယွမ်က လေပြေလေးဖြင့်တိုက်တွန်းလိုက်သည်။

အစားအသောက်စားခြင်းဖြင့် ကောင်းကင်တိုင်ကြီးကို မည်သို့ ပြုပြင်နိုင်မည်နည်း ဆိုသည်ကို သူ အလွန် သိချင်နေမိသည်။

အစားရှောင်မယ်တော်က ဟင်းပွဲကြည့်ကာမျက်မှောင်ကြုတ်ထားပြီး သိသိသာသာတွန့်ဆုတ်နေ၏။

“ဟင်းရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်မနေပါနဲ့၊ အရသာက တကယ် ကောင်းမှာပါ”

ကျိယွမ်က အားပေးလိုက်သည်။

ကျင့်ကြံသူတစ်ဦးအတွက်မူ ငါးဟင်းမှာ မည်မျှပင် အရသာဆိုးပါစေ စားနိုင်စွမ်း ရှိကြသည်သာ ထုံးစံဖြစ်သည်။ ထို့ပြင် သူကိုယ်တိုင် ကြီးကြပ်ပေးထားသည့်အတွက် သိပ်တော့ မဆိုးနိုင်ဟု သူတွေးနေမိ၏။

အစားရှောင်မယ်တော်သည် သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ငါးတစ်တုံးကိုယူကာ နှုတ်ခမ်းနားသို့ ကပ်လိုက်လေသည်။ သူမ၏ မျက်ခုံးများမှာ တွန့်ချိုးနေပြီး မျက်ဝန်းများထဲတွင် မစားချင်မသောက်ချင် ဖြစ်နေသည့် အရိပ်အယောင်များ ပြင်းထန်စွာဖြစ်ပေါ်လာသည်။

“စိတ်မပူပါနဲ့၊ အဆိပ် မပါပါဘူး၊ မင်း နေမကောင်း မဖြစ်သွားစေရဘူး”

ကျိယွမ်က ဘေးမှနေပြီး စိတ်အေးအောင် ထပ်ပြောလိုက်သည်။

အစားရှောင်မယ်တော်က တွေဝေနေရာမှ ကျိယွမ်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာဖြင့် ငါးတုံးကို ပါးစပ်ထဲသို့ ထည့်လိုက်လေတော့သည်။

ရုတ်တရက်ဆိုသလို သူမ၏ မျက်နှာမှာ အပြင်းအထန် ဒဏ်ရာရသွားသည့်အလား ဖြူဖျော့သွား၏။

ကျိယွမ်မှာ ကြောင်သွားရလေသည်။

တကယ်ပဲ အဲဒီလောက်တောင် အရသာ ဆိုးနေသည်လား။

“ အဲဒီလောက် ဆိုးသွားတာလား၊ ငါတို့ တခြားအိုးတစ်လုံးနဲ့ နောက်တစ်ပွဲ ထပ်ချက်ကြည့်ကြမလား”

ကျိယွမ်က စိုးရိမ်တကြီး မေးရင်း သူမ၏ နောက်ကျောကို ပုတ်ပေးရန် လက်လှမ်းလိုက်မိသည်။

သို့သော် သူ၏ လက်မှာ သူမ၏ ကိုယ်ခန္ဓာကို ဖြတ်သန်းသွားကာ ထိတွေ့၍ မရခဲ့ပေ။

သူတို့နှစ်ဦးမှာ မတူညီသော အချိန်ကာလများတွင် ရှိနေကြသောကြောင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့နိုင်ခြင်း မရှိကြပါ။

“ကျွန်မ အဆင်ပြေပါတယ်”

ထိုသို့ပြောသော်လည်း အစားမဲ့မယ်တော်၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ရင်နေပြီး သူမ၏ မျက်ခုံးများမှာ ပို၍ပင် တွန့်ချိုးသွား၏။ သို့သော် သူမသည် ငါးဟင်းကို အဆိပ်ထက်ပင် ဆိုးဝါးသောအရာကို မျိုချနေရသည့်အလား ခက်ခက်ခဲခဲ ဝါး၍ မရမကမျိုချလိုက်လေသည်။

ကျိယွမ်၏မျက်နှာအမူအရာက အလေးအနက်ပြောင်းလဲသွား၏။

သူ ယုံကြည်သွားပြီ ဖြစ်သည်။ အစားရှောင်မယ်တော်တွင် အစားအသောက်ကိုကြောက်နေသည့်ရောဂါရှိနေခြင်း ဖြစ်ပြီး ၎င်းမှာ သာမန် အခြေအနေမျိုးပင် မဟုတ်နိုင်ပေ။အလွန်ပြင်းထန်သော အဆင့်ပင်။

ငါးတစ်တုံး စားရုံမျှဖြင့် အစွမ်းထက်လှသောကျင့်ကြံသူတစ်ယောက်ကို ဤကဲ့သို့ ဖြစ်သွားစေသည်လား။

တစ်ဖက်တွင်လည်း သူတကယ်ကို နားမလည်နိုင် ဖြစ်ရသည်။ သူသည် အစားရှောင်မယ်တော်ကို စိုးရိမ်တကြီး ကြည့်ကာ မေးမိ၏။

“မင်း တကယ် အဆင်ပြေရဲ့လား”

ထိုအချိန်မှာပင် အနီရောင်ဝတ်စုံဝတ်ထားသော အစားရှောင်မယ်တော်မှာ ဝါးဖျာပေါ်သို့ လဲလျောင်းလိုက်ပြီး မျက်လုံးများစုံမှိတ်ကာ နဖူးတွင်လည်း ချွေးစက်များ ထွက်လာသည်။

ချွေးများထွက်လာသော်လည်း သူမကတော့ အေးစက်နေပုံရပြီး ခန္ဓာကိုယ်မှာလည်း တစ်ခါတစ်ရံ တုန်ရီနေ၏။

ရုတ်တရက် ဖြစ်ပေါ်လာသောအပြောင်းအလဲကြောင့် ကျိယွမ်မှာ လုံးဝပင် ကြောင်အမ်းသွားရတော့သည်။

သူမသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ငါးဟင်းတစ်တုံးက သူမကို တကယ်ပဲ ဒီလို ဖြစ်သွားစေတာလား။

အစားရှောင်မယ်တော်သည် နေနတ်ဘုရား၏ကိုယ်ပွားနှင့် တိုက်ခိုက်စဉ်ကဆိုလျှင် အပြင်းအထန် ဒဏ်ရာရခဲ့သော်လည်း အနည်းငယ်မျှပင် တုန်ရီခြင်းမျိုး မရှိခဲ့သည်ကို သူ မြင်တွေ့ခဲ့ဖူးသည်။

ဟုန်ထန်းစစ်ပွဲအတွင်းကလည်း အစားရှောင်မယ်တော်သည် သူနှင့်အတူငါးမျှားပြီး ငါးဟင်းစားသည်ကို သူ မြင်ခဲ့ဖူး၏။

ထိုစဉ်က သူမမှာ အေးအေးဆေးဆေးပင် ရှိနေခဲ့သည် မဟုတ်ပါလား။

အခုကျတော့ ဘာတွေ ဖြစ်နေတာလဲ။

“မင်း အဆင်ပြေရဲ့လား... အဆင်မပြေရင်စွမ်းအားသုံးပြီး အန်ထုတ်ပစ်လိုက်”

ကျိယွမ်က ဖျာပေါ်တွင် လဲလျောင်းနေသော အစားရှောင်မယ်တော်ကို ကြည့်လိုက်သော်လည်း သူ၏ မျက်စိဖြင့် အသုံးဝင်သော အချက်အလက်ကိုကား ရှာမတွေ့ရပေ။

သူတို့မှာ အချိန်ကာလအားဖြင့် ခြားနားနေသောကြောင့် သူမကို ကိုယ်ထိလက်ရောက်လည်း ကူညီ၍မရဖြစ်နေပြန်သည်။

အစားရှောင်မယ်တော်မှာ အိပ်ပျော်သွားသည်လား မေ့မြောသွားသည်လား မပြောတတ်သောအခြေအနေကြောင့် သူ၏စကားကို ပြန်မဖြေခဲ့ပေ။

ခက်တော့ ခက်ကုန်ပြီ။

အသက်ရှူကြိမ်တစ်ရာခန့် ကြာပြီးနောက်ွမှ သူမထံမှ အားနည်းသော အသံလေး ထွက်ပေါ်လာ၏ ။

"ကျွန်မ အဆင်ပြေပါတယ်၊ ခဏလောက် အိပ်လိုက်ရင် အားလုံး ပြန်ကောင်းသွားမှာပါ၊ ကောင်းကင်တိုင်လုံးကြီးလည်း ပြန်ပြီး နဂိုအတိုင်း ဖြစ်သွားပါလိမ့်မယ်”

ကျိယွမ်သည် ဖြူ​ဖျော့နေသောအစားရှောင်မယ်တော်ကို ကြည့်ကာ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။

“ဘာတွေ ဖြစ်နေတာလဲ၊ မင်း အစာစားရင် အမြဲတမ်း ဒီလိုပဲ ဖြစ်တာလား၊ အဲဒါဆို ဘာလို့ စားလိုက်တာလဲ”

ကျိယွမ်က လုံးဝ နားမလည်နိုင်ဘဲ မေးလိုက်သည်။သူမကသာ ငြင်းလိုက်လျှင် သူအနေဖြင့် ဘာမှမတတ်နိုင်ပါ။ လက်ခံရုံသာရှိ၏။

သူ၏အမေးကို ချကိချင်းပြန်မဖြေနိုင်သဖြင့် နောက်ထပ် အသက်ရှူကြိမ်တစ်ဆယ်ခန့် ကြာပြီးမှ သူမက အားနည်းစွာပြန်ဖြေသည်။

“ကျွန်မလည်း မသိဘူး... မနက်ဖြန်ကျမှပဲ ကြည့်ကြတာပေါ့”

ထိုစကားကို ကြားသောအခါ ကျိယွမ်မှာ သူမ မပင်ပန်းစေရန် နောက်ထပ်မမေးတော့ပေ။

သူသည် သူမ၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း အကြောင်းရင်းကို သိရှိနိုင်ရန် စဉ်းစားနေမိသည်။

သူသိထားသည်က အစားရှောင်မယ်တော်၏ အတွေးအခေါ်အရ ဤလောကရှိ အရာအားလုံးမှာ မစင်ကြယ်ဘဲ ၎င်းတို့ကို စားသုံးခြင်းမှာ အန္တရာယ်ရှိသည်ဟု ယူဆထား၏။

သို့သော် ယခုသူမြင်တွေ့ရသည့် တုန့်ပြန်မှုအရ ထိုအယူအဆကို သူသံသယရှိလာ၏။

မစင်ကြယ်ဘူးဟုယူဆထားရုံမျှဖြင့် ယခုလောက်အထိပြင်းထန်သော အကျိုးသက်ရောက်မှု မဖြစ်ပေါ်နိုင်ပေ။

ဒါဆို ဘာကြောင့်လဲ။

သူ၏အကြည့်က ငြိမ်သက်စွာအိပ်စက်နေသော အစားရှောင်မယ်တော်အပေါ်သို့ ကျရောက်သွားသည်။

ဖြစ်နိုင်တာက သူမရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အလွန် ထူးခြားနေလို့ ဘာကိုမျှ မစားနိုင်တာများ ဖြစ်နေမလား။

ဒါပေမဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဘာမှမစားဘဲ တစ်သက်လုံးနေနိုင်မှာလဲ။

ဒါမှမဟုတ်.. မွေးရာပါ အခြေအနေ တစ်ခုခုလား...။

ထိုစဉ် ကျိယွမ်သည် ချီချီ ယခင်က ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွား၏။ အစားရှောင်မယ်တော်တွင် ‘မွေးရာပါ အပြစ်အနာအဆာကင်းစင်သောခန္ဓာ ရှိနိုင်သည်ဟူသော စကားပင် ဖြစ်သည်။

ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးမှာ ဖန်ထည်ကဲ့သို့ စင်ကြယ်ပြီး အပြစ်အနာအဆာ ကင်းစင်လှ၏။ လောကီ အစားအစာများကို စားသုံးခြင်းဖြင့် ညစ်နွမ်းသွားနိုင်သည်။

အစားရှောင်မယ်တော်၏ တုံ့ပြန်မှုမှာ သူ ထင်ထားသည်ထက်ပင် ပို၍ ပြင်းထန်နေ၏။

သူမ၏ ခန္ဓာကိုယ်မှာ မွေးရာပါ အပြစ်အနာအဆာကင်းစင်သောခန္ဓာထက်ပင် ပို၍ ထိခိုက်လွယ်နေခြင်းများ ဖြစ်လေမလား။

ဒါဆိုရင်တော့ မကောင်းတော့ဘူး။

ကျိယွမ် မသိမသာခေါင်းယမ်းမိသည်။

ပြဿနာကို မည်သို့ ဖြေရှင်းရမည်နည်း။

ကောင်းကင်တိုင်လုံးကြီးကို ပြုပြင်နိုင်ရန်အတွက်ဆိုလျှင် အစားရှောင်မယ်တော်၏ ပြဿနာကိုဖြေရှင်းရန် အလွန် အရေးကြီးလှ၏။

ငါဘယ်လိုလုပ်ရမလဲ ။

ဝါးတဲလေးထဲတွင် ငြိမ်သက်စွာစဥ်းစားနေမိသည်။

ဤသို့ဖြင့် အချိန်အတော်ကြာပြီးနောက်မှ တိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ အားနည်းသော အသံလေး ထွက်ပေါ်လာပြန်သည် ။

“ရှင် ရှိသေးရဲ့လား”

“အင်း.. ရှိပါတယ်”

“ငါးဟင်း... ကျွန်မ သောက်ချင်တယ်..”

“မစားနဲ့တော့"

ကျိယွမ်က ချက်ချင်းတားလိုက်၏။

“ငါတို့ချက်ထားတဲ့ငါးဟင်းမှာ ဟင်းရည် မပါဘူး၊ မင်း အသိစိတ်တွေ ဝေဝါးနေပြီ”

သူမသာ ဆက်စားနေပါက သူ၏ ရှေ့တွင်ပင် သေသွားမည်ကို သူ စိုးရိမ်နေမိသည်။

အစားမဲ့မယ်တော်မှာ ဘာမှ ထပ်မပြောတော့ဘဲ ဖျာပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့ပြီး ထ၍စားရန်လည်း ကြိုးစားခြင်း မရှိတော့ပါ။

အခန်းတွင်း၌ သူမ၏ အသက်ရှူသံပင် မကြားရလောက်အောင် ပြန်လည်တိတ်ဆိတ်သွား၏။

အတန်ကြာပြီးနောက် ကျိယွမ်၏ အကြည့်မှာ ငါးဟင်းပွဲပေါ်သို့ ကျရောက်သွားလေသည်။

【လောကီအညစ်အကြေးများ စွန်းထင်းနေသော သာမန်ငါးဟင်းအစပ်တစ်ပွဲ။】

“အညစ်အကြေးတွေလား”

ကျိယွမ်၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်လာ၏။

“သူအရမ်းခံစားနေရတာ ဒီအညစ်အကြေးတွေကြောင့်များလား”

သူသည် အခြား အရာဝတ္ထုများဆီသို့ လျင်မြန်စွာ အကြည့်ရွှေ့လိုက်သည်။

သူ၏ မျက်လုံးများတွင် ဖုံးကွယ်ထားသော အချက်အလက်များကို မြင်နိုင်စွမ်း ရှိသော်လည်း အရာဝတ္ထုတစ်ခုကို တစ်ရက်လျှင် တစ်ကြိမ်သာ ကြည့်နိုင်ပြီး နောက်ရက်မှသာ အချက်အလက်များကို ပြန်လည်စစ်ဆေးနိုင်၏။

ထို့ကြောင့် သူသည် အခြားအရာများကို ချက်ချင်း စစ်ဆေးတော့သည်။

သိူ့သော် သူ၏ စိတ်ထဲတွင် “အညစ်အကြေးများ” ဟူသော စကားလုံးမှာ ထပ်ခါတလဲလဲ မြည်ဟည်းနေခဲ့သည်။

【အစားရှောင်မယ်တော်၏ အနီရောင် ဝတ်စုံ - နှစ်ပေါင်းသောင်းချီကြာသော ပိုးသားဖြင့် ပြုလုပ်ထားပြီး ဖုန်မှုန့်တစ်စပင် မတင်နိုင်ပေ။】

…

【ဒါကတော့ လောကီအညစ်အကြေးတွေ စွန်းထင်းနေတဲ့ သာမန် ဝါးဖျာတစ်ခု ဖြစ်ပါတယ်။】

【ဒါကတော့ သုံးပိဿာနဲ့ နှစ်ကျပ်သား ရှိတဲ့ သာမန်ငါးတစ်ကောင် ဖြစ်ပါတယ်။】

ကျိယွမ်သည် အရာဝတ္ထုအားလုံးကို ဆက်လက် စစ်ဆေးနေခဲ့ပြီး အထူးသဖြင့် ကန်အတွင်းရှိ ထောင်ပေါင်းများစွာသော ငါးများကိုပါ စစ်ဆေးနေမိ၏။

သူသည် အသုံးဝင်သော အချက်အလက်များကို ရှာဖွေရန် တစ်ကောင်ချင်းစီကို သေချာ ကြည့်ရှုသည်။

ရုတ်တရက် ကျိယွမ်၏ အကြည့်မှာ ကန်တစ်နေရာတွင် ရပ်တန့်သွား၏။

【ဒါကတော့ လောကီအညစ်အကြေးတွေ စွန်းထင်းနေတဲ့ သာမန်ငါးတစ်ကောင် ဖြစ်ပါတယ်။ ၎င်းကို သန့်စင်ဖို့အတွက် အပြစ်အနာအဆာကင်းစင်သော ဖန်သားခန္ဓာ’ရဲ့ သွေး လိုအပ်ပါတယ်။】

ကျိယွမ် မှင်တက်သွားရလေသည်။

အပြစ်အနာအဆာကင်းစင်သော ဖန်သားခန္ဓာရဲ့ သွေးတဲ့လား။ ဒါက ငါ့ရဲ့ခန္ဓာအမျိုးအစား မဟုတ်ဘူးလား။

လျူဖုန်းလောကတွင် ဗုဒ္ဓဝင်စားသောပိုင်ကျဲသည် သူ့အား မဟာနေမင်းရွှေကြာပန်းကို ပေးခဲ့ပြီး ၎င်းကို အသုံးပြုကာ သူသည် အပြစ်အနာအဆာကင်းစင်သော ဖန်သားခန္ဓာကိုယ်အား တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုခန္ဓာကိုယ်က ကြယ်များကို ဝါးမျိုရန်နှင့် အမြုတေ ဖြစ်ပေါ်လာစေရန်အတွက် အလွန် အရေးကြီးခဲ့၏။ဆိုရလျှင် ၎င်းက သူ၏ စွမ်းအားကို များစွာ မြှင့်တင်ပေးခဲ့သော အရာပင်။

သို့သော် ကြယ်တာရာအမြုတေနှင့် နှိုင်းယှဉ်ပါက ဖန်သားခန္ဓမှာ သိပ်ပြီး ထင်ရှားခြင်း မရှိပေ။ ထို့ကြောင့် သူသည် သူ၏ စွမ်းအားများကို ကြွားဝါသည့်အခါ အမြုတေအကြောင်းကိုသာ ပြောလေ့ရှိပြီး ဖန်သားခန္ဓာအကြောင်းကို ပြောရန်မေ့လျော့နေတတ်၏။

ဖန်သားခန္ဓာ၏ သွေးတွင် ဤကဲ့သို့သော အသုံးဝင်ပုံ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျိယွမ်၏ ခန္ဓာကိုယ်ထဲတွင် ဖန်သားခန္ဓာ၏ သွေးများ ရှိနေပါသည်။သို့သော် ထိုသွေးမှာ အမြောက်အမြား ရှိနေခြင်း မဟုတ်ပေ။

သွေးအဆီအနှစ်ကို ထုတ်ယူလိုက်ပါက သူ အားနည်းသွားမည် ဖြစ်သည်။

အကြောင်းမှာ ဖန်သားခန္ဓာသည် သူ့အား ကြယ်များကို ဝါးမျိုစေပြီး အမြုတေကို ထိန်းညှိပေးထားသောကြောင့်ပင်။

၎င်းသာ မရှိပါက သူသည် သူ၏ ပြင်းထန်သောစွမ်းအားများကြောင့် တန်ပြန်ခံစားရပြီး ထိခိုက်ပျက်စီးသွားနိုင်သည်။

သူသည် ဖန်သားခန္ဓာ၏ သွေးအဆီအနှစ်ကို ထုတ်ယူရမည် ဆိုပါက... ၎င်းမှာ တန်ဖိုးကြီးလှ၏။

“တောက်..ဒီခွေးဂိမ်းက ငါ့သွေးကို တောင်းနေတာပဲ”

ကျိယွမ်က မကျေမနပ် ရေရွတ်လိုက်မိသည်။

“ဒါပေမဲ့... ငါ့သွေးက အတိတ်ကို ဖြတ်ကျော်သွားနိုင်ပါ့မလား၊ မဖြစ်နိုင်ဘူးလေ”

သူက သွေးကိုပေးချင်လျှင်ပင် ၎င်းမှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။

“စမ်းကြည့်တာပေါ့”

ယခုအချိန်တွင် သူ့၌ အခြား ရွေးချယ်စရာ မရှိတော့ပါ။အစားရှောင်မယ်တော်မှာ နိုးတစ်ဝက်အိပ်တစ်ဝက်အခြေအနေဖြင့် အိပ်ပျော်နေဆဲ ဖြစ်သလို ကောင်းကင်တိုင်ကြီးမှာလည်း ပြန်မကောင်းသေးပေ။

သူ ခေါ်ယူရမည့် နတ်ဘုရားများစွာ ကျန်ရှိနေသေးသည်။

ဂိမ်းက မပြီးသေးဘူး။

“ဟူး... ဒီဂိမ်းကို ကစားရတာ ငါ့ရဲ့ အင်အားတွေကို ကုန်ခမ်းစေရုံတင် မကဘူး၊ ငါ့ကို သွေးပါ ထွက်စေတယ်၊ ဂိမ်းပြီးလို့ ရတဲ့ ဆုလာဘ်တွေသာ မကောင်းရင်တော့ ငါ ဒါကို ဒီအတိုင်း လွှတ်မထားဘူး”

ကျိယွမ်က မျက်မှောင်ကြုတ်ကာ သူ၏ လက်ညှိုးကို အာရုံစိုက်လိုက်၏။

သူအာရုံစိုက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ လက်ညှိုးမှာ ဖန်သားကဲ့သို့ ကြည်လင်လာလေသည်။

ထို့နောက် ကြည်လင်သော သွေးအစက်အနည်းငယ်က သူ၏ လက်ချောင်းမှ ထွက်ပေါ်လာပြီး အောက်သို့ စိမ့်ကျသွား၏။

သူ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားပြီး မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားလေသည်။

သူ၏ ကြယ်တာရာအမြုတေအထက်တွင် ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များက ယခင်အတိုင်းအတက်မပြတ် တောက်လောင်နေ၏။ကျိယွမ်၏ အသိစိတ်မှာ ခဏမျှ ဝေဝါးသွားပြီး အဆုံးမရှိသော မီးတောက်များက သူ၏ ခန္ဓာကိုယ်ကို လောင်မြိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။

“ဒီဂိမ်းက ငါ့သွေးတင်မကဘူး ငါ့အသက်ကိုပါ ယူနေတာပဲ”

ကျိယွမ်က နာကျင်စွာညည်းညူလိုက်ပြီး

သူ၏သွေးစက်များက ငါးဆီသို့ ကျဆင်းသွားသည်ကို သေချာ စောင့်ကြည့်နေမိသည်။

ကျိယွမ်မှာ ရင်တထိတ်ထိတ်လည်း ဖြစ်နေ၏။ ၎င်းသာ အလုပ်မဖြစ်ပါက သူသည် ထိုသွေးများကို တစ်နည်းနည်းဖြင့် ပြန်လည် ရယူရန် ကြိုးစားမည် ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကျိယွမ်မှာ အံ့အားသင့်လွန်း၍ မျက်လုံးများပင် ပြူးသွားရလေသည်။ ကြည်လင်သော သွေးစက်များသည် အချိန်ကာလကို ဖြတ်ကျော်သွားပုံရပြီး ငါးပေါ်သို့ ကျရောက်ကာ ငါးအတွင်းသို့ စိမ့်ဝင် ပျောက်ကွယ်သွားသောကြောင့်ဖြစ်၏။

ငါးမှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း သွေးများကတော့ မရှိတော့ပေ။

သူ၏ ဘေးတွင် ရှိနေသော အစားရှောင်မယ်တော်မှာ တစ်ခုခုကို ခံစားမိသွားပုံရပြီး သူမ၏ နှာခေါင်းလေးမှာ လှုပ်ရှားသွား၏ ။

“ဗိုက်ဆာလိုက်တာ...”

သူမ မျက်လုံးများပြန်ဖွင့်လာပြီး ဖြူဖျော့နေသော မျက်နှာမှာလည်း သွေးရောင် ပြန်လည် လွှမ်းမိုးလာပြီး အနည်းငယ်ကျန်းမာလာပုံရည်။ သူမ၏ မျက်ဝန်းများထဲတွင် ထိန်းချုပ်မရသော ဆာလောင်မှုကို ကျိယွမ် မြင်လိုက်ရ၏။

“ငါးဟင်းကို ပြန်စားကြည့်မလား”

ကျိယွမ်က သတိထားကာ အကြံပေးလိုက်သည်။ယခုအချိန်တွင် အစားရှောင်မယ်တော်မှာ သူ့အတွက် ကယ်တင်ရှင်တစ်ဦး ဖြစ်သည်။

သူမ၏ ကျန်းမာရေးမှာ ကောင်းကင်တိုင်ကြီး ပြုပြင်ရန်အတွက် အလွန်အရေးကြီးပြီး ၎င်းမှာ ကျိယွမ်အတွက် ပိုမို အစွမ်းထက်သော နတ်ဘုရားများကို ခေါ်ယူနိုင်ရန်အတွက် အခြေခံအချက် ဖြစ်နေသည်။

အစားရှောင်မယ်တော်က ငါးကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ သို့သော် သူမသည် တူကိုကိုင်ကာ ငါးကို နောက်တစ်လုပ် ကြိုးစား၍ ထပ်စားလိုက်သည်။

ယခုအကြိမ်၌ သူမသည် ရပ်တန့်မသွားဘဲ တစ်လုပ်ချင်းစီကို အရသာခံကာ ဖြည်းဖြည်းချင်း ဝါးနေ၏။ စားနေရင်းနှင့် သူမ၏ အရှိန်မှာ မြန်လာပြီး ပုံမှန် မြင်တွေ့နေရသော မြင့်မြတ်သည့် ဟန်ပန်များ ပျောက်ကွယ်သွားလေသည်။

ထိုအချင်းအရာကို မြင်ရသောအခါမှ ကျိယွမ်မှာ သက်ပြင်းချနိုင်သွားသည်။

သူမ စားနိုင်နေသည်မှာ ကောင်းသော လက္ခဏာပင်မဟုတိပါလား။

သူမ မစားနိုင်မည်ကိုသာ သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

“ဖြည်းဖြည်းစားပါ၊ ဗိုက်ဆာသေးရင် ငါတို့ နောက်ထပ် ငါးတွေ ထပ်ချက်လို့ ရပါသေးတယ်”

ကျိယွမ်က ညင်သာစွာ ပြောလိုက်၏။

အစားရှောင်မယ်တော်မှာ ခဏမျှ ရပ်တန့်သွားပြီး သူမ၏ တူများမှာလည်း တန့်သွား၏။ သူမသည် ကျိယွမ် ရှိနေမည့် နေရာကို ကြည့်ကာ မျက်ဝန်းများမှာ လေးနက်နေပြီး တောင့်တမှုများဖြင့် ပြည့်နှက်နေလေသည်။

“ရှင် ဒါကို ဘယ်လို လုပ်လိုက်တာလဲ”

“လျှို့ဝှက်ချက်ပါ”

ကျိယွမ်က အမှန်အတိုင်း မပြောဘဲ ရယ်မောကာ ပြန်ဖြေလိုက်၏။

သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူမ၏ မျက်ဝန်းများကို ကြည့်လိုက်သည့်အခါ သူသည် အေးစိမ့်သော ခံစားချက်ကို ရရှိလိုက်ပြီး သူမမှာ သားကောင်ကို ကြည့်နေသော အမဲလိုက်သတ္တဝါတစ်ဦးကဲ့သို့ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

ငါကဘာလို့ ကြောက်သလိုလို ခံစားလိုက်ရတာလဲ။

အစားရှောင်မယ်တော်သည် ကျိယွမ် ရှိနေသော နေရာကို ဆက်လက်စူးစိုက်ကြည့်ကာ သူမ၏မျက်ဝန်းများထဲ၌ အဖြေကို ရှာဖွေရန် ကြိုးစားနေဟန်တူသည်။

သို့သော် သူမ ဘာမှ မမြင်ရသလို ဘာမှလည်း မကြားရသ​ဖြင့် လက်လျှော့သွားလေသည်။

“ရှင် ကျွန်မကို ကြောက်နေတာလား”

သူမက ရုတ်တရက် မေးလိုက်သည်။

“မကြောက်ပါဘူး”

ကျိယွမ်က ပြုံးကာ ဖြေလိုက်၏။

မသက်မသာ ခံစားချက်မှာလည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။

“ကျွန်မကသာ ရှင့်ကို ကြောက်နေသင့်တာ မဟုတ်ဘူးလား၊ ကျိယွမ်”

မယ်တော်က ငါးဟင်းကို ဆက်စားနေရင်း တိုးတိုးလေး ပြောလိုက်၏။

“ကျွန်မက ရှင့်ကို မမြင်ရဘူး၊ မခံစားရဘူး၊ ဒါပေမဲ့ ရှင့်ရဲ့ အသံကိုတော့ ကြားနေရတယ်၊ ကျွန်မသာ သာမန်လူဆိုရင် သရဲခြောက်နေတာလို့ ထင်မိမှာပဲ၊ အခုတော့ ကျွန်မက ဒီလောကရဲ့ အထွတ်အထိပ်ကို ရောက်နေတာတောင် ရှင့်ကို မသိနိုင်သေးဘူး၊ ဒါက သေချာတွေးကြည့်ရင်... ရှင်ကကြောက်စရာ မကောင်းနေဘူးလား”

အစားရှောင်မယ်တော်၏ အပြုံးမှာ တောက်ပနေသော်လည်း အားကိုးရာမဲ့သည့် အရိပ်အယောင်များ ပါဝင်နေ၏။

“မင်း အဲဒီလို ပြောလိုက်တော့လည်း အတော်လေး ကြောက်စရာ ကောင်းတာပဲ”

ကျိယွမ်က ဝန်ခံလိုက်သည်။ သူသာ သူမ၏ နေရာတွင် ဆိုပါက သူ မမြင်နိုင်သော သက်ရှိတစ်ဦးကို သတိထားမိနေမည်မှာ သေချာသည်။

အစားရှောင်မယ်တော်က ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ ငါးကိုသာ ဆက်လက် စားနေခဲ့သည်။

ညမှာ တိတ်ဆိတ်နေပြီး ကြယ်လေးများလင်းလက်နေကာ ကောင်းကင်တိုင်ကြီးသို့ တိုက်ခတ်လာသော လေအေးများက ချမ်းစိမ့်မှုကို ယူဆောင်လာလေသည်။

ကျိယွမ်သည် သူမ၏ ဘေးတွင် အေးအေးလူလူထိုင်ကာ ကြယ်စုံသော ကောင်းကင်ယံကို ကြည့်နေမိ၏။

“မင်းသိလား .. အနာဂတ်မှာ အဲဒီအပေါ်မှာ ငါပိုင်တဲ့ ကြယ်နှစ်လုံး ရှိလာလိမ့်မယ်။”

သူက ရှန်လဲ့တုန်းကလိုပင် သူမကိုလည်း ထပ်မံ၍ ကြွားဝါလိုက်ပြန်သည်။

ထို့နောက် သူက စကားဝိုင်းကို ပြောင်းလိုက်၏။

“ဒါနဲ့ မင်းမှာ ဘယ်လို အထူးခန္ဓာမျိုး ရှိလို့ ဘာမှ စားလို့ မရတာလဲ”

---------------------

All Chapters